အခန်း (၄၆၁-၄၆၂)
Vol. 47 Ch. 461-462
အခန်း (၄၆၁) သတ်ဖြတ်ခြင်း
လုံချန်းသည် မြို့တော်၏ နေရာအနှံ့အပြားကို ဆက်တိုက် တိုက်ခိုက်နေသည်။ သူ၏ တိုက်ခိုက်မှုတိုင်းသည် လူပေါင်းထောင်ချီကို သေဆုံးစေပြီး မြို့၏ အစိတ်အပိုင်း အတော်များများကို ပျက်စီးစေသည်။
ယခုအခါ တတိယမင်းသား ယွဲ့တင်ပင်လျှင် အသတ်ခံလိုက်ရပြီ ဖြစ်သည်။
လုံချန်းသည် သားရဲတစ်ကောင်ကဲ့သို့ မြို့ထဲတွင် ပျံသန်းနေပြီး သူမြင်သမျှ အရာအားလုံးကို ဖျက်ဆီးနေသည်။ တော်ဝင်နန်းတော်ကြီးပင်လျှင် ချွင်းချက်မရှိခဲ့ပေ။
လုံချန်းသည် တော်ဝင်နန်းတော်ကို ဖျက်ဆီးပစ်ခဲ့သည်။ ရွှေနိုင်ငံ၏ ဘုရင်ပင်လျှင် အသတ်ခံလိုက်ရသည်။ ထိုဘုရင်သည် သာမန်အချိန်က လုံချန်းနှင့် ယှဉ်လျှင်ပင် အလွန်အားနည်းလှရာ၊ စစ်ပလွေနှင့် အမှောင် ယဇ်ပဏ္ဏာတို့ကို သုံးထားသော လုံချန်းနှင့်ဆိုလျှင် ပြောနေရန်ပင် မလိုတော့ပေ။
လုံချန်းသည် သူ၏ ဖျက်ဆီးခြင်း အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ ၄ မိနစ် မပြည့်မီမှာပင် မြို့၏ ၈၀ ရာခိုင်နှုန်းမှာ ပျက်စီးသွားပြီး လူပေါင်းသန်းချီ သေဆုံးခဲ့ရသည်။ အစပိုင်းတွင် အော်ဟစ်သံများကို ကြားရသော်လည်း အခုတော့ သွေးများနှင့် အလောင်းများသာ မြင်တွေ့ရတော့သည်။ တော်ဝင်မျိုးနွယ်စုနှင့် ကုမျိုးနွယ်စုတို့မှာလည်း အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီ ဖြစ်သည်။
မပျက်စီးဘဲ ကျန်ရှိနေသေးသော တစ်ခုတည်းသော နေရာမှာ ချင်မျိုးနွယ်စု အုပ်ချုပ်သော နေရာဖြစ်ပြီး လုံချန်းသည် ထိုနေရာသို့ ဦးတည်နေပြီ ဖြစ်သည်။
လုံချန်းသည် သူဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ အိမ်ကြီးအိမ်ကောင်း ဖြစ်စေ တဲငယ်လေးဖြစ်စေ ဘာကိုမျှ မစဉ်းစားဘဲ အကုန်ဖျက်ဆီးပစ်သည်။ မကြာမီ သူသည် ချင်မျိုးနွယ်စုထံသို့ ရောက်ရှိသွားသည်။
ချင်မျိုးနွယ်စုသည် လုံမျိုးနွယ်စုနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် မျိုးနွယ်စု ဖြစ်သည်။ ချင်ရို့သည်လည်း ထိုမျိုးနွယ်စုမှ ဖြစ်သည်။
ချင်မျိုးနွယ်စု၏ အကြီးအကဲဖြစ်သူမှာ သူ၏သားနှင့်အတူ အပြင်တွင် ရပ်နေသည်။ သူ၏ မြေးမလေးမှာ မြို့ထဲတွင် မရှိပေ။ သူမသည် တော်ဝင်မင်းသမီး ယွဲ့ဖေးနှင့်အတူ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်းတွင် တပည့်ဖြစ်နေသဖြင့် သူတို့နှစ်ဦးလုံး မြို့ထဲတွင် မရှိကြခြင်း ဖြစ်သည်။
"ကြီးမားတဲ့ ပျက်စီးခြင်းပါလား။ နတ်ဘုရားတွေက ရွှေနိုင်ငံကို ဖျက်ဆီးချင်နေသလိုပဲ" အဘိုးအိုသည် လုံချန်း သူတို့ထံသို့ လာနေသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ အရာအားလုံးကို ဖျက်ဆီးနေသူမှာ သူတို့ထံ လာနေသည်ကို မြင်ရသော်လည်း ထိုသူ၏ မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။
သူသည် တခြားသူများကို ထွက်ပြေးဖို့ ကူညီချင်သော်လည်း လက်ရှိ အခြေအနေအရ ဘာမှ လုပ်နိုင်စွမ်း မရှိတော့သည်ကို သိနေသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် လုံချန်းသည် သူတို့ရှေ့တွင် ပျံသန်းနေပြီ ဖြစ်သည်။ လုံချန်း၏ အနက်ရောင် တောင်ပံများသည် ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ ပတ်ဝန်းကျင်တွင် ဟင်းလင်းပြင် အက်ကြောင်းများ ဖြစ်ပေါ်နေသည်။
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါ လုံမျိုးနွယ်စု အကြီးအကဲရဲ့ မြေးပဲ မဟုတ်လား။ သူကပဲ ဒါတွေအားလုံးကို လုပ်နေတာလား" ချင်မျိုးနွယ်စု အကြီးအကဲမှာ မယုံကြည်နိုင်သော မျက်နှာထားဖြင့် ဆိုလိုက်သော်လည်း အမှောင်လှိုင်းတစ်ခုသည် ဘယ်ကမှန်းမသိ ရောက်ရှိလာကာ သူ၏ ခန္ဓာကိုယ်ကို အမှုန့်ဖြစ်အောင် ဖျက်ဆီးပစ်လိုက်လေတော့သည်။
နောက်စက္ကန့်အနည်းငယ်တွင် ပတ်ဝန်းကျင်၌ အော်ဟစ်သံများသာ ပဲ့တင်ထပ်နေတော့သည်။ ချင်မျိုးနွယ်စုတစ်ခုလုံးမှာ စက္ကန့် ၃၀ မပြည့်မီ ပျက်စီးသွားခဲ့သည်။ ဘယ်သူမှ အသက်ရှင်ကျန်မနေခဲ့ပေ။
လုံချန်းသည် တိုက်ခိုက်သည့် အကြိမ်တိုင်းတွင် ရူးသွပ်သူတစ်ယောက်ကဲ့သို့ ဟိန်းဟောက်နေသည်။ သူ၏ အနက်ရောင် မျက်ဝန်းများထဲမှ နီမြန်းသော အရည်များ စီးကျလာပြီး သူ၏ မျက်နှာတွင် အနီရောင် အမှတ်အသားများ ဖြစ်ပေါ်နေရာ သူ့ကို ကြည့်ရသည်မှာ နတ်ဆိုးတစ်ကောင်နှင့် ပိုတူနေစေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် မြို့တစ်မြို့လုံး ပျက်စီးသွားခဲ့သည်။ လွန်ခဲ့သော နာရီအနည်းငယ်က လူများဖြင့် ပြည့်နှက်နေသော နဂါးမြို့တော်မှာ ယခုအခါ အဆောက်အအုံတစ်လုံးမှ မကျန်တော့သော မြေလွတ်ပြင်ကြီး ဖြစ်သွားခဲ့သည်။ နေရာအနှံ့တွင် အုတ်ကျိုးအုတ်ပဲ့များနှင့် သွေးများသာ ရှိတော့သည်။
လုံချန်းသည် နေရာအနှံ့ကို ကြည့်လိုက်သော်လည်း သက်ရှိအရိပ်အယောင်ကို မတွေ့ရတော့ပေ။ ထို့ကြောင့် သူသည် သူ၏ သွေးဆာမှုကို ဖြေဖျောက်ရန် အခြားသက်ရှိများကို ရှာဖွေဖို့ မြို့ပြင်သို့ ပျံသန်းသွားလေတော့သည်။
သူ ခဏမျှသာ ပျံသန်းရသေးသော်လည်း ရုတ်တရက် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်၍ မရတော့ပေ။ သူ၏ ခန္ဓာကိုယ်မှာ လေဖြတ်သွားသကဲ့သို့ ဖြစ်သွားသည်။ စစ်ပလွေ၏ ဘေးထွက်ဆိုးကျိုးများ စတင်လာခြင်း ဖြစ်သည်။ လုံချန်းသည် လက်ချောင်းလေးတစ်ချောင်းကိုပင် မလှုပ်နိုင်တော့ဘဲ ပျံသန်းခြင်းကိုလည်း ရပ်တန့်သွားသည်။
"ငါ ထင်ထားတဲ့အတိုင်းပဲ၊ သူ အမှောင် နိယာမကို နားလည်မှုက အားနည်းနေသေးတယ်။ အမှောင်ယဇ်ပဏ္ဏာရဲ့ အစွမ်းအကုန်ကို သူ မသုံးနိုင်သေးဘူး။ မဟုတ်ရင် စစ်ပလွေရဲ့ ဘေးထွက်ဆိုးကျိုးတွေတောင် သူ့ကို တားနိုင်မှာ မဟုတ်ဘူး" ရွှင်းက အရာအားလုံးကို ကြည့်ရင်း ရေရွတ်လိုက်သည်။
လုံချန်းသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့သည်။ သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်တော့မည့်အချိန်တွင် မုဆိုးကြယ် ရောက်ရှိလာသည်။ မုဆိုးကြယ်သည် အခွင့်အရေးကို စောင့်နေခဲ့ခြင်း ဖြစ်ပြီး လုံချန်း ပြုတ်ကျလာသည်နှင့် အပေါ်သို့ ခုန်တက်ကာ လုံချန်းကို ကျောပေါ်တွင် တင်ဆောင်ပြီး မြေပြင်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။
"သူ့ကို အမှောင်ယဇ်ပဏ္ဏာ သုံးခိုင်းခဲ့တုန်းက ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ အရာအားလုံး ဖြစ်လာခဲ့တယ်။ သူ အသက်ရှင်ကျန်ရစ်တယ်၊ ရန်သူတွေကို သတ်နိုင်ခဲ့တယ်၊ ပြီးတော့ သူ့ရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါ တိုးတက်ဖို့အတွက် လူတွေအများကြီးကို သတ်နိုင်ခဲ့တယ်။ ကံကောင်းတာက သူ အဲဒီစွမ်းရည်ကို နားလည်သွားတာပဲ။ ဒီစွမ်းရည်က အလိုအလျောက် ဖြစ်နေတာမို့ သူ ဘာမှ လုပ်နေဖို့ မလိုဘူး။ ဒီနေ့ သူသတ်ခဲ့တဲ့သူတိုင်းက သူ့ရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါအတွက် အကျိုးရှိစေခဲ့တယ်" ရွှင်းက ဆိုသည်။
"ဒီလိုဖြစ်ရပ်တွေကြောင့် သူ တစ်ခုခု ဆုံးရှုံးသွားခဲ့ရပေမဲ့ ဒါက သူ့အတွက် ကောင်းဖို့ပါပဲ။ သူ့အသက်ကို ကယ်တင်ဖို့အတွက် ရရှိလာတဲ့ အပိုဆုလာဘ်တစ်ခုပေါ့" သူမက ထပ်ပြောသည်။
လုံချန်းသည် ယခုတစ်ကြိမ်တွင် သတိလစ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများကို ပိတ်ထားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အမည်းရောင် အမှတ်အသားများမှာလည်း မရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားသည်။ သူ၏ မျက်ဝန်းအရောင်မှာလည်း မူလ ရွှေရောင်သို့ ပြန်လည် ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကျန်ရှိနေသော တစ်ခုတည်းသော အမှတ်အသားမှာ မျက်ရည်ကဲ့သို့ စီးကျနေသော သွေးကွက်များသာ ဖြစ်သည်။
မုဆိုးကြယ်သည် လုံချန်းကို ကျောပေါ်တွင် တင်ဆောင်ကာ နောက်ထပ် မြို့တစ်မြို့သို့ မသွားဘဲ ဆန့်ကျင်ဘက်အရပ်သို့ လျှောက်လှမ်းသွားသည်။ သူသည် လုံချန်းကို အန္တရာယ်မှ ကာကွယ်ရန် လူသူဝေးရာသို့ ခေါ်ဆောင်သွားချင်နေသည်။
တစ်ဖက်တွင်တော့ မြွေဘုရင်ပေါ်ရှိ လူများကြားတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။ လုံချန်းနှင့် နီးစပ်သူ အားလုံးမှာ ရှားကို ပြန်လှည့်ခိုင်းရန် ငြင်းခုံနေကြသော်လည်း ရှားကတော့ လုံးဝ မလှုပ်မယှက် ရှိနေသည်။ မြွေဘုရင်ပြီးလျှင် ရှားက အင်အားအကြီးဆုံးဖြစ်ရာ ဘယ်သူမှ သူမကို အတင်းအကျပ် မလုပ်နိုင်ကြပေ။
"ငါတို့ကို အခုချက်ချင်း ပြန်ခေါ်သွားစမ်း။ ငါ့မြေး အန္တရာယ်ဖြစ်နေပြီ" လုံရန်က ရှားကို ဒေါသတကြီး ကြည့်ကာ အော်ဟစ်လိုက်သည်။ သို့သော် လုံမျိုးနွယ်စုဝင် အချို့ကမူ ထိုအန္တရာယ်ရှိသော နေရာသို့ ပြန်မသွားချင်ကြပေ။
"သခင့်ရဲ့ အမိန့်ကို မနာခံလို့ မရဘူး" ရှားက ပြတ်သားစွာ ပြောလိုက်သည်။
"ငါက မင်းသခင်ရဲ့ အဖိုးပဲ။ ငါ့စကားက ပိုအရေးကြီးရမယ်" လုံရန်က ဆိုသည်။
"ရှား အတွက်တော့ သခင့်ရဲ့ အမိန့်ထက် ဘာမှ ပိုမကြီးမြတ်ဘူး" ရှားက ပြန်ဖြေသည်။
"လက်လျှော့လိုက်ပါ အဖိုးကြီးရာ။ အဲဒီကောင်မလေးက ဒီဘုရင်ကြီးထက်တောင် ခေါင်းမာသေးတယ်။ ငါတို့နှစ်ယောက်လုံးက အမိန့်ရဲ့ ချည်နှောင်မှုကို ခံထားရတာ" မြွေဘုရင်ကလည်း ဝင်ပြောလိုက်သည်။
"မင်း စကားပြောတတ်တာလား" အားလုံးက အံ့အားသင့်သွားကြသည်။
"စကားပြောတာထက်တောင် ပိုလုပ်နိုင်သေးတယ်။ ငါ့ကို အစမဖော်မိအောင် ဘုရားတလိုက်ကြ" မြွေဘုရင်က ခနဲ့လိုက်သည်။
မင်ယုက မြွေဘုရင်ကို တောင်းပန်သော်လည်း မြွေဘုရင်က "ငါလည်း ပြန်ချင်တာပေါ့ မိန်းကလေးရာ။ ဒါပေမဲ့ ဟိုကောင်စုတ်က ငါ့ကို အမိန့်နဲ့ ချည်ထားတာ။ တခြားနိုင်ငံတစ်နိုင်ငံကို ရောက်မှပဲ အဲဒီအမိန့်က လွတ်မှာ" သူက ဆိုသည်။
မြွေဘုရင်သည် နောက်ထပ် နိုင်ငံတစ်နိုင်ငံသို့ ရောက်သောအခါမှ အားလုံးကို ချထားပေးခဲ့သည်။
"အခု ပြန်သွားလို့ ရပြီမလား" မင်ယုက ရှားကို မေးရာ ရှားက "သခင်ကြီးရဲ့ အမိန့်ကို ဆောင်ရွက်ပြီးပါပြီ" သူမ ဆိုကာ သဘောတူလိုက်သည်။
စီမာကျီယီနှင့် လုံရန်တို့က မြွေဘုရင်ကို ပြန်ခေါ်သွားရန် တောင်းပန်ကြသည်။ သို့သော် လုံမျိုးနွယ်စုဝင်များကမူ ပြန်မသွားချင်ကြသဖြင့် လုံရန်က သူတို့ကို ထိုနေရာတွင်ပင် ထားရစ်ခဲ့ရန် ဆုံးဖြတ်လိုက်သည်။
ယုထျန်းဟောင်သည်လည်း သူ၏သမီးနှင့်အတူ ထိုနေရာတွင် ကျန်ရစ်ခဲ့သည်။ "တောင်းပန်ပါတယ် ဦးလေးရန်။ ဒါပေမဲ့ ကျွန်တော် အရာအားလုံးကို မစွန့်စားနိုင်ဘူး။ သူ သေနေလောက်ပါပြီ" သူက ဆိုသည်။
နောက်ဆုံးတွင် ရွှယ်၊ မေ၊ မင်ယု၊ ကျိချင်း၊ ကျိရှန်း၊ စီမာကျီယီ၊ လုံရန် နှင့် ရှားတို့သာ မြွေဘုရင်ပေါ်တွင် ကျန်ရစ်ခဲ့ပြီး သူတို့အားလုံးသည် နဂါးမြို့တော်ရှိရာသို့ ပြန်လည် ထွက်ခွာခဲ့ကြလေတော့သည်။
အခန်း (၄၆၂) သတ်ဖြတ်ခြင်း အရှိန်အဝါ
မုဆိုးကြယ်သည် လုံချန်းကို ကျောပေါ်တွင် တင်ဆောင်ကာ ပျက်စီးနေသော နဂါးမြို့တော်၏ အပျက်အစီးများကြားမှ ပြန်လည် လျှောက်လှမ်းလာခဲ့သည်။
သူသည် လုံချန်းကို သစ်ပင်များ ထူထပ်လှသော မြောက်ဘက်တောနက်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ မုဆိုးကြယ်သည် တောထဲတွင် ရပ်တန့်လိုက်ပြီး သစ်ပင်ရိပ်တစ်ပင်အောက်တွင် ထိုင်ချလိုက်သည်။ သူသည် လုံချန်းကို မြေပြင်ပေါ်သို့ ချမထားပေ။
"ဒါက သူ့အတွက်တော့ တန်ဖိုးကြီးပေးဆပ်လိုက်ရတာ ဖြစ်နိုင်ပေမဲ့၊ သူ တစ်ခုခုတော့ ပြန်ရလိုက်တာပဲ။ ငါ သိချင်တာက အဲဒီပေးဆပ်မှုက ရရှိလာတဲ့အရာနဲ့ ထိုက်တန်ရဲ့လား ဆိုတာပါပဲ"
ရွှင်းသည်လည်း မုဆိုးကြယ်နှင့် မနီးမဝေးတွင် ထိုင်ရင်း လုံချန်းကို ကြည့်နေသည်။ မုဆိုးကြယ်ကတော့ ရွှင်းကို မမြင်နိုင်ပေ။
"သူ့ရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါက တစ်ရက်တည်းနဲ့ ၂၀ ရာခိုင်နှုန်းအထိ ရောက်သွားခဲ့ပြီ။ ဒါက မလွယ်ကူတဲ့ ကိစ္စပဲ၊ ဒါပေမဲ့ လူပေါင်းများစွာရဲ့ အသက်တွေလည်း ဆုံးရှုံးခဲ့ရတယ်။ ကံကောင်းတာက သူ ဒါကို ကြိုတင်စဉ်းစားမိပြီး သူ့မိသားစုကို အဝေးကို ပို့ထားခဲ့တာပဲ။ မဟုတ်ရင် သူ ဒါကို သုံးဖြစ်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်"
"အမှောင် ယဇ်ပဏ္ဏာကို သုံးရတဲ့ ဆိုးကျိုးကလည်း တော်တော်လေး ပြင်းထန်ပါတယ်။ ကြီးမားတဲ့ ခွန်အားအတွက် သူရဲ့ ခံစားချက်တချို့ကို လဲလှယ်လိုက်ရတာက လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ဘူး။ ကံကောင်းတာက ဒါက သူ့အတွက် ပထမဆုံးအကြိမ်မို့လို့ ထိခိုက်မှုကတော့ မပြောပလောက်ပါဘူး၊ ဒါကြောင့် ရေရှည်မှာတော့ ဒါက အကျိုးရှိလိမ့်မယ်လို့ ငါ ပြောရမယ်။ ဒီအတွေ့အကြုံပြီးရင် သူ ပိုပြီးတော့လည်း သန်မာလာနိုင်တယ်" သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူမသည် အိပ်ပျော်နေပုံရသော လုံချန်း၏ မျက်နှာကို ကြည့်နေသည်။ ထို့နောက် ထရပ်ကာ သူ့အနားသို့ တိုးသွားသည်။ သူမသည် လုံချန်း၏ မျက်နှာသို့ လက်ကမ်းလိုက်ပြီး သူ၏ မျက်လုံးများမှ စီးကျလာသော အရည်များကြောင့် ကျန်ရစ်ခဲ့သည့် အနီရောင် အမှတ်အသားများကို သုတ်ပေးလိုက်သည်။
"ကောင်းကောင်း အိပ်စက်ပါဦး" သူမက ဆိုကာ လုံချန်း၏ နှုတ်ခမ်းကို အသာအယာ နမ်းလိုက်ပြီးနောက် နောက်သို့ ပြန်ဆုတ်သွားကာ သူ့အနားတွင် ထိုင်လိုက်လေတော့သည်။
မြွေဘုရင်သည် ရှားနှင့် အခြားသူများကို တင်ဆောင်ကာ နဂါးမြို့တော်သို့ ပြန်လည် ပျံသန်းလာခဲ့သည်။ မြွေဘုရင်သည် သူဖြတ်သန်းသွားသော မြို့အသီးသီးမှ မြို့သူမြို့သားများ၏ အာရုံစိုက်မှုကို များစွာ ရရှိခဲ့သည်။
အချိန်အတန်ကြာသော် သူသည် နဂါးမြို့တော်သို့ ရောက်ရှိသွားသည်။ သို့သော် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ မှင်တက်သွားရသည်။
"ဒါ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ" နေရာအနှံ့တွင် ပျက်စီးနေသော အပျက်အစီးများကို မြင်လိုက်ရသဖြင့် သူ အံ့သြတကြီး အော်ဟစ်လိုက်သည်။
မြွေဘုရင်ပေါ်ရှိ အခြားသူများမှာလည်း ထပ်တူပင် ထိတ်လန့်သွားကြသည်။ သူတို့သည် လုံမျိုးနွယ်စု တည်ရှိရာနေရာသို့ ရောက်သွားသော်လည်း ထိုနေရာတွင် ဘာမှ မရှိတော့ပေ။ မြေပြင်ပေါ်တွင် သွေးကွက်များကိုသာ တွေ့ရပြီး အသက်ရှင်ကျန်သူ အရိပ်အယောင် လုံးဝ မတွေ့ရပေ။
စီမာကျီယီသည် ဒူးထောက်ကျသွားပြီး မျက်ရည်များ စီးကျလာတော့သည်။
"မ... မငိုပါနဲ့။ သူ့မှာ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ သူ ထွက်ပြေးသွားတာ ဖြစ်မှာပါ" လုံရန်က စီမာကျီယီကို နှစ်သိမ့်လိုက်သော်လည်း သူကိုယ်တိုင်လည်း လုံချန်းအတွက် ထိတ်လန့်နေမိသည်။ သူ မယုံချင်သော်လည်း မြင်နေရသော အခြေအနေများအရ လုံချန်း သေဆုံးသွားနိုင်သည့် အခွင့်အလမ်းက များနေသည်။ သူ၏ အထင်အရ လုံချန်းကို သတ်ပြီးမှသာ အခြားသူများက မြို့ကို ဤကဲ့သို့ ဖျက်ဆီးခွင့် ရလိမ့်မည် မဟုတ်ပါလား။
ယခုတော့ ဤနေရာတွင် ဘာမှ မကျန်တော့ပေ။ မြွေဘုရင်သည် အခြားသူများ ဆင်းနိုင်ရန် မြေပြင်သို့ ဆင်းသက်လိုက်သည်။
"စိတ်အေးအေးထားစမ်းပါ အငိုသန်လေးတွေရယ်။ သူ မသေပါဘူး။ သူ သေသွားရင် ဒီဘုရင်ကြီး ခံစားမိမှာပေါ့။ ပြီးတော့ ဒီဘုရင်ကြီး သိသလောက်တော့ ဟိုကောင်တွေက ဒီမြို့ကို ဒီလောက်မြန်မြန် မဖျက်ဆီးနိုင်ပါဘူး။ ဒါ သူတို့ လက်ချက် မဟုတ်ဘူး" မြွေဘုရင်က အားလုံး၏ ငိုမဲ့မဲ့ မျက်နှာများကို ကြည့်ကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
မြွေဘုရင်သည် မျက်လုံးများကို ပိတ်လိုက်ပြီး သူတို့ကြားရှိ အဆက်အသွယ်မှတစ်ဆင့် လုံချန်း၏ တည်နေရာကို ရှာဖွေရန် ကြိုးစားလိုက်သည်။
"သခင် အသက်ရှင်နေပါသေးတယ်" ရှားကလည်း ဆိုသည်။
"နငိလည်း သူ့ကို ခံစားမိလို့လား" မြွေဘုရင်က မေးသည်။
"ရှား ခံစားမိတာက သခင်က အနားမှာပဲ ရှိနေတယ်။ သွားကြစို့" သူမက ပြောသည်။
"ဒီဘုရင်ကြီးကို ပြောနေစရာ မလိုပါဘူး။ ဒီဘုရင်ကြီးရဲ့ အသိဉာဏ်က မင်းတို့ စဉ်းစားထားတာထက် အများကြီး ပိုကျယ်ပြောပါတယ်။ သူ မြောက်ဘက်မှာ ရှိနေပုံရတယ်။ အဆက်အသွယ်ကတော့ အားနည်းနေတယ်၊ ဒါကြောင့်လည်း ရှာဖို့ ခဏ ကြာသွားတာ" မြွေဘုရင်က ဆိုသည်။
"သူ အနားမှာ ရှိနေတာလား" အားလုံးမှာ ထိုသတင်းကြောင့် ရုတ်တရက် စိတ်လှုပ်ရှားသွားကြသော်လည်း တစ်ဖက်တွင်လည်း စိုးရိမ်နေကြသည်။ မြို့၏ အခြေအနေက အလွန်ဆိုးရွားနေသဖြင့် လုံချန်း မည်သို့သော အခြေအနေတွင် ရှိနေမည်ကို သူတို့ မသိကြပေ။ သူတို့အားလုံး မြွေဘုရင်ပေါ်သို့ ပြန်တက်ကြပြီး မြောက်ဘက်သို့ ဦးတည် ပျံသန်းသွားကြသည်။
"မင်း ငါတို့ကို သယ်ဆောင်ပေးတာ တကယ် ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်" ကျိရှန်းက မြွေဘုရင်ကို ကျေးဇူးတင်စကား ဆိုသည်။
"ဒီနေ့ တစ်ရက်ပဲ ဒီဘုရင်ကြီးက ပို့ဆောင်ရေး လုပ်ပေးမှာနော်။ အခြေအနေသာ မစိုးရိမ်ရရင် မင်းတို့အားလုံး ခေါင်းကို မြေကြီးထဲ ထိုးစိုက်ခံထားရပြီးပြီ" မြွေဘုရင်က ရေရွတ်လိုက်သည်။
ရွှေနိုင်ငံနှင့် အလွန်ဝေးကွာသော နေရာတွင် ဝိညာဉ်နက်ဂိုဏ်း တည်ရှိသည်။
ဝိညာဉ်နက်ဂိုဏ်းသည် လန်ကျင်းနှင့် ပတ်သက်၍ အဖြစ်အပျက်များကို ရှာဖွေရန် အင်အားနှင့် အရင်းအမြစ်များစွာ အသုံးပြုခဲ့သည်။ မီယောင် မည်သို့ ထွက်ပြေးသွားသနည်း၊ မည်သူက ကူညီခဲ့သနည်း ဆိုသည်ကိုလည်း ရှာဖွေခဲ့ကြသော်လည်း သက်သေအထောက်အထား လုံးဝ ရှာမတွေ့ခဲ့ပေ။
စုံစမ်းစစ်ဆေးမှုက အရာမထင်သော်လည်း သူတို့ တစ်ခုတော့ ရှာတွေ့ခဲ့သည်။ သူတို့၏ တပည့်တစ်ဦးမှာ တာဝန်မှ ပြန်လာစဉ် အလိုရှိစာစောင် တစ်စောင်ကို ယူဆောင်လာခဲ့သည်။
၎င်းမှာ လုံချန်း၏ ပုံပါသော စာစောင်ဖြစ်သည်။ ထိုစာစောင်တွင် လုံချန်းသည် အဆင့်မြင့်ဂိုဏ်းကြီးများမှ ကျင့်ကြံသူ ဆယ်ဂဏန်းကို သတ်ဖြတ်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်ကောင် ဖြစ်ကြောင်းနှင့် လုံချန်း၏ သတင်းပေးနိုင်သူကို များစွာ ဆုချမည်ဖြစ်ကြောင်း ရေးသားထားသည်။
ထိုအလိုရှိစာစောင်တွင် လုံချန်းက မည်သည့်အချိန်တွင် သတ်ခဲ့သည်ကို မဖော်ပြထားသလို သေဆုံးသွားသူများမှာ အဆင့်မြင့်ဂိုဏ်းများမှ အကြီးအကဲများ ဖြစ်သည်ကိုလည်း မဖော်ပြထားပေ။ ထို့ကြောင့် ဂိုဏ်းချုပ်နှင့် အဓိက မဟာအကြီးအကဲတို့က လုံချန်း တာဝန်သွားစဉ်က ဖြစ်ပွားခဲ့သည်ဟု ယူဆလိုက်ကြသည်။ သူတို့တွင် အခြား သဲလွန်စ မရှိသဖြင့် အခြားဂိုဏ်းများသို့ စေတမန်စေလွှတ်ကာ အသေးစိတ် စုံစမ်းရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းသို့ သွားရောက် စုံစမ်းရန် သဘောတူခဲ့ကြသည်။
မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းသည်လည်း မအေးချမ်းပေ။
သူတို့သည် နတ်ကောင်းကင်ဘုံဂိုဏ်း တာဝန်မှ သူတို့လူများ ပြန်လာရန် စောင့်နေသော်လည်း မန်ရှန်းလီတစ်ဦးတည်းသာ ပြန်ရောက်လာခဲ့သည်။ မန်ရှန်းလီသည် သူ၏ ဂျူနီယာ တပည့်တစ်ဦးနှင့်အတူ ပြန်လာခဲ့ခြင်းဖြစ်ပြီး ကျန်သူများ မပါလာပေ။
မန်ရှန်းလီက ဂိုဏ်းချုပ်အား ဖြစ်ပျက်သမျှကို တင်ပြပြီး အကြီးအကဲထံ ကူညီရန် တောင်းဆိုခဲ့သည်။ ဂိုဏ်းချုပ်သည် ၎င်းကိစ္စကို ကိုင်တွယ်ရန် သူတို့၏ အဆင့်မြင့် အကြီးအကဲအား စေလွှတ်လိုက်သော်လည်း အဆင့်မြင့် အကြီးအကဲသည် ထိုနေရာသို့ ရောက်ခါနီးတွင် လုံချန်းမှ သူတို့အကြီးအကဲများကို သတ်ခဲ့သည့်အကြောင်း ဂိုဏ်းသို့ ပြန်သတင်းပို့ရန် သွားနေသော ယင်လုဂိုဏ်းမှ အကြီးအကဲတစ်ဦးနှင့် ဆုံခဲ့သည်။
သူသည် ထိုအကြီးအကဲကို ဖမ်းဆီးကာ စစ်မေးလိုက်ရာ လုံချန်းသည် နတ်ကောင်းကင်ဘုံဂိုဏ်း၏ ရှေ့မှောက်တွင် အကြီးအကဲအားလုံးကို သတ်ပစ်ခဲ့သည့်အကြောင်းနှင့် ဗုဒ္ဓကျောင်းတော်မှ မှန်ချပ်အကူအညီဖြင့် အခြားဂိုဏ်းများက လုံချန်းကို မည်သို့ရှာတွေ့ခဲ့သည်အား သိရှိသွားခဲ့သည်။ ထို့ပြင် တရားခံ၏ ပုံတူကိုလည်း မြင်တွေ့ခဲ့ရသည်။
အဆင့်မြင့် အကြီးအကဲသည် ထိုအကြီးအကဲကို သတ်ပစ်လိုက်ပြီးနောက် ဖြစ်ပျက်ခဲ့သည့် နေရာသို့ ဆက်သွားခဲ့သည်။ သူ ကြားခဲ့ရသလိုပင် ထိုနေရာ၌ သွေးကွက်များမှလွဲ၍ ဘာမှမရှိတော့ပေ။
"ဒီကောင်လေးက လူတိုင်းကို သတ်လိုက်တာ တကယ်ပဲလား။ သူက ဘယ်သူဖြစ်မလဲ" အဆင့်မြင့် အကြီးအကဲသည် လုံချန်း၏ ပုံကို ကြည့်ရင်း ရေရွတ်လိုက်သည်။
သူသည် ဂိုဏ်းချုပ်ကို သတင်းပို့ရန် ဂိုဏ်းသို့ ပြန်လာခဲ့သည်။ မန်ရှန်းလီသည် ဂိုဏ်းချုပ်မှ မေးမြန်းသောအခါ ထိုကောင်လေးကို မှတ်မိသွားသည်။ ထိုကောင်လေးမှာ ဝိညာဉ်နက်ဂိုဏ်းမှ လုံချန်းဖြစ်ကြောင်းနှင့် အကြီးအကဲ ၁၇ ဦးက သူ့ကို မည်သို့ ဝိုင်းတိုက်ခဲ့သည်အား ပြန်ပြောပြသည်။
"ဒီကောင်လေးက တော်တော် သန်မာပုံရတယ်။ သူက စစ်ပလွေကို သုံးပြီး အားလုံးကို သတ်လိုက်တာပဲ" ဂိုဏ်းချုပ်က ဆိုသည်။
"သူ ကျွန်တော်တို့ အကြီးအကဲကိုတော့ မသတ်လောက်ပါဘူး ဆရာ။ တခြားသူတွေကပဲ သတ်လိုက်တာ ဖြစ်မှာပါ။ လုံချန်းက သူ့ဘက်က ရပ်တည်ပေးခဲ့တဲ့သူကို ဒုက္ခမပေးပါဘူး" မန်ရှန်းလီက ဂိုဏ်းချုပ်ကို ပြောသည်။
"ငါလည်း အဲဒီလိုပဲ ယုံကြည်ပါတယ်။ သူ့ကို သတ်ချင်တဲ့ အကြီးအကဲ ၁၇ ယောက်ကလွဲလို့ တခြားသူကို သတ်ဖို့ အကြောင်းပြချက် မရှိပါဘူး။ ဒါပေမဲ့ အခြေအနေကတော့ တော်တော်လေး ဆိုးနေပြီ။ တကယ်လို့ ဟိုဂိုဏ်းတွေက ဒီကောင်လေးက ဝိညာဉ်နက်ဂိုဏ်းကမှန်း သိသွားရင် သူတို့ အစွမ်းကုန်သုံးပြီး ဝိညာဉ်နက်ဂိုဏ်းကို ရှာပြီး ကောင်လေးနဲ့အတူ ဖျက်ဆီးကြလိမ့်မယ်။ ကံဆိုးတာက ငါတို့တောင် ဝိညာဉ်နက်ဂိုဏ်း ဘယ်မှာရှိမှန်း မသိတော့ သူတို့ကို သတိပေးလို့ မရဘူးဖြစ်နေတယ်" ဂိုဏ်းချုပ်က သက်ပြင်းချရင်း ဆိုလိုက်လေတော့သည်။