← Chapters

အခန်း (၇၀၀-၇၀၂)

Vol. 47 Ch. 700-702

အခန်း (၇၀၀-၇၀၂)

Vol. 47 Ch. 700-702

အခန်း (၇၀၀) - ဆုံမှတ်များ (အပိုင်း ၂)

~“မူလဝိညာဉ် နယ်ပယ်မှာ ရှိတဲ့ ကျင့်ကြံသူတွေကတော့ ပိုပြီးတော့တောင် ပြင်းပြင်းထန်ထန် ဖိနှိပ်ခံထားရတာပေါ့။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေး အဖွဲ့က စုဆောင်းထားတဲ့ ပဏာမ သတင်းအချက်အလက်တွေပဲ ရှိပါသေးတယ်။ ပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲလာတာနဲ့အမျှ ဒီဖိနှိပ်မှုတွေကလည်း ပြောင်းလဲသွားနိုင်ပါတယ်”

ရှရှင်း၏ စကားကို ကြားသောအခါ လူအုပ်ကြီးသည် ယခင်က သူတို့ကို တိုက်ခိုက်ခဲ့သော ကျားငါးမန်း သားရဲကြီး အကြောင်းကို ပြန်လည် စဉ်းစားမိကြသည်။

ထိုသားရဲကြီးသည် "ဟင်းလင်းပြင် လမ်းစဉ် နှောင်းပိုင်းအဆင့်" မျှသာ ရှိသော်လည်း၊ ၎င်းကို နှိမ်နင်းရန်အတွက် သူတို့အနေဖြင့် သာမန်ထက် ပိုမို အားစိုက်ထုတ်ခဲ့ရသည် မဟုတ်ပါလော။

ထို့နောက် ရှရှင်းက ဆက်ပြော၏။

“ကျွန်တော်တို့ရဲ့ ကနဦး တွက်ချက်မှုတွေအရ... ဒီနေရာဟာ ကျယ်ပြန့်သော ကမ္ဘာက ကျင့်ကြံသူတွေကိုလည်း အလားတူပဲ ဖိနှိပ်ထားမှာပါ။ ဒါကြောင့် ခင်ဗျားတို့ အလွန်အမင်း စိုးရိမ်မနေကြပါနဲ့”

ထိုစကားကြောင့် လူတိုင်း၏ မျက်နှာထက်တွင် စိုးရိမ်စိတ်များ အနည်းငယ် လျော့ပါးသွားကြသည်။

ရှရှင်းက ဆက်လက် ရှင်းပြလာ၏။

“ဒီနေရာမှာ အကျိုးကျေးဇူးတွေကော.. ရှိလားလို့ ခင်ဗျားတို့ သိချင်နေကြမှာပါ။ အဖြေကတော့... ရှိတာပေါ့။ ဒီနေရာက ဝိညာဉ်စွမ်းအင်တွေဟာ အသစ် ပြန်ဖြစ်လာတဲ့ နက်ရှိုင်းသော သစ္စာတရား နယ်မြေထက်တောင် ပိုပြီး သိပ်သည်းဆ မြင့်မားသလို ပိုပြီးတော့လည်း ကြွယ်ဝပါတယ်။ ပြီးတော့ ပြင်ပကမ္ဘာမှာ မမြင်ဖူးတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေလည်း အများကြီး ရှိနေပါတယ်။ ဒါကြောင့် ခင်ဗျားတို့ တွေ့သမျှ ရတနာတွေကို စုဆောင်းထားကြပါ”

“ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ... ခင်ဗျားတို့ ရှာတွေ့တဲ့ အမည်မသိ ပစ္စည်း မှန်သမျှကို ကျွန်တော်တို့ရဲ့ စမ်းသပ်စစ်ဆေးရေးအဖွဲ့ဆီ အရင်ပေးအပ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့မှာ ဆေးဖော်စပ်ခြင်းနဲ့ လက်နက်သွန်းလုပ်ခြင်း ကျွမ်းကျင်တဲ့ မိတ်ဆွေတွေ ရှိနေပြီးသားမို့လို့၊ အဲဒီပစ္စည်းတွေက ဘာအတွက် အသုံးဝင်သလဲဆိုတာကို သူတို့က ဆုံးဖြတ်ပေးပါလိမ့်မယ်”

ထိုအမည်မသိ ပစ္စည်းများသည် ကျယ်ပြန့်သော ကမ္ဘာမှ ထွက်ကုန်များ ဖြစ်နိုင်သလို၊ နယ်မြေများ ပင်လယ်အတွင်းမှ ပါလာသော အရာများလည်း ဖြစ်နိုင်ကြောင်း လူအများက ခန့်မှန်းလိုက်ကြသည်။

ရှရှင်း၏ စနစ်တကျ ရှိလှသော သတင်းစုဆောင်းမှုအပေါ် နင်ချီက အလွန် ကျေနပ်သွားပြီး ကြားဝင် ပြောကြားလိုက်၏။

“အမည်မသိ ပစ္စည်းတွေကို ရှာတွေ့ပြီး ထောက်လှမ်းရေးဌာနဆီ ပထမဆုံး လာရောက် အပ်နှံတဲ့သူကို... နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့ အနေနဲ့ ထိုက်တန်တဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ ပြန်လည် ဆုချပေးသွားပါမယ်”

ထိုစကားကို ကြားသောအခါ လူတိုင်း ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။

မဟာမိတ်ခေါင်းဆောင်ကြီး၏ နောက်သို့ လိုက်ပါရခြင်းမှာ အမှန်တကယ်ပင် အကျိုးကျေးဇူး များလှပေ၏။

နင်ချီသည် ပတ်ဝန်းကျင် အခြေအနေကို ဆက်လက် အာရုံခံကြည့်လိုက်သည်။

သူ အံ့အားသင့်သွားရသည်မှာ... သူခံစားနေရသော ဖိနှိပ်မှုသည် အခြားသူများလောက် မပြင်းထန်ဘဲ၊ သူ၏ စွမ်းအား သုံးပုံတစ်ပုံခန့်သာ လျော့နည်းသွားခြင်း ဖြစ်၏။

အင်အား ထက်ဝက်ခန့်အထိ ဖိနှိပ်ခံထားရသော အခြားသူများနှင့် ယှဉ်လျှင် နင်ချီမှာ များစွာ သာလွန်နေသည်။

အနည်းငယ် စဉ်းစားကြည့်ပြီးနောက် နင်ချီ အကြောင်းရင်းကို သဘောပေါက်သွား၏။

သူ၏ ကျင့်ကြံမှုမှာ တောင်နှင့် ပင်လယ် ကမ္ဘာတစ်ခုတည်းမှ လာခြင်း မဟုတ်ဘဲ၊ အစစ်အမှန်သိုင်း ကမ္ဘာနှင့် နယ်မြေများ ပင်လယ်၏ စွမ်းအားများပါ ပါဝင်နေသောကြောင့် ဖြစ်၏။

ဘာပဲဖြစ်ဖြစ်... အစစ်အမှန်သိုင်း ကမ္ဘာသည် နယ်မြေများ ပင်လယ်ထဲမှ စည်းမျဉ်းများကို အဆက်မပြတ် ဆွဲယူပြီး မိမိကိုယ်ကိုယ် အားဖြည့်နေခြင်း ဖြစ်ရာ၊ ၎င်းက နင်ချီ၏ ဝင်စားခန္ဓာကိုယ်ကိုပါ သွယ်ဝိုက်သော နည်းလမ်းဖြင့် ပံ့ပိုးပေးနေခြင်းပင်။

အကယ်၍ သူသာ သူ၏ မူလခန္ဓာကိုယ်မှ စွမ်းအားများကို တိတ်တဆိတ် ငှားယူလိုက်မည်ဆိုပါက၊ ဖိနှိပ်မှုမှာ ယခုထက် ပိုမို နည်းပါးသွားပေလိမ့်မည်။

သူ့အပြင်... အစစ်အမှန်သိုင်း ကမ္ဘာမှ ဝင်စားလာသူ အားလုံးသည်လည်း တောင်နှင့် ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူများထက် ပိုမို သက်သာသော အခြေအနေတွင် ရှိနေကြ၏။

နင်ချီသည် ကောင်းကင်သို့ ပျံတက်သွားပြီး သူ၏ မူလဝိညာဉ် အာရုံကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လိုက်သည်။

သူ၏ စိတ်အာရုံသည် မိုင် (၃၀၀) ခန့်အထိ လွှမ်းခြုံနိုင်ပြီး ၊ သာမန် "ပေါင်းစည်းခြင်း နယ်ပယ်" ကျင့်ကြံသူ တစ်ဦးထက် နှစ်ဆခန့် ပိုမို ကျယ်ပြန့်ပါ၏။

နင်ချီသည် သူ၏ စိတ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး တိတ်တဆိတ် စဉ်းစားလိုက်မိသည်။

စောစောက အာရုံခံစားမှုအရ နင်ချီသည် အရာရာကို ပိုမို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

ဤစစ်မြေပြင် နယ်မြေသည် တောင်နှင့် ပင်လယ် ကမ္ဘာ သို့မဟုတ် ကျယ်ပြန့်သော ကမ္ဘာတို့၏ ဝိညာဉ်နယ်မြေများကဲ့သို့ စည်းမျဉ်းများ ပြည့်စုံနေခြင်း မဟုတ်ပေ။

၎င်းသည် စစ်ပွဲအတွက် သီးသန့် ပြင်ဆင်ထားခြင်း ဖြစ်ရာ၊ အစစ်အမှန်သိုင်း ကမ္ဘာနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ပေ။

သို့သော်လည်း ၎င်းအတွင်းရှိ စွမ်းအင်နှင့် စည်းမျဉ်းများသည် နယ်မြေများ ပင်လယ် အတွင်းရှိ အရာများထက် ပိုမို နူးညံ့သိမ်မွေ့၏။

ထို့ကြောင့် နင်ချီ စဉ်းစားမိသည်မှာ... အကယ်၍ သူသာ ဤစစ်မြေပြင်ရှိ ဟင်းလင်းပြင် အစိတ်အပိုင်း အမြောက်အမြားကို ဝါးမျိုနိုင်ခဲ့လျှင်၊ လက်ရှိ အစစ်အမှန်သိုင်း ကမ္ဘာသည် ၎င်းကို တိုက်ရိုက် စုပ်ယူနိုင်ပေလိမ့်မည်။

ဤကဲ့သို့ တိုးတက်သွားမည်ဆိုပါက... သူ၏ မူလခန္ဓာကိုယ် စွမ်းအားသည် စည်းမျဉ်းနယ်ပယ်၏ အောင်မြင်မှု အငယ်စား အဆင့်သို့ ရောက်ရှိရုံတင်မကဘဲ၊ အောင်မြင်မှု အကြီးစား အဆင့်သို့ပင် တဟုန်ထိုး တက်လှမ်းနိုင်ပေလိမ့်မည်။

ဤအချက်ကို တွေးမိသောအခါ နင်ချီသည် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်သွားပြီး၊ ၎င်းကို သူ၏ အနာဂတ် ရည်မှန်းချက်အဖြစ် သတ်မှတ်လိုက်တော့သည်။

သေချာသည်မှာ... ယခုလောလောဆယ်တွင် သူသည် နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ ကျင့်ကြံသူများနှင့် အတူ ရှိနေသဖြင့်၊ သူ၏ အစီအစဉ်များကို ထုတ်ဖော်၍ မဖြစ်ဘဲ ဖြည်းည်းချင်းသာ လုပ်ဆောင်ရမည် ဖြစ်၏။

ထို့ပြင် ကမ္ဘာကြီး နှစ်ခု၏ ဆန္ဒတော်များ၏ အာရုံစိုက်ခြင်းကို မခံရအောင်လည်း သတိထားရမည် ဖြစ်၏။ သို့မဟုတ်ပါက သေတွင်းထဲ ဆင်းသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

မကြာမီမှာပင် စစ်မြေပြင်ကို စူးစမ်းနေသော ကျင့်ကြံသူများထံမှ ဒုတိယမြောက် သတင်းများ ရောက်ရှိလာသည်။

ရှရှင်းက ဝမ်းသာအားရဖြင့် နင်ချီကို ပြောလိုက်သည်။

“မဟာမိတ်ခေါင်းဆောင်ကြီး... အနောက်ဘက်မှာ နယ်မြေဆုံမှတ် တစ်ခုကို ကျွန်တော်တို့ ရှာတွေ့ခဲ့ပါပြီ...”

"နယ်မြေဆုံမှတ်" ဆိုသည်မှာ ကမ္ဘာနှစ်ခုမှ ကျင့်ကြံသူများ စစ်မြေပြင်အတွင်း၌ အပြိုင်အဆိုင် လုယူရမည့် နေရာတစ်ခု ဖြစ်၏။

၎င်းသည် စစ်မြေပြင်အတွင်းရှိ နယ်မြေများကို သိမ်းပိုက်ရာတွင် အနိုင်ရမှတ်နှင့် တူလှသည်။

နယ်မြေဆုံမှတ် တစ်ခုကို သိမ်းပိုက်နိုင်ပြီး၊ ထိုနေရာတွင် "တောင်နှင့် ပင်လယ် ယဇ်ပလ္လင်" တစ်ခု တည်ဆောက်နိုင်ခဲ့လျှင်... တောင်နှင့် ပင်လယ် ကမ္ဘာ၏ ဆန္ဒတော်ကို ထိုနေရာသို့ ပိုမို ဆွဲဆောင်နိုင်မည်ဖြစ်ကာ၊ ကျယ်ပြန့်သော ကမ္ဘာ၏ ဆန္ဒတော်ကို တဖြည်းဖြည်း ဖိနှိပ်နိုင်မည် ဖြစ်၏။

၎င်းမှာ နယ်ရုပ်များ ရွှေ့သကဲ့သို့ပင်... ကျယ်ပြန့်သော ကမ္ဘာ၏ နယ်မြေအတွင်းသို့ တစ်လှမ်းချင်း ချဉ်းကပ်ကာ တဖြည်းဖြည်း ဝါးမျိုသွားခြင်း ဖြစ်၏။

ထို့ကြောင့် နင်ချီက လူတိုင်းကို ပြောလိုက်သည်။

“ဆုံမှတ်တစ်ခုကို ရှာတွေ့ပြီဆိုတော့... ကျွန်တော်တို့ရဲ့ နောက်ထပ် ပစ်မှတ်က အဲဒီနေရာပဲ”

“အဲဒီဆုံမှတ်မှာ သားရဲကြီးတွေ သေချာပေါက် ရှိနေမှာမို့လို့... အားလုံး သတိရှိကြပါ...”

ကျင့်ကြံသူ အားလုံးက တညီတညွတ်တည်း ပြန်လည် ဖြေကြားလိုက်ကြသည်။

“ဟုတ်ကဲ့ပါ...”

နင်ချီတွင် ထုတ်ဖော်မပြောရသေးသော စကားတစ်ခွန်း ရှိသေးသည်။ ၎င်းမှာ ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများ သာမက၊ တောင်နှင့် ပင်လယ် ကမ္ဘာ၏ အခြား နယ်မြေများမှ သူများကိုလည်း သတိထားရန်ပင် ဖြစ်၏။

အကယ်၍ အခြားသူများကပါ ထိုဆုံမှတ်ကို ရှာတွေ့သွားမည်ဆိုလျှင်... ပဋိပက္ခမှာ ရှောင်လွှဲ၍ ရမည် မဟုတ်ပေ။

သို့သော် ဤအချက်ကို လူတိုင်းလည်း နားလည်ပြီးသား ဖြစ်သည်။

သူတို့သည် ဤနေရာသို့ အပျော်ခရီး ထွက်လာခြင်း မဟုတ်သလို၊ သားရဲများကို လိုက်လံ အမဲလိုက်ရန် သက်သက် လာခြင်းလည်း မဟုတ်ပေ။ သူတို့၏ ရန်သူများထဲတွင် ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများနှင့် အခြားသော နယ်မြေမှ လူများလည်း ပါဝင်နေသည်။

နင်ချီက အမိန့်ပေးလိုက်၏။

“ဆုံမှတ်ဆီကို ချီတက်ကြပါ...”

“ဟုတ်ကဲ့...”

ချက်ချင်းပင်... ကျင့်ကြံသူ အားလုံးသည် ဒီရေအလား ရှေ့သို့ ဝုန်းခနဲ တိုးဝင် သွားကြတော့သည်။

သူတို့၏ အစီအစဉ်မှာ ဂိုဏ်းလိုက် စီတန်းခြင်း မဟုတ်ဘဲ၊ လွန်ခဲ့သော ခြောက်လက လေ့ကျင့်ထားသည့်အတိုင်း အဖွဲ့လိုက် ခွဲခြားထားခြင်း ဖြစ်ပါ၏။

သတင်းထောက်လှမ်းရေး အဖွဲ့၊ ရန်သူ့တိုက်ခိုက်မှုကို ခုခံမည့် ခံစစ်အဖွဲ့၊ တိုက်စစ်အဖွဲ့ နှင့် ပိတ်ဆို့ဖမ်းဆီးရေး အဖွဲ့ဟူ၍ စနစ်တကျ ဖွဲ့စည်းထားကြသည်။

ဖူချန်သည် နင်ချီနှင့် မနီးမဝေးတွင် ရှိနေသည်။

သူသည် နင်ချီ၏ ကျောပြင်ကို ကြည့်ရင်း ခေတ္တမျှ မိန်းမောသွားမိသည်။

ဖူချန်သည် အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် အတူ ရှိနေခဲ့သည်မှာ ငါးလခန့် ရှိပြီ ဖြစ်၏။

ထိုငါးလအတွင်း နင်ချီ၏ လမ်းညွှန်မှုကြောင့် သူသည် အကျိုးကျေးဇူး များစွာ ရရှိခဲ့ပြီး၊ ယခုအခါ "ဟင်းလင်းပြင် လမ်းစဉ် နှောင်းပိုင်းအဆင့်" သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူသည် နောက်ဆုံးတွင် သူ၏ ခေတ်ပြိုင်များနှင့် တန်းတူ ဖြစ်သွားခဲ့လေပြီ။

သို့သော် ထိုကာလအတွင်း နင်ချီသည် စွမ်းအားတွင်သာမက၊ သင်ကြားပြသမှုတွင်လည်း မည်မျှအထိ အစွမ်းထက်သလဲဆိုသည်ကို သူ အမှန်တကယ် နားလည်သွားခဲ့ရသည်။ နင်ချီသည် အရာရာ၏ အနှစ်သာရကို တိုက်ရိုက် ထောက်ပြနိုင်သဖြင့်၊ ကျင့်ကြံခြင်း လမ်းစဉ်ကို ရှင်းလင်းစွာ မြင်တွေ့စေနိုင်ပါ၏။

ထို့ပြင် နင်ချီ၏ သဘောထားကြီးမှုက ဖူချန့်အား.. မိမိကိုယ်ကိုယ် အားမလိုအားရ ဖြစ်စေခဲ့သည်။

နင်ချီသည် သူ့ကို လက်ခံပေးခဲ့ရုံတင်မကဘဲ၊ ကိုယ်တိုင်လည်း အကြိမ်ကြိမ် လမ်းညွှန်ပေးခဲ့သည်။

လမ်းညွှန်မှု ရတိုင်း ဖူချန်မှာ ရှက်ကိုးရှက်ကန်း ဖြစ်ရသည်။ သူနှင့် နင်ချီကြားမှ ကွာဟချက်ကို ပိုမို သိမြင်လာရသောကြောင့် ဖြစ်၏။

ဖူချန်ကို ကြောက်ရွံ့စေသော အချက်မှာ... မာနကြီးလှသော သူသည်ပင် နင်ချီကို စိတ်ထဲမှ တိတ်တဆိတ် လေးစားအားကျ စပြုလာခြင်းပင် ဖြစ်၏။

သူ့ဆရာ ဝေဝူယာမှာမူ ယခုတစ်ကြိမ် စစ်မြေပြင်သို့ အတူတူ လိုက်ပါလာခဲ့သည်။

သို့သော် ယခုအခါ ထိုအဘိုးအိုကြီးသည် ဖူချန်နှင့်အတူ မရှိတော့ဘဲ၊ နင်ချီ၏ လက်ရှိ လက်စွပ်အတွင်း၌ ကပ်ပါနေလေ၏။

ဖူချန် သိထားသည်မှာ... သူ့ဘေးတွင် နှစ်ပေါင်း တစ်ရာကျော် ရှိနေခဲ့သော သူ့ဆရာသည် ယခုအခါ နင်ချီနှင့် ခိုင်မာသော ပတ်သက်မှု တစ်ခု ရှိသွားပြီ ဖြစ်ကြောင်းပင်။

စစ်မြေပြင်သို့ မဝင်ရောက်မီကပင် နင်ချီနှင့် သူ့ဆရာကြားတွင် တစ်စုံတစ်ရာသော သဘောတူညီချက်များ ပြုလုပ်ခဲ့ပုံ ရသည်။

သို့သော် ၎င်းမှာ ဖူချန်အနေဖြင့် ဝင်ရောက် စွက်ဖက်နိုင်သော ကိစ္စမျိုး မဟုတ်တော့ပေ။

နင်ချီသည် စစ်တပ်ကြီးနှင့် အတူ ဖြည်းည်းချင်း ပျံသန်းလိုက်ပါလာသည်။

မိမိ၏ စိတ်အာရုံကို လက်ထဲရှိ လက်စွပ်အတွင်းသို့ ပို့ဆောင်လိုက်၏။

ချက်ချင်းပင်... ရိုသေလေးစားမှု ပါဝင်သော အဘိုးအိုကြီး၏ အသံ ထွက်ပေါ်လာသည်။

“နယ်မြေအရှင်သခင်...”

ယခုအခါ ဝေဝူယာ၏ စွမ်းအားမှာလည်း သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်၏။

ယခင်က ဖူချန်၏ ဘေးတွင် ရှိစဉ်က "ပေါင်းစည်းခြင်း နယ်ပယ် အစောပိုင်းအဆင့်" မျှသာ ရှိသော်လည်း...

လွန်ခဲ့သော လအနည်းငယ်အတွင်း နင်ချီက သူ့ကို တိုက်ရိုက် အဆင့်မြှင့်တင်ပေးခဲ့သဖြင့်၊ ယခုအခါ နင်ချီနှင့် အဆင့်တူ "ပေါင်းစည်းခြင်း နယ်ပယ် နှောင်းပိုင်းအဆင့်" သို့ ရောက်ရှိနေပြီ ဖြစ်ပါ၏။

သူတို့နှစ်ဦးသည် အမြဲတမ်း ဆက်သွယ်ပြောဆိုလေ့ ရှိကြပြီး၊ ဝေဝူယာ၏ အတိတ်က "သွေးမီးတောက် အင်မော်တယ်ဂိုဏ်း" မှ လျှို့ဝှက်ချက်များကို ဆွေးနွေးလေ့ ရှိကြသည်။

နောက်ဆုံးတွင်... နင်ချီသည် ဖူချန် ဆက်သခဲ့သော "သဟဇာတဖြစ်ခြင်း အဆင့်မြင့်ကျင့်စဉ်" ကို ကြည့်လိုက်သည်။

ယင်းတွင် "သွေးမီးတောက် အင်မော်တယ်ဂိုဏ်း" ၏ ထိပ်တန်း ကျင့်စဉ်တစ်ခုဖြစ်သော "ရွှေရောင်နေမင်း ခန္ဓာသွန်းလုပ်ခြင်း အတတ်" ကို မှတ်တမ်းတင်ထား၏။

၎င်းသည် သဟဇာတဖြစ်ခြင်း အဆင့်မြင့်ကျင့်စဉ် ဖြစ်သည်နှင့်အမျှ... "သဟဇာတဖြစ်ခြင်း နယ်ပယ်" သို့ မည်သို့ တက်လှမ်းရမည်၊ စည်းမျဉ်းများဖြင့် ဖွဲ့စည်းထားသော သက်ရှိတစ်ခုအဖြစ် မည်သို့ ပြောင်းလဲရမည် ဆိုသည်ကို ဖော်ပြထားသည်။

နင်ချီသည် ထိုကျင့်စဉ်၏ အနှစ်သာရကို စုပ်ယူလိုက်ပြီး၊ ပိုမို ပြည့်စုံပြီး အစွမ်းထက်သော "နေမင်း ခန္ဓာသွန်းလုပ်ခြင်း အတတ်" ဟူသော ပုံစံ အသစ်ကို ဖန်တီးလိုက်၏။

ထို့နောက် ၎င်းကို နက်ရှိုင်းသော သစ္စာတရား မဟာမိတ်အဖွဲ့အတွင်းရှိ "ပေါင်းစည်းခြင်း နယ်ပယ်" ရောက်ရှိနေသူ အားလုံးကို ဝေမျှပေးလိုက်သည်။

လူတိုင်းမှာ ကျေးဇူးတင်လွန်း၍ မဆုံး ဖြစ်သွားကြတော့၏။

အတိတ်တုန်းက မြောက်ပိုင်းနှင့် တောင်ပိုင်းမှ ထိပ်တန်း အဆင့်မြင့်ဂိုဏ်း လေးခုစလုံးသည် ဤကဲ့သို့သော ကျင့်စဉ်များကို ရှာဖွေသော်လည်း မတွေ့ခဲ့ကြပေ။ ယခုအခါ မဟာမိတ်ခေါင်းဆောင်ကြီးက ၎င်းတို့ကို ဝေမျှပေးရုံတင်မကဘဲ၊ ပိုမို အစွမ်းထက်သော ကျင့်စဉ်ကိုပါ ပေးလိုက်သဖြင့် လူတိုင်းမှာ စိတ်လှုပ်ရှားလွန်း၍ မူးလဲမလို ဖြစ်သွားကြရသည်။

သေချာသည်မှာ... နင်ချီ.. ပိုင်ဆိုင်သော ကျင့်စဉ်မှာ ၎င်း တစ်ခုတည်း မဟုတ်ပေ။

သူသည် အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်းမှ ကျန်ရစ်သော နည်းစနစ်များနှင့် ပေါင်းစပ်ကာ၊ ပိုမို ပြီးပြည့်စုံသော "နေလ နတ်ဘုရား အတတ်" ကို ဖန်တီးထားပြီး၊ ၎င်းကိုမူ သူကိုယ်တိုင် အသုံးပြုရန်အတွက်သာ သီးသန့် ထားရှိလေ၏။

အခန်း (၇၀၁) - သူတော်စင် ဘိုးဘေးကြီး

~စစ်မြေပြင်နယ်မြေအတွင်း၌...

နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ ကျင့်ကြံသူများသည် ရှာဖွေတွေ့ရှိထားသော နယ်မြေဆုံမှတ်ဆီသို့ တညီတညွတ်တည်း ပျံသန်းနေကြသည်။

အတန်ကြာ ပျံသန်းပြီးနောက်တွင် သူတို့သည် ထိုဆုံမှတ်နှင့် မိုင်အနည်းငယ်သာ ကွာဝေးတော့၏။

တချိန်တည်းမှာပင်... နင်ချီ၏ လျှို့ဝှက်နည်းစနစ်များကို ရရှိထားပြီး သတင်းထောက်လှမ်းရန် ကြိုတင်ထွက်ခွာသွားကြသော အဖွဲ့သည် အလွန်တရာ တိတ်ဆိတ်စွာ လှုပ်ရှားရင်း နောက်ထပ် သတင်းစကားတစ်ခု ပေးပို့လာခဲ့သည်။

စစ်တပ်မကြီးအတွင်း နင်ချီနှင့် မနီးမဝေးတွင် ရှိနေသော ထောက်လှမ်းရေးမှူး ရှရှင်းက ချက်ချင်းပင် အစီရင်ခံလိုက်၏။

“မဟာမိတ် ခေါင်းဆောင်ကြီး... အခု အဲဒီဆုံမှတ် တည်ရှိရာနေရာမှာ တိုက်ပွဲတစ်ခု ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါပြီ...”

ထိုအခါ၊ နင်ချီက သူ့ကို ကြည့်ကာ မေးမြန်းလိုက်သည်။

“ဘယ်သူတွေ တိုက်နေကြတာလဲ...”

ရှရှင်းက ပြန်ဖြေလာ၏။

“ကျယ်ပြန့်သော ကမ္ဘာက ကျင့်ကြံသူတွေပါ... သူတို့က ဆုံမှတ်ကို စောင့်ကြပ်နေတဲ့ ကြမ်းကြုတ်သားရဲကြီးနဲ့ တိုက်ခိုက်နေကြတာပါ။ အဲဒီ ကျယ်ပြန့်သော ကမ္ဘာက ကျင့်ကြံသူအဖွဲ့ဟာ အင်မတန် အင်အားကြီးမားပါတယ်။ သတင်းပေးပို့ချက်အရ ဆိုရင် သူတို့ကို ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး နှစ်ယောက်က ဦးဆောင်နေတာပါ။ တစ်ယောက်က ထိပ်တန်းအဆင့် ဘိုးဘေးကြီးဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ အထွတ်အထိပ် ဘိုးဘေးကြီး ဖြစ်ပါတယ်။ သူတို့ရဲ့ လက်အောက်မှာလည်း သာမန် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူအချို့နဲ့အတူ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်၊ မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူ အမြောက်အမြား ပါဝင်လာကြတယ်လို့ သိရပါတယ်...”

နင်ချီ ခေါင်းညိတ်လိုက်ပြီး...

“ငါတို့ ကျယ်ပြန့်သော ကမ္ဘာက အင်မော်တယ်ဂိုဏ်းသားတွေနဲ့ ထိပ်တိုက်တွေ့ပြီပေါ့လေ...”

ရှရှင်းက ခေတ္တစဉ်းစားပြီးနောက်...

“ဖြစ်နိုင်ပါတယ် အရှင်...”

သူတို့၏ စကားဝိုင်းကို ဖုံးကွယ်ထားခြင်း မရှိသဖြင့်၊ နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ ကျင့်ကြံသူ အားလုံး ကြားလိုက်ရသည်။

ကျယ်ပြန့်သော ကမ္ဘာမှ အထွတ်အထိပ် ဘိုးဘေးကြီးများ ပါဝင်သော အင်မော်တယ်ဂိုဏ်းနှင့် ရင်ဆိုင်ရမည်ဟု ကြားလိုက်ရသော်လည်း၊ သူတို့၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင်မျှ မရှိပေ။

သူတို့၏ အင်အားအကြီးဆုံး ခေါင်းဆောင်ဖြစ်သူ နင်ချီသည် ကျင့်ကြံမှု အဆင့်အရ ပေါင်းစည်းခြင်း နယ်ပယ် နှောင်းပိုင်းအဆင့်မှာသာ ရှိနေသေးသော်လည်း...

နင်ချီသည် သူတို့ကို ပူးပေါင်းစစ်ဆင်ရေး နည်းဗျူဟာများ သင်ကြားပေးထားပြီး ဖြစ်ရာ၊ ယခုအခါ ဟင်းလင်းပြင် လမ်းစဉ် ကျင့်ကြံသူများ စုပေါင်းလိုက်လျှင် ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီးတစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။

“သူတို့ဘက်က အင်အားဒီလောက် အများကြီး သုံးနေရတယ်ဆိုတော့... ဆုံမှတ်မှာ ရှိနေတဲ့ ကြမ်းကြုတ်သားရဲက ဘယ်နှစ်ကောင်မို့လို့လဲ...” ဟု နင်ချီက မေးလိုက်သည်။

ရှရှင်းက ပြန်ဖြေသည်။

“ကြမ်းကြုတ်သားရဲက တစ်ကောင်တည်းပါ... နဂါး သားရဲပါ...”

နင်ချီ သဘောပေါက်သွားသည်။

“ဒါကြောင့်လည်း အင်မော်တယ်ဂိုဏ်းသားတွေ အများကြီးရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်နေတာပေါ့... နယ်မြေများ ပင်လယ်က လာတဲ့ ကြမ်းကြုတ်သားရဲတွေကို လျှော့တွက်လို့ မရဘူးပဲ...”

နယ်မြေဆုံမှတ်များကို အငယ်၊ အလတ်၊ အကြီး ဟူ၍ သုံးမျိုး ခွဲခြားထားသည်။

ဆုံမှတ် တည်ရှိရာ နေရာများသည် ဝိညာဉ်စွမ်းအင် အလွန် ကြွယ်ဝလေ့ ရှိသဖြင့်၊ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ကြမ်းကြုတ်သားရဲများကို တွေ့ရှိရခြင်း ဖြစ်၏။

ဆုံမှတ်တစ်ခုစီ၏ ပတ်ဝန်းကျင်ရှိ ကြမ်းကြုတ်သားရဲ အရေအတွက်မှာလည်း တစ်ကောင်တည်းမှသည် ဒါဇင်နှင့်ချီ၍ သို့မဟုတ် ရာနှင့်ချီ၍ ရှိနိုင်ပေသည်။

ဤကြမ်းကြုတ်သားရဲများ အားလုံးသည် နယ်မြေများ ပင်လယ်မှ လာကြသူများ ဖြစ်ပြီး၊ အလွန်တရာ ကြမ်းကြုတ်ခက်ထန်သော သဘောရှိကြသည်။

၎င်းတို့သည် ကမ္ဘာလောက၏ နယ်နိမိတ် တံတိုင်းများကို အမြဲတစေ တိုက်ခိုက်ပြီး၊ ကမ္ဘာအတွင်းသို့ ဝင်ရောက်ကာ ဖျက်ဆီးသောင်းကျန်းရန် ကြိုးစားလေ့ ရှိကြ၏။

ယခုအခါ ဖရိုဖရဲ ဖြစ်နေသော နယ်မြေများ ပင်လယ်မှသည် အတန်ငယ် တည်ငြိမ်မှု ရှိသော စစ်မြေပြင်နယ်မြေအတွင်းသို့ ရောက်ရှိလာကြရာ၊ ၎င်းတို့အတွက်မူ ပျော်စရာ ကောင်းနေပေလိမ့်မည်။

တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် ကျယ်ပြန့်သော ကမ္ဘာ တို့သည် ဤစစ်မြေပြင်နယ်မြေကို တည်ငြိမ်အောင် ပြုလုပ်ရန် ခြောက်လခန့် အချိန်ယူခဲ့ရပြီး၊ ထိုအတောအတွင်း နယ်မြေများ ပင်လယ်မှ ကြမ်းကြုတ်သားရဲ မည်မျှ ဝင်ရောက်လာသည်ကို မည်သူမျှ မသိနိုင်ပေ။

နင်ချီသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး၊ နက်ရှိုင်းသော သစ္စာတရား နယ်မြေမှ ကျင့်ကြံသူ တစ်ဖွဲ့လုံးအတွက် ဖုံးကွယ်ခြင်း အခင်းအကျင်း တစ်ခုကို တိတ်တဆိတ် ခင်းကျင်းလိုက်သည်။ သူတို့ စစ်တပ်၏ အရှိန်အဝါကို ဖုံးကွယ်ပြီး ဆုံမှတ်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်၏။

မဟာ အခင်းအကျင်းအတွင်းရှိ လူများသည် သူတို့၏ ပတ်ဝန်းကျင်တွင် ထူးခြားသော စွမ်းအင်များ လှိုင်းထနေသည်ကို ခံစားလိုက်ရသည်။

ဤအခင်းအကျင်းသည် လူတိုင်းကို တစ်သားတည်း ချိတ်ဆက်ပေးထားပြီး၊ လူတိုင်း၏ အမြန်နှုန်းကိုလည်း ညီညာစေကြောင်း သူတို့ ခံစားမိလိုက်ကြသည်။

၎င်းမှာ ဧရာမ အခင်းအကျင်း သင်္ဘောကြီးတစ်စင်းပေါ်တွင် လိုက်ပါနေရသကဲ့သို့ပင်။ တကယ့်ကို အံ့မခန်းဖွယ်ရာ ကောင်းလှသဖြင့်၊ လူတိုင်း မဟာမိတ် ခေါင်းဆောင်ကြီး၏ နည်းဗျူဟာကို စိတ်ထဲမှ ချီးကျူးမိကြ၏။

အခင်းအကျင်းကို ပြင်ဆင်ပြီးသည်နှင့် နင်ချီက ချက်ချင်း အမိန့်ပေးလိုက်သည်။

“အရှိန်မြှင့်ကြ...”

လူတိုင်း၏ ခန္ဓာကိုယ်များသည် တစ်စုံတစ်ခု၏ ဆွဲငင်မှုကြောင့် ဆုံမှတ်ရှိရာဆီသို့ ဖျတ်လတ်စွာ တိုးဝင်သွားကြသည်။ သို့သော် သူတို့၏ ပုံရိပ်များသည် မမြင်နိုင်အောင် ဖုံးကွယ်ထားပြီး၊ မည်သည့် စွမ်းအင် အတက်အကျမျှ ထွက်ပေါ်ခြင်း မရှိပေ။

နင်ချီသည် ချက်ချင်း တိုက်စစ်ဆင်ရန် ဆုံးဖြတ်လိုက်သည်။

မဟုတ်ပါက... ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများက ထိုဆုံမှတ်ကို သိမ်းပိုက်သွားပါက၊ သူတို့ဘက်က အားနည်းချက် ဖြစ်သွားပေလိမ့်မည်။

အကယ်၍ သူတို့ကို ဆုံမှတ်တွင် ယဇ်ပလ္လင် တည်ဆောက်ခွင့် ပေးလိုက်ပါက၊ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်သည် ဤစစ်မြေပြင်အတွင်း၌ အားကောင်းလာမည် ဖြစ်ရာ၊ ကိစ္စရပ်များမှာ ပိုမို ရှုပ်ထွေးသွားပေလိမ့်မည်။

---

စစ်မြေပြင်နယ်မြေ၏ ဝင်ပေါက်များ ပွင့်သွားသည်နှင့်...

ကမ္ဘာကြီး နှစ်ခုလုံး၏ ဆန္ဒတော်များကသာမက၊ ၎င်းတို့၏ ကံကြမ္မာချင်း ဆက်နွယ်နေသော ဂိုဏ်းပေါင်းစုံကလည်း အခြေအနေကို စောင့်ကြည့်နေကြ၏။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် စစ်မြေပြင်၏ နယ်မြေတိုင်းကို ဝေ့ဝဲ စစ်ဆေးနေသည်။

စစ်မြေပြင် ဖွင့်လှစ်ပြီးစသာ ရှိသေးသော်လည်း၊ နေရာအများအပြားတွင် ကြီးမားသော တိုက်ပွဲများ စတင်နေပြီ ဖြစ်၏။

၎င်းတို့မှာ ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများနှင့် တိုက်ခိုက်ခြင်း၊ နယ်မြေများ ပင်လယ်မှ ကြမ်းကြုတ်သားရဲများနှင့် တိုက်ခိုက်ခြင်း... သို့မဟုတ် တောင်နှင့် ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူ အချင်းချင်း တိုက်ခိုက်ခြင်းများပင် ဖြစ်၏။

တောင်နှင့် ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူ (၈၀) ရာခိုင်နှုန်းကို စစ်မြေပြင်သို့ ပို့ဆောင်ထားရာ၊ ထိုအထဲတွင် နက်နက်ရှိုင်းရှိုင်း ရန်ငြိုးရှိထားသူများ သေချာပေါက် ပါဝင်နေသည်။

စစ်မြေပြင်အတွင်း အချင်းချင်း သတ်ဖြတ်ခြင်း မပြုရန် ကမ္ဘာ့ဆန္ဒတော်က ကြိုတင် သတိပေးထားသော်လည်း၊ ဤနေရာသို့ ရောက်သောအခါ အချို့မှာ အမုန်းတရားကြောင့် မျက်စိကန်းသွားကြသည်။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်သည် ချက်ချင်းပင် စစ်မြေပြင်အတွင်း၌ မိုးကြိုးချက်အချို့ကို ဖန်တီးလိုက်ပြီး၊ အများအကျိုးကို လျစ်လျူရှုကာ အချင်းချင်း တိုက်ခိုက်နေကြသော ကျင့်ကြံသူများကို နေရာတင် အစအန မကျန် သုတ်သင်ပစ်လိုက်၏။

ထို့နောက်တွင်... ၎င်း၏ ဆန္ဒတော်သည် ကျင့်ကြံသူ အားလုံး၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားသည်။

“ငါ ထပ်ပြီး သတိပေးမယ်... စည်းကမ်းမဲ့စွာနဲ့ အချင်းချင်း သတ်ဖြတ်နေတဲ့သူတွေကို ငါ ကိုယ်တိုင် သုတ်သင်ပစ်လိုက်ပြီ...”

ထိုစကားကို ကြားသောအခါ လူတိုင်း ခေတ္တမျှ မှင်သက်သွားကြသည်။

အလားတူ အတွေးမျိုး ရှိနေကြသူများသည်လည်း မိမိတို့၏ လက်စားချေလိုစိတ်ကို မတတ်သာဘဲ ဖိနှိပ်ထားလိုက်ကြရ၏။

သည်းခံနိုင်စွမ်း ရှိသူများမှာမူ သူတို့၏ အမုန်းတရားကို အမှန်တကယ် စွန့်လွှတ်လိုက်ခြင်း မဟုတ်ဘဲ၊ ကမ္ဘာ့ဆန္ဒတော် သတိမထားမိမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ထို့ပြင် စစ်မြေပြင်အတွင်း၌ ရန်သူကို သုတ်သင်ရန်အတွက် မိမိကိုယ်တိုင် တိုက်ခိုက်ဖို့ မလိုပေ။

ကြမ်းကြုတ်သားရဲများကို လှုံ့ဆော်ခြင်း သို့မဟုတ် ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများ၏ လက်ကို အသုံးပြုခြင်းတို့ကလည်း ထိရောက်သော နည်းလမ်းများပင် ဖြစ်၏။

ကမ္ဘာ့ဆန္ဒတော်သည် အရာရာကို မည်သို့ သိနိုင်ပါမည်နည်း။

တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့သည် အဆုံးမဲ့သော ဟင်းလင်းပြင်ကို ဖြတ်ကျော် ကြည့်ရှုရင်း တွေးတောနေကြသည်။ သူတို့၏ အတွေးများကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

ဤအခိုက်အတန့်တွင် သူတို့သည် မိမိတို့၏ စိတ်အာရုံကို စစ်မြေပြင်နယ်မြေအတွင်းသို့ ပို့ဆောင်လိုက်ကြ၏။

သူတို့၏ ပထမဆုံး အာရုံစိုက်မှုမှာ သဘာဝကျကျပင် မိမိတို့ဂိုဏ်းမှ ကျင့်ကြံသူများအပေါ်တွင် ဖြစ်၏။

မိမိတို့ဂိုဏ်းသားများက စစ်တပ်များကို ဦးဆောင်ကာ၊ ဆန့်ကျင်ဘက်ရှိ ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူများကို သတ်ဖြတ်နေသည်ကို ကြည့်ရင်း၊ သူတို့၏ မျက်နှာထားမှာ တည်ငြိမ်အေးစက်နေဆဲပင်။

အခြားတစ်ဖက်ရှိ ကျယ်ပြန့်သော ကမ္ဘာတွင်မူ...၊

သူတို့၏ အင်မော်တယ်ဂိုဏ်းမှ ဘိုးဘေးကြီး တစ်ဦး ရှိသည်။ သူ့နာမည်ကို မည်သူမျှ မသိကြဘဲ၊ အားလုံးက သူ့ကို သူတော်စင် ဘိုးဘေးကြီး ဟုသာ ခေါ်ဆိုကြလေသည်။

အခန်း (၇၀၂) - သူတော်စင် ဘိုးဘေးကြီး (အပိုင်း ၂)

~ဤအခိုက်အတန့်တွင် သူတော်စင် ဘိုးဘေးကြီး သည် ဂိုဏ်းအတွင်းရှိ သီးသန့်ဖြစ်သော အင်မော်တယ် တောင်ထွတ်တစ်ခု၏ ထိပ်ဖျားတွင် ရှိနေဆဲပင်။

ဤတောင်ထွတ်သည် ကျယ်ပြန့်သော အင်မော်တယ်ဂိုဏ်း အတွင်းရှိ အခြားသော တောင်ထိပ်များကဲ့သို့ တိမ်မြူများ ဝန်းရံကာ နတ်ဘုရားဆန်လှသော အရှိန်အဝါမျိုး မရှိပေ။

၎င်းသည် ရိုးရှင်းသော်လည်း လှပသော တောင်ထွတ်တစ်ခုနှင့်သာ တူညီပြီး၊ တောင်ခြေမှ တောင်လယ်သို့ အကွေ့အကောက် ကျောက်သားလမ်းကလေးတစ်ခု သွယ်တန်းထားသည်။

တောင်လယ်တွင် ကျယ်ဝန်းသော မြေပြန့်ကွင်းပြင်တစ်ခု ရှိသည်။

လက်ဝဲဘက် အစွန်ဆုံးတွင် ဟင်းလင်းပြင်၌ ပျံဝဲနေသော တိမ်တိုက်မျှော်စင်ကလေးတစ်ခု ရှိပြီး၊ ထိုနေရာမှ ကြည့်လျှင် ပြာလဲ့သော ကောင်းကင်ကြီးနှင့် အေးအေးလူလူ လွင့်မျောနေသော တိမ်တိုက်များကို မြင်တွေ့နိုင်သည်။

လက်ယာဘက်တွင်မူ စိမ်းစိုသော ဝါးရုံတောများကြားမှ ရေတံခွန်တစ်ခုသည် တောင်ကြားထဲသို့ စီးဆင်းနေပြီး၊ ရေမှုန်ရေမွှားများသည် နေရောင်အောက်တွင် သက်တန့်ရောင်စဉ်များ ဖြာထွက်နေသည်။

အလယ်ဗဟိုတည့်တည့်တွင်မူ ရိုးရှင်းသော အိမ်ရာဝန်းကလေးတစ်ခု ရှိလေသည်။

ထိုဝန်းကလေး၏ ရှေ့တွင် သစ်သားစားပွဲအကျယ်ကြီး တစ်လုံးရှိကာ၊ စားပွဲပေါ်တွင် စာရေးကိရိယာ လေးပါးကို စနစ်တကျ ခင်းကျင်းထားသည်။

စားပွဲ၏ နောက်ကွယ်တွင် ဆံပင်နှင့် မုတ်ဆိတ်ဖြူဖြူဖြင့် အဘိုးအိုတစ်ဦး ထိုင်နေသည်။ သူ၏ ဆံပင်ကို ခေါင်းစည်းကြိုးဖြင့် စည်းထားပြီး ရိုးရှင်းသော သစ်သားဆံထိုးကလေး တစ်ချောင်းကို ဆင်မြန်းထားသည်။

သူသည် မီးခိုးရောင်နှင့် အဖြူရောင် ရောယှက်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားရာ၊ အရှိန်အဝါ ကြီးမားသူတစ်ဦးထက် ဆင်းရဲနွမ်းပါးသော စာပေပညာရှင် တစ်ဦးနှင့် ပိုတူနေသည်။

သို့သော်လည်း ဤအဘိုးအိုသည် ကျယ်ပြန့်သော ကမ္ဘာတစ်ခုလုံး၏ အထွတ်အထိပ် ပုဂ္ဂိုလ် သူတော်စင် ဘိုးဘေးကြီး အဖြစ် အားလုံး၏ ရိုသေမှုကို ခံယူထားသူ ဖြစ်၏။

ဤအဘိုးအိုသည် တောင်နှင့် ပင်လယ် ကမ္ဘာ မှ ဘိုးဘေးကြီး နှစ်ဦးထက် ပိုမို တည်ငြိမ်အေးဆေးပုံရသည်။ သူသည် စုတ်တံကို ကိုင်ကာ စာများကို အေးအေးလူလူ ဆက်လက် ရေးသားနေပြီး၊ စစ်မြေပြင်အတွင်း ဖြစ်ပျက်နေသမျှကို စိတ်ဝင်စားပုံ မရပေ။

ကျယ်ပြန့်သော အင်မော်တယ်ဂိုဏ်း ၏ ဂိုဏ်းချုပ်နှင့် ကမ္ဘာ့ဆန္ဒတော်တို့ကသာ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြပြီး ရံဖန်ရံခါ စကားဖလှယ်ကြသော်လည်း၊ ထိုအဘိုးအိုကိုမူ သွားရောက် နှောင့်ယှက်ခြင်း မပြုရဲကြပေ။

---

လက်ရှိတွင် စစ်မြေပြင်နယ်မြေကို နေရာတစ်ခုတည်းအဖြစ် ကန့်သတ်ထားခြင်း မဟုတ်ဘဲ၊ စုစုပေါင်း အပိုင်းကိုးပိုင်း ခွဲခြားထားသည်။

အရပ်မျက်နှာ လေးခု၊ ထောင့်အရပ် လေးခုနှင့် အလယ်ဗဟို မြေပြင်တို့ ပေါင်းစပ်လိုက်ပါက စစ်မြေပြင် ကိုးခု ရှိလာသည်။

စစ်မြေပြင် တစ်ခုစီသည် တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်းရှိ သတ်မှတ်ထားသော ဝိညာဉ်နယ်မြေများနှင့် ချိတ်ဆက်ထားသည်။

ဝိညာဉ်နယ်မြေ အများအပြားမှ ကျင့်ကြံသူများသည် သက်ဆိုင်ရာ စစ်မြေပြင်အတွင်းသို့ ဝင်ရောက်ကြရသည်။ နင်ချီနှင့် အပေါင်းအပါများ ရောက်ရှိနေသော နက်ရှိုင်းသော သစ္စာတရား နယ်မြေ သည် "အရှေ့တောင်ဘက် စစ်မြေပြင်" နှင့် ချိတ်ဆက်နေသည်။

သို့သော် ကျယ်ပြန့်သော ကမ္ဘာ ၏ အမြင်အရမူ ၎င်းတို့တွင်လည်း စစ်မြေပြင် ကိုးခု ရှိနေသည်မှာ အမှန်ပင်။

သို့သော် ၎င်းတို့၏ ဝိညာဉ်နယ်မြေ တည်နေရာများနှင့် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ တည်နေရာများမှာ ထပ်တူမကျပေ။

ကမ္ဘာကြီး နှစ်ခု၏ တည်နေရာ အနေအထားမှာ လုံးဝ ပြောင်းပြန် ဖြစ်နေသည်။

ဥပမာအားဖြင့်... နင်ချီတို့ ရောက်ရှိနေသော "အရှေ့တောင်ဘက် စစ်မြေပြင်" သည် ကျယ်ပြန့်သော ကမ္ဘာဘက်မှ ကြည့်လျှင် အရှေ့တောင်ဘက် မဟုတ်ဘဲ "အနောက်မြောက်ဘက်" နှင့် ဆက်သွယ်နေခြင်း ဖြစ်၏။

တောင်နှင့် ပင်လယ် ကမ္ဘာ တွင် နက်ရှိုင်းသော သစ္စာတရား နယ်မြေသည် အစွန်အဖျားကျသော နေရာဖြစ်သော်လည်း၊ ၎င်းနှင့် ထိပ်တိုက်တွေ့နေသော ကျယ်ပြန့်သော ကမ္ဘာ၏ အနောက်မြောက်ဘက် ဝိညာဉ်နယ်မြေမှာမူ အလယ်အလတ်အဆင့် ရှိသော အင်အားကြီး နယ်မြေတစ်ခု ဖြစ်၏။

ထို့ကြောင့် နင်ချီတို့ ရှိနေသော စစ်မြေပြင်တွင် ကျယ်ပြန့်သော ကမ္ဘာဘက်က အစစအရာရာ အသာစီး ရနေခြင်း ဖြစ်သည်။

နင်ချီနှင့် အဖွဲ့သည် နယ်မြေဆုံမှတ်ဆီသို့ ဦးတည် ချီတက်နေကြ၏

ထိုအချိန်တွင်... ထိုဆုံမှတ်၌ ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေလေပြီ။

ဤနေရာသို့ ဦးစွာ ရောက်ရှိနေသူများမှာ ကျယ်ပြန့်သော ကမ္ဘာ၏ "ဝေဟင်သားရဲ ဝိညာဉ်နယ်မြေ" မှ ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းသားများ ဖြစ်ကြသည်။

ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းသည် နှစ်ပေါင်း ငါးသိန်းကျော် သက်တမ်းရှိသော သမိုင်းဝင် ဂိုဏ်းကြီးတစ်ခု ဖြစ်၏။

ဂိုဏ်းအတွင်းမှ ပြီးပြည့်စုံခြင်းအဆင့်ရှိ ဘိုးဘေးကြီး နှစ်ဦးသည် စကားပြောနေကြသည်။

အထွတ်အထိပ် ဘိုးဘေးကြီး ရှူလင်ယွီ သည် နဂါးနက် ကြမ်းကြုတ်သားရဲကြီးကို ဝိုင်းဝန်း တိုက်ခိုက်နေကြသော "ပေါင်းစည်းခြင်း နယ်ပယ်" ကျင့်ကြံသူများကို တစ်ချက် အကြည့်ပို့လိုက်၏။

သူတို့က ထိုနဂါးဆိုးကို တဖြည်းဖြည်း အသာစီး ရလာသည်ကို မြင်သောအခါ သူ စိတ်အေးသွားသည်။

သူက ဘေးမှ ထိပ်တန်း ဘိုးဘေးကြီး ဟောက်ချိုးရန်ကို ပြောလိုက်၏။

“ညီလေးဟောက်... ကျယ်ပြန့်သော အင်မော်တယ်ဂိုဏ်းရဲ့ ဗေဒင်တွက်ချက်မှုတွေအရ... ငါတို့ ရင်ဆိုင်နေရတဲ့ ဒီနယ်မြေဟာ တောင်နှင့် ပင်လယ် ကမ္ဘာ ထဲမှာ အင်အားနည်းတဲ့ ဝိညာဉ်နယ်မြေတစ်ခုပဲ။ ဒါကြောင့် ဒီတာဝန်က ငါတို့အတွက် သိပ်မခက်ခဲပါဘူး”

ဟောက်ချိုးရန်က ခေါင်းညိတ် ထောက်ခံရင်း ပြန်ပြောသည်။

“အစ်ကိုကြီးရှူ ပြောတာ မှန်ပါတယ်။ ဒါကြောင့်လည်း ဂိုဏ်းက ဒီနယ်မြေကို စူးစမ်းဖို့ အဖွဲ့လေးဖွဲ့ ခွဲပြီး လွှတ်လိုက်တာပေါ့”

သူက ပြုံးလျက် ဆက်ပြောလာ၏။

“ကျွန်တော့်အမြင်အရတော့.. ရှစ်ဖွဲ့လောက် ခွဲလိုက်ရင်တောင် ဒီနယ်မြေက ရန်သူတွေကို အလွယ်လေး ချေမှုန်းနိုင်ဦးမှာပါ။ ဒီနေရာမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေကလည်း အများကြီးပဲ။ အဖွဲ့လေးဖွဲ့ပဲ ခွဲတာက နယ်မြေစူးစမ်းမှုကို ပိုနှေးသွားစေတယ်လို့တောင် ထင်မိတယ်”

ရှူလင်ယွီက ခေါင်းခါပြပြီး နဂါးနက်ဆီသို့ မေးဆတ်ပြလိုက်သည်။

“ညီလေးဟောက်... မမေ့နဲ့ဦး။ ဒီစစ်မြေပြင်ထဲမှာ တောင်နှင့် ပင်လယ် ကမ္ဘာ က ကျင့်ကြံသူတွေတင် ရှိတာ မဟုတ်ဘူး၊ နယ်မြေများ ပင်လယ်က လာတဲ့ ကြမ်းကြုတ်သားရဲတွေလည်း ရှိသေးတယ်။ ငါတို့ လူစုအရမ်း ကွဲသွားရင် အန္တရာယ်နဲ့ ကြုံနိုင်တယ်”

ဟောက်ချိုးရန်က မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်ပြီး ထိုစကား မှန်ကန်ကြောင်း လက်ခံလိုက်သည်။

သူတို့သည် နဂါးနက်ကြီးကို စိုက်ကြည့်နေကြ၏။

သူတို့နှစ်ဦးမှလွဲ၍ ကျန်ရှိသော လက်အောက်ခံ ကျင့်ကြံသူအားလုံးသည် ထိုနဂါးနက်ကြီးနှင့် တိုက်ခိုက်နေကြသည်။

ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများက ရှေ့ဆုံးမှ တိုက်ခိုက်ပြီး၊ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ကျင့်ကြံသူများက အလယ်တွင် ရှိကာ၊ မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူများက နောက်ဆုံးမှနေ၍ နဂါးနက်ကြီးကို အလုံးအရင်းနှင့် ဝိုင်းရံထားကြသည်။

သို့သော်လည်း နဂါးနက်ကြီးမှာ အလွန် ကြမ်းကြုတ်လှပေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကျောက်မီးသွေးပမာ တောက်ပနေသော အနက်ရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ပေတစ်သောင်းခန့် ရှည်လျား၏။

၎င်းသည် လက်သည်းဖြင့် ကုတ်ခြစ်လိုက်တိုင်း ဟင်းလင်းပြင်ကြီး တစ်ခုလုံး ဆုတ်ပြတ်သွားပြီး၊ ပြန်လည် ကုစားရန် ခက်ခဲသော ဟင်းလင်းပြင် အပေါက်မည်းကြီးများ ဖြစ်ပေါ်ကျန်ရစ်သည်။

၎င်း၏ အမြီးကို တစ်ချက် ဝှေ့ယမ်းလိုက်တိုင်း ကောင်းကင်ကြီး တစ်ခုလုံး ပြောင်းပြန်လှန်သွားမတတ် ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာ၏။

ဝမ်းနည်းစရာ ကောင်းသည်မှာ... ဤနဂါးနက်ကြီးသည် "ပေါင်းစည်းခြင်း နယ်ပယ်" ထဲသို့ ခြေချခါစ ကြမ်းကြုတ်သားရဲမျှသာ ဖြစ်နေခြင်းပင်။

ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ ကိုးဦး၊ ဟင်းလင်းပြင် လမ်းစဉ် ကျင့်ကြံသူ တစ်ရာနှင့် မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူ တစ်ထောင်တို့၏ ဝိုင်းရံ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသဖြင့်၊ ၎င်း၏ တိုက်ကွက်တိုင်းမှာ အဟန့်အတား ဖြစ်နေရသည်။

၎င်း၏ ပေတစ်သောင်းခန့် ရှည်လျားပြီး တွန့်လိမ်နေသော ခန္ဓာကိုယ်ကြီးမှာ ကျင့်ကြံသူများ၏ ကြောက်မက်ဖွယ်ကောင်းသော သိုင်းကွက်များအောက်တွင် တဖြည်းဖြည်း ကျုံ့ဝင်လာနေသည်။

ဟင်းလင်းပြင်ထဲတွင် စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်များ ပေါ်ထွက်လာပြီး၊ လွတ်လမ်းမရှိသော ပိုက်ကွန်ကြီးတစ်ခုအသွင် နဂါးနက်ကြီးအပေါ်သို့ ဖိနှိပ် ချုပ်နှောင်လိုက်တော့၏။

နဂါးနက်ကြီး၏ မျက်လုံးများသည် သွေးရောင်လွှမ်းနေပြီး ဒေါသတကြီး ဟိန်းဟောက်နေသော်လည်း အချည်းနှီးသာ ဖြစ်နေသည်။

ရုတ်တရက်... ထက်ရှသော သွားများ ပြည့်နှက်နေသည့် ၎င်း၏ ပါးစပ်အတွင်းမှ အနက်ရောင် မီးတောက်များကို မှုတ်ထုတ်လိုက်သည်။ ထိုအနက်ရောင် မီးခိုးငွေ့များသည် ၎င်း၏ ခန္ဓာကိုယ်ကို ဝန်းရံသွားတော့သည်။

ထိုမီးတောက်များ ပေါ်လာသည်နှင့် ၎င်းကို ချုပ်နှောင်ထားသော ပိုက်ကွန်အများစုမှာ လောင်ကျွမ်းသွားပြီး၊ ဟင်းလင်းပြင် တစ်ဝက်ခန့်မှာလည်း ပြိုလဲသွားရသည်။

ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများမှာ လန့်ဖျပ်သွားကြပြီး ရင်ထဲတွင် ဒေါသများ ပြည့်နှက်လာသည်။

သူတို့ လူအင်အား ဤမျှ များပြားပါလျက်နှင့် နယ်မြေများ ပင်လယ်မှ နဂါးနက် တစ်ကောင်တည်းကိုပင် မနှိမ်နင်းနိုင်သေးခြင်းမှာ တကယ့်ကို အရှက်ရစရာ ကောင်းလှ၏။

ချက်ချင်းပင်... ရှေ့ဆုံးမှ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ ကိုးဦးသည် သုံးဖွဲ့ခွဲလိုက်ပြီး "ကြယ်သုံးပွင့် မဟာအခင်းအကျင်း" ကို ပုံဖော်လိုက်ကြသည်။

ကြယ်တစ်ပွင့်မှာ နေမင်းသဖွယ် တောက်ပသော အလင်းကို ထုတ်လွှတ်ပြီး၊ ကြယ်တစ်ပွင့်မှာ လမင်းကဲ့သို့ နူးညံ့သော အလင်းကို ထုတ်လွှတ်ကာ၊ ကျန်ကြယ်တစ်ပွင့်မှာမူ ကြယ်တာရာများအလား အလင်းတန်းများကို ဖြာကျစေ၏။

ထိုကြယ်တာရာ အလင်းတန်းများသည် လူကိုးဦးထံမှ ခွဲထွက်သွားပြီး အလယ်ရှိ နဂါးနက်ကြီးအပေါ်သို့ ဖိနှိပ် ချပစ်လိုက်တော့သည်။

နဂါးနက်ကြီးမှာ အနက်ရောင် မီးတောက်များကို ဆက်လက် မှုတ်ထုတ်နေသော်လည်း၊ ယခင်က ဟင်းလင်းပြင်ကို ပြိုလဲစေခဲ့သော ထိုမီးတောက်များသည် ယခုအခါ ပိုမို မြင့်မြတ်သော စွမ်းအားတစ်ခုနှင့် ထိပ်တိုက်တွေ့သွားသကဲ့သို့ ဖြစ်နေရလေတော့၏။

All Chapters