အခန်း (၃၃၇-၃၃၉)
Vol. 23 Ch. 337-339
အခန်း (၃၃၇) - အဆင့်တက်ခြင်း၊ စတုတ္ထအဆင့် ရွှေအမြုတေ
~ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ် ကို ရှာမတွေ့ခဲ့သည့်အပြင်၊ အရေးမပါသော မျိုးဆက်သစ် လူငယ်လေး တစ်ယောက် ဖြစ်သည့် တာအိုဆရာ ရှုဟိုင် ကြောင့် ရှန်ယွမ် မက်မွန်ပင် ပါ ဆုံးရှုံးလိုက်ရ၏။ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ သည် ရှန်ယွမ် မက်မွန်ပင် ဆုံးရှုံးလိုက်ရုံသာမက ဤဖြစ်ရပ်ကြောင့် မျက်နှာပျက်စရာ အကြီးအကျယ် ဖြစ်ခဲ့ရသည်။ ဒီတစ်ကြိမ်တွင်တော့ သူတို့အတွက် ခါးသီးသော ရှုံးနိမ့်မှုကြီး ဖြစ်ခဲ့သည်မှာ အမှန်ပင်။
ကုန်းစွန်းရီ နှင့် အပေါင်းအပါများ ထွက်ပြေးလွတ်မြောက်သွားခြင်း နှင့် တာအိုဆရာ ရှုဟိုင် ၏ ဇာတ်လမ်းရှုပ်ထွေးမှုများကြောင့်... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နှင့် တာ့ယွဲ့ နယ်မြေ ကြားရှိ ဗဟိုချက်မသည် ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ် အပေါ် အာရုံစိုက်ရာမှ၊ ထိုက်ရွှီ နှင့် တာ့ယွဲ့ နန်းတော် ကြားရှိ ပဋိပက္ခ ဆီသို့ ပြောင်းလဲသွားခဲ့၏။
စုဇီ က ယွင်ကျန်းဂိုဏ်း တစ်ခုလုံးကို သန့်ရှင်းရေး လုပ်ရန် အမိန့်ပေးလိုက်ပြီးနောက်တွင် အခြေအနေ အားလုံးသည် ချက်ချင်းပင် ငြိမ်းချမ်းသွားတော့သည်။
ယွင်ကျန်းဂိုဏ်း ၏ လျှို့ဝှက်နယ်မြေ အတွင်းတွင် စုယွီသည် သူ၏ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေလိုက်သည်။ တစ်ခါတစ်ရံတွင် ဆေးဖော်ခြင်း၊ အဆောင်လက်ဖွဲ့ ရေးဆွဲခြင်းများကို လေ့ကျင့်ပြီး၊ တစ်ခါတစ်ရံတွင်မူ ယွီခယ်အာ၊ လော့ချန်ယွီ၊ စုဇီ တို့နှင့် လက်ဖက်ရည် သောက်ကာ စကားစမြည် ပြောဆိုလေ့ ရှိ၏။
လော့ယွဲ့ မဟာမိတ်အဖွဲ့ အပျက်အစီးများ ရှိရာ အခြား လျှို့ဝှက်နယ်မြေ တစ်ခုတွင်မူ... တာအိုရုပ်သေး သည် ဆေးဖက်ဝင် စိုက်ခင်းငယ်မှ အသီးအနှံများကို ရိတ်သိမ်းပြီးနောက် သူ၏ ဂူစံအိမ် အတွင်းသို့ ပြန်ဝင်ကာ ရှေးဟောင်း သိုင်းကျမ်းများကို တစ်အုပ်ပြီး တစ်အုပ် ဖတ်ရှုလေ့လာနေ၏။
ထို ရှေးဟောင်း သိုင်းကျမ်း အများစုသည် ကျင့်ကြံခြင်းဆိုင်ရာ သိမြင်နားလည်မှုများနှင့် သက်ဆိုင်ပေသည်။ အချို့မှာ ခရီးသွား မှတ်တမ်းများ ဖြစ်ကြပြီး၊ အချို့မှာ တာအို နှင့် ပတ်သက်သော ဉာဏ်အလင်းရရှိမှုများ ဖြစ်ကြသည်။ အချို့မှာမူ ရှေးဟောင်း ကျင့်ကြံသူများ၏ ဘဝနှောင်းပိုင်း ဖြတ်သန်းမှုများ၊ ကိုယ်ပိုင် ကျင့်ကြံခြင်း အတွေ့အကြုံများကို နောင်လာနောက်သားများ အတွက် မှတ်တမ်းတင်ထားခြင်းများ ဖြစ်ကြ၏။
ရှေးဟောင်း သိုင်းကျမ်းများနှင့် ကျင့်ကြံခြင်း နည်းစနစ်များကို လေ့လာခြင်း၊ ၎င်းတို့ကို ဓာတ်ကြီးငါးပါး ကျင့်စဉ် နှင့် ပေါင်းစပ်ခြင်း၊ ဓာတ်ကြီးငါးပါး ကျင့်စဉ် ၏ ဒုတိယအလွှာ ဖြစ်သော ရွှေအမြုတေ အဆင့် အတွက် သိုင်းကွက်များကို ဆက်လက် ဖန်တီးခြင်း...
ဤကိစ္စရပ်များသည် စုယွီ၏ အားလပ်ချိန်များကို ဖြည့်ဆည်းပေးထား၏။
ထိုသို့ဖြင့် နှစ်ဝက်ခန့် ကြာမြင့်ပြီးနောက်မှသာ ပြင်ပလောကတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို စုဇီ၏ နှုတ်မှတစ်ဆင့် စုယွီ ကြားသိလိုက်ရသည်။
ဝိညာဉ်တောင်ပေါ်ရှိ သစ်သားတဲအိမ်လေး အတွင်း၌ ဖြစ်၏။
ပြင်းရှသော ဝိညာဉ်ဝိုင်ကို တစ်ငုံမျှ သောက်လိုက်ပြီးနောက် စုဇီ၏ ပါးပြင်နှစ်ဖက်သည် ပန်းရောင်သန်းသွားပြီး သိသာထင်ရှားသော အနီရောင်များ ယှက်သန်းလာသည်။ ဝိညာဉ်ဝိုင်၏ အရှိန်အဝါနှင့် အပူဓာတ်က ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသဖြင့် သူမသည် အနည်းငယ် ပူအိုက်သလို ခံစားလိုက်ရသည်။
သို့သော် ဝိုင်အရသာက အလွန် ထူးခြားနေသဖြင့် စုဇီသည် မနေနိုင်ဘဲ နောက်ထပ် တစ်ငုံ ထပ်သောက်လိုက်မိသည်။ အချိန်အတော်ကြာမှ သူမသည် မျက်လုံးများကို မှေးစင်းလျက် ဝိုင်ခွက်ကို ချလိုက်ပြီး စုယွီကို မျက်လုံးကစားလိုက်၏။
ထို့နောက် သူမက ပြောပြ၏။
“တာအိုဆရာ ရှုဟိုင် တစ်ယောက် တာ့ယွဲ့ နန်းတော် ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီ... မကြာသေးခင်က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ကျင့်ကြံသူ သောင်းနဲ့ချီပြီး သူ့ကို လိုက်ရှာဖို့နဲ့ အပြန်လမ်းမှာ ကြားဖြတ်တိုက်ခိုက်ဖို့ လှုပ်ရှားခဲ့ကြသေးတယ်”
“ဒါပေမဲ့ သိသာတာကတော့ သူတို့ မအောင်မြင်ခဲ့ကြဘူးလေ”
“ကြားရသလောက်တော့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က တာ့ယွဲ့ နန်းတော် ကို သတိပေးထားတယ်တဲ့... တာအိုဆရာ ရှုဟိုင် နဲ့ ရှန်ယွမ် မက်မွန်ပင် ကို ချက်ချင်း ပြန်ပေးရမယ် တဲ့... အဲ့လိုမှ မဟုတ်ရင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က တာ့ယွဲ့ နန်းတော် ကို စစ်ကြေညာတော့မယ်လို့ ပြောနေကြတယ်”
ထိုစကားကို ကြားသောအခါ စုယွီသည် ရယ်ချင်စိတ် ပေါက်သွားမိသည်။ လွန်ခဲ့သော နှစ်ဝက်ခန့်က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ သည် လူကြီးတစ်ယောက်ကို အသုံးချပြီး လူငယ်လေး ဖြစ်သော တာအိုဆရာ ရှုဟိုင် ကို ပြန်ပေးဆွဲခဲ့၏။
ထိုစဉ်က တာ့ယွဲ့ နန်းတော် သည် ဒေါသထွက်ပြီး တာအိုဆရာ ရှုဟိုင် ကို ခြစ်ရာမထင်ဘဲ ပြန်လွှတ်ပေးရန်၊ သို့မဟုတ်ပါက စစ်ခင်းမည်ဟု ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကို သတိပေးခဲ့သည်။
ယခုမူ တာအိုဆရာ ရှုဟိုင် က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကို ဉာဏ်ဆင် ကစားသွားခဲ့ပြီ ဖြစ်သည်။ ဒေါသထွက်ပြီး အရှက်ရသွားသော မဟာမိတ်အဖွဲ့က စစ်ခင်းမည်ဟု ပြန်လည် ခြိမ်းခြောက်နေပြန်၏။
တကယ်ပါပဲ... ကံတရား စက်ဝိုင်း ဆိုတာ အနိမ့်အမြင့် အတက်အကျ ရှိစမြဲပါလား။
စုယွီသည် ဝိညာဉ်ဝိုင် နှစ်ငုံခန့် သောက်ထားသဖြင့် ပါးပြင်များ လှပစွာ ရဲသွေးသန်းနေသော စုဇီကို ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
“အခု အခြေအနေက ဘယ်အဆင့် ရောက်နေပြီလဲ... စစ်ပွဲက ဘယ်တော့ စမှာတဲ့လဲ အစ်မ”
စုဇီသည် ဝိုင်ခွက်ကို ပြန်ကိုင်လိုက်ရင်း ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် နောက်ထပ် တစ်ငုံ သောက်လိုက်ပြီးမှ ပြန်ဖြေလေ၏။
“သူတို့တွေ ငြင်းခုံနေကြတုန်းပဲလို့ ကြားတယ်... အခုချိန်မှာ ဦးဆောင်နိုင်မှု အခွင့်အရေးက တာ့ယွဲ့ နန်းတော် လက်ထဲမှာ ရှိနေတယ်လေ... သူတို့က ရှန်ယွမ် မက်မွန်ပင် ကိုလည်း ရထားတယ်၊ တာအိုဆရာ ရှုဟိုင် လည်း ဘေးကင်းနေပြီ ဆိုတော့... တာ့ယွဲ့ နန်းတော် က အသာစီး ရနေတာပေါ့”
ဝိညာဉ်ဝိုင် တစ်ခွက်ကုန်အောင် သောက်ပြီးနောက် စုဇီ၏ မျက်နှာသည် နွေးထွေးစွာ နီမြန်းလာပြီး သူမ၏ ရှူထုတ်လိုက်သော လေငွေ့များတွင် ဝိုင်နံ့သင်းသင်းလေး ပါဝင်နေသည်။ ပူနွေးသော ဝင်သက်ထွက်သက်များကြောင့် သူမသည် အနည်းငယ် နေရခက်သလို ဖြစ်လာ၏။ စုယွီနှင့် စုမိသားစု အကြောင်း ခေတ္တမျှ ဆွေးနွေးပြီးနောက် သူမသည် ကပျာကယာပင် ထွက်ခွာသွား၏။
စုယွီသည်လည်း ဝိုင်ခွက်ငယ် တစ်ခွက် သောက်လိုက်၏။ တစ်ဝက်ခန့် ကျန်ရှိနေသေးသော ဝိညာဉ်ဝိုင် အိုးကို ကြည့်ရင်း သူသည် စိတ်ထဲ၌ တွေးတောလိုက်သည်။
'နောက်နောင် အရက်သမား တာအိုဆရာ ဆီကနေ ဝိညာဉ်ဝိုင် များများ ရနိုင်မလား ဆိုတာ အခွင့်အရေး ရှာကြည့်ဦးမှပဲ'
သူသည် အနီရောင် ဝိုင်ဘူးသီးခြောက် ကို သိမ်းဆည်းလိုက်ပြီး ယွီခယ်အာ တံခါးပိတ် ကျင့်ကြံနေသော နေရာသို့ ရောက်ရှိလာခဲ့သည်။ သူမ ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းရင်း ဝိုင်အရှိန်လေးနှင့် စကားစမြည် ပြောဆိုလိုက်၏။
စကားပြောနေစဉ် အတွင်းမှာပင် စုယွီသည် ယခင်က ရရှိခဲ့ဖူးသော စုံတွဲကျင့်စဉ် အကြောင်းကို တွေးမိလိုက်သည်။
ထို စုံတွဲကျင့်စဉ် နည်းစနစ် ကိုယ်တိုင်၌ ဘာပြဿနာမှ မရှိသော်လည်း... ပြဿနာမှာ ကျောက်စိမ်းပြား အမွေအနှစ် အတွင်း၌ ပါဝင်သော နည်းလမ်းများသည် မိစ္ဆာကျင့်ကြံသူများ၏ နည်းလမ်းများ ဖြစ်နေခြင်းပင်။
သေချာပေါက် စုယွီ အနေဖြင့် ဤ စုံတွဲကျင့်စဉ်ကို လိုက်စား ကျင့်ကြံလိုစိတ် မရှိပေ။
သို့သော်လည်း ထိုကျင့်စဉ်ထဲတွင် နက်ရှိုင်းကျယ်ပြန့်သော သဘောတရားများစွာ ပါဝင်နေသဖြင့် သူသည် လေ့လာသင်ယူခဲ့ပါသည်။
လအနည်းငယ် ကြာပြီးနောက်...
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ သည် တာ့ယွဲ့ နန်းတော် ကို စစ်မကြေညာခဲ့ပေ။ ဆန့်ကျင်ဘက် အနေဖြင့် ထိုက်ရွှီ မဟာမိတ် ခေါင်းဆောင်ကြီး သည် တာ့ယွဲ့ နန်းတော် ရှိ အကြီးအကဲများထံသို့ လာရောက် လည်ပတ်ခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်လာခဲ့၏။
ရလဒ်ကို မသိရှိရသော်လည်း... တစ်ချိန်က စစ်ခင်းမည်ဟု ကြွေးကြော်ခဲ့သော ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ သည် နောက်ဆုံးတွင် မည်သည့် လှုပ်ရှားမှုမျှ ပြုလုပ်ခဲ့ခြင်း မရှိပေ။
(၂) နှစ် ကြာပြီးနောက်...
စုယွီ၊ ယွီခယ်အာ၊ စုဇီ၊ စုချီ နှင့် လော့ချန်ယွီ တို့သည် ဆေးလုံးတောင် သို့ ပြန်လည် ရောက်ရှိလာကြသည်။ မကြာသေးမီက မိသားစု အကြီးအကဲဟောင်းများ ဖြစ်ကြသော စုယွင် နှင့် စုရို့ဆု တို့ နှစ်ဦး ကွယ်လွန်သွားခဲ့ကြရာ စုမိသားစု တစ်ခုလုံး ဝမ်းနည်းပူဆွေးစွာဖြင့် နှုတ်ဆက် ခွဲခွာခဲ့ကြရ၏။
ဆေးလုံးတောင် သို့ ပြန်ရောက်ပြီးနောက် စုယွီသည် သုသာန်သို့ သွားရောက်ကာ သူတို့၏ ဂူများပေါ်သို့ ဝိညာဉ်ဝိုင် တစ်ခွက်စီ လောင်းချ၍ ကန်တော့လိုက်သည်။
သူသည် ရှေ့တွင် ရှိနေသော ဂူများစွာကို ငေးငိုင်စွာ ကြည့်နေမိသည်။
စုပင်း မှ လွဲ၍ တစ်ချိန်က သူ့အပေါ် ဆုံးမသွန်သင်ခဲ့ကြသော သူ၏ မျိုးဆက်မှ စုမိသားစု အကြီးအကဲများ အားလုံး ကွယ်လွန်သွားခဲ့ကြပြီ ဖြစ်သည်။
နောက်ထပ် မျိုးဆက်တစ်ခုမှ ကျန်ရစ်နေသူဟူ၍ အကြီးအကဲ စုဟယ် တစ်ယောက်သာ ရှိတော့သည်။
စုမိသားစု၏ အကြီးအကဲ နေရာများကို လက်လွှဲပြောင်းယူလိုက်ကြပြီ ဖြစ်ပြီး... ယခုအခါ အသက် (၄၀)၊ (၅၀) ဝန်းကျင် ရှိကြသော ကျန်းမာသန်စွမ်းသည့် မျိုးဆက်သစ်များက နေရာယူထားကြသည်။
စုရွီအန်း သည်လည်း စုထုံ အမည်ရှိသော ဆက်ခံသူ တစ်ဦးကို ရှာဖွေတွေ့ရှိထားပြီး ပြုစုပျိုးထောင် ပေးလျက် ရှိ၏။
တစ်ချိန်တည်းမှာပင် အခြားသော အလားအလာရှိသည့် ဆက်ခံသူ လောင်းများလည်း ရှိနေကြသည်။
စုရွီအန်း နှင့် သူ့ဇနီး ယွီဝမ်ကျိ တို့တွင် သားတစ်ယောက် နှင့် သမီးနှစ်ယောက် ထွန်းကားခဲ့သည်။ သူတို့၏ သားကြီး နှင့် ဒုတိယ သမီးတို့၏ ဝိညာဉ် အမြစ် ပါရမီမှာ သိပ်မကောင်းလှဘဲ အဆင့်နိမ့် ဝိညာဉ် အမြစ် သာ ပါရှိကြသည်။ သို့သော် သူတို့၏ တတိယ သမီးဖြစ်သူ စုရွေ့ ကမူ ထိပ်တန်း ဝိညာဉ် အမြစ် ကို ပိုင်ဆိုင်ထား၏။
စုပင်း ၏ အခြေအနေမှာမူ... ယခုအခါ သူသည် အသက် (၁၀၈) နှစ် ရှိနေပြီ ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်မှာ အခြေခံတည်ဆောက်ခြင်း အဆင့် (၆) တွင်သာ ရပ်တန့်နေ၏။
အကယ်၍ သူသာ အခြေခံတည်ဆောက်ခြင်း အဆင့် (၇) သို့ မတက်လှမ်းနိုင်ပါက... စုပင်း ၏ သက်တမ်းမှာ နှစ်ပေါင်း (၃၀) ခန့်သာ ကျန်ရှိတော့မည် ဖြစ်ပေသည်။
အခန်း (၃၃၈) - အဆင့်တက်ခြင်း၊ စတုတ္ထအဆင့် ရွှေအမြုတေ (၂)
~“ဒါက အချိန်ကာလရဲ့ ရက်စက်ခြင်းပါပဲ... လူတစ်ယောက်က သူ့ရဲ့ ကျင့်ကြံခြင်း လမ်းခရီးမှာ ရှေ့ဆက်မလျှောက်လှမ်းနိုင်တော့ဘူး ဆိုရင်... သူ ဘယ်လောက်ပဲ ကျင့်ကြံခြင်း အဆင့် မြင့်မားပါစေ၊ အင်မော်တယ် ဖြစ်ဖို့ သွားရမယ့် လမ်းခုလတ်မှာပဲ လဲကျသေဆုံးသွားမှာပါပဲ”
စုယွီက သံဝေဂရသော လေသံဖြင့် သုံးသပ်ပြလိုက်သည်။
“မြန်မြန်လျှောက်ဖို့က အရေးမကြီးပါဘူး... မှန်မှန်လျှောက်ဖို့က ပိုအရေးကြီးပါတယ်”
“မှန်မှန်လျှောက်တာထက် ပိုအရေးကြီးတာက... အဆက်မပြတ် လျှောက်လှမ်းနိုင်ဖို့ပါပဲ”
ဤသို့ တွေးမိလိုက်သောအခါ စုယွီ၏ စိတ်ဓာတ်များ ပြန်လည် တက်ကြွလာခဲ့သည်။
အမှန်စင်စစ် သူ၏ ကျင့်ကြံခြင်း နှုန်းသည် မမြန်လှပေ။
သို့သော် သူ့တွင် ကျွမ်းကျင်မှု မျက်နှာပြင် ရှိနေသည်။ ကျွမ်းကျင်မှု ပမာဏ တိုးတက်လာသည်နှင့်အမျှ သူ၏ ကျင့်ကြံခြင်း အဆင့်သည်လည်း အဟန့်အတားမရှိ တိုးတက်လာနိုင်၏။
ပါရမီရှင် အများစုသည် အစပိုင်းတွင် အလွန် လျှင်မြန်သော နှုန်းဖြင့် ကျင့်ကြံနိုင်ကြသော်လည်း... သူတို့၏ ပါရမီ ကုန်ဆုံးသွားသည့် အချိန်၌ အဆင့်တက်ရန် မဖြစ်နိုင်တော့ဘဲ ဘဝနှင့် သေခြင်း ကြားတွင် ပိတ်မိကာ စိတ်ပျက်အားငယ်ရလေ့ ရှိသည်။
သူတို့က ထာဝရ ရှေ့ဆက်လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။
သို့သော် စုယွီကတော့ လျှောက်လှမ်းနိုင်စွမ်း ရှိ၏။
လော့ချန်ယွီ သည်လည်း စုယွီ၏ နောက်တွင် ရပ်ကာ တိတ်ဆိတ်ငြိမ်သက်နေသော သူ၏ ကျောပြင်ကို ကြည့်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်သည်။
“ဒါက ကျင့်ကြံခြင်း လမ်းစဉ်ပဲလေ... ခရီးရောက်လေလေ အထီးကျန်လေလေ ဖြစ်လာမှာပဲ... တစ်နေ့ကျရင် မိဘဆွေမျိုး၊ အကြီးအကဲ၊ မိတ်ဆွေ သူငယ်ချင်း နဲ့ ချစ်သူတွေပါမကျန် အကုန် ထားခဲ့ရပြီး ကိုယ်တစ်ယောက်တည်း ကျန်ခဲ့ရမယ့် အချိန် ရောက်လာမှာပဲ”
ထိုအခိုက်အတန့်၌... ရှေးကျပြီး ဟောင်းနွမ်းသော အရှိန်အဝါ တစ်ခုသည် စုယွီ၏ ခန္ဓာကိုယ်ကို ရစ်ပတ် လွှမ်းခြုံသွား၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင်...
စုယွီ၏ နောက်တွင် မလှမ်းမကမ်း၌ ရပ်နေသော လော့ချန်ယွီ သည် ရုတ်တရက် မူးဝေသွားသလို ခံစားလိုက်ရသည်။ တစ်ခဏတာမျှ သူမနှင့် စုယွီသည် မတူညီသော အချိန်ကာလ (၂) ခုတွင် ရပ်တည်နေသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်သွားရသည်။
သို့သော် လော့ချန်ယွီ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းပြီး စုယွီကို ပြန်ကြည့်လိုက်သောအခါ... ယခင်က ခံစားမှုမျိုး ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထို့ကြောင့် လော့ချန်ယွီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။
'အခုနက ဘာဖြစ်သွားတာလဲ'
ဝုန်း...
ထိုအချိန်၌ပင် စုယွီ၏ ခန္ဓာကိုယ်တွင် သိမ်မွေ့သော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာပြီး... သူ၏ ကျင့်ကြံခြင်း အဆင့်သည် ရွှေအမြုတေ အဆင့် (၁) မှ အဆင့် (၂) သို့ တိုးတက် ပြောင်းလဲသွား၏။
သူ၏ ကျင့်ကြံခြင်း အဆင့် ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက်... တောင်တန်းကြီး တစ်ခုလုံးတွင် ရှိသော သဘာဝ ဝိညာဉ်စွမ်းအင်များသည် သူ့ထံသို့ ဆွဲယူခြင်း ခံလိုက်ရပြီး တစ်ဟုန်ထိုး စီးဝင်လာကြတော့သည်။
အတိုင်းအဆမဲ့သော သဘာဝ ဝိညာဉ်စွမ်းအင်များကို စုယွီ၏ ခန္ဓာကိုယ်က စုပ်ယူလိုက်ပြီး... အလိုအလျောက် လည်ပတ်နေသော ဓာတ်ကြီးငါးပါး ကျင့်စဉ် ၏ အကူအညီဖြင့် ဓာတ်ကြီးငါးပါး ချီစွမ်းအားများ အဖြစ် သန့်စင် ပြောင်းလဲလိုက်၏။
ထိုသို့ သန့်စင်လိုက်သော ဓာတ်ကြီးငါးပါး ချီစွမ်းအားများတွင် ပုံမှန်မဟုတ်သော ထူးခြားသည့် အရှိန်အဝါ တစ်ခု ပါဝင်နေသကဲ့သို့ ရှိသည်။
ယွီခယ်အာ၊ လော့ချန်ယွီ၊ စုဇီ၊ စုချီ နှင့် နောက်ဘက်တွင် ရပ်နေကြသော စုပင်း၊ စုရွီအန်း၊ ယွီဝမ်ကျိ တို့အားလုံးသည် ထိုမြင်ကွင်းကို ကြည့်ပြီး မှင်သက်အံ့ဩ သွားကြ၏။
ဒီလို အခြေအနေမျိုးမှာတောင် သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ထိုးဖောက် တက်ရောက်သွားနိုင်တယ် ဟုတ်လား။
မဟုတ်သေးဘူး...
သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ဒီလိုပုံစံမျိုးနဲ့ ထိုးဖောက် တက်ရောက်သွားနိုင်တယ်လို့ ပြောရမှာလား။
စုယွီ တစ်ယောက်တည်းသာ အဖြစ်မှန်ကို အသိဆုံး ဖြစ်ပေသည်။ သူ၏ ခန္ဓာကိုယ် အတွင်းပိုင်း နက်ရှိုင်းသော နေရာတွင် စုဆောင်းထားသည့် 'အချိန် အရှိန်အဝါ' များသည် သိသိသာသာ လျော့နည်းသွားခဲ့၏။
တစ်ခဏချင်း အတွင်းမှာပင် သူသည် ဆယ်နှစ်ကျော် ကာလကို ဖြတ်သန်းလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
သူ၏ ဓာတ်ကြီးငါးပါး ကျင့်စဉ် တိုးတက်သွားရုံသာမက... သူ၏ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် သည်လည်း တိတ်တဆိတ်ပင် အဆင့် (၂၀) သို့ ရောက်ရှိသွားခဲ့သည်။ ၎င်း၏ ကျွမ်းကျင်မှု ပမာဏမှာ (၈၇) ရာခိုင်နှုန်း အထိ ရောက်ရှိနေပြီ ဖြစ်ရာ အဆင့် (၂၁) သို့ ရောက်ရန် မဝေးတော့ပေ။
ဓာတ်ကြီးငါးပါး ကျင့်စဉ် အနေဖြင့်မူ ရွှေအမြုတေ အဆင့် (၂) သို့ ရောက်ရှိသွားပြီး ကျွမ်းကျင်မှု ပမာဏ (၁၃.၁၁) ရာခိုင်နှုန်း ရှိနေပြီ ဖြစ်သည်။
ထို ဖြစ်စဉ်သည် (၂) နာရီကျော်ခန့် ကြာမြင့်ခဲ့၏။
စုယွီ အဆင့်တက်ခြင်း ပြီးဆုံးသွားပြီး သဘာဝ ဝိညာဉ်စွမ်းအင်များကို လုံလောက်စွာ စုပ်ယူကာ ချီစွမ်းအားအဖြစ် ပြောင်းလဲပြီးသည့် အချိန်ကျမှသာ... တောင်တန်း တစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်များ လျော့ပါးသွားခြင်း ရပ်တန့်သွားတော့သည်။ မူလအခြေအနေသို့ ပြန်လည် ရောက်ရှိရန် အနည်းဆုံး နာရီပေါင်းများစွာ ကြာမြင့်ဦးမည် ဖြစ်သည်။ သူ၏ ကျွမ်းကျင်မှု မျက်နှာပြင် ကို ကြည့်လိုက်၏။
[သက်တမ်း: ၁၃၆ / ၉၇၀ နှစ်]
[ကျင့်ကြံခြင်း နည်းစနစ်များ: ဓာတ်ကြီးငါးပါး ကျင့်စဉ် (ရွှေအမြုတေ အဆင့် ၂ ၊ ကျွမ်းကျင်မှု ၁၃.၁၁%) ၊ မိကျောင်းသားရဲ (၁၀၈) ကွက် ခန္ဓာ ကျင့်စဉ် (အဆင့် ၂၀ ၊ ကျွမ်းကျင်မှု ၈၇.၄၅%) ၊ ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ် (အဆင့် ၃ ၊ ကျွမ်းကျင်မှု ၄၂.၇၄%) ၊ သွေးဝေလငါး လမင်းမျို ကျင့်စဉ် (အဆင့် ၃ ၊ ကျွမ်းကျင်မှု ၁၀%)]
“ရွှေအမြုတေ အဆင့် (၁) ကနေ (၂) ကို တက်လိုက်တာနဲ့... ငါ့ရဲ့ သက်တမ်းက (၃၆) နှစ် တိုးလာပါလား”
ဒီနှုန်းအတိုင်းသာ တွက်ကြည့်လိုက်မယ် ဆိုရင်... သူ ရွှေအမြုတေ အဆင့် (၉) ကို ရောက်တဲ့အချိန်ကျရင် သူ့သက်တမ်းက (၁၂၀၀)၊ (၁၃၀၀) လောက်အထိ ရောက်သွားနိုင်မလား။
စုယွီ… အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး အံ့ဩထိတ်လန့်သွားမိသည်။
'သာမန် ရွှေအမြုတေ အဆင့် (၉) ကျင့်ကြံသူ တစ်ယောက်ရဲ့ သက်တမ်းထက် နှစ်ဆကျော် ပိုများနေပါလား'
သူသည် မူလဝိညာဉ် အဆင့် အရှင်သခင် တစ်ပါးထက်ပင် ပိုမို အသက်ရှည်နေနိုင်သေး၏။
ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် အဆင့် (၂၀) သည် ရွှေအမြုတေ အဆင့် (၂) နှင့် ညီမျှပြီး... နောက်တစ်ဆင့် တက်ရောက်ရန် ကျွမ်းကျင်မှု ပမာဏ မလိုတော့ပေ။
ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ် ၏ ကျွမ်းကျင်မှု ပမာဏမှာလည်း မှန်မှန် တိုးတက်နေပြီး ထက်ဝက်နီးပါး ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအရာများအပြင်...
စုယွီ၏ စိတ်အာရုံသည် သူ၏ ဝမ်းဗိုက်အောက်ပိုင်းရှိ ဒန်တျန် သို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် ရှိနေသော ရွှေအမြုတေ သည် ဒီတစ်ကြိမ် 'အချိန် အရှိန်အဝါ' ပြောင်းလဲမှု၏ အဓိက ဗဟိုချက် ဖြစ်ပေ၏။
ယခင်က သူ ဖွဲ့စည်းခဲ့သော ရွှေအမြုတေ တွင် အစင်းကြောင်း (၃) ခုသာ ပါရှိပြီး... ၎င်းကို 'သုံးဆင့်လည်ပတ် ရွှေအမြုတေ' ဟု ခေါ်ဆိုသည်။
သို့သော် ယခုအခါတွင်မူ သူ၏ ရွှေအမြုတေ ပေါ်၌ ဝေဝါးသော အစင်းကြောင်း တစ်ခု ထပ်မံ ပေါ်ထွက်လာသည်။
စတုတ္ထမြောက် အစင်းကြောင်း ပေါ်လာခြင်း ဖြစ်၏။
ယခင် အစင်းကြောင်း (၃) ခုနှင့် ယှဉ်လိုက်လျှင် ဤ စတုတ္ထမြောက် အစင်းကြောင်းမှာ အနည်းငယ် ဝေဝါးနေသေးပြီး သိပ်မထင်ရှားလှပေ။
စုယွီသည် ထို စတုတ္ထမြောက် ဝေဝါးသော အစင်းကြောင်းကို ကြည့်ရင်း ၎င်း၏ အရှိန်အဝါကို အာရုံခံလိုက်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
“သူ့ဆီမှာ အချိန် အရှိန်အဝါ နည်းနည်း ပါနေသလိုပဲ”
မည်သို့ပင် ဖြစ်စေ... စတုတ္ထမြောက် အစင်းကြောင်း ပေါ်လာခြင်းက စုယွီကို စိတ်လှုပ်ရှား ပျော်ရွှင်စေခဲ့သည်။
'တကယ်ပဲ ရွှေအမြုတေ ရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါလား... ဒီတစ်ခေါက် အချိန် အရှိန်အဝါ ရဲ့ စွမ်းအားကြောင့် ငါ့ရဲ့ ရွှေအမြုတေ က လေးဆင့်လည်ပတ် ရွှေအမြုတေ ဖြစ်လာဖို့ ခြေတစ်လှမ်းနီးပါး ရောက်သွားပြီ'
ယင်း၏ သိသာထင်ရှားသော ရလဒ်မှာ သူ၏ ဓာတ်ကြီးငါးပါး ချီစွမ်းအားများ အနည်းငယ် ပြောင်းလဲသွားခြင်းပင် ဖြစ်၏။
အသေးစိတ် ထပ်မံ မစစ်ဆေးတော့ဘဲ... အဆင့်တက်ခြင်း ပြီးဆုံးသွားပြီးနောက် စုယွီသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူသည် ရှေ့တွင် ရှိနေသော စုယွင် နှင့် စုရို့ဆု တို့၏ ဂူများကို ကြည့်ကာ လေးလေးစားစား ဦးညွှတ် ဂါရဝပြုလိုက်သည်။ ထို့နောက်မှ လော့ချန်ယွီ၊ ယွီခယ်အာ နှင့် အခြားသူများ ဘက်သို့ လှည့်ကြည့်လိုက်၏။
လော့ချန်ယွီ ၏ မျက်ဝန်းများထဲတွင် အရောင်တစ်ခု ယှက်သန်းသွားပြီး စုယွီကို မေးမြန်းလိုက်သည်။
“မင်း အဆင့်တက်သွားတာလား... ရွှေအမြုတေ အဆင့် (၂) ကို ရောက်သွားပြီလား”
စုယွီက ပြုံးဖြီးဖြီးဖြင့် အတည်ပြု ပြောကြားလိုက်၏။
“ဟုတ်တယ်... ကျွန်တော် ဉာဏ်အလင်း တစ်ချက် ရလိုက်ပြီး အဆင့်တက်သွားတာ”
ထိုစကားကို ကြားလိုက်ရသောအခါ စုပင်း၊ စုရွီအန်း၊ စုချီ နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိများ ချက်ချင်း ပေါ်ပေါက်လာကြသည်။
စုယွီ၏ ကျင့်ကြံခြင်း အဆင့်က ဆက်လက် တိုးတက်နိုင်သေးသည် ဆိုကတည်းက... စုယွီ၏ အနာဂတ်သည် ရွှေအမြုတေ အဆင့် အစောပိုင်းတွင် ရပ်တန့်သွားမည် မဟုတ်ဘဲ၊ အလယ်အလတ် သို့မဟုတ် နှောင်းပိုင်း အထိပင် ရောက်ရှိနိုင်ကြောင်း ပြသနေ၏။
ဤကဲ့သို့သော ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေခြင်းဖြင့်... စုမိသားစု၏ အနာဂတ်သည် ပိုမို တောက်ပ လာမည်မှာ အသေအချာပင်။
ဘိုးဘေး သခ်ျုင်းမြေမှ မိသားစု စံအိမ်သို့ ပြန်ရောက်ပြီးနောက်...
စုယွီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး စုရွီအန်း နှင့် ယွီဝမ်ကျိ တို့ကို ခေါ်ယူလိုက်သည်။ ထို့နောက် သူတို့၏ ကလေး (၃) ယောက်ကိုပါ တစ်ပါတည်း ခေါ်လာခဲ့ရန် မှာကြားလိုက်၏။
အခန်း (၃၃၉) - အဆင့်တက်ခြင်း၊ စတုတ္ထအဆင့် ရွှေအမြုတေ (၃)
~သူသည် ကလေး (၃) ယောက်၏ ပထမဆုံးအကြိမ် အခြေခံတည်ဆောက်ခြင်း အတွက် အထူးဖော်စပ်ထားသော ဆေးလုံးနှင့် အစိမ်းရောင် သစ်သား ချီစွမ်းအားများကို အသုံးပြုပေးခဲ့သည်။
အထူးသဖြင့် သားကြီး နှင့် ဒုတိယ သမီးတို့၏ ဝိညာဉ် အမြစ် ပါရမီမှာ သိပ်မကောင်းလှပေ။ သူတို့တွင် အဆင့်နိမ့် ဝိညာဉ် အမြစ် သာ ပါရှိကြ၏။
သို့ဖြစ်သော်ငြားလည်း သူ၏ လမ်းညွှန်မှုအောက်တွင် အခြေခံ တည်ဆောက်ပေးလိုက်ခြင်း ဖြစ်သည့်အတွက်... ထိုကလေးများသည် နောင်တစ်ချိန်တွင် အခြေခံတည်ဆောက်ခြင်း အဆင့် သို့ မရောက်ရှိနိုင်လျှင်တောင်မှ၊ ချီစုစည်းခြင်း အဆင့် (၉) အထိ ကျင့်ကြံနိုင်ရန်မှာ ပြဿနာ ရှိမည် မဟုတ်ပေ။
ထိုအချိန်ရောက်မှသာ သူတို့အနေဖြင့် အခြေခံတည်ဆောက်ခြင်း အဆင့် သို့ တက်လှမ်းရန် ဆက်လက် ကြိုးစားနိုင်ကြပေလိမ့်မည်။
တတိယ သမီးငယ် စုရွေ့ မှာမူ... တစ်နှစ်ကျော် အရွယ်သာ ရှိသေးပြီး လမ်းလျှောက်တတ်စ ကလေးငယ်လေး ဖြစ်သည်။ သူမ၏ မျက်လုံးဝိုင်းလေးများက ဝိညာဉ်စမ်းရေတွင်းလေး ပမာ ကြည်လင်နေပြီး၊ ခန္ဓာကိုယ်လေးမှ ဝိညာဉ်စွမ်းအင် အငွေ့အသက်များ သင်းပျံ့နေကာ ပန်းရောင်သန်းနေသော ပါးဖောင်းဖောင်းလေးများဖြင့် အလွန်အမင်း ချစ်စရာ ကောင်းလှပေသည်။
စုယွီသည် စုရွီအန်း နှင့် ယွီဝမ်ကျိ တို့ကို ကြည့်ကာ အကြံပြုလိုက်၏။
“ရွေ့လေး က တော်တော် ပါရမီပါတယ်... ခင်ဗျားတို့ သဘောတူမယ် ဆိုရင် သူ.. အသက် (၃) နှစ် ပြည့်တဲ့အခါ ယွင်ကျန်းဂိုဏ်း ဆီကို ခေါ်လာခဲ့ပါ... အဲ့ဒီအချိန်ကျရင် ခယ်အာ ကို သူ့ရဲ့ ကျင့်ကြံခြင်း အတွက် လမ်းညွှန်ခိုင်းလိုက်မယ်”
“ကျွန်တော်တို့ သဘောတူပါတယ်... တတိယ ဘိုးဘေး... သေချာပေါက် သဘောတူတာပေါ့ဗျာ”
စုရွီအန်း သည် ဝမ်းသာအားရ လက်ခံလိုက်သလို၊ ယွီဝမ်ကျိ လည်း အံ့ဩဝမ်းသာ ဖြစ်သွားခဲ့သည်။ ဇနီးမောင်နှံ နှစ်ဦးစလုံးသည် စုယွီအပေါ် ကျေးဇူးတင်စိတ်များ ပြည့်နှက်သွားကြ၏။
သို့သော် မကြာမီမှာပင် ယွီဝမ်ကျိ သည် သူမ၏ သမီးငယ် စုရွေ့ ကို ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်သန်းသော သံယောဇဉ် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
စုရွေ့ က အသက် (၃) နှစ်ပဲ ရှိဦးမှာလေ...
သည်အရွယ်လေးနှင့် သူမ ရင်ခွင်ထဲမှ ခွဲခွာသွားရတော့မည် ဆိုတော့ မိခင်တစ်ယောက် အနေနှင့် ဘယ်လိုလုပ် ဖြေနိုင်ပါ့မလဲ။
သို့သော်လည်း သမီးဖြစ်သူ အနေဖြင့် တတိယ ဘိုးဘေး ၏ နောက်သို့ လိုက်ပါပြီး ကျင့်ကြံခွင့် ရခြင်းသည် ကြီးမားသော ကံကောင်းမှု တစ်ခုပင် ဖြစ်ပါ၏။
လူအများစု လိုချင်တောင့်တ နေကြသော်လည်း လူနည်းစုသာ ရရှိနိုင်သော အခွင့်အရေးမျိုး ဖြစ်ချေသည်။
ယွီဝမ်ကျိ သည် စုရွီအန်း ၏ တာအို လက်တွဲဖော် စဖြစ်ခါစ အချိန်က ချောမောလှပသော နတ်မိမယ်လေး တစ်ပါး ဖြစ်ခဲ့သော်လည်း... ယခုအခါ ကလေး (၃) ယောက် မိခင် ဖြစ်လာပြီးနောက် ပိုမို ရင့်ကျက် တည်ငြိမ်သော အမျိုးသမီး တစ်ဦး အသွင်သို့ ပြောင်းလဲလာခဲ့ပြီ ဖြစ်၏။
စုရွီအန်း မှာမူ ကြီးကြီးမားမား မပြောင်းလဲလှပေ။ အကြောင်းမူကား သူသည် အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေသောကြောင့်တည်း။
သူ့တွင် အနည်းဆုံး သက်တမ်း နှစ်ပေါင်း (၁၀၀) ကျော် ကျန်ရှိနေသေးသည်။
ဆေးလုံးတောင် တွင် လဝက်ခန့် နေထိုင်ပြီးနောက်... စုယွီသည် လော့ချန်ယွီ၊ ယွီခယ်အာ နှင့် အခြားသူများကို ခေါ်ဆောင်ကာ ယွင်ကျန်းဂိုဏ်း သို့ ပြန်လာခဲ့ကြ၏။
ထိုသို့ဖြင့် နောက်ထပ် တစ်နှစ် ကုန်ဆုံးသွားခဲ့ပြန်သည်။
ထိုနေ့တွင်...
ယွင်ကျန်းဂိုဏ်း ၏ အပြင်ဘက် ကောင်းကင်ယံတွင် တိမ်တိုက်ကျားများသည် အတောင်ပံများကို ဖြန့်ကျက်လျက် ပျံသန်းနေကြ၏။ ၎င်းတို့သည် စုယွီ၊ ယွီခယ်အာ နှင့် လော့ချန်ယွီ တို့ကို တင်ဆောင်ကာ တာ့ယွဲ့ နန်းတော် ရှိရာ အရပ်ဆီသို့ ဦးတည် သွားရောက်နေကြခြင်း ဖြစ်သည်။
လွန်ခဲ့သော လဝက်ခန့်က တာအိုဆရာ ရှုယွီ ထံမှ သတင်းစကား တစ်စောင် ရောက်ရှိလာခဲ့၏။ တာအိုဆရာ ရှုဟိုင် သည် လွန်ခဲ့သော ကာလအနည်းငယ်က ရွှေအမြုတေ အဆင့် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း... ပင်။
ထို့ကြောင့် သူ၏ ရွှေအမြုတေ ဖြစ်တည်ခြင်း အောင်မြင်မှုကို ဂုဏ်ပြုသော အားဖြင့် နောက်ထပ် တစ်လ အကြာတွင် တာ့ယွဲ့ နန်းတော် သို့ လာရောက် လည်ပတ်ရန် စုယွီနှင့် အဖွဲ့အား ဖိတ်ကြားထားခြင်း ဖြစ်ပါသည်။
တာ့ယွဲ့ နန်းတော် သည် တာ့ယွဲ့ မြို့တော် နှင့် အလှမ်းဝေးကွာသော နေရာတွင် ရှိနေသဖြင့် စုယွီနှင့် အဖွဲ့သည် ခရီးစဉ်ကို စောစီးစွာ စတင်ခဲ့ကြ၏။
တာ့ယွဲ့ နန်းတော် သည် နယ်မြေကို လွှမ်းမိုးထားသော အင်အားကြီး အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး စုယွီ ကျင့်ကြံခြင်း လောကသို့ စတင် ဝင်ရောက်ချိန် ကတည်းက ကျော်ကြားသော နေရာတစ်ခု ဖြစ်လေသည်။
သို့သော် ယခုအချိန်အထိ စုယွီသည် တာ့ယွဲ့ နန်းတော် သို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသေးပေ။
တာ့ယွဲ့ နန်းတော် နှင့် ပတ်သက်၍ သူ၏ ဗဟုသုတမှာလည်း အကန့်အသတ် ရှိလှသည်။ တာ့ယွဲ့ နန်းတော် တွင် အကြီးအကဲ (၁၀) ဦး ရှိပြီး၊ ထို အကြီးအကဲ အားလုံးသည် ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ ဖြစ်ကြောင်းကိုသာ သူ သိထားသည်။
ထို့အပြင် တာ့ယွဲ့ နန်းတော် ၏ ဒုတိယ နန်းတော်သခင် ဖြစ်သူ၊ ရွှေအမြုတေ အဆင့် (၉) သို့ ရောက်ရှိနေသော ဝါရင့် ကျင့်ကြံသူကြီး တာအိုဆရာ လုံယန် ကိုလည်း သူ တွေ့ဖူး၏။
*
တိမ်တိုက်ကျား၏ ကျောပေါ်တွင်...
စုယွီသည် လော့ချန်ယွီ ကို ကြည့်ကာ မေးမြန်းလိုက်သည်။
“ခင်ဗျား..တာ့ယွဲ့ နန်းတော် အကြောင်း ဘယ်လောက် သိထားသလဲဗျ”
လော့ချန်ယွီ သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြန်ဖြေ၏။
“ငါတို့ ယွင်ကျန်းဂိုဏ်း ရဲ့ ဘိုးဘေးတွေထဲက တစ်ယောက်က တာ့ယွဲ့ နန်းတော် ရဲ့ နန်းတော်သခင် တစ်ပါးရဲ့ တာအို လက်တွဲဖော် ဖြစ်ခဲ့ဖူးတယ်”
စုယွီ - “ဗျာ...”
ယွီခယ်အာ လည်း အံ့အားသင့်စွာဖြင့် သူမကို လှည့်ကြည့်လိုက်သည်။
ဒီအကြောင်းကို သူတို့ တစ်ခါမှ မကြားဖူးပါလား။
စုယွီသည် ခေတ္တမျှ ကြောင်အ သွားပြီးမှ ဆက်ပြောရန် တိုက်တွန်းလိုက်သည်။
“အသေးစိတ် ပြောပြလို့ ရမလား”
ထိုအခါ၊ လော့ချန်ယွီ သည် သူ့ကို ပြုံးစစ မျက်နှာထားဖြင့် တစ်ချက် ကြည့်လိုက်ပြီး ရှင်းပြလာပါ၏။
“ကောလာဟလတွေအရတော့... ငါတို့ ယွင်ကျန်းဂိုဏ်း ရဲ့ အံ့မခန်း ပါရမီရှင် ဘိုးဘေးကြီးက ရွှေအမြုတေ တာအို လမ်းစဉ် ကို အောင်မြင်ခဲ့တဲ့ ကောင်းကင်ဘုံ ပါရမီရှင် တစ်ယောက်ပဲ... သူက မွေးရာပါ ရွှေရောင် ဝိညာဉ်ခန္ဓာကိုယ် ပါလာပြီး ငါးဆင့်လည်ပတ် ရွှေအမြုတေ အဆင့်အထိ ကျင့်ကြံနိုင်ခဲ့တယ် တဲ့”
“ဘိုးဘေးကြီး လူငယ်ဘဝတုန်းက အပြင်လောကမှာ လှည့်လည်သွားလာရင်း အဲ့ဒီ တာ့ယွဲ့ နန်းတော်သခင် (အမျိုးသမီး) နဲ့ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ဖူးတယ်... ဒါပေမဲ့ သူ အရှင်သခင် အဆင့် ကို ရောက်လို့ သူ့ချစ်သူကို တာအို လက်တွဲဖော် အဖြစ် တရားဝင် လက်ထပ်ပြီး ခေါ်သွားချင်တဲ့ အချိန်မှာ... အဲ့ဒီခေတ်က တာ့ယွဲ့ နန်းတော်သခင် (ဆရာမ) ရဲ့ တားမြစ်ခြင်းကို ခံလိုက်ရတယ်”
“နောက်ပိုင်းမှာ သူ့ချစ်သူက တာ့ယွဲ့ နန်းတော် ရဲ့ နန်းတော်သခင် ဖြစ်လာပြီး... ငါတို့ ဘိုးဘေးကြီးကတော့ ယွင်ကျန်းဂိုဏ်း ရဲ့ အကြီးအကဲ ဖြစ်လာခဲ့တယ်”
“ဒါပေမဲ့ ဒီကိစ္စကပဲ ဘိုးဘေးကြီးရဲ့ စိတ်စွဲလမ်းမှု ဖြစ်သွားသလားတော့ မသိဘူး... သူက ရွှေအမြုတေ အဆင့် (၉) ထက် ကျော်ပြီး မတက်လှမ်းနိုင်တော့ဘဲ သူ့ရဲ့ အမြုတေကို ခိုင်မာအောင် မလုပ်နိုင်တော့ဘူး”
“နောက်ဆုံးမှာတော့ ဘိုးဘေးကြီးက တာ့ယွဲ့ နန်းတော် ကို သွားပြီး နန်းတော်သခင်မ နဲ့ တိုက်ခိုက်ခဲ့ကြတယ်”
“ပြန်ရောက်ပြီး မကြာခင်မှာပဲ ဘိုးဘေးကြီး ကွယ်လွန်သွားခဲ့ရှာတယ်”
“အဲ့ဒီ တာ့ယွဲ့ နန်းတော်သခင်မ ကလည်း မကြာခင်မှာပဲ သူ့ရဲ့ ရာထူးကို တပည့်ဆီ လွှဲပြောင်းပေးပြီး ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး တံခါးပိတ် ကျင့်ကြံသွားတော့တာပဲ... အခု လက်ရှိ တာ့ယွဲ့ နန်းတော်သခင် က အဲ့ဒီတပည့် ပေါ့... သူက တာအိုဆရာ လျဲ့ကျို ရဲ့ အစ်မတော် ဖြစ်သလို တာအိုဆရာ ရှုဟိုင် ရဲ့ သိုင်း ဒေါ်လေးပဲ”
လော့ချန်ယွီ ပြောပြပြီးသွားသောအခါ တိမ်တိုက်ကျား၏ ကျောပြင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ဟူး...
ဒီဇာတ်လမ်းက ဇာတ်နာလွန်းပြီး ဝမ်းနည်းဖို့လည်း ကောင်းလှ၏။
အကယ်၍သာ ထို ငါးဆင့်လည်ပတ် ရွှေအမြုတေ ပိုင်ရှင် ဘိုးဘေးကြီး ပုံမှန်အတိုင်း ဆက်လက် ကြီးထွားခွင့် ရခဲ့မည် ဆိုလျှင်... သူ၏ ကျင့်ကြံခြင်းက ဘယ်အဆင့်ထိ ရောက်သွားနိုင်မလဲ ဆိုတာကို စုယွီ မှန်းဆကြည့်ရုံဖြင့်ပင် ကြက်သီးထမိ၏။
ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် စုယွီက ရုတ်တရက် မေးမြန်းလိုက်သည်။
“ဒါဆို လက်ရှိ တာ့ယွဲ့ နန်းတော် ရဲ့ မဟာ အကြီးအကဲက ဘယ်သူလဲ”
လော့ချန်ယွီ က ဖြေလိုက်သည်။
“သူက တစ်ချိန်တုန်းက အဲ့ဒီ တာ့ယွဲ့ နန်းတော်သခင်မ ရဲ့ အစေအပါး ဖြစ်ခဲ့ဖူးတယ်”
ထိုစကားကြောင့် စုယွီ နှင့် ယွီခယ်အာ တို့သည် အချိန်အတော်ကြာအောင် ဆွံ့အသွားကြရ၏။
*
(၁၀) ရက် မကြာမီအချိန်၌ပင်...
တိမ်တိုက်ကျားများသည် အဆုံးမရှိသော တောင်တန်းများနှင့် မြစ်များကို ဖြတ်ကျော်ကာ တာ့ယွဲ့ တောင်တန်းကြီး၏ တခြားတစ်ဖက်သို့ ရောက်ရှိလာကြသည်။ ရှေ့တွင် မိုးထိအောင် မြင့်မားသော ဝိညာဉ်တောင်တန်းကြီးများ ပေါ်ထွက်လာပြီး ကြီးမားခမ်းနားသော အင်မော်တယ် မြို့တော်ကြီး တစ်ခု သူတို့မြင်ကွင်းထဲသို့ ဝင်ရောက်လာ၏။
ထိုမြို့တော်သည် တာ့ယွဲ့ နန်းတော် ၏ အုပ်ချုပ်မှုအောက်တွင် ရှိသော တစ်ခုတည်းသော အင်မော်တယ် မြို့တော် ဖြစ်သည့် တာ့ယွဲ့ အင်မော်တယ် မြို့တော် ပင် ဖြစ်ပေသည်။
၎င်းသည် တာ့ယွဲ့ နယ်မြေ တစ်ခုလုံးတွင် အကြီးဆုံးသော မြို့တော်ကြီးလည်း ဖြစ်၏။
သို့သော် သူတို့၏ ဒီတစ်ခေါက် ခရီးစဉ် ပန်းတိုင်သည် တာ့ယွဲ့ အင်မော်တယ် မြို့တော် မဟုတ်ဘဲ၊ တာ့ယွဲ့ နန်းတော် သာ ဖြစ်သည်။
ထို့ကြောင့် သူတို့သည် တာ့ယွဲ့ အင်မော်တယ် မြို့တော် ကို ကွင်းရှောင်သွားကြပြီး နောက်ထပ် တစ်နာရီခန့် ကြာသောအခါ...
ကောင်းကင်ယံကို ထိုးဖောက်မတတ် မြင့်မားလှသော နတ်ဘုရား တောင်တန်းကြီး တစ်ခုသည် သူတို့ (၃) ဦး၏ ရှေ့တွင် ပေါ်ထွက်လာ၏။
ဤ နတ်ဘုရား တောင်တန်းကြီး၏ ပမာဏသည် တာ့ယွဲ့ အင်မော်တယ် မြို့တော်ကြီး တစ်ခုလုံး၏ အရွယ်အစားနှင့် ယှဉ်နိုင်လောက်ပေသည်။
တာ့ယွဲ့ နန်းတော် ၏ ဂိတ်တံခါးဝ အပြင်ဘက် တောင်ကုန်းငယ်တစ်ခု၏ ထိပ်တွင် စင်မြင့်တစ်ခု တည်ဆောက်ထား၏။ ၎င်းသည် ဧည့်သည်များ၏ ပျံသန်းသော သားရဲများ ဆင်းသက်ရန် နေရာ ဖြစ်သည်။ တိမ်တိုက်ကျားများ ဆင်းသက်လိုက်ချိန်တွင် ထိုစင်မြင့်ပေါ်၌ လူအများအပြား စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရ၏။
“ဝေါင်း”
တိမ်တိုက်ကျားသည် အသံ ခပ်အုပ်အုပ်ဖြင့် ဟိန်းဟောက်လိုက်ပြီး စင်မြင့်ပေါ်သို့ ခြေချလိုက်သည်။ ၎င်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ ပြင်းထန်သော သားရဲထိန်းချုပ်ခြင်း စွမ်းအင် အကြွင်းအကျန်များကို အာရုံခံမိသဖြင့် အလိုအလျောက် သတိရှိသွား၏။
တာအိုဆရာ ရှုဟိုင်၊ တာအိုဆရာ ရှုယွီ၊ တာအိုဆရာမ ချင်းချွမ်၊ နတ်မိမယ် ဖုန်းလင် နှင့် လော့ချန်ကုန်း တို့သည် ထိုနေရာတွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
စုယွီ၊ ယွီခယ်အာ နှင့် လော့ချန်ယွီ တို့ တိမ်တိုက်ကျား ကျောပေါ်မှ ခုန်ဆင်းလာသည်ကို မြင်လိုက်ရသောအခါ သူတို့ (၅) ဦးသည် ရှေ့သို့ တက်လာပြီး ကြိုဆိုလိုက်ကြ၏။