အခန်း (၄၅၅-၄၅၆)
Vol. 46 Ch. 455-456
အခန်း (၄၅၅) သတင်း အမှား
"သမီးက သားနဲ့ တွေ့ဖူးတာလား" စီမာကျီယီ သူမကို မေးသည်။ သူမ စိတ်ဆိုးသော်လည်း ယင်းကို ထုတ်မပြပေ။
"ဒီကိစ္စကို ထားလိုက်ပါ ခယ်မ၊ ဒီကလေးမက သူ့စကား ဘယ်ရောက်သွားလဲ မသိပါဘူး" ယုထျန်းဟောင် ရှက်နေသည့် မျက်နှာဖြင့် တောင်းပန်သည်။ သူက ကိစ္စတစ်ခုအတွက် တောင်းပန်ဖို့ လာခဲ့သော်ငြား အခြေအနေက တဖြည်းဖြည်း ဆိုးလာနေသည်။
"ကျွန်မ သမီးလေးကို စိတ်မဆိုးပါဘူး။ သူ့ဆီက အဖြေကို ကြားချင်လို့ပါ" စီမာကျီယီက ဆိုသည်။ "ဒေါ်လေးကို ပြောနော် လင်း၊ သမီး သားလေးနဲ့ တွေ့ဖူးတာလား"
"ဟင့်အင်၊ ကျွန်မ ဒေါ်လေးသားနဲ့ မတွေ့ဖူးပါဘူး" လင်းက ပြန်ဖြေသည်။
"ဒါဆို ဒေါ်လေးသားရဲ့ အကျင့်က ဒီလိုရှိတယ်ဆိုတာ သမီး ဘယ်လို သိတာလဲ။ ဒေါ်လေး သိသလောက်ကတော့ သားလေးက ဒီနိုင်ငံမှာ ဘယ်မိန်းကလေးနဲ့မှ စကားမပြောဖူးသလို ဘယ်မိန်းကလေးနဲ့မှလည်း မရင်းနှီးဘူး" စီမာကျီယီက ဆိုသည်။
"ဒေါ်လေး အပြင်မှာ သွားမေးကြည့်လို့ ရတယ်။ ဒီနိုင်ငံမှာ ရှိတဲ့ လူတိုင်း ဒေါ်လေးသား အကြောင်းကို အကုန် သိကြတယ်။ သူက အသက် ၁၂ နှစ် မပြည့်မပြည့်သေးခင်မှာတောင် နိုင်ငံထဲက မိန်းကလေး အများစုနဲ့ အိပ်ပြီးနေပြီ" လင်းက ယုံကြည်ချက်ရှိစွာ ပြောသည်။
"ဒီလို အဓိပ္ပါယ်မရှိတဲ့ စကားကို ဘယ်သူက ပြောတာလဲ။ သူက အသက် ၈ နှစ် အရွယ်တုန်းက လုပ်ကြံသတ်ဖြတ်ခြင်း ခံထားရတယ်ဆိုတာ မိန်းကလေး မသိဘူးလား။ အဲဒီအချိန်ကတည်းက သူ့ခေါင်းက ဒဏ်ရာကြောင့် အိမ်ထဲက အိမ်ပြင်တောင် မထွက်ခဲ့ဘူး။ ကလေးတစ်ယောက်လို ဖြစ်သွားပြီး သူ့ဉာဏ်ရည်တွေလည်း ဆုံးရှုံးခဲ့ရတယ်။ အသက် ၁၂ နှစ် အရွယ် ရောက်မှသာ သူနေပြန်ကောင်းလာတာ။ အသက် ၁၅ နှစ် မတိုင်ခင် အပြင်ထွက်တာဆိုလို့ နှစ်ကြိမ်ပဲ ရှိခဲ့ဖူးတယ်။ တစ်ကြိမ်က သူ ထောင်ချောက် အဆင်ခံလိုက်ရတာ။ နောက်တစ်ကြိမ်က နေကောင်းလာပြီး ရက်ပိုင်းအကြာမှာ အမဲလိုက်သွားတာပဲ။ ဒါဆို မိန်းကလေးက သူက ဒီလို ရက်ပိုင်းလေး အတွင်းမှာ နိုင်ငံမှာရှိတဲ့ မိန်းကလေးတိုင်းနဲ့ ပတ်သက်နေတယ်လို့ ဆိုလိုတာလား"
အကြီးအကဲမူက အချက်အလက်များဖြင့် ဖြေရှင်းသည်။
"ဘာရယ်၊ ခေါင်းဒဏ်ရာ ဟုတ်လား။ ရှင် လိမ်နေတာ" လင်းက မတ်တတ်ထရပ်ကာ ပြောသည်။
"ကျွန်မ ဒီနိုင်ငံက လူတွေကို မေးကြည့်ပြီးပြီ။ သူက နိုင်ငံထဲမှာ အကြီးဆုံး လူရှုပ်လူပွေ တစ်ဦး တဲ့" သူမ ထပ်ပြောသည်။
"ဒါက တော်တော် ဉာဏ်နည်းရာ ကျတာပဲ။ ဘယ်လို ပြန်ပြောလို့ ပြောရမှန်းတောင် မသိတော့ဘူး" အကြီးအကဲမူက သက်ပြင်းချကာ ခေါင်းယမ်းတော့သည်။
"ကျ... ကျွန်မ သက်သေပြမယ်။ အပြင်ကို လိုက်ခဲ့။ ရှင်တို့က လိမ်နိုင်တယ်ဆိုပေမဲ့ ပြည်သူတွေကတော့ လိမ်မှာ မဟုတ်ဘူး။ ရှင့်မျက်နှာကို ဖုံးခဲ့၊ ဒါမှ လူတွေက ရှင့်ရဲ့အဆင့်အတန်းကို မမှတ်မိမှာ။ ကျွန်မနောက် လိုက်ခဲ့။ ကျွန်မ ရှင်တို့ လိမ်နေတယ်ဆိုတာ ဖော်ထုတ်ပြမယ်" လင်းက ဆိုသည်။
"လင်း... မတုံးစမ်းနဲ့။ နင်က ကြုံရာ သူစိမ်းတွေကို သူတို့ထက် ပိုယုံနေတာလား" ယုထျန်းဟောင် စားပွဲခုံကို ဒေါသတကြီး ရိုက်ပြီး ထရပ်လိုက်သည်။
"ဒေါသထွက်နေစရာ မလိုပါဘူးရှင်။ ဒီလိုအလိမ်အညာ စကားတွေကို ဘယ်သူက သတင်းဖြန့်လိုက်လဲဆိုတာ ကျွန်မ သိချင်ပါတယ်။ ရွှယ်နဲ့ မေ... ငါတို့အတွက် မျက်နှာဖုံးတွေ သွားယူပေးပါ" စီမာကျီယီက ဆိုသည်။
ရွှယ်နှင့် မေတို့သည် ခန်းမထဲမှ ထွက်ခွာသွားကြသည်။
"ခယ်မ၊ ဒီလိုကြီး လုပ်နေဖို့ မလိုပါဘူး။ သူ ဆုံးဖြတ်ချက်မှားတာကို ကျွန်တော် နားလည်ပါတယ်။ သူက ဉာဏ်နည်းပါတယ်။ သူ့စကားတွေကို အတည်ကြီး မမှတ်ပါနဲ့ဗျာ" ယုထျန်းဟောင်က ဆိုသည်။
"မစိုးရိမ်ပါနဲ့။ အတည်မှတ်နေတာ မဟုတ်ပါဘူး။ ကျွန်မသားကို ပြည်သူတွေ ဘယ်လို မြင်လဲဆိုတာ ကျွန်မလည်း သိချင်လို့ပါ" စီမာကျီယီ ရေရွတ်ကာ ထရပ်လိုက်သည်။
ခဏအကြာတွင် ရွှယ်နှင့် မေတို့ မျက်နှာဖုံးအချို့ ယူလာကာ ပြန်ရောက်လာပြီး လူတိုင်းကို ဝေပေးလိုက်သည်။
လင်းမှလွဲ၍ လူတိုင်း မျက်နှာဖုံးများ တပ်လိုက်ကြသည်။
သူတို့သည် ခြံဝင်းထဲမှ ထွက်ကာ တော်ဝင်မျိုးနွယ်စု လွှမ်းမိုးမှုအောက် ရှိသော နဂါးမြို့တော် အလယ်သို့ လျှောက်လာခဲ့ကြသည်။
လူတိုင်းသည် အကွာအဝေး တစ်ခုတွင် နေလိုက်ကြပြီး လင်းကတော့ လူများကို စကားပြောရန် ထွက်သွားသည်။
လင်းသည် လမ်းမပေါ်တွင် သွားနေကြသော ကြုံရာ လူတစ်ယောက်ထံ လျှောက်သွားလိုက်သည်။
ထိုလူသည် သူ့ဆီသို့ လှပသော မိန်းကလေးတစ်ယောက် လျှောက်လာသည်ကို မြင်လိုက်ရာ အသက်ရှုမှားမတက် ဖြစ်နေသည်။
"ကျွန်မကို လူတစ်ယောက်အကြောင်း ပြောပြလို့ရမလား" လင်းက မေးသည်။
"ရတာပေါ့။ ကျွန်တော် သိသမျှ အကုန် ပြောပြမယ်" ထိုလူက အပြုံးဖြင့် ပြန်ဖြေသည်။ သူသည် လင်းကို အပြုံးဖြင့် ဆွဲဆောင်လိုသော်လည်း ထိုအပြုံးကြောင့်ပင် သူ့ရုပ်က ပိုဆိုးသွားသည်။
"ဟိုလေ... ကျွန်မ လုံထျန်းအကြောင်း မေးချင်လို့ပါ" လင်းက ဆိုသည်။
"လုံထျန်း ဟုတ်လား။ လုံမျိုးနွယ်စု ခေါင်းဆောင်ရဲ့ မြေးလား" ထိုလူက အံံဩတကြီး ပြန်မေးသည်။
"ဟုတ်ပါတယ်။ သူက ဒီမြို့မှာ အကြီးဆုံး လူရှုပ်လူပွေ တစ်ယောက်လို့ ကျွန်မ ကြားဖူးတယ်။ အဲဒါက အမှန်လား အမှားလားဆိုတာ ကျွန်မ သိချင်လို့ပါ" လင်းသည် အပြစ်ကင်းစင်သည့် အမူအရာဖြင့် သူမသိလိုသည်အား မေးလိုက်သည်။
"ဒါကို ဘယ်သူ ပြောတာလဲ။ ဒီကောင်လေးက လူရှုပ်လူပွေတစ်ယောက် ဟုတ်လား။ ဟားဟားဟား" ထိုလူ မရယ်ဘဲ မနေနိုင်တော့ပေ။
"ဒီကောင်လေး အသက် ၈ နှစ် အရွယ်တုန်းက နိုင်ငံက မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရဲ့ အသည်းကျော် ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူက ဘယ်မိန်းကလေးနဲ့မှ စကားမပြောခဲ့ဘူး။ ကျွန်တော် ကြားဖူးသလောက်တော့ သူက စာကြမ်းပိုး တစ်ယောက်ပဲ။ သူ လုပ်ကြံသတ်ဖြတ်ခြင်း ခံပြီးတဲ့ အချိန်ရောက်မှသာ ဆိုးဝါးသွားတာ။ သူ မှတ်ဉာဏ်တွေ ဆုံးရှုံးသွားပြီး အိမ်ထဲကတောင် မထွက်နိုင်တော့တဲ့ အသိမဲ့သူ ဖြစ်သွားတယ်လို့ ကျွန်တော် ကြားလိုက်ရတယ်။ ကျွန်တော် သိသလောက်တော့ သူ အသက် ၁၂ နှစ် အရွယ်မှာ ပြန်ကောင်းလာခဲ့တယ်။ အဲဒီအချိန်ကတည်းက သူ့ကို ဒီမြို့မှာ မတွေ့ရတော့တာပဲ" ထိုလူက ဆိုသည်။ "ဒီကောင်လေးကို လူရှုပ်လူပွေလို့ ခေါ်တယ် ဟုတ်လား။ ဟာသပဲ"
ထိုစကားများကို ကြားလိုက်ရာ လင်းသည် အမူအရာများ ပြောင်းလဲသွား၏။ သူက ချွေးများ ထွက်လာသည်။ နောက်ဆုံးတွင် သူမကိုယ်သူမ စတင် သံသယ ဝင်လာတော့သည်။
"ကျေးဇူးပါ" သူမ ထိုလူကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
ခဏအကြာတွင် သူမ မိန်းကလေး တစ်ယောက်ဆီ လျှောက်သွားလိုက်သည်။
သူမ ထိုမိန်းကလေးအား တူညီသော မေးခွန်းကို မေးလိုက်ရာ တူညီသော အဖြေကိုပင် ပြန်ရခဲ့သည်။ ထိုမိန်းကလေးသည် သူမက ငယ်စဉ်ကတည်းက လုံထျန်းကို မည်မျှပင် ကြိတ်ချစ်ခဲ့ရကြောင်း ပြောပြသည်။ သို့သော် သူက အသိမဲ့သူတစ်ဦး ဖြစ်သွားသည်ကို သိလိုက်ရပြီးနောက် သူမ ခံစားချက်များ ပြောင်းလဲသွားသည်။ သို့သော် သူမသည် လုံထျန်းက မိန်းကလေးများနှင့် ပတ်သက်လျှင် တစ်သက်လုံး နာမည်ပျက် မရှိကြောင်း ပြောပြသည်။
လင်း မျက်မှောင်ကုတ်လိုက်သည်။ ထို့နောက် သူမ တခြား လူတစ်ယောက်ဆီ အလျင်အမြန် သွားလိုက်သည်။
လူများ တစ်ယောက်ပြီး တစ်ယောက် ပြောင်းသွားသည်။ သူမ လူအမျိုးမျိုးကို လိုက်မေးကြည့်သည်။ အသက်ကြီးသူ၊ အသက်ငယ်သူ အမျိုးမျိုးကို လိုက်မေးသော်လည်း အဖြေကတော့ အတူတူပင် ဖြစ်သည်။
အနီးအနားတွင် ယုထျန်းဟောင်လည်း ရှိသည်။ သူ့မျက်နှာမှာ ရှက်ရွံ့မှုကြောင့် ရဲတက်လာသည်။
"ခယ်မ၊ သူ့ကို စိတ်မဆိုးပါနဲ့ဗျာ။ ဒီသမီးလေးက ဉာဏ်နည်းလွန်းပေမဲ့ လိမ်တော့ မလိမ်တတ်ပါဘူး။ သူ ဒီကို လာတဲ့ အချိန်တုန်းက တစ်ယောက်ယောက်က သူ့ကို လိမ်လိုက်တာ ဖြစ်ပါလိမ့်မယ်။ ဒီငတုံးမလေးက တခြားလူတွေကို မေးရမယ့်အစား လူတစ်ယောက်တည်း ပြောလိုက်တဲ့ စကားကို ယုံလိုက်တာ ဖြစ်မယ်" ယုထျန်းဟောင်က ထပ်၍ တောင်းပန်ရှာသည်။
"ရပါတယ်ရှင်၊ ရှင့်သမီးကို ပြန်ခေါ်လိုက်ပါဦး။ ဒီလောက်ဆို တော်သင့်ပါပြီ" စီမာကျီယီက ပြောကာ လုံမျိုးနွယ်စုဆီသို့ ပြန်လာခဲ့တော့သည်။
ယုထျန်းဟောင်က လင်းဆီ လျှောက်သွားကာ သူမအား ပြန်ခေါ်လိုက်သည်။
သို့ဖြင့် သူတို့အားလုံးသည် လုံမျိုးနွယ်စုဆီ ပြန်ရောက်ကာ အစည်းအဝေး ခန်းမထဲသို့ ဝင်လိုက်ကြသည်။
စီမာကျီယီက တိတ်ဆိတ်စွာ ထိုင်ရင်း လင်း၏ တုန့်ပြန်ချက်ကို စောင့်နေသည်။
"ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ မှားသွားပါတယ်။ ကျွန်မ အလိမ်ခံလိုက်ရတယ်" လင်းက ဆိုသည်။ သူမ မျက်ဝန်းထဲတွင် မျက်ရည်ကြည်လေးများ ဝေ့နေလေသည်။
"သမီးကို လိမ်လိုက်တဲ့ လူကို မှတ်မိသေးလား" စီမာကျီယီက မေးသည်။
"ကျွန်မကို လိမ်လိုက်တဲ့ ကောင်လေးက အသက် ၁၃၊ ၁၄ နှစ်လောက် ရှိတယ်" လင်းက ဖြေသည်။
"တစ်ယောက်တည်းပဲလား။ သမီး ဘယ်သူ့ကိုမှ မမေးဘဲနဲ့ လူတစ်ယောက်တည်း ပြောတဲ့ စကားကို ယုံပစ်လိုက်တာပေါ့" စီမာကျီယီက သူမကို စိုက်ကြည့်ကာ ပြောသည်။
"ဟုတ်ပါတယ်။ အဲဒီကောင်လေးက လုံထျန်းနဲ့ ညီအစ်ကို တော်ပါတယ်။ အဲဒါကြောင့်မလို့လည်း သူပြောတာကို ယုံလိုက်မိတာပေါ့" လင်းက မျက်ရည် တစ်ချက် သုတ်ကာ ပြောသည်။
"သူက ဘာဝတ်ထားလဲ" စီမာကျီယီ မေးသည်။
"သူက အစိမ်းရောင် အပေါ်ဝတ်ရုံနဲ့ အဖြူရောင် အင်္ကျီ ဝတ်ထားပါတယ်" လင်းက သူမ မှတ်မိသော အရာများကို ပြန်ပြောပြသည်။
"ငါတို့ မျိုးနွယ်စုကို မနာလိုဖြစ်ပြီးတော့ ငါတို့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ငါတို့လူတွေပါလို့ လိမ်ညာပြောဆိုခဲ့တာပဲ ဖြစ်ရမယ်။ ကုမျိုးနွယ်စုက ကလေးတွေကတော့ တရားခံဖြစ်ဖို့ အရှိဆုံးပဲ။ အဲဒီတုန်းက သူတို့တွေ အစိမ်းရောင် ဝတ်စုံတွေ ဝတ်လေ့ရှိတယ်။ ငါတို့ မျိုးနွယ်စုထဲက ဘယ်သူမှတော့ ထျန်းဖြတ်သန်းခဲ့ရတဲ့ ဒုက္ခတွေကို သိရက်နဲ့ သူ့ဂုဏ်သိက္ခာကို အဲဒီလို ဖျက်ဆီးမှာ မဟုတ်ဘူး။ ငါတို့ လူတွေက ရွှေရောင်ဝတ်စုံတွေကိုပဲ ဝတ်ကြတာ" အကြီးအကဲမူက အခြေအနေကို သုံးသပ်ပြီး တရားခံကို ဖော်ထုတ်လိုက်သည်။
"အဲဒါပဲ ဖြစ်မှာပါ။ ပြိုင်ဘက် မျိုးနွယ်စုတွေဆိုတာ တော်တော်လေး အောက်တန်းကျတတ်ကြပါတယ်။ ကျွန်တော်တို့ဆီမှာလည်း အဲဒီလို မျိုးနွယ်စုတွေ ရှိတယ်" ယုထျန်းဟောင်က ထောက်ခံပြောဆိုသည်။
"အဲဒီ ကောလာဟလတွေကြောင့်ပဲ သမီးက စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့တာလား" စီမာကျီယီက လင်းကို မေးလိုက်သည်။
"အဲဒါက အကြောင်းရင်း တစ်ခုပါ။ ဒါပေမဲ့ အဓိက အကြောင်းရင်းကတော့ ကျွန်မ မသိတဲ့သူတစ်ယောက်၊ ပြီးတော့ ကျွန်မထက် အားနည်းတဲ့သူတစ်ယောက်နဲ့ အိမ်ထောင်မပြုချင်လို့ပဲ။ ကျွန်မရဲ့ ခင်ပွန်းလောင်းဟာ ကျွန်မထက် သန်မာတဲ့သူ တစ်ယောက် ဖြစ်စေချင်တယ်။ ဒီလို နိုင်ငံငယ်လေးက လူတစ်ယောက်ဟာ ကျွန်မထက် သာလွန်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ကျွန်မက အင်ပါယာတစ်ခုက မဟာအကြီးအကဲရဲ့ တပည့်ပဲ။ ကျွန်မရဲ့ခင်ပွန်းက ကျွန်မထက် သာရမယ်။ ဒီလို နိုင်ငံငယ်လေး တစ်နိုင်ငံက လူတစ်ယောက်က ကျွန်မရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး" လင်းက ဆိုသည်။
အခန်း (၄၅၆) အဖမ်းခံရခြင်း
"အဲဒါဆိုရင်တော့ ကောင်းတာပေါ့။ စေ့စပ်ပွဲကလည်း ပျက်သွားပြီဆိုတော့ သမီးရော သားရော နောင်တရနေမှာ မဟုတ်ပါဘူး။ ပြီးခဲ့တာတွေကို ပြန်တူးဖော်နေစရာ မလိုတော့ဘူး။ အားလုံးကို မေ့ပစ်လိုက်ကြရအောင်။ ဒေါ်လေးတို့ မျိုးနွယ်စုနှစ်စုကြားက ဆက်ဆံရေးကို ဖျက်ဆီးစရာ အကြောင်းမရှိဘူးလေ" စီမာကျီယီက ဆိုသည်။
"ဟုတ်..."
ယုထျန်ဟောင်က ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် အစည်းအဝေးခန်းမ တံခါးပွင့်သွားပြီး မုတ်ဆိတ်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး ဝင်လာသည်။ ထိုသူမှာ ကမ္ဘာမြေ အဆင့် ၃ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည့် လုံချန်း၏ အဖိုး၊ လုံမျိုးနွယ်စုခေါင်းဆောင် လုံရန်ပင် ဖြစ်သည်။ သူသည် ကျင့်ကြံရာမှ ထွက်လာသည်နှင့် ဧည့်သည်များ ရောက်နေသည့် သတင်းကို ကြားသဖြင့် ချက်ချင်း လာခဲ့ခြင်းဖြစ်သည်။
"မျိုးနွယ်စုခေါင်းဆောင်..."
"ယောက္ခမကြီး..."
"ဦးလေးရန်..."
အားလုံးက ထရပ်ကာ လုံရန်ကို နှုတ်ဆက်ကြသည်။ လုံရန်က ပြုံးလျက် "ထျန်းဟောင်... မင်း ရောက်နေတာကိုး။ ဘာကိစ္စရှိလို့လဲ။ သမီးလေးပါ ပါလာတာလား"
ယုထျန်းဟောင်က တောင်းပန်စကားများ ပြောကြားပြီးနောက် လုံရန်က သဘောထားကြီးစွာဖြင့် "ရပါတယ်ကွယ်... လူငယ်ဆိုတာ စိတ်မြန်လက်မြန် ရှိတတ်ကြတာပဲ။ အားလုံးက ပြီးခဲ့တဲ့ အတိတ်တွေပဲလေ။ ဘယ်သူမှလည်း ထိခိုက်တာ မရှိဘူး မဟုတ်လား" ထိုသို့ ဆိုကာ ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဦးလေးရန်။ ကျွန်တော် အခုမှပဲ ရင်ထဲက ဝန်ကြီးတစ်ခု ကျသွားသလို ခံစားရတော့တယ်" ယုထျန်းဟောင်က သက်ပြင်းချရင်း ဆိုသည်။
လုံရန်က စကားဆက်ရန် ပြင်လိုက်စဉ်မှာပင် အလွန်အားကောင်းသော စွမ်းအင် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ ယုထျန်းဟောင်မှာလည်း အံ့သြသွားသည်။ ဤစွမ်းအားမျိုးမှာ သူ၏ ဂိုဏ်းချုပ်ထက်ပင် အဆပေါင်းများစွာ သန်မာနေသည်။
"အင်အားကြီးတဲ့ ကျင့်ကြံသူတွေ ဖြတ်သွားတာလား" ယုထျန်းဟောင်က မတ်တတ်ထရပ်ကာ အပြင်သို့ ထွက်ကြည့်လိုက်သည်။
လုံမျိုးနွယ်စုဝင် အားလုံးသည်လည်း လမ်းပေါ်သို့ ထွက်ကာ ကောင်းကင်ကို ကြည့်နေကြသည်။ ဝေးလံသော မိုးကုပ်စက်ဝိုင်းတွင် မိုးပျံ သားရဲကြီး အကောင်ပေါင်းများစွာ သူတို့ဆီသို့ ဦးတည်လာနေသည်။
"ဒီလောက် အင်အားကြီးတဲ့ ကျင့်ကြံသူတွေ အများကြီးလား။ ဘာတွေ ဖြစ်နေတာလဲ" ယုထျန်းဟောင်က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ "သူတို့က ငါ့ဂိုဏ်းချုပ်ထက်တောင် သန်မာနေကြတယ်။ အင်ပါယာက လူတွေလား"
မကြာမီမှာပင် ထိုသားရဲများပေါ်တွင် ပါလာသော တတိယမင်းသား ယွဲ့တင်ကို မြင်လိုက်ရသည်။ "ယွဲ့တင်လား။ သူ အဲဒီပေါ်မှာ ဘာလုပ်နေတာလဲ။ ဒီလူတွေက ဘုရင်ကြီးရဲ့ ဧည့်သည်တွေလား" လုံရန်က တွေးလိုက်မိသည်။
"အဲဒါ လုံမျိုးနွယ်စုပဲ" တတိယမင်းသား ယွဲ့တင်က လုံမျိုးနွယ်စု နေအိမ်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"သူ ငါတို့ဘက်ကို ညွှန်ပြနေတယ်။ တစ်ခုခုတော့ မှားနေပြီ" ယုထျန်းဟောင်က ဆိုသည်။ "ဦးလေးရန်... ခယ်မကို ခေါ်ပြီး အခုချက်ချင်း ထွက်သွားပါ။ သူတို့ရဲ့ ရည်ရွယ်ချက်က မကောင်းဘူး"
"မဖြစ်ဘူး... ငါ့မျိုးနွယ်စုကို ပစ်မသွားနိုင်ဘူး။ မင်းပဲ ကျီယီတို့ကို ခေါ်သွားပါ၊ ငါ ဒီမှာပဲ နေခဲ့မယ်" လုံရန်က ခက်ထန်သော မျက်နှာထားဖြင့် ဆိုသည်။
သို့သော် စီမာကျီယီကလည်း ငြင်းဆန်နေသဖြင့် လုံရန်က "ငါ့အမိန့်ကို နားထောင်စမ်း။ ကျီယီ... နင့်သားအတွက် နင် အသက်ရှင်နေရမယ်။ ထျန်းအာ ပြန်လာတဲ့အခါ နင် ဒဏ်ရာရနေတာကို မြင်ရင် သူ ဘယ်လောက် ဝမ်းနည်းမလဲ စဉ်းစားဦး။ အခုချက်ချင်း သွားကြတော့"
ယုထျန်းဟောင်သည် လုံရန်၏ တောင်းဆိုမှုကြောင့် စီမာကျီယီ၊ ယုလင်၊ ရွှယ် နှင့် မေတို့ကို ခေါ်ကာ သူ၏ ရွှေအဆင့် မိုးပျံ သားရဲအား ထုတ်လိုက်သည်။ သို့သော် သူတို့ ကောင်းကင်သို့ ပျံတက်ရန် ပြင်လိုက်စဉ်မှာပင် မီးတောက်မြားတစ်စင်း လွင့်ပျံလာပြီး သားရဲကို ထိမှန်သွားသဖြင့် သားရဲမှာ မြေပြင်သို့ ပြုတ်ကျကာ သေဆုံးသွားတော့သည်။
ယုထျန်းဟောင်နှင့် အဖွဲ့သားများမှာလည်း မြေပြင်သို့ လဲကျသွားကြသည်။ ထိုတိုက်ခိုက်မှုကို ပြုလုပ်လိုက်သူမှာ ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်းမှ အကြီးအကဲ ဖြစ်သည်။
ခဏအကြာတွင် အကြီးအကဲ ၆၈ ဦးလုံး မြေပြင်သို့ ဆင်းသက်လာကြသည်။
"မင်းတို့ ပြေးနိုင်မယ် ထင်နေတာလား" အကြီးအကဲတစ်ဦးက ဆိုသည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ။ ကျုပ်တို့ကို ဘာဖြစ်လို့ တိုက်ခိုက်တာလဲ" လုံရန်က မေးမြန်းလိုက်သည်။
"ဒီနေ့ ဘယ်သူမှ အရှင်ထွက်သွားလို့ မရဘူး။ အဲဒီကောင်လေးက သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်၊ ဒီနေ့တော့ ငါတို့က ပြန်ပြီး သတ်ဖြတ်ပြရမှာပေါ့" အစွမ်းထက်ဓားဂိုဏ်းမှ အကြီးအကဲက ဆိုသည်။
"ဘာတွေ ပြောနေတာလဲ။ ကျုပ်တို့က နိုင်ငံငယ်လေးက သာမန်လူတွေပါ။ ခင်ဗျားတို့လို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားဖို့ နေနေသာသာ တွေ့ဖို့တောင် မဖြစ်နိုင်ပါဘူး" လုံရန်က ယဉ်ကျေးစွာ ပြောသည်။
"မင်းကတော့ အပြောအဆို တတ်သားပဲ။ အဲဒီကောင်လေးသာ မင်းလို အသိတရားရှိရင် ကောင်းမှာပဲ။ ဒီနေ့တော့ မင်းတို့အားလုံး သူ့ရဲ့ အပြစ်တွေအတွက် သေပေးရမယ်" အမှန်တရားတာအိုဂိုဏ်းမှ အကြီးအကဲက ဆိုသည်။
ထိုစဉ် အကြီးအကဲတစ်ဦးက လုံချန်း၏ ပုံတူပန်းချီကို ထုတ်ပြလိုက်သည်။ "ထျန်းအာ၊ ခင်ဗျားတို့ဆီမှာ ဘာလို့ သူ့ပုံ ရှိနေတာလဲ။ သူ့ကို ဘာလုပ်လိုက်ကြပြီလဲ" လုံရန်က သူ၏မြေးလေး တစ်ခုခုဖြစ်သွားပြီဟု ထင်ကာ ဒေါသတကြီး ဓားကို ဆွဲထုတ်လိုက်သည်။
"ဒါဆို မင်းသားပြောတာ မှန်တာပဲ။ အဲဒီကောင်က တကယ်ပဲ လုံမျိုးနွယ်စုကပဲ" အကြီးအကဲများက အတည်ပြုလိုက်ကြသည်။
တတိယမင်းသား ယွဲ့တင်က ရှေ့သို့ တိုးလာပြီး "ဒါပေါ့... ကျွန်တော် ပြောသားပဲ။ ဒီအဘိုးကြီးက သူ့အဖိုး၊ ဟိုမိန်းမက သူ့အမေပဲ။ ဒီနှစ်ယောက်က သူနဲ့ အနီးစပ်ဆုံး လူတွေပေါ့" သူက သရော်ပြုံးဖြင့် ဆိုလိုက်လေတော့သည်။