← Chapters

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁) စစ်မှန်သောပွင့်ချပ် နတ်ဝိညာဉ်ဝဋ်ကြွေးချေ

လုကျိုးသည် သူ့ကုသိုလ်မှတ်များ၏မျှခြေသည် တစ်သိန်းကနေ ထောင့်ရှစ်ရာအထိ ကျသွားတာကို မြင်ပြီး သူရင်နာလာ၏။ ထိုအခိုက်အတန့်တွင် သူ၏စိတ်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသော အကြံတစ်ခုက ပေါ်လာသည်။ ဂိုဏ်းကြီးခုနစ်ဂိုဏ်းထပ်ပေါ်လာပြီး တောင်ပေါ်ကို ထပ်တိုက်ခိုက်လာလျှင် မည်မျှကောင်းမည်နည်း ... သူက အမြန်ခေါင်းခါလိုက်၏။ ထိုအကြံဉာဏ် ခေါင်းထဲပေါ်လာသည်နှင့် သူက မြန်မြန်ဖယ်ရှားလိုက်တော့သည်။ သူတို့ထပ်ပေါ်လာပါက သူတို့ကို ဖယ်ရှားရန်သူတို့၌ နည်းလမ်းမရှိပေ။ သူ၏ထူးကဲစွမ်းအားက အပြည့်အဝတောင် ပြန်မဖြည့်တင်းရသေးပေ။ သူ တိုက်ခိုက်ရမည်ဆိုလျှင် ယခုအချိန်၌ လောင်ပါ့ကျူးဟုန်ကုန်းကိုတောင် အနိုင်ယူနိုင်မည်မဟုတ်ပေ။

လုကျိုးသည် ဂိုဏ်းခုနစ်ဂိုဏ်းရှေ့၌ သူ၏ပွင့်ချပ်ကိုးလွှာရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်ကို ပြသခဲ့၏။ ဦးနှောက်ရှိသည့်လူတိုင်းက သူတို့လုံလောက်အောင် အစွမ်းမထက်ခင် မိစ္ဆာဝေဟင်မျှော်နန်းကို အဆင်အခြင်မဲ့စွာ ရန်လာစမှာမဟုတ်ပေ။

ဒါ ဝတ်ဆင်မယ် ... လုကျိုးက သူ့ဖာသာသူ တွေးလိုက်၏။

ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်သည် ကြယ်အလင်းစက်များအဖြစ် ပျော်ဝင်သွားပြီးနောက် သူ့နားတဝိုက် ရစ်ပတ်နေကာ သူ၏ခန္ဓာကိုယ်ထဲ လျင်မြန်စွာ ပေါင်းစည်းသွားတော့သည်။ သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ထဲ စွမ်းအားများ ရုတ်တရက် ဝင်လာတာကို ခံစားမိလိုက်၏။ သူ၏အားနည်းသော စွမ်းအင်ဗဟိုချက်၏ချီပင်လယ်သည် ထိုစွမ်းအင်ဒီရေလှိုင်းကြောင့် စွမ်းအားများ ပြည့်လာတော့သည်။ မကြာမီ၌ သူ၏ ဆယ်ကမ္ဘာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် အစားထိုးသွားတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်မိ၏။

ထိုစဉ် အရှေ့ဖက်မျှော်နန်းနားတဝိုက် ကနဦးချီများ ဝေ့တက်လာ၏။

မိစ္ဆာဝေဟင်မျှော်နန်းရှိ ကျန်သည့်သူများကလည်း ထိုထူးဆန်းသည့် အဟန့်အတားကို အာရုံခံမိသည်။

တောင်ဖက်မျှော်နန်းတွင် ဖြစ်သည်။

သစ်သားကုလားထိုင်ပေါ်တွင်ထိုင်လျက် နေပူဆာလှုံနေသော ဖန်လီထန်းသည် လန်လော့ ဝါကြွားပြောဆိုနေတာကို နားထောင်နေ၏။ သူက ခေါင်းခါကာ ပြောလိုက်တော့သည်။

“ငါ့မျက်စိနဲ့ကိုယ်တိုင် မမြင်ခဲ့ဘူးဆိုပေမဲ့ အဲဒီညက တိုက်ခိုက်သံတွေကို ငါ ရှင်းရှင်းလင်းလင်း ကြားရတယ်။ မင်းပြောတာ ယုံတယ်”

လန်လော့က ရယ်မောလျက် ပြောလိုက်သည်။

“လောင်ဖန် ... ငါ့ကိုယုံတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ငါ မင်းကို ချဲ့ကားပြောနေတာမဟုတ်ဘူး။ အဘိုးကြီး ... ဒီလိုမြင်ကွင်းကို မင်း မျက်မြင် မတွေ့လိုက်တာ နောင်တမရဘူးလား”

ဖန်လီထန်းက သူနှင့်မတူ ပြန်မပြောပေ။ အမှန်အတိုင်းဆိုရလျှင် အဲ့နေ့ညက ဖန်ကျုံးသည် သူမြင်ခဲ့ရသည့် ထူးဆန်းသောအရာများအကြောင်း သူ့ကိုပြောပြခဲ့ဖူး၏။ ပွင့်ချပ်ကိုးလွှာ သိုင်းပညာရှင် တိုက်ခိုက်တာကို မမြင်ချင်သည့်သူမရှိပေ။ သူက ပြန်လည်ကုစားနေရလေရာ ပွင့်ချပ်ကိုးလွှာမျှော်နန်းသခင်ကို မြင်တွေ့ရန် အခွင့်အရေးကို ဆုံးရှုံးခဲ့၏။ သူက အရှေ့ဖက်မျှော်နန်းဆီသို့ တန်းသွားပြီး မျှော်နန်းသခင်ကို သူ့အတွက် သရုပ်ပြရန် တောင်းဆိုနိုင်မည်လော။ မဖြစ်နိုင်ပေ။

လန်လော့က ပြောလိုက်၏။

"မဟာအကန့်အသတ်ရဲ့အမှန်တရားက ပြိုကွဲသွားတဲ့ပုံပဲ။ ဒီလိုဖြစ်တဲ့အချိန် ငါ ဒီနေရာမှာ နေနေမိတာ ငါ့ကိုယ်ငါ ကံကောင်းတယ်လို့တွေးမိတယ်”

“ငါကောပဲ” ဖန်လီထန်းက သက်ပြင်းချပြီးပြောလိုက်သည်။ “ငါ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာနေပြီး ငါ့ဘဝရဲ့လက်ကျန်နေ့ရက်တွေကို သာမန်ဘဝနဲ့ နေရမယ်လို့ထင်နေတာ။ ဒါမျိုးနေ့ကို တွေ့မိတော့ စိတ်ဝင်စားစရာ ဖြစ်လာရောပဲ”

သူတို့နှစ်ယောက် ပြောနေစဉ်၌ အရှေ့ဖက်မျှော်နန်းကနေပြင်းထန်သည့် အနှောင့်အယှက်က နောက်ဆုံးတွင် သူတို့ဆီရောက်လာသည်။

လန်လော့နှင့် ဖန်လီထန်းက တစ်ပြိုင်နက်တည်းကြည့်ပြီး မအံ့ဩသွားကြပေ။ ဤနေရာတွင် ထူးဆန်းသော အနှောင့်အယှက်ကို သူတို့အသားကျနေကြပြီးဖြစ်သည်။

“မျှော်နန်းသခင်က ကျင့်စဉ်သစ်တချို့ကို ကြိုးစားနေပြန်ပြီ” ဖန်လီထန်းက ခေါင်းခါလိုက်၏။

“ဖြစ်နိုင်တာက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရအောင်ကြိုးပမ်းတဲ့နည်းလမ်းအမှန်က မျှော်နန်းသခင်ရဲ့ လက်ထဲမှာရှိလောက်တယ်”

သူတို့မျက်လုံးများ တောက်ပလာ၏။ သူတို့နှစ်ယောက်လုံးသည် ပွင့်ချပ်ရှစ်လွှာအကျော်အမော်များ ဖြစ်သည်။ သူတို့က ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်အောင် ကြိုးပမ်းဖို့ မတွေးခဲ့ဖူးပေ။ ပွင့်ချပ်ရှစ်လွှာ အဆင့်ဟူသည် ကျင့်ကြံသူများအားလုံးအတွက် အမြင့်ဆုံးဟု တွေးထင်ခဲ့၏။ ယခု ပွင့်ချပ်ကိုးလွှာ အဆင့်ကို ရအောင် ကြိုးပမ်းနိုင်ကြောင်း သက်သေပြသွားလေရာ သူတို့ မည်ကဲ့သို့ လျစ်လျူရှုနိုင်မည်နည်း။

သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ကာ တိတ်တဆိတ် နားလည်စွာ ခေါင်းညိတ်လိုက်၏။

ထိုစဉ် လုကျိုးက လက်ဝါးတစ်ဖက်မြှောက်လိုက်၏။ ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ကမူ သူ၏လက်ဖဝါးပေါ်၌ ပေါ်လာသည်။ သူ ယင်းကိုတွေ့ကြုံပြီးသားဖြစ်၏။ စိတ်ဝိညာဉ်သဏ္ဌာန်ကို လက်သီးဆုပ်နှစ်ဆုပ်စာ အရွယ်အစားခန့်ထိ ကျုံ့လိုက်၏။ ယင်းက စွမ်းအင်များစွာ လိုအပ်သည့် လုပ်ဆောင်ချက်ပဲ ဖြစ်သည်။ ယင်းက သူ၏ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ဖြစ်သည်။ ၎င်းက ရွှေကြာပေါ်တွင် ရပ်နေလေ၏။ သို့သော်ငြား ပွင့်ချပ်မရှိပေ။

လုကျိုးက ၎င်းကိုကောင်းကောင်းမကြည့်မိပါက အဆင့်နိမ့် စိတ်ဝိညာဉ်သဏ္ဌာန်ဟုသာ တွေးမိလောက်သည်။ လုကျိုးက လက်ဖဝါးကို မြှောက်လိုက်ပြီး သူ့မျက်နှာနှင့် စိတ်ဝိညာဉ်သဏ္ဌာန်ကို တတန်းတည်း ထားလိုက်၏။ စိတ်ဝိညာဉ်သဏ္ဌာန်၏ အောက်ရှိရွှေကြာက လည်နေသည်။ နောက်တစ်ဆင့်က ပွင့်ချပ်သစ်များဖူးပွင့်အောင် ပြုလုပ်ရမှာပဲဖြစ်သည်။

လုကျိုးသည် သူ၏လက်ရှိနတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်၏ ကျင့်ကြံဆင့်ကို တိတ်တဆိတ် စစ်ဆေးလိုက်သည်။ သူအလိုရှိလျှင် ပွင့်ချပ်များ ပေါက်အောင် လုပ်နိုင်သည်။ ထို့ကြောင့် သူက ကနဦးချီကို လှည့်ပတ်လျက် ၎င်းတို့ကို စိတ်ဝိညာဉ်သဏ္ဌာန်ထဲ ပို့လိုက်သည်။

ရွှေရောင်အလင်းကွင်းများက စိတ်ဝိညာဉ်သဏ္ဌာန်နား ပေါ်လာပြီး တစ်လွှာပြီးတစ်လွှာအောက်သို့ ဆင်းသွား၏။

သူတို့စွမ်းအားတို့သည် ရောင်ခြည်ဖြာနေသောကွင်းများနှင့်အတူ အောက်သို့စုန်ဆင်းသွား၏။ ယင်းက ပိုတောက်ပလာလေသည်။

အရှေ့ဖက်မျှော်နန်းအတွင်းရှိ ကနဦးချီ၏ ဝေ့တက်လာမှုသည် ဘယ်တော့မှမရပ်တန့်သွားပေ။ ထိုအခိုက်အတန့်တွင် ကျူးဟုန်ကုန်းနှင့် ကျောင်းယွဲ့က အရှေ့ဖက်မျှော်နန်းဆီ ဝင်လာ၏။

“နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်လား ပွင့်ချပ်တွေ ပေါ်လာတာလား”

“မဖြစ်နိုင်တာ .... ပွင့်ချပ်ဆယ်လွှာအဆင့်လား” ကျူးဟုန်ကုန်းက အထိတ်တလန့် ထခုန်လိုက်၏။

“ဒါက ပွင့်ချပ်တစ်လွှာရဲ့စွမ်းအားပဲ” ကျောင်းယွဲ့ကလည်း သူမဖာသာပွင့်ချပ်များ ပေါ်ပေါက်လာအောင် ကြိုးပမ်းနေတာဖြစ်သည်။ ထို့ကြောင့် စွမ်းအင်နှင့်အရှိန်အဝါဖြစ်စဉ်ကို သူမ အလွန်ရင်းနှီး၏။

“ကျွန် ... ကျွန်တော် ယုံမှာမဟုတ်ဘူး။ လာ သွားကြရအောင်” ကျူးဟုန်ကုန်းက ရယ်မောလျက် ကျောင်းယွဲ့ကို အရှေ့ဖက်မျှော်နန်းထဲမှ ဆွဲထုတ်လာ၏။

အရှေ့ဖက်မျှော်နန်းတွင် နေစရာအကြောင်း မရှိတော့ပေ။ သူတို့ရှစ်စွင်းက ကျင့်ကြံနေ၏။ အခုအချိန်တွင် နှောင့်ယှက်မိပါက သူတို့ပြဿနာရှာရာရောက်သွားမည်။

ပွင့်ချပ်တစ်လွှာအဆင့်နှင့် ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ကို ရည်ညွှန်းသော စွမ်းအင်သည် လူအများကို အရူးလုပ်ရန် လှည့်ကွက်တစ်ခုသာ ဖြစ်၏။ ကျူးဟုန်ကုန်းက အရူးလုပ်ခံမှာ မဟုတ်ပေ။

ထိုသို့တွေးမိတာ ကျူးဟုန်ကုန်းတစ်ယောက်တည်း မဟုတ်ပေ။

မိစ္ဆာဝေဟင်မျှော်နန်းထဲရှိလူအားလုံးနီးပါးက အတွေးတူကြ၏။

ဆိုရလျှင် သူတို့က ၎င်းကို အသားကျနေပြီးသားဖြစ်၏။ လုကျိုးက သူတို့ရှေ့တွင် စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်ပြီး ယင်းက ပွင့်ချပ်တစ်လွှာနတ်ဝိညာဉ်ဝဋ်ကြွေးချေ စိတ်ဝိညာဉ်သဏ္ဌာန်ဖြစ်ကြောင်း သူတို့ကို ပြောပင်လျှင် မည်သူကမှ သူ့ကိုယုံမှာလည်းမဟုတ် ... မေးမှာလည်း မဟုတ်ပေ။

လုကျိုးသည် တောက်ပနေသောကွင်းများ အောက်ကျသွားတာကို ကြည့်နေ၏။

ယင်းက တစ်နာရီခန့်ကြာသည်။

နောက်ဆုံးကွင်း အလင်းရောင် မှိန်ဖျော့သွားချိန် လုကျိုးက ရွှေကြာပေါ်၌ ဖွံ့ဖွံ့ဖြိုးဖြိုး တောက်တောက်ပပ ပွင့်ချပ်တစ်ခုကို သူတွေ့လိုက်ရ၏။ သူလုပ်နိုင်ခဲ့သည်။ ပွင့်ချပ်တစ်လွှာပဲ ဆိုသော်ငြား လုကျိုးက အားရပြီး ကျေနပ်နေတော့သည်။ ယခုအချိန်မှစကာ သူသည် စစ်မှန်သည့် ပွင့်ချပ်တစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်လာတော့သည်။ ပွင့်ချပ် ပေါ်ပေါက်လာပြီးနောက် လုကျိုးသည် ကောင်းကင်ကျမ်းစာ စာလိပ်ကို ဆင်ခြင် သုံးသပ်လိုက်တော့၏။

နောက်နေ့မနက်စောစောတွင် လုကျိုးက မျက်လုံးဖွင့်ခါစ၌ အပြင်ဖက်မှ တစ်စုံတစ်ယောက်ခေါ်သံကို ကြားလိုက်ရ၏။

“ရှစ်စွင်း စစ်ရှစ်ရှိုးပြန်လာပါပြီ”

“သူ့ကို ဒီခေါ်လိုက်”

“ဟုတ်”

လုကျိုးသည် လက်နောက်ပစ်ထားလျက် အရှေ့ဖက်မျှော်နန်းကနေ ထွက်လာသည်။ ရွှေနန်းဥယျာဉ်တောင်၏ အရံအတားကို မော့ကြည့်လိုက်၏၊။ အရာအားလုံးက ရှိသင့်ရှိထိုက်သည့်အတိုင်း ဖြစ်နေသည်။ အမှန်တကယ်တွင် ယခင်က အောင်မြင်ကျော်ကြားသော နေ့ရက်များနှင့် ယှဉ်လျှင် ပိုတောင် အစွမ်းထက်နေ၏။ သူသည် အထွတ်အထိပ်အသွင်ကတ်ကို လွဲချော်ခဲ့ပြီးဖြစ်၏။ နောက်ထပ် အထွတ်အထိပ်အသွင်ကတ် ရအောင်မည်သို့ပြုလုပ်ရမည်နည်း။

ထိုစဉ် မင်ရှစ်ရင်က အရှေ့ဖက်မျှော်နန်းဆီဝင်လာပြီး ချက်ချင်းဒူးထောက်လိုက်၏။ ပြီးနောက် မြေပြင်ပေါ်ဦးတိုက်ကာ ပြောလိုက်၏။

"နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”

မင်ရှစ်ရင်က ကျူးဟုန်ကုန်း၏ လမ်းစဉ်ကို လိုက်ပြီး သူ့ကို မျက်နှာချိုသွေးနေတာကို မြင်သောအခါ လုကျိုး မျက်မှောင်ကျုံ့မိသွားသည်။ သူက လက်ဝေ့ယမ်းလျက်ပြောလိုက်တော့၏။

“တော်လောက်ပြီ”

“ရှစ်စွင်းကို တကယ်ကန်တော့ချင်နေတာပါ ... မတတ်နိုင်ဘူး။ ရှစ်စွင်းရဲ့ပွင့်ချပ်ကိုးလွှာအဆင့်ကို မအံ့ဩတဲ့သူ မရှိဘူးလေ” မင်ရှစ်ရင်ကပြောလိုက်၏။

“မင်း ပြီးပြီလား” လုကျိုးက မင်ရှစ်ရင်ကိုကြည့်လိုက်သည်။ သူ့စတုတ္ထတပည့်၏စိတ်ထဲ ဘာတွေတွေးနေမှန်း သူသိချင်သည်။ မင်ရှစ်ရင်က သူ့ကို မျက်နှာချိုသွေးရန် အချိန်ရှိလျှင် ထိုသို့ လုပ်မည့်အစား သူကျင့်ကြံနေသင့်၏။

မင်ရှစ်ရင်က ခေါင်းခါပြီး ဆက်မပြောရဲတော့ပေ။ သူသည် ပါ့ရှစ်တိကိုတုပရန်ကြိုးစားခဲ့သော်ငြား အရူးတစ်ယောက်အဖြစ်သာ အဆုံးသတ်သွား၏။ သူ၏ရှစ်စွင်းသည် ပါ့ရှစ်တိ ထိုသို့ပြုလုပ်ချိန်တွင် မနှစ်မြို့တာမျိုး အဘယ်ကြောင့် မဖြစ်ရသနည်း။

“ပြီးခဲ့တဲ့ရက်တွေထဲ မင်းဘယ်ရောက်နေလဲ” လုကျိုးက မေးလိုက်၏။

မင်ရှစ်ရင်သည် သူ ဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲ ဖောက်ဝင်ခဲ့ပြီး သူ ဖုန်းချင်းဟယ်နောက်လိုက်ကာ သူ့ကို သတ်ခဲ့ပုံကို အမြန်ရှင်းပြလိုက်၏။

လုကျိုးသည် ထိုစကားကို ကြားသောအခါ သူက ဇဝေဇဝါဖြင့် မေးလိုက်သည်။

“မင်းက ဖုန်းချင်းဟယ်ကို သတ်ခဲ့တာလား”

“ကျွန်တော် ကံကောင်းသွားလို့ပါ။ ဖုန်းချင်းဟယ်က ချီပင်လယ်ကို လောင်ကျွမ်းအောင်လုပ်ပြီး သေခါနီးနေပြီလေ။ သူ့ရဲ့စွမ်းအင်ဗဟိုချက်ရဲ့ချီပင်လယ်ကို ချိတ်ပိတ်ထားပြီး တောအုပ်ထဲ သွားနေတာ ဒါပေမဲ့ သူ့ကိုကျွန်တော်ရှာတွေ့တဲ့အချိန် ရှစ်စွင်းကြောင့် သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရနေပြီးပြီ။ ဒါကြောင့် ကျွန်တော် သူ့ကိုဖြေရှင်းလိုက်နိုင်တာပါ” မင်ရှစ်ရင်က ရှင်းပြ၏။

ထိုညကတိုက်ပွဲသည် သိပ်ကိုပရမ်းပတာဖြစ်လွန်း၏။ လွတ်ထွက်သွားသည့်သူများရှိနေတာ သဘာဝကျသည်။ သို့သော် လုကျိုးက ဖုန်းချင်းဟယ်ထွက်ပြေးသွားနိုင်မည်ဟုမထင်ထားပေ။ သူ၏ ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် သူသည် အနည်းငယ်အစွမ်းထက်သော ကနဦးချီအတက်အကျကို အာရုံမခံခဲ့မိပေ။ သူ ဝန်ခံရမည်။ ဖုန်းချင်းဟယ်က အမှန်တကယ် ကောက်ကျစ်လှပေ၏။

ရောက်လာသည့် ရှောင်ယွမ်အာကလည်း ဝင်ပြောလိုက်သည်။

“စစ်ရှစ်ရှိုး သူ့နောက် ဘယ်လို လိုက်ခဲ့တာလဲ။ သူ ဗျူဟာတွေကို သုံးခဲ့တာလား”

မင်ရှစ်ရင် ”...” သူက လည်ချောင်းရှင်းလျက် တည်တင်းသောမျက်နှာထားဖြင့် ဆက်ပြောသည်။

“အသေးစိတ် မတွေးကြရအောင်”

မင်ရှစ်ရင်က ဖုန်းချင်းဟယ် နောက်လိုက်ပြီး ဖုန်းချင်းဟယ်ကို သတ်ရန် မည်သည့်နည်းလမ်း သုံးခဲ့စေကာမူ သူသည် မိစ္ဆာဝေဟင်မျှော်နန်းအတွက် အကျိုးထူးဆောင်ခဲ့သည်ဆိုတာကို သံသယဖြစ်ဖွယ် မရှိပေ။ လုကျိုးသည် အသေးအမွှားဟာကွက်လေးများကို သေချာပေါက် ဗွေမယူပေ။ သူက မင်ရှစ်ရင်ကို ချီးကျူး၏။

“မင်း လုပ်ခဲ့တာကောင်းတယ်”

“ကြင်နာတဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ် ရှစ်စွင်း။ သတင်းပို့စရာရှိပါသေးတယ်”

မင်ရှစ်ရင်က ပြောလိုက်၏။

“ပြောလိုက်”

“ဖုန်းချင်းဟယ်ကို သတ်ပြီးတဲ့နောက် ကျွန်တော်အဘွားအိုတစ်ယောက်နဲ့တွေ့ခဲ့တယ်” မင်ရှစ်ရင်သည် တောင်ကြား၌ သူတွေ့ခဲ့သည့် အဘွားအို၏ ပုံပန်းသွင်ပြင်ကို ဖော်ပြပြီး သူ သိသမျှ အရာအားလုံးကို လုကျိုးအား ပြောပြခဲ့၏။ သူ၏ အတွေ့အကြုံများကို ပြန်ပြောပြပြီးနောက် သူကပြောလိုက်သည်။

"အဲဒီအဘွားကြီးက ဖုန်းချင်းဟယ်ကို ကူညီပေးနေတဲ့သူ။ သူက ကျွန်တော့်ကို သတ်ချင်နေတာ။ ဒါပေမဲ့ ဖြစ်ချင်တော့ ကျွန်တော်က ရှစ်စွင်းရဲ့ ကြီးမြတ်လှတဲ့အမည်ကို ထုတ်ပြောမိတယ်လေ။ သူက ကြောက်လန့်ပြီး ဘာမှမလုပ်နိုင်တော့ဘူး”

မင်ရှစ်ရင်၏ စကားက အနည်းငယ်ချဲ့ကားရာ ရောက်သော်ငြား ထိုအဘွားအို၏ပုံပန်းသွင်ပြင်ကို သူဖော်ပြခဲ့ပုံနှင့် တန်ဖိုးကြီးကောင်းကင်စွမ်းအင်ကို ထိန်းချုပ်ခဲ့သည့်စွမ်းရည်၊ ဖုန်းချင်းဟယ်ကို ကူညီပေးသူ၊ နက်နဲသော ကျင့်ကြံဆင့် ရှိခြင်းနှင့် သီးခြားနေထိုင်ခြင်းတို့ကို ခြုံကြည့်လျှင် လုကျိုးက သူမသည် တခါတုန်းက ကွန်ဖြူးရှပ်ဂိုဏ်းများကြား၌ နာမည်ကျော်ကြားခဲ့သည့် ကောင်းကင်၏ ဂုဏ်ယူဝင့်ကြွားရသော သမီးပျိုဆိုတာကို ကောက်ချက်ချလိုက်သည်။ လုကျိုးက မုတ်ဆိတ်သပ်လျက် သူမ၏အမည်ကို တည်ငြိမ်စွာ ပြောလိုက်၏။

“ကျော့ယွီရှု”

“ကျော့ယွီရှုက ဘယ်သူလဲ" မင်ရှစ်ရင်က ခေါင်းကုတ်လိုက်၏။

ထိုစဉ် လန်လော့၏အသံက နောက်ကနေ ပေါ်ထွက်လာသည်။

“မင်း သူ့နာမည်ကိုမကြားဘူးတာ သဘာဝကျတယ်။ သူက လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာတုန်းက ကောင်းကင်ကို တုန်လှုပ်စေခဲ့တဲ့ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ ကျင့်ကြံခြင်းပါရမီရှင်ပဲ။ သူက တာ့ယန်ရဲ့ ပထမဆုံးအမျိုးသမီးသူတော်စင် ဖြစ်ဖို့ အမြင့်ဆုံး ဖြစ်နိုင်ခြေ ရှိခဲ့တာလို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်က အမျိုးသမီးတစ်ယောက်ကို သူတို့ သိုင်းပညာတွေ မသင်ပေးခဲ့ဘူး။ ခေါင်းမာတဲ့ ကျော့ယွီရှုက ကွန်ဖြူးရှပ်ဂိုဏ်းနဲ့ အဆက်အသွယ်တွေကို ဖြတ်ခဲ့တယ်”

…

အခန်း(၄၅၂) တတိယနည်းလမ်း

မင်ရှစ်ရင်က ခေါင်းကုတ်လိုက်သည်။ သူက ထိုအမျိုးသမီးအိုကြီး၏ ခက်ထန်သည့် အမူအရာကို အမှတ်ရကာ မာန်စွယ်ကျိုးသွားသလို ခံစားလိုက်ရသည်။ သူမသည် ကွန်ဖြူးရှပ်ဂိုဏ်းများမှ ရုန်းထွက်ဖို့ အတော်လေး စိတ်ပြင်းပြသည်ဟု ထင်ခဲ့မိသည်။ ကိစ္စများက လန်လော့ပြောသည်ထက် ပို၍ ရှုပ်ထွေးဟန်ပေါ်သည်။

သူက နားမလည်စွာ မေးလိုက်၏။

“ သူတို့က အမျိုးသမီးတွေ မဟုတ်ဘဲ အမျိုးသားတွေဆီပဲ လက်ဆင့်ကမ်းပေးတာလား ”

လန်လော့က ရှေ့ထွက်ကာ လုကျိုးထံ လက်နှစ်ဖက်ယှက်လိုက်၏။

လုကျိုးက ခေါင်းညိတ်ပြလိုက်၏။

လန်လော့က မင်ရှစ်ရင်အား ကြည့်လိုက်ကာ ရှင်းပြလိုက်သည်။

“ရှေးခေတ်အချိန်ကတည်းက တိုင်းပြည်တွေက ကမ္ဘာကြီးကို အသိပညာတွေ၊ သိုင်းပညာတွေနဲ့ အုပ်စိုးခဲ့ကြတာ။ ပညာရေးက လက်ဝါးကြီးအုပ်ထားကြတယ်။ တိုင်းသူပြည်သားတွေက ခန္ဓာတည်ဖွဲ့ခြင်း အဆင့်အထိပဲ ကျင့်ကြံနိုင်ကြတယ်။ တကယ်လို့ သူတို့ကံကောင်းရင် စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ် ဒါမှမဟုတ် အသိအာရုံစုစည်းခြင်း နယ်ပယ် အထိ ရောက်နိုင်ကြတယ်။

တကယ်လို့ သူတို့ ဒီထက် မြင့်မားတဲ့ အဆင့်ဆီ ရောက်ချင်ရင် ဂိုဏ်းတစ်ဂိုဏ်းဆီ ဝင်ရောက်ပြီး သူတို့ပါရမီတွေ၊ အားထုတ်မှုတွေနဲ့ လမ်းထွင်ကြရတယ်။ သိုင်းပညာခွန်အားတစ်ခုတည်းက တိုင်းပြည်တစ်ခုရဲ့ ချမ်းသာကြွယ်ဝမှုကို ဆုံးဖြတ်ဖို့ မလုံလောက်သေးဘူး။

အဲဒီအခါ ကျောင်းတော်တွေ ပါဝင်လာတယ်။ ဒါပေမဲ့ ကျောင်းတော်တွေက အမျိုးသားတပည့်တွေကိုပဲ လက်ခံကြတယ်။ ချမ်းသာကြွယ်ဝတဲ့ မိသားစုရဲ့ သမီးတွေက စာသင်ချင်တဲ့အခါ သီးသန့်ဆရာ ငှားရမ်းရတယ်။ ဒီလိုအဖြစ်အပျက်မှာ အမျိုးသားတွေက စံရပြီး အမျိုးသမီးတွေက ခံရတယ်။ အချိန်ကြာလာတော့ ကွန်ဖြူးရှပ်နဲ့ တာအိုဂိုဏ်းတွေ ထွန်းကားလာပြီးတော့ နိုင်ငံရေးရာနဲ့ စစ်မက်ရေးရာမှာ အောင်မြင်မှုတွေ ရလာကြတယ်”

လန်လော့၏ စကားများက လုကျိုး၏ မှတ်ဉာဏ်ထဲမှ အချက်အလက်များနှင့် အတူတူသာ ဖြစ်၏။ သူက ဤလောကကြီးသည် ကမ္ဘာမြေက ရှေးခေတ်အချိန်အခါနှင့် တူညီနေလိမ့်မည်ဟု မထင်ထားခဲ့သော်လည်း တာ့ယန်က အမျိုးသမီးများထက် အမျိုးသားများကို ဦးစားပေးသည်မှာ မဆိုးလှပေ။ ကျင့်ကြံရေးလောကထဲ ဂိုဏ်းများစွာက အမျိုးသမီးများကို လေးစားကြသည် မဟုတ်ပါလော။

“ ဘယ်လိုတောင် ယုတ္တိမရှိတာလဲ” မင်ရှစ်ရင်က ပြန်ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ငါးရာလောက်က ကျော့ယွီရှုက ကျယ်ပြန့်ကောင်းကင်စွမ်းအားကို ရရှိခဲ့တယ်။ ကွန်ဖြူးရှပ်ဂိုဏ်းကနေ ထွက်လာပြီးတော့ သူမက သီးသန့်ကျင့်ကြံဖို့ ထွက်သွားခဲ့တယ်။ အဲဒီနောက် သူမ ဘာဆက်ဖြစ်သွားလဲ ဘယ်သူမှ မသိကြတော့ဘူး” လန်လော့၏ လေသံအရ သူမလိုမျိုး ပညာရှင်ကို လေးစားနေမှန်း သိသာလှသည်။

မင်ရှစ်ရင်က ပြောလိုက်သည်။

“ အဲဆို သူမ ရောက်လာတဲ့အခါ ဘာဖြစ်ခဲ့လဲဆိုတာ မေးလို့ရတယ်မလား ”

“သူမက ဒီလာမှာလား” လန်လော့က အံ့ဩသွားမှန်း သိသာလှသည်။

“ဟုတ်တယ် … သူမက ကျန့်ချိုက်အဖွဲ့ခွဲ ခေါင်းဆောင် ဖုန်းချင်းဟယ်အတွက် ရပ်တည်ပေးချင်တယ်တဲ့လေ” မင်ရှစ်ရင်က ပြန်ဖြေလိုက်သည်။

အကယ်၍ အတိတ်မှာသာ ဖြစ်ပါက လန်လော့သည် ကျော့ယွီရှုက ဖုန်းချင်းဟယ်ကိုယ်စား လာရောက်တိုက်ခိုက်မည် ဖြစ်ကြောင်း ကြားခဲ့ရလျှင် မျှော်နန်းသခင်ကိုယ်စား စိုးရိမ်မိလိမ့်မည်။ သို့သော်လည်း ယခုတွင် သူက မျှော်နန်းသခင်သည် ပွင့်ချပ်ကိုးလွှာအဆင့် ဖြစ်ကြောင်း သိထားလေ၏။ ကျော့ယွီရှုက မျှော်နန်းသခင်အတွက် ပြိုင်ဘက် မည်သို့ဖြစ်မည်နည်း။

ထို့ကြောင့် သူက ပြောလိုက်သည်။ “ သူမက ကိုယ့်ဘာသာ အထင်ကြီးနေတာပဲ ”

လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်ကာ “ ဒီကိစ္စကို ဒီအတိုင်း ထားလိုက်ကြတာပေါ့ … အကြီးအကဲလန်က ဘယ်လိုလုပ် ဒီရောက်လာတာလဲ”

လန်လော့က ဦးညွှတ်လိုက်ကာ “ မျှော်နန်းသခင်ဆီ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နိုင်မဲ့ နည်းလမ်းအကြောင်း လာမေးတာပါ ”

“…”

နောက်ဆုံးတော့ အချိန်ကျလာလေပြီ။ လုကျိုးက ထိုအရာကို ယခင်ကတည်းက တွေးခဲ့ဖူး၍ မေးလိုက်သည်။

“ မင်းရော ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ချင်တာလား ”

လန်လော့က ပြောလိုက်သည်။ “တံခါးက ကျုပ်ရှေ့တည့်တည့်မှာ ရောက်နေပြီလေ။ တကယ်လို့ ကျုပ် ချောင်းကြည့်ပြီး မဖွင့်လိုက်ရရင် နောင်တအကြီးကြီး ရရလိမ့်မယ်”

ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူတစ်ဦးအနေနှင့် ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ချင်သည်မှာ အကြောင်းအရင်း မရှိချေ။

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ “လက်ရှိ ကျင့်ကြံရေးလောကမှာ ပျံ့နှံ့နေတဲ့ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နိုင်ဖို့ နည်းလမ်းနှစ်ခု ရှိတယ်။ ပထမတစ်ခုက မင်းရဲ့ ရွှေကြာကို ဖြတ်တောက်လိုက်ပြီး ပွင့်ချပ်တွေ ပြန်ထွက်လာစေဖို့ပဲ။ အဲဒါက လုပ်နိုင်တယ် ”

လန်လော့က လုကျိုးအား ကြည့်လိုက်သည်။

မင်ရှစ်ရင်က သူ့မျက်နှာထက် အံ့အားသင့်သည့် အမူအရာ ပေါ်လာတော့သည်။ သူက ထိုအကြောင်းအား အပြင်ဘက်တွင် လိုက်ဖြန့်ခဲ့စဉ် ရွှေကြာဖြတ်တောက်ထားသူများစွာက အသက်ရှင်ကျန်ခဲ့ကြောင်း သိခဲ့ရသည်။ သို့သော်လည်း ရွှေကြာကို ဖြတ်တောက်ပြီးနောက် ပွင့်ချပ် ပြန်ထွက်လာနိုင်သည့်သူဟူ၍ မကြားခဲ့ပေ။ အကယ်၍ ပွင့်ချပ်သာ ထပ်မံ ထွက်လာနိုင်လျှင် နောင်အနာဂတ်၌ လူအများ ကျင့်ကြံသည့် နည်းလမ်းက အကြီးကြီး ပြောင်းလဲသွားလိမ့်မည်။

သူ့ရှစ်စွင်းက ဘာကြောင့်များ သေချာနေပါ့လိမ့် …

လုကျိုးက ဆက်ပြောလိုက်သည်။ “ဒုတိယနည်းလမ်းက နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်ထဲ တက်လှမ်းတုန်း ရွှေကြာကို မဖွဲ့စည်းဖို့ ရွေးချယ်ခဲ့ရမှာ။ နည်းလမ်းနှစ်ခုလုံးက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်စေနိုင်တယ်။

နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် မရောက်သေးတဲ့လူတွေကတော့ ပထမနည်းလမ်း ဖြစ်ဖြစ်၊ ဒုတိယနည်းလမ်းဖြစ်ဖြစ် ရွေးနိုင်ကြတာပေါ့။ ဒါပေမဲ့ အဲဒီအဆင့်ထဲ ရောက်ပြီးသားသူတွေကတော့ ပထမနည်းလမ်းပဲ ရှိတယ် ”

လန်လော့က မေးလိုက်သည်။ “ မျှော်နန်းသခင်က ပထမနည်းလမ်းကို ရွေးလိုက်တာလား”

သူက မျှော်နန်းသခင်သည် ဘယ်အချိန်တုန်းက ရွှေကြာကို ဖြတ်တောက်လိုက်ပြီး မှတ်တမ်းထဲက ပွင့်ချပ်ကိုးလွှာအဆင့်ကို ဘယ်လိုရောက်သွားကြောင်း သိချင်နေမိသည်။

“ငါက ဘယ်နည်းလမ်းမှ မရွေးလိုက်ဘူး ” လုကျိုးက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

လန်လော့နှင့် မင်ရှစ်ရင်တို့က ခေါင်းရှုပ်သွားကြသည်။ သို့သော်လည်း သူတို့က မေးခွန်း ထပ်မမေးရဲကြတော့ပေ။

လုကျိုးက ဆက်ပြောလိုက်သည်။

“ မင်းတို့အားလုံးက ရွှေကြာ ပိုင်ဆိုင်ထားပြီးပြီဆိုတော့ ပထမနည်းလမ်းပဲ ကျန်တော့တယ် ”

လန်လော့က တုန်လှုပ်သွားလေသည်။ ကြည့်ရသည်မှာ သူ့ရွှေကြာကို ဖြတ်တောက်လိုက်ခြင်းက သူ့အတွက် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ပုံပေါ်သည်။ သို့သော်လည်း ပြဿနာကား အသက်ရှင်ကျန်ဖို့ ဖြစ်၏။ သူက ဦးညွှတ်ကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“မျှော်နန်းသခင် အကြံပေးပါဦး ”

ဂိုဏ်းအားလုံးတွင် လန်လော့ လက်ရှိ မေးလိုက်သည့် ကျင့်စဉ်အကြောင်း သို့မဟုတ် လျှို့ဝှက်နည်းစနစ်များအကြောင်း မေးမြန်းဖို့ တားမြစ်လေသည်။ ထို့အပြင် ပွင့်ချပ်ကိုးလွှာအဆင့်က အားလုံး အလိုရှိနေသည့်အရာ ဖြစ်၏။ လန်လော့က ထိုပြောစရာမလိုသည့် စည်းမျဉ်းအကြောင်း သေချာသိထားလေသည်။ ထို့ကြောင့် သူက စကားများကို သတိထားသုံးနေခြင်း ဖြစ်၏။ သူက ထပ်ပြောလိုက်သည်။

“ ကျုပ်က မျှော်နန်းသခင်ရဲ့ စွမ်းအား ဒါမှမဟုတ် နေရာကို မတပ်မက်ပါဘူး။ တကယ်လို့ မျှော်နန်းသခင်သာ နည်းလမ်းကို မပြောပြချင်ဘူးဆိုရင် ကျုပ် ဒီအကြောင်းကို ဆက်မပြောတော့ပါဘူး ”

လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။

“ အဲဒါက ဘာမှမဟုတ်ပါဘူး။ ရွှေကြာကို ဖြတ်တောက်လိုက်တာက အစပဲရှိသေးတယ်။ နောင်အနာဂတ်မှာ ပြီးပြည့်စုံတဲ့ နည်းလမ်း ပေါ်ထွက်လာလိမ့်မယ်လို့ ယုံတယ် ”

လန်လော့နှင့် မင်ရှစ်ရင်တို့က လုကျိုး စကားကို ကြားသည့်အခါ အားတက်လာကြသည်။

မင်ရှစ်ရင်က ပြောလိုက်၏။

“ ဒီလိုဆိုရင် ကျွန်တော် ရွှေကြာကို ချက်ချင်း ဖြတ်တောက်လိုက်သင့်တာပေါ့။ ပွင့်ချပ်ရှစ်လွှာအထိ စောင့်ဆိုင်းနေရရင် နှမြောစရာပဲ”

ပွင့်ချပ်ရှစ်လွှာအဆင့်တွင် ရွှေကြာကို ဖြတ်တောက်လိုက်ပြီး ပွင့်ချပ်အသစ်ထွက်လာခြင်းက ယခု ပွင့်ချပ်လေးလွှာအဆင့်တွင် ရွှေကြာ ဖြတ်တောက်လိုက်ခြင်းနှင့် ကွာခြားချက် မရှိပေ။ သူက ရွှေကြာကို အဘယ်ကြောင့် ယခု မဖြတ်တောက်ဘဲ နေရမည်နည်း။

လုကျိုးက ခေါင်းအသာခါကာ “အဲလိုမဟုတ်သေးဘူး။ ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်ထားတဲ့သူတွေကသာ သူတို့ရဲ့ ကျင့်စဉ်နဲ့ ကျင့်ကြံရေးနည်းစနစ်အပေါ် ထိန်းချုပ်နိုင်စွမ်း ပိုကောင်းကြတာ။ သူတို့က အတွေ့အကြုံလည်း ပိုများတယ်။ အဲဆိုတော့ ပွင့်ချပ်အသစ် ထွက်လာတဲ့အခါ တခြားသူတွေနဲ့ ယှဉ်လိုက်ရင် အကျိုးရှိလာလိမ့်မယ်။ တကယ်တော့ ပွင့်ချပ် ထပ်ထွက်လာတဲ့အခါ လက်ရွေးစင်တွေမှာ တခြားအကျိုးအမြတ်တွေလည်း ရှိသေးတယ်”

“ ကျုပ် ဉာဏ်အလင်းပွင့်သွားခဲ့ရပါတယ်” လန်လော့က ပြောလိုက်သည်။

“ ရှစ်စွင်း သင်ကြားပြသတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ တင်း မင်ရှစ်ရင်ကို သင်ကြားပြသတဲ့အတွက် ကုသိုလ်မှတ် ၅၀၀ ရရှိပါတယ် ”

လုကျိုးက ထိုအသိပေးချက်ကို ကြားလိုက်ရ၍ မအံ့ဩမိပေ။ သက်တမ်းရင့် မျှော်နန်းဆောင်ကို သင်ကြားပေးလိုက်ခြင်းက အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားလိုက်ခြင်းသာ ဖြစ်၏။ သူ့တကယ့် စွမ်းအားက ပွင့်ချပ်တစ်လွှာအဆင့်သာ ရှိသေး၏။ ရွှေကြာဖြတ်တောက်လိုက်သည့် ခေတ်ပေါ်ထွက်လာမှုဖြင့် ကျင့်ကြံရေးလောကထဲ သက်ရောက်မှုများ ရှိနေပေလိမ့်မည်။ တာ့ယန်အား သားကောင်လို မျက်စိကျနေကြသည့် တခြားမျိုးနွယ်များလည်း ရှိနေသေး၏။ မိစ္ဆာဝေဟင်မျှော်နန်းက အားကောင်းဖို့ လိုအပ်လာလေပြီ။

အမှန်တော့ လုကျိုးက အစဉ်အလာအတိုင်း ပွင့်ချပ်ကိုးလွှာအဆင့်ကို‌ ရောက်နိုင်မည့် တတိယနည်းလမ်းကို သိထားလေသည်။ သို့သော်လည်း ထိုအရာက လူတစ်ယောက်၏ အသက်ကို စွန့်စားထားလွန်းရာကျသည်။ အတည်မပြုသေးရသည့်အတွက် မိစ္ဆာဝေဟင်မျှော်နန်းရှိ တခြားလူများအတွက် မသင့်တော်ပေ။ ထို့ကြောင့် သူက ထိုအကြောင်းကို မပြောလိုက်ခြင်း ဖြစ်၏။

“ဘာကိစ္စမှ မရှိတော့ရင် ဒီအတိုင်း ထားလိုက်တာပေါ့”

“ ကျုပ် သွားလိုက်ပါဦးမယ် ” လန်လော့က ပြောလိုက်သည်။

“ တပည့်လည်း သွားလိုက်ပါဦးမယ် ” မင်ရှစ်ရင်က ပြောလိုက်သည်။

နှစ်ယောက်သား ထွက်သွားပြီးသည့်နောက်တွင် လုကျိုးက အခန်းဆီ ပြန်လာကာ ကောင်းကင်ကျမ်းကို ပြန်လည်ဆင်ခြင်လိုက်သည်။ လက်ထဲတွင် အထွတ်အထိပ်သဏ္ဌာန်ကတ် မရှိဘဲ ကောင်းကင်ကျမ်း စွမ်းအားပေါ်သာ မှီခိုအားထားနိုင်လေသည်။

လုကျိုးက တရားမထိုင်ခင် ကျန်ရှိနေသော ကုသိုလ်ရမှတ်များအား စစ်ဆေးကြည့်လိုက်သည်။ သူ့တွင် ၂၃၀၀ ကျန်ရှိသေး၏။

သူတို့ကို ချွေတာစုဆောင်းထားလို့ ဘာအရေးလဲ ….

“ကံစမ်းမဲ ”

“တင်း ကုသိုလ်ရမှတ် ငါးဆယ်နှင့် ကံကောင်းမှတ် ၂၀ ကျသင့်ပါတယ်။ ရုပ်ဖျက်ကတ် ငါးကတ် ရရှိပါတယ် ”

“ရုပ်ဖျက်ကတ် … စိတ်ဝိညာဉ်သဏ္ဌာန်ကို ပွင့်ချပ်ကိုးလွှာအဖြစ် ရုပ်ဖျက်ဖို့ အသုံးပြုနိုင်ပါတယ်။ ကြာမြင့်ချိန် ဆယ်စက္ကန့် ”

ထိုကတ်အသစ် ပေါ်ထွက်လာခြင်းက သူ့အား အံ့အားသင့်သွားစေသည်။ သို့သော်လည်း လုကျိုးက ရုပ်ဖျက်ကတ်အကြောင်း ဖတ်ကြည့်လိုက်ပြီးနောက် အတော်လေး အသုံးမဝင်ကြောင်း မြင်လိုက်ရသည်။

စနစ်က သူ့ကို တခြားသူတွေ လိမ်လည်ဖို့ အားပေးအားမြောက် လုပ်နေတာလား …

“ကောင်းပြီလေ … ဘာမှမရတာထက်တော့ ကောင်းသေးတာပဲ ”

“ကံစမ်းမဲ ”

“တင်း ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ အကြောင်းပြန်လှန်ကတ် ဆယ်ကတ် ရရှိပါတယ် ”

“ငါ ဒီနေ့ ကံတက်နေတာပဲ။ ကြည့်ရတာ ငါ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ထဲ ရောက်ပြီးတော့ ကံတက်လာတာများလား”

“ကံစမ်းမဲ ”

“ ကုသိုလ်ရမှတ် ၅၀ ကျသင့်ပါတယ်။ ပါဝင်ကံစမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ် ”

“…”

လုကျိုးက ဆက်လက် ကံစမ်းကြည့်လိုက်သည်။ သူက ကျန်ရှိနေ‌သော ကုသိုလ်ရမှတ်အားလုံးကို ကံစမ်းမဲအပေါ် သုံးလိုက်သော်လည်း ဘာဆုလာဘ်မှ ရမလာပေ။ လက်ရှိ သူ့တွင် ကံကောင်းမှတ် ၄၄ မှတ် ရနေလေပြီ။

သူ့တွင် အစကတည်းက ကုသိုလ်ရမှတ် များများမရှိပေ။ ယခု အားလုံး သုံးပစ်လိုက်ပြီဖြစ်၍ ဘာအတွေးမှ ထပ်မတွေးမိတော့ပေ။

လုကျိုးက ကံစမ်းမဲ ဆွဲပြီးသည့်နောက် အသုံးပြုပစ္စည်းများအား စစ်ဆေးကြည့်လိုက်သည်။ အသုံးပြုပစ္စည်းကတ်များက ယခုအခါ အမှတ် ၅၀၀ ပိုလာလေပြီ။ ဤသည်က ထင်ထားသလောက် ဖြစ်၏။ သို့သော်လည်း ရွေးချယ်စရာတစ်ခု ထပ်တိုးလာသည်။

ရုပ်ဖျက်ကတ် - ကုသိုလ်ရမှတ် တစ်သောင်း

“ ….”

အမှိုက်ထဲက အမှိုက်ပဲ

လုကျိုးက စနစ်၏ သဘောတရားသည် ချို့ယွင်းနေကြောင်း အခိုင်အမာ ယုံကြည်ထားသည်။ အသေရိုက်ချက်ကတ်သည် ကုသိုလ်ရမှတ် လေးထောင်မျှသာ ကျသင့်လေရာ ရုပ်ဖျက်ကတ်အား မည်သူက တစ်သောင်းပေး၍ ဝယ်ယူမည်နည်း။

ဝယ်ယူသူက အရူးပဲ ဖြစ်ရမယ် …

သူက ထပ်မံ ကြည့်လိုက်သည်။

ထောင်ချီကန့်သတ်လေပွေ- ကုသိုလ်ရမှတ် ငါးသောင်း (မှတ်ချက် - ပွင့်ချပ်ရှစ်လွှာအဆင့်နှင့် အောက်အတွက်သာ အကျုံးဝင်သည်။ ပွင့်ချပ်များ ထွက်လာနိုင်၏၊ တစ်ခါအသုံးပြုတိုင်း ပွင့်ချပ်တစ်ခု တိုးနိုင်သည်)

“…”

…

အခန်း (၄၅၃) စီးဝူယာ့၏ ရည်ရွယ်ချက်

‘တောင့်ခံထား ဒေါသမထွက်လိုက်နဲ့’

လုကျိုးသည် အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ပိုတည်ငြိမ်လာသည်။ သူ ဤနေရာသို့ ကူးပြောင်းလာခဲ့တာ အချိန်တချို့ ကြာသွားသောကြောင့် ဖြစ်ဟန်တူသည်။ အစ၌ ကျိထျန်းတောက်၏ အထောက်အထားအတိုင်းနေကာ သူကဲ့သို့ ပြုမူပြီး သူ့ကိုယ်သူ ကာကွယ်ရမည်ဟု ယူဆခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကျိထျန်းတောက်၏ မှတ်ဉာဏ်များ သက်ရောက်ခံရကြောင်း သူ ရှာတွေ့သွားသည်။

သူသည် စာရင်းပေါ်ရှိ ဈေးနှုန်းများကို ကြည့်လိုက်၏။ ယခုအချိန်တွင် သူ ဝယ်ဖို့ တတ်နိုင်တာ မရှိပေ။ ထို့ကြောင့် သူသည် ကောင်းကင်ကျမ်းစာစာလိပ်ကို ဆက်လက်ဆင်ခြင်သုံးသပ်လိုက်၏။

နောက်နေ့နံနက်တွင် လုကျိုးသည် အရှေ့ဘက်မျှော်နန်းဆီ ထွက်သွားပြီး ခါတိုင်းကဲ့သိုပင် ကိုယ်လက်လှုပ်ရှားတော့သည်။

“ရှစ်စွင်း ရှစ်စွင်း.. ရှစ်စွင်း..”

ရှောင်ယွမ်အာက ပြေးလွှားလျက် ခေါ်လိုက်သည်။

လုကျိုးက အနည်းငယ်ငေါက်ငမ်းကာ ပြောလိုက်တော့သည်။

“ငါ့အကြားအာရုံ ပြဿနာရှိနေတယ်လို့ ထင်နေတာလား”

“အမ်.. တပည့်မထင်ပါဘူး”

ရှောင်ယွမ်အာက လိမ်လိမ်မာမာ ခေါင်းငုံ့ထားလိုက်၏။

“ဘာလဲ”

လုကျိုးက မေးလိုက်သည်။ သူက လက်နောက်ပစ်ထားလျက် သူ၏အမူအရာက ယခင်ကအတိုင်း မျက်နှာသေဖြစ်နေသည်။

“ချီရှစ်ရှိုးက ရှစ်စွင်းကို တွေ့ချင်နေတယ်။ ရှစ်စွင်းကို မေးချင်တဲ့ကိစ္စတွေ ရှိတယ်လို့ ပြောတယ်”

ရှောင်ယွမ်အာက ချက်ချင်းပြောလိုက်၏။

အဲဒီလူမိုက်က မပြောင်းလဲဘူးပဲ။ ဒီလောက် ဒုက္ခခံပြီးတဲ့နောက် သူက နောက်ဆုံးတော့ သူသိချင်တာကို ထုတ်မေးတော့မှာလား။

လူတစ်ယောက်က ပါးနပ်လေလေ ပိုမို မောက်မာထောင်လွှားလေလေ ဖြစ်သည်။ ဉာဏ်ကောင်းသည့်သူတစ်ယောက်ကို အလျှော့ပေးလာစေလျှင် သူကျွမ်းကျင်သည့် နယ်ပယ်၌ သူ့ကို အနိုင်ယူရမည်။ လုကျိုးက ယင်းကို သတိပြုမိ၏။ သူ့မှာ ငါ့အတွက် ဘာအချက်အလက်ရှိလဲဆိုတာ သိချင်တယ်။

“သူ့ကို ဒီခေါ်လာခဲ့”

“ဟုတ်ကဲ့ ရှစ်စွင်း”

ရှောင်ယွမ်အာက လှည့်ထွက်သွားပြီး ပြန်လည်သုံးသပ်ရေးဂူသို့ သွားလိုက်၏။

မကြာမီ၌ ရှောင်ယွမ်အာသည် စီးဝူယာ့ကို အရှေ့ဘက်မျှော်နန်းဆီသို့ ခေါ်လာ၏။ စီးဝူယာ့က အရှေ့ဘက်မျှော်နန်းသို့ ရောက်ချိန်တွင် တည်ငြိမ်သောအမူအရာဖြင့် ထိပ်တွင် ရပ်နေသည့် သူ၏ရှစ်စွင်းကို တွေ့လိုက်ရ၏။ သူက ချက်ချင်း အရိုအသေပေးကာ ဒူးထောက်လိုက်တော့သည်။

“ဒီငမိုက်သားစီးဝူယာ့က နှုတ်ခွန်းဆက်ပါတယ်”

လုကျိုးက သူ ဒူးထောက်နေတာကို ကြည့်ပြီး ပြောလိုက်၏။

“ထရပ်ပြီး စကားပြော”

“ကျေးဇူးပါ ရှစ်စွင်း”

စီးဝူယာ့ ထရပ်လိုက်ချိန်တွင် လုကျိုးက စီးဝူယာ့ အခြေအနေ ကောင်းပုံမရတာကို သတိပြုမိ၏။ စီးဝူယာ့သည် ပုံမှန်ထက်ဖြူဖျော့နေကာ သူ၏ဆံပင်များကလည်း ပွယောင်းနေလျက် မျက်ကွင်းနားတစ်ဝိုက်ရှိ ညိုမည်းမှုတို့ကလည်း အထင်းသားပေါ်နေ၏။ ဒီငမိုက်သားက သင်္ချာမေးခွန်းတွေကို ဒီလောက်စွဲလမ်းနေသေးတာလား။ နောက်ဆုံးတွင် သူက မေးလိုက်သည်။

“မင်း အဲဒီပုစ္ဆာတွေကို မဖြေရှင်းနိုင်ဘူးလား”

“ကျွန်တော် အရှက်ရမိပါတယ်။ ကျွန်တော် ကျွန်တော် အဲဒါတွေကို ဒီလောက်နက်နဲလိမ့်မယ်လို့ မထင်ထားဘူး”

အမှန်တကယ်ပဲ စီးဝူယာ့က ရှက်နေမိသည်။ လုကျိုးက သူ့ဘာသာသူ စဉ်းစားလိုက်၏။ သူတို့ကို မင်းဖြေနိုင်မယ်ဆိုရင် ငါ အံ့ဩသွားမှာပဲ။ အဆုံးတွင် သူက ပြောလိုက်၏။

“မင်း ငါ့ကို ဘာပြောစရာရှိလဲ၊ နောက်ဆုံးတော့ မင်း စဉ်းစားမိပြီလား”

စီးဝူယာ့က သူ၏ဝတ်ရုံကို တခမ်းတနား ပင့်မြှောက်လျက် ဒူးထပ်ထောက်လိုက်သည်။ သူက ချက်ချင်း မဖြေပေ။ ထိုအစား လုကျိုးကို သုံးကြိမ်သုံးခါတိုင်တိုင် ကျယ်လောင်စွာ ဦးတိုက်ပြီးနောက် ပြောလိုက်၏။

“ရှိပါတယ်”

လုကျိုးက အရှေ့ဘက်မျှော်နန်းအပြင်ဘက်ကို ဝေ့ကြည့်ပြီးနောက် ပြောလိုက်သည်။

“အထဲကို..”

ကျန်သည့်သူများနား မရောက်သည့်ကိစ္စရပ်များစွာ ရှိသည်။ လုကျိုးက လှည့်ထွက်သွားပြီး အခန်းထဲ ဝင်သွား၏။ စီးဝူယာ့ကလည်း နောက်က လိုက်သွားတော့သည်။

ရှောင်ယွမ်အာက အရိုအသေပေးလျက် ခိုးခိုးခစ်ခစ် ရယ်ကာ ပြောလိုက်သည်။

“ရှစ်စွင်း တပည့်စောင့်ကြည့်နေမယ်။ ရှစ်စွင်းကို ဘယ်သူမှ နှောင့်ယှက်ခွင့်မပြုဘူး”

အခန်းထဲတွင် ဖြစ်သည်။

အရာအားလုံးက ပုံမှန်အတိုင်းသာ ဖြစ်၏။ စီးဝူယာ့သည် နံရံပေါ်ရှိ စကားလုံးများကို ထပ်ကြည့်လိုက်သည်။ တောက်ပတဲ့လရောင်က ပင်လယ်ပေါ် ထွန်းလင်းနေတယ်။ ဒီအခိုက်အတန့်ကို ငါတို့အတူတကွ မျှဝေဖို့ ဝေးသေးရဲ့။ သူက မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုစကားလုံးများက သူ့ကို မသက်မသာ ဖြစ်စေ၏။ စကားလုံးများသည် စာရွက်ကို ဖောက်ထွက်လုနီးပါး ရှိသည်။ သူတို့ကို အားပြင်းပြင်းရေးထားတာ သိသာ၏။ အားစိုက်ထုတ်မှု ရှစ်နှစ်ကနေ ဆယ်နှစ်မရှိဘဲ ရေးသူက ထိုသို့ ဖြစ်မှာ မဟုတ်၊ ထို့အပြင် ယင်းကို အာရုံစိုက်ရမည့်အချိန် မဟုတ်ပေ။

လုကျိုးက ပင်မကုလားထိုင်တွင် ထိုင်ချပြီးနောက် မုတ်ဆိတ်သပ်လျက် စီးဝူယာ့ စကားပြောလာမှာကို စိတ်ရှည်လက်ရှည် စောင့်နေသည်။ မင်းက ငါ့ကို လာရှာတဲ့သူပဲ။ ငါမင်းကို ဘာမှပြောစရာ မရှိဘူး။

စီးဝူယာ့သည် ဒူးထပ်ထောက်ကာ ပြောလိုက်၏။

“ပွင့်ချပ်ကိုးလွှာအဆင့်ကို ရတဲ့အတွက် ဂုဏ်ပြုပါတယ် ရှစ်စွင်း..”

လုကျိုးက မျက်မှောင်အနည်းငယ် ကြုတ်လျက် စီးဝူယာ့ကို စိုက်ငေးကြည့်လိုက်သည်။

“ဒါပဲလား”

တစ်နည်းဆိုရလျှင် သူသည် စီးဝူယာ့ တခြားကိစ္စပြောလာမှာကို မျှော်လင့်ထားတာ ဖြစ်၏။ စီးဝူယာ့က ဦးညွှတ်လျက်သာ နေနေပြီး တည်ငြိမ်သောအသံဖြင့် မေးလိုက်၏။

“ကျန်.. ကျွန်တော် ရှင်းပြနိုင်ပါတယ်”

ဟုတ်ပြီ။ မင်းက သောက်... ရှင်းပြနိုင်တာပေါ့။ လုကျိုးသည် ဒေါသထွက်ပြီး စီးဝူယာ့ကို ကျိန်ဆဲလုနီးပါး ဖြစ်သွား၏။ သို့သော် သူက စီးဝူယာ့၏ဆရာ ဖြစ်နေသောကြောင့် သတိတရားကို ထိန်းသိမ်းရန် လိုအပ်သည်။ သူက စီးဝူယာ့ကို အချိန်အတော်ကြာ ငြိမ်သက်စွာ ကြည့်နေပြီးနောက် ပြောလိုက်သည်။

“ကြားပါရစေ”

စီးဝူယာ့သည် ကျောမတ်မတ်ထားလျက် ပြောလိုက်သည်။

“အာ့ရှစ်ရှိုးထွက်သွားဖို့ ရွေးချယ်ရတဲ့ အကြောင်းအရင်းကို ရှစ်စွင်းမှတ်မိလား”

“ငါ သူ့ကို သတ်ချင်တာကြောင့်လား”

လုကျိုးသည် ထိုမေးခွန်းကို ယွီရှန်းရုန်ဖြေခဲ့ပုံအား မှတ်မိသေး၏။

“ငါ မင်းကိုရော သတ်လို့လား”

စီးဝူယာ့က ခေါင်းခါပြီး ပြောလိုက်သည်။

“မဟုတ်ပါဘူး”

ဒါဆို မင်းရဲ့သောက်ရှင်းပြချက်က ဘာလဲ။ လုကျိုးက စိတ်ထဲတွင် အတွေးများနေသော်ငြား စီးဝူယာ့ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်သေးပြီး ပြောလိုက်၏။

စီးဝူယာ့က တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။

“ရှစ်စွင်းက အာ့ရှစ်ရှိုးနဲ့ တာ့ရှစ်ရှိုးကို သတ်ချင်နေတာ”

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် တစ်စုံတစ်ခုက သူ့စိတ်အတွင်း မွှေနှောက်နေလေ၏။

“ငါ သူတို့ကို ဘာကြောင့် သတ်ချင်တာလဲ”

သူ့ရှစ်စွင်းမှတ်ဉာဏ်များ၏ ထိုအပိုင်းကို သလင်းထဲ၌ ချိပ်ပိတ်ထားမှန်း စီးဝူယာ့သိသည်။ ထို့ကြောင့် သူက ပြောလိုက်၏။

“ရှစ်စွင်းက အသက်ရှည်ချင်နေပြီး ပွင့်ချပ်ကိုးလွှာအဆင့်ကို ရချင်နေလို့”

ထိုအဖြေသည် ယွီရှန်းရုန်ပြောသွားသည်နှင့် တစ်ထပ်တည်း ဖြစ်၏။ ယင်းက စီးဝူယာ့ လိမ်နေတာ မဟုတ်ကြောင်း သက်သေပြလိုက်သည်။

“သူတို့ကို သတ်ပြီးတော့ အသက်ရှည်တာကို ရနိုင်လို့လား”

လုကျိုး၏ အမူအရာက တင်းမာခက်ထန်နေသည်။ ယင်းက နောက်နေတာ မဟုတ်ပေ။ သူ မှတ်ဉာဏ်သလင်းများ ရှိသည့်နေရာကို ခြေရာမခံနိုင်တာ နှမြောစရာကောင်းလှပေ၏။ မဟုတ်လျှင် အဖြေများအတွက် တစ်ပါးသူကို အားကိုးစရာလိုမှာ မဟုတ်ပေ။

စီးဝူယာ့သည် စာကြည့်စားပွဲပေါ်ရှိ ရတနာလေးမျိုးကို ကြည့်လိုက်သည်။

လုကျိုးက သူ ဘာကိုဆိုလိုမှန်း သဘောပေါက်၏။ လက်ဝေ့ယမ်းလျက် သူ့ကို ကူညီပေးရန် အချက်ပြလိုက်သည်။

စီးဝူယာ့က ထရပ်ကာ စားပွဲဆီ လျှောက်သွားလျက် စုတ်တံကို ကိုင်ကာ စာရွက်ပေါ်တွင် မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များ၏ ကျင့်စဉ်ကို ချရေးလိုက်သည်။

စီယွမ်အာ - အထွတ်အထိပ်သန့်စင်ကျောက်စိမ်းကျင့်စဉ်

စီးဝူယာ့ - မဟာဂရုဏာကဗျာ

ကျောင်းယွဲ့ - ပြောင်မြောက်ခြင်း ကျောက်စိမ်းကျင့်စဉ်

မင်ရှစ်ရင် - သစ်သားပြာကျင့်စဉ်

တွမ့်မူရှန်း - နတ်ဒေဝါထိပ်သီးကျင့်စဉ်

စီးဝူယာ့သည် ရေးပြီးနောက် စားပွဲပေါ် စုတ်တံချလိုက်တော့၏။ သူက စာရွက်မြောက်ကာ ပြောလိုက်တော့သည်။

“ဒီကျင့်စဉ်အားလုံးက အသက်ရှည်ခြင်းနဲ့ သက်ဆိုင်နေတယ်”

အထွတ်အထိပ်သန့်စင်ကျောက်စိမ်း ကျင့်စဉ်သည် အသက်ရှည်မှုကို ချီးမြှင့်ပေးနိုင်ပြီး မဟာကရုဏာကဗျာသည် ယင်နှင့်ယန်ကို ဆန့်ကျင်ဘက်ဖြစ်စေပြီး ပြောင်မြောက်ခြင်း ကျောက်စိမ်းကျင့်စဉ်က ငယ်ရွယ်မှုကို ဖြစ်စေကာ သစ်သားပြာကျင့်စဉ်သည် အမြဲစိမ်းသစ်တောများပမာ ဖြစ်ပြီး နတ်ဒေဝါထိပ်သီးကျင့်စဉ်ကမူ ကောင်းကင်နှင့်မြေကြီး တည်ရှိသရွေ့ အသက်ကို ချီးမြှင့်နိုင်၏။

ကျင့်စဉ်များ၏ အညွှန်းများက အစတည်းက အနည်းငယ်ချဲ့ကားရာ ရောက်သည်။ ဥပမာအနေဖြင့် မိုးနှင့်မြေ တည်ရှိနေသရွေ့ အသက်ရှည်ပြီး ဘဝတည်ခြင်း။

လုကျိုးသည် လူတိုင်းထက် ပိုပြီး ထိုကျင့်စဉ်များ၏ သက်ရောက်မှုကို ပိုကောင်းကောင်းသိသည်။ သူတို့ကို ဤအတိုင်းချရေးလိုက်သည့်အချိန်တွင် ရှင်းလင်းလာ၏။ သို့သော်ငြား သူ့စိတ်ထဲ အတွေးတစ်ချက် ပေါ်လာ၏။ သူ မျက်မှောင်ကြုတ်မိသွားသည်။ ကျိထျန်းတောက်က ဘဝမှာ အသက်ရှည်ဖို့အတွက် တပည့်တွေကို ရွေးခဲ့တာများလား။

ဒါဆို ကျန်တဲ့တပည့်တွေကရော..။

စီးဝူယာ့က ဆက်ပြောသည်။

“လျိုရှစ်ကျယ် ယဲ့ထျန်းရှင်းက နတ်သမီးမျိုးနွယ်က၊ စာအုပ်တွေထဲမှာ ရေးထားတာက နတ်သမီးမျိုးနွယ်မှာ ချန်ဟွမ်းရှိတယ်။ စီးနင်းသူကို နှစ်ပေါင်းနှစ်ထောင် အသက်ရှည်အောင် ချီးမြှင့်ပေးနိုင်တယ်။ အာ့ရှစ်ရှိုး ယွီရှန်းရုန်က မဟာနွယ်တစ်ယောက်ဖြစ်ပြီး သက်တမ်းတိုတယ်”

ပြီးနောက် သူက စားပွဲပေါ် စာရွက်တင်လိုက်၏။

“လောင်ပါးရဲ့ ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုး၊ သူ ကျော်လွှားသမျှ ကပ်ဘေးတိုင်းက ဖြစ်စဉ်နဲ့အတူ သူ့ကိုယ်တွင်းမှာ လောင်ကျွမ်းသွားပြီး သူက သက်တမ်းငါးဆယ် ဆုံးရှုံးလိမ့်မယ်”

ယခုအချိန်၌ စီးဝူယာ့၏အသံသည် မယုံနိုင်စရာကောင်းလောက်အောင် နူးညံ့နေ၏။ ပြီးနောက် သူက မြေပြင်ပေါ်တွင် ဒူးထောက်ထားကာ လုကျိုးဘက်လှည့်ပြီး လက်သီးဆုပ်မိုးလိုက်၏။ ပြီးနောက် သူ စကားဆက်မပြောတော့ပေ။

ယခုအချိန်တွင် လုကျိုးက သဘောပေါက်သွား၏။ သူ နားမလည်နိုင်သေးလျှင် ထိုမျှအကြာကြီး ရှင်သန်လာတာ အချည်းနှီးဖြစ်ပေလိမ့်မည်။ သူက ရယ်မောလျက် စီးဝူယာ့ကို ကြည့်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်တော့သည်။

“မင်းတို့ကို စမ်းသပ်မှုတွေ အနေနဲ့ သဘောထားနေတာ။ ဒါမှ ငါ အသက်ရှည်ပြီး ပွင့်ချပ်ကိုးလွှာအဆင့်ကို ရနိုင်မှာလို့ မင်းပြောနေတာလား”

စီးဝူယာ့က ဝပ်တွားလျက် ကြမ်းပြင်ပေါ် လက်ဖဝါးကပ်ထားကာ သူ၏လက်ဖမိုးနှင့် နဖူးက ထိနေလေ၏။ ယင်းက လုကျိုး၏ စကားများကို သူ အတည်ပြုပေးလိုက်တာနှင့်တူသည်။

လုကျိုး၏အမူအရာက မပြောင်းလဲသွားပေ။ သို့သော် နှလုံးတစ်ချက် ခုန်သွား၏။ ဟုတ်ပေသည်။ ယေဘူယျအားဖြင့် ယင်းက ကျိထျန်းတောက်၏ လုပ်ရပ်သာ ဖြစ်ပေသည်။ အသက်တိုသည့်အကြောင်းဖြစ်စေ သက်တမ်းရှည်သည့်အကြောင်း ဖြစ်စေ ယင်းက အသက်ရှည်ခြင်းကို နားလည်ရန် အားစိုက်ထုတ်မှုများသာ ဖြစ်၏။ ထို့ကြောင့် စီးဝူယာ့သည် ကျူးဟုန်ကုန်းကို မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်ပြေးအောင် ဖျောင်းဖျရသည့် အကြောင်းအရင်းလည်း ဖြစ်မည်။

“ယွီကျန့်ဟိုင်ကရော ဒီလိုတွေးနေသလား”

လုကျိုးက မေးလိုက်၏။

“တာ့ရှစ်ရှိုးကို သူ့ရဲ့လျှို့ဝှက်ချက်တွေအကြောင်း မထုတ်ဖော်ဘူးလို့ ကတိပေးထားတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ ရှစ်စွင်း”

စီးဝူယာ့က ပြန်ပြောလိုက်သည်။

“မင်းတို့အားလုံးကို ငါ အလွန်ဆိုးဆိုးဝါးဝါး ဆက်ခံတယ်လို့ ပြောနေတာလား”

လုကျိုးက မေးလိုက်သည်။ စီးဝူယာ့ပြောသမျှ အားလုံးကို မယုံကြည်ပေ။ အမှန်အတိုင်းသာ ဆိုလျှင် ထိုလူမိုက်များအားလုံးက အဘယ်ကြောင့် အသက်ရှင်နေသေးသနည်း။ ကိစ္စရပ်များက သူ တွေးထင်ထားသည်ထက် ပိုရှုပ်ထွေးလာ၏။

“မပြောရဲပါဘူး”

စီးဝူယာ့က ကြမ်းပြင်ပေါ်တွင် ဝပ်တွားမြဲ ဝပ်တွားမြဲသာ ဖြစ်သည်။

“မင်းကို ထပ်မေးမယ်။ မိစ္ဆာဝေဟင်မျှော်နန်းကနေ မင်း ဘာကြောင့် ထွက်သွားတာလဲ”

လုကျိုး၏အသံက ခက်ထန်နေပြီး သတိပေးမှု ပါရှိ၏။ သူ၏အလိုလို သိစိတ်က စီးဝူယာ့သည် သတင်းထိမ်ချန်ထားသည်ဟု သူ့ကို ပြောပြနေသည်။

All Chapters