← Chapters

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း (၄၄၈) ဂုဏ်ကျက်သရေ

ထိုအမျိုးသမီး၏ သစ်ကိုင်းလေးက မင်ရှစ်ရင်အနေနှင့် ပြန်တိုက်ခိုက်ဖို့ ကူကယ်ရာမဲ့ ဖြစ်သွားစေသည်။ သူကအတော်လေး အံ့ဩတုန်လှုပ်နေမိသည်။

ကျန့်ချိုက်အဖွဲ့မှာ ဒီလိုမျိုး အတော်လေး အားကောင်းတဲ့ ပညာရှင်တစ်ယောက် ဘယ်တုန်းက ရှိလာတာလဲ…

ဖုန်းချင်းဟယ်၏ စကားအရ ထိုအမျိုးသမီးသည် သူ၏ ဝှက်ဖဲ ဖြစ်လိမ့်မည်။

ဤနေရာသည် ရွှေနန်းဥယျာဉ်တောင်နှင့် အနည်းဆုံး မိုင်တစ်ရာ ကွာဝေးလေသည်။ ပြောရလျှင် လူသူအရောက်အပေါက် နည်းသည်ဟု ဆိုရမည်။ သစ်ပင်များက ဤတစ်ဝိုက်တွင် ကြီးထွားနေပြီး တောင်ကြားကို မြင်ကွင်းမှ ဝှက်ထားသလို ဖြစ်နေသည်။ အစီအရင်၏ အကာအကွယ် မရှိဘဲ ထိုတောရိုင်းမှ သားရဲရိုင်းများသည် ခေါင်းကိုက်စေဖို့ လုံလောက်လေသည်။

သို့သော် ဤသစ်သားအိမ်နှင့် မက်မွန်သစ်ကိုင်းက အတော်လေး အိုဟောင်းနေဟန် ပေါ်သည်။ မြက်ပင်များက လူအရပ်ထက်ပင် ပိုမြင့်နေလေ၏။ ဤအမျိုးသမီးက ဤနေရာတွင် နေထိုင်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ကြောင်း သိသာလှသည်။ ဆိုရလျှင် ဝှက်ဖဲတစ်ခုတော့ မဟုတ်ပေ။

ဖုန်းချင်းဟယ်က နောက်ဆုံးကောက်ရိုးမျှင်ကို ဆွဲဖမ်းထားခြင်းသာ ဖြစ်ပေမည်။

“လောင်ချန်ပေ့… ကျွန်တော် ဘယ်တုန်းကမှ မညာပါဘူး။ ကျွန်တော့်ရဲ့ ရှစ်စွင်းက တကယ့်ကို ပွင့်ချပ်ကိုးလွှာအဆင့်ပါ” မင်ရှစ်ရင်က ပြောလိုက်သည်။

“မင်းက လိမ်ညာနေတုန်းလား”

ထိုအမျိုးသမီးက သစ်ကိုင်းကို အသာဝေ့ယမ်းလိုက်သည့်အခါ သင်္ကေတ စည်းတံဆိပ်က မင်ရှစ်ရင်ဆီ ကျရောက်လာသည်။

မင်ရှစ်ရင်က ခုန်ရှောင်လိုက်၏။ သူက ကောင်းကင်အဆင့် လက်နက်ဖြစ်သည့် ခွဲခွာချိတ်ကောက်ကို ဆင့်ခေါ်လိုက်သည်။

ဘန်း ဘန်း ဘန်း..

မင်ရှစ်ရင်က သူ့လက်နက်ကို နှစ်ကြိမ်ဝေ့ပြီးနောက် ထိုသစ်ကိုင်းကို နှစ်ခြမ်း ပိုင်းဖြတ်လိုက်သည်။ လက်နက်ကြောင့် သစ်ကိုင်းက ပျက်စီးသွား၍ သူတို့၏ အာနိသင် ပျောက်ဆုံးသွားလေသည်။

ထိုအမျိုးသမီးက လက်နက်ကို မြင်သည့်အခါ အတော်လေး နားလည်ရခက်သွားဟန် ပေါ်သည်။ သူမက ပြောလိုက်၏။

“ကောင်းကင်အဆင့် လက်နက် ခွဲခွာချိတ်ကောက်ပဲ”

မင်ရှစ်ရင်က ပြန်လည်ဆင်းသက်လာပြီးနောက် ထိုအမျိုးသမီးအိုကြီးအား ကြည့်ကာ မေးလိုက်သည်။

“လောင်ချန်ပေ့က ဒီဟာကို မှတ်မိတယ်လား”

“မင်းက သူ့တပည့်ပဲ”

“…”

ဖြစ်ချင်တော့ ထိုအမျိုးသမီးက မင်ရှစ်ရင်၏ စကားများကို အစတုန်းက မယုံကြည်ခဲ့ပေ။ အတွေ့အကြုံများက သက်တမ်းရင့် ကျင့်ကြံသူတစ်ယောက်ဆိုသည့်အတိုင်း သူမကို အလွယ်တကူ အရူးလုပ်၍ မရပေ။ အကယ်၍ သူသာ ရိုးရိုးသားသား ပြောပါက သူ့ရှစ်စွင်းကို ထည့်စဉ်းစားခြင်းအားဖြင့် သူ့ကို ချမ်းသာပေးလိမ့်မည်။

“လောင်ချန်ပေ့ … လောင်ချန်ပေ့ကို ဘယ်လိုများ ခေါ်ရမလဲ”

“ငါက ကျင့်ကြံရေးကမ္ဘာကနေ ထွက်လာပြီးတော့ လောကီကိစ္စတွေမှာ ဝင်မပါတော့ဘူး။ ဒီဟာ ဖြေရှင်းပြီးသွားတာနဲ့ ငါ တောင်ကို စည်းပိတ်ပြီးတော့ အပြင်လောကနဲ့ အဆက်အသွယ် မလုပ်ဘူး”

ထိုအမျိုးသမီးအိုကြီးက ပြန်ဖြေလိုက်သည်။

“…”

မင်ရှစ်ရင်က ထိုအမျိုးသမီးအိုကြီး၏ ခွန်အားသည် နက်နဲကြောင်း သိလေသည်။ ကန့်သတ်ချက်ရှိသည့် သူ့ဗဟုသုတဖြင့် သူမကို မမှတ်မိသည်မှာ ပုံမှန်သာ ဖြစ်၏။

“လောင်ချန်ပေ့ ကျွန်တော်က ထွက်မပြေးနိုင်ဘူးဆိုတော့ ကျွန်တော့်ကို မယုံဘူးဆိုရင် ကိုယ့်ဘာသာကိုယ် ကြည့်ကြည့်ပါလား။ ဖုန်းချင်းဟယ်ရဲ့အလောင်းက ဒီမှာ ရှိပါသေးတယ်”

မင်ရှစ်ရင်က အပြင်ကို လှမ်းထိုးပြရင်း ပြောလိုက်သည်။

“ဖုန်းချင်းဟယ်က မိစ္ဆာဝေဟင်မျှော်နန်းကို တခြားဂိုဏ်းကြီး ၆ ဂိုဏ်း ပေါင်းပြီးတော့ တိုက်ခိုက်ခဲ့တယ်။ ကျွန်တော့်ရှစ်စွင်းက သူတို့ကို ဒေါသနဲ့ ပြန်တိုက်ခိုက်ခဲ့တာပါ”

ထိုအမျိုးသမီးအိုကြီးက သူ့အား ကြည့်ပြီး “သူက သူ့ကန့်သတ်ချက်ကို မရောက်သေးဘူးလား”

“သူက ကောင်းကောင်းမွန်မွန် အသက်ရှင်နေပါသေးတယ်”

“ရှေ့ကနေ လမ်းပြ”

နှစ်ဦးသား မင်ရှစ်ရင် တိုက်ပွဲဖြစ်ထားသည့်နေရာဆီ ရောက်သွားကြသည်။ တစ်မိုင်ခရီးက ထာဝရကြာရှည်နေဟန် ပေါ်၏။ မင်ရှစ်ရင်က ထိုအမျိုးသမီးအိုကြီးကို မြန်မြန်လျှောက်ဖို့လည်း မပြောရဲပေ။ သူက သူမနောက်မှ နာနာခံခံ လိုက်ပါလာလေ၏။ ခဏအကြာတွင် သူတို့က တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ရောက်သွားကြသည်။

ထိုအမျိုးသမီးအိုကြီးက ဖုန်းချင်းဟယ်၏ အလောင်းအား မြင်လိုက်ရသည့်အချိန် သက်ပြင်းချလိုက်သည်။ သူမက အလောင်းကို စစ်ဆေးကြည့်လိုက်ပြီးနောက် ကျောကို ပြန်မတ်ကာ ပြောလိုက်သည်။

“ဒီကို လာခဲ့”

“လောင်ချန်းပေ့ ကျွန်တော့်ကို ပြောတာလား”

“ငါက တစ္ဆေကို ပြောတယ်များ ထင်နေလား”

“အိုး..”

မင်ရှစ်ရင်က နာနာခံခံ လျှောက်သွားလိုက်သည်။

ဖုန်းချင်းဟယ်ရဲ့ဝိညာဉ်ကို‌ ပြောတယ်လို့ ထင်မိတာတော့ ကျွန်တော့်ကို အပြစ်တင်လို့ မရဘူးလေ…

ထိုအမျိုးသမီးအိုကြီးက သူ့လက်ကို အသာဆွဲယူလိုက်သည်။

ထိုစဉ် လေထဲတွင် ကနဦးချီ အရိပ်အယောင်တစ်ခု ပေါ်ထွက်လာပြီးနောက် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။

“ပွင့်ချပ်လေးလွှာလား..”

“ဟုတ်ပါတယ်။ ကျွန်တော် မှားယွင်းစွပ်စွဲခံရတာပါ။ ကျွန်တော့် ကျင့်ကြံဆင့်နဲ့ဆိုရင် ပွင့်ချပ်ခုနှစ်လွှာအဆင့် ဖုန်းချင်းဟယ်ကို ဘယ်လိုလုပ် သတ်နိုင်ပါ့မလဲ” မင်ရှစ်ရင်က ပြောလိုက်သည်။

ထိုအမျိုးသမီးအိုကြီးက အတွေးနက်‌နေဟန်ပေါ်သည်။ ပွင့်ချပ်လေးလွှာ မင်ရှစ်ရင်က ပွင့်ချပ်သုံးလွှာအကွာဖြင့် ဖုန်းချင်းဟယ်အား အနိုင်ယူနိုင်မည် မဟုတ်ပေ။ ထို့အပြင် ဖုန်းချင်းဟယ်က သူ့ချီပင်လယ် လောင်ကျွမ်းထားသေး၏။ မင်ရှစ်ရင်က ပွင့်ချပ်ငါးလွှာ ကျင့်ကြံဆင့်ပင် မဟုတ်ပေ။ ပြောရလျှင် သူ့ကို ကြီးမြတ်သည့် ကျင့်ကြံသူဟု ယူဆ၍ မရသေးချေ။ ပွင့်ချပ်ခုနှစ်လွှာအဆင့်ပင် ဖုန်းချင်းဟယ်အား လျော့တွက်လောက်အောင် သတ္တိမကောင်းကြပေ။

“လောင်ချန်ပေ့ ကျွန်တော် ပြောစရာတစ်ခု ရှိပါတယ်။ ဒါပေမဲ့ ပြောဖို့ သင့်တော်ရဲ့လားမသိဘူး”

မင်ရှစ်ရင်က သံကို ပူတုန်း နာနာ ရိုက်ရမည်ဟု စိတ်သွင်းကာ မေးလိုက်သည်။

“ဘာများလဲ”

“ဖုန်းချင်းဟယ်က ဂိုဏ်းကြီး ၆ ဂိုဏ်းကို ပူးပေါင်းပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းကို တိုက်ခိုက်တဲ့အကြောင်းနဲ့ ပတ်သတ်ပြီးတော့ နောက်မှ အတည်ပြုလို့ရပါတယ်။ ဖုန်းချင်းဟယ်က ဒီအထိ ထွက်ပြေးလာတာက ကျွန်တော့်ရှစ်စွင်းကို ဒီနေရာမျှားခေါ်ဖို့ ကြံနေတာ။ သူက မကောင်းကြံတာဆိုပေမဲ့ လောင်ချန်ပေ့က သူ့ကို ကူညီနေတုန်းလား”

ထိုအမျိုးသမီးအိုကြီးက မျက်မှောင်ကြုတ်လိုက်သည်။

ဒီကောင်လေးပြောတာ အချက်အလက်ကျသားပဲ…

“ကောင်းပြီ။ အခု မင်းစကားတွေကို အတည်မှတ်လိုက်မယ်။ ဒါပေမဲ့ ပွင့်ချပ်ကိုးလွှာအဆင့်ကို ထပ်ပြောမယ်ဆိုရင်တော့ မင်းကို သတ်ပစ်မယ်”

“…”

မင်ရှစ်ရင်က နှလုံးခုန် မြန်သွားလေသည်။

ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ အမျိုးသမီးကြီးလဲ…

သို့သော်လည်း သူက တစ်ယောက်ယောက်သည် သူ့မျက်လုံးနှင့်သာ မမြင်ရလျှင် ပွင့်ချပ်ကိုးလွှာအဆင့် ရောက်သွားသည်ဟု ယုံကြည်နိုင်မည် မဟုတ်ပေ။ ထိုအမျိုးသမီးက သူ့အား မယုံကြည်သည်မှာ ပုံမှန်သာဖြစ်၏။

“လောင်ချန်ပေ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခု သွားလို့ ရပြီလား”

မင်ရှစ်ရင်က ထွက်သွားဖို့ ပြင်ရင်း မေးလိုက်သည်။ သူက များများ ပြောလေလေ အမှားပိုလုပ်မိလေလေ ဖြစ်ကြောင်း သတိထားမိသည်။ ထို့ကြောင့် သူ့အနေနှင့် လိုအပ်သည်ထက် ဆက်နေနေသည်က မကောင်းပေ။ သူက အခွင့်အရေးရလာတုန်း တတ်နိုင်သမျှ မြန်မြန် ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပေသည်။ သူက သူ့အသက်ကို အားလုံးထက် ပို၍ အလေးထား၏။

“ခဏနေအုံး”

“…”

မင်ရှစ်ရင်က လှည့်ကြည့်လိုက်၏။ ထိုအမျိုးသမီးအိုကြီးက ပြောလိုက်သည်။

“ငါက ဖုန်းချင်းဟယ်ကို ကတိပေးထားတယ်။ သူ အပြစ်ကြွေးတွေ ဘယ်လောက်ပဲ ကျူးလွန်ခဲ့ ကျူးလွန်ခဲ့.. ငါ စကားကို ပြန်ပြီး ရုပ်သိမ်းဖို့က မသင့်တော်ဘူး။ ဒီနေ့ကစပြီးတော့ နောက်ရက်အနည်းငယ်ကြာရင် ငါ မိစ္ဆာဝေဟင်မျှော်နန်းကို လာပြီးတော့ မင်းဆရာနဲ့ လာပြီး ဆွေးနွေးလှည့်မယ်။ သူ့ကို မတွေ့ရတာ ကြာလှပြီဆိုတော့.. ငါတို့ကြားက တစ်ယောက်ယောက် မသေခင် နောင်တတွေကို ဖြေရှင်းသွားချင်သေးတယ်”

နောင်တလား။ ဘာနောင်တများပါလိမ့်…

မင်ရှစ်ရင်က သိချင်နေမိသည်။

သူက အပြုံးလေးဖြင့် ပြောလိုက်၏။

“ကျွန်တော် ရှစ်စွင်းကို သေချာပြန်ပြောပေးပါမယ်”

ထို့နောက် သူက ဖုန်းချင်းဟယ်၏ အလောင်းအား တစ်ချက် ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။ အစပိုင်းတွင် သူက ဖုန်းချင်းဟယ်၏ ရတနာများအား ရယူလိုသော်လည်း ယခုတွင် ဤအတိုင်းထားခဲ့သည်က အကောင်းဆုံး ဖြစ်ပေမည်။ မင်ရှစ်ရင်က သစ်ပင်များကြားမှ အလျင်အမြန် ပျောက်ကွယ်သွားလေ၏။

အမျိုးသမီးအိုကြီးက တောအုပ်အတွင်းသို့ ကြည့်ကာ ခေါင်းအသာယမ်းလိုက်ပြီး ရေရွတ်လိုက်သည်။

“ဒီလိုမျိုး သတ္တိနည်းတဲ့ တပည့်မျိုးခေါ်ထားတာ ရှင့်ကျင့်ကြံဆင့်နဲ့ နှမြောစရာပဲ”

……………..

ရွှေနန်းဥယျာဉ်တောင်၏ အကာအရံက ပြန်လည်အသက်ဝင်လာကာ လင်းထိန်နေသောကြောင့် ထန်းကျီမြို့ရှိ မြို့သားများက ရွှေနန်းဥယျာဉ်တောင်ဆီ လှမ်းကြည့်လိုက်ကြသည်။ ထို့နောက်တွင် အကာအရံ၏ အလင်းက မှေးမှိန်သွားလေသည်။

လုကျိုးက ကနဦးချီကို ထည့်သွင်းလိုက်ပြီးနောက် ပုံမှန်ပြန်ဖြစ်သွားလေသည်။

ကောင်းကင်ရှိအကာအရံက ဖောက်ထွင်းမြင်ရသည့် အကြည်ရောင်အဖြစ် ပြောင်းလဲသွားလေသည်။ တစ်ခါတရံတွင် အပြာဖျော့ဖျော့ အလင်းတန်းလေး တောက်ပလာတတ်၏။

အထွတ်အထိပ် သဏ္ဌာန်ကတ်၏ အချိန်ကန့်သတ်ချက် ပြည့်သွားကြောင်း သတိပေးချက်ကို လက်ခံရရှိလိုက်သည်။ သူက သူ့စွမ်းအားသည် အလျင်အမြန် နည်းပါးကာ ပျောက်ဆုံးသွားသည်ကို ခံစားမိလိုက်သည်။ သူ့ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်သို့ ပြန်လည်ရောက်ရှိသွားလေသည်။

လုကျိုးက ငှက်မွေးလေးလို ပေါ့ပါးသွက်လက်စွာ လှုပ်ရှားမှုဖြင့် မိစ္ဆာဝေဟင်မျှော်နန်းထိပ်မှ မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။

“ရှစ်စွင်းကို ဂါရဝပြုပါတယ်”

စီးဝူယာ့က လုကျိုးဆီ ပြေးလာလိုက်သည်။ သူက ဒူးထောက်ကာ ဝပ်တွားလိုက်၏။ သူက အနည်းငယ် တုန်ယင်နေပြီး ချွေးစီးများပင် ထွက်နေလေသည်။ သူက ကြောက်ရွံ့နေဟန်ပေါ်သည်။ သူနဖူးက မြေပြင်ပေါ်ထိ ထိထားပြီး ရှစ်စွင်းနှင့် မျက်လုံးချင်း မဆုံရဲပေ။

လုကျိုးက အသံဩဩဖြင့် မေးလိုက်သည်။

“မင်းကို ပြန်လည်သုံးသပ်ရေးဂူကနေ ဘယ်သူက ထွက်ခွင့်ပေးလို့လဲ”

“ကျွန်တော် မှားတာ သိပါပြီ။ ပြန်လည်သုံးသပ်ရေးဂူရဲ့ အကာအရံက ပျောက်ကွယ်သွားလို့ ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းကို ကူညီမယ်ဆိုတာပဲ တွေးမိခဲ့တာပါ။ အဲတုန်းက ကျွန်တော် ထွက်ပြေးဖို့ စိတ်ကူးမရှိပါဘူး။ ကျွန်တော့်ကို ယုံကြည်ပေးပါ”

စီးဝူယာ့က မြေပြင်ပေါ် ဝပ်တွားရင်း ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းကို ကူညီမှာလား”

လုကျိုးက လှောင်ရိပ်ဖြင့် ပြောလိုက်သည်။

“မင်းရဲ့ကျင့်ကြံဆင့်နဲ့လား”

“ကျွန်တော်…”

“ဂိုဏ်းကြီးခုနှစ်ဂိုဏ်းက မင်းရဲ့ခြိမ်းခြောက်တာကို ခံမယ်များ ထင်နေလား”

လုကျိုးက မေးလိုက်သည်။

စီးဝူယာ့က ဆွံ့အသွားလေ၏။ ဂိုဏ်းကြီးခုနှစ်ဂိုဏ်းက သေဖို့အထိ ပြင်ဆင်ထားကြသည်။ အကယ်၍ သူက ကောင်းမွန်သည့် လျှာတစ်ခု ရှိနေလျှင်ပင် ဂိုဏ်းကြီးခုနှစ်ဂိုဏ်းကို မတိုက်ခိုက်ဖို့ ဖျောင်းဖျနိုင်မည်လား။ တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ပြီးသည့်‌နောက်တွင် ဂိုဏ်းကြီးခုနှစ်ဂိုဏ်းက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်လောက်အောင်အထိ သတ္တိကောင်းလွန်းလှသည်။

သူ့လိုလူမျိုးက သူတို့ကို ထိန်းချုပ်ထားနိုင်မှာလား …

ထိုစဉ် လန်လော့၊ ဟွားဝူတောက်၊ တွမ့်မူရှန်းနှင့် တခြားတပည့်များက မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်လည်ရောက်ရှိလာကြသည်။ သူတို့က ခန်းမကျယ်ရှေ့ ဆင်းသက်လိုက်ကြ၏။ သူတို့က လုကျိုး ရပ်နေသည်ကို မြင်သည့်အခါ အားလုံးက တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြသည်။

“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”

“ရှစ်စွင်းကို ဂါရဝပြုပါတယ်”

“ရှစ်စွင်း.. ရှစ်စွင်းက … ”

ကျူးဟုန်ကုန်းက မချီးကျူးနိုင်ခင် တွမ့်မူရှန်းက သူ့ပခုံးအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ တခြားလူများက ထိုအရာကို မြင်ပြီး တွမ့်မူရှန်းအား စိတ်ထဲမှ ကျေးဇူးတင်လိုက်ကြသည်။ တစ်ယောက်ယောက်က လောင်ပါ့ကို တားဆီးနေသင့်သည်မှာ ကြာမြှင့်လှပြီဖြစ်၏။

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“သူ့ကို ပိတ်ထားလိုက်”

“ဟုတ် နားလည်ပါပြီ”

စီးဝူယာ့က ရိုရိုကျိုးကျိုး ပြုမူနေလေသည်။ သူက ပြန်လည်သုံးသပ်ရေးဂူသို့ ကျိုးကျစ်ဖုန်းနှင့်အတူ ပြန်သွားလိုက်၏။

လုကျိုးက လမင်းကို မော့ကြည့်လိုက်ပြီး အစပိုင်းတွင် သူက သူတို့နှင့်စကားပြောစရာ အများကြီး ရှိသော်လည်း ယခုအခါ နောက်ကျနေလေပြီ။ ထို့ကြောင့် သူက ပြောလိုက်သည်။

“ဒီနေ့တော့ ဒီလောက်ပဲ”

“မျှော်နန်းသခင် ကောင်းကောင်းအနားယူပါ”

“ရှစ်စွင်း ကောင်းကောင်းအနားယူပါ”

လုကျိုးက အင်္ကျီလက်ဖျားကို ခါရင်း အရှေ့ဘက်မျှော်နန်းဆောင်သို့ ပြန်သွားလေသည်။

ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူကိုယ်တိုင် ထွက်သွားသည်ကို မည်သူကမှ မလှုပ်ရှားရဲကြချေ။ အားလုံးက အသက်အောင့်လိုက်ကြပြီး ဦးညွှတ်သည့်အနေအထားကိုသာ ဆက်လက်ထိန်းထားကြ၏။ လန်လော့နှင့် ဟွားဝူတောက်ပင် ခြွင်းချက် မဟုတ်ပေ။

...

အခန်း (၄၄၉) ပြောင်မြောက်ဖွယ်လုပ်ရပ်ဖြင့် လောကကြီးကို အံ့အားသင့်စေ

အံ့ဖွယ်မြို့တော်၏ တော်ဝင်မြို့ရှိ အမြဲစိမ်းနန်းဆောင်၏ စာကြည့်ဆောင်တွင်ဖြစ်သည်။

လက်ရှိဧကရာဇ်လျိုကုသည် စုတ်တံဖြင့် ရေးနေလေသည်။

လေထဲတွင် အစောင့်၏ ဆူဆူညံညံ ခြေသံများက ပေါ်ထွက်လာသည်။

လျိုကုက စာရေးတာ အလိုလို ရပ်လိုက်မိသည်။ စားပွဲပေါ်တွင် စုတ်တံကို ချလျက် တံခါးကို ကြည့်လိုက်၏။

အစောင့်သည် အခန်းထဲတောင် မဝင်ရသေးခင် ဒူးထောက်ပြီး လျှောက်တင်လိုက်၏။

“အရှင်မင်းကြီး အထောက်တော်တွေ သတင်းပို့တာက မဟာဂိုဏ်းခုနှစ်ဂိုဏ်းကို မိစ္ဆာဝေဟင်မျှော်နန်းက သုတ်သင်လိုက်ပါပြီ။ သူတို့တွေ ခုခံဖို့ စွမ်းအားကင်းမဲ့နေပါတယ်”

လျိုကုသည် နှစ်ဦးနှစ်ဖက် ရှုံးနိမ့်ကြလိမ့်မည်ဟု တွေးထင်ခဲ့တာ ဖြစ်သည်။ မိစ္ဆာအိုကြီးကျိ မည်မျှ အစွမ်းထက်စေကာမူ အကျော်အမော်များစွာကို သူ တစ်ယောက်တည်း ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သွမ့်လင်အခွဲ၏ ဂိုဏ်းချုပ်ကြီး ချန်ယန်က အသက်ကို စတေးပြီဲး လှုပ်ရှားမှုဖြင့် သူတို့က လုကျိုးကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေဖို့က ပြဿနာတစ်ရပ် မဟုတ်သင့်ပေ။ ကျန်ရှိသည့် မိစ္ဆာဝေဟင်မျှော်နန်းတပည့်များက ကြောက်စရာမရှိပေ။ ဤနည်းဖြင့် တော်ဝင်မိသားစုဆီ အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးက ပျောက်ကွယ်သွားလိမ့်မည်။ သို့သော်ငြား မဟာဂိုဏ်းခုနှစ်ဂိုဏ်းသည် ခုခံရန် စွမ်းအင်ကင်းမဲ့နေသည်ဟု အစောင့်က လျှောက်တင်ခဲ့သည် မဟုတ်ပါလော။

လျိုကုက မျက်မှောင်တို့ စုကျုံ့သွားကာ နက်ရှိုင်းသောအသံဖြင့် ပြောလိုက်၏။

“မင်းပြောခဲ့တာကို ပြန်ပြောစမ်း”

အစောင့်၏လေသံက တုန်ယင်နေကာ ပြန်ပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့အထောက်တော်တွေ သတင်းပို့တာကတော့ မဟာဂိုဏ်းခုနှစ်ဂိုဏ်း.. ကျွန်တော်ဆိုလိုတာက ယွင်ဂိုဏ်းအပါအဝင် ဂိုဏ်းကြီးရှစ်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်း သုတ်သင်တာ ခံလိုက်ရပါပြီ။ ပြီးတော့ သူတို့ ခုခံဖို့ စွမ်းအားကင်းမဲ့နေပါတယ်”

လျိုကုသည် သူ့ဆီ လက်ဝါးစည်းတံဆိပ်ပို့လာမှာကို သူ စိုးရိမ်သောကြောင့် သူ မျက်ရည်များ ကျလုနီးပါး ဖြစ်လာ၏။ ဆိုရလျှင် ထိုသို့ဖြစ်တာ ပထမဆုံးအကြိမ် မဟုတ်ပေ။ အရှေ့ကအစောင့်သည်လည်း ထိုသို့သေသွားခဲ့တာပဲဖြစ်သည်။

ဧကရာဇ်ကို ခစားရသည်က ကျားတစ်ကောင်နား ခစားရသည့်အတိုင်းပင်။ ရှေးယခင်တည်းက ဤကဲ့သို့အမှုမျိုး ရှိခဲ့ပြီးသားဖြစ်သည်။

လျိုကုက အပြင်ပန်းတွင် တည်ငြိမ်နေပုံ ပေါ်သော်ငြား သူ ဒေါသထွက်နေချိန်တွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း မည်သူမျှ မမှန်းဆနိုင်ပေ။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ စီးဝူယာ့နဲ့ ယွီကျန်းဟိုင် ပြန်လာတာလား”

ယင်းက သူ တွေးမိသည့် တစ်ခုတည်းသော ဖြစ်နိုင်ခြေဖြစ်သည်။ အစောင့်က တံထွေးမျိုချလိုက်သည်။ သူက ဤနေရာသို့ မလာခင် စဉ်းစားထားပြီးသားဖြစ်၏။ သူ အကြိမ်တစ်ရာ လေ့ကျင့်ခဲ့သည်။ နောက်ဆုံးတွင် ပြောလိုက်တော့၏။

“မိ.. မိစ္ဆ.. မိစ္ဆာအိုကြီးကျိက ပွင့်ချပ်ကိုးလွှာအဆင့်မှာပါ”

ယခုအခေါက်တွင် လျိုကုသည် အစောင့်ကို ထပ်မပြောခိုင်းတော့ပေ။ သူ ထိတ်လန့်သွား၏။ ခန္ဓာကိုယ်ထဲကနေ ဝိညာဉ်ထွက်သွားသည့်အတိုင်း ဖြစ်နေလေသည်။

စာကြည့်ခန်းက ယခု အင်မတန် တိတ်ဆိတ်နေပြီဖြစ်သည်။ လေထုက လေးလံလွန်းပြီး သူ၏လက်အောက်ငယ်သားများကို ဖိအားပေးနေပုံပေါ်သည်။ အသက်ရှုရခက်ခဲလာတော့၏။ အစောင့်က ဘာမှမပြောရဲချေ။ သူ၏ခန္ဓာကိုယ်က ထိန်းချုပ်မရအောင် တုန်ယင်နေလေ၏။ နာရီပေါင်းများစွာ ကြာသွားပုံပေါ်နေကာ လျိုကုသည် သူ၏အံ့ဩဖွယ်ကောင်းသော ခံနိုင်ရည်ကို ပြသနေတော့သည်။ ဘာမှမဖြစ်ခဲ့သည့်အတိုင်း သူက မေးလိုက်၏။

“ရွှေကြာကို ဖြတ်တောက်တဲ့ ငါတို့ သုသေတနကရော ဘယ်လိုလဲ”

“အ.. အရှင်မင်းကြီး.. အ.. အသက်ရှင်တဲ့သူ ဆယ်ယောက် ရှိပါတယ်။ သူတို့ထဲက တစ်ယောက်က ပွင့်ချပ်ထပ်ပေါက်လာဖို့ ကြိုးစားနေပါပြီ”

“ကောင်းတယ်”

လျိုကုသည် သူ့ခုံဆီသို့ ပြန်လာ၏။ သူ၏ခံစားချက်များကို တင်းကျပ်စွာ ထိန်းသိမ်းထားလျက် တည်ငြိမ်စွာ မေးလိုက်၏။

“လျန်စီရင်စုက တိုက်ပွဲအခြေအနေကရော ဘယ်လိုလဲ”

“ရော့လီကလူတွေနဲ့ ငရဲဂိုဏ်းသားတွေက ပြင်းထန်တဲ့တိုက်ပွဲ ဆင်နွဲနေပါတယ်။ ယွီကျန်းဟိုင်က လျန်စီရင်စုကို သွားပါပြီ။ အချိန်အတိုင်းအတာတစ်ခုအထိ သူ ပြဿနာမရှာလောက်ဘူး”

အစောင့်က ပြောပြီး အတော်လေး စိတ်အေးသွား၏။ လျိုကုသည် စုတ်တံကို ပြန်ကောက်ကိုင်ကာ မှင်အိုးထဲ နှစ်ပြီးနောက် စုစည်း ဟူသောစကားလုံးကို စာရွက်ပေါ်တွင် ရေးလိုက်သည်။ စကားလုံး၏ နောက်ဆုံးစုတ်ချက် ရေးအပြီးတွင် သူက ရှေ့သို့ဆွဲချလိုက်လေ၏။

ဝှစ်..

စည်းလုံးခြင်းဟူသည့် စကားလုံးသည် အသက်ဝင်လာပုံပေါ်သည်။ ရွှေရောင်ရောင်ခြည်က စကားလုံးနား၌ ရစ်ပတ်နေလေ၏။ သင်္ကေတစည်းတံဆိပ်သည် တံခါးဝတွင် ရှိသော အစောင့်ဆီသို့ ပျံသန်းသွား၏။ မျက်စိတစ်မှိတ်အတွင်း သူ၏ခေါင်းကို ထိုးဖောက်သွားသည်။

လျိုကုသည် အစောင့်ကို ကြည့်တောင်မကြည့်ပေ။ မြေပြင်ပေါ် သစ်သီးတစ်လုံး ပြုတ်ကျသွားသည့်အသံတစ်သံကိုသာ ကြားလိုက်ရ၏။ သူက မျိုးနွယ်စုတစ်သောင်းဟူသော စကားလုံးကို ဆက်ရေးလိုက်သည်။ ရေးပြီးနောက် သူ၏စုတ်တံကို စားပွဲပေါ် ပြန်တင်လိုက်၏။ စိတ်ခံစားချက် တစ်စက်မှမပေါ်ဘဲ သူက ပြောလိုက်သည်။

“သူ့ကို ခေါ်ထုတ်သွား”

“အမိန့်အတိုင်းပါ”

အစောင့်၏ခေါင်းက ပေါက်ကွဲသွားပြီ ဖြစ်သည်။ သူ သေသွားသည့်အချိန်တွင်တောင် လျိုကုသူ့ကို သတ်ရသည့် အကြောင်းအရင်းကို သူ နားမလည်နိုင်ပေ။

စီရင်စု ကိုးခုထဲတွင် ယွီကျန်းဟိုင်၏ ငရဲဂိုဏ်းက မွေနှောက်နေလေ၏။ ယွီကျန်းဟိုင်က ယခုအချိန်တွင် ပြဿနာမရှာနိုင်ဟူသည်ကား မည်သည်ကို ဆိုလိုသနည်း။ ယင်းက လျိုကုအတွက် အရှက်ကွဲစရာ မဟုတ်ပေလော။ အံ့ဖွယ်မြို့တော်သည် တာ့ရန်၏ အစည်ကားဆုံးမြို့ဖြစ်သည်။ အင်ပါယာထဲတွင် သတင်းအပြန့်အမြန်ဆုံးနေရာလည်း ဖြစ်၏။ လျိုကုက ထိုအကြောင်းကို သိသည့်ပထမဆုံးလူဖြစ်တာ မထူးဆန်းပေ။ ထိုကဲ့သို့ မဟာတိုက်ပွဲကြီးက လျှို့ဝှက်ချက်အနေဖြင့် အချိန်ကြာမြင့်စွာ ဘယ်တော့မှ ထိန်းထားနိုင်မှာ မဟုတ်ပေ။

အချိန်အတိုင်းအတာ တစ်ခုအထိ မိစ္ဆာဝေဟင်မျှော်နန်း၏ ပြောင်မြောက်သော လုပ်ရပ်က လောကကို အံ့အားသင့်စေခဲ့သည်။

အံ့ဖွယ်မြို့တော်ရှိ ရပ်နားစခန်းတွင် ဖြစ်သည်။

ကျင့်ကြံသူများစွာက သောက်စားရင်း စကားပြောနေ၏။

“နောင်ကျ တစ်မိုးအောက်ရဲ့အကြီးမြတ်ဆုံး အင်အားစုဖြစ်လာခဲ့ရင် မိစ္ဆာဝေဟင်မျှော်နန်းကို ဘယ်သူကများ ဆန့်ကျင်ရဲတော့မှာလဲ”

“ငါလေးစားရတဲ့နေရာကတော့ တကယ်ပါပဲ။ တစ်နေ့ကျ ငါ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်နိုင်ခဲ့ရင် ငါ့ဘဝဆယ်နှစ်ကို ပေးဖို့ ဆန္ဒရှိတယ်”

“မေ့လိုက်တော့ မင်းရဲ့အရည်အချင်းနဲ့ အကူအနေနဲ့တောင် အငှားခံရမှာ မဟုတ်ဘူး”

ကျန်သည့်သူများက ရယ်မောလိုက်၏။

ကျင့်ကြံသူများ၏ ရပ်တည်ချက်က ပြောင်းလဲတာ မြန်သည်။ အစက မိစ္ဆာဝေဟင်မျှော်နန်းကို ပံ့ပိုးခဲ့သည့်သူများသည် ပိုတောင်ပံ့ပိုးပြီး ရူးသွပ်လာ၏။

မိစ္ဆာဝေဟင်မျှော်နန်းကို ဆန့်ကျင်ခဲ့သူများက တိတ်သွားကြသည်။

ထိုစဉ် ကြော့ရှင်းသည့် အမျိုးသားတစ်ဦးက မေးလိုက်၏။

“စိတ်မရှိပါနဲ့ ဒါပေမဲ့ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက် တကယ်ရှိတာလား”

“ရောင်းရင်း မင်းက ဒီအပိုင်းက မဟုတ်ဘူးဆိုတာ ငါ ပြောနိုင်တယ်။ သံသယဖြစ်စရာမလိုဘူး။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ဂိုဏ်းချုပ်က ပွင့်ချပ်ကိုးလွှာအဆင့်မှာပဲ”

“သူ ရွှေကြာကို ဖြတ်တောက်လိုက်တာလား”

“ဖြတ်ခဲ့တယ်လို့ မထင်ဘူး။ ရွှေကြာကို ဖြတ်တောက်တဲ့နည်းလမ်းက လတ်တလောကမှ အများရှေ့ထွက်လာတာ။ ဖြတ်တောက်ပြီး အသက်ရှင်ခဲ့တဲ့လူက လက်တစ်ဆုပ်စာပဲ ရှိတယ်။ ဒါတောင် သူတို့ ပွင့်ချပ်တွေ ပေါက်လာအောင် ကြိုးစားရသေးတာ။ ဒီတော့ မိစ္ဆာကြီးမှာ တခြားနည်းလမ်းရှိမယ်လို့ ငါ သံသယရှိမိတယ်”

တစ်ယောက်ယောက်က ခေါင်းညိတ်ပြီး ဝင်ပြောတော့သည်။

“အမှန်ပဲ ရွှေကြာကို ဖြတ်တောက်တဲ့နည်းက နည်းလမ်းတွေထဲက နည်းတစ်ခုပဲ ရှိသေးတာ အဓိကဂိုဏ်းတချို့က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ထဲ ရောက်တည်းက သူတို့ရဲ့ရွှေကြာဖွဲ့တည်မှုကို ဖိနှိပ်ထားပြီး ပွင့်ချပ်တွေ ပေါ်လာဖို့ပဲ အာရုံစိုက်ကြတယ်လို့ ကြားဖူးတယ်။ တချို့က သူတို့ဆေးရည်အကူအညီနဲ့ ရွှေကြာကို ကန့်သတ်ဖို့ ကြိုးစားကြတယ်။ အခုဆို အဲလိုလုပ်ဖို နည်းလမ်းတွေ ပိုပိုများလာပြီ”

ကျင့်ကြံသူများက ခေါင်းညိတ်လိုက်၏။

ကြော့ရှင်းပြီး ဝတ်ကောင်းစားလှဝတ်ထားသူက ပြုံးပြီး ပြောလိုက်သည်။

“ကျေးဇူးပါပဲ”

သူက ထရပ်ပြီး ထွက်သွားတော့မည့် အချိန်တွင် ရပ်နားစခန်းရှိ စားပွဲထိုးက သူ့ကို တားပြီးပြောလိုက်၏။

“မင်္ဂလာပါ သတင်းတွေအတွက် ၂ပြားပေးရပါမယ်”

ထိုလူက အံ့အားသင့်သွား၏။ သူက အိတ်ကပ်ထဲကို လှန်လှော်ရှာပြီးနောက် သူက ကူကယ်ရာမဲ့ ပြောလိုက်၏။

“ကျုပ်တောင်းပန်ပါတယ်။ ဒီနေ့ နေ့ကောင်းမဟုတ်တဲ့ပုံပဲ။ နောက်တစ်ခါကျ ပေးပါ့မယ်”

“ဟမ်.. တခြားသူတွေ အများကြီးလဲ ဒီကို လာကြတာပဲ။ ကျုပ်တို့က နှိမ့်ချတဲ့ စီးပွားရေးတစ်ခု လုပ်နေရုံပဲ”

စားပွဲထိုးက ပြောပြီး ခက်ခဲသော အခြေအနေထဲ တွန်းပို့တာ သိသာနေ၏။

ထိုလူက သူ၏အိတ်ကပ်ကို ထပ်ရှာလိုက်ပြန်သည်။ တစ်ဖန် သူ လက်ဗလာသာ ထွက်လာ၏။ ဆိုရိုးစကား ရှိသည့်အတိုင်း တစ်ဆင့်သည် သူရဲကောင်းတစ်ဦး၏ ပျက်စီးရာပျက်စီးကြောင်း ဖြစ်နေလေ၏။

စားပွဲထိုးသည် သူသယ်လာသည့်ဓားကို မြင်ပြီး ပြောလိုက်သည်။

“အပေါင်အနေနဲ့ ခင်ဗျားရဲ့ဓားကို ဘာကြောင့် မထားခဲ့တာလဲ”

ဓားအကြောင်း ထည့်ပြောလိုက်ချိန်တွင် အနားရှိ ကျင့်ကြံသူများက ဓားကို ချက်ချင်း ကြည့်လိုက်ကြသည်။ အမြင်အာရုံကောင်းသည့်သူများက ဓားကောင်းတစ်လက်မှန်း ပြောနိုင်၏။ ဓားဟူသည် ဓားသမားတစ်ယောက်အတွက် ဘာကိုဆိုလိုမှန်း သိသည်။ ဓားသမားတစ်ယောက်သည် သူ့ဓားနှင့်ခွဲမှာ မဟုတ်ပေ။

“သူ့အတွက်ပေးမယ်”

ကြော့ရှင်းသည့် အမျိုးသမီးက နားနေစခန်း၌ ပေါ်လာ၏။ သူမက စားပွဲထိုးအား နှစ်ပြားပေးလိုက်သည်။

ထိုလူက သူမကို ဖျတ်ခနဲ ကြည့်ပြီး ပြောလိုက်၏။

“ကျေးဇူးပါပဲ”

ကျင့်ကြံသူတစ်ယောက်က ဆင်းရဲမွဲတေတာပဲ ဖြစ်ရမည်။ အမျိုးသမီးက သူ့အတွက်တောင် ပေးရ၏။ ကျန်သည့်သူများက သူ့ကိုယ်စား ရှက်ရွံ့သွားသည်။ ထိုအမျိုးသမီးက ရုတ်တရက် အရိုအသေပေးပြီးနောက် လေးစားရိုကျိုးစွာ ပြောလိုက်၏။

“ကျေးဇူးပြုပြီး ရှင့်ရဲ့တပည့်အနေနဲ့ လက်ခံပေးပါ ဒုတိယသခင်လေး”

“...”

ကျန်သည့်သူများက ထိတ်လန့်အံ့အားသင့်သွား၏။

သိမ်မွေ့သောအမူအရာဖြင့် ထိုလူက ပြောလိုက်သည်။

“စိတ်မရှိပါနဲ ကျုပ်တပည့်လက်မခံဘူး”

အမျိုးသမီးက ချက်ချင်းထရပ်ပြီးနောက် သူမလက်နှစ်ဖက်ကို ဖြန့်လိုက်သည်။ သူမက စိတ်ပြင်းပြစွာ ပြောလိုက်၏။

“ကျွန်မနာမည်က ချင်ရို့ပင်း ကျွန်မငယ်ငယ်ကတည်းက မိစ္ဆာဝေဟင်မျှော်နန်းကို သဘောကျခဲ့တာပါ။ တပည့်အနေနဲ့ လက်ခံပေးဖို့ တောင်းဆိုပါရစေ ဒုတိယသခင်လေး”

ပြီးနောက် သူမသည် ချက်ချင်း ဒူးထောက်လိုက်၏။

ကျန်သည့်သူများက ထိတ်လန့်သွားသည်။

“အခု သတိရသွားပြီ။ သူက မင်းသားချီချင်ကျွင်းရဲ့သမီးပဲ”

“ဒါ သူလား ဒါဆို ဒီဟာက..”

ဟုတ်ပေ၏။ သူသည် တစ်ချက်လေးမှ အနားမယူဘဲ ဝူရှန်းတောင်တန်းကနေ ပျံသန်းလာသည့် မိစ္ဆာဝေဟင်မျှော်နန်း၏ ဒုတိယမြောက်တပည့် ယွီရှန်းရုန်ပဲ ဖြစ်သည်။ သူသည် အံ့ဖွယ်မြို့တော်နားကနေ ဖြတ်သွားမိပြီး ခဏအနားယူနေတာ ဖြစ်၏။

ဝှစ်..

ဤနေရာရှိ ကျင့်ကြံသူများသည် ချက်ချင်းပင် တုန်ယင်ကုန်သည်။ စားပွဲထိုးကလည်း ကြောက်လန့်နေလေ၏။ သူက သူ့ရွေးချယ်မှုကို သေချာစဉ်းစားပြီးနောက် နောက်ဆုံးတွင် သတ္တိမွေးကာ သူယူထားသည့် ပိုက်ဆံနှစ်ပြားကို ထုတ်လိုက်၏။ ပြီးနောက် ယွီရှန်းရုန်ဆီ လျှောက်သွားကာ စိတ်လှုပ်ရှားမှု ကြောက်ရွံ့မှုတို့ ရောထွေးနေလျက် အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောရန် ကြိုးစားလိုက်သည်။

“ကျန်.. ကျွန်တော် မသိ.. မသိတတ်ဘဲ အမြင်ကန်းခဲ့မိပါတယ်။ ကျေး.. ကျေးဇူးပြုပြီး..”

“မင်းမှာ ရပိုင်ခွင့်ရှိတယ်”

စားပွဲထိုးက ထိတ်လန့်သွား၏။ မိစ္ဆာဝေဟင်မျှော်နန်း၏ ဒုတိယတပည့်သည် ထိုမျှချဉ်းကပ်ရလွယ်ပြီး ကျိုးကြောင်းသင့်လိမ့်မည်ဟု သူ မထင်ထားပေ။

ကျန်သည့်ကျင့်ကြံသူများကလည်း ယုံနိုင်ရန် ခက်ခဲနေသည်။

ယွီရှန်းရုန်က အပြုံးကို ထိန်းထားလျက် စားပွဲထိုး၏ ပခုံးကို ပုတ်လိုက်သည်။ ပြီးနောက် ချင်ရို့ပင်းကို ကြည့်ကာ ပြောလိုက်၏။

“ကျင့်ကြံခြင်းလမ်းစဉ်က ခက်ခဲပြီး အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ မင်းက ခမ်းနားတဲ့ဘဝမှာ မွေးဖွားလာခဲ့တယ်။ ဒါကြောင့် ကျင့်ကြံဖို့အတွက် မသင့်တော်ဘူး”

“ဒု.. ဒုတိယသခင်လေး..”

ကျီး..

သက်တော်ရှည်ဓားက ဓားအိမ်ထဲကနေ ထွက်လာ၏။ နေရောင်၏တောက်ပမှုအောက်တွင် ဓားသည် ကြက်သွေးရောင်အလင်းဖျော့ဖျော့ တောက်ပနေသည်မှာ အင်မတန် ထူးကဲလှပေ၏။ သတင်းအချက်အလက် စုစည်းရာ နားနေစခန်းသည် ဗဟုသုတများ နက်ရှိုင်းစွာ ဖလှယ်နေကျ ဖြစ်၏။ ကျင့်ကြံသူများသည် သက်တော်ရှည်ဓားကို ကြည့်လျက် ကြောက်လန့်နေကြတော့သည်။

“တကယ်သူပဲ ဓားနတ်ဆိုး ယွီရှန်းရုန်”

“သူ မသေသေးဘူးလား”

....

အခန်း(၄၅၀) ဒုက္ခမိုင်တစ်ရာရှုကွင်း

ယွီရှန်းရုန်က ဝူရှန်းတောင်မှ ပျံသန်းလာသည်။ သူက မိစ္ဆာဝေဟင်မျှော်နန်း ကြုံတွေ့နေသည့် အဖြစ်အပျက်များကို သတိမပြုမိသေးပေ။ ထို့ကြောင့် သူက ပုံမှန်နှုန်းဖြင့်သာ ပျံသန်းလာလေ၏။ သူ့ပွင့်ချပ်သုံးလွှာ ကျင့်ကြံဆင့်ဖြင့် သိုသိုသိပ်သိပ်နေဖို့ စီစဉ်ထားသည်။ သူက အံ့ဖွယ်မြို့တော်မှ တတ်နိုင်သမျှ မြန်မြန်ထွက်လာဖို့ ကြံထားသည်။

သို့သော်လည်း တခြားလူများက ပွင့်ချပ်ကိုးလွှာအဆင့် ကောလာဟလများအကြောင်း ပြောသည်ကို ဆက်တိုက်ကြားနေရလေသည်။ ကမ္ဘာတွင် ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်းကို ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူများထက် ဂရုစိုက်သည့်သူ မရှိနိုင်ချေ။ သူသည်လည်း ခြွင်းချက် မဟုတ်ပေ။ ထို့ကြောင့် သူက အံ့ဖွယ်မြို့တော်တွင် တည်းခိုဆောင်တစ်ခုအတွင်း နားကာ ပွင့်ချပ်ကိုးလွှာအဆင့် ကောလာဟလများအကြောင်း သင်ယူဖို့ ဆုံးဖြတ်ခဲ့၏။

နေ့တစ်ဝက်တာ မေးမြန်းပြီးသည့်နောက်တွင် ယွီရှန်းရုန်က အကြမ်းဖျင်း သိလာလေသည်။ အချုပ်အားဖြင့်ဆိုရလျှင် သူ့ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာ သဏ္ဌာန်ဖြင့် ဂိုဏ်းကြီးရှစ်ဂိုဏ်းလုံးကို သုတ်သင်ပစ်ခဲ့ခြင်း ဖြစ်ပေသည်။ ကောလာဟလက အမှန်လား ချဲ့ကားထားလား မသိရသော်လည်း သူ မိစ္ဆာဝေဟင်မျှော်နန်းသို့ ရောက်သည်နှင့် အဖြေကို သိရလိမ့်မည်။ သူ အသိချင်ဆုံးက မိစ္ဆာဝေဟင်မျှော်နန်းက မားမားမတ်မတ် ရပ်တည်နေဆဲလားဟု ဖြစ်၏။

ဤနေရာတွင် သူ့ကို တစ်ယောက်ယောက် မှတ်မိသွားလိမ့်မည်ဟု မထင်ထားမိပေ။

ထိုမတိုင်ခင် ယွီရှန်းရုန်က ထိုမိန်းကလေးကို တစ်ခါ တွေ့ဖူးလေသည်။ သူက တာ့ရှစ်ရှိုးနှင့် အံ့ဖွယ်မြို့တော်အတွင်း‌ ရောက်ခဲ့စဉ်အခါက မင်းသားချင်၏ စံအိမ်တော်၌ နေခဲ့ဖူးသည်။ ဤသို့ သူမနှင့် တွေ့ဆုံဖူးခြင်း ဖြစ်၏။ သူ့အနေနှင့် သူမ၏ မိစ္ဆာဝေဟင်မျှော်နန်းအပေါ် စွဲလမ်းစိတ်ကို မသိခဲ့ရပေ။

အသက်ရှည်ဓားက ချင်ရို့ပင်း၏ လမ်းကြောင်းကို တားလိုက်သောကြောင့် သူမက မလှုပ်ရဲတော့ပေ။

ယွီရှန်းရုန်က လှည့်လိုက်ပြီး နောက်ကျောပေးထားလိုက်သည်။ သူက လေသံအတက်အကျမရှိ‌ ပြောလိုက်၏။

“ မင်းဘာသာ အဟုတ်ကြီး ထင်မနေနဲ့။ ပြုတ်ကျတဲ့အခါ ပိုနာရလိမ့်မယ်။ နှုတ်ဆက်ပါတယ် …”

သူက သူမကို ညှာတာခြင်းမရှိ မငြင်းပယ်ခဲ့လျှင် သူမကို ပို၍ ထိခိုက်စေလိမ့်မည်။

ယွီရှန်းရုန်က ရှေ့တိုးလိုက်သည့်အခါ အသက်ရှည်ဓားကလည်း သူ့ဓားအိမ်ထဲ အလိုလို ပြန်ဝင်သွားသည်။

သူတို့က မသေချင်သရွေ့ ဒီလိုမျိုး လူကို ရန်စရဲကြမည် မဟုတ်ပေ။ ကျင့်ကြံသူများက ယွီရှန်းရုန် ထွက်သွားသည်ကိုသာ ကြည့်နေလိုက်ကြသည်။ သူတို့၏ အကြည့်များ၌ လေးစားအံ့အားသင့်မှုများ ပြည့်နေသည်။ ဤသည်က အစစ်အမှန် ဓားသမားတစ်ယောက် ပြုမူသင့်သည်ပုံ ဖြစ်၏။

သေမျိုးဖြစ်သည့် တည်းခိုဆောင်၏ စားပွဲထိုးလေးပင် ယွီရှန်းရုန်အား နဂိုထက် ပို၍ အထင်ကြီးသွားသည်။ သူက အဆင့်နိမ့်ကျင့်ကြံသူများဖြစ်ကြသည့် သူ့ဧည့်သည်များ၏ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမှုကို မကြာခဏ ခံရလေ့ရှိပြီး သူတို့၏ သဲအိတ်အဖြစ် ဆက်ဆံခံရသည်။ အချုပ်အားဖြင့် နာမည်ကြားလိုက်ရုံဖြင့် ကြောက်ရွံ့သွားစေမည့် ဓားနတ်ဆိုးဟူသော ဒီကျင့်ကြံသူက ချည်းကပ်ရလွယ်လေ၏။ သူတို့အကျင့်စရိုက်များကြား ကွာဟချက်အကြီးကြီး ရှိနေလေသည်။

“ကြည့်ရတာ အိပ်မက်မက်နေသလိုပဲ။ ငါက ဓားနတ်ဆိုး ယွီရှန်းရုန်နဲ့ စကားပြောခဲ့ရတယ်တဲ့ ”

“သူက မိစ္ဆာမဟုတ်ဘဲ တကယ်ကို လူကြီးလူကောင်းပဲ။ တကယ့် အစစ်အမှန် ဓားသမားတစ်ယောက်ပဲ ”

“ ကြည့်ရတာ သူ့က မျက်တောင်မခတ်ဘဲ လူသတ်တဲ့ မိစ္ဆာကြီးဆိုတဲ့ ကောလာဟလတွေက သူ့ကို အားကျတဲ့လူတွေ ဖြန့်ထားတာပဲ ဖြစ်ရမယ်”

“အဲဒီစာရင်းက လူတွေက စက်ဆုပ်စရာကောင်းပြီး အရှက်မရှိကြဘူး။ ဓားနတ်ဆိုးက အဲဒီစာရင်းက လူတွေကို ဆက်ရှင်းပစ်ဖို့ မျှော်လင့်တယ်။ အဲလိုဆို ပိုစိတ်ဝင်စားဖို့ ကောင်းလာလိမ့်မယ် ”

…………..…

ပွင့်ချပ်ကိုးလွှာအဆင့် ပေါ်ထွက်လာမှုက ရွှေကြာဖြတ်တောက်သည့် ကောလာဟလများကို လွှမ်းမိုးသွားလေသည်။ သတင်းပျံ့နှံ့နှုန်းက ထင်ထားသည်ထက် ပိုမြန်နေလေ၏။

လျန့်စီရင်စုထဲတွင် ငရဲဂိုဏ်း၏ ကာကွယ်သူလေးယောက်က အစပိုင်းတွင် ရို့လီမှ လူများနှင့် ရင်ဆိုင်ဖို့ သူတို့လူများကို ပြင်ဆင်ပေးခဲ့ကြသည်။ သို့သော်လည်း အရာအားလုံးက တစ်ညအတွင်း အဆုံးသတ်သွားလေသည်။

ယွီကျန့်ဟိုင်က ယုံကြည်ဖို့ အခက်တွေ့နေမိ၏။ သူက အယုံကြည်ရဆုံး ဖြစ်သည့် ကာကွယ်သူလေးယောက်ကို ကြည့်လိုက်ပြီး “ဟွားချုံးယန် မင်းက ငါ အယုံရဆုံးဆိုတော့ ဒီကောလာဟလကို ဘယ်သူဖြန့်လိုက်တာလဲ ”

“ ဂိုဏ်းချုပ် ကျွန်တော်တို့အဖွဲ့ခွဲတွေကို အဲသတင်းရှာဖို့ အမိန့်ပေးထားပါတယ်။ တကယ်ကို ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူရှိတာ ဟုတ်ပါတယ်။ ကြည့်ရတာ ကောလာဟလတော့ ဖြစ်ပုံမပေါ်ဘူး” ဟွားချုံးယန်က ပြောလိုက်သည်။

ဘေးမှ ပိုင်ယွီချင်းကလည်း ဝင်ပြောလိုက်သည်။ “ကျွန်တော်တို့ ရို့လီက လူတွေနဲ့ တိုက်နေတုန်း မိစ္ဆာဝေဟင်မျှော်နန်းလည်း အတိုက်ခိုက်ခံခဲ့ရတယ်။ တိုက်ဆိုင်တာတွေ အရမ်းများလွန်းတယ်။ ကြည့်ရတာ နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေပုံပဲ ”

ဟွားချုံးယန်က ပြောလိုက်သည်။

“ တခြားမျိုးနွယ်တွေ ရုတ်တရက်နောက်ဆုတ်သွားတာက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူအကြောင်း ကောလာဟလတွေကြောင့်ပဲ။ ဒါက ကျွန်တော်တို့အတွက် သတင်းကောင်းပဲ။ ကျွန်တော်တို့တွေ အခု တော်ဝင်မိသားစုကိုပဲ တိုက်ဖို့ အာရုံစိုက်ထားလို့ ရပြီ ”

ထိုစကားများကို ကြားပြီး ယွီကျန့်ဟိုင်က မျက်မှောင်ကြုတ်သွားသည်။ သူက ပျော်ရွင်နေဟန်မပေါ်ပေ။ သူက အခန်းအတွင်း ဟိုဟိုဒီဒီ လျှောက်နေရင်း စဉ်းစားနေလေသည်။ ထို့နောက် သူက မေးလိုက်၏ “မိစ္ဆာဝေဟင်မျှော်နန်းကရော အခုအခြေအနေ ဘယ်လိုလဲ”

သူက တစ်ကမ္ဘာလုံးကို အုပ်စိုးနိုင်လျှင်ပင် အရေးမကြီးတော့ပေ။ ပွင့်ချပ်ကိုးလွှာအဆင့် ပေါ်ထွက်လာမှုက သူ့အစီအစဉ်များအား ကမောက်ကမ ဖြစ်သွားစေသည်။

ဟွားချုံးယန်က ပြောလိုက်သည်။

“ ဂိုဏ်းကြီးခုနှစ်ဂိုဏ်း တိုက်ခိုက်မှုက ကျရှုံးသွားတယ်လို့ အတည်ပြုထားပြီးပါပြီ။ ရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအရံလည်း ပြန်ကောင်းသွားပါပြီ။ ကြည့်ရတာ ပွင့်ချပ်ကိုးလွှာက ကျွန်တော်တို့ ထင်ထားတာထက် ပိုအားကောင်းပုံပဲ … ”

“ …” ယွီကျန့်ဟိုင်က သူ့ရှစ်စွင်း အားကောင်းလာသည့်အတွက် မကျေနပ်ပေ။ အကယ်၍ တစ်ခုခုရှိပါက စိတ်ပျက်ခြင်းသာ ရှိလိမ့်မည်။

သူက တော်ဝင်မိသားစုကို ဘယ်လိုရင်ဆိုင်ရတော့မှာလဲ …

သူက တာ့ယန်ရဲ့ စီရင်စုကိုးခုထဲ ပုန်းအောင်းနေနိုင်ပေမဲ့ သူက တာ့ယန်ကို အုပ်စိုးချင်ရင် တော်ဝင်မိသားစုကို အနှေးနဲ့အမြန် တိုက်လာရမှာပဲ …

သူ့ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့်ဖြင့် သူ့အား ပြဿနာလာရှာခဲ့လျှင် ဘယ်လိုလုပ်ရမည်နည်း။ သူ့အနေနှင့် တကယ်ကို မသိတော့ပေ။

ဟွားချုံးယန်က ယွီကျန့်ဟိုင်၏ အတွေးများကို နားလည်သည့်အလား ပြောလိုက်သည်။

“ ဂိုဏ်းချုပ် … လျန့်စီရင်စုက ကျွန်တော်တို့ထိန်းချုပ်မှုအောက် ရောက်နေပြီဆိုတော့ ချင် ဒါမှမဟုတ် ယန် စီရင်စုထဲ ပုန်းအောင်းနေရင်ရော … ”

လျန့်စီရင်စုရှိ အခြေအနေက တည်ငြိမ်သွားသည့်အခါ ယွီကျန့်ဟိုင်သာ ဆက်နေနေပါက သူ့တည်နေရာအကြောင်း အလွယ်တကူ ပေါက်ကြားသွားနိုင်သည်။

ယွီကျန့်ဟိုင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက စဉ်းစားမနေတော့ဘဲ ခက်ထန်စွာဖြင့် ပြောလိုက်သည်။

“ငါက ပုန်းနေရမှာလား ”

အကြီးဆုံး မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ပုန်းဖို့ လိုလို့လား …

ဟွားချုံးယန်က တစ်ခုခု မှားပြောမိကြောင်း သဘောပေါက်သွားလေသည်။ သူက ဦးညွှတ်လိုက်ပြီး “အကြံပြုချက်တစ်ခုပါပဲ … ”

“တာ့ယန်ရဲ့ စီရင်စုကိုးခုထဲ အံ့ဖွယ်မြို့တော်ကလွဲရင် ကျန်တာတွေကို ငရဲဂိုဏ်းက ထိန်းချုပ်နိုင်လာမှာပါ။ အခု အုပ်စိုးဖို့ ပိုခက်ခဲတဲ့ နေရာက ဘယ်နေရာလဲ” ယွီကျန့်ဟိုင်က မေးလိုက်သည်။

“ကျင့်စီရင်စုပါ။ မြေအနေအထားက စိတ်မချရဘူး။ တောင်တန်းတွေ၊ သစ်ပင်တွေ ထူထပ်လွန်းတယ်။ ပြီးတော့ အစီအရင်နဲ့ပါ ကာကွယ်ထားတော့ တိုက်ခိုက်ဖို့ မဟုတ်ဘဲ ခုခံဖို့ နေရာကောင်းပဲ” ဟွားချုံးယန်က ပြောလာသည်။

ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်သည်။

“ဒီလိုဆိုရင် ငါ ကျင့်စီရင်စုကို ငါကိုယ်တိုင် သွားကြည့်မယ်”

“ဂိုဏ်းချုပ် အရမ်းကောင်းတယ်။ ဂိုဏ်းချုပ်သာ ပါလာရင် ကျွန်တော်တို့ ကျင့်စီရင်စုကို မအုပ်စိုးနိုင်စရာအကြောင်း မရှိတော့ဘူး။ ကျွန်တော် ပဲ့ထိန်းပြီးတော့ ကိုယ်တိုင် ကျင့်စီရင်စုကို လိုက်ပို့ပေးပါ့မယ်” ဟွားချုံးယန်က ပြောလိုက်သည်။

“ အစ်ကိုချုံးယန်က အခုတလော ပင်ပန်းနေတာဆိုတော့ ကျွန်တော်ပဲ သွားလိုက်ပါ့မယ်” ပိုင်ယွီချင်းက ဝင်ပြောလိုက်သည်။

“နှစ်ယောက်လုံး ပင်ပန်းနေကြပုံပဲ။ ကျွန်တော်ပဲ လုပ်လိုက်မယ်” တိချင်းက ပြောလိုက်သည်။

“မဟုတ်သေးဘူး … သုံးယောက်လုံးက ကျွန်တော်ထက် ပင်ပန်းထားကြတာ။ ကျွန်တော်က အငယ်ဆုံးဆိုတော့ ကျွန်တော်ပဲ ပဲ့ထိန်းတာ အသင့်တော်ဆုံးပါ” ယန်ယန်းက ဝင်ပြောလိုက်သည်။

ယွီကျန့်ဟိုင်က သူ့လူလေးယောက်အား ကြည့်လိုက်ပြီးနောက် ပြောလိုက်သည် “ဟွားချုံးယန်က ငါနဲ့ လိုက်ခဲ့။ ကျန်တဲ့လူတွေက ဒီမှာဆက်နေပြီးတော့ မော့မြို့ကို ကာကွယ်ထားလိုက်ကြ။ တကယ်လို့ ရို့လီဘက်က ကျင့်ကြံသူ မြင်တာနဲ့ သူ ငြိမ်းချမ်းမှု ‌တောင်းဆိုဆို၊ သက်ညှာဖို့ အသနားခံခံ တန်းသတ်လိုက် ”

“ဂိုဏ်းချုပ်အမိန့်အတိုင်းပါ” ပိုင်ယွီချင်း၊ တိချင်းနှင့် ယန်ယန်းတို့က တစ်ပြိုင်နက် ပြောလိုက်ကြသည်။

ဟွားချုံးယန်က ထိုစီစဉ်မှုကို အနည်းငယ် စိတ်အေးသွားဟန်ပေါ်သည်။ သူက ဦးညွှတ်ကာ “ ဒီလိုဆိုရင် ကျွန်တော် လိုအပ်တာတွေ ပြင်ဆင်ထားလိုက်ပါ့မယ် ”

“အဲလိုလုပ်ဖို့ မလိုဘူး”

“ဂိုဏ်းချုပ်က ဘာကိုပြောချင်တာလဲ”

“ငါတို့တွေ အခုသွားကြမယ်” ယွီကျန့်ဟိုင်က ကျင့်စီရင်စုဘက်အား လှမ်းကြည့်လိုက်သည်။

“နားလည်ပါပြီ ”

…………….…

မိစ္ဆာဝေဟင်မျှော်နန်းအတွင်း အရှေ့ဘက်မျှော်နန်းဆောင်၌

နှစ်ရက်တာအနားယူပြီးသည့်နောက်တွင် လုကျိုး၏ စိတ်အခြေအနေက အနည်းငယ် ပြန်ကောင်းလာပြီ ဖြစ်၏။ ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ်စွမ်းအားလည်း ပြန်လည် ပြည့်ဝလာလေပြီ။ ထိုစဉ် သူက ကုသိုလ်ရမှတ် ၁၅၀၀ ရရှိသည့်အတွက် အံ့အားသင့်သွားလေ၏။

ယွီရှန်းရုန်က တစ်ယောက်ယောက်ကို ထပ်သတ်ခဲ့တာလား … ဒါမှမဟုတ် မင်ရှစ်ရင်လား

နွေဦးစံအိမ်မှာ ရှိစဉ်အခါက မင်ရှစ်ရင်သည် ပွင့်ချပ်သုံးလွှာအဆင့်ဖြင့် ပွင့်ချပ်ငါးလွှာကို သတ်နိုင်ခဲ့လေသည်။ လုကျိုးက တစ်ယောက်ယောက်သည် သူ့ထက် ပွင့်ချပ်နှစ်လွှာ ပိုမြင့်နေသည့် ကျင့်ကြံသူအား သတ်နိုင်လိမ့်မည်ဟု မယုံပေ။ မင်ရှစ်ရင်က သူ့စွမ်းအား အစစ်အမှန်ကို ဖုံးကွယ်ထားသည်မှာ သိသာလှသည်။ မည်သို့ပင်ဆိုစေကာမူ လုကျိုးက ထိုအရာမှ အကျိုးမြတ် ရသွားလေသည်။

လုကျိုးက စနစ်ကို ခေါ်ကာ သူ့ကုသိုလ်ရမှတ်များအား စစ်ဆေးကြည့်လိုက်သည်။

ကုသိုလ်ရမှတ် - 102 300 အမှတ်

သူက ထိုတိုက်ပွဲမှ ကုသိုလ်ရမှတ် ခြောက်သောင်းကျော် ရရှိလိုက်သည်။ သူ အတိတ်တုန်းက ရခဲ့သည်နှင့် ယှဉ်လိုက်လျှင် ချက်ကောင်း ဖြစ်၏။

လုကျိုးက အမြဲတမ်းလိုလို စိတ်ဝိညာဉ်သဏ္ဌာန် ဝယ်ယူဖို့ အလျှင်မလိုပေ။ ထို့အစား သူက ကံစမ်းမဲကို စမ်းကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည်။ ကံစမ်းမဲ ဆယ်ကြိမ်ဆက်တိုက် စမ်းပြီးသည့်နောက်တွင် ကျေးဇူးတင်ပါသည် ဟူသော စာသားဆယ်ကြိမ် ထွက်ပေါ်လာသည်။ သူ့အနေနှင့် ဆုလာဘ်ရနိုင်ခြေက ယခင်ထက် ပိုနည်းပါးသွားကြောင်း သိလိုက်၏။

သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို တစ်ခါသာ ရဖူးကြောင်း အမှတ်ရသွားသည်။ ထိုစဉ်ကတည်းက ပစ္စည်းကောင်းကောင်းရလေ့ မရှိတော့ပေ။

လုကျိုးက ခဏတာ စဉ်းစားပြီးသည့်နောက်တွင် ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်အား ဝယ်ယူလိုက်လေ၏။

“တင်း ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ဝယ်ယူခဲ့တဲ့အတွက် ကုသိုလ်ရမှတ် တစ်သိန်း ကျသင့်ပါမယ်”

“တင်း … ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် ရရှိပါပြီ။ ပွင့်ချပ်တစ်လွှာ အခုချက်ချင်း ထွက်ပေါ်လာနိုင်ပါတယ် ”

All Chapters