အခန်း (၃၃၄-၃၃၆)
Vol. 23 Ch. 334-336
အခန်း (၃၃၄) - မထင်မှတ်ထားသော တုန်လှုပ်ဖွယ် အဖြစ်အပျက် (၄)
~တာအိုဆရာ ရှုဟိုင် တစ်ယောက် အန္တရာယ်နှင့် ရင်ဆိုင်နေရချေပြီ။ စုယွီ အနေဖြင့် ထိုကိစ္စအတွက် ချက်ချင်း လက်ငင်း ဘာမှ မလုပ်ပေးနိုင်သော်လည်း၊ ရှုဟိုင်၏ ကိုယ်စား သွေးမဟာမိတ်အဖွဲ့ကို ရှင်းလင်းပြီး အတိုးအရင် သွားတောင်းရန် ဆုံးဖြတ်လိုက်၏။
ထို့နောက် နေ့ဝက်ခန့် အကြာတွင်...
ယွင်ကျန်းဂိုဏ်းမှ လူပေါင်းရာချီသည် စုယွီ၏ အစိမ်းရောင် သစ်သား နန်းတော် အတွင်းသို့ ဝင်ရောက်သွားကြသည်။ ထိုနန်းတော်သည် လက်စွပ်တစ်ကွင်း အသွင်ပြောင်းလဲသွားပြီး စုယွီ၏ လက်ချောင်းပေါ်သို့ ကျရောက်သွား၏။ ထို့နောက် အဆင့် (၃) အဆင့်နိမ့် တိမ်တိုက်ကျား တစ်ကောင်နှင့်အတူ စုယွီ၊ လော့ချန်ယွီ၊ ယွီခယ်အာ နှင့် စုဇီ တို့သည် မိစ္ဆာတောင် ရှိရာသို့ တဟုန်ထိုး ထွက်ခွာသွားကြတော့သည်။
---
တစ်ဖက်တွင်... နန်းတော်ငယ်လေး တစ်ခုအတွင်း၌ ဖြစ်၏။
တာအိုဆရာ ရှုဟိုင် သည် ဖမ်းဆီးချုပ်နှောင်ခံထားရသည်။ ထိုအချိန်၌ သူ၏ ရင်ထဲတွင် အကြောင်းမဲ့သက်သက် တဒိန်းဒိန်း ခုန်လှုပ်နေပြီး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသဖြင့် စိတ်အာရုံမှတစ်ဆင့် လှမ်း၍ မေးမြန်းလိုက်မိသည်။
'လိပ်အိုကြီး... ဘယ်သူကများ ငါ့ကို သတိရနေလို့လဲကွာ... ဘာလို့ ငါ့စိတ်ထဲမှာ ထိတ်လန့်နေပြီး သေတော့မလို ခံစားနေရတာလဲ'
ထိုအခါ သူ၏ စိတ်အာရုံထဲ၌ မိစ္ဆာလိပ်ကြီး၏ အသံက ပဲ့တင်ထပ်၍ ပြန်လည် ထွက်ပေါ်လာ၏။
'မင်းရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင်တော့ မင်းကို သတိရနေတဲ့သူတွေ ရှိမှာ သေချာတာပေါ့... အဲ့လိုမှ မဟုတ်ရင်လည်း မင်းက ကိုးကွယ်ရာမဲ့နေတဲ့ ကောင်မှ မဟုတ်တာ... ဟုတ်တယ်မလား'
မိစ္ဆာလိပ်ကြီးက ဆက်လက်၍ နှစ်သိမ့်စကား ဆို၏။
'ဒါပေမဲ့ ဘာကို စိုးရိမ်နေတာလဲ... ဒီတစ်ခေါက် ဖမ်းခံရတာက မင်းအတွက် ကောင်းကျိုးတစ်ခု ဖြစ်လာလိမ့်မယ်'
'မင်း ရွှေအမြုတေ အဆင့် တက်လှမ်းဖို့ အခွင့်အလမ်းက ဒီ တာ့ယွဲ့ နယ်မြေ မှာ ရှိမနေဘူး... ဇီကွမ်း နယ်မြေ မှာ ရှိနေတာကွ'
'ငါ့အနေနဲ့ အရင်တုန်းက မင်းရဲ့ ကံတရား ဘယ်မှာရှိလဲဆိုတာ မမြင်နိုင်ခဲ့ပေမယ့်... အခု ဒီလူ ပေါ်လာတော့မှပဲ ရိပ်ခနဲ မြင်လိုက်ရတော့တယ်'
'ဟဲဟဲ... သူက အခု မင်းကို တာ့ယွဲ့ နယ်မြေ ထဲကနေ ခေါ်ထုတ်သွားနေပြီ... ဇီကွမ်း နယ်မြေ ဆီကို ဦးတည်သွားနေတာ ဖြစ်ဖို့များတယ်'
'စိတ်ရှည်ရှည်သာ ထားပြီး စောင့်နေလိုက်စမ်းပါ... ဒီခရီးစဉ်ကနေ ပြန်ရောက်လာတဲ့အခါ မင်းရဲ့ ဘဝတစ်ခုလုံး ပြောင်းလဲသွားလိမ့်မယ်'
မိစ္ဆာလိပ်ကြီး၏ စကားကို ကြားလိုက်ရသောအခါ တာအိုဆရာ ရှုဟိုင် သည် သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချလိုက်ပြီး ပြန်လည် ပြောဆိုလိုက်၏။
'ခင်ဗျားရဲ့ ထူးဆန်းတဲ့ အစွမ်းတွေကိုတော့ ကျွန်တော် ယုံပါတယ်ဗျာ... တကယ်တော့ ကျွန်တော်ကသာ အဖမ်းခံချင်လို့ အဖမ်းခံလိုက်တာပါ... အဲ့လိုသာ မဟုတ်ရင် ကျွန်တော့်လက်ထဲမှာ ရှိတဲ့ အဆောင်တွေနဲ့ဆိုရင်... သူက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ ခေါင်းဆောင် ဖြစ်နေရင်တောင်မှ ကျွန်တော့်ကို ဖမ်းဖို့ တော်တော်လေး ခက်ခဲမှာပါဗျာ'
မိစ္ဆာလိပ်ကြီးက ပြန်လည် တုံ့ပြန်လိုက်သည်။
'မင်း မသေပါဘူးကွ... အရာအားလုံးကို ငါ ထိန်းချုပ်ထားပါတယ်'
'ကဲ... ငါတို့ တာ့ယွဲ့ နယ်မြေ ထဲကနေ ထွက်လာခဲ့ကြပြီ... လောလောဆယ် ငြိမ်ငြိမ်လေးသာ နေစမ်းပါ... လမ်းစရိတ်တောင် မကုန်ဘဲ လိုက်စိီးခွင့် ရနေတာကို... ကျေးဇူးရှင်ကိုများ အပြစ်တင်နေသေးတယ်... ဟွန်း'
သို့သော် တာအိုဆရာ ရှုဟိုင် ၏ စိတ်ထဲတွင်တော့ တုန်လှုပ်ချောက်ချား နေဆဲပင် ဖြစ်၏။
တကယ်ပဲ... ဘယ်သူကများ သူ့ကို သတိရနေပါလိမ့်။
---
မိစ္ဆာတောင် တွင် ဖြစ်၏။
“ဝေါ…”
တိမ်တိုက်ကျား၏ ခန္ဓာကိုယ်ကြီးသည် တိမ်တိုက်များကြားမှ ခုန်ဆင်းလိုက်ရာ အောက်ဘက်ရှိ ထူထပ်သော တောအုပ်ကြီးအပေါ်သို့ အရိပ်မည်းကြီးတစ်ခု ကျရောက်သွားစေသည်။ အဆင့် (၃) အဆင့်နိမ့် မိစ္ဆာသားရဲ၏ ပြင်းထန်လှသည့် အရှိန်အဝါကြောင့် သားရဲငယ်လေးများသည် ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် ဝပ်စင်းကုန်ကြတော့၏။
တိမ်တိုက်ကျား၏ ကျောပေါ်တွင် ရပ်နေသော စုယွီသည် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ သူ၏ စွမ်းအား ပြင်းသော ဝိညာဉ်ဖိအားကြောင့် ဘေးနားတွင် ရပ်နေကြသော ယွီခယ်အာ နှင့် စုဇီ တို့ပင်လျှင် မှင်သက်သွားရ၏။
အမှန်စင်စစ် သူတို့နှစ်ဦးသည်လည်း အရှင်သခင် အဆင့် ၏ ကနဦး အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်ရာ ကျင့်ကြံခြင်း အားဖြင့် စုယွီနှင့် သိပ်မကွာခြားလှပေ။
သို့သော် စုယွီ၏ ဘေးနားတွင် ရပ်နေရသည်မှာ ယုန်ငယ်လေးများသဖွယ် ခံစားနေရရှာသည်။
ထို ပြင်းထန်လှသည့် ဝိညာဉ်ဖိအားသည် အချိန်မရွေး သူတို့ကို ဆွဲဆုတ်ဖြဲပစ်လိုက်နိုင်သည်ဟု ခံစားနေရ၏။
သူတို့၏ အဆင့်အတန်းချင်းက လုံးဝ မတူညီတော့ပေ။
ထိုအခိုက်အတန့်၌ စုယွီသည် အောက်ဘက်ရှိ တောအုပ်ကို ငုံ့ကြည့်လိုက်သည်။ ဤသည်မှာ သူ၏ မိစ္ဆာတောင် သို့ ပထမဦးဆုံးအကြိမ် လာရောက်ဖူးခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ချန်စီစီ ထံမှ မိစ္ဆာတောင် အကြောင်းကို သူ ကြားသိခဲ့ဖူးသည်။ ထို့နောက် ဓားပြငယ်တစ်ဖွဲ့ထံမှ မြေပုံနှင့် မိစ္ဆာ အမိန့်ပြား ကို ရရှိခဲ့စဉ်က လော့ချန်ယွီ သည် ထိုပစ္စည်းများကို အလယ်အလတ်အဆင့် မှော်ရတနာ တစ်ခုဖြင့် လဲလှယ်ယူကာ လူတစ်စုကို ဦးဆောင်ပြီး အခွင့်အလမ်းများ ရှာဖွေရန် မိစ္ဆာတောင် သို့ လာရောက်ခဲ့ဖူးသည်။
ထိုအချိန်က သူသည် အားနည်းနေသေးသဖြင့် ဤမျှ အန္တရာယ်များသော နေရာမျိုးသို့ လာရောက် စွန့်စားရဲခြင်း မရှိခဲ့ပေ။
သို့သော် အချိန်ကာလများ ကုန်ဆုံးပြီးနောက် ယခုအခါတွင်မူ သူသည် ရွှေအမြုတေ အဆင့် အရှင်သခင် တစ်ပါး ဖြစ်လာခဲ့ချေပြီ။
နှစ်ပေါင်း (၁၀၀) ကြာပြီးနောက်တွင်မှ သူသည် ကောလာဟလများသာ ကြားဖူးခဲ့သော ဤ မိစ္ဆာတောင် ပေါ်သို့ ခြေချနိုင်ခဲ့ခြင်း ဖြစ်သည်။
တိမ်တိုက်ကျားကြီး ပေါ်လာပြီး မိစ္ဆာတောင် အတွင်းသို့ ထိုးဆင်းလိုက်ပြီး မကြာမီမှာပင်... စုယွီ၊ လော့ချန်ယွီ နှင့် အခြားသူများသည် အောက်ဘက်တွင် ရှိနေသော ကျင့်ကြံသူများ၏ အရှိန်အဝါကို အာရုံခံမိလိုက်ကြသည်။
*
ထူထပ်သော တောအုပ်အတွင်း၌ ဖြစ်၏။
သွေးမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများသည် မိစ္ဆာတောင် ကို ပိတ်ဆို့ထားပြီး ပြင်ပလူများ ဤ အရင်းအမြစ် ပေါကြွယ်ဝသော နေရာသို့ မဝင်ရောက်နိုင်ရန် တာဝန်ယူထားကြရသည်။ သူတို့သည် အားလပ်နေကြပြီး တရားထိုင်သူကထိုင်၊ စကားလက်ဆုံကျသူက ကျဖြင့် သာယာနေကြလေ၏။
သူတို့သည် သွေးမဟာမိတ်အဖွဲ့ သို့ ဝင်ရောက်ပြီးနောက် ဤမျှ ကောင်းမွန်သော ဆက်ဆံမှုကို ရရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ယခုအခါ သူတို့၏ မဟာမိတ် ခေါင်းဆောင်ကြီးက ဦးဆောင်ပြီး ယွင်ကျန်းဂိုဏ်း ၏ လျှို့ဝှက် အရင်းအမြစ်များကို သိမ်းပိုက်ပေးခဲ့ပြီ ဖြစ်သည်။
အခြားသော ကျင့်ကြံခြင်း မိသားစုများ သို့မဟုတ် တစ်ကိုယ်တော် ကျင့်ကြံသူများ ထားပါဦး... ယွင်ကျန်းဂိုဏ်း ကိုယ်တိုင်ကပင် အသံတစ်ချက် မထွက်ရဲကြချေ။
ယခုဆိုလျှင် ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီး နယ်မြေတစ်ခုလုံးကို သူတို့ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်၏။
သွေးမဟာမိတ်အဖွဲ့ သို့ ဝင်ရောက်လာသော အဖွဲ့ဝင်သစ်များ အနေဖြင့် အနာဂတ်တွင် တိုးတက်လမ်းများစွာ ရှိနေသည်ကို မြင်တွေ့နေရသည်။ မဟာမိတ်အဖွဲ့ ၏ အရင်းအမြစ်များနှင့်သာ ဆိုလျှင် သူတို့၏ ဘဝသည် ယခင်ကထက် များစွာ သာလွန်ကောင်းမွန်လာမည်မှာ အသေအချာပင်။
ယခင်က သူတို့သည် တစ်ကိုယ်တော် ကျင့်ကြံသူများ၊ သို့မဟုတ် မိသားစုငယ်လေးများ၏ အကြီးအကဲများ၊ သို့မဟုတ် အင်အားကြီး အဖွဲ့အစည်းများ၏ အောက်တွင် မပျော်မရွှင် တာဝန်ထမ်းဆောင်နေရသူများသာ ဖြစ်ကြ၏။
သို့သော် ယခုအခါ သွေးမဟာမိတ်အဖွဲ့ သို့ ဝင်ရောက်ပြီး မကြာမီမှာပင် သူတို့ ရရှိသော အရင်းအမြစ်များသည် အတိတ်ကထက် အဆပေါင်းများစွာ ပိုမို များပြားနေပြီ ဖြစ်သည်။
ဒီလို အခြေအနေမျိုးမှာ သူတို့ ဘယ်လိုလုပ်ပြီး မကြွားဝါဘဲ နေနိုင်ပါ့မလဲ။
“လာကြ... လာကြ... ညီအစ်ကိုတို့... ငါ့ဆီ လာခဲ့ကြစမ်းပါ... ဒီမှာ အခုမှ ချက်ထားတဲ့ ဝိုင်ကောင်းကောင်းလေး ရှိတယ်ကွ... ဒီနေ့ စိတ်လက်ကြည်သာ ရှိတုန်းလေး အိုးတစ်လုံး ဖွင့်ပြီး အားလုံးနဲ့ မျှသောက်ချင်လို့ပါ”
ချီစုစည်းခြင်း အဆင့် (၉) ရှိသော ဆံပင်ဖြူ ကျင့်ကြံသူ တစ်ဦးက ဝိညာဉ်ဝိုင် အိုးတစ်လုံးကို ကိုင်ကာ ပြုံးဖြီးဖြီးဖြင့် လှမ်းခေါ်လိုက်ခြင်းပါ။
သစ်သား အဆောက်အအုံ ကင်းစခန်းတွင် တာဝန်ကျနေသော ကျင့်ကြံသူ (၁၀) ယောက်ကျော် ပါဝင်သည့် အဖွဲ့သည် ချက်ချင်းပင် စုရုံးရောက်ရှိလာကြ၏။
သူတို့သည် ပျော်ရွှင်စွာဖြင့် ခွက်များကို မြှောက်လိုက်ကြစဉ်မှာပင်... ရုတ်တရက် ဖိနှိပ်မှု ပြင်းထန်သော ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာတော့သည်။
“ဝုန်း... ဝုန်း... ဝုန်း…”
ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များသည် ပျော့ခွေသွားကြသည်။ အားလုံးသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး လက်ထဲမှ ဝိုင်ခွက်များသည် မြေကြီးပေါ်သို့ လွတ်ကျကာ ကွဲကြေကုန်ကြတော့၏။ သူတို့သည် နေရာမှာတင် လဲကျမတတ် ကြောက်ရွံ့သွားကြရှာ၏။
အချို့မှာ မနည်း အားယူ၍ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရသော်လည်း မျက်နှာများမှာ စက္ကူကဲ့သို့ ဖြူလျော်နေပြီး တုန်ယင်သော မျက်လုံးများဖြင့် အပေါ်သို့ မော့ကြည့်လိုက်ကြသည်။
အရိပ်မည်းကြီး တစ်ခုသည် သူတို့၏ ကင်းစခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားချေပြီ။
ကြီးမားလွန်းလှသော ပုံရိပ် တစ်ခုသည် သူတို့၏ ခေါင်းပေါ်သို့ ဆင်းသက်လာနေ၏။
ထိုအခိုက်အတန့်တွင်... သူတို့ကို တုန်လှုပ်ခြောက်ခြားစေသော ထို ကြောက်မက်ဖွယ် အရှိန်အဝါ၏ ပိုင်ရှင်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတော့သည်။
၎င်းသည် အတောင်ပံ တစ်စုံ ပါရှိသော ကြောက်စရာ ကောင်းလှသည့် မိစ္ဆာကျားကြီး တစ်ကောင်ပင် ဖြစ်ပေသတည်း။
အခန်း (၃၃၅) - မထင်မှတ်ထားသော တုန်လှုပ်ဖွယ် အဖြစ်အပျက် (၅)
~ထိုအခိုက်အတန့်၌ ၊ သူတို့၏ အဆင့်အတန်းက ဘာလဲဆိုတာကိုတော့ သူတို့ကိုယ်တိုင်ပင် မသေချာတော့ပေ။ အကြောင်းမူကား သူတို့၏ ဦးနှောက်များ ဗလာဟင်းလင်း ဖြစ်သွားသောကြောင့် ဖြစ်ချေသည်။
“ဝုန်း…”
နောက်တစ်စက္ကန့်မှာပင် လေဆင်နှာမောင်းကြီး တစ်ခုသည် ရုတ်တရက် တိုက်ခတ်လာတော့၏။
သူတို့ ပတ်ဝန်းကျင် တစ်မိုင်အတွင်း ရှိသမျှသော အရာအားလုံး... မြက်ပင်များ၊ ကျောက်တုံးကြီးများ၊ သူတို့၏ သစ်သားအိမ်များနှင့် ခြံဝင်းများ အပါအဝင် သူတို့ကိုယ်တိုင်ပါမကျန် ထို လေဆင်နှာမောင်းကြီး၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။
“ဖျစ်... ဖျစ်... ဖျစ်…”
လေဆင်နှာမောင်း အတွင်းသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် အရာအားလုံးသည် ချက်ချင်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။
လေဆင်နှာမောင်း၏ မွှေနှောက်ခြင်းကို ခံလိုက်ရပြီးနောက် သူတို့၏ ခန္ဓာကိုယ်များသည် သွေးတိမ်တိုက်များ အဖြစ် ပြောင်းလဲသွားကြရှာ၏။
ရည်မှန်းချက် ကြီးမားစွာဖြင့် သွေးမဟာမိတ်အဖွဲ့ သို့ ဝင်ရောက်ခဲ့ကြသော ထို ကျင့်ကြံသူ အသစ်စက်စက်များသည်... သေဆုံးသွားသည့် အချိန်အထိ သူတို့ကို ဘယ်သူက တိုက်ခိုက်လိုက်မှန်းတောင် သိမသွားကြရှာပေ။
“ဝေါ…”
တိမ်တိုက်ကျားကြီးသည် လုံးဝ မရပ်တန့်ဘဲ လေပြင်းတစ်ချက် တိုက်ခတ်သွားသကဲ့သို့ ဖြတ်ကျော်သွားခဲ့သည်။ သို့သော် 'ဧရာမ' တစ်ကောင်အတွက် လမ်းလျှောက်သွားရုံဖြင့် ဖြစ်ပေါ်လာသော တုန်ခါမှုများသည် ပုရွက်ဆိတ် ပေါင်းများစွာကို သတ်ဖြတ်ရန် လုံလောက်နေပေ၏။
အဆင့် (၃) အဆင့်နိမ့် မိစ္ဆာသားရဲ တစ်ကောင်သည်... ချီစုစည်းခြင်း အဆင့်သာ အမြင့်ဆုံး ရှိကြသော ထို ကျင့်ကြံသူလေးများအတွက်မူ မတော်တဆ ထိမိရုံဖြင့် သေဆုံးသွားစေနိုင်သည့် အန္တရာယ်ကြီး တစ်ခု ဖြစ်နေသောကြောင့်တည်း။
လမ်းတစ်လျှောက်တွင်...
တိမ်တိုက်ကျားကြီးသည် မိစ္ဆာတောင် နေရာအနှံ့အပြားတွင် စောင့်ကြပ်နေကြသော ကျင့်ကြံသူလေးပေါင်း ဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခဲ့၏။ ထိုအထဲတွင် အစွမ်းအထက်ဆုံး လူမှာ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ပါဝင်သည်။
ထို အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူသည် တိမ်တိုက်ကျားကြီးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ကြောက်လန့်လွန်းသဖြင့် ဘောင်းဘီထဲတွင်ပင် ဆီးထွက်ကျသွားရှာ၏။ သူသည် ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း သေးငယ်သော လေဓားသွား တစ်ခုက သူ့နောက်ကျောဘက်မှ နေ၍ ပိုင်းဖြတ်သွားတော့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ထို အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ရွှံ့အိုင် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အောက်ဘက်ရှိ မြေကြီးနှင့် ရောနှောသွားလေတော့၏။
အလောင်းတောင် မကျန်ဘဲ လေထဲသို့ ပျောက်ကွယ်သွားရရှာသည်။
ထွက်ပြေးမယ် ဟုတ်လား။
ထွက်ပြေးဖို့ ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။
တိမ်တိုက်ကျားကြီးသည် မိစ္ဆာတောင် ၏ အလယ်ဗဟိုရှိ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးများ တည်ရှိရာ လျှို့ဝှက်ဝင်ပေါက်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသောအခါ... အောက်ဘက်တွင် ရှိနေသော ကျင့်ကြံသူ တစ်သိုက်၏ မျက်နှာများ ဖြူလျော်သွားကြပြီး မျက်လုံးများ ပြူးကျယ်ကုန်ကြတော့သည်။
ကောင်းကင်ယံထက်မှ မိစ္ဆာသားရဲ တစ်ကောင်၏ ကြမ်းတမ်းပြီး ပြင်းထန်လှသည့် အရှိန်အဝါကြီး ဖြာကျလာသောကြောင့် ဖြစ်၏။
“အဆင့် (၃) အဆင့်နိမ့် မိစ္ဆာသားရဲကြီး ဟ”
“မဟုတ်ဘူး... လူတစ်ယောက် ပါတယ်... အဲ့ဒါ... အဲ့ဒါ အဆင့် (၃) အဆင့်နိမ့် သားရဲထိန်းချုပ်သူ ကွ”
“မြန်မြန်... မြန်မြန် ပြေးကြဟေ့”
ထို ကျင့်ကြံသူ အုပ်စုထဲတွင် ပါဝင်သော အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ အနည်းငယ်သည် ကြောက်လန့်လွန်းသဖြင့် သေးထွက်ကျကုန်ကြသည်။ ထိတ်လန့်တကြား အော်ဟစ်ကာ နောက်ဘက်ရှိ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးများ အတွင်းသို့ ဝင်ရောက် ပုန်းအောင်းရန် ကြိုးစားလိုက်ကြသည်။
အကယ်၍ အပျက်အစီးများ အတွင်းသို့ ဝင်ရောက်နိုင်ခဲ့လျှင် ဒီကြောက်စရာ ကောင်းသော သားရဲကြီး၏ အန္တရာယ်မှ လွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်မည်ဟု တွေးထင်ထားကြ၏။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်...
“ဝုန်း…”
သူတို့၏ ခြေအောက်ရှိ မြေပြင်ကြီးသည် ရုတ်တရက် တုန်ခါသွားပြီး မြေကြီးစိုင် အများအပြား ပေါက်ကွဲထွက်လာကာ မြေနဂါးကြီးများ အသွင် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ ထိုးတက်လာကြတော့သည်။ ထို မြေနဂါးကြီးများသည် ကြီးမားလွန်းပြီး ကြောက်မက်ဖွယ် ကောင်းလှသဖြင့် ကျင့်ကြံသူ အားလုံး မှင်သက်သွားကြရ၏။
“ဘုန်း... ဘုန်း... ဘုန်း…”
မြေနဂါးကြီးများသည် တစ်ကောင်ပြီး တစ်ကောင် ကောင်းကင်သို့ ထိုးတက်သွားကြပြီး အပေါ်သို့ ပျံတက်ကာ ထွက်ပြေးရန် ကြိုးစားနေသော ကျင့်ကြံသူများကို ပိတ်ဆို့ တိုက်ခိုက်လိုက်ကြသည်။
ဘာဖြစ်သွားမှန်း သူတို့ နားမလည်လိုက်ခင်မှာပင် သူတို့၏ ခန္ဓာကိုယ်များသည် သွေးမြူမှုန်များ အဖြစ် လွင့်ပါးသွားကြလေတော့၏။
တိမ်တိုက်ကျားကြီး၏ ကျောပေါ်တွင်မူ၊...
စုယွီသည် လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ထိုအခါ၊ သူ့ထံမှ ထွက်ပေါ်နေသော အေးစက်ပြီး ဖိနှိပ်ထားသော အရှိန်အဝါများ အနည်းငယ် လျော့ကျသွား၏။ ထိုကဲ့သို့ တိုက်ခိုက်လိုက်ပြီးနောက် သူ၏ ရင်ထဲတွင် တောက်လောင်နေသော ဒေါသများ အနည်းငယ် ပြေလျော့သွားပြီး စိတ်ထဲတွင် သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။
'ဒေါသ နည်းနည်းတော့ ပြေသွားပြီ... တော်တော်လေး နေလို့ ကောင်းသွားတယ်'
စုယွီက စိတ်ထဲတွင် ရေရွတ်လိုက်ရင်း အသက်ကို ဖြည်းညှင်းစွာ ရှူသွင်းလိုက်၏။
သို့သော် စုယွီ ယခုလေးတင် ထုတ်သုံးလိုက်သော သိုင်းကွက်နှင့် ပေါက်ကွဲထွက်လာသည့် မြေနဂါးကြီးများ၏ ကြောက်မက်ဖွယ် စွမ်းအားကို မြင်လိုက်ရသောအခါ... သူ့ဘေးနားတွင် ရှိနေသော လော့ချန်ယွီ၊ စုဇီ နှင့် ယွီခယ်အာ တို့၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားကြသည်။
လော့ချန်ယွီ ၏ မျက်ဝန်းများထဲတွင် တုန်လှုပ်မှုများ ဖြတ်သန်းသွားပြီး ရင်ထဲတွင် အံ့ဩလေးစားမှုများ ပြည့်နှက်သွားလေ၏။
'ဓာတ်ကြီးငါးပါး ချီစွမ်းအား... ဒီသိုင်းကွက်ရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ'
ယွီခယ်အာ နှင့် စုဇီ တို့ နှစ်ယောက်စလုံး ကျောချမ်းသွားကြသည်။ သိုင်းကွက် ထုတ်သုံးလိုက်သူမှာ သူတို့၏ ဘေးနားတွင် ရှိနေသူ... တစ်ယောက်က တာအိုလက်တွဲဖော်၊ တစ်ယောက်က မောင်နှမအရင်း ဖြစ်နေသော်လည်း ထိုသိုင်းကွက်၏ ကြောက်မက်ဖွယ် ကောင်းမှုက သူတို့ကို ထိတ်လန့်သွားစေခဲ့၏။
စုဇီသည် အလွန်အမင်း အံ့အားသင့်သွားပြီး တွက်ဆလိုက်သည်။
'ဒါက တကယ်ပဲ ရွှေအမြုတေ အဆင့် (၁) ရဲ့ စွမ်းအား ဟုတ်ရဲ့လား... ငါ့စိတ်ထဲမှာတော့ မောင်လေးယွီနဲ့ ယှဉ်လိုက်ရင် ငါ့ရဲ့ ရွှေအမြုတေ အဆင့် (၁) ဆိုတာက အခြေခံတည်ဆောက်ခြင်း အဆင့် (၉) နဲ့ သိပ်မကွာခြားသလို ခံစားနေရပါလား'
'အခုနက သိုင်းကွက်ရဲ့ စွမ်းအားက ရွှေအမြုတေ အဆင့် (၁) ပဲ ရှိတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'
ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီး ဝင်ပေါက်တွင် စောင့်ကြပ်နေသော ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည် စုယွီ၏ သိုင်းကွက်ကြောင့် ပေါ်ထွက်လာသော မြေနဂါးကြီးများ၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး အပိုင်းပိုင်း ပြတ်သွားကြရှာသည်။ မြေနဂါးကြီးများ မြေကြီးထဲသို့ ပြန်လည် ဝင်ရောက်သွားသောအခါ ထိုသူများသည် မြေကြီးအောက်တွင် 'အရှင်လတ်လတ် မြှုပ်နှံ' ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြတော့၏။
ယခုအခါ မိစ္ဆာတောင် တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်ငြိမ်သက် သွားတော့သည်။ မည်သည့် အရပ်မျက်နှာဆီကမှ အသံတစ်ချက်မျှ ထွက်မလာတော့ပေ။
“ဘုန်း…”
တိမ်တိုက်ကျားကြီးသည် အတောင်ပံကို ခတ်လိုက်ပြီး ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီး ဝင်ပေါက်၏ အပြင်ဘက်တွင် ဆင်းသက်လိုက်၏။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကြောင့် မြေပြင်ကြီး တုန်ခါသွား၏။ စုယွီ၊ လော့ချန်ယွီ၊ ယွီခယ်အာ နှင့် စုဇီ တို့သည် ကျားကျောပေါ်မှ ခုန်ဆင်းလိုက်ကြသည်။
စုယွီက လက်ကို ဝှေ့ယမ်းလိုက်သောအခါ အစိမ်းရောင် သစ်သားလက်စွပ်သည် အစိမ်းရောင် သစ်သား နန်းတော် အဖြစ် ပြောင်းလဲသွားပြီး အတွင်း၌ ရှိနေသော ယွင်ကျန်းဂိုဏ်းသား ရာပေါင်းများစွာကို ပြန်လွှတ်ပေးလိုက်၏။
“ဝေါ... ဝေါ... ဝေါ…”
ခဏအတွင်းမှာပင် ယွင်ကျန်းဂိုဏ်း မှ ကျင့်ကြံသူ ရာပေါင်းများစွာသည် နန်းတော် အတွင်းမှ ထွက်ခွာလာကြသည်။
အကြီးအကဲ ထျဲမုန်ကျူး နှင့် အကြီးအကဲ ချန်ကျားယင်း အပါအဝင် ဂိုဏ်းသားအားလုံးသည် လော့ချန်ယွီ နှင့် စုဇီ တို့ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
စုဇီသည် ဂိုဏ်းချုပ် တစ်ယောက်၏ အရှိန်အဝါဖြင့် အမိန့်ပေးလိုက်၏။
“အကြီးအကဲတို့... အဖွဲ့တွေ ခွဲပြီး အရပ်မျက်နှာ အသီးသီးကို ရှာဖွေကြပါ... ကျန်ရှိနေသေးတဲ့ သွေးမဟာမိတ်အဖွဲ့ ရဲ့ အင်အားစုတွေနဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ လက်ပါးစေ သူလျှိုတွေကို အကုန်ရှာပြီး ရှင်းပစ်ကြ”
“မုန်ကျူး... မင်းက အပြစ်ပေးခန်းမဆောင် က ဂိုဏ်းသားတွေကို ဦးဆောင်ပြီး ငါတို့နဲ့အတူ လျှို့ဝှက်နယ်မြေ ထဲကို လိုက်ခဲ့”
“ကျားယင်း... မင်းက ဂိုဏ်းသား (၂၀) ကို ဦးဆောင်ပြီး ဒီနေရာကို စောင့်ကြပ်နေ”
“ဂိုဏ်းချုပ် အမိန့်အတိုင်း နာခံပါ့မယ်”
ထျဲမုန်ကျူး၊ ချန်ကျားယင်း နှင့် အခြား အကြီးအကဲများ၊ ဂိုဏ်းသားများသည် ပြိုင်တူ နာခံလိုက်ကြ၏။ အကြီးအကဲများသည် မိမိတို့၏ ဂိုဏ်းသားများကို ဦးဆောင်ကာ ထွက်ခွာသွားကြသည်။ မည်သူမျှ ဆူညံသံ မထွက်ကြသလို၊ မိမိတို့ ရောက်ရှိနေကြောင်း သူတစ်ပါး သိရှိသွားမည်ကို စိုးရိမ်သကဲ့သို့ မည်သူမျှ မိမိတို့၏ ကျင့်ကြံခြင်း အဆင့်ကို မထုတ်ဖော်ပြကြ၊ ဖိနှိပ်ထားသော လေထုကို မထုတ်လွှတ်ကြပေ။
သူတို့အားလုံးသည် မိမိတို့၏ အရှိန်အဝါများကို ဖုံးကွယ်ထားပြီး အရပ်မျက်နှာ အသီးသီးသို့ တိတ်တဆိတ် ထွက်ခွာသွားကြလေ၏။
သွေးမဟာမိတ်အဖွဲ့ သည် မိစ္ဆာတောင် တစ်ခုလုံးကို ပိတ်ဆို့ထားခဲ့သည်။
ထို့ကြောင့် အခြားနေရာများတွင်လည်း သွေးမဟာမိတ်အဖွဲ့ ၏ ကျင့်ကြံသူများ သေချာပေါက် ရှိနေဦးမည် ဖြစ်ပေ၏။
အခန်း (၃၃၆) - မထင်မှတ်ထားသော တုန်လှုပ်ဖွယ် အဖြစ်အပျက် (၆)
~ထိုသို့ သူတို့ ထွက်ခွာသွားပြီးနောက်...
စုယွီ နှင့် လော့ချန်ယွီ တို့သည် ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးများ တည်ရှိရာ လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်အတွင်းသို့ ဦးစွာ ပြေးဝင်သွားကြသည်။ ထို့နောက် ချက်ချင်းပင် တိမ်တိုက်ကျားများက ခန္ဓာကိုယ်ကို ကျုံ့လိုက်ပြီး ယွီခယ်အာ၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်ကြ၏။ ယွီခယ်အာ၊ စုဇီ၊ ထျဲမုန်ကျူး နှင့် ယွင်ကျန်းဂိုဏ်း အပြစ်ပေးခန်းမဆောင် မှ အတွင်းစည်း ဂိုဏ်းသား (၃၀) တို့သည်လည်း လျှို့ဝှက်နယ်မြေ အတွင်းသို့ ဆက်တိုက် ဝင်ရောက်လာကြသည်။
ချန်ကျားယင်း နှင့် အတွင်းစည်း ဂိုဏ်းသား (၂၀) သာလျှင် ဤ လျှို့ဝှက်နယ်မြေ ဝင်ပေါက်ကို စောင့်ကြပ်ရန် ကျန်ရစ်ခဲ့ကြ၏။
အခြေခံတည်ဆောက်ခြင်း အဆင့် (၈) သို့ ရောက်ရှိနေပြီဖြစ်သော ချန်ကျားယင်း သည် အခင်းအကျင်းအလံ အများအပြားကို ထုတ်ယူလိုက်၏။ သူမက လက်ကို ဝှေ့ယမ်းလိုက်သောအခါ အခြား ဂိုဏ်းသားများ၏ အကူအညီဖြင့် လျှို့ဝှက်နယ်မြေ ဝင်ပေါက်တွင် အလွှာများစွာ ပါဝင်သော အခင်းအကျင်းများကို ခင်းကျင်းလိုက်ပြီး ထိုနေရာကို လုံခြုံစွာ ပိတ်ဆို့လိုက်၏။
ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးများ အတွင်း၌ ဖြစ်၏။
စုယွီ၊ လော့ချန်ယွီ၊ ယွီခယ်အာ နှင့် စုဇီ တို့သည် ထိုနေရာကို အသေအချာ ရှာဖွေခဲ့ကြသော်လည်း သွေးမဟာမိတ်အဖွဲ့ မှ ကျင့်ကြံသူ ဒါဇင်အနည်းငယ်ကိုသာ တွေ့ရှိခဲ့ရသည်။ ကုန်းစွန်းရီ ကိုရော၊ တုယွီလင် ကိုပါ အရိပ်အယောင်မျှ မတွေ့ရပေ။
ထို့အပြင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ လူများ၏ ခြေရာလက်ရာလည်း တစ်စက်မျှ မကျန်ရှိတော့ချေ။
စုယွီသည် မျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားခန်း ဖွင့်လိုက်၏။ 'ဒီကောင်တွေ ထွက်ပြေးသွားကြတာလား...'
သို့တည်းမဟုတ် သူတို့ ဒီမှာ မရှိတာက တိုက်ဆိုင်မှု သက်သက်ပဲလား။ ဖမ်းဆီးရမိထားသော သွေးမဟာမိတ်အဖွဲ့ ဝင်များ၏ ဖြောင့်ချက်အရ ကုန်းစွန်းရီ နှင့် သူ့လူများသည် ဤနေရာတွင် ရှိနေခဲ့သော်လည်း လွန်ခဲ့သော လဝက်ခန့်ကတည်းက ပြန်ပေါ်မလာတော့ကြောင်း သိရှိရသည် လေ။
အခင်းအကျင်း၏ တားမြစ်ပိတ်ပင်မှုများကို ဖျက်ဆီးပြီး ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ်၏ အမွေအနှစ်ကို ရှာဖွေရန်သာ ညွှန်ကြားချက် ရထားကြ၏။
စုယွီ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး သံသယ ဝင်လာမိသည်။
'ဒုက္ခရောက်တော့မယ် ဆိုတာ ကြိုသိလို့ လွန်ခဲ့တဲ့ လဝက်လောက် ကတည်းက ထွက်ပြေးသွားကြတာလား...'
ကုန်းစွန်းရီ နှင့် တုယွီလင် တို့ကို ရှာမတွေ့သည့်နောက်တွင် စုယွီ နှင့် လော့ချန်ယွီ တို့သည် ယွင်ကျန်းဂိုဏ်းသားများကို အလျင်အမြန် ပြန်လည် စုစည်းလိုက်ကြသည်။ ထို့နောက် တိမ်တိုက်ကျားများကို စီးနင်းလျက် ကုန်းစွန်းရီ တို့ စခန်းချခဲ့ရာ ကြာနီကန် ရှိရာသို့ တစ်ဟုန်ထိုး ထွက်ခွာလာခဲ့ကြ၏။
ကြာနီကန် သို့ ရောက်ရှိသောအခါ၌လည်း သွေးမဟာမိတ်အဖွဲ့ ၏ ဂူစံအိမ်တွင် ကုန်းစွန်းရီ တို့၏ အရိပ်အယောင်ကို မတွေ့ရပြန်ပေ။
ကျန်ရစ်နေခဲ့သော သွေးမဟာမိတ်အဖွဲ့ ဝင် အနည်းငယ်မှာလည်း အရေအတွက် မများလှပေ။ စုယွီ၊ လော့ချန်ယွီ၊ စုဇီ နှင့် အခြားသူများ တိမ်တိုက်ကျားများဖြင့် ဆင်းသက်လာသည်ကို မြင်လိုက်ရသည်နှင့် တပြိုင်နက် ထိုသူများသည် ဒူးထောက်ချကာ အသက်ချမ်းသာပေးရန် တောင်းပန်ကြတော့သည်။
သူတို့သည် သွေးမဟာမိတ်အဖွဲ့ သို့ ဝင်ရောက်သည်မှာ မကြာသေးသဖြင့် သံယောဇဉ် ကြီးကြီးမားမား ရှိလှသည် မဟုတ်ချေ။
“သွေးမဟာမိတ်အဖွဲ့ က ဇီကွမ်း နယ်မြေ အင်အားစု ဖြစ်တဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နဲ့ ပူးပေါင်းပြီး တာ့ယွဲ့ နယ်မြေ က ကျင့်ကြံသူတွေကို ဒုက္ခပေးခဲ့တယ်... အခု တာ့ယွဲ့ နန်းတော် ကနေ အမိန့်ထုတ်လိုက်ပြီ... တာ့ယွဲ့ နယ်မြေ အတွင်းမှာ ရှိတဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ ဩဇာလွှမ်းမိုးမှု မှန်သမျှကို အမြစ်ပြတ် ချေမှုန်းရမယ် တဲ့... ဒါပေမဲ့ မင်းတို့ရဲ့ ပြစ်မှုက မကြီးလေးသေးတာကို ထောက်ထားပြီး အသက်ချမ်းသာပေးလိုက်မယ်”
စုယွီက အေးစက်စွာ အမိန့်ပေးလိုက်၏။
“ထွက်သွားကြစမ်း”
တာ့ယွဲ့ နန်းတော် ၏ ဂုဏ်သတင်းကို အသုံးပြု၍ စုယွီသည် ပြစ်မှုပေါ့ပါးသော ကျင့်ကြံသူများကို မောင်းထုတ်လိုက်သည်။ ဤ ကျင့်ကြံသူများသည် စိုးရိမ်စရာ မရှိသလို၊ ဒီလူတွေ အတွက်နှင့် လူသတ်ပြီး ဝဋ်ကြွေး အတင်ခံနေစရာလည်း မလိုအပ်ပေ။
ဤကျွန်းပေါ်တွင် ယခင် လီမိသားစု မှ ကျန်ရစ်သူ အချို့နှင့် မိသားစုဝင်များ ရှိနေသေးသော်လည်း စုယွီက သူတို့ကို သတ်ဖြတ်ရန် မကြိုးစားခဲ့ပေ။
ဆေးပညာရှင် လီမိသားစု ပြိုလဲသွားသည့် အချိန်ကတည်းက ရန်ငြိုးများအားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
တကယ်တမ်းသာ မျိုးတုံးအောင် သတ်ဖြတ်မည် ဆိုပါက... လီမိသားစု၏ သာမန် ဆွေမျိုးသားချင်းများ အပါအဝင် လူပေါင်း သောင်းနှင့်ချီ၍ သေဆုံးသွားရပေလိမ့်မည်။
အကယ်၍ သူသာ ထိုမျှ များပြားသော လူအုပ်ကြီးကို သတ်ဖြတ်လိုက်ပါက မိစ္ဆာ တစ်ကောင် ဖြစ်သွားရပေတော့မည်။
ယွင်ကျန်းဂိုဏ်းသား အားလုံးသည် သွေးမဟာမိတ်အဖွဲ့ ၏ ဂူစံအိမ်ဟောင်းကို ထိန်းချုပ်လိုက်ကြ၏။
ဤ ဂူစံအိမ်သည် အဆင့် (၃) ဝိညာဉ်သွေးကြော ရှိသော မင်္ဂလာမြေ ဖြစ်ပြီး၊ ဧရိယာအားဖြင့် သူတို့၏ ယခင် နေရာထက် များစွာ ပိုမို ကျယ်ဝန်း၏။ (၁၀) မိုင်ခန့် ကျယ်ဝန်းသော ဤနေရာသည် တောင်ရေရှုခင်းများဖြင့် သာယာလှပပြီး ခမ်းနားသော အဆောက်အအုံများ၊ နန်းတော်များဖြင့် ပြည့်နှက်နေ၏။
ဂူစံအိမ် အတွင်းသို့ ဝင်လိုက်သည်နှင့် အဆင့် (၃) ဝိညာဉ်သွေးကြော မှ ထွက်ပေါ်လာသော သဘာဝ ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးများက သူတို့ကို လာရောက် ရိုက်ခတ်၏။
သို့သော် စုယွီသည် ယခုအခါ လူသူကင်းမဲ့နေသော ဂူစံအိမ်ကို ကြည့်ပြီး စိတ်ထဲတွင် တစ်မျိုး ဖြစ်သွားရ၏။
'တာ့ယွဲ့ နန်းတော် က ဒီကိစ္စကို အလွတ် မပေးမှာကို ကြိုသိပြီး စောစောစီးစီး ထွက်ပြေးသွားကြတာလား'
သူ့ဘေးနားရှိ လော့ချန်ယွီ၊ ယွီခယ်အာ၊ စုဇီ နှင့် ထျဲမုန်ကျူး တို့၏ မျက်နှာထားများမှာလည်း သိပ်ပြီး မကြည်လင်လှပေ။
ဒီတစ်ကြိမ်တွင် သူမတို့သည် မိစ္ဆာတောင် ရှိ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးများကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး၊ ကြာနီကန် ရှိ သွေးမဟာမိတ်အဖွဲ့ ကို ချေမှုန်းနိုင်ခဲ့သော်လည်း... အဓိက ကျသော ပုဂ္ဂိုလ်များကိုတော့ ရှာမတွေ့ခဲ့ပေ။
ထို့ကြောင့် တစ်နည်းအားဖြင့် ပြောရလျှင် သူမတို့၏ ယခု စစ်ဆင်ရေးသည် ကျရှုံးသည်ဟု ဆိုရပေမည်။
လော့ချန်ယွီ သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး တိုးညှင်းစွာ သုံးသပ်ပြလိုက်၏။
“လောလောဆယ်တော့ သူတို့ ပြန်ပေါ်လာကြဦးမှာ မဟုတ်ပါဘူး... အနည်းဆုံးတော့ တာ့ယွဲ့ နန်းတော် နဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကြားက ပဋိပက္ခ မပြီးမချင်းပေါ့”
ထိုအခါ၊ စုဇီက စိုးရိမ်ပူပန်သော လေသံဖြင့် မေးမြန်းလိုက်သည်။
“အစ်မ... တာ့ယွဲ့ နန်းတော် က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကို နိုင်မယ့် အခွင့်အရေး ရှိပါ့မလားဟင်”
လော့ချန်ယွီ သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြန်လည် ဖြေကြားလိုက်၏။
“ငါလည်း သေချာတော့ မသိဘူး... ဒါပေမဲ့ တာ့ယွဲ့ နန်းတော် ရဲ့ အခြေခံအုတ်မြစ်က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ အနေနဲ့ အလွယ်တကူ လှုပ်ခါပစ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး”
ထို့နောက် သူမသည် စုယွီ ဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
“ငါတို့ ဒီမှာပဲ ဆက်နေကြမလား”
“မနေတော့ဘူး... ပြန်ကြရအောင်ဗျာ”
ကြာနီကန် တစ်ခုလုံးကို မွှေနှောက်ရှာဖွေပြီးနောက် ကုန်းစွန်းရီ က ဘာပစ္စည်းမှ မကျန်အောင် သိမ်းကျုံးယူငင်သွားသည်ကို တွေ့ရသဖြင့် စုယွီ စိတ်ပျက်သွားမိ၏။ သူက ခေါင်းခါယမ်းလိုက်ပြီး ကြာနီကန် ရှိ အဆင့် (၃) ဝိညာဉ်သွေးကြော ကို ဝင်ရောက် မလုယူရန် ဆုံးဖြတ်လိုက်သည်။ ဤနေရာသည် အလှမ်းဝေးကွာလွန်းသဖြင့် ထိန်းချုပ်ထားရန် မလွယ်ကူပေ။
ထို့အပြင် တာ့ယွဲ့ နယ်မြေ ၏ အခြေအနေက မတည်ငြိမ်သေးချေ။ သူသည် မဆင်မခြင် လုပ်၍ မရသလို၊ စုမိသားစု နှင့် ယွင်ကျန်းဂိုဏ်း ကိုလည်း အန္တရာယ်တွင်းထဲသို့ တွန်းပို့၍ မဖြစ်ပေ။
ထို့ကြောင့် ကုန်းစွန်းရီ နှင့် အပေါင်းအပါများကို ရှာမတွေ့သည့်နောက်တွင် စုယွီသည် လော့ချန်ယွီ နှင့် အခြားသူများကို ခေါ်ဆောင်ကာ ယွင်ကျန်းဂိုဏ်း နယ်မြေသို့ တက်သုတ်ရိုက်၍ ပြန်လာခဲ့ကြ၏။
ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် လော့ချန်ယွီ က စုဇီ ကို အမိန့်ပေးလိုက်သည်။ ယွင်ကျန်းဂိုဏ်း ၏ အကြီးအကဲများကို ဦးဆောင်ကာ ဂိုဏ်းပိုင် နယ်မြေတစ်ခုလုံးကို ရှင်းလင်းရေး လုပ်ခိုင်းလိုက်၏။
ယခင်က ပြဿနာရှာပြီး စစ်မီးမွှေးခဲ့ကြသော်လည်း ထွက်မပြေးဘဲ ကျန်ရှိနေသေးသူ မှန်သမျှကို အကုန် သုတ်သင်ရှင်းလင်း ပစ်ရမည်။
စုယွီ၊ လော့ချန်ယွီ နှင့် စုဇီ တို့သည် ထိုလူများကို လွှတ်ပေးထားရန် ဆန္ဒ မရှိကြပေ။ ထိုသူတို့ကို လွှတ်ပေးထားလိုက်ခြင်းသည် အနာဂတ်အတွက် ဒုက္ခမျိုးစေ့များကို ချန်ထားရစ်သကဲ့သို့ ဖြစ်နေမည် မဟုတ်ပါလော။
ကျင့်ကြံခြင်း မိသားစု အများအပြားသည် ထိုလူများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ယခုကာလအတွင်း မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့ရ၏။
အမှန်စင်စစ် ပြောရလျှင် ဤလုပ်ရပ်သည် ယွင်ကျန်းဂိုဏ်း ၏ အာဏာစက်ကို စိန်ခေါ်ခြင်း ဖြစ်သည့်အတွက် သူတို့သည် သေဒဏ်နှင့်သာ ထိုက်တန်ပေသည်။
ယွင်ကျန်းဂိုဏ်း အနေဖြင့် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ၏ လက်ပါးစေများကို ရှင်းလင်းနေချိန်တွင် တာ့ယွဲ့ နန်းတော် ထံမှ သတင်းရောက်ရှိလာခဲ့သည်။
တာ့ယွဲ့ နန်းတော် ၏ နန်းတော်သခင်ကြီး က အမိန့်ထုတ်ပြန်လိုက်သည်မှာ...
တာအိုဆရာ ရှုဟိုင် ကို တစ်လ အတွင်း ဘေးကင်းစွာ ပြန်လွှတ်ပေးရမည်၊ သို့မဟုတ်ပါက စစ်ပွဲကြီး ဆင်နွှဲမည် ဟူ၍ ဖြစ်၏။
ယွင်ကျန်းဂိုဏ်း သို့ ပြန်ရောက်ပြီးနောက် စုယွီ၊ လော့ချန်ယွီ နှင့် ယွီခယ်အာ တို့သည် ပုံမှန် ကျင့်ကြံနေကြရင်း ဤကိစ္စကိုသာ အာရုံစိုက် စောင့်ကြည့်နေလိုက်ကြသည်။
မူလက စုယွီသည် လကုန်မှသာ တာအိုဆရာ ရှုယွီ ကို ဆက်သွယ်ပြီး တာ့ယွဲ့ နန်းတော် အနေဖြင့် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကို တကယ်ပဲ စစ်ကြေညာ မကြေညာ မေးမြန်းရန် ရည်ရွယ်ထားခဲ့၏။
သို့သော် သတ်မှတ်ရက် မတိုင်မီ ရက်အနည်းငယ် အလိုတွင် တာအိုဆရာ ရှုယွီ ထံမှ သတင်းတစ်ခု ရုတ်တရက် ရောက်ရှိလာခဲ့၏။
“တာအိုဆရာ စုယွီ... ကျွန်တော့်ဆီမှာ သတင်းကောင်း တစ်ခုနဲ့ သတင်းဆိုး တစ်ခု ရှိတယ်... သတင်းတစ်ခုကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀၀) ကျသင့်မယ်... ခင်ဗျား ဘယ်တစ်ခုကို အရင် နားထောင်ချင်သလဲ”
“ခင်ဗျားကလည်း ဝိညာဉ်ကျောက်တုံးက လွဲရင် မိတ်ဆွေသံယောဇဉ် မရှိတော့ဘူးလား ဗျာ”
“မရှိပါဘူး... ကျုပ်က ထမင်းစားရဦးမယ်လေ... ဝိညာဉ်ကျောက်တုံးပဲ လိုချင်တယ်... သံယောဇဉ် မလိုချင်ဘူး”
စုယွီသည် စိတ်ထဲမှနေ၍ လက်ခလယ် ထောင်ပြလိုက်ချင်စိတ် ပေါက်သွားပြီး ပြောလိုက်လေ၏။
“မြန်မြန် ပြောစမ်းပါဗျာ... နှစ်ခုစလုံး ပြော”
တစ်ဖက်မှ တာအိုဆရာ ရှုယွီ သည် စိတ်အားထက်သန်စွာဖြင့် ချက်ချင်း ပြန်ပြောပြလာပါသည်။
“သတင်းကောင်း ကတော့... လွန်ခဲ့တဲ့ ရက်ပိုင်းက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ ပင်မစခန်းကနေ အံ့သြစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာတယ်... အသက်နဲ့ရင်းပြီး စုံစမ်းခဲ့ရတဲ့ ကျွန်တော်တို့ အကြီးအကဲ တစ်ယောက်ရဲ့ အဆိုအရ... တာအိုဆရာ ရှုဟိုင် တစ်ယောက် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ပင်မစခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တယ် တဲ့... ပြီးတော့ သူ ထွက်ပြေးလာတုန်း မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ဖြစ်တဲ့ မဟာမိတ် ခေါင်းဆောင်ကြီး ရဲ့ အဖိုးတန် ရတနာ ရှန်ယွမ် မက်မွန်ပင် ကိုပါ မယူမနေနိုင် ယူဆောင်လာခဲ့တယ်တဲ့ ဗျို့”
“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ တစ်ခုလုံး ပွက်လောရိုက်ကုန်ပြီ... မူလဝိညာဉ် အဆင့် မဟာမိတ် ခေါင်းဆောင်ကြီး ဆိုရင် ဒေါသထွက်လွန်းလို့ ပေါက်ကွဲနေတယ်တဲ့... တာအိုဆရာ ရှုဟိုင် က သူ့ကို မိုးကြိုးပစ်ချချင်လောက်အောင် ဒေါသထွက်စေခဲ့တာဆိုပဲ... အခု တာအိုဆရာ ရှုဟိုင် ကို အသေလိုက်ရှာပြီး ရှန်ယွမ် မက်မွန်ပင် ကို ပြန်ယူဖို့ သေမိန့် ပေးထားတယ်”
“ဒါကြောင့် တာ့ယွဲ့ နန်းတော် အနေနဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကို စစ်တိုက်စရာ မလိုတော့ဘူး... ဘယ်လိုလဲ... သတင်းကောင်း မဟုတ်ဘူးလား”
ထိုစကားကို ကြားလိုက်ရသောအခါ စုယွီသည် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရပြီး အတော်ကြာမှ သတိပြန်ဝင်လာကာ မေးမြန်းလိုက်၏။
“ခင်ဗျား ကျုပ်ကို နောက်နေတာလား”
တစ်ဖက်မှ တာအိုဆရာ ရှုယွီ က ဟားတိုက် ရယ်လိုက်ပြီး အော်ပြောလိုက်သည်။
“ဒီသတင်းကို ဘယ်သူမှ မယုံကြဘူး... ဒါပေမဲ့ တကယ် အစစ်ပါဗျာ... ကျွန်တော်တို့ ကောင်းကင် အပျက်အစီး ခန်းမဆောင် ရဲ့ နှစ်သောင်းချီတဲ့ ဂုဏ်သိက္ခာနဲ့ အာမခံပါတယ်”
တကယ်ကြီးလား။
စုယွီသည် လက်ရှိ ခံစားချက်ကို ဖွင့်ဟလိုက်သော်လည်း ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်၏။
‘တာအိုဆရာ ရှုဟိုင် ဆိုတာ... အခြေခံတည်ဆောက်ခြင်း အဆင့် (၉) ကျင့်ကြံသူလေး တစ်ယောက် မဟုတ်ပါလား။
သူက ဘယ်လိုလုပ်ပြီး ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ ပင်မစခန်းထဲ လျှောက်သွားပြီး... မဟာမိတ် ခေါင်းဆောင်ကြီး ရဲ့ မျက်စိအောက်ကနေ ဒီလောက် အဖိုးတန်တဲ့ ရတနာကြီးကို သယ်ပြီး ထွက်ပြေးလွတ်မြောက်လာနိုင်ရတာလဲ။’
ခဏကြာသောအခါ...၊
နောက်ထပ် သတင်း တစ်ပုဒ် ကျန်သေးသည်ကို သတိရလိုက်ပြီး စုယွီက စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
“ဒါဆို နောက်ထပ် သတင်းဆိုး ကရော ဘာလဲ”
တာအိုဆရာ ရှုယွီ က ပြောလိုက်၏။
“သတင်းကောင်း ကတော့ တာ့ယွဲ့ နန်းတော် က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကို စစ်တိုက်စရာ မလိုတော့တာပဲ... သတင်းဆိုး ကတော့... ဒေါသထွက်နေတဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က တာ့ယွဲ့ နန်းတော် ကို စစ်စတင် တိုက်ခိုက်ဖို့ အလားအလာ အရမ်း များနေတာပဲ ဗျို့”
အာ...
ခင်ဗျားက စကားလုံး ကစားနေတာကိုး။
ဒီသတင်းကို ကြားလိုက်ရသော စုယွီ၏ ခံစားချက်ကို ဖော်ပြဖို့ ဆိုလျှင် ဒီစကားလုံး တစ်လုံးတည်းသာ ရှိတော့သည်။
ပြန်စဉ်းစားကြည့်လိုက်တော့... အခုနက တာအိုဆရာ ရှုယွီ ပြောလိုက်သော သတင်းကောင်း ဆိုတာကလည်း သတင်းကောင်းနှင့် လုံးဝ မတူတော့ချေ။
စုယွီသည် စိတ်ဝင်စားသွားပြီး နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
“ရှန်ယွမ် မက်မွန်ပင် ဆိုတာ ဘာကြီးလဲဗျ”
တာအိုဆရာ ရှုယွီ သည် အချိန်အတော်ကြာ စဉ်းစားလိုက်ပြီးမှ ရှင်းပြလိုက်သည်။
“အဲ့ဒီအပင်က နှစ်တစ်ရာ နေမှ အသီးတစ်ကြိမ် သီးတယ်လို့ ပြောကြတယ်... ရှန်ယွမ် မက်မွန်သီး က တကယ့် ကောင်းကင်ဘုံ ရတနာ စစ်စစ်ပဲ... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးတွေတောင် အဲ့ဒီအသီးကို စားရင် ကျင့်ကြံခြင်း အဆင့် တိုးတက်နိုင်တယ်... အဲ့ဒါက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ရဲ့ အကြီးမားဆုံး ရတနာတွေထဲက တစ်ခုဖြစ်ပြီး ရှေးဟောင်း အမွေအနှစ် နေရာတစ်ခုကနေ ရရှိထားတဲ့ မဟာမိတ် ခေါင်းဆောင်ကြီး ရဲ့ ကိုယ်ပိုင် ရတနာပဲ”
“ပါရမီရှင် တစ်ယောက်ကသာ အဲ့ဒီအသီးကို စားလိုက်ရင်... သူ့ရဲ့ ဝိညာဉ်စွမ်းအား အခြေခံအုတ်မြစ်ကို သန့်စင်ပေးနိုင်ပြီး နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းသွားနိုင်စေတယ်... သဘာဝ အတိုင်း ရရှိတဲ့ ‘ရွှေအမြုတေ ဆေးလုံး’ နဲ့ တူတာပေါ့”
“ဒါပေမဲ့ ရွှေအမြုတေ ဆေးလုံး က လူကို ဘေးထွက်ဆိုးကျိုး နည်းနည်း ပေးနိုင်တယ်... ရှန်ယွမ် မက်မွန်သီး ကတော့ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘူး... အကျိုးကျေးဇူးတွေပဲ အများကြီး ရနိုင်တာ”
တာအိုဆရာ ရှုယွီ ကို အသေးစိတ် အချက်အလက်များနှင့် အခြေအနေ အရပ်ရပ်ကို မေးမြန်းပြီးနောက်... စုယွီသည် ကိုးသွယ် အလင်း တံဆိပ်ပြား ကို ပြန်သိမ်းလိုက်သည်။ သူ့စိတ်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာရ၏။
'တာအိုဆရာ ရှုဟိုင် ရေ... ခင်ဗျားတော့ ပျားအုံကို တုတ်နဲ့ သွားထိုးလိုက်ပြီ'
စုယွီ မျက်မှောင်ကြုတ်လျက် ညည်းတွားလိုက်မိသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ဤကြောက်မက်ဖွယ် ဝဲဂယက်ကြီး၏ အလယ်ဗဟိုတွင် ရောက်မနေပေ။ သူသည် ဘေးထွက်ပရိသတ် တစ်ယောက် အနေဖြင့် ရှိနေနိုင်သေး၏။ အကယ်၍ ဂယက်ရိုက်ခတ်မှုများ သူ့ဆီ ရောက်လာလျှင်လည်း... သူသည် လူများကို ခေါ်ထုတ်ပြီး လော့ယွဲ့ မဟာမိတ်အဖွဲ့ အပျက်အစီးများထဲတွင် သွားရောက် ပုန်းအောင်းနေရန် ရွေးချယ်နိုင်သေးသည်။
မဖြစ်မနေ ဆိုလျှင် တာ့ယွဲ့ နယ်မြေ ထဲမှ လုံးဝ ထွက်ခွာသွားရန်ပင် ရွေးချယ်နိုင်သေး၏။
စုယွီသည် ထွက်ပြေးလွတ်မြောက်နိုင်မည့် လမ်းကြောင်း အမျိုးမျိုးကို ကြိုတင် စဉ်းစားပြီး ပြင်ဆင်ထားလိုက်တော့သည်။