အခန်း (၄၄၉-၄၅၀)
Vol. 45 Ch. 449-450
အခန်း (၄၄၉) မင်းမိသားစု သေရလိမ့်မယ်
လုံချန်းသည် တောက်ပသော နေအင်ပါယာ၏ နန်းတော်ရှေ့တွင် ရပ်တန့်လိုက်သည်။ ဒုတိယမင်းသား ကျိရှန်း ရှိနေကြောင်း အကြောင်းကြားရန် ကင်းစောင့်များကို ပြောလိုက်ရာ
"စိတ်မကောင်းပါဘူး... ဒုတိယမင်းသား နန်းတော်မှာ မရှိပါဘူး" ကင်းစောင့်က ပြန်ဖြေသည်။
"သူ ဘယ်သွားလဲ"
"မနေ့က မိန်းကလေး နှစ်ယောက်နဲ့အတူ နန်းတော်က ထွက်သွားတာပါ"
"မိန်းကလေး နှစ်ယောက်နဲ့ ထွက်သွားတယ် ဟုတ်လား" လုံချန်း ရေရွတ်လိုက်သည်။
သူသည် ဝိညာဉ်အာရုံကို အစွမ်းကုန်ဖြန့်ကျက်ကာ နန်းတော်တစ်ခုလုံးကို စစ်ဆေးလိုက်ရာ ကျိရှန်းနှင့် သူ၏မိန်းကလေးများကို တကယ်ပင် မတွေ့ရတော့ပေ။
"ငါ အဖြေလိုချင်တယ်။ သူ ဘယ်ကိုသွားတာလဲ" လုံချန်းက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ထပ်မံမေးမြန်းလိုက်သည်။
အရင်တစ်ခါ သူ နန်းတော်က ထွက်မသွားခင် မင်ယုနှင့် ကျိချင်းတို့ကို ၂ ပတ် သို့မဟုတ် ၃ ပတ်အတွင်း ပြန်လာမည်ဟု ပြောခဲ့သည်။ အခုမှ ၂ ပတ်သာ ရှိသေးသဖြင့် သူတို့ လိုက်ရှာစရာ အကြောင်းမရှိပေ။ လုံချန်း၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ တစ်ခုခုတော့ မှားနေချေပြီ။ သားရဲနန်းတော်က အကြီးအကဲဆီတွင် သူ့ပန်းချီကားက မည်သို့ ရှိနေသနည်း။ သူ့မိန်းကလေးများ အဘယ်ကြောင့် နန်းတော်က ထွက်သွားရသနည်း။ ဤအချက်နှစ်ချက်က ဆက်စပ်နေမည်ဟု သူ ခံစားမိလိုက်သည်။
"ကျွန်တော်တို့က ကင်းစောင့်တွေပဲလေ။ မင်းသား ဘယ်သွားလဲ မသိပါဘူး။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ" ကင်းစောင့်က ဆိုသည်။
လုံချန်း စိတ်ရှည်မှု ကုန်ဆုံးသွားပြီ ဖြစ်သည်။ သူသည် ချစ်ခင်ရသူများနှင့် ပတ်သက်လာလျှင် ဘယ်တော့မှ စိတ်မရှည်တတ်ပေ။ သူသည် ကင်းစောင့်၏ လည်ပင်းကို ချက်ချင်း ဖမ်းဆုပ်ကာ လေထဲသို့ မြှောက်လိုက်သည်။
"သူတို့ ဘယ်ဘက်ကို ထွက်သွားလဲဆိုတာ ပြောစမ်း"
အခြားကင်းစောင့်များမှာလည်း ထိတ်လန့်သွားပြီး လုံချန်းကို ဝိုင်းဝန်းတိုက်ခိုက်ရန် ပြင်ကြသော်လည်း သူတို့၏ ဓားများ လုံချန်းဆီ မရောက်ခင်မှာပင် ရှားက ကြားဖြတ်ဝင်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် လုံချန်းကို ရန်မူရန် ကြိုးစားသော ကင်းစောင့်အားလုံး အသတ်ခံလိုက်ရတော့သည်။
လုံချန်းကတော့ ထိုလူသေများကို ဂရုမစိုက်ဘဲ သူ့လက်ထဲက ကင်းစောင့်ကိုသာ အာရုံစိုက်ထားသည်။ "ဘယ်ဘက်ကိုလဲ"
ကင်းစောင့်သည် ကြောက်ရွံ့လွန်းသဖြင့် တုန်တုန်ရင်ရင်ဖြင့် လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်သည်။ "ဟို... ဟိုဘက်ကို သွားတာပါ"
လုံချန်းသည် ထိုလမ်းကြောင်းကို ကြည့်လိုက်သောအခါ ၎င်းမှာ မြောက်ပိုင်း လအင်ပါယာဘက်သို့ မဟုတ်ကြောင်း သိလိုက်ရသဖြင့် ပို၍ စိုးရိမ်သွားသည်။ သူသည် စိတ်ဖိစီးနေသဖြင့် သတိမထားမိဘဲ လက်ထဲက ကင်းစောင့်၏ လည်ပင်းကို ညှစ်ပစ်မိလိုက်ရာ ထိုလူမှာ သေဆုံးသွားတော့သည်။
"ဧကရာဇ်ကတော့ အထဲမှာ ရှိနေသေးတယ်။ သူ သိမှာပဲ"
လုံချန်းသည် နန်းတော်တံခါးကို တွန်းဖွင့်ကာ ဗြောင်ကျကျပင် ဝင်သွားသည်။ ရှားကလည်း နောက်က ကပ်လိုက်လာသည်။ "ရှား... ငါ့ကို တားတဲ့သူမှန်သမျှ သတ်ပစ်"
နန်းတော်အတွင်းရှိ ကင်းစောင့်များမှာ လုံချန်း၏ သွေးစွန်းနေသော ဓားကို မြင်သောအခါ တားဆီးရန် ကြိုးစားကြသော်လည်း ရှား၏ လက်ချက်ဖြင့် ခေါင်းပြတ်ကာ သေဆုံးကုန်ကြသည်။ အစေခံများမှာမူ ကြောက်လွန်းသဖြင့် ဘေးသို့ ကပ်ပေးကြရသည်။
မကြာခင်မှာပင် လုံချန်းသည် ဧကရာဇ်၏ အိပ်ခန်းဆီသို့ ရောက်သွားသည်။ သူသည် မိစ္ဆာဘုရင်ခန္ဓာကိုယ် စွမ်းအားကို အသုံးပြုကာ တံခါးကို ကန်ကျောက်ဖွင့်လိုက်သည်။
ဧကရာဇ်သည် အိပ်ရာပေါ်တွင် အနားယူနေခြင်းဖြစ်သည်။ "မင်း ဒီမှာ ဘာလုပ်နေတာလဲ" ဧကရာဇ်သည် လုံချန်းကို မြင်လိုက်ရသောအခါ ထိတ်လန့်တကြား ထိုင်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ ဓားအား ထုတ်လိုက်သည်။
"ခင်ဗျားက ကျုပ်အကြောင်းကို သိနေတဲ့ပုံပဲ... ကောင်းတဲ့ဘက်ကတော့ မဟုတ်ဘူးပေါ့။ ဒီမှာ တစ်ခုခု ဖြစ်ခဲ့တာ သေချာပြီ" လုံချန်းက အေးစက်စွာ ဆိုလိုက်သည်။ "ခင်ဗျားသား ကျိရှန်း ဘယ်မှာလဲ"
"မင်းလို လူယုတ်မာကများ။ သားရဲခန်းမက အကြီးအကဲကို သတ်ပြီး လွတ်မယ် ထင်နေတာလား။ မင်း လုပ်ခဲ့တဲ့ အပြစ်တွေအတွက် မင်း ခံစားရလိမ့်မယ်။ ရွှေနိုင်ငံမှာရှိတဲ့ မင်းရဲ့မိသားစုတွေလည်း အကုန်ပေးဆပ်ရလိမ့်မယ်"
ရွှေနိုင်ငံ ဟူသော အမည်ကို ကြားလိုက်ရသောအခါ လုံချန်း၏ မျက်နှာ သွေးဆုတ်သွားတော့သည်။ သူ၏ ဇာတိမြေအမည်ကို ဤလူက မည်သို့ သိနေသနည်း။ သူသည် ဒေါသကို မထိန်းနိုင်တော့ဘဲ ဧကရာဇ်၏ နောက်ကျောသို့ နေရာရွှေ့ပြောင်း လိုက်သည်။
လုံချန်း၏ ဓားသည် ဧကရာဇ်၏ ရင်ဘတ်ကို ထိုးဖောက်သွားသော်လည်း အရေးကြီး အင်္ဂါအစိတ်အပိုင်းများကို ရှောင်လိုက်သည်။ သူက အဖြေလိုချင်သဖြင့် ချက်ချင်း မသတ်သေးခြင်း ဖြစ်သည်။
"ရှား... တော်တော့" ရှားပါ ဝင်တိုက်ခိုက်မည်ကို မြင်သောအခါ လုံချန်းက အော်တားလိုက်သည်။ အရင်က သားရဲနန်းတော် အကြီးအကဲတုန်းကလို အဖြေမရခင် သေသွားမှာကို သူ စိုးရိမ်နေသည်။
ဧကရာဇ်သည် ချက်ချင်းပင် ဒဏ်ရာပြင်းထန်သွားပြီး သွေးများ အန်ထွက်လာသည်။ လုံချန်းက သူ့ကို လေထဲသို့ မြှောက်လိုက်ပြီး
"ဘယ်သူပဲဖြစ်ဖြစ် ကျုပ်မိသားစုကို ထိရင် သေရမယ်။ ဘာတွေဖြစ်ခဲ့လဲ အကုန်ပြောစမ်း။ ကျုပ်အကြောင်းကို ခင်ဗျား ဘယ်လိုသိတာလဲ... ကျုပ်မိသားစု အကြောင်းကိုကော ဘယ်လိုသိတာလဲ။ အဲဒီ သားရဲခန်းမက အကြီးအကဲက ကျုပ်မိသားစုကို သွားတိုက်ဖို့ သူ့ဂိုဏ်းကို သတင်းသွားပို့တာလား" လုံချန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ဟက်... ငါ့လို အဘိုးကြီးကို သတ်နိုင်ပေမဲ့ ငါ ဘယ်တော့မှ မပြောဘူး။ မင်းက လူသတ်သမားပဲ။ မင်း သေသင့်တယ်၊ ဂိုဏ်းတွေက မင်းကို သတ်လိမ့်မယ်"
"ခင်ဗျားရဲ့ အကြီးဆုံးသား ကျိရှန်က သူ့အခန်းထဲမှာ ရှိနေတုန်းပဲ မဟုတ်လား။ သူ့ကို ခင်ဗျား ရှေ့မှာတင် သေတာကို မြင်ချင်လား။ တကယ့်ကို ကြည့်ကောင်းမယ့် ပြကွက်ပဲ" လုံချန်းက ရက်စက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ဒီနတ်ဆိုးက ခင်ဗျား အင်ပါယာ တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ဝန်မလေးဘူးနော်"
ဧကရာဇ်သည် လုံချန်း၏ မျက်လုံးထဲမှ ရူးသွပ်မှုကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားသည်။
"ရှား... သူ့သားကို ဒီကို ခေါ်လာခဲ့။ ခေါ်လာတဲ့အခါမှာ သူ့ရဲ့ လက်တွေ၊ ခြေထောက်တွေကို ဖြတ်လာခဲ့။ မသတ်နဲ့နော်... သူ့မိသားစုကို ဖျက်ဆီးချင်တဲ့ ဒီဧကရာဇ် ရှေ့မှာတင် ငါကိုယ်တိုင် သတ်ပြရမှာမို့လို့"
"မင်း သတ္တိရှိရင် စမ်းကြည့်လိုက်လေ" ဧကရာဇ်က ဒေါသတကြီးဖြင့် သူ၏ အစွမ်းကုန်သုံးကာ လုံချန်းကို ထိုးနှက်ရန် ကြိုးစားသည်။ သို့သော် လုံချန်းက နေရာရွှေ့ပြောင်းကာ ရှောင်လိုက်ပြီး ဧကရာဇ်၏ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်လုံးကို ဓားဖြင့် ထိုးဖောက်ကာ အသုံးမကျအောင် လုပ်ပစ်လိုက်လေတော့သည်။
အခန်း (၄၅၀) ပေါ်သွားပြီ (၁)
ဧကရာဇ်သည် ခြေလက်များ လှုပ်ရှား၍မရတော့သဖြင့် ဒုက္ခိတတစ်ဦးကဲ့သို့ ဖြစ်သွားပြီး မတ်မတ်ပင် မထိုင်နိုင်တော့ပေ။
"ရှား... နင် ရှိနေတုန်းပဲလား။ ငါပြောတဲ့လူကို သွားခေါ်ချေ" လုံချန်းက နောက်တွင် ရပ်နေသော ရှားကို ပြောလိုက်သည်။
"နေပါဦး၊ ငါ့သားကို ဒုက္ခမပေးပါနဲ့" ဧကရာဇ်က လုံချန်းကို တားလိုက်သည်။ "မင်း သိချင်တာတွေကို ငါ အကုန်ပြောပြပါ့မယ်"
"ဒါဆိုရင် သူ့ကို သွားခေါ်မနေနဲ့တော့... ရပ်လိုက်တော့ ရှား" လုံချန်း၏ အမိန့်ကြောင့် ရှားက ပြန်လည်ရပ်တန့်သွားသည်။
"ဘာတွေဖြစ်ခဲ့လဲ အကုန်ပြောစမ်း"
"မနေ့က သားရဲခန်းမက အကြီးအကဲတစ်ယောက် ဒီကို ရောက်လာတယ်..."
ဧကရာဇ်က ဖြစ်ပျက်ခဲ့သမျှကို စတင်ရှင်းပြတော့သည်။ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်မှာ လုံချန်းက သားရဲခန်းမ၏ အဖွဲ့ကို သတ်ဖြတ်ခဲ့ပြီးနောက် တစ်စုံတစ်ယောက်က ထိုသတင်းကို ဂိုဏ်းများအားလုံး သိအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သားရဲခန်းမနှင့် အခြားဂိုဏ်းများသည် သူတို့၏ အကြီးအကဲများ အပါအဝင် အဖွဲ့သားအားလုံး အသတ်ခံလိုက်ရသည်ဟု ဆိုထားသော စာတစ်စောင်ကို လက်ခံရရှိခဲ့ကြသည်။ ဂိုဏ်းများသည် သံသယရှိသော်လည်း အမှန်တရားကို အတည်ပြုရန် အကြီးအကဲ ၄၊ ၅ ဦးခန့် ပါဝင်သော အဖွဲ့များကို အသီးသီး စေလွှတ်ခဲ့ကြသည်။
ထူးဆန်းသည်မှာ လုံချန်းက ထိုလူများကို မသတ်ခင်ကတည်းက ဂိုဏ်းများမှာ ထိုစာကို လက်ခံရရှိထားခြင်း ဖြစ်သည်။ မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်း နှင့် ဝိညာဉ်နက်ဂိုဏ်း တို့မှလွဲ၍ ကျန်ဂိုဏ်းအားလုံး ထိုစာကို ရခဲ့ကြသည်။
လုံချန်းနှင့် ချူးမြောင်တို့ ထိုနေရာမှ ထွက်ခွာသွားပြီး ၄ နာရီအကြာတွင် ဂိုဏ်းပေါင်းစုံမှ အဖွဲ့များ အချိန်ကိုက် ရောက်ရှိလာခဲ့ကြသည်။ အချို့ဂိုဏ်းမှာ နီးပြီး အချို့မှာ ဝေးသော်လည်း စာရောက်ရှိချိန် မတူညီမှုကြောင့် သူတို့အားလုံးမှာ ထိုနေရာသို့ တစ်ချိန်တည်း ရောက်ရှိသွားခြင်း ဖြစ်သည်။
စုစုပေါင်း ၁၇ ဂိုဏ်းခန့်မှ အကြီးအကဲ ၅ ဦးစီခန့် ရောက်လာကြသည်။ သူတို့ ရောက်ရှိချိန်တွင် ကြမ်းပြင်၌ သွေးကွက်များကို တွေ့ရသော်လည်း အလောင်းများကိုမူ မတွေ့ရပေ။
ထိုစဉ်မှာပင် ဗုဒ္ဓကျောင်းတော်မှ ဦးဆောင်လာသော အကြီးအကဲက သူ၏ သိုလှောင်လက်စွပ်ထဲမှ ရတနာတစ်ခုကို ထုတ်လိုက်သည်။ ၎င်းမှာ ရွှေရောင် မှန်ချပ် တစ်ချပ် ဖြစ်သည်။
ထိုအကြီးအကဲက ရှင်းပြသည်မှာ ဤမှန်သည် ပြီးခဲ့သော နာရီအနည်းငယ်အတွင်း ထိုနေရာ၌ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် မြင်တွေ့နိုင်သည့် အစွမ်းရှိသည်ဟု ဆိုသည်။ သို့သော် ကန့်သတ်ချက်မှာ တစ်နှစ်လျှင် တစ်ကြိမ်သာ သုံးနိုင်ခြင်း ဖြစ်သည်။
သူသည် မှန်ကို အသုံးပြု၍ ပြီးခဲ့သော နာရီပိုင်းက အခြေအနေကို ကြည့်လိုက်သောအခါ...
မှန်ထဲတွင် မြင်ကွင်းများ ပေါ်လာသည်။ မြွေနှင့်တူသော သားရဲလေးတစ်ကောင် လေထဲတွင် ပျံဝဲနေသည်ကို မြင်ရပြီး၊ မိစ္ဆာမုဆိုးသားရဲက အမှန်တရားတာအိုဂိုဏ်းမှ အကြီးအကဲကို သတ်နေပုံနှင့် ကောင်လေးတစ်ယောက်က ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်းမှ အကြီးအကဲအား သတ်နေသည့် မြင်ကွင်းများကို အထင်အသား မြင်လိုက်ရသည်။
တိုက်ပွဲအပြီးတွင် ကောင်လေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်သာ ကျန်ရစ်သည်ကို သူတို့ မြင်လိုက်ရသည်။ သူတို့သည် ထိုသူနှစ်ဦး မည်သည့်ဂိုဏ်းက ဖြစ်သည်ကို မသိကြသော်လည်း ကောင်လေးကသာ အားလုံးကို သတ်လိုက်ခြင်းဖြစ်ပြီး မိန်းကလေးမှာမူ ကြောက်လန့်တကြား နောက်တွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ဂိုဏ်းအသီးသီးမှ အကြီးအကဲများသည် ဒေါသတကြီး ဖြစ်ကုန်ကြသည်။ အထူးသဖြင့် သူတို့၏ အကြီးအကဲများ အသတ်ခံရသည်ကို မျက်မြင်တွေ့လိုက်ရသော ဂိုဏ်းများမှာ သွေးဆူလာကြသည်။ မှန်ထဲမှ အသံကို မကြားရသော်လည်း မြင်ကွင်းများက အားလုံးကို ရှင်းလင်းစေခဲ့သည်။
ထိုကောင်လေးကို ရှာဖွေရန်နှင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို စုံစမ်းရန် သူတို့ ဆုံးဖြတ်လိုက်ကြသည်။ သာမန်တပည့်တစ်ယောက်မှာ ဤမျှ မသန်မာနိုင်သဖြင့် သူ၌ ထူးခြားသော ရတနာများ ရှိမည်ဟု သူတို့ ခန့်မှန်းလိုက်ကြသည်။ အကြီးအကဲတစ်ဦးက လုံချန်း၏ ပုံတူပန်းချီကို ဆွဲလိုက်သည်။
သူတို့သည် အနီးအနားရှိ မြို့ထဲတွင် ထိုကောင်လေးအကြောင်းကို လိုက်လံ စုံစမ်းကြသည်။ လုံချန်း တည်းခိုခဲ့သော တည်းခိုခန်းနှင့် မနီးမဝေးတွင် သူတို့သည် လူတစ်ယောက်ကို ပုံတူပန်းချီ ပြသကာ မေးမြန်းလိုက်သည်။
"ဒီလူကို သိလား" အကြီးအကဲက မေးလိုက်သည်။
"ဟ ဟုတ်ကဲ့... သူက ကျွန်တော်သိတဲ့ လူတစ်ယောက်နဲ့ တထပ်တည်းပဲ" ထိုလူက ဖြေသည်။ ထိုသူမှာ လုံချန်း၏ ဇာတိမြေမှ ဖြစ်ပြီး လုံချန်းကို သိနေသူ ဖြစ်သည်။
"သူက ဘယ်သူလဲ"
"သူက လုံထျန်းပါ။ ရွှေနိုင်ငံရဲ့ နဂါးမြို့တော်မှာရှိတဲ့ လုံမျိုးနွယ်စု ခေါင်းဆောင်ရဲ့ မြေးပါ" ထိုလူက အကုန်ပြောပြလိုက်တော့သည်။
"လုံထျန်း..." အကြီးအကဲက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
"ဒါဆို သူက ဒီပြင်ပကျွန်းစုကပဲပေါ့။ ငါ စိုးရိမ်နေတာတွေက အပိုပဲ။ သူက ဒုတိယအဆင့် နိုင်ငံလေးက သာမန်ကောင်ပဲ။ ဒီလောက် သန်မာလာတာကတော့ ရတနာအချို့ ရထားလို့ ဖြစ်ရမယ်" အစွမ်းထက်ဓားဂိုဏ်းမှ အကြီးအကဲက ဆိုသည်။
"သူ ဘာပဲဖြစ်ဖြစ် သေရမယ်။ အခု သူက နောက်ခံမရှိတဲ့ ကောင်ဆိုတာ သိရပြီဆိုတော့ ပိုတောင် ကောင်းသေးတယ်" ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်းမှ အကြီးအကဲက ပြောလိုက်သည်။
သူတို့သည် အဖွဲ့တစ်ဖွဲ့စီမှ လူတစ်ဦးကို ဂိုဏ်းသို့ ပြန်လွှတ်ကာ သတင်းပို့ခိုင်းပြီး ကျန်သောအဖွဲ့များ အားလုံးမှာမူ လုံချန်း၏ မိသားစုကို ကလဲ့စားချေရန် ရွှေနိုင်ငံဆီသို့ တိုက်ရိုက် ဦးတည်သွားကြတော့သည်။ ဂိုဏ်းက လုံချန်းကို လိုက်ရှာနေစဉ်မှာပင် သူတို့က မိသားစုကို အရင်ရှင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သားရဲခန်းမမှ အကြီးအကဲမှာမူ ဧကရာဇ်နှင့် ရင်းနှီးသဖြင့် တောက်ပသော နေအင်ပါယာ နန်းတော်တွင် ခဏနားခဲ့သည်။ ထိုစဉ်က ကျိရှန်၊ ကျိရှန်း၊ ကျိချင်း နှင့် မင်ယု တို့လည်း ထိုနေရာတွင် ရှိနေကြသည်။
မင်ယု၊ ကျိချင်း နှင့် ကျိရှန်းတို့မှာ ပုံတူပန်းချီကို မြင်လိုက်ရသောအခါ အံ့သြသွားကြသည်။ အထူးသဖြင့် လုံချန်း၏ မိသားစုအကြောင်းကို ရန်သူများ သိသွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ မင်ယုမှာ အကြီးအကျယ် ထိတ်လန့်သွားသည်။
အကြီးအကဲ ထွက်သွားပြီးနောက် မင်ယုသည် လုံချန်း၏ မိသားစုကို ကယ်တင်ရန် ကျိရှန်းနှင့် ကျိချင်းတို့ကို တိုက်တွန်းကာ နန်းတော်မှ ချက်ချင်း ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။
ဤအဖြစ်အပျက်များ အားလုံးသည် တစ်စုံတစ်ယောက်က နောက်ကွယ်မှနေ၍ ကစားကွက်ဆင်နေသကဲ့သို့ပင် ဖြစ်ပျက်နေလေတော့သည်။