အခန်း (၄၃၆-၄၃၈)
Vol. 30 Ch. 436-438
အခန်း (၄၃၆) ပြိုင်ပွဲ
တောက်ပနေသည့် ရွှေရောင်သင်္ကေတများက လေထဲတွင် ပေါ်ထွက်လာပြီး ဟွားဝူတောက်အား ဝန်းရံထားလေသည်။ ထို့နောက် သူတို့က အလင်းစက်ဝိုင်းအသွင် ပြောင်းလဲသွားလေ၏။
လန်လော့၊ ဟွားယွဲ့ရှင်းနှင့် တွမ့်မူရှန်းတို့က အပေါ်စီးမှ ငုံ့ကြည့်လိုက်ကြသည်။
ဟွားဝူတောက် ဆင်းသက်လာသည့်အခါ မီးများက စတင်ပျံ့နှံ့လာသည်။ ထိုအရာက ရွှေနန်းဥယျာဉ်တောင်ဘက် ဦးတည်နေလေ၏။ သို့သော်လည်း သူက အလျင်မလိုပေ။ သူက မီးလာရာဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။
မီးက သူတို့ ကျူးကျော်လာမှုအတွင်း ကြိုတင်ပြင်ဆင်ထားမှုတစ်ခု ဖြစ်ပေသည်။ မီးက တဖြည်းဖြည်း နီးကပ်လာလေ၏။
ဟွားဝူတောက်က လေ့လာဆန်းစစ်ပြီးသည့်နောက်တွင် မီးတောက်ကြား လျှောက်သွားလိုက်သည်။
သူက ရှေ့တစ်လှမ်း လှမ်းလိုက်သည့်အခါ သူ့ခြေထောက်အောက်တွင် ပါကွားစည်းတံဆိပ်တစ်ခု ပေါ်လာပြီး သူနှင့်အတူ ရွေ့လျားသွားသည်။ သူ့ခန္ဓာကိုယ်ထက် သင်္ကေတများလည်း ပေါ်ထွက်လာလေ၏။ မိုး၊ မြေ၊ ရှင်သန်ခြင်း၊ သေဆုံးခြင်း၊ ရေ၊ မီး၊ တည်ရှိခြင်း၊ မတည်ရှိခြင်းနှင့် ခွဲခွာခြင်း … ထိုသင်္ကေတ ကိုးခုလုံးက ဟွားဝူတောက်အား ဝန်းရံထားလေသည်။ သူက မီးတောက်ကြား လျှောက်သွားစဉ် သင်္ကေတများက သူ့အား မီးဘေးမှ ကင်းဝေးစေရန် ကာကွယ်ရေးအလွှာတစ်ခု ဖော်ထုတ်ထားလေ၏။
မီးပင်လယ်က ဟွားဝူတောက်ကို လွှမ်းခြုံသွားလေသည်။ သူက စွမ်းအင်ဗဟိုချက်ကို လက်နှစ်ဖက်ထားလိုက်သည့်အခါ ကမ္ဘာဦးချီစွမ်းအား ထွက်ပေါ်လာသည်ကို ခံစားမိလိုက်သည်။ အလယ်တွင် ပါကွား ရှိပြီး သူ့သင်္ကေတကိုးခုလုံးက ပြန့်ကားလာလေသည်။
ဝှစ်..
ထိုအရာက ရွှေရောင်ပူဖောင်းတစ်လုံး ကျယ်ပြန့်လာသလိုမျိုး ဖြစ်၏။ လန်လော့က ထိုမြင်ကွင်းကို ကြည့်နေရင်း ချီးကျူးလိုက်သည်။
“သူက မျှော်နန်းသခင်ရဲ့ သင်္ကေတဆယ်ခု လျို့ဟယ်စည်းတံဆိပ်ကို ပုံတူပွားထားတာပဲ။ ဒါက ရွှေနန်းဥယျာဉ်တောင်ကို လွှမ်းခြုံသွားလုနီးပါးပဲ။ သင်္ကေတကိုးခု စည်းတံဆိပ်က မီးတောက်တွေကို ငြှိမ်းသတ်နိုင်လောက်တယ်”
ထိုမြင်ကွင်းက နည်းနည်းတော့ ရယ်ဖွယ်ကောင်းနေသည်။ အမှန်တော့ ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံသူတစ်ဦးက မီးငြှိမ်းသတ်နေသည့် မြင်ကွင်းမှာ နှမြောစရာ ကောင်းလှလေသည်။
မီးတောက်၏ တောက်ပမှုနှင့် လှုပ်ရှားမှုများက မိစ္ဆာဝေဟင်မျှော်နန်းအတွင်းရှိ တခြားလူများကို အလန့်တကြား ဖြစ်သွားစေသည်။ သူတို့က လေထဲ ပျံတက်လာပြီးနောက် အဝေးမှ မီးကို လှမ်းကြည့်လိုက်ကြသည်။
ကျူးဟုန်ကုန်းက မြင်ကွင်းတွင် ပေါ်ထွက်လာကာ ပြောလိုက်သည်။
“ဒါက မီးတောက်ကြီးပဲ။ ရှစ်စွင်းကို သွားပြီးတော့ သတင်းပို့ရမယ်”
သူက လှည့်ထွက်မသွားခင် ကျောင်းယွဲ့က သူ့အား အလျင်အမြန် တားဆီးလိုက်သည်။ သူမက ပြောလိုက်၏။
“အဲလို လုပ်ဖို့ မလိုဘူး။ ငါ အရှေ့ဘက် မျှော်နန်းဆောင်ဆီ သွားပြီးပြီ။ ရှစ်စွင်းက အနားယူနေတယ်။ ငါတို့ မနှောင့်ယှက်သင့်ဘူး”
“အိုး..”
ကျူးဟုန်ကုန်းက ခေါင်းညိတ်လိုက်သည်။ တခြားလူများက တောင်ခြေမှ မီးတောက်သည် အလင်းစက်ဝန်းကြောင့် ဖြည်းဖြည်းချင်း အဝေးတွန်းပို့ခံလိုက်ရသည်ကို မြင်လိုက်ရသည်။ မီးတောက်တစ်ဝက်လောက်က ထိုအလင်းစက်ဝိုင်း၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး ချက်ချင်း ငြိမ်းသတ်သွားလေသည်။
ဟွားဝူတောက်က ထိုနေရာတွင် ရပ်တန့်မနေပေ။ သူက သူ့မဟာနည်းစနစ်တစ်ခုကို ဖော်ထုတ်ကာ နေရာအသီးသီးဆီ ရွေ့လျားလိုက်သည်။ သူက မီးကို တူညီသည့်နည်းလမ်းဖြင့် ငြိမ်းသတ်လိုက်သည်။ သူက လျို့ဟယ်စည်းတံဆိပ်ကို အကြိမ်များစွာ အသုံးပြုပြီးသည့်နောက်တွင် ရွှေနန်းဥယျာဉ်တောင်ရှိမီးက လုံးဝ ငြိမ်းသတ်သွားပြီး အရာအားလုံးက တစ်ဖန်အမှောင်ထုအတွင်း ရောက်ရှိသွားလေသည်။
ဟွားဝူတောက်က မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
သူတို့အား အမှောင်ထု လွှမ်းခြုံသွားလေ၏။ မှိန်ဖျဖျ လရောင်က အလင်းပေးဖို့ သိပ်မလုံလောက်ပေ။
လန်လော့က ဟွားယွဲ့ရှင်းအား ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများက ရွှေရောင်တောက်ပနေကြောင်း သတိပြုမိလိုက်၏။ သူက ခေါင်းညိတ်ကာ သူမအား ချီးကျူးလိုက်သည်။
“မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်တဲ့ ပါရမီကို ပိုင်ဆိုင်ထားတာပဲ။ မင်း နောင်အနာဂတ်မှာ ဘာလုပ်နိုင်အုံးမလဲဆိုတာ ငါ စောင့်ကြည့်နေမယ်”
တွမ့်မူရှန်းက ဟွားယွဲ့ရှင်း၏ အံ့လောက်ဖွယ် မျက်ဝန်းကို သတိပြုမိပြီး မေးလိုက်သည်။
“အဲဒါက ဘာကျင့်ကြံရေးနည်းစနစ်မျိုးလဲ”
“နတ်လေးသျှင်တွေက အမြဲတမ်းလိုလို အဝေးပစ်ကိုပဲ အသုံးပြုကြတယ်။ သူတို့က မြင်ကွင်းကောင်းကောင်းနဲ့ အလျင်အမြန် ပစ်ခတ်နိုင်စွမ်း လိုအပ်တယ်။ နတ်လေးသျှင်အများစုက သူတို့ရဲ့ ကျင့်ကြံဆင့်မြင့်တင်မှုကိုပဲ အာရုံစိုက်ထားကြပြီးတော့ သူတို့ရဲ့ အလျင်အမြန် ပစ်ခတ်နိုင်စွမ်းကိုလည်း တိုးတက်အောင် လုပ်ကြတယ်။ ဒါပေမဲ့ တကယ့်စွမ်းအားက လော့ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုပဲ။ အဲဒါနဲ့ဆိုရင် အသုံးပြုသူရဲ့ မြင်ကွင်းက ညအခါမှာ အတော်လေးကို တိုးတက်သွားလိမ့်မယ်” လန်လော့က ရှင်းပြလိုက်သည်။
“အာ.. ကျုပ် သိပြီ”
လန်လော့က သက်ပြင်းချကာ ပြောလိုက်သည်။
“လူငယ်မျိုးဆက်ကတော့ လိုက်မီလာပြီပဲ”
ဟွားယွဲ့ရှင်းက သူမ၏ လျှို့ဝှက်နည်းစနစ် အသုံးပြုခြင်းကို ရပ်တန့်လိုက်သည်။ သူမ၏ မျက်ဝန်းများက ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေ၏။ သူမက ပြောလိုက်သည်။
“အကြီးအကဲဟွားက တောင်ခြေမှာပဲ ရှိသေးတယ်။ မီးက စောစောတည်းက ပျံ့နှံ့လာတာ ဆိုတော့ ပြန်လည်တောက်လောင်လာနိုင်တယ်။ သူက အဲဒါကြောင့် စောင့်နေတဲ့ပုံပဲ”
တခြားသူများက ခေါင်းညိတ်လိုက်ကြသည်။
ကျူးဟုန်ကုန်းက ပျင်းရိလာကာ “ငါက ဒီနေရာမှာ ပြပွဲကောင်းတစ်ခု မျှော်လင့်ထားတာ။ ဒီလိုဖြစ်မယ်မှန်းသိရင် ငါ့ဘာသာငါ ဆက်အိပ်နေပါတယ်လေ”
ဟွားဝူတောက်က ထိုအခြေအနေကို ဆက်လက်စောင့်ကြည့်နေလေ၏။ သူက လူများ ဆက်လက် မီးမမွှေးနိုင်စေရန် တားမြစ်ဖို့ ရည်ရွယ်ထားသည်။ သူက ခပ်နိမ့်နိမ့်မှာ ပျံသန်းလာလေ၏။ မီးကို လုံးဝ ငြိမ်းသတ်ပြီးသည့်နောက်တွင် သူက ဆင်းသက်လိုက်သည်။
ပြဿနာ မရှိတော့ကြောင်း အတည်ပြုပြီးနောက်တွင် ဟွားဝူတောက်က ခေါင်းခါကာ သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး နှမြောမိလေသည်။ မီတာရာချီအတွင်း အရာအားလုံးက ပြာအဖြစ်သို့ ပြောင်းလဲသွားလေပြီ။
သူက လှည့်ထွက်သွားတော့မည့် အချိန်တွင် လူဆယ်ယောက်ကျော်က သူ့ဆီ ပျံသန်းလာလေ၏။ သူတို့က ဆူဆူညံညံ လှုပ်ရှားမှု မရှိသောကြောင့် ဟွားဝူတောက်က သူတို့၏လှုပ်ရှားမှုများမှ အသံကို ဖမ်းစားနိုင်လိုက်သည်။ သူက မျက်မှောင်အသာကြုတ်လိုက်၏။ သူ့အတွက် တတ်နိုင်သမျှ တောင်ပေါ်သို့ ပြန်သည်က အကောင်းဆုံး ဖြစ်ပေမည်။
ထိုလူများက သူ့ဆီကို အရှိန်အပြည့်ဖြင့် ပျံသန်းလာကြသည်။
“ဟွားဝူတောက်..”
ဟွားဝူတောက်က အနည်းငယ် အံ့အားသင့်သွားသည်။ သူက ကြည့်လိုက်သည့်အခါ ရောက်ရှိလာသူများကို မြင်လိုက်ရ၏။ ထိုလူများ၏ မျက်နှာကို လရောင်ကြောင့် မြင်လိုက်ရသည့်အခါ အံ့ဩသွားလေသည်။
“ယွင်ဂိုဏ်းရဲ့ မဟာအကြီးအကဲ ဖန်းဝမ်ရှန်းလား”
ဟွားဝူတောက်က စိတ်ရှုပ်ထွေးသွားသည်။ သူက ယွင်ဂိုဏ်းသည် မိစ္ဆာသုတ်သင်ရေး မဟာမိတ်တွင် ပါဝင်လိမ့်မည်ဟု ထင်မထားမိပေ။ ထို့အပြင် မိစ္ဆာဝေဟင်မျှော်နန်းက လော့ဂိုဏ်း၏ ပထမတော်ဝင်ကုန်းမြေသို့ ရောက်ရှိလာဖူးပေသည်။ မိစ္ဆာဝေဟင်မျှော်နန်းက သူတို့နှင့် ယွင်ဂိုဏ်းကြားမှာ ရန်ငြိုးကို မသယ်ဆောင်ထားတော့ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
သူတို့က ဒီမှာ ဘာလာလုပ်နေတာလဲ … သူတို့က မီးတောက်လောင်ပြီးမှ ပေါ်လာတာ ဆိုတော့ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး။ အတော်လေး သံသယဝင်စရာကောင်းတယ်။
ဖန်းဝမ်ရှန်းက သူနှင့်အတူ လူဆယ်ယောက်ကျော် ခေါ်ဆောင်လာသည်။ သူတို့က ဟွားဝူတောက်အနီးတွင် ရပ်တန့်လိုက်ကြ၏။
“ဟွားဝူတောက် ခေါင်းဆောင်ရဲ့အမိန့်အရ မင်းကို ပြန်ခေါ်ဖို့ လာတာ။ မင်း နာနာခံခံ ပူးပေါင်းတာ ကောင်းလိမ့်မယ်” ဖန်းဝမ်ရှန်းက လက်ဟန်ပြကာ ပြောလိုက်သည်။
ဟွားဝူတောက်က မျက်မှောင်ကြုတ်ကာ။
“ခေါင်းဆောင်က လောကီရေးရာကိစ္စတွေကို စိတ်မဝင်စားတာ ကြာလှပြီ။ သူက ဘာလို့ အဲလိုအမိန့်မျိုး ပေးရမှာလဲ”
“ငါ့စကားက အတည်ပဲ”
ဖန်းဝမ်ရှန်းက ပြောလိုက်သည်။ ထို့နောက် သူက လရောင်အောက်တွင် ရွှေရောင်စက်ဝိုင်းပြတ်တစ်ခု ရေးဆွဲလိုက်၏။
ဝှစ်..
ဖန်းဝမ်ရှန်း၏ အမူအရာက မည်းမှောင်သွားလေသည်။ သူက စွမ်းအင်မြားတစ်ခု သူ့ဆီ ကျရောက်လာသည်ကို မြင်လိုက်ရ၏။ သူက အလျင်အမြန် နောက်ဆုတ်ကာ လေထဲတွင် စည်းတံဆိပ်တစ်ခု ဖန်တီးပြီး ထိုတိုက်ကွက်ကို တားဆီးလိုက်သည်။
“ဟွားယွဲ့ရှင်းလား”
မိစ္ဆာဝေဟင်မျှော်နန်းမှ စွမ်းအင်မြားကို ပစ်ခတ်လိုက်သူက ဟွားယွဲ့ရှင်း ဖြစ်ပေသည်။
ဟွားယွဲ့ရှင်းက အဖြစ်အပျက်ကို မြင်သည့်အခါ သူမက သက်ညှာခြင်းမရှိ ပစ်ခတ်လိုက်ခြင်း ဖြစ်ပေ၏။
ထိုစွမ်းအင်မြားက ဖန်းဝမ်ရှန်းအား အနည်းငယ် အံ့အားသင့်သွားစေသည်။ ဟွားဝူတောက်က အနည်းငယ် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ငါတို့က တစ်ချိန်က ဂိုဏ်းအတူတူ ဖြစ်ခဲ့တာကို ထောက်ညှာပြီးတော့ ထွက်သွားလိုက်တော့။ ကျန်တဲ့သူတွေ ရောက်လာမယ် ဆိုရင် မင်းတို့တွေ ထွက်သွားချင်ရင်တောင် ထွက်သွားလို့ရမှာ မဟုတ်ဘူး”
ဖန်းဝမ်ရှန်း၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေရင်း အားပါးတရ ရယ်မောလိုက်ကာ “ငါတို့က ဒီရောက်နေပြီပဲ မဟုတ်လား။ အလွယ်တကူ ထွက်သွားမှာ မဟုတ်ဘူး”
သူက လက်ဝေ့လိုက်သည်။ သူ ခေါ်ဆောင်လာသည့် အမျိုးသားများက ဦးထုပ်များကို ဖယ်ရှားလိုက်ပြီး မျက်နှာကို ဖော်ထုတ်ပြသလာသည်။
ဟွားဝူတောက်က မျက်လုံးအပြူးသား ဖြစ်သွားကာ။
“ယွင်ဂိုဏ်းရဲ့အကြီးအကဲ ဆယ်ယောက်လား .. ခင်ဗျားတို့က..”
သူက ဖန်းဝမ်ရှန်းအား လက်ညှိုးထိုးလိုက်ပြီး ဒေါသထွက်နေလေသည်။ သို့သော်လည်း သူက ယွင်ဂိုဏ်း၏ အကြီးအကဲတစ်ယောက် မဟုတ်တော့ကြောင်း သတိပြုမိသည့်အခါ သူ့အနေနှင့် ဂရုစိုက်စရာ မလိုကြောင်း သဘောပေါက်သွားသည်။ သူက ဒေါသကို ဖိနှိပ်ကာ ပြောလိုက်သည်။
“အခုချက်ချင်း ထွက်သွား၊ မဟုတ်ရင် ငါ့ကို သက်ညှာမှု မရှိဘူးဆိုပြီး လာအပြစ်မတင်နဲ့”
ဖန်းဝမ်ရှန်းက ပြုံးကာ “အဲလိုတော့ မဖြစ်ဘူး။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်ကသာ ငါတို့ခေါင်းဆောင်ရဲ့ စစ်တုရင်ခုံကို ပြန်လည်မပေးဘူးဆိုရင်ပေါ့”
“ဟမ်”
“ခေါင်းဆောင် စစ်တုရင်ခုံထဲမှာ သိမ်းထားတဲ့ပစ္စည်းက ဂိုဏ်းသုံးဂိုဏ်းလုံးရဲ့ ရတနာပဲ။ ငါတို့က မိစ္ဆာဝေဟင်မျှော်နန်းကို ဘယ်လိုလုပ် ပေးနိုင်ပါ့မလဲ”
ဖန်းဝမ်ရှန်းက ပြောရင်း လက်ဟန်ပြလိုက်သည်။ ထိုစဉ် သူ့နောက်ရှိ လေထဲတွင် မျောလွင့်နေသည့် အကြီးအကဲဆယ်ဦး၏ နောက်တွင် လူငယ်ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာသည်။
လူငယ်ကျင့်ကြံသူလေးက လေထဲတွင် ဦးညွှတ်ကာ ပြောလိုက်သည်။
“ရှစ်စွင်း”
ဟွားဝူတောက်က အံ့ဩသွားကာ ပြောလိုက်သည်။
“ကျန့်ဖေးဖန်လား”
ဤသည်ကား သူ မိစ္ဆာဝေဟင်မျှော်နန်းသို့ ပထမဆုံး လာရောက်ခဲ့စဉ်အခါက အဖော်ပြုပေးခဲ့သည့် ကျန့်ဖေးဖန် ဖြစ်ပေသည်။ ထိုစဉ်အချိန်က မိစ္ဆာဝေဟင်မျှော်နန်းတွင် နေရလိမ့်မည်ဟု အတွေးမျိုး မရှိခဲ့ပေ။ သူက ကျန့်ဖေးဖန်ကို နှင်ထုတ်ခဲ့သည်မှာ သူ့အသက်ကို ကယ်တင်လို၍သာ ဖြစ်၏။ ထိုအချိန်မှစ၍ အချိန်များစွာ ကုန်ဆုံးသွားလေပြီ။ ကိစ္စများက မမျှော်လင့်ထားသည့်ဘက်သို့ ရောက်ရှိသွားဟန် ပေါ်၏။
ကျန့်ဖေးဖန်က ပြောလိုက်သည်။
“ဒါက ရှစ်စွင်းလို့ ခေါ်တဲ့ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ်။ အဲဒါကြောင့် သိပ်နောက်မကျခင် ပြန်လည်သုံးသပ်လိုက်ပါ”
“ဒါက မင်းရဲ့ဆရာကို ပြောရမဲ့ပုံစံလား”
ဟွားဝူတောက်က အံကြိတ်ကာ ပြောလိုက်သည်။
“တကယ်လို့ ပြန်လည်သုံးသပ်မယ်ဆိုရင် ကျုပ်က ခင်ဗျားရဲ့တပည့်ပဲ ဆက်ဖြစ်နေမှာပါ” ကျန့်ဖေးဖန်က ဦးညွတ်လိုက်သည်။
“အခု ထွက်သွားစမ်း”
သူ့အသံလှိုင်းက သူတို့ဆီ ပျံ့နှံ့သွားလေသည်။
အသံလှိုင်းက ကျန့်ဖေးဖန်ဆီ ရောက်လုဆဲဆဲတွင် အကြီးအကဲဆယ်ဦးက တားဆီးလိုက်၏။
အသံလှိုင်းက ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားလေသည်။
“ဟွားဝူတောက် မင်းက အကြီးတစ်ယောက် ဖြစ်ပြီးတော့ အငယ်တစ်ယောက်ကို ဒီလိုလုပ်တာ မရှက်ဘူးလား” အကြီးအကဲတစ်ဦးက လှောင်ပြောင်ရင်း ပြောလိုက်သည်။
ဟွားဝူတောက်၏ ခြေထောက်အောက်တွင် ပါကွား ပေါ်ထွက်လာ၏။ ထို့နောက် အလင်းစက်ဝန်းလည်း ပေါ်ထွက်လာလေသည်။
“ခင်ဗျားတို့က ဒီကို ပြဿနာလာရှာပုံပဲ”
ဖန်းဝမ်ရှန်းက လက်မြောက်လိုက်ပြီး တူညီသော လေသံဖြင့် ပြောလိုက်သည်။
“မင်းကလည်း ပြန်လည်သုံးသပ်ဖို့ ရည်ရွယ်ချက် မရှိပုံပဲ”
အကြီးအကဲဆယ်ဦးလုံးက ပျံသန်းလာကြသည်။
ဟွားဝူတောက်၏ ခန္ဓာကိုယ်မှ သင်္ကေတများ ပေါ်ထွက်လာလေ၏။
မိစ္ဆာဝေဟင်မျှော်နန်းမှ အကြီးအကဲဆယ်ဦးထံ မြားဆယ်ချောင်း ပစ်လွှတ်လာလေသည်။
ဘန်း ဘန်း ဘန်း..
အကြီးအကဲဆယ်ဦးက လက်ဟန်များကို ထုတ်ဖော်လိုက်ရသည်။ ဟွားဝူတောက်၏ လျို့ဟယ်တာအိုစည်းတံဆိပ်က အလင်းတန်းများဖြင့် တောက်ပလာသည်။ သူက ရှေ့သို့ မသွားဘဲ အလျင်အမြန် နောက်ဆုတ်လိုက်သည်။ ထိုစဉ် ဟွားဝူတောက်နောက်ရှိ ကောင်းကင်တွင် အနက်ရောင် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ လရောင်က သူ့ငွေရောင်မျက်နှာဖုံးကို ထင်ဟပ်နေလေ၏။
သူ့အသံက ခပ်ဩဩဖြင့် ထွက်ပေါ်လာကာ “ယွင်ဂိုဏ်းရဲ့အကြီးအကဲ ဆယ်ဦးလား .. သတ္တိကောင်းကြသားပဲ”
“လန်လော့လား”
...
အခန်း (၄၃၇) မျှော်နန်းဆောင်အိုကြီး၏ဂုဏ်သိက္ခာ
လန်လော့၏ပေါ်ပေါက်လာမှုသည် ယွင်ဂိုဏ်း၏အကြီးအကဲဆယ်ယောက်တိုက်ခိုက်နေမှုကို ရပ်တန့်သွားစေသည်။
လော့ဂိုဏ်း၏အထွတ်အမြတ်မြေ၌ သူတို့သည် လန်လော့၏နည်းလမ်းများကို မျက်မြင်တွေ့ခဲ့ရ၏။ ထိုလူသည် မိုးမြေကို တစ်ခါက တုန်လှုပ်စေခဲ့ဖူးသည့်သူဖြစ်သည်။ သူ၏အမည်သည် လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာခန့်က ပေနက်လွှာထိပ်တွင် ရှိခဲ့ရုံသာမက ရှားပါးသည့်ပွင့်ချပ်ရှစ်လွှာ အကျော်အမော်တစ်ဦးလည်းဖြစ်သည်။
ဖန်းဝမ်ရှန်းက လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။ “ဒါက ယွင်ဂိုဏ်းရဲ့ကိစ္စပါ ... ချန်းပေ့ ကျေးဇူးပြုပြီး ဘေးထွက်နေဖို့ နှိမ့်ချပြီးတောင်းဆိုပါရစေ”
“အဓိပ္ပာယ်မရှိတာ” လန်လော့က ကြမ်းတမ်းစွာပြောလိုက်၏။ “ဟွားဝူတောက်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့အကြီးအကဲတစ်ယောက်ပဲ။ မင်းတို့ယွင်ဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ။ ငါ့လေတွေမဖြုန်းချင်ဘူး။ မင်းတို့တွေ ငါ့မျက်စိရှေ့ကနေထွက်သွားလိုက်” ထိုသို့ပြောပြီးနောက် သူသည် ဟွားဝူတောက်ရှေ့သို့လျင်မြန်စွာသွားလိုက်သည်။
ကိုယ်ပျောက်တာအိုကျင့်စဉ်ပြသပေးမှုဖြင့် အကြီးအကဲဆယ်ယောက်သည် လန်လော့ကို ပေါ့သေးသေး မမှတ်ရဲချေ။ သူတို့ဖာသာအကြည့်ချင်းဖလှယ်လိုက်၏။
ဖန်းဝမ်ရှန်းက ပေါ့ပေါ့ပါးပါးပြောလိုက်တော့သည်။
"မဟာနတ်ဆရာမော့လီကို တိုက်ခိုက်တဲ့အချိန်တုန်းက ခင်ဗျားရဲ့ချီပင်လယ် ယိုယွင်းသွားပြီး ကျင့်ကြံဆင့် ပြန်မကောင်းသေးဘူးလို့ကြားထားတယ်။ မဟူရာစစ်သည်တော်တွေရဲ့ခေါင်းဆောင် ဖန်ရှုဝမ်း ဖြစ်ခဲ့ဖူးပေမဲ့ အခုခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လက်ပါးစေတစ်ယောက်ထက် မပိုဘူး။ သတ္တိမရှိလိုက်တာ”
ဟမ် ... ဒီကိစ္စတွေကို တော်တော်များများမသိပါဘူး။ ဖန်းဝမ်ရှန်းက ဘယ်လိုရှာတွေ့လဲ။
“သေပေတော့” လန်လော့သည် နည်းနည်းလေးမှ သေးသေးတင်မခံပေ။
လျှပ်ပြက်သည့်အရှိန်ဖြင့် သူသည် အကြီးအကဲဆယ်ယောက်ဆီသို့ရောက်သွား၏။ သူသည် အချိန်ဖြုန်းမနေဘဲ ပွင့်ချပ်ရှစ်လွှာနတ်ဝိညာဉ်သဏ္ဌာန်ကိုဆင့်ခေါ်လိုက်သည်။
ဖုန်း
၎င်းက ကျုံ့သွားပြီးနောက် ပြန့်ကားသွားလေ၏။ အကြီးအကဲဆယ်ယောက်က လေထဲ လွင့်ထွက်သွား၏။ သူတို့သွေးအဆီအနှစ်များ ဆန်တက်လာသည်။
လန်လော့သည် လက်နောက်ပစ်ထားလျက် လေထဲပျံဝဲနေလေ၏။ သူက အေးစက်သောအကြည့်တို့ဖြင့် အကြီးအကဲဆယ်ယောက်ကို ကြည့်လိုက်သည်။
ဖန်းဝမ်ရှန်းနှင့် ကျန့်ဖေးဖန်တို့က အနားတွင်ရပ်နေသည်။ သူတို့ကထိတ်လန့်နေသော ထိုမြင်ကွင်းကို ကြည့်နေကြတော့သည်။ အဝေးရှိလောင်ကျွမ်းနေသောတောအုပ်ထဲ၌ ပစ္စည်းအများအပြား ပြာဖြစ်ကုန်၏။
သစ်ပင်များနောက်၌ စောင့်ဆိုင်းနေသည့်ကျင့်ကြံသူများစွာလည်းရှိသည်။ ယင်းကိုမြင်သောအခါ သူတို့က ထိတ်လန့်သွားသည်။
“ငါတို့တွေ မိစ္ဆာဝေဟင်မျှော်နန်းကို လျှော့တွက်ခဲ့မိတာပဲ။ အဲ့မှာ ပွင့်ချပ်ရှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန် တစ်ခုရှိနေတဲ့ ဖန်လီထန်းကို ဖယ်လိုက်ရင် ဒီလူက လန်လော့ပဲဖြစ်ရမယ်” သူတို့သည် ဝေးနေသောကြောင့် ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။
“ဆက်ကြည့်ကြရအောင်”
ဘန်း
မှောင်မည်းနေသော တောအုပ်ထဲတွင် လူတစ်စုက ပုန်းနေပြီး အဝေးကနေ ရွှေနန်းဥယျာဉ်တောင်ခြေရှိ တိုက်ပွဲကိုကြည့်နေလေ၏။
လန်လော့၏ တိုက်ခိုက်မှုသည် သူ၏ပစ်မှတ်များဖြင့် ဆက်နေသည်။ သူက လက်နောက်ပစ်လျက် ရပ်နေကာ ပြောလိုက်တော့သည်။ “သေရည်နဲ့စားစရာအိတ်တွေ”
အကြီးအကဲဆယ်ယောက်သည် သူတို့ကိုယ်သူတို့ တည်ငြိမ်အောင်လုပ်ပြီးနောက် လန်လော့ကို စိုက်ကြည့်လိုက်၏။
ဖန်းဝမ်ရှန်းသည် လျှာသပ်ပြီးနောက် ပြောလိုက်၏။
“လန်လော့ မင်းက မိစ္ဆာဝေဟင်မျှော်နန်းကို မင်းတစ်ယောက်ပဲ ထိန်းထားနိုင်မယ်ထင်နေလား။ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာတုန်းက အလွန့်အလွန် ယုတ်မာရက်စက်မှုတွေကို ကျူးလွန်ခဲ့တယ်။ မင်းက ရုတ်တရက်ကြီး အစောင့်အရှောက်နတ်ဒေဝါတစ်ပါး ဖြစ်အောင် ဘာကြောင့်များ ကြိုးစားနေခဲ့တာလဲ။ မင်းမှာ အပြစ်အနာအဆာ မရှိဘူးလား။ မိစ္ဆာဝေဟင်မျှော်နန်း ဖျက်ဆီးခံလိုက်ရတဲ့အချိန် မင်းက အကျိုးထူးဆောင်တဲ့သူတွေထဲက တစ်ယောက် ဖြစ်သွားမှာ ဘယ်လိုလဲ”
ယခုအခေါက်တွင် လန်လော့က ပြန်မပြောပေ။ ရပ်နေသည့်နေရာကနေ ပျောက်သွားလေ၏။
ဖန်းဝမ်ရှန်းက စိတ်လေးသွားတော့၏။ အကြီးအကဲဆယ်ယောက်ကလည်း သတိထားနေသည်။ လန်လော့က ထိခိုက်သွားတာ မဟုတ်ဘူးမလား။
ဖုန်း
လန်လော့၏ စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်လာ၏။ ယခုအခေါက်တွင် ယင်းက ဖန်းဝမ်ရှန်းဘေး၌ ပေါ်လာတာဖြစ်သည်။ တချိန်တည်းတွင် လန်လော့က သူ့လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
ဖန်းဝမ်ရှန်းက မျက်မှောင်ကျုံ့လျက် သူ့လက်နှစ်ဖက်ဖြင့် ပိတ်ဆို့လိုက်၏။
ဘန်း
ကျန်သည့်သူများက ထပ်မံ လွင့်ထွက်သွားပြန်၏။
“အရိပ်သိုင်း”
လန်လော့သည် လက်ဖဝါးကိုပူးကပ်လျက် ရှေ့နောက်လှုပ်ရှားလိုက်၏။ သူ၏ကနဦးချီများက ဆန်တက်လာပြီးနောက် အမြင်အာရုံရှေ့ကနေ သူ ထပ်မံပျောက်ကွယ်သွားပြန်သည်။
နောက်တစ်စက္ကန့်တွင် ကောင်းကင်၌ အနက်ရောင်အရိပ်များလွှမ်းနေ၏။ သူတို့က ဖန်းဝမ်ရှန်းဆီသို့ တစ်ဟုန်ထိုး ဝင်သွားတော့သည်။
ဘန်း ဘန်း ဘန်း
ရွှေရောင်ရောင်ခြည် တောက်ပနေသည့် လျှပ်စီးတံဆိပ်များက ကျရောက်လာတော့၏။ လေထဲ၌ လိပ်ပြာများ ပျံသန်းနေပြီး ဖန်းဝမ်ရှန်း၏ခန္ဓာကိုယ်ပေါ် ကျရောက်လာ၏။
“မဟာအကြီးအကဲ”
ကျန်သည့်သူများက ထိတ်လန့်သွားကြ၏။ လန်လော့က အစွမ်းထက်လှသည်။ ပွင့်ချပ်ရှစ်လွှာ လက်ရွေးစင်က ကြောက်မက်ဖွယ်ကောင်းလွန်း၏။
ဟွားဝူတောက်သည် ယင်းကိုမြင်သောအခါ စိတ်ခံစားချက်များ လွှမ်းမိုးသွားတော့သည်။
မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များကလည်း စိတ်လှုပ်ရှားနေလေ၏။
ဘန်း ဘန်း ဘန်း
ဖန်းဝမ်ရှန်းက နောက်ပြန်လန်ကျပြီး သူ ပြုတ်ကျလာခိုက် အသက်ရှိုက်စာ အနည်းငယ်သာ ကုန်လွန်သွားသည်။
သူတို့သည် ထိုအချိန်တိုအတွင်း လန်လော့ထုတ်ဖော်နိုင်ခဲ့သည့် လက်သင်္ကေတများ အရေအတွက်ကို မရေနိုင်ခဲ့ပေ။
ဖုန်း
ဖန်းဝမ်ရှန်းက မြေပြင်နှင့် ရိုက်မိသွားတော့သည်။
လန်လော့က လေထဲတွင် ပျံဝဲနေလေ၏။ သူကလက်နောက်ပစ်ထားလျက် သူတို့ကို ငုံ့ကြည့်လိုက်တော့သည်။
မြင်ကွင်းသည် သင်္ချိုင်းတမျှ တိတ်ဆိတ်နေ၏။ အကြီးအကဲဆယ်ယောက်သည် လန်လော့ ထိုမျှအစွမ်းထက်မည်ဟု မထင်ထားခဲ့ပေ။
ဟွားဝူတောက်ကလည်းလန်လော့၏တိုက်ပွဲဝင်ခွန်အားကြောင့် အံ့ဩသင့်သွားတော့သည်။
လန်လော့သည် ထွက်ပြေးရာ၌သာ တော်ပြီး သူ၏ တိုက်ပွဲဝင်ခွန်အားသည် ဖန်လီထန်းလောက် အစွမ်းမထက်ဟု မိစ္ဆာဝေဟင်မျှော်နန်းတပည့်များက တွေးထင်ခဲ့သည်။ သူတို့တိုက်ခိုက်ချိန်၌ ထိုမျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့မထင်ထားပေ။
ဖန်းဝမ်ရှန်းက ချောင်းဆိုးနေရတော့သည်။ သူက ခဲရာခဲဆစ်ဖြင့်ထထိုင်ပြီး သွေးတစ်ပွက် အန်လိုက်၏။ ကောင်းကင်ကို မော့ကြည့်ကာ ရယ်မောပြီး ပြောလိုက်၏။ “အင်း ... ခင်ဗျား ဒဏ်ရာရထားတာ အမှန်ပဲ” လန်လော့သာ ဒဏ်ရာမရထားလျှင် ထိုရိုက်ချက်ကြောင့် သူသေလောက်ပြီဖြစ်သည်။
“မဟာအကြီးအကဲ” အကြီးအကဲဆယ်ယောက်သည် ဖန်းဝမ်ရှန်းနားချဉ်းကပ်လာပြီး သူ့ရှေ့တွင် ရပ်လိုက်၏။ သူတို့အကြည့်များက လေထဲရှိလန်လော့ပေါ်၌ မြဲမြံစွာရောက်နေသည်။ သူတို့က တညီတညွတ်တည်း ပြောလိုက်သည်။
“ခွန်အားပေါင်းစည်း”
ဆယ်ယောက်လုံးက တြိဂံပုံသဏ္ဌာန်အစီအရင် ဖွဲ့တည်လိုက်သည်။ ရှေ့ရှိအကြီးအကဲက လက်ဆန့်ထုတ်လျက် ကျန်သည့်သူများက တစ်ယောက်နောက်ကျောတစ်ယောက် လက်တင်လိုက်သည်။ သူတို့ကနဦးချီများက လက်ကနေစီးဆင်းသွားလျက် ရှေ့ဆုံးက ရပ်နေသောအကြီးအကဲဆီ တိုးဝင်သွားသည်။
ဧရာမလက်စည်းတံဆိပ်သည် လန်လော့ဆီသို့ တိုးဝင်သွားသည်။
လန်လော့က လေထဲတွင်ထိမှန်သွားကာ နောက်ပြန်လဲကျသွားလေ၏။
“ခွန်အားထပ်မံပေါင်းစည်း”
နောက်ထပ်ဧရာမလက်စည်းတံဆိပ်သည် လန်လော့ဆီသို့တိုးဝင်သွား၏။ ယခုတစ်ခေါက်တွင်မူ ၎င်း၏အရှိန်က ပိုမြန်ဆန်တာသိသာသည်။
ဖုန်း
ရုတ်တရက် ဟွားဝူတောက်၏လျှို့ဟယ်တာအိုစည်းတံဆိပ်သည် ရွှေရောင်အလင်းတို့ဖြင့် ရှေ့သို့ ပေါ်ထွက်လာလျက် လန်လော့ကို ရစ်ဝဲလိုက်သည်။ ဧရာမလက်စည်းတံဆိပ်နှင့် လျှို့ဟယ်တာအိုစည်းတံဆိပ်တို့က တိုက်မိသွား၏။ ဧရာမရောင်ခြည်စက်ဝန်းကပြန့်ကားလာပြီး စွမ်းအင်တို့က ပတ်ဝန်းကျင်ဆီတကွဲတပြားဖြစ်သွား၏။
“ရှစ်စွင်း ကျုပ်ပြောတာနားထောင် ... မိစ္ဆာဝေဟင်မျှော်နန်းက ထွက်သွားတော့”
ကျန့်ဖေးဖန်ကလည်း နောက်ကနေအော်နေသည်။
အခြားတစ်ယောက်သာ ပြောတာဆိုလျှင် ဟွားဝူတောက်က ဒေါသထွက်မှာမဟုတ်ပေ။ သို့သော် တစ်ခါက သူ၏တပည့်ဖြစ်ခဲ့ဖူးပြီး သူ သင်ကြားပြသပေးရာ၌ အချိန်နှင့် စွမ်းအင်များစွာ မြှုပ်နှံခဲ့သည့်သူ ဖြစ်သည်။ ထိုသို့တိုင် ဤနေရာ၌ သူ့ကို ပြက်ရယ်ပြုနေသည်။ သူ မည်ကဲ့သို့ ဒေါသမထွက်ပဲနေမည်နည်း။ သူ၏ခြေထောက်အောက်၌ ပါ့ကွပေါ်လာပြီးနောက် ရှေ့တစ်လှမ်း တိုးလိုက်၏။ သူသည် ရှေ့တစ်လှမ်းတိုးလိုက်ပြီးနောက် လျှို့ဟယ်တာအိုစည်းတံဆိပ်ဖြင့် ရှေ့ဆက်တိုးသွားတော့သည်။
အကြီးအကဲဆယ်ယောက်က သူတို့ခွန်အားများ ပေါင်းစည်းထားပြီး ရှေ့သို့ဆက်တိုးလာ၏။
ဖုန်း ဖုန်း ဖုန်း
ဧရာမလက်စည်းတံဆိပ်သည် လျှို့ဟယ်တာအိုစည်းတံဆိပ်ကို ရင်ဆိုင်နေ၏။ သို့သော် ၎င်းကို မဖြိုခွဲနိုင်ပေ။
“ပွင့်ချပ်ခုနစ်လွှာလား ... အခုပွင့်ချပ်ခုနစ်လွှာအဆင့်မှာ ရှိနေတာလား” ဖန်းဝမ်ရှန်းက ခဲရာခဲဆစ် ထထိုင်လိုက်သည်။ သူ၏မျက်နှာထက်တွင် မယုံနိုင်သည့်အမူအရာရှိနေလေ၏။
ဟွားဝူတောက်၏ အကြောက်တရားကို ယွင်ဂိုဏ်း၏အဖွဲ့ဝင်များက သိထားပြီးသားဖြစ်သည်။ သူသည် နှစ်ပေါင်းနှစ်ဆယ်လုံးလုံး အဆင့်တက်မည့် အရိပ်အယောင် မပြခဲ့ပေ။ မိစ္ဆာဝေဟင်မျှော်နန်းသို့ ဝင်ပြီးနောက် ဟွားဝူတောက်က ပွင့်ချပ်ခုနစ်လွှာအဆင့် တက်သွားလိမ့်မည်ဟု ဖန်းဝမ်ရှန်း မထင်ထားပေ။
ပွင့်ချပ်ခုနစ်လွှာကျင့်ကြံသူတစ်ဦးနှင့် ဒဏ်ရာရထားတဲ့ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူ အကြီးအကဲဆယ်ယောက်သည် ကျင့်ကြံခြင်းမျိုးစုံ ရှိကြသော်ငြားသူတို့ထဲတွင် အမြင့်ဆုံးက ပွင့်ချပ်ငါးလွှာသာ ရှိ၏။ ထိုနှစ်ယောက်ကို သူတို့မည်ကဲ့သို့တိုက်ခိုက်နိုင်မည်နည်း။
“အစီအရင်”
“ကောင်းပြီ” အကြီးအကဲဆယ်ယောက်သည် လက်စည်းတံဆိပ်များသုံးတာရပ်လျက် နေရာပြင်လိုက်သည်။
ထိုစဉ် လန်လော့၏ခန္ဓာကိုယ်သည် အမြင်အာရုံရှေ့မှ ထပ်မံပျောက်ကွယ်သွား၏။
“သိပ်နောက်ကျသွားပြီ” ပုံရိပ်ယောင်များက သူတို့ဆီတိုးဝင်လာကြသည်။
လန်လော့သည် သူတို့ကြား၌ ပေါ်လာပြီးနောက် သူ၏ပွင့်ချပ်ရှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံထုတ်သုံးလိုက်သည်။
နယ်ပယ်တစ်ဆင့် ကွာဟသည့်အချိန်တွင် စိတ်ဝိညာဉ်သဏ္ဌာန်၏ချေမှုန်းနိုင်သောခွန်အားက ပိုတောင်များပြားသည်။ ယခင်က သူ၏ရန်သူ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်မာကျောမှု၊ အကျယ်အဝန်းနှင့် ချဲ့ထွင်မှုဖိအားသည် အားနည်းသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ချေမှုန်းနိုင်၏။ ရှောင်တိမ်းရုံမှအပ ထိုကဲ့သို့တိုက်ကွက်ကို ဖြေရှင်းရန် နည်းလမ်းမရှိပေ။
သို့သော် လန်လော့သည် အရှိန်ဖြင့်နာမည်ကျော်ကြား၏။ သူသည် ထိုသူများကို သူ့အား ရှောင်တိမ်းရန် အခွင့်အရေး ဘယ်တော့မှ ပေးမှာမဟုတ်ပေ။
ဖုန်း
သူတို့နောက် ကျွမ်းပစ်သွားတော့၏။ ထိုစဉ် ဟွားဝူတောက်က လေထဲခုန်တက်လိုက်၏။ သူ့လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
ဘန်း
သူတို့ထဲမှတစ်ယောက်က နောက်ပြန်လန်ကျကာ လျှို့ဟယ်တာအိုစည်းနံရံနှင့် တိုက်မိသွား၏။ သူက သွေးအန်သွားတော့သည်။
“ဟွားဝူတောက်က ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ သင်ယူထားတယ်လား”
တွမ့်မူရှန်းက လက်ထဲတွင် နယ်ရှင်လှံကိုင်လျက်ဆင်းသက်လာသည်။
ကျူးဟုန်ကုန်းက ယင်းကိုမြင်သောအခါ ရယ်မောပြီးပြောလိုက်တော့သည်။ “ဟူးရေး ... မိစ္ဆာဝေဟင်မျှော်နန်း ဟူးရေး ... အဘိုးကြီးတွေ”
“...” ကျောင်းယွဲ့က ကျူးဟုန်ကုန်းကို မနှစ်မြို့စွာကြည့်လိုက်သည်။
လန်လော့က သူ၏စွမ်းအားကိုထပ်သုံးလျက် ဖန်းဝမ်ရှန်းဆီဝင်ရောက်တိုက်ခိုက်လိုက်သည်။
ဟွားဝူတောက်သည် အကြီးအကဲဆယ်ယောက်ကို သူ၏လျှို့ဟယ်တာအိုစည်းတံဆိပ်ဖြင့် ချုပ်နှောင်ထားသည်။ သူတို့ထွက်ပြေးစရာနေရာ မရှိတော့ပေ။ လျှို့ဟယ်တာအိုစည်းတံဆိပ်သည် ခုခံခြင်းသိုင်းကွက်အနေဖြင့်သာ သုံးနိုင်သည်ဟု မည်သူကပြောသနည်း။ ယင်းက ထိရောက်ပြီး အံ့ဩဖွယ်ရွေ့လျားနိုင်သော အကျဉ်းထောင်တစ်ခုပဲ ဖြစ်သည်။ ယင်းက ဧရာမပိုက်ကွန်ကြီးတစ်ခုနှင့် တူ၏။
ထိုစဉ် ဤနေရာ၌ အစွမ်းထက်သည့်သူက လန်လော့မဟုတ်ဘဲ ဟွားဝူတောက်ဖြစ်နေကြောင်း သူတို့ ရုတ်တရက် သဘောပေါက်သွား၏။
ဟွားဝူတောက်သည် သူ၏လျှို့ဟယ်တာအိုစည်းတံဆိပ်ကို ကျုံ့လိုက်ရာ အကြီးအကဲဆယ်ယောက်သည် နီးကပ်စွာ ဆွဲယူခံလိုက်ရ၏။
“စိတ်ဝိညာဉ်သဏ္ဌာန်တွေ” အကြီးအကဲဆယ်ယောက် တဆက်တည်းအော်လိုက်တော့သည်။
စိတ်ဝိညာဉ်သဏ္ဌာန်ဆယ်ခုသည် ထိုကဲ့သို့ကျဉ်းမြောင်းသည့်နေရာလေး၌ တစ်ခုနှင့်တစ်ခု တိုက်မိသွား၏။ ရွှေရောင်ရောင်ခြည်များက ထပ်လျက် စိတ်ဝိညာဉ်သဏ္ဌာန်များက ထပ်ကုန်သည်။ မျက်စိကန်းလောက်သည်အထိ လင်းထိန်နေလေ၏။
ဖုန်း
“သေပေတော့ ဟွားဝူတောက်” အကြီးအကဲဆယ်ယောက်သည် ဗျူဟာတစ်ခုတွေးမိသွား၏။ သူတို့သည် ပူးပေါင်းတိုက်ခိုက်ရာ၌တော်သည်။ လျှို့ဟယ်တာအိုစည်းတံဆိပ်ထဲတွင် ချုပ်နှောင်ခံထားရစဉ် ထိုပေါက်ကွဲသွားခြင်းက သူ့ကိုယ်သူ ကျားခံတွင်းဝတွင်ထားလိုက်ခြင်းနှင့် တူနေပြီမဟုတ်ပါလော ....
တိုက်ပွဲ၏ဒီရေက ပြောင်းလဲနိုင်သည်။ အဆုံးမသတ်သေးခင် မည်သူနိုင်မည်ဆိုတာ မည်သူမှမသိနိုင်။
တောအုပ်ထဲကနေ ကြည့်နေသည့် များစွာသောကျင့်ကြံသူများကလည်း စိတ်လှုပ်ရှားနေကြ၏။
“မကောင်းတော့ဘူး အကြီးအကဲဟွား ဒုက္ခများနေပြီ”
ဝှစ် ဝှစ်
မိစ္ဆာဝေဟင်မျှော်နန်းကနေ စွမ်းအင်မြားများကျဆင်းလာ၏။
ဟွားယွဲ့ရှင်းသည် ဒေါသထွက်နေသောအမူအရာဖြင့် သူမလေးကြိုးကို ဆွဲလိုက်သည်။ သူမသင်ယူထားသမျှအရာအားလုံးကို ထုတ်သုံးလိုက်၏။ သူမသည် အင်မတန်ဝေးကွာသည့် နေရာသို့ ရောက်နိုင်သည့် စွမ်းအင်မြားများကို ဖွဲ့တည်လိုက်သည်။
ဘန်း ဘန်း ဘန်း
စွမ်းအင်မြားတို့က အနီးဆုံးအကြီးအကဲကိုထိသွားသည်။
“သိပ်ကောင်းတယ်” ဟွားဝူတောက်က လေထဲနောက်ပြန်ဆုတ်နေလေ၏။ သူသည် လျှို့ဟယ်တာအိုစည်းတံဆိပ်ကို ထပ်ပြီးမသုံးခင် ပြန်ပြီး ရုပ်သိမ်းလိုက်၏။ ယင်းက သူတို့ထဲမှ တစ်ယောက်ကို ထိလျှင် လုံလောက်နေပြီဖြစ်သည်။ အကြီးအကဲများ၏ ပူးပေါင်းအာနိသင်က ဖယ်ရှားခံလိုက်ရ၏။
ဖုန်း
ကျန်သည့်သူများသည်လည်း ဟွားဝူတောက်၏ လျှို့ဟယ်တာအိုစည်းတံဆိပ်ကြောင့် တွန်းထုတ်ခံလိုက်ရသည်။
“ကောင်းတယ်”
“ခင်ဗျား လုပ်တာတော်တယ် အဘိုးကြီး”
“ဒါက မျှော်နန်းဆောင်အိုကြီးရဲ့ခွန်အားပဲ”
အကြီးအကဲဆယ်ယောက်က မြေပြင်ပေါ်ပြုတ်ကျသွား၏။
ထိုစဉ်လန်လော့၏ လက်စည်းတံဆိပ်ဒီရေလှိုင်းတို့က ဖန်းဝမ်ရှန်းဆီကျရောက်လာ၏။
တကိုယ်တည်း အကူအညီမရှိဘဲ ဖန်းဝမ်ရှန်းက တိုက်ခိုက်ခံရတော့၏။ သူ၏မျက်နှာ၌ ဒဏ်ရာဒဏ်ချက်များဖြင့် ယောင်ကိုင်းနေပြီးဖြစ်သည်။
ဘန်း ဘန်း ဘန်း ဘန်း
ဖန်းဝမ်ရှန်းသည် တွဲချိတ်ခံထားရပြီး လန်လော့ရိုက်နှက်တာ ခံနေရ၏။
လန်လော့၏ခန္ဓာကိုယ်သည် သူ၏ပစ်မှတ်ကို ထိမှန်အောင်လုပ်နိုင်၏။ တဖြည်းဖြည်းချင်း သူက လေထဲပျံဝဲကာ ခြေချလိုက်တော့သည်။
ဖန်းဝမ်ရှန်းသည် ကာကွယ်ခြင်းစွမ်းအင်ကိုထုတ်ဖော်ထားပြီး သူ့ကိုယ်သူခုခံကာကွယ်ရန် အကောင်းဆုံး ကြိုးစားထားကာ လန်လော့၏တိုက်ခိုက်မှုများကို ခုခံသည့်တိုင် လျင်မြန်ဖျတ်လက်မှု မြင့်မားသည့် လူတစ်ယောက်ရှေ့၌ သူ၏ခုခံမှုက ဟာကွက်များအပြည့် ဖြစ်နေလေ၏။
ဖုန်း
ဖန်းဝမ်ရှန်းသည် မြေပြင်ပေါ်ဖိချေခံရပြန်၏။
...
အခန်း (၄၃၈) ဓားဟောင်းက ထက်မြိဆဲ၊ အဘိုးအိုက မာကြောမြဲ
ဟွားဝူတောက်၏ တပည့်ဟောင်း ဖြစ်သည့် ကျန့်ဖေးဖန်က အနီးအနားရှိ တိုက်ပွဲကို ကြည့်ရင်း ကြောင်အမ်းသွားလေသည်။ သူက ထိုတိုက်ကွက်သည် ဟွားဝူတောက်နှင့် လန်လော့တို့ကို မသတ်နိုင်လျှင်ပင် အကျပ်အတည်းကြား ကျရောက်သွားစေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ ထိုအချိန်တွင် မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်များလည်း နောက်ဆုတ်သွားကြလိမ့်မည်။
သူ မျှော်လင့်မထားသည်က ဖန်းဝမ်ရှန်းသည် ခုခံနိုင်ရည်မရှိဘဲ လန်လော့၏ လက်အောက် ကျရှုံးသွားမည်ဟု မတွေးထားမိချေ။
ကျန့်ဖေးဖန်၏ နှုတ်ခမ်းများက တုန်ယင်သွားလေ၏။ သူက လဲကျနေသည့် ဖန်းဝမ်ရှန်းအား ကြည့်ကာ ပြေးလာပြီး
“မဟာအကြီးအကဲ”
သူက ဖန်းဝမ်ရှန်းအပေါ်ရှိ ဝေဟင်ထဲ ရပ်နေသည့် လန်လော့ကို မေ့သွားဟန်ပေါ်သည်။
လန်လော့က လေထဲမှ အေးစက်စက် ငုံ့ကြည့်လိုက်သည်။
သဘောတရားအရ ဆိုရလျှင် မိစ္ဆာဝေဟင်မျှော်နန်းတွင် မည်သူကမှ လန်လော့လောက် ရက်စက်ခြင်း မရှိပေ။
ယွင်ဂိုဏ်း၏ မဟာအကြီးအကဲ ဖန်းဝမ်ရှန်းက ထိုတိုက်ကွက်အောက်တွင် ပြန်လည်မခုခံနိုင်တော့ဘဲ ကျရှုံးသွားလေသည်။ သူ့အနေနှင့် ထိုအရာကို ဖြတ်ကျော်နိုင်ပါ့မလားဟု မသေချာပေ။
ကျန့်ဖေးဖန်က တတ်နိုင်သမျှ အကောင်းဆုံး ကူကာ ထူပေးလိုက်သည်။ ဖန်းဝမ်ရှန်းက သွေးတစ်ပွက် အန်လိုက်ရ၏။ လရောင်အောက်တွင် သူ့သွေးများက မြေပြင်ပေါ် စွန်းထင်းနေပြီး နှုတ်ခမ်းများကလည်း တုန်တုန်ယင်ယင်ဖြင့် ကျန့်ဖေးဖန်၏ ညာဘက်လက်ကို ဆွဲထားလေသည်။
သူ့လက်က သွေးများဖြင့် စွန်းနေသောကြောင့် ကျန့်ဖေးဖန်၏ လက်မောင်းပေါ်တွင် သွေးလက်ဝါးရာ ထင်သွားလေသည်။ ထို့နောက် ကျန့်ဖေးဖန်၏ အင်္ကျီလက်က စုတ်ပြဲသွားလေသည်။ ထိုစဉ် ထိုလူက နောက်ဆုံးအသက်ကို ရှုရှိုက်ပြီးနောက် ခေါင်းက တစ်ဖက်သို့ စောင်းကျသွားလေသည်။
“သူက သေသွားပြီလား”
ကျန့်ဖေးဖန်က မျက်လုံးအပြူးသား ဖြစ်သွားလေသည်။
“မဟာအကြီးအကဲက သေသွားပြီ”
“မဟာအကြီးအကဲ”
တခြားသော အကြီးအကဲများကလည်း လန်လော့သည် ထိုမျှ အားကောင်းလိမ့်မည်ဟု ထင်မှတ်မထားကြပေ။ သူတို့က ရုန်းကန်ပြီး ထကာ လန်လော့အား ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ကြည့်လိုက်ကြသည်။
လန်လော့က နာကျင်မှုကို ဖိနှိပ်ထားဖို့ သူ့ရင်ဘတ်ကို အသာဖိထားလိုက်သည်။
အကြီးအကဲဆယ်ယောက်ကလည်း အခြေအနေ မကောင်းလှပေ။ သူတို့က လျို့ဟယ်စည်းတံဆိပ်ကြောင့် လွင့်စဉ်သွားစဉ် ဒဏ်ရာအမျိုးမျိုး ရရှိသွားကြ၏။
ဖန်းဝမ်ရှန်း သေဆုံးသွားသောကြောင့် ဆယ်ယောက်လုံးက ကမောက်ကမ ဖြစ်လာကြသည်။ သူတို့က အလယ်တွင် စုစည်းကာ တစ်ယောက်နှင့်တစ်ယောက် ကျောပေးလျက် နေလိုက်ကြသည်။ သူတို့က လန်လော့နှင့် ဟွားဝူတောက်အား မော့ကြည့်လိုက်ကြသည်။
ဝှစ်..
လရောင်က အတောက်ပဆုံး အလင်းပေးလာသည့်အချိန် စွမ်းအားပြင်း မြားတစ်ချောင်းက လေဟုန်ခွင်းကာ ထွက်ပေါ်လာလေ၏။ ထိုစွမ်းအားများက ပွင့်ချပ်သုံးလွှာအဆင့်ရှိ အကြီးအကဲတစ်ဦးအား ထိုးစိုက်သွားလေသည်။ ထိုအရာက သူ့ခန္ဓာကိုယ်ရှိ နှလုံးသားကို ထိုးစိုက်သွားလေ၏။
သူက မြားလားရာကို လှမ်းကြည့်လိုက်သည်။ သူက လက်သီးဖြင့် ချေမွလိုက်သောကြောင့် စွမ်းအင်မြားက ပျောက်ကွယ်သွားလေသည်။
“အကြီးအကဲ(၅)”
တခြားသော အကြီးအကဲ ကိုးယောက်လုံးက တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်ကြသည်။ ထိုအကြီးအကဲ (၅)၏ ရင်ဘတ်မှ ဘဲဥအရွယ် အပေါက်တစ်ခု ဖြစ်သွားလေသည်။ ထိုဒဏ်ရာဖြင့် သူ့ကို ကယ်တင်၍ မရတော့ပေ။ အကြီးအကဲ(၅)က မျက်လုံးအပြူးသား ဖြစ်နေကာ မိစ္ဆာဝေဟင်မျှော်နန်းအား အထိတ်တလန့် လှမ်းကြည့်နေမိသည်။
အကြီးအကဲကိုးယောက်လုံးကလည်း သူ့အား ကူညီချင်သော်လည်း ဟွားဝူတောက်က သူတို့ဆီ လျှောက်လှမ်းလာလေ၏။
ဟွားဝူတောက်က သက်ပြင်းချကာ ခေါင်းခါလိုက်ရင်း “ကျုပ် ခင်ဗျားတို့ကို သတိပေးဖူးသားပဲ။ ခင်ဗျားတို့စွမ်းရည်နဲ့ ကျုပ်ကို ဘာမှမလုပ်နိုင်ဘူး။ မိစ္ဆာဝေဟင်မျှော်နန်းကို ဖျက်ဆီးဖို့ ဘယ်လိုများ တွေးမိကြတာလဲ”
“ခင်.. ခင်ဗျား”
“ကျန့်ဖေးဖန်..”
ဟွားဝူတောက်က အော်ပြောလိုက်သည်။ ကျန့်ဖေးဖန်က တုန်လှုပ်ကာ တောအုပ်အတွင်းသို့ ထွက်ပြေးသွားလေသည်။
“ငမိုက်သား ထွက်ပြေးရဲတယ်လား”
ဟွားဝူတောက်က ခုန်ဝင်ကာ ဒဏ်ရာရနေသည့် အကြီးအကဲကိုးယောက်၏ ခေါင်းပေါ်မှ ကျော်လွှားပြီး သူ့ တပည့်ဟောင်းနောက် လိုက်သွားလေသည်။ အကြီးအကဲကိုးယောက်က သူ့အား တားဆီးချင်သော်လည်း လန်လော့က သူတို့ဆီ ရောက်လာကာ ရင်ဆိုင်လိုက်၏။ ကိုးယောက်လုံးက မကောင်းဆိုးဝါးတစ်ကောင်နှင့် ရင်ဆိုင်နေရသည့်အလား အလိုလို နောက်ဆုတ်မိသွားကြသည်။
ဟွားဝူတောက်ကလည်း အရှိန်အပြည့်ဖြင့် ပျံသန်းနေလေ၏။
ကျန့်ဖေးဖန်က လွတ်မြောက်ဖို့ အရာအားလုံးကို အသုံးပြုနေသည်။ ထိုအရာပေါ်တွင် သူ့အသက် မူတည်နေသည့်အလား ဖြစ်၏။ ထိုငမိုက်သားတပည့် မြန်မြန် ထွက်ပြေးသည်ကို မြင်သည့်အခါ ဟွားဝူတောက်က ပို၍ ဒေါသထွက်လာသည်။ သူက အော်ပြောလိုက်၏။
“ဒီနေ့တော့ သေချာရှင်းမှကို ဖြစ်တော့မယ်”
ဝှစ်..
ဟွားဝူတောက်က ကျန့်ဖေးဖန်အား မီတော့မည့်ဆဲဆဲတွင် သူ့ဆီ ရွှေရောင်အဆောင်များ ရောက်ရှိလာလေသည်။
ဘန်း..
ဟွားဝူတောက်က လျို့ဟယ်စည်းတံဆိပ်ကို အသက်သွင်းလိုက်သည့်အခိုက်အတန့် သင်္ကေတများက ထွက်ပေါ်လာလေသည်။
သူ့ရှေ့ရှိ တောအုပ်ထဲမှ ရထားလုံးပျံတစ်စင်း ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေ၏။ ထိုရထားလုံးပျံကို အနက်ရောင် ကျင့်ကြံသူအုပ်စုက ဝန်းရံထားလေသည်။ လရောင်အောက်တွင် ထိုအုပ်စု၏ အရှိန်အဝါက အတော်လေး ထူးဆန်းနေဟန် ပေါ်သည်။
“အဇဋာအကျော်အမော် ဂိုဏ်းကလား”
ဟွားဝူတောက်က ကျန့်ဖေးဖန်နောက် လိုက်ဖမ်းခြင်းကို ရပ်တန့်လိုက်သည်။ သူက ရထားလုံးပျံကို မော့ကြည့်လိုက်သည်။
ထိုရထားလုံးပျံမှ အသံတစ်သံ ထွက်ပေါ်လာလေ၏။
“မိစ္ဆာသုတ်သင်ရေး မဟာမိတ်ရဲ့ သဘောတူညီချက်အရ အဇဋာအကျော်အမော်ဂိုဏ်းကလည်း လန်လော့ ပေါ်လာတာနဲ့ ဝင်ကူညီဖို့ လုပ်ထားပြီးသား.. ဟွားဝူတောက် မင်းရဲ့ပြိုင်ဘက်က ယွင်ဂိုဏ်းက အကြီးအကဲဆယ်ဦးပဲ”
ဟွားဝူတောက်က ဆိုလိုရင်းကို နားလည်သွားသည်။ မိစ္ဆာသုတ်သင်ရေး မဟာမိတ်က သူတို့၏ ပစ်မှတ်များကို အင်အားစုအသီးသီးဆီ ခွဲဝေထားဟန်ပေါ်သည်။ ထို့ကြောင့် သူ ပေါ်လာသည့်အခါ ယွင်ဂိုဏ်း၏အကြီးအကဲ ဆယ်ဦး ထွက်ပေါ်လာသည်မှာ မထူးဆန်းတော့ချေ။ သူက ပြန်ပြောလိုက်၏။
“တာအိုဆရာ ကျွယ်ယွမ်လား.. အဇဋာအကျော်အမော်ဂိုဏ်းက ဒီရောက်လာမှတော့ ကျန်တဲ့ ခြောက်ဂိုဏ်းကရော ဘယ်မှာလဲ”
သူက ပြောလိုက်ရင်းဖြင့် တခြားဂိုဏ်းများအား အာရုံခံဖို့ လှုပ်ရှားလိုက်သည်။ ထိုရထားလုံးပျံအတွင်း ကျွယ်ယွမ်က ဟွားဝူတောက်ကို ပြန်မဖြေပေ။ ထိုအစား သူက လန်လော့အား လှမ်းကြည့်လိုက်၏။ သူက အသံဩဩဖြင့် လှမ်းပြောလိုက်သည်။
“လန်လော့.. ငါက ယွင်ဂိုဏ်းနဲ့ မိတ်ဆွေဆက်ဆံရေးကို အမြဲတမ်း တန်ဖိုးထားတယ်။ အခု မင်းက ဖန်းဝမ်ရှန်းကို သတ်လိုက်ပြီဆိုတော့ ငါ ဘာမှမလုပ်ဘဲနဲ့ ထိုင်ကြည့်မနေနိုင်ဘူး”
ရထားလုံးပျံမှာ စာရွက်တစ်ရွက် ထွက်ပေါ်လာလေသည်။ ထိုစာရွက်ပေါ်တွင် ထူးဆန်းသည့် သင်္ကေတများ ရေးသားထားလေ၏။ လရောင်အောက်တွင် သူတို့က သတိပေးခြင်းမရှိ လောင်မြိုက်သွားလေသည်။ မျက်စိစူးဖွယ် ရွှေရောင်အလင်းအောက်တွင် သူတို့က စွမ်းအားစည်းတံဆိပ်တစ်ခု ဖြစ်တည်လာသည်။
ဟွားဝူတောက်က ထိုစွမ်းအင်စည်းတံဆိပ် သူ့ကို ဖြတ်ကျော်သွားမည်ကို ခွင့်ပြုမည် မဟုတ်ပေ။ သူက ချက်ချင်း လှည့်ထွက်လိုက်ပြီး လက်ကို ပူးကပ်လျက် လက်ဝါးဖြင့် ချီစွမ်းအားကို ထုတ်ဖော်လိုက်သည်။
ဝုန်း..
ထိုသင်္ကေတစွမ်းအား စည်းတံဆိပ်က ဟွားဝူတောက်၏ လျိုဟယ်စည်းတံဆိပ်နှင့် ထိပ်တိုက်တွေ့သွားသည်။ စွမ်းအားထိပ်တိုက်တွေ့မှုကြောင့်ဟွားဝူတောက်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။
ခဏအကြာတွင် သင်္ကေတစွမ်းအား စည်းတံဆိပ်က သူ့အား အောင်အောင်မြင်မြင် ကျော်ဖြတ်သွားတော့သည်။
လန်လော့က ထိုအရာကို မြင်သည့်အခါ ပြောလိုက်၏။
“နောက်ဆုတ်နေကြ”
တကယ်တော့ လန်လော့က ဖန်းဝမ်ရှန်းဖြင့် သူ့အင်အားအကုန်သုံး၍ ချေမှုန်းလိုက်သည့် နည်းလမ်းက ကြာရှည် မခံပေ။ အစမှအဆုံးထိ ဖန်းဝမ်ရှန်းက သူ့တိုက်ကွက် ထုတ်မသုံးခင် သုတ်သင်ခံလိုက်ရခြင်း ဖြစ်၏။ သူက ထိုစွမ်းအားကို ထာဝရ ထိန်းထားနိုင်မည် မဟုတ်ပေ။
အဇဋာအကျော်အမော်ဂိုဏ်း ပေါ်ထွက်လာမှုက သူတို့အား နောက်ဆုတ်ရုံမှအပ ရွေးချယ်စရာ မရှိအောင် လုပ်နေလေသည်။
“မင်းတို့ ဘယ်မှ သွားလို့မရဘူး”
ရထားလုံးပျံ ထိပ်မှ လူတစ်ယောက် ထွက်ပေါ်လာလေသည်။ ထိုလူ၏ အကြည့်များက စူးရှကာ အေးစက်နေလေ၏။ သူ့မျက်နှာထက်တွင် သရော်ပြုံးကို ပန်ဆင်ထားသည်။ သူက လေဟုန်အတွင်း ခုန်ဝင်လာသည်။ သူက လက်ကို အသာခါလိုက်သည့်အချိန် သူ့လက်ချောင်းမှ အဆောင်များစွာ ထွက်ပေါ်လာသည်။ ထိုအဆောင်များက ဟွားဝူတောက်၏ လျိုဟယ်စည်းတံဆိပ်ဆီ ကျည်ဆံများကဲ့သို့ ပြေးဝင်သွားလေသည်။
ဟွားဝူတောက်က တစ်ဖက်လူသည် မည်မျှ အားကောင်းကြောင်း ခံစားမိလိုက်သည်။ ဤသည်က အဇဋာအကျော်အမော်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျွယ်ယွမ် ဖြစ်၏။ သူ့ကျင့်ကြံဆင့်က နက်နဲလှပေသည်။ သူက ကမ္ဘာဦးချီကို ချက်ချင်းအသက်သွင်းကာ လျို့ဟယ်စည်းတံဆိပ်ကို အဆင့်အမြင့်ဆုံးအထိ မြင့်တင်လိုက်သည်။ ထိုစဉ် သင်္ကေတကိုးခု ထွက်ပေါ်လာပြီးနောက် တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားလေသည်။
တာအိုသခင် ကျွယ်ယွမ်က သရော်လိုက်ပြီးနောက် လက်နှစ်ဖက်လုံးဖြင့် ရိုက်ထုတ်လိုက်သည်။ ထိုစဉ် အဆောင်များစွာမှ စွမ်းအားက ထွက်ပေါ်လာကာ ကန်တော့ပုံ သဏ္ဌာန်တိုက်ကွက်အဖြစ် ပြောင်းလဲသွားသည်။
ဘန်း..
ထိပ်တိုက်တွေ့မှုအောက်တွင် လှိုင်းတွန့်များ ပျံ့နှံ့သွားလေသည်။
ဝုန်း..
မြေကြီးပေါ်တွင် လျိုတစ်ခု ဖြစ်သွားလေ၏။ ဟွားဝူတောက်က ထိုအရာကြောင့် လွင့်စဉ်သွားလေသည်။ သူ့လျို့ဟယ်စည်းတံဆိပ်လည်း ကြေမွသွားလေ၏။
နှစ်ဖက်လုံးက တစ်ယောက်နှင့်တစ်ယောက် အဝေးမှ မျက်နှာချင်းဆိုင်နေကြသည်။
တာအိုသခင်ကျွယ်ယွမ်က လက်နောက်ပစ်ကာ အသံဩဩဖြင့် ပြောလိုက်သည်။
“လျို့ဟယ်စည်းတံဆိပ်က တာအိုဂိုဏ်းကနေ ဖြစ်တည်လာတာ။ ဒီစည်းတံဆိပ်ကို ချိုးဖျက်နိုင်ဖို့ ငါ့အတွက် အချိန်ယူခဲ့ရပေမဲ့ မချိုးဖျက်နိုင်တာတော့လည်း မဟုတ်ဘူးပဲ”
“ခင်ဗျားတို့က ကြိုတင်ပြင်ဆင်လာတာပဲ”
ဟွားဝူတောက်၏ မျက်ဝန်းတွင် မီးလျှံများ ထွက်ပေါ်လာဟန် တူသည်။ သူက အားကောင်းသည့် ခုခံရေး ပိုင်ဆိုင်ထားသည့်အတွက် တခြားလူများက သူ့နည်းစနစ်နှင့် ရင်ဆိုင်ရမည့် နည်းလမ်းကို ရှာဖွေလာဟန်ပေါ်သည်။
လျို့ဟယ် စည်းတံဆိပ်တွင် တာအိုအရင်းအမြစ် ရှိသည့်အတွက် အဇဋာအကျော်အမော်ဂိုဏ်းကလည်း ထိုသို့ လုပ်နိုင်လေသည်။ အဆောင်အစီအရင်များက သူတို့၏ ထူးခြားမှု မဟုတ်ပါလော။
ထိုအရာက အကာအကွယ် အမျိုးအစား တာအိုစည်းတံဆိပ်များဆီ ပူးကပ်ကာ တိုက်စားနိုင်လေသည်။
“ဟုတ်တယ် ငါ ပြင်ဆင်လာတာ”
ထိုစဉ် ဘယ်သူကမှ စကားကို ကွေ့ဝိုက်ပြောမနေတော့ပေ။ ဟွားဝူတောက်က ခေါင်းအသာခါလိုက်သည်။
“ကျွယ်ယွမ် … မင်းက အခု ပိုပြီးတော့ အရှက်မဲ့လာတာပဲ”
“ငါက ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဆောင်ကျဉ်းပေးနေတာ။ အဇဋာအကျော်အမော်ဂိုဏ်းရဲ့ မဟာအကြီးအကဲ ကျန့်တောက်ရန်က ယွီရှန်းရုန်ဆီမှာ အသက်ဆုံးရှုံးခဲ့ရတယ်။
ကျန့်ယွင်ရှန်းကလည်း ယွီကျန့်ဟိုင်ရဲ့ ကာကွယ်သူတစ်ယောက်ထဲက ပိုင်ယွီချင်းရဲ့ လက်အောက်မှာ သေဆုံးခဲ့ရတယ်။ ဒါက အသက်တစ်သက်ကို တစ်သက်နဲ့ ပြန်လည်ပေးဆပ်တာပဲ။ ပြီးတော့ မိစ္ဆာလမ်းစဉ်က အတော်လေး လွန်လွန်းလာပြီ။ အားလုံးက ဒီဟာကို ဖျက်ဆီးဖို့ တာဝန်ရှိတယ်”
ကျွယ်ယွမ်က သမာသမတ်ကျဟန် ပြောလိုက်လေသည်။
“အသတ်ခံရမဲ့သူက အသတ်ခံရတာပဲ မဟုတ်ဘူးလား”
“ဟွားဝူတောက် မင်းက မိစ္ဆာလမ်းစဉ်ကို ကျရောက်သွားပြီဆိုတော့ မင်းက ကူကယ်လို့ မရအောင် ပျက်စီးနေပြီပဲ”
ကျွယ်ယွမ်က အော်ပြောလိုက်သည်။
ဝှစ်..
ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းမှ စွမ်းအင်မြားများ ထပ်မံ ပစ်ခတ်လာပြန်သည်။
စွမ်းအင်မြားနှင့်အတူ မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်များဖြစ်သည့် ကျူးဟုန်ကုန်း၊ ကျောင်းယွဲ့၊ တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့လည်း ရောက်လာကြသည်။
လန်လော့က တောအုပ်အား အဝေးမှ လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကျွယ်ယွမ် မင်းလည်း မကြာခင် သူ့နောက် လိုက်ရလိမ့်မယ်”
လန်လော့၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်။ ပေတစ်ရာမြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာလေ၏။
ထိုအလင်းက တောအုပ်အား အလင်းဖြာကျသွားစေသည်။ ဧရာမသစ်ပင်ကြီးအောက်တွင် ပုံရိပ်များစွာ စုဝေးနေကြ၏။ ထိုအရာကို မြင်သည့်အခါ လန်လော့က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ခေါ်လိုက်ပြီး ပြောလိုက်သည်။
“ပျောက်ကွယ်သွားစမ်း”
လန်လော့က ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူ ဖြစ်ပေသည်။ သူက ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံသူများ ယှဉ်နိုင်မည့်လူမျိုး မဟုတ်ပေ။ သူက ကြောက်ခမန်းလိလိ အရှိန်ဖြင့် ဟွားဝူတောက်အား အဝေးသို့ ခေါ်သွားလိုက်သည်။
ဘန်း ဘန်း ဘန်း..
စွမ်းအင်မြားက သင်္ကေတစွမ်းအား စည်းတံဆိပ်နှင့် ထိပ်တိုက်တွေ့သွားသည်။ ထိုအခါ မီးပန်းများ ပေါက်ထွက်လာသလို ဖြစ်၏။
“အရည်အချင်းရှိတဲ့ နတ်လေးသျှင်ပဲ”
ကျွယ်ယွမ်က အနည်းငယ် စိတ်ခုသွားသည်။
ဟွားယွဲ့ရှင်းက စွမ်းအင်မြားများကို အရူးအမူး ပစ်ခတ်နေဟန်ပေါ်သည်။ ထိုအရာက ကျွယ်ယွမ်ဆီ မိုးများရွာကျသလို ဆက်တိုက် ကျဆင်းလာလေ၏။ ကျွယ်ယွမ်က လှည့်ကာ ပြောလိုက်သည်။
“မင်းတို့ ဘာတွေ စောင့်နေတာလဲ”
သစ်ပင်များကြားမှ ပို၍တောက်ပကာ ပိုအားကောင်းသည့် စွမ်းအင်မြားတစ်ခုဖြင့် မိစ္ဆာဝေဟင်မျှော်နန်းဆီ ပစ်ခတ်လိုက်လေ၏။
“ဟွားယွဲ့ရှင်း … သတိထား”
တောအုပ်အတွင်း ပိုမိုအားကောင်းသည့် နတ်လေးသျှင် တစ်ယောက် ရှိနေလေသည်။
ဟွားယဲ့ရှင်းက မိစ္ဆာဝေဟင်မျှော်နန်းထိပ်တွင် ရပ်နေလေ၏။ သူမက ရောက်ရှိလာသည့် စွမ်းအားမြားကို မြင်သည့်အခါ ခဏတာ ကြောင်အမ်းသွားလေသည်။ သူမက ဟွားဝူတောက်ကို ကယ်ဆယ်ဖို့ရန်အတွက်သာ အာရုံစိုက်ထားသည့်အတွက် ထိုဘက်တွင် အားကောင်းသည့် နတ်လေးသျှင် တစ်ဦး ရှိနေလိမ့်မည်ဟု မထင်ထားမိပေ။
“ဘယ်သူများလဲ”
သူမ၏ နှလုံးသားက လေးလံသွားလေသည်။
“သွားပြီ”
စွမ်းအင်မြားက အလွန်အားကောင်းကာ မြန်ဆန်လွန်းလှသည်။
ဟွားယွဲ့ရှင်းက မျက်လုံးသာ ပိတ်ထားလိုက်၏။
ဘန်း..
ဟွားယွဲ့ရှင်းက သူမ သေဆုံးပြီဟု ထင်သည့်အခါ ရုတ်ခြည်းဆိုသလို တစ်ယောက်ယောက်က သူမအား ခေါ်ဆောင်သွားသည်ကို ခံစားမိလိုက်သည်။ သူမက မျက်လုံး ဖွင့်ကြည့်လိုက်သည့်အခါ သူမရှေ့တွင် အပြာဖျော့ဖျော့ ဒိုင်းကာတစ်ခုကို မြင်လိုက်ရ၏။ မိစ္ဆာဝေဟင်မျှော်နန်းသခင် လုကျိုးက ညာဘက်လက်ဖြင့် အကာအကွယ် ထုတ်ဖော်ထားသည်။ ဘယ်ဘက်လက်က သူမပခုံးထက်မှ ကိုင်ကာ အသာအယာ ဆွဲခေါ်သွားလေ၏။
“မျှော်နန်းသခင်လား”
လုကျိုးက လက်ခါလိုက်သည့်အခါ အကာအကွယ်က ပျောက်ကွယ်သွားလေသည်။
သူတို့နှစ်ဦးလုံးက အမှောင်ထုအတွင်းမှ ခန်းမကျယ်ရှေ့တွင် မတ်တပ်ရပ်နေကြသည်။ သူတို့၏ရန်သူများက သူတို့ကို မမြင်နိုင်ကြတော့ချေ။ လုကျိုးက ဟွားယွဲ့ရှင်းအား ချပေးလိုက်ပြီးနောက် ပြောလိုက်သည်။
“ဘာမှကြောက်စရာ မလိုဘူး”