ခန္ဓာကိုယ် ဖျက်ဆီးခံရခြင်း
Vol. 9 Ch. 867
ဘရူဆာမှာ ဂိုဏ်းဌာနချုပ်ထဲသို့ ရောက်နေပြီး အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရပါသော်လည်း စိတ်လှုပ်ရှားနေသည်။ သူ၏ စိတ်အားထက်သန်မှုများမှာ သူ့အား စွမ်းအားများပို၍ ပေးစွမ်းနေသကဲ့သို့ဖြစ်နေသော်လည်း စိတ်လိုက်မာန်ပါ မလုပ်သင့်ကြောင်း သူ သိသည်။ သူ၏ခြေထောက်အောက်မှ အနက်ရောင်မီးတောက်ပင်လယ်ကြီး တဟုန်းဟုန်းတောက်လောင်လာပြီး သူ နောက်သို့ဆုတ်သွားချိန်တွင် သူ၏ခန္ဓာကိုယ်အား ဝန်းရံပေးထားသည်။
တချိန်ထဲမှာပင် တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ရာ သူ၏ပတ်ပတ်လည်ရှိ ဓားချီများမှာ ဧရာမဓားကြီးတစ်ချောင်းအသွင် ပြောင်းလဲသွားသည်။ ၎င်းဓားကြီးမှာ ကောင်းကင်၏ စိတ်ဆန္ဒအပြည့်ဖြင့် ဘရူဆာအား ခုတ်ထစ်လိုက်တော့သည်။
တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ ပိုင်ရှောင်ချန်းကိုသာမက သူ၏တတိယမျက်လုံးထဲမှ ထွက်ပေါ်လာနေသည့် ခရမ်းရောင်အလင်းတန်းကိုပါ ဂရုမစိုက်ပေ။ သူသည် လက်ကိုသာဝှေ့ယမ်းလိုက်ပြီး ဓားချီများ၏ အစိတ်အပိုင်းတစ်ခုကိုသာ ၎င်းကိုတားဆီးရန် စေလွှတ်လိုက်သည်။
သို့သော် ထိုဓားချီမှာ ခရမ်းရောင်အလင်းတန်းကြီးကို ထိမိသွားသည်နှင့် ၎င်း၏ပြင်းအားကိုမခုခံနိုင်ပဲ ပျက်ဆီးသွားသည်။ ထိုအခါ တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ အံ့အားသင့်သွားပြီး နောက်ဆုတ်ရန် ကြိုးစားလိုက်ပါသော်လည်း ထိုအလင်းတန်းကို မရှောင်တိမ်းနိုင်လိုက်ပေ။ ၎င်းမှာ သူ့ကိုဖမ်းချုပ်လိုက်ပြီး ချက်ချင်းပင် သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်လိုက်သည်။
ထို့နောက် ပိုင်ရှောင်ချန်းမှာ မှုန်ဝါးပျောက်ကွယ်သွားပြီးနောက် ဘရူဆာ၏ရှေ့တွင် ရပ်လျက်သား ပြန်ပေါ်လာသဖြင့် ထိုခေါင်းဆောင်ကြီးမှာ မျက်နှာပျက်သွားပြီး နှလုံးခုန်နှုန်းများ မြန်ဆန်လာတော့သည်။
ဘရူဆာမှာ စိတ်လှုပ်တရှားအော်ဟစ်မြည်တမ်းလိုက်ပြီး သူ၏မျက်ဝန်းထဲမှ ပျော်ရွှင်မှုများကို ထိန်းသိမ်း၍ မရတော့ပေ။ ပိုင်ရှောင်ချန်းမှာ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်သည့် ဘရူဆာ၏ ဖခင်ကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။
ဘရူဆာသည် ပိုင်ရှောင်ချန်းအပေါ်တွင် ဆွေမျိုးရင်းချာတစ်ယောက်ကဲ့သို့ အားကိုးအားထားပြုနေသည်လည်းဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် အော်ဟစ်လိုက်ပြီး သူ၏ညာလက်သီးအား ထိုဓားကြီးရှိရာဘက်သို့ ထိုးနှက်လိုက်သည်။ ထိုအချင်းအရာကို တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်အေးသွားပြီး သူ၏မျက်လုံးများမှာ အေးစက်စက်အငွေ့အသက်များနှင့်အတူ စူးရှတောက်ပသွားတော့သည်။
" ဒီခရမ်းရောင်အလင်းတန်းက ထူးဆန်းပေမဲ့ ဒီကလေးက ငယ်ပြီးအတွေ့အကြုံမရှိသေးပါဘူး။ ဒီအခွင့်အရေးကိုအသုံးချပြီး ငါ့ကိုဒဏ်ရာရအောင်မလုပ်တာ ငါဖြင့်မယုံနိုင်ဘူး။ ငါ့ရဲ့ စူးရှတဲ့ ဓားချီကို ထိဖို့ကြိုးစားတာက သေကြောင်းကြံ.... "
သို့သော် သူ၏စိတ်ထဲတွင် ပြီးဆုံးအောင်ပင် မတွေးတောနိုင်ခင်မှာပင် သူ၏မျက်လုံးများက သရဲသဘက်အား မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရသည့်အလား ပြူးကျယ်သွား၏။
သူ အပြည့်အဝ ယုံကြည်ချက်ထားသည့် ဓားချီမှာ ပိုင်ရှောင်ချန်း၏ လက်သီးနှင့် ထိသွားသောအခါ ဖောက်ခနဲအသံတစ်သံ ထွက်ပေါ်လာပြီး ထိုဓားချီမှာ ကြေမွသွားတော့သည်။
သတ္ထုနံရံတစ်ခုနှင့် တိုက်မိလျှင်ပင် ယခုကဲ့သို့ ကြေမွပျက်ဆီးသွားမည်မဟုတ်ပေ။ ထိုဓားချီများ အရပ်မျက်နှာအနှံ့ လွင့်စင်သွားချိန်တွင် ပိုင်ရှောင်ချန်းမှာမူ အနည်းငယ်ပင် ထိခိုက်မှုမရှိလိုက်ပေ။
တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ အသားများတဆတ်ဆတ်တုန်ရီသွားပြီး ပင့်သက်ရှိုက်မိသွားတော့သည်။ ကောင်းကင်၏ စိတ်ဆန္ဒများနှင့် ယှဥ်ပြိုင်ခဲ့ရပါသော်လည်း ပိုင်ရှောင်ချန်းက အနည်းငယ်ပင် ဒဏ်ရာမရလိုက်သည့်အချက်မှာ အလွန်တုန်လှုပ်ဖွယ်ကောင်းနေသည်။
" မင်းကလည်း နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲကိုး "
သူ၏နှုတ်မှ လွှတ်ခနဲထွက်သွားသည်။ ထိုနေရာမှ လူများမှာ ထိုစကားကိုကြားလိုက်ရသောအခါ ချက်ချင်းပင် အံ့အားသင့်သွားကြပြီး မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်ကြသည်။ အဏ္ဏဝါခေါ်သံဂိုဏ်းသားများ၏ ရင်ထဲတွင်မူ စိတ်လှုပ်ရှားမှုများ ပို၍ကြီးထွားလာတော့သည်။
သွေးဘိုးဘေးကြီးထဲရှိ စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ခေါင်းဆောင်ကြီးနှင့် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ခေါင်းဆောင်ကြီးတို့မှာလည်း အလွန်အံ့သြသွားကြပြီး မျောက်ကလေးမှာလည်း ထိုနည်းတူပင်။ သို့သော် ရှင်းမြစ်ဂိုဏ်းခွဲနှင့် ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးတို့နှစ်ဦးစလုံးမှာ တုန်လှုပ်သွားကြပြီး သူတို့၏သတ်ဖြတ်လိုစိတ်များ ပို၍ ကြီးထွားလာတော့သည်။
" သေချင်နေတယ်ပေါ့ ဟုတ်လား "
ပိုင်ရှောင်ချန်းသည် ဘရူဆာ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာနှင့် အမာရွတ်များကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ အလွန်အမင်း နီမြန်းသွားတော့သည်။ ဘရူဆာ၏လည်ပင်းပေါ်ရှိ ဒဏ်ရာကြီးကို မြင်လိုက်ရသောအခါ ပို၍ဆိုးသွားတော့သည်။ သူသည် ဒေါသတကြီးအော်ဟစ်လိုက်ပြီး တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးထံသို့ ပြေးသွားတော့သည်။
တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ ရင်တုန်သွားသည်။ သို့သော် သူသည်နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်မဟုတ်လော။ မော်တယ်တာအို အဆင့်တွင်သာရှိနေသည်ဖြစ်ပါသော်လည်း သူက မာနကြီးကာ ခေါင်းမာနေဆဲပင်။ ထို့ကြောင့် သူသည် လက်နှစ်ဖက်စလုံးဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး ဓားချီများကို ထပ်မံထုတ်လွှတ်လိုက်လေသည်။ ထိုအခါ မရေမတွက်နိုင်သော ဧရာမဓားကြီးများမှာ အချောင်းတစ်သိန်းတိတိ ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်းအပေါ်သို့ မိုးရေစက်များအလား ကျဆင်းသွားတော့သည်။
ထိုဓားတစ်လက်စီတိုင်းက ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို အပြင်းအထန် ဒဏ်ရာ ရသွားစေနိုင်သည်။ ၎င်းတို့ထဲတွင် ကောင်းကင်၏စိတ်ဆန္ဒများထက် သာလွန်နေသည့် တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၏ စိတ်ဆန္ဒများပါဝင်နေသည်ဖြစ်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးနှစ်ခုတို့၏ ပေါင်းစည်းထားသော စွမ်းအင်အမြောက်အများလည်း ပါဝင်နေသည်။ သူ၏ ရည်ရွယ်ချက်မှာ ပိုင်ရှောင်ချန်းအား တတ်နိုင်သမျှ အမြန်ဆုံးသတ်ဖြတ်ရန်ဖြစ်သည်။
ထိုစဥ် ရှင်းမြစ်ဂိုဏ်းခွဲနှင့် ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးများမှာ အနှီခေါင်းမာလှသော ပိုင်ရှောင်ချန်းအား ဆုံးမရန် အပြေးရောက်လာကြသည်။
အခြားခေါင်းဆောင်ကြီးနှစ်ယောက်ပါ လှုပ်ရှားလိုက်ချိန်တွင် တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၏ ဓားပေါင်းအချောင်း တစ်သိန်းမှာ ပိုင်ရှောင်ချန်းအပေါ်သို့ ကျဆင်းသွားတော့သည်။
ပိုင်ရှောင်ချန်းမှာမူ ထာဝရအရိုးအဆင့် မဟာစက်ဝန်းရှိ အပြင်အားများကို ထုတ်ဖော်၍ ရှေ့သို့ တဟုန်ထိုးပြေးသွားသည်။ ထိုစွမ်းအားများကိုသုံးကာ သူက တောင်ဖြိုတိုက်ကွက်ကို ထုတ်လိုက်တော့သည်။
၎င်းတိုက်ကွက်၏ အံ့သြတုန်လှုပ်ဖွယ်ကောင်းလှသော စွမ်းအားကြီးကြောင့် ကောင်းကင်းကြီး တုန်ရီသွားပြီး မြေပြင်ထဲမှ တဂျုန်းဂျုန်း မြည်ဟည်းသံများ ထွက်ပေါ်လာသည်။ သူသည် ရှေးပဝေသဏီမှ တည်ရှိခဲ့ဖူးသော ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်အလား မျက်စိကျိန်းစရာကောင်းသော အမြန်နှုန်းမျိုးဖြင့် ရှေ့သို့ပြေးသွားတော့သည်။
သူထိုသို့ပြေးသွားသောအခါ သူ၏ပတ်ပတ်လည်ရှိ လေထုကြီး ရှုံ့တွလာပြီး ဓားမိုးများ အောက်သို့မကျခင်မှာပင် တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၏ ရှေ့သို့ ရောက်ရှိသွားသဖြင့် တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ အလွန်အမင်း တုန်လှုပ်သွားရတော့သည်။
ထို့နောက် အုန်းခနဲမြည်ဟည်းသံတစ်သံ ထွက်ပေါ်လာပြီး တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၏ ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာသည်။ သူသည်နောက်သို့ဆုတ်ရန် ကြိုးစားလိုက်ပါသော်လည်း မည်သို့မျှ မလှုပ်ရှားနိုင်သေးခင်မှာပင် ပိုင်ရှောင်ချန်းက သူစုစည်းထားခဲ့သည့် အဟုန်ကိုအသုံးချ၍ သူ၏လက်ညှိုးနှင့်လက်မကို ဆန့်ထုတ်လိုက်သည်။ ထိုအခါ အနက်ရောင်အလင်းတစ်ခု ဖျက်ခနဲလက်သွားပြီး အားကောင်းသော ဆွဲငင်အားတစ်ခု ပေါ်ထွက်လာသည်။
၎င်းသည်ကား... လည်မျိုဖမ်းဆုပ်ကွက်ပင်ဖြစ်သည်။
ထွက်ပြေးရန်ပြင်နေသည့် ခေါင်းဆောင်ကြီးမှာ တုန်ရီသွားပြီး ပိုင်ရှောင်ချန်းက သူ၏လည်ပင်းနားသို့ လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် ကပ်လာသဖြင့် သူ၏ မျက်ဝန်းထဲတွင် အကြောက်တရားများ ဖုံးလွှမ်းသွားတော့သည်။
သေရေးရှင်ရေး အခြေအနေသို့ ရောက်နေပြီဖြစ်၍ တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ မည်သို့ဆက်လုပ်ရမည်ကို တွေးတောနေရန် အချိန်မရှိတော့ချေ။ သူသည် ယခင်က အခြားနတ်အဆင့်ကျင့်ကြံသူများနှင့် မတိုက်ခိုက်ဖူးသည်လည်း မဟုတ်ပေ။ ပိုင်ရှောင်ချန်းကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလောက်အောင် လျင်မြန်သည့် လူမျိုးနှင့် မကြုံဖူးခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းက အသက်ထွက်သည့်အချိန်အထိ ရန်သူနှင့်သတ်ပုတ်နိုင်လောက်သည့် သူရသတ္တိများကို ပိုင်ဆိုင်ထားသည့်လား ရက်စက်လွန်းလှသည်။ ထိုရူးသွပ်မှုမျိုးထဲတွင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း အနည်းငယ်မျှပင် မပါဝင်ပေ။ သို့သော် တချိန်ထဲမှာပင် တစ်နည်းအားဖြင့်ဆိုရသော် သူ၏ သတ်ဖြတ်လိုစိတ်က ကောက်ကျစ်စဥ်းလဲနေရာ တိုက်ပွဲအသိစိတ်တစ်ခုကဲ့သို့လည်း ဖြစ်နေသည်။
တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၏စိတ်ထဲတွင် ခြောက်ခြားမှုလှိုင်းများ ဂယက်ထနေပြီဖြစ်၍ ပင့်သက်ရှိုက်သံကြီး ထွက်လာသည်။ ရှင်းမြစ်ဂိုဏ်းခွဲနှင့် ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးတို့မှာလည်း အချိန်မီ အကူအညီပေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ ဓားအချောင်းတစ်သိန်းအား လေကိုခွင်းစေလိုက်ပြီး ပိုင်ရှောင်ချန်းကို တားဆီးရန် ကြိုးပမ်းလိုက်သည်။
ထိုဓားမိုးများ သူ၏အနီးသို့ရောက်လာသောအခါ ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဖျပ်ခနဲ လက်သွားပြီး လုံးဝလျစ်လျူရှုလိုက်သည်။ သူက ရှောင်တိမ်းရန်မကြိုးစားပဲ ရှေ့သို့ဆတ်ခနဲ ပြေးဝင်သွားပြီး လက်ကို ဆန့်ထုတ်၍ ခေါင်းဆောင်ကြီး၏ ညာလက်ကို ဖမ်းချုပ်လိုက်သည်။ ထို့နောက် သူက လက်ကို ညှစ်ချလိုက်သည်။
လည်မျိုဖမ်းဆုပ်ကွက်၏ စွမ်းအားကြောင့် နတ်အဆင့်ခေါင်းဆောင်ကြီး၏ လက်မှာ အစိတ်စိတ် အမြွှာမြွှာ ကျိုးကျေသွားသဖြင့် လေထဲတွင် အက်ကွဲသံများ ပြည့်နှက်သွားသည်။ သူ၏လက်တစ်ဖက်ကား လုံးဝကျိုးသွားပြီဖြစ်သည်။
သူ၏နှုတ်မှ စူးရှသောအော်ဟစ်သံတစ်သံ ထွက်လာပြီး သူ၏မျက်နှာ ဖြူဆုတ်သွားသည်။ သူ၏မျက်ဝန်းထဲတွင် ဒေါသမီးများ တောက်လောင်လာသော်လည်း ထိုဒေါသထဲတွင် တုန်လှုပ်မှုများ ရောယှက်နေသည်။ သူ နတ်အဆင့်သို့ ရောက်ခဲ့သည့်အချိန်မှစ၍ ယခုအထိ ပိုင်ရှောင်ချန်းမှာ သူရင်ဆိုင်ဖူးသမျှ လူများထဲတွင် စွမ်းအားအကြီးဆုံး ဖြစ်နေသည်။
ရုတ်တရက် သူသည် ပိုင်ရှောင်ချန်းအား တစ်ယောက်ထဲ တိုက်ခိုက်လိုစိတ် မရှိတော့ပေ။ ထို့ကြောင့် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူ၏သက်တမ်းအနည်းငယ်ကို လောင်ကျွမ်းစေလိုက်ကာ သူ့အား နောက်ဘက်သို့ အံ့သြဖွယ်ကောင်းသော အမြန်နှုန်းကြီးဖြင့် တွန်းကန်ပေးနိုင်သည့် လျှို့ဝှက် မှော်အတတ်တစ်ခုကိုသုံးလိုက်သည်။
သို့သော် သူစတင်လှုပ်ရှားသွားသော အချိန်မှာပင် ပိုင်ရှောင်ချန်းက တွေဝေမနေပဲ ထာဝရပြုစားခြင်း အတတ်ကို ထုတ်သုံးလိုက်သည်။ ထိုအခါ သူတစ်ယောက်မှလွဲ၍ ဤကမ္ဘာထဲရှိ အရာရာတိုင်း ရုတ်တရက် နှေးကွေးသွားသည်။ ထို့နောက် သူသည် ဝုန်းခနဲလှုပ်ရှားလိုက်ပြီး ထွက်ပြေးနေသည့် ခေါင်းဆောင်ကြီးနောက်သို့ လိုက်သွားတော့သည်။
လူတိုင်း မြင်နေရသည့် မြင်ကွင်းမှာမူ ပိုင်ရှောင်ချန်းသည် အသံထက်ပို၍လျင်မြန်သော အမြန်နှုန်းဖြင့် ခေါင်းဆောင်ကြီးအား လိုက်ဖမ်းနေခြင်းပင်ဖြစ်သည်။
ထိုခေါင်းဆောင်ကြီးကို တစ်ခဏလေးအတွင်း လိုက်မီသွားပြီးနောက် သူသည် လက်သီးဆုပ်၍ နတ်အဆင့်ရှိသော အပြင်အားကို သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအင်ပါထည့်ပေါင်း၍ ထိုးချလိုက်သည်။
ထိုအခါ နတ်အဆင့်ခေါင်းဆောင်ကြီး၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး သူ၏ရင်ဘတ်ကြီးမှာ အတွင်းသို့ ချိုင့်ဝင်သွားသည်။ သူ၏သက်စောင့်အားမှာ အလျင်အမြန် ကုန်ခန်းနေပြီဖြစ်ပြီး သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ဖုံးလွှမ်းနေတော့သည်။ အခြားနည်းများဖြင့် ထွက်ပြေးရန် သူက ချက်ချင်း စဥ်းစားလိုက်တော့သည်။
ယခုတွင်မူ သူသည် သေခြင်းတရား၏အငွေ့အသက်ကို အာရုံခံမိနေပြီဖြစ်သည်။
ရှင်းမြစ်ဂိုဏ်းခွဲနှင့် ကျစ်မြစ်ဂိုဏ်းခွဲ ခေါင်းဆောင်ကြီးတို့မှာ အလောတကြီး ပြေးလာနေကြပါသော်လည်း ပိုင်ရှောင်ချန်းက ယုံကြည်နိုင်စရာ မရှိသော အမြန်နှုန်းနှင့် တိုက်ခိုက်နေသဖြင့် သူတို့က ရောက်မလာသေးပေ။ သို့သော် အလွန်နီးကပ်နေပြီဖြစ်သည်။ ထိုအချက်ကို ပိုင်ရှောင်ချန်းက သတိထားမိလိုက်သဖြင့် သူ၏မျက်ဝန်းများမှာ ဖျပ်ခနဲ လက်သွားပြီး များပြားလှသော အေးစိမ့်ချီများ ထွက်ပေါ်လာကာ မီတာသုံးထောင် ပတ်ပတ်လည်နေရာတစ်ခုလုံး ပြည့်နှက်သွားတော့သည်။
၎င်းမှာ အေးစိမ့်ရေကန်ကြီး...သို့မဟုတ် အေးစိမ့်နယ်မြေတစ်ခုနှင့် တူနေသည်။ ထို့အပြင် ထိုနယ်မြေထဲတွင် ပိုင်ရှောင်ချန်းကဲ့သို့ ပုံရိပ်ကိုးခုပေါ်လာသည်။
သူတို့သည် တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးဆီသို့ လျှပ်စီးလက်သည့်အလား ပြေးသွားကြပြီး သူ မလှုပ်ရှားနိုင်ခင်မှာပင် သူ၏ခန္ဓာကိုယ်အား ကြိမ်ဖန်များစွာ ဖောက်ထွင်းသွားကြသဖြင့် သွေးပျက်ခြောက်ခြားဖွယ်ရာ အသံကြီးများထွက်လာတော့သည်။
ခေါင်းဆောင်ကြီး၏ ဦးခေါင်းမှာ လေထဲသို့လွင့်စင်သွားပြီး သူ၏ကျန်ရှိနေသော ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားသဖြင့် တအုန်းအုန်းမြည်ဟည်းသံများ ပေါ်လာသည်။ သူသည် ယင်ယန်ဝိညာဥ် တစ်ခုအသွင်သာ ရှိတော့သည်ဖြစ်ပြီး လျှို့ဝှက်မှော်အတတ်တစ်ခုနှင့် အခြားသော အသက်ကယ်ပစ္စည်းများကိုသုံး၍ မပျက်စီးသွားေစရန် အားထုတ်နေရသည်။ သူသည် အင်အားချည့်နဲ့စွာနှင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး တချိန်လုံး ကြောက်လန့်တကြားအော်ဟစ်ကာ ထွက်ပြေးသွားသဖြင့် သူ၏ခန္ဓာကိုယ်မှ အကြွင်းအကျန်များ ကျန်ရစ်ခဲ့တော့သည်။