အခန်း (၁၃၃-၁၃၅)
Vol. 9 Ch. 133-135
အခန်း (၁၃၃) - တစ်ကမ္ဘာခြား စကားပြောဆိုခြင်း.. ဟေ့ လူလေး... ဆေးလိပ်တစ်လိပ်လောက် ဆွဲမလား
~ညဉ့်နက်သန်းခေါင်ယံ အချိန်။ ဒုစရိုက်မြို့တော်။ ကွေ့ယွမ်ဂိုဏ်း ရုံးခန်းအပြင်ဘက် လမ်းမပေါ်၌၊
လမ်းမပေါ်မှ တေးဂီတသံများ ငြိမ်သက်သွားသော်လည်း... လေထုအတွင်း၌မူ ကခုန်နေစဉ်ကထက်ပင် ပိုမို တင်းမာပြီး ခြောက်ခြားဖွယ်ရာ ကောင်းသော အငွေ့အသက်များ လွှမ်းခြုံနေသည်။
တပည့် အယောက် တစ်ရာကျော်မှာ လက်ထဲတွင် အုတ်ခဲများနှင့် ဂေါ်ပြားများကိုယ်စီ ဆုပ်ကိုင်ထားကြပြီး... ယပ်တောင်ပုံစံ ဖြန့်ကျက်လျက် ရန်သူ့ထွက်ပေါက်မှန်သမျှကို တိတ်တဆိတ် ပိတ်ဆို့ထားကြ၏။ စိမ်းဖန့်ဖန့် မျက်လုံးများစွာမှာ ကွင်းပြင်အလယ်မှ ဝတ်ရုံနီနှင့် ကျင့်ကြံသူထံသို့ စူးစိုက်ကြည့်နေကြသည်။ အကယ်၍ ထိုသူ့ထံမှ အသက်သွေးကြော အစလေးတစ်ခုသာ ပေါ်ထွက်လာပါက... ချက်ချင်းပင် ဝိုင်းဝန်း ထုနှက်ကြတော့မည့်အလား ရှိနေတော့၏။
ကွင်းပြင်၏ ဗဟိုချက်၌ ဖြစ်သည်။
သွေးမိစ္ဆာဂိုဏ်း၏ အိမ်တော်ထိန်း လီသွေးညဉ့်၏ နဖူးတွင်မူ ချွေးစေးများ ထွက်ပေါ်နေသည်။
သူသည် မိမိ၏ ဘေးပတ်ဝန်းကျင်မှ အကြည့်များကို အာရုံခံမိနေ၏။ ၎င်းတို့မှာ သာမန် အကြည့်များ မဟုတ်ဘဲ... ဝိုင်းအုံနေသော ဝံပုလွေအုပ်ကြီး၏ လောဘဇောနှင့် သတ်ဖြတ်လိုစိတ်များသာ ဖြစ်ချေတော့သည်။
“ကြောက်စရာ ကောင်းလှတဲ့ သတ်ဖြတ်လိုစိတ်တွေ ပါလား။ ဒီ ကွေ့ယွမ်ဂိုဏ်းသားတွေဟာ ကြည့်ရတာတော့ ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေနေသလိုပဲ... ဒါပေမယ့် တကယ့်ကို အန္တရာယ်ကြီးတဲ့ကောင်တွေပဲဗျို့။ ငါသာ တစ်ချက်လောက် လှုပ်ရှားလိုက်ရင်တော့... မျက်စိတစ်မှိတ်အတွင်းမှာတင် အပိုင်းပိုင်း အပြတ်ခံရမှာ သေချာတယ်လေ"
လီသွေးညဉ့်သည် ကျောရိုး တစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရသဖြင့်... သူ၏ ခါးကို ပို၍ပင် ကိုင်းညွတ်လိုက်ပြီး ရှေ့မှ ‘အပေါ်အင်္ကျီ မဝတ်ထားသော စီနီယာကြီး’ ကို ပို၍ပင် ရိုသေကြောက်လန့်မိသွားတော့၏။
“ဟို... ရှောင်လီ ဟုတ်တယ်မလား"
ဝမ်သဲ့ဖာက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ဤအန်ပီစီ က သူ့ကို ဘာလို့ ဒီလောက်အထိ ယဉ်ကျေးနေသလဲဆိုတာ သူ မသိသော်လည်း... “ပြုံးပြတဲ့သူကို ပါးမရိုက်ရ” ဟူသော စကားအတိုင်း၊ ပြီးတော့ ဒီကောင်က ပိုက်ဆံအိတ် တော်တော် ထူပုံရသည် မဟုတ်ပါလော။
သူ၏ ‘စီနီယာကြီး’ ဟန်ပန်ကို ထိန်းသိမ်းရန်အတွက် ဝမ်သဲ့ဖာသည် သူ၏ ခါးကြားမှ တွန့်လိမ်နေသော စက္ကူလိပ်ကြီး တစ်လိပ်ကို ထုတ်လိုက်သည်။ ၎င်းမှာ ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း က “နတ်မိမယ်မြက်” ဟု ခေါ်သော အဆင့်နိမ့် ဝိညာဉ်အပင် တစ်မျိုးဖြင့် ပြုလုပ်ထားသည့် ‘အထူး ဆေးလိပ်’ ပင် ဖြစ်ချေသည်။ ၎င်းက အလွန်ပင် ပြင်းထန်လှသဖြင့် တစ်လုပ်လောက် ဆွဲလိုက်ရုံဖြင့် တစ်နေကုန် ခေါင်းမူးသွားစေနိုင်သည်။
“ဟေ့... တစ်လိပ်လောက် ဆွဲမလား"
ဝမ်သဲ့ဖာသည် အစိမ်းရောင် မီးခိုးများ ထွက်ပေါ်နေသော မြက်လိပ်ကြီးကို အလွန်ပင် ရင်းနှီးလှသော လက်ဟန်ဖြင့် လှမ်းပေးလိုက်သည်။
လီသွေးညဉ့်၏ မျက်လုံးများ ကျဉ်းမြောင်းသွားတော့၏။
ဤအရာကား အဘယ်နည်း။
သူသည် ထူးဆန်းပြီး စူးရှလှသော အနံ့အသက်များ ထွက်ပေါ်နေသည့် ထိုမြက်လိပ်ကြီးကို ကြည့်ကာ... သူ၏ နတ်ဘုရားအာရုံဖြင့် ခဏမျှ စစ်ဆေးကြည့်လိုက်သည့်အခါတွင်မူ ခေါင်းများပင် အနည်းငယ် မူးနောက်သွားရသည်။
'ဒါဟာ ဒဏ္ဍာရီထဲက ‘မိစ္ဆာ၏ ညှို့ယူရာ မီးခိုး’ လား၊ ဒါကို တစ်လုပ်လောက် ရှူမိရုံနဲ့တင် အိပ်မက်ကမ္ဘာထဲ ရောက်သွားပြီး ဘယ်တော့မှ ပြန်မနိုးနိုင်တော့ဘူးလို့ ကြားဖူးတယ်လေ။ စီနီယာကြီးက ငါ့ရဲ့ စိတ်ဓာတ်ကို စမ်းသပ်နေတာလား မသိဘူး’
လီသွေးညဉ့်မှာ မပေါ့ဆရဲသလို စီနီယာကြီး၏ လက်ဆောင်ကိုလည်း မငြင်းရဲရှာပေ။ သူသည် လေတစ်ချက်ကို အဝရှူလိုက်ပြီးနောက်... မိမိ၏ နှလုံးသားကို ကာကွယ်ရန် မိစ္ဆာပညာကို လည်ပတ်လိုက်ကာ၊ တုန်ယင်နေသော လက်များဖြင့် ထိုဆေးလိပ်ကြီးကို လှမ်းယူလိုက်၏။
“စီနီယာကြီးရဲ့ နွေးထွေးလှတဲ့ လက်ဆောင်အတွက် ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ"
သူသည် ဝမ်သဲ့ဖာ လုပ်ပြသကဲ့သို့ အတုယူကာ သေသေချာချာ တစ်လုပ်လောက် ဆွဲလိုက်သည်။
“အဟွတ်... အဟွတ်... အဟွတ်..."
စူးရှပြီး ရက်စက်လှသည့်အပြင်... ထင်ယောင်ထင်မှား ဖြစ်စေသော မီးခိုးများမှာ လီသွေးညဉ့်၏ အဆုတ်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်သွားသဖြင့် မျက်ရည်များပင် ဝဲလာရရှာတော့သည်။ သူ၏ ဦးခေါင်းထိပ်ကြီး တစ်ခုလုံး ဆွဲခွာခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသော်လည်း... ထိုပြင်းထန်လှသော မူးနောက်မှု ပျောက်ကွယ်သွားသည့် အခါတွင်မူ... သူ၏ ကိုယ်တွင်းရှိ မိစ္ဆာချီစွမ်းအင်များမှာ အနည်းငယ်မျှ ပိုမို လျင်မြန်စွာ စီးဆင်းလာသည်ကို တွေ့ရှိလိုက်ရ၏။
“တကယ့်ကို အစွမ်းထက်လှတဲ့ ဆေးပါလားဗျာ။ အဆိပ်ကို အဆိပ်နဲ့ နှိမ်နင်းပြီး မိစ္ဆာပညာကို လှုံ့ဆော်ပေးတာပဲ။ တကယ့်ကို ဆရာကြီးရဲ့ နည်းလမ်းတွေပါပဲလား"
လီသွေးညဉ့်မှာ အလွန်ပင် တုန်လှုပ်သွားရပြီး ဝမ်သဲ့ဖာအပေါ် သူ၏ ကြည်ညိုမှုများမှာ ပိုမို မြင့်တက်လာတော့၏။ “စီနီယာကြီးရဲ့ လက်ဆောင်ကတော့ တကယ့်ကို ထူးခြားလှပါတယ် ခင်ဗျာ။ ကျွန်တော် တကယ့်ကို ပညာရလိုက်ပါတယ် ခင်ဗျာ"
ဝမ်သဲ့ဖာမှာမူ တစ်ဖက်လူမှာ ဆေးလိပ် သီးလွန်းသဖြင့် နှာရည်များပင် ထွက်နေသော်လည်း ဇွတ်အတင်း ချီးမွမ်းနေသည်ကို ကြည့်ကာ စဉ်းစားနေမိ၏။ (ဒီ အန်ပီစီကတော့ တော်တော်လေး အကြိုက် ထူးဆန်းတာပဲ။ ငါတောင် ဦးလေးကျန်းရဲ့ ဆေးလိပ်ကို မသောက်ရဲဘူးလေ။)
“ကဲပါ... အပိုတွေ ပြောမနေနဲ့တော့"
ဝမ်သဲ့ဖာက လက်ကို ဝှေ့ယမ်းလိုက်ရင်း ဘေးရှိ ကျောက်ခုံပေါ်၌ ဘုန်းခနဲ ထိုင်ချလိုက်သည်။ ထို့နောက် လိုတိုရှင်းပင် မေးလိုက်၏။
“ဒီလောက် ညဉ့်နက်တဲ့ အချိန်ကြီးမှာ ဒီအထိ လာတယ်ဆိုတော့... ဘာဇာတ်လမ်းရှိလို့လဲ... အဲ... ဘာကိစ္စ ရှိလို့လဲ။ ငါတို့ဆီမှာ လုပ်စရာ လျှို့ဝှက် တာဝန်တွေများ ရှိနေလို့လား"
လီသွေးညဉ့်က အလျင်အမြန်ပင် လက်များ ဆုပ်လိုက်ရင်း တည်ကြည်သော မျက်နှာထားဖြင့် ဆိုလိုက်၏။
“ကျွန်တော်က ဂိုဏ်းရဲ့ အမိန့်အရ မြို့စားမင်း အိမ်တော်ဆီကနေ ဆက်သပစ္စည်းတွေ လာသိမ်းတာပါ ခင်ဗျာ။ ဒါပေမယ့် ဒီ မင်္ဂလာရှိတဲ့ နေရာကို ဖြတ်သန်းရင်း စီနီယာကြီးရဲ့... ပြိုင်ဘက်ကင်းလှတဲ့ မိစ္ဆာပညာတွေကို မြင်တွေ့ခဲ့ရသလို၊ ကွေ့ယွမ်ဂိုဏ်းရဲ့ ထူးခြားလှတဲ့ အစွမ်းတွေကိုလည်း တွေ့ရှိခဲ့ရပါတယ် ခင်ဗျာ။ အသည်းထဲကနေ လေးစားမိလွန်းလို့ လာရောက် ဂါရဝပြုတာပါ ခင်ဗျာ"
ဤနေရာသို့ ရောက်သောအခါ သူသည် အသံကို နှိမ့်လိုက်ပြီးနောက် တီးတိုး မေးမြန်းလိုက်သည်။
“ကျွန်တော် သိချင်တာကတော့... စီနီယာကြီးတို့ ဂိုဏ်းဟာ ဒီလောက်အထိ အရှိန်အဝါကြီးကြီးနဲ့ ဒုစရိုက်မြို့တော်ကို ဝင်ရောက်လာတာ၊ ပြီးတော့... အဟမ်း... ဟို ထူးဆန်းတဲ့ နည်းလမ်းတွေ (ကွင်းပြင်အကကို ဆိုလိုခြင်း ဖြစ်သည်) ကို သုံးပြီး ကျင့်ကြံသူတွေ အများကြီးကို ထိန်းချုပ်ထားတာဟာ... တစ်ခုခု အကြီးအကျယ် လုပ်ဖို့ အကြံရှိနေလို့လား ခင်ဗျာ"
“အကြီးအကျယ် လုပ်ဖို့ ဟုတ်လား"
ဝမ်သဲ့ဖာမှာ ခဏမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် သဘောပေါက်သွားသည်။
(အော်... ငါတို့ ပြဿနာ ရှာချင်သလားလို့ မေးနေတာကိုး။)
စတုတ္ထကပ်ဘေးတို့အတွက်တော့ ပြဿနာ ရှာခြင်းဟာ ဘဝရဲ့ အဓိပ္ပာယ်ပင် မဟုတ်ပါလော။
“အဲ့ဒါကတော့ သေချာပေါက် အကြီးကြီး လုပ်ရမှာပေါ့"
ဝမ်သဲ့ဖာက သူ၏ ပေါင်ကို အားရပါးရ ပုတ်လိုက်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်တော့၏။
“ငါတို့ရဲ့ ရည်မှန်းချက်က ကြယ်တာရာတွေနဲ့ ပင်လယ်ပြင်ကြီး ဖြစ်တယ်၊ ဒီ နယ်မြေလေးလောက်နဲ့တော့ လုံးဝ (လုံးဝ) မလုံလောက်သေးဘူး။ ဒီနေရာတင် မကဘူး... နောက်ထပ် နေရာပေါင်းများစွာကို ငါတို့ သိမ်းပိုက်ရဦးမယ်။ ဟို နာမည်နီ မွန်းစတားတွေကိုလည်း အကုန် သုတ်သင်ပစ်ရမယ်။ တန်ဖိုးရှိတဲ့ ရတနာမှန်သမျှကို ငါတို့ရဲ့ ဘဏ္ဍာတိုက်ထဲကို အကုန် သယ်လာရမယ်"
ဝမ်သဲ့ဖာ ပြောလိုသည့် အဓိပ္ပာယ်မှာမူ (ငါတို့ မြေပုံအသစ်တွေ ဖွင့်မယ်၊ ရန်သူ့ခေါင်းဆောင်တွေကို သတ်မယ်၊ ပစ္စည်းတွေ စုဆောင်းမယ်) ဟူ၍ ဖြစ်သည်။
သို့သော်လည်း လီသွေးညဉ့်၏ နားထဲတွင်မူ အဓိပ္ပာယ်မှာ လုံးဝ (လုံးဝ) ခြားနားသွားတော့၏။
(ကြယ်တာရာတွေနဲ့ ပင်လယ်ပြင် ဟုတ်လား။ တကယ့်ကို ကြီးမားလှတဲ့ ကြွားလုံး... မဟုတ်ဘူး... ရည်မှန်းချက် ပါလားဗျာ။ ဒါဟာ ကျင့်ကြံခြင်းလောကကြီး တစ်ခုလုံးကို သိမ်းပိုက်ဖို့ ကြိုးစားနေတာလား။ ပြီးတော့ နာမည်နီ (ဖြောင့်မတ်သော လမ်းစဉ်) ကျင့်ကြံသူတွေကို အကုန် သုတ်သင်ပစ်မယ် ဟုတ်လား။ ရတနာတွေကို အကုန် လုယူမယ် တဲ့လား။ ဒါဟာ တစ်လောကလုံးရဲ့ အရင်းအမြစ်တွေကို သိမ်းပိုက်ဖို့ပဲ မဟုတ်လား။)
ရူးသွပ်လိုက်တာ... တကယ့်ကို ရူးသွပ်လွန်းလှတယ်လေ။ ဒါဟာ စစ်မှန်တဲ့ မိစ္ဆာလမ်းစဉ်ရဲ့ ထိပ်တန်း ခေါင်းဆောင်ကြီးတစ်ဦးရဲ့ အမြင်မျိုးပဲ။
လီသွေးညဉ့်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် မြေပြင်ပေါ်၌ ဝပ်စင်းကာ ဂါရဝပြုချင်စိတ်များပင် ဖြစ်ပေါ်နေတော့၏။
ဒါဟာ တောင်ပေါ်မှာ အလောင်းတွေနဲ့ပဲ အချိန်ဖြုန်းနေတဲ့ ငါတို့ သွေးမိစ္ဆာဂိုဏ်းထက် အဆပေါင်းများစွာ ပိုပြီး အဆင့်အတန်း မြင့်မားတာပဲ။
“စီနီယာကြီးရဲ့ ရည်မှန်းချက်ကို ကျွန်တော် တကယ်ကို လေးစားမိပါတယ် ခင်ဗျာ"
လီသွေးညဉ့်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာကြီးပင် နီမြန်းနေသည်။
“အမှန်အတိုင်း ပြောရရင်... ကျွန်တော်တို့ရဲ့ သွေးမိစ္ဆာဂိုဏ်းဟာလည်း ‘မြင့်မြတ်သော ဂိုဏ်းတော်’ (မိစ္ဆာဂိုဏ်းများက မိမိတို့ကိုယ်ကို ခေါ်ဝေါ်သော အမည်) ရဲ့ အခွဲတစ်ခု ဖြစ်ပေမယ့်... စီနီယာကြီးတို့ရဲ့ ရဲရင့်လှတဲ့ အကြံအစည်တွေနဲ့ ယှဉ်ရင်တော့ ကျွန်တော်တို့ တကယ့်ကို အရှက်ရမိပါတယ် ခင်ဗျာ"
“စီနီယာကြီးမှာ ဒီလောက်အထိ ရည်မှန်းချက် ကြီးနေမှတော့... ကျွန်တော်တို့ သွေးမိစ္ဆာဂိုဏ်း အနေနဲ့လည်း ကူညီပေးဖို့ အဆင်သင့်ပါပဲ ခင်ဗျာ"
သူသည် စကားပြောရင်း သူ၏ ဝတ်ရုံအတွင်းမှ သွေးနီရောင် သစ်သားပြား တစ်ခုကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။
“နောက် တစ်လခွဲ ကြာရင်... ဆယ်စုနှစ် တစ်ခုမှာ တစ်ခါသာ ကျင်းပတဲ့ ကျွန်တော်တို့ရဲ့ ‘မိစ္ဆာပေါင်း တစ်သောင်း တွေ့ဆုံပွဲ’ ရှိပါတယ် ခင်ဗျာ။ အဲ့ဒီ အချိန်ကျရင် အရပ်မျက်နှာ အသီးသီးက ဂိုဏ်းဝင်တွေ စုရုံးကြပြီး... ဖြောင့်မတ်တဲ့ လမ်းစဉ်ကို ဘယ်လို တိုက်ခိုက်မလဲဆိုတဲ့ အစီအစဉ်ကြီးကို ဆွေးနွေးကြမှာပါ"
“ကျွန်တော်က သွေးမိစ္ဆာဂိုဏ်းကို ကိုယ်စားပြုပြီး... စီနီယာကြီးတို့ရဲ့ ဂိုဏ်းချုပ် ကျန်းချန်ကို အဲ့ဒီ တွေ့ဆုံပွဲကို တက်ရောက်ဖို့ လေးလေးနက်နက် ဖိတ်ကြားပါတယ် ၊ အကယ်၍ စီနီယာကြီးတို့ ဂိုဏ်းရဲ့ အကူအညီသာ ရမယ်ဆိုရင်...ကျွန်တော်တို့ရဲ့ မြင့်မြတ်တဲ့ လုပ်ငန်းစဉ်ကြီးဟာ သေချာပေါက် အောင်မြင်မှာပါ ခင်ဗျာ"
(အချက်ပေးသံ။ အုပ်စုဆိုင်ရာ ပင်မ တာဝန်ကြီးတစ်ခု ပေါ်ပေါက်လာပါပြီ။ မိစ္ဆာပေါင်း တစ်သောင်း တွေ့ဆုံပွဲ၏ ဖိတ်ကြားချက်။)
(တာဝန် ဖော်ပြချက် - မိစ္ဆာလမ်းစဉ်၏ သွေးမိစ္ဆာဂိုဏ်းသည် ကွေ့ယွမ်ဂိုဏ်းထံသို့ တရားဝင် ဖိတ်ကြားချက် တစ်ခု ပေးပို့လိုက်ပြီ ဖြစ်သည်။ ဤသည်မှာ ကွေ့ယွမ်ဂိုဏ်း အနေဖြင့် ကျင့်ကြံခြင်းလောက၏ အင်အားစု တိုက်ပွဲအတွင်းသို့ စစ်မှန်စွာ ဝင်ရောက်နိုင်မည့် အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်သည်။)
(ရွေးချယ်စရာ ၁ - ဖိတ်ကြားချက်ကို လက်ခံရန်။ ဆုလာဘ် - ‘မိစ္ဆာအင်အားစု’ ဂုဏ်သတင်း စနစ်နှင့် မြေပုံအသစ်ဖြစ်သော ‘သွေးမိစ္ဆာ လိုဏ်ဂူ’ ကို ဖွင့်လှစ်ပေးမည်။)
(ရွေးချယ်စရာ ၂ - စာပို့သမားကို နေရာမှာတင် သတ်ပစ်ရန်။ ဆုလာဘ် - ‘ဖြောင့်မတ်သော လမ်းစဉ်’ ဂုဏ်သတင်း အမြောက်အမြား ရရှိမည် (သို့သော်လည်း လိုက်လံ အမဲလိုက်ခြင်းကို ခံရနိုင်သည်)။)
ဝမ်သဲ့ဖာသည် သူ၏ ရှေ့တွင် ပေါ်လာသော တာဝန် မျက်နှာပြင်ကို မျက်လုံးပြူးကာ ကြည့်နေမိသည်။
“မြေပုံအသစ်ဗျို့... အင်အားစု အသစ်ကြီးဗျ။ ပြီးတော့ အကြီးစား ပွဲတော်ကြီး ပါလား"
ဒါကို ရွေးချယ်နေဖို့ လိုသေးလို့လားဗျာ။
ဝမ်သဲ့ဖာသည် တစ်ဖက်လူက စိတ်ပြောင်းသွားမှာ စိုးရိမ်သည့်အလား သစ်သားပြားကို ဆတ်ခနဲ လုယူလိုက်ပြီးနောက်... မျက်နှာကြီး ဝင်းပလျက် ပြုံးပြလိုက်၏။
“သွားမယ်ဗျာ။ သေချာပေါက် သွားရမှာပေါ့။ ဒီလောက် စည်ကားမယ့် ပွဲမျိုးကို ငါတို့က ဘယ်လိုလုပ် လွတ်သွားခံမလဲဗျ"
“ရှောင်လီ... မင်းက တကယ့်ကို လူကောင်းပဲ။ တာဝန်တွေ အပ်တာ တကယ့်ကို ရှယ်ပဲ"
လီသွေးညဉ့်သည် “တာဝန်တွေ အပ်တာ ရှယ်ပဲ” ဆိုသည်ကို နားမလည်သော်လည်း... တစ်ဖက်လူက သဘောတူလိုက်သည်ကိုတော့ ကောင်းစွာ သိလိုက်သည်။
“ကောင်းလိုက်တာဗျာ" လီသွေးညဉ့်က ဝမ်းသာအားရ အော်ဟစ်လိုက်၏။
“ကွေ့ယွမ်ဂိုဏ်းသာ ပါဝင်လာမယ်ဆိုရင်တော့... ဒီ တွေ့ဆုံပွဲကြီးက ဟန်ဆောင်ကောင်းလှတဲ့ ဟို ဖြောင့်မတ်တဲ့ လမ်းစဉ်ကလူတွေကို ကောင်းကောင်းကြီး ပညာပေးနိုင်မှာ သေချာပါတယ် ခင်ဗျာ"
တစ်ဦးကမူ မိမိတို့အတွက် အင်အားကြီးသော မဟာမိတ် တစ်ဦး ရလိုက်ပြီဟု ထင်မှတ်နေပြီး... အခြား တစ်ဦးကမူ လျှို့ဝှက်လှသော အကြီးစား တာဝန်ကြီး တစ်ခု ရလိုက်ပြီဟု တွေးနေကြခြင်း ဖြစ်သည်။
တကယ့်ကို ထူးဆန်းသော်လည်း အံ့သြဖွယ်ရာ ကောင်းလောက်အောင်ပင် သဟဇာတ ဖြစ်နေသော လေထုအတွင်း၌... သူတို့ နှစ်ဦး၏ လက်များမှာ တင်းကျပ်စွာ ဆုပ်ကိုင်ထားကြလေတော့၏။
“စီးပွားရေး အောင်မြင်ပါစေဗျာ"
“အတူတူ သွားကြစို့လေ"
ဘေးမှ ဝိုင်းကြည့်နေသော တပည့်များသည် သူတို့ ဘာပြောနေကြသည်ကို မကြားရသော်လည်း... တာဝန် အသစ် ပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ဝိုင်းဝန်း ဆူညံကုန်ကြတော့၏။
“အိုး... အိုး... အိုး... မြေပုံအသစ် သွားရတော့မယ်ဗျို့"
“မိစ္ဆာပေါင်း တစ်သောင်း တွေ့ဆုံပွဲ တဲ့လား။ နာမည်ကတော့ တစ်မျိုးကြီးပဲ၊ အတွေ့အကြုံတုံးတွေတော့ အများကြီး ရှိမှာပဲနော်"
လီသွေးညဉ့်သည် သူ၏ ဘေးပတ်ဝန်းကျင်၌ အော်ဟစ် အောင်ပွဲခံနေကြပြီး မျက်လုံးများထဲတွင် သွေးဆာနေသည့် (အမှန်တော့ လောဘတက်နေသည့်) တပည့်များကို ကြည့်ကာ ပို၍ပင် ယုံကြည်ချက် ရှိသွားတော့၏။
(ဒါတွေဟာ ဒဏ္ဍာရီထဲက တိုက်ခိုက်ရေး ဝါသနာပါတဲ့ မိစ္ဆာလမ်းစဉ်ရဲ့ လက်ရွေးစင်တွေပဲ။ အစည်းအဝေး ရှိတယ်လို့ ကြားရုံနဲ့တင် ဒီလောက်အထိ စိတ်လှုပ်ရှားနေကြတာ... သူတို့တွေ လူသတ်ချင်နေတာ ဘယ်လောက်တောင် ရှိနေပြီလဲ မသိဘူးနော်။)
ယခုတစ်ကြိမ် မိစ္ဆာပေါင်း တစ်သောင်း တွေ့ဆုံပွဲမှာတော့... ကွေ့ယွမ်ဂိုဏ်းဟာ သေချာပေါက် နာမည်ကြီးသွားတော့မည်ပင်။
အခန်း (၁၃၄) - ကျောက်ဝူကျိ၏ အညံ့ခံမှု.. အစေခံအဖြစ် အမှုထမ်းပါရစေတော့
~ညဉ့်နက်သန်းခေါင်ယံ အချိန်။ ဒုစရိုက်မြို့တော်၏ လမ်းမကြီး တစ်ခုပေါ်ဝယ်၊
သွေးနီရောင်အလင်းတန်းသည် ကောင်းကင်ယံသို့ ပျံတက်ကွယ်ပျောက်သွားသည်နှင့်အမျှ သွေးမိစ္ဆာဂိုဏ်း၏ သံတမန် လီသွေးညဉ့်သည်လည်း ထွက်ခွာသွားလေပြီ။
သို့သော်လည်း လမ်းမပေါ်ရှိ လေထုမှာမူ လျော့ပါးသွားခြင်း မရှိဘဲ ပို၍ပင် အသက်ရှူကြပ်ဖွယ် တင်းမာလာတော့၏။
တပည့်အယောက် တစ်ရာကျော်မှာ သူတို့၏ နောက်ပြောင်နေသော အမူအရာများကို သိမ်းဆည်းလိုက်ကြပြီး... ထောင့်တစ်နေရာ၌ ခြေလက်များ အချည်ခံထားရကာ ကုပ်ကုပ်လေး ရှိနေသည့် ‘မြို့စားမင်းဟောင်း’ ကျောက်ဝူကျိထံသို့ အကြည့်များ ပြန်လည်ရောက်ရှိသွားကြသည်။
ယခုအချိန်တွင် ကျောက်ဝူကျိ၌ ယခင်ကကဲ့သို့ မောက်မာရိုင်းစိုင်းလှသော အရှိန်အဝါများ အစအနပင် မကျန်တော့ချေ။ သူ၏ တန်ဖိုးကြီး ပိုးထည်ဝတ်ရုံမှာ စုတ်ပြတ်နေပြီး၊ ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေကာ၊ မျက်နှာပေါ်တွင်လည်း တပည့်များနှင့် ‘ရင်းနှီးစွာ ဆက်ဆံခဲ့စဉ်’ က ရရှိခဲ့သည့် အညိုအမည်း စွဲနေသော ဒဏ်ရာများ ပြည့်နှက်နေတော့၏။
သို့သော်လည်း သူသည် မိမိကိုယ်ပေါ်မှ နာကျင်မှုများကို ဂရုမစိုက်နိုင်တော့ပေ။ ထိုအခိုက်အတန့်တွင် သူ၏ ရင်ထဲ၌ အတိုင်းအဆမရှိသော ကြောက်ရွံ့မှုများသာ လွှမ်းမိုးလျက် ရှိနေသည်။
သူသည် ခုနက ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။
သူ ကိုယ်တိုင်ပင်လျှင် အလွန်တရာ ရိုသေကြောက်လန့်ကာ ပြုစုယဉ်ပါးပေးခဲ့ရသည့် သွေးမိစ္ဆာဂိုဏ်း၏ အတွင်းစည်း အိမ်တော်ထိန်းမှာ... အပေါ်အင်္ကျီပင် မဝတ်ထားသော ထိုလူဝကြီး (ဝမ်သဲ့ဖာ) ကို အဘယ်ကြောင့် ဤမျှအထိ ရိုသေပျပ်ဝပ်နေရသနည်း။
သူသည် ဦးညွတ်ကာ လက်ဆောင်များ ဆက်သခဲ့သည့်အပြင်... နောက်ဆုံး၌လည်း ကမ္ဘာပျက်မတတ် မဟာမိတ်အစီအစဉ်ကြီး တစ်ခုကို အောင်မြင်စွာ ရရှိသွားသကဲ့သို့ ကျေနပ်အားရစွာ ထွက်ခွာသွားခဲ့၏။
“ပြီးသွားပြီ... အရာအားလုံး ပြီးဆုံးသွားပြီပဲ...”
ကျောက်ဝူကျိ၏ မျက်နှာမှာ ပြာနှမ်းနေပြီး နှုတ်ခမ်းများမှာလည်း ထိန်းမရအောင် တုန်ယင်နေရှာသည်။
“သွေးမိစ္ဆာဂိုဏ်းတောင် သူတို့ကို ဒီလောက်အထိ သတိထားနေရပြီး မဟာမိတ်ဖွဲ့ချင်နေတယ်ဆိုမှတော့... ဒီ ကွေ့ယွမ်ဂိုဏ်းဆိုတာ တကယ်ပဲ ဘယ်လိုမျိုး အဖွဲ့အစည်းကြီးလဲဗျာ။ ဒါဟာ တကယ်ပဲ တောထဲမှာ ပုန်းအောင်းနေတဲ့ ဒဏ္ဍာရီလာ ရှေးဟောင်း မိစ္ဆာဂိုဏ်းကြီးများလား မသိဘူး"
သူသည် မိမိကိုယ်တိုင် လူသတ်သမားများ ငှားပြီး သူတို့ကို သတ်ရန် ကြိုးစားခဲ့သည်ကို ပြန်လည် တွေးမိလိုက်သောအခါ... အဘိုးကြီး တစ်ယောက် ကြိုးဆွဲချ သေချင်နေသကဲ့သို့ ကိုယ့်သေတွင်းကိုယ် တူးခဲ့မိခြင်း ဖြစ်ကြောင်း သဘောပေါက်သွားတော့၏။
ယခုမူ ကြောက်စရာကောင်းသော မိစ္ဆာလမ်းစဉ် သံတမန် ထွက်သွားပြီ ဖြစ်ရာ... ထို ‘အရူးအုပ်စု’ ၏ အာရုံများမှာ သူ၏ ထံသို့ ပြန်လည် ရောက်ရှိလာခဲ့၏။
ဝမ်သဲ့ဖာသည် တစ်ဝက်လောက် ကျန်နေသေးသော ‘အထူးဆေးလိပ်’ ကို ခပ်တည်တည်ပဲ ဆွဲလိုက်ရင်း ကျောက်ဝူကျိ၏ ရှေ့ကို လျှောက်သွားသည်။ သူသည် ဆေးလိပ်ငွေ့များကို အဝိုင်းလိုက် မှုတ်ထုတ်လိုက်ရင်း ဆိုလိုက်၏။
“ဟေ့... အဘိုးကြီးကျောက်။ ခင်ဗျား ဒီမှာပဲ ရှိနေတုန်းလား။ စောစောက ပွဲကော ကြည့်လို့ ကောင်းရဲ့လားဗျ"
ကျောက်ဝူကျိတစ်ယောက် တုန်တုန်ရီရီ ဖြစ်သွားသည်။ ဝမ်သဲ့ဖာ၏ ပြုံးယောင်သန်းနေသော မျက်နှာကို ကြည့်ရင်း သူသည် မိစ္ဆာတစ်ကောင်၏ အပြုံးကို မြင်နေရသကဲ့သို့ ခံစားနေရ၏။
ထွက်ပြေးရမှာလား။ ဘယ်ကို ပြေးရမှာလဲ။
အကယ်၍သာ ဒီလူယုတ်မာတွေကို ကျေနပ်အောင် မလုပ်နိုင်ရင်... မနက်ဖြန် သူ၏ ခေါင်းမှာ မြို့ရိုးပေါ်၌ ချိတ်ဆွဲခံရမည် မဟုတ်ပါလော။ သို့မဟုတ်လျှင်လည်း ဟို ကံဆိုးလှသော မိစ္ဆာသားရဲများပမာ ကင်စားခြင်းကို ခံရပေလိမ့်မည်။
“ဘုန်း...”
မည်သည့် တုံ့ဆိုင်းမှုမှ မရှိဘဲ... ဒုစရိုက်မြို့တော်ကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် ‘ရွှေအမြုတေအဆင့် တစ်ဝက်’ ရှိသော ထိုပညာရှင်မှာ လူအများရှေ့၌ ပြင်းထန်စွာ ဒူးထောက်ချလိုက်လေတော့သည်။
ဤဒူးထောက်မှုမှာ မြန်ဆန်လွန်းလှသလို မည်သည့် သိက္ခာတရားကိုမှလည်း ထည့်မတွက်တော့ချေ။
“နတ်ဘုရားကြီး... အသက်ချမ်းသာပေးပါဗျာ။ ဂိုဏ်းချုပ် ကျန်းချန်... ကျွန်တော့်ကို ကယ်ပါဦး ခင်ဗျာ"
ကျောက်ဝူကျိသည် သူ၏ ဦးခေါင်းကို မြေပြင်ရှိ ကျောက်ပြားများနှင့် “ဒေါင် ဒေါင်” မြည်အောင် ရိုက်ကာ ဂါရဝပြုနေသည်။ သူ၏ အသံမှာ စူးရှပြီး လေးနက်လှပေ၏။
“ကျွန်တော် ကျောက်ဝူကျိဟာ မျက်စိမရှိလို့ ဂိုဏ်းချုပ်ကြီးကို လာပြီး စော်ကားမိပါတယ်။ သေထိုက်တဲ့ အပြစ်ပါ"
“ဒါပေမယ့် ကျွန်တော်ဟာ ဒီ ဒုစရိုက်မြို့တော်မှာ နှစ်ပေါင်းများစွာ နေလာခဲ့တဲ့သူမို့လို့... ဒီက မြက်ပင်တစ်ပင်၊ သစ်ပင်တစ်ပင်အကြောင်းကိုတောင် အကုန် သိပါတယ်.. ကျွန်တော်ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ဂိုဏ်းချုပ်ကြီးကို ဆက်သပါ့မယ်။ တစ်မြို့လုံးကိုလည်း ကွေ့ယွမ်ဂိုဏ်းရဲ့ လက်အောက်ကို ရောက်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်ဗျာ"
ဤနေရာသို့ ရောက်သောအခါ သူသည် ဦးခေါင်းကို မော့လိုက်သည်။ သူ၏ မျက်လုံးများထဲတွင်မူ အသက်ရှင်လိုစိတ်ကြောင့် ရူးသွပ်နေသည့် အလင်းတန်းများ ဖြတ်ပြေးသွားတော့၏။
“ဒီနေ့ကစပြီး ကျောက်ဝူကျိဟာ ဂိုဏ်းချုပ် ကျန်းချန်ရဲ့ လက်ပါးစေအဖြစ် အမှုထမ်းပါ့မယ် ခင်ဗျာ။ မီးထဲပဲဖြစ်ဖြစ်၊ ရေထဲပဲဖြစ်ဖြစ် အမိန့်ပေးတာနဲ့ မငြင်းဘဲ လုပ်ပါ့မယ်။ ဂိုဏ်းချုပ်ကြီးအနေနဲ့... ကျွန်တော်လို ခွေးတစ်ကောင်ရဲ့ အသက်ကိုပဲ ချမ်းသာပေးပါတော့"
နေရာတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။
တပည့်များသည် အချင်းချင်း ကြောင်ကြည့်နေကြရင်း ဝေခွဲမရ ဖြစ်နေကြကုန်၏။
“ဟိုက်ရှားပါး... ဇာတ်လမ်းက တော်တော်လေး မြန်တာပဲဗျာ"
ကောင်းကင်ခွင်း ဓားတစ်လက် က သူ၏ ခေါင်းကို ကုတ်လိုက်ရင်း ဇဝေဇဝါဖြင့် ဆိုလိုက်သည်။ “ငါတို့က ပြန်ပေးဆွဲပြီး ငွေညှစ်နေတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ အခုမှ ‘တပည့်မွေးတဲ့ အပိုင်း’ ကို ရောက်သွားရတာလဲဗျ"
“ဒါဟာ ‘နယ်မြေသိမ်းပိုက်ခြင်း’ ဆိုတဲ့ လျှို့ဝှက်လမ်းကြောင်းကို ပွင့်သွားစေတာများလား" ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း က သူ၏ ဆေးတံကို တစ်ချက်ဖွာရင်း ခွဲခြမ်းစိတ်ဖြာလိုက်သည်။ “ကြည့်ရတာ ဒီဂိမ်းက လွတ်လပ်မှု တော်တော်ရှိတာပဲဗျ။ ကိုယ့်ကို ရှုံးတဲ့သူကိုတောင် လက်အောက်ငယ်သားအဖြစ် သိမ်းလို့ ရတာကိုး"
“လက်အောက်ငယ်သား သိမ်းရတာ တကယ့်ကို ကောင်းတာပေါ့ဗျာ"
ဝမ်သဲ့ဖာ၏ မျက်လုံးများမှာ အရောင်တောက်သွားတော့၏။ သူသည် ကျောက်ဝူကျိကို မြေပြင်မှနေ၍ အတင်း ဆွဲထူလိုက်ပြီးနောက် (အနည်းငယ်တော့ ခက်ခဲလှသည်)၊ ကျောက်ဝူကျိ၏ ပခုံးပေါ်ရှိ ဖုန်များကို ခါပေးလိုက်သည်။
“အဘိုးကြီးကျောက်... ခင်ဗျား ဒါကို စောစောက ပြောပါတော့လားဗျာ။ အခုတော့ အရိုက်ခံရမှ လိမ်မာသွားတာပေါ့"
“ခင်ဗျားက လက်ပါးစေ... အဲ... လက်အောက်ငယ်သား လုပ်ချင်တယ်ဆိုမှတော့ အခုကစပြီး ကျုပ်တို့က မိသားစုတွေပဲပေါ့ဗျာ"
ဝမ်သဲ့ဖာသည် အနောက်ဘက်မှနေ၍ အခြေအနေကို စောင့်ကြည့်နေသော ကျန်းချန်ကို လှည့်ကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ဂိုဏ်းချုပ်ကြီး ။ ဒီအဘိုးကြီးက အရှုံးပေးလိုက်ပြီတဲ့ဗျို့။ တစ်မြို့လုံးကိုလည်း ကျွန်တော်တို့လက်ထဲ အပ်မလို့တဲ့။ ဒါကို လက်ခံသင့်လားဗျာ"
ကျန်းချန်သည် အမှောင်ရိပ်အတွင်း၌ ရပ်နေပြီး သူ၏ အကြည့်များမှာ တည်ငြိမ်လျက် ရှိသည်။
အမှန်တကယ်တော့ သူသည် ဤအခြေအနေကို ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်၏။
ကျောက်ဝူကျိကဲ့သို့ လောကအောက်ခြေမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော မြေခွေးအိုကြီး တစ်ဦးအတွက်တော့... သိက္ခာနှင့် အရှက်တရားဆိုသည်မှာ အဓိပ္ပာယ် မရှိပေ။
အသက်ရှင်သန်နိုင်ရေးနှင့် အကျိုးအမြတ်သာလျှင် ထာဝရ ဖြစ်သည် မဟုတ်ပါလော။ သူ မနိုင်တော့ကြောင်း၊ ထွက်မပြေးနိုင်တော့ကြောင်းနှင့် တစ်ဖက်လူ၏ နောက်ခံမှာ ‘အတိုင်းအဆမရှိ’ ကြီးမားနေကြောင်း (ထင်ယောင်ထင်မှား ဖြစ်နေခြင်း ဖြစ်သည်) သိလိုက်ရသည့် အချိန်တွင်မူ... အရှုံးပေးခြင်းကသာ တစ်ခုတည်းသော ထွက်ပေါက် ဖြစ်ပေလိမ့်မည်။
“ငါတို့ လက်ခံရမှာပေါ့။ သေချာပေါက် လက်ခံရမှာပဲ"
ကျန်းချန်သည် အမှောင်ရိပ်အတွင်းမှ ဖြည်းညှင်းစွာ ထွက်လာပြီးနောက် ကျောက်ဝူကျိ၏ ရှေ့၌ ရပ်လိုက်သည်။
သူသည် ကျောက်ဝူကျိကို ဆွဲမထူဘဲ ဆက်လက်၍ ဒူးထောက်ခိုင်းထားသည်။ ကျင့်ကြံခြင်း လောက၌ ဤသည်မှာ စည်းကမ်းဖြစ်သလို အာဏာရှိသူ တစ်ဦး၏ ဟန်ပန်လည်း ဖြစ်ချေတော့၏။
“ကျောက်ဝူကျိ... မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးနိုင်သလို ဒုစရိုက်မြို့တော်ကိုလည်း ဆက်ပြီး အုပ်ချုပ်ခွင့် ပေးနိုင်တယ်"
ကျန်းချန်၏ အသံမှာ တည်ငြိမ်သော်လည်း အေးစက်လှသော အရှိန်အဝါများ ပါဝင်နေသည်။
“ဒါပေမယ့် မင်း တစ်ခုတော့ မှတ်ထားရမယ်။ ဒီနေ့ကစပြီး ဒီမြို့ဟာ ‘ကွေ့ယွမ်ဂိုဏ်း’ ရဲ့ အပိုင်ပဲ"
“ဒီမြို့က ရလာသမျှ အမြတ်အစွန်းတွေ၊ အရင်းအမြစ်တွေနဲ့ သတင်းအချက်အလက် မှန်သမျှဟာ ကွေ့ယွမ်ဂိုဏ်းအတွက်ပဲ ဦးစားပေး ဖြစ်ရမယ်။ ပြီးတော့ မင်းကတော့...”
ကျန်းချန်သည် လက်ညှိုးတစ်ချက်ကို ဆန့်ထုတ်ကာ ကျောက်ဝူကျိ၏ နဖူးကို ညင်သာစွာ ထိလိုက်သည်။
“ဝုန်း...”
ရွှေအမြုတေအဆင့်ရှိ နတ်ဘုရားအာရုံ စွမ်းအားတစ်ခုမှာ ကျောက်ဝူကျိ၏ အသိစိတ်အတွင်းသို့ ချက်ချင်း စီးဝင်သွားတော့၏။ ဤသည်မှာ စနစ်မှ ပေးအပ်ထားသော ‘လက်အောက်ခံ ကတိကဝတ်’ ပင် ဖြစ်ချေသည်။ အကယ်၍ ကျောက်ဝူကျိသာ သစ္စာဖောက်ရန် ကြိုးစားခဲ့လျှင် ကျန်းချန်သည် စိတ်ကူးတစ်ချက်ဖြင့်တင် ထိုသူ၏ ဝိညာဉ်ကို လေထဲ၌ အပိုင်းပိုင်း ပြတ်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိသည်။
“အခု မင်းရဲ့ အသက်ဟာ ငါ့လက်ထဲမှာ ရှိနေပြီ"
မိမိ၏ အသိစိတ်အတွင်းရှိ ပြင်းထန်သော တားမြစ်ချက်ကို ခံစားလိုက်ရသည့်အခါ ကျောက်ဝူကျိမှာမူ စိတ်ပျက်မသွားဘဲ အသက်ကို အဝရှူလိုက်ရင်း ပေါ့ပါးသွားခဲ့ရှာ၏။
တားမြစ်ချက် ခံလိုက်ရပြီဆိုမှတော့ တစ်ဖက်လူက သူ့ကို တကယ် မသတ်တော့ ဆိုသော အဓိပ္ပာယ် မဟုတ်ပါလော။
ပြီးတော့ ဒီ ဆက်သွယ်မှုကြောင့် သူဟာ အခုကစပြီး ကွေ့ယွမ် မိစ္ဆာဂိုဏ်းရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်သွားခဲ့ပြီ။ အင်အားကြီး နောက်ခံ ရှိရတာ တကယ့်ကို ကောင်းသည်။ နောက်ဆိုလျှင် ကွေ့ယွမ်ဂိုဏ်း၏ အရှိန်အဝါကို သုံးပြီး သူ၏ စီးပွားရေးကိုတောင် ပိုပြီး ချဲ့ထွင်နိုင်သေးသည် မဟုတ်ပါလော။
“သခင်ကြီး... ကျွန်တော်ရဲ့ အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ။ ကျွန်တော်ကို စွမ်းအားတွေ ပေးသနားတဲ့အတွက်လည်း တကယ့်ကို ကျေးဇူးတင်ပါတယ် သခင်ကြီး"
ကျောက်ဝူကျိမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ထပ်မံ ဦးတိုက် ဂါရဝပြုလိုက်ပြန်သည်။ သူသည် ‘ဂိုဏ်းချုပ်’ ဟူသော အခေါ်အဝေါ်မှ ‘သခင်ကြီး’ ဟု ပြောင်းလဲ ခေါ်ဆိုလိုက်ပုံမှာ သူ၏ ဇာတ်ရုပ်ထဲသို့ မည်မျှအထိ လျင်မြန်စွာ စီးဝင်သွားကြောင်း သက်သေပြနေတော့၏။
(အချက်ပေးသံ။ ဆာဗာလုံးဆိုင်ရာ ကြေညာချက်။ ဂုဏ်ယူပါတယ်။)
(အားထုတ်ကြိုးပမ်းမှုများနှင့် ဆွေးနွေးမှုများအပြီးမှာ ဒုစရိုက်မြို့တော်ရဲ့ မြို့စားမင်း ကျောက်ဝူကျိဟာ အကြွင်းမဲ့ အရှုံးပေးလိုက်ပါပြီ။)
(ကွေ့ယွမ်ဂိုဏ်းရဲ့ နယ်မြေကို ‘ဒုစရိုက်မြို့တော်’ အထိ အောင်မြင်စွာ ချဲ့ထွင်နိုင်ခဲ့ပါပြီ။)
(မြေပုံအင်္ဂါရပ်အသစ် - ကွေ့ယွမ်ဂိုဏ်း နှင့် ဒုစရိုက်မြို့တော် ဆက်သွယ်ရေး အခင်းအကျင်း (တည်ဆောက်ဆဲ)။)
(အဆောက်အဦး တည်ဆောက်ခွင့်အသစ် - တပည့်များအနေနဲ့ ဒုစရိုက်မြို့တော်အတွင်းမှာ အိမ်ခြံမြေတွေ ဝယ်ယူနိုင်သလို ဆိုင်ခန်းတွေလည်း လွတ်လပ်စွာ ဖွင့်လှစ်နိုင်ပါပြီ။)
ဤစနစ် အသိပေးချက်များကို မြင်လိုက်ရသည်နှင့် တပည့်များမှာ ရူးသွပ်စွာ အောင်ပွဲခံကုန်ကြတော့၏။
“ရှယ်ပဲ။ ဒီမြို့ကို ငါတို့ တကယ် သိမ်းလိုက်နိုင်ပြီဟေ့"
“အိမ်ဝယ်မယ်ဗျို့။ မြို့ထဲမှာ အိမ်ဝယ်ပြီး အိမ်ရှင်ကြီး လုပ်စားတော့မယ်"
“ငါကတော့ တစ်မြို့လုံးမှာ အကင်ဆိုင်တွေ လျှောက်ဖွင့်ပစ်မှာနော်"
အောင်ပွဲခံသံများကြား၌ ဝမ်သဲ့ဖာသည် ကျောက်ဝူကျိ၏ ပခုံးကို လှမ်းဖက်လိုက်သည်။ သူသည် နှစ်ပေါင်းများစွာ ပေါင်းလာသော ညီအစ်ကို တစ်ဦးပမာ ရင်းနှီးစွာပင် ဆိုလိုက်၏။
“အဘိုးကြီးကျောက်ရေ... အခုတော့ ကျုပ်တို့က မိသားစုတွေ ဖြစ်သွားပြီဆိုတော့ ခင်ဗျားရဲ့ မြို့စားမင်းအိမ်တော်မှာ တစ်ရက်နှစ်ရက်လောက် တည်းခွင့်ပြုဦးဗျာ။ ခင်ဗျားရဲ့ ခုတင်ကြီးက တော်တော်လေး ကျယ်ပုံရတယ်... အဲ့ဒီမှာ ကျုပ် သွားအိပ်ချင်လို့ပါ"
ကျောက်ဝူကျိ၏ အပြုံးမှာ ခဏမျှ တောင့်ခဲသွားသော်လည်း ချက်ချင်းပင် ဖားယားသော မျက်နှာပေးဖြင့် ပြန်လည် ဆိုလိုက်သည်။
“ရပါတယ် ခင်ဗျာ။ သေချာပေါက် ရတာပေါ့။ သူရဲကောင်းတို့ ကြိုက်သလောက် ကြာကြာ တည်းခိုနိုင်ပါတယ် ခင်ဗျာ။ အခုချက်ချင်းပဲ အကောင်းဆုံးသော စားသောက်ပွဲကြီး တစ်ခုကို ပြင်ဆင်ခိုင်းလိုက်ပါ့မယ် ခင်ဗျာ"
ယနေ့ညတွင် ဒုစရိုက်မြို့တော်ကြီးသည် ကြီးကျယ်ခမ်းနားစွာ ပြောင်းလဲသွားခဲ့၏။
တစ်ချိန်က လူတိုင်း ကြောက်ရွံ့ခဲ့ရသော ထိုဥပဒေမဲ့ နယ်မြေကြီးမှာမူ ယခုအခါတွင် စတုတ္ထကပ်ဘေး တို့၏ နောက်ဖေးခြံထွက် နယ်မြေကြီးတစ်ခုအဖြစ် တရားဝင် ပြောင်းလဲသွားခဲ့လေပြီ တကား။
အခန်း (၁၃၅) - မှောင်ခိုဈေးကွက်ကြီးအား ပြုပြင်ပြောင်းလဲခြင်း.. ဤနေရာ၌ အပေါ့အပါး သွားခြင်းအား တားမြစ်သည်
~နောက်တစ်နေ့ နံနက်ခင်း။ ဒုစရိုက်မြို့တော်။ ကွေ့ယွမ်ဂိုဏ်း၏ အုပ်ချုပ်မှုအောက်ရှိ အရှေ့ဈေး နယ်မြေ၌၊
ယခင်က သွေးညှီနံ့များနှင့် ညစ်ပတ်မှုများ ပြည့်နှက်နေခဲ့သော ဤလမ်းမကြီးပေါ်သို့ အရုဏ်ဦး နေရောင်ခြည်များ ကျရောက်လာသည့်အခါ... ဒေသခံ ကျင့်ကြံသူများမှာမူ လောကကြီးတစ်ခုလုံး ပြောင်းလဲသွားပြီ ဖြစ်ကြောင်း အံ့သြစွာ တွေ့ရှိလိုက်ကြရသည်။
အားလုံး ထင်မှတ်ထားကြသလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း သို့မဟုတ် သန့်စင်ခြင်းများ ဖြစ်ပေါ်မလာခဲ့ပေ။ ထိုအစား လက်မောင်းတွင် အနီရောင် ပတ်တီးများ ပတ်ထားပြီး ထူးဆန်းသော ကိရိယာများကိုယ်စီ ကိုင်ဆောင်ထားသည့် ကွေ့ယွမ်ဂိုဏ်းသား တပည့်များမှာ လမ်းတစ်လျှောက် ကင်းလှည့်နေကြခြင်းပင် ဖြစ်ချေတော့၏။
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း သည် လက်နှစ်ဖက်ကို အနောက်ပစ်ကာ၊ အနားယူထားသော အရာရှိကြီးတစ်ဦးကဲ့သို့ လမ်းတစ်လျှောက် စစ်ဆေးနေသည်။ သူသည် လမ်းဘေးရှိ ပျက်စီးယိုယွင်းနေသော အဆောက်အဦးများ၊ နေရာအနှံ့ရှိ အမှိုက်သရိုက်များနှင့် နံရံပေါ်ရှိ ရိုင်းစိုင်းသော စာသားများကို ကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းယမ်းနေတော့၏။
“ညစ်ပတ်လိုက်တာ။ ရှုပ်ပွနေတာပဲ။ တကယ့်ကို စိတ်ပျက်ဖို့ ကောင်းလှချေရဲ့"
“ဒါဟာ လူနေတဲ့ နေရာလား။ ငါတို့ဆီက ဝက်ခြံတွေတောင် ဒီထက် ပိုပြီး စနစ်ကျဦးမယ်"
သူသည် ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီးနောက်... လူ့ဦးခေါင်းခွံများဖြင့် အလှဆင်ထားသော ဆိုင်ခန်းအိုကြီးတစ်ခုကို လက်ညှိုးထိုးပြကာ အနောက်မှ တပည့်များကို အမိန့်ပေးလိုက်သည်။
“ဟိုမှာ ကြည့်စမ်း။ ပင်မနံရံတွေက အက်နေပြီလေ။ အဲ့ဒီပေါ်မှာ ဘာလို့ ဒီလောက် လေးလံတာတွေ သွားချိတ်ထားရတာလဲ။ ဘေးကင်းလုံခြုံရေး အသိစိတ် လုံးဝ မရှိကြဘူးပဲ။ ဒါဟာ အန္တရာယ်ရှိတဲ့ အဆောက်အဦးပဲ။ ဖြိုပစ်ကြပါ"
“ပြီးတော့ ဟိုဘက်မှာ... လမ်းပေါ်မှာ အပေါ့အပါး သွားဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ။ ငါတို့က ကျင့်ကြံခြင်းလောကကို တည်ဆောက်နေတာ ဆိုပေမယ့် ကျန်းမာရေးနဲ့ သန့်ရှင်းရေးကတော့ အဓိကပဲ မဟုတ်လား။ ရောဂါတွေ ပြန့်ကုန်ရင် ဘယ်လိုလုပ်မလဲ။ အများသုံး အိမ်သာတွေ ချက်ချင်း ဆောက်လိုက်ကြပါ၊ အခုချက်ချင်းပဲနော်"
ဦးလေးကျန်း၏ အမိန့်သံအဆုံးတွင်... ကြီးကျယ်ခမ်းနားလှသော ‘မြို့ပြ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကြီး’ စတင်လေတော့သည်။
“စကြစမ်းဟေ့။ ဖြိုကြ"
ခွန်အားလိုင်း တပည့် အယောက် ဆယ်ဂဏန်းခန့်မှာ တူကြီးများကို ကိုင်ဆောင်ကာ ထိုဆိုင်ခန်းအတွင်းသို့ အုန်းခနဲ၊ ဒုန်းခနဲ မြည်အောင် ဝင်ရောက် ဖြိုဖျက်ကြသည်။ ဆိုင်ရှင်ဖြစ်သူ ချီစုစည်းမှုအဆင့် နှောင်းပိုင်းရှိ မျက်စိတစ်ဖက်လပ် မိစ္ဆာကျင့်ကြံသူမှာမူ ဒေါသကြောင့် ပေါက်ကွဲမတတ် ဖြစ်နေရှာ၏။
“မင်းတို့ ဘာလုပ်နေကြတာလဲ။ ဒါ ငါ့ဆိုင်လေ...”
ဖက်တီး ဝမ်သဲ့ဖာသည် သူ၏ ဝဖြိုးလှသော ဗိုက်ကလေးကို ပွတ်ရင်း ရှေ့သို့ ထွက်လာသည်။ သူသည် သူ၏ လက်မောင်းတွင် ‘မြို့ပြ စီမံခန့်ခွဲရေး အရာရှိ’ ဟု ရေးထားသော အနီရောင် ပိတ်စကို ညွှန်ပြကာ တည်ကြည်သော မျက်နှာဖြင့် ဆိုလိုက်၏။
“ဘာအော်နေတာလဲ။ ဒါဟာ တရားမဝင် ဆောက်လုပ်ထားတဲ့ အဆောက်အဦးဆိုတာ ခင်ဗျား မသိဘူးလား။ ကျုပ်တို့က မြို့ပြ အင်္ဂါရပ်နဲ့ ညီအောင် ပြင်ပေးနေတာဗျ။ မြို့ရဲ့ အလှအပအတွက်ရော၊ ခင်ဗျားတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက်ပါ ဒါကို ဖြိုရမှာပဲ"
“အကယ်၍ မဖြိုချင်ဘူးဆိုရင်တော့ ဒဏ်ငွေဆောင်ဗျာ။ တရားမဝင် ဆောက်လုပ်မှုအတွက် ဝိညာဉ်ကျောက်တုံး ငါးရာပဲ"
မျက်စိတစ်ဖက်လပ် ကျင့်ကြံသူသည် ဝမ်သဲ့ဖာ၏ အနောက်မှ လူမိုက်ဆန်ဆန် တပည့်များကို တစ်ချက် ကြည့်လိုက်၏။.. မြို့စားမင်းကြီးတောင် ဒူးထောက်ခဲ့ရသည့် ကောလာဟလကို သတိရကာ၊ အရှက်တရားကြောင့် သူ့ခမျာ မျက်ရည်များ ဝဲလျက် တူကို ကိုင်ကာ ကိုယ်တိုင်ပင် ဖြိုဖျက်ရရှာလေတော့သည်။
“ဒဏ်ငွေတော့ မရိုက်ပါနဲ့ဗျာ... ကျွန်တော်ဘာသာ ဖြိုပါ့မယ်...”
ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ လမ်းအနှံ့အပြားတွင် ဖြစ်ပေါ်နေ၏။ ယခင်က မောက်မာခဲ့သော မှောင်ခို လူမိုက်များနှင့် လူသတ်သမားများမှာမူ ယခုအခါ သူတို့၏ ဘဝတွင် အကြီးမားဆုံးသော အခက်အခဲကို ရင်ဆိုင်နေကြရရှာ၏။ သူတို့သည် သေရမှာကို မကြောက်ကြသလို၊ တိုက်ခိုက်ရမှာကိုလည်း မကြောက်ကြပေ။ သို့သော်လည်း ခန့်မှန်းရခက်လှသည့် ဤအရူးအုပ်စုကိုမူ တကယ်ကို ကြောက်လန့်နေကြခြင်း ဖြစ်ချေသည်။
“ဟေ့... ဟိုမှာ ဓားကိုင်ထားတဲ့လူ။ ရှင့်ကို ပြောနေတာလေ"
ရင်းနှီးဖော်ရွေသော အစ်မကြီး (ဝတ်စုံလဲထားသော အမျိုးသားတပည့်) က လမ်းပေါ်တွင် လူသတ်ရန် ပြင်နေသော လူသန်ကြီး တစ်ဦးကို လက်ညှိုးကလေး ထောင်ကာ တားဆီးလိုက်သည်။
“ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ရန်ဖြစ်တာကို တားမြစ်ထားတယ်လေရှင်။ ချချင်ရင် ဟိုဘက်က သိုင်းကွင်းထဲ သွားချကြ။ အဲ့ဒီမှာ လက်မှတ်ဝယ်ရမယ်နော်။ နောက်တစ်ခါ လမ်းပေါ်မှာ လက်နက် ထုတ်ပြရဲရင်တော့... သိမ်းပစ်မှာပဲ ရှင်"
လူသန်ကြီးမှာ ကြောင်အသွားရသည်။
“ကျုပ်က လူသတ်သမားလေဗျာ။ အခု တာဝန် ထမ်းဆောင်နေတာ"
“လူသတ်သမား ဖြစ်တော့ ဘာဖြစ်လဲရှင်။ လူသတ်သမားလည်း ယဉ်ကျေးရမယ်၊ စည်းကမ်း ရှိရမယ်လေ"
ရင်းနှီးဖော်ရွေသော အစ်မကြီးက လက်ကို ဝှေ့ယမ်းလိုက်၏။
“ညီအစ်ကိုတို့ရေ... ဒီမှာ ပြဿနာ ရှာနေတဲ့သူ ရှိတယ်ဗျို့။ အပြင်ကို ပစ်ထုတ်လိုက်ကြစမ်း"
တပည့်အချို့မှာ အပြေးအလွှား ရောက်ရှိလာကြပြီး ထိုလူသန်ကြီးကို မြေပြင်ပေါ်၌ ဖိနှိပ်ကာ ကောင်းကောင်းကြီး ပညာပေးလိုက်ကြသည်။ ထို့နောက်တွင်မူ စိတ်အေးသွားစေရန် ယခုလေးတင် တူးထားသော အညစ်အကြေးကန်အတွင်းသို့ ပစ်ထည့်လိုက်ကြတော့၏။
နာရီဝက်ခန့်အတွင်းမှာပင်... ဒုစရိုက်မြို့တော်၏ အရှေ့ဈေးသည် လုံးဝ (လုံးဝ) အသွင်ပြောင်းလဲသွားတော့၏။
လမ်းမပေါ်ရှိ အမှိုက်များ ကင်းစင်သွားပြီး၊ သန့်ရှင်းသော ရေများဖြင့် သုံးကြိမ်တိုင်တိုင် ဆေးကြောထားသဖြင့် လမ်းမှာ ပြောင်လက်နေတော့၏။ စနစ်မကျဘဲ ဆောက်ထားသော တဲအိုများနေရာတွင်မူ သေသေသပ်သပ် ရှိလှသည့် ဆိုင်ခန်းလေးများက အစားထိုး ဝင်ရောက်လာကြသည်။
လမ်းဘေး တစ်လျှောက်တွင်လည်း [စိုက်ပျိုးတာဝါသနာပါသူ] နှင့် တပည့်မလေးများက တောက်ပသော မှိုများနှင့် လူစားပန်းများကို စိုက်ပျိုးကာ ‘မြို့ပြ စိမ်းလန်းစိုပြည်ရေး’ ကို ဖော်ဆောင်လိုက်ကြ၏။
အဆိုးဆုံးမှာမူ... လမ်းဘေးရှိ ထင်ရှားသော နေရာများတွင် နီရဲသော ဆိုင်းဘုတ်ကြီးများကို ချိတ်ဆွဲထားခြင်းပင် ဖြစ်ချေတော့သည်။
(ယဉ်ကျေးမှုကို ဖော်ဆောင်စို့၊ စည်းကမ်းကို လိုက်နာစို့၊ ခေတ်သစ်ရဲ့ မိစ္ဆာကျင့်ကြံသူကောင်း ဖြစ်ပါစေ။)
(ကလေး နည်းနည်းမွေး၊ ကျင့်စဉ် အမြဲကျင့်၊ နှစ်ပေါင်း သောင်းချီ ပျော်ရွှင်စို့။)
(အမှိုက် မပစ်နဲ့၊ မှောင်ခိုဈေးကွက် ပိုပြီး လှပစေရမယ်။)
မူလက ယုတ်မာလှသော မှောင်ခိုသမားများသည် ယခုအခါ လမ်းပေါ်တွင် လိမ်မာစွာ သွားလာနေကြရရှာသည်။ မြေပြင်ပေါ်သို့ တံတွေး တစ်ချက် ထွေးမိရုံဖြင့် အနီရောင် ပတ်တီးပတ်ထားသော လူဝကြီးများ၏ ဝိုင်းဝန်း ထုနှက်ခြင်းကို ခံရမည်ကို ကြောက်နေကြသောကြောင့်ပါပင်။
လမ်းတံမြက်စည်း လှည်းနေရသော ကျင့်ကြံသူ အချို့မှာလည်း မိမိကိုယ်ကို မေးခွန်းထုတ်နေကြတော့၏။
“ကျုပ်က မှောင်ခိုဈေးကွက်မှာ ပစ္စည်းခိုးရောင်းဖို့ လာတာလေ... ဘာလို့ အခု တံမြက်စည်း လှည်းနေရတာလဲဗျာ"
“မညည်းပါနဲ့ဦးဗျာ။ ကွေ့ယွမ်ဂိုဏ်းက အရာရှိကြီးက ပြောတယ်လေ... ဒီလမ်းကို ပြောင်နေအောင် လှည်းပြီးရင် ဝိညာဉ်ကျောက်တုံး နှစ်တုံး ရမယ်တဲ့။ လူသတ်ပြီး ပစ္စည်းလုတာထက် စာရင် ဒါက ပိုပြီး စိတ်ချရတယ်ဗျို့"
“တကယ်လား။ ဒါဆို ကျုပ်လည်း လှည်းမယ်လေ။ ဟေ့... ဟိုဘက်က အမှိုက်တွေကို မလုနဲ့လေ။ ကျုပ်ဟာဗျ"
မသိလိုက်၊မသိဘာသာပင် နေ၍ ‘စည်းကမ်း’ ဟူသော အရာမှာ ဤ ဥပဒေမဲ့ နယ်မြေအတွင်း၌ အမြစ်တွယ်လာခဲ့၏။ ဤစည်းကမ်းမှာ အနည်းငယ် ကြောင်တောင်တောင် နိုင်လှသော်လည်း... ဤနေရာကို လူနေထိုင်၍ ရသော နေရာ တစ်ခုအဖြစ်သို့ ပြောင်းလဲပေးလိုက်သည်မှာတော့ အမှန်ပင် ဖြစ်ချေတော့သည်။
ကောင်းကင်ယံရှိ လေသင်္ဘောပေါ်၌ ဖြစ်သည်။
ကျန်းချန်သည် အသစ်စက်စက် ပြင်ဆင်ထားသော လမ်းမကြီးများနှင့် လိမ်မာစွာ အလုပ်လုပ်နေကြသော ဒေသခံများကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိ၏။
“ကောင်းတယ်... တကယ့်ကို တက်ကြွလှချေရဲ့"
“ဒီ ‘ဘေးကင်းဇုန်’ ကို အခြေပြုပြီး ငါတို့ ကွေ့ယွမ်ဂိုဏ်းရဲ့ စီးပွားရေးတွေကို အကြီးအကျယ် ချဲ့ထွင်လို့ ရပြီပေါ့"
တဆက်တည်း၌၊ စနစ် မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်ရာ ‘ဂိုဏ်းတော် နယ်မြေ - ဒုစရိုက်မြို့တော် ရုံးခွဲ’ ၏ တည်ဆောက်မှု အဆင့်မှာ တစ်ရှိန်ထိုး မြင့်တက်နေသည်ကို တွေ့ရှိလိုက်ရသည်။
“တော်ပြီ... အိမ်ပြန်ဖို့ အချိန်တန်ပြီ"
ယခုခရီးစဉ်သည် ငွေပုံကြီးကို ရရှိခဲ့ရုံတင်မကဘဲ၊ နယ်မြေအသစ်ကိုပါ သိမ်းပိုက်နိုင်ခဲ့သလို၊ ဒေသခံ အုပ်စုတစ်စု၏ အတွေးအခေါ်များကိုပါ ပြောင်းလဲပေးနိုင်ခဲ့လေပြီ တကား။
“အမိန့်ထုတ်လိုက်ပါ။ အားလုံး စုရုံးကြ။ ပစ္စည်းတွေ သယ်ပြီး ဂိုဏ်းကို ပြန်ကြစို့လေ"