← Chapters

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း (၁၃၀) - စီးပွားရေး ဗျူဟာ.. ဘယ်လို ဆိုင်မျိုးက အမြတ်အထွက်ဆုံးလဲ

~ဒုစရိုက်မြို့တော်။ ကွေ့ယွမ်ဂိုဏ်း ရုံးခန်း (ယခင် အရှေ့ဈေး လမ်းမကြီး) ၌ ဖြစ်သည်။

ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြီးဆုံးသွားသည်နှင့် ဘေးမှ ဝိုင်းကြည့်နေသော လူအုပ်ကြီးမှာလည်း တဖြည်းဖြည်း လူစုကွဲသွားကြသည်။ လက်ပြောင်းသွားခါစ ဖြစ်သော ဤလမ်းမကြီးသည် ခေတ္တမျှ ငြိမ်သက်ခြင်းသို့ ပြန်လည် ရောက်ရှိသွား၏။

သို့သော်လည်း လမ်းလယ်ရှိ အကြီးဆုံး ဆိုင်ခန်းအတွင်း၌မူ... ကွေ့ယွမ်ဂိုဏ်း၏ အနာဂတ် စီးပွားရေး အသက်သွေးကြောနှင့် ပတ်သက်သည့် "မဟာဗျူဟာမြောက် စီးပွားရေး ချဲ့ထွင်မှု အစည်းအဝေး" တစ်ခုကို အသည်းအသန် ကျင်းပနေသည်။ ကျောရိုးရှိ တပည့် အယောက် ဆယ်ဂဏန်းခန့်မှာ ရှာဖွေစုဆောင်းထားသည့် စားပွဲရှည်ကြီးကို ဝန်းရံထိုင်နေကြပြီး၊ လေထုမှာ လောကကြီးကို အပိုင်းပိုင်း ခွဲဝေတော့မည့်အလား ပူပြင်း တင်းမာလျက် ရှိနေတော့၏။

“ညီအစ်ကိုတို့... ငါတို့မှာ နယ်မြေ ရပြီဆိုတော့ လက်ဦးမှု ယူရမယ်"

ဖက်တီး ဝမ်သဲ့ဖာသည် အစည်းအဝေး၏ ထိပ်ဆုံးနေရာတွင် ထိုင်နေသည်။ ယခုအခါ သူသည် လေးလံလှသော ချပ်ဝတ်ကြီးကို ချွတ်ထားပြီး ဘယ်က ရလာမှန်းမသိသည့် ပိုးထည်ဝတ်ရုံကို ဆင်မြန်းကာ၊ လက်ထဲတွင်လည်း ကျောက်လုံးနှစ်လုံးကို လှည့်ကစားရင်း မှောင်ခိုလောက၏ ဆရာကြီး တစ်ဦးပမာ ဟန်အပြည့် ရှိနေတော့၏။ သူသည် လူတိုင်းကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။

“ဒီအတိုင်း အမှိုက်ပုံထဲက လက်နက်ဟောင်းတွေနဲ့ ကုန်ကြမ်းတွေကိုပဲ ပြန်ရောင်းနေရင်တော့ အမြတ်က နည်းလွန်းတယ်။ ဒါက တစ်ခါတည်းနဲ့ ပြီးသွားတဲ့ အလုပ်မျိုးပဲ။ ငါတို့က ရေရှည် စားချင်တာလေ။ အဲ့ဒါကြောင့် ဝန်ဆောင်မှု လုပ်ငန်းတွေကို ဦးစားပေးရမယ်"

“ဝမ်သဲ့ဖာ ပြောတာ မှန်တယ်ဗျို့"

ကောင်းကင်ခွင်း ဓားတစ်လက် က အရင်ဆုံး ထောက်ခံလိုက်သည်။

“ငါတို့ဆီမှာ ရှိတဲ့ ဗဟုသုတတွေကို အသုံးချရမယ်။ ငါတို့ ကမ္ဘာက အမျိုးသားတွေကို ဆွံ့အစေပြီး အမျိုးသမီးတွေကို မျက်ရည်ကျစေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ဒီကို ယူလာရမယ်။ ဒါဟာ နည်းပညာ မြင့်မားတဲ့သူက နိမ့်တဲ့သူကို နှိပ်ကွပ်သလိုမျိုး ဖြစ်သွားစေရမယ်"

“ကျုပ်မှာ အကြံရှိတယ်"

စားဖိုမှူး ကျောက်ကပ်ကြော် က လက်ထဲက ယောက်မကြီးကို ဝှေ့ယမ်းပြီး အားတက်သရော ပြောလိုက်သည်။

“လူဆိုတာ အစားအသောက်က အဓိကပဲ မဟုတ်လား။ အရင်ကလို လမ်းဘေးမှာ အကင် ရောင်းနေတာက အဆင့်မရှိဘူးဗျ။ အဆင့်မြှင့်မှ ဖြစ်မယ်။ ကျုပ်တို့ ‘ကွေ့ယွမ် စားသောက်ဆိုင်ကြီး’ ကို ဖွင့်ကြစို့လေ။ အဓိက ဟင်းလျာကတော့... ဟော့ပေါ့ပေါ့ဗျာ။ စဉ်းစားကြည့်လေ... ဒီကမ္ဘာက လူတွေက နေ့တိုင်း အစွမ်းပြ ဆေးလုံးတွေပဲ စားပြီး အစာအိမ် အနားပေးထားရတာ ကြာလှပြီ။ သူတို့ရဲ့ ပါးစပ်တွေကလည်း အရသာ မရှိတာ ကြာပြီပေါ့။ ကျုပ်တို့က ရှယ်စပ်တဲ့ ငရုတ်ဆီ အနှစ်ကြီးနဲ့ မိစ္ဆာသားရဲ အသားလွှာတွေကိုသာ ချပြလိုက်... အနံ့ရတာနဲ့ သူတို့တွေ တန်းစီနေရစေရမယ်ဗျို့"

“ခွင့်ပြုတယ်" ဝမ်သဲ့ဖာက လက်ကို ခန့်ညားစွာ ဝှေ့ယမ်းလိုက်၏။ “ပထမထပ်မှာ မင်းရဲ့ ဆိုင်ကို ဖွင့်လိုက်တော့။ နာမည်ကိုလည်း အရှိန်အဝါ ရှိအောင် ‘ပင်လယ်အောက်က လရိပ်’ လို့ ပေးလိုက်ကြစို့"

“ဒါဆို ဒုတိယထပ်ကော ဘာလုပ်မှာလဲ ခင်ဗျာ"

ခွန်အားလိုင်းမှ တပည့်တစ်ဦးဖြစ်သော အနှိပ်ဆရာကြီးက မတ်တတ်ရပ်လိုက်ပြီး သူ၏ တောင့်တင်းသော ကြွက်သားများကို ထုတ်ပြလိုက်သည်။

“ကျွန်တော်ကတော့ ‘ကျန်းမာရေး အနှိပ်ခန်း’ ဖွင့်ချင်တယ်ဗျ။ ဒီ ကျင့်ကြံသူတွေက နေ့တိုင်း တရားထိုင်နေရတာဆိုတော့ ခါးနာ၊ ဇက်နာ ဝေဒနာတွေ ရှိမှာပဲဗျ။ သူတို့ကို အကြောပြင်၊ အကြောလျှော့ပြီး ဝန်ဆောင်မှု ပေးမယ်လေ။ အားအပြည့်နဲ့သာ နှိပ်ပေးလိုက်... သူတို့ရဲ့ အရိုးတွေ ပျော့ဖတ်သွားစေရမယ် ခင်ဗျာ"

လူတိုင်း စဉ်းစားကြည့်လိုက်ကြသည်။ တောင့်တင်းသော ယောက်ျားကြီး တစ်သိုက်က နုနုနယ်နယ် ကျင့်ကြံသူလေး တစ်ဦးကို ဝိုင်းဝန်း နှိပ်နယ်ပေးနေသည့် မြင်ကွင်းမှာ... တကယ့်ကို ‘လှပ’ လွန်းလှပေသည်။

“ဒါက... နည်းနည်းတော့ ကြမ်းတမ်းမလား မသိဘူးနော်" ဝမ်သဲ့ဖာက နဖူးမှ ချွေးကို သုတ်လိုက်သည်။ “ဒါပေမယ့် စမ်းကြည့်လို့တော့ ရတာပဲ။ ဒီကျင့်ကြံသူတွေက နာကျင်ရတာကို ကြိုက်တဲ့သူတွေ ဖြစ်နေရင်ကောဗျာ။ ကဲ... ခွင့်ပြုတယ်ဗျို့။ ဒုတိယထပ်က မင်းအတွက်ပဲ။ အမည်ကိုတော့ ‘နတ်ဘုရားဘုံ၏ သုခ’ လို့ ပေးလိုက်မယ်"

“ကျွန်တော့်မှာ ဒါထက် ပိုပြီး အဆင့်မြင့်တာ ရှိတယ်ဗျို့"

ဇီဝခွေးလေး က သူ၏ မျက်မှန်ကို ပင့်တင်ရင်း ပုံရိပ်ကျောက်တုံး တစ်ခုကို ထုတ်ပြလိုက်သည်။

“ဖျော်ဖြေရေး လုပ်ငန်းဗျ။ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကမှ အမြတ် အထွက်ဆုံးပဲ။ ‘နတ်ဘုရား ရုပ်ရှင်ရုံ’ ဖွင့်ကြမယ်လေ။ ကျွန်တော် လေ့လာကြည့်ပြီးပြီ... ဒီ ပုံရိပ်ကျောက်တုံးက မှတ်တမ်းတင်ရုံတင် မကဘူး၊ ပြန်ပြီးလည်း တည်းဖြတ်လို့ ရတယ်ဗျ။ အရင်က ကျွန်တော်တို့ ရန်သူ့ခေါင်းဆောင်တွေကို သတ်ခဲ့တဲ့ ဗီဒီယိုတွေ၊ ကစားသမား အစ်မတွေ ရိုက်ထားတဲ့ လှပတဲ့ မြင်ကွင်းတွေနဲ့ ရယ်စရာ ဗီဒီယိုတွေကို ပြမယ်လေ။ ကြည့်ချင်ရင် ပိုက်ဆံပေးရမယ်။ ရွှေအမြုတေ အဆင့်ရှိတဲ့ ဆရာကြီးတွေ ဘောင်းဘီ ချွတ်ခံရတဲ့ အခန်းကို ကြည့်ချင်ရင် ဝိညာဉ်ကျောက်တုံး (၅) တုံး ပေးရမယ်ဗျို့"

“ဟိုက်ရှားပါး... ဒါ တကယ့်ကို ပါးနပ်တဲ့ အကြံပဲဗျာ"

တပည့်များမှာ တစ်ယောက်ပြီးတစ်ယောက် လက်မထောင်ပြလိုက်ကြသည်။

ဒါက ယဉ်ကျေးမှု ကျူးကျော်ခြင်းပင် မဟုတ်ပါလော။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ မူးယစ်ဆေး တစ်မျိုးပဲ ဖြစ်၏။

ဒါတင် မကသေးဘဲ အခြားသော ထူးဆန်းလှသည့် စိတ်ကူးစိတ်သန်းများစွာ ထွက်ပေါ်လာပြန်၏။ ရှန်နွန် ကမူ “မသေရင် မြတ်တယ်” ဟူသော ဆောင်ပုဒ်ဖြင့် ကံစမ်းမဲ ဆေးလုံးဆိုင် ဖွင့်ချင်နေပြီး၊ အမျိုးသမီး တပည့်အချို့ကလည်း ဆံပင်ညှပ်ခြင်းနှင့် လက်သည်းခြေသည်း ပြင်ပေးခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် ပြင်ဆင်နေကြသည်။

“ကောင်းပြီ။ တကယ့်ကို တက်ကြွလှချေရဲ့"

ဝမ်သဲ့ဖာသည် စိတ်ကူးစိတ်သန်း ပြည့်ဝလှသော သူ၏ သူငယ်ချင်းများကို ကြည့်ကာ ကျေနပ်ပီတိ ဖြစ်နေလေတော့သည်။

“အားလုံး ပြောတဲ့အတိုင်း လုပ်ကြမယ်။ ဒီလမ်းမကြီးကို ဒုစရိုက်မြို့တော်ရဲ့ ‘ညမအိပ်သော မြို့တော်’ ဖြစ်အောင် ငါတို့ ဖန်တီးမယ်။ ဒီကို ရောက်လာတဲ့ ကျင့်ကြံသူတွေ အကုန်လုံး သူတို့ရဲ့ အိတ်ထဲက ဝိညာဉ်ကျောက်တုံးတွေကို ဒီမှာ ထားခဲ့စေရမယ်"

“ဦးလေးကျန်း... ဆိုင်ပြင်တဲ့ အလုပ်ကို ဦးလေးကိုပဲ အပ်မယ်နော်။ မျက်စိကျိန်းနေအောင် လင်းနေရမယ်။ တောက်တောက်ပပနဲ့ တကယ့်ကို လူမြင်ကွင်းမှာ ထင်ရှားနေရမယ်ဗျ"

“မပူနဲ့ ငါ့တူ"

တံခါးဝတွင် ထိုင်ကာ ဆေးတံဖွာနေသော ဦးလေးကျန်းက မတ်တတ်ရပ်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ဆောက်လုပ်ရေး အရူးအမူး ဝါသနာပါသူတစ်ဦး၏ အရှိန်အဝါများ တောက်လောင်နေတော့၏။

“ငါ ခုနကပဲ စစ်ဆေးကြည့်ပြီးပြီ။ ဒီမှာ အလင်းထွက်တဲ့ ကျောက်တုံး တစ်မျိုး ရှိတယ်။ အဲ့ဒါကို အမှုန့်လုပ်ပြီး နံရံမှာ သုတ်လိုက်ရင် ညဘက်မှာ မီးသီးထက်တောင် ပိုပြီး လင်းနေဦးမှာ။ အခင်းအကျင်း အကျိုးသက်ရောက်မှုတွေနဲ့သာ ပေါင်းစပ်လိုက်... ဒီလမ်းကြီးကို အနာဂတ်က မြို့ကြီးတစ်မြို့လို ဖြစ်သွားစေရမယ် "

---

နောက်ထပ် နှစ်ရက်အတွင်းမှာပင်... ဒုစရိုက်မြို့တော်ရှိ ဒေသခံများသည် ကွေ့ယွမ်ဂိုဏ်း သိမ်းပိုက်ထားသော လမ်းမကြီးပေါ်၌ မယုံနိုင်စရာ ကောင်းသော ပြောင်းလဲမှုများကို တွေ့ရှိလိုက်ကြရသည်။

မူလက မှောင်မိုက်ပြီး အသက်မဲ့နေသော အဆောက်အဦးများသည် ယခုအခါ နီနီစိမ်းစိမ်း တောက်ပြောင်သော ဆေးများဖြင့် ဖုံးလွှမ်းသွားခဲ့၏။ ညဘက်တွင်မူ တစ်လမ်းလုံး အရောင်စုံ အလင်းတန်းများဖြင့် မျက်စိကျိန်းမတတ် လင်းထိန်နေတော့၏။ ဆိုင်တိုင်း၏ အရှေ့၌လည်း လူတိုင်း နားမလည်သော်လည်း အရှိန်အဝါ ရှိလှသည်ဟု ထင်ရသော ဆိုင်းဘုတ်ကြီးများကို ချိတ်ဆွဲထားကြသည်။

(ပင်လယ်အောက်က လရိပ် ဟော့ပေါ့ - မစားရရင် အသည်းယား၊ စားလိုက်ရင်တော့ နတ်ပြည် ရောက်သွားစေရမည်။)

(နတ်ဘုရားဘုံ၏ သုခ အဆင့်မြင့် အနှိပ်ခန်း - ကျွမ်းကျင် အနှိပ်သည်ကြီးများ ကိုယ်တိုင် ဝန်ဆောင်မှု ပေးသည်၊ တစ်ခါနှိပ်ရုံနဲ့ အညောင်းအညာ အကုန်ပြေစေရမည်။)

(သုခ ရုပ်ရှင်ရုံ - ချင်းယန်ဂိုဏ်း အကြီးအကဲကြီး အရှက်ကွဲခဲ့ရပုံကို သေသေချာချာ တည်းဖြတ် ပြသပေးနေပြီ။)

အဆိုးဆုံးမှာမူ... ဖောက်သည် ဆွဲဆောင်ရန်အတွက် ညနေတိုင်း လမ်းထိပ်၌ နားကွဲမတတ် ဆူညံလှသော ဂီတသံများ ထွက်ပေါ်လာခြင်းပင် ဖြစ်ချေသည်။

“ဒုန်းဒုန်း...ဒုန်းဒုန်း...”

ဝမ်သဲ့ဖာ ဦးဆောင်သော ထူးဆန်းသော ဝတ်စုံဝတ် တပည့်တစ်သိုက်သည် လမ်းထိပ်၌ စည်းချက်ကျကျ ကိုယ်လက်လှုပ်ရှား ကခုန်နေကြသည်။ ၎င်းမှာ တကယ့်ကို ထူးဆန်းလှသော ကကွက်များ ဖြစ်သည်။

တိုက်ခိုက်ခြင်းနှင့် ပရိယာယ် ဆင်ခြင်းတို့ကိုသာ ကျွမ်းကျင်သော မှောင်ခို ကျင့်ကြံသူများ အတွက်မူ... ဤ တစ်ကမ္ဘာခြားမှ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကြီးသည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ရှိ ပညာရှင်တစ်ဦး၏ ဖိအားထက်ပင် ပိုမို ကြောက်စရာ ကောင်းနေတော့၏။ မရေမတွက်နိုင်သော လူများမှာ ရပ်ကြည့်နေကြပြီး၊ သူတို့၏ အကြည့်များမှာ ထိတ်လန့်ခြင်းမှသည် စပ်စုခြင်းသို့ ပြောင်းလဲသွားကာ... နောက်ဆုံး၌ သူတို့ကိုယ်တိုင်ပင် ထိုစည်းချက်အတိုင်း လိုက်ပါ လှုပ်ရှားချင်စိတ်များ ဖြစ်ပေါ်လာကြရသည်။

မသိလိုက်၊မသိဘာသာပင် နေ၍ ကွေ့ယွမ်ဂိုဏ်း၏ ‘ယဉ်ကျေးမှု ကျူးကျော်မှု’ ကြီးမှာ တိတ်တဆိတ် စတင်ခဲ့ချေပြီ တကား။

အခန်း (၁၃၁) - ယဉ်ကျေးမှု ကျူးကျော်ခြင်း.. ကွင်းပြင်အကဖြင့် ဒုစရိုက်မြို့တော်ကို သိမ်းပိုက်ခြင်း

~ညမှောင်ရီပျိုးစ အချိန်သို့ ရောက်ရှိလာခဲ့သည်။ ဒုစရိုက်မြို့တော်ကြီးသည် ညဥ့်အမှောင်ထု အောက်ဝယ် အသက်ဝင်လှုပ်ရှားမှု အရှိဆုံး အခိုက်အတန့်ကို ကြိုဆိုလိုက်ရ၏။

ယခင်ကဆိုလျှင် ဤအချိန်၌ လမ်းမများပေါ်တွင် လျှို့ဝှက်သော အရောင်းအဝယ်များ၊ လက်စားချေ သတ်ဖြတ်မှုများနှင့် ချောင်းမြောင်းကြည့်ရှုသူများဖြင့် ပြည့်နှက်နေစမြဲ ဖြစ်သည်။ သို့သော်လည်း ယနေ့တွင်မူ အရှေ့ဈေးအနီးမှ ဖြတ်သန်းသွားသော ကျင့်ကြံသူတိုင်းမှာ မိမိတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး ရှေ့မှ မြင်ကွင်းကြောင့် ကြောင်အသွားကြရတော့၏။

မူလက ပျက်စီးယိုယွင်းနေခဲ့သော ထိုလမ်းမကြီးမှာ ယခုအခါ မျက်စိကျိန်းမတတ် ထူးဆန်းသော အလင်းရောင်များဖြင့် တောက်ပနေသည်။

ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း ဦးဆောင်သော အဖွဲ့သည် မိုင်းတွင်း အနက်ရှိုင်းဆုံး နေရာမှ တူးဖော်ရရှိသည့် အလင်းလွှတ် ရေမှော်များနှင့် တောက်ပသော ကျောက်သတ္တုများကို အမှုန့်ကြိတ်ကာ၊ ကော်ရည်ဖြင့် ရောစပ်ပြီး လမ်းဘေး တစ်လျှောက်ရှိ အဆောက်အဦးများ၏ နံရံပေါ်တွင် သုတ်လိမ်းထားခြင်း ဖြစ်ချေသည်။

အနီ၊ အစိမ်း၊ ခရမ်း... စသည့် ပြင်းရှသော အရောင်အသွေးမျိုးစုံမှာ ညအမှောင်ထုအတွင်း ရောယှက်နေကြသည်။ မြင်ကွင်းမှာ အနည်းငယ် ကြောင်တောင်တောင် နိုင်လှသော်လည်း၊ မှောင်မည်းနေသော ဒုစရိုက်မြို့တော်အတွင်း၌မူ မည်သူမျှ မျက်စိလွှဲ၍ မရနိုင်လောက်အောင် ထူးခြားနေတော့၏။

ဧရာမ ဆိုင်းဘုတ်ကြီးများမှာလည်း အလင်းရောင်များဖြင့် မှိန်ပျပျ တောက်ပနေကြသည်။ [ပင်လယ်အောက်က လရိပ် ဟော့ပေါ့]၊ [နတ်ဘုရားဘုံ၏ သုခ အဆင့်မြင့် အနှိပ်ခန်း]၊ [သုခ ရုပ်ရှင်ရုံ]... ။

သို့သော်လည်း ဆိုင်များအတွင်း၌ ဖောက်သည်တော့ သိပ်မရှိသေးပေ။

အကြောင်းမူကား လမ်းပေါ်မှ မှောင်ခို ကျင့်ကြံသူများ၊ ဓားပြများနှင့် တစ်ကိုယ်တော် ကျင့်ကြံသူများ အားလုံးမှာ လမ်းထိပ်တွင် ရပ်လျက် သံသယစိတ်များဖြင့် အကဲခတ်နေကြသောကြောင့် ဖြစ်သည်။

“ဒီ ကွေ့ယွမ်ဂိုဏ်းက အရူးတွေ ဘာတွေ လျှောက်လုပ်နေပြန်ပြီလဲ မသိဘူးနော်"

“ဒီလောက် လင်းနေတာ... ဒါ ကာကွယ်ရေး အခင်းအကျင်းလား၊ ဒါမှမဟုတ် ထောင်ချောက်လား"

“ဟို အိုးထဲမှာ ဆူပွက်နေတဲ့ အနီရောင် အရည်တွေက ဘာတွေလဲ။ သွေးတွေလား။ မိစ္ဆာ အရှိန်အဝါ (အမှန်တော့ ငရုတ်သီးစပ်နံ့) က တော်တော် ပြင်းတာပဲဗျာ"

လူတိုင်းမှာ သေဘေးနှင့် ရင်းနှီးနေသူများ ဖြစ်ကြရာ... “ပုံမှန် မဟုတ်လျှင် မိစ္ဆာ ရှိသည်” ဟူသော စကားအတိုင်း မည်သူမျှ အရင်ဦးအောင် မဝင်ရဲကြချေ။ အထဲဝင်သွားလျှင် အရှင်လတ်လတ် အရေခွံဆုတ်ပြီး အသားမုန့်လုံး အလုပ်ခံရမှာကို ကြောက်နေကြခြင်း ဖြစ်၏။

အခြေအနေမှာ ခေတ္တမျှ အကျပ်ရိုက်သွားခဲ့၏။

“ဘယ်သူမှ မလာကြဘူးဗျာ...”

လမ်းထိပ်တွင် ရပ်နေသော ဝမ်သဲ့ဖာသည် သူ၏ ခေါင်းတုံးကို ကုတ်လိုက်သည်။ အဝေးမှ လှမ်းကြည့်နေကြသော လူအုပ်ကြီးကို ကြည့်ပြီး သူ အနည်းငယ် စိုးရိမ်လာမိ၏။

“ငါ့လည်ချောင်းတောင် ကွဲတော့မယ်။ ဒီ တောသားတွေက ဘာလို့ ဒီလောက် ကြောက်နေကြတာလဲ"

“မီးလောင်ရာ လေပင့်ပေးဖို့ လိုနေတာဗျ"

သူ့ဘေးရှိ ကျွမ်းကျင်တပည့် ကောင်းကင်ခွင်း ဓားတစ်လက် က တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။ “အော်ဟစ်နေရုံနဲ့ မလုံလောက်ဘူး။ တစ်ခုခု ထူးခြားတာ လုပ်ပြရမယ်။ သူတို့ကို ကျုပ်တို့ရဲ့ နွေးထွေးမှုကို ပြပြီး ဒီကြားခံတံတိုင်းကို ဖြိုဖျက်မှ ရမှာဗျ"

“နွေးထွေးမှု ဟုတ်လား။ အဲ့ဒါကတော့ ကျွန်တော့်အလုပ်ပေါ့ဗျာ"

ရင်းနှီးဖော်ရွေသော အစ်မကြီး (ဝတ်စုံလဲထားသော အမျိုးသားတပည့်) က ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပြုံးလိုက်ရင်း၊ သူ၏ ရင်ခွင်အတွင်းမှ အသံချဲ့ခရု (စနစ်ဆိုင်မှ ဝယ်ထားသော အဆင့်နိမ့် မှော်ရတနာ) ကို ထုတ်ယူလိုက်သည်။

“ညီအစ်မတို့ရေ... အဲ... မဟုတ်ဘူး... ညီအစ်ကိုတို့ရေ။ နောက်ခံတေးဂီတ အသင့်ပဲလား"

“အမြဲတမ်း အသင့်ပဲဗျို့"

သူ့အနောက်မှ အချိန်အတော်ကြာ အောင့်ထားရသော တပည့် အယောက် တစ်ရာကျော်မှာ တပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။ သူတို့သည် လမ်းမအလယ်၌ သေသေသပ်သပ် ကွင်းပြင် စစ်ကြောင်း တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ကြတော့၏။

“ဒါဆိုရင်တော့... တေးဂီတ စလိုက်ကြစို့။ ကကြစမ်းဟေ့"

အမိန့်သံ ဆုံးသည်နှင့်...

“ဒုန်း... ဒုန်း... ဒုန်း...”

နှလုံးသားကို တုန်ခါသွားစေနိုင်သည့် ပြင်းထန်သော စည်းချက်များနှင့်အတူ ထူးဆန်းသော တေးဂီတသံကြီးမှာ အသံချဲ့ခရုမှတစ်ဆင့် လမ်းမပေါ်သို့ ပေါက်ကွဲထွက်လာတော့၏။ ဤသည်မှာ အသံသက်သက် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကြီး တစ်ခုပင် ဖြစ်ချေတော့သည်။

(ကျယ်ပြောလှတဲ့ မိုးကုတ်စက်ဝိုင်းဟာ ငါ့ရဲ့ အချစ်ပဲ... စိမ်းလန်းတဲ့ တောင်ခြေမှာ ပန်းတွေ ပွင့်နေတယ်လေ...)

(ဘယ်လို စည်းချက်က အယိမ်းနိုင်ဆုံးလဲ... ဘယ်လို သီချင်းက အပျော်ဆုံးလဲ...)

အခြားကမ္ဘာမှ နာမည်ကျော် “အလွန်တောက်ပသော ရိုးရာဟန်” သီချင်းကြီးမှာ ကျင့်ကြံခြင်း လောက၌ ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့၏။

တစ်ခါကြားရုံနှင့် မေ့မရနိုင်သော ထိုတေးသံနှင့်အတူ တပည့် အယောက် တစ်ရာကျော်မှာ စတင် လှုပ်ရှားလိုက်ကြသည်။

အကအဖွဲ့၏ ခေါင်းဆောင်မှာမူ အခြားသူမဟုတ်... ဝမ်သဲ့ဖာ ပင်တည်း။

ပေါင်နှစ်ရာကျော် လေးလံသော ဤလူဝကြီးမှာ ယခုအခါ အံ့သြဖွယ်ရာ ကောင်းလောက်အောင် ကိုယ်ခန္ဓာက ပျော့ပျောင်းနေသည်။ သူ၏ မျက်နှာပေါ်တွင် ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလျက်၊ ခါးကို ထောက်ကာ သူ၏ အဆီပြင်များကို စည်းချက်ကျကျ တုန်ခါစေနေတော့၏။

“ဘယ်ဘက်ကို... အတူတူ ယိမ်းကြမယ်"

“ညာဘက်ကို... ခါးလေးတွေ လှည့်ကြစမ်း"

သူ့အနောက်မှ တောင့်တင်းသော ယောက်ျားကြီး အယောက် တစ်ရာခန့်မှာလည်း ဝမ်သဲ့ဖာ၏ အနောက်မှ လိုက်ပါ ကခုန်နေကြသည်။ သူတို့မှာ လက်နက်ကိရိယာ မျိုးစုံကို ဆင်မြန်းထားကြသော်လည်း... ခြေထောက်ကို မြှောက်ခြင်း၊ ခါးကို လှည့်ခြင်းနှင့် တညီတညွတ်တည်း လည်ပတ်ခြင်းများကိုမူ အားရပါးရ ပြုလုပ်နေကြ၏။

အဆင့် (၂) သံခွံ တောဝက်ကြီး ‘ပက်ပါ’ ပင်လျှင် ဝမ်သဲ့ဖာ၏ လေ့ကျင့်ပေးမှုကြောင့် စည်းချက်အတိုင်း “ဝူး... အူး...” ဟု အော်ဟစ်ကာ ခြေလေးဖက်ဖြင့် မြေကြီးကို ပုတ်လျက် လိုက်ပါ ကခုန်နေသည်။

ကျင့်ကြံခြင်း လောကမှ ဒေသခံများအတွက်မူ ဤမြင်ကွင်း၏ ရိုက်ခတ်မှုမှာ နတ်ဘုရားဝိညာဉ်အဆင့် ပညာရှင်ချင်း တိုက်ခိုက်နေသည်ထက်ပင် ပိုမို ပြင်းထန်နေတော့၏။

လမ်းထိပ်မှ လူအုပ်ကြီးမှာ လုံးဝ ကြောင်အသွားကြရလေပြီ။

မျက်နှာတွင် ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ကျောတွင် ဓားမကြီး လွယ်ထားသည့် မိစ္ဆာကျင့်ကြံသူ တစ်ဦးမှာ... သူ၏ ပါးစပ်မှ ဆေးတံ ခြေထောက်ပေါ် ပြုတ်ကျသွားသည်ကိုပင် သတိမထားမိတော့ချေ။ သူသည် မျက်လုံးပြူးကာ တီးတိုး ရေရွတ်နေမိ၏။

“ဒါ... ဒါ ဘာ ကျင့်စဉ်လဲဟ။ လူအများကြီး စုပေါင်းပြီး ကျင့်ရတာလား"

“ဒီ ထူးဆန်းတဲ့ စည်းချက်က... ကောင်းကင်နဲ့ မြေကြီးရဲ့ နက်နဲလှတဲ့ တာအိုတွေနဲ့ ဆက်သွယ်နေတာလား မသိဘူးနော်"

“မိစ္ဆာ အရှိန်အဝါကတော့ တကယ့်ကို ပြင်းတာပဲ။ အဲ့ဒီ ဗုံသံနဲ့အတူ ငါ့နှလုံးခုန်သံကလည်း လိုက်ပါနေပြီ။ ဒါဟာ အဆင့်မြင့် အသံလှိုင်း မိစ္ဆာသိုင်း ဖြစ်ရမယ်"

သူတစ်ဦးတည်း မဟုတ်ဘဲ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အများအပြားမှာလည်း မသက်မသာ ဖြစ်လာကြသည်။

ထိုတေးဂီတမှာ စိတ်ကို ညှို့ယူလွန်းလှသလို၊ အကကွက်များမှာလည်း တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းလှပေသည်။ သူတို့ ကြည့်နေရင်းမှာပင် သူတို့၏ ကိုယ်ခန္ဓာများမှာ ထိန်းမရအောင် လှုပ်ရှားချင်စိတ်များ ဖြစ်ပေါ်လာတော့၏။

သူတို့၏ ခြေဖျားများမှာ မြေကြီးကို မသိလိုက်၊မသိဘာသာပင် ပုတ်နေမိကြသည်။

သူတို့၏ ပခုံးများမှာလည်း အနည်းငယ် ယိမ်းနွဲ့လာကြ၏။

သူတို့၏ ဦးခေါင်းများမှာလည်း စည်းချက်အတိုင်း လိုက်ပါ ငြိမ့်နေကြလေပြီ။

“မဖြစ်ဘူး... ဒါဟာ မိစ္ဆာရဲ့ နှောက်ယှက်မှုပဲ။ ဒါဟာ ထင်ယောင်ထင်မှား ပညာပဲ" စိတ်ဓာတ် ပျော့ညံ့သော ကျင့်ကြံသူ လူငယ်လေးတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာက... ကျွန်တော့်စကားကို နားမထောင်တော့ဘူးဗျို့"

သို့သော်လည်း တပည့်များ၏ နွေးထွေးမှုမှာမူ အစပျိုးခြင်းမျှသာ ရှိသေး၏။

“မိတ်ဆက်ကြမယ်ဗျို့... အတူတူ ကကြစို့လေ"

ဝမ်သဲ့ဖာသည် စိတ်လှုပ်ရှားစွာ ကခုန်နေရင်း လူအုပ်ကြီးကြားထဲသို့ တည့်တည့် တိုးဝင်သွားသည်။ သူသည် ဓားဒဏ်ရာနှင့် မိစ္ဆာကျင့်ကြံသူ၏ လက်ကို ဆွဲကိုင်လိုက်ပြီး အားတက်သရော အော်ပြောလိုက်၏။

“အစ်ကိုကြီး... ရပ်မကြည့်နေနဲ့လေဗျာ။ လာ... စည်းချက်အတိုင်း လိုက်လှုပ်စမ်းပါ"

“ခင်ဗျား.. ဘာလုပ်တာလဲ။ လွှတ်စမ်း...” မိစ္ဆာကျင့်ကြံသူမှာ လန့်သွားပြီး ဓားကို ဆွဲထုတ်ရန် ပြင်လိုက်သည်။

သို့သော်လည်း ဝမ်သဲ့ဖာက အခွင့်အရေး မပေးဘဲ သူ့ကို ဆွဲကာ ပတ်ချာလည် ကစေလိုက်တော့၏။ “ကျွန်တော် သိသားပဲ... အစ်ကိုကြီးကလည်း ကရတာ ဝါသနာပါတဲ့သူပဲ။ ကြည့်စမ်း... အစ်ကိုကြီးရဲ့ ခြေထောက်တွေ စည်းချက်ကျကျ တုန်နေတာကို"

“ငါ... ငါက ကြောက်လို့ တုန်နေတာပါ"

ဝမ်သဲ့ဖာ၏ ဦးဆောင်မှုကြောင့် တပည့်များမှာလည်း လူအုပ်ကြားထဲသို့ တိုးဝင်ကာ “ဧည့်သည် ဆွဲ” ကြတော့၏။

“ညီမလေး... လာကစမ်းပါ။ ဒါက ဝိတ်ကျစေတယ်၊ ကိုယ်လုံးလှစေတယ်လေ"

“တာအိုရောင်းရင်း... ခင်ဗျားရဲ့ အရိုးတည်ဆောက်ပုံက တကယ့်ကို ထူးခြားတာပဲဗျာ။ ဒီ ‘ရင်ဘတ်ဖွင့် ကိုယ်လက်လှုပ်ရှားမှု’ က ခင်ဗျားနဲ့ တကယ့်ကို ကိုက်ညီမှာဗျို့"

မူလက တင်းမာနေခဲ့သော အခြေအနေမှာ ‘ကွင်းပြင်အက’ ဟူသော နောက်ဆုံးပေါ် လက်နက်ရှေ့တွင် ချက်ချင်းပင် ပြိုလဲသွားတော့၏။

ဒေသခံ ကျင့်ကြံသူ အများအပြားမှာ တစ်ဝက်က အတင်းအကြပ်၊ တစ်ဝက်က စပ်စုလိုစိတ်ဖြင့် အကအဖွဲ့အတွင်းသို့ ရောက်ရှိသွားကြတော့၏။ အစပိုင်းတွင်မူ သူတို့မှာ အလွန် ရှက်ကိုးရှက်ကန်း ဖြစ်နေကြသော်လည်း...

ကခုန်ရင်းနှင့်... မိစ္ဆာကျင့်ကြံသူသည် သူ၏ ကိုယ်ခန္ဓာကို လှည့်ပတ်လိုက်သည့်အခါ သူ၏ ကိုယ်ထဲ၌ နှစ်ပေါင်းများစွာ ပိတ်ဆို့နေခဲ့သော မိစ္ဆာစွမ်းအင်များမှာ ပိုမို ချောမွတ်စွာ စီးဆင်းလာသည်ကို တွေ့ရှိလိုက်ရသည်။

ကျင့်ကြံသူ လူငယ်လေးမှာလည်း ဤကဲ့သို့ ချွေးထွက်အောင် လှုပ်ရှားရခြင်းမှာ တရားထိုင်နေရသည်ထက်ပင် စိတ်ထွက်ပေါက် ပိုရကြောင်း သိရှိသွားတော့၏။

“ဟမ်... ကြည့်ရတာ... တကယ့်ကို လန်းဆန်းလှပါလား"

“ဒုန်း... ဒုန်း... ဟေ့... ဟာ..."

နာရီဝက်ခန့် ကြာပြီးနောက်...၊

ဒုစရိုက်မြို့တော်၊ အရှေ့ဈေး လမ်းမကြီးပေါ်၌ သမိုင်းတွင်မည့် မြင်ကွင်းတစ်ခု ပေါ်ထွက်လာတော့၏။

ဝတ်စုံမျိုးစုံ ဝတ်ဆင်ထားကြသည့် ကျင့်ကြံသူ အယောက် ရာပေါင်းများစွာမှာ... ‘အရူး’ အယောက် တစ်ရာကျော်နှင့် ရောနှောကာ၊ ဧရာမ ကွင်းပြင် စစ်ကြောင်းကြီး တစ်ခုကို ဖွဲ့စည်းထားကြခြင်းပင် ဖြစ်ချေတော့သည်။

နားကွဲမတတ် ဆူညံလှသော တေးသီချင်းများအောက်တွင် လူတိုင်း၏ လှုပ်ရှားမှုများမှာ တညီတညွတ်တည်း ဖြစ်နေကြပြီး၊ သူတို့၏ မျက်နှာများမှာလည်း အစပိုင်းက ရုန်းကန်မှုများ မရှိတော့ဘဲ ယခုအခါ ပျော်ရွှင်မှုနှင့် ရူးသွပ်မှုများသာ ပြည့်နှက်နေတော့၏။

(မင်းကတော့ ငါ့ရဲ့ ပန်းသီးလေးပဲ... ဘယ်လောက် ချစ်ရချစ်ရ မဝနိုင်ဘူးလေ...)

လမ်းမကြီး တစ်ခုလုံးမှာ တုန်ခါနေသည်။ တစ်ရပ်ကွက်လုံးမှာလည်း ဤပျော်ရွှင်စရာ (သို့မဟုတ် အရူးလုပ်စရာ) အငွေ့အသက်များအတွင်း နစ်မြုပ်နေတော့၏။

လမ်းဘေးရှိ ဆိုင်ခန်းများအတွင်း၌မူ...

ကျောက်ကပ်ကြော် သည် အပြင်ဘက်တွင် ကရတာ မောသွားသဖြင့် “ဆိုင်ရှင်... အားရှိအောင် အသားအိုးတစ်လုံး ပေးစမ်းပါ” ဟု အော်ဟစ်ကာ ဝင်လာကြသော ဖောက်သည်များကို ကြည့်ရင်း ယောက်မကိုပင် မြဲအောင် မကိုင်နိုင်တော့ဘဲ တဟားဟား ရယ်မောနေလေတော့သည်။

“အောင်မြင်ပြီဗျို့။ ယဉ်ကျေးမှု ကျူးကျော်မှုကြီး အောင်မြင်သွားပြီ"

ဝေးကွာလှသော ကွေ့ယွမ်ဂိုဏ်းတွင် ကျန်းချန်သည် စနစ်မှတစ်ဆင့် ထိုမြင်ကွင်းကို ကြည့်ရှုရင်း တိတ်တဆိတ် မျက်နှာ လွှဲလိုက်မိ၏။

ကြည့်ရတာ တကယ့်ကို အရှက်ရစရာ ကောင်းလှပေသည်။

သို့သော်လည်း... တကယ့်ကို ထိရောက်လှသည်မှာလည်း အမှန်ပင် ဖြစ်ချေတော့သည်။

ယနေ့ညတွင် ကွေ့ယွမ်ဂိုဏ်းသည် ဒုစရိုက်မြို့တော်ကို လက်သီးဖြင့်သာ နှိမ်နင်းခဲ့ခြင်း မဟုတ်ဘဲ... ‘ကွင်းပြင်အက’ ဖြင့် ဤနေရာရှိ အထီးကျန်နေသော ဝိညာဉ်များကို သိမ်းပိုက်လိုက်ခြင်းပင်။

---

ဒုစရိုက်မြို့တော်။ ညဉ့်နက်ပိုင်း။ ကွေ့ယွမ်ဂိုဏ်း စီးပွားရေး လမ်းမကြီး။

အင်တိုက်အားတိုက် ‘ကွင်းပြင်အက’ ကခုန်ပြီးနောက် အရှေ့ဈေး၏ လေထုမှာ လုံးဝ (လုံးဝ) ပြောင်းလဲသွားတော့၏။

စောစောက ထူးဆန်းသော ရူးသွပ်မှုများ ရှိခဲ့လျှင် ယခုအခါတွင်မူ လောကီစည်းစိမ်ကို ခံစားလိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေတော့၏။

ကခုန်ခြင်းမှာ ရုပ်ပိုင်းဆိုင်ရာ အလုပ် ဖြစ်သည်။ အထူးသဖြင့် ထိုဆူညံလှသော တေးဂီတကြောင့် ကျင့်ကြံသူများ၏ ကိုယ်တွင်းရှိ ချီစွမ်းအင်များမှာ ရုန်းကြွနေပြီး ခွန်အားများလည်း တော်တော်လေး ကုန်ခမ်းသွားကြရသည်။ ထိုအခိုက်အတန့်တွင် ကခုန်ခြင်းကို ရပ်လိုက်ကြသော ကျင့်ကြံသူ ရာပေါင်းများစွာနှင့် တပည့်များသည် ဗိုက်ဆာပြီး ရေငတ်လာကြခြင်းမှာ သဘာဝပင်။

ထိုစဉ်မှာပင်... လေထုအတွင်း၌ စောစောက “သွေးညှီနံ့” ဟု ထင်မှတ်ခဲ့ကြသော စူးရှလှသော အနံ့အသက်မှာ လူတိုင်း၏ နှာခေါင်းဝသို့ ထပ်မံ ရောက်ရှိလာပြန်သည်။

“မွှေးလိုက်တာဗျာ...”

စောစောက အားရပါးရ ကခဲ့သော မျက်နှာနီနီနှင့် မိစ္ဆာကျင့်ကြံသူမှာ နှာခေါင်းကို ရှုံ့လိုက်ရင်း... သူ၏ အကြည့်များမှာ ပင်လယ်အောက်က လရိပ် ဟော့ပေါ့ဆိုင်၏ ဧရာမ မှန်ပြတင်းပေါက်ကြီး (အမှန်တော့ တိုက်ချွတ်ထားသော ကျောက်စိမ်းပြား) ဆီသို့ မသိလိုက်၊မသိဘာသာပင် ရောက်ရှိသွားသည်။

“ဒါ... ဒါ အသားနံ့လား"

တံခါးဝတွင် စောင့်နေသော ဝမ်သဲ့ဖာမှာ ပါးနပ်သူ ဖြစ်သည်။ သူသည် မိစ္ဆာကျင့်ကြံသူ၏ ပခုံးကို နှစ်ပေါင်းများစွာ ပေါင်းလာသော သူငယ်ချင်းပမာ လှမ်းဖက်လိုက်ရင်း ဆိုလိုက်၏။

“အစ်ကိုကြီး... ကရတာ မောသွားပြီ မဟုတ်လား။ လာ... လာ... အထဲကြွပါဗျာ။ အသားတင်မကဘူး၊ သေရည်လည်း ရှိတယ်ဗျို့။ ဒါကို ‘ဟော့ပေါ့’ လို့ ခေါ်တယ်ဗျ။ စိတ်ညစ်နေတာ၊ အထီးကျန်နေတာ၊ ချမ်းနေတာတွေ အကုန်လုံးကို ကုသပေးနိုင်တဲ့ အစွမ်း ရှိတယ် ခင်ဗျာ"

မိစ္ဆာကျင့်ကြံသူမှာ တစ်ဝက်က စိတ်ပါလက်ပါဖြင့် အထဲသို့ ပါသွားလေတော့သည်။

ပထမတစ်ယောက် ရှိလျှင် ဒုတိယတစ်ယောက်မှာလည်း ရှိလာစမြဲ ဖြစ်သည်။

ခုနက အတူတူ ကခဲ့ကြသော “ကကဖော်” များမှာ ယခုအခါ တပည့်များ၏ ဝိုင်းဝန်း ဖိတ်ခေါ်မှုကြောင့် အသစ်စက်စက် ပြင်ဆင်ထားသော ဤစီးပွားရေး လမ်းမကြီးအတွင်းသို့ အလုံးအရင်းနှင့် တိုးဝင်လာကြတော့၏။

---

[ပထမမှတ်တိုင် - ချောက်နက်ကြီး၏ ဟော့ပေါ့ အတွေ့အကြုံ]

ဆိုင်အတွင်း၌ ကြေးအိုး ဆယ်ဂဏန်းခန့်မှာ နီရဲသော လှိုင်းလုံးများဖြင့် ဆူပွက်နေသည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးကြသော ဒေသခံ ကျင့်ကြံသူများသည် အိုးထဲမှ နီရဲနေသော ဟင်းရည်များနှင့် အပေါ်တွင် ပေါလောပေါ်နေသည့် ငရုတ်သီး အလွှာကြီးကို ကြည့်ကာ မျက်နှာများ ပျက်ကုန်ကြရ၏။

“ဒါ... ဒါဟာ ဒဏ္ဍာရီထဲက ‘အဆိပ်ပေါင်း သောင်းခြောက်ထောင် သွေးကန်’ လား"

တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦးမှာ တူကို ကိုင်ရင်း တုန်ယင်နေသည်။

“ဒါကို တစ်လုပ်လောက် စားလိုက်ရင် ငါ့အူတွေ အကုန် ပုပ်သွားမှာ မဟုတ်လား"

“ဘာ သွေးကန်လဲဗျာ။ ဒါကို ငရုတ်ဆီ ဟင်းရည်လို့ ခေါ်တယ်ဗျ။ အစပ်ကတော့ အပျော့စားလေးပဲ"

စားဖိုမှူး ကျောက်ကပ်ကြော် သည် ပုစဉ်းရင်ကွဲ အတောင်ပံပမာ ပါးလွှာစွာ လှီးထားသော ဝိညာဉ်စားကြွက်သား ပန်းကန်ကို ကိုင်ကာ ကိုယ်တိုင်ကိုယ်ကျ လာရောက် သရုပ်ပြသည်။

“သေချာ ကြည့်ထားနော်။ ဒါကို ‘ခုနစ်ချက်မြှောက်၊ ရှစ်ချက်ချ’ လို့ ခေါ်တယ်ဗျ။ အသားအရောင် ပြောင်းတာနဲ့ စားလို့ ရပြီ။ ကျွန်တော်တို့ရဲ့ လျှို့ဝှက် ကြက်သွန်ဖြူ နှမ်းဆီဆော့စ်နဲ့သာ တို့စားလိုက်... နတ်ပြည် ရောက်သွားစေရမယ်ဗျို့"

တပည့်များ၏ အားပေးမှုကြောင့် မျက်နှာနီနီနှင့် မိစ္ဆာကျင့်ကြံသူမှာ စိတ်ကို တင်းကာ အသားတစ်ဖတ်ကို ပါးစပ်ထဲ ထည့်လိုက်သည်။

တစ်စက္ကန့်... နှစ်စက္ကန့်...။

“ဝုန်း...”

စပ်ရှားရှား အရသာတစ်ခုမှာ ပါးစပ်အတွင်း ချက်ချင်း ပေါက်ကွဲထွက်သွားပြီးနောက်... မွှေးကြိုင်လှသော အသားနှင့် အဆီနံ့မှာ လည်ချောင်းမှတစ်ဆင့် အစာအိမ်ဆီသို့ တိုက်ရိုက် စီးဝင်သွားတော့၏။ ၎င်းမှာ မီးလုံးတစ်လုံးကို မျိုချလိုက်ရသကဲ့သို့ ခံစားရပြီး တစ်ကိုယ်လုံးရှိ ချွေးပေါက်များမှာလည်း ချက်ချင်းပင် ပွင့်ထွက်သွားရသည်။

“ဟူး... ဟား... ရှယ်ပဲဗျာ"

မိစ္ဆာကျင့်ကြံသူ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင်လည်း ချွေးစက်လေးများ ချက်ချင်း စို့လာသည်။ သူသည် စားပွဲကို အားရပါးရ ရိုက်လိုက်၏။

“လန်းဆန်းလိုက်တာဗျာ။ တကယ့်ကို လန်းဆန်းတာပဲ။ ဒါဟာ အဆိပ် မဟုတ်ဘူး... ဒါဟာ ‘မီးလျှံ ကိုယ်ခန္ဓာ တည်ဆောက်ရေး ဆေးလုံး’ ပဲ ဖြစ်ရမယ်။ ငါ့ရဲ့ ချီစွမ်းအင်တွေ တောက်လောင်လာသလို ခံစားရတယ်ဗျို့"

“ဆိုင်ရှင်... အသား (၁၀) ပန်းကန် ထပ်ပေးပါ။ ဟို... အူလမ်းကြောင်းတွေရော၊ အစာအိမ် အမြှောင်းလေးတွေရော အကုန် ယူလာခဲ့စမ်းပါ"

မိစ္ဆာကျင့်ကြံသူက ရှေ့ဆောင်လိုက်သည်နှင့် ဟော့ပေါ့ ဆိုင်တစ်ခုလုံးမှာ ချက်ချင်းပင် သိမ်းပိုက်ခံလိုက်ရတော့၏။

“ဟူး... ဟား... ဟူး... ဟား...” ဟူသော အသံများမှာ နေရာအနှံ့ ထွက်ပေါ်နေတော့သည်။

ပုံမှန်အားဖြင့် အစာအိမ် အနားပေးနေရသော သို့မဟုတ် ရိက္ခာခြောက်များသာ စားနေရသော သနားစရာ ကျင့်ကြံသူများသည်... ယခုအခါ ဆီများ၊ ဆားများနှင့် အစပ်များ ပြည့်နှက်နေသည့် ဤ ခေတ်သစ် အစားအစာများ၏ တိုက်ခိုက်မှုအောက်တွင် မည်သို့မျှ မခုခံနိုင်တော့ပေ။

အားလုံးမှာ ပါးစပ်များ ဆီပေကျံသည်အထိ အားရပါးရ စားသောက်နေကြပြီး ကျင့်ကြံသူတစ်ဦး၏ တည်ငြိမ်မှုများကိုမူ လေထဲသို့ လွှင့်ပစ်ထားကြလေတော့သည်။

---

[ဒုတိယမှတ်တိုင် - အမာစား ကျန်းမာရေး အနှိပ်ခန်း]

စားသောက်ပြီးနောက်တွင်မူ စိတ်အပန်းဖြေရန် အချိန်တန်ပြီ ဖြစ်သည်။

ဘေးနားရှိ [နတ်ဘုရားဘုံ၏ သုခ ကျန်းမာရေးစင်တာ] ၌မူ မြင်ကွင်းမှာ တစ်မျိုး ပြောင်းလဲနေပြန်၏။

ဤနေရာတွင် လှပသော အမျိုးသမီး အနှိပ်သည်များ ရှိမနေဘဲ တောင့်တင်းလှသော ခွန်အားလိုင်း တပည့်များသာ ရှိနေကြသည်။

“အားးးး... ဖြည်းဖြည်း... ဖြည်းဖြည်းလုပ်ပါ။ ငါ့အရိုးတွေ ကျိုးကုန်တော့မယ်"

အခန်းတွင်းမှ စူးရှလှသော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာသဖြင့် အပြင်မှ ဖြတ်သန်းသွားသူများပင် ကြက်သီးထသွားရသည်။

အခန်းတွင်း၌မူ ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း သည် ပိန်လှီလှသော တာအိုကျင့်ကြံသူ အိုကြီးတစ်ဦး၏ ကျောပေါ်သို့ ဖိချထားပြီး... လက်နှစ်ဖက်မှလည်း “ဂျွတ်... ဂျွတ်” ဟူသော အသံများ ထွက်ပေါ်နေသည်။ ဒါဟာ နှိပ်ပေးနေတာ မဟုတ်ဘဲ အရိုးတွေကို အပိုင်းပိုင်း ဖြုတ်နေတာနှင့် ပိုတူနေတော့၏။

“အောင့်ထားစမ်းပါ ဆရာကြီးရဲ့။ ဆရာကြီးရဲ့ ကျောရိုးမှာ အရိုးအတက်တွေ ထွက်နေတာဗျ။ ဒါဟာ နှစ်ပေါင်းများစွာ တရားထိုင်တဲ့ ပုံစံ မှားယွင်းခဲ့လို့ ဖြစ်တာလေ"

ဦးလေးကျန်းက အားထည့်လိုက်ရင်း ဆောက်လုပ်ရေး ဝေါဟာရများဖြင့် ရှင်းပြနေသည်။

“ဒါဟာ အိမ်တစ်လုံးရဲ့ ပင်မတိုင်ကြီး စောင်းနေသလိုမျိုးပဲဗျ။ ကျွန်တော်က ပြန်တည့်ပေးနေတာ။ မအော်နဲ့ဦး... ခဏနေရင် ပြီးတော့မှာ"

“ဂျွတ်...”

ကြည်လင်လှသော အသံလေး တစ်ချက် ထွက်ပေါ်လာသည်။

တာအို ဆရာအိုကြီးမှာ မျက်လုံးများ လန်သွားပြီး နာကျင်လွန်းသဖြင့် မေ့လဲမတတ် ဖြစ်သွားရှာ၏။ သို့သော်လည်း ခေတ္တမျှ ကြာသောအခါ သူသည် ဆယ်စုနှစ် တစ်ခုကျော်ကြာ မိမိကို နှိပ်စက်နေခဲ့သော ကျောနာဝေဒနာမှာ အံ့သြဖွယ်ရာ ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသည်။ နွေးထွေးသော စွမ်းအင်တစ်ခုမှာ ကျောရိုးမှတစ်ဆင့် ဦးခေါင်းထိပ်အထိ စီးဝင်သွားတော့၏။

“နတ်ဘုရား... နတ်ဘုရား သမားတော်ကြီး ပါလားဗျာ" တာအိုအိုကြီးမှာ မျက်ရည်များ ဝဲလျက် ဦးလေးကျန်း၏ ကြမ်းတမ်းလှသော လက်ကို ဆုပ်ကိုင်လိုက်သည်။

“တာအိုရောင်းရင်းရဲ့ ‘အရိုးရွှေ့ လက်ဝါး’ ကတော့ တကယ့်ကို အံ့မခန်းပါပဲဗျာ"

အခြားသော ကုတင်များတွင်လည်း မြင်ကွင်းမှာ တကယ့်ကို ကြောက်စရာ ကောင်းလှပေသည်။

တပည့်အချို့မှာ မီးရဲနေသော ဖန်အိုးများကို ကိုင်လျက် ဧည့်သည်များ၏ ကျောပေါ်သို့ အားရပါးရ ကပ်နေကြသည်။

“ဒါ ဘာ မိစ္ဆာပညာလဲ၊ ငါ့ရဲ့ အနှစ်သာရ သွေးတွေကို စုပ်နေတာလား" လူသန်ကြီး တစ်ဦးမှာ သူ၏ ကျောပေါ်တွင် ပေါ်ထွက်လာသော ခရမ်းပုပ်ရောင် အဝိုင်းများကို ကြည့်ရင်း ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

“မလှုပ်နဲ့ဗျ။ ဒါကို ‘အိုးကပ်ကုထုံး’ လို့ ခေါ်တယ်ဗျို့"

တပည့် အနှိပ်သည်က သူ့ကို ဖိထားလိုက်သည်။

“ကြည့်စမ်းပါဦး... ဒီအဝိုင်းတွေက အရောင် တော်တော် ရင့်နေတာပဲ။ ခင်ဗျား ကိုယ်ထဲမှာ အစိုဓာတ်တွေ များလွန်းနေပြီဗျ။ ဒါတွေက အရင်က ရခဲ့တဲ့ အတွင်းဒဏ်ရာတွေက ကျန်ခဲ့တဲ့ သွေးပုပ်တွေလေ။ စုပ်ထုတ်လိုက်မှ အကုန် ပြန်ကောင်းမှာဗျို့"

နာရီဝက်ခန့် ကြာပြီးနောက်...။

ကျောပေါ်တွင် ခရမ်းပုပ်ရောင် အဝိုင်းကြီးများဖြင့် ပြည့်နှက်နေသော ကျင့်ကြံသူ အုပ်စုမှာ... ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် အပြင်သို့ ထွက်လာကြပြီး တွေ့သမျှ လူတိုင်းကို ကြွားလုံးထုတ်နေကြတော့၏။

“ဒီ ကွေ့ယွမ်ဂိုဏ်းသားတွေက လုပ်ပုံကိုင်ပုံ ကြမ်းပေမယ့်... အစွမ်းကတော့ တကယ် ရှိတယ်ဗျို့။ ကျုပ်ရဲ့ နှစ်ရှည်လများ နာနေတဲ့ ခြေထောက်တောင် ပြန်ကောင်းသွားပြီဗျ"

---

[တတိယမှတ်တိုင် - စိတ်ပိုင်းဆိုင်ရာ ဆေးကြောရေး နယ်မြေ]

နောက်ဆုံး မှတ်တိုင်မှာမူ သုခ ရုပ်ရှင်ရုံပင် ဖြစ်သည်။

ဤနေရာတွင် ရှုပ်ထွေးသော ကိရိယာများ ရှိမနေဘဲ... ဧရာမ ပုံရိပ်ကျောက်တုံး နံရံကြီး တစ်ခုနှင့် သက်တောင့်သက်သာ ရှိလှသော ထိုင်ခုံတန်းများသာ ရှိနေခြင်း ဖြစ်၏။

ယခုအချိန်တွင် ကျင့်ကြံသူ အယောက် တစ်ရာကျော်မှာ အထဲ၌ လဲလျောင်းနေကြပြီး၊ ပြောင်းဖူးပေါက်ပေါက်များကို စားလျက် နံရံပေါ်ရှိ မြင်ကွင်းကို စူးစိုက် ကြည့်နေကြသည်။

မျက်နှာပြင်ပေါ်တွင်မူ နာမည်ကျော် တပည့် [ငါ ဘာလို့ မာန်တက်နေရတာလဲ] က သေသေချာချာ တည်းဖြတ်ထားသည့် “ကွေ့ယွမ်ဂိုဏ်း၏ မိတ်ဆက် ဗီဒီယို - ပြင်းပြသော ဟန်” ကို ပြသနေခြင်း ဖြစ်သည်။

ဗီဒီယိုအတွင်း၌ တပည့်များ၏ လက်နက်များမှာ စုတ်ပြတ်နေသော်လည်း... အဆင့် (၂) မိစ္ဆာသားရဲများကို ရင်ဆိုင်ရာတွင် အသက်ကို ပမာမထားဘဲ တစ်ယောက်ပြီးတစ်ယောက် တိုးဝင်နေကြပုံများ၊ မိစ္ဆာဂိုဏ်း၏ ယဇ်ပလ္လင်များကို ဖြိုခွဲရာတွင် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ကခုန်ရင်း ရန်သူ့ခေါင်းဆောင်ကို နှိမ်နင်းနေကြပုံများမှာ... “သေမင်းတမန် တေးသီချင်း” ၏ စည်းချက်နှင့်အတူ တကယ့်ကို သူရဲကောင်းဆန်ဆန် ပေါ်ထွက်နေတော့၏။

“ကောင်းကင်ဘုံ... သူတို့က အရူးတွေ မဟုတ်ဘူးပဲ။ သူတို့က စစ်မှန်တဲ့ သူရဲကောင်းတွေပဲဗျာ"

ကျင့်ကြံသူ အမျိုးသမီးလေး တစ်ဦးမှာ... ဝမ်သဲ့ဖာက သူ၏ သူငယ်ချင်းများကို ကာကွယ်ရန် တောဝက်ကြီး၏ တိုက်မိခြင်းကို အတင်းခံလိုက်ရသော အခန်း (အမှန်တော့ သူ ခြေတိုသဖြင့် ထွက်မပြေးနိုင်ခြင်း ဖြစ်သည်) ကို ကြည့်ရင်း စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ဝဲလာရရှာသည်။

“ဒါဟာ ကွေ့ယွမ်ဂိုဏ်းရဲ့ စိတ်ဓာတ်လား။ တကယ့်ကို ထိခိုက်ဖို့ ကောင်းလိုက်တာဗျာ"

“ငါလည်း ဒီလို ဂိုဏ်းမျိုးထဲကို ဝင်ချင်လိုက်တာဗျို့"

---

ယနေ့ညတွင် ဒုစရိုက်မြို့တော်ရှိ ဝိညာဉ်ကျောက်တုံးများသည် ရေလှိုင်းများပမာ ကွေ့ယွမ်ဂိုဏ်း၏ အိတ်အတွင်းသို့ စီးဝင်လာတော့၏။

ညဉ့်နက်ပိုင်း အချိန်။

လူစုခွဲသွားကြပြီးနောက် ဝမ်သဲ့ဖာသည် စားပွဲတွင် မှီလျက် တောင်ပုံရာပုံ ဖြစ်နေသော ဝိညာဉ်ကျောက်တုံးများကို ကြည့်ကာ ပြုံးလွန်းသဖြင့် ပါးစပ် ကြွက်သားများပင် နာကျင်နေတော့၏။

“ကျွန်တော်တို့ ချမ်းသာပြီဗျို့... ဒီတစ်ခါတော့ တကယ် ချမ်းသာပြီ...”

“ပိုက်ဆံ ရရုံတင် မကဘူး... ဂုဏ်သတင်းကိုလည်း အကြီးအကျယ် ရလိုက်တာဗျ။ နောက်ဆိုရင် ကျွန်တော်တို့ကို သူတောင်းစား ဂိုဏ်းလို့ ဘယ်သူမှ မခေါ်ရဲတော့ဘူး ဗျာ"

အမှောင်ထု၏ ထောင့်တစ်နေရာတွင်မူ...

လူရိပ်အချို့သည် မီးထိန်ထိန်လင်းနေသော စီးပွားရေး လမ်းမကြီးကို စိုက်ကြည့်နေကြပြီး... သူတို့၏ လက်ထဲမှ အချက်ပြ မန္တန်စာရွက်များကို တိတ်တဆိတ် ချေဖျက်လိုက်ကြသည်။

“သတင်းပို့ပါတယ်... ကွေ့ယွမ်ဂိုဏ်းသားတွေဟာ... အရှေ့ဈေး တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နေကြပါပြီ"

“သူတို့ဟာ... ‘ဟော့ပေါ့’ လို့ ခေါ်တဲ့ အဆိပ်နဲ့ ‘ကွင်းပြင်အက’ လို့ ခေါ်တဲ့ မိစ္ဆာပညာကို သုံးပြီး... မြို့ထဲက တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဝက်ကျော်ကို ထိန်းချုပ်လိုက်ပုံ ရပါတယ်"

“ဒုစရိုက်မြို့တော်ရဲ့ ကောင်းကင်ယံကြီး... ပြောင်းလဲတော့မှာပဲ...”

---

[t.n:ကွင်းပြင်အက- တရုတ်နိုင်ငံတွင် ခေတ်စားသော လူစုလူဝေးဖြင့် ကခုန်သည့် အလေ့အထ။

အသံချဲ့ခရု- အသံကို ကျယ်လောင်အောင် ပြုလုပ်ပေးသော မှော်ရတနာ။

အိုးကပ်ကုထုံး- ဖန်အိုး သို့မဟုတ် ခွက်များကို သုံး၍ အရေပြားပေါ်ရှိ သွေးပုပ်များကို စုပ်ထုတ်သော ကုထုံး။

ပုံရိပ်ကျောက်တုံး- ပုံရိပ်များကို မှတ်တမ်းတင်နိုင်သော မှော်ကျောက်တုံး။]

အခန်း (၁၃၂) - စစ်မှန်သော မိစ္ဆာကျင့်ကြံသူ ပေါ်ထွက်လာခြင်း.. ဤမိစ္ဆာပညာမှာ တကယ့်ကို ကြောက်စရာ ကောင်းလှသည်

~ညဉ့်နက်သန်းခေါင်ယံ အချိန်။ ဒုစရိုက်မြို့တော်၏ ကောင်းကင်ယံထက်၌၊

သွေးနီရောင် အလင်းတန်းတစ်ခုသည် ညကောင်းကင်ယံကို ခွဲထွက်လျက် မြို့တော်၏ အထက်တွင် တိတ်ဆိတ်စွာ ဝဲပျံနေသည်။

ထိုအလင်းတန်းများ လွင့်စင်သွားသည့်အခါတွင်မူ... သွေးနီရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး မျက်နှာဖြူဖျော့လျက် မိန်းကလေးဆန်သော ပုံစံရှိသည့် လူငယ်တစ်ဦး ပေါ်ထွက်လာ၏။ သူ၏ ကိုယ်ခန္ဓာ ပတ်ပတ်လည်တွင် ပျို့အန်ချင်စရာ ကောင်းသော သွေးညှီနံ့များ လွှမ်းခြုံထားပြီး၊ ခါးတွင်လည်း အရုပ်ဆိုးဆိုး ဦးခေါင်းခွံပုံ ထွင်းထုထားသည့် သွေးကျောက်စိမ်း တံဆိပ် ချိတ်ဆွဲထား၏။

ထိုသူ၏ အမည်မှာ လီသွေးညဉ့် ဖြစ်သည်။ သူသည် မိုင်ပေါင်း သောင်းချီ ကျယ်ဝန်းသော ချန်ဝူတောင်တန်း တစ်ဝိုက်၌ မိစ္ဆာလမ်းစဉ်၏ အထွတ်အထိပ် ဖြစ်သော ‘သွေးမိစ္ဆာဂိုဏ်း’ ၏ အတွင်းစည်း အိမ်တော်ထိန်း တစ်ဦး ဖြစ်၏။ သူ၏ ကျင့်စဉ် အဆင့်မှာလည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် နှောင်းပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ရာ အလွန်ပင် အစွမ်းထက်လှပေသည်။

သူသည် ယနေ့ညတွင် ဒုစရိုက်မြို့တော်ကို ဖြတ်သန်းသွားရင်း မြို့စားမင်း ကျောက်ဝူကျိထံမှ ယခုနှစ်အတွက် ‘ဆက်သပစ္စည်း’ များ သွားရောက် သိမ်းယူရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း မြို့အတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားယွင်းနေကြောင်း သူ အာရုံခံမိလိုက်၏။

ပုံမှန်ဆိုလျှင် ဤအချိန်၌ ဒုစရိုက်မြို့တော်အတွင်းဝယ် တိုက်ခိုက်သံများ၊ စူးရှလှသော အော်ဟစ်သံများနှင့် ကာမဂုဏ် လိုက်စားသည့် တေးသံများဖြင့်သာ ပြည့်နှက်နေစမြဲ ဖြစ်သည်။ သို့သော်လည်း ယနေ့တွင်မူ အရှေ့ဈေး တစ်ရပ်ကွက်လုံးမှာ ထူးထူးခြားခြား ဆူညံနေသည့်အပြင်... လေထုအတွင်း၌ စူးရှလှသော စည်းချက်တစ်ခု ကိန်းဝပ်နေသဖြင့် သူ၏ ကိုယ်တွင်းရှိ မိစ္ဆာချီစွမ်းအင်များပင်လျှင် လိုက်ပါ လှုပ်ရှားချင်စိတ် ဖြစ်ပေါ်နေရ၏။

“တဒုန်း... ဒုန်း... တဒုန်း... ဒုန်း...”

လီသွေးညဉ့်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ မြွေတစ်ကောင်ကဲ့သို့ အေးစက်လှသော သူ၏ မျက်ဝန်းများထဲတွင် သံသယများ ရိပ်သန်းသွားတော့၏။

“ဒါ ဘာအသံကြီးလဲ။ တစ်ခုခုတော့ မှားနေပြီ။ ထူးခြားတဲ့ ရတနာတစ်ခုခု ပေါ်ထွက်လာလို့ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းချက်တွေ တုံ့ပြန်နေတာလား မသိဘူး"

သူသည် စပ်စုလိုစိတ်နှင့်အတူ သတိကြီးစွာ ထားလျက် မိမိ၏ အရှိန်အဝါကို ဖုံးကွယ်ကာ... ထိုထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်နေသည့် နေရာဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားသည်။ ၎င်းမှာ ကွေ့ယွမ်ဂိုဏ်း၏ မှောင်ခိုရုံးခန်းပင် ဖြစ်ချေတော့သည်။

သူသည် လမ်းမကြီး၏ အထက်သို့ ပျံသန်းရောက်ရှိကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည့် အခိုက်အတန့်တွင်မူ...

အလောင်းပုံတောင်ကြီးများနှင့် သွေးပင်လယ်များကို မြင်တွေ့နေကျ ဖြစ်ပြီး နှလုံးသားမှာ ကျောက်တုံးပမာ မာကျောလှသည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားသော ဤ မိစ္ဆာလမ်းစဉ်၏ လက်ရွေးစင် ပညာရှင်မှာ... မျက်လုံးများ ပြူးကျယ်သွားရပြီး လေထဲတွင်ပင် တောင့်ခဲသွားကာ အသက်ရှူဖို့ပင် မေ့လျော့သွားရှာတော့သည်။

သူ ဘာကို မြင်လိုက်ရသနည်း။

အောက်ဘက်ရှိ ကျယ်ပြောလှသော လမ်းမကြီးပေါ်ဝယ် မီးရောင်များမှာ မျက်စိကျိန်းမတတ် လင်းထိန်နေသည်။ ကျင့်ကြံသူ ရာပေါင်းများစွာမှာ... ဒုစရိုက်မြို့တော်၏ နာမည်ကျော် လူမိုက်များနှင့် လူသတ်သမားများ အပါအဝင်... ယခုအခါ သေသေသပ်သပ် စစ်ကြောင်းကြီး တစ်ခုကို ဖွဲ့စည်းထားကြခြင်းပင် ဖြစ်ချေ၏။

စိတ်ကို ညှို့ယူနိုင်စွမ်းရှိသော ထူးဆန်းလှသည့် တေးသီချင်းသံနှင့်အတူ ထိုလူများမှာ မျက်နှာတွင် မည်သည့် အမူအရာမှ မရှိဘဲ (အမှန်တော့ မောလွန်းသဖြင့် ဖြစ်သည်)၊ ခါးများကို လှည့်ပတ်ကာ လက်မောင်းများကို စက်ရုပ်တစ်ရုပ်ပမာ တောင့်တောင့်ကြီး ဝှေ့ယမ်းနေကြသည်။

သူတို့၏ မျက်လုံးများထဲတွင်မူ ဝေခွဲမရခြင်းနှင့် ရူးသွပ်မှုများ ပြည့်နှက်နေ၏။ ၎င်းမှာ သူတို့၏ ဝိညာဉ်များကို တစ်စုံတစ်ဦးက နှိုက်ယူသွားသဖြင့် ရုပ်ကလာပ်များအဖြစ်သာ ကျန်ရစ်ပြီး အဝေးမှ ကြိုးဆွဲ ခိုင်းစေခြင်းကို ခံနေရသည့်အလား ရှိနေတော့၏။

ထိုစစ်ကြောင်းကြီး၏ အရှေ့ဆုံး၌မူ...

အပေါ်အင်္ကျီ မဝတ်ထားဘဲ အဆီတဝင်းဝင်း ဖြစ်နေသည့် လူဝကြီး တစ်ဦး (ဝမ်သဲ့ဖာ) သည် စင်မြင့်ထက်တွင် ရပ်လျက်... ရုပ်သေးရုပ်များကို ထိန်းချုပ်နေသည့် မိစ္ဆာတစ်ကောင်ပမာ သူ၏ ကိုယ်ခန္ဓာကို ရူးသွပ်စွာ လှည့်ပတ်နေသည်။ သူက ဆောင်ပုဒ်တစ်ခု အော်လိုက်တိုင်း အောက်ဘက်ရှိ လူအုပ်ကြီးမှာ ထူးဆန်းလှသော လှုပ်ရှားမှုများကို တညီတညွတ်တည်း လိုက်ပါ လုပ်ဆောင်ကြသည်။

“ဘယ်ဘက်လက်... ညာဘက်လက်... ဖြည်းဖြည်းချင်း လှုပ်ရှားစမ်း"

“ဒါ... ဒါက...”

လီသွေးညဉ့်မှာ လေတစ်ချက်ကို အဝရှူလိုက်မိသည်။ သူ၏ ကျောရိုး တစ်လျှောက်မှနေ၍ ဦးခေါင်းထိပ်အထိ အေးစက်မှုတစ်ခု စိမ့်တက်သွားတော့၏။

“ဒါဟာ ဒဏ္ဍာရီထဲက ‘ကောင်းကင်မိစ္ဆာ ဝိညာဉ်နှိုက်အက’ လား"

“မဟုတ်သေးဘူး။ အဲ့ဒီအကက လူ့စိတ်ကိုပဲ ညှို့ယူနိုင်တာလေ။ အခု မြင်နေရတာက လူပေါင်း ရာချီရဲ့ ကိုယ်ခန္ဓာတွေကို အတင်းအကြပ် ထိန်းချုပ်ထားနိုင်တဲ့ ကြောက်မက်ဖွယ် စွမ်းအားကြီးပဲ"

သူသည် ရှေ့ဆုံးမှ ဦးဆောင်နေသော လူဝကြီးကို စူးစိုက်ကြည့်လိုက်သည်။

ထိုလူဝကြီးထံမှ ဝိညာဉ်စွမ်းအား တုန်ခါမှု သိပ်မရှိသော်လည်း၊ လီသွေးညဉ့်၏ ‘မိစ္ဆာမျက်လုံး’ မှတစ်ဆင့် ကြည့်လိုက်သည့်အခါတွင်မူ တစ်ဖက်လူမှာ အတိုင်းအဆမရှိ နက်နဲနေသကဲ့သို့ ခံစားလိုက်ရ၏။

“ဟို လူဝကြီးရဲ့ အဆီတွေ တုန်ခါနေတဲ့ အကြိမ်ရေက... ကောင်းကင်နဲ့ မြေကြီးရဲ့ နက်နဲလှတဲ့ စည်းချက်တွေနဲ့ တထပ်တည်း ကျနေတာပဲ"

“ကြည့်စမ်း... သူ ပြုံးနေပုံက ဘဝတွေကို ပမာမထားဘဲ ရုပ်သေးရုပ်တွေကို လှောင်ပြောင်နေသလိုပဲ"

“ဒီလူဟာ... သေချာပေါက် မိစ္ဆာလမ်းစဉ်ရဲ့ ထိပ်တန်း ပညာရှင်ပဲ။ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုမှာ ပါရမီ ပါတဲ့ ရှေးဟောင်း မိစ္ဆာအိုကြီး တစ်ယောက် ဖြစ်ရမယ်"

ထိုစဉ်မှာပင်...

လူအုပ်ကြားရှိ ချီစုစည်းမှု အဆင့်ရှိသော တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦးမှာ အလွန်ပင် မောပန်းနေပုံ ရသည်။ သူသည် ခေတ္တမျှ ရပ်နားရန် သို့မဟုတ် ဤ ငရဲခန်းမှ ထွက်ပြေးရန် ကြိုးစားလိုက်၏။

သို့သော်လည်း သူ ရပ်လိုက်သည်နှင့် တစ်ပြိုင်နက်... ဘေးနားမှ ထူးဆန်းသော ဝတ်စုံဝတ် ကွေ့ယွမ်ဂိုဏ်းသား (ကစားသမား) အချို့ ပြေးထွက်လာကြသည်။

“ဟေ့... မင်း။ မရပ်နဲ့လေ။ စည်းချက် ပျက်ကုန်မယ်"

“လာ... ငါ့နောက်က လိုက်ခဲ့စမ်းပါ။ ရင်ဘတ်ဖွင့် လေ့ကျင့်ခန်း လုပ်မယ်။ တစ်... နှစ်... သုံး... လေး..."

တပည့်များသည် ထိုကျင့်ကြံသူကို ‘နွေးထွေးစွာ’ ဖမ်းဆုပ်လိုက်ပြီး သူ၏ လှုပ်ရှားမှုများကို အတင်းအကြပ် ပြန်လည် ပြင်ဆင်ပေးနေကြသည်။ အားပေးသည့် အနေဖြင့်လည်း သူ၏ တင်ပါးကို လက်ဖြင့် ပုတ်ပြလိုက်သေး၏။

သို့သော်လည်း လီသွေးညဉ့်၏ မျက်လုံးထဲတွင်မူ ဤမြင်ကွင်းမှာ လုံးဝ (လုံးဝ) ခြားနားသော အဓိပ္ပာယ် ဖြစ်သွားတော့၏။

သနားစရာ ကောင်းလှသော ထိုကျင့်ကြံသူမှာ မိစ္ဆာခေါင်းဆောင်၏ လက်ခုပ်ထဲမှ လွတ်မြောက်ရန် ကြိုးစားနေသော်လည်း... မိစ္ဆာ၏ လက်ပါးစေများက ရက်စက်စွာ နှိမ်နင်းလိုက်ခြင်းပင် ဖြစ်ချေတော့သည်။ သူတို့သည် ထိုသူ၏ ခြေလက်များကို အတင်းအကြပ် ထိန်းချုပ်ကာ အားအင်ကုန်ခမ်း၍ သေဆုံးသွားသည်အထိ ခိုင်းစေနေကြခြင်း မဟုတ်ပါလော။

“ရက်စက်လိုက်တာ... တကယ့်ကို ရက်စက်လွန်းလှတယ်လေ"

လီသွေးညဉ့်၏ လက်ချောင်းများမှာ တုန်ယင်နေသည်။ သို့သော်လည်း သူသည် ဒေါသထွက်နေခြင်း မဟုတ်ဘဲ... သူ၏ မျက်လုံးများထဲတွင် မကြုံစဖူးလောက်အောင် ရူးသွပ်သော ကြည်ညိုမှုများ တောက်လောင်လာခြင်း ဖြစ်၏။

ဒါမှ စစ်မှန်တဲ့ မိစ္ဆာကျင့်ကြံသူကွ။

ဒါနဲ့ ယှဉ်လိုက်ရင် ငါတို့ သွေးမိစ္ဆာဂိုဏ်းက လူသတ်တာတွေ၊ သွေးစုပ်တာတွေက တကယ့်ကို အဆင့်အတန်း နိမ့်လွန်းလှတယ်။

ဒီလို လူ့စိတ်ကို ဖျက်ဆီးပြီး လူပေါင်း ထောင်ချီကို ရုပ်သေးရုပ်ပမာ အများပြည်သူ ရှေ့မှောက်မှာတင် အထင်းသား ထိန်းချုပ်ပြနိုင်တဲ့ နည်းလမ်းကမှ... မိစ္ဆာလမ်းစဉ်ရဲ့ အထွတ်အထိပ် ပညာရပ်ပဲ။

“ကွေ့ယွမ်ဂိုဏ်း...”

မကြာသေးခင်ကမှ သတင်းကြီးနေသော အမည်ကို သူ သတိရလိုက်သည်။

“အစပိုင်းကတော့ ဟိတ်ဟန် ထုတ်နေတဲ့ ဂိုဏ်းလေး တစ်ခုလို့ပဲ ထင်ခဲ့တာ။ ဒါပေမယ့် မမျှော်လင့်ဘဲ... ဒီလောက်အထိ ခိုင်မာတဲ့ အခြေခံ အုတ်မြစ် ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

လီသွေးညဉ့်သည် လေတစ်ချက်ကို အဝရှူလိုက်ရင်း သူ၏ ဝတ်ရုံကို သေသေချာချာ ပြန်ပြင်လိုက်သည်။

သူ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီ ဖြစ်၏။ အောက်သို့ ဆင်းကာ မိတ်ဖွဲ့ရမည်။ ဤကဲ့သို့သော တန်ခိုးရှင် မိစ္ဆာပညာရှင်ကြီးကို သွေးမိစ္ဆာဂိုဏ်း အနေဖြင့် သိမ်းသွင်းရမည်... သို့မဟုတ်လျှင်လည်း ဖားရမည် မဟုတ်ပါလော။

---

မြေပြင်ပေါ်ရှိ လမ်းမအလယ်၌ ၊

“ပန်းသီးလေး” သီချင်းမှာ နောက်ဆုံး၌ ပြီးဆုံးသွားတော့၏။

ဝမ်သဲ့ဖာမှာမူ အသည်းအသန် အမောဆို့နေရှာ၏။ သူသည် ရင်းနှီးဖော်ရွေသော အစ်မကြီး လှမ်းပေးသော ဟက်ပီးဝေါတား (ကိုယ်တိုင်လုပ် သကြားရည်) ကို ယူကာ အားရပါးရ မော့သောက်လိုက်သည်။

“ရှယ်ပဲဗျာ။ ဒီလောက် လှုပ်ရှားလိုက်မှတော့ ညကျရင် ထမင်း နှစ်ပန်းကန်လောက် ပိုစားလို့ ရပြီဗျို့"

ပတ်ဝန်းကျင်ရှိ ဒေသခံ ကျင့်ကြံသူများမှာလည်း အားအင်ကုန်ခမ်းလျက် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျကုန်ကြသည်။ သူတို့၏ ကိုယ်ခန္ဓာမှာ ပင်ပန်းနေသော်လည်း... စိတ်ပိုင်းဆိုင်ရာ ပေါ့ပါးမှုကြောင့် ဆက်လက်၍ပင် ကခုန်ချင်စိတ်များ ဖြစ်ပေါ်နေရရှာ၏။

ထိုစဉ်မှာပင်...

အေးစက်ပြီး သွေးညှီနံ့များ ပါဝင်နေသော်လည်း အနည်းငယ် ရိုသေမှု ပါဝင်နေသည့် အရှိန်အဝါကြီး တစ်ခုမှာ ကောင်းကင်မှ ကျဆင်းလာခဲ့သည်။

အားလုံးက မော့ကြည့်လိုက်ကြကုန်၏။

သွေးနီရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ကြည့်ရသည်မှာ တကယ့်ကို ခန့်ညား (ကြောက်စရာကောင်း) လှသော လူငယ်တစ်ဦးသည် ဝမ်သဲ့ဖာ၏ ရှေ့၌ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။

ပတ်ဝန်းကျင်ရှိ ဒေသခံ ကျင့်ကြံသူများမှာမူ သွေးနီရောင် ဝတ်ရုံနှင့် သူ၏ ခါးမှ ဦးခေါင်းခွံ တံဆိပ်ကို မြင်လိုက်ရသည်နှင့် မျက်နှာများ ဖြူဖျော့သွားကြပြီး အနောက်သို့ အလုအယက် ဆုတ်ခွာသွားကြတော့၏။

“သွေး... သွေးမိစ္ဆာဂိုဏ်းက အိမ်တော်ထိန်း ပါလား"

“သွားပြီဗျို့။ စစ်မှန်တဲ့ မိစ္ဆာခေါင်းဆောင်ကြီး ရောက်လာပြီ"

သို့သော်လည်း တပည့်များ၏ တုံ့ပြန်မှုမှာမူ လုံးဝ (လုံးဝ) ခြားနားနေသည်။

“ဟိုက်ရှားပါး... အန်ပီစီအသစ် ပါလားဗျ"

“ဟိုမှာကြည့်စမ်း... အထူးပြုလုပ်ချက်တွေရော၊ နာမည်နီကြီးရောဗျာ။ တကယ့်ကို အမည်းရောင် သန်းနေပြီ"

“သူ့ရဲ့ လက်နက်တွေကို ကြည့်စမ်းပါဦး။ သေချာပေါက် အဆင့်မြင့် ပစ္စည်းတွေပဲ။ ညီအစ်ကိုတို့ရေ... သူ့ကို တက်ကြိတ်ကြမလား"

တိုက်ချင်ခိုက်ချင်စိတ် ပြင်းထန်နေသော တပည့်အချို့မှာမူ သူတို့၏ ကျောနောက်မှ ဂေါ်ပြားများကိုပင် လှမ်းကိုင်နေကြပြီ ဖြစ်သည်။

တိုက်ပွဲ ဖြစ်တော့မည့် ဆဲဆဲမှာပင်...

ဒေသခံများ အလွန်ကြောက်ရွံ့ကြရသော သွေးမိစ္ဆာဂိုဏ်း၏ အိမ်တော်ထိန်း လီသွေးညဉ့်သည်... အပေါ်အင်္ကျီ မဝတ်ထားသည့် ဝမ်သဲ့ဖာ၏ ရှေ့၌ တည်ကြည်လေးနက်လှသော ဟန်ပန်ဖြင့် အလွန်ပင် ရိုသေစွာ ဦးညွတ် ဂါရဝပြုလိုက်လေတော့သည်။

“ကျွန်တော်က သွေးမိစ္ဆာဂိုဏ်းရဲ့ အတွင်းစည်း အိမ်တော်ထိန်း လီသွေးညဉ့် ဖြစ်ပါတယ် ခင်ဗျာ။ စီနီယာကြီးကို ဂါရဝပြုပါတယ်"

“ခုနကတင် စီနီယာကြီးဟာ ကောင်းကင်ယံထက်ကနေပြီး... ပြိုင်ဘက်ကင်း မိစ္ဆာပညာကို သုံးပြီး လူပေါင်း ထောင်ချီရဲ့ စိတ်ကို ထိန်းချုပ်နေတာကို တွေ့ရှိခဲ့ရပါတယ်၊ စီနီယာကြီးရဲ့ အစွမ်းကတော့... တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှသလို အသည်းထဲကနေ လေးစားမိပါတယ်"

နေရာတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။

ရေသန့်ဗူးကို ကိုင်ထားသည့် ဝမ်သဲ့ဖာ၏ လက်မှာလည်း လေထဲတွင်ပင် တောင့်ခဲသွားပြီး ကြောင်အမ်းအမ်း ဖြစ်သွားရရှာတော့သည်။

“ဟမ်... မိစ္ဆာပညာ ဟုတ်လား"

သူသည် သူ၏ အဆီတဝင်းဝင်းနှင့် ဝဖြိုးလှသော ကိုယ်ခန္ဓာကို တစ်ချက် ငုံ့ကြည့်လိုက်ပြီးနောက်... ဘေးနားတွင် ခြေထောက်နှိပ်နေကြသော ‘ကွင်းပြင်အက’ ကခုန်ခဲ့သည့် ကျင့်ကြံသူများကို လှမ်းကြည့်လိုက်၏။

“မင်း ပြောတာက... ကွင်းပြင်အက ကို ပြောတာလား"

“ကွင်းပြင်အတွင်းမှာ ကခုန်ခြင်း တဲ့လား...”

လီသွေးညဉ့်၏ မျက်လုံးထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ခဏမျှ ပေါ်လာသော်လည်း ချက်ချင်းပင် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ဆိုလိုက်၏။

“တကယ့်ကို ခန့်ညားလှတဲ့ အမည်ပါပဲဗျာ။ ကျယ်ပြောလှတဲ့ ကမ္ဘာကြီးတစ်ခုလုံးကို မိမိရဲ့ လက်ခုပ်ထဲက ကွင်းပြင်လေး တစ်ခုလိုမျိုး သဘောထားပြီး ကခုန်နေတာပေါ့လေ။ စီနီယာကြီးရဲ့ ကျင့်စဉ်အဆင့်အရ ဆိုရင်တော့... ဒီ ကမ္ဘာကြီးဟာ တကယ့်ကို ကွင်းပြင်လေး တစ်ခုသာသာပါပဲ ခင်ဗျာ"

“တကယ့်ကို ဆရာကျလှပါတယ် စီနီယာကြီး"

ဝမ်သဲ့ဖာသည် တစ်ဖက်လူ ပြောနေသည်များကို လုံးဝ နားမလည်သော်လည်း ‘စီနီယာကြီး’ နှင့် ‘လေးစားမိပါတယ်’ ဟူသော စကားလုံးများကိုမူ ကောင်းစွာ သဘောပေါက်သည်။

တစ်ဖက်လူက ဒီလောက်အထိ ယဉ်ကျေးနေမှတော့... စတုတ္ထကပ်ဘေး တို့၏ ဆက်ဆံရေး ပညာရှင် တစ်ဦးပမာ သူလည်း အလျှော့ပေးလို့ မဖြစ်သည် မဟုတ်ပါလော။

ဝမ်သဲ့ဖာသည် မျက်လုံးများကို ကစားလိုက်ပြီးနောက်... ကျောကို ဆန့်ကာ၊ သကြားရည်ဗူးကို ပုခုံးပေါ် ထမ်းလိုက်ပြီး၊ နှာခေါင်းကို ရှုံ့လျက် လီသွေးညဉ့်ကို အထက်စီးမှ ငုံ့ကြည့်ကာ နက်နဲလှသော ပုံစံဖြင့် ဆိုလိုက်သည်။

“အဟမ်း... ရှောင်လီ၊ မင်းကတော့ အမြင်ရှိသားပဲ"

“ငါတို့ ဆုံတွေ့ရတာဟာလည်း ရေစက်တစ်ခုပဲ မဟုတ်လား"

“ဘယ်လိုလဲ... အတူတူ ကကြမလား။ ဒါမှမဟုတ် အသင်းဝင်ကတ်ပြားလေး တစ်ခုလောက် လုပ်မလား"

All Chapters