အခန်း (၁၂၄-၁၂၆)
Vol. 9 Ch. 124-126
အခန်း (၁၂၄) - အိမ်မွေးသားရဲများ စစ်ကူတိုက်ခြင်း.. တံခါးပိတ်ပြီး ဝက်တွေကို လွှတ်လိုက်ကြစမ်း
~ညဉ့်နက်သန်းခေါင်ယံ အချိန်။ ကွေ့ယွမ်ဂိုဏ်း၏ တောင်တံခါး အပြင်ဘက်ရှိ ဝိုင်းရံထားသော စစ်မြေပြင်၏ ဗဟိုချက်၌၊
တိုက်ပွဲသည် ပြင်းထန်လျက် ရှိနေဆဲ ဖြစ်သည်။
‘သွေးလက်ဝါး’ ကြေးစားအဖွဲ့မှ လူသတ်သမားများသည် အယောက် ဆယ်ဂဏန်းခန့်သာ ကျန်ရှိတော့ပြီး အားလုံးမှာလည်း ဒဏ်ရာကိုယ်စီ ရထားကြသော်လည်း... သူတို့မှာ သေခြင်းတရားနှင့် နှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့ကြသည့် သူရဲကောင်းများ ဖြစ်ကြကုန်၏။ သူတို့သည် ခေါင်းဆောင် သွေးသတ်သမား၏ ဦးဆောင်မှုအောက်တွင် ကျောချင်းကပ်လျက် ခိုင်မာသော ခံစစ်စက်ဝိုင်းတစ်ခုကို ဖွဲ့စည်းထားကြပြီး... လက်ထဲမှ လက်နက်များကိုလည်း တစ်ချက်မလွဲ တိကျစွာ ဝှေ့ယမ်းနေကြသည်။
“ဖတ်...”
တပည့်တစ်ယောက်က အလစ်အငိုက် တိုက်ခိုက်ရန် ကြိုးစားလိုက်စဉ်မှာပင်... ထက်မြက်လှသော ဓားအရှိန်အဝါ တစ်ခုက သူ့ကို နှစ်ပိုင်း ပြတ်သွားစေခဲ့ပြီး အလင်းဖြူတန်းတစ်ခု အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားစေသည်။
“တောက်... ဒီမွန်းစတားတွေရဲ့ ဉာဏ်ရည်က တော်တော် မြင့်တာပဲဗျ။ ခံစစ်ကော တန်ပြန်တိုက်စစ်ကော တကယ့်ကို ပညာရှင်ပဲ"
ကောင်းကင်ခွင်း ဓားတစ်လက် သည် ဒဏ်ရာရသွားသော သူ၏ လက်မောင်းကို ဖိထားရင်း အနောက်သို့ ဆုတ်လိုက်သည်။ သူ၏ မျက်မှောင်များမှာလည်း တင်းကျပ်လျက် ရှိနေတော့၏။
“ဒီအတိုင်း ဇွတ်ဝင်တိုးလို့တော့ မရဘူးဗျ။ ငါတို့ဘက်က အကျအဆုံး များလွန်းတယ်။ ပြန်ရှင်လို့ ရတယ်ဆိုပေမယ့် အလောင်းကောက်ဖို့ ပြန်ပြေးနေရတာက အချိန်ကုန်တယ်"
“ဟုတ်ပဗျာ။ ကျွန်တော့်ရဲ့ အတွေ့အကြုံ အမှတ်တွေတောင် တစ်ဆင့်လောက် လျော့သွားပြီ ခင်ဗျာ"
တပည့်များသည် နှုတ်ခမ်းဆူလျက် စိတ်ပျက်နေကြသည်။ ပါးစပ်နား ရောက်နေသည့် အသားတုံးကို အပူလွန်နေသဖြင့် စားမရ ဖြစ်နေသည့် ခံစားချက်မှာ တကယ့်ကို ဆိုးရွားလှသည် မဟုတ်ပါလော။
ကျင်းထဲမှ တွားထွက်လာပြီး ဆေးအနီရောင် အသက်ဆက်ဆေးကို သောက်နေသည့် ဝမ်သဲ့ဖာသည် သူ၏ ခေါင်းဆောင်းကို “ဒေါင်” ခနဲ မြည်အောင် ပြန်ရိုက်လိုက်ရင်း ရုတ်တရက် အော်ဟစ်လိုက်၏။
“အား... ပြုတ်ကျလိုက်တာ ငါတော့ တုံးသွားပြီ"
သူသည် သူ၏ ဝတ်ရုံအိတ်အတွင်းမှ အလင်းမှိန်မှိန် ထွက်ပေါ်နေသော သားရဲယဉ်ပါးအိတ်ကို ဆွဲထုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်လိုက်တော့၏။
“ညီအစ်ကိုတို့ရေ... ငါတို့မှာ အကူအညီတွေ ရှိသေးတယ် မဟုတ်လား"
“ငါတို့ ကိုယ်တိုင် မနိုင်ရင်လည်း ငါတို့ရဲ့ ‘ကလေး’ တွေကို လွှတ်လိုက်ကြစို့လေ။ ဝက်ကို တစ်ထောင်မွေးတာဟာ တစ်ရက် သုံးဖို့ပဲ မဟုတ်လား"
ဤစကားတစ်ခွန်းက လူတိုင်းကို အိပ်မက်မှ နှိုးလိုက်သကဲ့သို့ ရှိသည်။
“ဟိုက်ရှားပါး... ဟုတ်သားပဲ။ ငါ့မှာ အိမ်မွေးသားရဲ ရှိတာကို လုံးဝ မေ့နေတာ"
“မြန်မြန်... နတ်ဘုရား သားရဲတွေကို ဆင့်ခေါ်ကြစမ်း။ လူနဲ့ သားရဲ တစ်သားတည်းကျတဲ့ အစွမ်းကို သူတို့ကို ပြလိုက်ကြစို့"
တပည့်များသည် သူတို့၏ သားရဲအိတ်များထဲသို့ လက်နှိုက်ကာ အလုအယက် ဆင့်ခေါ်ကြတော့၏။ စစ်မြေပြင်၏ မြင်ကွင်းမှာလည်း သိုင်းကားတစ်ကားမှနေ၍... ထူးဆန်းသော သတ္တဝါများ ကမ္ဘာကြီးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
“ငါ ရွေးချယ်လိုက်တာကတော့ မင်းပဲ။ ပက်ပါ... ထွက်လာပြီး သူတို့ကို ကြိတ်ပစ်စမ်း"
ဝမ်သဲ့ဖာ၏ ရူးသွပ်လှသော အော်ဟစ်သံနှင့်အတူ မီးခိုးရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
“ဝုန်း...”
အမွှေးအမည်းများ ပြည့်နှက်နေပြီး ဓားကွေးကြီးများသဖွယ် ချွန်ထက်လှသော အစွယ်များရှိသည့် အဆင့် (၂) သံခွံ တောဝက်ကြီးမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာတော့၏။
၎င်းမှာ အိတ်ထဲတွင် အသက်ရှူကျပ်နေပုံ ရသည်။ ထွက်လာသည်နှင့် ခြေလက်များကို ယက်ကာ နှာခေါင်းမှလည်း မီးခိုးဖြူများကို မှုတ်ထုတ်နေသည်။ ၎င်း၏ နဖူးတွင်မူ အနီရောင် ပန်းပွင့်ကြီးမှာ ခိုင်မာစွာ ရှိနေဆဲ ဖြစ်ရာ... ကြောက်စရာရော ရယ်စရာပါ ကောင်းနေတော့၏။
“ပက်ပါ... ဟို အင်္ကျီနီနဲ့ကောင်ကို တွေ့လား။ အဲ့ဒါ ငါ့ကို ခုနက ရိုက်တဲ့ကောင်ပဲ။ သူ့ကို အားရပါးရသာ ဝင်ဆောင့်ပစ်စမ်းပါ"
ဝမ်သဲ့ဖာက သွေးသတ်သမားကို လက်ညှိုးထိုးပြလိုက်သည်။
“ဝု...”
ပက်ပါသည် တစ်စုံတစ်ခုကို အာရုံရသွားသကဲ့သို့ (အမှန်တော့ အရိုက်ခံရမှာ ကြောက်သဖြင့်) ဟိန်းဟောက်လိုက်၏။ တဆက်တည်း၌၊... ခြေလေးဖက်ကို မြေကြီးနှင့် ကုတ်ကာ ထိန်းချုပ်မှု လွတ်နေသော တင့်ကားကြီး တစ်စီးပမာ ‘သွေးလက်ဝါး’ အဖွဲ့၏ ခံစစ်စည်းဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့၏။
“ဒါ ဘာကြီးလဲ။ မိစ္ဆာသားရဲလား"
သွေးသတ်သမား၏ မျက်နှာ ပျက်သွားတော့သည်။ သူသည် ဓားကို မြှောက်ကာ ခုခံရန် ပြင်လိုက်သော်လည်း ထိုဝက်ကြီးမှာ အသားထူလှသဖြင့် မည်သည့် နည်းလမ်းကိုမှ ဂရုမစိုက်ဘဲ တိုးဝင်လာခြင်း ဖြစ်သည်။
“ဘုန်း...”
တောဝက်ကြီး၏ တိုက်မိမှုကြောင့် ချီစုစည်းမှု အဆင့် (၉) ရှိသော လူသတ်သမား တစ်ဦးမှာ ဒိုင်းကာရော လူပါ လွင့်ထွက်သွားရပြီး ခံစစ်စည်းမှာလည်း ပွင့်ထွက်သွားတော့၏။
ဒါဟာ အစပျိုးခြင်းမျှသာ ရှိသေးသည်။
“ထွက်လာစမ်း... ငါ့ရဲ့ ကောင်းကင် အရှင်သခင်"
ကောင်းကင်ခွင်း ဓားတစ်လက် ကလည်း ခန့်ညားလှသော လက်ဟန်ဖြင့် သားရဲကို ဆင့်ခေါ်လိုက်၏။
“ဂွီး... ဂွီး...”
အိုးစုတ်ကြီး တီးသကဲ့သို့ နားမခံသာသော ငှက်အော်သံကြီး တစ်ခု ညကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။
အမွှေးများ ကျွတ်ကာ ပန်းရောင် အသားများ ပေါ်နေသည့် ဧရာမ လင်းယုန်တုံးကြီးမှာ ကောင်းကင်သို့ ပျံတက်သွားတော့၏။ ၎င်းမှာ ရုပ်ဆိုးသော်လည်း အရှိန်ကတော့ အလွန်ပင် မြန်လှပေသည်။ ၎င်းသည် လေထဲတွင် ဝဲပျံရင်း ခံစစ်ပျက်နေသော လူသတ်သမားကို မြင်လိုက်သည်နှင့်... တစ်ဟုန်ထိုး ဆင်းသက်ကာ ချွန်ထက်သော ခြေသည်းများဖြင့် လူသတ်သမား၏ မျက်နှာနှင့် ဦးရေခွံကို အားရပါးရ ကုတ်ခြစ်တော့၏။
“အား... ငါ့မျက်လုံးတွေ... ဒီငှက်က ဘာလို့ လူမျက်နှာကိုပဲ လိုက်ပေါက်နေတာလဲဟ" လူသတ်သမားမှာ မျက်နှာကို အုပ်ကာ အသည်းအသန် အော်ဟစ်နေရှာတော့သည်။
ထို့နောက်တွင်မူ ပို၍ ထူးဆန်းသော အရာများ စစ်မြေပြင်သို့ ရောက်ရှိလာကြ၏။
“သွားစမ်း... ချောက်နက်ကြီးရဲ့ ဝါးမြိုသူ"
သုတေသန အရူးအမူး လုပ်တတ်သော ဇီဝခွေးလေး က ဖန်အိုး တစ်လုံးကို ရူးသွပ်စွာ ပစ်ပေါက်လိုက်သည်။
“ခွမ်း...”
အိုးကွဲသွားသည်နှင့် အမည်းရောင် အကျိအချွဲ မိစ္ဆာလေးမှာ မြေပေါ်သို့ ကျရောက်သွား၏။ ၎င်းသည် တွန့်လိမ်လှုပ်ရှားလိုက်ပြီးနောက်... လူသတ်သမား တစ်ဦး၏ မျက်နှာပေါ်သို့ ဘွားခနဲ ခုန်တက်ကာ ပါးစပ်နှင့် နှာခေါင်းကို အပြည့်အဝ ပိတ်ဆို့လိုက်တော့သည်။
“အု... အု... အု...” လူသတ်သမားမှာ အသက်ရှူကျပ်လွန်းသဖြင့် လက်ထဲမှ လက်နက်ကို ရမ်းကားစွာ ဝှေ့ယမ်းလိုက်ရာ မိမိ၏ အဖော်များကိုပင် ပြန်လည် ဒဏ်ရာရစေလေတော့၏။
ရှန်နွန် လွှတ်လိုက်သော အဆိပ်ရှိ ပင့်ကူအုပ်ကြီးမှာလည်း လူကို မကိုက်ဘဲ နေရာအနှံ့ ပင့်ကူအိမ်များ ရက်လုပ်နေသဖြင့်... လူသတ်သမားများမှာ ခြေလှမ်းတိုင်းတွင် စေးကပ်နေပြီး လှုပ်ရှားရ ခက်ခဲကုန်ကြသည်။
တပည့်တစ်ယောက်မှာမူ ဧရာမ ဖားပြုပ်ကြီး တစ်ကောင်ကို လွှတ်လိုက်၏။ ထိုဖားပြုပ်မှာ အခြား အစွမ်းမရှိသော်လည်း အသံကတော့ တကယ့်ကို ပြဲလှပေသည်။ ၎င်း၏ “အုအု... အုအု...” ဟူသော အော်သံနှင့် ငိုရှိုက်နေသော မိစ္ဆာအရိုး၏ အသံတို့ ပေါင်းစပ်လိုက်သည့်အခါတွင်မူ... ရန်သူများအတွက် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုကြီး ဖြစ်သွားတော့၏။
စနစ်တကျ လေ့ကျင့်ထားသော ‘သွေးလက်ဝါး’ ကြေးစားအဖွဲ့မှာမူ ဤ “ပုံမှန်မဟုတ်သော” သတ္တဝါများ၏ တိုက်ခိုက်မှုအောက်တွင် လုံးဝ (လုံးဝ) ပြိုလဲသွားခဲ့ရလေပြီ။ သူတို့သည် ဓားကို မကြောက်ကြ၊ မန္တန်ကို မကြောက်ကြပေ။ သို့သော်လည်း ဝက်ဆောင့်တာ၊ ငှက်တုံး ပေါက်တာ၊ အကျိအချွဲများ မျက်နှာပေါ် ကပ်တာနှင့် ပင့်ကူအိမ်များ ငြိတာကိုတော့ သူတို့ တကယ်ကို ကြောက်လှပေသည်။
“ဒါ... ဒါက ဘာ ဂိုဏ်းလဲဟ"
သွေးသတ်သမားမှာ သူ့ထံသို့ ခုန်အုပ်လာသော ငန်းဖြူကြီးကို ဓားဖြင့် ခုတ်ပိုင်းရင်း စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်သည်။
“သားရဲယဉ်ပါးတဲ့ ဂိုဏ်းတွေတောင် မင်းတို့လောက် ရွံစရာ မကောင်းဘူးကွ"
ဒါဟာ တိုက်ပွဲ မဟုတ်တော့ဘဲ... အရူးအုပ်စုက သားရဲရိုင်းတွေနှင့်အတူ ပျော်ပွဲစားထွက်နေတာကို သူတို့က အသုံးတော်ခံပေးနေရသလို ဖြစ်နေတော့၏။
“ညီအစ်ကိုတို့ရေ... အခြေအနေ ကောင်းပြီဟေ့။ ဟိုကောင်တွေရဲ့ စစ်ကြောင်း ပျက်သွားပြီဗျို့"
ဝမ်သဲ့ဖာသည် ပက်ပါ၏ ကျောပေါ်တွင် စီးလျက် အောင်နိုင်သူ ဗိုလ်ချုပ်ကြီး တစ်ဦးပမာ ဒိုင်းကာကို မြှောက်ကာ ကြွေးကြော်လိုက်သည်။
“အားလုံးပဲ... ငါ့ဝက်ရဲ့ အနောက်က လိုက်ခဲ့ကြစမ်းပါ။ တက်ကြိတ်မယ်... အတွေ့အကြုံတုံးတွေ ရိတ်သိမ်းကြမယ်ဟေ့"
“သတ်ကြ..."
တပည့် အယောက် တစ်ရာကျော်မှာ အိမ်မွေးသားရဲမျိုးစုံ၏ အနောက်မှနေ၍ ဟိန်းဟောက်ကာ ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်သွားကြပြန်သည်။ ယခုတစ်ကြိမ်တွင်မူ စိတ်ဓာတ်များ ပျက်ပြားနေသည့် လူသတ်သမားများမှာ မည်သို့မျှ ခုခံနိုင်စွမ်း မရှိတော့ပေ။
ဆယ်မိနစ်ခန့် ကြာပြီးနောက်၊ စစ်မြေပြင်မှာ နောက်ဆုံး၌ တိတ်ဆိတ်သွားတော့၏။
ဒုစရိုက်မြို့တော်တွင် ကျော်ကြားလှသည့် လက်ရွေးစင် လူသတ်သမား အယောက် နှစ်ဆယ်နှင့် သူတို့၏ ခေါင်းဆောင် သွေးသတ်သမားမှာ မြေပြင်ပေါ်၌ ပုံလျက်သား လဲကျနေကြကုန်၏။ သူတို့၏ ကိုယ်ခန္ဓာ တစ်ခုလုံးတွင် ကောင်းသည့်နေရာ တစ်နေရာပင် မရှိတော့ချေ။ အချို့မှာ ဝက်ဆောင့်လို့ နံရိုးကျိုး၊ အချို့မှာ ငှက်ပေါက်လို့ ဦးရေခွံ စုတ်ပြတ်၊ အချို့မှာမူ မျက်နှာတွင် အမည်းရောင် အကျိအချွဲများ ပေကျံလျက် ရှိနေကြသည်။
သူတို့ အသက် မသေသေးသော်လည်း (တပည့်များက ပစ္စည်းလုရန်အတွက် အသက်ချမ်းသာ ပေးထားခြင်း ဖြစ်သည်) သူတို့၏ မျက်လုံးများမှာမူ ဗလာသက်သက် ဖြစ်နေကြ၏။ ဒါဟာ လောကကြီးအပေါ် သံယောဇဉ် ပြတ်သွားခြင်းနှင့် ဘဝကို စိတ်ပျက်သွားခြင်းပင် ဖြစ်ချေတော့သည်။ ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အရှက်ခွဲခြင်းကို ခံရမည့်အစား စစ်မြေပြင်မှာတင် အသက်ပျောက်သွားရတာကမှ ပိုပြီး ဂုဏ်ရှိဦးမည်ဟု သူတို့ တွေးနေကြလောက်ပေသည်။
တပည့်များသည် ကျွမ်းကျင်လှသော လက်ဟန်များဖြင့် စစ်မြေပြင်ကို ရှင်းလင်းနေကြ၏။ အဝတ်အစားများ ချွတ်ယူခြင်း၊ ကိုယ်ပေါ်မှ ပစ္စည်းများ နှိုက်ယူခြင်းနှင့် သားရဲများကို အိတ်ထဲ ပြန်ထည့်ခြင်းများ ပြုလုပ်နေကြသည်။
ကျန်းချန်သည် အဝေးတစ်နေရာမှ ရပ်ကြည့်ရင်း... ဖရိုဖရဲ ဖြစ်နေသော်လည်း အောင်ပွဲခံနေသည့် သူ၏ တပည့်များကို ကြည့်ကာ မတတ်သာစွာဖြင့် ခေါင်းယမ်းမိ၏။
“နည်းလမ်းတွေက နည်းနည်း ယုတ်မာပြီး ပုံရိပ်ကတော့ နည်းနည်း ပျက်စီးသွားတာ မှန်ပေမယ့်...”
“ဒါပေမယ့် ပြောရမှာကတော့... သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က... တကယ့်ကို အံ့မခန်းပါပဲလား"
အခန်း (၁၂၅) - မြို့စားမင်းကိုယ်တိုင် လှုပ်ရှားခြင်း.. ရွှေအမြုတေအဆင့်ရဲ့ ဖိအားဆိုတာ ဒါမျိုးလားဗျာ
~အရုဏ်မတက်မီ အမှောင်ဆုံးအချိန်။ ကွေ့ယွမ်ဂိုဏ်း၏ တောင်တံခါး အပြင်ဘက်၌၊
‘သွေးလက်ဝါး’ ကြေးစားအဖွဲ့ကြီး တစ်ခုလုံး မျိုးဖြုတ် သုတ်သင်ခံလိုက်ရပြီးနောက်... စစ်မြေပြင်မှာမူ ထူးဆန်းလှသော တိတ်ဆိတ်မှုများ လွှမ်းမိုးလျက် ရှိသည်။
တပည့်များသည် သွေးသတ်သမားနှင့် သူ၏လူများကို ဝိုင်းအုံကာ တန်ဖိုးရှိမည့် ဝိညာဉ်သိုလှောင်အိတ်များကို အလုအယက် လုယက်နေကြတော့၏။ ဝမ်သဲ့ဖာ (ဒီဖရဲသီး မှည့်ပြီလား) မှာမူ ဝက်ကျောပေါ်မှနေ၍ သွေးသတ်သမား၏ သွေးနီရောင် ချိတ်ကောက်ကြီးကို သူ၏ခါးတွင် ချိတ်ရန် ကြိုးစားနေသည်။ သို့သော်လည်း ထိုလက်နက်မှာ အလွန်လေးလံလှသဖြင့် သူ၏ ခါးပတ်မှာ တစ်ဝက်ခန့်ပင် လျော့ကျနေရရှာ၏။
လူတိုင်း အောင်ပွဲခံရသဖြင့် ပျော်ရွှင်နေကြစဉ်မှာပင်...
“ဝုန်း...”
မည်သည့် ကြိုတင်အသိပေးချက်မှ မရှိဘဲ ကောင်းကင်ယံရှိ တိမ်တိုက်များမှာ မမြင်ရသော လက်တစ်ဖက်ဖြင့် မွှေနှောက်ခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ ရုန်းကြွလာတော့၏။
ပြစ်ဒဏ်ခတ်ရေး အကြီးအကဲထံမှ ထွက်ပေါ်လာသော အရှိန်အဝါထက် အဆပေါင်း ဆယ်ဂဏန်း၊ ရာဂဏန်းမျှ ပိုမို ပြင်းထန်သော ဖိအားကြီးတစ်ခုသည်... ကိုးထပ်သော ကောင်းကင်ဘုံမှနေ၍ တောင်ကြီးတစ်လုံးပမာ ဝုန်းခနဲ ဖိချလိုက်လေတော့သည်။
“ဖတ်... ဖတ်...”
စစ်မြေပြင်ကို ရှင်းလင်းနေကြသော တပည့်များမှာ ဘာဖြစ်မှန်းပင် မသိလိုက်ရမီမှာပင်... သူတို့၏ ဒူးဆစ်များမှာ ဧရာမ တူကြီးဖြင့် အထုခံလိုက်ရသကဲ့သို့ ပျော့ခွေသွားကြပြီး မြေပြင်ပေါ်သို့ အတင်းအကြပ် ဝပ်စင်း ဒူးထောက်လိုက်ကြရသည်။
အသားထူလှသော အဆင့် (၂) သံခွံ တောဝက်ကြီး ‘ပက်ပါ’ ပင်လျှင် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီးနောက်... ခြေလက်များကို ဖြန့်ကာ သူ၏ ဦးခေါင်းကို မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးထည့်လျက် တုန်ရင်နေရှာတော့၏။
“ဟိုက်ရှားပါး... ဒါ... ဒါ ဘာဖြစ်တာလဲဗျာ"
ကောင်းကင်ခွင်း ဓားတစ်လက် သည် သူ၏ ဓားကို မြေကြီးမှာ ထောက်လျက် အသည်းအသန် ပြန်ထရန် ကြိုးစားနေသည်။ သူ၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့နေပြီး နဖူးတွင်လည်း သွေးကြောများမှာ ဖောင်းတက်နေ၏။ သူ၏ အစွမ်းအစ မျက်နှာပြင်ကို ကြည့်လိုက်သောအခါတွင်မူ နီရဲနေသော ကျိန်စာတစ်ခုကို တွေ့လိုက်ရသည်။
(အကြွင်းမဲ့ ဖိနှိပ်ခြင်း - အဆင့်မြင့် ကျင့်ကြံသူ၏ ဖိအားကြောင့် သင်၏ အစွမ်းအစ (၉၀) ရာခိုင်နှုန်း လျော့ကျသွားပါသည်။ လှုပ်ရှားခြင်းနှင့် မန္တန်သုံးခြင်း လုံးဝ မပြုနိုင်ပါ။)
“ဇာတ်လမ်းအရ သေရမယ့် အခန်းလားဗျ။ ဒါဟာ ဇွတ်အတင်း သတ်ခိုင်းနေတာပဲ မဟုတ်လား"
တပည့်များ ထိတ်လန့်တုန်လှုပ်နေကြစဉ်မှာပင်... မောက်မာလှသော အာဏာနှင့် ဒေါသများ ပြည့်နှက်နေသည့် အသံကြီးတစ်ခုမှာ ကောင်းကင်နှင့် မြေကြီးကြား၌ ပဲ့တင်ထပ်သွားတော့၏။
“ကောင်းလှချေလား... တကယ့်ကို ကောင်းလှချေလား"
“ငါ့ရဲ့ ချစ်လှစွာသော သားကို ဒုက္ခပေးတယ်၊ ငါ့ရဲ့ လူတွေကို သတ်တယ်၊ ငါ့သိက္ခာကိုလည်း နင်းခြေတယ်ပေါ့လေ"
“ကွေ့ယွမ်ဂိုဏ်း... မင်းတို့ကတော့ ငါ့ကို တကယ့်ကို အံ့သြစရာကြီး ပေးလိုက်တာပဲ"
ဟင်းလင်းပြင် လေဟာနယ်ထက်ဝယ်... ရွှေရောင်နှင့် အမည်းရောင် ရောယှက်နေသော ဝတ်ရုံကို ဆင်မြန်းထားသည့် လူရိပ်တစ်ခု ဆင်းသက်လာသည်။ သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် မြေပြင်ပေါ်၌ ရေလှိုင်းများပမာ အရှိန်အဝါများ လှိုင်းထသွားရုံတင်မကဘဲ ကောင်းကင်နှင့် မြေကြီးပင်လျှင် တုန်ခါနေသကဲ့သို့ ခံစားရသည်။
ထိုသူကား အခြားသူမဟုတ်... ဒုစရိုက်မြို့တော်၏ မြို့စားမင်း ကျောက်ဝူကျိ ပင် ဖြစ်ချေတော့သည်။
ယခုအချိန်တွင် သူ၏ ကိုယ်ခန္ဓာထံမှ မှိန်ဖျော့သော ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေ၏။ ၎င်းမှာ ရွှေအမြုတေ အဆင့်ရှိ ကျင့်ကြံသူများ၏ ထူးခြားသော ပြယုဂ်ပင် ဖြစ်သည်။ ထိုရွှေရောင် အလင်းတန်းမှာ အနည်းငယ် နောက်ကျိနေသော်လည်း... ချီစုစည်းမှု အဆင့်သာ ရှိကြသော တပည့်များ၏ မျက်လုံးထဲတွင်မူ နတ်ဘုရားတစ်ပါးပမာ ရှိနေတော့၏။
“ရွှေအမြုတေ အဆင့်ဗျို့။ ဒါဟာ တကယ့်ကို အဆင့်မြင့်ဆုံး ရန်သူ့ခေါင်းဆောင်ကြီးပဲ"
“ငါတို့တော့ သွားပြီ၊ ဒီတစ်ခါတော့ အရိုးမာတဲ့ကောင်နဲ့ တိုးပြီ"
“ဒါကို ဘယ်လို ချမှာလဲဗျ။ လှုပ်တောင် မလှုပ်နိုင်ဘူးလေ"
တပည့်များကြားတွင် မျှော်လင့်ချက် ကင်းမဲ့သော ခံစားချက်များ လှိုက်တက်လာတော့၏။ အဆင့်အတန်းချင်း အဆပေါင်းများစွာ ကွာခြားနေသည့် အခြေအနေမျိုးတွင် မည်သည့် နည်းဗျူဟာမှ အသုံးမဝင်တော့သည် မဟုတ်ပါလော။
ကျောက်ဝူကျိသည် မြေပြင်ပေါ်၌ ပုရွက်ဆိတ်များပမာ ဝပ်စင်းနေကြသော တပည့်များကို ကြည့်ကာ ရက်စက်လှသော ကျေနပ်မှုများဖြင့် ပြုံးလိုက်သည်။
“ဘာလဲ... မခုန်နိုင်ကြတော့ဘူးလား။ အော်မဟစ်နိုင်ကြတော့ဘူးလား"
သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဟင်းလင်းပြင်ကို လှမ်းဆွဲလိုက်၏။
“ဝုန်း...”
လေထဲတွင် အိမ်တစ်လုံးလောက် ကြီးမားသော ဝိညာဉ်စွမ်းအင် လက်ဝါးကြီး တစ်ခု ဘွားခနဲ ပေါ်လာပြီး... ဝက်စီးနေသော ဝမ်သဲ့ဖာကို ဖမ်းဆုပ်ကာ လေထဲသို့ မြှောက်တင်လိုက်သည်။
“မင်းတို့လို အမှိုက်တစ်သိုက်ကများ ငါ့ကို လာစိန်ခေါ်ရဲတယ်ပေါ့လေ"
ကျောက်ဝူကျိက သူ၏ လက်ချောင်း ငါးချောင်းကို ဖြည်းညှင်းစွာ ဆုပ်လိုက်သည့်အခါ... ဝမ်သဲ့ဖာ၏ မည်းနက်သော ချပ်ဝတ်ကြီးမှာ ဖိအားဒဏ်ကြောင့် “ဂျွတ်... ဂျွတ်” မြည်ကာ ကြေမွတော့မည့်အလား ရှိနေတော့၏။
“အား... ကယ်ကြပါဦးဗျို့။ ကျွန်တော်တော့ ပြားတော့မယ် ခင်ဗျာ" ဝမ်သဲ့ဖာမှာ သတ်တော့မည့် ဝက်တစ်ကောင်ပမာ အသံကုန် ဟိန်းဟောက် အော်ဟစ်နေရှာသည်။
တပည့်အားလုံး ငါတို့တော့ သေပြီဟု တွေးကာ... ဒုက္ခမှ လွတ်မြောက်ရန် ဂိမ်းထဲမှ ထွက်ခွာဖို့ ပြင်နေကြစဉ်မှာပင်...
“မြို့စားမင်း ကျောက်... ခင်ဗျားရဲ့ အရှိန်အဝါကတော့ တကယ့်ကို ခန့်ညားလှပါပေတယ်ဗျာ"
ကြည်လင်ပြီး ဂရုမစိုက်ဟန် ပါဝင်နေသော်လည်း... ထူးဆန်းသော စည်းချက်များ ကိန်းဝပ်နေသည့် အသံလေး တစ်ခုမှာ ကွေ့ယွမ်ဂိုဏ်း၏ ခန်းမဆောင်ကြီး အရပ်ထံမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအသံမှာ မကျယ်လောင်သော်လည်း ကျောက်ဝူကျိ၏ ပြင်းထန်လှသော ဖိအားများကို အလွယ်တကူပင် ဖောက်ထွက်လိုက်ပြီး လူတိုင်း၏ နားစည်ထဲသို့ ပီပြင်စွာ ရောက်ရှိလာခဲ့၏။
အေးခဲနေခဲ့သော ဟင်းလင်းပြင်ကြီးမှာ ထိုအသံကြောင့် လန်းဆန်းသော စမ်းရေအေးလေး တစ်ခု စီးဝင်လာသကဲ့သို့ ဖြစ်သွားရပြီး... အသက်ရှူကျပ်စေသော ဖိနှိပ်မှုများမှာလည်း တစ်ဝက်ခန့် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
“ဟမ်...”
ကျောက်ဝူကျိ၏ မျက်နှာထား ပြောင်းလဲသွားတော့၏။ သူသည် ခန်းမဆောင်ကြီး အရပ်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်၏။
ထိုအရပ်မျက်နှာ၌ ခရမ်းရောင် တိမ်တိုက်များမှာ အရှေ့ဘက်မှ လွင့်မျောလာနေသည်။
ခရမ်းရွှေရောင် ဝတ်ရုံကို ဆင်မြန်းထားသည့် လူငယ်တစ်ဦးသည်... လက်နှစ်ဖက်ကို နောက်ပစ်လျက်၊ ခြေထောက်အောက်တွင် မည်သည့် ဓားပျံ သို့မဟုတ် မှော်ရတနာမှ မရှိဘဲ ဟင်းလင်းပြင်ကို လှေကားထစ်များပမာ နင်းဖြတ်ကာ တစ်လှမ်းချင်း တက်လာနေခြင်းပင် ဖြစ်ချေတော့သည်။
သူ လျှောက်လှမ်းပုံမှာ အလွန်ပင် နှေးကွေးလှသော်လည်း... လောကကြီးတစ်ခုလုံးမှာ သူ၏ အသက်ရှူသံနှင့်အတူ လိုက်ပါ လှုပ်ရှားနေသကဲ့သို့ ရှိနေ၏။
သူကား ကျန်းချန် ပင် ဖြစ်သည်။
ယခုအချိန်တွင် သူသည် အနောက်ကွယ်မှနေ၍ အခင်းအကျင်းများဖြင့်သာ လှည့်စားတတ်သည့် “ရွှေအမြုတေအတု” မဟုတ်တော့ပေ။
စနစ်ကြီး၏ အံ့မခန်းလှသော စွမ်းအားများဖြင့် အဆင့်မြှင့်တင်ထားပြီးနောက်... သူသည် အသန့်စင်ဆုံးနှင့် အပြင်းထန်ဆုံးသော ရွှေအမြုတေ စွမ်းအင်များကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်ချေသည်။
“မင်းက... ကျန်းချန် လား"
ကျောက်ဝူကျိက မျက်လုံးများကို မှေးလိုက်ရင်း သူ၏ နတ်ဘုရားအာရုံကို ကျန်းချန်ထံသို့ တရစပ် ပို့လွှတ်ကာ တစ်ဖက်လူ၏ အခြေအနေမှန်ကို သိနိုင်ရန် ကြိုးစားနေသည်။
သို့သော်လည်း သူ ထိတ်လန့်သွားရသည်မှာ... သူ၏ အာရုံခံစားမှုများမှာ သမုဒ္ဒရာထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သကဲ့သို့ ဘာမှ (ဘာမှ) ပြန်မရဘဲ ဖြစ်နေခြင်းပင်။ တစ်ဖက်လူမှာ အနက်ရှိုင်းဆုံးသော ပင်လယ် တစ်ခုပမာ ခန့်မှန်း၍ပင် မရနိုင်တော့ချေ။
“မဖြစ်နိုင်ဘူး။ ဒီ ချန်ဝူ တောင်တန်းကြီးမှာ... ဝိညာဉ်စွမ်းအားတွေ ခမ်းခြောက်နေတဲ့ နေရာမှာ... စစ်မှန်တဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက် ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ"
ကျောက်ဝူကျိ၏ ရင်ထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသော်လည်း... လှေပေါ် ရောက်နေပြီ ဖြစ်ရာ သူက အတင်းပင် စိတ်ကို ထိန်းလိုက်ပြီး အော်ဟစ်လိုက်သည်။
“မင်းက ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်။ ငါက ရွှေအမြုတေအဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့သူကွ။ နောက်တစ်ဆင့်ဆိုရင် မူလ ဝိညာဉ်အဆင့်တောင် ဖြစ်တော့မှာ (ကြွားလုံးထုတ်ခြင်း ဖြစ်သည်)။ ဒီနေ့တော့ ငါ့ရဲ့ စစ်မှန်တဲ့ စွမ်းအားတွေကို မင်း မြင်စေရမယ်"
သူသည် အင်္ကျီလက်စကို တစ်ချက် ခါယမ်းလိုက်သော်လည်း ဝမ်သဲ့ဖာကို ဖမ်းထားသည့် လက်ဝါးကြီးကိုမူ လွှတ်မပေးသေးပေ။ အခြား လက်တစ်ဖက်ဖြင့်မူ ပေတစ်ရာခန့် ရှည်လျားလှသော ရွှေရောင် ဓားမကြီး တစ်စင်းကို ဖန်တီးလိုက်ပြီး... ကောင်းကင်နှင့် မြေကြီးကို ခွဲခြမ်းပစ်မည့် အရှိန်အဝါဖြင့် ကျန်းချန်ထံသို့ အားကုန် ခုတ်ပိုင်းချလိုက်တော့သည်။
“ရွှေရောင် အလင်းခွင်းသိုင်း... သေစမ်း"
ကြည့်ရသည်မှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ကွက်ကြီးပင် ဖြစ်၏။
သို့သော်လည်း ကျန်းချန်မှာမူ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မျက်နှာတွင် မည်သည့် အမူအရာမှ မရှိပေ။ သူသည် လက်ကိုပင် မြှောက်ခြင်း မပြုဘဲ... သူ့ထံသို့ ကျရောက်လာသော ဧရာမ ဓားမကြီးကို ဂရုမစိုက်ဟန်ဖြင့် တစ်ချက်သာ ကြည့်လိုက်သည်။
“ခြေတစ်လှမ်းအလို ရွှေအမြုတေအဆင့် ဟုတ်လား"
ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးရိပ် တစ်ခု ပေါ်လာခဲ့၏။
“တခြား ကျင့်ကြံသူတွေရဲ့ အနှစ်သာရကို စုပ်ယူပြီး လျှို့ဝှက်နည်းလမ်းတွေနဲ့ အဓမ္မ လုပ်ယူထားတဲ့ ‘အမြုတေအတု’ ရှိတဲ့သူကများ... ကိုယ့်ကိုယ်ကိုယ် ရွှေအမြုတေအဆင့်လို့ ခေါ်ရဲသေးတယ်ပေါ့လေ"
“စစ်မှန်တဲ့ စွမ်းအားရှေ့မှာတော့... ခင်ဗျားဟာ ရယ်စရာ လူပြက်တစ်ယောက်ပဲ"
စကားအဆုံးတွင်...
ကျန်းချန်၏ ကိုယ်ထဲရှိ အပြစ်အနာအဆာ ကင်းစင်လှသော ရွှေအမြုတေမှာ ပြင်းထန်စွာ တုန်ခါသွားတော့၏။
“ဝုန်း...”
ကျောက်ဝူကျိ၏ အရှိန်အဝါထက် ဆယ်ဆမက ပြင်းထန်ပြီး အဆတစ်ရာမက သန့်စင်လှသော ကြောက်မက်ဖွယ် အရှိန်အဝါကြီး တစ်ခုမှာ... အိပ်ပျော်နေသော ဧရာမ နဂါးကြီးတစ်ကောင် နိုးထလာသကဲ့သို့ ရုတ်တရက် ပေါက်ကွဲထွက်လာလေတော့သည်။
ကျောက်ဝူကျိ၏ အရှိန်အဝါက တောင်ကြီးတစ်လုံးပမာ ရှိလျှင်... ကျန်းချန်၏ အရှိန်အဝါမှာမူ ကောင်းကင်ယံ တစ်ခုလုံးပမာ ကျယ်ပြောလှပေသည် တကား။
“ပျက်စီးစမ်း"
ကျန်းချန်က စကားတစ်ခွန်းသာ ဆိုလိုက်သည်။
နှုတ်ထွက်စကားသည် တာအို ဖြစ်သည် တကား။
“ဂျွတ်...”
ခန့်ညားလှသော ရွှေရောင် ဓားမကြီးမှာ ကျန်းချန်၏ ရှေ့ ပေအနည်းငယ် အကွာ၌ မမြင်ရသော တံတိုင်းကြီး တစ်ခုကို သွားတိုက်မိသကဲ့သို့ ဖြစ်သွားပြီး... ချက်ချင်းပင် အက်ကြောင်းများ ပြည့်နှက်သွားကာ အလင်းစက်များ အဖြစ်သို့ ကြေမွ ပျောက်ကွယ်သွားတော့၏။
ချက်ချင်းဆိုသလိုပင်...
“ဒူးထောက်စမ်း"
ကျန်းချန်က ထပ်မံ ဆိုလိုက်ပြန်သည်။ သူ၏ အကြည့်များမှာ လျှပ်စီးတန်းများပမာ စူးရှလှပြီး ကျောက်ဝူကျိကို တည့်တည့်မတ်မတ် စိုက်ကြည့်နေတော့၏။
“ဘုန်း...”
ကျောက်ဝူကျိမှာ မိမိအပေါ်သို့ ငြင်းဆန်၍မရသော စွမ်းအားကြီးတစ်ခု ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူ ဂုဏ်ယူနေခဲ့သည့် ခြေတစ်လှမ်းအလို ရွှေအမြုတေအဆင့် ကျင့်စဉ်မှာမူ ဤစွမ်းအားရှေ့တွင် စက္ကူတစ်ချပ်ပမာ နုနယ်လွန်းလှပေသည်။
သူ ပြန်လည် ခုခံရန်ပင် မစဉ်းစားနိုင်သေးမီမှာပင်... သူ၏ ဒူးနှစ်ဖက်မှာ ဟင်းလင်းပြင် လေဟာနယ်ပေါ်သို့ (မမြင်ရသော တံတိုင်းပေါ်တွင် ဒူးထောက်လိုက်ရသကဲ့သို့) ပြင်းထန်စွာ ကျရောက်သွားပြီး... အရိုးကျိုးသံများပင် ထွက်ပေါ်လာတော့၏။
ဝမ်သဲ့ဖာကို ဖမ်းဆုပ်ထားသည့် ဝိညာဉ်စွမ်းအင် လက်ဝါးကြီးမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။
“အား... ကျွတ် ကျွတ်...”
ဝမ်သဲ့ဖာမှာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ပြုတ်ကျသွားရှာသည်။ သို့သော်လည်း သူသည် နာကျင်မှုကို ဂရုမစိုက်နိုင်ဘဲ ကောင်းကင်ယံမှ နတ်ဘုရားတစ်ပါးပမာ ရှိနေသော ပုံရိပ်ကိုသာ မျက်လုံးပြူးကာ ကြည့်နေမိတော့၏။
နေရာတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။
လေတိုးသံလေးကိုသာ ကြားနေရတော့၏။
ကျောက်ဝူကျိသည် လေထဲတွင် ဒူးထောက်လျက်၊ မျက်နှာတစ်ခုလုံး နီရဲကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူ၏ မျက်လုံးများထဲတွင်မူ မယုံကြည်နိုင်ခြင်းနှင့် ထိတ်လန့်ခြင်းများသာ ပြည့်နှက်နေတော့၏။
“စစ်မှန်တဲ့... စစ်မှန်တဲ့ ရွှေအမြုတေ အဆင့်ကြီးလား။ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျန်းချန်သည် သူ၏အနားသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလိုက်ပြီးနောက်... မောက်မာခဲ့သော ထိုလူကြီးကို အထက်စီးမှ ငုံ့ကြည့်လျက် တည်ငြိမ်စွာပင် ဆိုလိုက်သည်။
“မဖြစ်နိုင်တာ ဘာမှ မရှိဘူး"
“မြို့စားမင်း ကျောက်... ခင်ဗျားက အလျော်အစား လာတောင်းတာ မဟုတ်လား"
“အခုတော့... ခင်ဗျားရဲ့ အသက်အတွက် အလျော်အစားက ဘယ်လောက်လဲဆိုတာ..ကျုပ်တို့ သေသေချာချာ ဆွေးနွေးကြတာပေါ့လေ"
အခန်း (၁၂၆) - အိုးထဲက လိပ်ကို ဖမ်းခြင်း.. တစ်ခါဝင်လာပြီးရင် ပြန်ထွက်ဖို့ မစဉ်းစားနဲ့တော့
~ကွေ့ယွမ်ဂိုဏ်း၏ တောင်တံခါး အပြင်ဘက်၌၊
မြို့စားမင်း ကျောက်ဝူကျိမှာ ဂိုဏ်းချုပ် ကျန်းချန်၏ ဖိနှိပ်ခြင်းကို ခံထားရသော်လည်း၊ အပြင်ဘက်တွင် ဝန်းရံထားသည့် မြို့စားမင်းအိမ်တော်၏ ကိုယ်ပိုင်စစ်တပ်မှာမူ ထိုအကြောင်းကို လုံးဝ (လုံးဝ) မသိကြရှာချေ။ ဤစစ်တပ်မှာ ချီစုစည်းမှု အဆင့် နှောင်းပိုင်းရှိ စစ်သည်တော် အယောက် ငါးရာဖြင့် ဖွဲ့စည်းထားသည့် လက်ရွေးစင် အဖွဲ့ကြီး ဖြစ်ပြီး၊ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ရှိသော ဗိုလ်မှူးကြီး အချို့က ဦးဆောင်ကာ မူလ အစီအစဉ်အတိုင်း ကွေ့ယွမ်ဂိုဏ်းကို ပိတ်ဆို့ထားခြင်း ဖြစ်သည်။
သူတို့သည် မည်းနက်သော ချပ်ဝတ်များကို ဝတ်ဆင်ကာ၊ ထက်မြက်လှသော ဓားရှည်များကို ကိုယ်စီ ဆုပ်ကိုင်ထားကြပြီး၊ လက်မရွံ့သည့် မျက်န်းများမှာ ငရဲခန်းမှ တက်လာသည့် တစ္ဆေစစ်တပ်ကြီး တစ်ခုအလား ရှိနေတော့၏။ ဤသည်မှာ ‘သွေးလက်ဝါး’ ကြေးစားအဖွဲ့ထက်ပင် ပိုမို အင်အားတောင့်တင်းလှသော ဒုစရိုက်မြို့တော်၏ စစ်မှန်သော စွမ်းအားပင် ဖြစ်ချေတော့သည်။
“မြို့စားမင်းကြီးက အမိန့်ပေးထားပြီးသား။ အချက်ပြတာနဲ့ တစ်ပြိုင်နက် အကုန် တက်ကြိတ်ရမယ်"
ဗိုလ်မှူးကြီး တစ်ဦးသည် အဝေးမှ တောင်ကာကွယ်ရေး မဟာအခင်းအကျင်းကြီးကို စိုက်ကြည့်နေသည်။ အခင်းအကျင်း၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော အနီရောင် အလင်းတန်းများ လှုပ်ရှားနေသည်ကို မြင်သောအခါ သူ၏ ရင်ထဲတွင် စိုးရိမ်စိတ် အနည်းငယ် ဖြစ်ပေါ်လာသော်လည်း၊ လောဘဇောကတော့ ပို၍ ပြင်းထန်နေ၏။ ဤနေရာကိုသာ ဖောက်ထွက်နိုင်ပါက အတွင်းရှိ ရတနာသိုက်ကြီးမှာ သူတို့ အပိုင် ဖြစ်တော့မည် မဟုတ်ပါလော။
ထိုစဉ်မှာပင်...
“ဝုန်း...”
ကျယ်လောင်လှသော အသံကြီး တစ်ခု တောင်တံခါး အရပ်ထံမှ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် တောင်ကာကွယ်ရေး မဟာအခင်းအကျင်း၏ အလင်းတန်းများမှာ တဖျတ်ဖျတ် လက်သွားပြီးနောက်... တံခါးမကြီး၏ အလယ်ဗဟို၌ ဧရာမ အက်ကြောင်းကြီး တစ်ခု ဘွားခနဲ ပေါ်လာတော့၏။
ထိုအက်ကြောင်းမှတစ်ဆင့် အတွင်းဘက်တွင် ဖရိုဖရဲ ဖြစ်နေသည့် မြင်ကွင်းများကို ဝေဝါးစွာ မြင်တွေ့နေရသည်။ ကြည့်ရသည်မှာ ဂိုဏ်းအတွင်း၌ ပဋိပက္ခများ ဖြစ်ပွားနေသည့်အလား ရှိနေတော့၏။
“အခွင့်အရေးပဲဟေ့"
ဗိုလ်မှူးကြီး၏ မျက်လုံးများမှာ အရောင်တောက်သွားတော့၏။ မြို့စားမင်းကြီး အထဲမှာ အောင်မြင်သွားပြီဟု သူက တထိုင်တည်း တွေးလိုက်ခြင်း ဖြစ်၏။ သူသည် ဓားရှည်ကို မြှောက်ကာ ဟိန်းဟောက်လိုက်သည်။
“မဟာအခင်းအကျင်း ပျက်သွားပြီဗျို့။ မြို့စားမင်းကြီးက ငါတို့ကို အထဲဝင်ဖို့ ခေါ်နေပြီ။ ညီအစ်ကိုတို့... တက်ကြစမ်း။ တွေ့တဲ့သူ သတ်၊ တွေ့တဲ့ပစ္စည်း အကုန် လုကြစမ်းဟေ့"
“သတ်ကြ..."
အနက်ရောင် ချပ်ဝတ် ဝတ်စုံဝတ် စစ်သည် အယောက် ငါးရာမှာ တပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီးနောက်... အကာအကွယ်မဲ့နေပြီဟု ထင်ရသော အက်ကြောင်းအတွင်းသို့ မည်းနက်သော ရေလှိုင်းကြီး တစ်ခုပမာ တစ်ဟုန်ထိုး တိုးဝင်သွားကြတော့သည်။
သို့သော်လည်း ထိုလမ်းမှာ ငရဲခန်း၏ အဝင်ဝ ဖြစ်နေကြောင်းကိုတော့ သူတို့ လုံးဝ (လုံးဝ) မသိကြရှာချေ။
---
ကွေ့ယွမ်ဂိုဏ်း၏ ကျောက်ကွင်းပြင်ကျယ်ကြီး။
ဂိုဏ်းချုပ် ကျန်းချန်သည် စင်မြင့်ထက်၌ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည်။ သူ၏ ခြေရင်းတွင်မူ ကျောက်ဝူကျိမှာ အရှက်နှင့် အားငယ်မှုများ ပြည့်နှက်နေသော မျက်နှာထားဖြင့် ဒူးထောက်နေရရှာ၏။ ကျန်းချန်သည် ရေကြေးမုံ ပညာရပ်မှတစ်ဆင့် ဒီရေအလား တိုးဝင်လာနေကြသော အနက်ရောင် ချပ်ဝတ် စစ်သည်များကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အေးစက်လှသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။
“အချိန်ကိုက်ပဲ "
သူသည် လက်ကို အသာအယာ မြှောက်လိုက်ပြီး လက်ဖျစ်တစ်ချက် တီးလိုက်သည်။
“တံခါးပိတ်လိုက်တော့"
“ဝှစ်...”
ယခုလေးတင် ပွင့်နေခဲ့သော အခင်းအကျင်း အက်ကြောင်းကြီးမှာ မည်သည့် ကြိုတင်အသိပေးချက်မှ မရှိဘဲ ချက်ချင်း ပြန်လည် ပိတ်သွားတော့၏။ မှိန်ဖျော့နေခဲ့သော အခင်းအကျင်း အလင်းတန်းများမှာလည်း တစ်ရှိန်ထိုး ပြန်လည် တောက်လောင်လာပြီး... မည်သူမျှ မဖြိုခွဲနိုင်သော နီရဲသည့် အကာအကွယ် တံတိုင်းကြီးအဖြစ် ပြောင်းလဲသွားကာ အနက်ရောင် ချပ်ဝတ် စစ်သည်များ၏ အနောက်ပေါက်ကို လုံးဝ ပိတ်ဆို့လိုက်လေတော့သည်။
တပြိုင်နက်တည်းမှာပင် ကျောက်ကွင်းပြင် ပတ်ဝန်းကျင်ရှိ ဗလာကျင်းနေသော အဆောက်အဦးများ၏ အမှောင်ရိပ်အတွင်းမှနေ၍... မရေမတွက်နိုင်သော စိမ်းဖန့်ဖန့် မျက်လုံးများ ဘွားခနဲ ပေါ်ထွက်လာသည်။
၎င်းတို့မှာ အချိန်အတော်ကြာကတည်းက ချောင်းမြောင်းနေခဲ့ကြသည့် တပည့် စစ်တပ်ကြီးပင် ဖြစ်ချေတော့သည်။
“ဟဲဟဲ... သိုးအုပ်ကြီး ခြံထဲ ဝင်လာပြီဗျို့"
ဝမ်သဲ့ဖာသည် ကောက်ရိုးပုံကြီး တစ်ခုအတွင်းမှနေ၍ ထွက်လာခဲ့၏။ သူသည် လက်ထဲမှ ဧရာမ သံမဏိ ဒိုင်းကာကြီးကို ကိုင်လျက် ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးနေသည်။
“ညီအစ်ကိုတို့ရေ... လက်ရွေးစင် မွန်းစတား အကောင် ငါးရာတောင်ဗျ။ အင်္ကျီတွေလည်း အကောင်းစားတွေနဲ့နော်"
ကောင်းကင်ခွင်း ဓားတစ်လက် သည် သူ၏ ဝိညာဉ်ဓားကို ဆွဲထုတ်လိုက်ပြီး ကြောင်အမ်းအမ်း ဖြစ်နေသည့် ရန်သူများကို ညွှန်ပြကာ ဆိုလိုက်သည်။
“ဒါတွေက လမ်းလျှောက်နေတဲ့ အတွေ့အကြုံတုံးတွေပဲ ၊ တစ်ကောင်မှ အလွတ်မပေးနဲ့။ ချကြစမ်း"
“သတ်ကြဟေ့..."
တပည့် အယောက် တစ်ရာကျော်မှာ သူတို့၏ ထူးဆန်းလှသော အိမ်မွေးသားရဲများ (တောဝက်၊ လင်းယုန်တုံးနှင့် ဖားပြုပ်ကြီးများ) နှင့်အတူ အရပ်မျက်နှာ အသီးသီးမှနေ၍ အော်ဟစ်ကာ တစ်ဟုန်ထိုး ပြေးထွက်လာကြတော့၏။
အနက်ရောင် ချပ်ဝတ် စစ်သည်များ၏ ဗိုလ်မှူးကြီးမှာမူ လုံးဝ ကြောင်အသွားရသည်။
ဒါ ဘာဖြစ်နေတာလဲ။ မြို့စားမင်းကြီးကော ဘယ်မှာလဲ။ အတွင်းပိုင်းမှာ တိုက်ပွဲ ဖြစ်နေတာ မဟုတ်ဘူးလား။ ငါတို့ဟာ ကြိုတင် ပြင်ဆင်ထားတဲ့ လှောင်အိမ်ထဲကို အတင်း တိုးဝင်မိသလို ခံစားနေရပါလား။
သူ ဘာဖြစ်နေမှန်း မစဉ်းစားနိုင်သေးမီမှာပင်... ပထမဆုံးသော တိုက်ခိုက်မှု လှိုင်းကြီးက ရောက်ရှိလာတော့၏။
ယခုတစ်ကြိမ်တွင်မူ တပည့်များသည် အစီအစဉ် အပြည့်အစုံဖြင့် ပြင်ဆင်ထားကြခြင်း ဖြစ်သည်။
[ပထမလှိုင်း - ဇီဝလက်နက် တိုက်စစ်]
ဇီဝခွေးလေး နှင့် ရှန်နွန် တို့ ဦးဆောင်သည့် ‘ယုတ်မာရေး အဖွဲ့’ သည် အမြင့်ရှိ အမိုးပေါ်တွင် ရပ်နေကြသည်။ သူတို့သည် ထူးဆန်းသော အရောင်အသွေးရှိသည့် အရည်များ ပြည့်နေသော ပုံးများကို အောက်သို့ အားရပါးရ မှောက်ချလိုက်ကြတော့၏။
ယခုတစ်ကြိမ်မှာမူ အဆိပ် မဟုတ်ပေ။ ၎င်းမှာ အဆင့်မြှင့်တင်ထားသော ‘အပြင်းစား ထင်ယောင်ထင်မှား မီးခိုးငွေ့’ ပင် ဖြစ်ချေသည်။ ၎င်းမှာ မှောင်ခိုဈေးကွက်မှ ဝယ်ယူထားသည့် စိတ်လှုပ်ရှားစေသော ဆေးမြစ်များနှင့် မိုင်းတွင်းထဲမှ အဆိပ်မှိုများကို သုံးရက်သုံးညတိုင်တိုင် ကျိုချက်ထားသည့် အနှစ်သာရများ ဖြစ်သည်။
“ဖူး...”
ထိုအရည်များမှာ မြေပြင်သို့ ရောက်သည်နှင့် အငွေ့ပျံသွားပြီး... ပန်းရောင်သန်းနေသော သိပ်သည်းလှသည့် မြူခိုးများအဖြစ် ပြောင်းလဲသွားကာ အနက်ရောင် ချပ်ဝတ် စစ်ကြောင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။
“အဟွတ်... အဟွတ်... ဒီမီးခိုးတွေက အဆိပ်တွေပဲ။ အသက်အောင့်ထားကြစမ်း"
ဗိုလ်မှူးကြီးမှာ ထိတ်လန့်သွားပြီး အကာအကွယ် အခင်းအကျင်းကို အမြန် ဖွင့်လိုက်သည်။ သို့သော်လည်း သာမန် ချီစုစည်းမှု အဆင့်ရှိ စစ်သည်များမှာမူ ကံမကောင်းရှာပေ။ ထိုမြူခိုးများကို ရှူမိသည်နှင့် တစ်ပြိုင်နက်... သူတို့၏ မျက်လုံးများမှာ ဝေဝါးလာကြပြီး၊ လှုပ်ရှားမှုများမှာလည်း နှေးကွေးသွားကြကာ၊ အချို့မှာမူ ဟင်းလင်းပြင်ကြီးကို ကြည့်ပြီး အရူးပမာ ပြုံးနေကြသလို မိမိတို့၏ အဖော်များနှင့်ပင် တွဲကနေကြလေတော့သည်။
“ဟားဟား... လှပျိုဖြူတွေ အများကြီးပါလားဗျို့"
“ငါ့ကို မတားနဲ့... ငါ နတ်ဘုရားဘုံကို တက်လှမ်းတော့မှာကွ"
စနစ်တကျ ရှိခဲ့သော စစ်တပ်ကြီးမှာ ချက်ချင်းပင် ဖရိုဖရဲ ဖြစ်သွားရလေတော့သည်။
[ဒုတိယလှိုင်း - ဆက်တိုက်ပေါက်ကွဲသည့် ထောင်ချောက်များ]
ရန်သူများ ဝေခွဲမရ ဖြစ်နေချိန်ကို အခွင့်ကောင်းယူကာ ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း သည် သူ၏ လက်ထဲမှ ခလုတ်ကို နှိပ်လိုက်သည်။
“ဒုန်း... ဒုန်း... ဒုန်း...”
ကျောက်ကွင်းပြင်ပေါ်ရှိ သာမန် ကျောက်ပြားများမှာ ရုတ်တရက် ကွဲအက်သွားတော့၏။ မြေအောက်တွင် ကြိုတင် မြှုပ်နှံထားသော မရေမတွက်နိုင်သည့် သံချွန်များမှာ တစ်ဟုန်ထိုး ထိုးထွက်လာကြပြီး... အနက်ရောင် ချပ်ဝတ် စစ်သည်များ၏ ခြေဖဝါးများကို တိကျစွာ ဖောက်ဝင်သွားကြသည်။
တပြိုင်နက်တည်းမှာပင် ထုံးမှုန့်များနှင့် ငရုတ်သီးမှုန့်များ ထည့်ထားသည့် ထောင်ချောက်များမှာလည်း ပေါက်ကွဲသွားသဖြင့်... ဖြူလွလွ မြူခိုးများနှင့် စပ်ရှားရှား အငွေ့အသက်များမှာ နေရာတစ်ခုလုံးကို ထပ်မံ ဖုံးလွှမ်းသွားပြန်၏။
“အား... ငါ့ခြေထောက်"
“ငါ့မျက်လုံးတွေ... နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီလားဟ။ အသစ်အဆန်းလေးတွေ မလုပ်တတ်ကြဘူးလား"
အနက်ရောင် ချပ်ဝတ် စစ်သည်များမှာ နာကျင်စွာ အော်ဟစ်နေကြရသည်။ ရန်သူ့မျက်နှာကိုပင် မမြင်ရသေးမီမှာပင် သူတို့၏ တိုက်ခိုက်ရေး အင်အားမှာ (၃၀) ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့ရပြီ ဖြစ်ချေသည်။
[တတိယလှိုင်း - အလုံးအရင်းနှင့် တိုက်စစ်ဆင်ခြင်း]
“အချိန်ကောင်းပဲဗျို့... တက်ကြိတ်ကြစမ်း"
ဝမ်သဲ့ဖာသည် သူ၏ အဆင့် (၂) တောဝက်ကြီး ‘ပက်ပါ’ ကို စီးလျက် ရန်သူ့စစ်ကြောင်းအတွင်းသို့ အရင်ဆုံး ပြေးဝင်သွားသည်။
“ရက်စက်လှတဲ့ တိုက်စစ်..."
“ဘုန်း...”
သူသည် ထိတ်လန့်နေသော စစ်သည် သုံးဦးကို လွင့်စင်သွားအောင် တိုက်မိလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ အနောက်မှ တပည့်အုပ်ကြီးမှာ... အမဲလိုက်နေသည့် ကျားရိုင်းများပမာ ရှေ့သို့ အဟုန်ဖြင့် တိုးဝင်လာကြတော့၏။ သူတို့သည် မည်သည့် နည်းဗျူဟာကိုမှ ဂရုမစိုက်တော့ဘဲ အကြွင်းမဲ့ အင်အားဖြင့်သာ ဖိနှိပ်ရန် ကြိုးစားကြတော့သည်။
ခြေထောက်ကို ဖက်တွယ်ခြင်း၊ ထုံးမှုန့်ဖြင့် ပစ်ခြင်း၊ တုတ်ဖြင့် ဝိုင်းထုခြင်းနှင့် မိမိတို့၏ အိမ်မွေးသားရဲများကို အားရပါးရ ကိုက်ခိုင်းခြင်း စသည့် ညစ်ပတ်သော နည်းလမ်းပေါင်းစုံကို အသုံးချလိုက်ကြ၏။
အကြောက်စရာ အကောင်းဆုံး အချက်မှာမူ... ထိုအနက်ရောင် ချပ်ဝတ် စစ်သည်များသည် တပည့်အချို့ကို အသေသတ်လိုက်နိုင်သော်လည်း၊ ဆယ်စက္ကန့်မျှ ကြာလျှင် ထိုသူများမှာပင် ကိုယ်ဗလာကျင်းလျက် မျက်လုံးများ နီရဲကာ အော်ဟစ်ရင်း ပြန်လည် ရောက်ရှိလာခြင်းပင် ဖြစ်ချေတော့သည်။
“ငါ့ရဲ့ ပစ္စည်းတွေ ပြန်ပေးစမ်း..."
မသေနိုင်သော ခန္ဓာကိုယ်နှင့် တစ်စထက်တစ်စ တိုးပွားလာနေသော တပည့်များ၏ ကြောက်မက်ဖွယ် မြင်ကွင်းကြောင့် အနက်ရောင် ချပ်ဝတ် စစ်သည်များ၏ စိတ်ပိုင်းဆိုင်ရာ ခံစစ်စည်းမှာ အပြီးတိုင် ပြိုလဲသွားတော့၏။
“မိစ္ဆာတွေ... သူတို့က တကယ့် မိစ္ဆာတွေပဲ"
“မြို့စားမင်းကြီး... ကျွန်တော်ကို ကယ်ပါဦး"
နာရီဝက်မျှ ကြာမြင့်ပြီးနောက်...။
လက်ရွေးစင် အနက်ရောင် ချပ်ဝတ် စစ်သည် အယောက် ငါးရာအနက်... အမြန် လက်နက်ချ အရှုံးပေးလိုက်သည့် လူအနည်းငယ်မှလွဲ၍၊ ကျန်ရှိသူများ အားလုံးမှာမူ တပည့်များ၏ ရှေးကျလှသော နည်းလမ်းများဖြင့် ‘ရုပ်ပိုင်းဆိုင်ရာ နှိမ်နင်းခြင်း’ ကို ခံလိုက်ကြရလေတော့သည်။
ကျောက်ကွင်းပြင် တစ်ခုလုံးတွင်မူ အဝတ်ဗလာကျင်းနေသော အလောင်းများနှင့် ပြန့်ကျဲနေသည့် လက်နက်ကိရိယာများသာ ပြည့်နှက်နေတော့၏။
တပည့်များသည် အလောင်းပုံကြီးများပေါ်တွင် ထိုင်လျက်... လုယက်ရာ ပစ္စည်းများကို ပျော်ရွှင်စွာ ခွဲဝေနေကြပြီး၊ သူတို့၏ မျက်နှာများမှာလည်း အောင်ပွဲခံရသဖြင့် ဝင်းပနေကြသည်။
စင်မြင့်ထက်တွင်မူ...
ဒူးထောက်နေသော ကျောက်ဝူကျိသည် ထိုမြင်ကွင်းကို ကြည့်ရင်း လက်များမှာ တုန်ယင်နေရှာသည်။
သူ ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် ခက်ခဲစွာ စုဆောင်းခဲ့ရသော အင်အားစုကြီးမှာ... နာရီဝက် အတွင်းမှာတင် ပြောင်သလင်းခါသွားခဲ့ရပြီ တကား။
အကုန်လုံး... အကုန်လုံး ဆုံးရှုံးသွားပြီလား။
“ခင်ဗျား... ခင်ဗျားက တကယ်ပဲ ဘယ်သူလဲ" ကျောက်ဝူကျိက ကျန်းချန်ကို မော့ကြည့်လိုက်ရင်း သူ၏ မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
“ဖြောင့်မတ်သော လမ်းစဉ်က ဂိုဏ်းတွေဆိုရင် ဒီလို နည်းလမ်းမျိုးတွေ လုံးဝ (လုံးဝ) မသုံးဘူး၊ ခင်ဗျားက... ခင်ဗျားက မိစ္ဆာသခင် ဝင်စားနေတာလား"
ကျန်းချန်က သိမ်မွေ့စွာ ပြုံးလိုက်သော်လည်း ပြန်မဖြေခဲ့ပေ။
သူသည် အနောက်သို့ လှည့်ကာ အောင်ပွဲခံနေကြသော တပည့်များကို ကြည့်ရင်း တည်ငြိမ်စွာပင် ဆိုလိုက်သည်။
“မိစ္ဆာသခင် ဟုတ်လား"
“မဟုတ်ပါဘူး...ကျုပ်က အရင်းအမြစ်တွေကို သေသေချာချာ အသုံးချတတ်တဲ့... ဂိုဏ်းချုပ် တစ်ယောက်ပါပဲ ခင်ဗျာ"
သူသည် ကျောက်ဝူကျိကို အထက်စီးမှ ငုံ့ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် ပါးနပ်လှသော အလင်းတန်းများ ဖြတ်ပြေးသွားသည်။
“အခုတော့... နစ်နာကြေး ကိစ္စကို ဆွေးနွေးလို့ ရပြီပေါ့လေ"
“ခင်ဗျားရဲ့ လူငါးရာစာ လက်နက်တွေနဲ့ ဝိညာဉ်သိုလှောင်အိတ်တွေက မဆိုးဘူးလို့ ပြောလို့ ရပေမယ့်...ကျုပ်ကို လာစော်ကားတဲ့ အပြစ်အတွက်တော့ မလုံလောက်သေးဘူး"
“အသက်ရှင်ချင်လား။ ခင်ဗျားကိုယ် ခင်ဗျား ပြန်ရွေးချင်သလား"
“ဒါဆိုရင်တော့... ဒုစရိုက်မြို့တော်ကြီး တစ်ခုလုံးနဲ့ လဲလိုက်ရအောင်လေ"