အခန်း (၆၉၇-၆၉၉)
Vol. 47 Ch. 697-699
အခန်း (၆၉၇) - သဟဇာတဖြစ်ခြင်းနှင့် ဆရာအဖြစ် အသိအမှတ်ပြုခြင်း (အပိုင်း ၃)
~“ဟိုတုန်းက... မင်းတစ်ယောက်တည်း ဘာလို့ သဟဇာတဖြစ်ခြင်း အဆင့်မြင့်ကျင့်စဉ်ကို ရခဲ့တာလဲဆိုတာ မင်းသိလား...”
ဖူချန်သည် ထိုစကားကြောင့် အံ့အားသင့်သွားရသည်။ သူ၏ ပထမဆုံး အတွေးမှာ ထိုသို့ အရေးကြီးသော အခြေအနေတွင် သူ့ဆရာ ဝေဝူယာ၏ အကူအညီကြောင့်သာ ထိုကျင့်စဉ်ကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု ယူဆထားခြင်း ဖြစ်၏။
သို့သော် နင်ချီ၏ မေးခွန်းမှာ အဓိပ္ပာယ် အလွန်နက်ရှိုင်းလှသည်။ သူ၏ နောက်ကွယ်တွင် တစ်စုံတစ်ယောက် အမြဲ လိုက်ပါနေသည်ကို နင်ချီက ကြိုတင် သိရှိနေသကဲ့သို့ပင်။
အတိတ်က ဖြစ်ရပ်များကို ပြန်ပြောင်း သတိရလိုက်သောအခါ၊ ဝေဝူယာသည် နင်ချီနှင့် နှစ်ကြိမ်တိုင်တိုင် ဆုံတွေ့ခဲ့ဖူးပြီး၊ အကြိမ်တိုင်းတွင် ဖူချန်အား အမြန်ဆုံး ထွက်ပြေးရန် တိုက်တွန်းခဲ့၏။
ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ဖူချန်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။ သူသည် ထိုကျင့်စဉ်ကို အမှန်တကယ် ရယူနိုင်စွမ်း ရှိခဲ့၍ ရခဲ့ခြင်း မဟုတ်ဘဲ၊ နင်ချီက တမင်တကာ သူ့ကို ပေးယူလိုက်ခြင်းများ ဖြစ်နေမလား။
“ဘာ... ဘာကို ဆိုလိုတာလဲ ခင်ဗျာ...”
ဖူချန်၏ အတွင်း၌ ပုန်းအောင်းနေသော ဝေဝူယာသည်လည်း ထပ်တူပင် ထိတ်လန့်သွားရသည်။
ဖူချန်သည် နင်ချီ၏ ရှေ့မှောက်သို့ ရောက်ရှိလာချိန်မှစ၍၊ ထို ဝိညာဉ်အိုကြီး၏ စိတ်သည် မငြိမ်မသက် ဖြစ်နေခဲ့သည်။ နင်ချီသည် သူ့တည်ရှိမှုကို ကြိုတင် သိရှိနေသကဲ့သို့ ခံစားနေရသည်။
သို့သော် ထိုစဉ်က "မူလဝိညာဉ် နယ်ပယ်" မျှသာ ရှိသေးသော နင်ချီသည် သူ့ကို မည်သို့ မြင်နိုင်ပါမည်နည်း။
နင်ချီ ယခု စွမ်းဆောင်ထားသော အံ့မခန်း အောင်မြင်မှုများကို ပြန်လည် စဉ်းစားကြည့်သောအခါမှသာ ဝေဝူယာ အနည်းငယ် စိတ်အေးသွားရသည်။
နင်ချီကဲ့သို့သော ပါရမီရှင်မျိုးအတွက် ဘာမဆို ဖြစ်နိုင်သည် မဟုတ်ပါလော။
ကံကောင်းထောက်မစွာဖြင့် ဝေဝူယာသည် ဤနေရာသို့ မလာခင်ကတည်းက သူ့ကိုယ်သူ ထုတ်ဖော်ပြသရန် ပြင်ဆင်လာခဲ့ပြီး ဖြစ်ရာ၊ နင်ချီက စတင်ပြောဆိုလာသောအခါ သူ အလွန်အမင်း စိုးရိမ်မနေတော့ပေ။
“ထွက်ခဲ့တော့...ကျွန်တော့်ရှေ့ကို ရောက်လာရဲမှတော့ ဆက်ပြီး ပုန်းနေဖို့ မလိုတော့ပါဘူး...”
နင်ချီ၏ မျက်ဝန်းများသည် စူးရှစွာ တောက်ပနေပြီး ဖူချန်ကို စိုက်ကြည့်နေ၏။
ဖူချန်သည် လည်ချောင်းကို တစ်ချက် မျိုချလိုက်သည်။ နင်ချီ၏ စကားလုံးများသည် သူ့ကို ရည်ညွှန်းခြင်း မဟုတ်ကြောင်း သူ နားလည်လိုက်သည်။
ဘေးတွင် ရပ်နေသော နျူမန်မှာမူ နင်ချီ ဘာအကြောင်း ပြောနေသည်ကို နားမလည်ဘဲ ဇဝေဇဝါ ဖြစ်နေရှာ၏။
ဖူချန်၏ ခန္ဓာကိုယ်ထဲမှ အပြာရောင် ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာချိန်ကျမှသာ နျူမန်၏ ပါးစပ်ကြီး အံ့ဩလွန်း၍ ဟသွားတော့သည်။
ဖူချန်က ဘာလို့ အဘိုးကြီး တစ်ယောက်ကို သူ့ကိုယ်ပေါ်မှာ သယ်လာရတာလဲ။
အကယ်၍ ထိုအဘိုးအို၏ စွမ်းအင် အတက်အကျသာ အလွန်အားနည်းမနေပါက၊ နျူမန်သည် ချက်ချင်း တိုက်ခိုက်ရန် ပြင်ဆင်မိပေလိမ့်မည်။
နျူမန်သည် လူခေါ်ရန် ပြင်ဆင်လိုက်သော်လည်း၊ ဤ "ဝူကျီ တိုက်ပွဲကွင်းပြင်" ရှိ ဟင်းလင်းပြင် တစ်ခုလုံးမှာ လုံးဝ ပိတ်ဆို့ခံထားရကြောင်း သတိပြုမိလိုက်၏။
ကွင်းပြင်အတွင်း၌ လေ့ကျင့်နေကြသော အခြား ကျင့်ကြံသူများကိုပင် သူ မမြင်ရတော့ပေ။
ဤသည်ကို မြင်သောအခါ ဖူချန်နှင့် ဝေဝူယာ တို့သည် နင်ချီ၏ စွမ်းအားကို ရိပ်မိလိုက်ကြပြီး ရင်ထဲမှ လေးစားသွားကြ၏။
ဝေဝူယာသည် မိမိကိုယ်ကိုယ် ထုတ်ဖော်ပြသလိုက်ပြီး ဖူချန်၏ ဘေးတွင် ဝဲပျံလျက် နင်ချီကို ဦးညွှတ်လိုက်သည်။
“ဒီလူအိုကြီးက ဝေဝူယာပါ... နက်ရှိုင်းသော သစ္စာတရား နယ်မြေအရှင်သခင်ကို ဂါရဝပြုပါတယ်...”
နင်ချီက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြန် ပြောလိုက်သည်။
“ခင်ဗျားက ဝေဝူယာ လား...”
ဝေဝူယာ အံ့အားသင့်သွားပြီး ပြန်မေးလိုက်သည်။
“နယ်မြေအရှင်သခင်က ကျုပ်ကို သိနေတာလား...”
နင်ချီက တည်ငြိမ်စွာ ပြောလိုက်၏။
“ဝေဝူယာ... နက်ရှိုင်းသော သစ္စာတရား နယ်မြေ မကွဲအက်ခင်တုန်းက...ခင်ဗျားက 'သွေးမီးတောက် အင်မော်တယ်ဂိုဏ်း' ရဲ့ 'တသားတည်းဖြစ်ခြင်း နယ်ပယ် နှောင်းပိုင်းအဆင့်' မဟာအကြီးအကဲ တစ်ယောက်ပဲ... စစ်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့တာ... ခင်ဗျား အသက်ရှင်နေသေးပြီး ဖူချန်နဲ့ ကပ်ပါလာလိမ့်မယ်လို့ မထင်ထားဘူး...”
နင်ချီက သူ့နောက်ခံ သမိုင်းကြောင်းကို အတိအကျ ပြောလိုက်သောအခါ၊ ဝေဝူယာက ခါးသက်သက် ပြုံးလိုက်ရုံသာ တတ်နိုင်တော့သည်။
နျူမန်မှာမူ လန့်လွန်း၍ ထခုန်မတတ် ဖြစ်သွား၏။
သူ့ရှေ့က ဒီ ဝိညာဉ်အိုက လွန်ခဲ့တဲ့ နှစ်ပေါင်း သိန်းချီက အင်မော်တယ်ဂိုဏ်းတစ်ခုရဲ့ မဟာအကြီးအကဲ ဖြစ်ခဲ့ရုံတင်မက၊ "တသားတည်းဖြစ်ခြင်း နယ်ပယ် နှောင်းပိုင်းအဆင့်" တောင် ရောက်ခဲ့တာလား။
နျူမန်သည် ဖူချန်နှင့် ဝေဝူယာကို ကြည့်ရင်း ရုတ်တရက် သဘောပေါက်သွားသည်။
ဖူချန်လို ဂိုဏ်းမဲ့ ကျင့်ကြံသူလေး တစ်ယောက်က ဘာလို့ ဒီလောက် ပါရမီ ထူးချွန်နေရသလဲ ဆိုတာ အခုမှ ရှင်းသွားတော့သည်။ သူ့နောက်မှာ ဒီလောက်ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီး ရှိနေလို့ကိုး။
အခုတော့ အရာအားလုံးက ရှင်းလင်းသွားပြီ။ ဒီအဘိုးကြီးကို မဟာမိတ်ခေါင်းဆောင်ကြီးက ဖော်ထုတ်လိုက်တာ ဆိုတော့ သူတို့လည်း တော်တော် ကြောက်သွားမှာ သေချာ၏။
နျူမန်၏ မျက်လုံးများ အရောင်တောက်သွားသော်လည်း သူ ဘာမှ ဝင်မပြောပေ။
နင်ချီက သူ့ကို ဤနေရာတွင် ရှိနေခွင့် ပေးထားခြင်းက သူ့အပေါ် အလွန် ယုံကြည်ကြောင်း ပြသနေ၏။
ထို့ကြောင့် သူသည် ဘေးတွင် ငြိမ်သက်စွာ ရပ်ကြည့်ရင်း၊ နင်ချီ သူတို့ကို ဘယ်လို ကိုင်တွယ်မလဲ ဆိုသည်ကိုသာ စောင့်ကြည့်နေလိုက်သည်။
ဝေဝူယာက ပြောလိုက်သည်။
“ဒီနေ့မှပဲ... လောကမှာ စစ်မှန်တဲ့ ပါရမီရှင် ဆိုတာ ရှိတယ်ဆိုတာ ကျုပ် လက်ခံလိုက်ရပါပြီ။ ကျုပ် မေးချင်တာက... နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေမှာတုန်းက မင်း ငါ့ကို ရှာတွေ့ခဲ့တာလား...”
နင်ချီက ပွင့်ပွင့်လင်းလင်းပင် ခေါင်းခါပြလိုက်၏။
“အဲဒီတုန်းက ဖူချန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တစ်ခုခု ရှိနေတယ်လို့ပဲ ခံစားမိတာ... ခင်ဗျား ဖြစ်လိမ့်မယ်လို့တော့ မသိခဲ့ဘူး...”
ဝေဝူယာ ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချနိုင်သွားသည်။
“နက်ရှိုင်းသော သစ္စာတရား နယ်မြေရဲ့ မူလဂုဏ်ရောင် ပြန်ထွန်းတောက်လာတာက ကျုပ်ရဲ့ အတိတ်က အမှတ်ရစရာတွေကို ပြန်နိုးထစေခဲ့ပါတယ်။ ဒါကြောင့် ဖူချန်ကို ဒီနယ်မြေဆီ ပြန်ခေါ်လာခဲ့တာပါ... သူ အကန့်အသတ်မဲ့ ဓားဂိုဏ်းထဲ ဝင်ခွင့်ရဖို့ မျှော်လင့်ပါတယ်။ နယ်မြေအရှင်သခင် အနေနဲ့ ဒီတောင်းဆိုမှုကို ခွင့်ပြုပေးနိုင်မလား...”
ဖူချန်သည် ရွှေရောင် ကျောက်စိမ်းလိပ်ကို မြှောက်ကိုင်ထားဆဲ ဖြစ်၏။
သူ့ရင်ထဲတွင် အလွန် စိုးရိမ်နေမိပါသည်။
နင်ချီက အစောကတည်းက သဘောတူခြင်း မရှိသလို ကျောက်စိမ်းလိပ်ကိုလည်း လှမ်းမယူခဲ့ပေ။ ယခု သူ့ဆရာကပါ တောင်းဆိုနေပြီ ဆိုတော့ နင်ချီ သဘောတူပါ့မလား သူ မသေချာပေ။
ထိုစဉ်၊ နင်ချီက ပြောလိုက်၏။
“ကျွန်တော်.. ခင်ဗျားကို ဖမ်းပြီး သုတေသန လုပ်မှာကို မကြောက်ဘူးလား...”
ဝေဝူယာက သူ၏ မှုန်ဝါးဝါး လက်ဝါးများကို ဖြန့်ပြလိုက်ပြီး ပြောသည်။
“ကျုပ်က ဝိညာဉ်ပုံရိပ်တစ်ခုပဲ ကျန်တော့တာပါ။ ဒီလောက်အထိ အသက်ရှင်ခဲ့ရတာတင် အမြတ်ထွက်လှပါပြီ။ နယ်မြေအရှင်သခင်က ဖူချန်ကို လက်ခံမယ်ဆိုရင်..ကျုပ်ကို ဘာပဲလုပ်လုပ် ကျုပ် ဘယ်လိုမှ ပြန်မခုခံပါဘူး...”
ဖူချန်သည် ဝေဝူယာကို လှည့်ကြည့်လိုက်ရင်း၊ မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။
ဝေဝူယာက ဆက်ပြောလာ၏။
“ဒါပေမဲ့ အဲဒီမတိုင်ခင်... နယ်မြေအရှင်သခင်ဆီကနေ တစ်ခုလောက် သိချင်ပါတယ်။ ဒါဆိုရင် ကျုပ် ဘာနောင်တမှ မရှိဘဲ သေပျော်ပါပြီ...”
နင်ချီ မေးလိုက်သည်။
“ဘာပါလဲ...”
ဝေဝူယာသည် နျူမန်နှင့် ဖူချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ နင်ချီကို ပြန်ကြည့်လိုက်သည်။
သူ ဆက်ပြောမည့် ကိစ္စသည် အလွန် ကြီးမားသော လျှို့ဝှက်ချက် ဖြစ်သဖြင့်၊ နင်ချီက သူတို့ကို သိခွင့်ပေးပါ့မလား ဆိုသည်ကို သူ မသေချာသောကြောင့် ဖြစ်၏။
နင်ချီ၏ မျက်လုံးများမှ စိတ်ဝိညာဉ် လှိုင်းတစ်ခု ထွက်ပေါ်လာပြီး၊ နျူမန်နှင့် ဖူချန်တို့သည် ချက်ချင်းပင် အိပ်မောကျသွားကြတော့သည်။
“ပြောပါတော့...”
ထိုအခါမှ၊ ဝေဝူယာ သက်ပြင်းတစ်ချက်ချပြီးနောက် စတင် ပြောကြားလိုက်သည်။
“ဟိုတုန်းက ကျုပ်တို့ဟာ 'နက်ရှိုင်းသော သစ္စာတရား နယ်မြေအရှင်သခင်' ဆိုတဲ့ ဘွဲ့ထူးကို ရယူဖို့ ပြိုင်ဆိုင်ရင်း ဂိုဏ်းတစ်ခုလုံး ပျက်စီးခဲ့ရတာပါ။ ကျုပ် သိချင်တာက... နယ်မြေအရှင်သခင် ဖြစ်လာပြီးတဲ့နောက်မှာ အထူးစွမ်းအား တစ်ခုကို ရရှိတာ တကယ်လား ဆိုတာပါပဲ...”
“ဒီကိစ္စက ကျုပ်ကို နှစ်ပေါင်း သိန်းချီအောင် ဒုက္ခပေးနေခဲ့တာပါ။ အမှန်တရားကို သိခွင့်ပေးပါ။ ပြီးရင် ကျုပ်ကို ကြိုက်သလို စီရင်နိုင်ပါတယ်...”
နင်ချီ ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။
“ခင်ဗျား မှန်ပါတယ်... နယ်မြေအရှင်သခင် ဖြစ်လာပြီးတဲ့နောက်မှာ တောင်နှင့် ပင်လယ် ကမ္ဘာဆီကနေ အထူးစွမ်းအားတစ်ခု ရရှိခဲ့တယ်... နယ်မြေတစ်ခုလုံးရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ အခွင့်အာဏာပါပဲ...”
ထိုစကားကို ကြားလိုက်ရသောအခါ ဝေဝူယာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခေတ္တမျှ မှင်သက်သွားကာ နှုတ်ခမ်းများ လှုပ်ရွရုံ ရေရွတ်လိုက်သည်။
“တကယ်ပဲ... ဟိုတုန်းက ကျုပ်တို့ ခန့်မှန်းခဲ့တာ မှန်နေတာပဲ...”
သူသည် နင်ချီကို ကြည့်ကာ ခါးသက်သက် ပြုံးလိုက်၏။
“ကျုပ်တို့က ဂိုဏ်းတစ်ခုလုံးရဲ့ အင်အားကို အသုံးပြုပြီးတောင် 'နက်ရှိုင်းသော သစ္စာတရား နယ်မြေအရှင်သခင်' နေရာကို မရနိုင်ခဲ့ဘူး... ဒါပေမဲ့ အခု မင်းကတော့ ရသွားခဲ့ပြီ...”
ထိုအခါ၊ နင်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ကံကောင်းလို့ပါဗျ...”
အခန်း (၆၉၈) - သဟဇာတဖြစ်ခြင်းနှင့် ဆရာအဖြစ် အသိအမှတ်ပြုခြင်း (အပိုင်း ၄)
~ဝေဝူယာ၏ အပြုံးသည် ပို၍ပင် ခါးသက်လာခဲ့သည်။
“ဒါက ကံကောင်းတာ သက်သက် မဟုတ်ပါဘူး... နယ်မြေအရှင်သခင်က နှိမ့်ချလွန်းနေပါပြီ။ အခုတော့ ကျုပ် သိချင်တဲ့ အမှန်တရားကို သိရပြီမို့ ဘာနောင်တမှ မရှိတော့ပါဘူး။ သတ်မှာလား၊ နှိပ်စက်မှာလား... မင်း စိတ်ကြိုက်သာ စီရင်ပါတော့။”
“ဒါပေမဲ့ ဖူချန်ကိုတော့ မင်းရဲ့ လက်အောက်မှာ ထားပေးဖို့ ကျုပ် တောင်းဆိုပါရစေ။ သူ့ရဲ့ ပါရမီက မင်းကို မမီပေမယ့် တခြားသူတွေထက်တော့ သာပါတယ်။ သူ့ရဲ့ ကျင့်ကြံမှုက ကျုပ်လို လူအိုကြီးရဲ့ လမ်းညွှန်မှုအောက်မှာ ရှိခဲ့ပေမယ့် မင်း သင်ကြားပေးတဲ့သူတွေကို မမီနိုင်ပါဘူး။ ကျုပ်က တသားတည်းဖြစ်ခြင်း နယ်ပယ် ရောက်ခဲ့တဲ့အထိ အသိအမြင်တွေ ရှိခဲ့ပေမယ့်... မင်းရဲ့ ရှေ့မှာတော့ အလွန်ပဲ အရှက်ရမိပါတယ်...”
ထိုစဉ်၊ နင်ချီက သူ့ကို စိုက်ကြည့်ရင်း မေးလိုက်၏။
“ခင်ဗျားကို ကျွန်တော့် စိတ်ကြိုက် စီရင်ခွင့် ပေးမယ်ဆိုတာ တကယ်ပဲလား...”
ဝေဝူယာက ပြန်ဖြေလိုက်သည်။
“အစစ်အမှန်ပါပဲ...”
“ဘာပဲဖြစ်ဖြစ်... ခင်ဗျားက တစ်ချိန်တုန်းက တသားတည်းဖြစ်ခြင်း နယ်ပယ်ရဲ့ မဟာစွမ်းအားရှင် တစ်ယောက် ဖြစ်ခဲ့တာပဲ။ ခင်ဗျားကို ကျွန်တော့်ဘေးမှာ ထားဖို့ဆိုရင် အန္တရာယ်က ကြီးလွန်းတယ်။ အဲဒီတော့ ခင်ဗျားရဲ့ မူလဝိညာဉ် အစိတ်အပိုင်း တစ်ခုကို ကျွန်တော့်ရဲ့ ထိန်းချုပ်မှုအောက် ထားဖို့ ခင်ဗျား သဘောတူလား...”
ဝေဝူယာသည် ဘဝအတွေ့အကြုံ များပြားသူပီပီ နင်ချီ ဘာကို စိုးရိမ်နေသနည်း ဆိုသည်ကို ကောင်းစွာ နားလည်သည်။
သို့သော် သူ၏ မူလဝိညာဉ် စွမ်းအားကို နင်ချီထံ အပ်နှံလိုက်ခြင်းသည် အနာဂတ်တွင် နင်ချီ၏ အစေအပါးအဖြစ်သာ နေထိုင်သွားရတော့မည်ဟု ဆိုလိုခြင်း ဖြစ်၏။
သူ ထပ်ကာထပ်ကာ တွေးတောနေမိသည်။ ထို့နောက် သတိလစ်နေသော ဖူချန်ကို တစ်ချက် အကြည့်ပို့လိုက်ပြီးနောက်၊ မျက်လုံးများကို မှိတ်ကာ ပြောလိုက်၏။
“နယ်မြေအရှင်သခင်ရဲ့ ဆန္ဒအတိုင်းပါပဲ...”
ဝေဝူယာ၏ ကြွင်းကျန်သော ဝိညာဉ်ပုံရိပ်ထဲမှ မူလဝိညာဉ် စွမ်းအားမျှင်တစ်ခု ကွဲထွက်လာပြီး နင်ချီ၏ နဖူးဆီသို့ ပျံသန်းဝင်ရောက်သွားသည်။
နင်ချီက ထိုစွမ်းအားကို သေသေချာချာ စစ်ဆေးပြီးနောက် လက်ခံလိုက်၏။
“ကျွန်တော် ..ခင်ဗျားကို ကတိပေးတယ်... သူ့ကို ကျွန်တော် လက်ခံမယ်။ အခု ခင်ဗျားက ကျွန်တော်တို့ ဘက်တော်သား ဖြစ်သွားပြီ ဆိုတော့... ခင်ဗျားရဲ့ ကျင့်ကြံမှုတွေ ပြန်ရလာအောင်လည်း ကျွန်တော်.. ကူညီပေးမယ်...”
ထိုစကားကို ကြားသောအခါ ဝေဝူယာက ဦးညွှတ်လိုက်ပြီး...
“ဒါဆိုရင် ဒီလူအိုကြီးက ဆရာသခင်ကို ကျေးဇူးတင်ပါတယ်...”
“ကျွန်တော့်ကို နယ်မြေအရှင်သခင် လို့ပဲ ခေါ်ပါ... ခင်ဗျားလို လူအိုကြီး တစ်ယောက်က ကျွန်တော့်ကို ဆရာသခင် လို့ ခေါ်နေတာ ကြားရတာ နည်းနည်းတော့ နေရခက်လို့ပါ...”
ဝေဝူယာ၏ မျက်နှာထားသည် အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက်၊ နောက်ဆုံးတွင် ခါးသက်သက် ပြုံးလျက် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ... နယ်မြေအရှင်သခင်...”
---
ခြောက်လ ကြာပြီးနောက်...
မြေကြီး တုန်ခါလာပြီး ကောင်းကင်ယံရှိ တိမ်တိုက်များ စုစည်းသွားကာ၊ အဆုံးမရှိသော ပုံရိပ်ကြီးတစ်ခု ဖွဲ့တည်လာသည်။ ဒါက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပြန်လည် ပေါ်ထွက်လာခြင်း ဖြစ်၏။
တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်းရှိ ဝိညာဉ်နယ်မြေ အသီးသီးမှ ကျင့်ကြံသူများသည် ကောင်းကင်သို့ တပြိုင်နက်တည်း မော့ကြည့်လိုက်ကြ၏။
စစ်ပွဲကြီး နောက်ဆုံးတော့ စတင်ပြီ ဖြစ်ကြောင်း သူတို့ သိလိုက်ကြလေပြီ။
“စစ်မြေပြင် နယ်မြေကို တည်ဆောက်ပြီးပြီ... တိုက်ပွဲမှာ ပါဝင်ဖို့ အမြန်ဆုံး ချီတက်ကြလော့...”
ခြောက်လတာ ကာလအတွင်း... ဝိညာဉ်နယ်မြေ အသီးသီးမှ သာမန်ဂိုဏ်းများနှင့် ဂိုဏ်းမဲ့ ကျင့်ကြံသူ အားလုံးနီးပါးသည် နယ်မြေအတွင်းရှိ အင်အားအကြီးဆုံး ဂိုဏ်းများနှင့် ပူးပေါင်းခဲ့ကြပြီး၊ သတ်မှတ်ထားသော နေရာအချို့တွင် စုဝေးခဲ့ကြ၏။
ဒါက ကမ္ဘာ့ဆန္ဒတော်အတွက်လည်း အဆင်ပြေစေသည်။ ဂိုဏ်းတိုင်းအတွက် ကမ္ဘာ့ဝင်ပေါက်များကို လိုက်လံ ဖွင့်ပေးနေစရာ မလိုတော့ပေ။
ဝိညာဉ်နယ်မြေ တစ်ခုစီရှိ သတ်မှတ်ထားသော နေရာအချို့တွင်သာ ဝင်ပေါက်များကို ဖွင့်ပေးလိုက်ရုံပင်။
ကြီးမားသော ဝိညာဉ်နယ်မြေများတွင် အင်မော်တယ် ဂိုဏ်းများစွာ ရှိတတ်ပြီး ၎င်းတို့ကြားတွင် ပဋိပက္ခများ ရှိနေသဖြင့်၊ သူတို့သည် စစ်မြေပြင်သို့ အတူတူ သွားရန် မဖြစ်နိုင်ပေ။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် ဤအခြေအနေကို နားလည်ပြီး၊ လူတိုင်းကို ဝင်ပေါက်တစ်ခုတည်းမှ သွားရန် အတင်းအကျပ် မတိုက်တွန်းပေ။
သို့မဟုတ်ပါက... ကျယ်ပြန့်သော ကမ္ဘာမှ ရန်သူများနှင့် မတွေ့ခင်မှာပင်၊ ဂိုဏ်းအချင်းချင်း စစ်မြေပြင်သို့ သွားရာလမ်းတွင် တိုက်ခိုက်နေကြပေလိမ့်မည်။
နောက်ဆုံးတွင် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က နောက်ထပ် အမိန့်တော် တစ်ခု ထုတ်ပြန်လိုက်သည်။
“မင်းတို့ ဂိုဏ်းတွေကြားမှာ ဘယ်လို ရန်ငြိုးတွေပဲ ရှိနေပါစေ... ဒီကမ္ဘာထဲမှာတော့ အချင်းချင်း မတိုက်ရဘူး။ အကယ်၍ ငါ ရှာတွေ့ခဲ့ရင်...ပြည်နှင်ဒဏ် ပေးခံရမယ်၊ တောင်နှင့် ပင်လယ် ကမ္ဘာကို ဘယ်တော့မှ ပြန်လာခွင့် ရမှာ မဟုတ်ဘူး...”
ဤကဲ့သို့ ပြင်းထန်သော ပြစ်ဒဏ်များကို သတ်မှတ်ပေးခြင်းမှာ ဂိုဏ်းများအားလုံး ကျယ်ပြန့်သော ကမ္ဘာ ဘက်သို့သာ အာရုံစိုက်စေရန် ဖြစ်၏။
သေချာသည်မှာ... စစ်မြေပြင် နယ်မြေသည် တောင်နှင့် ပင်လယ် ကမ္ဘာ၊ ကျယ်ပြန့်သော ကမ္ဘာ နှင့် နယ်မြေများ ပင်လယ် တို့၏ စုပေါင်း စွမ်းအားများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ရာ၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် ထိုနေရာရှိ အရာအားလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိပေ။
ထို့ကြောင့် ထိုနေရာသို့ ရောက်သောအခါ၊ ဂိုဏ်းများသည် ၎င်း၏ ညွှန်ကြားချက်များအတိုင်း လိုက်နာချင်မှ လိုက်နာကြပေလိမ့်မည်။
---
ဖူယောင် နယ်မြေ၊
စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း မှ ဘိုးဘေးကြီး စစ်ခုန်ချင်း သည် နက်ရှိုင်းသော သစ္စာတရား နယ်မြေ ဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ... စစ်မြေပြင် နယ်မြေသည် လက်ရှိ အချိန်တွင် တသားတည်းဖြစ်ခြင်း နယ်ပယ် မဟာစွမ်းအားရှင်များကို လက်ခံနိုင်စွမ်း မရှိသေးပေ။
သို့မဟုတ်ပါက... သူသည် သေချာပေါက် အကန့်အသတ်မဲ့ ဓားဂိုဏ်း မှ နင်ချီကို ရှာဖွေပြီး အတိတ်က ရန်ငြိုးဟောင်းများကို လက်စားချေပေလိမ့်မည်။
ပထမအချက်မှာ... သူ၏ လက်အောက်မှ ပြီးပြည့်စုံခြင်းအဆင့်ရှိ အကြီးအကဲ လေးဦးသည် နင်ချီ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ဒုတိယအချက်မှာ... သူ့ကို သတ်မတတ် ဖြစ်ခဲ့သော သခင်ကျန့်ရွှမ် သည် နင်ချီနှင့် ပတ်သက်နေသည်မှာ သေချာသဖြင့်၊ ဤလက်စားချေမှုကို မလုပ်ဘဲ မနေနိုင်ပေ။
ယခုတစ်ကြိမ်တွင်မူ သခင်ကျန့်ရွှမ်သည် နင်ချီကို ဆက်လက် ကာကွယ်ပေးနိုင်လိမ့်မည်ဟု စစ်ခုန်ချင်း မယုံကြည်ပေ။
သူ့အမြင်အရ... သခင်ကျန့်ရွှမ်သည် အခြားကမ္ဘာမှ အင်မော်တယ်ဂိုဏ်းတစ်ခု၏ သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ပြီး၊ သူ နင်ချီကို ကာကွယ်ပေးနေခြင်းမှာ နင်ချီသည် နက်ရှိုင်းသော သစ္စာတရား နယ်မြေတွင် သူတို့ ချထားသော နယ်ရုပ်လေး တစ်ရုပ် ဖြစ်နေသောကြောင့် ဖြစ်၏။
သို့သော် ယခုအခါ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်၏ ဝင်ရောက် စွက်ဖက်မှုကြောင့်... နယ်မြေအသီးသီး၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် စစ်မြေပြင်နယ်မြေ ဖွင့်လှစ်ပြီးနောက် နယ်မြေကျော် သွားလာခြင်းကို တားမြစ်ထားသည်။
ထို့ကြောင့် သခင်ကျန့်ရွှမ်သည်လည်း ကန့်သတ်ခံရမည် ဖြစ်ပြီး၊ သူ နေထိုင်ရာ ဝိညာဉ်နယ်မြေမှသာ စစ်မြေပြင်သို့ ဝင်ရောက်နိုင်မည် ဖြစ်၏။
ဖူယောင် နယ်မြေ နှင့် နက်ရှိုင်းသော သစ္စာတရား နယ်မြေ တို့သည် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့်၊ စစ်ခုန်ချင်း အနေဖြင့် စစ်မြေပြင်တွင် နင်ချီနှင့် ဆုံတွေ့ရန် အခွင့်အလမ်း မြင့်မားသော်လည်း၊ သခင်ကျန့်ရွှမ်မှာမူ အိမ်နီးချင်း နယ်မြေတစ်ခုမှ ဖြစ်ရန် မလွယ်ကူပေ။
စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း၏ စစ်ချီအဖွဲ့တွင် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ အမြောက်အမြားနှင့် ခြေလှမ်းဝက် တသားတည်းဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူ အချို့ပင် ပါဝင်သည်။ သို့သော် စစ်ခုန်ချင်းသည် သူတို့အား နင်ချီ သို့မဟုတ် အကန့်အသတ်မဲ့ ဓားဂိုဏ်းကို တိုက်ရိုက် ပစ်မှတ်ထားရန် အမိန့်မပေးခဲ့ပေ။
နင်ချီသည် သူ၏ လက်အောက်မှ အကြီးအကဲ လေးဦးကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သဖြင့်၊ သူ့လက်အောက်မှ လူများမှာလည်း နင်ချီကို ယှဉ်နိုင်မည် မဟုတ်ကြောင်း စစ်ခုန်ချင်း သိရှိထားသောကြောင့် ဖြစ်၏။
ထို့နောက်... နယ်မြေအသီးသီးမှ ကျင့်ကြံသူများသည် စစ်မြေပြင် ဝင်ပေါက်များအတွင်းသို့ တပြိုင်နက်တည်း ဝင်ရောက်သွားကြ၏။
နက်ရှိုင်းသော သစ္စာတရား မဟာမိတ် ဌာနချုပ်တွင်မူ၊ နင်ချီသည် လက်ကို ဝှေ့ယမ်းလိုက်သည်။
သူ့နောက်ကွယ်ရှိ နက်ရှိုင်းသော သစ္စာတရား နယ်မြေ၏ စစ်တပ်ကြီးသည်လည်း တညီတညွတ်တည်း စစ်မြေပြင်အတွင်းသို့ ချီတက် ဝင်ရောက်သွားကြလေတော့၏...။
အခန်း (၆၉၉) - ဆုံမှတ်များ
~နက်ရှိုင်းသော သစ္စာတရား နယ်မြေ…
ဝိညာဉ်နယ်မြေ စစ်တပ်.. တစ်ခုပြီးတစ်ခုသည် စစ်မြေပြင်နယ်မြေအတွင်းသို့ အသီးသီး ချီတက်ဝင်ရောက်သွားကြသည်။
နယ်မြေတစ်ခုသည် ပိုမိုအင်အားကြီးမားလေ၊ ၎င်းအတွင်း၌ တည်ရှိသော အင်မော်တယ်ဂိုဏ်း အရေအတွက်မှာလည်း ပိုမိုများပြားလေဖြစ်၏။
သူတို့ စေလွှတ်လိုက်သော ပုဂ္ဂိုလ်များထဲတွင် ပေါင်းစည်းခြင်း နယ်ပယ် ကျွမ်းကျင်သူများသည် နဂါးများသဖွယ် အုပ်စုလိုက် ပါဝင်နေကြသည်။ ထိုအထဲတွင် ထိပ်တန်းအဆင့်ရှိသော ဘိုးဘေးကြီးများနှင့် အထွတ်အထိပ် ဘိုးဘေးကြီးများစွာ ပါဝင်ကြ၏။
တောင်နှင့် ပင်လယ် ကမ္ဘာ၏ တိုက်ကြီး အလယ်ဗဟိုတည့်တည့်တွင် ကောင်းကင်ယံကို ထိုးဖောက်ထားသော တောင်ထွတ် တစ်ခု ရှိပြီး၊ ၎င်းကို "မိုးထိတောင်ထွတ်"ဟု ခေါ်ဆိုကြသည်။
မိုးထိတောင်ထွတ် သည် မြေပြင်နှင့် ကောင်းကင်ကို ဆက်သွယ်ပေးထားပြီး၊ တောင်နှင့် ပင်လယ် ကမ္ဘာအတွင်း အမြင့်ဆုံးသော တောင်ထွတ် ဖြစ်၏။
ဤအခိုက်အတန့်တွင်... ခန့်ညားထည်ဝါပြီး ဝေဝါးနေသော ပုံရိပ်တစ်ခုသည် ထိုတောင်ထွတ်ပေါ်တွင် ရပ်နေသည်။ သူ့ကို ကြယ်တာရာများက ဝန်းရံထားပြီး မည်သူမျှ သေသေချာချာ မမြင်နိုင်ပေ။
ထိုပုံရိပ်သည် ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းဆီသို့ စူးစိုက်ကြည့်နေ၏။
တောင်နှင့် ပင်လယ် ကမ္ဘာ၏ ကျယ်ပြောလှသော ပင်လယ်ပြင်ထက်၌လည်း အလွန်ခမ်းနားသော ရေပေါ်နန်းတော်ကြီးတစ်ခု ရှိနေသည်။
ဤနန်းတော်ကို အဆုံးမရှိသော လှိုင်းလုံးများနှင့် ရေခဲတိုင်ကြီးများက ထောက်မထားပြီး၊ မိုးထိတောင်ထွတ်ထက်ပင် ပိုမိုမြင့်မားနေသကဲ့သို့ ထင်ရသည်။
လရောင်မြူခိုးများ လွှမ်းခြုံထားသော ပုံရိပ်တစ်ခုသည် မိုးထိတောင်ထွတ် ရှိရာဘက်သို့ တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။
ထိုပုံရိပ်၏ ကြီးမားသော အရှိန်အဝါသည် ပင်လယ်ပြင် ဆယ်ခုအတွင်းရှိ လှိုင်းလုံးများကို ရေခဲပြင်ကဲ့သို့ ငြိမ်သက်သွားစေနိုင်စွမ်း ရှိသည်။
စစ်မြေပြင်သို့ မဝင်ရောက်ရသေးသူများသည် ထိုပုံရိပ်နှစ်ခုကို ခိုးကြည့်မိကြသော်လည်း၊ အထွတ်အထိပ် ဘိုးဘေးကြီးများပင် ဖြစ်စေကာမူ ထိုသူတို့ကို မျက်လုံး တည့်တည့်မကြည့်ရဲကြပေ။
သူတို့၏ နှလုံးသားထဲတွင် ထိုပုံရိပ်နှစ်ခုသည် ရှေးဟောင်းဒဏ္ဍာရီလာ ဘွဲ့အမည်များကို ကိုယ်စီ ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့မှာ "တောင်ဘိုးဘေးကြီး" နှင့် "ပင်လယ်ဘိုးဘေးကြီး"တို့ပင် ဖြစ်ကြလေ၏။
---
ကျယ်ပြန့်သော ကမ္ဘာ။
ကျယ်ပြန့်သော ကမ္ဘာ နှင့် တောင်နှင့် ပင်လယ် ကမ္ဘာ တို့သည် အရွယ်အစားအားဖြင့် ဆင်တူကြပြီး နှစ်ခုစလုံးမှာ ဝိညာဉ်နယ်မြေကြီးများ ဖြစ်ကြသည်။
လွန်ခဲ့သော ခြောက်လက ကမ္ဘာနှစ်ခုကြား စစ်မြေပြင်ကို စတင် တည်ဆောက်ချိန်မှ စ၍၊ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်သည် ၎င်းအတွင်းရှိ ဂိုဏ်းများကို စုစည်းခဲ့၏။
သို့သော် တောင်ဘိုးဘေးကြီးနှင့် ပင်လယ်ဘိုးဘေးကြီးတို့ ပူးပေါင်းအုပ်ချုပ်သော တောင်နှင့် ပင်လယ် ကမ္ဘာနှင့် မတူညီသည်မှာ၊ ကျယ်ပြန့်သော ကမ္ဘာတွင်မူ ဂိုဏ်းတစ်ခုတည်းကသာ လွှမ်းမိုးထားခြင်း ဖြစ်၏။ ၎င်းမှာ "ကျယ်ပြန့်သော အင်မော်တယ်ဂိုဏ်း"ပင် ဖြစ်၏။
"ကျယ်ပြန့်သော ကမ္ဘာ" ဟူသော အမည်မှာပင် ထိုဂိုဏ်း၏ အမည်မှ ဆင်းသက်လာသည်ဟု ဆိုကြသည်။
ကျယ်ပြန့်သော အင်မော်တယ်ဂိုဏ်းသည် ကမ္ဘာ၏ အလယ်ဗဟိုတွင် ပျံဝဲနေပြီး၊ ၎င်း၏ နယ်မြေသည် ဝိညာဉ်နယ်မြေ ဒါဇင်ပေါင်းများစွာကို လွှမ်းခြုံထားရာ ကျင့်ကြံသူအားလုံး အားကျရသော နေရာတစ်ခုဖြစ်၏။
၎င်း၏ အဆင့်အတန်းမှာ "အစစ်အမှန်သိုင်း ကမ္ဘာ"ရှိ "အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်း" နှင့် ဆင်တူလှသည်။
ယခုတစ်ကြိမ် ကမ္ဘာနှစ်ခုကြား စစ်ပွဲကို တောင်နှင့် ပင်လယ် ကမ္ဘာဘက်မှ စတင်ခဲ့ခြင်း ဖြစ်သဖြင့်၊ ကျယ်ပြန့်သော ကမ္ဘာမှာ ရန်သူကို မတတ်သာ၍ ရင်ဆိုင်ရခြင်း ဖြစ်၏။
သို့သော်လည်း ကျယ်ပြန့်သော အင်မော်တယ်ဂိုဏ်းသည် တိုက်ပွဲကို မကြောက်ပေ။
တောင်နှင့် ပင်လယ် ကမ္ဘာမှ သူများ စစ်မြေပြင်သို့ ချီတက်လာချိန်တွင်၊ ကျယ်ပြန့်သော အင်မော်တယ်ဂိုဏ်း၏ တောင်ပေါ်မှ နတ်ဘုရားတေးသံများနှင့် စည်တီးသံများ မြည်ဟီးလာခဲ့သည်။
စကားလုံး တစ်လုံးတည်းသာ ထွက်ပေါ်လာသည်။
“တိုက်ခိုက်ကြ...”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ကျယ်ပြန့်သော ကမ္ဘာရှိ နယ်မြေအသီးသီးမှ ကျင့်ကြံသူများသည် စိတ်ဓာတ်တက်ကြွလာပြီး တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။
“ကျယ်ပြန့်သော ကမ္ဘာကို ကာကွယ်ဖို့ သေသည်အထိ တိုက်ပွဲဝင်ပါ့မယ်...”
ထို့နောက် ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများသည်လည်း စစ်မြေပြင်အတွင်းသို့ ချီတက်ဝင်ရောက်သွားကြတော့သည်။
---
ဟင်းလင်းပြင်ကို ဖြတ်သန်းရင်း၊ တောင်တန်းနှင့် မြစ်ချောင်းများ ပုံရိပ်များ ပြောင်းလဲသွား၏။
နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ ကျင့်ကြံသူအားလုံးသည် နင်ချီ၏ ဦးဆောင်မှုအောက်တွင် (၁၅) မိနစ်ခန့် ကြာမြင့်သော နေရာရွှေ့ပြောင်းမှုကို ဖြတ်သန်းပြီးနောက်၊ နေ့အလင်းရောင်ကို နောက်တစ်ကြိမ် မြင်တွေ့လိုက်ရသည်။
လူတိုင်းသည် စစ်မြေပြင်ရှိ ခြောက်သွေ့သော မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။
စစ်မြေပြင်သို့ ရောက်ရှိသည်နှင့် တပြိုင်နက်၊ အတွင်းရှိ စွမ်းအင်များ ဖရိုဖရဲ ဖြစ်နေသည်ကို သူတို့ ချက်ချင်း အာရုံခံမိလိုက်ကြ၏။
၎င်းမှာ နေသားကျနေသော ရေပြင်မှ အပူချိန်နှင့် အနေအထား လုံးဝမတူညီသော နေရာသစ်သို့ ရုတ်တရက် ရောက်ရှိသွားသော ငါးအုပ်စုကဲ့သို့ပင်။ မသက်မသာ ခံစားချက်ကို ဖြစ်ပေါ်စေသည်။
သို့သော်လည်း မဟာမိတ်ခေါင်းဆောင်ကြီး နင်ချီ၏ နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်မှုများကြောင့် သူတို့ ဖျတ်လတ်စွာ တုံ့ပြန်နိုင်ခဲ့ကြသည်။
ဆင်းသက်လိုက်သည်နှင့် တပြိုင်နက် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် မဟာအခင်းအကျင်းကြီးတစ်ခုအသွင် ချက်ချင်း ပုံဖော်လိုက်ကြ၏။
“ဝုန်း...”
ခြေလေးဖက်ပါသော ကျားငါးမန်းနှင့် တူသည့် သားရဲကြီးတစ်ကောင်မှာ အနီးအနားတွင် ရှိနေသည်။
လူအုပ်ကြီး ပေါ်လာသည်နှင့် ၎င်းသည် ဟင်းလင်းပြင်ထဲမှ အနံ့ကို ရရှိလိုက်ပုံရသည်။
၎င်းသည် ဧရာမ လေဒိုင်ခွင်ကြီးနှင့် တူသော ၎င်း၏ ငါးမြီးကို ယမ်းလိုက်ပြီး၊ ဥက္ကာခဲတစ်ခုကဲ့သို့ ဖျတ်လတ်စွာ ပြေးဝင်လာကာ ကိုက်ခဲရန် ကြိုးစားတော့၏။
ထိုသားရဲကြီးမှာ အလျား ပေသုံးထောင်၊ အနံ ပေငါးရာ ရှိပြီး၊ ဟက်ခနဲ ပွင့်သွားသော ပါးစပ်အတွင်း၌ တောင်ငယ်လေးများပမာ ကြီးမားသော သွေးရောင်ထက်ရှသည့် သွားတန်း ငါးတန်း ရှိနေသည်။
၎င်း၏ ပတ်ဝန်းကျင်တွင် မီးခိုးရောင် မြူခိုးများ ဝိုင်းရံနေပြီး အလွန်ပင် နိမိတ်မကောင်းသော ပုံစံရှိသည်။
“ဒိုင်း...”
နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ ကျင့်ကြံသူများသည် တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြရာ၊ မီးရှူးမီးပန်းများပမာ သိုင်းကွက်များက ကျားငါးမန်း သားရဲကြီးပေါ်သို့ ကျရောက်ကာ ပေါက်ကွဲသွားတော့၏။
ပြေးဝင်လာသော ကျားငါးမန်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်တန့်သွားသည်။
ချက်ချင်းပင် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြီးမားသော အက်ကြောင်းများ ပေါ်ထွက်လာပြီး၊ အပေါ်မှ သွေးများ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။
သားရဲကြီးမှာ အသည်းအသန် အော်ဟစ်ရင်း ထွက်ပြေးရန် ကြိုးစားသော်လည်း၊ တစ်စုံတစ်ခု၏ ချုပ်နှောင်ခြင်းကို ခံထားရကြောင်း သိလိုက်ရ၏။
ထိတ်လန့်ဖွယ်ရာ ပေါင်းစပ်ဓားအလင်းတန်း တစ်ခုက ၎င်းကို အပိုင်းပိုင်း ဖြတ်တောက်လိုက်ပြီး၊ ပြန့်ကျဲနေသော သွေးများကိုပင် အစအန မကျန်အောင် ချေမှုန်းပစ်လိုက်သည်။
စစ်မြေပြင်သို့ ရောက်ရှိသည်နှင့် ထိပ်တိုက်တွေ့ခဲ့သော သားရဲကြီးမှာ နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ လူများကို တစ်ကြိမ်သာ တွေ့ဆုံခွင့် ရလိုက်တော့သည်။
လူအုပ်ကြီးမှာ စစ်အင်အားကို ပြန်လည်စုစည်းပြီးမှသာ စစ်မြေပြင်ကို စူးစမ်းရန် အချိန်ရတော့၏။
အတွင်းပိုင်းမှာ ခြောက်သွေ့နေခြင်း မဟုတ်ဘဲ၊ ပြင်ပကမ္ဘာကဲ့သို့ပင် တောင်များနှင့် မြစ်ချောင်းများ ရှိနေသည်။
တစ်ခုတည်းသော ခြားနားချက်မှာ အတွင်းရှိ ဖရိုဖရဲ ဖြစ်နေသော စွမ်းအင်များပင်။ ၎င်းတွင် တောင်နှင့် ပင်လယ် ကမ္ဘာ၏ စွမ်းအင်၊ ကျယ်ပြန့်သော ကမ္ဘာ၏ ဖိနှိပ်စွမ်းအင်နှင့် နယ်မြေများ ပင်လယ်၏ ရှုပ်ထွေးသော စွမ်းအင်များ ရောနှောနေလေသည်။
ထို့ကြောင့် ဤစွမ်းအင် သုံးမျိုးကြားတွင် သူတို့၏ သိုင်းစွမ်းရည်များမှာ များစွာ အဟန့်အတား ဖြစ်နေ၏။
သားရဲကြီးကို ရှင်းလင်းပြီးနောက်၊ သတင်းထောက်လှမ်းခြင်း ကျွမ်းကျင်သော ကျင့်ကြံသူများသည် အရပ်မျက်နှာ အသီးသီးသို့ ပျံသန်းသွားကြသည်။
သူတို့သည် လေ့ကျင့်ထားသည့် နည်းလမ်းများကို အသုံးပြု၍ စစ်မြေပြင်အတွင်းမှ သတင်းများကို စုဆောင်းကြသည်။
မကြာမီ သတင်းများ တစ်ခုပြီးတစ်ခု ရောက်ရှိလာ၏။
သတင်းများကို စုစည်းပေးရသူမှာ ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း ၏ ဂိုဏ်းချုပ် ရှရှင်း ဖြစ်၏။
ထိုဂိုဏ်းတွင် ကြယ်ကြည့်နည်းပညာ ရှိသဖြင့်၊ ကြယ်စွမ်းအားကို အသုံးပြု၍ ဝေးကွာသော နေရာများကို သာမန်မျက်စိ သို့မဟုတ် မူလဝိညာဉ်အာရုံဖြင့် မမြင်နိုင်သော အရာများကိုပင် စောင့်ကြည့်နိုင်သည်။
သူသည် နင်ချီ၏ ရှေ့သို့ ချဉ်းကပ်ကာ ဦးညွှတ်လျက် တင်ပြလိုက်၏။
“မဟာမိတ်ခေါင်းဆောင်ကြီးကို အစီရင်ခံပါတယ်... စစ်မြေပြင်အတွင်းက ပထမဆုံး သတင်းအချက်အလက်တွေကို စုစည်းပြီးပါပြီ။”
ထိုအခါ၊ နင်ချီက ခေါင်းညိတ်ပြကာ “အားလုံး ကြားအောင် ပြောလိုက်ပါ” ဟု ဆိုလိုက်သည်။
ထို့နောက် ရှရှင်းက ချောင်းတစ်ချက် ဟန့်လိုက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။
“ကျွန်တော်တို့ စမ်းသပ်ချက်တွေအရ... စစ်မြေပြင်အတွင်းကို ရောက်တာနဲ့ ပေါင်းစည်းခြင်း နယ်ပယ် ကျွမ်းကျင်သူတွေရဲ့ စိတ်အာရုံဟာ မိုင်တစ်ရာအတွင်းမှာပဲ ကန့်သတ်ခံထားရပါတယ်။ သိုင်းကွက်တွေရဲ့ စွမ်းအားနဲ့ ထိရောက်တဲ့ အကွာအဝေးဟာလည်း ထက်ဝက်လောက်အထိ လျော့ကျသွားပါတယ်...”