မင်းတို့ကောင်တွေ အတင့်ရဲလှချည်လားကွ
Vol. 9 Ch. 865
" ဒါပေမဲ့ သူတို့မှာ နတ်အဆင့်ကျင့်ကြံသူသုံးယောက် ရှိတယ်လေ "
ဟိုယွင်ဖေးမှာ နောင်တရလျက် ပြောသည်။
" နတ်အဆင့်ကျင့်ကြံသူသုံးယောက်လား "
နတ်ဆရာမှာ ယုံကြည်ချက်မရှိသည့်လေသံဖြင့် ရေရွတ်လိုက်မိသည်။
ထိုအချိန်တွင် စုန့်ချွဲက နောက်လှည့်ပြီး ပြောလိုက်၏။
" သူတို့သာ နောက်ဆုံးအဆင့် မရောက်သေးရင် ပိုင်ရှောင်ချန်းက သူတို့ကို ငရဲပို့ပေးလိမ့်မယ် "
မြေရိုင်းသေတွင် ပိုင်ရှောင်ချန်းက မည်မျှကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လာခဲ့သည်ကို လူအနည်းအကျဥ်းသာသိပေသည်။ တကယ်တမ်းဆိုရလျှင် နတ်ဆရာပင် သူ့ကို ပိုင်ရှောင်ချန်း ပြောခဲ့သည့် ဇာတ်လမ်းအများစုက လုပ်ကြံဖန်တီးထားခြင်းများဟုသာ ယူဆခဲ့သည်။ သို့သော် စုန့်ချွဲကတော့ မတူပေ။ သူသည် ပိုင်ရှောင်ချန်း မည်မျှအစွမ်းထက်ကြောင်း အသေးစိတ်တစ်ခုချင်းစီကို မသိသော်ငြား အတော်အသင့်တော့ သိထားသည်။
သူ၏ယောက္ခမက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး သူ့တပည့်က ငရဲဧကရာဇ်။ ဗဟိုဧကရာဇ်မြို့တော်တွင် သူသည် နတ်များစွာနှင့် အကြိတ်အနယ် တိုက်ခိုက်ခဲ့ပြီး မင်းမျိုးနွယ်အထက်တန်းလွှာတစ်ရပ်လုံးနှင့် ရန်သူဖြစ်ခဲ့သည်။ သူက ထိုကိစ္စများအားလုံးထဲမှ ထိခိုက်ဒဏ်ရာမရဘဲ မလွတ်မြောက်ခဲ့သည့်တိုင် တချိန်လုံး သူ၏ကျင့်ကြံခြင်းအခြေခံ မြင့်တက်လာခဲ့၏။ ထိုသို့သော လူတစ်ယောက်က နတ်အဆင့်ကျင့်ကြံသူသုံးယောက်လေးကို ကြောက်နိုင်မည်လား။
ထို့ပြင် စုန့်ချွဲသည် ပိုင်ရှောင်ချန်းက သခင်မလေးဟုန်ချိန်အား တိုက်ခိုက်နေသည်ကို မြင်ခဲ့ရသည်။ သူတို့နှစ်ဦးလုံး အားကုန် မထုတ်ဖော်ခဲ့ကြသော်လည်း သူကိုယ်တိုင်က ယင်ယန်ဝိညာဥ်အဆင့်မှာ ရှိကြောင်း ထည့်တွက်လိုက်လျှင် ပိုင်ရှောင်ချန်း၏ အတိုက်အခိုက်စွမ်းရည်က ထိုအဆင့်ကို ကျော်လွန်၍ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှကြောင်း သူ အလွယ်တကူ ပြောနိုင်သည်။
သခင်မလေးဟုန်ချိန်သည် သရဲကြီးဘုရင်၏ သမီးတော်၊ မြေရိုင်းဒေသမှ လက်ရွေးစင်တစ်ယောက်ဖြစ်ပြီး အလယ်ပိုင်း နတ်အဆင့်နှင့် အလွန်နီးကပ်နေပြီ မဟုတ်ပါလော။
စုန့်ချွဲမှာ ပိုင်ရှောင်ချန်းကို သဘောမကျသေးသော်လည်း ဟိုယွင်ဖေး၏ အသံထဲတွင် စိုးရိမ်မကင်းဖြစ်နေဟန်များ အထင်းသား တွေ့နေရသည်။ စုန့်ချွဲက အခြေအနေကိုလိုက်၍ မည်သို့ပြောရမည်ကို သိသူဖြစ်လေရာ သံမဏိအလား တိကျပြတ်သားသောလေသံဖြင့် ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။ ထို့ကြောင့် နှလုံးသားများစွာ တုန်လှုပ်သွားကြပြီး မျက်လုံးပေါင်းများစွာ မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်သွားကြလေ၏။
ထိုလူများအတွက် နတ်အဆင့်ကျင့်ကြံသူများသည် မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကို လှုပ်ရမ်း၍ ပြိုင်ဘက်များအားလုံးကို နင်းခြေပစ်နိုင်သော လူများ၊ သက်ရှိသက်မဲ့အရာခပ်သိမ်းတွင် ထိပ်တန်းတည်ရှိနေသူများ ဖြစ်ပေသည်။
" ဟုတ်တယ် " နတ်ဆရာက ဝင်ထောက်သည်။
“ ပိုင်ရှောင်ချန်းသာ အချိန်မီေရာက်သွားရင် အကုန်လုံးကို ဖြေရှင်းပေးလိမ့်မယ် "
ထို့နောက် သူက လှည့်၍ စုန့်ချွဲနောက်လိုက်ကာ အဏ္ဏဝါခေါ်သံဂိုဏ်းရှိရာဆီသို့ အပြေးသွားလိုက်သည်။
စိတ်စွမ်းအင်နတ်ရေဂိုဏ်းမန္တန်အစီအရင်ထဲရှိ ဟိုယွင်ဖေးခေါင်းထဲတွင် စောစောက စုန့်ချွဲ ပြောသွားခဲ့သည့် စကားသံများ မြည်ဟည်းနေသည်။ တစ်ဖက်တွင် ပိုင်ရှောင်ချန်းက ကမူးရှုးထိုးလုပ်မည်မဟုတ်ကြောင်း သူသေချာသိသည်။ သို့သော် တချိန်တည်းမှာပင် စုန့်ချွဲသည် ယင်ယန်ဝိညာဥ်အဆင့်မှာ ဖြစ်သည့်တိုင် ပိုင်ရှောင်ချန်းက အလယ်ပိုင်းဒေသ၏ အင်အားကြီးသော နတ်သုံးပါးအား မကြောက်ရွံ့ကြောင်း တွေဝေတွန့်ဆုတ်ခြင်းမရှိပြောသည်ကို သူမြင်ရသည်။ သို့သော်လည်း ယုံရခက်နေဆဲပင်။
"အမှန်ပဲလား "
ဟိုယွင်ဖေး တွေးလိုက်သည်။ ထိုစဥ် အခြားအမြုတေအဆင့်ကျင့်ကြံသူများထဲမှ တစ်ယောက်မှာ လက်ဖက်ရည်ပန်းကန်ပြားတမျှ မျက်လုံးများ ပြူးကျယ်လာပြီး ရုတ်တရက် တအံ့တဩပြောဆိုလိုက်သည်။
" ငါ မှတ်မိပြီ... အဲ....အဲဒါ ဒဏ္ဍာရီလာ....ပိုင်ရှောင်ချန်း။ သူ့ကြောင့် ဝိညာဥ်အမြီးကြက်တစ်အုပ်လုံး ပျောက်ခဲ့ရတာ ကြားဖူးတယ်"
" ဘုရားရေ။ ငါလဲ သတိရပြီ။ အဲဒါ ပိုင်ရှောင်ချန်းလား။ မြွေတစ်သောင်းတောင်ကြားက သူ့ကြောင့် ပြောင်တလင်းခါသွားခဲ့ရတာလေ "
" သူက ထိပ်သီးဂိုဏ်းလေးဂိုဏ်းကို အဏ္ဏဝါခေါ်သံဂိုဏ်းအဖြစ် ပေါင်းစည်းပေးခဲ့တဲ့ တစ်ယောက်ပဲ။ သူက အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ အသက်၊ မျှော်လင့်ချက် ၊ ဂိုဏ်းရဲ့နံပါတ် တစ် လက်ရွေးစင်.... နောက်ဆုံးမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းကို ဓားစာခံတစ်ယောက်အနေနဲ့ ခေါ်သွားခံရပြီး မဟာတံတိုင်းမှာ စစ်ဦးစီးမှူးတစ်ယောက် ဖြစ်လာခဲ့တယ်။ အဆုံးသတ်ကျတော့ သူဟာ မြေရိုင်းဒေသမှာ ပျောက်ဆုံးသွားခဲ့တယ် "
အံသြတကြီး ရေရွတ်သံများစွာ ထပ်ကြားလိုက်ရ၏။ များမကြာမီ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းသားများအားလုံး ထိုရင်းနှီးသော နာမည်အကြောင်း ပြန်စဥ်းစားလိုက်ကြပြီး သူနှင့်ပတ်သက်၍ သူတို့ကြားခဲ့ရသော ဇာတ်လမ်းအမျိုးမျိုးအား ပြန်ပြောင်းမှတ်မိလိုက်ကြသည်။ ပိုင်ရှောင်ချန်းမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် အလွန်နာမည်ကြီးဆဲ မဟုတ်ပါလော။
သူ၏လုပ်ဆောင်မှုများအား အဆင့်နိမ့်ဂိုဏ်းသားအသစ်များအကြားတွင် ယုံတမ်းပုံပြင်များအလား ပြန်ပြောခဲ့ကြလေသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ အံ့သြတုန်လှုပ်နေကြချိန် ပိုင်ရှောင်ချန်းသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် လေဟုန်ခွင်း၍ အဏ္ဏဝါခေါ်သံဂိုဏ်းထံ တစ်ဟုန်ထိုး ပျံသန်းနေ၏။ သူ၏မျက်လုံးများမှာ ရဲရဲနီနေပြီး အသက်ရှူသံများ မြန်နေသည်။
" ဦးလေးလီ၊ ဂိုဏ်းခေါင်းဆောင်အစ်ကိုကြီး၊ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ ခေါင်းဆောင်ကြီး၊ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ ခေါင်းဆောင်ကြီး၊ အကုန်လုံး ခဏပဲစောင့်ပါ။ ကျင်းဝမ်၊ ရွှယ်မေ့၊ ဘရုဆာ.... "
သူ့ခေါင်းထဲတွင် မရေမတွက်နိုင်သော အမည်များစွာ ပေါ်လာရာ သူ၏ဒေါသများ မြင့်တက်လာတော့သည်။ ယခုအချိန်တွင် သူက သေရေးရှင်ရေးအခြေအနေကို တွေးမနေတော့ပေ။ သေရမည်ကို သူ ကြောက်ပါသော်လည်း သူ့ဂိုဏ်းအန္တရာယ်တွင်းထဲ ကျရောက်နေချိန် သူ့အသက်အန္တရာယ်အတွက် ဘယ်တော့မှ ထွက်ပြေးမည် မဟုတ်ပေ။
သူ ငယ်ရွယ်စဥ်အခါ အစွမ်းမရှိစဥ်က ဂိုဏ်းက သူ့ကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ ယခုတွင် သူက ဂိုဏ်းအား ကာကွယ်ရန် အရည်အချင်းပြည့်မီေနပြီ မဟုတ်ပါလော။
သူက စုန့်ချွဲနှင့် နတ်ဆရာတို့ကို စိုးရိမ်စရာမလိုသည့်အတွက် တည်နေရာရွှေ့ပြောင်းခြင်းကိုသုံးကာ အရှိန်ကို မြှင့်တင်လိုက်သည်။
ထို့နောက် သူက တည်နေရာရွှေ့ပြောင်းခြင်း တစ်ခုပြီးတစ်ခု လုပ်ဆောင်နေခြင်းကြောင့် တဝုန်းဝုန်း မြည်ဟည်းသံများ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။
ထိုနည်းအားဖြင့် သူက သာမန်နတ်အဆင့်ကျင့်ကြံသူ မည်သူမဆိုထက် သာလွန်သော အံမခန်းအမြန်နှုန်းဖြင့် သွားလာနေပြီး အမြန်နှုန်းအရာတွင် အလယ်ပိုင်း နတ်အဆင့်ရှိ လူတစ်ယောက်ပင်လျှင် သူ့ကို ယှဥ်နိုင်အံ့မထင်ပေ။
မကြာမီ သူက အလယ်ပိုင်းဒေသ၏အစွန်အဖျားနှင့် အလယ်ပိုင်းဒေသအကြား ရောက်ရှိလာသည်။ ထိုနေရာကို ကျော်လွန်လျှင် အဏ္ဏဝါခေါ်သံဂိုဏ်းသို့ ရောက်ပေတော့မည်။
အဏ္ဏဝါခေါ်သံဂိုဏ်းအခြေအနေကား ဆိုးသည်။ မိုးကောင်းကင်တွင် မှော်အတတ်များ တဝင်းဝင်းတောက်ပနေပြီး တဂျိန်းဂျိန်းထစ်ခြုန်းသံများ ဟိုဟိုသည်သည် ပဲ့တင်ထပ်နေသည်။ အခြားဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူ တစ်သိန်းတပ်ဖွဲ့က အရပ်မျက်နှာသုံးဘက်မှ တိုက်စစ်ဆင်နေကြသည်။
သိသာထင်ရှားစွာပင် အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ပြိုင်ဘက်မဟုတ်ပေ။ သူတို့က မန္တန်အစီအရင်များအပေါ် မှီခို၍ တောင့်ခံနေကြပြီး နောက်သို့ ဆုတ်သထက် ဆုတ်နေကြရ၏။ သို့ရာတိုင် သေကြေပျက်စီးမှုများကား မြင့်တက်နေဆဲပင်။
ဂိုဏ်းအခြေအနေကား ဆက်လက်တိုက်ခိုက်ရန် အားအင်အနည်းအငယ်သာ ကျန်တော့သည့် ဒဏ်ရာရထားသော ဘီလူးကြီးတစ်ကောင်အလား။
ကြောက်မက်ဖွယ်ကောင်းကင်ညောင်ပင်ကြီးက ထုတ်လွှတ်ထားသည့် မန္တန်အစီအရင်အကာအကွယ်မှာ အဆက်မပြတ် ပုံပျက်ရှုံ့တွနေပြီး အက်ကွဲကြောင်းများ လျင်မြန်စွာ ပြည့်နှက်လာကာ ပြင်းပြင်းထန်ထန်ပျက်စီးနေသည်။
အက်ကြောင်းအသစ်ပေါ်လာတိုင်း အစီအရင်ကို အားဖြည့်ပေးနေသည့် ဆန်းကြယ်နတ်ရေစင်အဖွဲ့ ဂိုဏ်းသားများ သွေးများအန်ကြရသည်။ သို့စေကာမူ သူတို့က ဟိန်းဟောက်ကြုံးဝါးရင်း အစီအရင်အား ပြုပြင်ရန်နှင့်ထိန်းသိန်းနိုင်ရန် အားကုန်ထုတ်ကြလေသည်။
ကံဆိုးစွာပင် သူတို့ အစွမ်းကုန်ကြိုးစားနေသည့်တိုင် ဒိုင်းအကာအကွယ်သည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းရန်ကြာချိန်ထက်ပင် တောင့်ခံနိုင်တော့မည့်ပုံ မပေါ်ပေ။
ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့ဂိုဏ်းသားများမှာ အလွန်ပင်ပန်းနွမ်းနယ်နေကြသဖြင့် ပြိုလဲခါနီးဆဲဆဲ ဖြစ်နေတော့သည်။ သို့စေကာမူ သူတို့က မန္တန်အစီအရင်၏အတွင်း၊အပြင် နှစ်ဖက်လုံးရှိ စစ်မြေပြင်တွင် အခြားအဖွဲ့များအား ကုသရင်း ၊ ရံဖန်ရံခါ သေရေးရှင်ရေး တိုက်ပွဲများတွင် ပါဝင်ဆင်နွှဲကာ လျှောက်သွားနေကြဆဲဖြစ်သည်။
အားလုံးအထဲ စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့မှာ အပြင်းထန်ဆုံးပင်။ ထိုနှစ်ဖွဲ့က အဏ္ဏဝါခေါ်သံဂိုဏ်းရှိ အင်အားကြီးသောအဖွဲ့များဖြစ်ပြီး တိုက်ပွဲ၏ဒဏ်ကို ပြင်းထန်စွာ ခံကြရလေသည်။ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ရှိ မန္တန်အစီအရင်ဘီလူးကြီးများ၏ သုံးဆယ်ရာခိုင်နှုန်းခန့်မှာ ရပ်တည်နေဆဲဖြစ်ပြီး ကျန်ရှိသော ဘီလူးကြီးများကို စွမ်းအားဖြည့်ပေးနေသည့် ဂိုဏ်းသားများမှာ သွေးများစိုရွှဲနေချေပြီ။
ရှန်ကွမ်းထျန်ယုံ၏ မျက်လုံးများမှာ သွေးချင်းချင်းနီရဲနေပါသော်လည်း သူကား နာမည်အတိုင်း လူပေါင်းများစွာ သတ်ဖြတ်ထားခဲ့သည်။ ထိုနည်းတူ ပေဟန်လဲ့သည်လည်း ရက်စက်ကြမ်းကြုတ်ဖွယ်အသွင်ဖြင့် ဟိန်းဟောက်ကာ တိုက်ခိုက်နေသကဲ့သို့ သူ့မျက်လုံးများမှလည်း မျက်ရည်စများ စီးကျနေလေ၏။
စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ ဂိုဏ်းသားများက မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာလည်း တူညီသောအခြေအနေတွင်ရှိသည်။ အသက်သွင်းထားသော အလောင်းကောင်များ၊ ဂါဂိုလီများနှင့် သွေးသခင်များပင် ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရနေသည့်တိုင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြသည်။
အလယ်တောင်ထိပ်မှ သွေးဓားသာလျှင် အင်အားတောင့်တင်းနေဆဲဖြစ်သည်။ စုန့်ကျင်းဝမ်၊ အတုမဲ့သခင်နှင့် ရွှယ်မေ့တို့က ရန်သူများကို ဦးဆောင်တိုက်ခိုက်နေပြီး သူတို့၏ဂိုဏ်းသားအပေါင်းအဖော်များအား တတ်နိုင်သမျှကယ်တင်ရန် အကောင်းဆုံးလုပ်နေကြသည်။
စုန့်ကျင်းဝမ်မှာ ပင်ပန်းနေပြီး ဒဏ်ရာအပြင်းအထန်ရထားသည်။ သူမသည် ဆေးစွမ်းအင်အဖွဲ့ကပေးသော ဆေးလုံးများကို မရေမတွက်နိုင်လောက်အောင် စားခဲ့ပြီးသည့်တိုင် တောင့်ခံနိုင်သော အတိုင်းအတာသို့ ရောက်နေလေပြီ။ သူမ၏မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုများ ထင်ဟပ်လာပြီ ဖြစ်သည်။
စာခြောက်ရုပ်ကြီးမှာ ဖျက်စီးခံလိုက်ရ၏။ အနက်ရောင်နှင့် အဖြူရောင်နေဝန်းများ ပျက်စီးသွားခဲ့ပြီး ၎င်းတို့အတွင်းရှိ ကျီးငှက်များ အသတ်ခံလိုက်ရသည်။ နဂါးအိုကြီးမှာ အသက်ငင်နေသည်။ ဘရူဆာသာလျှင် ရန်သူစစ်ကြောင်းများအား ဘယ်ညာ ထိုးဖောက်ရင်း ရက်စက်ကြမ်းကြုတ်စွာ ဆက်လက်တိုက်ခိုက်နေ၏။
ယင်ယန်ဝိညာဥ်အဆင့်တိုက်ပွဲတွင် အဏ္ဏဝါခေါ်သံဂိုဏ်းမှာ အလှည့်တိုင်း အနိုင်ယူခံနေရသည်။ တစ်ယောက်-တစ်ယောက်ချင်း တိုက်ပွဲများတွင် မယှဥ်နိုင်ကြသဖြင့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများက အဖွဲ့လိုက်နေကြပြီး ရန်သူများကို တဖြည်းဖြည်း တိုက်ခိုက်နေကြသည်။
အတန်ငယ်ဝေးသောနေရာမှကြည့်လျှင် ထိပ်သီးဂိုဏ်းသုံးဂိုဏ်း၏ စစ်တပ်များမှာ အဏ္ဏဝါခေါ်သံဂိုဏ်းအပေါ်သို့ ဖိချနေသည့် ဧရာမလက်ကြီးသုံးဖက်အလား။ ကောင်းကင်ယံရှိ နတ်အဆင့်ကျင့်ကြံသူသုံးယောက်၏ အခိုးအငွေ့များကြောင့် ကောင်းကင်နှင့်မြေကြီးမှာ ပြင်းထန်စွာ တုန်ခါနေသည်။
" ခဏကြာရင် သူတို့ရဲ့ မန္တန်အစီအရင် ပျက်စီးတော့မယ် "
" ငါတို့ အချိန်ဆွဲထားလို့ မဖြစ်တော့ဘူး။ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ အမြင်အမျိုးမျိုး ရှိနေတယ်။ ငါတို့ အနိုင်ယူပြီဆိုတော့မှ မထင်မှတ်ထားတာ တစ်ခုခု ဖြစ်လာနိုင်တယ် "
" ဒါဆိုရင် ငါတို့သုံးယောက် ဘာလို့မတိုက်ခိုက်ကြသေးတာတုံး။ ငါတို့ မန္တန်အစီအရင်ကို ဖျက်စီးပြီးတော့ အဏ္ဏဝါခေါ်သံဂိုဏ်းကို မြေပုံပေါ်က ဖျောက်ပစ်ကြမယ်လေ "
အချိန်အနည်းငယ်ကြာ ဆွေးနွေးတိုင်ပင်ပြီးနောက် သူတို့၏ မျက်လုံးများ စူးရှတောက်ပလာပြီး တိုက်ခိုက်ကြတော့သည်။ ဓားချီ၏ ဖျက်စီးခြင်းစီးကြောင်း၊ ဧရာမလက်ဝါးကြီးနှင့် မဟူရာမိုးကြိုးတိမ်တို့ မန္တန်အစီအရင်ထံ တဟုန်ထိုးပြေးဝင်သွားကြ၏။
တိုက်ကွက်များ၏အမြန်နှုန်းက အဏ္ဏဝါခေါ်သံဂိုဏ်းကို မျှော်လင့်ချက်များ ပျက်သုန်းသွားစေသည်။ ထိုတိုက်ကွက်များက ကြောက်မက်ဖွယ် ကောင်းကင်ညောင်ပင်ကြီး၏ မန္တန်အစီအရင်နှင့် တွေ့ဆုံသွားသည်တွင် တခဏသာ တောင့်ခံနိုင်လိုက်ပြီး နောက်ဆုံး ပျက်စီးသွားတော့သည်။
ရန်သူစစ်တပ်က ဝမ်းမြောက်ဝမ်းသာ အော်ဟစ်လိုက်ကြပြီးနောက် ရှေ့သို့ချီတက် တိုက်ခိုက်ကြတော့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ချက်ချင်းပင် စစ်မြေပြင်ကိုဖြတ်၍ နောက်သို့ ဒရောသောပါး ဆုတ်ခွာလိုက်ကြရ၏။ ပိုဆိုးသည်က နတ်သုံးပါးလုံး ဂိုဏ်းထံ တဟုန်ထိုးဦးတည်လာရာ ဘရူဆာသာ သူတို့လာရာလမ်းကြောင်းတွင် မားမားမတ်မတ်ရပ်လျက် ကျန်ရစ်နေခဲ့သည်။
ထိုအချိန်တွင် သွေးဘိုးဘေးကြီး၏ မျက်လုံးများ ပွင့်လာပြီး လှုပ်ရှားလာသည်။ ယုန်တစ်ကောင်၊ မျောက်တစ်ကောင်နှင့် စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ ခေါင်းဆောင်ကြီးတို့က သူနှင့်အတူ ပူးပေါင်းလိုက်သည်။ သူတို့အားလုံးက ဂိုဏ်းကို ကာကွယ်ရန် အစွမ်းကုန်ကြိုးစားေနကြလေသည်။
လူတိုင်း သေရေးရှင်ရေး အန္တရာယ်ကြီးကို ကြုံတွေ့နေရသည်။
ရန်သူစစ်တပ်က ဖိအားပေးလာခြင်းကြောင့် စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ ဂိုဏ်းသားများမှာ နောက်ဆုတ်နေကြရပြီး သူတို့မျက်နှာများတွင် စိတ်ပျက်အားငယ်မှုများ ဖုံးလွှမ်းနေတော့သည်။ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူငါးဦးက သွေးဓားကို ဖျက်စီးပြီး စုန့်ကျင်းဝမ်နှင့် အတုမဲ့သခင်ကို သတ်ရန် ရည်ရွယ်ချက်ဖြင့် စုန့်ကျင်းဝမ်အနား ချဥ်းကပ်လာသည်။
စုန့်ကျင်းဝမ်က ယင်ယန်ဝိညာဥ်အဆင့်ရန်သူငါးယောက်ကိုကြည့်ကာ ခါးခါးသီးသီးပြုံးလိုက်သည်။ အတုမဲ့သခင်မှာ သွေးများအန်နေပြီး သူ့ကိုယ်သူ မကာကွယ်နိုင်သလောက်ပင်။ ယခုအခိုက်အတန့်တွင် သူတို့သေရတော့မည်ဟု နှစ်ယောက်လုံးသိသည်။ ထိုစဥ် မိုးကောင်းကင်တုန်လှုပ်၍ မြေပြင်တို့တုန်ခါသွားစေသော အသံကြီးတစ်သံ ပဲ့တင်ထပ်လာ၏။ တိမ်တိုက်များ ဆူပွက်လာပြီး မိုးခြိမ်းသံတမျှကျယ်လောက်သော ဟိန်းဟောက်သံကြီးက စစ်မြေပြင်တစ်ခွင်လုံး ဖုံးလွှမ်းသွားတော့သည်။
" မင်းတို့ကောင်တွေ အတင့်ရဲလှချည်လားကွ "