အခန်း (၄၆၆-၄၆၈)
Vol. 32 Ch. 466-468
အခန်း(၄၆၆) ယွီကျန့်ဟိုင်၏ လျှို့ဝှက်ချက်
သိပ်မကြာခင် ကျောင်းယွဲ့က စီးဝူယာ့အား အရှေ့ဘက် မျှော်နန်းဆောင်ဆီ ခေါ်လာသည်။ စီးဝူယာ့၏ စိတ်အခြေအနေက လွန်ခဲ့သည့် ရက်ပိုင်းကနှင့် ယှဉ်လိုက်လျှင် သိသိသာသာ ပိုကောင်းနေသည်။ သူက တံခါးကို သေချာဖွင့်လိုက်ပြီး လျှောက်လှမ်းလာစဉ် ကျောင်းယွဲ့က အပြင်ဘက်တွင် နေရစ်နေခဲ့သည်။
သူက စာကြည့်ခန်းထဲတွင် လုကျိုးသည် အခင်းပေါ် မျက်လုံးမှိတ်လျက် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်လိုက်ရသည်။
သူက တိုးတိုးလေး ခေါ်လိုက်၏။
“ ရှစ်စွင်း ”
လုကျိုးက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လာကာ စီးဝူယာ့အား ကြည့်လိုက်သည်။
“ထိုင်”
“ကျွန်တော် မထိုင်ဝံ့ပါဘူး ”
“အဲဆို ပြောစမ်း”လုကျိုးက ပြောလိုက်သည်။
စီးဝူယာ့က ခေါင်းညိတ်ကာ “ ကျွန်တော် လွန်ခဲ့တဲ့ ရက်တွေတစ်လျှောက်လုံး ပြန်လည်သုံးသပ်ရေးဂူထဲမှာ ပြန်သုံးသပ်နေခဲ့တာပါ။ မှတ်ဉာဏ် သလင်းကျောက် အကြောင်းလည်း အများကြီး စဉ်းစားဖြစ်တယ်။ သလင်းကျောက်က ရုန်ပေအစား ရုန်ရှီမှာ ဖြစ်မယ်ထင်တယ် ”
“မင်းက ဘာလို့ အဲလိုပြောရတာလဲ” လုကျိုးက မေးလိုက်သည်။
“ ရှစ်စွင်း မှတ်ဉာဏ်တွေ စည်းပိတ်ပြီးတဲ့နောက်မှာ ရုန်ရှီကို သွားသေးတယ်။ ရုန်ရှီထဲမှာ ဝူရှန်း၊ လိုလန်၊ စုရှန့်၊ ချန်းကုနဲ့ ချီကုန်းဆိုပြီး တိုင်းပြည်ငါးခု ရှိတယ်။ တခြားမျိုးနွယ်တွေက အဲဒီတိုင်းပြည်ငါးခုထဲမှာ ကျင်လည်နေကြတာ။ သူတို့က မကောင်းဆိုးဝါးတွေကို ကိုးကွယ်ကြတယ်။ ရှစ်စွင်း မှတ်ဉာဏ်တွေကို စည်းပိတ်ပြီးတဲ့နောက် ကျွန်တော်တို့တွေ ဂိုဏ်းကြီးဆယ်ဂိုဏ်းရဲ့ ဝိုင်းတိုက်ခိုက်တာကို ခံခဲ့ရတယ် … သူတို့အနေနဲ့ ဝိုင်းတိုက်ဖို့ ကြံစည်ရအောင် ရှစ်စွင်းရဲ့ လှုပ်ရှားမှုတိုင်းကို သိထားဖို့ လိုတယ်။ ကျွန်တော့်အမြင်အရတော့ လိုလန်က ရည်ရွယ်ချက်ရှိပြီး ဖြစ်နိုင်ခြေအများဆုံးပဲ ”
“လိုလန်လား ” လုကျိုးက နားရှုပ်သွားသည်။ သူ ဤနေရာသို့ ကူးပြောင်းလာစဉ်အခါက ပြဿနာများသည် ငမိုက်သားများကြောင့် ဖြစ်လာသည်ဟုသာ အမြဲတွေးထားခဲ့သည်။ အထူးသဖြင့် ယွီကျန့်ဟိုင် ဖြစ်၏။ ယခု သူက စီးဝူယာ့ စကားများကို ကြားလိုက်သည့်အခါ ယုံကြည်ဖွယ်ကောင်းကြောင်း တွေးမိလိုက်သည်။
စီးဝူယာ့က ဆက်ပြောလိုက်သည်။
“ အာ့ရှစ်ရှိုးက အနောက်ဘက်နယ်မြေက တော်ဝင် ကိုယ်လုပ်တော်တစ်ယောက်ကို သတ်ခဲ့ဖူးတယ်။ ရှစ်စွင်း အကြောင်းအရင်းကို သိလား ”
လုကျိုးက မျက်မှောင်အသာကြုတ်ကာ ကြည့်လိုက်သည်။ သူ့အမူအရာများက ရှင်းလင်းစွာ ပြောနေသည်။ “ ငါ့ကို လာနောက်နေတာလား ”
စီးဝူယာ့က တုန်တုန်ယင်ယင် ဖြစ်သွားကာ အလျင်စလို ထုတ်ပြောလိုက်သည်။
“တော်ဝင် ကိုယ်လုပ်တော်က နတ်ဆရာတစ်ဦးပါ။ သူမက အာ့ရှစ်ရှိုးကို မျက်စိကျပြီးတော့ ထိန်းချုပ်ချင်နေတာ။ အာ့ရှစ်ရှိုးက အရူးလုပ်မခံဘူးလေ။
တော်ဝင် ကိုယ်လုပ်တော်ကို သတ်ပြီးတဲ့နောက် တော်ဝင်မိသားစုက လက်ထပ်ပွဲနဲ့ မဟာမိတ်ဖွဲ့ဖို့ ကိုယ်လုပ်တော်ယွီကို နန်းတော်ထဲ လက်ခံခဲ့တာ။ ကိုယ်လုပ်တော်ယွီက သေမျိုးဆိုပေမဲ့ သူမက တာ့ယန်ကို ကမောက်ကမ ဖြစ်စေချင်တဲ့ မော့လီကိုပါ ခေါ်လာခဲ့တယ်။ အဲဒါကြောင့် မိစ္ဆာဝေဟင်မျှော်နန်းက သူမလမ်းမှာ ပိတ်နေသလို ဖြစ်နေတာပါ ”
လုကျိုးက ခေါင်းညိတ်ကာ “ အဲဆိုတော့ မင်း ပြောချင်တာက လိုလန်က ငါနဲ့ ပတ်သက်ပြီး တစ်ခုခု အကွက်ချနေတယ်ပေါ့”
“အဲလိုဖြစ်ဖို့များပါတယ်”
“ အဲဒါက မှတ်ဉာဏ်သလင်းကျောက်နဲ့ ဘာဆိုင်တုံး ”
စီးဝူယာ့က ပြောလိုက်သည်။
“လိုလန်က လူတွေက ရှစ်စွင်းရဲ့ လှုပ်ရှားမှုအကြောင်း သိထားတော့ ရုန်ရှီမှာ ရှစ်စွင်း ဘယ်ရောက်ခဲ့လဲဆိုတာ သူတို့သိနေမယ်ဆိုတာ သေချာတယ်။ တကယ်လို့ ကျွန်တော်တို့တွေ အဲဒါကို ပြန်နောက်ယောင်ခံနိုင်ရင် မှတ်ဉာဏ်သလင်းကျောက်ကို ပြန်တွေ့နိုင်တယ် ”
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ စဉ်းစားလိုက်သည်။
ဒီငမိုက်သား ပြောတာ ဟုတ်တော့ဟုတ်သား … ဒါပေမဲ့ သူတို့ ဒါကို ဘယ်လိုလုပ်ကြမှာလဲ။
စီးဝူယာ့က ထိုအရာကို ကြိုတင်တွေးထားဟန်ပေါ်သည်။
“ရှစ်စွင်း ကျွန်တော် တခြားမျိုးနွယ်စုတွေထဲ အထူးသဖြင့် လိုလန်ထဲမှာ သူလျှိုထည့်ထားပြီးသားပါ ”
လုကျိုးက စီးဝူယာ့အား ကြည့်လိုက်ပြန်သည်။ သူက စီးဝူယာ့၏ သစ္စာရှိမှုသည် ယခင်ထက် မြင့်တက်လာကြောင်း သတိပြုမိ၏။ သို့သော်လည်း အရမ်းတော့ မမြင့်သေးပေ။
“ရှစ်စွင်း ကျွန်တော် တစ်ယောက်တည်း ဒါကိုလုပ်နိုင်တာပါ။ ကျန့်အိုက်ကျန်းက တတိယမင်းသားဖြစ်ပြီး အရင်းအမြစ်အများကြီး ရှိပေမဲ့ တခြားမျိုးနွယ်စုတွေအကြောင်း ကောင်းကောင်း မသိထားဘူး။ ပြီးတော့ ကျန့်အိုက်ကျန်းက လွတ်လပ်ပြီးတော့ ပျင်းရိတဲ့ သဘာဝရှိတော့ သတင်းအချက်အလက်ကို သိပ်အာရုံစိုက်မှာ မဟုတ်ဘူး။
အရင်တုန်းက ကျွန်တော် မဟူရာကွန်ယက်နာမည်အောက်ကနေ မိစ္ဆာဝေဟင်မျှော်နန်းကို သတင်းတွေ အကြောင်းကြားခဲ့ဖူးပါတယ်။ ကျန်းအိုက်ကျန့်သာ … ”
“ ကျန်းအိုက်ကျန့်သာ ယုံရမယ်ဆိုရင် သူလည်း အဲလိုလုပ်ပေးခဲ့မှာပါ ”
ထိုစဉ် စီးဝူယာ့က ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေသည်။ သူက ရှစ်စွင်း၏ အကြည့်ကို သတိထားမိကာ တုန်ယင်မိသွားသည်။ သူက ဒူးတစ်ဖက်အမြန်ထောက်ကာ “ ကျန့်အိုက်ကျန့်ကို စော်ကားဖို့က ကျွန်တော့် ရည်ရွယ်ချက် မဟုတ်ပါဘူး။ ခွင့်လွှတ်ပေးပါ ”
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်သည်။
“ ငါ မင်းကို ပြန်လည်သုံးသပ်ရေးဂူထဲ ဘာလို့ ပြန်လည်သုံးသပ်ခိုင်းနေလဲ သိလား”
“ ကျွန်တော်ရဲ့ သစ္စာဖောက်တဲ့ အပြုအမူကို ခွင့်မလွှတ်နိုင်မှန်း သိပါတယ်။ ကျွန်တော် ဘယ်လိုပြစ်ဒဏ်ပဲ ခံယူရ ခံယူရ ပြောစရာမရှိပါဘူး ” စီးဝူယာ့က ပြန်ဖြေလိုက်သည်။
“မင်း မှားနေပြီ”
စီးဝူယာ့က အတိတ်တုန်းက သစ္စာဖောက်ခဲ့သည့်အတွက် ဤမျှအထိ အပြစ်ပေးဖို့က အကျိုးအကြောင်းမသင့်ပေ။ သူက ကျူးဟုနကုန်းကို ကယ်ဖို့အတွက် ကောင်းကင်ရွေးချယ်ခံ ကျောင်းဆောင်ရှေ့ သုံးရက်၊ သုံးညလုံးလုံး ဒူးထောက်နေခဲ့ဖူးသည်။ ထို့အပြင် ယွီရှန်းရုန်ကို ကယ်ဖို့အတွက်လည်း သူက တာ့ယန်ထဲ သင်္ကေတထွင်းစာများကို ပိုက်စိတ်တိုက် ရှာဖွေဖူးသည်။ သူ့ကိုယ်ရေးမှတ်တမ်းထဲတွင် ယွီကျန့်ဟိုင်အား မည်သို့ကယ်တင်ခဲ့ပုံအထိ ရှင်းရှင်းလင်းလင်း ရေးသားထား၏။
အကယ်၍ လုကျိုးသာ ထိုအရာများကို တွေ့ပြီးသည့်နောက် သူ့အား ဆက်လက် အပြစ်တင်နေလျှင် တမင်လုပ်နေခြင်းသာ ဖြစ်သွားလိမ့်မည်။
လုကျိုးက ဆက်ပြောလိုက်သည်။
“ မင်းက ယွီရှန်းရုန်လိုပဲ။ မင်းတို့က မလိုအပ်တဲ့ မာန်တွေများလွန်းနေတာ ”
“မာန်လား”
“ မင်းတို့ ယုံကြည်ချက်ရှိလို့ရပေမဲ့ ယုံကြည်ချက်လွန်ကဲမှုက ကိုယ့်ဘာသာ ဘဝမြင့်သွားတာပဲ။ မာန်မာနက မင်းတို့အမြင်တွေကို ဖုံးထားလိမ့်မယ်” လုကျိုးက ပြောလိုက်သည်။
စီးဝူယာ့က ကြောင်အမ်းသွားလေသည်။ သူက ပြန်လည်သုံးသပ်ရေးဂူအတွင်းမှ စာရွက်အထပ်လိုက်ကို အမှတ်ရသွားသည်။ သူက ပါးပြင်ပင် စပ်ဖျဉ်းဖျဉ်း ဖြစ်လာသလို ခံစားလိုက်ရသည်။ သူက သူ့ကိုယ်သူ ဉာဏ်ကောင်းကာ ဗျူဟာကောင်းများ ချမှတ်နိုင်သည့်အတွက် အထင်ကြီးနေခဲ့ဖူးသည်။ သို့သော်လည်း သူက ထိုမေးခွန်းများထဲမှ တစ်ခုကိုပင် မဖြေရှင်းနိုင်ခဲ့ပေ။ အဆုံးသတ်တွင်မူ သူက ပြောလိုက်၏။
“ ရှစ်စွင်း ပြောတာ မှန်တယ်။ ကျွန်တော် အခုနားလည်သွားပါပြီ ”
လုကျိုးက အနီးဆုံး ထိုင်ခုံဆီ သွားကာ ထိုင်ချလိုက်သည်။ သူက ပြောလိုက်၏။
“အခုထိ မင်းက ယွီကျန့်ဟိုင်ဆီမှာ ဘာဖြစ်သွားတယ်ဆိုတာ ထုတ်မပြောသေးဘူးလား ”
စီးဝူယာ့က တုန်ယင်သွားကာ “ ကျွန်တော် တာ့ရှစ်ရှိုးနဲ့ ကတိပြုထားလို့ပါ ”
လုကျိုးက စီးဝူယာ့၏ ဆုံးဖြတ်ချက်ကို မြင်သည့်အခါ မျက်မှောင်အသာကြုတ်လိုက်သည်။ စီးဝူယာ့က ပြန်လည်သုံးသပ်နေကြောင်း ပြောထားသော်လည်း ခေါင်းမာနေဆဲသာ ဖြစ်၏။
လုကျိုး၏ အမူအရာက ခက်ထန်လာကာ “ ကောင်းပြီ။ တကယ်လို့ မင်းက အမှန်အတိုင်း မပြောချင်ရင် အခုမျှော်နန်းဆောင်ကနေ ထုတ်လိုက်ပြီ။ ဒီနေ့ကစပြီး မင်းက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ပတ်သက်မှု မရှိတော့ဘူး။ မင်းရဲ့ ဒေါင်းမြီးယပ်တောင်ကို ပြန်ပေးမယ် ”
လုကျိုးက လက်ဝေ့လိုက်သည့်အခါ ဒေါင်းမြီးယပ်တောင်က သူ့ရှေ့ ပေါ်ထွက်လာသည်။ သူက စီးဝူယာ့ဆီ ပစ်ပေးလိုက်သည်။
စီးဝူယာ့က ကျောက်ရုပ်လို ကြောင်အမ်းနေသည်။
လုကျိုးက စီးဝူယာ့အား ကြည့်လိုက်ပြီးနောက် အဖြေကို စောင့်ဆိုင်းနေသည်။
“ မင်း သွားချင်တဲ့နေရာကို သွားတော့။ တကယ်လို့ ငါတို့တွေ ရန်သူတွေအဖြစ် တွေ့ခဲ့ရင် ငါ့ဆီကနေ သက်ညှာမှုရဖို့ မမျှော်လင့်ထားနဲ့ ”
“…”
လုကျိုးက စီးဝူယာ့၏ ကတိကဝတ်ကို စောင့်ထိန်းမည့် ဆုံးဖြတ်ချက်အား မယုံပေ။
မင်းက ကိုယ့်ဆရာကိုတောင် ပြန်သစ္စာဖောက်သေးတာ ဒီလိုကတိမျိုး ထိန်းနေမယ်လို့ ယုံမယ်များ ထင်နေလား … ဟာသပဲ
စီးဝူယာ့က ဒေါင်းမြီးယပ်တောင်အား ကြောင်အအဖြင့် ကြည့်နေသည်။ ယခု သူ့စိတ်က ဗလာကျင်းနေဟန်ပေါ်၏။
“တင်း စီးဝူယာ့ကို သင်ကြားပြသနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ငါးရာ ရရှိပါတယ် ”
ဤတစ်ကြိမ် စီးဝူယာ့က ဒူးနှစ်ဖက်လုံး ထောက်ချလိုက်သည်။ သူက သူ့ကိုယ်သူ ဝပ်တွားလိုက်ပြီး “ ကျွန်တော် သိထားသမျှ ပြောပြပါ့မယ်။ ဒါပေမဲ့ ရှစ်စွင်း ကတိတစ်ခုတော့ ပေးရမယ်”
“မင်းက ငါနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတာလား ”
စီးဝူယာ့က အလျင်စလို ပြောလိုက်သည်။
“ ကျွန်တော်က မနာခံလိုတဲ့ ရည်ရွယ်ချက်မျိုး မရှိသလို ညှိနှိုင်းလောက်ရအောင်လည်း သတ္တိမကောင်းပါဘူး”
“မင်းက အခုလေးတင် ကြိုးစားနေတာလေ” လုကျိုးက စီးဝူယာ့အား မီးတောက်လုမတတ် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
“အာ …” စီးဝူယာ့က နေရခက်သွားဟန်ပေါ်သည်။ သူ့ယုံကြည်ချက်ရှိမှုတို့က သူ့ရှစ်စွင်းအကြည့်အောက်တွင် အငွေ့ပျံ့သွားလေသည်။ သူက အင်မတန် ခြောက်ခြားနေမိသည်။ ဤတစ်ကြိမ် သူက စကားလုံးများ ပျောက်ရှသွားလေ၏။
လုကျိုးက စီးဝူယာ့၏ စာအုပ်အား သူ့အင်္ကျီလက်ထဲမှ ထုတ်လာကာ ဖတ်လိုက်ပြီး စားပွဲပေါ် တင်လိုက်သည်။
အခန်းက အင်မတန် တိတ်ဆိတ်သွားလေသည်။
ရှစ်စွင်းနှင့် တပည့်တို့က တစ်ယောက်က ထိုင်ကာ တစ်ယောက်က ဒူးထောက်နေသည်။
ခဏကြာပြီးနောက် လုကျိုးက ပြောလိုက်၏။
“ မင်း မပြောဘူးဆိုတာနဲ့ ငါက ရှာတွေ့ဖို့ နောက်ထပ်နည်းလမ်းမရှိဘူးများ ထင်နေလား”
စီးဝူယာ့က လုကျိုးကို ကြည့်လာကာ “ ရှစ်စွင်း သိနေခဲ့တာလား ”
“ ဝူချီက လူတွေက သေဆုံးသွားရင်တောင် နှလုံးသား အကောင်းအတိုင်း ကျန်ရှိနေသရွေ့ မြှုပ်နှံပေးပြီး ရေလောင်းလိုက်တာနဲ့ ပြန်လည်ရှင်သန်လာနိုင်တယ် ”
“…”
စီးဝူယာ့က မျက်လုံးအပြူးသား ဖြစ်သွားသည်။ သူက စားပွဲပေါ်မှ စာအုပ်ကို လှမ်းကြည့်လိုက်သည်။ မှတ်တမ်းများက သိသာလှသည်။ ထိုအရာကို သတိမထားမိဖို့ ခက်ခဲလှသည်။ အဆုံးသတ်တွင် သူ့ရှစ်စွင်းက ရှာတွေ့သွားလေပြီ။
သူက ပြောလိုက်သည်။ “ တာ့ရှစ်ရှိုးရဲ့ ဘဝက အရမ်းကို ခက်ခဲခဲ့ပါတယ် ”
“ဟမ်” လုကျိုးက မယုံနိုင်ဟန်ပေါ်နေသည်။
ယွီကျန့်ဟိုင်သည် ငရဲဂိုဏ်းကို ဖွဲ့စည်းကာ သူ သွားလေရာနေရာတိုင်း တခြားအင်အားစုများကို အပြတ်သုတ်သင်ခဲ့သည်။ သူ့ကာကွယ်သူလေးယောက်ကလည်း ကျွမ်းကျင်သည့် စစ်သည်တော်များ ဖြစ်၏။ ယခု မိစ္ဆာလမ်းစဉ်သည် သူ့ထိန်းချုပ်မှုအောက် ရှိနေပြီဖြစ်ရာ သူက နေ့စဉ်နေ့တိုင်း ရထားလုံးပျံဖြင့် လွှမ်းမိုးမှုကို ချဲ့ထွင်နိုင်သည်။ သူက မြို့များကို တိုက်ခိုက်ပြီး နယ်မြေများကို အုပ်စိုးခဲ့သည်။
ဒါက ခက်ခဲတဲ့ ဘဝကြီးလား …
…
အခန်း (၄၆၇) သနားစရာတာ့ရှစ်ရှိုး
စီးဝူယာ့၏နေ့စဉ်မှတ်တမ်းသွင်ပြင်သည် သူ၏ခုခံမှုများ၊ ငြင်းဆိုမှုများဖြင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေလေ၏။
လုကျိုးသည် နေ့စဉ်မှတ်တမ်းကို ရရှိပြီးချိန်မှစပြီး တော်တော်ကြာကြာ စဉ်းစားနေခဲ့တာဖြစ်သည်။ တစ်ခါတစ်ရံ၌ သူ၏စိတ်များက ထိုအထဲရောက်ရှိနေပြီးနောက် သူသည် ကောင်းကင်ကျမ်းစာ စာလိပ်ကို ဆင်ခြင်ခဲ့သည်။ မည်ကဲ့သို့သောလူမျိုးက သေရာကနေ ပြန်ရှင်လာနိုင်သနည်း။ ယွင်ထျန်းလော့ကဲ့သို့ လူတစ်ယောက်တောင် ဆန်းကြယ်သော လော့အမျိုးသမီး၏ အကူအညီဖြင့် အသက်ပြန်ရှင်မလာနိုင်ပေ။ ယွီကျန့်ဟိုင်က မည်ကဲ့သို့ရှင်သန်နိုင်ခဲ့သနည်း။ အမှန်တကယ်တွင် သူ၏မှတ်ဉာဏ်များကနေ အဖြေကိုမရှာနိုင်လျှင် စာအုပ်ထဲ၌ရှာနိုင်သေး၏။
သူတို့ကို ရေလောင်းပြီး အသက်ပြန်ရှင်စေတယ် ... ထိုစကားက သဲလွန်စတစ်ခုဆိုတာ သိသာလွန်းနေ၏။
စီးဝူယာ့က ဒူးထောက်မြဲ ဒူးထောက်နေကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“လွန်ခဲ့တဲ့နှစ်ရာချီတုန်းက ၀ူချီအန်းတွေက တာ့ယန်မှာနေခဲ့ဖူးတယ်။ စစ်ဖြစ်တဲ့အချိန် ၀ူချီအန်းတွေက တခြားနေရာကို ရွေ့ပြောင်းရတာ။ သူတို့တွေက အရှေ့ဘက်အကျဆုံးယန်စီရင်စုကနေ အနောက်ဘက်အကျဆုံး လျန့်စီရင်စုဒေသကို ခရီးနှင်ခဲ့ကြတယ်။ အစမှာပေါ့”
စီးဝူယာ့က ဆက်ပြော၏။
“၀ူချီအန်းတွေက တာ့ယန်နဲ့ လို့လန်ကြားက စစ်မီးထဲမှာ ချုပ်မိခဲ့ကြတာ။ သူတို့တွေ အမြစ်ပြတ် သုတ်သင်ခံရလုနီးပါးပဲ။ မျိုးနွယ်စုဝင်သုံးယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တာ။ တာ့ရှစ်ရှိုးက သူတို့ထဲက တစ်ယောက်ပဲ။ အဲဒီတုန်းက သူတို့ငယ်ရွယ်သေးတယ်။ သူတို့တွေက အသက်ရှင်ဖို့ လမ်းပေါ်မှာ တောင်းရမ်းစားသောက်ပြီး လမ်းပေါ်မှာပဲ အိပ်ခဲ့ရတယ်။ သူတို့ အရိုက်ခံရတယ်။ အဆဲခံရတယ်။ အထင်သေးခဲ့ရတယ်။ တာ့ရှစ်ရှိုးက သူ့ရဲ့ရောင်းရင်းတွေအတွက် မကြာခဏစားစရာခိုးပေးခဲ့တာ ... တာ့ရှစ်ရှိုးက အညံ့မခံ ခေါင်းမာတဲ့သဘာဝရှိပြီးသား တစ်ခါတစ်လေ အရိုက်ခံရပြီးတာတောင် ဦးမညွှတ်ခဲ့ဘူး”
လုကျိုးသည် ယင်းကို တွေ့ကြုံခဲ့ပြီးသားဖြစ်၏။ ယွီကျင့်ဟိုင်၏ စိတ်နေသဘောထားသည် ခေါင်းမာသည်ဟု ဖော်ပြ၍ရသည်။ ယွီကျန့်ဟိုင်က စိတ်ပြင်ဆင်ပြီးသည်နှင့် သူ၏စိတ်ကို ပြောင်းလဲဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။
“နောက်တော့ သုံးယောက်ထဲက နှစ်ယောက်က အရိုက်ခံရပြီးသေသွားခဲ့တယ်။ တာ့ရှစ်ရှိုးက လူကုန်ကူးသမားတွေကြောင့် လို့လန်ဆီ အရောင်းခံလိုက်ရတယ်”
စီးဝူယာ့က ထိုစဉ်ရပ်တန့်သွား၏။ သူက မော့ကြည့်လျက် လုကျိုး၏အမူအရာကို ကြည့်ရန် ကြိုးစားနေသည်။ လုကျိုး၏အမူအရာ ပုံမှန်ဖြစ်နေတာကို သူတွေ့လိုက်ရ၏။ လုကျိုး ဘာတွေးနေမှန်း သူ မသိပေ။
စီးဝူယာ့ ရပ်တန့်သွားချိန် လုကျိုးက မေးလိုက်၏။
“သူတို့သေပြီးတဲ့နောက် ၀ူချီအန်းတွေက ဘာကြောင့် အသက်ပြန်မရှင်ခဲ့တာလဲ”
“သာမန်၀ူချီအန်းတွေက အသက်ပြန်ရှင်ဖို့က ခက်ခဲလှတယ်။ လိုအပ်တဲ့အခြေအနေတွေက တင်းကြပ်တယ်။ စတင်ကျင့်ကြံခြင်းတဲ့ ၀ူချီအန်းတွေကလည်း တစ်ယောက်ယောက်ဂရုစိုက်ပေးဖို့ လိုနေတာလေ။ ဒါ့အပြင် ၀ူချီအန်းတွေက သုံးကြိမ်ပဲ အသက်ပြန်ရှင်နိုင်တာ။ သူတို့သေလွန်တိုင်း သူတို့သက်တမ်း အနှစ်သုံးရာ ဆုံးရှုံးသွားမှာ။ အခု တာ့ရှစ်ရှိုးက ပွင့်ချပ်ရှစ်လွှာထိပ်သီး ကျင့်ကြံသူတစ်ယောက် သူ့မှာ နှစ်တစ်ထောင်သက်တမ်းရှိတယ်။ ကံဆိုးတာက ...” စီးဝူယာ့က ရပ်တန့်လိုက်၏။
လုကျိုးက အတွေးနစ်သွားတော့သည်။ အခြေအနေကို သူနားလည်သည်။ ၀ူချီအန်းများသာ အကန့်အသတ်မရှိ အသက်ရှင်နိုင်မည်ဆိုလျှင် သူတို့ မသေမျိုးများ ဖြစ်သွားလိမ့်မည်။ အဟန့်အတားသုံးရပ်ကနေ လွတ်မြောက်နိုင်သည့်သူက ကျယ်ဝန်းလှသည့် ကျင့်ကြံခြင်းလောကထဲတွင် တစ်ယောက်တောင် ရှိလာမှာမဟုတ်ပေ။
“ဆက်ပြော” လုကျိုးက ပြောလိုက်သည်။
“တာ့ရှစ်ရှိုးက လို့လန်မှာနေတုန်းက သူ့ရဲ့ဘဝက ပိုလွယ်မယ်လို့ထင်ခဲ့တယ်။ ဒါပေမဲ့ ဘဝက ပိုဆိုးလာရုံတင်မကဘူး အိပ်ကောင်းခြင်းတောင် မအိပ်ခဲ့ရဘူး။ လို့လန်က အထက်တန်းလွှာတစ်ယောက်က တာ့ယန်ကို သဘောမကျဘူး။ သူ သာယာဖို့အတွက် သူက တာ့ရှစ်ရှိုးကို ချုပ်နှောင်ပြီး နေ့စဉ်နေ့တိုင်း ဓားနဲ့လှီးတယ်။ လှီးချက်တိုင်းက တာ့ရှစ်ရှိုးကို သေလုနီးပါး နာကျင်စေခဲ့တာ။ ဒါက ခုနစ်ရက်နီးပါး ကြာခဲ့ပြီး နောက်ဆုံးသွေးထွက်လွန်းပြီးသေသွားခဲ့တယ်”
ထိုစဉ် စီးဝူယာ့က လက်သီးကျစ်ကျစ်ဆုပ်လျက် သူ၏လက်ဆစ်များက ဖြူဖွေးလာတော့သည်။ သူဆက်ပြောရန်အတွက် အားမွေးတာ သိသာ၏။
“ဖြစ်နိုင်တာက ကောင်းကင်ဘုံက တာ့ရှစ်ရှိုးကို သနားသွားပြီး သူအချိန်မစေ့သေးဘူးလို့ တွေးမိတာဖြစ်နိုင်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ ရွှံ့အိုင်ထဲ ပစ်ချခံရပြီး အဲ့ဒီမှာ လေးဆယ့်ကိုးရက်လောက် နေခဲ့ရတာ။ သူ အသက်ပြန်ရှင်လာပြီးတဲ့နောက် လို့လန်က ကန္တာရခရီးသည်တစ်ယောက်နောက် လိုက်ခဲ့ပြီး အရှေ့အရပ်ဆီ ဦးတည်ခဲ့တယ်။ ပြီးတော့ လို့လန်ကို ပြန်သွားခဲ့တယ်။ နောက်တော့ သူက ရှစ်စွင်းရဲ့ တရားဝင်တပည့်ဖြစ်လာခဲ့တာပဲ”
စီးဝူယာ့ပြောပြီးချိန်၌ ဒူးထောက်နေသေးဆဲဖြစ်သည်။ သို့သော် သူ၏ကျောကမတ်နေ၏။ ပြီးနောက် သူက ပြောလိုက်သည်။
"လောကကြီးကို စိုးမိုးဖို့ တာ့ရှစ်ရှိုးကို ကူညီဖို့ ကျွန်တော် ဆန္ဒရှိတယ်။ ဒါကို တစ်ခါမှ နောင်တမရဖူးသလို နောင်တရမှာလည်း မဟုတ်ဘူး”
စီးဝူယာ့ပြောတာကို ကြားပြီးနောက် လုကျိုး၏အတွေးများ ရှုပ်ထွေးကုန်သည်။ သူ၏စိတ်က ယွီကျန့်ဟိုင်နဲ့ ယွီရှန်းရုန်၏ အတိတ်အကြောင်း အတွေးများဖြင့် ပြည့်သွားလေ၏။ နတ်မျိုးနွယ်ဖြစ်စေ၊ မဟာနွယ်မျိုးနွယ်ဖြစ်စေ၊ ၀ူချီအန်းဖြစ်စေ သူတို့အားလုံးက အသက်ရှည်ခြင်းနှင့် သက်ဆိုင်နေပေ၏။
သူ၏တပည့်များပြောပုံအရ ကျိထျန်းတောက်သည် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရနိုင်ရန် သို့မဟုတ် အသက်ရှည်ရန် တပည့်များကို အသုံးချချင်လျှင် အဘယ်ကြောင့် မလုပ်ရသနည်း။ သူ၏တပည့်ကိုးယောက်လုံးက စတေးခံများအဖြစ် အဆုံးသတ်သွားသင့်သည်။ ကြားတွင် မည်သို့ဖြစ်ပျက်ခဲ့သနည်း။
လုကျိုးသည် နေ့စဉ်မှတ်တမ်းကို တစ်ချက်ကြည့်ပြီး မေးလိုက်၏။ ဒီမှတ်တမ်းကို မင်းဘယ်လိုရှင်းပြမလဲ”
“ဒါကြောင့် ကျွန်တော်တောင်းဆိုနေတာပါရှစ်စွင်း ကျေးဇူးပြုပြီး ဒီတစ်ခါ တာ့ရှစ်ရှိုးကိုချမ်းသာပေးပါ။ မှတ်တမ်းထဲမှာ မှတ်ထားတာတွေက တာ့ရှစ်ရှိုး ပွင့်ချပ်ရှစ်လွှာအဆင့်ကို ဝင်ခါစမှာဖြစ်ခဲ့တာပဲ။ ဒါက သူဒုတိယမြောက်သေခြင်းပဲ” စီးဝူယာ့ကပြောလိုက်၏။
“ဒုတိယမြောက်သေခြင်းလား”
ယွီကျန့်ဟိုင်သည် မိစ္ဆာဝေဟင်မျှော်နန်းသို့ ဝင်ချိန်မှစပြီး သူ စတင်ကျင့်ကြံခဲ့၏။ သူကျင့်ကြံဆင့်နှင့် ခွန်အားတို့ဖြင့် သူ မည်ကဲ့သို့သေနိုင်မည်နည်း။
“ဒီအတွက် အကြောင်းအရင်းကို ရှစ်စွင်းတစ်ယောက်ပဲ သိမှာစိုးရတယ်” စီးဝူယာ့က ပြောလိုက်၏။
လုကျိုးက မျက်မှောင်ကျုံ့လိုက်တော့သည်။ သူက မတ်တတ်ထရပ်ကာ လက်နောက်ပစ်လျက် လမ်းစလျှောက်တော့သည်။ သူသည် အကြောင်းအရင်းကို သိလျှင် ယခုကဲ့သို့ ဒုက္ခသိပ်ခံနေရမှာ မဟုတ်ပေ။ သူ၏မှတ်ဉာဏ်များကို ဂရုတစိုက် ရှာဖွေပြီးနောက် ဘာမှရှာမတွေ့။ အိုး ... ကျိထျန်းတောက်ရေ မင်းရဲ့တပည့်ကို သတ်ခဲ့တဲ့မင်းရဲ့ မှတ်ဉာဏ်တွေကို တကယ်ကြီး စည်းပိတ်ခဲ့တာလား …
လုကျိုးသည် ကူးပြောင်းလာသူတစ်ဦးသာ ဖြစ်ပြီး ထိုကိစ္စများက သူနှင့် ဘာမှမသက်ဆိုင်သော်ငြား ယခုသူက ကျိထျန်းတောက်၏ နေရာတွင် ဝင်ရောက်ရှိနေတာပဲဖြစ်သည်။ ဤကနေ ရုန်းထွက်၍ မရသောကံက ပါလာပြီးသားဖြစ်၏။
“ငါ ယွီကျန့်ဟိုင်ကို သတ်ခဲ့တာလို့ မင်း သံသယဝင်နေတာလား” လုကျိုးက မေးလိုက်၏။
သူ ဤနေရာသို့ ကူးပြောင်းလာကာစသာ ထိုကိစ္စကိုသိခဲ့မယ်ဆိုလျှင် ကျိထျန်းတောက်က ယွီကျန့်ဟိုင်ကို သတ်ခဲ့သည်ဟု လုကျိုးသံသယဝင်လောက်သည်။ သို့သော် မျက်စိဖြင့် မြင်တွေ့ရသည်ထက် ပိုများသည့်ကိစ္စများရှိနေပုံပေါ်သည်။ ကျိထျန်းတောက်၏ ကြမ်းကြုတ်သော စိတ်နေသဘောထားကို ဘေးချိတ်ထားပြီး သူ့တွင် ရှိနေသော မှတ်ဉာဏ်အပိုင်းအစများအရ ကျိထျန်းတောက်သည် ရက်စက်ပြီး နှလုံးသားမဲ့သော လူတစ်ယောက်ဟု သူ မထင်ပေ။
မိစ္ဆာလမ်းစဉ်ဟူသော စကားလုံးသည် ဆန့်ကျင်ဖက်အင်အားစုမှ ပုဂ္ဂိုလ်များသည် ပေးထားသည့် အကာအရံအသုံးအနှုန်းတစ်ခုထက်မပိုပေ။
“ကျွန်တော် မထင်ရဲပါဘူး” စီးဝူယာ့က ဆက်ပြော၏။ “မှတ်ဉာဏ်သလင်းကို ကျွန်တော်ရှာချင်ပါတယ်”
ယခင်က စီးဝူယာ့သည် မှတ်ဉာဏ်သလင်းကိုရှာဖို့ တစ်ခါမှ သဘောမတူခဲ့ပေ။ ယခု သူ၏ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ပြီဖြစ်ရာ ထိုစိုးရိမ်ပူပန်မှုများမရှိတော့ပေ။
“နားထောင် စီးဝူယာ့” လုကျိုးက အသံမြှင့်လိုက်၏။
“ဟုတ်ကဲ့ ရှစ်စွင်း”
“မင်းကို တာဝန်နှစ်ရပ်ပေးမယ်။ ပထမတစ်ခုက မှတ်ဉာဏ်သလင်းကိုရှာဖို့ပဲ။ ဒုတိယတစ်ခုက ယွီကျန့်ဟိုင်ပြန်လာဖို့ ဖျောင်းဖျရမယ်” လုကျိုးက ပြောလိုက်၏။
စီးဝူယာ့က အရိုအသေပေးကာပြောလိုက်သည်။
“ဟုတ်ကဲ့ ရှစ်စွင်း။ ဒါပေမဲ့ ...”
“ဒါပေမဲ့ ... ဘာလဲ”
“ပထမတာဝန်အတွက် ကျွန်တော်မေးစရာမရှိပါဘူး။ ဒါပေမဲ့ တာ့ရှစ်ရှိုးက ခေါင်းမာနိုင်တာ ကျွန်တော်စိုးရိမ်တာက ...” စီးဝူယာ့၏မျက်နှာပေါ်၌ ကူကယ်ရာမဲ့သောအမူအရာရှိနေသည်။
လုကျိုးက သူ့ကို တာဝန်ပြီးမြောက်အောင်ဆောင်ရွက်ရန်တိုက်တွန်းမည်ဟု စီးဝူယာ့ ထင်ထားတာ ဖြစ်သည်။ လုကျိုးကပြောလိုက်၏။
“မင်းဆီ ငါလွှဲထားတယ် ဒါအကုန်ပဲ”
“ကျွန်တော့်ဆီလွဲတာလား” စီးဝူယာ့က မှင်တက်သွား၏။ သို့သော် ထိုင်စရာအခင်းဆီသို့ သူ၏ ရှစ်စွင်း လျှောက်သွားတာကို သူမြင်လိုက်ရချိန်၌ ထပ်မနေရဲတော့ချေ။ သူက ထရပ်ကာပြောလိုက်၏။
“ကျွန်တော် ထွက်သွားပါတော့မယ် ရှစ်စွင်း”
“မင်းရဲ့ ကျင့်ကြံဆင့်ကို ပြန်ဖြည့်ဖို့ဖန်ကျုံးကိုရှာ မင်းနဲ့အတူ ဒေါင်းမြီးယပ်တောင်ယူသွား”
“ဟုတ်ကဲ့ ရှစ်စွင်း” စီးဝူယာ့က အပျော်လွန်သွားသည်။ သူက ဒေါင်းမြီးယပ်တောင်ကိုကောက်ယူပြီး အခန်းထဲကနေ ရိုကျိုးစွာ ဆုတ်ခွာသွား၏။
လုကျိုးကလှည့်လာပြီး ကောင်းကင်ကျမ်းစာ စာလိပ်ပေါ်ရှိ စကားလုံးများကို ဆင်ခြင်တော့မည့် အချိန်တွင် နံရံပေါ်ရှိစကားများကို တွေ့လိုက်ရ၏။
တစ်မိုးအောက်မှာ ဒီလိုတိုက်ဆိုင်မှုများ ရှိလား။ အမှန်အတိုင်းသာဆို ငါ့မှာ နောက်ထပ် တပည့်တစ်ယောက် ရှိလာမှာလား။ ရှီမျိုးရိုးနဲ့ တစ်စုံတစ်ယောက်လား။
ယူနန်မြို့ရှိစားသောက်ဆိုင်တစ်ဆိုင်ထဲတွင်ဖြစ်သည်။
ကျန်းအိုက်ကျန့်က ခေါင်းကုတ်လျက်တွေးဆနေ၏။
“လော့မျိုးရိုးနဲ့အမျိုးသမီးတစ်ယောက်လား။ နောက်နေတာပဲဖြစ်ရမယ်”
“မိစ္ဆာကြီးကျိက ငါ ဘာမဆိုလုပ်နိုင်တယ်လို့ထင်နေတာပဲ” ကျန်းအိုက်ကျန့်က မေးစေ့ကို ပွတ်လိုက်သည်။
“ငါ တတ်နိုင်တာ ဘာမှမရှိပေမဲ့ ငါ ဒါမျိုး ဖြစ်သင့်တယ်လို့ မဆိုလိုဘူးလေ”
သူသည် ဖြတ်သွားသည့်စားပွဲထိုးကို ဆွဲခေါ်ကာ မေးလိုက်သည်။
“တဆိတ်လောက် ... လော့မျိုးရိုးနဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်မှာရှာလို့ရမလဲဆိုတာ သိလား”
စားပွဲထိုးသည် ထိုသို့ဆက်ဆံခံရခြင်းကြောင့် ထိတ်လန့်အံ့အားသင့်သွား၏။
“ဧည့်သည်တော် ကိုယ်တိုင် သွားရှာသင့်တယ်” စိတ်ထဲတွင်မူ သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။ ဒီလူက ဦးနှောက်ချောင်နေတာပဲဖြစ်မယ်။
ကျန်းအိုက်ကျန့်က သူ့ကိုတွန်းထုတ်ပြီးနောက်ပြောလိုက်သည်။
"လော့မျိုးရိုး ... ယွင်ထျန်းလော့ကို တစ်လှမ်းထဲနဲ့ အမြင့်ဆုံးအဆင့်ရောက်အောင် ကူညီခဲ့တဲ့လူတစ်ယောက် ဒီဟာက ငါ့အတွက် ဘာကြောင့်များ အစစ်လို့ မခံစားရတာပါလိမ့် ... ထားလိုက်တော့ ကြုံသလို စရှာတာပေါ့”
ကျန်းအိုက်ကျန့်က စားသောက်ဆိုင်ထဲကနေထွက်လာပြီး ခဏအတွင်းပျောက်ကွယ်သွား၏။
အမြုတေယန်ဂိုဏ်းနှင့်မြောက်ဖက်ဆယ့်နှစ်မိုင်အကွာတွင်ဖြစ်သည်။
ယွီရှန်းရုန်က ပိအန်းကိုစီးနေသည်။ ၎င်းက ဖြည်းဖြည်းချင်း ပျံသန်းနေ၏။ သူက ရှုခင်းကို နှစ်ခြိုက်ခံစားနေကာ စိတ်ကောင်းဝင်နေသည်။
အုန်း အုန်း
ပိအန်းက ရုတ်တရက်အော်လိုက်သည်။
ယွီရှန်းရုန်က ဇဝေဇဝါဖြစ်သွားတော့၏။
ဟမ် ...
အုန်း
“အပေါ်ကိုလား”
ယွီရှန်းရုန်က တောအုပ်တစ်ခုကို တွေ့လိုက်သည်။ အနက်ရောင်မီးခိုးများက တလိမ့်လိမ့်တက်လာ၏။ တစ်စုံတစ်ခုကို မီးရှို့နေပုံပေါ်သည်။
“ရှောင်ရအောင်”
ပိအန်းက အရပ်မျက်နှာ ပြောင်းလျက် တောအုပ်ဆီသို့သွားလိုက်သည်။ သူတို့ထက် မီးခိုများရစ်ဝဲနေ၏။
“အဆိပ်လား”
ယွီရှန်းရုန်က မျက်မှောင်အနည်းငယ် ကျုံ့သွားသည်။ အလိုလိုသိစိတ်အရ မီးခိုးများသည် မရိုးရှင်းကြောင်း သူ့ကို ပြောနေသည်။ သူက ပိအန်းကို ပြောလျက် ဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။
ထိုစဉ် တောအုပ်ထဲကနေ ထူးဆန်းသောအသံပေါ်ထွက်လာ၏။
“အောက်ဆင်းလာပြီး စကားပြောကြရအောင်လား ကျုပ်ရဲ့မိတ်ဆွေ”
…
အခန်း(၄၆၈) သေစေလောက်သည့် ဝိညာဉ်သုံးခု
ယွီရှန်းရုန်က တည်ငြိမ်နေပုံပေါ်သည်။ သူက တစ်ယောက်ယောက် သူ့လမ်းကို ပိတ်လိမ့်မည်မှန်း ထင်ထားပြီးသား ဖြစ်၏။ အနက်ရောင် တိမ်ခိုးများက သူ့အား တားဆီးနေမှန်း သိသာလှသည်။
ကောင်းပြီလေ …
ယွီရှန်းရုန်က ပိအန်းအား ဖြည်းဖြည်းချင်း ဆင်းသက်ခိုင်းလိုက်သည်။
လူသုံးယောက်က တောအုပ်အတွင်းမှ ထွက်လာကြ၏။
တစ်ယောက်က နှုတ်ခမ်းမွေးရှိပြီး ပြောင်ပြောင်လက်လက် ဝတ်ဆင်ထားလေသည်။ သူက ရှေ့ဆုံးမှ ရပ်ကာ “ရောင်းရင်း …ခင်ဗျားဆီကနေ တစ်ခုခု ဝယ်ချင်တယ် ”
“ဘာများလဲ”
“ရွှေကြာဖြတ်တောက် အသက်ရှင်ဆေးလုံး” ထိုစဉ် ပြောင်ပြောင်လက်လက် ဝတ်ဆင်ထားသည့် အမျိုးသားက လက်ဝေ့လိုက်သည်။
တခြားနှစ်ယောက်က သူတို့၏ ပစ္စည်းဥစ္စာများအား ထုတ်ပြလာကြသည်။
ကျင့်ကြံသူများက ထိုသို့သောအရာများ၏ ဆွဲဆောင်မှုကို မခံရပေ။
“ ဒါကို ဝယ်ချင်တာ သေချာရဲ့လား” ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ ခင်ဗျားက ဒါကို ဓားပြတိုက်နေတာလို့ တွေးရင်တွေးနေလိမ့်မယ် ” ပြောင်ပြောင်လက်လက် အဝတ်နှင့် အမျိုးသားက ယွီရှန်းရုန်၏ အပြုံးကို မြင်ကာ ပြောလိုက်သည်။
“ပင်မယန်ဂိုဏ်းကို အကာအရံနဲ့ ကာကွယ်ထားတာ။ ကျုပ်တို့က သူတို့ဖောက်သည်တချို့ကို ဖမ်းထားခဲ့ပေမဲ့ သားရဲ စီးတဲ့လူကို ပထမဆုံး မြင်တွေ့ဖူးတာပဲ ”
ယွီရှန်းရုန်က ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားတို့က စုန်းအတတ် အသုံးပြုနိုင်တယ်ဆိုတော့ လိုလန်ကလား ရို့လီကလား ”
ပြောင်ပြောင်လက်လက် အဝတ်နှင့် အမျိုးသားက ယွီရှန်းရုန်၏ စကားကြောင့် အနည်းငယ် အံ့အားသင့်သွားလေသည်။
“ရောင်းရင်းက မျက်လုံးကောင်းသားပဲ။ တာ့ယန်က ရွှေကြာဖြတ်တောက်ခြင်းခေတ်ထဲ ရောက်သွားမှတော့ ငါတို့ ရို့လီ လူတွေကလည်း ကျန်ခဲ့လို့ မဖြစ်ဘူးလေ”
သူတို့က ရို့လီကကိုး …
ထိုအကြောင်းကို စဉ်းစားလိုက်ပြီးနောက် ယွီရှန်းရုန်က ပုံမှန်သာ ဖြစ်ကြောင်း တွေးလိုက်မိသည်။ တာ့ယန်၏ ကျင့်ကြံသူများက ယခုအခါ သူတို့ရွှေကြာကို ဖြတ်တောက်ပစ်နေကြသည်။ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူများ လုံလောက်လာသည့်အခါ တခြားမျိုးနွယ်များ သုတ်သင်ခံရမည့် နေ့ရက်သို့ ရောက်လာနိုင်သည်။ ရုန်ရှီနှင့် ရုန်ပေတို့က ထိုအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။ သူတို့အတွက် ဒီနေရာဆီ လူလွှတ်လိုက်သည်က ပုံမှန်သာ ဖြစ်၏။
“ရို့လီ လူတွေ …” ယွီရှန်းရုန်က အပြုံးကို ထိန်းထားသည်။ “ငါ့ဓားက နာမည်မရှိတဲ့သူကို မသတ်ဘူး”
“ မင်းက မာနကြီးပေမဲ့ နေရာမှားနေတယ်” ပြောင်ပြောင်လက်လက် အဝတ်နှင့် အမျိုးသားက လက်ဝေ့လိုက်သည်။
တခြားနှစ်ယောက်က သူတို့အဝတ်များကို ဖယ်ရှားလိုက်ပြီး သူတို့ခန္ဓာကိုယ်ကို ထုတ်ပြလာသည်။ သူတို့အရေပြားတွင် သိပ်သည်းနေသော သင်္ကေတများဖြင့် ပြည့်နှက်နေသည်။ သူတို့က ထူးဆန်းကာ ဝင့်ကြွားနေဟန်ပေါ်သည်။ သူတို့က တခြားမျိုးနွယ်သားများ မဟုတ်ပါလော။
ဝှစ် ဝှစ်
ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုက ထွက်ပေါ်လာသည်။
ယွီရှန်းရုန်က သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံးက ပွင့်ချပ်နှစ်လွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်များ ဖြစ်၏။
ရွှေကြာသည် တိုက်ခိုက်မှုအဖြစ် အသုံးပြုနိုင်သလို ကာကွယ်မှုအဖြစ်လည်း အသုံးပြုနိုင်သည်။ အကယ်၍ ကာကွယ်နိုင်စွမ်း ပိုင်ဆိုင်ထားသည့် ရွှေကြာကို ကောင်ကောင်းအသုံးချပါက ပွင့်ချပ်နှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်များသည် ရွှေကြာမပါရှိသည့် ပွင့်ချပ်နှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ထက် ပိုမြင့်မားလေသည်။ သို့သော် ယွီရှန်းရုန်က ထိုသဘောတရားကို လက်ကိုင်ဆွဲထားသူ မဟုတ်ချေ။
ယွီရှန်းရုန်က ဤနေရာတွင် တခြားမျိုးနွယ်စုများကို မြင်တွေ့ရဖို့ မမျှော်လင့်ထားမိပေ။
ရို့လီမှ နှစ်ယောက်က သူ့ဆီ ပြေးဝင်လာကြသည်။ သူတို့၏ ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် သူတို့အင်အားက အတော်လေး ထိတ်လန့်ဖွယ်ဖြစ်၏။
ဝှစ်
ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်က ယွီရှန်းရုန်ဆီ တစ်ပြိုင်နက် ခုန်ဝင်လာကြသည်။
ယွီရှန်းရုန်က မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်ပြီး ပိအန်းအား အသာပုတ်ကာ ပြောလိုက်၏။
“ ဘေးကပ်နေနော်။ မင်းကို ထိခိုက်မိမှာစိုးလို့ ”
ပိအန်း မျက်နှာအထက် မလိုလားကာ မကျေနပ်သည့် အမူအရာမျိုး ပေါ်ထွက်လာသော်လည်း ပြောသည့်အတိုင်း လုပ်ဆောင်လိုက်သည်။ သူက အင်တင်တင်ဖြင့် နောက်အနည်းငယ် ဆုတ်ပေးလိုက်သည်။
စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုက ယွီရှန်းရုန်ဆီ ကျရောက်လာ၏။
ဝုန်း
ယွီရှန်းရုန်က သူ့အသက်ရှည်ဓားကို ဆွဲထုတ်လိုက်သည်။ ထိုအရာက အနီရောင်အလင်းဖြင့် တောက်ပလာသည်။ သူ့ဓားကို လက်ထဲကိုင်ပြီး ပေါ့ပါးသွက်လက်စွာ လှုပ်ရှားလိုက်၏။ သူက နောက်ဆုတ်ရမည့်အစား ရှေ့တိုးလိုက်သည်။ သူက ခြေဖျားထောက်လိုက်ပြီး လေထဲ ပျံသန်းရင်း ဓားကို အားအပြည့်ဝေ့ယမ်းလိုက်သည်။ ဓားအရိပ်ပင် မမြင်လိုက်ရပေ။
“အရိပ်အယောင်မဲ့ ဓားချက် ”
အသက်ရှည်ဓားက ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုကို ခုတ်ချလိုက်သည်။ စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုက ချက်ချင်းဆိုသလို ပျက်စီးသွားလေ၏။ လက်ရှိ လေထုထဲ ဆိုးဆိုးဝါးဝါး အော်သံနှစ်သံ ထွက်ပေါ်လာသည်။
ယွီရှန်းရုန်က ရို့လီလူနှစ်ယောက်နောက်သို့ ဆင်းသက်လာသည်။ သူက ရလဒ်ကို သိနေသည့်အလား သူတို့ကို လှည့်ပင်မကြည့်ပေ။
အသက်ရှည်ဓားက ဓားအိမ်ထဲ ပြန်လည်ရောက်ရှိသွားသည်။
ဖြောင်း ဖြောင်း ဖြောင်း
ပြောင်ပြောင်လက်လက် အဝတ်နှင့် အမျိုးသားက လက်ခုပ်တီးကာ “မင်းက ဓားရေးကျွမ်းကျင်တာပဲ “
“ချီးကျူးလွန်းနေပါပြီ ”
ပြောင်ပြောင်လက်လက် အဝတ်နှင့် အမျိုးသားက ဆက်ပြောလိုက်သည်။
“တာ့ယန်မှာ ဓားရေးထူးချွန်တဲ့လူတွေ များသားပဲ။ ဓားလမ်းစဉ် အကျော်အမော်ထဲ ကြားဖူးတာတော့ ဓားရူး ချန်းဝမ်ကျဲ၊ ဓားနတ်ဆိုး ယွီရှန်းရုန်၊ ဓားအစေခံ ဝမ်ဟိုင်ချောင် …. သူတို့နဲ့ ယှဉ်လိုက်ရင်တော့ မင်းက လိုအပ်နေသေးတယ် ”
“အဟုတ်ပါပဲ ” ယွီရှန်းရုန်က ထိုအမျိုးသား၏ စကားများကို ဆန့်ကျင်ပြီး မပြောလိုက်ပေ။ သူ့လက်ရှိ ကျင့်ကြံဆင့်က ပွင့်ချပ်သုံးလွှာသာ ရှိသေးသည့်အတွက် ယခင်သူနှင့် အလှမ်းကွာနေသေး၏။
“ ငါ့ဘာသာ မိတ်ဆက်ပါရစေ … ငါက ရို့လီရဲ့ စစ်သူကြီး ကာရိုးရဲ့ ညီငယ် ကာရန်ပါ” ကာရန်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“တစ်ခါမှ မကြားဖူးဘူး ”
“…”
“ ကာရိုးဆိုတဲ့ နာမည်ကတော့ နည်းနည်း ရင်းနှီးသလိုပဲ …”
“ဟင်”
ယွီရှန်းရုန်က ညာဘက်လက်ဖြင့် ဓားကို ကိုင်ထားလိုက်သည်။ သူက ပြုံးနေလေ၏။ သူက ကာရန်အကြောင်း များများစားစား မတွေးပေ။ ထိုစဉ် လေပြေတစ်ချက်က သူ့ဝတ်ရုံကို ဖြတ်တိုက်သွားလေသည်။
ကာရန်က ယွီရှန်းရုန်၏ အငွေ့အသက်ကို ခံစားမိသည့်အခါ စိတ်ထင့်သွားမိ၏။
ဝှစ်
ကာရန်က လက်ဖြန့်လိုက်သည့်အခါ ဧရာမ ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်ကြီး ထွက်ပေါ်လာသည်။
ဤသည်က ပွင့်ချပ်ခြောက်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် ဖြစ်၏။
“ဒီနေရာမှာ စုန်းအတတ် အစီအရင်တစ်ခု ခင်းကျင်းထားတယ်။ ဒီအစီအရင်ထဲမှာ ငါ့အင်အားက ပွင့်ချပ်ခုနှစ်လွှာအဆင့်အထိ ယာယီတိုးမြင့်သွားနိုင်တယ်” ကာရန်က ပြောလိုက်သည်။
ယွီရှန်းရုန်က ပြုံးလျက် ဆက်ကြည့်နေသည်။
ယွီရှန်းရုန်က ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ဆယ်မီတာအဝေးသို့ ရောက်သည့်အခါ ပေသုံးဆယ် အမြင့်ရှိ သူ့စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ထွက်လာသည်။ ထိုစိတ်ဝိညာဉ်သဏ္ဌာန်က ပျံသန်းနေသည့်အလား ရေပြင်ညီအနေအထား ရှိ၏။
“ပွင့်ချပ်သုံးလွှာလား” ကာရန်က ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်လိုက်သည့်အခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သိပ်မကြာခင် သူ့မျက်နှာအထက် သရော်ဟန်တစ်ခု ပေါ်ထွက်လာကာ “ မင်းကို အထင်ကြီးမိသွားတာပဲ ”
တောအုပ်ထဲမှ မီးခိုးနက်များက ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန် ဝန်းကျင်တွင် စုဝေးသွားကြသည်။
ထိုစဉ် ယွီရှန်းရုန်က ကာရန်ဆီ ပြေးလာလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။
ကာရန်က ကြောင်အမ်းနေမိသည်။ သူ့ရှေ့ရှိ ကမ္ဘာကြီးက ဝေဝါးသွားဟန်ပေါ်သည်။
ဘယ်၊ ညာနှင့် အလယ်တွင် အရိပ်သုံးခု ပေါ်ထွက်လာသည်။
တစ်ချိန်တည်းဆိုသလို ကာရန်က ပွင့်ချပ်သုံးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်၏ ပွင့်ချပ်များသည် ဓားကို နာရီလက်တံအတိုင်း လှည့်ပတ်နေသည်ကို မြင်လိုက်ရ၏။
ကာရန်က အံ့ဩသွားလေသည်။
ဒီမှာ ရွှေကြာ မရှိနေဘူး … ပွင့်ချပ်ပဲ ရှိတဲ့ စိတ်ဝိညာဉ်သဏ္ဌာန်ပဲ …
သူက အချိန်ဖြုန်းမနေတော့ဘဲ ကနဦးချီကို ထုတ်လွှင့်လိုက်သည်။
“ ပေါက်ကွဲစမ်း ”
ကာရန်၏ စိတ်ဝိညာဉ်သဏ္ဌာန်မှ ကနဦးချီများက ပတ်ဝန်းကျင်ထဲ လျှံထွက်သွားသည်။
“ အားနာပါရဲ့ .. နောက်ကျလွန်းသွားပြီ ”
ထက်ရှသည့် ဓားတစ်ချောင်း ကျရောက်လာသည်။ ဝိညာဉ်သုံးခုလုံးကလည်း စုစည်းသွားလေပြီ။
ဓားက ကာရန်၏ ရင်ဘတ်ကို မထိုးဖောက်ခင် စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိုးဖောက်သွားသောကြောင့် သူ့ဝိညာဉ်ထဲအထိ ထိုးဖောက်သွားဟန်ပေါ်သည်။
တိုက်ပွဲက ပြီးဆုံးသွားလေပြီ။
နေရာတစ်ခုလုံးက တိတ်ဆိတ်သွားလေ၏။
ယွီရှန်းရုန်က ကာရန်နောက်တွင် ဟန်ချက်ညီညီ ရပ်နေသည်။ သူက မယုံနိုင်လောက်ဖွယ် ကြော့ရှင်းလှ၏။
ယွီရှန်းရုန်က ကာရန်၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ပေ။ ထို့အစား သူက အနီရင့်ရင့် အသက်ရှည်ဓားကိုသာ ကြည့်လိုက်သည်။ အသက်ရှည်ဓားဝန်းကျင်တွင် ရွှေရောင်ပွင့်ချပ်သုံးခု လှည့်ပတ်နေပြီးနောက် ပျောက်ကွယ်သွားလေသည်။ ထိုအရာက သူ့အယူအဆကို သက်သေပြပြီးသား ဖြစ်သွား၏။ ရွှေကြာ၏ ခုခံကာကွယ်စွမ်းက အားကောင်းသော်လည်း ပွင့်ချပ်များ၏ ထက်ရှမှုကလည်း မှတ်သားလောက်ဖွယ် ဖြစ်၏။
ကာရန်က ရင်ဘတ်အပေါ် လက်ဖိထားလိုက်ပြီး ဒူးတစ်ဖက်ထောက်လျက် ဖြစ်သွားကာ အပြင်းအထန် ချောင်းဆိုးလိုက်ရသည်။ သူ့မျက်နှာအထက် မယုံကြည်နိုင်ဖွယ် အမူအရာတို့ ပေါ်ထွက်နေသည်။ စုန်းအတတ်က သူ့အား အပြည့်အဝ မထောက်ပံ့ပေးနိုင်ခင် သူက အသတ်ခံလိုက်ရလေပြီ။
ဘယ်လိုလုပ် ဖြစ်သွားရတာလဲ …
ဒီလိုမျိုး တာ့ယန်ရဲ့ ကြုံရာကျပန်း ကျင့်ကြံသူကတောင် ဒီလောက်အားကောင်းနေတာလား
“မင်း … မင်း ” ကာရန်က ခက်ခက်ခဲခဲ ပြောလိုက်သည်။
“ငါ့ ငါ့ … ကို မင်းနာမည် ပြောပြလို့ ရမလား။ အဲဒါဆို ငါ အေးအေးချမ်းချမ်း အနားယူနိုင်ပြီ ထင်တယ်”
သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာကာ ဝတ်ရုံအား အနီရောင်သမ်းသွားစေသည်။
ယွီရှန်းရုန်က ဖြည်းဖြည်းချင်း လှည့်လာလိုက်သည်။ သူက ကာရန်ကို တစ်ချက်ပင် မကြည့်ပေ။ သူက သေဆုံးနေသည့် အလောင်းနှစ်လောင်းကြားမှ အထုပ်ကို ကြည့်လိုက်သည်။
ထိုအထုပ်က သူ့ဆီ ပျံသန်းလာသည့်အခါ ဆေးရနံကို ရလိုက်မိသည်။
အသက်ရှင်ဆေးလုံးလား …
သူက ခပ်ယဲ့ယဲ့ ပြုံးကာ ကာရန်အား ပြောလိုက်သည်။
“ယွီရှန်းရုန် ”
ယွီရှန်းရုန်က သူ့နာမည်ကို ပြောပြီးသည့်နောက်တွင် ပျံသန်းလိုက်ပြီး ပိအန်းပေါ် တက်ကာ မိုးကုတ်စက်ဝန်းအတွင်း တစ်ဟုန်ထိုး ထွက်သွားတော့သည်။
ကာရန်က မြေပေါ်ထိုင်ရင်း ရယ်မောလိုက်သည်။ “ ဓားနတ်ဆိုး … မထူးဆန်းတော့ပါဘူး … ငါ့ကံတရားကိုပဲ အပြစ်တင်ရမှာပဲ”
ထို့နောက် သူက နောက်ထပ် သွေးတစ်ပွက် အန်လိုက်ပြန်သည်။ သူက ထိုဓားချက်အောက်တွင် အသက်ရှင်ဖို့ အခွင့်အရေးမရှိလုနီးပါး ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူ့အသက်ရှင်လိုစိတ်က ပြင်းလှသည်။
“ငါ သေလို့ မဖြစ်သေးဘူး မဖြစ်သေးဘူး … ဓားနတ်ဆိုး … မင်းက ရို့လီကို နားမလည်သေးပါဘူး”
ကာရန်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီးနောက် သူ့သွေးဖြင့် ခန္ဓာကိုယ်အထက် ထူးထူးဆန်းဆန်း သင်္ကေတများကို ရေးဆွဲလိုက်သည်။ သူ့ကိုယ်သူ သွေးများဖုံးလွှမ်းသွားစေဖို့ အချိန်သိပ်မကြာလိုက်ပေ။
ဖြောင်း ဖြောင်း ဖြောင်း
ပုံရိပ်တစ်ခုက လက်ခုပ်တီးလျက် ထွက်ပေါ်လာသည်။ သူက ပိအန်း ပျောက်ကွယ်သွားသည့် ပုံရပ်အား တအံ့တဩဖြင့် ကြည့်နေလေသည်။ “ သူ ဒီလိုလုပ်ခဲ့တာလား။ ပွင့်ချပ်သုံးလွှာအဆင့်က ပွင့်ချပ်ခြောက်လွှာကို သတ်သွားခဲ့တာတဲ့လား ”
ကာရန်က ရောက်ရှိလာသူအား ခေါင်းလှည့်ကာ ကြည့်လိုက်သည်။
ရောက်လာသည့်သူက ထူးဆန်းစွာ ဝတ်ဆင်ထားလေသည်။ သူက ကာရန်ကို သတိမပြုမိသည့်အလား သူ့နှုတ်ခမ်းဖျားမှ ချီးကျူးစကားများ ပျံ့လွင့်လာလေ၏။
“ သူက ဘယ်လိုလုပ်သွားပါ့လိမ့်။ ပွင့်ချပ်သုံးလွှာနဲ့ ခြောက်လွှာအဆင့်ကို သတ်သွားတယ်တဲ့လား … ငါ့မျက်လုံးတွေကများ လှည့်စားနေတာလား ဒါမှမဟုတ် မင်းရဲ့ ပွင့်ချပ်ခြောက်လွှာက အတုကြီးလား။ အဲလိုလည်း မဖြစ်နိုင်ပါဘူး မဖြစ်နိုင်ဘူး ”
ကာရန်က ကြောင်အမ်းသွားလေသည်။
“ဟေး ငါ မင်းကို ပြောနေတယ်လေ” ထိုအမျိုးသားက ကာရန်အား ကန်လိုက်၏။
“အား ”