အခန်း (၃၄၀-၃၄၂)
Vol. 23 Ch. 340-342
အခန်း (၃၄၀) - အဆင့်တက်ခြင်း၊ စတုတ္ထအဆင့် ရွှေအမြုတေ (၄)
~တာအိုဆရာမ ချင်းချွမ် သည် တိမ်တိုက်ကျားများကို တစ်ချက် မျက်လုံးကစားလိုက်ပြီးနောက် စုယွီ ဘက်သို့ လှည့်ကာ မကျေနပ်သော လေသံဖြင့် အပြစ်တင်စကား ဆိုလိုက်၏။
“ရှင်တို့ကလည်း လာတာ တော်တော် ကြာတာပဲဟေ့...ကျွန်မတို့က အချိန် တစ်လ ပေးထားပါတယ်... ရှင်တို့ကတော့ တစ်လပြည့်ခါနီးမှပဲ ကပ်ရောက်လာတော့တယ်နော်”
စုယွီက ပြုံးလိုက်ပြီး ယဉ်ကျေးစွာ ပြန်လည် နှုတ်ဆက်လိုက်သည်။
“ပြန်တွေ့ရတာ ဝမ်းသာပါတယ်ဗျာ... တာအိုဆရာမ ချင်းချွမ်”
ထို့နောက် သူသည် တာအိုဆရာ ရှုဟိုင် ဘက်သို့ လှည့်ကာ ဂုဏ်ပြုစကား ပြောကြားလိုက်၏။
“တာအိုဆရာ ရှုဟိုင်... အဆိုးထဲက အကောင်း ဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ... အခုဆိုရင် ခင်ဗျားလည်း ရွှေအမြုတေ ကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဆိုတော့ အင်မော်တယ် ဖြစ်ဖို့ လမ်းစ ပွင့်သွားပြီပေါ့”
ပြောပြောဆိုဆိုပင် စုယွီ၏ လက်ထဲတွင် သိုလှောင်အိတ် တစ်လုံး ပေါ်လာပြီး တာအိုဆရာ ရှုဟိုင် ထံသို့ ကမ်းပေးလိုက်၏။
“ဒါကတော့ ကျွန်တော်တို့ (၃) ယောက်ပေါင်းပြီး ပေးတဲ့ ဂုဏ်ပြုလက်ဆောင် ပါဗျာ... သိပ်ပြီး တန်ဖိုးကြီးတာတွေတော့ မပါပါဘူး... တာအိုဆရာ ရှုဟိုင် သဘောကျမယ်လို့ မျှော်လင့်ပါတယ်”
တာအိုဆရာ ရှုဟိုင် က သိုလှောင်အိတ် ကို လှမ်းယူလိုက်သည်နှင့် တာအိုဆရာမ ချင်းချွမ် သည် သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ လှမ်းမေးလိုက်တော့သည်။
“အစ်ကိုကြီး... ဘာလက်ဆောင်တွေလဲ... ပြပါဦး”
သိုလှောင်အိတ် ထဲတွင် ပစ္စည်း အများအပြားတော့ မပါဝင်ချေ။
ထိပ်တန်းအဆင့် စိမ်းပြာပင်လယ် ဆေးလုံး (၁၀) လုံး၊ အဆင့် (၃) အဆင့်နိမ့် ပုံရိပ်ယောင် လမင်း အဆောင် (၅) ခုနှင့် အဆင့် (၃) အဆင့်နိမ့် ခရမ်းရောင် လမင်း အဆောင် (၅) ခုတို့ ပါဝင်၏။
တာအိုဆရာမ ချင်းချွမ် က ထိုပစ္စည်းများကို ကြည့်ပြီး သိပ်စိတ်ဝင်စားပုံ မပြပေ။
သို့သော် တာအိုဆရာ ရှုယွီ၊ နတ်မိမယ် ဖုန်းလင် နှင့် လော့ချန်ကုန်း တို့၏ မျက်လုံးများမှာမူ ထိပ်တန်းအဆင့် စိမ်းပြာပင်လယ် ဆေးလုံးများနှင့် အဆင့် (၃) အဆောင်များကို မြင်လိုက်ရသောအခါ အရောင်များ တဖျပ်ဖျပ် လက်သွားကြသည်။
တာအိုဆရာ ရှုယွီ သည် စိမ်းပြာပင်လယ် ဆေးလုံး နှင့် ပုံရိပ်ယောင် လမင်း အဆောင် ကို သိရှိသော်လည်း၊ ခရမ်းရောင် လမင်း အဆောင် အကြောင်းကိုမူ မသိနားမလည်ပေ။ ထို့ကြောင့် သူက လက်ညှိုးထိုးပြပြီး မေးမြန်းလိုက်၏။
“တာအိုဆရာ စုယွီ... ဒါက ဘာအဆောင်လဲဗျ... မိုးကြိုး အငွေ့အသက်တချို့ ပါနေသလိုပဲ”
ထိုအခါ၊ စုယွီက ခပ်ဖွဖွ ရယ်လိုက်ပြီး ရှင်းပြလိုက်သည်။
“ဒါက ခရမ်းရောင် လမင်း အဆောင် ပါ... အဆင့် (၃) အဆင့်နိမ့် အဆောင်ပေါ့... သူ့ရဲ့ အစွမ်းက ထွက်ပြေးလွတ်မြောက်ဖို့ သုံးရတာပါ... အသက်ရှူချိန် (၂) ချက် အတွင်းမှာ မိုင် (၃၀၀) အကွာအဝေးကို ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်”
တာအိုဆရာမ ချင်းချွမ် နှင့် တာအိုဆရာ ရှုယွီ တို့ ဘာမှ ပြန်မပြောနိုင်ခင်မှာပင်... တာအိုဆရာ ရှုဟိုင် သည် ပစ္စည်းအားလုံးကို သူ့ကိုယ်ပိုင် သိုလှောင်အိတ် ထဲသို့ အလျင်အမြန် ထည့်သွင်း သိမ်းဆည်းလိုက်ပြီး သဘောကျစွာ ရယ်လိုက်၏။
“မဆိုးဘူး... မဆိုးဘူး... ကျုပ်အတွက်.. ဒါတွေက တကယ့် ရတနာကောင်းတွေပဲ... ကျေးဇူးပါပဲဗျာ တာအိုဆရာ စုယွီ”
တာအိုဆရာ ရှုဟိုင် က ‘ကျုပ်အတွက်’ ဆိုသော စကားလုံးကို အလေးအနက်ထားပြီး ပြောလိုက်ရာ တာအိုဆရာမ ချင်းချွမ် က မျက်လုံးစောင်းပြီး နှာခေါင်းရှုံ့လိုက်သည်။ တာအိုဆရာ ရှုယွီ ကတော့ အနည်းငယ်သာ ပြုံးလိုက်နိုင်ပြီး စိတ်ထဲတွင် နှမြောတသ ဖြစ်သွားမိ၏။
'ငါသာ ရွှေအမြုတေ အဆင့် ရောက်နေရင်... ခရမ်းရောင် လမင်း အဆောင် တစ်ခုလောက်တော့ ဝေစုရနိုင်မှာပဲ'
“ကဲပါ... ကဲပါ... တာအိုဆရာ စုယွီ၊ ယွီခယ်အာ နဲ့ လော့ချန်ယွီ တို့လည်း ရောက်လာပြီ ဆိုတော့... အထဲ ဝင်ကြတာပေါ့”
ထို့နောက် တာအိုဆရာ ရှုဟိုင် သည် လူအုပ်ကြီးကို ဦးဆောင်ပြီး တာ့ယွဲ့ နန်းတော် ၏ ဂိတ်တံခါးဝ အတွင်းသို့ ဝင်ရောက်သွားကြသည်။
ရှေ့တွင် ရှိနေသော ဧရာမ… နတ်ဘုရား တောင်တန်းကြီးပေါ်သို့ အားလုံး တက်ရောက်သွားကြ၏။
သိသာထင်ရှားသည်မှာ တာ့ယွဲ့ နန်းတော် နှင့် ယွင်ကျန်းဂိုဏ်း တို့၏ ဖွဲ့စည်းပုံမှာ ကွာခြားလှပေသည်။ တာ့ယွဲ့ နန်းတော် ၏ ဝင်ပေါက်သည် ဤ ကြီးမားသော နတ်ဘုရား တောင်တန်းကြီး တစ်ခုတည်းတွင်သာ ရှိသဖြင့် ဧည့်သည်များ အနေဖြင့် အပေါ်သို့ တက်ရောက်ရုံသာ ရှိသည်။
လမ်းတစ်လျှောက်တွင်...
ထူထပ်သော တောအုပ်အတွင်း၌ မြူခိုးများ ရစ်သိုင်းနေ၏။ စမ်းချောင်းငယ်လေးများပေါ်တွင် တံတားလေးများ ထိုးထားကာ ရှုခင်းများမှာ သာယာလှပလွန်းလှသည်။ ကျောက်ဖြူသား လှေကားထစ်များသည် အဆုံးကို မမြင်နိုင်လောက်အောင် အပေါ်သို့ တန်းတန်းမတ်မတ် ဦးတည်နေ၏။
လမ်းတွင် တာ့ယွဲ့ နန်းတော် ၏ ပြင်ပဂိုဏ်းသား အများအပြားကို တွေ့ရှိရသည်။ ထိုဂိုဏ်းသားများသည် တာအိုဆရာ ရှုဟိုင် နှင့် တာအိုဆရာမ ချင်းချွမ် တို့ကို မြင်လိုက်ရသောအခါ အဝေးကပင် ရပ်တန့်လိုက်ကြပြီး လေးလေးစားစား ဦးညွှတ်ကာ နှုတ်ဆက်ကြ၏။
“ဂိုဏ်းတူ အစ်ကိုကြီး ရှုဟိုင် နဲ့ ဂိုဏ်းတူ အစ်မကြီး ချင်းချွမ် တို့ကို ဂါရဝပြုပါတယ် ခင်ဗျာ”
တောင်ခါးပန်းသို့ ရောက်သောအခါ တာအိုဆရာ ရှုဟိုင် သည် ကျောက်ဖြူသား လှေကားလမ်းမကြီးမှ ခွဲထွက်လိုက်ပြီး တောအုပ်အတွင်းရှိ လူသွားလမ်းကျဉ်းလေး အတိုင်း ခေါ်ဆောင်သွားသည်။ ခဏကြာသောအခါ စာကြည့်တိုက် အများအပြား ရှိနေသော ကွင်းပြင်ကျယ် တစ်ခုသို့ ရောက်ရှိသွားကြသည်။
စာကြည့်တိုက် ဝင်းတစ်ခု အတွင်းသို့ ဝင်ရောက်လိုက်ပြီးနောက် တာအိုဆရာ ရှုဟိုင် သည် ဧည့်သည်များကို ခြံဝင်းအတွင်းရှိ စားပွဲဝိုင်းများတွင် နေရာချပေးလိုက်၏။
သာမန် စကားစမြည် ပြောဆိုပြီးနောက် စုယွီသည် မနေနိုင်တော့ဘဲ တာအိုဆရာ ရှုဟိုင် ၏ ပြီးခဲ့သော အတွေ့အကြုံများနှင့် ပတ်သက်၍ မေးမြန်းလိုက်မိသည်။
ထိုအခါ၊ တာအိုဆရာ ရှုဟိုင် သည် ခါးသီးစွာ ပြုံးလိုက်ပြီး စုယွီ၊ လော့ချန်ယွီ၊ နတ်မိမယ် ဖုန်းလင် နှင့် အခြားသူများကို အကြည့် ပို့ကာ ဖွင့်ဟ ဝန်ခံလိုက်ပါတော့၏။
“ဒီတစ်ခါတော့ ကျုပ် ပြဿနာ အကြီးကြီး ရှာမိလိုက်ပြီဗျာ... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ကျုပ်တို့ တာ့ယွဲ့ နန်းတော် ကို စစ်မကြေညာခဲ့ပေမယ့်... မကြာသေးခင်က သူတို့ရဲ့ မဟာမိတ် ခေါင်းဆောင်ကြီး ကိုယ်တိုင် ရောက်လာပြီး ကျုပ်တို့ရဲ့ ဘိုးဘေးကြီး နဲ့ သဘောတူညီချက် တစ်ခု ရယူသွားတယ်”
“နောက်ထပ် (၃) လ လောက်နေရင်... ကျုပ်တို့ဘက်က ထူးချွန်တဲ့ လူငယ် (၅) ယောက် နဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ဘက်က ပါရမီရှင် (၅) ယောက် ယှဉ်ပြိုင် တိုက်ခိုက်ကြရမယ်... ရလဒ်က အသေအရှင် မရွေးဘူး”
“အကယ်၍ ကျုပ်တို့ တာ့ယွဲ့ နန်းတော် ဘက်က (၃) ပွဲ နဲ့.. (၃) ပွဲထက်ပိုပြီး နိုင်ခဲ့မယ် ဆိုရင်... ဒီကိစ္စကို ဒီမှာတင် အပြတ်ဖြတ်မယ်”
“တကယ်လို့ ကျုပ်တို့ဘက်က (၃) ပွဲ ရှုံးခဲ့မယ် ဆိုရင်တော့... ရှန်ယွမ် မက်မွန်ပင် ကို ပြန်ပေးရလိမ့်မယ်”
“ဒါက တာ့ယွဲ့ နန်းတော် နဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကြားမှာ ဖြစ်လာနိုင်တဲ့ စစ်ပွဲကြီး အစား အစားထိုး ဖြေရှင်းတဲ့ နည်းလမ်းပဲ”
“ဟဲ ဟဲ...”
ထိုအချိန်၌ ရယ်သံတစ်သံ ထွက်ပေါ်လာသဖြင့် စုယွီ၊ လော့ချန်ယွီ၊ နတ်မိမယ် ဖုန်းလင် နှင့် အခြားသူများသည် ခေါင်းလှည့်ကြည့်လိုက်ကြ၏။ လူ (၃) ဦးသည် ခြံဝင်းအတွင်းသို့ ဝင်ရောက်လာကြ၏။ ထိုသူများကို စုယွီ အားလုံး မြင်ဖူးပေသည်။
တာ့ယွဲ့ နန်းတော် ၏ ဒုတိယ နန်းတော်သခင် တာအိုဆရာ လုံယန်၊ တာအိုဆရာ ရှုဟိုင် ၏ ဆရာဖြစ်သူ တာအိုဆရာ ထျဲကျွမ် နှင့် အံ့သြစရာကောင်းသည်မှာ မာမိသားစုဝင် ဖြစ်သော မာရှစ်ချင်း တို့ ဖြစ်ကြသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က တာ့ယွဲ့ နန်းတော် မှ ကျင်းပသော ပါရမီရှင်များ တွေ့ဆုံပွဲတွင် မာရှစ်ချင်း ကို သူတို့ တွေ့ဆုံခဲ့ဖူးသည်။ ထိုစဉ်က မြေဆရာသခင် မိသားစုမှ ထို ပါရမီရှင်သည် သိပ်ပြီး အသက်မကြီးသေးပေ။ ဆံပင်အနည်းငယ် ဖြူနေရုံသာ ရှိ၏။
သို့သော် ယခုအခါ မာရှစ်ချင်း ကို ပြန်လည် မြင်တွေ့လိုက်ရချိန်တွင်... သူ၏ ဆံပင်အားလုံးသည် ငွေရောင် ပြောင်းလဲသွားချေပြီ။ သူ၏ မျက်နှာပေါ်တွင်လည်း အဘိုးအို တစ်ယောက်ကဲ့သို့ အရေးအကြောင်းများ ပြည့်နှက်နေသည်။
သို့သော် မာရှစ်ချင်း ၏ အသက်သည် နှစ် (၁၀၀) ပင် မပြည့်သေးချေ။
ထူးခြားသည်မှာ မာရှစ်ချင်း ၏ ကျင့်ကြံခြင်း အဆင့်သည် ယုံကြည်နိုင်စရာ မရှိလောက်အောင် တိုးတက်နေပြီး... ရွှေအမြုတေ အဆင့် (၄) သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်း အဆင့်သည် လော့ချန်ယွီ ထက်ပင် ပိုမို မြင့်မားနေသေး၏။
တာအိုဆရာ လုံယန်၊ တာအိုဆရာ ထျဲကျွမ် နှင့် မာရှစ်ချင်း တို့သည် အတူတကွ လမ်းလျှောက်ဝင်လာကြပြီး အားလုံး၏ ရှေ့တွင် ရပ်တန့်လိုက်ကြသည်။ သူတို့ကို အကဲခတ် ကြည့်ရှုပြီးနောက် တာအိုဆရာ လုံယန် က ရယ်ကာ ချီးကျူးစကား ဆိုလိုက်၏။
“နာမည်နဲ့ လိုက်ဖက်တဲ့ ဒီခေတ်ရဲ့ ပါရမီရှင်လေးတွေပါပဲလား... မိတ်ဆွေငယ်တို့ ပိုင်ဆိုင်ထားတဲ့ ပါရမီတွေက ကျုပ်တောင် အားကျရလောက်တဲ့ အထိပါပဲဗျာ”
စုယွီ၊ လော့ချန်ယွီ၊ နတ်မိမယ် ဖုန်းလင် နှင့် ယွီခယ်အာ တို့သည် မတ်တတ်ထရပ်လိုက်ကြပြီး ကပျာကယာပင် ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။
“နန်းတော်သခင် လုံယန် နဲ့ စီနီယာ ထျဲကျွမ်ကို ဂါရဝပြုပါတယ် ခင်ဗျာ”
ထို့နောက် သူတို့သည် မာရှစ်ချင်း ဘက်သို့ လှည့်ကာ ဆက်လက် နှုတ်ဆက်လိုက်ကြသည်။
“တာအိုဆရာ မာ... နေကောင်းပါရဲ့လား”
မာရှစ်ချင်း သည် တည်ငြိမ်အေးဆေးစွာဖြင့် စုယွီနှင့် အခြားသူများ၏ နှုတ်ဆက်မှုကို ခေါင်းအနည်းငယ်ညိတ်၍ တုံ့ပြန်လိုက်သည်။
“တာအို မိတ်ဆွေတို့... တွေ့ရတာ ဝမ်းသာပါတယ်”
“ဟဲ ဟဲ...”
တာအိုဆရာ လုံယန် သည် လက်ကာပြလိုက်ပြီး ရယ်လိုက်၏။
“ထိုင်ကြပါ... ထိုင်ကြပါ... မိတ်ဆွေငယ်တို့ ကိုယ့်အိမ်ကိုယ့်ယာ လိုပဲ သဘောထားပြီး နေကြပါ”
ထို့နောက် တာအိုဆရာ လုံယန်၊ တာအိုဆရာ ထျဲကျွမ် နှင့် မာရှစ်ချင်း တို့သည်လည်း နေရာယူလိုက်ကြသည်။
“ဒီတစ်ခေါက် မိတ်ဆွေငယ်တို့ကို ဖိတ်ခေါ်လိုက်ရတာက ရှုဟိုင် ရဲ့ ရွှေအမြုတေ အောင်မြင်မှုကို ဂုဏ်ပြုဖို့ သက်သက် မဟုတ်ပါဘူး... ကိစ္စတစ်ခုအတွက် မိတ်ဆွေငယ်တို့ဆီကနေ အကူအညီ တောင်းချင်လို့ပါ”
စုယွီနှင့် အခြားသူများကို ကြည့်ရင်း တာအိုဆရာ လုံယန် က အလေးအနက် ပြောကြားလိုက်ခြင်းပါ။
အခန်း (၃၄၁) - အဆင့်တက်ခြင်း၊ စတုတ္ထအဆင့် ရွှေအမြုတေ (၅)
~ထိုအခိုက်အတန့်၌ စုယွီသည် စိတ်ထဲတွင် အနည်းငယ် ဂဏှာမငြိမ် ဖြစ်သွားပြီး... တာအိုဆရာ လုံယန် ဘာပြောမလဲ ဆိုသည်ကို ခန့်မှန်းကြည့်လိုက်မိသည်။
နတ်မိမယ် ဖုန်းလင် သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တာအိုဆရာ လုံယန် ကို စူးစိုက်ကြည့်ကာ မေးမြန်းလိုက်၏။
“ကျွန်မတို့ကို အတိအကျ ဘာလုပ်ခိုင်းချင်တာလဲ ရှင်”
တာအိုဆရာ လုံယန် က ရယ်လိုက်ပြီး ပြန်လည် ဖြေကြားလိုက်သည်။
“တကယ်တော့ ဒါက မိတ်ဆွေငယ်တို့ အားလုံးအတွက် အခွင့်အရေး တစ်ခုလို့တောင် ပြောလို့ ရပါတယ်”
“မကြာခင်မှာ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နဲ့ ကျုပ်တို့ တာ့ယွဲ့ နန်းတော် တို့ကြားမှာ ‘ပါရမီရှင် ငါးဦး ပြိုင်ပွဲ’ ကျင်းပဖို့ ရှိပါတယ်... ကျုပ် မျှော်လင့်တာကတော့ မိတ်ဆွေငယ် စုယွီ၊ ချန်ယွီ၊ ဖုန်းလင်၊ ရှစ်ချင်း နဲ့ ရှုဟိုင် တို့ (၅) ယောက် ပူးပေါင်းပြီး ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ကို အနိုင်ယူပေးကြဖို့ပါပဲ”
မာရှစ်ချင်း ၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ ပေါ်မလာသလို၊ စုယွီ လည်း ထိုနည်းလည်းကောင်းပင်။ လော့ချန်ယွီ နှင့် နတ်မိမယ် ဖုန်းလင် တို့ကမူ နက်နက်နဲနဲ တွေးတောနေပုံ ရသည်။
သို့သော် သူတို့ထဲမှ မည်သူမျှ ငြင်းဆန်မည့် အရိပ်အယောင် မပြကြပေ။
တာအိုဆရာ လုံယန် က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ဆက်ပြော၏။
“ဆုကြေး အနေနဲ့... တာ့ယွဲ့ နန်းတော် က မိတ်ဆွေငယ် (၅) ယောက်ကို ‘တာ့ယွဲ့ လျှို့ဝှက် ရေကန်’ ထဲမှာ တစ်လတိတိ ဝင်ရောက် ကျင့်ကြံခွင့် ပေးပါမယ်... ပြိုင်ပွဲပြီးတဲ့အထိ စောင့်စရာ မလိုပါဘူး... အခုချက်ချင်းတောင် ဖွင့်ပေးလို့ ရပါတယ်”
ထိုစကားကို ကြားလိုက်ရသောအခါ စုယွီသည် မနေနိုင်ဘဲ စိတ်ဝင်စားသွားမိသည်။
တာ့ယွဲ့ လျှို့ဝှက် ရေကန် လား။
စုယွီသည် ထို ရတနာမြေ အကြောင်းကို ကြားဖူးခဲ့သည်။ ကောလာဟလများအရ ၎င်းသည် တာ့ယွဲ့ နန်းတော် ၏ အရေးအကြီးဆုံး လျှို့ဝှက် ရတနာမြေ တစ်ခု ဖြစ်သည်ဟု ဆိုကြသည်။
တာ့ယွဲ့ နန်းတော် သည် နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ခြင်းမှာ ဤ တာ့ယွဲ့ လျှို့ဝှက် ရေကန် ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ပြောစမှတ် ပြုကြ၏။
သို့သော် ထို တာ့ယွဲ့ လျှို့ဝှက် ရေကန် က အတိအကျ ဘာလုပ်ပေးနိုင်သလဲ ဆိုတာကိုတော့ သူ မသိပေ။
သို့သော် တာ့ယွဲ့ လျှို့ဝှက် ရေကန် အကြောင်း ကြားလိုက်ရသည်နှင့် လော့ချန်ယွီ၊ နတ်မိမယ် ဖုန်းလင် နှင့် မာရှစ်ချင်း တို့၏ မျက်လုံးများ အရောင်လက်သွားကြသည်ကို ကြည့်ခြင်းအားဖြင့်... သူတို့၏ အသက်ရှူနှုန်းများပင် မြန်ဆန်သွားသည်ကို သတိထားမိလိုက်သည်။
ထို့ကြောင့် စုယွီသည် မနေနိုင်ဘဲ လော့ချန်ယွီ ကို တိုးတိုးလေး မေးမြန်းလိုက်၏။
“တာ့ယွဲ့ လျှို့ဝှက် ရေကန် က ဘာတွေများ ဒီလောက်တောင် ထူးခြားနေလို့လဲ”
သူမက ချက်ချင်း ပြန်ဖြေလာသည်။
“အဲ့ဒါက ချီစွမ်းအားကို သန့်စင်ပေးပြီး တာအို အခြေခံအုတ်မြစ်ကို ခိုင်မာအောင် လုပ်ပေးနိုင်တယ်... ဒါ့အပြင် အဲ့ဒီထဲမှာ သဘာဝ ဝိညာဉ်စွမ်းအင်တွေ အများကြီး ပါဝင်နေလို့ ကျင့်ကြံခြင်းကို မြန်ဆန်စေပြီး ချီစွမ်းအား ဖွဲ့စည်းခြင်းကိုလည်း ပိုကောင်းစေတယ်လေ”
တာအို အခြေခံအုတ်မြစ်ကို ခိုင်မာစေတယ် တဲ့လား။
ထိုအချက်ကို ကြားလိုက်ရသောအခါ စုယွီ၏ မျက်လုံးများလည်း အရောင်လက်သွားတော့၏။ တာ့ယွဲ့ လျှို့ဝှက် ရေကန် က တကယ်ပဲ အကျိုးကျေးဇူး များမည့် ပုံပါပင်။
သူသည် မိသားစုတွင် ရှိနေစဉ်က သူ၏ စတုတ္ထမြောက် တာအို အမှတ်အသားကို ပုံဖော်ခဲ့သော်လည်း... လေးဆင့်လည်ပတ် ရွှေအမြုတေ အဆင့်သို့ အမှန်တကယ် ရောက်ရှိရန် ခြေတစ်လှမ်းဝက် လိုနေသေး၏။
အကယ်၍ သူသာ တာ့ယွဲ့ လျှို့ဝှက် ရေကန် ထဲသို့ ဝင်ရောက်နိုင်ခဲ့လျှင်... လေးဆင့်လည်ပတ် ရွှေအမြုတေ အဖြစ်သို့ ပြောင်းလဲခြင်း လုပ်ငန်းစဉ် အောင်မြင်သွားနိုင်ပေသည်။
သို့သော်လည်း...
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ မှ ပါရမီရှင်များနှင့် တိုက်ခိုက်ရမည် ဆိုသည့် ကိစ္စကို တွေးလိုက်သောအခါ စုယွီ မျက်မှောင်ကြုတ်မိသွားသည်။ အဆိုပါ တိုက်ပွဲသည် အသက်အန္တရာယ် ရှိနိုင်သော အခြေအနေမျိုး ဖြစ်လာနိုင်၏။
ထိုအခိုက်အတန့်၌ မာရှစ်ချင်း က တာအိုဆရာ လုံယန် ဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
“နန်းတော်သခင် ဆီမှာ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ဘက်က ပါရမီရှင်တွေရဲ့ သတင်းအချက်အလက် တစ်စုံတစ်ရာ ရှိပါသလား”
စုယွီ၊ လော့ချန်ယွီ နှင့် နတ်မိမယ် ဖုန်းလင် တို့အားလုံးသည် တာအိုဆရာ လုံယန် ကို စောင့်မျှော်ကြည့်ရှုလိုက်ကြသည်။
သို့သော် တာအိုဆရာ လုံယန် က ခေါင်းခါယမ်းလိုက်ပြီး ပြော၏။
“ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ က ဘယ်သူတွေကို ရွေးချယ်ထားလဲ ဆိုတာ ကျုပ်တို့ သေချာ မသိရသေးပါဘူး... လောလောဆယ်တော့ သူတို့ရဲ့ အရင်က နာမည်ကြီးခဲ့ဖူးတဲ့ ပါရမီရှင်တချို့ရဲ့ သတင်းအချက်အလက်ကိုပဲ ရှာဖွေရရှိထားပါတယ်”
စကားကို ခေတ္တရပ်လိုက်ပြီးနောက် သူက ဆက်ပြောသည်။
“ဒါပေမဲ့ စိတ်မပူပါနဲ့... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ဘက်က မမျှော်လင့်ထားတဲ့ ပါရမီရှင် တစ်ယောက်ယောက် ပါလာရင်တောင်မှ... မိတ်ဆွေငယ်တို့ အနေနဲ့ ယှဉ်မနိုင်ဘူး ထင်ရင် အရှုံးပေးလိုက်လို့ ရပါတယ်”
“ကျုပ် ယုံကြည်တာကတော့... လက်ရှိ တာ့ယွဲ့ နန်းတော် ရဲ့ အရှိန်အဝါ မြင့်တက်လာမှုနဲ့အတူ... မိတ်ဆွေငယ်တို့လို ထူးခြားပြီး ပါရမီရင့်သန်တဲ့ လူငယ်တွေ ရှိနေသရွေ့... ကျုပ်တို့ တာ့ယွဲ့ နန်းတော် အနေနဲ့ ဒီတိုက်ပွဲမှာ အနိုင်ရဖို့ ပြဿနာ မရှိနိုင်ပါဘူး”
စုယွီ၏ စိတ်ထဲတွင်တော့ ငြင်းဆန်ဖို့သာ ထပ်တလဲလဲ တွေးတောနေမိ၏။
သို့သော် တာ့ယွဲ့ နန်းတော် ၏ ဒုတိယ နန်းတော်သခင်၊ လူ လေးစားခံရသော ရွှေအမြုတေ အဆင့် အရှင်သခင်ကြီး ကိုယ်တိုင်က မေတ္တာရပ်ခံနေခြင်း ဖြစ်ရာ... သူကဲ့သို့ ဂျူနီယာ တစ်ယောက် အနေဖြင့် မည်သို့ ငြင်းဆန်နိုင်မည်နည်း။
အကယ်၍ သူသာ ငြင်းဆန်လိုက်လျှင်... နောက်နောင် တာ့ယွဲ့ နန်းတော် နယ်မြေ အတွင်း၌ ခြေတစ်လှမ်းချဖို့ပင် ခက်ခဲသွားပေလိမ့်မည်။
မာရှစ်ချင်း နှင့် နတ်မိမယ် ဖုန်းလင် တို့က တာ့ယွဲ့ နန်းတော် အတွက် တိုက်ပွဲဝင်ရန် သဘောတူလိုက်ကြပြီးနောက်... လော့ချန်ယွီ က စုယွီကို မျက်လုံးကစားလိုက်သည်။ သူသည် သက်ပြင်းတစ်ချက်ကို ဖွဖွလေး မှုတ်ထုတ်လိုက်ပြီး တာအိုဆရာ လုံယန် ကို ခေါင်းညိမ့်ပြလိုက်သည်။
“ကောင်းပါပြိီ ၊ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်”
မကြာမီအချိန်၌ တာအိုဆရာ လုံယန် သည် တာအိုဆရာ ရှုဟိုင် ထံတွင် အမိန့်ပြား တစ်ခု ထားရစ်ခဲ့ပြီးနောက် တာအိုဆရာ ထျဲကျွမ် နှင့်အတူ ထွက်ခွာသွားကြ၏။
*
တာအိုဆရာ ရှုဟိုင် သည် လက်ထဲရှိ အမိန့်ပြား ကို ကြည့်ကာ တောင်းပန်စကား ဆိုလာ၏။
“ခင်ဗျားတို့ အားလုံးကို ဒီကိစ္စထဲ ဆွဲထည့်မိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ”
ထို့နောက် သူသည် ယွီခယ်အာ ကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“ကျုပ်က ရွှေအမြုတေ အဆင့် ကို ရောက်တာ မကြာသေးတော့... တာ့ယွဲ့ လျှို့ဝှက် ရေကန် ထဲ ဝင်ဖို့ မသင့်တော်သေးဘူး... ဒါကြောင့် ကျုပ်ရဲ့ နေရာကို ယွီခယ်အာ ကို ပေးလိုက်ချင်ပါတယ်”
စုယွီ နှင့် ယွီခယ်အာ တို့သည် အံ့အားသင့်သွားကြပြီး... စုယွီက ရှုဟိုင် ကို ကြည့်ရင်း စိတ်သက်သာရာ ရသွားမိသည်။
အကယ်၍ ယွီခယ်အာ သာ တာ့ယွဲ့ လျှို့ဝှက် ရေကန် ထဲ ဝင်ခွင့်ရမည် ဆိုပါက... ဒီအပေးအယူက လက်ခံနိုင်စရာ ဖြစ်လာပေပြီ။ မလိုလားအပ်သော တိုက်ပွဲတစ်ခု ဖြစ်သော်လည်း အရှုံးတော့ မရှိနိုင်ပေ။
နောက်တစ်နေ့တွင်...
တာအိုဆရာ ရှုဟိုင် သည် စုယွီ၊ ယွီခယ်အာ၊ လော့ချန်ယွီ၊ နတ်မိမယ် ဖုန်းလင် နှင့် မာရှစ်ချင်း တို့ကို ဦးဆောင်ကာ တာ့ယွဲ့ နန်းတော် ၏ တောင်ထိပ်သို့ ခေါ်ဆောင်သွား၏။ လျှို့ဝှက်နေရာ တစ်ခုအတွင်းသို့ ဝင်ရောက်လိုက်ပြီးနောက် မြင်ကွင်းများ ပြောင်းလဲသွားပြီး မြေအောက်လိုဏ်ဂူကြီး တစ်ခုကဲ့သို့သော နေရာသို့ ရောက်ရှိသွားကြသည်။
ထူထပ်သော သဘာဝ ဝိညာဉ်စွမ်းအင် မြူခိုးများက လေထုထဲတွင် ပြည့်နှက်နေ၏။ မြူခိုးများကို ဖြတ်သန်းကြည့်လိုက်ပါက ရေပူစမ်း အရွယ်အစားခန့် ရှိသော ရေကန်တစ်ခုကို သူတို့၏ ရှေ့တွင် ဝေဝါးစွာ မြင်တွေ့ရသည်။
ရေကန်ထဲရှိ နို့နှစ်ရောင် ဝိညာဉ်အရည်များသည် ပွက်ပွက်ဆူကာ လှုပ်ရှားနေပြီး ထူးခြားသော မွှေးပျံ့သည့် ရနံ့တစ်ခုကို ထုတ်လွှတ်နေသည်။
တာအိုဆရာ ရှုဟိုင် က ရေကန်ကို ညွှန်ပြပြီး ပြောပြလိုက်၏။
“ခင်ဗျားတို့ ဝင်ပြီး ကျင့်ကြံလို့ ရပါပြီ... ဒီရေကန်က ခင်ဗျားတို့ (၅) ယောက် တစ်လတိတိ ကျင့်ကြံဖို့အတွက် လုံလောက်ပါတယ်”
“တစ်လ ပြည့်တဲ့အခါ ကျုပ် ပြန်လာပြီး ခင်ဗျားတို့ကို ပြန်ခေါ်ထုတ်ပေးပါ့မယ်”
“ဝေါ... ဝေါ…”
မာရှစ်ချင်း နှင့် နတ်မိမယ် ဖုန်းလင် တို့သည် တုံ့ဆိုင်းမနေဘဲ ရေကန်ထဲသို့ ချက်ချင်း ခုန်ဆင်းလိုက်ကြသည်။ သူတို့သည် သင့်တော်သော နေရာများကို ရွေးချယ်ကာ
တရားထိုင်ကာ စတင်ကျင့်ကြံလိုက်ကြ၏။
“ဝင်ကြရအောင်”
စုယွီက ပြောလိုက်သည်။
“အင်း”
ယွီခယ်အာ နှင့် လော့ချန်ယွီ တို့က ခေါင်းညိတ်လိုက်ကြပြီး တာ့ယွဲ့ လျှို့ဝှက် ရေကန် ထဲသို့ ဝင်ရောက်လိုက်ကြ၏။ သူတို့ (၃) ဦးသည် ရေကန်၏ ထောင့်တစ်နေရာတွင် နေရာယူလိုက်ကြရာ နို့နှစ်ရောင် ဝိညာဉ်အရည်များသည် သူတို့၏ ရင်ဘတ်အထိ ဖုံးလွှမ်းသွားကြသည်။
စုယွီသည် မရည်ရွယ်ဘဲ ဆွဲဆောင်မှု ရှိသော မြင်ကွင်းကို ကြုံတွေ့လိုက်ရ၏။
ယွီခယ်အာတို့ကို တစ်ချက် မျက်လုံးကစားလိုက်သောအခါ သူမတို့ နှစ်ဦးစလုံး မျက်လုံးများ မှိတ်ထားပြီး ကျင့်ကြံခြင်းကို စတင်နေကြပြီ ဖြစ်သည်။
စုယွီသည် စိတ်ကို ပြန်လည် စုစည်းလိုက်ပြီး မျက်လုံးများကို မှိတ်ကာ အတွေးများကို ရှင်းလင်းလိုက်၏။
ထို့နောက် ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ် ကို ရွတ်ဖတ်ပြီး ဓာတ်ကြီးငါးပါး ကျင့်စဉ် ကို ခန္ဓာကိုယ်အနှံ့ ပို့လွှတ်လိုက်တော့သည်။
အခန်း (၃၄၂) - အဆင့်တက်ခြင်း၊ စတုတ္ထအဆင့် ရွှေအမြုတေ (၆)
~“ဝေါ…”
တစ်ခဏချင်း အတွင်းမှာပင်...
သူတို့ (၅) ဦးစလုံး ကျင့်ကြံခြင်းကို စတင်လိုက်သည်နှင့် တစ်ပြိုင်နက်... တာ့ယွဲ့ လျှို့ဝှက် ရေကန် တစ်ခုလုံးတွင် ပျံ့နှံ့နေသော ထူးခြားသည့် အရှိန်အဝါများ တုန်ခါသွားပြီး၊ နို့နှစ်ရောင် ဝိညာဉ်အရည်များတွင် ဂယက်ထလာတော့၏။
သို့သော် ခဏအကြာတွင် မလှမ်းမကမ်း၌ တရားထိုင်နေကြသော နတ်မိမယ် ဖုန်းလင် နှင့် မာရှစ်ချင်း တို့သည် အနည်းငယ် လှုပ်ရှားလာပြီး စုယွီ၏ ကျင့်ကြံခြင်း အခြေအနေကို သတိပြုမိသွားကြသည်။ အံ့သြစရာ ကောင်းသည်မှာ စုယွီ၏ လှုပ်ရှားမှုသည် သူတို့အားလုံး ပေါင်းထားသည်ထက်ပင် ပိုမို ကြီးမားနေခြင်းပင်။
ထိုအချက်က သူတို့နှစ်ဦးစလုံးကို အံ့အားသင့်သွားစေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် နတ်မိမယ် ဖုန်းလင် နှင့် မာရှစ်ချင်း တို့သည် သူတို့၏ အစွမ်းအစများကို ဆက်လက် ဖုံးကွယ်မထားတော့ရန် ဆုံးဖြတ်လိုက်ကြ၏။
“ရွှီ...”
နောက်တစ်စက္ကန့်တွင်... နတ်မိမယ် ဖုန်းလင် ၏ ခန္ဓာကိုယ်မှ တောက်ပသော မီးတောက်များ ထွက်ပေါ်လာသည်။ သူမသည် တာ့ယွဲ့ လျှို့ဝှက် ရေကန် အလယ်တွင် ခိုအောင်းနေသော မီးဖီးနစ်ငှက် တစ်ကောင် အသွင် ပြောင်းလဲသွားပြီး၊ ရေကန်၏ ထူးခြားသော အရှိန်အဝါနှင့် ဝိညာဉ်စွမ်းအင်များကို တစ်ဟုန်ထိုး စုပ်ယူလိုက်၏။
ထိုအခါ ဖြစ်ပေါ်လာသော ဆူညံသံသည် ယခင်ကထက် နှစ်ဆမျှ ပိုမို ကျယ်လောင်သွား၏။
တစ်ချိန်တည်းမှာပင်... မာရှစ်ချင်း သည် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လက်သင်္ကေတများ ဖန်တီးလိုက်ရာ အခင်းအကျင်းတစ်ခု ခင်းကျင်းလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူက အခင်းအကျင်းကို စတင်လိုက်သောအခါ မိုးနှင့်မြေကြီးသည် အနည်းငယ် တုန်ခါသွားကြ၏။
မာရှစ်ချင်း ကို ဗဟိုပြု၍ ကောင်းကင်ဘုံ သွေးကြောကြီး တစ်ခု ပွင့်သွားသကဲ့သို့ ဖြစ်ပေါ်လာပြီး၊ တာ့ယွဲ့ လျှို့ဝှက် ရေကန် ၏ ထူးခြားသော စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူလေတော့သည်။
လော့ချန်ယွီ သည် မျက်လုံးများကို ဖွင့်၍ သူတို့နှစ်ဦးကို တစ်ချက် မျက်လုံးကစားလိုက်ပြီးနောက် ပြန်မှိတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် လွှမ်းမိုးနိုင်စွမ်း ကြီးမားသော ဓားတာအို စွမ်းအား တစ်ခုသည် သူမ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး၊ သူမကိုယ်တိုင် ဓားတစ်စင်း အသွင် ပြောင်းလဲသွာသည့်နှယ်။
ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များ၊ ရေကန်ထဲရှိ ဝိညာဉ်အရည်များသည် သူမ၏ အမိန့်ပေးမှုအောက်တွင် ဓားသွားလေးများ အသွင် ပြောင်းလဲသွားကြသည်။
လော့ချန်ယွီ ၏ ပတ်ပတ်လည်တွင်လည်း စွမ်းအင် ဝဲဂယက် တစ်ခု ပေါ်လာ၏။
သူတို့နှင့် မာရှစ်ချင်း တို့၏ လှုပ်ရှားမှုများကို သတိပြုမိလိုက်သော စုယွီသည် ကျင့်ကြံခြင်း အခြေအနေသို့ ရောက်ကာစတွင် အနည်းငယ် ကြောင်အ သွားမိသည်။
'သူတို့ ဘာလုပ်နေကြတာလဲ... ဘာလို့ ရုတ်တရက်ကြီး အသည်းအသန်တွေ ကြိုးစားနေကြတာလဲ'
သူကတော့ ပုံမှန်လေးပဲ ကျင့်ကြံနေတာလေ။
သူတို့ (၃) ယောက်စလုံးက ဒီလောက်ထိ လုပ်ပြဖို့ လိုလို့လား။
ထိုအချိန်တွင် ယွီခယ်အာ သည် အနည်းငယ် အနှောင့်အယှက် ဖြစ်သွားပုံ ရသည်ကို တွေ့လိုက်ရသဖြင့်၊ စုယွီသည် တုံ့ဆိုင်းမနေဘဲ သူမ၏ အနီးသို့ တိုးကပ်လိုက်သည်။ သူ၏ လက်တစ်ဖက်ကို သူမ၏ ကျောပြင်ပေါ်သို့ တင်လိုက်ရာ၊ သူမ၏ ဝတ်စုံသည် ရေစိုနေသော်လည်း ယွီခယ်အာ ၏ ကိုယ်ငွေ့နွေးနွေးလေးကို သူ ခံစားလိုက်ရ၏။
စုယွီက စိတ်အာရုံဖြင့် ဆက်သွယ်ကာ ပြောလိုက်သည်။
“ခယ်အာ... ကိုယ် မင်းကို အာရုံစိုက် ကျင့်ကြံလို့ ရအောင် ကူညီပေးမယ်”
ပြောပြီးသည်နှင့် တစ်ပြိုင်နက်...
စုယွီသည် ဓာတ်ကြီးငါးပါး ကျင့်စဉ် ကို စတင် လည်ပတ်လိုက်၏။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ ရွှေအမြုတေ ပေါ်မှ အစင်းကြောင်း (၃) ခု... မဟုတ်သေး၊.. (၄) ခုသည် တောက်ပစွာ လက်င်းလာသည်။ သူတို့နှစ်ဦး၏ ခန္ဓာကိုယ် အတွင်း၌ ဓာတ်ကြီးငါးပါး ကျင့်စဉ် ချီစွမ်းအားများကို လည်ပတ်စေလိုက်သောအခါ စုယွီ နှင့် ယွီခယ်အာ တို့၏ ပတ်ပတ်လည်တွင် စွမ်းအင် ဝဲဂယက် တစ်ခု ပေါ်ပေါက်လာတော့၏။
စုယွီ၏ အကူအညီဖြင့် စုယွီ ရော ယွီခယ်အာ ပါ တာ့ယွဲ့ လျှို့ဝှက် ရေကန် ၏ ထူးခြားသော စွမ်းအင်များကို ယခင်ကထက် များစွာ ပိုမို လျင်မြန်သော နှုန်းဖြင့် စုပ်ယူ သန့်စင်နိုင်လာကြသည်။
အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွား၏။
တစ်ရက် ကြာပြီးနောက်...
စုယွီသည် သူ၏ စိတ်အာရုံကို ဒန်တျန် ဆီသို့ စူးစိုက်ထားလိုက်သည်။ ထူးခြားသော စွမ်းအင်များနှင့် ချီစွမ်းအားများ သူ၏ ရွှေအမြုတေ ထဲသို့ ပေါင်းစပ်သွားတိုင်း၊ ရွှေအမြုတေ တွင် အနည်းငယ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို သူ ခံစားလိုက်ရ၏။
သူ၏ ရွှေအမြုတေ သည် တဖြည်းဖြည်းနှင့် ပိုမို သက်ဝင်လှုပ်ရှားလာပြီး၊ ပိုမို ခိုင်မာလာသကဲ့သို့ ရှိသည်။
ဤ သက်ဝင်လှုပ်ရှားမှုနှင့် ခိုင်မာမှု အသစ်အဆန်းတို့၏ လွှမ်းမိုးမှုအောက်တွင်... သူ၏ ရွှေအမြုတေ အတွင်းရှိ ဓာတ်ကြီးငါးပါး ချီစွမ်းအားများ သည်လည်း ပြောင်းလဲလာကြသည်။
သူ၏ ရွှေအမြုတေ ပေါ်တွင် တောက်ပနေသော စတုတ္ထမြောက် အစင်းကြောင်း သည် ပိုမို နက်ရှိုင်းလာပြီး ပိုမို ပီပြင် ထင်ရှားလာ၏။
(၁၀) ရက် ကြာပြီးနောက်...
ဝေါ...
စုယွီ၏ ဒန်တျန် အတွင်းရှိ ရွှေအမြုတေ သည် တိုးညှင်းစွာ မြည်ဟည်းလျက် တုန်ခါသွား၏။ ထိုအခိုက်အတန့်တွင် ရွှေအမြုတေ ပေါ်ရှိ စတုတ္ထမြောက် အစင်းကြောင်းသည် လုံလောက်သော ထူးခြား စွမ်းအင်များကို စုပ်ယူပြီးနောက်... နောက်ဆုံးတွင် လုံးဝ ခိုင်မာသွားတော့သည်။
တစ်ပြိုင်နက်တည်းမှာပင်... စုယွီ၏ ခန္ဓာကိုယ် အတွင်းရှိ ဓာတ်ကြီးငါးပါး ချီစွမ်းအားများ သည်လည်း အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကြီး တစ်ခု ဖြစ်ပေါ်သွား၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင်...
သူ၏ ရွှေအမြုတေ သည် အနည်းငယ် ကျုံ့ဝင်သွားပြီး၊ ရွှေရောင် အစင်းကြောင်း (၄) ခုသည် ထည်ဝါစွာ တောက်ပလာကာ ကြည့်ရှုသူ၏ မျက်လုံးကို ဖမ်းစားနိုင်သော မြင်ကွင်းတစ်ခု ဖြစ်လာသည်။
သူ၏ ရွှေအမြုတေ ပြောင်းလဲသွားသည်ကို အာရုံခံမိလိုက်သောအခါ စုယွီ၏ ရင်ထဲတွင် ဝမ်းသာပီတိများ လှိုင်းထသွားတော့၏။
“ငါ့ရဲ့ ရွှေအမြုတေ က စတုတ္ထအဆင့် ပြောင်းလဲခြင်း (လေးဆင့်လည်ပတ်) ကို အောင်မြင်သွားပြီ”
ဤသည်မှာ တာ့ယွဲ့ လျှို့ဝှက် ရေကန် ၏ အစွမ်းထက်လွန်းခြင်းကြောင့် မဟုတ်ဘဲ... စုယွီ သည် အချိန်ကာလ စွမ်းအားကို ကြုံတွေ့ခဲ့ဖူးသူ ဖြစ်သည့်အတွက်၊ သူ၏ ရွှေအမြုတေ သည် ယခင်ကတည်းက စတုတ္ထအဆင့် ပြောင်းလဲခြင်း ဆီသို့ ဦးတည် ပြောင်းလဲနေခဲ့သောကြောင့် ဖြစ်သည်။
သူသည် ပြီးပြည့်စုံရန် နီးစပ်နေခဲ့ပြီ ဖြစ်၏။
ယခုအခါ တာအို အခြေခံအုတ်မြစ်ကို သန့်စင်ပေးနိုင်သော တာ့ယွဲ့ လျှို့ဝှက် ရေကန် ၏ ထူးခြား စွမ်းအင် အထောက်အပံ့ကြောင့်... သူ၏ လေးဆင့်လည်ပတ် ရွှေအမြုတေ သည် အပြည့်အဝ ဖွဲ့စည်းသွားနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
နောက်တစ်ရက်တွင် စုယွီသည် တာ့ယွဲ့ လျှို့ဝှက် ရေကန် ၏ တာအို အခြေခံအုတ်မြစ် သန့်စင်ပေးသော စွမ်းအားကို ဆက်လက် စုပ်ယူ သန့်စင်ခဲ့၏။ သို့သော် ဤစွမ်းအားသည် သူ၏ ရွှေအမြုတေ အတွက် အသုံးမဝင်တော့ချေ။ ထို့ကြောင့် သူသည် ထို ထူးခြား စွမ်းအင်ကို စွန့်လွှတ်လိုက်ပြီး၊ တာ့ယွဲ့ လျှို့ဝှက် ရေကန် ၏ ဝိညာဉ်စွမ်းအင်များကိုသာ သီးသန့် ထုတ်ယူကာ ဓာတ်ကြီးငါးပါး ကျင့်စဉ် ကို လေ့ကျင့်ပြီး သူ၏ ကိုယ်ပိုင် ချီစွမ်းအားများကို စုစည်းလိုက်၏။
(၅) ရက် ကြာပြီးနောက်...
တာ့ယွဲ့ လျှို့ဝှက် ရေကန် ပတ်ဝန်းကျင်တွင် ဖုံးလွှမ်းနေသော ထူထပ်သည့် မြူခိုးများသည် လုံးဝ ကွယ်ပျောက်သွားတော့သည်။
ရေကန်ထဲရှိ မူလက နို့နှစ်ရောင် ဝိညာဉ်အရည်များသည် ယခုအခါ ကြည်လင်သော ရေများ အဖြစ်သို့ ပြောင်းလဲသွားချေပြီ။
စုယွီသည် မျက်လုံးများကို ဦးဆုံး ဖွင့်လိုက်၏။ သူ၏ အကြည့်သည် သူ့ရှေ့တွင် ရှိနေသော ယွီခယ်အာ နှင့် လော့ချန်ယွီ၊ ထို့အပြင် မလှမ်းမကမ်းတွင် ရှိနေသော နတ်မိမယ် ဖုန်းလင် တို့အပေါ်သို့ မရည်ရွယ်ဘဲ ရောက်ရှိသွားသည်။
နောက်တစ်စက္ကန့်တွင် ယွီခယ်အာ၊ လော့ချန်ယွီ နှင့် နတ်မိမယ် ဖုန်းလင် တို့၏ ခန္ဓာကိုယ်မှ ချီစွမ်းအားများ ထွက်ပေါ်လာပြီး ရေကန်ထဲမှ ဝိညာဉ်အရည်များကို ဖယ်ရှားလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ မှော်ဝတ်စုံများသည် မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွားကြ၏။
မာမိသားစု မှ ပါရမီရှင် မြေဆရာသခင် မာရှစ်ချင်း မှာမူ သူ ခင်းကျင်းထားသော အခင်းအကျင်း အတွင်း၌ ဆက်လက် ကျင့်ကြံနေဆဲ ဖြစ်ပြီး နိုးထမလာသေးပေ။
မူလက လူ (၅) ယောက် တစ်လတိတိ ကျင့်ကြံရန် လုံလောက်သည်ဟု ဆိုသော တာ့ယွဲ့ လျှို့ဝှက် ရေကန် ၏ စွမ်းအားများသည်... သူတို့ (၅) ယောက်၏ လက်ချက်ဖြင့် လဝက်အတွင်းမှာပင် ကုန်ခမ်းသွားခဲ့ရသည်။
ယွီခယ်အာ သည် သူ့ရှေ့တွင် ဖြည်းညှင်းစွာ နိုးထလာသောအခါ စုယွီက မေးမြန်းလိုက်၏။
“အခြေအနေ ဘယ်လိုလဲ... အကျိုးကျေးဇူးတွေ ရရဲ့လား”
ယွီခယ်အာ သည် ဝမ်းသာအားရ ဖြစ်နေသည်။ သူမသည် စုယွီ အနီးသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြောပြ၏။
“ငါ့ရဲ့ အမြုတေစစ် က အများကြီး ပြောင်းလဲသွားတယ်... ပြီးတော့ ချီစွမ်းအားတွေလည်း အကြီးအကျယ် အသွင်ပြောင်းသွားတယ်... နောက်ထပ် နှစ်နည်းနည်းလောက် ဆက်ပြီး ကျင့်ကြံလိုက်ရင် ရွှေအမြုတေ အဆင့် (၂) ကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိလာမယ်လို့ ခံစားမိတယ်”
ထိုစကားကို ကြားသောအခါ စုယွီလည်း ထပ်တူ ဝမ်းသာမိသည်။ ယွီခယ်အာ အနေဖြင့် အကျိုးကျေးဇူး များစွာ ရရှိခဲ့ပုံ ရ၏။
မူလက ယွီခယ်အာ ၏ ရွှေအမြုတေ ဖွဲ့စည်းမှုသည် သာမန် အဆင့်လောက်သာ ရှိခဲ့ပြီး၊ ဤနှစ်များအတွင်း သူမ၏ ကျင့်ကြံမှု တိုးတက်နှုန်းမှာလည်း ပြောပလောက်အောင် မရှိခဲ့ပေ။
ရွှေအမြုတေ အဆင့် (၂) ဆိုသည်မှာ သူမအတွက် အလှမ်းဝေးကွာသော အိပ်မက်တစ်ခု ဖြစ်ခဲ့၏။
သို့သော် တာ့ယွဲ့ လျှို့ဝှက် ရေကန် အတွင်း လဝက်ခန့် ကျင့်ကြံလိုက်ရုံဖြင့် နှစ်အနည်းငယ် အတွင်း ရွှေအမြုတေ အဆင့် (၂) သို့ တက်လှမ်းနိုင်မည်ဟု ခံစားလာရခြင်းက အံ့မခန်းပင်။
ဤသည်မှာ သူမ၏ အခြေခံအုတ်မြစ် ပြောင်းလဲသွားခြင်းဟု မှတ်ယူနိုင်ပေသည်။
သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော နတ်မိမယ် ဖုန်းလင် သည် နိုးထလာပြီးနောက် သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများဖြင့် စုယွီကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် အံ့ဩမှု အရိပ်အယောင်များ ဖြတ်သန်းသွားပြီး တိုးညှင်းစွာ ချီးကျူးလိုက်၏။
“တာအိုဆရာ စုယွီ ရဲ့ ပါရမီ စွမ်းအားကတော့ တကယ်ကို ကျွန်မ မျှော်လင့်ထားတာထက် ကျော်လွန်နေတာပဲ ရှင်”
သူမသည် တာ့ယွဲ့ လျှို့ဝှက် ရေကန် ၏ စွမ်းအားများကို အစွမ်းကုန် စုပ်ယူခဲ့သော်လည်း ကျင့်ကြံမှု အပိုင်းတွင် စုယွီလောက် တက်ကြွမှု မရှိခဲ့ပေ။
ထို့အပြင် စုယွီသည် သူ့ကိုယ်ပိုင် ကျင့်ကြံမှုအပြင် သူ၏ တာအို လက်တွဲဖော် ကို ကူညီရန်အတွက်လည်း အာရုံစိုက်ခဲ့ရသေးသည်။
ထိုအချက်ကို တွေးမိသောအခါ နတ်မိမယ် ဖုန်းလင် ၏ ရင်ထဲတွင် မကျေနပ်မှုနှင့် မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လာရ၏။
သူမက စုယွီလောက် မတော်ဘူး ဆိုတဲ့ သဘောလား။
သို့သော် မလှမ်းမကမ်းတွင် ရှိနေသော လော့ချန်ယွီ ကို မျက်လုံးကစားလိုက်သောအခါ နတ်မိမယ် ဖုန်းလင် သည် သက်ပြင်းတစ်ချက် ဖြည်းညှင်းစွာ ချလိုက်မိသည်။ တော်သေးသည်မှာ သူမ၏ တိုးတက်မှုသည် လော့ချန်ယွီ နှင့် တန်းတူလောက် ရှိနေခြင်းပင်။ ဒီတစ်ခေါက် တာ့ယွဲ့ လျှို့ဝှက် ရေကန် ကျင့်ကြံမှုတွင် သူမတို့ နှစ်ယောက်၏ ရလဒ်သည် သရေကျသည်ဟု ဆိုနိုင်ပေသည်။
“ခင်ဗျားလောက် ကျွန်တော် မတော်ပါဘူးဗျာ”
စုယွီက ခေါင်းခါယမ်းလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။
“ဒီလဝက် အတွင်းမှာ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းက သိပ်ပြီး ခရီးမရောက်ပါဘူး... ခင်ဗျားတို့နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
သူက ရိုးသားစွာ ပြောလိုက်ခြင်း ဖြစ်သည်။ သူ၏ ရွှေအမြုတေ ပြောင်းလဲသွားသော်လည်း၊ သူ၏ ကျင့်ကြံခြင်း အဆင့် တိုးတက်မှုမှာ နှေးကွေးနေဆဲ ဖြစ်သည်။
သူသည် သူ၏ ကျွမ်းကျင်မှု မျက်နှာပြင် ကို တစ်ချက် ကြည့်လိုက်သည်။
[ကျင့်ကြံခြင်း နည်းစနစ်: ဓာတ်ကြီးငါးပါး ကျင့်စဉ် (ရွှေအမြုတေ အဆင့် ၂ ၊ ကျွမ်းကျင်မှု ၂၆.၇၆%)]
မဝင်ခင်က သူ၏ ဓာတ်ကြီးငါးပါး ကျင့်စဉ် ကျွမ်းကျင်မှုမှာ (၁၇.၉၃) ရာခိုင်နှုန်း ရှိခဲ့သည်။
လဝက်သာ ကြာမြင့်ပြီးနောက် တာ့ယွဲ့ လျှို့ဝှက် ရေကန် ၏ အခွင့်အလမ်းကြောင့် သူ၏ ကျွမ်းကျင်မှုသည် (၉) ရာခိုင်နှုန်း အောက်သာ တိုးတက်ခဲ့၏။
လော့ချန်ယွီ နှင့် နတ်မိမယ် ဖုန်းလင် တို့၏ အရှိန်အဝါများကို ကြည့်ရသည်မှာ ရွှေအမြုတေ အဆင့် (၃) တွင် သိသိသာသာ တိုးတက်လာပုံ ရသည်။
သူတို့၏ တာအို အခြေခံအုတ်မြစ်များ ပြောင်းလဲခြင်း ရှိမရှိ သူ မသိသော်လည်း... အနည်းဆုံး ကျင့်ကြံခြင်း တိုးတက်မှုကို ကြည့်လျှင် စုယွီသည် လော့ချန်ယွီ နှင့် နတ်မိမယ် ဖုန်းလင် တို့လောက် မကောင်းပေ။
သို့သော်လည်း သူ၏ လေးဆင့်လည်ပတ် ရွှေအမြုတေ ကို ထည့်တွက်လိုက်လျှင် စုယွီသည် ဒီတစ်ခေါက် တာ့ယွဲ့ လျှို့ဝှက် ရေကန် ခရီးစဉ်မှ ရရှိသော အကျိုးကျေးဇူးကို ကျေနပ်မိပါ၏။
သူတို့၏ အထိန်းအကွပ်မဲ့စွာ ကျင့်ကြံမှုများကို အခြေခံပြီး သုံးသပ်ကြည့်လျှင်... လော့ချန်ယွီ ဖြစ်စေ၊ နတ်မိမယ် ဖုန်းလင် ဖြစ်စေ၊ ကျင့်ကြံခြင်း အဆင့် အမြင့်ဆုံး ဖြစ်သော မြေဆရာသခင် မာရှစ်ချင်း ပင် ဖြစ်စေ... မည်သူမျှ စုယွီ၏ တာအို အခြေခံအုတ်မြစ် နှင့် မယှဉ်နိုင်ပါပေ။
သူတို့ထဲတွင် တာအို အခြေခံအုတ်မြစ် အားအနည်းဆုံး လူမှာ မြေဆရာသခင် မာရှစ်ချင်း ပင် ဖြစ်တန်ရာ၏။