အခန်း (၆၉၄-၆၉၆)
Vol. 47 Ch. 694-696
အခန်း (၆၉၄) - အရေးကြီးကိစ္စ သုံးရပ် (အပိုင်း ၄)
~အခြားဂိုဏ်းသားများသည်လည်း နျူတင်းထျန်၏ စကားကို ထောက်ခံသည့်အနေဖြင့် တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြ၏။
နယ်မြေအရှင်သခင်ကိုယ်တိုင် နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ပေးခဲ့ခြင်းကြောင့်၊ နောက်မှလိုက်ပါမည့် သူတို့အတွက် ထွေထွေထူးထူး ပြင်ဆင်စရာ မလိုတော့ပေ။ စီစဉ်စရာရှိသည်များကို ခေါင်းဆောင်ကြီးက အကုန်စီစဉ်ပြီးသား ဖြစ်နေသည် မဟုတ်ပါလော။
နင်ချီက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး...
“ကောင်းပြီ... ကျွန်တော် 'နက်ရှိုင်းသော သစ္စာတရား မဟာမိတ်' ဌာနချုပ်မှာ နောက်ထပ် နေရာရွှေ့ပြောင်း အခင်းအကျင်းတစ်ခုကို တည်ဆောက်ပေးမယ်။ ခင်ဗျားတို့ကိုလည်း အသုံးပြုခွင့်ပေးမယ်။ ကျွန်တော့်ရဲ့ တံဆိပ်ပြားရှိသရွေ့ ခင်ဗျားတို့ ဂိုဏ်းသားအားလုံး ဒီကနေတစ်ဆင့် ဖြတ်သန်းသွားလာနိုင်လိမ့်မယ်။”
လူတိုင်း ခေတ္တမျှ မှင်သက်သွားကြ၏။
ယခင်က မဟာမိတ်ခေါင်းဆောင်ကြီးသည် ဂိုဏ်းတိုင်းမှာ နေရာရွှေ့ပြောင်း အခင်းအကျင်းတွေ တည်ဆောက်ပေးခဲ့သော်လည်း၊ ထိုအရာများက အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့်သာ တိုက်ရိုက်ချိတ်ဆက်ထားပြီး လူငါးယောက်သာ ခေါ်ဆောင်ခွင့် ရှိခဲ့သည်လေ။
သို့သော် ယခုတွင်မူ မဟာမိတ်ခေါင်းဆောင်ကြီးက သူတို့ကို အမြင့်ဆုံး အခွင့်အရေးကို ပေးအပ်လိုက်ပြီဖြစ်ရာ လူတိုင်း ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားကြတော့၏။
နင်ချီသည် လက်ကို ဆန့်ထုတ်လိုက်ပြီး "ဝိညာဉ်နယ်မြေ စွမ်းအား" ကို တိုက်ရိုက်အသုံးပြုကာ မဟာမိတ်ဌာနချုပ် အပြင်ဘက်ရှိ ကျယ်ဝန်းသော မြေနေရာတစ်ခုကို ရွေးချယ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေးဟောင်း ရောမ အားကစားကွင်းကြီးတစ်ခုနှင့် ဆင်တူသော ခမ်းနားထည်ဝါသည့် အဆောက်အအုံကြီးတစ်ခု မြေကြီးထဲမှ ထိုးထွက်လာ၏။ ယင်းတွင် တိုက်ပွဲကွင်းပြင်နှင့် ပတ်ပတ်လည်၌ မြင့်တက်သွားသော ကြည့်ရှုသူ နေရာများ ပါဝင်ပြီး၊ လူပေါင်း သန်းနှင့်ချီ၍ ဆံ့ပေသည်။
ဝိညာဉ်စွမ်းအင်များနှင့် စည်းမျဉ်းစွမ်းအားများ ထိုအဆောက်အအုံအတွင်းသို့ စိမ့်ဝင်သွားပြီးနောက်၊ မျက်စိတစ်မှိတ်အတွင်းမှာပင် အဆောက်အအုံကြီးမှာ ကျောက်သားတိုင်များကဲ့သို့ မာကျောခိုင်ခံ့သွားတော့၏။
ထို့နောက် နင်ချီသည် သူ၏ နုနယ်သော လက်ဖဝါးကို တစ်ဖက်သို့ လှန်လိုက်သည်။
မဟာမိတ်ဌာနချုပ်ဘက်သို့ မျက်နှာမူထားသော တံခါးမကြီးတစ်ခု ပွင့်သွားပြီး၊ ဌာနချုပ်နှင့် အဆောက်အအုံကြား လမ်းကြောင်းပေါ်တွင် နေရာရွှေ့ပြောင်း အခင်းအကျင်းတစ်ခုကို ရေးထိုးလိုက်လေသည်။
တောက်ပသော ခြောက်ထောင့်ကြယ်ပုံစံ အလင်းတန်းများ ထွက်ပေါ်လာသည့် နေရာရွှေ့ပြောင်း အခင်းအကျင်းကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်ထွက်သွားကြ၏။
ဘာကြောင့်များ မဟာမိတ်ခေါင်းဆောင်ကြီး၏ စွမ်းအားက အံ့ဩဘနန်း ထပ်မံ တိုးတက်လာရသနည်း။
နင်ချီသည် ထိုအဆောက်အအုံကြီးပေါ်တွင် ကြီးမားသော စာလုံးအချို့ကို ထွင်းထုလိုက်သည်။ ၎င်းမှာ "ဝူကျီ တိုက်ပွဲကွင်းပြင်" ဟူ၍ ဖြစ်၏။
“ကဲ... အခု ကိုယ့်ဂိုဏ်းကိုကိုယ် ပြန်ကြပြီး ခင်ဗျားတို့ရဲ့ လူတွေကို ကြိုတင်ခေါ်လာခဲ့ကြပါ။ ခြောက်လဆိုတဲ့ အချိန်က ရှည်တယ်လို့လည်း မဆိုနိုင်သလို တိုတယ်လို့လည်း မဆိုနိုင်ပါဘူး။ စစ်ပွဲမတိုင်ခင် ဂိုဏ်းတွေကြားမှာ နောက်ဆုံး လေ့ကျင့်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ကြရမယ်။”
“ဟုတ်ကဲ့ပါ...”
နင်ချီ စကားပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ တံဆိပ်ပြား အမြောက်အမြား ပျံထွက်သွားပြီး၊ ဂိုဏ်းအသီးသီးရှိ နေရာရွှေ့ပြောင်း အခင်းအကျင်းများကို ထိန်းချုပ်နေသူများထံသို့ ရောက်ရှိသွားသည်။
ထိုသူများမှာ သဘာဝကျကျပင် "အစစ်အမှန်သိုင်း ကမ္ဘာ" မှ ဝင်စားလာသူများသာ ဖြစ်ကြ၏။
ဂိုဏ်းတစ်ခုစီကို ဤမျှ ကြီးမားသော လုပ်ပိုင်ခွင့်များ ပေးအပ်ရာတွင်၊ နင်ချီအနေဖြင့် အရာရာကို ထိန်းချုပ်ထားနိုင်ရန် လိုအပ်သည်။ မိမိ၏ လူရင်းများလက်ထဲတွင်ရှိမှသာ သူ စိတ်အေးလက်အေး ရှိနိုင်မည် မဟုတ်ပါလော။
ထို့နောက် ဂိုဏ်းသားများသည် တန်းစီလျက် ခြောက်ထောင့်ကြယ် နေရာရွှေ့ပြောင်း အခင်းအကျင်းအတွင်းသို့ ဝင်ရောက်သွားကြပြီး၊ မဟာမိတ်ဌာနချုပ်မှ ဖျတ်လတ်စွာ ပျောက်ကွယ်သွားကြ၏။
သူတို့ အံ့ဩသွားရသည်မှာ... ယခုတစ်ကြိမ်တွင် နင်ချီ တည်ဆောက်လိုက်သော အခင်းအကျင်းသည် ယခင်ကထက် ပိုမို မြန်ဆန်ရုံသာမက၊ ပိုမို ခိုင်ခံ့ တည်ငြိမ်နေခြင်းပင် ဖြစ်သည်။
ယခင်က အခြားတစ်ဖက်သို့ ရောက်ရန် အသက်ရှူအကြိမ် ဒါဇင်နှင့်ချီ၍ ကြာမြင့်ခဲ့သော်လည်း၊ ယခုမူ မူလအချိန်၏ သုံးပုံတစ်ပုံခန့်နှင့်တင် မိမိတို့ဂိုဏ်းသို့ ပြန်ရောက်သွားကြ၏။
နင်ချီ၏ စွမ်းအားများ ထပ်မံ တိုးတက်လာခြင်းကြောင့်သာ ဖြစ်ရမည်ဟု လူတိုင်းက မှတ်ချက်ပြုကြတော့သည်။
မကြာမီပင် ဂိုဏ်းအသီးသီးမှ စစ်ပွဲတွင် ပါဝင်မည့်သူများသည် မဟာမိတ်ဌာနချုပ်သို့ ပြန်လည် ရောက်ရှိလာကြပြီး "ဝူကျီ တိုက်ပွဲကွင်းပြင်" အတွင်းသို့ ဝင်ရောက်လာကြ၏။
အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများသည်လည်း နင်ချီ၏ ညွှန်ကြားချက်အရ ဤနေရာသို့ ရောက်ရှိလာကြသည်။
သူတို့သည် လာမည့် ခြောက်လအတွင်း ဂိုဏ်းပေါင်းစုံ၏ နောက်ဆုံး လေ့ကျင့်မှုများကို ဦးဆောင်ပေးရမည် ဖြစ်၏။
ဂိုဏ်းတစ်ခုစီ၏ ကျင့်စဉ်များမှာ မတူညီကြပေ။ အချို့က သတင်းထောက်လှမ်းခြင်းတွင် ကျွမ်းကျင်ပြီး၊ အချို့က ပတ်ဝန်းကျင်ကို ပြောင်းလဲခြင်း၊ အချို့က တိုက်စစ်နှင့် အချို့က ခံစစ်တွင် ကျွမ်းကျင်ကြ၏။
နင်ချီသည် ပေါင်းစပ်စစ်ဆင်ရေး နည်းဗျူဟာအသစ်များကို ဖန်တီးကာ သူတို့ကို သင်ကြားပေးလိုက်ရာ၊ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ချက်ချင်းဆိုသလို ပိုမို စည်းလုံးသွားပြီး တစ်သားတည်း ဖြစ်တည်သွားတော့သည်။
သူသည် ဝိညာဉ်ကမ္ဘာ စစ်ပွဲကြီးကို စောင့်မျှော်နေခဲ့သည်မှာ ကြာပြီ ဖြစ်၏။
သူသည် တောင်နှင့် ပင်လယ် ကမ္ဘာကို ကူညီရန်အတွက်သာ အစွမ်းကုန် ကြိုးစားမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တောင်နှင့် ပင်လယ် ကမ္ဘာသည် အစစ်အမှန်သိုင်း ကမ္ဘာအတွက် အမြဲတမ်း အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်နေသောကြောင့် ဖြစ်၏။
စစ်မြေပြင်နယ်မြေသို့ ရောက်သည်နှင့် သူသည် အရေးကြီးသော ကိစ္စ သုံးရပ်ကို လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။
ပထမအချက်မှာ... ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများကို လိုက်လံ သတ်ဖြတ်ပြီး၊ တောင်နှင့် ပင်လယ် ကမ္ဘာဆီမှ ဆုလာဘ်များကို အရယူကာ မိမိကိုယ်ကိုယ် အမြန်ဆုံး သန်မာအောင် လုပ်ဆောင်ရန်။
ဒုတိယအချက်မှာ... ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများကို ဖမ်းဆီးပြီး၊ သူတို့ကမ္ဘာ၏ တည်နေရာ ညွှန်းကိန်းများကို ရယူရန်၊ ထို့နောက် အစစ်အမှန်သိုင်း ကမ္ဘာမှ ကျင့်ကြံသူများကို ထိုကမ္ဘာအတွင်းသို့ ဝင်စားစေရန်။
တတိယအချက်မှာ... ဝိညာဉ်ကမ္ဘာနှစ်ခုကြား တိုက်ပွဲကို ပိုမို ပြင်းထန်လာအောင် ဖန်တီးပြီး၊ မိမိအတွက် ကြားကနေ အကျိုးအမြတ် ရယူနိုင်မည့် အခွင့်အရေးကို ရှာဖွေရန်။
အကယ်၍ သူသာ စစ်မြေပြင်မှ နယ်မြေအစိတ်အပိုင်း တစ်ခုကို တိတ်တဆိတ် ဖြတ်တောက်ပြီး၊ အစစ်အမှန်သိုင်း ကမ္ဘာထဲသို့ ပို့ဆောင်နိုင်ခဲ့လျှင်... အစစ်အမှန်သိုင်း ကမ္ဘာ၏ "စည်းမျဉ်း မူလအစ" များသည် တဟုန်ထိုး တိုးတက်လာပြီး "ဝိညာဉ်ကမ္ဘာ" အဆင့်သို့ ဖျတ်လတ်စွာ တက်လှမ်းနိုင်ပေလိမ့်မည်။
နင်ချီသည် တောင်နှင့် ပင်လယ် ကမ္ဘာအတွင်းရှိ ဝင်စားသူ အားလုံးကို တိုက်ရိုက် ဆက်သွယ်ကာ တာဝန်များကို ခွဲဝေပေးလိုက်သည်။
စစ်ပွဲ စတင်သည်နှင့် သူတို့သည် မိမိတို့ ရောက်ရှိရာ စစ်မြေပြင် တည်နေရာနှင့် ကျယ်ပြန့်သော ကမ္ဘာ၏ တည်နေရာ ညွှန်းကိန်းများကို သူ့ထံသို့ ပေးပို့ရမည် ဖြစ်၏။
တစ်ကိုယ်တည်း လုပ်ဆောင်နေလျှင် အလွန် နှေးကွေးပေလိမ့်မည်။ အားလုံး ပူးပေါင်း လုပ်ဆောင်မှသာ အံ့ဖွယ် ဖြစ်ရပ်များကို ဖန်တီးနိုင်ပေလိမ့်မည်။
အခန်း (၆၉၅) - သဟဇာတဖြစ်ခြင်း အသိအမှတ်ပြုမှု
~တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပေါ်ထွက်လာခဲ့သည်မှာ တစ်လခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။
နင်ချီသည် ရံဖန်ရံခါ ပေါ်လာတတ်ပြီး၊ နက်ရှိုင်းသော သစ္စာတရား နယ်မြေအတွင်းရှိ ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင်ကြီးများနှင့် ဟင်းလင်းပြင် လမ်းစဉ် မဟာစွမ်းအားရှင်များကို တာအို ပို့ချလေ့ရှိသည်။
၎င်းကို ဆွေးနွေးပွဲဟု အမည်တပ်ထားသော်လည်း၊ အမှန်တကယ်တွင် နင်ချီကသာ အသိပညာများကို ဝေမျှသင်ကြားပေးနေခြင်း ဖြစ်သည်ကို လူတိုင်း သိကြ၏။
ဂိုဏ်းအသီးသီးသည် နင်ချီကို ပိုမို ရိုသေလေးစားလာကြ၏။ ဂိုဏ်းချုပ်များဖြစ်စေ၊ အကြီးအကဲများဖြစ်စေ နင်ချီက သူတို့ကို တပည့်အဖြစ် အသိအမှတ်မပြုသော်လည်း၊ သူတို့ဘက်ကမူ တပည့်တစ်ဦးကဲ့သို့ ရိုသေစွာ ဆက်ဆံကြလေသည်။
---
ဤနေ့ရက်တွင်...၊
နက်ရှိုင်းသော သစ္စာတရား မဟာမိတ် ဌာနချုပ်၏ အပြင်ဘက်၊ ဆိတ်ငြိမ်သော နေရာ တစ်ခု၌...
ဖူချန်၏ ပုံရိပ်သည် တိတ်ဆိတ်စွာ ပေါ်ထွက်လာ၏။ သူသည် မဟာမိတ် ဌာနချုပ်ကို အတန်ကြာအောင် အကဲခတ်နေပြီးနောက်၊ ယခင်က တစ်ခါမှ အသုံးမပြုခဲ့ဖူးသော ဆက်သွယ်ရေး ကျောက်စိမ်းလိပ်ကို ထုတ်ယူကာ တစ်စုံတစ်ယောက်ကို ဆက်သွယ်လိုက်သည်။
မကြာမီမှာပင် မဟာမိတ် ဌာနချုပ်အတွင်းမှ လူရိပ်တစ်ခု ပျံသန်းထွက်ပေါ်လာ၏။
နျူမန်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုသော်လည်း ဘာမှ ရှာမတွေ့ပေ။
“ညီအစ်ကိုနျူ... ငါ ဒီမှာပါ...”
အသံလွှဲပြောင်းခြင်း စနစ်ဖြင့် သူ့နားထဲသို့ အသံရောက်လာမှသာ နျူမန်သည် ပစ်မှတ်ကို ရှာတွေ့တော့သည်။
နျူမန်သည် ဖူချန်၏ ရှေ့သို့ ဆင်းသက်လိုက်ပြီး အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ညီအစ်ကိုဖူ... ဘာလို့ ငါ့ကို ရုတ်တရက်ကြီး ဆက်သွယ်ရတာလဲ...”
သူတို့နှစ်ဦးစလုံးသည် အတိတ်ကာလက အတော်ဆုံး ပါရမီရှင် ငါးဦးထဲတွင် ပါဝင်ခဲ့ကြသူများ ဖြစ်ရာ၊ အချင်းချင်း ဆက်သွယ်ရန် နည်းလမ်းများ ရှိထားကြ၏။
သို့သော် ဖူချန်သည် နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေမှ ထွက်ခွာသွားကတည်းက အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်၏။
“ငါ့မှာ ညီအစ်ကိုနျူကို အကူအညီတောင်းစရာ တစ်ခု ရှိလို့ပါ...”
ဖူချန်က ဖျော့တော့စွာ ပြုံးလျက် ပြောလိုက်သော်လည်း၊ နျူမန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကျင့်ကြံမှု အရှိန်အဝါကို သတိပြုမိလိုက်ချိန်တွင် သူ၏ အပြုံးမှာ ချက်ချင်း တောင့်ခဲသွားရသည်။
အဘယ်ကြောင့်ဆိုသော် ဤနွား ပညာရှင်ကြီးသည် သူ့ထက် တစ်ဆင့်မြင့်သော ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်း အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသောကြောင့်ပင်။
နျူမန်၏ ဧရာမ မျက်လုံးကြီးများသည် ဖူချန်ကို တစ်ပတ်ပတ်ကြည့်ပြီးနောက် ရုတ်တရက် ရယ်လိုက်သည်။
“ညီအစ်ကိုဖူ... နှစ်တွေ အများကြီး ကြာသွားတာတောင် မင်းရဲ့ ကျင့်ကြံမှုက ဘာလို့ ဒီလောက် နောက်ကျနေရတာလဲ...”
အမှန်တရားသည် စူးရှသော ဓားတစ်လက်ကဲ့သို့ မာနတရားများကို ထိုးဖောက် ဖျက်ဆီးပစ်နိုင်စမြဲပင်။
ဤစကားလုံးများသည် ဖူချန်၏ ရင်ဘတ်ကို ဓားဖြင့် ထိုးလိုက်သကဲ့သို့ ခံစားလိုက်ရ၏။ သူတစ်ပါးထက် သာလွန်သည်ဟု ယူဆထားသော သူ၏ မာနတရားများမှာ ချက်ချင်း မြေခသွားရသည်။
ဖူချန် မူလက ထင်ထားသည်မှာ သူသည် နင်ချီကိုသာ လိုက်မမီခြင်း ဖြစ်ပြီး၊ သူ့နောက်ကွယ်တွင် တသားတည်းဖြစ်ခြင်း နယ်ပယ် ဆရာသခင် တစ်ဦး၏ တိုက်ရိုက် သင်ကြားမှုကို ရရှိထားသဖြင့်၊ အခြား ခေတ်ပြိုင် ပါရမီရှင်များထက် ကျင့်ကြံမှု ပိုမို မြင့်မားလိမ့်မည်ဟု ယူဆထားခြင်းပါ။
သို့သော် လက်တွေ့တွင် သူ ထင်သလို ဖြစ်မလာခဲ့ပေ။
ဘာကြောင့် ပါလိမ့်...။
သူ့ဆရာ ဝေဝူယာသည် တသားတည်းဖြစ်ခြင်း နယ်ပယ် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပြီး၊ ဖူချန်၏ ဘေးတွင် အမြဲရှိနေကာ လိုအပ်သမျှကို လက်တွေ့ သင်ကြားပေးခဲ့သည် မဟုတ်ပါလော။
နျူမန် ရှိသော နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းတွင် အမြင့်ဆုံး ကျင့်ကြံမှုမှာ ပေါင်းစည်းခြင်း နယ်ပယ် သာ ဖြစ်၏။
သူတို့က နျူမန်ကို မည်မျှပင် အစွမ်းကုန် ကူညီပံ့ပိုးပေးပါစေ၊ သူ၏ တိုးတက်မှုသည် ဖူချန်ကို မကျော်လွန်သင့်ပေ။
ဘာပဲဖြစ်ဖြစ်... ဖူချန်သည် ပါရမီရှင် ငါးဦးအနက် မိမိကိုယ်ကိုယ် ပါရမီ အကောင်းဆုံးဟု ယူဆထားပြီး၊ နျူမန်၏ ပါရမီမှာ ရန်ကျုံး နှင့် ချူရှောင်ထျန်း တို့ထက်ပင် နိမ့်ကျသည်ဟု ထင်မြင်ခဲ့ဖူး၏။
ထို့ကြောင့် ဖူချန် မအောင့်နိုင်တော့ဘဲ မေးမြန်းလိုက်သည်။
“ညီအစ်ကိုနျူ... ဆယ်စုနှစ်တွေ ကြာပြီးနောက်မှာ မင်းရဲ့ ကျင့်ကြံမှုက ဘာလို့ ဒီလောက် မြန်မြန် တိုးတက်လာရတာလဲ...”
နျူမန်သည် ဖူချန်၏ အတွေးကို ရိပ်မိပုံ ရပြီး အရင်ဆုံး ပြန်မေးလိုက်၏။
“မင်း ဘာလို့ ဒီကို လာသလဲ ဆိုတာ အရင်ပြောပါဦး...”
ဖူချန် သူ့ကို စိုက်ကြည့်လိုက်သည်။ နျူမန်သည် နင်ချီနှင့် ရင်းနှီးကြောင်း သူ သိထားသဖြင့် အမှန်အတိုင်းသာ ပြောလိုက်ပါ၏။
“ဝိညာဉ်ကမ္ဘာ စစ်ပွဲက စတော့မယ်လေ... အဲဒါကြောင့် နယ်မြေအရှင်သခင်ဆီမှာ သစ္စာခံဖို့ လာခဲ့တာပါ...”
နျူမန် ချက်ချင်း သဘောပေါက်သွားသည်။
“ဟိုတုန်းက နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေကနေ မင်း ဘာတွေ ယူသွားခဲ့သလဲ ဆိုတာ မမေ့နဲ့ဦး... အခု ဒီလို ဗြောင်ကျကျ ပေါ်လာရဲတာ... မင်းရဲ့ သတ္တိကတော့ တကယ့်ကို မသေးဘူးပဲ...”
ဖူချန်သည် မဟာမိတ် ဌာနချုပ်ဘက်သို့ မျှော်ကြည့်လိုက်သည်။ ထိုနေရာတွင် ပြင်းထန်သော အရှိန်အဝါများကို ခံစားနေရ၏။ အလင်းတန်းများ အဆက်မပြတ် တောက်ပနေသည်မှာ လေ့ကျင့်မှုများ ပြုလုပ်နေပုံ ရ၏။
သူ့အတွင်း၌ ရှိသော ဝေဝူယာက ဤနေရာတွင် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ၏ အရှိန်အဝါကို အာရုံခံမိကြောင်း တိုးတက်ပြောကြားလိုက်သဖြင့် ဖူချန် လန့်သွားခဲ့ရသည်။
ထို့ကြောင့်လည်း သူသည် နင်ချီနှင့် တွေ့ဆုံနိုင်ရန် နျူမန်ကို အရင် ဆက်သွယ်ခဲ့ခြင်း ဖြစ်၏။
ဖူချန်က ပြောလိုက်သည်။
“အဲဒီအတွက် မစိုးရိမ်ပါနဲ့... ငါ ဟိုတုန်းက ယူသွားခဲ့တဲ့ သဟဇာတဖြစ်ခြင်း အဆင့်မြင့်ကျင့်စဉ် ကို နယ်မြေအရှင်သခင်ဆီ ပြန် ဆက်သဖို့ လာတာပါ... ညီအစ်ကိုနျူ ..၊ငါ့ကို ခေါ်သွားပေးနိုင်မလား...”
ထိုစဉ်က သဟဇာတဖြစ်ခြင်း အဆင့်မြင့်ကျင့်စဉ် အကြောင်းကို ကြားလိုက်ရသောအခါ၊ နျူမန်သည် ဖူချန်၏ လက်ရှိ စွမ်းအားမှာ အားနည်းနေသော်လည်း နင်ချီအတွက် တစ်စုံတစ်ရာ အသုံးဝင်နိုင်မည်ဟု ယူဆကာ သဘောတူလိုက်သည်။
“ကောင်းပြီ... ငါ မင်းကို နယ်မြေအရှင်သခင်ဆီ ခေါ်သွားပေးမယ်။ ဪ... ဒါနဲ့ မင်း အစောက မေးခဲ့တဲ့ ငါ့ကျင့်ကြံမှု ဘာလို့ မြန်မြန် တိုးတက်လာသလဲ ဆိုတာကတော့... နယ်မြေအရှင်သခင်က သူ့ရဲ့ နည်းစနစ်တွေကို သင်ကြားပေးခဲ့လို့ပေါ့...”
ဖူချန် အံ့အားသင့်စွာ မေးလိုက်၏။
“နယ်မြေအရှင်သခင်က သူ့ဂိုဏ်းသား မဟုတ်တဲ့သူတွေကိုတောင် ပညာသင်ပေးတယ် ဟုတ်လား...”
ထိုအခါ၊ နျူမန်က လှောင်ပြောင်သော အမူအရာဖြင့်...
“နယ်မြေအရှင်သခင်ရဲ့ နှလုံးသားက အလွန် ကျယ်ပြောတယ်... သူ နယ်မြေတစ်ခုလုံးကို ပေါင်းစည်းလိုက်ကတည်းက ဂိုဏ်းသားတွေရော၊ ဂိုဏ်းမဲ့ ကျင့်ကြံသူတွေပါ သူ့ဆီက အကျိုးကျေးဇူးတွေ ရနေကြတာ... ဒါမျိုးကို မင်း နားလည်မှာ မဟုတ်ပါဘူး...”
ဖူချန် ခေတ္တမျှ မှင်သက်သွားသည်။
ထို့နောက် နျူမန်သည် ဖူချန်ကို မဟာမိတ် ဌာနချုပ် အတွင်းသို့ ဦးဆောင်ခေါ်သွားလေ၏။
အတွင်းသို့ ရောက်မှသာ ဖူချန်သည် ခမ်းနားထည်ဝါသော မြင်ကွင်းကြီးကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။
ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် ခွဲခြားမှု မရှိဘဲ တစ်သားတည်း ပေါင်းစည်းနေကြပြီး၊ အမြင်ချင်း ဖလှယ်ခြင်း ၊ လက်ရည်စမ်းခြင်းများ ပြုလုပ်နေကြ၏။ ဤမြင်ကွင်းက ဖူချန်ကို မျက်လုံးပြူးသွားစေသည်။
ဒါက ဂိုဏ်းတစ်ခုနှင့်တစ်ခု အမြဲ ရန်စောင်နေတတ်သော အတိတ်က မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေများမှ ဟုတ်ပါလေစ။
နျူမန်၏ နာမည်ကျော်ကြားမှုကြောင့် လူအများအပြားက နင်ချီနှင့် သူ၏ ခင်မင်မှုကို သိကြရာ၊ လူတိုင်းက နျူမန်နှင့် သူ့နောက်မှ ဖူချန်ကို သတိပြုမိသွားကြ၏။
ပါရမီရှင် ငါးဦးအနက် တစ်ဦးဖြစ်သော ဖူချန်၏ နာမည်မှာလည်း မသေးလှသဖြင့် သူ့ကို အသိအမှတ်ပြုသူ များပြားလှသည်။
“ဖူချန် လား...”
“ဟေ့... မင်း နောက်ဆုံးတော့ ပေါ်လာပြီပေါ့... သဟဇာတဖြစ်ခြင်း အဆင့်မြင့်ကျင့်စဉ်ကို မြန်မြန် အပ်လိုက်စမ်း...”
ဖူချန်သည် ချက်ချင်းပင် ကျင့်ကြံသူ အများအပြား၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။ အချို့မှာ ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင်ကြီးများပင် ဖြစ်၏။ သို့သော် နျူမန်က ဝင်ရောက် ဖြန်ဖြေပေးလိုက်၏။
“မိတ်ဆွေတို့ လမ်းမပိတ်ကြပါနဲ့။ ကျွန်တော် ဖူချန်ကို ခေါ်လာတာ မြင်သားပဲ။ သူက မဟာမိတ် ခေါင်းဆောင်ကြီးဆီမှာ အဲဒီကျင့်စဉ်ကို ပြန်လည် ဆက်သဖို့ အဆင်သင့် ဖြစ်နေပြီ။ ခင်ဗျားတို့က ကြားဖြတ် လုယူချင်နေကြတာလား...”
နျူမန်၏ စကားက လူတိုင်းကို ဆွံ့အသွားစေသည်။
“အစ်ကိုနျူ... အစောကြီးကတည်းက ပြောရမှာပေါ့...”
“ဟုတ်ပါရဲ့... သူက မဟာမိတ် ခေါင်းဆောင်ကြီးဆီမှာ ခိုလှုံဖို့ လာတာ ဆိုရင်တော့ ကျွန်တော်တို့ မတားပါဘူး...”
“နွားလေး... ဒီတစ်ခါတော့ မင်း ထပ်ပြီး မျက်နှာရဦးမှာပဲကွည...”
ထိုစကားမှာ ပေါင်းစည်းခြင်း နယ်ပယ် စွမ်းအားရှင်ကြီး တစ်ဦးထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ သူသည် ဖူချန်ကို တစ်ချက်ကြည့်ပြီး လမ်းဖယ်ပေးလိုက်၏။
ဖူချန်သည် ထိုသူ၏ မျက်လုံးများထဲမှ လောဘရိပ်များ ဖျတ်လတ်စွာ ကွယ်ပျောက်သွားသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။
အခန်း (၆၉၆) - သဟဇာတဖြစ်ခြင်း အသိအမှတ်ပြုမှု (အပိုင်း ၂)
~သူသည် ဖူချန်ထံမှ ထို "သဟဇာတဖြစ်ခြင်း အဆင့်မြင့်ကျင့်စဉ်" ကို လုယူရန် ကြံစည်ခဲ့သော်လည်း၊ ၎င်းကို နင်ချီအား ဆက်သရန် ရည်ရွယ်ထားကြောင်း ကြားလိုက်ရသည်နှင့် ထိုအတွေးကို ချက်ချင်း ဖျောက်ပစ်လိုက်လေသည်။
ဖူချန်သည် ဤအခြေအနေကို ကြည့်ပြီး နင်ချီ၏ ဩဇာအာဏာသည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းအောင် ကြီးမားနေပြီလဲဆိုသည်ကို ပိုမို ရှင်းလင်းစွာ သဘောပေါက်လိုက်၏။
နျူမန်သည် မဟာမိတ်ခေါင်းဆောင်ကြီး ရှိမရှိ မေးမြန်းကြည့်ရာ၊ ခေါင်းဆောင်ကြီးသည် "ဝူကျီ တိုက်ပွဲကွင်းပြင်" ၌ ရှိနေကြောင်း သိလိုက်ရသဖြင့် ဖူချန်ကို ထိုနေရာသို့ ဆက်လက် ဦးဆောင်ခေါ်သွားလေသည်။
လမ်းခရီးတွင် သူတို့သည် ဧရာမ ခြောက်ထောင့်ကြယ်ပုံစံ နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်းကြီးကို ဖြတ်သန်းသွားကြရာ၊ ဖူချန်က မသိနားမလည်စွာဖြင့် မေးမြန်းလိုက်သည်။
“ညီအစ်ကိုနျူ... ဒါက ဘာကြီးလဲဗျ...”
နျူမန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးလျက်...
“ဒါက မဟာမိတ်ခေါင်းဆောင်ကြီး ကိုယ်တိုင် တည်ဆောက်ထားတဲ့ နေရာရွှေ့ပြောင်း မဟာအခင်းအကျင်းကြီးလေ။ ဒါက နက်ရှိုင်းသော သစ္စာတရား နယ်မြေအတွင်းက ဂိုဏ်းအားလုံးကို ချိတ်ဆက်ပေးထားတာ။ ဝိညာဉ်ကမ္ဘာစစ်ပွဲမှာ ပါဝင်မယ့် ဂိုဏ်းအသီးသီးက ကျင့်ကြံသူတွေဟာ ဒီအခင်းအကျင်းကြောင့်ပဲ တစ်နေ့ဝက်အတွင်း ဝူကျီ တိုက်ပွဲကွင်းပြင်ကို အရောက်လာနိုင်ကြတာပေါ့...”
ထိုစကားကို ကြားသောအခါ ဖူချန် အလွန်အမင်း တုန်လှုပ်သွားရသည်။ နင်ချီသည် ဤမျှ အဆင့်မြင့်သော အခင်းအကျင်းပညာကို တတ်မြောက်ထားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
သူ့အတွင်း၌ ပုန်းအောင်းနေသော ဝေဝူယာပင်လျှင် ဤမြင်ကွင်းကြောင့် စိတ်လှုပ်ရှားသွားခဲ့၏။
ထိုအချိန်တွင် လူအနည်းငယ်သည် သူတို့ဆီသို့ လျှောက်လာကြ၏။
သူတို့က နျူမန်ကို နှုတ်ဆက်ကြရာ၊ နျူမန်ကလည်း ပြုံး၍ ပြန်လည် တုံ့ပြန်လိုက်သည်။
ထို့နောက် သူတို့၏ အကြည့်များသည် ဖူချန်ထံသို့ ကျရောက်သွားကြ၏။
“ဘယ်သူများလဲလို့ ကြည့်နေတာ... မင်းကိုး...”
စကားပြောလိုက်သူမှာ ယခင် ထိပ်တန်း အစစ်အမှန် အမွေခံ ဆယ်ဦးထဲမှ တစ်ဦးဖြစ်သူ ဝူချင်းရှောင် ဖြစ်ပြီး၊ သူနှင့်အတူ ကျန်းချင်းရွှယ်၊ ဝမ်ယဲ့ နှင့် ချင်မင်ဟောက် တို့လည်း ပါဝင်လာကြ၏။
ဤလူများသည် ဖူချန်နှင့် ပြန်လည်ဆုံတွေ့ရသောအခါ ခေတ္တမျှ ကြောင်အမ်းသွားကြ၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့သည် "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" အတွင်း၌ ဖူချန်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။
ထိုစဉ်က ဝူချင်းရှောင်သည် ဖူချန်၏ လက်ချက်ဖြင့် ရင်ညွန့်ရိုး အပိုင်းပိုင်း ကြေမွသွားခဲ့ပြီး၊ ဒဏ်ရာပျောက်ကင်းရန် အချိန်အတော်ကြာအောင် ကုသခဲ့ရသည်။ နောက်ဆုံးတွင် နင်ချီ၏ အကူအညီဖြင့်သာ ဒဏ်ရာအရှင်း ပျောက်ကင်းခဲ့ခြင်း ဖြစ်၏။
ကျန်းချင်းရွှယ် နှင့် အခြားနှစ်ဦး ပူးပေါင်းတိုက်ခိုက်ခဲ့လျှင်ပင် ဖူချန်ကို မယှဉ်နိုင်ခဲ့ကြပေ။
အကယ်၍ ထိုစဉ်က နင်ချီ ရောက်လာပြီး ဖူချန်ကို ခြောက်လှန့် မမောင်းထုတ်ခဲ့ပါက၊ သူတို့ သုံးဦးစလုံး ဖူချန်၏ ဓားချက်အောက်တွင် အသက်ပျောက်သွားကြမည်မှာ သေချာသည်။
သူတို့အတွက် ဖူချန်သည် ဂိုဏ်းတူအစ်ကိုကြီးနင် မှလွဲ၍ သူတို့ ပထမဆုံး ရင်ဆိုင်ခဲ့ရသော အစွမ်းထက်ဆုံး ပြိုင်ဘက် ဖြစ်သဖြင့် သူ့ကို ကောင်းစွာ မှတ်မိနေကြခြင်း ဖြစ်၏။
သို့သော် ယခုတွင်မူ... ဖူချန်၏ ကျင့်ကြံမှုအဆင့်သည် "ဟင်းလင်းပြင် လမ်းစဉ် နှောင်းပိုင်းအဆင့်" တွင်သာ ရှိနေသေးသည်ကို မြင်လိုက်ရသဖြင့် သူတို့ အံ့ဩသွားကြသည်။
အတိတ်က ပါရမီရှင်လေးသည် နောက်ကောက်ကျန်ရစ်ခဲ့ပြီ ဖြစ်၏။
ဖူချန်သည်လည်း ဝူချင်းရှောင်နှင့် အခြားသူများ၏ ကျင့်ကြံမှုအဆင့်ကို သတိပြုမိလိုက်သည်။
ဝူချင်းရှောင်သည် "ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်းအဆင့်" သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ကျန်းချင်းရွှယ်နှင့် အခြားသူများမှာမူ "ပေါင်းစည်းခြင်း နယ်ပယ်" သို့ တက်လှမ်းရန် နီးကပ်နေပြီဖြစ်ကာ "ခြေလှမ်းဝက် ပေါင်းစည်းခြင်း နယ်ပယ်" သို့ပင် ရောက်ရှိနေကြပြီ ဖြစ်၏။
ဤမြင်ကွင်းအား မြင်သောအခါ ဖူချန်၏ ရင်ထဲ၌ စိတ်ဓာတ်ကျမှုများ ဖြစ်ပေါ်လာသည်။
ထင်မထားခဲ့ပေ။ တစ်ချိန်က သူ အလွယ်တကူ အနိုင်ယူခဲ့သော လူအနည်းငယ်က ယခုအခါ ကျင့်ကြံမှု အဆင့်တွင် သူ့ကို ကျော်တက်သွားကြရုံသာမက၊ နျူမန်ကိုပင် ကျော်လွန်သွားကြသည်လား။
ဒါက နင်ချီ၏ အုပ်ချုပ်မှုအောက်မှ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အခြေအနေနှင့် နင်ချီ နယ်မြေအရှင်သခင် ဖြစ်လာပြီးနောက်ပိုင်း နက်ရှိုင်းသော သစ္စာတရား နယ်မြေ၏ ပြောင်းလဲမှု အစစ်အမှန်လား။
သူ့အတွင်းရှိ ဝေဝူယာသည်လည်း ဖူချန်၏ စိတ်အာရုံထဲတွင် သက်ပြင်းချလိုက်ပုံ ရ၏။
၎င်းသည် ဖူချန်အတွက် ဝမ်းနည်းမိခြင်းလား၊ သို့မဟုတ် လက်ရှိ နက်ရှိုင်းသော သစ္စာတရား နယ်မြေ၏ စည်ပင်ဝပြောမှုကို အံ့ဩမိခြင်းလား ဆိုသည်မှာ မသေချာပေ။
နောက်ဆုံးတွင် သူက ဖူချန်ကို တိုးတိုးလေး ပြောလိုက်သည်။
“ရှောင်ချန်... အခုတော့ မင်းတို့ကြားက ကွာဟချက်ကို မြင်ပြီ မဟုတ်လား။ ငါ ကိုယ်တိုင် လမ်းညွှန်ပေးခဲ့တာတောင်မှ မင်းဟာ နယ်မြေအရှင်သခင် နင်ချီရဲ့ နောက်မှာ ကျန်ရစ်ခဲ့ပြီ။ ဒီနောက်ဆုံး အခွင့်အရေးကိုတော့ မင်း လက်လွှတ်မခံနဲ့တော့...”
ဖူချန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်လည် ဖြေကြားလိုက်၏။
“ဆရာ... ကျွန်တော် နားလည်ပါပြီ...”
...
ထိုစဉ်၊ နင်ချီသည် သူကိုယ်တိုင် တည်ဆောက်ထားသော "ဝူကျီ တိုက်ပွဲကွင်းပြင်" သို့ ပြန်လည် ရောက်ရှိလာသည်။
သူ ရောက်လာသည်နှင့် တပြိုင်နက်၊ လေ့ကျင့်နေကြသော သူအားလုံး ချက်ချင်း ရပ်တန့်လိုက်ကြပြီး သူ့ကို အရိုအသေ ပေးလိုက်ကြ၏။
နင်ချီက တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ရာ၊ ထိုလူစုသည် ယခင်ကထက် ပိုမို ဝီရိယရှိရှိဖြင့် ကျင့်ကြံခြင်းကို ပြန်လည် စတင်ကြ၏။
နင်ချီ၏ လမ်းညွှန်မှုအောက်တွင် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် တစ်ဦးနှင့်တစ်ဦး ခွဲခြား၍ မရနိုင်လောက်အောင် စည်းလုံးသွားကြပြီး၊ ဂိုဏ်းများကြားမှ အတားအဆီးများ ပျောက်ကွယ်ကုန်ကြ၏။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာလည်း အလွန်ပင် ဟန်ချက်ညီလာခဲ့သည်။
လာမည့် ဝိညာဉ်ကမ္ဘာစစ်ပွဲအတွက် လူတိုင်းသည် ယုံကြည်မှု အပြည့် ရှိနေကြ၏။
အခြား နယ်မြေကြီးများမှ ကျင့်ကြံသူများသည် သူတို့ကဲ့သို့ တစ်သားတည်း ဖြစ်တည်နေသော စွမ်းအားမျိုးကို မည်သို့မျှ ရရှိနိုင်မည် မဟုတ်ဟု သူတို့ ယုံကြည်နေကြ၏။
နင်ချီသည် အဓိက ပလ္လင်ထက်တွင် ထိုင်နေစဉ်၊ မကြာမီမှာပင် နျူမန်သည် တစ်စုံတစ်ယောက်ကို ဦးဆောင်လျက် သူ့ရှေ့သို့ ရောက်ရှိလာသည်။
“မဟာမိတ်ခေါင်းဆောင်ကြီး... ကျွန်တော် ဘယ်သူ့ကို ခေါ်လာသလဲဆိုတာ ကြည့်ပါဦး...” နျူမန်က လက်သီးဆုပ် ဂါရဝပြုရင်း ရိုသေစွာ ပြောလိုက်သည်။ သူသည် အနည်းငယ် စိတ်လှုပ်ရှားနေပုံ ရသည်။
နျူမန်သည် ယခုအခါ "ဟင်းလင်းပြင် လမ်းစဉ် ပြီးပြည့်စုံခြင်းအဆင့်" သို့ ရောက်ရှိနေပြီ ဖြစ်၏။
သို့သော် သူသည် ယခင်ကကဲ့သို့ နင်ချီကို ရင်းရင်းနှီးနှီး မခေါ်ရဲတော့ပေ။
သူ့အဖေ နျူတင်းထျန်ပင်လျှင် နင်ချီကို မဟာမိတ်ခေါင်းဆောင်ကြီးဟု ရိုသေစွာ ခေါ်ဆိုနေရမှတော့ သူကဲ့သို့ လူမျိုးမှာ ပြောစရာပင် မလိုတော့ပေ။
“အစ်ကိုနျူ... ကျွန်တော်တို့ကြားမှာ ဒီလိုတွေ လုပ်နေဖို့ မလိုပါဘူးလို့ ပြောထားသားပဲ...”
နျူမန်က အလျင်အမြန် ခေါင်းခါလိုက်ပြီး ပြောသည်။
“မဟာမိတ်ခေါင်းဆောင်ကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ခေါင်းဆောင်ကြီးဟာ အခုဆိုရင် နယ်မြေအရှင်သခင် တစ်ယောက် ဖြစ်နေပြီလေ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး ခေါင်းဆောင်ကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်နိုင်မှာလဲ...”
ဤလူသည် ယခင်အတိုင်းပင် လိမ္မာပါးနပ်နေဆဲ ဖြစ်၏။
နင်ချီသည် ထိုကဲ့သို့သော အသေးအဖွဲကိစ္စများကို ဂရုမစိုက်သော်လည်း၊ နျူမန်ကတော့ ဘောင်ကို ကောင်းစွာ သိသည်။
အကယ်၍ သူသာ အရင်လို နင်ချီကို "ညီလေးနင်" ဟု ခေါ်နေဦးမည်ဆိုပါက၊ နျူတင်းထျန်က သူ့ကို အလွတ်ပေးမည် မဟုတ်သလို၊ အခြားသူများ၏ အကြည့်များဖြင့်တင် သူ သေသွားနိုင်ပေ၏။
နျူမန်၏ အမူအရာကို မြင်သောအခါ နင်ချီက သူ့သဘောအတိုင်း ထားလိုက်ပြီး၊ နျူမန် ခေါ်လာသော သူထံသို့ အကြည့်ကို လွှဲလိုက်သည်။
သူ့ရှေ့တွင် ရှိနေသော သူသည် ခိုင်ခံ့တောင့်တင်းသော ခန္ဓာကိုယ် ရှိပြီး၊ အပြာရောင် ဝတ်ရုံကို ဆင်မြန်းထား၏။ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များက သူ့ကို အရင်ကထက် ပို၍ ကြမ်းတမ်းသော ပုံစံမျိုး ပေါက်စေသည်။ သူကတော့... ဖူချန် ပင် ဖြစ်၏။
သူ့နောက်ကျောတွင်မူ တောက်ပသော သွေးရောင်ခြည်များ ထွက်ပေါ်နေသည့် ဧရာမ ဓားမကြီးကို လွယ်ထားဆဲ ဖြစ်ပြီး၊ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။
နင်ချီကို ပြန်လည် တွေ့ဆုံရသောအခါ ဖူချန်က ဦးညွှတ်လိုက်ပြီး ပြော၏။
“ဖူချန်က... နက်ရှိုင်းသော သစ္စာတရား နယ်မြေအရှင်သခင်ကို ဂါရဝပြုပါတယ်...”
နင်ချီက တည်ငြိမ်စွာဖြင့် ပြန်မေးလိုက်သည်။
“ပြောစမ်း... နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ ကတည်းက ပုန်းရှောင်နေခဲ့တဲ့ မင်းဟာ... ဘာလို့ ဒီနေ့ ငါ့ရှေ့ကို ရောက်လာရတာလဲ...”
ဖူချန်သည် သူ့အပေါ်သို့ ဖိနှိပ်လာသော မမြင်ရသည့် ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသည်။ ထိုဖိအားအောက်တွင် သူ၏ "ဟင်းလင်းပြင် လမ်းစဉ် နှောင်းပိုင်းအဆင့်" ကျင့်ကြံမှုသည် ဘာမှ မဟုတ်သကဲ့သို့ ဖြစ်သွားရသည်။ သူသည် အလွန်အမင်း တုန်လှုပ်သွားရပြီး မျက်နှာ တစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွား၏။
ရုတ်တရက်... သူ့အတွင်း၌ ပုန်းအောင်းနေသော ဝေဝူယာက ထိုဖိအားအချို့ကို တိတ်တဆိတ် ကူညီ ထမ်းပိုးပေးလိုက်သဖြင့် ဖူချန်သည် အနည်းငယ် ပြန်လည် လှုပ်ရှားနိုင်သွားသည်။
သူသည် ရေထဲမှ ဆွဲတင်လိုက်ရသူကဲ့သို့ ချွေးများဖြင့် ရွှဲနစ်နေ၏။
သူသည် မောပန်းနွမ်းနယ်နေမှုကို ဂရုမစိုက်ဘဲ၊ ယခင်က ရရှိခဲ့သော "သဟဇာတဖြစ်ခြင်း အဆင့်မြင့်ကျင့်စဉ်" ကို အလျင်အမြန် ထုတ်ယူလိုက်သည်။ ရွှေရောင် ကျောက်စိမ်းလိပ်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်လျက်၊ နင်ချီကို ရိုသေစွာ အသိပေးလိုက်သည်။
“ကျွန်တော်ဟာ ဒီတစ်ခေါက် နယ်မြေအရှင်သခင်ဆီမှာ ခိုလှုံဖို့ လာခဲ့တာပါ။ အရင်တုန်းက ဆက်ဆံရေးတွေကို ထောက်ထားပြီး... ကျွန်တော့်ကို အကန့်အသတ်မဲ့ ဓားဂိုဏ်းထဲ ဝင်ခွင့်ပြုဖို့ မျှော်လင့်ပါတယ်။”
“ဒီကျင့်စဉ်ကိုလည်း နယ်မြေအရှင်သခင်ဆီ ဆက်သဖို့ ဆန္ဒရှိပါတယ်...”
နင်ချီသည် ထိုကျောက်စိမ်းလိပ်ကို လှမ်းမယူဘဲ၊ ဖူချန်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်သည်မှာ...