← Chapters

တိုက်ပွဲဆီသို့ ရှေးရှု၍

Vol. 9 Ch. 868

တိုက်ပွဲဆီသို့ ရှေးရှု၍

Vol. 9 Ch. 868

တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၏နောက်သို့ ထပ်၍လိုက်ရန် မဖြစ်နိုင်တော့ကြောင်း ပိုင်ရှောင်ချန်းက သိလိုက်သည်။ ထို့ကြောင့် အေးစက်စက်နှာမှုတ်လိုက်ပြီး သူ၏ကိုယ်ပွားကိုးခုအား အောက်ဘက်ရှိ စစ်မြေပြင်ဆီသို့ စေလွှတ်လိုက်သည်။

ထိုကိုယ်ပွားများမှာ ရောက်သည့်နေရာတိုင်းတွင် ရန်သူများကို တစ်ယောက်မကျန် သတ်ဖြတ်နေတော့သည်။ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာ အဓိက ပစ်မှတ်ထားခံနေရပြီး အချိန်တိုအတွင်း ဆယ်ယောက်ခန့် သတ်ဖြတ်ခံလိုက်ရသည်။

၎င်းမှာ ယင်ယန်ဝိညာဥ်အဆင့် မဟာစက်ဝန်းရှိ ပိုင်ရှောင်ချန်းပိုင်ဆိုင်ထားသည့် အေးစိမ့်နယ်မြေ၏ အမြင့်ဆုံးအတိုင်းအတာဖြစ်သည်။ သူသည် စွမ်းအားကြီး ကိုယ်ပွားများစွာ ထုတ်နိုင်ပါသော်လည်း ၎င်းတို့မှာ အချိန်အတိုင်းအတာ တစ်ခုထိသာ ခံသည်။

သို့သော်လည်း အသက်ရှူကြိမ်အနည်းငယ်အတွင်း သူသည် အောက်ဘက်ရှိ စစ်မြေပြင်ထဲမှ ယင်ယန်ဝိညာဥ်အဆင့် ကျင်ကြံသူ တစ်ဒါဇင်ကျော်ကို သတ်ဖြတ်နိုင်လိုက်ပြီး တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၏ အပြင်ခန္ဓာကိုယ်ကိုပါ ဖျက်ဆီးနိုင်လိုက်သဖြင့် သူသည် ယင်ယန်ဝိညာဥ်အသွင်နှင့် ထွက်ပြေးသွားရသည်။

လူတိုင်းမှာ မိုးကြိုးအချက်ပေါင်းများစွာ ပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။

" မဖြစ်နိုင်တာ "

" ခေါင်းဆောင်ကြီး၊ ဒါ...ဒါ...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

" သူ့ကျင့်ကြံခြင်းအခြေခံအဆင့်က ဘယ်လောက်လဲ။ အသက်ရှူကြိမ်အနည်းငယ်အတွင်း ယင်ယန်ဝိညာဥ်ကျင့်ကြံသူအများကြီးကို သတ်ပစ်ပြီး နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကိုပါ အနိုင်ယူလိုက်တာပါလား "

ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများမှာ လုံးဝအံ့အားသင့်နေကြပြီး မယုံကြည်နိုင်လွန်းသဖြင့် တုန်ရီနေကြတော့သည်။ တာအိုမြစ်ဂိုဏ်းခွဲမှ ခေါင်းဆောင်ကြီးအား ပိုင်ရှောင်ချန်းက ကျွမ်းကျင်ပိုင်နိုင်စွာ အနိုင်ယူလိုက်သဖြင့် ထိုခေါင်းဆောင်ကြီးမှာ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားရသည်ကို မြင်လိုက်ရသောအခါ သူတိုအားလုံးမှာ အသိစိတ် ပျောက်လုမတတ် ဖြစ်ကုန်ကြသည်။

တာအိုမြစ်ဂိုဏ်းခွဲမှ ကျင့်ကြံသူများမှာ အဆိုးဆုံးဖြစ်ပြီး အလွန်အမင်း ထိတ်လန့်နေကြတော့သည်။

ယခင်က ပိုင်ရှောင်ချန်းသည် ဂိုဏ်းသုံးဂိုဏ်းမှ လက်ရွေးစင်များ၏ ခန္ဓာကိုယ်များပေါ်တွင် လိပ်ပုံစံ အမှတ်အသားများ ထင်ကျန်စေခဲ့သည်။ ယခုတွင်လည်း သူ့ကြောင့် သူတို့အားလုံးမှာ ကြောက်လန့်ကာတုန်ရီနေရပြီး မြင်နေရသည့်အရာများကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပြီဖြစ်သည်။ သူတို့၏ ခေါင်းဆောင်ကြီးမှာ အသတ်ခံရလုနီးပါး ဖြစ်သွားပြီး ဖရိုဖရဲနှင့် ထွက်ပြေးသွားရသည့်အချက်ကိုကြည့်၍ ယခုတွင် ပိုင်ရှောင်ချန်းမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍မရလောက်အောင် စွမ်းအားကြီး မားနေပြီဖြစ်ကြောင်း သိနိုင်သည်။

ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများမှာ စိတ်ဓာတ်ကျနေတော့သည်။ သို့သော် အဏ္ဏဝါခေါ်သံဂိုဏ်းမှ ကျင့်ကြံသူများမှာမူ အသံကုန်အော်ဟစ်၍ အားပေးကာ ပျော်ရွှင်မြူးထူးနေကြတော့သည်။

သူတို့မှာ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ပေ။ အဏ္ဏဝါခေါ်သံဂိုဏ်းက ဖိအားအောက်ရောက်နေရသည်မှာ အလွန် ကြာမြင့်နေပြီမဟုတ်ပါလော။ ဂိုဏ်းသားများ အပြင်ထွက်၍ လေ့ကျင့်ချိန်များမှာပင် သူတို့သည် အခြားဂိုဏ်းကြီးသုံးဂိုဏ်း၏ အနိုင်ကျင့်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရသည်။ ထိုကတောက်ကဆများမှာ အခြေအနေဆိုးရွားလွန်းသဖြင့် အချို့သောဂိုဏ်းသားများမှာ ပဋိပက္ခများအတွင်း အသက်ပေးခဲ့ရသည်။

သို့သော်လည်း အဏ္ဏဝါခေါ်သံဂိုဏ်းမှာ အင်အား မတောင့်တင်းခဲ့ပေ။ ရေရှည်အတွက်အကျိုးကို မျှော်ကိုး၍ အခြေအနေများ အလွန်လျှင်မြန်စွာ ပို၍ဆိုးရွားသွားမည်ကို တားဆီးနိုင်ရန်နှင့် ဂိုဏ်းသုံးဂိုဏ်းအား မိမိတို့ကို တိုက်ခိုက်ရန် အကြောင်းပြချက်တစ်ခုအား ပေးလိုက်သကဲ့သို့ ဖြစ်သွားမည်ကို ရှောင်တိမ်းနိုင်ရန်အတွက် သူတို့မှာ ခေါင်းငုံ့ကာ အံကြိတ်ခံခဲ့ရသည်။

သို့သော် သူတို့မည်မျှပင် ခေါင်းငုံ့ခံခဲ့စေကာမူ ထိုဂိုဏ်းသုံးဂိုဏ်းမှာ အဏ္ဏဝါခေါ်သံဂိုဏ်းအား ကွက်မျက်ရန်အတွက် ရှင်းကုံကျစ်တာအိုဂိုဏ်းမှ သွယ်ဝိုက်သော ထောက်ခံချက်တစ်ခုကို ရယူနိုင်ခဲ့သည်။ ထို့ကြောင့် ထိုဂိုဏ်းသုံးဂိုဏ်းအပေါ်ထားရှိသော အဏ္ဏဝါခေါ်သံဂိုဏ်းသားများ၏ အမုန်းတရားများမှာ ဖော်ပြ၍မရနိုင်လောက်သည့် အဆင့်အထိ ရောက်သွားရပြီဖြစ်သည်။ ကောင်းကင်ကြီးတစ်ခုအောက်တွင် အတူနေလိုစိတ်ပင် မရှိတော့ပေ။

ယခုတွင်မူ ဘုန်းတန်ခိုးကြီးမားသော နတ်အဆင့်ခေါင်းဆောင်ကြီး တစ်ယောက်မှာ အပြဲပြဲအကွဲကွဲနှင့် ထွက်ပြေးသွားရပြီဖြစ်သည်။ ထိုအချင်းအရာမှာ စိတ်လှုပ်ရှားစရာကောင်းလွန်းလှသဖြင့် အဏ္ဏဝါခေါ်သံဂိုဏ်းသားများမှာ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ပေ။ အရေးကြီးဆုံးအချက်မှာ ပိုင်ရှောင်ချန်းဖြစ်သည်။ သူသည် အဏ္ဏဝါခေါ်သံဂိုဏ်း၏ အချက်အချာ၊ နှလုံးသားကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။ ဂိုဏ်း၏နာမည်ကိုပင် သူစဥ်းစားပေးခဲ့ခြင်းဖြစ်သည်။ သူသည် ဂိုဏ်းသားများ၏ ဂုဏ်ယူအားထား၍ ချီးမြှင့်မြှောက်စားခြင်းကိုခံရသူဖြစ်ပြီး ပြိုင်ဘက်ကင်း လက်ရွေးစင်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်သူလည်းဖြစ်သည်။

" ဂိုဏ်းတူဘိုးဘိုးပိုင် "

" ဂိုဏ်းတူဘိုးဘိုးပိုင် "

" ဂိုဏ်းတူဘိုးဘိုးပိုင် "

ထိုနာမည်ကို မည်သူစ၍အော်ခေါ်လိုက်သည်ကိုမူ အတိအကျမသိနိုင်ပေ။ သို့သော် ခဏအကြာတွင် အဏ္ဏဝါခေါ်သံဂိုဏ်းထဲရှိ လူတိုင်းမှာ ထိုအတိုင်းလိုက်အော်နေကြသဖြင့် အသံလှိုင်းလုံးကြီးများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

စုန့်ကျင်းဝမ်မှာလည်း စိတ်လှုပ်ရှားမှုများကို အတောမသတ်နိုင်တော့ပေ။ သူမ၏ရှေ့တွင် ပိုင်ရှောင်ချန်း မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရသည်မှာ အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေသဖြင့် သူမ၏ မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုမျက်ရည်များ ဝဲနေတော့သည်။

ရှန်ကွမ်းထျန်ယုံမှာ စကားတစ်ခွန်းမှ မပြောပေ။ သူသည် မောပန်းနွမ်းနယ်နေသည့်ပုံ ပေါ်နေပြီး မျက်ဝန်းထဲတွင် ခံစားချက်ပေါင်းစုံ ရောယှက်နေသည်။ သို့သော် နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီဖြစ်၍ သူ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူသည် အလွယ်တကူ စိတ်လှုပ်ရှားတတ်သည့် လူစားမျိုး မဟုတ်တော့ပေ။

ပေဟန်လဲ့မှာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်၍ ဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းသားများကို အမုန်းမျက်လုံးများဖြင့် ကြည့်နေသည်။ သူ၏အနီးတွင် အနက်ရောင် ခွေးကြီးတစ်ကောင်၏ အသက်မရှိတော့သော ခန္ဓာကိုယ် လဲလျောင်းနေသည်။ ပိုင်ရှောင်ချန်း မရောက်ရှိလာခင် ထိုခွေးကြီးက သူ့အားကာကွယ်ရန် အသက်ပေး၍တိုက်ခိုက်ပေးခဲ့သည်။

ဂိုဏ်းဌာနချုပ်ထဲတွင်မူ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ခေါင်းဆောင်ကြီးမှာ သွေးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ထဲသို့ ရောက်နေသည်ဖြစ်ပြီး စိတ်လှုပ်ရှားလွန်းသဖြင့် အသားများတုန်ရီနေသည်။ မကြာသေးမီက သူသည် မျှော်လင့်ချက်များ မရှိတော့သည့်အလား ခံစားနေရသော်လည်း ယခုတွင်မူ ပိုင်ရှောင်ချန်းသည် လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက အလယ်တောင်တွင် ညမုဆိုးအဖြစ်ရှိခဲ့စဥ်က ပုံစံနှင့် တူနေသည်ဖြစ်ကြောင်း တွေးနေမိတော့သည်။

သွေးဘိုးဘေးကြီး၏အပေါ်တွင် ရပ်နေသည့် ယုန်ကလေးမှာလည်း ပိုင်ရှောင်ချန်းကိုကြည့်၍ မည်သူမှ မကြားနိုင်လောက်သည့်အသံဖြင့် ရေရွတ်လိုက်သည်။

စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ခေါင်းဆောင်ကြီး၊ ကျိန်းယွမ်သုန်နှင့် မျောက်ကလေးတို့မှာလည်း ဂိုဏ်း၏ မျှော်လင့်ချက်ကြီးကို ကြည့်နေသည့်အလား။

" ဒါငါပြောနေတဲ့ အံ့ဖွယ်ဖြစ်ရပ်ပဲ "

မျောက်ကလေးက စူးရှတောက်ပနေသည့်မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။

အဏ္ဏဝါခေါ်သံဂိုဏ်းမှာ စိတ်လှုပ်တရှားဖြစ်နေကြစဥ် ပိုင်ရှောင်ချန်းမှာ တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၏ ပျက်စီးသွားသော အပြင်ခန္ဓာကိုယ်နှင့် ထွက်ပြေးနေသည့် သူ၏ယင်ယန်နတ်ဝိညာဥ်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် အခြားနတ်အဆင့်ကျင့်ကြံသူတစ်ယောက် ရှုံးနိမ့်သွားသည့်အတွက် တုန်လှုပ်ကာ ရှေ့သို့ဆက်တိုးမလာတော့သည့် ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးနှင့် ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။

သူတို့သည် နတ်အဆင့်ကျင့်ကြံသူများဖြစ်ပြီး နတ်အဆင့်အကြောင်းကို ကောင်းကောင်းနားလည်ထားသဖြင့် အခြားလူများထက် ပျာယာခတ်နေကြသည်။

တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ အစောပိုင်းနတ်အဆင့်တွင်သာ ရှိသေးသည်ဖြစ်သော်လည်း သူအသုံးပြု သည့် အတတ်ပညာများကြောင့် သူတို့သုံးယောက်ထဲတွင် စွမ်းအားအကြီးဆုံးဖြစ်ကြောင်း သူတို့ကသိသည်။ သို့သော်လည်း သူသည် အသက်ရှူကြိမ်အနည်းငယ်အတွင်း ပိုင်ရှောင်ချန်းအား ရှုံးနိမ့်သွားခဲ့သည်။

တိုက်ပွဲ အရှုပ်အထွေးများသည် ပိုင်ရှောင်ချန်းအား နောက်ကလိုက်ဖမ်း၍ မရနိုင်လောက်အောင် တားဆီးထားသည်သာ မဟုတ်ပါက တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး အသက်လုပြေးနိုင်ရန်မှာ အလွန်ခက်ခဲနေမည်ဖြစ်ကြောင်း သူတို့က သိသည်။

ပိုင်ရှောင်ချန်းသည် နတ်အဆင့်ကျင့်ကြံသူများကို သတ်နိုင်သည်။ ထိုအသိကြီးကြောင့် ကျန်ရှိနေသည့် နတ်အဆင့် ကျင့်ကြံသူနှစ်ယောက်မှာ အရိုးထဲအထိ တုန်လှုပ်သွားတော့သည်။ နတ်အဆင့်ကျင့်ကြံသူများသည် ကောင်းကင်၏ စိတ်ဆန္ဒကို အစားထိုးနိုင်သော လူများဖြစ်သည့်အတွက် သူတို့တွင်ရှိသော စိတ်စွမ်းအင်များသာမက သူတို့၏မှော်အတတ်များနှင့် နတ်ဘုရားစွမ်းရည်များအားလုံးတွင် ဖန်တီးမှု ဘုန်းတန်ခိုးများ ပါဝင်နေသည်။ သူတို့ထက် အဆင့်နိမ့်သောကျင့်ကြံသူများအတွက်ဆိုလျှင် သူတို့သည် နတ်ဘုရားများကဲ့သို့ဖြစ်နေပြီး အသေသတ်ရန် လုံးဝနီးပါးမဖြစ်နိုင်သည့် သက်ရှိများဖြစ်နေသည်လည်း ဖြစ်သည်။

အစောပိုင်း နတ်အဆင့်တွင် ရှိနေသူသာ ထိုအဆင့်တွင်ရှိသည့် အခြားသူကို အနိုင်ယူနိုင်မည်ဖြစ်သည်။ ထို့အပြင် ထိုတိုက်ပွဲအား သတ်ဖြတ်ခြင်းဖြင့် အဆုံးသတ်ရန်မှာလည်း ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ မျက်စိရှေ့တွင် ဖြစ်သွားခဲ့သည့် ဖြစ်ရပ်ကြီးမှာ လုံးဝနီးပါး မဖြစ်နိုင်လောက်သည့်ပုံစံပေါ်နေသည်။ ပိုင်ရှောင်ချန်းက သူတို့နှစ်ယောက်အား လှမ်းကြည့်လိုက်သောအခါ သူတို့နှစ်ယောက်စလုံးမှာ သူတို့၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်လိုက်ကြသည်။

" တိုက်တာခိုက်တာတွေကို ဒီနေ့ဒီလောက်နဲ့ ရပ်လိုက်ကြတာပေါ့ ပိုင်ရှောင်ချန်း “ ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက ဆိုလိုက်သည်။

" အဏ္ဏဝါခေါ်သံဂိုဏ်းမှာ နတ်အဆင့်ကျင့်ကြံသူ မရှိဘူးထင်လို့သာ ငါတို့က တိုက်ခိုက်ခဲ့တာ " ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးကလည်း ဝင်ပြောလိုက်သည်။

" ဒါပေမဲ့ မင်းတို့ဆီမှာ ရှိနေတယ်ဆိုမှတော့ ဒါနားလည်မှုလွဲတာပဲ နေမှာပါကွ "

သူတို့နှစ်ယောက်စလုံးမှာ ထပ်၍မတိုက်ခိုက်လိုတော့ပေ။ အမှန်မှာ သူတို့သည် ဤကြောက်မက်ဖွယ် ပိုင်ရှောင်ချန်းအား ယှဥ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။ ထို့ကြောင့် သူတို့သည် သူ၏အဏ္ဏဝါခေါ်သံဂိုဏ်းအပေါ် ထားရှိသော စိုးရိမ်စိတ်ကိုအသုံးချကာ ကိစ္စဝိစ္စများကို အဆုံးသတ်ရန် ကြိုးပမ်းနေသည်။

" မင်းအတွက်ပဲ မင်းမကြည့်နဲ့ ပိုင်ရှောင်ချန်း။ အဏ္ဏဝါခေါ်သံဂိုဏ်းက တစ်ခြားဂိုဏ်းသားတွေအတွက်ပါ ထည့်တွက်။ သူတို့တိုက်ခိုက်နေရတာ ကြာလှနေပြီ။ ထပ်ပြီးတိုက်ခိုက် သတ်ဖြတ်နေဖို့ မလိုပါဘူးကွ "

" ဟုတ်တယ်။ ငါတို့ဂိုဏ်းသုံးဂိုဏ်းက အသာစီးရနေတုံးနော်။ မင်းသာဆက်တိုက်ခိုက်နေမယ်ဆိုရင် အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် အကျိုးရှိမှာ မဟုတ်ဘူး။ ပြီးတော့ မင်းရဲ့လူတွေအကုန်လုံးက ခြေကုန်လက်ပန်းကျနေပြီ။ သူတို့သာဆက်တိုက်ခိုက်နေမယ်ဆိုရင် ဒဏ်ရာရတဲ့လူတွေနဲ့ သေကျေတဲ့လူတွေ ပိုများလာမှာအသေအချာပဲ။ မင်းရဲ့ရောင်းရင်းဂိုဏ်းသားတွေကို ထည့်တွက်ဖို့လိုတယ် "

ပိုင်ရှောင်ချန်းမှာ လေပေါ်တွင်ရစ်ဝဲ၍ သူတို့အားအေးစက်စက်စိုက်ကြည့်နေစဥ် စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ခေါင်းဆောင်ကြီးမှာ ဂိုဏ်းဌာနချုပ်ထဲမှနေ၍ မော့ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

“ ရန်သူတွေကို အမြစ်ဖြုတ်မသုတ်သင်ရင် ဒီကိစ္စက ဘယ်လိုလုပ်ပြီးမလဲ။ အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ သွေးစက်တွေက ဒီလိုလွယ်လွယ်နဲ့ မြေခရမှာလား။ ဒီနေရာက သူတို့ စိတ်ထဲရှိသလို ကျူးကျော်ပြီး ထွက်သွားလို့ရတဲ့နေရာမဟုတ်ဘူးကွ "

ထိုအခါ အခြားဂိုဏ်းသားများ၏ မျက်ဝန်းများမှာလည်း နီမြန်းလာကြပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြတော့သည်။

" ခေါင်းဆောင်ကြီး တစ်ခုခုလုပ်ပါဦး။ ကျွန်တော်တို့ ဆက်ပြီးတိုက်ချင်သေးတယ် "

" သူတို့က ကျွန်တော်တို့ရဲ့ အဏ္ဏဝါခေါ်သံဂိုဏ်းကို လာကျူးကျော်တာ။ အခုသူတို့ပြန်ပေးဆပ်ရမယ်။ သွေးနဲ့ ပြန်ပေးဆပ်ရမယ် "

ထိုအော်ဟစ်သံများ ပို၍ကျယ်လောင်လာသောအခါ ဂိုဏ်းသုံးဂိုဏ်း၏ စစ်တပ်ကြီးမှာ တုန်ရီစပြုလာတော့သည်။ ယခုတွင်မူ သူတို့သည် ဆက်၍တိုက်ခိုက်လိုစိတ် မရှိတော့ပဲ နောက်သို့ပင် တဖြည်းဖြည်း ဆုတ်ခွာစပြုနေကြပြီဖြစ်သည်။

ထိုအချင်းအရာများကို ပိုင်ရှောင်ချန်းမြင်လိုက်ရသောအခါ သူ၏မျက်ဝန်းထဲရှိ သတ်ဖြတ်လိုသောစိတ်များမှာ ပို၍ပင် အားပြင်းလာတော့သည်။ ထို့နောက် သူသည် ကျန်ရှိနေသေးသည့် နတ်အဆင့်ကျင့်ကြံသူ နှစ်ယောက်ထံသို့ ပျံသန်းသွားသဖြင့် တဂျုန်းဂျုန်း မြည်သံများ ထွက်ပေါ်လာသည်။ သူသည် သတ်ရဖြတ်ရသည်ကို နှစ်သက်သူမဟုတ်သော်လည်း စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ခေါင်းဆောင်ကြီး၏ စကားမှာ မှန်ကန်ကြောင်းသူကသိသည်။ ဤလူများသည် အဏ္ဏဝါခေါ်သံဂိုဏ်းကို တိုက်ခိုက်ခဲ့သည်ဖြစ်၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

စာမဖွဲ့လောက်သော နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အပြင်ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ရသည်နှင့် လုံလောက်မည်မဟုတ်။

ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးနှင့် ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးတို့မှာ ရင်တဒိန်းဒိန်းခုန်နေတော့သည်။ ဤတိုက်ပွဲကြီးကို ရှောင်တိမ်း၍ရတော့မည်မဟုတ်ကြောင်း သိလိုက်သောအခါ သူတို့မှာ မျက်နှာပျက်သွားကြတော့သည်။

ထို့ကြောင့် ပိုင်ရှောင်ချန်းကို တစ်ယောက်ချင်း ယှဥ်၍တိုက်ခိုက်ပါက အနိုင်ယူနိုင်မည်မဟုတ်ကြောင်း လက်ခံထားပါသော်လည်း သူတို့နှစ်ယောက် ပူးပေါင်း၍တိုက်ခိုက်နိုင်သေးသည် မဟုတ်ပါလော။ သူတို့နှစ်ယောက်စလုံးမှာ ပြတ်သားမှုများ တောက်ပနေသည့် မျက်ဝန်းများဖြင့် သူတို့၏ စွမ်းအား အကြီးဆုံး နတ်ဘုရားစွမ်းရည်များကို ထုတ်လိုက်သည်။

ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့မှာ အပြင်းအထန် တုန်ရီသွားကြပြီး ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၏ ပတ်ပတ်လည်တွင် ဂြိုလ်ပေါင်းများစွာ ပေါ်ထွက်လာတော့သည်။

ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ သူသည် ကြောက်မက်ဖွယ် ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်နေရသည်ဖြစ်ကြောင်း သိသည်။ ထို့ကြောင့် သူသည် လက်အချောင်းတစ်ထောင်ပါသည့် ဧရာမမိစ္ဆာပုံရိပ်ကြီးတစ်ခုကို ဆင့်ခေါ်လိုက်သဖြင့် သူ၏ ပတ်ပတ်လည်တွင် မိစ္ဆာစိတ်ဆန္ဒတစ်ခု ပေါ်ထွက်လာသည်။

ထို့နောက် သူတို့နှစ်ယောက်မှာ ပိုင်ရှောင်ချန်းအား တိုက်ခိုက်ရန် ပြေးလာကြတော့သည်။

နတ်အဆင့်ကျင့်ကြံသူများ၏ ခမ်းနားကြီးကျယ်သော တိုက်ပွဲကြီးတစ်ခု စတော့မည်ဖြစ်သည်။

All Chapters