← Chapters

အခန်း (၄၅၉-၄၆၀)

Vol. 46 Ch. 459-460

အခန်း (၄၅၉-၄၆၀)

Vol. 46 Ch. 459-460

အခန်း (၄၅၉) အမှောင် ယဇ်ပဏ္ဏာ (အပိုင်း ၁)

​"အဖိုး... အဖိုး မပါပါနဲ့တော့။ အခြေအနေ အရမ်းဆိုးလာရင် သူ့ကို ကယ်ဖို့အတွက် ကျွန်မပဲ ရန်သူတွေကို အာရုံလွှဲပေးပါ့မယ်။ အဖိုးကတော့ သူ့ကိုခေါ်ပြီး ပြေးပါ" မင်ယုက လုံရန်ကို ပြောလိုက်သည်။

​လုံရန်မှာ သူစိမ်း မိန်းကလေးတစ်ဦးက သူ့ကို အဖိုးဟု ခေါ်လိုက်သဖြင့် အံ့သြသွားသည်။ ဤမိန်းကလေးမှာ လုံချန်း၏ ချစ်သူများလားဟု သူ တွေးတောနေမိသည်။

​"မင်း အဲလိုလုပ်စရာ မလိုပါဘူး။ မင်းက ငယ်သေးတယ်၊ ငါကတော့ အိုနေပြီ။ မကြာခင် သေမယ့်လူပဲ။ ငါပဲ လုပ်သင့်တာပါ" လုံရန်က ဆိုသည်။

​တစ်ဖက်တွင်လည်း မြွေဘုရင်သည် သူနှင့် တိုက်ခိုက်နေသော အုပ်စုငယ်လေးကို သတ်ဖြတ်ပြီးသွားပြီဖြစ်သည်။

​'ငါ့မိသားစုကို ခေါ်ပြီး အခုချက်ချင်း ထွက်သွားတော့' လုံချန်းက စိတ်ချင်းဆက်သွယ်ကာ မြွေဘုရင်ကို အမိန့်ပေးလိုက်သည်။

​အခြေအနေက မကောင်းလှပေ။ ရန်သူက များလွန်းသည်။ အကယ်၍ ရန်သူများထဲက တစ်ယောက်ယောက်က လုံချန်းကို မတိုက်ဘဲ သူ့မိသားစုကို လှည့်တိုက်လိုက်လျှင် အကြီးအကျယ် ဒုက္ခရောက်ကုန်မည် ဖြစ်သည်။ သူသည် သူ့မိသားစုကို အညိုအမဲလေးပင် အထိခိုက်မခံနိုင်ပေ။

​မြွေဘုရင်မှာ လုံချန်းကို အံ့သြစွာ ကြည့်လိုက်သည်။ 'ဒီဘုရင်ကြီး သူတို့ကို ကိုင်တွယ်နိုင်ပါတယ်'

​'ငါ မင်းကို ထွက်သွားဖို့ ပြောနေတယ်။ ငါ သူတို့ကို သတ်နိုင်မှန်း သိတယ်၊ ဒါပေမဲ့ ငါ့မိသားစုကို ကြားညှပ်ပြီး ဒုက္ခမရောက်စေချင်ဘူး။ ငါ့မိသားစုကို ဒီနိုင်ငံကနေ အခုချက်ချင်း ခေါ်ထုတ်သွားပါ။ ဒါ ငါ့ရဲ့ အမိန့်ပဲ'

​လုံချန်းသည် မြွေဘုရင်ကို ပထမဆုံးအကြိမ်အဖြစ် သားရဲသခင် အမိန့် ဖြင့် ပြင်းပြင်းထန်ထန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ ၎င်းမှာ မည်သည့် သားရဲမျှ မလွန်ဆန်နိုင်သော အမိန့်မျိုး ဖြစ်သည်။

​မြွေဘုရင်သည် လုံချန်းကို မှင်တက်စွာ ကြည့်ပြီးမှ ခေါင်းညိတ်လိုက်သည်။ သူသည် ရှား၏ အနားသို့ ဆင်းသက်ပြီး ကိုယ်ထည်ကို ပြန်လည် ကြီးမားလာအောင် လုပ်လိုက်သည်။ လုံချန်းသည် ရှားထံသို့လည်း စိတ်ဖြင့် သတင်းပို့ကာ မိသားစုကို ခေါ်သွားရန် ခိုင်းစေလိုက်သည်။

​"သခင်က ရှင်တို့ကို ဟိုမြွေကြီးပေါ် တက်ဖို့ အမိန့်ပေးလိုက်တယ်။ ရှင်တို့ ဒီမှာ ရှိနေတာက သူ့ကို အစွမ်းကုန် မတိုက်နိုင်အောင် အနှောင့်အယှက် ဖြစ်စေတယ်။ လုံမျိုးနွယ်စုဝင် အားလုံးနဲ့ သခင်နဲ့ နီးစပ်သူအားလုံး မြွေဘုရင်ပေါ် တက်ကြပါ" ရှားက ပြောလိုက်သည်။

​လုံမျိုးနွယ်စုဝင် အများစုမှာ ဝမ်းသာအားရ တက်ကြသည်။ ယုထျန်းဟောင်နှင့် ယုလင်းတို့လည်း ပါဝင်သည်။ သို့သော် မင်ယု၊ ကျိချင်း၊ ကျိရှန်း၊ ရွှယ်၊ မေ၊ စီမာကျီယီနှင့် လုံရန်တို့က ငြင်းဆန်နေကြသည်။

​"သခင် ပြောတာက ရှင်တို့ ဒီမှာရှိနေရင် သူ အစွမ်းကုန် မတိုက်နိုင်ဘူးတဲ့။ အစွမ်းကုန် မတိုက်နိုင်ရင် သူ သေလိမ့်မယ်။ ရှင်တို့က သူ့ကို အသေခံစေချင်တာလား" ရှားက လုံချန်း သင်ပေးထားသည့်အတိုင်း ထပ်ပြောလိုက်သည်။

​ထိုစကားကြောင့် သူတို့အားလုံး ဝေခွဲမရ ဖြစ်သွားကြသည်။ သူတို့ မသွားချင်သော်လည်း လုံချန်းကို ကူညီချင်လျှင် သွားမှဖြစ်မည်။

​"ကျွန်မတို့ မီတာ ၅၀၀ လောက်ပဲ ဝေးဝေးကို သွားမှာပါ။ အားလုံးပြီးရင် ပြန်လာလို့ ရပါတယ်" ရှားက လိမ်ညာပြောဆိုလိုက်ပြန်သည်။ တကယ်တော့ လုံချန်းက သူတို့ကို တတ်နိုင်သမျှ အဝေးဆုံးကို ပို့ခိုင်းထားခြင်း ဖြစ်သည်။

​ထိုစကားကို ယုံကြည်သွားကြသဖြင့် အားလုံး မြွေဘုရင်ပေါ် တက်လိုက်ကြသည်။ အကြီးအကဲတစ်ဦးက သတိထားမိသော်လည်း လုံချန်းက ချက်ချင်း နေရာရွှေ့ပြောင်းကာ ထိုသူ၏ လည်ပင်းကို ဖြတ်ပစ်လိုက်သည်။ ဤသည်မှာ လုံချန်းအတွက် ယနေ့အတွက် နောက်ဆုံးအကြိမ် နေရာရွှေ့ပြောင်းနိုင်မှု ဖြစ်သည်။

​မြွေဘုရင်သည် လူအားလုံးကို တင်ဆောင်ကာ ပျံသန်းထွက်ခွာသွားသည်။ မီတာ ၅၀၀ ကျော်သွားသော်လည်း မြွေဘုရင်က မရပ်ပေ။

​"ရပ်တော့၊ ငါတို့ အဝေးကြီး ရောက်နေပြီ" မင်ယုက အော်သော်လည်း မြွေဘုရင်က မရပ်ပေ။ ရှားကလည်း ဘာမှ မပြောပေ။

​"နင် ငါတို့ကို လိမ်လိုက်တာလား"

​"ကျွန်မက သခင်ရဲ့ အမိန့်ကိုပဲ နားထောင်ပါတယ်" ရှားက အေးစက်စွာ ပြန်ဖြေသည်။

​မင်ယုက ကျိရှန်းကို သားရဲများ ထုတ်ခိုင်းသော်လည်း သူတို့၏ သားရဲအိတ်မှာ ရှား၏ လက်ထဲသို့ ရောက်နှင့်နေလေပြီ။ "ဘယ်သူမှ သခင့်ရဲ့ အမိန့်ကို မလွန်ဆန်စေရဘူး" ရှားက ကြေညာလိုက်သည်။

​လုံမျိုးနွယ်စု နေအိမ်အနီးတွင်တော့ အကြီးအကဲ ၂၈ ဦး ကျန်ရှိနေသည်။

​"မင်း သူတို့ကို လွတ်အောင် ပို့လိုက်ပေမဲ့ ဘာဖြစ်လဲ။ ငါတို့ရဲ့ အဓိက ပစ်မှတ်က မင်းပဲ။ သူတို့ကိုတော့ အချိန်မရွေး ပြန်ရှာလို့ ရတယ်" ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်းမှ အကြီးအကဲက ဆိုသည်။

​"သူတို့ကို ပြန်ရှာဖို့ မင်းတို့ အသက်ရှင်နေမှာ မဟုတ်တော့ဘူး" လုံချန်းက မျက်နှာသေဖြင့် ပြောလိုက်သည်။

​သူ၏ ဝိညာဉ်ဓားက တဝီဝီ လှည်နေပြီး လက်ထဲက ဘုရင်ဓားမှာလည်း ပြင်းထန်သော ဓားအရှိန်အဝါများ ထွက်ပေါ်နေသည်။

​လုံချန်းသည် သူ၏ ဓားပညာဖြင့် ရန်သူများ၏ တိုက်ခိုက်မှုများအား ကကြိုး က,နေသကဲ့သို့ ကျော်ဖြတ်ကာ အကြီးအကဲတစ်ဦး၏ လည်ပင်းကို ဖြတ်ပစ်လိုက်ပြန်သည်။

​"ငါ အမြန်ပဲ အဆုံးသတ်လိုက်မယ်"

​လုံချန်းသည် ရန်သူ ၂၇ ယောက်၏ ဝိုင်းထားခြင်းကို ခံနေရသည်။ မုဆိုးကြယ်သည် အရိပ်ထဲတွင် အသင့်စောင့်နေပြီဖြစ်သဖြင့် သူ လုပ်စရာ တစ်ခုသာ ကျန်တော့သည်။ လုံချန်းသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ စစ်ပလွေကို ထုတ်လိုက်သည်။

​အခြားသူများမှာ လုံချန်းသည် အစကတည်းက ပလွေအစွမ်းကို သုံးထားသည်ဟု ထင်ခဲ့သော်လည်း အခုမှ ပလွေကို ထုတ်လိုက်သည်ကို မြင်သောအခါ မှင်တက်ကုန်ကြသည်။ လုံချန်း ပလွေကို စတင်မှုတ်လိုက်သည်နှင့် ပတ်ဝန်းကျင်က စွမ်းအင်များမှာ လုံချန်းဆီသို့ တိုးဝင်လာပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာ ကောင်းကင် အဆင့် ၆ အထိ တရိပ်ရိပ် တက်သွားလေတော့သည်။

​"သူ... သူ အစက ဒါကို မသုံးရသေးဘူးလား" အမှန်တရားတာအိုဂိုဏ်း အကြီးအကဲမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

​အစွမ်းထက်လာသော လုံချန်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အကြီးအကဲတစ်ဦးကို နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။ ကျန်ရှိသော အကြီးအကဲများမှာ ကြောက်လန့်တုန်ရင်ကုန်ကြသည်။

​"သူ ဒီလောက်အထိ သန်မာနေမှတော့ ငါတို့ သူ့ကို မယှဉ်နိုင်တော့ဘူး။ ပြေးမှဖြစ်မယ်" အစွမ်းထက်ဓားဂိုဏ်း အကြီးအကဲက နောက်ဆုတ်သွားသည်။

​သို့သော် အမှန်တရားတာအိုဂိုဏ်း အကြီးအကဲက သက်ပြင်းချကာ ရှေ့သို့ တိုးလာသည်။ "ငါ့မှာ ဒီပစ္စည်းကို သုံးဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး။ အဖေက ငါ့ကို အန္တရာယ်ကနေ ကာကွယ်ဖို့ ဒါကို လျှို့ဝှက်ပေးထားတာ။ ဒီကလေးတစ်ယောက်ကို သတ်ဖို့ ဒါကို သုံးရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

အခန်း (၄၆၀) အမှောင် ယဇ်ပဏ္ဏာ (အပိုင်း ၂)

အမှန်​တရားတာအိုဂိုဏ်း အကြီးအကဲသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ သေတ္တာငယ်လေးတစ်လုံးကို ထုတ်ယူကာ လုံချန်းထံသို့ ပစ်ပေါက်လိုက်သည်။ လုံချန်းသည် ထိုသေတ္တာကို ဓားဖြင့် ခုတ်ချလိုက်သော်လည်း ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် အလင်းများ ထွက်ပေါ်လာပြီး လုံချန်းမှာ သတ္တုသေတ္တာကြီးတစ်လုံး အတွင်း ပိတ်မိသွားတော့သည်။

​"ဒါ... ဒါက အမှန်တရားတာအိုဂိုဏ်းရဲ့ အဖိုးတန်ရတနာ ကောင်းကင်ပိတ်လှောင်သေတ္တာ မဟုတ်လား" ဗုဒ္ဓကျောင်းတော် အကြီးအကဲက အံ့သြစွာ ဆိုသည်။

​"ဟုတ်တယ်... ဒါထဲမှာ ပိတ်မိသွားတဲ့သူဟာ ဂိုဏ်းချုပ်တွေလောက် အစွမ်းမထက်ရင် ဘယ်တော့မှ ပြန်မထွက်နိုင်တော့ဘူး။ အထဲမှာ အသက်ရှူစရာ လေလည်း မရှိတဲ့အတွက် သူ အထဲမှာတင် သေသွားလိမ့်မယ်" အမှန်တရားတာအိုဂိုဏ်း အကြီးအကဲက ဝင့်ကြွားစွာ ပြောလိုက်သည်။

​သေတ္တာထဲတွင်တော့ လုံချန်းသည် သူ၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများဖြင့် ထိုးဖောက်ရန် ကြိုးစားနေသော်လည်း မအောင်မြင်ပေ။ စစ်ပလွေ၏ အရှိန်ကလည်း ကုန်ဆုံးတော့မည် ဖြစ်သည်။ ထိုစဉ် ရွှင်း ပေါ်လာပြီး "နင် ဒါကို မဖျက်နိုင်ဘူး။ ငါတို့မှာ ရွေးချယ်စရာ တစ်ခုပဲ ကျန်တော့တာ နင် သိပါတယ်" သူမ သက်ပြင်းချရင်း ဆိုလိုက်သည်။

​လုံချန်းသည် ဘာမှမပြောဘဲ ခေါင်းငုံ့လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

​"အမှောင် ယဇ်ပဏ္ဏာ"

​ထိုခဏမှာပင် သေတ္တာအတွင်း၌ ငရဲအနက်ပိုင်းမှ အမှောင်ထုများ စီးဆင်းလာသလို အမှောင်အတိ ကျသွားတော့သည်။ လုံချန်း၏ ရွှေရောင်မျက်လုံးများမှာ ကတ္တရာစေးကဲ့သို့ နက်မှောင်သွားပြီး ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော အမှောင်မျဉ်းကြောင်းများ ပေါ်လာသည်။ ကျောပြင်တွင်လည်း အမှောင်ထုဖြင့် ပြုလုပ်ထားသော တောင်ပံနှစ်ဖက် ပေါ်ထွက်လာသည်။

​သူ၏ ရုပ်သွင်မှာ ပို၍ ရင့်ကျက်တည်ငြိမ်သွားသော်လည်း မျက်နှာတွင် ဒေါသမှလွဲ၍ အခြားမည်သည့် စိတ်ခံစားမှုမျှ မရှိတော့ပေ။ လုံချန်းသည် သူ၏ဓားကို အသာအယာ ဝေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်မှာပင် ပြတ်တောက်သွားသကဲ့သို့ အာကာသအက်ကွဲကြောင်းများ ပေါ်လာတော့သည်။

​အပြင်ဘက်တွင် အကြီးအကဲများက လုံချန်း၏ မိသားစုကို လိုက်ဖမ်းရန် တိုင်ပင်နေစဉ်မှာပင် ကောင်းကင်ပိတ်လှောင် သေတ္တာကြီးမှာ ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။ သေတ္တာအစအနများမှာ နေရာအနှံ့ လွင့်စင်သွားပြီး အနီးနားရှိ အကြီးအကဲအချို့ကို ထိမှန်ကာ ချက်ချင်း သေဆုံးကုန်ကြသည်။

​"မ... မဖြစ်နိုင်တာ" အမှန်တရားတာအိုဂိုဏ်း အကြီးအကဲမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သူတို့ဂိုဏ်း၏ အဖိုးတန် ရတနာအား ကလေးတစ်ယောက်က ဖျက်ဆီးပစ်လိုက်သည်ကို သူ မယုံနိုင်ပေ။

​လုံချန်းသည် သူ၏ဓားကို တစ်ချက် ထပ်မံဝေ့ယမ်းလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ အမှောင်ထုများဖြင့် ပြည့်နှက်နေသော ဓားချက်မှာ လခြမ်းကွေးပုံစံဖြင့် ပြန့်ကားထွက်သွားပြီး ကျန်ရှိနေသော အကြီးအကဲ ၂၆ ဦးအနက် ၂၅ ဦးကို မျက်စိတစ်မှိတ်အတွင်း အမှုန့်ဖြစ်အောင် သုတ်သင်ပစ်လိုက်သည်။

​တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူမှာ လုံမျိုးနွယ်စု နေအိမ်တံခါးဝတွင် ရပ်နေသည့် ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်းမှ အကြီးအကဲ ဖြစ်သည်။ သူသည် ကြောက်လွန်းသဖြင့် ခြေထောက်များပင် မလှုပ်နိုင်တော့ပေ။ လုံချန်းက သူ့ကို ကြည့်ကာ ဓားဖြင့် ခုတ်ချလိုက်ပြန်သည်။ အမှောင်မီးတောက်များ လောင်ကျွမ်းနေသော ဓားချက်သည် ထိုအကြီးအကဲကိုသာမက လုံမျိုးနွယ်စု၏ နေအိမ်ကြီးတစ်အိမ်လုံးကိုပါ မြေလှန်ဖျက်ဆီးပစ်လိုက်လေတော့သည်။

​နေအိမ်ထဲတွင် ကျန်ရှိနေသော အစေခံများနှင့် လူများအားလုံးမှာလည်း ထိုပြင်းထန်လှသော တိုက်ခိုက်မှုအောက်တွင် အသက်ပျောက်ကုန်ကြသည်။

​လုံချန်းသည် ကောင်းကင်သို့ ပျံတက်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူသည် လုံးဝ စိတ်လွတ်သွားခဲ့ပြီဖြစ်သည်။ သူသည် မြို့ထဲတွင် တွေ့သမျှ အရာအားလုံးကို ရမ်းသန်း တိုက်ခိုက်နေတော့သည်။

​လုံချန်း၏ မိသားစုမှာ မြို့ပြင်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဤဘေးမှ လွတ်ကင်းသွားခဲ့သည်။ လုံချန်းသည် သူ၏ အမှောင်နိယာမ ဒုတိယစွမ်းရည်ကို သုံးလိုက်လျှင် စိတ်လွတ်သွားမည်ကို ကြိုတင်သိထားသဖြင့် မိသားစုအား အဝေးသို့ အတင်းပို့ခဲ့ခြင်း ဖြစ်သည်။

​ရွှင်းသည် လုံချန်း၏အနားတွင် လွင့်မျောနေရင်း သူ့ကို ကြည့်ကာ "ထုတ်လွှတ်လိုက်စမ်းပါ... နင့်ရဲ့ ဒေါသတွေကို အကုန်ထုတ်လိုက်စမ်းပါ" သူမက တိုးတိုးလေး ရေရွတ်နေတော့သည်။

All Chapters