စာရင်းထဲတောင် ထည့်တွက်မှာ မဟုတ်ဘူး
Vol. 9 Ch. 864
ထိုလေသင်္ဘောကြီးမှာ တဝီဝီမြည်ဟည်းလျက် မြစ်ဝကျွန်းပေါ်ဒေသကိုဖြတ်၍ လျင်မြန်စွာ ပျံသန်းနေသည်။
ထိုအသံများကြောင့် သားရဲများစွာမှာ လန့်ဖျန့်သွားကြပြီး အများစုမှာ လေပေါ်သို့ပျံတက်လာကာ အကဲခတ်လိုက်ကြသည်။ သို့သော် ပိုင်ရှောင်ချန်းနှင့် အခြားလူများထံမှ ထွက်ပေါ်နေသည့် ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များကို အာရုံခံမိလိုက်သောအခါ သူတို့သည် သူတို့၏အငွေ့အသက်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ပုန်းကွယ်သွားကြတော့သည်။
ထိုမြစ်ဝကျွန်းပေါ်ဒေသကို သိမ်းပိုက်ထားကြသည့် ဂိုဏ်းများကမူ ပိုင်ရှောင်ချန်းတို့အဖွဲ့ကို မဆိုထားနှင့် ထိုနေရာတစ်ဝိုက်ရှိ သားရဲများကိုပင် ရန်မရှာရဲကြပေ။
မြစ်ဝကျွမ်းပေါ်ဒေသရှိ ဂိုဏ်းသားများမှာ ကြောက်ရွံ့တုန်လှုပ်နေကြပြီး ထိုလေသင်္ဘောကြီး ဖြတ်ပျံသွားသောအခါ အနည်းငယ်မှာ အပြင်သို့ထွက်လာကြပြီး ဂါရဝပြုလိုက်ကြသည်။
ထိုသင်္ဘောကြီးကို မောင်းနှင်နေသူမှာ အံ့သြတုန်လှုပ်ဖွယ်ကောင်းသည့် စွမ်းအားနှင့် ရာထူးအာဏာကိုပိုင်ဆိုင်ထားပြီး သူ၏ ကျင့်ကြံခြင်းအခြေခံအငွေ့အသက်အများမှာ သူတို့ကို အလွန်အမင်း တုန်လှုပ်သွားစေနိုင်သည်ဖြစ်ကြောင်း သူတို့အားလုံး သိသည်။
အချိန်အနည်းငယ်ကြာပြီးနောက် ထိုလေသင်္ဘောကြီးမှာ အောက်ပိုင်းဒေသများဆီသို့ ရောက်ရှိသွားသည်။
ပိုင်ရှောင်ချန်းမှာ ထိုနေရာရှိ သစ်ပင်တိုင်း၊ ချုံပုတ်တိုင်းကို ရင်းနှီးနေသည့်အလား ခံစားနေရသည်။ သူ၏ဘဝခရီးလမ်းမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အနီးတွင်ရှိသော မြစ်ဝကျွန်းပေါ်ဒေသတွင် စတင်ခဲ့သည် မဟုတ်ပါလော။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ပိုင်နက်ထဲသို့ ရောက်သွားသောအခါ အရာရာတိုင်းမှာ ပို၍ ရင်းနှီးလာတော့သည်။ သူသည် ကောင်းကင်တံတားမြစ်ကို မြင်လိုက်ရပြီး သူ၏ ဖြတ်သန်းမှုကြောင့် နိုးလာသည့် တောင်တစ်လုံးခန့် အရွယ်အစားရှိသော ဘီလူးကြီးတစ်ကောင် လဲလျောင်းနေသည်ကိုလည်း မြင်လိုက်ရသည်။
ထိုဘီလူးကြီးမှာ မျက်လုံးများပွင့်လာပြီး အော်ဟစ်ရန်ပြင်လိုက်စဥ် ပိုင်ရှောင်ချန်း၏ အငွေ့အသက်ကို အာရုံခံမိလိုက်သောအခါ သူ၏ပါးစပ်ကို ပြန်ပိတ်လိုက်ပြီး တုန်တုန်ရီရီနှင့် ခေါင်းငုံ့သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ ထိုဘီလူးကြီးကို မှတ်မိပေသည်။ ၎င်းမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအကြာက လေ့ကျင့်ရေး တာဝန်တစ်ခုကြောင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ သူ ထွက်ခဲ့သည့်အချိန်တွင် တွေ့ခဲ့ရသည့် ဘီလူးကြီးဖြစ်သည်။ ထိုစဥ်က သူသည် အနှီဘီလူးကြီးကို အလွန်သတိထားခဲ့ရပါသော်လည်း ယခုတွင်မူ ၎င်း၏တိုက်ပွဲစွမ်းရည်မှာ ယင်ယန်ဝိညာဥ်အဆင့် မဟာစက်ဝန်းတွင်သာရှိကြောင်း သိလိုက်ရသည်။
သို့သော် ၎င်း၏သွေးကြောထဲတွင် မြေရိုင်းဒေသမှ လူ့ဘီလူးများ၏ သွေးများစီးဆင်းနေပြီး ကောင်းကင်တံတားမြစ်၏ စွမ်းအင်များနှင့် ပူးပေါင်းသွားသောအခါ ၎င်းမှာ အလွန်အမင်း ကြီးထွားလာရခြင်းဖြစ်သည်။
" ဟားဟားဟား။ ငါက အများကြီး စွမ်းအားပိုကြီးလာပြီပဲ "
သူက သူ့ကိုယ်သူ ကျေနပ်အားရနေတော့သည်။ ယခင်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဖြစ်ခဲ့ဖူးသော နေရာအားဖြတ်သွားသောအခါ စုန့်ချွဲနှင့် နတ်ဆရာတို့မှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြတော့သည်။ သူတို့သည် အဏ္ဏဝါခေါ်သံဂိုဏ်းသို့ ပြန်ရောက်တော့မည်ဆိုသော မျှော်လင့်ချက်ကြောင့် ရင်တဒိန်းဒိန်းခုန်နေတော့သည်။
မကြာမီ ပိုင်ရှောင်ချန်းသည် လောချိန်တောင်တန်းများကို လှမ်းမြင်လိုက်ရတော့သည်။
သူ၏စိတ်နှလုံးထဲတွင် ခံစားချက်များ နိုးထလာသော်လည်း သူက လမ်းကိုသာ အာရုံစိုက်လိုက်သဖြင့် ၎င်းတို့မှာ အလျင်အမြန် ပျောက်ကွယ်သွားသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ယခင်က ဧရာမနေရာကြီးတစ်ခုကဲ့သို့ ဖြစ်ခဲ့ပါသော်လည်း သူ၏လက်ရှိ ကျင့်ကြံခြင်းအခြေခံနှင့် ယှဥ်ကြည့်ပါက လုံးဝ မကြီးမားတော့ပေ။
နှစ်နာရီအတွင်း သူသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်ဆီသို့ ရောက်သွားခဲ့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ မျက်မှောင်ကြုတ်သွားတော့သည်။ တစ်ခုခု ထူးဆန်းနေသည် မဟုတ်လော။
စုန့်ချွဲမှာလည်း ထိုအချက်ကို သတိထားမိလိုက်သည်။ သူက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။
" ဘာတွေဖြစ်နေတာလဲ။ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ကျင့်ကြံသူတွေရှိတယ်လေ။ ဘာလို့ ဒီအောက်ပိုင်းဒေသမှာ ဘယ်သူမှမရှိရတာလဲ။ ငါလူတစ်ယောက်တစ်လေတောင် မမြင်သေးဘူး "
နတ်ဆရာမှာလည်း မျက်လုံးပြူးသွားသည်။ သို့သော်လည်း သူ၏ကြေးနီဒင်္ဂါးပြားမရှိသဖြင့် သူ၏နိမိတ်ဖတ်ခြင်းများမှာ သိပ်မထိရောက်ပဲ မည်သည့်သတင်းအချက်အလက်မှ မသိလိုက်ရပေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဌာနချုပ်ဟောင်းဖြစ်သောနေရာသို့ ရောက်သွားသောအခါ သံသယများမှာ ပို၍ကြီးထွားလာတော့သည်။
မြစ်ကမ်းနှစ်ဖက်စလုံးရှိ တောင်များကို ပိုင်ရှောင်ချန်းလှမ်းမြင်လိုက်ရသောအခါတွင် ဂိုဏ်း၏ အကာအကွယ် မန္တန်အစီအရင် ပွင့်နေကြောင်း သိလိုက်ရသဖြင့် ပိုင်ရှောင်ချန်း အံ့အားသွားရသည်။
အစီအရင် အတွင်းထဲတွင် ကျင့်ကြံခြင်းအခြေခံ အဆင့်နိမ့်သဖြင့် အဏ္ဏဝါခေါ်သံဂိုဏ်းက ထားရစ်ခဲ့သည့် ကျင့်ကြံသူ အမြောက်အမြားရှိနေသည်။ သူတို့၏တာဝန်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို ကာကွယ်ရန်ဖြစ်သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းတို့မှာလည်း ထိုနည်းတူပင်။ နောက်တွင် ချန်ရစ်ခဲ့ရသည့် ဂိုဏ်းသားများမှာ အဏ္ဏဝါခေါ်သံဂိုဏ်းမှ အဖွဲ့လေးဖွဲ့၏ အခြေခံအုတ်မြစ်များကို ကာကွယ်ရန်ဖြစ်ပြီး ဂိုဏ်းသားအသစ်များကို မွေးထုတ်ပေးရန် ဖြစ်သည်။
သို့သော် ယခုတွင်မူ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ရန်သူကြီးတစ်ယောက်ရောက်လာမည်ကို စောင့်ဆိုင်းနေသကဲ့သို့ဖြစ်နေသည်။ ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် နှလုံးခုန်မြန်လာတော့သည်။ စုန့်ချွဲနှင့် နတ်ဆရာတို့မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှဖြစ်သော်လည်း သူတို့ဂိုဏ်းတွင်လည်း ဤကဲ့သို့အခြေအနေများ ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း သိလိုက်သည်။
လေသင်္ဘောကြီး အနီးသို့ရောက်လာသောအခါ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ သတိအပြည့်ရှိနေသည့် အကြည့်များဖြင့် မော့ကြည့်လိုက်ကြသည်။
လူအုပ်ကြီးထဲမှ အမြုတေအဆင့်ရှိ ကျင့်ကြံသူအနည်းငယ် ပျံထွက်လာပြီး မန္တန်အစီအရင်ကို အားဖြည့်ရန် ညွှန်ကြားချက်များ ပေးလိုက်ကြသည်။ ခေါင်းဆောင်နေရာတွင်ရှိနေသောသူမှာ အလယ်ပိုင်း အမြုတေအဆင့်တွင်ရှိနေသည့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။
သူသည် အင်အားချည့်နဲ့ကာ ဖျားနေသည့်ပုံပေါပြီး လေသင်္ဘောကြီးအား စိုးထိတ်စွာနှင့်အကဲခတ်နေသည်။
ထိုသင်္ဘောကြီးကို သူရင်းနှီးနေသည်ဟုခံစားနေရပြီး ၎င်းမှာ အဏ္ဏဝါခေါ်သံဂိုဏ်းမှဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ သို့သော် အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ယခုလက်ရှိတွင် လေသင်္ဘောများကို စေလွှတ်ပေးနိုင်သည့် အခြေအနေတွင်မရှိပေ။ ထို့ကြောင့် သူ၏သတိမှာ လျော့ကျမသွားပေ။
ထိုသက်လတ်ပိုင်းလူကို ပိုင်ရှောင်ချန်းက ချက်ချင်းပင် မှတ်မိလိုက်သည်။
" အစ်ကိုကြီးဟို "
ထိုလူမှာ ပိုင်ရှောင်ချန်း၏ အစ်ကိုကြီးနှင့် ဟိုရှောင်မေ့၏ အစ်ကိုအရင်းဖြစ်သော ဟိုယွင်ဖေးပင် ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ လုံးဝတွေဝေမနေပဲ လေသင်္ဘောပေါ်မှ ခုန်ချလိုက်သည်။
သူ၏စကားသံကို မန္တန်အစီအရင်ထဲရှိ ဂိုဏ်းသားများ ကြားလိုက်ရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ဟိုယွင်ဖေးမှာလည်း အလွန်အံ့သြသွားသည့်ပုံ ပေါ်သည်။ သူသည် ပိုင်ရှောင်ချန်းအား အချိန်အကြာကြီး စိုက်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းထဲရှိ မယုံကြည်နိုင်မှုများ ကြီးထွားလာတော့သည်။ ထို့နောက် သူက အော်ခေါ်လိုက်သည်။
" ပိုင်ရှောင်ချန်း "
အခြားအမြုတေအဆင့် ကျင့်ကြံသူများမှာ အံ့အားသင့်နေကြသည်ကို အထင်အရှားမြင်နိုင်သည်။ ပိုင်ရှောင်ချန်းဆိုသော အမည်ကို သူတို့ ရင်းနှီးနေသယောင်ယောင်ရှိနေသော်လည်း သူတို့သာမက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲရှိ အခြားဂိုဏ်းသားများကပါ မည်သည့်အချင်းအရာများ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်လောက်အောင် ဖြစ်နေကြသည်။
လူတိုင်းမှာ အူကြောင်ကြောင်နှင့် ကြည့်နေကြစဥ် ပိုင်ရှောင်ချန်းမှာ ရှေ့သို့တစ်လှမ်း လှမ်းလိုက်ပြီး တစ်ခဏမျှ မှုန်ဝါးသွားသည်။ ထို့နောက် မန္တန်အစီအရင်အတွင်းသို့ရောက်သွားပြီး ဟိုယွင်ဖေး၏ ရှေ့တည့်တည့်တွင် ပြန်ပေါ်လာသည်။
မန္တန်အစီအရင်မှာ သူ့အား အနည်းငယ်လေးမျှပင် အရှိန်နှေးသွားအောင် မလုပ်နိုင်ပေ။ ၎င်းမှာ မရှိနေသည့် အတိုင်းပင်။
ထိုအခါ အမြုတေအဆင့် ကျင့်ကြံသူများမှာ တိုက်ခိုက်ရန်ပြင်လိုက်ကြပြီး အခြားသော ဂိုဏ်းသားများမှာလည်း စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ စောစောက ပိုင်ရှောင်ချန်း၏ လုပ်ရပ်မှာ အလွန်တုန်လှုပ်ဖွယ်ကောင်းနေသည် မဟုတ်ပါလော။
" ရှောင်ချန်း။ တကယ်ပဲမင်းကိုး။ "
ဟိုယွင်ဖေးက အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။ သူသည် ပိုင်ရှောင်ချန်းကိုလှမ်းကြည့်လိုက်သောအခါတွင် သူ၏ ကျင့်ကြံခြင်းအခြေခံကို အတိအကျ မတွက်ဆနိုင်သဖြင့် စိတ်လှုပ်ရှားသွားရသည်။ သူအတိအကျ ပြောနိုင်သည့်အချက်မှာ ပိုင်ရှောင်ချန်း၏ အငွေ့အသက်များသည် သူယခင်က ဆုံတွေ့ခဲ့ဖူးသည့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီး၏ အငွေ့အသက်များထက် ပို၍ အံ့အားသင့်ဖွယ်ကောင်းနေသည်ဆိုသော အချက်ပင်။
ဤကဲ့သို့ မိတ်ဆွေရင်းတစ်ယောက်ကို နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်တွေ့လိုက်ရသဖြင့် ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားသွားတော့သည်။ ထို့နောက် သူက စကားပြောရန် ပြင်လိုက်စဥ်မှာပင် ဟိုယွင်ဖေးက ရုတ်တရက်မေးလိုက်သည်။
" ရှောင်ချန်းရေ။ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက ဘယ်လောက်လဲ "
" ဟင်။ အမ်... ယင်ယန်ဝိညာဥ်အဆင့် မဟာစက်ဝန်းလေ "
သူထိုသို့ဖြေလိုက်စဥ် နတ်ဆရာနှင့် စုန့်ချွဲတို့မှာလည်း လေသင်္ဘောပေါ်မှဆင်းလာပြီး လေပေါ်တွင်ရစ်ဝဲနေကြသည်။
ဟိုယွင်ဖေး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသွားသည့် အမူအရာတစ်ခုပေါ်လာပါသော်လည်း ၎င်း၏နေရာတွင် ခါးသီးသောအပြုံးတစ်ခုမှာ ချက်ချင်းပင် အစားထိုးဝင်ရောက်လာသည်။
" မင်းဒီကနေ ထွက်သွားမှရမယ် ရှောင်ချန်းရေ။ ဒီမှာမနေနဲ့။ အဏ္ဏဝါခေါ်သံဂိုဏ်းကိုလည်း မသွားနဲ့။ အတတ်နိုင်ဆုံး အရှေ့ကောင်းကင်တံတားမြစ်ရဲ့ အဝေးဆုံးမှာနေ "
ထိုအခါ ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားပြီး နှလုံးခုန်မြန်လာတော့သည်။
" ဘာဖြစ်လို့လဲ "
ဟိုယွင်ဖေးမှာ သူ၏ခေါင်းကိုခါးသက်စွာ ခါယမ်းလိုက်သည်။ ဤသတင်းကို ပိုင်ရှောင်ချန်းအား ထိမ်ချိန်ထား၍ ရမည်မဟုတ်ကြောင်း သူက သိသည်။ ထို့အပြင် ရှင်းကုံကျစ်တာအိုဂိုဏ်းထဲတွင်ရှိသည့် ပိုင်ရှောင်ချန်း၏ အဆင့်အတန်းကြောင့် ဟိုယွင်ဖေးမှာ မျှော်လင့်ချက်အနည်းငယ် ရှိလာပြန်သည်။ အနည်းငယ်မျှ တွေဝေသွားပြီးနောက် သူသည် အဏ္ဏဝါခေါ်သံဂိုဏ်း ကြုံတွေ့နေရသည့် အန္တရာယ်ကြီးအကြောင်းကို ရှင်းပြလိုက်သည်။
ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ပူးပေါင်း၍ အဏ္ဏဝါခေါ်သံဂိုဏ်းကို အမြစ်ဖြုတ်သုတ်သင်တော့မည်ဆိုသည့် အကြောင်းကို ပိုင်ရှောင်ချန်း ကြားလိုက်ရသောအခါ သူ၏မျက်ဝန်းများမှာ နီမြန်းသွားပြီး သူ၏သတ်ဖြတ်လိုစိတ်များ တောက်လောင်လာတော့သည်။ သူသည် တုန်တုန်ရီရီနှင့် မန္တန်အစီအရင် အပြင်သို့ပျံထွက်သွားပြီး လေသင်္ဘောဆီသို့ ပြန်သွားသည်။ ထို့နောက် စုန့်ချွဲနှင့် နတ်ဆရာတို့အား လျစ်လျူရှူလိုက်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံအစွမ်းကုန်ထုတ်ဖော်၍ လေသင်္ဘောကြီးအား အဏ္ဏဝါခေါ်သံဂိုဏ်းသို့ တဟုန်ထိုးမောင်းနှင်သွားတော့သည်။
" ရှောင်ချန်း... "
ဟိုယွင်ဖေးက လှမ်းအော်လိုက်သည်။ သို့သော် နောက်ကျသွားပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ မြန်ဆန်လွန်းလှ၍ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ စုန့်ချွဲနှင့် နန်ဆရာတို့မှာမူ ဟိုယွင်ဖေး၏ စကားကိုကြားလိုက်ရသောအခါ သူတို့၏မျက်နှာများပေါ်တွင် ဒေါသထွက်နေသည့် အမူအရာများပေါ်ထွက်လာပြီး သူတို့သည်လည်း အဏ္ဏဝါခေါ်သံဂိုဏ်းဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။
ထိုသို့ပျံသန်းသွားစဥ် နတ်ဆရာသည် ဟိုယွင်ဖေးဘက်သို့လှည့်လိုက်ပြီး သူနှင့် ပိုင်ရှောင်ချန်းတို့အကြားရှိ ရင်းနှီးသောဆက်ဆံရေးကို သတိထားမိလိုက်သဖြင့် အော်ပြောလိုက်သည်။
" အစ်ကိုကြီးဟိုရေ။ ဘာမှမပူနဲ့။ ပိုင်ရှောင်ချန်းက အဲဒီဂိုဏ်းသုံးဂိုဏ်းကို စာရင်းထဲတောင် ထည့်တွက်မှာ မဟုတ်ဘူး "