အခန်း (၄၅၄-၄၅၆)
Vol. 31 Ch. 454-456
အခန်း(၄၅၄) မိုးမြေ၏ လှောင်ချိုင့်
လုကျိုး၏ အသံက ဖိအားပြင်းပြင်းကို သယ်ဆောင်လာသည်။ ကြည့်ရသည်မှာ ပို၍ စွမ်းအားပြင်းနေဟန်ပေါ်သည်။
စီးဝူယာ့က တုန်သွားကာ မြေပေါ် မလှုပ်မယှက် ဆက်လက် ဝပ်တွားနေလေ၏။ သူက ယခင်စကားဝိုင်းတွင် ထိုမေးခွန်းကို ဖြေခဲ့သည်။ ထိုစဉ်အချိန်က သူ့အနေနှင့် တာ့ရှစ်ရှိုးအား ကမ္ဘာကြီးကို အုပ်စိုးဖို့ ကူညီပေးချင်ပြီး တော်ဝင်မိသားစု၏ လျှို့ဝှက်ချက်အကြောင်း သင်ယူလိုသည်ဟု ပြောခဲ့သည်။ သူ့အဖြေက မခိုင်မာမှန်း သိသာလှ၏။
အခန်းအတွင်းရှိ လေထုက တင်းကျပ်လာသည်။ တိတ်ဆိတ်မှုသာ ကြီးစိုးနေလေ၏။
လုကျိုးက အလျင်မလိုဘဲ စီးဝူယာ့အား စိုက်ကြည့်လိုက်သည်။
အခန်းထဲ လသာဆောင်မှ နေရောင်ဖြာကျနေသောကြောင့် အလင်းပေးနေသည်။
နာရီပိုင်းကြာမြင့်သွားဟန်ပေါ်ပြီးသည့်နောက်တွင် စီးဝူယာ့က ပါးစပ်ဟကာ စကားပြောလာသည်။ သို့သော်လည်း သူက ဘာစကားမှ မထွက်လာကြောင်း သိလိုက်ရ၏။ သူ့ ခံတွင်းက ခြောက်သွေ့နေပြီး အသံပင် မထွက်နိုင်တော့ပေ။ သူက ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီး ပြောလိုက်သည်။
“ ကျွန်တော် ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ဖို့ ဖြစ်နိုင်ကြောင်း မသိခင်တုန်းက မဟာ ကန့်သတ်ချက်ဆိုတာကြီးက တော်ဝင်မိသားစုက လူတွေရဲ့ စိတ်ကို ထိန်းချုပ်တဲ့ အသုံးချပစ္စည်းတစ်ခုလို့ပဲ ထင်ခဲ့မိတာ။ အဲဒါကြောင့် နန်းတော်ဆီ ဝင်ပြီးတော့ ဆရာ ဝင်လုပ်ခဲ့တာပါ … ရှစ်စွင်း … ”
ထိုအထိပြောလိုက်ပြီးနောက် သူက အသံတိုးသွားကာ မေးလိုက်သည်။
“ ဧကရာဇ်ယုံရှို့ကို မှတ်မိလား ”
လုကျိုးက ပြန်မဖြေပေ။ ဧကရာဇ်ယုံရှို့က သူ့မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်၏။ သို့သော်လည်း ဧကရာဇ်က နန်းတော်ရှိ အမြင့်ဆုံးနေရာတွင် နေထိုင်စဉ် သူက ယှဉ်ပြိုင်တိုက်ခိုက်နေရသည့် လောကကြီးထဲ နေထိုင်လေသည်။
စီးဝူယာ့က ဆက်ပြောလိုက်၏။
“အတွင်းခန်းကို ဧကရာဇ်ယုံရှို့တစ်ယောက်တည်း ဆောက်ထားတာ … သူ့ကိုယ်တိုင် ဒါမှမဟုတ်ရင် တော်ဝင်တံဆိပ်တော် ကိုင်ဆောင်ထားတဲ့သူတွေပဲ ဝင်နိုင်တယ်။ ယုံရှို့က ပလ္လင်မှာ အုပ်စိုးနေတုန်းကတည်းက ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်းကို လေ့လာခဲ့တယ်။
သူ သေဆုံးသွားတော့ အတွင်းခန်းကို ဝင်ရောက်နိုင်တဲ့ သော့က ပျောက်သွားခဲ့တယ်။ လျှို့ဝှက်ချက်အများစုနဲ့ ပစ္စည်းအများစုက အဲဒီအခန်းထဲမှာ မြှပ်နှံထားတယ်။ အဲဒီကတည်းက ကျွန်တော် တွေးနေခဲ့တာ … တကယ်လို့ အမှန်တရားက အမှန်ဖြစ်ခဲ့မယ်ဆိုရင် တော်ဝင်မိသားစုက လေ့လာဖို့ စိတ်ဝင်စားနေရမှာလဲပေါ့။ သူတို့က အမှန်တရားကို ငြင်းဖို့ ကြိုးစားနေတာလား … ပွင့်ချပ်ကိုးလွှာအဆင့်က သေချာပေါက် မတည်ရှိဘူးဆိုရင် သမိုင်းကြောင်းစာအုပ်တွေမှာ ဘာလို့ရေးသားထားမှာလဲ။ အနိုင်ရရှိသူကပဲ သမိုင်းကြောင်းကို ရေးထွင်းနိုင်တယ်တဲ့ … သူတို့က ဘာတွေဝှက်ထားကြတာလဲ ”
“…”
လုကျိုးက စီးဝူယာ့၏ အတွေးများကို နားထောင်ရင်း မျက်မှောင်ကြုတ်သွားလေသည်။
ဒီငမိုက်သားက သုတေသနလုပ်ဖို့ မွေးဖွားလာတာပဲ …
စီးဝူယာ့က ဆိုလိုရင်းကို ရောက်သေးဟန် မပေါ်ပေ။ သူက ထပ်မံ ဦးညွှတ်ကာ ပြောလိုက်ပြန်သည်။
“ ဒီနှစ်တွေမှာ ကျွန်တော် စွမ်းစွမ်းတမံ ခဲရာခက်ဆစ်ကြိုးစားပြီး မဟူရာကွန်ယက်ကို တည်ထောင်ခဲ့တယ်။ တာ့ယန်ရဲ့ နေရာတိုင်းဆီ ဖြန့်ကျက်ထားနိုင်ခဲ့တယ်။ ကျွန်တော်က နောက်ကွယ်ကနေ စုံစမ်းနေခဲ့တာ …
အဲဒါက ရှစ်စွင်းတစ်ယောက်တည်း ပွင့်ချပ်ကိုးလွှာအဆင့်ကို ရှာဖွေနေတာ မဟုတ်တာကို သိလိုက်ရတဲ့အချိန်ပေါ့။ ယွင်ထျန်းလော့၊ ကုန်းယွမ်တု၊ မော့ပေဘုရင်၊ တခြားမျိုးနွယ်စုတွေရဲ့ ခေါင်းဆောင်တွေအပါအဝင်ပဲ။ သူတို့က အဲဒီအကြောင်းကို လေ့လာစူးစမ်းနေကြတာ။
ရယ်စရာကောင်းတာက … ”
ဘာမှရယ်စရာမကောင်းသော်လည်း ရယ်စရာကောင်းသည်ဟု သုံးနှုန်းရသည်မှာ သူ့အကျင့် ဖြစ်ပုံပေါ်သည်။ သူ့စကားများကို ပြန်ရုပ်သိမ်းဖို့ နောက်ကျသွား၍ ခဏတာ ရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ သူတို့အားလုံး ကျရှုံးသွားကြတယ် ”
လုကျိုး၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေပြီး စီးဝူယာ့အား ကြည့်လိုက်ကာ မေးလိုက်သည်။
“အဲဒီတော့ ”
စီးဝူယာ့၏ အမူအရာက လေးနက်လာကာ “ ကျွန်တော် ပြဿာနာတစ်ခုကို စဉ်းစားနေခဲ့တာ … ရွှေကြာက အသက်ဓာတ်ဖြစ်ဖြစ်၊ ကနဦးချီဖြစ်ဖြစ် စွမ်းအားတွေ စုပ်ယူတယ်ဆိုတော့ အဲစွမ်းအားတွေက ဘယ်ရောက်သွားတာလဲ”
သူ့စကားအဆုံးတွင် သူက မြေပေါ်မှာ ဝပ်တွားကာ ငြိမ်သက်နေလေသည်။
လုကျိုး စိတ်ထဲ တစ်ခုခု ဖြစ်ပေါ်လာသည်။ အကယ်၍ တခြားတစ်ယောက် သို့မဟုတ် ကျိထျန်းတောက်သာ ထိုစကားကို ကြားလိုက်ပါက စီးဝူယာ့သည် လျှောက်ပြောနေသည့်အတွက် အရိုက်ခံပြီးရလောက်လေပြီ။
သို့သော်လည်း လုကျိုးက ခေတ်သစ်လူ ဖြစ်၏။ စီးဝူယာ့၏ စကားများက လုကျိုးအား အံ့အားသင့်သွားစေသော်လည်း သူ့အနေနှင့် လက်ခံဖို့ မခက်ခဲပေ။
နက်နက်နဲနဲ အတွေးများဖြင့် ထိုက်တန်လောက်အောင် မေးခွန်းကောင်း ဖြစ်၏။
ကျင့်ကြံရေးလောကကြီးက နှစ်သုံးသောင်းကျော် ကြာမြင့်နေခဲ့ပြီ ဖြစ်လေသည်။ ကျင့်ကြံရေး စတင်ကတည်းက ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ ဘိုးဘေးမြောက်များစွာသည် ပွင့်ချပ်ကိုးလွှာအဆင့် တံခါးရှေ့မှောက် ကျဆုံးခဲ့ကြရသည်။ ပွင့်ချပ်ကိုးလွှာအဆင့်အောက်တွင် မည်မျှသေဆုံးသွားပြီးပြီနည်း။
လုကျိုးက ဒုတိယမင်းသား လျိုဟွမ်သည် နွေဦးစံအိမ် တိုက်ပွဲအတွင်းတွင် ပြောခဲ့ဖူးသည့်အရာကို ရုတ်ခြည်း အမှတ်ရသွားသည်။
တကယ်လို့ မင်းသာ ဉာဏ်ကောင်းရင် တစ်ကမ္ဘာလုံးက ကောင်းကင်နည်းလမ်းတွေနဲ့ ချုပ်နှောင်ထားတဲ့ လှောင်ချိုင့်တစ်ခုအပြင် မပိုဘူးဆိုတာ သဘောပေါက်လာလိမ့်မယ် ….
စစ်တုရင်ခုံမှ ယွင်ထျန်းလော့၏ မှတ်ဉာဏ်များထဲ လုကျိုးက ရွှေကြာ၏ လျှို့ဝှက်ချက်ကို မြင်လိုက်ရသည်။ သို့သော်လည်း သူက ထိုကိစ္စကို ဆက်လက် မစုံစမ်းနိုင်ခဲ့ပေ။
စီးဝူယာ့ ပြောတဲ့အတိုင်း ရွှေကြာစုပ်ယူထားသည့် စွမ်းအားတွေက ဘယ်ရောက်သွားတာလဲ … ကမ္ဘာကြီးဆီ ပြန်ရောက်သွားတာလား။
လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
“မိုးမြေက လှောင်ချိုင့် ဖြစ်ပေါ်စေပြီးတော့ ရွှေကြာက သော့ခလောက်ပဲ ”
စီးဝူယာ့က ဝပ်တွားလျက် အလျင်အမြန် ပြောလိုက်သည်။
“ဒါတွေက ကျွန်တော် မှန်းဆချက်သပ်သပ်ပါ … ရှစ်စွင်း ကြည့်ရှုပေးပါ”
“ ငါ့ပွင့်ချပ်ကိုးလွှာအဆင့်ကိုရော ဘယ်လိုထင်လဲ ” လုကျိုးက မေးလိုက်သည်။
“အာ …” စီးဝူယာ့က ပြောစရာ ပျောက်သွားလေသည်။
အကယ်၍ မိုးမြေသာ လှောင်ချိုင့်ဖြစ်နေခဲ့လျှင် ရှစ်စွင်းက ဘယ်လိုလုပ် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နိုင်မှာလဲ …
စီးဝူယာ့ ပြောစရာမရှိသည်ကို မြင်ကာ လုကျိုးက ပြောလိုက်သည်။
“ ရွှေကြာကို ဖြတ်တောက်လိုက်တာက အတားအဆီးကို ပယ်ဖျက်ဖို့ ကြိုးစားလိုက်တာနဲ့ အတူတူပဲ။ တကယ်လို့ မင်း ပြောတာသာ အမှန်ဆိုရင် ငါတို့က ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ရင်တောင် ကောင်းကင်နည်းလမ်းတွေနဲ့ ချုပ်နှောင်ခံထားရတဲ့ လှောင်ချိုင့်အတွင်း ရှိနေတာပဲပေါ့ ”
“ ကျွန်တော် ရဲတင်းလွန်းတာ ဖြစ်နိုင်ပေမဲ့ ရှစ်စွင်း ပွင့်ချပ်ကိုးလွှာအဆင့် ဘယ်အချိန်က ရောက်သွားတာလဲ” စီးဝူယာ့က ခေါင်းငုံ့ထားရင်း မေးလိုက်သည်။ သူက သူ့ရှစ်စွင်းသည် ရွှေကြာကို ဖြတ်တောက်လိုက်သည်ဟု မထင်ပေ။ အကယ်၍ သူ့ရှစ်စွင်းသာ ရွှေကြာကို ဖြတ်တောက်လိုက်ပြီး ပြန်လည်ဖွဲ့စည်းမည်ဆိုလျှင် ထပ်မံ ချုပ်နှောင်မခံရတော့ဘူးလား။
“ ရဲတင်းလိုက်တာ ”
လုကျိုး၏ အော်သံက စီးဝူယာ့အား တုန်ယင်သွားစေသည်။
ငါ့ကို လာနောက်နေတာလား … မင်းကို ငါ့ပွင့်ချပ်ကိုးလွှာအဆင့် လျှို့ဝှက်ချက်ကို ပြောပြရမှာလား။
မည်သည့်ဂိုဏ်းမှ ဂိုဏ်းချုပ်ဖြစ်စေ သူတို့လျှို့ဝှက်ချက်ကို အလွယ်တကူ လက်လျှော့ကြမည် မဟုတ်ပေ။
ဒီငမိုက်သားက ဒီအကြောင်းကို ထုတ်မေးဖို့ သတ္တိတွေသိပ်ကောင်းနေတယ်ပေါ့ … သေချင်နေတာပဲ ဖြစ်ရမယ်။
“ကျွန်တော် မှားသွားပါတယ်” စီးဝူယာ့က ပြောလိုက်သည်။
လုကျိုးက စီးဝူယာ့အား ကြည့်လိုက်သည်။ သူက ယနေ့ စီးဝူယာ့၏ လုပ်ဆောင်ချက်ကို အနည်းငယ် စိတ်ကျေနပ်သော်လည်း စီးဝူယာ့၏ သစ္စာရှိမှုသည် အများကြီး မတိုးလာပေ။
ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်သည်။
“ ဒီအချက်တွေနဲ့ မိုးမြေ လှောင်ချိုင့် ရှိတယ်ဆိုတာ ကောက်ချက်ချဖို့ အလှမ်းဝေးသေးတယ် ”
“ကျွန်တော် စုတ်တံနဲ့ မင်လေးများ ရနိုင်မလား” စီးဝူယာ့က စားပွဲဆီ လမ်းလျှောက်သွားလိုက်သည်။ သူက စုတ်တံကို ယူကာ ကောက်ရေးလိုက်သည်။
လေထုထဲ အသံများ ထွက်ပေါ်လာသည်။
ခဏအကြာတွင် စီးဝူယာ့က စာရွက်ပေါ်တွင် မြေပုံတစ်ခု ရေးဆွဲပြီးသွားလေပြီ။
လုကျိုးက ကြည့်လိုက်သည့်အခါ ထိုမြေပုံသည် မြင်ကွင်းနောက်မှ စားပွဲပေါ်တွင် ထားထားသည့် ပုံကြမ်းအပုံလိုက်နှင့် ကွဲပြားနေသည်။ အကြမ်းဖျင်း ရေးဆွဲထားသော်လည်း တာ့ယန် နေရာအများစု၏ ပုံပန်းကို မြင်နိုင်လေသည်။
စီးဝူယာ့က ဆွဲလက်စကို လက်စသပ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ဒါက တာ့ယန် … အရှေ့ဘက်မှာ အဆုံးမဲ့သမုဒ္ဒရာကြီး ရှိတယ်။ အနောက်ဘက်မှာ ရုန်ရှီ ရှိပြီးတော့ မြောက်ပိုင်းမှာ တခြားမျိုးနွယ်သောင်းချီ ရှိတဲ့ ရုန်ပေ ရှိတယ်။ ဒါက မဟူရာသစ်သား တောအုပ်၊ မြူခိုးတောအုပ်နဲ့ ကောင်းကင်ကျုံးတောအုပ်တို့ပါ။ ကောင်းကင်ကျုံးကိုယ်တိုင်က … ”
စီးဝူယာ့၏ ပုံဆွဲသည့် အရည်အချင်းက တိုးတက်နိုင်စွမ်း ရှိ၏။ သို့သော်လည်း သူ့အတွေးများက တုန်လှုပ်လောက်ဖွယ်အတိ ဖြစ်၏။ သူ့ဆွဲချက်များက အကြမ်းဆန်သော်လည်း ပုံစံတစ်ခုလုံးကို ချပြဖို့ မတားဆီးနိုင်ပေ။ ထိုအရာက ရိုးရှင်းကာ နားလည်လွယ်စေသည်။
ထိုအရာကို မြင်ပြီးနောက် လုကျိုးက မျက်မှောင်ကြုတ်လိုက်သည် “အစီအရင်လား”
သို့သော်လည်း သူက မြန်မြန်ဆန်ဆန် ထိုအတွေးကို ပယ်ဖျက်လိုက်သည်။ အစီအရင်က ကြီးမားလွန်းသည့်အတွက် အလုပ်ဖြစ်ဟန်မပေါ်ပေ။
အံ့ဖွယ်မြို့တော်မှ မော့ပေအထိ ပျံသန်းသွားဖို့က လများစွာ အချိန်ကြာမြင့်လေသည်။ ရွှေနန်းဥယျာဉ်တောင်မှ မဟူရာသစ်သား တောအုပ်ဆီ ပျံသန်းသွားဖို့က တစ်လကြာ အချိန်ကြာမြင့်ပြီး တခြားသော မျိုးနွယ်များ၏ နယ်မြေများလည်း ရှိနေသေးသည်။
အဆုံးမဲ့ ပင်လယ်ကြီးကိုမူ မည်သူမှ မစူးစမ်းရဲကြပေ။ နာမည်အတိုင်း အဆုံးသတ်မရှိပေ။
“ဒါက အစီအရင်ပဲ … ပြောရရင် သဘာဝအတိုင်း ဖွဲ့စည်းထားတဲ့ လှောင်ချိုင့်ပဲ။ ဒါက ကျွန်တော့်အတွေးပါ” စီးဝူယာ့က လေးနက်စွာ ပြောလိုက်သည်။
လုကျိုးက စီးဝူယာ့အား ကြည့်လိုက်သည်။ သူက စီးဝူယာ့၏ ငယ်ငယ်ကအချိန်ကို ပြန်တွေးမိလိုက်သည်။ စီးဝူယာ့သည် သိချင်စိတ်များပြားပြီး အမြဲတမ်းလိုလို အောက်ခြေအထိ တူးဆွကြည့်တတ်သည်။ သူက အရာအားလုံးကို နားလည်ချင်သည်။ ထိုအရာနှင့် ပတ်သက်၍ မပြောင်းလဲသေးပေ။
ကမ္ဘာကြီးထဲ ဉာဏ်ကောင်းသူတွေ မရှားပါးပေမဲ့ သူတို့အားလုံးမှာ တူညီတဲ့ ချို့ယွင်းချက်တော့ ရှိပုံပဲ …. သူတို့က အမှားကင်းတယ်လို့ ယုံကြည်နေကြတာ …
စီးဝူယာ့လည်း ခြွင်းချက် မဟုတ်ပေ။
လုကျိုးက စီးဝူယာ့အား ကြည့်လိုက်ပြီး “ကံမကောင်းတာက အဲဒီခန့်မှန်းချက်တွေက မမှန်ဘူး ”
“…”
စီးဝူယာ့က မျက်လုံးကျယ်ကျယ်ဖွင့်ထားပြီး ကြမ်းပြင်ကို တအံ့တဩ ကြည့်လိုက်သည်။
ရှစ်စွင်း သိနေတယ် …
သူ့နှလုံးခုန်နှုန်းပင် မြန်ဆန်လာလေ၏။
လုကျိုးက ရှုံ့တွနေသော လက်ကြီးကြီးဖြင့် မဟူရာသစ်သား တောအုပ်ပေါ် လက်ထောက်လိုက်ပြီး “ ဖန်လီထန်းက မဟူရာသစ်သား တောအုပ်ကို အရင်က သွားခဲ့ဖူးတယ်။ မီးတောက်ကြီးက ၄၉ ရက်ကြာ ကြာမြင့်ခဲ့တယ်။ တကယ်လို့ မိုးမြေသာ လှောင်ချိုင့်ဆိုရင် အဲဒီမီးတောက်ကြီက မဟူရာသစ်သား တောအုပ်ကို ပျက်စီးသွားစေလိမ့်မယ်။ အဲဒီကုန်းမြေရဲ့ အစီအရင်လည်း ပျက်စီးသွားလိမ့်မယ်”
ထို့နောက် သူက မေးလိုက်သည်။
“ မင်းက မင်းသိတာကိုပဲ ဆွဲတွေးနေတာ … တခြားမျိုးနွယ်စုအလွန်မှာ ဘာတွေရှိမှန်း သိရဲ့လား”
စီးဝူယာ့က တိတ်ဆိတ်လျက်သာ ကျန်ရှိနေသည်။ မပြီးပြည့်စုံသည့် သတင်းအချက်အလက်ပေါ် ကောက်ချက်ချသည့်အခါ မမှန်ကန်သည့် အကဲဖြတ်ချက်တို့ ထွက်ပေါ်လာတတ်သည်။
အခန်းက တဖန် တိတ်ဆိတ်သွားပြန်သည်။
အမှန်တော့ လုကျိုးက ထိုအချက်ကို ထောက်မပြလျှင်ပင် စီးဝူယာ့က အနှေးနှင့်အမြန် ထိုအချက်ကို သိလာမည်သာ ဖြစ်၏။
…
အခန်း (၄၅၅) ယွီကျန့်ဟိုင်သေဆုံးခြင်းနောက်ကွယ်မှ လျှို့ဝှက်ချက်
“စီးဝူယာ့” လုကျိုးက ရုတ်တရက်ခေါ်လိုက်သည်။
စီးဝူယာ့သည် ရင်ထဲထိတ်ခနဲဖြစ်သွားပြီးနောက် အတွေးများကိုပြန်ရုပ်သိမ်းလိုက်သည်။
“မင်းက ကမ္ဘာလောကြီးရဲ့ဆန့်ကျင်မှုတွေကို စူးစမ်းချင်တယ်။ အဲ့ဒီအကြောင်းကိုတော့ ငါ ဘာမှ မပြောလိုဘူး။ မင်းပြောတဲ့အတိုင်းပဲ ... မှတ်ဉာဏ်သလင်းကို ငါ ရှာပြီးမှ ဆုံးဖြတ်ချက်ချမယ်”
လုကျိုးသည် စီးဝူယာ့က သူ၏ဇာတ်ကြောင်းပြောမှုကို ဖာထေးရန် ကြိုးစားပင်လျှင် ဆရာတစ်ယောက်အနေဖြင့် သူ့ကို လွယ်လင့်တကူ ယုံကြည်မှာ မဟုတ်ဟု ပြောလိုက်တာပဲ ဖြစ်သည်။ သူ၏မှတ်ဉာဏ်သလင်းက အဖြေဖြစ်နိုင်လျှင် ၎င်းကိုသူရှာရမည်။ သို့သော်ငြား ရုန်ရှီးနှင့် ရုန်ပေရှိ ကျန်သည့်မျိုးနွယ်များ၏နယ်ပယ်က ကျယ်ဝန်းလွန်းလှ၏။ ၎င်းကို သူမည်သို့ရှာရမည်နည်း။ ယင်းက အမှန်တကယ်ပင်ခက်ခဲသည့်ပြဿနာတစ်ရပ်ဖြစ်နေသည်။
စီးဝူယာ့သည် လုကျိုး၏အကြောင်းပြန်မှုကြောင့် ပျော်ရွှင်သွားပုံပေါ်၏။ သူ၏ရှစ်စွင်း သူ့ကို မယုံတာကို စိတ်မရှိပေ။ အနည်းဆုံးတော့ သူ၏ဆရာသည် သူ့ကိုအပြစ်မတင်ခဲ့ပေ။ သလင်းအတွက်မူ ၎င်းရှာရန်နည်းလမ်းတစ်ခုကို သူ စဉ်းစားမှာပဲဖြစ်သည်။ အဖြေကို မည်သူမှမသိပေ။ ရွှေကြာကို ဖြတ်တောက်သည့် နည်းလမ်းဖြစ်စေ၊ ရွှေကြာမရှိဘဲ ပွင့်ချပ်ဖူးပွင့်သည့် နည်းလမ်းဖြစ်စေ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာခြင်းသည် ဤကမ္ဘာကြီး၏ခေတ်သစ်တစ်ခုကို တဖြည်းဖြည်းချင်း ဖော်ဆောင်နေသည်။
လုကျိုးက စဉ်းစားနေစဉ် အပြင်ကနေ အသံနှစ်သံ ပေါ်ထွက်လာ၏။
“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”
“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”
အသံတစ်သံသည် နောက်အသံထက် ပိုကျယ်၏။ သူတို့က မည်သူက ပိုကျယ်ကျယ်ပြောနိုင်သလဲဟု ပြိုင်နေသည့်ပမာ အသံကိုမြှင့်ထားသည်။
ရှောင်ယွမ်အာက ခါးထောက်လျက် ပြောလိုက်၏။
“ပါ့ရှစ်ရှိုး ... ရှစ်ရှိုးအော်နေတာ အသုံးမဝင်ဘူး။ အထဲဝင်လို့မရဘူး”
“ရှောင်ရှစ်မေ့ ... ဝင်ခွင့်ပေး။ နောင်ကျ အရသာရှိတာတစ်ခုခုကျွေးမယ်လေ ... လာပါ”
“မရဘူး” ရှောင်ယွမ်အာသည် ကျူးဟုန်ကုန်းကို အညှာအတာမရှိ ငြင်းပယ်လိုက်တော့သည်။
“…”
အပြင်ဘက်ရှိ စကားများနေမှုသည် လုကျိုးကို မျက်မှောင်ကျုံ့သွားစေ၏။ သူက လက်ဝေ့ယမ်းလျက် သူ၏စွမ်းအင်ဖြင့်တံခါးကိုဖွင့်လိုက်သည်။ ပြီးနောက် အသံလှိုင်းသုံးကာ ပြောလိုက်၏။
“သူ့ကို ဝင်ခွင့်ပေးလိုက်”
ရှောင်ယွမ်အာက သုန်မှုန်သောမျက်နှာထားဖြင့် ကျူးဟုန်ကုန်းကို ဘေးကြည့်ကာ ဘေးဖယ်ပေးလိုက်သည်။
ကျူးဟုန်ကုန်းက ရယ်မောလျက်ပြောလိုက်သည်။
"မင်းက အကောင်းဆုံးပဲ ရှောင်ရှစ်မေ့ ... မကြာခဏ ပြုံးရင် ပိုတောင်ကောင်းဦးမယ်” ပြီးနောက် သူသည် အရှေ့ဖက်မျှော်နန်းဆီသို့ တခါတည်းဝင်လိုက်သည်။
ရှောင်ယွမ်အာက နှာမှုတ်လိုက်သည်။ ပြီးနောက် အရှေ့ဖက်မျှော်နန်းအပြင်ဖက်ဆီသို့ ပျံသန်းသွား၏။ သူမသည် အရှေ့ဖက်မျှော်နန်း၏စကားလုံးများကြားထဲတွင် ထိုင်နေစဉ် ဖန်ကျုံးနှင့်ကျိုးကျစ်ဖုန်းတို့ ချဉ်းကပ်လာတာကိုတွေ့လိုက်ရ၏။ သူမက ပြုံးပြီးပြောလိုက်သည်။
“ဟေ့ အဲ့ဒီက အထဲဝင်ချင်လို့လား”
“အမ်... မဟုတ်ပါဘူး။ ကျွန်တော်တို့သွားနေတာ... အခုထွက်သွားမယ်” ဖန်ကျုံးသည် ကျိုးကျစ်ဖုန်းကို ဆွဲခေါ်လျက် တခြားတစ်ဖက်သို့ဦးတည်သွားလိုက်သည်။
“သွားရအောင် ... သူက ငါတို့ကို ပြောင်းပြန်စိတ်ပညာသုံးဖို့ ကြိုးစားနေတာ။ ငါတို့ လှည့်ကွက်ထဲ ကျသွားလို့မဖြစ်ဘူး”
သူတို့နှစ်ယောက်သားသည် ချက်ချင်းပျောက်ကွယ်သွားတော့၏။
ရှောင်ယွမ်အာက သူ့မျက်နှာသူထိကာ နှုတ်ခမ်းစူကာ ရေရွတ်ပြောလိုက်သည်။
“ငါ ပြုံးတယ်လေ”
ကျူးဟုန်ကုန်းက အထဲဝင်လာပြီးနောက် ဒူးထောက်ကာကန်တော့လိုက်သည်။ “ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ချီရှစ်ရှိုး၊ ရှစ်စွင်း”
သူသည် စီးဝူယာ့ကိုယ်စားတောင်းပန်ရန် ဤနေရာသို့ ရောက်လာတာဖြစ်သည်။ သူ့၌ ကျန်သည့် ရည်ရွယ်ချက်မရှိ။ အကောက်ကြံမှုမရှိပေ။
လုကျိုးက ကျူးဟုန်ကုန်းကို ကြည့်ပြီးမေးလိုက်သည်။
“မင်းက သူ့ကိုယ်စားတောင်းပန်ပေးနေတာလား”
“ရှစ်စွင်း ... ချီရှစ်ရှိုးက ရှစ်စွင်းထင်သလိုလူမျိုးမဟုတ်ပါဘူး” ကျူးဟုန်ကုန်းက သူ့ဖာသာသူ သတ္တိမွေးလျက်ရှင်းပြလိုက်သည်။
“ချီရှစ်ရှိုးကြောင့်သာမဟုတ်ရင် တာ့ရှစ်ရှိုးက အစောတည်းက သေနေပါပြီ။ အာ့ရှစ်ရှိုးကတောင် ခက်ခက်ခဲခဲ ရှင်သန်နေရမှာပါ ရှစ်စွင်း။ ချီရှစ်ရှိုးက ရှစ်စွင်းထင်သလိုလူမျိုးမဟုတ်ဘူး”
ထိုစကားကိုကြားလိုက်ချိန်တွင် မျက်မှောင်အနည်းငယ်ကျုံ့သွား၏။
လုကျိုးဘာမှမပြောရသေးခင် စီးဝူယာ့က ထရပ်ပြီးပြောလိုက်သည်။ “ဒီအကြောင်းတွေကို ထည့်ပြောလို့ အဓိပ္ပာယ်မှမရှိဘူး ... လောင်ပါ့ တော်လောက်ပြီ”
“နေဦး” လုကျိုးက လေးနက်သောအသံဖြင့်ပြောလိုက်သည်။ ပြီးနောက် သူက ကျူးဟုန်ကုန်းကို ကြည့်ကာပြောလိုက်၏။
"လောင်ပါ့ ဆက်ပြော”
ကျူးဟုန်ကုန်း၏အမူအရာက တည်တင်းနေလျက် ပြောလိုက်သည်။
"ချီရှစ်ရှိုးက ကျွန်တော့်အသက်ကို ကယ်ဖို့အတွက် ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းက ဘုန်းကြီးအိုကို တောင်းပန်ခဲ့တယ်။ အဲဒီမှာ သုံးရက်သုံးညတိုင်တိုင် ဒူးထောက်ပြီးမှ ဘုန်းကြီးအိုက ကျွန်တော့်ကို ဇင်အဝတ်ပေးခဲ့တာ။ ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းကို ပြန်ရောက်တဲ့အချိန် ကျွန်တော့်အသက် ရင်းရမယ်ဆိုရင်တောင် ချီရှစ်ရှိုးကို ကူညီဖို့ဆုံးဖြတ်ထားတယ်။ ရှစ်စွင်း ကျွန်တော့်ကို အပြစ်ပေးလို့ရတယ်။ ဒါပေမဲ့ ကျွန်တော့်အသက်ကို ကူညီပေးတဲ့သူကိုတော့ မဆန့်ကျင်နိုင်ဘူး”
“အာ့ရှစ်ရှိုးက အစတည်းက အသက်တိုတယ်။ ချီရှစ်ရှိုးကပဲ တာ့ယန်ထဲ စေ့စေ့စပ်စပ် လှည့်လည်သွားလာပြီး သစ်ထွင်းစာတွေ စုစည်းပြီးတော့ သက်တော်ရှည်ဓားပေါ်မှာ ထွင်းထုပေးခဲ့တာ။ တာ့ရှစ်ရှိုးကတော့ ...”
ကျူးဟုန်ကုန်းသည် ယွီကျန့်ဟိုင်အကြောင်းပြောတော့မည့်အချိန်တွင် စီးဝူယာ့က ဝင်ဟန့်လိုက်သည်။
“ပါးစပ်ပိတ်”
ကျူးဟုန်ကုန်းသည် ထိတ်လန့်လွန်းသောကြောင့် ချက်ချင်းတိတ်သွားတော့သည်။
လုကျိုးက ရုတ်တရက်လက်ဝေ့ယမ်းလျက် လက်စည်းတံဆိပ်တစ်ခုကို ထုတ်သုံးလိုက်သည်။
ဖြန်း …
ယင်းက စီးဝူယာ့၏ပါးပေါ်ကျသွား၏။ လုကျိုး၏အကြည့်တို့က စူးရှနေလျက်သူကမေးလိုက်သည်။
“မင်းကိုယ်မင်း ကြီးမြတ်တယ်လို့ထင်နေလား ... မင်းပခုံးပေါ် အရာအားလုံး ထမ်းနိုင်တယ်လို့ ထင်နေလား။ မင်း သူရဲကောင်းဖြစ်ချင်နေတာလား ... ကောင်းပြီ ဒါဆို မင်းဆန္ဒကိုဖြည့်ဆည်းပေးမယ်” ပြီးနောက် သူက လက်ဝါးကို တွန်းထုတ်လိုက်၏။
စီးဝူယာ့သည် သူ့ဆီသို့ ဧရာမလက်ဝါးစည်းတံဆိပ်ပျံသန်းလာသည်ကို မြင်ပြီးတုန်ယင်သွားသည်။ ထိုသို့တိုင် သူက ခုခံရန် စွမ်းအားကင်းမဲ့နေ၏။ သူကမရှောင်ခဲ့ပေ။ ထိုအစား မျက်လုံးမှိတ်ထားရန် ရွေးချယ်လိုက်သည်။ ကောင်းတယ် ... ဒီအတိုင်းပဲပြီးသွားပြီ။
ဘန်း ...
စီးဝူယာ့က ဝေခွဲမရ ဖြစ်သွားသည်။ သူသည် နာကျင်မှုကို မခံစားရပေ။ သူ့ရင်ထဲ၌ အကြောက်တရားများ ကြီးစိုးလာပြီး မျက်လုံးဖွင့်လိုက်၏။ သူ၏ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာမရှိတာကို ခံစားမိသည်။ သို့သော် သူ့နား၌ တစစီဖြစ်နေသော ကုလားထိုင် အကြွင်းအကျန်များကိုတွေ့လိုက်ရ၏။
လုကျိုးက လက်ဝါးကိုရုပ်လျက်ပြောလိုက်၏။ “ကျူးဟုန်ကုန်း”
ကျူးဟုန်ကုန်းက စီးဝူယာ့ကို တစ်ချက်ကြည့်လိုက်သည်။ သူ့ဖာသာသူ သတ္တိမွေးပြီးနောက် ပြောလိုက်၏။
"ချီရှစ်ရှိုး ... ကျွန်တော် နားမလည်နိုင်ဘူး။ ဘာကို လျှို့ဝှက်နေစရာလိုလဲ။ တာ့ရှစ်ရှိုးက သေခဲ့ပြီးတာ အမှန်တရားပဲကို ... ရှစ်ရှိုး သူ့ကိုကယ်ခဲ့တာလည်း အမှန်တရားပဲ”
“သူတစ်ခါသေခဲ့တယ်တဲ့လား” လုကျိုးက ဇဝေဇဝါဖြစ်သွားသည်။ သေလူတစ်ယောက်က မည်ကဲ့သို့ အသက်ပြန်ရှင်နိုင်သနည်း။
ထိုစဉ် မင်ရှစ်ရင်သည် မျှော်နန်းအပြင်ဖက်ကနေပေါ်လာ၏။
ရှောင်ယွမ်အာသည်လည်း တန်းပေါ်တွင် တက်ထိုင်နေရာမှပြုတ်ကျလာ၏။
မင်ရှစ်ရင်က သူမခေါင်းကို ပုတ်လိုက်သည်။ သူမက ခန်းမထဲသို့ သူ ဝင်တာကို မဟန့်တားခဲ့ပေ။ သူက ခန်းမထဲဝင်ပြီးနောက်ပြောလိုက်သည်။
“တာ့ရှစ်ရှိုး တစ်ခါသေခဲ့ဖူးတာ အမှန်ပါပဲ။ ချီရှစ်တိက သူ့ကိုကယ်ခဲ့ဖူးတာလည်းအမှန်ပါပဲ။ ရှစ်စွင်း ... မဟူရာကွန်ယက်အကြောင်း စစ်ဆေးဖို့ အမိန့်ပေးခဲ့တယ်။ ကျွန်တော် ချီရှစ်တိရဲ့ ကိုယ်ပိုင်အခန်းထဲကို မွှေနှောက်ခဲ့မိတယ်။ အဲ့ဒီထဲမှာ တာ့ရှစ်ရှိုးသေတဲ့ရက်ကိုရေးထားတယ်”
သူသည် သူ့အိတ်ထဲကနေ ရိုးရိုးရှင်းရှင်းမှတ်စုစာအုပ်လေးကို ထုတ်ပြီး လုကျိုးအား လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။
ထိုစာအုပ်လေးကို မြင်တွေ့သည့်အခါ၌ စီးဝူယာ့က မျက်မှောင်ကျုံ့သွားကာ မင်ရှစ်ရင်ကို အထိတ်တလန့် စိုက်ကြည့်နေမိသည်။
လုကျိုးသည် စာရွက်ကို ယူပြီးနောက် အားလုံးကိုဖတ်လိုက်သည်။
“တာ့ယန်၊ ယုံချင်းနှစ် တစ်ရာ့ငါးဆယ့်လေး မတ်လ ငါးရက် တာ့ရှစ်ရှိုးသေလွန်တယ်”
“တာ့ယန်၊ ယုံချင်းနှစ် တစ်ရာ့ငါးဆယ့်လေး မတ်လ နှစ်ဆယ့်ရှစ်ရက် သူ့ကို ရေလောင်းခဲ့တယ်။ တာ့ရှစ်ရှိုးအသက်ကင်းမဲ့နေတုန်းပဲ”
“တာ့ယန်၊ ယုံချင်းနှစ် တစ်ရာ့ငါးဆယ့်လေး ဧပြီလ လေးရက် သူ့ကို ရေလောင်းခဲ့တယ်”
“တာ့ယန်၊ ယုံချင်းနှစ် တစ်ရာ့ငါးဆယ့်လေး မေလ နှစ်ရက် သူ့ကို ရေလောင်းခဲ့တယ်” တာ့ရှစ်ရှိုး အသက်ပြန်ရှင်လာပြီ။
လုကျိုး၏ လေးနက်တည်ကြည် သုန်မှုန်နေသော အမူအရာကို မြင်သောအခါ မင်ရှစ်ရင်က ဒူးထောက်လျက် ပြောလိုက်သည်။
"ကိုယ်ရေးကိုယ်တာ မှတ်တမ်းကို ချက်ချင်းယူမလာမိတာ ကျွန်တော်မှားပါတယ်”
ကျူးဟုန်ကုန်းက ဝပ်တွားနေလျက် မလှုပ်ရဲပေ။
စီးဝူယာ့သည် ကြောင်အနေသော အမူအရာဖြင့် ဒူးထောက်နေလေ၏။
မှတ်တမ်းထဲရှိ အချက်အလက်များနှင့် ဖြစ်စဉ်များကို အသေးစိတ်မှတ်တမ်းတင်ထားတာဖြစ်သည်။ စီးဝူယာ့မည်မျှ ကောက်ကျစ်စေကာမူ ကျန်သည့်သူများကို အရူးလုပ်စေရန် ၎င်းကို ကြိုတင်ပြင်ဆင်ထားမှာ မဟုတ်ပေ။
အသက်ပြန်ရှင်လာသည် ဟူသော စကားလုံးကို မြင်လိုက်ရချိန်၌ လုကျိုးက ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သူပျော်ရမလား ... ဝမ်းနည်းရမလားမသိတော့ပေ။ အမှန်တကယ်တွင် သူမည်သို့ ခံစားသင့်မှန်းလည်းမသိ။ ဘာကိုတွေးသင့်မှန်းလဲ မသိပေ။ အစတည်းကသူသည် အပြင်လူတစ်ယောက်ဖြစ်၏။ ထိုအရာအားလုံးနှင့် သူက မသက်ဆိုင်သလို နေခဲ့သင့်တာဖြစ်သည်။ ထိုလူမိုက်အတွက် သနားမှုမခံစားသင့်ပေ။ ကူးပြောင်းလာသူတစ်ယောက်အနေဖြင့် သူသည် အေးစက်ပြီး နှလုံးသားမဲ့သင့်သည်။ ကမ္ဘာကြီးက ကြီးမားလွန်းပြီး လူသားများ၏စိတ်နှလုံးက မည်းညစ်လွန်း၏။ သူ ဂရုမစိုက်လျှင် သူ ဆုံးရှုံးသွားနိုင်သည်။ သူ ဤနေရာသို့ ကူးပြောင်းလာချိန်မှစပြီး သူ စိတ်သဘောထား ပျော့ပျောင်းနေ၍မရမှန်း သူ သိသည်။ ခွေးခွေးချင်းစားသည့် လောကထဲ၌ ခြေချရန်မလွယ်ကူပေ။
မိစ္ဆာဝေဟင်မျှော်နန်းသည် စတင်တည်ထောင်ချိန်မှစပြီး ဒုက္ခများစွာ ခံစားခဲ့ရ၏။ ကျိထျန်းတောက်တောင် ရွေးချယ်စရာမရှိဘဲ ဤလမ်းကြောင်းကို ဆက်လျှောက်ခဲ့ရသည်။
မေးခွန်းများ ထပ်မေးရန်မလိုအပ်တော့ပေ။ သူ့ရှေ့ရှိတပည့်များကို မေးသည်ထက် ထိုအကြောင်းကို ကိုယ်တိုင်မေးရန် ယွီကျန့်ဟိုင်ကိုစောင့်နေတာက ပိုကောင်းလိမ့်မည်။
လုကျိုးက သတိတရားတို့ မဆုံရှုံးသွားပေ။ သူ သတိဆုံးရှုံး၍မရပေ။
မင်ရှစ်ရင်က ပြောလိုက်သည်။
“ကျွန်တော် နောက်ထပ် သတင်းပို့စရာရှိပါတယ်။ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ အကျော်အမော် ကျော့ယွီရှုက ရှစ်စွင်းကို တွေ့ချင်နေပါတယ်”
လုကျိုးသည် မင်ရှစ်ရင်၏စကားများကိုမကြားလိုက်သည့်ပမာ ပြုမူနေ၏။ သူက မျက်မှောင်ကျုံ့ကာ သူအတွေးနစ်နေကြောင်း သူ၏အမူအရာက ညွှန်ပြနေ၏။ ရံဖန်ရံခါတွင် သူ၏မျက်လုံးက တောက်ပလာသည်။ ခဏအကြာ၌ မင်ရှစ်ရင်က ထပ်ကျော့ပြောလိုက်၏။
“ရှစ်စွင်း ကွန်ဖြူးရှပ်ဂိုဏ်းရဲ့လက်ရွေးစင် ကျော့ယွီရှုက ရှစ်စွင်းကိုတွေ့ချင်နေပါတယ်”
“သူ့ကိုနှင်လိုက်”
…
အခန်း(၄၅၆) အမျိုးသမီး သူရဲကောင်း
လုကျိုးက သူ့မှတ်ဉာဏ်ထဲမှ ယွီကျန့်ဟိုင်နှင့် ပတ်သက်သည့် အချက်အလက်များအား ပြန်လည်ရှာဖွေလိုက်သည်။ သူက အတိတ်တုန်းက ရုန်ရှီကို ရောက်စဉ် တခြားမျိုးနွယ်စုများအကြောင်း အမှတ်ရဖို့လည်း ကြိုးစားလိုက်သည်။ သူ မည်မျှကြည့်စေကာမူ သူ့သက်တမ်းနှင့် ပွင့်ချပ်ကိုးလွှာအဆင့်တို့က သူ့တပည့်ကိုးယောက်နှင့် ဆက်နွယ်နေလေသည်။
အစပိုင်းတွင် လုကျိုး မမှတ်မိသည့် ကိစ္စများစွာ ရှိလေသည်။
သူက သူ့တပည့်များကို သတ်ဖို့ပင် ကြိုးစားခြင်း၊ ကောင်းကင်ကျမ်း စာလိပ်များ၊ ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ ကြိုးစားခြင်း …
သူက တိုက်ဆိုင်မှုဟုသာ ထင်မှတ်ခဲ့မိသည်။ ယခုတွင်မူ သူတို့က တိုက်ဆိုင်မှုထက် ပိုနေကြောင်း မြင်လာရသည်။ ကျိထျန်းတောက်က ပွင့်ချပ်ကိုးလွှာအဆင့်နှင့် သူ့သက်တမ်းအကြောင်း သူ့မှတ်ဉာဏ်များကို သလင်းကျောက်တွင် စည်းပိတ်ထားခဲ့သည်။
သူက ဘာလို့ အဲဒီလိုလုပ်ရတာလဲ …
မင်ရှစ်ရင်က သူ့ရှစ်စွင်းသည် အတွေးနစ်မြောနေကြောင်း သိ၍ မနှောင့်ယှက်ဝံ့ပေ။ သူက စီးဝူယာ့နှင့် ကျူးဟုန်ကုန်းအား အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ ရှစ်စွင်း ကျွန်တော် သွားလိုက်ပါဦးမယ် ”
ကျူးဟုန်ကုန်းနှင့် စီးဝူယာ့တို့က လက်နှစ်ဖက်ယှက်ကာ တစ်ပြိုင်နက် ပြောလိုက်ကြသည်။
“ ရှစ်စွင်း ကျွန်တော်တို့လည်း သွားလိုက်ပါဦးမယ် ”
သုံးယောက်သား အခန်းအတွင်းမှ ရိုရိုကျိုးကျိူး ထွက်သွားကြလေသည်။
တပည့်သုံးဦး ထွက်သွားပြီးသည့်နောက်တွင်ပင် လုကျိုးက အတွေးထဲ နစ်မျှောနေဆဲ ဖြစ်၏။
…………………
တပည့်သုံးယောက် ထွက်သွားပြီးနောက် ရှောင်ယွမ်အာက သစ်ပင်ပေါ်မှ ခုန်ချလာကာ ရယ်မောရင်း ပြောလိုက်သည်။
“ ရှစ်ရှိုးတို့ မင်္ဂလာပါ ”
“ရှောင်ရှစ်မေ့ မင်္ဂလာပါ ”
မင်ရှစ်ရင်က စီးဝူယာ့အား ကြည့်လိုက်ကာ “လောင်ချီ … ရှစ်စွင်းရှေ့မှာ မင်းရဲ့ ဉာဏ်တစ်ထွာလောက်နဲ့ ကြွားလုံးထုတ်မနေတာ ကောင်းလိမ့်မယ်။ ငါ ဒီတစ်ခါ ကူညီပေးနိုင်ပေမဲ့ အမြဲတမ်း လိုက်မကူနိုင်ဘူး”
စီးဝူယာ့က မကျေနပ်စွာဖြင့် မေးလိုက်သည်။ “ဒါက ရှစ်ရှိုး ကူညီလိုက်တဲ့ ပုံစံလား ”
“ မင်းက မင်းဘာသာ ဉာဏ်ကောင်းတယ်ဆိုပြီး ဂုဏ်မောက်နေတာလေ။ ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ထားပြီးသား သူက တာ့ရှစ်ရှိုးကို ဘာလို့ဂရုစိုက်နေဦးမှာလဲ။ သူ ဂရုစိုက်တယ်လို့ထင်နေရင် မင်း အိပ်မက်မက်နေတာပဲ ဖြစ်လိမ့်မယ် ” မင်ရှစ်ရင်က လှောင်ပြောင်စွာ ပြောလိုက်သည်။
“ကျွန်တော် … ”
မင်ရှစ်ရင်က စီးဝူယာ့အား စကားပြောဖို့ အခွင့်အရေးမပေးဘဲ ဆက်ပြောလိုက်သည်။ “ တော်သင့်ပြီ။ ရှစ်စွင်းက အလွယ်တကူ ယုံလိုက်ပေမဲ့ ငါကတော့ ယုံမယ်လို့ မဆိုလိုဘူး။ တာ့ယန်ရဲ့ တော်ဝင်မိသားစုက မိစ္ဆာဝေဟင်မျှော်နန်းကို စိန်ခေါ်နေတာ အကြိမ်ရေများနေပြီ။ ရှစ်စွင်းက ဒေါသမထွက်ဘူးလို့ ထင်နေလား။
တကယ်လို့ တာ့ရှစ်ရှိုးသာ တော်ဝင်မိသားစုနဲ့ တိုက်ချင်တယ်ဆိုရင်လည်း ထားလိုက်တော့။ သူက မိစ္ဆာဝေဟင်မျှော်နန်းအတွက် လုပ်ပေးနေတာပဲ။ ရှစ်စွင်းက တာ့ရှစ်ရှိုးကို အချိန်တစ်ခုအထိ ပြဿနာမရှာဘူးလို့ ယုံတယ် ”
စီးဝူယာ့က မင်ရှစ်ရင် စကားများကို ကြားသည့်အခါ ခေါင်းညိတ်လိုက်သည်။ ယခင် လေထုက တင်းကျပ်နေခဲ့ကာ သူ့စိတ်ထဲ အတွေးများနေခဲ့ရသည်။ ယခု သူ မင်ရှစ်ရင် စကားများကို ကြားပြီးသည့်နောက်တွင် မင်ရှစ်ရင် စကားများက အမှန်ဖြစ်ကြောင်း သိလာလေသည်။
ထို့ကြောင့် သူက လက်နှစ်ဖက်ယှက်ကာ “စစ်ရှစ်ရှိုးကို ကျေးဇူးတင်ပါတယ်”
“ ကိစ္စမရှိပါဘူး ” မင်ရှစ်ရင်က ပြန်ဖြေလိုက်သည်။
မင်ရှစ်ရင်က သူ့စကားအဆုံးတွင် တောင်အလယ်မှ ဆွဲဆွဲငင်ငင် အော်သံနှစ်သံကို ကြားလိုက်ရလေသည်။
“ အား … မိစ္ဆာဝေဟင်မျှော်နန်းက ခင်ဗျား စိတ်ကြိုက် ပြုမူရမဲ့ နေရာ မဟုတ်ဘူး … အဘွားကြီး နောင်တရလိမ့်မယ် ”
“အား ” အော်သံများက ထပ်မံ ထွက်ပေါ်လာသည်။
မင်ရှစ်ရင်က ခေါင်းအသာခါကာ “ ငါတို့ ဘာလုပ်ကြမလဲ။ သူမက အခုရောက်လာပြီ ”
စီးဝူယာ့က ပြောလိုက်သည် “ ကျွန်တော်ဆီ အပ်ထားလိုက်”
သူက လှည့်ထွက်သွားပြီး တောင်အောက်သို့ ဆင်းသွားလေသည်။
ရှောင်ယွမ်အာ၊ ကျူးဟုန်ကုန်းနှင့် မင်ရှစ်ရင်တို့လည်း နောက်မှ လိုက်သွားကြ၏။
အပေါ်စီးမှ အမျိုးသမီးအိုကြီးတစ်ယောက်သည် တုတ်ကောက်ကို အားပြုရင်း တောင်ပေါ်တက်လာသည်ကို မြင်လိုက်ရသည်။ ထိုစဉ် ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က ယောင်ကိုင်းနေသော မျက်နှာများနှင့် ဆက်တိုက် နောက်ဆုတ်နေကြသည်။
စီးဝူယာ့က မျက်မှောင်အသာကြုတ်လိုက်သည်။ သူက စောစောလေးမှ မင်ရှစ်ရင် ပြောစကားများကို အမှတ်ရကာ မေးလိုက်သည်။
“ဒါက ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ အကျော်အမော် ကျော့ယွီရှုလား ”
“ဟုတ်တယ်” မင်ရှစ်ရင်က ကူကယ်ရာမဲ့သည်ကို ပြသည့်အနေဖြင့် လက်ဖြန့်ပြလိုက်သည်။
“ ဒီမိန်းမအိုကြီးက ဘေးလမ်းကနေ ဒီအထိ ရောက်လာတာပဲ။ သူမက အနီးအနားမြို့ဆီ သွားပြီး မေးလိုက်သင့်တယ်။ မင်း သတိထားနော် … သူမက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ တည်ရှိတဲ့အကြောင်း မယုံဘူး ”
“…”
စီးဝူယာ့က ထိုမိန်းမအိုကြီးအား ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူအကြောင်း ထုတ်ပြောကာ ခြိမ်းခြောက်ဖို့ ပြင်ထားလေသည်။
သူက ဒီလိုခေါင်းကြောမာသည့် အမျိုးသမီးအိုကြီးနှင့် ပတ်သက်ရလိမ့်မည်ဟု မည်သူက တွက်ထားမိမည်နည်း။
ကျော့ယွီရှုက သူမ၏ နေ့ရက်အများစုကို တောင်ကြားထဲ၌သာ ကုန်ဆုံးခဲ့လေသည်။ သူမက လူများနှင့် ဆက်ဆံခဲ၏။ သူမက တောင်ကြားမှ ထွက်လာဖို့ ဆုံးဖြတ်လိုက်စဉ် လူများသည့် နေရာများကို ရှောင်လိုသည်မှာ သဘာဝကျလေသည်။ သူမက မြို့ထဲရှိ လူများဆီ သွားကာ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူအကြောင်း သွားမေးနေမည် မဟုတ်ပေ။
ခဏအကြာတွင် လေထုထဲ အော်သံနှစ်သံ ပျံ့လွင့်လာသည်။
ထို့နောက် ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က စီးဝူယာ့ဆီ ပြေးလာကြသည်။
“သ … သတ္တမသခင်လေး … သူမကို တားပါဦး ”
စီးဝူယာ့က မျက်ကွင်းညိုများဖြင့် ပင်ပန်းနေဟန်ပေါ်သော်လည်း ခါးကို မတ်မတ်ထားလိုက်သည့်အချိန် သူ့အနေအထားက အားကိုးရဟန် ပေါ်နေသည်။
ရှပ် ရှပ် ရှပ် …
မိန်းမအိုကြီးက လှေကားထိပ်သို့ ရောက်လာခဲ့လေပြီ။ သူမက ရှေ့မှ လူများကို ကြည့်လိုက်ပြီး မင်ရှစ်ရင်ကို မြင်လိုက်သည့်အခါ “ကောင်လေး ငါတို့ ထပ်တွေ့ပြန်ပြီ ”
“အာ … လောင်ချန်းပေ့ မင်္ဂလာပါ ” မင်ရှစ်ရင်က သဘာဝမကျစွာ ပြောလိုက်သည်။ သူ့အနေနှင့် လူအိုကြီးများ၏ မှတ်ဉာဏ်နှင့် အမြင်များက ဆိုးရွားလာသည်ဟု ထင်ခဲ့သော်လည်း သူမက သူ့ကို ကောင်းကောင်းကြီး မှတ်မိနေလေသည်။
စီးဝူယာ့က ပြောလိုက်၏။
“မင်္ဂလာပါ ကျော့ချန်းပေ့ … ”
“မင်းက ဘယ်သူလဲ ”
“ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမမြောက် တပည့် စီးဝူယာ့ပါ ” စီးဝူယာ့က ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။
ကျော့ယွီရှုက အားပါးတရ ရယ်မောလိုက်ရင်း “ ငါ သူ့စံနှုန်းကို အထင်ကြီးမိခဲ့တာပဲ။ လူမမာတစ်ယောက်၊ ငတုံးတစ်ယောက်၊ ဖက်တီးတစ်ယောက် … ပြီးနောက် လျှောက်သွားနေတဲ့ ငရူးတစ်ယောက် … သူက တပည့်တွေကို ရွေးချယ်တဲ့နေရာ သိပ်ကြေးမများဘူးပဲ ”
ကျူးဟုန်ကုန်းနှင့် ရှောင်ယွမ်အာတို့က တွေးလိုက်ကြသည်။
သူမက ဘာကြီးတုံး … ရုတ်တရက် ဘာတွေ လာစော်ကားနေတာလဲ။
စီးဝူယာ့က စိတ်ထဲ ထားဟန်မပေါ်ပေ။
“ ကျော့ချန်းပေ့က ကျွန်တော်တို့ ရှစ်စွင်းနဲ့ တွေ့ချင်လို့လား ”
ကျော့ယွီရှုက မင်ရှစ်ရင်အား တုတ်ကောက်ဖြင့် ထိုးပြကာ “သူက ငါ ရောက်လာတဲ့ အကြောင်းအရင်းကို မပြောပြထားဘူးလား”
မင်ရှစ်ရင်က ပြောလိုက်သည်။
“ချန်းပေ့ … ဖုန်းချင်းဟယ် သေဆုံးမှုနောက်ကွယ်က အကြောင်းအရင်းကိုလည်း သိပြီးပြီလေ။ ဘာလို့ ဒီလိုလုပ်ရတာလဲ ”
ထိုအရာကို ကြားကာ စီးဝူယာ့က အဖြစ်အပျက်ကို မှန်းဆမိလိုက်သည်။ သူက အပြုံးလေးဖြင့် ပြောလိုက်၏။
“ကျော့ချန်းပေ့က ဖုန်းချင်းဟယ်အတွက် လက်စားချေပေးချင်တာလား ”
“ငါ လိုအပ်တာက ရှင်းပြချက်တစ်ခုပဲ။ ငါက တောင်ကြားထဲ ရောက်လာတဲ့သူတိုင်းကို သတ်ပစ်မယ်လို့ ဖုန်းချင်းဟယ်ကို ကတိပေးထားတယ်။ ငါ မင်းရဲ့ရှစ်စွင်းကို ထောက်ထားပြီး ဒီကောင်လေးကို သက်ညှာပေးခဲ့တာ။ ဒါပေမဲ့ သူ ငါကို ကောင်းကောင်း ရှင်းပြသင့်တယ် … မဟုတ်ဘူးလား ” ကျော့ယွီရှုက ပြောလိုက်သည်။
စီးဝူယာ့က ခေါင်းညိတ်ကာ “အဲဆို ကျွန်တော် ဖြေရှင်းချက် ပေးရင်ရော ဘယ်လိုလဲ ”
“မင်းကလား …” ကျော့ယွီရှု၏ မျက်နှာထက် အထင်သေးကာ မနှစ်မြို့သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ သူမက စီးဝူယာ့၏ သဘောထားကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားမှန်း သိသာလှသည်။
စီးဝူယာ့က စိတ်ထဲမထားပေ။ သူက မထူးမခြားနား ပြောလိုက်၏။
“ကျန့်ချိုက်အဖွဲ့ခွဲရဲ့ ဂိုဏ်းချုပ် ဖုန်းချင်းဟယ်က ဂိုဏ်းကြီးခြောက်ဂိုဏ်းနဲ့ ပူးပေါင်းပြီးတော့ ယွင်ဂိုဏ်းရဲ့ အကြီးအကဲဆယ်ဦးကိုပါ တိတ်တဆိတ် လှုံ့ဆော်ပြီး မိစ္ဆာဝေဟင်မျှော်နန်းဆီ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီအဖြေကို ကျေနပ်ပါရဲ့လား ”
ကျော့ယွီရှုက မျက်မှောင်ကြုတ်လိုက်သည်။ သူမက စီးဝူယာ့အား ခဏကြည့်လိုက်ပြီးနောက် တုတ်ကောက်ဖြင့် မြေပေါ် အသာခေါက်လိုက်သည်။
ဝုန်း
ပင့်ကူအိမ်သဖွယ် အက်ကြောင်းများက မြေပေါ်တွင် ပေါ်ထွက်လာသည်။
“သင်္ကေတစည်းတံဆိပ်လား” မင်ရှစ်ရင်က နောက်နှစ်လှမ်း ဆုတ်လိုက်သည်။ ထိုသင်္ကေတများက မက်မွန်ကိုင်းပေါ်တွင် ရေးထွင်းထားသည့် သင်္ကေတများနှင့် တူညီလေသည်။
စီးဝူယာ့မှလွဲ၍ အားလုံးက နောက်ဆုတ်လိုက်ကြသည်။
“ ချန်းပေ့က အငယ်လေးတွေကို အနိုင်ကျင့်ချင်တာလား”
အက်ကြောင်းမှ အလင်းများက မှေးမှိန်သွားသည်။
ကျော့ယွီရှုက ပြောလိုက်သည်။
“မင်းနဲ့ ဘာမှပြောစရာမရှိဘူး။ မင်းဆရာကို ထွက်လာခိုင်းလိုက် ”
“ရှစ်စွင်းက သိပ်နေလို့ မကောင်းလို့ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်” စီးဝူယာ့က ပြောလိုက်သည်။
“မင်း ငါ့အပေါ် လေးစားမှုပြသတာ လုံလောက်တယ်တော့ မထင်ဘူး ”
“မဟုတ်ပါဘူး မဟုတ်ပါဘူး ” စီးဝူယာ့က လက်ဝေ့ကာ “ဒါက အမှန်ပါ”
“ဟမ်” ကျော့ယွီရှု၏ အမူအရာက တောင့်တင်းသွားလေသည်။ သူမက တုတ်ကောက်ကို မြောက်လိုက်၏။ ထိုစဉ် သူမ တုတ်ကောက်တွင် သင်္ကေတများ ပေါ်ထွက်လာသည်။
“ ကောင်လေး မင်းဆရာက မင်းကို သေချာမသင်ကြားပေးထားမှတော့ ငါက ကိုယ်စား ဆုံးမပေးမယ် ”
တုတ်ကောက်မှ သင်္ကေတများစွာ ထွက်ပေါ်လာပြီး စီးဝူယာ့ဆီ ပျံ့လွှင့်သွားလေသည်။
စီးဝူယာ့ ကျူးဟုန်ကုန်းနောက် ရောက်သွားကာ ကာလိုက်သည်။
ရုတ်ခြည်းဆိုသလို ကြောင်အမ်းနေသည့် ကျူးဟုန်ကုန်းက ဒိုင်းကာအဖြစ် အသုံးချခံလိုက်ရသည်။
ဘန်း ဘန်း ဘန်း
သင်္ကေတများက ကျူးဟုန်ကုန်း၏ ရင်ဘတ်ပေါ် ကျရောက်လာသည်။ သူက ရင်ဘတ်ကို ပွတ်လိုက်ပြီး “ ချီရှစ်ရှိုး ဘာလုပ်နေတာလဲ”
ကျော့ယွီရှုက ကျူးဟုန်ကုန်းကို ကြည့်လိုက်ပြီး တအံ့တဩ ရေရွတ်လိုက်သည်။
“မင်းက ဘာမှမဖြစ်ဘူးလား ”
စီးဝူယာ့က ပြောလိုက်၏။ “ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ကျယ်ပြန့်ကောင်းကင်စွမ်းအားက တကယ်ကို အားကောင်းတာပဲ ”
ကျော့ယွီရှုက စီးဝူယာ့၏ စကားထဲ မထိတထိ သရော်မှုကို ခံစားမိလေသည်။ သူမက တုတ်ကောက်ကို ခပ်တင်းတင်း ဆုပ်ထားလိုက်၏။
ဘန်း
သူမက မြေပေါ် ထပ်မံ ဆောင့်ချလိုက်သည့်အခါ ကနဦးချီများက ထွက်ပေါ်လာသည်။ သင်္ကေတစည်းတံဆိပ်များကလည်း သူမဝန်းကျင် ဆယ်မီတာပတ်လည် ဝန်းရံထားသည်။
တခြားလူများက နောက်ဆုတ်လိုက်ကြ၏။
စီးဝူယာ့က တစ်ခုခု ပြောတော့မည့်ဆဲဆဲတွင် အဝေးမှ အသံတစ်သံ ပျံ့လွင့်လာသည်။ “တော်တော့ ”
အားလုံးက အသံလားရာဘက် ကြည့်လိုက်ကြသည်။
ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် လုကျိုးက အားလုံးရှေ့မှောက် ပေါ်ထွက်လာသည်။
“ရှစ်စွင်းကို ဂါရဝပြုပါတယ် ”
“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”
ကျော့ယွီရှုက သူတို့ဆီ လျှောက်လှမ်းလာနေသည့် လူအိုကြီးအား ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ သူမ မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်အပြင် မျက်ဝန်းထဲ လေးစားမှုကိုပါ မြင်တွေ့နိုင်လေသည်။