အခန်း (၃၃၁-၃၃၃)
Vol. 23 Ch. 331-333
အခန်း (၃၃၁) - မထင်မှတ်ထားသော တုန်လှုပ်ဖွယ် အဖြစ်အပျက်
~ထိုအခိုက်အတန့်၌ မိစ္ဆာတောင်ထွတ် ရှစ်ခုရှိ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးများ တည်ရှိရာ လျှို့ဝှက်နယ်မြေ အတွင်းတွင် ဖြစ်၏။
သိပ်သည်းလှသော သဘာဝ ဝိညာဉ်စွမ်းအင်များသည် တိမ်တိုက်များနှင့် မြူခိုးများအဖြစ် စုစည်းနေပြီး တောင်တန်းများကြားတွင် လျှို့ဝှက်ဆန်းကြယ်သော ရှုခင်းအဖြစ် ဖန်တီးထားသည်။ ရှေးယခင်ကာလကတည်းက ဤနေရာတွင် နေထိုင်ခဲ့ကြသော တိမ်တိုက် ကြိုးကြာဖြူများသည် တိမ်များကြားတွင် လွတ်လပ်စွာ ပျံသန်းလျက် အတောင်ပံ ခတ်သံများနှင့်အတူ သာယာနာပျော်ဖွယ် အသံများကို ပြုလုပ်နေကြ၏။
ထိုတိမ်တိုက်နှင့် မြူခိုးများကို ဖြတ်သန်းကြည့်လိုက်ပါက မိုးထိအောင် မြင့်မားသော ဝိညာဉ်တောင်တန်းကြီးများ မတ်မတ်မားမား တည်ရှိနေသည်ကို ဝေဝါးစွာ မြင်တွေ့နိုင်ပေသည်။
ထို ဝိညာဉ်တောင်တန်းကြီးများသည် အချိန်ကာလ၏ တိုက်စားမှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသော်လည်း ၎င်းတို့ထံမှ ထွက်ပေါ်နေသော ကြီးမားခမ်းနားသည့် အရှိန်အဝါများကမူ လူတိုင်းကို တုန်လှုပ်သွားစေနိုင်စွမ်း ရှိနေဆဲပင်။
မည်သူမျှ ဝိညာဉ်တောင်တန်းကြီးများ၏ စွမ်းအားကို လျှော့မတွက်ရဲကြပေ။
“တစ်ခုခုများ ထူးခြားမှု ရှိကြရဲ့လား”
အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားသွားတစ်လက်ကဲ့သို့ တည်ကြည်ခက်ထန်သော မျက်နှာထား ရှိသူ၊ ရေကန်ပမာ နက်ရှိုင်းသည့် မျက်ဝန်းပိုင်ရှင် လူလတ်ပိုင်းအရွယ် အမျိုးသားက ရှေ့ရှိ လျှို့ဝှက်နယ်မြေကို လှမ်းမျှော်ကြည့်ရင်း တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
ကုန်းစွန်းရီ၊ တုယွီလင် နှင့် သူတို့နောက်မှ လိုက်ပါလာသော ဝတ်ရုံနက်ဝတ် အမျိုးသားတို့သည် စိတ်ထဲတွင် မူမမှန်သော ခံစားချက်ကို ခံစားလိုက်ရ၏။
ဝတ်ရုံနက်ဝတ် အမျိုးသားသည် ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားပြီး ခေါင်းကို ငုံ့ကာ အသိပေးလိုက်သည်။
“ခေါင်းဆောင်... ကျွန်တော်တို့ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေထဲက သာမန်နေရာတွေကို တစ်ကြိမ် ရှာဖွေပြီးပါပြီ။ ကျန်ရှိနေတဲ့ နေရာတွေက အဆင့် (၄) အခင်းအကျင်းတွေရဲ့ ခြေရာလက်ရာတွေ ရှိနေတာမို့လို့... ဒါမှမဟုတ်ရင်လည်း ကြောက်စရာ ကောင်းတဲ့ တားမြစ်ပိတ်ပင်မှုတွေ ရှိနေလို့ပါ”
“ဒါ့အပြင် ဒီ လျှို့ဝှက်နယ်မြေထဲမှာ စွမ်းအားကြီးတဲ့ သားရဲအုပ်စုတွေလည်း ရှိနေတာကြောင့် အလွန် အန္တရာယ်များလှပါတယ်”
“လက်ရှိအချိန်ထိတော့ ကျွန်တော်တို့ နေရာအနည်းငယ်လောက်ကိုပဲ ရှာဖွေနိုင်ခဲ့ပြီး ပစ္စည်း သိပ်မတွေ့သေးပါဘူး”
“ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် နဲ့ ပတ်သက်တဲ့ သဲလွန်စ ဆိုရင်တော့... လုံးဝ မတွေ့သေးပါဘူး”
ထိုအခါ လူလတ်ပိုင်း အမျိုးသားသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထပ်မံ မေးမြန်းလိုက်၏။
“မင်း တာဝန်ယူထားတဲ့ ယွင်ကျန်းဂိုဏ်း နယ်မြေထဲက အင်အားစုတွေရော ဘယ်လိုလဲ... အရင်က ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးနေရာကို ရောက်ဖူးတဲ့သူတွေဆီက ဘာသဲလွန်စမှ မရဘူးလား”
ဝတ်ရုံနက်ဝတ် အမျိုးသားက ခေါင်းခါယမ်းလိုက်ပြီး ပြန်လည် ဖြေကြားလိုက်သည်။
“မရပါဘူး ခင်ဗျာ”
သူသည် စကားကို ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောလိုက်၏။
“အချိန်က အရမ်းတိုလွန်းနေပါတယ်။ ကျွန်တော်တို့အနေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမွေအနှစ်တွေ ရှိမရှိ စုံစမ်းဖို့အတွက် အင်အားစုငယ်လေးတွေကို တမင်သက်သက် ရန်စပြီး ပဋိပက္ခ ဖန်တီးလို့တော့ ရနိုင်ပါတယ်”
“သို့ပေမယ့်လည်း ယွင်ကျန်းဂိုဏ်း နဲ့ စုမိသားစု လို အင်အားစုမျိုးကိုတော့... လောလောဆယ်မှာ ကျွန်တော်တို့အနေနဲ့ စိတ်ရှည်ရှည်ထားပြီး တိတ်တဆိတ် စုံစမ်းထောက်လှမ်းတာက လွဲလို့ တခြား ရွေးချယ်စရာလမ်း မရှိပါဘူး”
လူလတ်ပိုင်း အမျိုးသားသည် တစ်စုံတစ်ခုကို စဉ်းစားနေပြီးနောက် တိုးညှင်းစွာ ရေရွတ်လိုက်သည်။
“နှေးလွန်းတယ်”
ဝတ်ရုံနက်ဝတ် အမျိုးသားက ခေါင်းငုံ့လျက် ဆက်လက် တင်ပြလိုက်၏။
“ယွင်ကျန်းဂိုဏ်း က အခြေခံအုတ်မြစ် ခိုင်မာလွန်းလှပါတယ်... သူတို့က အခု တောင်တံခါးပိတ်ပြီး ဂိုဏ်းထဲမှာပဲ ပုန်းအောင်းနေကြတာကြောင့် ဖြေရှင်းဖို့ နည်းလမ်းမရှိပါဘူး”
“စုမိသားစု ဘက်မှာတော့ ပါရမီရှင် တစ်ယောက် ရှိနေပါတယ်။ ပြီးတော့ ဟင်းလင်းပြင် နဲ့ ပုံရိပ်ယောင် စွမ်းအားတွေ ပါဝင်တဲ့ ‘ပုံရိပ်ယောင် လမင်း အဆောင်’ လို့ ခေါ်တဲ့ အဆင့် (၃) အဆင့်နိမ့် အဆောင်လက်ဖွဲ့ တစ်ခုကို ပိုင်ဆိုင်ထားပြီး အစွမ်းက ကြောက်စရာ ကောင်းလွန်းလှပါတယ်”
“အရင်တုန်းက အခြေခံတည်ဆောက်ခြင်း အဆင့် (၉) ရှိတဲ့ ယွီမိသားစု ဆိုတဲ့ ကျင့်ကြံသူ မိသားစုကို ကျွန်တော် ရှင်းလင်းတုန်းက... အဲ့ဒီ အဆင့် (၃) အဆင့်နိမ့် ပုံရိပ်ယောင် လမင်း အဆောင် ရဲ့ ပိတ်လှောင်တာကို ခံခဲ့ရဖူးပါတယ်... အချိန်ကာလအားဖြင့် အသက်ရှူချိန် (၅) ကြိမ် စာလောက် ကြာမြင့်ခဲ့ပါတယ်”
“ကံကောင်းထောက်မစွာနဲ့ တစ်ဖက်လူက အခြေခံတည်ဆောက်ခြင်း အဆင့် (၉) ပဲ ရှိနေသေးလို့... ကျွန်တော်က လျှို့ဝှက် ဝိညာဉ် နည်းစနစ်ကို သုံးပြီး သူ့ကို ဒဏ်ရာအပြင်းအထန် ရသွားအောင် လုပ်နိုင်ခဲ့တာပါ”
“အဲ့လိုသာ မဟုတ်ခဲ့ရင် ကျွန်တော်တောင် အန္တရာယ် ရှိနိုင်ပါတယ်”
“ဒါကြောင့် အဲ့ဒီ စုမိသားစု ကိုတော့ ကျွန်တော်တို့ အချိန်ယူပြီး စနစ်တကျ အကွက်ချ ကြံစည် မှပဲ ရပါလိမ့်မယ်”
လူလတ်ပိုင်း အမျိုးသားသည် အံ့ဩပုံ မပြပေ။ သူက ဖြည်းညှင်းစွာဖြင့် အလေးအနက် ပြောကြားလိုက်သည်။
“ငါ ဒီကို ကိုယ်တိုင် လာခဲ့ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက သူ့ကို ရှာဖို့ပဲ... အဲ့ဒီ ‘ပုံရိပ်ယောင် လမင်း အဆောင်’ ဆိုတာက ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာတဲ့ ‘ကြေးမုံ လမင်း အဆောင်’ ဖြစ်ဖို့ အလားအလာ အရမ်းများတယ်”
“ဒီ ကြေးမုံ လမင်း အဆောင် က ကြောက်စရာ ကောင်းလွန်းတယ်... မကြာသေးခင်က တာ့ယွဲ့ နန်းတော် က ဒီလို အဆောင်မျိုးကို တစ်ကြိမ် ထုတ်သုံးလိုက်တာနဲ့တင် အင်မော်တယ် မဟာမိတ်အဖွဲ့ကြီးက တာ့ယွဲ့ နန်းတော် လက်ထဲမှာ အရေးနိမ့်ခဲ့ရတယ်”
“အဲ့ဒီ စုယွီ ဆိုတဲ့ကောင်ကို တာ့ယွဲ့ နန်းတော် ရဲ့ လက်ထဲ အရောက်ခံလို့ မဖြစ်ဘူး... သူ သေရင်သေ၊ မသေရင် ငါတို့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က အသုံးချရမယ်”
ဝတ်ရုံနက်ဝတ် အမျိုးသားသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ အခု စုယွီ က ယွင်ကျန်းဂိုဏ်း ထဲမှာ ပုန်းအောင်းနေပါတယ်”
ထိုအခါ ဘေးနားတွင် ရှိနေသော ကုန်းစွန်းရီ က အလျင်အမြန် ဝင်ရောက် ပြောဆိုလိုက်၏။
“ဟုတ်ပါရဲ့... သူက ယွင်ကျန်းဂိုဏ်း ထဲမှာ ခိုလှုံနေတယ် ဆိုပေမယ့် သူ့ရဲ့ စုမိသားစု ကတော့ ဆေးလုံးတောင် မှာ ရှိနေတုန်းပါပဲ... အဲ့ဒီနေရာက အဆင့် (၂) ဝိညာဉ်သွေးကြော ဂူစံအိမ် အဆင့်ပဲ ရှိတာပါ... အဆင့် (၃) အခင်းအကျင်းတောင် မရှိပါဘူး”
“အကယ်၍ ကျွန်တော်တို့ကသာ ဒါကို အသုံးချပြီး သူ့ကို ခြိမ်းခြောက်နိုင်ရင်... သူက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ အသုံးချခံ ဖြစ်လာဖို့ သဘောတူကောင်း တူလာနိုင်ပါတယ်... အဲ... မဟုတ်ဘူး... စီနီယာ့ ရဲ့ အသုံးချခံ ဖြစ်လာမှာပါ”
ဝတ်ရုံနက်ဝတ် အမျိုးသားနှင့် တုယွီလင် တို့ နှစ်ဦးစလုံးသည် လူလတ်ပိုင်း အမျိုးသားကို မျက်လုံးကစားလိုက်ကြ၏။
လူလတ်ပိုင်း အမျိုးသားသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ဒါက အလောတကြီး လုပ်စရာ မလိုသေးဘူး... ငါ ဒီကို လာတာက အဓိက သူ့အတွက် မဟုတ်ဘူး”
စကားကို ခေတ္တရပ်လိုက်ပြီးနောက် လူလတ်ပိုင်း အမျိုးသားက ဆက်လက် တိုက်တွန်း လိုက်၏။
“သွားကြ... မင်းတို့ ဒီ လျှို့ဝှက်နယ်မြေ ကို မြန်မြန် ရှာကြစမ်း... အချိန် သိပ်မရှိတော့ဘူး... တာ့ယွဲ့ နန်းတော် က ငါတို့ကို အမြဲတမ်း လွှတ်ထားမှာ မဟုတ်ဘူး... ငါတို့နဲ့ တာ့ယွဲ့ နန်းတော် ကြားမှာ မလွဲမသွေ တိုက်ပွဲကြီး ဖြစ်လာလိမ့်မယ်”
“အချိန်တန်လို့ အခြေအနေ မဟန်ရင် မင်းတို့ကောင်တွေ တာ့ယွဲ့ နယ်မြေ ထဲကနေ ဆုတ်ခွာခဲ့ကြ”
ဝတ်ရုံနက်ဝတ် အမျိုးသား၊ ကုန်းစွန်းရီ နှင့် တုယွီလင် တို့အားလုံးသည် ထိုစကားကို ကြားသောအခါ တည်ကြည်လေးနက် သွားကြပြီး အရိုအသေ ပြုကာ တညီတညွတ်တည်း ပြန်လည် ဖြေကြားလိုက်ကြသည်။
“နားလည်ပါပြီ... ခေါင်းဆောင် ချီယွီ (စီနီယာ)”
ထိုအချိန်တွင် လူလတ်ပိုင်း အမျိုးသား၏ ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်သွားပြီး ခြေရာလက်ရာ မကျန် ရုတ်ချည်း ပျောက်ကွယ် သွားလေတော့၏။
မူလဝိညာဉ် အဆင့်သို့ ရောက်ရှိနေကြသော ကုန်းစွန်းရီ နှင့် ဝတ်ရုံနက်ဝတ် အမျိုးသားတို့ပင်လျှင် ထို လူလတ်ပိုင်း အမျိုးသား မည်သည့်အချိန်က ထွက်ခွာသွားသည်ကို သတိမပြုမိလိုက်ကြပေ။
ဝတ်ရုံနက်ဝတ် အမျိုးသား၏ မျက်နှာတွင် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။
“ခေါင်းဆောင် ချီယွီ ကိုယ်တိုင် ဒီကို လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့မိဘူး”
ကုန်းစွန်းရီ သည် ဝတ်ရုံနက်ဝတ် အမျိုးသားကို မျက်လုံးကစားလိုက်သည်။ သူသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ အကြောင်းကို သိပ်မရင်းနှီးလှပေ။ မဟာမိတ်အဖွဲ့ကြီးက အင်အားကြီးမားပြီး မူလဝိညာဉ် အဆင့် အရှင်သခင် အများအပြား ရှိကြောင်းကိုသာ သိထားခြင်း ဖြစ်သည်။
ထို့အပြင် မဟာမိတ်အဖွဲ့ ခေါင်းဆောင်ကြီး ကိုယ်တိုင်က မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ဖြစ်နေသည်သာမက၊ အဖွဲ့ခွဲ (၁၈) ခု ရှိပြီး အဖွဲ့ခွဲ တစ်ခုစီတိုင်းတွင် ကိုယ်ပိုင် ခေါင်းဆောင်များ ရှိကြ၏။
ထို ခေါင်းဆောင်များသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင်ကြီး ၏ အမိန့်ကိုသာ နာခံကြသည်။
ကုန်းစွန်းရီ ၏ မျက်လုံးထဲမှ သံသယများကို မြင်လိုက်ရသောအခါ ဝတ်ရုံနက်ဝတ် အမျိုးသားက ရှင်းပြလိုက်၏။
“ခေါင်းဆောင် ချီယွီ က အင်မော်တယ် မဟာမိတ်အဖွဲ့ ထဲမှာ အင်အားအကြီးဆုံး ထိပ်ဆုံး (၅) ယောက်... ဒါမှမဟုတ် ထိပ်ဆုံး (၃) ယောက် စာရင်းဝင်ပဲ... သူက ခေါင်းဆောင် ဖြစ်လာတာ နှစ်ပေါင်း (၂၀၀) နီးပါး ရှိနေပြီ... ပြီးတော့ ခေါင်းဆောင်ကြီး ရဲ့ ယုံကြည်စိတ်ချရတဲ့ လက်ရုံးတွေထဲက တစ်ယောက်ပဲ”
ကုန်းစွန်းရီ သည် ထိုစကားကို ကြားသောအခါ မျက်နှာ ကွက်ခနဲ ပျက် သွား၏။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ ထိပ်ဆုံး (၅) ယောက် စာရင်းဝင် ဟုတ်လား။
ကုန်းစွန်းရီ သည် လျှို့ဝှက်နယ်မြေ ၏ ဝင်ပေါက်နှင့် ထွက်ပေါက်ကို မျက်လုံးကစားလိုက်ပြီး အသံနှိမ့်ကာ မေးမြန်းလိုက်သည်။
“စီနီယာ ချီယွီ က ဒီကို ဘာကိစ္စနဲ့ လာတာလဲ”
ဝတ်ရုံနက်ဝတ် အမျိုးသားက ခေါင်းခါယမ်းလိုက်ပြီး သတိပေး လိုက်၏။
“ငါလည်း မသိဘူး... ပြီးတော့ စပ်စုမနေနဲ့... ဒီကိစ္စက ငါတို့နဲ့ မဆိုင်ဘူး”
စကားကို ခေတ္တရပ်လိုက်ပြီးနောက် ဝတ်ရုံနက်ဝတ် အမျိုးသား၏ မျက်ဝန်းများ နက်ရှိုင်းသွားကာ အလေးအနက် ပြောကြားလိုက်၏။
“အခုနက ခေါင်းဆောင် ချီယွီ ပြောသွားတယ်... တာ့ယွဲ့ နန်းတော် က ငါတို့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နဲ့ တိုက်ပွဲ ဖြစ်လာနိုင်တယ်တဲ့... အဲ့ဒီအချိန်ကျရင် ငါတို့တွေ သေချာပေါက် အန္တရာယ် ရှိလာလိမ့်မယ်”
အခန်း (၃၃၂) - မထင်မှတ်ထားသော တုန်လှုပ်ဖွယ် အဖြစ်အပျက် (၂)
~“ဒါကြောင့်... ငါတို့ နောက်ဘာဆက်လုပ်မလဲ ဆိုတာကို သေသေချာချာ စဉ်းစားဖို့ လိုတယ်”
ကုန်းစွန်းရီ နှင့် တုယွီလင် တို့သည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် တည်ငြိမ်သွားကြတော့၏။ ၎င်းတို့၏ မျက်လုံးများတွင် လေးနက်မှုတို့ အစားထိုး ဝင်ရောက်လာပြီး ရင်ထဲတွင် အရေးပေါ် အခြေအနေကို သတိပြုမိလိုက်ကြ၏။
အမှန်စင်စစ် အခြေအနေက စိုးရိမ်စရာ ဖြစ်နေချေပြီ။
အကြောင်းမူကား တာ့ယွဲ့ နန်းတော် အနေဖြင့် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နှင့် စစ်ခင်းရန် ဆုံးဖြတ်လိုက်ပါက ယွင်ကျန်းဂိုဏ်း ကဲ့သို့သော ဒေသခံ အင်အားစုများသည်လည်း တပြိုင်နက်တည်း လှုပ်ရှားလာကြပေလိမ့်မည်။
ထိုအခိုက်အတန့် ရောက်လာပါက ၎င်းတို့အနေဖြင့် ထိုဖိအားကို ခံနိုင်ရည် ရှိတော့မည် မဟုတ်ပေ။
သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ အသက်အန္တရာယ် ဘေးကင်းရေးနှင့် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို ရှာဖွေနိုင်ရေးအတွက် နောက်တစ်ဆင့် ဘာလုပ်ရမည်ကို အသေအချာ စဉ်းစား ချင့်ချိန်ရပေတော့မည်။
---
ယွင်ကျန်းဂိုဏ်း။
အတွင်းစည်း ဂိုဏ်း၏ ပင်မတောင်ထွတ်ရှိ ပြင်ပရေးရာ ခန်းမဆောင်။
စုယွီ၊ လော့ချန်ယွီ၊ ယွီခယ်အာ၊ စုဇီ နှင့် ထျဲမုန်ကျူး တို့သည် တာအိုဆရာ ရှုဟိုင် ရောက်ရှိလာခြင်းကို ကြိုဆိုလိုက်ကြ၏။ ပထမတစ်ခေါက်က တာအိုဆရာ ရှုယွီ နှင့်အတူ လာခဲ့ဖူးသော်လည်း ယခုတစ်ခေါက်တွင်မူ တာအိုဆရာ ရှုဟိုင် တစ်ယောက်တည်းသာ လာရောက်ခြင်း ဖြစ်သည်။
စုယွီသည် သိုလှောင်အိတ် တစ်လုံးကို ထုတ်ယူ၍ ကမ်းပေးလိုက်ရင်း ရှင်းပြလိုက်၏။
“ဒီထဲမှာ ဒီနှစ်အတွက် အဆောင်တွေ ပါပါတယ်... အဆင့် (၃) အဆင့်နိမ့် ပုံရိပ်ယောင် လမင်း အဆောင် (၇၅) ခု၊ အဆင့် (၂) အဆင့်မြင့် အဆောင် (၂၀၀)၊ အဆင့် (၂) အလယ်အလတ်အဆင့် အဆောင် (၃၀၀) နဲ့ အဆင့် (၂) အဆင့်နိမ့် အဆောင် (၅၀၀) တို့ ဖြစ်ပါတယ်ဗျာ”
တာအိုဆရာ ရှုဟိုင် သည် သိုလှောင်အိတ် ကို လှမ်းယူလိုက်ပြီးနောက် သူ၏ နတ်ဘုရား အာရုံဖြင့် စစ်ဆေးကြည့်ရှုလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် နှစ်သက်သဘောကျသော အပြုံးပန်း တစ်ခု ပွင့်လန်းလာတော့၏။
ထို့နောက် တာအိုဆရာ ရှုဟိုင် က စုယွီကို ကြည့်ကာ ချီးကျူးစကား ဆို၏။
“မိတ်ဆွေ စုယွီ ရေ... ခင်ဗျားရဲ့ ပုံရိပ်ယောင် လမင်း အဆောင် တွေရဲ့ စွမ်းအားကတော့ တကယ်ကို ပြောင်မြောက်လွန်းပါပေတယ်... ဒီအဆောင်တွေသာ ရှိရင် ကျွန်တော်တို့ တာ့ယွဲ့ နန်းတော် အနေနဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်တဲ့နေရာမှာ အများကြီး သက်သာသွားမှာပါ”
ပြောပြောဆိုဆိုပင် သူသည် နောက်ထပ် သိုလှောင်အိတ် တစ်လုံးကို ထုတ်ယူ၍ စုယွီအား ပေးအပ်လိုက်ပြန်သည်။
“ရော့ပါဗျာ... ဒီထဲမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၄၁၅၀) နဲ့ အဆောင်လုပ်ဖို့ ကုန်ကြမ်းပစ္စည်းတွေ ပါပါတယ်”
တာအိုဆရာ ရှုဟိုင် သည် စုယွီကို အားကျသော မျက်လုံးများဖြင့် ကြည့်ကာ ဖွင့်ဟဝန်ခံ လိုက်၏။
“တစ်နှစ်အတွင်းမှာတင် ခင်ဗျားက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၄၀၀၀) ကျော် ရှာနိုင်ခဲ့တယ်နော်... အမှန်အတိုင်း ပြောရရင် ခင်ဗျားကို ကြည့်ပြီး ကျွန်တော်တောင် အဆောင်ပညာ လမ်းစဉ်ကို မလိုက်စားခဲ့မိလို့ နောင်တတောင် ရမိသလိုပဲဗျာ”
ထိုစကားကို ကြားသောအခါ စုယွီက ခါးသီးစွာ ပြုံးလိုက်ရင်း ပြန်လည်ချေပ လိုက်သည်။
“မိတ်ဆွေ ရှုဟိုင်... ခင်ဗျားက ကျွန်တော် ရတဲ့ ဝိညာဉ်ကျောက်တုံး ပမာဏကိုပဲ ကြည့်နေတာကိုး... ဒီအဆောင်တွေ ဖြစ်လာဖို့ ကျွန်တော် ဘယ်လောက်တောင် ရင်းနှီးထားရလဲဆိုတာ ခင်ဗျား မသိပါဘူးဗျာ”
“လေ့ထင်း ဈေးကွက် လေလံပွဲ၊ တာ့ယွဲ့ မှောင်ခိုဈေး နဲ့ ကျွန်တော့် မိသားစုခေါင်းဆောင် မင်္ဂလာဆောင်တုန်းက လေလံပွဲတွေမှာ... ကျွန်တော် ပိုင်ဆိုင်သမျှ အရင်းအမြစ်တွေ အားလုံးကို ဒီအဆောင်ပညာ အတွက် ပုံအောပြီး ရင်းနှီးမြှုပ်နှံခဲ့ရတာပါ”
“အဲ့ဒီလို ရင်းနှီးခဲ့လို့သာ ဒီအဆောင်တွေ ရေးဆွဲတဲ့ အောင်မြင်မှုနှုန်းက ဒီလောက်ထိ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်”
“ခင်ဗျားက ကျွန်တော် မြတ်တဲ့ ဝိညာဉ်ကျောက်တုံး တွေကိုပဲ မြင်ပြီး... ကျွန်တော် ဘယ်လောက်တောင် ကြိုးစားအားထုတ်ခဲ့ရလဲ၊ ဘယ်လောက်တောင် ပေးဆပ်ခဲ့ရလဲ ဆိုတာကို ထည့်မတွက်ဘူးကိုး”
စုယွီ၏ စကားကို ကြားလိုက်ရသောအခါ တာအိုဆရာ ရှုဟိုင် သည် တစ်ချက်မျှ မှင်သက်သွားပြီးမှ သဘောပေါက် နားလည်သွားတော့သည်။
“ဟုတ်ပါရဲ့”
လောကတွင် မည်သည့်အရာမျှ ထင်သလောက် မလွယ်ကူပေ။
သူသည် စုယွီ ပြောပြခဲ့သော အရောင်းအဝယ် ကိစ္စများကို အကြမ်းဖျင်း သိရှိထားပြီး၊ စုယွီ အနေဖြင့် အရင်းအမြစ် အမြောက်အမြား ရင်းနှီးခဲ့ရသည်မှာ အမှန်ပင် ဖြစ်၏။
ထိုစဉ်က စုယွီ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏကို ကြည့်ပြီး သူပင်လျှင် ကြောက်လန့်ခဲ့ရဖူးသည်။
အဆောင်ပညာရှင် တစ်ယောက် အနေဖြင့် အဆောင်ရေးဆွဲမှု အောင်မြင်နှုန်း တိုးတက်စေရန်အတွက် အစပိုင်းတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံရလေ့ ရှိသည်။ ကုန်ကြမ်းပစ္စည်း အများစုမှာ စမ်းသပ်ရင်းဖြင့် အလဟဿ ကုန်ဆုံးသွားရသည်သာ များပေ၏။
အမြတ်အစွန်း တစ်စုံတစ်ရာ ပြန်မရခင်မှာတင် အရင်းအမြစ် ဘယ်လောက်များများ လောင်ကျွမ်းခံရမလဲ ဆိုတာ မည်သူမှ အတတ်မပြောနိုင်ပေ။
အတတ်ပညာ အဆင့် မြင့်မားလာလေလေ၊ ကုန်ကျမည့် အရင်းအမြစ် ပမာဏက များပြားလာလေလေ ဖြစ်ပြီး... ၎င်းသည် ဖြည့်၍ မပြည့်နိုင်သော တွင်းနက်ကြီး တစ်ခုသဖွယ် ဖြစ်ချေသည်။
အမှန်စင်စစ် တာအိုဆရာ ရှုဟိုင် သည် ဤသဘောတရားကို နားလည်သော်လည်း စောစောက ချက်ချင်း တွေးမမိလိုက်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူသည် တည်ကြည်လေးနက် သွားပြီး အလျင်အမြန်ပင် တောင်းပန်စကား ဆိုလိုက်တော့၏။
“ခွင့်လွှတ်ပါဗျာ... တာအိုဆရာ စုယွီ... ကျွန်တော် ခဏတာ အမြင်ကျဉ်းသွားမိပါတယ်”
ထို့နောက် ၎င်းတို့သည် ခေတ္တမျှ စကားစမြည် ပြောဆိုကြပြီးနောက်...
လော့ချန်ယွီ က တာအိုဆရာ ရှုဟိုင် ဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
“တာအိုဆရာ ရှုဟိုင်... ဒီတစ်နှစ်အတွင်းမှာ တာ့ယွဲ့ နန်းတော် နဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ တို့ရဲ့ ဆက်ဆံရေးက ဘယ်လို အခြေအနေ ရှိလဲဟင်”
တာအိုဆရာ ရှုဟိုင် သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြန်လည် ဖြေကြားလိုက်၏။
“လွန်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က တာ့ယွဲ့ နန်းတော် ရဲ့ တုံ့ပြန်မှုကို စမ်းသပ်နေတုန်းပါပဲ... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က တာ့ယွဲ့ နန်းတော် ရဲ့ အရင်းအမြစ် တစ်ခုကို အတင်းအကြပ် သိမ်းပိုက်ဖို့ ကြိုးစားတုန်းကတော့... ကျွန်တော်တို့ဘက်က ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်”
“အဲ့ဒီ တိုက်ပွဲမှာ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ဘက်က အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ တခြား ကျင့်ကြံသူ (၂၀၀) နီးပါးလောက် ဆုံးရှုံးလိုက်ရတယ်”
“ဒါက သူတို့ စပြီး ရန်စလာတဲ့ အချိန်ကစလို့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ အနေနဲ့ အကြီးမားဆုံး ဆုံးရှုံးမှု တစ်ခုပါပဲ”
“ဒါပေမဲ့ သူတို့ နောက်ထပ် ဘာဆက်လုပ်မလဲ ဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိရသေးပါဘူး”
လော့ချန်ယွီ သည် မျက်မှောင်ကြုတ်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။
“ဒါဆိုရင် တာ့ယွဲ့ နန်းတော် က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကို ဒီအတိုင်းပဲ လွှတ်ထားတော့မလို့လား... သူတို့က တော်တော်လေး ရောင့်တက်နေပြီလေ”၍
ထိုအခါ၊ တာအိုဆရာ ရှုဟိုင် က ပြန်လည် ရှင်းပြလိုက်၏။
“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က တာ့ယွဲ့ နန်းတော် ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး... ဒါပေမဲ့ ဒီလို ကိစ္စမျိုးမှာ ကျွန်တော်တို့အနေနဲ့ စိတ်လိုက်မာန်ပါ လုပ်လို့မရဘူးလေ... အခြေအနေကို သေချာ သုံးသပ်ပြီး သတိထား ကိုင်တွယ်တာက ပိုကောင်းပါတယ်”
ထို့နောက် သူသည် လော့ချန်ယွီ ကို ကြည့်ကာ ဥပမာ ပေးလိုက်၏။
“ယွင်ကျန်းဂိုဏ်း လိုပေါ့ဗျာ... မိစ္ဆာ တောင်ထွတ် ရှစ်ခု မှာရှိတဲ့ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီး နေရာကို သွေးမဟာမိတ်အဖွဲ့ က သိမ်းပိုက်ထားတယ် မဟုတ်လား... ဒါပေမဲ့ ခင်ဗျားတို့လည်း ဝင်မတိုက်ဘဲ ငြိမ်နေကြတာပဲလေ”
“အမှန်တကယ်သာ ခင်ဗျားတို့ လှုပ်ရှားလိုက်မယ် ဆိုရင်... အဲ့ဒီ သွေးမဟာမိတ်အဖွဲ့ ဆိုတဲ့ကောင်တွေ ခင်ဗျား လက်ထဲမှာ ချက်ချင်း ပြာကျသွားမှာပါ”
လော့ချန်ယွီ သည် သူမ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပင် တုံ့ပြန်လိုက်သည်။
“ကျွန်မက တာ့ယွဲ့ နန်းတော် စပြီး လှုပ်ရှားမယ့် အချိန်ကို စောင့်နေတာပါ”
တာအိုဆရာ ရှုဟိုင် - “.....”
သဘောကတော့ အားလုံးက အတူတူပင် တွေးနေကြခြင်း ဖြစ်ချေသည်။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကဲ့သို့သော အင်အားကြီးမားသည့် အဖွဲ့အစည်းကို ရင်ဆိုင်ရာတွင်... ကျင့်ကြံခြင်း လောက၌ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် နှင့် ဖုန်းလော့ စံအိမ်တော် တို့၏ ခြိမ်းခြောက်မှုများကလည်း ရှိနေသေးရာ... တာ့ယွဲ့ နန်းတော် အနေဖြင့် မဆင်မခြင် စစ်ခင်းရန် မဖြစ်နိုင်ပေ။
သေချာပေါက် သူတို့အနေဖြင့် သတိကြီးကြီးထားပြီး စဉ်းစားချင့်ချိန် ရပေမည်။
လောလောဆယ်တွင်မူ အားလုံးက အခွင့်ကောင်းကိုသာ စောင့်မျှော်နေကြခြင်း ဖြစ်၏။
တာ့ယွဲ့ နန်းတော် ကလည်း စောင့်နေသလို၊ ယွင်ကျန်းဂိုဏ်း ကလည်း စောင့်နေသည်။ ပိုင်ယွဲ့ အင်မော်တယ် မြို့တော် ကဲ့သို့သော တာ့ယွဲ့ မြို့တော် မှ အခြား အင်အားကြီး အဖွဲ့အစည်းများလည်း ထိုနည်းလည်းကောင်းပင် ဖြစ်တန်ရာသည်။
တာအိုဆရာ ရှုဟိုင် သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်၏။
“တာ့ယွဲ့ နန်းတော် ကိစ္စကို ဆုံးဖြတ်ဖို့က ကျွန်တော့် တာဝန် မဟုတ်ပါဘူးလေ”
မကြာမီအချိန်၌...
တာအိုဆရာ ရှုဟိုင် သည် အဆောင်များကို ယူဆောင်ကာ တိတ်တဆိတ် ထွက်ခွာသွားလေတော့သည်။
ရှုဟိုင် ပြန်သွားပြီးနောက် စုယွီ၏ မျက်နှာထားသည် အနည်းငယ် မည်းမှောင်သွားကာ မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်၏။
“တာ့ယွဲ့ နန်းတော် က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကို တိုက်ခိုက်တဲ့ နေရာမှာ ပုံရိပ်ယောင် လမင်း အဆောင် တွေကို စပြီး သုံးနေပြီ... နောက်နောင် ကျွန်တော်တို့အားလုံး ပိုပြီး သတိထားကြမှ ဖြစ်မယ်”
ထို့နောက် သူသည် စုဇီ ဘက်သို့ လှည့်ကာ မှာကြားလိုက်သည်။
“အစ်မ... မိသားစုဆီကို သတင်းပို့လိုက်ပါ... မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ၊ အပြောင်းအလဲတွေ ဖြစ်လာခဲ့ရင် အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်ထားကြဖို့ ပြောလိုက်ပါ”
သူ၏ စကားကြောင့် လော့ချန်ယွီ၊ ယွီခယ်အာ၊ စုဇီ နှင့် ထျဲမုန်ကျူး တို့အားလုံး၏ အကြည့်များက သူ့ထံသို့ ရောက်ရှိလာကြ၏။
စုဇီ၏ မျက်နှာ ကွက်ခနဲ ပျက် သွားပြီး စိုးရိမ်တကြီး မေးမြန်းလိုက်၏။
“မောင်လေး... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က နင့်ကို သတိထားမိသွားမှာ စိုးရိမ်နေတာလား”
အခန်း (၃၃၃) - မထင်မှတ်ထားသော တုန်လှုပ်ဖွယ် အဖြစ်အပျက် (၃)
~ထိုအခိုက်အတန့်၌ စုယွီသည် သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်၏။
“အဲ့ဒီလို ဖြစ်နိုင်ချေတော့ ရှိသားပဲဗျ...”
“တကယ်တမ်း ပြောရရင် ပုံရိပ်ယောင် လမင်း အဆောင် က အစွမ်းထက်လွန်းနေတာကိုး... အရင်တုန်းက တာ့ယွဲ့ နန်းတော် နဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ တို့ရဲ့ အားပြိုင်မှုက ဘယ်သူ နိုင်မလဲ ပြောရခက်ခဲ့ပေမယ့်... အခု အဆင့် (၃) အဆင့်နိမ့် ပုံရိပ်ယောင် လမင်း အဆောင် တွေ အများကြီး ပါလာတဲ့အခါ အနိုင်အရှုံး ချိန်ခွင်လျှာက တာ့ယွဲ့ နန်းတော် ဘက်ကို အနည်းငယ် ယိမ်းယိုင်သွားနိုင်တာပေါ့”
“ပြီးတော့ ဒီလို အနည်းငယ် ယိမ်းယိုင်သွားတာလေးကပဲ... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က တာ့ယွဲ့ နယ်မြေ အပေါ် ထားရှိတဲ့ မသမာတဲ့ အကြံအစည်တွေ အားလုံးကို ပျက်စီးသွားစေနိုင်တယ်လေ... ဟုတ်တယ်မလား”
ထိုသို့ စုယွီက သုံးသပ်ပြလိုက်သောအခါ လော့ချန်ယွီ က ခေတ္တမျှ စဉ်းစားလိုက်သည်။ သို့သော် သူမက ခေါင်းကို ခပ်ဖွဖွ ခါယမ်းလျက် ပြုံးရယ်ကာ ပြန်လည်ချေပ လိုက်၏။
“အမလေး... မောင်လေး ရယ်... သိပ်ပြီး စိုးရိမ်မနေပါနဲ့နော်... အဲ့ဒီလောက်ထိတော့ ဆိုးရွားမှာ မဟုတ်ပါဘူး... အင်အားစုကြီး တစ်ခုလုံးကို ပြောင်းလဲပစ်ဖို့ ဆိုတာ အဆင့် (၃) အဆင့်နိမ့် အဆောင်လေး တစ်မျိုးတည်းနဲ့တော့ မဖြစ်နိုင်ပါဘူးဟယ်”
“သို့ဖြစ်သော်ငြားလည်း မင်း ပြောတာလည်း အကြောင်းသင့်ပါတယ်... ငါတို့ဘက်က သတိထားပြီး ဆက်သွားတာတော့ မမှားဘူးပေါ့”
“မမ ထင်တာတော့... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင်ကြီး ကိုယ်တိုင်က အဆင့် (၃) အဆင့်နိမ့် အဆောင်ပညာရှင်လေး တစ်ယောက်အတွက်နဲ့ ဒီအထိ လိုက်လာစရာ အကြောင်းမရှိပါဘူး”
“သူက မူလဝိညာဉ် အဆင့် အရှင်သခင် မဟုတ်သရွေ့... ငါတို့ ယွင်ကျန်းဂိုဏ်း ရဲ့ တောင်ကာကွယ်ရေး အခင်းအကျင်းကြီးက စိတ်ချရပါတယ်... ဟုတ်ပြီလား”
စုယွီက ခပ်တိုးတိုး မျှော်လင့်တကြီး ရေရွတ်လိုက်၏။
“အဲ့ဒီလိုပဲ ဖြစ်ပါစေဗျာ...”
ထို့နောက် လော့ချန်ယွီ သည် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဦးစွာ ပြန်ဝင်သွား၏။ စုယွီ နှင့် ယွီခယ်အာ တို့သည် လော့ချင်းယာ၊ ယွီချန်ချင်း၊ လန်ရှီ၊ လန်ကုန်း နှင့် စုချီ တို့ နေထိုင်ကျင့်ကြံနေသော ခြံဝင်းအတွင်းသို့ သွားရောက်ကာ ရက်အနည်းငယ်ကြာမျှ နေထိုင်လိုက်ကြသည်။
ထိုသို့ ရက်အနည်းငယ် ကုန်ဆုံးပြီးနောက် ၎င်းတို့သည် လျှို့ဝှက်နယ်မြေ အတွင်းသို့ ပြန်ဝင်ကာ အေးချမ်းစွာ ဆက်လက် ကျင့်ကြံနေလိုက်ကြ၏။
သို့သော် ကံကြမ္မာသည် မျက်နှာသာ မပေးခဲ့ချေ။
လဝက်ခန့် ကြာမြင့်ပြီးနောက်...
ရုတ်တရက် ဆိုသလိုပင် ကိုးသွယ် အလင်းတံဆိပ်ပြား ထံမှ တာအိုဆရာ ရှုယွီ ပေးပို့လိုက်သော သတင်းတစ်ခု ရောက်ရှိလာခဲ့၏။
“တာအိုဆရာ စုယွီ... တာအိုဆရာ ရှုဟိုင် တစ်ယောက် ဒုက္ခရောက်သွားပြီဗျ... သူ တာ့ယွဲ့ နန်းတော် ကို ပြန်တဲ့ လမ်းမှာ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ ခွဲထွက် အဖွဲ့ (၁၈) ဖွဲ့ ထဲက ခေါင်းဆောင် ချီယွီ ရဲ့ ခြုံခိုတိုက်ခိုက်တာကို ခံလိုက်ရတယ်... အခု သူ့ကို ဘယ်ခေါ်သွားမှန်း မသိရတော့ဘူး”
“အခု တာ့ယွဲ့ နန်းတော် က အကြီးအကျယ် ဒေါသထွက်နေပြီ... မကြာခင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နဲ့ စစ်ပွဲကြီး ဖြစ်လာတော့မယ်”
“လောလောဆယ် တာ့ယွဲ့ နန်းတော် က ကျုပ်တို့ ကောင်းကင် အပျက်အစီး ခန်းမဆောင် ကို အမိန့်ပေးလိုက်ပြီ... နယ်မြေအသီးသီးမှာ ရှိနေတဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ သူလျှိုတွေနဲ့ လက်ပါးစေတွေကို အကုန် သုတ်သင်ပစ်ရမယ်တဲ့... ဘယ်လောက်ပဲ ပေးဆပ်ရပါစေ အပြတ်ရှင်းရမယ် လို့ အမိန့်ရထားတယ်”
“ဘာ”
ထိုသတင်းကို ကြားလိုက်ရသောအခါ စုယွီ၏ မျက်နှာထားသည် ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ တာအိုဆရာ ရှုဟိုင် ဒုက္ခရောက်ပြီ ဟုတ်လား။
စုယွီသည် ချက်ချင်းပင် စိုးရိမ်တကြီး မေးမြန်းလိုက်လေ၏။
“ဘာဖြစ်သွားတာလဲဗျာ... တာအိုဆရာ ရှုဟိုင် ဆိုတာက တာ့ယွဲ့ နန်းတော် ရဲ့ လူငယ်လေး တစ်ယောက်ပဲလေ... ဘာကိစ္စကြောင့် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ရုတ်တရက်ကြီး သူ့ကို ပစ်မှတ်ထားပြီး လှုပ်ရှားရတာလဲ ဟင်”
တာအိုဆရာ ရှုယွီ က ရှင်းပြလိုက်သည်။
“မကြာသေးခင်က တာ့ယွဲ့ နန်းတော် က ပုံရိပ်ယောင် လမင်း အဆောင် တွေကို ထုတ်သုံးလိုက်လို့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ဘက်က အထိနာသွားတာနဲ့ သက်ဆိုင်လိမ့်မယ်... သူတို့ဘက်က ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ဆုံးရှုံးလိုက်ရတယ်လေ”
“ဒါပေမဲ့ တာအိုဆရာ ရှုဟိုင် ကို ပစ်မှတ်ထားရတဲ့ အကြောင်းရင်းက တခြားတစ်ခု ရှိနိုင်တယ်... သူက ပါရမီရှိတဲ့ လူငယ်တစ်ယောက် ဖြစ်သလို တာ့ယွဲ့ နန်းတော် ရဲ့ ပါရမီရှင် စာရင်းဝင် တစ်ယောက်လည်း ဖြစ်နေတာကိုး”
“ပြီးတော့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က တာ့ယွဲ့ နန်းတော် ကို ပစ်မှတ်ထားရတဲ့ အဓိက အကြောင်းရင်းက ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ် ကို ရှာဖွေချင်လို့ပဲ... သူတို့က တာ့ယွဲ့ နန်းတော် ကများ အဲ့ဒီ ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ် ကို ရထားပြီးပြီလားလို့ သံသယ ဝင်နေပုံရတယ်”
“ဒါကြောင့် တာအိုဆရာ ရှုဟိုင် ကို အရှင်ဖမ်းပြီး ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ် အကြောင်း စစ်ဆေးမေးမြန်းချင်တာ ဖြစ်နိုင်တယ်... ဒါမှမဟုတ်ရင်လည်း သူ့ဆီကနေ ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ် ကို တိုက်ရိုက် လုယူချင်တာလည်း ဖြစ်နိုင်တာပဲ”
စုယွီ - “.....”
သူသည် တံတွေး တစ်ချက် မျိုချလိုက်မိသည်။ သူသည် ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ် နှင့် ပတ်သက်၍ မည်သည့်သဲလွန်စမျှ မချန်ခဲ့မိသည့်အတွက် တော်သေးသည် ဟု တွေးမိလိုက်၏။
သူ ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ် ကို ထုတ်သုံးခဲ့စဉ်ကပင် အသက်ရှင်ကျန်ရစ်သူ မရှိစေရန် သေချာ ရှင်းလင်းခဲ့၏။
ယခုလက်ရှိ အသက်ရှင် ကျန်ရစ်နေသူဟူ၍ လော့ယွဲ့ မဟာမိတ်အဖွဲ့ ထဲတွင် ရှိနေသော ကောင်းကင်မိုးကြိုး ကြွက် တစ်ကောင်သာ ရှိပေသည်။
သို့သော် ယခုအခါ တာအိုဆရာ ရှုဟိုင် သည် သူ့အစား မြေစာပင် ဖြစ်သွားရှာချေပြီ။
ယခင်က တာအိုဆရာ ရှုယွီ ထံမှ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ အကြောင်း သတင်းအချက်အလက်များကို ရရှိထားပြီး ဖြစ်ရာ... ထို ခေါင်းဆောင် ချီယွီ ဆိုသူမှာ မဟာမိတ်အဖွဲ့ ၏ ထိပ်သီး ခေါင်းဆောင် (၅) ဦး စာရင်းဝင် ဖြစ်ကြောင်း စုယွီ သိထားပြီး ဖြစ်သည်။
ထိုလူ၏ ကျင့်ကြံခြင်း အဆင့်သည် ကြောက်မက်ဖွယ်ကောင်းသော ရွှေအမြုတေ အဆင့် (၉) သို့ ရောက်ရှိနေပြီး၊ အသက်အားဖြင့်လည်း (၄၀၀) ကျော် ရှိနေပြီဖြစ်သော ဝါရင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပေသည်။
ထိုမျှလောက် ဝါရင့်သော ကျင့်ကြံသူ တစ်ယောက်က သိက္ခာမရှိစွာဖြင့် တာ့ယွဲ့ နယ်မြေ အတွင်းသို့ ခိုးဝင်ကာ ရှုဟိုင် ကဲ့သို့ လူငယ်တစ်ယောက်ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် စည်းကမ်းဖောက်ဖျက်ရာ ကျလွန်းလှပေသည် တကား။
တာအိုဆရာ ရှုဟိုင် သည် ဂိုဏ်းမဲ့ ကျင့်ကြံသူ တစ်ဦး မဟုတ်ပေ။ သူ့နောက်တွင် တာ့ယွဲ့ နယ်မြေ ၏ အင်အားအကြီးဆုံး အရှင်သခင် ဖြစ်သော တာ့ယွဲ့ နန်းတော်ကြီး ရှိနေ၏။
ယခုလို တာအိုဆရာ ရှုဟိုင် ဒုက္ခရောက်သွားသည့် ကိစ္စကို တာ့ယွဲ့ နန်းတော် အနေဖြင့် လက်ပိုက်ကြည့်နေမည် မဟုတ်သည်မှာ သေချာသည်။
အထူးသဖြင့် ဒီတစ်ကြိမ်တွင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ သည် မည်သည့်အရာကိုမျှ ထောက်ထားခြင်း မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
နှစ်ဖက် အင်အားစုကြားတွင် ထားရှိသော ‘နားလည်မှု’ သို့မဟုတ် ‘စည်းမျဉ်း’ များကို ဖောက်ဖျက်လိုက်သည်နှင့် တစ်ပြိုင်နက်... နောက်ဆက်တွဲ အဖြစ်အပျက်များသည် ထိန်းချုပ်မရအောင် ပေါက်ကွဲထွက်လာတော့မည် ဖြစ်ပေသည်။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ လုပ်ရပ်က မိုက်မဲလွန်းလှပေသည်။
ထိုအကြောင်းကို တွေးမိရင်း စုယွီ၏ ရင်ထဲတွင် ဒေါသ မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာရသည်။ သူသည် တာအိုဆရာ ရှုဟိုင် နှင့် အတော်လေး ရင်းနှီးခဲ့ပြီး တာ့ယွဲ့ နယ်မြေ တွင် နေထိုင်ခဲ့သော နှစ်များစွာအတွင်း ရရှိခဲ့သည့် မိတ်ဆွေကောင်း အနည်းငယ်ထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့၏။
သို့သော် ယခုအခါ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ သည် ‘စည်းမျဉ်း’ များကို ချိုးဖောက်ပြီး ဝါရင့် ကျင့်ကြံသူကြီး တစ်ယောက်ကို အသုံးပြုကာ လူငယ်လေး တစ်ယောက်ကို အနိုင်ကျင့်ခဲ့သည်မှာ သည်းခံနိုင်စရာ မရှိတော့ပေ။
အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက် နေပြီးနောက် စုယွီ၏ မျက်ဝန်းများတွင် ပြတ်သားသော အရောင်တစ်ခု လက်ခနဲ ဖြတ်သန်းသွားပြီး အလေးအနက် မေးမြန်းလိုက်သည်။
“တာအိုဆရာ ရှုယွီ... တာအိုဆရာ ရှုဟိုင် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသေးရဲ့လား ဗျာ”
တာအိုဆရာ ရှုယွီ သည် ခေတ္တမျှ နှုတ်ဆိတ်နေပြီးမှ လေးလံသော အသံဖြင့် အဖြေပြန်ပေးသည်။
“မျှော်လင့်ချက်က နည်းပါတယ်... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က သူ့ကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ရင်တော့ တစ်မျိုးပေါ့”
“ဒါပေမဲ့... တကယ်လို့ တာအိုဆရာ ရှုဟိုင် သာ တစ်ခုခု ဖြစ်သွားခဲ့ရင်... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ လည်း လွတ်မှာ မဟုတ်ပါဘူး... တာ့ယွဲ့ နန်းတော် က သေချာပေါက် သူ့အတွက် လက်စားချေပါလိမ့်မယ်”
“ဟူး...”
စုယွီသည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်ပြီး မြောက်ဘက် အရပ်ဆီသို့ အချိန်ကြာမြင့်စွာ ငေးမောကြည့်ရှု နေမိသည်။ ထို့နောက် သူသည် မိမိကိုယ်မိမိ ကတိပေးသလို တိုးညှင်းစွာ ရေရွတ်လိုက်လေ၏။
“တာအိုဆရာ ရှုဟိုင်... စိတ်ချပါ... တကယ်လို့ တာ့ယွဲ့ နန်းတော် ကသာ ခင်ဗျားအတွက် လက်စားမချေပေးနိုင်ခဲ့ရင်... ကျုပ် အစွမ်းအစ ရှိလာတဲ့ တစ်နေ့ကျရင်... နှစ်ပေါင်း တစ်ထောင် ကြာပါစေ၊ ရှစ်ရာ ကြာပါစေ... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ဆီကို ကိုယ်တိုင် သွားပြီး ခင်ဗျားရဲ့ အရိုးတွေကို ရှာဖွေပြီးတော့ တာ့ယွဲ့ နန်းတော် ဆီ ပြန်သယ်လာပေးပါ့မယ်”
“အဲ့ဒီအချိန်ကျရင် ကျုပ် ကိုယ်တိုင် သွေးကြွေးဆပ်ပေးပါ့မယ်”
သို့သော် ယခုအချိန်တွင်မူ သူသည် ထိုသို့ လုပ်ဆောင်နိုင်စွမ်း မရှိသေးချေ။
သူ လုပ်နိုင်သည်မှာ စောင့်ဆိုင်းခြင်း သက်သက်သာ ဖြစ်၏။
အတွေးများကို ပြန်လည် စုစည်းလိုက်ပြီးနောက် စုယွီသည် ထပ်မံ မေးမြန်းလိုက်သည်။
“တာအိုဆရာ ရှုယွီ... အင်အားစုတွေ အားလုံးက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကို စတင် တိုက်ခိုက်တော့မယ် ဆိုတာ သေချာရဲ့လား... ခင်ဗျား ကျုပ်ကို ထောင်ချောက်ဆင်နေတာတော့ မဟုတ်ပါဘူးနော်”
တာအိုဆရာ ရှုယွီ က တည်ငြိမ်စွာ ပြန်လည် ဖြေကြားလိုက်သည်။
“စိတ်မပူပါနဲ့ဗျာ... ဒီလောက် နှစ်တွေ အများကြီး ကြာခဲ့ပြီပဲ... ကျွန်တော်တို့ ကောင်းကင် အပျက်အစီး ခန်းမဆောင် ရဲ့ ယုံကြည်ရမှုအပေါ် ဘယ်တုန်းကများ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ဖူးလို့လဲ”
စုယွီက ပြတ်သားစွာ ပြောလိုက်သည်။
“ကောင်းပြီလေ... ဒါဆိုရင်လည်း လုပ်ကြတာပေါ့”
ကိုးသွယ် အလင်း တံဆိပ်ပြား ကို သိမ်းဆည်းလိုက်ပြီးနောက် စုယွီသည် လော့ချန်ယွီ နှင့် ယွီခယ်အာ တို့ကို ရှာဖွေရန် ချက်ချင်း ထွက်ခွာသွားတော့၏။
ထို့နောက် ၎င်းတို့သည် လျှို့ဝှက်နယ်မြေ မှ ထွက်ခွာလာပြီး... စုဇီ၊ ထျဲမုန်ကျူး၊ ချန်ကျားယင်း နှင့် အခြားသူများကို ခေါ်ယူ စုစည်းလိုက်ကြသည်။ ယွင်ကျန်းဂိုဏ်း အနေဖြင့် သွေးမဟာမိတ်အဖွဲ့ကို ရှင်းလင်းရန် အစီအစဉ်များ စတင် ရေးဆွဲကြတော့လေ၏။