← Chapters

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း (၄၆၃) သမိုင်းကြောင်းကို မျက်မြင်တွေ့ခြင်း

စာပါအကြောင်းအရာများက ရိုးရှင်းပြီး တိုက်ရိုက်ကျသည်။ အကြောင်းအရာက အမှန်တကယ် အရေးကြီးလှပေ၏။

စာကို ဖတ်ပြီးနောက် ယွီရှန်းရုန်က ပြုံးလိုက်သည်။ ပြီးနောက် စာကို ကျောင်းယွဲ့ကိုပေးလိုက်၏။

“အာ့ရှစ်ရှိုး ဘာကြောင့်စိတ်မပူတာလဲ” ကျောင်းယွဲ့က ဇဝေဇဝါဖြစ်သွား၏။

“ငါတို့ဖြေရှင်းနိုင်တာပဲလေ” ယွီရှန်းရုန်က ပြန်ပြောလိုက်သည်။

“ညီမ ... ညီမတို့ မဖြေရှင်းနိုင်ရင်ကော ... ဒါအတွက်တောင်လေ” အချိန်အတိုင်းအတာတစ်ခုအထိ ကျောင်းယွဲ့က ဆွံ့အနေလေ၏။

ယွီရှန်းရုန်သည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံပေါ်ကာပြောလိုက်တော့သည်။ “ဝူရှစ်မေ့ မင်း ပွင့်ချပ်ပေါက်ပြီလား”

“ညီမ လတ်တလောကမှ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ထဲရောက်လာပြီး ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် ဖွဲ့တည်ပြီးတာ” ကျောင်းယွဲ့ကပြန်ပြောလိုက်သည်။

“မင်းရဲ့ရွှေကြာကို တတ်နိုင်သမျှမြန်မြန် ဖြတ်တောက်ပစ် မစောင့်နဲ့”

“ဟမ်” ယွီရှန်းရုန်သည် ထိုစကားကိုပြောပြီးနောက်လှည့်ထွက်သွားတော့သည်။

ကျောင်းယွဲ့သည် ယွီရှန်းရုန်၏ထွက်ခွာသွားသောနောက်ကျောကိုကြည့်ပြီးပြောလိုက်သည်။

“အာ့ရှစ်ရှိုး ... ရွှေကြာဖြတ်တောက်ပြီး လူတွေသေကြတယ်။ ရှစ်ရှိုးသိ ....”

“ငါ သိတယ်”

“ဒါတောင် ညီမကို ရွှေကြာဖြတ်တောက်ဖို့ပြောနေသေးတယ်”

ယွီရှန်းရုန်ကို မမြင်ရတော့ပေ။

ကျောင်းယွဲ့က ကူကယ်ရာမဲ့သောဟန်ပန်ဖြင့် လက်နှစ်ဖက်ဖြန့်ကားလိုက်၏။

ဖန်ကျုံးက ပြောလိုက်တော့သည်။ “ပဉ္စမသခင်မလေး ... အစ်ကိုကျိုးနဲ့ ကျွန်တော်က တစ်ခုလောက်မေးစရာရှိလို့ပါ။ ကျွန်တော်တို့တွေ ...”

“ဟ ...” ကျောင်းယွဲ့သည် သူပြောတာကို ကြားဟန်မတူ။ ကျိုးကျစ်ဖုန်းနှင့် ဖန်ကျုံးကို မမြင်ခဲ့သည့်ပမာပြုမူလျက် မိစ္ဆာဝေဟင်မျှော်နန်း၏ခန်းမကျယ်ဆီလှည့်ထွက်သွားတော့သည်။

နှစ်ယောက်သားက အနေခက်သွား၏။ ထိုသို့တိုင် သူတို့ဘာမှမပြောရဲပေ။

“ဘာလဲ” ပြန်လည်သုံးသပ်ရေးဂူထဲကနေ ညင်သာသည့်အသံတစ်သံပေါ်ထွက်လာသည်။

စီးဝူယာ့က တစ်ဖက်တွင်စားပွဲပေါ်ထိ စာရွက်ကိုပစ်တင်လိုက်၏။ သူ၏နားထင်ကို ပွတ်သပ်နေလိုက်သည်။ သူ သုတေသန မပြုလုပ်ခင် ပုစ္ဆာတချို့ကိုဖြေရှင်းရန်ဆုံးဖြတ်ထား၏။

ဖန်ကျုံးနှင့်ကျိုးကျစ်ဖုန်းသည် ထိုစကားကိုကြားသောအခါ အပျော်လွန်သွား၏။ သူတို့နှစ်ယောက်လုံးက ပြန်လည်သုံးသပ်ရေးဂူဆီသို့ ကမန်းကတန်းပြေးလာကြသည်။ နှစ်ယောက်လုံးက အရိုအသေပေးလျက် တညီတညွတ်တည်း ပြောလိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် သတ္တမသခင်လေး”

“ရတယ် ... လိုရင်းသာပြောလိုက်” စီးဝူယာ့သည် ထိုကဲ့သို့အသေးအမွှားမလိုအပ်သည့် လောကထုံးစံများနှင့် အချိန်ဖြုန်းရတာ မနှစ်သက်ပေ။

ဖန်ကျုံးက ခေါင်းကုတ်လျက်ပြောလိုက်၏။

"နောက်ပိုင်းမှာ ကျွန်တော်တို့တွေ နတ်ဒေဝါဦးတည်နယ်ပယ်အထွတ်အထိပ်ကို ရောက်ပြီလို့ ခံစားမိနေတာ။ အဆင့်ချိုးဖြတ်တတ်တော့မယ်လို့ ဝေဝါးဝါးခံစားမိတယ်။ ရွှေကြာကိုဖြတ်တောက်ပြီး အသက်ရှင်တဲ့ ကျင့်ကြံသူတွေရှိနေတဲ့ ကောလာဟလတွေက ပိုများလာတာ ... မျှော်နန်းသခင်ကိုယ်တိုင်က ဒီနည်းလမ်းကို ထောက်ခံထားတယ်။ တခြားနည်းလမ်းနဲ့လည်း ရွှေကြာကို မဖွဲ့တည်ဘူးလို့ မျှော်နန်းသခင်က ပြောတယ်။ ကျွန်တော် ... ကျွန်တော်တို့က အဲ့ဒါအလုပ်မဖြစ်မှာစိုးရိမ်နေတာ”

“မကြိုးစားကြည့်ဘဲနဲ့ အလုပ်မဖြစ်ဘူးလို့ ဘယ်လိုလုပ်သိလဲ။ မင်းရဲ့ရွှေကြာကို ဖြတ်တောက်ရင် မင်းအသက်ကို လောင်းကြေးထပ်ရမယ်။ အဲ့ဒီနည်းလမ်းကတော့ စွန့်စားမှုမရှိဘူး။ မတူညီတဲ့နည်းလမ်းနဲ့ စဉ်းစားကြည့်မယ်ဆိုရင် ပွင့်ချပ်ကို တိုက်ရိုက်ပေါက်လာစေဖို့မဖြစ်ဘူးဆိုရင် အခုတည်းက ဖြတ်ထားသင့်တာ မဟုတ်ဘူးလား” စီးဝူယာ့ကပြောလိုက်သည်။

ဖန်ကျုံးက သူ့ခေါင်းသူရိုက်လျက်ပြောလိုက်သည်။ “သခင်လေးပြောတာ အဓိပ္ပာယ်ရှိသား။ ဆိုလိုတာက ကျင့်ကြံခြင်းလောကထဲက တစ်ယောက်ယောက်က ဒီနည်းလမ်းကို သုံးနေပြီးသားပေါ့။ ဒါတောင် သူတို့က တမင်တကာဖုံးကွယ်ပြီး သူတို့အင်အားတိုးအောင် တိတ်တိတ်လေး ကျင့်ကြံနေတာလား”

“အဲ့လိုပြောရင်လည်းမှန်တာပဲ” စီးဝူယာ့က ပြန်ပြောလိုက်၏။

“သတ္တမသခင်လေးက ပြောင်မြောက်ပါပေ့ ... ဒီနည်းကို တခါမှမတွေးဖူးဘူး” ဖန်ကျုံးက ပြောလိုက်သည်။

စီးဝူယာ့ကပြောလိုက်သည်။ "အဲ့ဒါကို ထည့်မပြောနဲ့။ သာမန်လူတွေက ဒါကို နားလည်သင့်တယ်”

ဖန်ကျုံးနှင့်ကျိုးကျစ်ဖုန်းတို့က အံ့ဩသင့်သွား၏။ စီးဝူယာ့သည် သူတို့ကို သွယ်ဝိုက်ပြီး ထိုးနှက်လိုက်သည်လော ...

“ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့တွေ မျှော်လင့်ချက် မမြင့်လိုက်နဲ့ဦး။ ပွင့်ချပ်မပေါက်သေးတဲ့ ကျင့်ကြံသူတစ်ယောက်က အတွေ့အကြုံ ချို့တဲ့နေတာပဲလေ”

“သတ္တမသခင်လေးပြောတာမှန်ပါတယ်”

မည်သည့်ခေတ်တွင်ဖြစ်စေကာမူ အတွေ့အကြုံကအမြဲတမ်းတန်ဖိုးရှိသည်။

သူတို့နှစ်ယောက် ထွက်သွားတော့မည့်အချိန်တွင် အမျိုးသမီးတပည့်များစွာက မိစ္ဆာဝေဟင်မျှော်နန်း၏ခန်းမကျယ်ဆီသို့ ပြေးလာသည်။

“မျှော်နန်းသခင်ပြန်လာပြီ”

ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းက ကောင်းကင်ကို တပြိုင်နက်တည်းမော့ကြည့်လိုက်၏။ တိမ်ခွင်းရထားလုံးသည် မိုးကုပ်စက်ဝိုင်းကနေ အရှေ့အရပ်ဆီသို့ ရွက်လွှင့်လျက် အရံအတားကို ဖြတ်ကျော်လာသည်။

သူတို့နှစ်ယောက်သည် ခန်းမကျယ်ဆီသို့ ကမန်းကတန်းပြေးသွားလိုက်၏။

သိပ်မကြာခင်၌ မိစ္ဆာဝေဟင်မျှော်နန်း၏ခန်းမကျယ်ထဲတွင် လုကျိုးက သူ၏ခုံတွင် နေရာယူလိုက်သည်။ သူက ခန်းမကျယ်ထဲတွင် ရပ်နေသောယွီရှန်းရုန်ကိုကြည့်ပြီး အနည်းငယ် အံ့ဩသွား၏။

ရထားလုံးပေါ်ကနေ ပြန်လာသည့် ကျန်သည့်သူများကလည်း သူ့ဘေးတွင်ရပ်နေကြ၏။ သူတို့က ယွီရှန်းရုန်ကို အထိတ်တလန့်ကြည့်ကြသည်။

“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း” ယွီရှန်းရုန်က အရိုအသေပေးလိုက်၏။ သူသည် ထူးထူးခြားခြား ဘာမှမဖြစ်ခဲ့သည့်ပမာ ဘာသိဘာသာသွင်ပြင်မျိုး ဖြစ်နေသည်။

လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်သည်။

“မင်း ပြန်လာတာကောင်းတယ်”

ယွီရှန်းရုန်သည် သူ၏မျက်လုံးထောင့်ကနေ ကျော့ယွီရှုကိုရိပ်ခနဲတွေ့လိုက်သည်။ သူသည် သူမကို မသိသောကြောင့် ပြုံးပြီးမေးလိုက်၏။

“ဒါက ...”

မင်ရှစ်ရင်ကပြောလိုက်သည်။ “အာ့ရှစ်ရှိုး ... ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့အကြီးအကဲသစ် စီနီယာ ကျော့ယွီရှုပဲ။ သူက လွန်ခဲ့သောနှစ်ပေါင်းငါးရာတုန်းက ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ကျင့်ကြံခြင်း ပါရမီရှင် တစ်ယောက်”

ယွီရှန်းရုန်သည် အံ့ဩသွားပုံမရပေ။ သူသည် အတိတ်တုန်းကအကျော်အမော်များစွာနှင့် ရင်ဆိုင်ခဲ့ပြီး ထုံနေပြီ ဖြစ်ပုံပေါ်၏။ သူကပြောလိုက်သည်။ "တွေ့ရတာဝမ်းသာပါတယ်”

ကျော့ယွီရှုက ယွီရှန်းရုန်ကိုလေ့လာလိုက်၏။ သူ၏သွင်ပြင်ဖြစ်စေ သဘောထားဖြစ်စေ သူမ၏ယခင်တပည့်အချို့ထက် ပိုအစွမ်းထက်သည်ဟု ခံစားမိသည်။ အဆုံးကျ သူမက ပြန်ပြောလိုက်၏။

“တူတူပါပဲ”

လန်လော့က မျက်မှောင်ကျုံ့လိုက်သည်။

"ဘာဖြစ်ခဲ့တာလဲ။ ဒုတိယသခင်လေး ကျုပ်တို့ နောက်ဆုံးတစ်ခေါက် တွေ့တုန်းက ခင်ဗျား အဆင်ပြေနေတယ်လို့ ထင်ခဲ့တာ”

“တွေ့လား ဒါကမှ သင့်တော်တဲ့ နှုတ်ဆက်မှုတစ်ခုလေ”

လန်လော့သည် ဤကဲ့သို့အခြေအနေမျိုး၌ ပြုမူရမည့်ပုံကိုသိသည်။ သူက ရှေ့တွင် လက်နှစ်ဖက်ကို ထားလျက် တလေးတစား ဦးညွတ်လိုက်သည်။

"ပြေပါတယ်” ယွီရှန်းရုန်က ပြန်ပြောလိုက်သည်။

ကျော့ယွီရှုက ယင်းကို လက်မခံပေ။ လန်လော့ ထိုမျှ နှိမ့်ချစွာ ပြုမူနေရသည့် အကြောင်းအရင်းကို သူမ သိချင်သွား၏။ ဆိုရလျှင် လန်လော့သည် အတိတ်တုန်းက ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။

လန်လော့က ကျော့ယွီရှုဘေးသို့လျှောက်သွားပြီးနောက် လေသံတိုးတိုးဖြင့်ပြောလိုက်၏။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဒုတိယသခင်လေးက ပွင့်ချပ်ရှစ်လွှာ ထိပ်သီးကျင့်ကြံသူတစ်ယောက်ပဲ”

ကျော့ယွီရှုက ရင်ထဲဒိန်းကနဲ ဖြစ်သွား၏။ သူမ၏ ရီဝေဝေမျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်လာသည်။ ပြီးနောက် သူမက ယွီရှန်းရုန်ကို တဖန်နှုတ်ဆက်လိုက်ပြန်၏။

“ရိုင်းပျဖို့ မရည်ရွယ်ခဲ့ပါဘူး”

ယွီရှန်းရုန်က စိတ်ထဲ ထားပုံမရပေ။ သူက လက်ဝှေ့ယမ်းလျက် ပြောလိုက်၏။

“ဒုက္ခခံဖို့မလိုပါဘူး ... အကြီးအကဲ။ ကျုပ်အဖို့ ခင်ဗျားကို နှုတ်ဆက်ရတာ သင့်တော်ပါတယ်”

“မလိုပါဘူး။ မလိုပါဘူး” ကျော့ယွီရှုသည် သူမ၏လမ်းလျှောက်တုတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ သူမသည် ခြေလှမ်းမှားလုနီးပါးဖြစ်သွား၏။ သူမက ဤနေရာတွင် အသစ်ဖြစ်သည်။ နောင်ကျ သူတို့ဆုံတွေ့ခဲ့လျှင် ဤဒုတိယသခင်လေးကို ရှောင်ဖို့ သူစိတ်ပြင်ဆင်ပြီးသားဖြစ်၏။

လုကျိုးက ထရပ်လျက် လက်နောက်ပစ်ထားကာ လှေကားဆင်းလာတော့သည်။ ကျန်သည့်သူများကလည်း ချက်ချင်းအာရုံစိုက်လိုက်ကြ၏။

လုကျိုးက ယွီရှန်းရုန်ကိုကြည့်ပြီးပြောလိုက်သည်။

“ငါ့ကို မင်းရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ပြ” ထိုမတိုင်မီက သူရွှေကြာကို ဖြတ်တောက်ပြီးနောက် ယွီရှန်းရုန်၏ ဘေးကင်းမှုအကြောင်းကို စိုးရိမ်ပူပန်ခဲ့၏။ ယခု ယွီရှန်းရုန် ဘေးကင်းစွာ ပြန်လာပြီးဖြစ်သောကြောင့် ရွှေကြာမရှိသည့် စိတ်ဝိညာဉ်သဏ္ဌာန်က မည်သည့်ပုံဆိုတာ မြင်ချင်တာ သဘာဝကျသည်။

ကျန်သည့်သူများက ဇဝေဇဝါဖြစ်သွားသည်။ သူတို့က လုကျိုးဘာကိုလုပ်နေလဲဆိုတာ မသိကြပေ။ သူက လူသစ်ကိုခြိမ်းခြောက်ဖို့ကြိုးစားနေတာလား ...

“ဟုတ်ပါပြီ” ယွီရှန်းရုန်က ဖုံးကွယ်ရန်မကြိုးစားပေ။ သူ၏လက်ကိုမြှောက်လျက် သူ၏မျက်နှာထက်တွင် အပြုံးဖျော့ဖျော့တစ်ပွင့် ပေါ်လာ၏။ တောက်ပနေသည့် ရွှေရောင်စိတ်ဝိညာဉ်တစ်ခုက သူ၏လက်ဖဝါးထဲတွင် ဝဲနေသည်။

လူတိုင်း၏အာရုံက ယွီရှန်းရုန်၏လက်ဖဝါးပေါ်ရှိ စိတ်ဝိညာဉ်သဏ္ဌာန်လေးထံတွင်သာ အာရုံရောက်နေသည်။ ၎င်း၏ခြေထောက်အောက်တွင် ဘာမှမရှိ။ ရွှေကြာမရှိချေ။ စိတ်ဝိညာဉ်သဏ္ဌာန်နား၌ ပွင့်ချပ်သုံးလွှာသာ ဖြည်းဖြည်းချင်းပေါက်နေလေ၏။

“ရွှေကြာမရှိဘူး”

“ရွှေကြာမရှိဘဲ ပွင့်ချပ်သုံးလွှာ”

ကျော့ယွီရှု၏ နောက်ကျိနေသောမျက်လုံးတို့သည် ပွင့်ချပ်ကို မြင်ချိန်၌ ပြူးကျယ်သွား၏။ သူမ မျက်မှောင်ကျုံ့မိသွားသည်။

သူက ပွင့်ချပ်ရှစ်လွှာ ထိပ်သီးကျင့်ကြံသူတစ်ယောက်လို့ လန်လော့ ပြောခဲ့တာမဟုတ်ဘူးလား။ ဘာကြောင့် ပွင့်ချပ်သုံးလွှာပဲ ရှိရတာလဲ။ သူမက အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် စိတ်ဝိညာဉ်သဏ္ဌာန်အောက်၌ ရွှေကြာ မရှိတာကို မြင်သောအခါ ထိတ်လန့်အံ့ဩသင့်သွား၏။ သူမ ဇဝေဇဝါဖြစ်သွားတော့သည်။

ဘာဖြစ်နေတာလဲ။ သူမ သီးခြားနေလွန်းတာ သိပ်ကြာသွားတဲ့အတွက် သူမကိုယ်သူမပဲ အပြစ်တင်ရတော့မည်။ အပြင်လောကကြီး၏ လက်ရှိအရေးကိစ္စများအကြောင်း ဘာမှမသိပေ။ ယွီရှန်းရုန်၏ အကြောင်းမသိ တပည့်ကိုးယောက်အကြောင်းမသိ။ ယခုအချိန်တွင် ရွှေကြာကို ဖြတ်တောက်ခြင်းက ကျင့်ကြံခြင်းလောကထဲ၌ ခေတ်ထနေမှန်းလည်း သူမ မသိပေ။

လန်လော့က တဖန်ပထမဆုံးလက်သီးဆုပ်မိုးပြီးအရိုအသေပေးနေသူဖြစ်နေပြန်၏။

“ကျုပ် အထင်ကြီးမိပါတယ်။ အင်မတန်အထင်ကြီးမိပါတယ်” သူမည်ကဲ့သို့ အထင်မကြီးဘဲ နေမည်နည်း။ ရွှေကြာကို ဖြတ်တောက်သည့်နည်းလမ်းကို ပထမဆုံးကြားရစဉ်က ရဲရင့်သည့်သူများသာလျှင် ကြိုးစားခဲ့ကြသည်။ သူတို့၏ပွင့်ချပ်ရှစ်လွှာထိပ်သီးအဆင့်အတန်းကို လက်လျှော့ပြီး တဖန်ပြန်စလိုစိတ်ရှိသူက ပိုတောင်နည်းပါး၏။ အသက်ရှင်နေသူများက အရေအတွက် နည်းပါးသည်။ ထိတ်လန့်ဖွယ်ကောင်းသည်က ယွီရှန်းရုန်သည် ပွင့်ချပ်သုံးလွှာ ပေါက်နေပြီဖြစ်သည်။ ယွီရှန်းရုန်အားနည်းသည်ဟု မည်သူကပြောရဲမည်နည်း။

ဟွားဝူတောက်က အရိုအသေပေးလိုက်၏။

“ရွှေကြာမရှိတဲ့ ပွင့်ချပ်သုံးလွှာကျင့်ကြံသူ။ ဒုတိယသခင်လေးက ကျင့်ကြံခြင်းလောကထဲမှာ ပထမဆုံးတစ်ယောက်ဆိုတာ သံသယဖြစ်ဖွယ် မရှိဘူး”

မင်ရှစ်ရင်က လက်မထောင်လိုက်၏။ သူက မချီးကျူးဘဲ မနေနိုင်ချေ။

“အာ့ရှစ်ရှိုးက အံ့ဩဖို့ကောင်းလိုက်တာ”

ယွီရှန်းရုန်က ပြုံးပြီးပြောလိုက်သည်။

“ဒါ ဘာမှမဟုတ်ဘူး။ ရှစ်စွင်းဒီမှာရှိနေတာ ငါ့ကိုယ်ငါ ပထမဆုံးလို့ မပြောရဲဘူး”

ကျန်သည့်သူများကလည်း ယခုအချိန်တွင် တစ်စုံတစ်ခုကို အမှတ်ရသွားပုံပေါ်၏။ လုကျိုးသည် ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရရှိခဲ့ပြီးဖြစ်သည်။

လုကျိုး၏အမူအရာက မပြောင်းလဲသွားပေ။ သူက မုတ်ဆိတ်သပ်လျက် အတွေးနက်သွားတော့၏။

ငါလည်း ပွင့်ချပ်ကိုးလွှာအဆင့်မှာရှိချင်တယ် ... အလိုလေး ငါ့ရဲ့ခွန်အားက ငါ့ကိုခွင့်မပြုဘူး။

မည်သည့်နည်းနှင့်မဆို သူ့ဒုတိယတပည့်၏လုပ်ဆောင်ချက်ကိုသင်ယူချိန်၌ သူ၏ဝမ်းနည်းမှုသည် ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားသည်။ သူသည် မဖြေရသေးသောသမိုင်းကြောင်းကို မျက်မြင် တွေ့လိုက်ရ၏။

ထိုစဉ် ကျောင်းယွဲ့က ခန်းမကျယ်ထဲ ကမန်းကတန်းဝင်လာသည်။ သူမည် လူတိုင်းကို အရိုအသေပေးကာ သူမလက်ထဲရှိစာကိုပြလိုက်သည်။

“ရှစ်စွင်း ကျန်းအိုက်ကျန့်ဆီက စာပါ။ အာ့ရှစ်ရှိုးက တစ်စောင်ဖတ်ပြီးပါပြီ။ ဒါက စာအသစ်ပါ”

လုကျိုးသည် စာကို ယူပြီး ဖတ်လိုက်၏။ သူ့ရင်ထဲ၌ တစ်စုံတစ်ခုက မွှေနှောက်လာသည်။ ကျင့်ကြံခြင်းလောက၏အရှိန်က သူမှန်းဆထားသည်ထက် ကျော်လွန်နေ၏။

“ရွှေကြာဖြတ်တောက်အသက်ရှင်ဆေးနဲ့ ရွှေကြာဖူးပွင့်ဆေးလား” လုကျိုးက ဇဝေဇဝါဖြစ်သွား၏။

“ရှစ်စွင်း ဒီသတင်းပြန့်သွားချိန်၌ ခုနစ်စင်ကြယ်ကျောင်းတော်နဲ့အမြုတေယန်ဂိုဏ်းတို့က ကျင့်ကြံခြင်းလောကရဲ့ အဓိကဖြစ်လာတယ်။ အဓိကဂိုဏ်းကြီးတွေရဲ့ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတွေက အခုရွှေကြာတွေကို ဖြတ်တောက်ပြီး ရွှေကြာမရှိဘဲ ကျင့်ကြံနေပါပြီ”

ခန်းမထဲရှိကျန်သည့်သူများသည် ကျောင်းယွဲ့ဆိုလိုတာကိုနားလည်သွား၏။

မင်ရှစ်ရင်က ကမန်းကတန်း ပြောလိုက်သည်။ "ရှစ်စွင်း ဒီလိုဆိုရင် ကျွန်တော်တို့ နောက်ကောက်ကျလို့မရဘူး။ မြန်မြန်လှုပ်ရှားရမယ်”

လုကျိုးက မင်ရှစ်ရင်ကို တချက်ကြည့်ပြီးပြောလိုက်သည်။

“ဒီလိုဆို ငါတို့ အကြီးအကဲတွေဆီက စမယ်”

လန်လော့နှင့် ဟွားဝူတောက်က အရိုအသေပေးလိုက်၏။ “မျှော်နန်းသခင်ရဲ့စီမံမှုကိုလိုက်နာပါ့မယ်”

ကျော့ယွီရှုက ကြောင်အနေပုံရသည်။ သူမ အချိန်ခဏ ယူလိုက်ရပြီးနောက် အရိုအသေပေးကာ ပြောလိုက်သည်။

“အစ်ကိုကျိရဲ့စီမံမှုကို လိုက်နာပါ့မယ်” မင်ရှစ်ရင်ကပြောလိုက်သည်။

"ဒီလိုဆိုရင် အမြုတေယန်ဂိုဏ်းကို သွားပြီးဆေးလုံးတချို့သွားတောင်းမယ်”

သို့သော် ယွီရှန်းရုန်က ပြောလိုက်၏။

“ငါ့ဆီအပ်ထားလိုက်”

“အာ့ရှစ်ရှိုး ... ရှစ်ရှိုးက ရွှေကြာကိုဖြတ်တောက်ထားခါစ အန္တရာယ်များတယ်”

ယွီရှန်းရုန်သည် သူ၏ရွှေကြာကို ဖြတ်တောက်ပြီးနောက် ပွင့်ချပ်သုံးလွှာဖူးပွင့်ပြီး ကျန်သည့်သူများထက် ခြေတစ်လှမ်း စောနေသည်ဆိုသော်ငြား ပွင့်ချပ်သုံးလွှာအဆင့်သည် အားနည်းလွန်းသေး၏။

ယွီရှန်းရုန်က ပြုံးပြီး ပြောလိုက်သည်။

“စိုးရိမ်ဖို့မလိုဘူး။ အရင်တုန်းက အမြုတေယန်ဂိုဏ်းနဲ့ အကြိမ်ပေါင်းများစွာတွေ့ခဲ့ဖူးတယ်”

“အကြိမ်ပေါင်းများစွာလား။ အငြင်းပွားကြရန်ကော ဘယ်လိုလုပ်မလဲ” ယွီရှန်းရုန်က လှည့်လာပြီး မင်ရှစ်ရင်ကို ပခုံးပုတ်လိုက်၏။

“လက်ထဲမှာ ငါ့ဓားရှိနေရင် လုံလောက်တယ်” ထိုသို့ပြောပြီးနောက် လုကျိုးကို အရိုအသေပေးလိုက်၏။

လုကျိုးက ယွီရှန်းရုန်၏ လက်ရှိအခြေအနေကို စိုးရိမ်ပူပန်သည်။ ယွီရှန်းရုန်သည် အပြင်လောကရှိ အကျော်အမော်တချို့နှင့် မတွေ့ဟု အာမခံချက်မရှိပေ။ ယွီရှန်းရုန်က ပွင့်ချပ်ရှစ်လွှာနှင့် အသားကျနေပြီဖြစ်ကာ သူ၏အခြေအနေအသစ်နှင့် လိုက်လျောညီထွေ မဖြစ်သေးပေ။

“ကျေးဇူးပြုပြီး အမိန့်ပေးပါ” ယွီရှန်းရုန်က ညင်သာစွာပြောလိုက်၏။

“မင်းယုံကြည်ချက်ရှိလား”

“ကျွန်တော် ယွီရှန်းရုန်က ကျွန်တော်မယုံကြည်တဲ့ဟာကို ဘယ်တော့မှမလုပ်ပါဘူး”

“ကောင်းပြီ” လုကျိုးက လက်ဝေ့ယမ်းလျက် ညင်သာစွာခေါ်လိုက်သည်။

“ပိအန်း”

ခန်းမအပြင်ဖက်ကနေ နက်ရှိုင်းသည့်အော်သံတစ်သံ မြည်လာ၏။ ကြည့်ရန်မလို .. ပိအန်းက ခန်းမအပြင်ဖက်သို့ လိမ်လိမ်မာမာ ဆင်းသက်လာမှန်း ကျန်သည့်သူများသိလိုက်သည်။

“ဒီတာဝန်အတွက် ပိအန်းကိုမင်းနဲ့ခေါ်သွား။ မင်းအသက်အန္တရာယ်ကိုခြိမ်းခြောက်လာခဲ့ရင် အဲ့ဒါက ကူညီပေးနိုင်လိမ့်မယ်” ယွီရှန်းရုန်ကို ကူညီရန်နောက်ထပ်လူတစ်ယောက် ထည့်ခဲ့လျှင် ယွီရှန်းရုန် ငြင်းမည်မှန်း လုကျိုးသိနေ၏။

“ကျေးဇူးတင်ပါတယ် ရှစ်စွင်း” ယွီရှန်းရုန်ကပြောလိုက်သည်။

“ဒါဆိုသွားတော့”

ယွီရှန်းရုန်က လှည့်ထွက်သွား၏။ သူက ယခုအချိန်၌ ပွင့်ချပ်သုံးလွှာဓားနတ်ဆိုးဖြစ်သော်ငြား သူ၏အတွေ့အကြုံနှင့် အရည်အချင်းများက ပွင့်ချပ်ငါးလွှာနှင့်လူတစ်ယောက်ကို ဖြေရှင်းရန်က သူ့အတွက် လုံလောက်တာထက်ပိုသည်။ ထို့အပြင် သူ့၌ မိစ္ဆာဝေဟင်မျှော်နန်း၏ ထောက်ပံ့မှု ရှိနေချိန်၌ သူ့ကို မည်သူကထိရဲမည်နည်း။ ထို့အပြင် လက်ဗလာဖြင့် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူကို သတ်နိုင်ကြောင်းသိထားရပေမည်။

သို့သော် လုကျိုးသည် ကမ္ဘာကြီးထဲ၌ ဘာမှမသေချာမှန်းသိနေ၏။

သူတို့က ယွီရှန်းရုန်ထွက်သွားတာကိုကြည့်နေသည်။

ထိုစဉ် လုကျိုးက စနစ်ဇယားပေါ်ရှိတာဝန်စာရင်းကို တချက်ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် အသက်ရှင်ဆေးလုံးကို ယွီရှန်းရုန်ရယူရန် တာဝန်ကပေါ်လာ၏။ ဆုလာဘ်က ကုသိုလ်မှတ်တစ်သောင်းဖြစ်သည်။

ကုသိုလ်မှတ်တစ်သောင်းလား ... ကြည့်ရတာ လွယ်တဲ့တာဝန် မဟုတ်တဲ့ပုံပဲ။ မင်ရှစ်ရင်က အရိုအသေပေးပြီး ပြောလိုက်သည်။ “ရှစ်စွင်း အာ့ရှစ်ရှိုးအကြောင်းစိုးရိမ်ပူပန်နေတုန်းပါပဲ”

“ဘေးကင်းစေဖို့ သူ့ကို အရိပ်ထဲက ကူညီလိုက်” လုကျိုးကတည်ငြိမ်စွာပြောလိုက်သည်။

“ဒါပေမဲ့ မင်းရဲ့အာ့ရှစ်ရှိုးအကြောင်းကို သိတယ်မလား မင်းရှိနေတာကို သူ သတိမပြုမိစေရင် အကောင်းဆုံးပဲ သွား”

“နားလည်ပါပြီ။ အာ့ရှစ်ရှိုးကို ကျွန်တော်ကာကွယ်ပါ့မယ်”

ကုသိုလ်မှတ်တစ်သောင်းကြောင့်သာ မဟုတ်လျှင် လုကျိုးသည် မင်ရှစ်ရင်ကို စစ်ကူအနေနှင့် ပို့မှာ မဟုတ်ပေ။ ယွီရှန်းရုန်ကို ကူညီမည့် မင်ရှစ်ရင် ရှိနေခြင်းက ပိုလုံခြုံနေတာပဲဖြစ်သည်။

ကျော့ယွီရှုက တင်းမထားနိုင်တော့ပေ။ သူမက မေးလိုက်သည်။

“အစ်ကိုကျိ ဒီအသက်ရှင်ဆေးလုံးနဲ့... မဟုတ်ဘူး ရွှေကြာကိုဖြတ်တောက်တာ ဒါတွေအားလုံးက ဘာတွေလဲ”

လန်လော့က လက်ဝေ့ယမ်းလိုက်ကာပြောလိုက်၏။ “အကြီးအကဲကျော့ အပြင်မှာပြောပြမယ်။ ကမ္ဘာကြီးနဲ့ အဆက်ပြတ်တာကြာနေပြီကို”

“ကျေးဇူးပါ အကြီးအကဲလန်။ ကျွန်မ ရှက်မိပါတယ်” ကျော့ယွီရှုသည် ခန်းမကျယ်အပြင်ဖက် လန်လော့နောက်လိုက်သွား၏။

ကျော့ယွီရှု၏ ဂုဏ်ဝင့်မှုတို့က ယခုပျောက်ကွယ်သွားပုံရ၏။ လူသစ်က လူသစ်ပမာ ပြုမူသင့်သည်။

“ကျောင်းယွဲ့” လုကျိုးက ခေါ်လိုက်သည်။

“ဟုတ်ကဲ့ ရှစ်စွင်း”

“ကျန်းအိုက်ကျန်းနဲ့ မင်းသားချီချင်ကျွင်းဆီကို သတင်းပို့လိုက် ... လော့မျိုးရိုးနဲ့ အမျိုးသမီးတစ်ယောက်ကို ရှာဖို့ သူတို့ရင်းမြစ်တွေကို သုံးဖို့ပြောလိုက်။ အဲ့ဒီအမျိုးသမီးက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာတုန်းက ပေါ်လာကာ။ သူကယွင်ထျန်းလော့ကို ဂိုဏ်းသုံးဂိုဏ်းရဲ့ အကြီးအမှူးဖြစ်အောင် ကူညီပေးခဲ့တာ” လုကျိုးကပြောလိုက်သည်။

ကျောင်းယွဲ့သည်ပြန်ဖြေကြားပြီးနောက် တခါတည်းလှုပ်ရှားတော့၏။ “ဟုတ်ကဲ့ ရှစ်စွင်း”

ကျောင်းယွဲ့ထွက်သွားပြီးနောက် စီးဝူယာ့၏သွင်ပြင်က လုကျိုးစိတ်ထဲ ပေါ်လာသည်။ ထိုကဲ့သို့ အပြုအမူဖြင့် လူတစ်ယောက်ကိုရှာနေရခြင်းက ကောက်ရိုးပုံထဲအပ်ရှာနေရခြင်းနဲ့တူသည်။ သူသာ ထိုလူမိုက်၏မဟူရာကွန်ယက် အကူအညီရခဲ့လျှင် ထိုလူကိုရှာရန် ပိုကောင်းသည့် အခွင့်အရေး ရှိလာလောက်သည်။

ထိုစဉ် ခုနစ်ကြယ်ကျောင်းတော်နှင့် အမြုတေယန်ဂိုဏ်း ဖန်တီးလိုက်သည့် အသက်ရှင်ဆေးလုံးသည် ကျင့်ကြံခြင်းလောကကိုလှုပ်ခါသွားသည်။

ကျင့်ကြံသူများစွာက ထိုဂိုဏ်းနှစ်ခုဆီသို့ တဟုန်ထိုးသွားကြသည်။ သူတို့သည် ရွှေ၊ ငွေ၊ ရတနာများစွာဖြင့် အသက်ရှင်ဆေးလုံးကိုလဲလှယ်ချင်နေသည်။

ဆေးလုံသည် လတ်တလောကကမှဖော်စပ်ထားတာဖြစ်ပြီး နာမည် တိတိကျကျမပေးရသေးပေ။ သို့သော် အသက်ကယ်ဟူသော စကားလုံးကပါရှိနေရာ သတင်းသည် တောမီးပမာပျံ့နှံ့သွားသည်။

ရွှေကြာဖြတ်တောက်အသက်ရှင်ဆေးလုံးများစွာ ရှိသော်ငြား ပွင့်ချပ်ဖူးပွင့်ဆေးလုံးကိုရနိုင်ရန်က ခက်ခဲသည်။

တော်ဝင်မြို့ရှိအမြဲစိမ်းနန်းတော်ထဲတွင်ဖြစ်သည်။

အစောင့်အသစ်သည် သူ့လက်ထဲတစ်စုံတစ်ခုကိုကိုင်လျက်ကြောက်ကြောက်ရွံ့ရွံ့ဖြင့် လျှောက်လာသည်။

“အရှင်မင်းကြီး ဒီမှာ အသက်ရှင်ဆေးလုံးနဲ့ ခုနစ်စင်ကြယ်ကျောင်းတော်က ပို့ပေးလိုက်တဲ့ ပွင့်ချပ်ဖူးပွင့်ဆေးလုံး ငါးလုံးပါ။ ခုနစ်စင်ကြယ်ကျောင်းတော်ရဲ့ ကျောင်းအုပ်က ပွင့်ချပ်ဖူးပွင့်ဆေးလုံးတွေက အင်မတန်တန်ဖိုးရှိကြောင်းပြောလိုက်ပါတယ်။ သူတို့ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ပေါင်းစည်းပြီး အားစိုက်ထုတ်မှုနဲ့ အသက်ရှင်ဆေးလုံးထောင့်နှစ်ရာနဲ့ ပွင့်ချပ်ဖူးပွင့်ဆေးလုံးရှစ်လုံး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ငါးလုံးက ဒီမှာပါ”

လျှိုကုက ငြီးတွားပြောလိုက်၏။ “တော်ဝင်မြို့တော်မှာ ရွှေကြာဖြတ်တောက်တဲ့ စမ်းသပ်မှုကြောင့်သာမဟုတ်ရင် သူတို့တွေက အသက်ရှင်ဆေးလုံးဘယ်တော့မှ ထုတ်လုပ်မိမှာ မဟုတ်ဘူး။ သူတို့ဆီက ငါ ဆေးလုံးငါးလုံးပဲယူတာကို ကျေးဇူးတင်သင့်တယ်”

“အရှင်မင်းကြီးရဲ့ ဉာဏ်အမျှော်အမြင်ကြီးမှုကတော့ တကယ်ပါပဲ” အစောင့်က ပြောလိုက်သည်။

"ကျောင်းအုပ်ကျိုးပြောတာက ပွင့်ချပ်ဖူးပွင့်ဆေးလုံးမှာ အာနိသင်ထူးရှိတယ်။ ဒါပေမဲ့ ပွင့်ချပ်ဖူးပွင့်မယ်လို့ပဲ အာမခံနိုင်တာ”

လျှိုကုက မျက်နှာသေဖြင့်ပြောလိုက်သည်။ သူသည် အစောင့်၏လက်ထဲရှိ ပန်းကန်ပြားကို ကြည့်ပြီးပြောလိုက်သည်။

"ဆေးလုံးတွေက ပြင်ပအကူအညီပဲ။ ပြောရရင် အသက်ရှင်ဆေးလုံးက ပိုများတယ်။ ကမ္ဘာကြီးက ပြောင်းလဲနေတာ။ အတွင်းပဋိပက္ခနဲ့ အပြင်ရန်တွေရှိနေတာပဲ။ တော်ဝင်အစောင့်တွေက ငါ့အမိန့်မပါဘဲ ရွှေကြာဖြတ်တောက်လို့မရဘူး”

“နားလည်ပါပြီ”

“ပြီးတော့ ဒါကိုပြောလိုက်ဦး။ မြောက်ပိုင်းတော်ဝင်မြို့ထဲက တော်ဝင်အစောင့်တပ်မှူး ခေါင်းဆောင်ဖြစ်တဲ့ စစ်သူကြီးဖန်ချန်းကို သူ့ရဲ့စစ်သားတွေနဲ့ခုနစ်စင်ကြယ်ကျောင်းတော်ကို စောင့်ကြပ်ခိုင်းလိုက်။ ဆေးလုံးကတန်ဖိုးရှိတယ်။ ငါဘာလုပ်ဖို့ကြိုးစားနေတယ်ဆိုတာ နားလည်ဖို့ မျှော်လင့်တယ်” လျှိုကုက ပြောလိုက်၏။

“အမိန့်အတိုင်းပါ” အစောင့်သည် စားပွဲပေါ်တွင် ပန်းကန်ပြားကိုချထားလျက် နန်းဆောင်ကနေ တလေးတစားဆုတ်ခွာသွားသည်။

အပေါ်ယံတွင် လျှိုကုက ခုနစ်စင်ကြယ်ကျောင်းတော်ကို ကာကွယ်ပေးချင်ပုံရ၏။ သို့သော်ငြား အမှန်ကတယ်တွင် သူက ကျင့်ကြံခြင်းလောကထဲဆေးလုံးရသွားမှာကို ကာကွယ်ခြင်းဖြစ်သည်။ အနည်းဆုံးတော့အံ့ဖွယ်မြို့တော်၌ ဒုတိယမြောက်ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ တစ်ယောက် ပေါ်ထွက်လာရမည်။

လျှိုကုသည် ပန်းကန်ပြားထဲမှ အသက်ရှင်ဆေးလုံးကိုကောက်ယူပြီးနောက် ရေရွတ်ပြောလိုက်သည်။

"ပွင့်ချပ်ကိုးလွှာ ကျိထျန်းတောက် ... အဲ့ဒါကို သူဘယ်လိုလုပ်လိုက်တာလဲ။ ငါက သူ့ထက် ဘယ်လိုလုပ်နိမ့်နေရတာလဲ”

လျှိုကုသည် မိစ္ဆာဝေဟင်မျှော်နန်း၏ ကျိထျန်းတောက်က ပွင့်ချပ်ကိုးလွှာအဆင့်ကိုရသွားကြောင်း ကြားသိရချိန်မှစပြီး အိပ်ဖို့၊ စားဖို့၊ ခက်ခဲခဲ့လေ၏။ သူသည် ခုနစ်စင်ကြယ်ကျောင်းတော်ကို ဆေးလုံးများတတ်နိုင်သမျှမြန်မြန်ထုတ်နိုင်ဖို့ဖိအားပေးခဲ့၏။ ယခုဆေးလုံးများထုတ်လုပ်ပြီးသွားပြီဖြစ်ရာ သူ မျှော်လင့်ချက်ပိုမြင့်မားလာရသည်။

“ငါ အဆုံးအသတ်ဆယ်ပါး အစီအရင်ထဲမှာ ရှိသရွေ့ မိစ္ဆာကြီးကျိနဲ့ ယွီကျန့်ဟိုင်က ငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး” တွေဝေမနေဘဲ လျှိုကုကဆေးလုံးကိုပါးစပ်ထဲထည့်လိုက်သည်။

ဆေးလုံးကအရည်ပျော်သွား၏။

သူ့စွမ်းအင်ဗဟိုချက်၏ချီပင်လယ်ပူလောင်လာတာကို ချက်ချင်းခံစားမိလိုက်သည်။

လျှိုကုက ညာလက်ကိုမြှောက်ကာ နက်ရှိုင်းသော လေသံဖြင့်ပြောလိုက်သည်။

"အကဲဖြတ်စုတ်တံ လာလေ့ရော့”

စာကြည့်စားပွဲထက်တွင် ချိတ်ထားသော စုတ်တံသည် ရွှေရောင်အလင်းများဖြာထွက်လာလျက် သူ၏လက်ထဲသို့ ပျံသန်းလာ၏။ သူကဘယ်လက်ကို စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ပေါ် ထားလိုက်သည်။

ဝှစ်

သူ့မျက်စိရှေ့၌ ပွင့်ချပ်ရှစ်လွှာရွှေကြာလေးကပေါ်လာသည်။ တလက်လက်တောက်ပနေသော ပွင့်ချပ်ရှစ်လွှာက အနား၌ ရစ်ဝဲနေလေ၏။

သို့သော် လျှိုကုက တွေဝေနေပုံမရ။ သူကစိတ်ဆုံးဖြတ်ကာ လက်ကိုလွှဲယမ်းလိုက်သည်။ ယပ်တောင်ပုံသဏ္ဌာန်စွမ်းအင်တို့က သူ၏အကဲဖြတ်စုတ်တံကနေပေါ်ထွက်လာသည်။

…

အခန်း(၄၆၄) ယွီရှန်းရုန် အစစ်အမှန်

ရွှေရောင်တောက်ပနေခဲ့သည့် စုတ်တံက ချက်ချင်းဆိုသလို မှေးမှိန်သွားသည်။ လျိုကုက စုတ်တံကို မင်ကျောက်တုံးအနား ပြန်ထားလိုက်၏။

တောက်ပနေသည့် ရွှေကြာကို ဖြတ်တောက်ပြီးသည့်နောက်တွင် ကြမ်းပြင်တွင် ကျနေသည်။ ထို့နောက် ပျောက်ကွယ်သွားလေသည်။ စိတ်ဝိညာဉ်သဏ္ဌာန်သာ ကျန်ရှိနေခဲ့၏။ စမ်းသပ်ချက်များကဲ့သို့ ပွင့်ချပ်ရှစ်လွှာက ဖြည်းဖြည်းချင်း စတင် လွင့်ပြယ်လာသည်။

ပွင့်ချပ်ခုနှစ်လွှာ၊ ခြောက်လွှာ …

သူ့ကနဦးချီများက ပြန့်ကျဲသွားလေသည်။

လျိုကုက သူ့စွမ်းအားဗဟိုချက်မှ ချီပင်လယ်ထဲမှ လျှမ်းလျှမ်းတောက် ပူသည့် အပူဓာတ်ကို ခံစားမိလိုက်သည်။ စွမ်းအားက သူ့စွမ်းအားဗဟိုချက်၏ ချီပင်လယ်ထဲ ကျန်ရှိနေသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းဖို့ လှုံ့ဆော်နေသည်။ စိတ်ဝိညာဉ်သဏ္ဌာန်ကလည်း သူ့ခန္ဓာကိုယ်အတွင်း ပြန်ရောက်သွားလေ၏။

လျိုကု၏ မျက်နှာက ချွေးများပြန်လာသည်။ သူက တင်ပျဉ်ခွေထိုင်လိုက်သည်။ ဆေးအာနိသင်ပြလာပြီဖြစ်၍ သူ့အား သက်သာသွားစေသည်။ နောက်ဆုံးတော့ နှစ်များစွာ မနားတမ်းကြိုးပမ်းခဲ့ရသမျှ အသီးအပွင့် ခံစားရလေပြီ။

သူ့ရုန်းရင်းဆန်ခတ် ဖြစ်သည့် ကနဦးချီများကလည်း ပြန်လည်တည်ငြိမ်လာသည်။ သူ့မျက်နှာအထက် ခပ်ယဲ့ယဲ့ အပြုံးမျိုး ပေါ်ထွက်လာကာ “အစောင့်တွေ ”

နောက်ထပ် လူတစ်ယောက်က ဝင်လာသည်။

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး”

“ဒီနေ့ကစပြီး ငါ သီးသန့်ကျင့်ကြံတော့မယ် ”

“နားလည်ပါပြီ”

ဆိုလိုသည်မှာ လျိုကုက အင်မတန် အရေးကြီးသည့် ကိစ္စမဟုတ်လျှင် ဝင်မပါတော့ကြောင်း ဆိုလိုနေသည်။

ဧကရာဇ်အား ခစားလာသည့် လူများက မအံ့ဩမိပေ။ ဧကရာဇ်က အစကတည်းက အုပ်ချုပ်ဖို့အတွက် စိတ်ဝင်စားမှု မပြခဲ့ပေ။ အမတ်ချုပ် သို့မဟုတ် အရာရှိများဆီသာ အပ်ထားလေ၏။

လျိုကု၏ အမြင်အရ သူ လုပ်ဖို့ လိုအပ်သည်ကား အံ့ဖွယ်မြို့တော်ကို ကာကွယ်ဖို့အတွက် တော်ဝင်အစောင့်တပ်နှင့် တပ်မဟာသုံးခု၏ ခေါင်းဆောင်ကို ထိန်းချုပ်ထားနိုင်ဖို့သာ ဖြစ်၏။ ထိုအရာဖြင့် သူက ဘယ်တော့မှ ရှုံးနိမ့်မည် မဟုတ်ပေ။

ယခုတွင် ကမ္ဘာတွင် ပွင့်ချပ်ကိုးလွှာအဆင့် ထွက်ပေါ်လာပြီဖြစ်၍ သူသည်လည်း တတ်နိုင်သမျှ မြန်မြန် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရယူရမည်။ မဟုတ်ပါက အံ့ဖွယ်မြို့တော် တစ်ခုလုံးက တခြားလူ လက်အောက် အနှေးနှင့်အမြန် ကျရောက်သွားလိမ့်မည်။

မိစ္ဆာဝေဟင်မျှော်နန်းမှ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ မရှိလျှင်ပင် ရွှေကြာဖြတ်တောက်ခြင်း နည်းလမ်းက တခြားဂိုဏ်းများကိုပါ သူတို့အင်အားကို တိုးမြင့်လာစေလိမ့်မည်။

တိုင်းပြည်၏ အုပ်ချုပ်သူတစ်ပါးအနေဖြင့် မည်သို့ပင်ဆိုစေကာမူ သူက ထိပ်ဆုံးတွင် ရပ်တည်နေရမည်။

…………………

မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဘက်မျှော်နန်းဆောင်အတွင်း

လုကျိုးက ပုံကြမ်းများအထက် အပြောင်းအလဲမရှိကြောင်း အတည်ပြုပြီးနောက် ထိုင်ခင်းပေါ် ပြန်သွားကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက စနစ်ကိုပါ စစ်ဆေးကြည့်လိုက်သည်။

နာမည်။ ။ လုကျိုး

မျိုးနွယ်။ ။ လူသား

ကျင့်ကြံဆင့်။ ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်

ကုသိုလ် အမှတ်။ ။ ၂၁၀၀၀ မှတ်

စိတ်ဝိညာဉ် သဏ္ဌာန်။ ။ ပွင့်ချပ်တစ်လွှာ ဒုက္ခမိုင်တစ်ရာ ရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်

ကျန်ရှိသက်တမ်း၊ ။ ၁၂၇၅၀ ရက်

အသုံးပစ္စည်း။ ။ အသေရိုက်ချက်ကတ် နှစ်ကတ်၊ အတိုက်အခိုက် ဒဏ်ပြင်းကာကွယ်ကတ်( အလိုအလျောက်သုံး) ၆၂ ကတ်၊ ချုပ်နှောင်ခြင်း လှောင်ချိုင့် လေးခု၊ မှော်နတ်ခြင်္သေ့၊ အရေးပေါ်ကုသရေးကတ် နှစ်ကတ်၊ အဆင့်မြင့် ချုပ်နှောင်ရေးလှောင့်ချိုင့်ကတ် နှစ်ကတ်၊ အဆင့်မြင့် အရေးပေါ် ကုသရေးကတ် နှစ်ကတ်၊ မိုးကြိုးချက် တစ်ကတ်၊ ရုပ်ဖျက်ကတ် လေးကတ်၊ အကြောင်းပြန်လှန်ကတ် ၅၃ ကတ်

လက်နက်။ ။ အမည်မဲ့၊ အသက်ဓားသွား၊ ၊ ဒေါင်းမြီးယပ်တောင်၊ ကျောက်စိမ်းမြင်းမြီးတုတ်

ကျင့်စဉ်။ ။ ကောင်းကင်ကျမ်း ပေလွှာသုံးမျိုး

ဂိုဏ်းသုံးဂိုဏ်းကို သွားရောက်လိုက်သည့် ခရီးစဉ်က သူ့အား ကုသိုလ်ရမှတ် နှစ်သောင်းကျော် ရလာစေသည်။ ထိုအရာက လုကျိုးအား အံ့အားသင့်စေခဲ့၏။

ကုသိုလ်ရမှတ်အများစုက ဂိုဏ်းသုံးဂိုဏ်း တပည့်များ၏ ကိုးကွယ်ယုံကြည်မှုဆီမှ ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။ ကံဆိုးစွာဖြင့် ကိုးကွယ်ယုံကြည်ခံရခြင်းဖြင့် ကုသိုလ်ရမှတ် ရနိုင်ခြင်းက လိုလားချက်များရှိနေ၍သာ မဟုတ်လျှင် သူက တခြားဂိုဏ်းကြီးများအထိ သွားကာ ခြိမ်းခြောက်ပြီး သူ့ဆီ ဝပ်တွားခယခိုင်းလိမ့်မည်။

လုကျိုးက စိတ်ကို ရှင်းရှင်းထားလိုက်၏။ သူက တုံ့ဆိုင်းမနေဘဲ ကံစမ်းမဲ ဆယ်ကြိမ် ဆွဲလိုက်လေရာ ကျေးဇူတင်ပါသည် ဆယ်ကြိမ်ဆက်တိုက် ပေါက်လေသည်။ ထို့နောက် သူက ကောင်းကင်ကျမ်းကို ဆင်ခြင်လိုက်၏။

ကံစမ်းမဲမှ ဆုလာဘ် လစ်ဟာနေသော်လည်း သူက အသားကျနေပြီ ဖြစ်၏။

သူက အကြောင်းပြန်လှန်ကတ် ၅၃ ကတ် ရှိနေကြောင်း သတိထားမိသွားသည်။

ပြင်ပလောက၏ ပွင့်ချပ်ကိုးလွှာအပေါ် နားလည်နိုင်စွမ်းအရ သူ့သက်တမ်းကို နည်းနည်း တိုးမြင့်လိုက်လျှင်ပင် ပြဿနာမရှိပေ။ သူက တုံ့ဆိုင်းမနေဘဲ အကြောင်းပြန်လှန်ကတ် ဆယ်ကတ်ကို ချက်ချင်း ထုတ်သုံးလိုက်သည်။

ဘေးပတ်ဝန်းကျင်ရှိ အသက်ဓာတ်များက သူ့အနား စုဝေးလာသည်။

ဝှစ်

လေပြင်းတစ်ချက် ထွက်လာကာ အသက်ဓာတ်လည်း ထွက်ပေါ်လာသည်။

လုကျိုးက ဤတစ်ကြိမ် ပို၍ သက်ရောက်မှုရှိကြောင်း ခံစားမိလိုက်၏။

အာ … အရင်အတွေ့အကြုံနဲ့ ယှဉ်လိုက်ရင် နည်းနည်း ကမောက်ကမ ဖြစ်နေသလိုပဲ …

အသက်ဓာတ်က ရှုံ့တွနေသည့် သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည့်အခါ အနည်းငယ် ခုခံမှုတချို့ ဖြစ်သွားသော်လည်း သိပ်မကြာခင် သူ့ခန္ဓာအတွင်း ပျော်ဝင်သွားလေသည်။ သူက စနစ်ပေါ်မှ လက်ကျန်သက်တမ်းအား ကြည့်လိုက်၏။

လက်ကျန်သက်တမ်း - ၁၆၇၅၀ ရက်

“ကတ်တစ်ကတ်ချင်းစီက ရက်ပေါင်း ၄၀၀ တိုးပေးနိုင်တာလား”

အဲဒါကြောင့် ခုခံမှုတချို့ ဖြစ်သွားခဲ့တာလား …

တိုးပေးလာသည့် ရက်အရေအတွက်က လုကျိုး၏ မှန်းဆမှုထက် ကျော်လွန်နေလေသည်။

အကယ်၍ ပုံစံသာ ရှိနေလျှင် နောင်အနာဂတ်တွင် အကြောင်းပြန်လှန်ကတ်များကို သေချာစုဆောင်းထားရမည်။

ထိုကတ်များကို စုဆောင်းထားခြင်း သူ့ဘဝကို ပြောင်းလဲပေးနိုင်သည်။ သူတို့၏ တန်ဖိုးက အချိန်ကြာလာသည်နှင့် တိုးလာလိမ့်မည်။ သို့သော်လည်း သူက ထိုအရာကို ကြာကြာမစဉ်းစားတော့ဘဲ မျက်လုံးမှိတ်ကာ ကောင်းကင်ကျမ်းကို ဆင်ခြင်လိုက်သည်။

…………….…

တောင်ဘက်မျှော်နန်းဆောင်ရှိ ရင်ပြင်တွင်

လန်လော့က ကျင့်ကြံရေးလောကအတွင်း လတ်တလော ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ကျော့ယွီရှုအား ပြန်လည်ပြောပြပေးနေသည်။

ကျော့ယွီရှုက အံ့အားသင့်နေလေ၏။

“ လူကြီးလူကောင်းပုံစံနဲ့ ကောင်လေးက လက်ရှိ ဓားလမ်းစဉ် အကျော်အမော် ဓားနတ်ဆိုးတဲ့လား ”

“ဟုတ်တယ် “

“…”

“ ဘာမှစိုးရိမ်နေစရာ မလိုဘူး။ ဒုတိယသခင်လေးက ရိုးသားပြီး‌တော့ ပေါင်းသင်းရလွယ်တယ်။ သူက စိတ်သဘောထားကျဉ်းမြောင်းတဲ့သူ မဟုတ်ပါဘူး ”လန်လော့က ပြောလိုက်၏။

“ ကျွန်မ တောင်ကြားထဲမှာ နေတုန်းက ကျန့်ချိုက်အဖွဲ့သားတွေဆီကနေ သတင်းအချက်အလက်တချို့ ရဖူးတယ်။ အဲဒါကြောင့် ဓားနတ်ဆိုးအကြောင်း ကြားဖူးခဲ့တာ။ သူ့နာမည်က ကောင်းကင်ကိုတောင် တုန်လှုပ်သွားစေနိုင်ပြီးတော့ ကျင့်ကြံရေးလောကရဲ့ အသေသတ်စာရင်းကို သူ လုပ်ထားတာဆို … အဲဒါကြောင့် ကျင့်ကြံရေးလောကက မငြိမ်မသက်ဖြစ်နေတာတဲ့” ကျော့ယွီရှုက လန်လော့အား မျက်နှာချင်းဆိုင်လိုက်ပြီး “ အကြီးအကဲလန် ပြောပြပေးတဲ့အတွက် ကျေးဇူးပါ ”

“ကိစ္စမရှိပါဘူး”

ထိုစဉ် အရှေ့ဘက်မျှော်နန်းဆောင်မှ ထွက်ပေါ်လာသည့် ကနဦးချီက သူတို့အာရုံကို ဖမ်းစားသွားလေသည်။

“ အာရုံစိုက်နေဖို့ မလိုဘူး။ ဘယ်လိုဖြစ်ဖြစ် အရှေ့ဘက်မျှော်နန်းဆောင်ကို မသွားနဲ့” လန်လော့က ပြောပြီးသည့်နောက် လှည့်ထွက်သွားလေသည်။

ကျော့ယွီရှုက ခေါင်းညိတ်လိုက်ပြီး အရှေ့ဘက်မျှော်နန်းဆောင်ဘက် လှမ်းကြည့်လိုက်မိသည်။

သိချင်စိတ်ကြောင့် သေနိုင်တယ်တဲ့ …

ဒါက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ လေ့ကျင့်နေတဲ့ တစ်ခုခုပဲ ဖြစ်ရမယ် … အခု အဲနေရာကို ရှောင်တာ အကောင်းဆုံးပဲ …

……………

နောက်တစ်ရက် နေ့လယ်တွင် …

အမြုတေယန်တောင်ရှိ အမြုတေယန်ဂိုဏ်းတွင် …

ကောင်းကင်အောက်မေ့ရာ ရင်ပြင်မှ တိမ်ခိုးများ မြင့်တက်လာသည်။

အမြုတေယန်တောင်တစ်ခုလုံးကို အပြာဖျော့ဖျော့ အကာအရံတစ်ခု ဝန်းရံထားသည်။ တပည့်များက ရင်ပြင်များပေါ်တွင် စတုရန်းပုံစံ နေရယူထားကြပြီး ဓားရေးလေ့ကျင့်နေကြ၏။ ထိုစဉ် အဝေး ကောင်းကင်တစ်နေရာမှ အနက်ရောင် အစက်အပြောက်တစ်ခု ပေါ်ထွက်လာသည်။

ထိုအရာက သူတို့ဆီ ရွေ့လျားလာလေ၏။

“ရန်သူလာနေပြီ။ တိုက်ပွဲအတွက် အသင့်ပြင်ကြ ”

အမြုတေယန်ဂိုဏ်း တပည့်များက ဓားများဆွဲကာ ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

ပုံမှန်အားဖြင့် သတိပေးခြင်းမရှိ လာရောက်လာကြသူများနှင့် တောင်ခြေရှိ စခန်းမှ မဟုတ်ဘဲ တခြားဘက်မှ လာရောက်သူသည် အကြံဆိုးရှိတတ်ကြသည်။

အမြုတေယန်ဂိုဏ်းက ယခုသည် တင်းကျပ်ကာ ကမောက်ကမ ဖြစ်နေသည့် အချိန် ဖြစ်ကြောင်း သိပေသည်။ ထို့ကြောင့် အမြုတေယန်တောင်တစ်ခုလုံးကို အဘက်ဘက်မှ စောင့်ကြပ်ထား၏။

အသက်ရှင်ဆေးလုံးကို လူသိရှင်ကြား ကြေညာပြီးသည့်နောက်တွင် သူတို့ မရေတွက်နိုင်လောက်အောင် ကျင့်ကြံသူများစွာ ရောက်ရှိလာကြသည်။ အကယ်၍ သူတို့သာ ဖန်းလိုင်ဂိုဏ်းမှ လက်ရွေးစင်များ၏ အကူအညီ မရှိပါက အမြုတေယန်ဂိုဏ်းသည် လုယက်ခံရလောက်သည်မှာ ကြာမြင့်လောက်ပြီ ဖြစ်၏။ သူတို့က ဆေးလုံးဖော်စပ်ခြင်းတွင် ကျွမ်းကျင်သော်လည်း နက်နဲသည့် ကျင့်ကြံဆင့်မျိုး ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပေ။

“ ဖန်းလိုင်ဂိုဏ်းက ချန်းပေ့တို့ကို ဆင့်ခေါ်လိုက်ကြ”

“နားလည်ပါပြီ ”

သူတို့ ပြောနေရင်း အပြင်ဘက်မှ အနက်ရောင် အစက်အပြောက်လေးက အမြုတေယန်ဂိုဏ်း၏ အကာအရံဆီ ရောက်ရှိလာလေပြီ။

အဝေးတစ်နေရာမှ အမြုတေယန်ဂိုဏ်းသားများသည် ရောက်ရှိလာသူ မျက်နှာအား မမြင်ကြရပေ။ သို့သော်လည်း အမြုတေယန်ဂိုဏ်းအထိ ရောက်လာနိုင်သူအား လျော့မတွက်သင့်ပေ။

“ အဲက ဘယ်သူလဲ” တပည့်တစ်ဦးက ဓားမြှောက်ရင်း မေးလိုက်သည်။

“ငါက ယွီရှန်းရုန်” ယွီရှန်းရုန်က အရိုးသားဆုံး ဖြေလိုက်သည်။

ယွီရှန်းရုန်က သူ့နာမည် ထုတ်ပြောလိုက်သည်နှင့် အမြုတေယန်ဂိုဏ်းရှိ တပည့်များက ဆွံအသွားကြသည်။

“ မိစ္ဆာဝေဟင်မျှော်နန်း တပည့်တွေအယောင်ဆောင်ပြီး ရောက်လာတာ ဘယ်နှကြိမ်တောင် ရှိနေပြီလဲ” တစ်ယောက်က ရေရွတ်လိုက်သည်။

“သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြတာပေါ့။ ငါတို့သာ ဆေးလုံးပေးဖို့ ငြင်းနေရင် သူလည်း သူ လိုချင်တာ မရနိုင်ပါဘူး ”

အခြားလူများကလည်း ခေါင်းညိတ်လိုက်ကြသည်။

ယွီရှန်းရုန်က အကာအရံကို စစ်ဆေးကြည့်လိုက်သည်။ အကယ်၍ သူ့တွင် ပွင့်ချပ်ရှစ်လွှာအဆင့် ရှိနေသေးပါက အကာအရံကို အသက်ရှည်ဓား၏ စွမ်းအားဖြင့် ထိုးဖောက်ကာ အတင်းကျပ်ဝင်ရောက်နိုင်သေးသည်။ ပြဿနာကား ယခုတွင် သူက ပွင့်ချပ်သုံးလွှာအဆင့်သာ ဖြစ်၏။

“ ရောင်းရင်းက ဘယ်လိုသက်သေပြမှာလဲ” ဦးဆောင်သည့် တပည့်က ဉာဏ်ကောင်းလှသည်။ ထိုအရာဖြင့် စကားဝိုင်းကို တစ်နည်းနည်းဖြင့် ဆက်ပြောနိုင်လေပြီ။

“ အမြုတေယန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝူတာ့ယုံက ငါ့အကြောင်းကို သက်သေခံပေးလိမ့်မယ်။ တကယ်လို့ ငါသာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူ့ဆေးလုံးဖော်စပ်တာကို မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရရင် သူ့နာမည်က ငါ့အသေစာရင်းပေါ် ရောက်နေလောက်ပြီ” ယွီရှန်းရုနက ပိအန်းပေါ်မှ ဆင်းကာ လေထဲတွင် ရပ်လိုက်သည်။

သူက ပုံမှန်လိုသာ ပြောလိုက်၏ “ ငါက အကြံဆိုး မရှိပါဘူး။ ငါ ပြောသမျှ အရာအားလုံးက စေတနာနဲ့ပါ ”

“…”

…

အခန်း (၄၆၅) ဓားနတ်ဆိုးကို သွားမရှုပ်သင့်

ယွီရှန်းရုန်သည် အားမသုံးဘဲ ဖြေရှင်းချင်သောကြောင့် အကောင်းဆုံး ကြိုးစားနေ၏။ ဆိုရလျှင် သူ၏ပွင့်ချပ်သုံးလွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ဖြင့် အမြုတေယန်ဂိုဏ်းကိုဖြေရှင်းဖို့က သိပ်မလွယ်ပေ။

“မင်းက သူနဲ့မတူဘူး” တပည့်များထဲမှ တစ်ယောက်ကပြောလိုက်၏။

“အဲ့လိုလား”

ကျိ

သက်တော်ရှည်ဓားက ပေါ်ထွက်လာလေ၏။ ကြက်သွေးရောင်ဓားသည် လေထဲ လူးလွန့်နေလေသည်။

ဘန်း

သက်တော်ရှည်ဓားက အရံအတားနှင့် တိုက်မိသွားသည်။ အရံအတား၌ လှိုင်းဂယက်ကြီးတစ်ခု ထလာလေ၏။

တပည့်များက အထိတ်တလန့်ဖြင့် ထခုန်ကြသည်။

“ကြက်သွေးရောင်ဓား”

ထိုစဉ် ဝတ်ရုံဝတ်ထားသည့်လူတစ်ယောက်က အဝေးကနေပြေးလာ၏။ “မိုက်မဲလှတဲ့အရူးတွေ ... ဒုတိယသခင်လေးကို ရာရာစစရိုင်းပျရဲတယ်လား မင်းတို့သေချင်နေတာလား”

တပည့်များက လှည့်ကြည့်လိုက်ချိန်တွင် အရိုအသေပေးလျက် ပြေးလာနေသောလူကို တွေ့လိုက်ရ၏။

“အကြီးအကဲရှန်လား”

ကျန်သည့်တပည့်များသည် သူ့ကိုမြင်သောအခါ အရိုအသေပေးလိုက်ကြ၏။

“အကြီးအကဲရှန်”

အကြီးအကဲရှန်သည် လက်ဝေ့ယမ်းလိုက်သည်။ သူက လူအုပ်ကြီးကိုဖြတ်ကျော်လျက် အရံအတားအဆုံးဆီသို့ ပြေးသွားလိုက်၏။ သူသည် ယွီရှန်းရုန်နှင့် အနီးဆုံးနေရာရောက်ချိန်၌ မျက်လုံးများ ပြူးကျယ်နေအောင်ဖွင့်ကာ ဂရုတစိုက်ကြည့်လိုက်သည်။ ပြီးနောက် သူက တလေးတစား ပြောလိုက်သည်။

"ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဒုတိယသခင်လေးပဲ ကြိုဆိုကြ ... ကြိုဆိုကြ”

ထိုစကားများကို ကြားသောအခါ တပည့်များက တုန်ယင်သွားကြသည်။ သူတို့အားလုံးက ဓားများပစ်ထုတ်ပြီး တစ်ခွန်းမှ မပြောဘဲ ဒူးထောက်လိုက်၏။

“နှုတ်ခွန်းဆက်ပါတယ် ဒုတိယသခင်လေး”

ယွီရှန်းရုန်က ဇဝေဇဝါဖြစ်သွားသည်။ သူက ထိုလူကိုကြည့်လိုက်၏။ သူက ထိုလူကိုမသိပေ။ ထို့အပြင် သူသွားသည့်နေရာတိုင်း၌ တစ်ကိုယ်တော် ဆောင်ရွက်ပြီး အကျော်အမော်များကို စိန်ခေါ်ခဲ့တာ ဖြစ်၏။ မိတ်ဆွေဖွဲ့ဖို့က မဖြစ်နိုင်ပေ။ တစ်စုံတစ်ယောက်က သူ့ကို မည်ကဲ့သို့ မှတ်မိမည်နည်း။ မည်သို့ပင်ဆိုစေကာမူ ဤအခြေအနေတိုင်းသွားဖို့ ဆုံးဖြတ်လိုက်၏။ တစ်စုံတစ်ယောက်က သူ့ကို မှတ်မိတာ ကောင်းသည်။ ယင်းက သူ့ကိုဒုက္ခလျော့ပါးစေ၏။ သူဖြည်းဖြည်းချင်း ဆင်းသက်လိုက်တော့သည်။

အကြီးအကဲရှန်က အရံအတားငယ်တစ်ခုဖွင့်ပေးပြီးနောက် ဖိတ်ခေါ်သည့်ဟန်ပြုမူလိုက်သည်။

ယွီရှန်းရုန်က သူ့ကိုတစ်ချက်ကြည့်ပြီးနောက် အရံအတားထဲဝင်ကာမေးလိုက်တော့သည်။

“မိတ်ဆွေကို နာမည်ဘယ်လိုတပ်ခေါ်ရမလဲ”

အကြီးအကဲရှန်က ခါးညွတ်လျက် ပြောလိုက်၏။

“ကျွန်တော်က ရှန်လွမ့်ရှိုးပါ။ လျန်စီရင်စုတိုက်ပွဲအတွင်း လောင်ချန်းပေ့ကျိနဲ့တစ်ခါတွေ့ဖူးပါတယ်”

ထိုလူက ပေဖြူလွှာ၏ထိပ်တွင်ရှိသည့်သူ ရှန်လွမ့်ရှိုးပဲဖြစ်သည်။ အဖြစ်အပျက်ပြီးတဲ့နောက်သူသည် လူကုန်ကူးတာကို ရပ်တန့်လိုက်သည်။ သူ၏ကျင့်ကြံဆင့်ကို ဟေးမုလျန်ဖြင့် ပြန်တည်ဆောက်ပြီးနောက် အမြုတေယန်ဂိုဏ်းသို့လာကာ အကြီးအကဲတစ်ယောက်အနေဖြင့် နေထိုင်ခဲ့သည်။ အတွေ့အကြုံအရ ယခုဆိုဉာဏ်ပိုရှိလာ၏။

ယခုဆိုကျိထျန်းတောက်က ရှန်လွမ့်ရှိုးအကိုးကွယ်ဆုံးလူဖြစ်သည်။ ယခင်က ကျိထျန်းတောက်ကို အထင်သေးခဲ့သည့်အမှားကိုကြည့်ပြီးသူသည် မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်ကိုးယောက်၏ အကျင့်များအားလုံးကို လေ့လာရန်သူ့စွမ်းအားအကုန်သုံးခဲ့သည်။ ထင်သည့်အတိုင်းပင် ယခုအသုံးဝင်လာလေပြီ။ အထူးသဖြင့် ကျိထျန်းတောက်အတွက် မှန်ပေ၏။ ရှန်လွမ့်ရှိုးက သူသည် သူတို့ထပ်မံဆုံတွေ့ချိန်၌ သူ့ကိုချက်ချင်းမှတ်မိမည်ဟု ယုံကြည်သည်။ တူညီသည့်အမှားတစ်ခုကို နှစ်ကြိမ်ထပ်လုပ်မှာမဟုတ်ပေ။

“သိပ်ကောင်းတယ်” ယွီရှန်းရုန်က ခေါင်းညိတ်လိုက်၏။

ကျန်သည့်သူများသည် ထိုစကားကို ကြားသောအခါ ထိတ်လန့်နေသောအမူအရာဖြင့် နောက်ဆုတ်သွား၏။

သူတို့ကရန်သူတော်ကြီးနှင့်ရင်ဆိုင်နေရသည့်ပမာဖြစ်နေသည်။

ရှန်လွမ့်ရှိုးသည် တပည့်များကိုကြည့်လိုက်သည်။ သူကလည်ချောင်းရှင်းလိုက်လျက် သူတို့ကိုပြောလိုက်၏။

"ဒုတိယသခင်လေးကို မလေးမစားပြုမူတဲ့အတွက် မင်းတို့အားလုံးကို သင်ခန်းစာပေးရမယ်”

တပည့်များက ဒူးထောက်နေဆဲဖြစ်သည်။ သူတို့က မလှုပ်ရှားရဲပေ။

ရှန်လွမ့်ရှိုးက အနေခက်နေပြီးပြောလိုက်၏။

“ကျုပ် တောင်းပန်ပါတယ်။ ဒီတပည့်တွေက ဘယ်လိုပြုမူရမလဲဆိုတာမသိဘူး။ သူတို့ကိုယ်စားရှက်မိပါတယ်”

“ရပါတယ်”

“ဘာကိစ္စများရှိလိုပါလဲ ဒုတိယသခင်လေး” ရှန်လွမ့်ရှိုးက မေးလိုက်၏။ အမှန်တကယ်တွင် ယွီရှန်းရုန် ဤနေရာသို့ လာရောက်ရခြင်း ရည်ရွယ်ချက်ကို ခန့်မှန်းပြီးသားဖြစ်သည်။ သို့သော် မိစ္ဆာဝေဟင်မျှော်နန်းက ထုံးတမ်းစဉ်လာမဟုတ် ပြုမူတတ်မှန်းသိထားရပေမည်။

“အမြုတေယန်ဂိုဏ်းမှာ ရွှေကြာဖြတ်တောက်အသက်ရှင်ဆေးလုံးရှိတယ်လို့ကြားထားတယ်” ယွီရှန်းရုန်ကပြောလိုက်၏။

ရှန်လွမ့်ရှိုးက တွေးထင်ထားပြီးဖြစ်သည်။ သူက ချက်ချင်းပင် ပြုံးပြီးပြောလိုက်၏။

“မင်းတို့”

“ဟုတ် ... ဟုတ်ကဲ့အကြီးအကဲရှန်” အမြုတေယန်ဂိုဏ်းမှ တပည့်တစ်ယောက်က တုန်ယင်နေသောအသံဖြင့်ပြောလိုက်သည်။

“အသက်ရှင်ဆေးလုံးဆယ်လုံး ယူလာပြီး ဒုတိယသခင်လေးကိုပေးလိုက်” ရှန်လွမ့်ရှိုးကပြောလိုက်သည်။

“ဟုတ် ... ဟုတ်ကဲ့” တပည့်များက လှည့်ထွက်သွားတော့မည့်အချိန်တွင် ယွီရှန်းရုန်က လက်ဝေ့ယမ်းပြီးပြောလိုက်၏။

“တစ်ရာပေးရင် အကောင်းဆုံးပဲ”

ရှန်လွမ့်ရှိုး “...”

ယခုအချိန်တွင် အသက်ရှင်ဆေးလုံးများ၏ထုတ်လုပ်မှုက လိုအပ်ချက်ကို မပြည့်မီသေးပေ။ ဆေးလုံးတစ်ရာသည် အနည်းအကျဉ်းမဟုတ်။ သူက တွေးဆလျက်ပြောလိုက်သည်။

“ဒုတိယသခင်လေး ကျွန်တော်တို့လက်ဖက်ရည်တစ်ခွက်လောက်သောက်ပြီး ဒီအကြောင်း ပြောကြရအောင်လား”

“ကျုပ် ငြင်းတယ်။ ကျုပ် အလျင်လိုနေတယ်” ယွီရှန်းရုန်၏အမူအရာက တည်ငြိမ်မြဲ တည်ငြိမ်နေသည်။

“ဒီလိုဆိုမှတော့ ကျေးဇူးပြုပြီး ဒီမှာ စောင့်နေပေးပါ။ သခင်လေးအတွက် ဆေးလုံးတွေယူပေးပါ့မယ်” ရှန်လွမ့်ရှိုးသည် နှေးဖင့်မနေရဲချေ။ သူက သွားလိုက်ပြီး ဆေးလုံးသန့်စင်ဖော်စပ်သည့်အခန်းသို့ သွားလိုက်၏။

ယွီရှန်းရုန်သည် အနားတွင်ပျံဝဲနေသောပိအန်းကိုမော့ကြည့်လိုက်သည်။ သူခေါင်းညိတ်လိုက်၏။

ပိအန်းက သူ့ဘေးတွင် ဆင်းသက်လာ၏။ တပည့်များသည် ဤကဲ့သို့ စီးတော်သားရဲကို တစ်ခါမှမတွေ့ဖူးပေ။ သူတို့က ကြောက်လန့်တကြားနောက်ဆုတ်မိလေ၏။

မကြာမီ၌ ရှန်လွမ့်ရှိုးသည် အသက်ရှင်ဆေးလုံးတစ်ရာဖြင့်ပြ န်ရောက်လာသည်။ ယွီရှန်းရုန်အား လက်နှစ်ဖက်ဖြင့် တလေးတစားပေးလိုက်သည်။

“ဒုတိယသခင်လေး တောင်းဆိုတဲ့အတိုင်း ဆေးလုံးတစ်ရာပါ”

“အမြုတေယန်ဂိုဏ်းက ပွင့်ချပ်ဖူးပွင့်ဆေးလုံးရှိတယ်လို့ ကြားမိတယ်” ယွီရှန်းရုန်က တည်တင်းသောမျက်နှာဖြင့် ပြောလိုက်သည်။

ရှန်လွမ့်ရှိုးသည် ယခင်တောင်းဆိုချက်တည်းက နာကျင်နေပြီးဖြစ်၏။ ပွင့်ချပ်ဖူးပွင့်ဆေးလုံးကို ယွီရှန်းရုန်က ပြောသောအခါ သူက မျက်နှာသေဖြင့်ပြောလိုက်သည်။

“ဒုတိယသခင်လေး အသက်ရှင်ဆေးလုံးက ကျွန်တော့်တို့ဆီမှာရှိတာအကုန်ပါပဲ။ ပွင့်ချပ်ဖူးပွင့်ဆေးလုံးက အလွန်တန်ဖိုးရှိပြီး သန့်စင်ဖို့အင်မတန်ခက်ခဲပါတယ်။ ခုနစ်စင်ကြယ်ကျောင်းတော်ပဲ သူတို့ကို သန့်စင်နိုင်စွမ်းရှိတာပါ”

ထိုစကားကို ကြားသောအခါ ယွီရှန်းရုန်က ခေါင်းညိတ်လိုက်၏။ သူသည် အသက်ရှင်ဆေးလုံးတစ်ရာကိုရယူပြီးနောက် သိမ်းလိုက်သည်။ တမူထူးကဲသော ဆေးရနံက သူ၏နှာခေါင်းဝသို့ တိုးဝင်လာ၏။

“ဒုတိယသခင်လေး ရွှေကြာကိုဖြတ်တောက်မလို့လား” ရှန်လွမ့်ရှိုးသည် ကျန်သည့်သူများ မကြားစေရန် အသံတိုးတိုးဖြင့်မေးလိုက်သည်။

“ဟမ်”

ရှန်လွမ့်ရှိုးက မရဲတရဲပြောလိုက်တော့၏။

“ဒုတိယသခင်လေး ရွှေကြာ မဖြတ်တောက်ခင် ဆေးကို မြန်မြန်သောက် ပြီးရင် ဆုံးဖြတ်ချက်ပြတ်သား၊ တိတိကျကျလုပ်ရမယ်”

ယွီရှန်းရုန်က ရှန်လွမ့်ရှိုးကို တစ်ချက်ကြည့်ပြီးနောက်မေးလိုက်သည်။ “နောက်တော့ကော”

ရှန်လွမ့်ရှိုးသည် သူ့နောက်ရှိတပည့်များကိုတစ်ချက်ကြည့်ပြီးနောက် အရံအတားအစွန်းကို လက်ညှိုးထိုးပြလိုက်သည်။

ယွီရှန်းရုန်သည် ရှန်လွမ့်ရှိုးဆိုလိုတာကို သဘောပေါက်ပြီး ရှန်လွမ့်ရှိုးနောက်လိုက်သွား၏။ ရှန်လွမ့်ရှိုးက သူခိုးတစ်ယောက်ပမာ အသံနိမ့်ပြီးတော့ပြောလိုက်သည်။

“သခင်လေးမှာ ပွင့်ချပ်ဖူးပွင့်ဆေးရှိမယ်ဆိုရင် အစောပိုင်းအဆင့်ကာလအတွင်း အဲ့ဒါတွေကို သောက်သုံးပြီး တတ်နိုင်သမျှမြန်မြန် ခွန်အားတိုးအောင်လုပ် ပွင့်ချပ်ဖူးပွင့်ဆေးလုံးတွေက နှောင်းအဆင့်မှာ အသုံးမဝင်ဘူး။ အသုံးပြုသူရဲ့ ကျင့်ကြံဆင့် တိုးတက်လာတဲ့အချိန် အာနိသင်ကပျောက်ကွယ်သွားလိမ့်မယ်။ ပြီးတော့ တိုးတက်မှုက မြန်ဆန်လွန်းရင်လည်း အုတ်မြစ်က မတည်ငြိမ်ဖြစ်လိမ့်မယ်။

ယွီရှန်းရုန်က ခေါင်းညိတ်လိုက်၏။ “ကြားရတာ ယုတ္တိရှိသား”

“ဒုတိယသခင်လေး ပြန်ရောက်တဲ့အချိန် လောင်ချန်းပေ့ကျိဆီမှာ ကျွန်တော့်အတွက် စကားကောင်းတစ်ခွန်း နှစ်ခွန်း ပြောပေးမလား။ ကျွန်တော် ထာဝရကျေးဇူးတင်နေမှာပါ”

ရှန်လွမ့်ရှိုးက အရိုအသေပေးလိုက်၏။

“ဒါ စီမံလို့ရပါတယ်” ယွီရှန်းရုန်သည် ဆေးလုံးမျာကို သိမ်းလိုက်၏။ ပြီးနောက် မြေပြင်ပေါ် ခြေဖျားထောက်ပြီးနောက် ပိအန်းဆီ ပျံသန်းသွား၏။

“လုံခြုံဘေးကင်းတဲ့ခရီးဖြစ်ပါစေ ဒုတိယသခင်လေး”

ယွီရှန်းရုန်က ပိအန်းပေါ်တွင် ထိုင်လျက် အမြုတေယန်တောင်အောက်သို့ပျံသန်းသွားသည်။ ရှန်လွမ့်ရှိုးက လှည့်ကြည့်လိုက်ပြီး အမြုတေယန်ဂိုဏ်း၏ အစည်းအဝေးခန်းမသို့ ပြေးသွားလိုက်သည်။ သူ သွားမည့်နေရာကို မကြာမီ၌ ရောက်သွား၏။ တံခါးဖွင့်ပြီး ခန်းမထဲ ဝင်သွား၏။

"ဂိုဏ်းချုပ်ဝူ သူထွက်သွားပြီ”

ထောင့်ကနေ ဝူတာ့လုံက အနည်းငယ်တုန်နေလျက် လျှောက်ထွက်လာ၏။ မျက်နှာပေါ်ရှိ ချွေးများကို သုတ်ကာ ကောင်းကင်ပေါ်သို့ တစ်ချက် မော့ကြည့်လိုက်သည်။ ယွီရှန်းရုန်မရှိကြောင်း အတည်ပြုပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။

“မင်းအချိန်မီ ပေါ်လာလို့ တော်သေးတယ်။ မဟုတ်ရင် ငါတို့ဉာဏ်ကုန်နေပြီ”

“မကြောက်ပါနဲ့ ဂိုဏ်းချုပ် ... ဒုတိယသခင်လေးက ရန်မလိုဘူး” ရှန်လွမ့်ရှိုးကပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အမြုတေယန်ဂိုဏ်းက ဓားနတ်ဆိုးကို ရန်မစနိုင်ဘူး။ မိစ္ဆာဝေဟင်မျှော်နန်းဆို ပိုဆိုး” ဝူတာ့လုံကပြောလိုက်သည်။

ထိုစဉ် လူကျိုးက ကောင်းကင်ကျမ်းစာ စာလိပ်ကို တစ်ညတာ ဆင်ခြင်သုံးသပ်ပြီးနောက် မျက်လုံးဖွင့်လိုက်သည်။ သူ၏ထူးကဲစွမ်းအားကို စစ်ဆေးလိုက်၏။ ငါးပုံတစ်ပုံပြည့်နေသည်။ ထင်သည့်အတိုင်း ဤလမ်းကြောင်းအတိုင်း ဆက်သွားလျှင် သူသည် ထူးကဲစွမ်းအားကို အပြည့်အဝ ဖြည့်တင်းရန် ငါးရက်လိုအပ်သည်။ အမှန်တကယ်ပင် သူ တရားထိုင်သည့်အချိန်က တိုးလာ၏။

ပဉ္စမမြောက်ကောင်းကင်ကျမ်းစာထူးကဲစွမ်းအားက ဘာများဖြစ်မလဲ။ လုကျိုးက သူ့ဘာသာသူ ရေရွတ်‌ပြောလိုက်၏။ သူကထရပ်လျက် ပုရပိုက်ပုံကြမ်းဟောင်းကို ကြည့်လိုက်သည်။ တာ့ယန်၏မြေများအပြင် ကျန်သည့်နေရာများက ပန်းချီကား၏ကျန်သည့်နေရာများက ဝေဝါးနေသေးသည်။ ဘာမှမရှိပေ။

လုကျိုးသည် ကံစမ်းမဲနှိုက်ရန် ကြိုးစားလိုက်၏။ သူထိုင်ချလိုက်သည်။

“ကံစမ်းမဲ”

“တင်း ... ကုသိုလ်မှတ်ငါးဆယ် သုံးလိုက်ပါပြီ။ ကံကောင်းမှတ် ငါးဆယ့်လေးမှတ်သုံးလိုက်ပါပြီ။ အသွင်ပြောင်းလဲကတ် ငါးကတ်ရရှိပါတယ်”

“အသွင်ပြောင်းလဲကတ်။ ။ သင်၏ရုပ်ရည်ကိုပြောင်းလဲနိုင်သည်။ တစ်ကြိမ်ပြောင်းလဲလျှင် ငါးရက်ကြာရှည်ခံသည်”

“အသွင်ပြောင်းလဲကတ်လား” လုကျိုးသည် အသုံးပစ္စည်းအသစ်ကိုမြင်ချိန်၌ အံ့ဩသွား၏။ စနစ်ရှိတာဝန်သည် သူ့ကိုစနောက်နေသည်လော။ ယခုကတ်ကဲ့သို့ အသုံးမဝင်သည့်ကတ်ကို အဘယ်ကြောင့် ပေးရသနည်း။ အသွင်ပြောင်းလဲကတ်ကို မည်သည့်အတွက်ကြောင့် သုံးရမည်နည်း။ လုကျိုး၏ လက်ရှိရုပ်ရည်သွင်ပြင်သည် သူဤနေရာကို ကူးပြောင်းလာခါစနှင့် ယှဉ်လျှင် ကွဲပြားခြားနားနေသည်။ နောက်ဆုံးကတ်က ယခင်ကလောက် အသုံးပိုမဝင်ပေ။

ထိုစဉ် ကျောင်းယွဲ့၏အသံက မျှော်နန်းအပြင်ကနေပေါ်ထွက်လာသည်။ “ရှစ်စွင်း စီးဝူယာ့က တွေ့ခွင့်တောင်းနေပါတယ်”

“ဘာတဲ့လဲ”

“မှတ်ဉာဏ်သလင်းအကြောင်း တစ်ခုခုမှတ်မိသွားပြီလို့ပြောပါတယ်”

“သူ့ကို ဒီခေါ်လာခဲ့”

“ဟုတ်ကဲ့ရှစ်စွင်း”

All Chapters