← Chapters

အဲဒါ ပိုင်ရှောင်ချန်းပဲ

Vol. 9 Ch. 866

အဲဒါ ပိုင်ရှောင်ချန်းပဲ

Vol. 9 Ch. 866

ထိုအသံကြီးကြောင့် အလယ်ပိုင်းဒေသတစ်ခုလုံးနီးပါး တုန်လှုပ်သွားတော့သည်။ တိုက်ခိုက်ရန် စိုင်းပြင်းနေသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ခေါင်းများချာချာလည်သွားသည့်အလား ခံစားလိုက်ကြရ၏။ မည်သူတစ်ဦးတစ်ယောက်မှ မတုံ့ပြန်နိုင်ခင်မှာပင် ဘရူဆာမှာ ရုတ်တရက် တဆတ်ဆတ်တုန်ခါသွားပြီးနောက် ခေါင်းနောက်လှန်၍ ပျော်ရွှင်မြူးထူးစွာ ဟိန်းဟောက်လိုက်သည်။

စုန့်ကျင်းဝမ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူမ၏မျက်လုံးလေးများထဲတွင် တည်ရှိနေခဲ့သော စိတ်ပျက်အားေလျာ့သည့်အရိပ်အယောင်များနေရာတွင် မယုံကြည်နိုင်မှုများက အစားထိုးဝင်ရောက်လာ၏။ သူမက မိုးကုပ်စက်ဝိုင်းဆီသို့ ရုတ်ချည်း လှည့်ကြည့်လိုက်ရာ လေသင်္ဘောတစ်စင်းသည် လေကိုခွင်း၍ တဟုန်ထိုးလာနေပြီး ကုန်းပတ်ပေါ်တွင် လူတစ်ယောက်ကို ခပ်ရေးရေး မြင်လိုက်ရသည်။

အမှန်ဆိုရလျှင် တိုက်ပွဲဝင် စစ်သည် ထောင်ပေါင်းများစွာနှင့် တိုက်ပွဲတစ်ပွဲကား အံသြတုန်လှုပ်ဖွယ် ဆူညံသံများဖြင့် ပြည့်နှက်နေသည်ဖြစ်ရာ ပိုင်ရှောင်ချန်း၏အသံမှာ ကန်ရေပြင်ပေါ်ကျသွားသည့် ကျောက်တုံးတစ်တုံးအလား လှိုင်းဂယက်အနည်းငယ်သာ ထသွားစေ၏။ ရန်သူတပ်ဖွဲ့များမှာ ၄င်းအား သိပ်အလေးထားမနေပေ။

ထို့နောက် ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူရာပေါင်းများစွာရှိသော အဖွဲ့တစ်ဖွဲ့က လှည့်လာပြီးနောက် ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းလာကြသည်။ ထိုအဖွဲ့ထဲရှိ လူနှစ်ယောက်က ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများဖြစ်ပြီး ပိုင်ရှောင်ချန်းဆီသို့ မတူညီသော အရပ်မျက်နှာနှစ်ဖက်မှ ချဥ်းကပ်လာကြ၏။

အစပိုင်းတွင် စုန့်ကျင်းဝမ်မှာ စိတ်လှုပ်ရှားနေပြီးနောက် ပိုင်ရှောင်ချန်းက တိုက်ပွဲကို အပြောင်းအလဲ ဖြစ်စေလိမ့်မည်မဟုတ်ကြောင်း သုံးသပ်လိုက်သည်။ ထိုမျှသာမက သူမဆီသို့ ချဥ်းကပ်လာနေသော ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူငါးယောက်သည်လည်း အတန်ငယ် ရပ်တန့်သွားပြီးနောက် အေးစက်စက်နှုတ်မှုတ်ကာ ဖိအားပေးတိုက်ခိုက်လိုက်ကြသည်။ ထိုလူငါးယောက်အနက် နှစ်ယောက်က အတုမဲ့သခင်ကို အာရုံစိုက်လိုက်ပြီး ကျန်သုံးယောက်က စုန့်ကျင်းဝမ်ကို တိုက်ခိုက်လိုက်လေသည်။

စုန့်ကျင်းဝမ်က အလယ်တောင်ထိပ်၏ သွေးဓားကို ကိုင်ဆောင်ထားသောကြောင့် ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်များကို တန်ပြန်တိုက်ခိုက်နိုင်သည်။ ထိုမျှသာမက သူမက ယင်ယန်ဝိညာဥ်အဆင့်အောက်ရှိ မည်သူ့ကိုမဆို အပြင်းအထန် ဒဏ်ရာရသွားစေနိုင်သည့် ဓားအစီအရင်များတွင် ကျွမ်းကျင်သော အလယ်တောင်ထိပ်ဂိုဏ်းသားတစ်ဖွဲ့ကို ဦးဆောင်ထား၏။

ထိုအဖွဲ့က ကြောက်မက်ဖွယ်ကောင်းသော တပ်ဖွဲ့ဖြစ်သည့်အတွက် ရန်သူဂိုဏ်သားများက ထိုအဖွဲ့ ဂိုဏ်းဌာနချုပ်များဆီသို့ ပြန်မရောက်ခင်မှာပင် လုံးဝချေမှုန်းပစ်ရမည်ဖြစ်ကြောင်း နားလည်ထားကြသည်။

စုန့်ကျင်းဝမ်ကို ပစ်မှတ်ထားနေသော ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်သုံးဦးသည် ကြောက်စရာကောင်းသော အမြန်နှုန်းဖြင့် ချည်းကပ်လာနေသည်။ စုန့်ကျင်းဝမ်လက်အောက်ရှိ အလယ်တောင်ထိပ်ဂိုဏ်းသားများမှာ အားအင်အပြည့်အဝရှိနေလျှင်ပင် သူတို့ကို တားဆီးနိုင်မည်မဟုတ်လေရာ စုန့်ကျင်းဝမ်က သေရေးရှင်ရေးအန္တရာယ်ကြီးထဲသို့ ကျရောက်အံ့ဆဲဆဲဖြစ်နေသည်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်တော့သည်။

ထိုအခြေအနေအား မည်သူမျှ ပြောင်းလဲနိုင်အံ့မထင်။

ပိုင်ရှောင်ချန်းသည် ဖြစ်ပျက်နေသည်များအား ကြည့်ရှုကာ အဏ္ဏဝါခေါ်သံဂိုဏ်းမှာ သေရေးရှင်ရေးအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သဘောပေါက်သွားပြီး ဒေါသအမျက်ချောင်းချောင်းထွက်လာတော့သည်။ သူ့မျက်လုံးများ ကြက်သွေးရောင်လွှမ်းလာြပီး လေသေင်္ဘာကို မီးလောင်ကျွမ်းလာသည်အထိ အရှိန်တင်လိုက်သည်။ ထို့နောက် သူသည် စုန့်ကျင်းဝမ်ကို ဝိုင်းအုံနေသည့် ဂိုဏ်းသားရာပေါင်းများစွာကို ဝင်တိုက်ပစ်လိုက်၏။

တဝုန်းဝုန်းပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။ထို ဂိုဏ်းသားရာပေါင်းများစွာအနက် တစ်ယောက်မှ ပိုင်ရှောင်ချန်းအနားကို မကပ်နိုင်လိုက်သည့်အပြင် လေသင်္ဘောကို ဝန်းရံထားသည့် တဟုန်းဟုန်းတောက်နေသော မီးတောက်များကြောင့် တစ်ဖွဲ့လုံး ချက်ချင်းပင် ပြာဖြစ်သွားပြီး ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ ဇီဝိန်ချုပ်ခံလိုက်ရတော့သည်။

လေသင်္ဘောသည် သေမင်းဓားတစ်လက်အလား လမ်းကြောင်းရှိ မည်သည့်အရာကို မဆို ဖျက်စီးကာ မြေပြင်ပေါ် ဆင်းသက်လာ၏။

မည်သူမှ ၄င်းအား မတားဆီးနိုင်သည်သာမက အနားပင် မကပ်နိုင်ကြပေ။ ကြိုးစားသည့် မည်သူမဆို သုတ်သင်ခံလိုက်ရ၏။ ထို့နောက် သူသည် စစ်မြေပြင်၏ အလယ်တည့်တည့်ရှိ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့နှင့် စုန့်ကျင်းဝမ်ဘေးသို့ ရောက်သွားသည်။

သူက အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်သဖြင့် ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်သုံးဦး စုန့်ကျင်းဝမ်ကို ဖိနှိပ်နေသည့်အချိန်မှာပင် ရောက်ရှိသွား၏။ သူတို့က တိုက်ကွက်များ မထုတ်နိုင်လိုက်ခင်မှာပင် နားကွဲလုမတတ်အသံကြီးတစ်သံ သူတို့နားထဲ ဝင်ရောက်လာသည်။ သူတို့ထဲက နှစ်ယောက်သည် အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်တွင် ဖြစ်ပြီး တစ်ယောက်က အလယ်ပိုင်းအဆင့်တွင် ဖြစ်သည်။ သူတို့မှာ ခေါင်းလှည့်ရန်သာ အချိန်ရလိုက်ပြီး မီးများ တဟုန်းဟုန်းတောက်လောင်နေသော ဧရာမလေသင်္ဘောကြီးကိုသာ ရိပ်ခနဲ မြင်လိုက်ရသည်။

လေသင်္ဘောကြီးမှာ အရှိန်လျှော့သွားခြင်းမရှိဘဲ ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်သုံးဦးကို ဖျက်စီးခြင်းအားတစ်ခုဖြင့် ဝင်တိုက်လိုက်ရာ သူတို့မှာ နာကျင်စွာ အော်ဟစ်ညည်းညူရန်ပင် အချိန်မရလိုက်ပေ။

သူတို့အားလုံး မီးတောက်များ၏ ဝါးမျိုခြင်းခံလိုက်ရပြီး ပြာအဖြစ်သာ ပြောင်းသွားတော့သည်။

အတုမဲ့သခင်အပေါ် အာရုံစိုက်နေသော ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူနှစ်ယောက်မှာ သွေးများအန်သွားကြလေ၏။ သူတို့၏ မျက်နှာများအပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်ပေါက်လာပြီး သူတို့၏ မျက်လုံးများမှာ ဦးခေါင်းခွံများထဲမှ ကျွတ်ထွက်လုမတတ်ဖြစ်သွားကာ ကတိုက်ကရိုက် နောက်ဆုတ်လိုက်ကြသည်။

ပိုင်ရှောင်ချန်းက မီးလောင်နေသော လေသင်္ဘောပျက်ထဲမှ ထွက်လာပြီး စုန့်ကျင်းဝမ်ရှေ့တွင် ပေါ်လာ၏။ သူက သူမ၏ ခါးလေးကို လက်နှင့် ပွေ့လျက် တခြားလက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပျက်စီးသွားသော လေသင်္ဘောမှ ထွက်ပေါ်လာခဲ့သည့် ဖျက်စီးခြင်းစွမ်းအားစီးကြောင်းတစ်ထောင်နီးပါးအား စုလိုက်ပြီး ရန်သူများရှိရာဆီသို့ ပစ်လွှတ်လိုက်လေသည်။

ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူနှစ်ယောက်ပင် မလွတ်မြောက်နိုင်တော့ဘဲ သေမင်း၏ဝါးမျိုခြင်း ခံလိုက်ရလေသည်။

ကျင့်ကြံသူထောင်ပေါင်းများစွာ မီးတောက်များ၏ ဝါးမျိုခြင်းခံလိုက်ရပြီး ပြာအဖြစ် လောင်မြိုက်သွားရာ စစ်မြေပြင်တွင် မချိတင်ကဲ အော်ဟစ်သံများ လွင့်ပျံ့နေတော့သည်။

ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်သာကြာလိုက်သော်လည်း တိုတောင်းလှသော အချိန်လေးအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ပိုင်ရှောင်ချန်းအတွက် ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်ငါးယောက်နှင့် အခြားကျင့်ကြံသူထောင်ပေါင်းများစွာအား သတ်ဖြတ်ရန် မျက်တောင်တစ်ခတ်သာ ကြာလိုက်သည်။

၄င်းမှာအလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသောကြောင့် မည်သူမှ မတုံ့ပြန်နိုင်လိုက်ပေ။ အံ့ဩတုန်လှုပ်ခြင်းလှိုင်းများ စစ်မြေပြင်ကိုဖြတ်၍ ရုတ်ခြည်း ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော အကြည့်များ ပိုင်ရှောင်ချန်းအပေါ်သို့ ဆိုက်ရောက်လာလေသည်။

ပထမဦးစွာ ငြိမ်သက်နေပြီးနောက် ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများ ပင့်သက်ရှိုက်သွားကြပြီး အော်ဟစ်လိုက်ကြသည်။

"ဘုရား၊ ဘုရား အဲဒါ ဘာဖြစ်သွားတာတုံး "

" သောက်ကျိုးနည်း၊ အဲဒါ ဘယ်သူတုံး "

" သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ "

ရန်သူကျင့်ကြံသူများ အံ့သြတုန်လှုပ်နေကြစဥ် အဏ္ဏဝါခေါ်သံဂိုဏ်းသားများကား စိတ်လှုပ်ရှားလျက် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

" ပိုင်ရှောင်ချန်း၊ အဲဒါ ပိုင်ရှောင်ချန်းကွ "

" ဂိုဏ်းဦးလေးပိုင်၊ အဲဒါ ဂိုဏ်းဦးလေးပိုင်ပဲ "

" ပိုင်ရှောင်ချန်း "

မကြာမီ ပိုင်ရှောင်ချန်း၏နာမည်ကို လူတိုင်း အော်ဟစ်နေကြတော့သည်။ ရှန်ကွမ်းထျန်ယုံ၊ ပေဟန်လဲ့၊ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ခေါင်းဆောင်ကြီး၊ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ခေါင်းဆောင်ကြီး၊ မျောက်၊ ယုန်နှင့် မရေမတွက်နိုင်သော လူအပေါင်း ရိုးတွင်းခြင်ဆီအထိ တုန်လှုပ်သွားကြ၏။

ယခင်က ဂိုဏ်းသုံးဂိုဏ်းတွင် လက်ရွေးစင်ဖြစ်ခဲ့ဖူးသော စွမ်းအားကြီးပညာရှင်များသည် ယခုတွင် သူတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများမှာ အဓိကဂိုဏ်းဝင်များ ဖြစ်နေကြလေပြီ။ သူတို့၏မျက်နှာများ၊ အခြားခန္ဓာကိုယ်များအပေါ်တွင် လိပ်အမှတ်အသားရှိနေသည့်အတွက် သူတို့မျက်လုံးများထဲတွင် အမုန်းမီးများ တောက်လောင်နေ၏။

နတ်အဆင့်ခေါင်းဆောင်ကြီးသုံးဦးလုံး မျက်မှောင်ကြုတ်သွားကြပါသော်လည်း ယခုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းနှင့် ရင်ဆိုင်ရန် အချိန်မရှိပေ။ စစ်မြေပြင်တွင် သူ ရုတ်ချည်း ပေါ်ပေါက်လာမှုနှင့် သူ၏ တမူထူးခြားသော အတိုက်အခိုက်စွမ်းရည်ကြောင့် သူတို့ အံသြသွားကြပါသော်လည်း သူက ယင်ယန်ဝိညာဥ်အဆင့်၏ မဟာစက်ဝန်းမှာသာ ရှိနေသေးသည့်အတွက် ယုံကြည်ချက်ရှိနေသေးသည်။

" ဒီကောင့်ကို ခဏ ထားလိုက်ဦး။ ငါတို့ အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို ဖျက်စီးနိုင်တာနဲ့ သူ့ကို သတ်နိုင်တယ် "

နတ်အဆင့်ကျင့်ကြံသူသုံးဦးက အပြန်အလှန် ဆုံးဖြတ်ချက်ချလိုက်ရင်း ပိုင်ရှောင်ချန်းထံမှ အကြည့်လွှဲလိုက်ပြီး သူတို့၏မူလအစီအစဥ်အတိုင်း ဆက်လက်လုပ်ဆောင်လိုက်၏။

ရှင်း​မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက ကောင်းကင်တုန်ဟီးသွားစေနိုင်သည့် လက်ကြီးကို အသုံးပြုကာ စိတ်စွမ်းအင်ခေါင်းဆောင်ကြီး၊ မျောက်၊ ယုန်နှင့် သွေးဘိုးဘေးကြီးအပေါ် ချေမှုန်းခြင်းစွမ်းအားများ ထုတ်လွှတ်နေသည်။

တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက ဓားချီများကို ထုတ်ဖော်ထားပြီး ဘရူဆာကိုကြည့်နေသည့် သူ၏မျက်ဝန်းများတွင် လောဘရောင်လက်နေ၏။

ထို့နောက် တလိပ်လိပ်ထနေသော မဟူရာတိမ်တိုက်ကြီးထက်ရှိ ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၊ သူ၏ ဖျက်စီးခြင်းတိုက်ကွက်များအောက်တွင် အဏ္ဏဝါခေါ်သံဂိုဏ်း၏ ပင်မဝင်ပေါက်ကြီး ပြိုကျပျက်စီးလုမတတ် ဖြစ်နေလေပြီ။

ထိုနတ်အဆင့်ကျင့်ကြံသူသုံးယောက်က မိုးကောင်းကင်၏စိတ်ဆန္ဒကို ကျော်လွန်နေပြီဖြစ်၍ မိုးကောင်းကင်မှာ တုန်ခါနေပြီး တိမ်တိုက်များ အလိပ်လိပ်ထနေတော့သည်။

စုန့်ကျင်းဝမ်မှာ ပိုင်ရှောင်ချန်းကို ငေးမော့ကြည့်ရင်း အံ့ဩတုန်လှုပ်နေတော့သည်။ သူမ၏ပါးစပ် ပွင့်ဟနေပါသော်လည်း မည်သည့်စကားလုံးမှ ထွက်မလာပေ။ သူမမှာ အိပ်မက်မက်နေသည့်အလား ခံစားနေရတော့သည်။

ပိုင်ရှောင်ချန်းက သူမကို ပြောပြချင်နေသည့် အကြောင်းအရာများစွာ ရှိပါသော်လည်း ယခုအခိုက်အတန့်တွင် ဂိုဏ်းက သေရေးရှင်ရေးအန္တရာယ်နှင့်ရင်ဆိုင်နေရသည်ဖြစ်၍ အချိန်မရှိပေ။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပင်လျှင် မချိုးဖောက်နိုင်သည့် တလက်လက်တောက်ပနေသော ဒိုင်းအကာအကွယ်တစ်ခုအား ဆင့်ခေါ်ကာ သူမကို ဝန်းရံစေလိုက်သည်။ ထို့နောက် သူက အဏ္ဏဝါခေါ်သံဂိုဏ်းအပေါ် ပြင်းထန်သည့် ဖျက်စီးခြင်းစွမ်းအားများ ထုတ်လွှတ်နေသော နတ်အဆင့်ကျင့်ကြံသူသုံးယောက်ကို လှမ်းကြည့်လိုက်သည်။ သူတို့က စစ်ပွဲ၏အခရာဖြစ်ကြောင်း သူသိသည်။ သူသာ သူတို့ကို ချေမှုန်းနိုင်လျှင် တိုက်ပွဲ၏စီးကြောင်း ပြောင်းသွားပေမည်။

" ဒီကောင်တွေက အစောပိုင်းနတ်အဆင့်မှာပဲ ရှိသေးတာကို ဘယ်လိုလုပ် ငါ့ရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဝံ့နေရတာတုံး "

ပိုင်ရှောင်ချန်း၏ မျက်လုံးများကား လုံးဝနီရဲနေပြီဖြစ်ပြီး အထူးသဖြင့် တာအိုမြစ်ဂိုဏ်းခေါင်းဆောင်ကြီးက ဓားချီစီးကြောင်းများ ခြံရံလျက် ဘရူဆာကို ခုတ်ပိုင်းရန် မည်မျှအပြင်းအထန်ကြိုးစားနေကြောင်း မြင်လိုက်ရသည်တွင် ဖြစ်ပေသည်။ပိုင်ရှောင်ချန်းက ကောင်းကင်တံတားဓမ္မမျက်လုံးကို ဖွင့်လိုက်ကာ ခရမ်းရောင်အလင်းများ ဖြန့်ကျက်လိုက်၏။ ထို့နောက် သူက လှစ်ခနဲ လှုပ်ရှားသွားကာ ဂိုဏ်းဌာနချုပ်ရှိရာဘက်သို့ လျှပ်စီးလက်သည့်အလား ပျံသန်းသွားလေသည်။

All Chapters