အခန်း (၄၆၉-၄၇၁)
Vol. 32 Ch. 469-471
အခန်း (၄၆၉) ငါက အားနည်းသူတစ်ယောက် မဟုတ်တော့ဘူး
ကာရန်သည် အသက်မျှင်မျှင်ဖြစ်နေပြီး သူ အကန်ခံရချိန်၌ သူ၏အတွင်းကလီစာများ ကွဲထွက်သွားသည့်ပမာခံစားလိုက်ရသည်။ အစောပိုင်းက သူ့အသက်ကို ကယ်တင်နိုင်လိမ့်မည်ဟု သူ၌မျှော်လင့်ချက်ရှိသေးသည်။ သို့သော် ယခုအခိုက်အတန့်တွင် သူ၏မျှော်လင့်ချက်တို့သည် ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွား၏။ သူ၏မျက်လုံးတို့က သွေးနီရောင်သန်းနေကာ သူ ပြောလိုက်တော့သည်။
“မင်း ... မင်းက ဘယ်သူလဲ။ မင်းက သူပြိုလဲတဲ့အချိန်မှာ ဝင်ရိုက်နှက်တဲ့ စက်ဆုပ်ရွံ့ရှာဖို့ကောင်းတဲ့သူပဲ”
ထူးထူးဆန်းဆန်း ဝတ်ရုံဝတ်ထားသည့်လူက ခေါင်းကုတ်လိုက်၏။ ယွီရှန်းရုန်၏ပုံက သူ၏စိတ်ထဲတွင် ထင်ဟပ်လာသည်။ သူက လည်ချောင်းရှင်းလျက် ဘာသိဘာသာ ပြောလိုက်သည်။
“ကျုပ် တောင်းပန်ပါတယ်”
“ဟမ်”
“ကျုပ်က ယွီရှန်းရုန်”
“…” ကာရန်၏စိတ်တို့က ဗလာကျင်းသွားလေ၏။ ဓားဖြင့်ထိုးစိုက်ခံရပြီးနောက် သူသည် ထင်ယောင်ထင်မှား ဖြစ်နေသလော ... အစောတုန်းက သူတိုက်ခိုက်ခဲ့သည့်သူက ယွီရှန်းရုန်ဖြစ်ကြောင်း ပြောခဲ့သည်။ နောက်ထပ်ယွီရှန်းရုန်တစ်ယောက် မည်ကဲ့သို့ ရောက်လာရသနည်း။ သူက ချောင်းတဟွတ်ဟွတ်ဆိုးလျက် သူ့ဖာသာသူပြောလိုက်၏။ ထင်ယောင်ထင်မှားဖြစ်နေတာ ... ဒါ ထင်ယောင်ထင်မှားဖြစ်နေတာပဲ။
ကာရန်သည် သူ့အသက်ရှုခွင့်ကိုထိန်းချုပ်ရန် မျက်လုံးမှိတ်လိုက်၏။ သူက မျက်လုံးကိုပွတ်ကာ ပြန်ဖွင့်လိုက်၏။ “ဓား ... ဓားနတ်ဆိုးလား”
ထူးထူးဆန်းဆန်းဝတ်စုံဝတ်ထားသည့်သူက ခေါင်းအနည်းငယ်ညိတ်လျက်ပြောလိုက်သည်။
“ဘွဲ့အမည်လေးတစ်ခုပါပဲ ... မပြောပလောက်ပါဘူး”
“သတ္တိရှိရင် မျှမျှတတတိုက်ခိုက်လေ” ကာရန်ကပြောပြီး ဒေါသထွက်နေပုံပေါ်၏။
“ကျုပ် တောင်းပန်ပါတယ်။ ကျုပ်က ရန်သူပြိုလဲနေတဲ့အချိန် အခွင့်အရေးထုတ်ရတာကို သဘောကျတဲ့သူမျိုးပဲ”
ထူးဆန်းသည့်သူက လက်မြှောက်လိုက်သည်။ ချိတ်ကောက်သဏ္ဌာန်လက်နက်က သူ၏လက်ထဲတွင် ပေါ်လာ၏။
“မင်း အရှက်မဲ့တဲ့ကောင် ... အား ...........”
ခွဲခွာချိတ်ကောက်သည် ကာရန်၏လည်ပင်းကို ပိုင်းဖြတ်သွား၏။ ပြီးနောက် စွမ်းအင်စည်းတံဆိပ်တချို့က သူ၏ရင်ဘတ်ပေါ်ကျလာသည်။
ခဏအကြာတွင် မင်ရှစ်ရင်က လက်ဝါးကိုမြှောက်ပြီး ကာရန်ဆီဆက်တိုက်တိုက်ခိုက်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“အာ့ရှစ်ရှိုး ... ရှစ်ရှိုးက တခြားမျိုးနွယ်တွေအကြောင်း နည်းနည်းလေးပဲ သိတာပဲ။ ဒီတခြားမျိုးနွယ်တွေကို ကျွန်တော်ဖြေရှင်းတာပိုကောင်းလိမ့်မယ်” သူက အကြောဆန့်လျက် ကောင်းကင်ထက်ရှိနေမင်းကြီးကို မော့ကြည့်လိုက်၏။
“ကောင်းလိုက်တာ ... အစောကြီးပဲရှိသေးတယ်။ ခုနစ်စင်ကြယ်ကျောင်းတော်ကို သွားပြီး အသက်ဖူးပွင့်ဆေးလုံးတချို့ရှာရမယ်”
မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဖက်မျှော်နန်းထဲတွင် ဖြစ်သည်။
“တင်း ... ပစ်မှတ်တစ်ယောက်သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်တစ်ထောင်”
“တင်း ... ပစ်မှတ်တစ်ယောက်သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်တစ်ထောင်”
“တင်း ... ပစ်မှတ်တစ်ယောက်သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ်ထောင့်ငါးရာ”
လုကျိုးသည် ထိုအသိပေးသံများကြားသည့်အခါ မျက်လုံးဖွင့်လိုက်ပြီး တရားထိုင်ရာအခြေအနေ ကနေ ယာယီထွက်လာ၏။
“ယွီရှန်းရုန်လား"
ယွီရှန်းရုန်၏လက်ရှိပွင့်ချပ်သုံးလွှာကျင့်ကြံဆင့်ဖြင့် သူ့အဖို့ ကြီးမြတ်သည့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖို့က ခက်ခဲလွန်းသည်။ မင်ရှစ်ရင်က သူ့ကို ကူညီနေတာဖြစ်ရမည်။
“သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ကူညီပေးနေတာကောင်းတယ်” လုကျိုးက မျက်လုံးမှိတ်လျက် ဆက်ပြီး တရားထိုင်လိုက်သည်။
နောက်နေ့မနက်တွင်ဖြစ်သည်။
ယွီရှန်းရုန်သည် မိစ္ဆာဝေဟင်မျှော်နန်းသို့ပြန်ရောက်လာပြီဖြစ်သည်။ သူက အချိန်ဆွဲမနေဘဲ အရှေ့ဖက်မျှော်နန်းဆီသို့လာလိုက်၏။ သူက အရိုအသေပေးကာပြောလိုက်တော့သည်။
“ရှစ်စွင်းကို စိတ်မပျက်စေမိတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အသက်ရှင်ဆေးလုံး နှစ်ရာနှစ်ဆယ့်သုံးလုံး ပြန်သယ်လာပါတယ်”
“ကောင်းတယ်” လုကျိုးက မေးလိုက်၏။ “အရာအားလုံးချောချောမွေ့မွေ့ဖြစ်ရဲ့လား”
“အရာအားလုံး ချောချောမွေ့မွေ့ပါပဲ။ ဒုက္ခမရှိပါဘူး” ယွီရှန်းရုန်က ပြန်ပြောလိုက်သည်။
အတန်ငယ်တိတ်ဆိတ်သွားပြီးနောက် လုကျိုးကပြောလိုက်၏။ "မင်းက လိမ်နေကျ မဟုတ်ဘူးပဲ”
ယွီရှန်းရုန်က အံ့ဩသင့်သွား၏။ ပြီးနောက် သူကအရိုအသေပေးကာ ပြောလိုက်သည်။
"ကျွန်တော်အမှားလုပ်မိပါတယ်။ ကျွန်တော် အပြန်လမ်းမှာ လူသုံးယောက်နဲ့တွေ့မိတယ်။ သူတို့တွေက သိမ်ဖျင်းတဲ့သူခိုးတွေ ထည့်ပြောလောက်အောင်မတန်ပါဘူး”
“မင်း ပြန်ရောက်လာတာကို တွေ့ရတာကောင်းတယ်။ ကောင်းကောင်းအနားယူ”
လုကျိုးကပြောလိုက်၏။
ယွီရှန်းရုန်က လှည့်ထွက်သွားတော့မည့်အချိန်တွင် စီးဝူယာ့၏စကားများကို အမှတ်ရသွားပြီး ပြောလိုက်သည်။
"ကျွန်တော် တောင်းဆိုချင်တာတစ်ခုရှိပါတယ် ရှစ်စွင်း”
“ပြော”
“ချိရှစ်တိရဲ့နေ့စဉ်မှတ်တမ်းကို ကြည့်ချင်ပါတယ်”
“နေ့စဉ်မှတ်တမ်းလား” လုကျိုးက မျက်လုံးဖွင့်လျက် သူ့ဘေးရှိစားပွဲကိုကြည့်လိုက်သည်။ သူက လက်ဝေ့ယမ်းလိုက်၏။ စွမ်းအင်တစ်စက နေ့စဉ်မှတ်တမ်းကိုကောက်ယူကာ အခန်းအပြင်သို့ ဆောင်ယူလာ၏။
ဘန်း
တံခါးပိတ်သွားတော့သည်။
ယွီရှန်းရုန်က နေ့စဉ်မှတ်တမ်းကိုဖမ်းလိုက်၏။
သူက ပြောလိုက်တော့သည်။ “ကျွန်တော် သွားပါတော့မယ်”
“တင်း ... ယွီရှန်းရုန်က အသက်ရှင်ဆေးလုံးတာဝန်ကိုအောင်မြင်ခဲ့ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ်တစ်သောင်း”
လုကျိုးက မျက်လုံးမှိတ်လျက် ကောင်းကင်ကျမ်းစာစာလိပ်ကို ဆက်လက်ဆင်ခြင်လိုက်သည်။ နောက်ထပ်လေးရက်အထိ အရှေ့ဖက်မျှော်နန်းကနေမထွက်ခဲ့ပေ။
ပဉ္စမမြောက်နံနက်ပိုင်း၌ လုကျိုးသည် သူ၏ထူးကဲစွမ်းအားများကအပြည့်အဝရရှိကြောင်း အာရုံခံမိလိုက်သည်။ သူ၏စိတ်အခြေအနေနှင့် ခန္ဓာကိုယ်လုပ်ဆောင်ချက်များသည် ယခင်ကထက် ပိုကောင်းလာ၏။
“ငါ့ရဲ့ကျင့်ကြံဆင့်က တိုးတက်လာတဲ့ပုံပဲ” လုကျိုးသည် သူ့ဖာသာသူရေရွတ်ပြောလိုက်၏။ “ကြည့်ရတာ အတော်လေးမြန်ဆန်တဲ့အရှိန်နဲ့ အဆင့်ချိုးဖြတ်တက်နေတဲ့ပုံပဲ”
ထိုသို့ဆိုလျှင် ရွှေကြာဝယ်ရန်အတွင် ကုသိုလ်မှတ်များကို ချွေတာထားပြီး နောက်ပိုင်းအဆင့်များ၌ အခက်အခဲတွေ့သည့်အချိန်၌ အမှတ်များကို အသုံးပြုခဲ့လျှင် သူအဆင့်တက်တာ ပိုမြန်ဆန်လိမ့်မည်။
လုကျိုးက အကြောဆန့်လျက် တံခါးဖွင့်ကာအပြင်ထွက်လိုက်တော့သည်။
ရှောင်ယွမ်အာက ခုန်ဆွခုန်ဆွဖြင့် သူမ၏နိဗ္ဗာနခါးစည်းဖြင့်လေ့ကျင့်နေလေသည်။ လုကျိုးကို မြင်သောအခါပြောလိုက်သည်။ “ရှစ်စွင်း ချိရှစ်ရှိုးက မနေ့တုန်းက ကျင်းစီရင်စုကိုထွက်သွားပါတယ်။ သူက ရှစ်စွင်းအနားယူနေတာတွေ့တော့ ရှစ်စွင်းဆီသတင်းပါးပေးဖို့မှာခဲ့တယ်။
“သိပြီ” လုကျိုးသည် လက်နောက်ပစ်ထားလျက် အောက်ဆင်းလိုက်သည်။
စီးဝူယာ့၏ကျင့်ကြံဆင့်ဖြင့် ဤနေရာသို့ ယွီကျန့်ဟိုင်ကို ပြန်ခေါ်လာဖို့က ခက်ခဲလိမ့်မည်။ သူ့ကို လူကြုံပို့လိုက်ရသည့်အကြောင်းအရင်းမှာ ယွီကျန့်ဟိုင်နှင့်သူ အလွယ်တကူတွေ့နိုင်သောကြောင့် ဖြစ်သည်။ သူသည် ယွီကျန့်ဟိုင်ကို အားသုံးပြီးပြန်ခေါ်မလာခဲ့နိုင်လျှင်တောင် အနည်းဆုံးတော့ တော်ဝင်မိသားစုနဲ့ရင်ဆိုင်ရာ၌ ယွီကျန့်ဟိုင်ကို သူ ကူညီပေးနိုင်လိမ့်မည်။
လုကျိုးက စီးဝူယာ့၏စကားများကို ပြန်တွေးမိသည့်အချိန်၌ သူက သက်ပြင်းချလိုက်သည်။ အမှန်တကယ်ပင် ထိုလူမိုက်က ကြမ်းတမ်းခက်ခဲခဲ့လေသည်။
သူ၏မှတ်ဉာဏ်သလင်းကိုပြန်မရယူနိုင်ခင် ကျိထျန်းတောက်က ယွီကျန့်ဟိုင်ကို သတ်ရန် ကြိုးစားမကြိုးစားကို အတည်ပြုသည်အထိ မရဲတင်းပေ။ ပြောရရင် ငါက တာဝန်ရှိတဲ့လူတစ်ယောက်ပဲ။
ပြီးနောက် သူက ရှောင်ယွမ်အာကိုကြည့်ကာမေးလိုက်၏။
“ယွမ်အာ ... လတ်တလောကျင့်ကြံတာ ဘယ်လိုလဲ”
ရှောင်ယွမ်အာက အနည်းငယ်အပြစ်မကင်းသည့်ပုံဖြင့်ပြောလိုက်သည်။
"ရှစ်စွင်း ပွင့်ချပ်တွေ ပေါက်အောင်လုပ်ရတာ သိပ်ခက်ခဲတာပဲ။ တတိယတစ်ခု ပေါ်အောင် မလုပ်နိုင်သေးဘူး”
“တတိယပွင့်ချပ်လား ... ဘယ်ချိန်က ဒုတိယပွင့်ချပ်ပေါက်သွားတာလဲ” လုကျိုးမှတ်မိသလောက်ဆို လတ်တလောကမှ ထိုမိန်းကလေးသည် ပထမဆုံးပွင့်ချပ်ပေါက်တာဖြစ်သည်။ ကျင့်ကြံသူအများစုသည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ထဲ ဝင်ရောက်သည့်အချိန်၌ သူတို့၏ကျင့်ကြံမှုအရှိန်၌ တိုးတက်မှု နှောင့်နှေးသွားသည်။ သို့သော်ငြား ထိုမိန်းကလေးကမူ ပိုမိုမြန်ဆန်လာ၏။ ယင်းက ယုတ္တိမရှိပေ။
ရှောင်ယွမ်အာက ခေါင်းကုတ်လိုက်၏။ “လွန်ခဲ့တဲ့လဝက်ကထင်တာပဲ။ တပည့်မမှတ်မိဘူး”
လွန်ခဲ့သည့်လဝက်ကလား ... လုကျိုးက ဆွံ့အသွားသည်။ သူမက လကို တောင်းဆိုနေတာမဟုတ်။ ပွင့်ချပ်သုံးလွှာကို ညတွင်းချင်းဖူးပွင့်နိုင်မည်ဟု ထင်နေသည်လော။
“ငါ အပြင်သွားဦးမယ်။ ဒီမှာနေပြီးကောင်းကောင်းကျင့်ကြံ”
“ရှစ်စွင်း ... တပည့် ရှစ်စွင်းနဲ့ တူတူသွားချင်တယ်” ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
လုကျိုးက ငေါက်ငမ်းကာပြောလိုက်တော့သည်။ “စကားထပ်ပြောရအောင်မလုပ်နဲ့”
“ဟုတ်” လုကျိုးက လက်ဝေ့ယမ်းလျက် တောင်အနောက်ဆီသို့ ဦးတည်သွားလိုက်သည်။
ရှောင်ယွမ်အာက မကျေမချမ်းဖြစ်ကာ သူမ၏ရှစ်စွင်းထွက်သွားသည့်နေရာကိုကြည့်လိုက်သည်။ ယခင်က သူမ၏ရှစ်စွင်းသည် သွားလေရာနေရာတိုင်း သူမကိုခေါ်သွား၏။ ယခုမူ သူမကို နောက်တွင် ချန်ထားရစ်ခဲ့သည်။ သူမက မတရားဟု မည်ကဲ့သို့ မခံစားရဘဲနေမည်နည်း။ သူမဘာသာ ရေရွတ်ပြောလိုက်သည်။
“ရှစ်စွင်း ... ရှစ်စွင်းက ငါ့ရဲ့ကျင့်ကြံဆင့် အားနည်းလွန်းတယ်လို့တွေးနေတာပဲဖြစ်ရမယ် မဟုတ်ရင် ငါ့ရဲ့ကျင့်ကြံဆင့်အကြောင်း ဘာကြောင့်မေးနေမှာလဲ”
တောင်အနောက်ဖက်တွင်ဖြစ်သည်။
လုကျိုးက လက်ဖဝါးဖြန့်လိုက်၏။ သူ၏လက်ထဲတွင် အသွင်ပြောင်းကတ်တစ်ကတ်ပေါ်လာ၏။ အတိတ်တုန်းက လုကျိုး၌ သူ့ကိုယ်သူကာကွယ်ရန်နည်းလမ်းများများစားစားမရှိခဲ့ပေ။ သူသွားလေရာတိုင်း ရှောင်ယွမ်အာကိုခေါ်သွားရသည်။ သို့သော် ယခု မတူတော့ပေ။ သူက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေလေပြီး ကောင်းကင်ကျမ်းစာ စွမ်းအားနှင့် သူ၏အသုံးပစ္စည်းကတ်များလည်း ရှိနေ၏။ သူ့ကိုယ်သူ ကာကွယ်ရန်ပြဿနာ မရှိလောက်ပေ။ သူက ရှောင်ယွမ်အာကိုခေါ်သွားခဲ့ပါက သူရုပ်ဖျက်ထားသည့်တိုင် တစ်စုံတစ်ယောက်က သူ၏ရုပ်ဖျက်ထားတာကို မြင်ဖို့ပိုလွယ်ကူလိမ့်မည်။
ကျင့်ကြံခြင်းလောကထဲ၌ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ရှိလူများသည် သင့်တော်သည်ဟု သတ်မှတ်၍ရသည်။ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူများသာလျှင် ခမ်းနားသော ကျင့်စဉ်များ ထုတ်သုံးနိုင်၏။ ခမ်းနားသောကျင့်စဉ်များသည် အဓိပ္ပာယ်အတိအကျဖွင့်ဆိုချက် မရှိပေ။ သူ၏ ရန်သူအများစုသည် ကွန်ဖြူးရှပ်၊ ဗုဒ္ဓနှင့်တာအိုကျင့်ကြံသူများ၏ အရည်ချင်းအရှိဆုံး ကျင့်စဉ်များအတွက်သာ သုံးလိုက်တာပဲ ဖြစ်သည်။ ဥပမာအနေဖြင့် ဓားနတ်ဆိုး၏ဓားလမ်းကြောင်း ကံကြမ္မာနှင့် ဓားမော့လမ်းကြောင်း၏ မဟူရာကောင်းကင်ကြယ်အလင်းပဲဖြစ်သည်။ ဒုတိယအကြောင်းအရင်းမှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူများသာ ရွှေကြာကိုဖွဲ့တည်ပြီး ပွင့်ချပ်ပေါက်နိုင်သောကြောင့်ဖြစ်သည်။
သူက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တွင် ရောက်နေပြီဖြစ်ရာ အားနည်းသူတစ်ယောက် မဟုတ်တော့ပေ။
“ကျင်းစီရင်စုလား” လုကျိုးက ကျင်းစီရင်စုဖက်သို့ကြည့်လိုက်၏။
“အဲဒီငမိုက်သားကို သွားကြည့်ရမှာပဲ”
အသွင်ပြောင်းလဲခြင်းကတ်ဖြင့် ငမိုက်သားယွီကျန့်ဟိုင်ကို ဖမ်းရန်ပိုလွယ်ကူသွားမည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းကနေထွက်သွားပင်လျှင် သူ့ကို မည်သူမှ အမေးမထုတ်ပေ။ ယွီရှန်းရုန်နှင့် ကျန်သည့်သူများက ရွှေနန်းဥယျာဉ်တောင်ကို ဂရုစိုက်နိုင်၏။ အရံအတားပြန်လည်ရရှိပြီးနောက် ထိုးဖောက်၍မရသော ခံတပ်ဖြစ်လာလေပြီ။
“နတ်ခြင်္သေ့”
အမိန့်တစ်ချက်ဖြင့် နတ်ခြင်္သေ့သည် တိမ်တိုက်များပေါ်တက်လာ၏။
လုကျိုးက သားရဲ၏နောက်ကျောပေါ်ခုန်တက်ကာ တောင်နောက်ဆီသို့ပျံသန်းသွားတော့သည်။
လုကျိုးက ဝေဟင်ထက်သို့ရောက်သည့်အချိန်တွင် အသွင်ပြောင်းလဲကတ်ကိုခြေလိုက်သည်။ စွမ်းအင်ဖျော့ဖျော့က သူ့နားတဝိုက် ရစ်ဝဲလာ၏။ တမူထူးကဲသောအထိအတွေ့က သူ၏အာရုံများကို ထုံကျဉ်သွားစေသည်။
ယခုအချိန်တွင် သူ့၌ မည်သို့သောသွင်ပြင်ရှိမှန်း မသိပေ။ သူကတောင်နောက်နားရှိရေအိုင်နားသို့ ဆင်းသက်လိုက်၏။ ပြီးနောက် ရေပြင်မျက်နှာပြင်ပေါ်၌ ရောင်ပြန်ဟပ်နေသော သူ၏သွင်ပြင်ကို ကြည့်လိုက်သည်။
သူ့ကို တခြားသောအဘိုးအိုတစ်ယောက်ပြန်ကြည့်နေတာကိုတွေ့လိုက်ရသည်။ ထိုအဘိုးအိုက ပိုပြီးဖျတ်လတ်တက်ကြွပုံ ပေါ်သည်။ သူ၏ဆံပင်တစ်ဝက်က အနက်ရောင်ဖြစ်နေပြီး မျက်နှာသွင်ပြင်က စူးရှ၏။ သူ မြင်လိုက်ရတာကိုကျေနပ်နေသည်။
လုကျိုးက ကြာကြာမနေတော့ပေ။ နတ်ခြင်္သေ့ကိုစီးလျက် ကျင်းစီရင်စုဆီသွားလိုက်တော့သည်။
…
အခန်း(၄၇၀) လိုက်ဖက်အောင် ကောင်းချီးပေးခံထားရသူ
နှစ်ရက်ကြာမြင့်ပြီးသည့်နောက် ကျင်းစီရင်စုမြို့အတွင်း တိမ်တိုက်တည်းခိုဆောင် ဒုတိယအလွှာ ကောင်းကင်အခန်းတွင် …
လုကျိုးက ပြတင်းပေါ်မှ မြို့ကို ကြည့်နေလိုက်သည်။ သူက မုတ်ဆိတ်သပ်ရင်း အတွေးနစ်မျောနေဟန် ပေါ်သည်။ သူက မုတ်ဆိတ်သပ်နေရင်း နဂိုထက် ပိုတိုသွားသည်ကို သတိထားမိလိုက်သည်။
ဟူး … ငါ့သွင်ပြင်အသစ်ကို ကျင့်သားမရသေးဘူးပဲ
လုကျိုးက မြို့ထက် မနေ့ကတည်းက ရောက်ရှိနေခြင်း ဖြစ်၏။ သူက ငရဲဂိုဏ်းသည် ကျင်းစီရင်စုမြို့အထိ မရောက်သေးသည်ကို မြင်ပြီး အံ့အားသင့်မိသည်။ မြို့သူမြို့သားများကလည်း ထိုအရာကို စိတ်ထဲထားပုံမပေါ်ပေ။
ငရဲဂိုဏ်းက အရူး မဟုတ်ပေ။ သူတို့က အစောပိုင်းကတည်းက မြို့သူမြို့သားများအပေါ် လက်မပါကြောင်း ကတိပေးထားပြီးသား ဖြစ်၏။ သူတို့က အုပ်စိုးလိုရုံမျှသာ ဖြစ်လေသည်။ လူများက ကမ္ဘာ၏ အရင်းအမြစ် ဖြစ်ပြီး ရန်သူ မဟုတ်ပေ။ သူတို့ရန်သူများက တာ့ယန်၏ တော်ဝင်မိသားစုနှင့် ဆန့်ကျင်ရေး အင်အားစုများသာ ဖြစ်ကြသည်။
ကျင်းစီရင်စုက တာ့ယန်၏ အတွင်းပိုင်းတွင် တည်ရှိနေသည်။ ထိုအရာက လျန့်စီရင်စုလိုမျိုး ချောင်ကျသည့် နေရာမျိုး မဟုတ်ပေ။
သို့သော် လုကျိုးက ယွီကျန့်ဟိုင်ကို မမြင်မိသေးပေ။
ဒေါက် ဒေါက် ဒေါက်
သူက အတွေးများနေစဉ် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်လာလေ၏။
“ ဘယ်သူလဲ ” လုကျိုးက လှည့်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူက ဤကမ္ဘာကြီးမှ လူအိုကြီးများ၏ ထူးထူးဆန်းဆန်း အပြုအမူကို ကျင့်သားရနေလေပြီ။ သူက ကျိထျန်းတောက် မဟုတ်သလို နဂိုလုကျိုးလည်း မဟုတ်ဘဲ ဇာတ်ကောင်အသစ် ဖြစ်၏။
သူက အဖြေကို စောင့်မနေဘဲ ပြောလိုက်သည်။ “အထဲဝင်ခဲ့ပါ ”
စားပွဲထိုးလေးက အခန်းအတွင်း ဝင်လာကာ တံခါးကို ပြန်ပိတ်လိုက်သည်။ သူက ပြောလိုက်သည်။
“ ဧည့်သည်တော် မေးထားတဲ့ သတင်း ရလာပါပြီ။ ကျင်းစီရင်စုမြို့ကို စောင့်ကြပ်နေတဲ့ စစ်သူကြီးက အံ့ဖွယ်မျိုတော်ရဲ့ စစ်သူကြီးရှစ်ယောက်ထဲက တစ်ယောက်လို့ ပြောကြတယ်။ သူက ကွန်ဖြူးရှပ် ပညာရှင်တစ်ဦး ဖြစ်ပြီး အနောက်တောင်ဘက်ကို အုပ်ချုပ်တဲ့ စစ်သူကြီး ဝမ်ရှုတဲ့ … ကျင်းစီရင်စုမြို့ရဲ့ အစီအရင်ကို ကွန်ဖြူးရှပ်အဖွဲ့အစည်းက ခင်းကျင်းပေးထားတာလေ ”
“ ငရဲဂိုဏ်းကရော ဘာလုပ်နေကြလဲ” လုကျိုးက မေးလိုက်သည်။
“ ဧည့်သည်တော်ကြီး စိတ်ပူစရာ မလိုပါဘူး။ ငရဲဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဒီမှာရောက်နေရင်တောင် မြို့ကို ကြည့်ပဲ ကြည့်နိုင်မှာပါ။ ကျင်းစီရင်စုမြို့ကို သတ္တုတံတိုင်းရော၊ ပွက်ပွက်ဆူနေတဲ့ ကျုံးနဲ့ပါ ကာကွယ်ပေးထားတယ်လေ” စားပွဲထိုးလေးက ပြောလိုက်သည်။
“ မင်းတို့က ကျင်းစီရင်စုမြို့ရဲ့ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ယုံကြည်ချက်ရှိတယ်ပေါ့ ”
“ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။ အားလုံးလည်း အတူတူပဲ။ ကျင်းစီရင်စုမြို့က လူတွေက အာရုံမစိုက်ကြဘူး” စားပွဲထိုးလေးက အပြုံးလေးဖြင့် ပြောလိုက်သည်။
“ဧည့်သည်တော်ကြီးက မေးနေမှတော့ ခင်ဗျားက …. ”
သူက သူလျှိုဟု ပြောချင်သော်လည်း လုကျိုး မျက်ဝန်းအတွင်းပိုင်းမှ သတ်ဖြတ်ငွေ့ကို မြင်လိုက်ရသည့်အခါ စကားလုံးကို အလျင်အမြန် မျိုချလိုက်ရသည်။
“ကောင်းကောင်းအနားယူပါ”
သူက တုန်တုန်ယင်ယင်ဖြင့် အခန်းအတွင်းမှ ထွက်သွားလေသည်။
လုကျိုးက ပြတင်းပေါက်ဘက် လှည့်ကြည့်လိုက်သည်။ သူ ထင်ထားသည့်အတိုင်း ငရဲဂိုဏ်းက စီးဝူယာ့မပါဘဲ အရမ်းကို အားနည်းနေသည်။ ကျင်းစီရင်စုမြို့ကိုပင် မလွှမ်းမိုးနိုင်ပေ။
…………………………
နေဝင်ဖျိုးဖျအချိန်တွင် ငရဲဂိုဏ်း၏ အဖွဲ့ခွဲအတွင်း
စခန်းအလယ်တွင် လွှင့်ထူထားသည့် အလံက လေတလွင့်လွင့် ဖြစ်နေသည်။
ယွီကျန့်ဟိုင်က မျက်လုံးမှိတ်လျက် သူ့ပလ္လင်ပေါ်တွင် ကျင့်ကြံနေသည်။ သူ့ရှေ့တွင် တိမ်တိုက်မြူခိုးတစ်ခု ရစ်ဝေ့နေ၏။ သူက ရုတ်ခြည်းဆိုသလို လက်ကို ခါလိုက်သည်။
သူ့လက်ထဲ နဂါးသွဲ့ကျောက်ဓား ပေါ်ထွက်လာလေ၏။ သူ့နဖူးမှ ချွေးများ စီးကျလာကာ မျက်လုံးဖွင့်လာသည်။ သူက အင်္ကျီလက်ကို မြောက်ကာ ချွေးကို သုတ်လိုက်ရင်း ရေရွတ်လိုက်သည်။
“ ရှစ်စွင်း … အဲလိုမလုပ်ပါနဲ့။ ဒါက အိပ်မက်ပါပဲ … ”
ထိုစဉ် ဟွားချုံးယန်က စိတ်လှုပ်ရှားစွာ ဝင်လာသည်။ “ဂိုဏ်းချုပ် ”
“ဘာများလဲ”
“သတ္တမသခင်လေး ပြန်ရောက်လာပါပြီ”
ထိုအရာကိုကြားကာ ယွီကျန့်ဟိုင်က ချက်ချင်း ထရပ်လိုက်သည်။ သူ့မျက်ဝန်းအထက် ထူးဆန်းသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားကာ “ သူက ဘယ်မှာလဲ”
စီးဝူယာ့က အခန်းအတွင်း ဝင်ရောက်လာသည့်အတွက် ယွီကျန့်ဟိုင်၏ အသံက ပျောက်ကွယ်သွားလေသည်။ သူက ကွန်ဖြူးရှပ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ဒေါင်းမြီးယပ်တောင်ကို ကိုင်ဆောင်ထားသည်။ သူ့အမူအရာက တည်ငြိမ်နေသော်လည်း အကြည့်များက အသက်ဝင်လှ၏။ သူက အခန်းအလယ်သို့ သွားပြီးသည့်နောက် လက်နှစ်ဖက်ယှက်ကာ
“တာ့ရှစ်ရှိုး ကျွန်တော်တို့ ပြန်တွေ့ကြပြီ ”
ယွီကျန့်ဟိုင်က ခပ်သွက်သွက် လျှောက်လှမ်းလာသည်။ သူ့ကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေဟန်ပေါ်၏။ သူက ဆွံအစွာဖြင့် စီးဝူယာ့ဆီ လျှောက်လာလေသည်။ သူ့မျက်နှာအထက် ပင်ပန်းနွမ်းလျသည့် အရိပ်အယောင်လည်း ပျောက်ကွယ်သွားဟန်ပေါ်သည်။ နောက်ဆုံးတွင် သူက လက်မြောက်ကာ စီးဝူယာ့ ပခုံးပေါ် တင်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ငါ့ရှစ်တိလေး … ငါ မင်းကို ဘယ်လောက်တေင် လွမ်းနေလိုက်သလဲ ”
စီးဝူယာ့ “ … ”
ဟွားချုံးယန် “ … ”
သူတို့က သူ့ခံစားချက်ကို နားလည်သော်လည်း ယွီကျန့်ဟိုင်၏ အမူအရာက ပြောပြနေလေသည်။
ဟွားချုံးယန်က သူ့ဘဝထဲမှ အချိန်တချို့အား ယွီကျန့်ဟိုင်၏ တောင်ရောက်မြောက်ရောက် စကားများကိုသာ နားထောင်ခဲ့ရသည်။ သူ မကြာခဏ ကြားလေ့ရှိသည်မှာ “ ချီရှစ်တိ လုပ်ရင် ပိုကောင်းမှာ ” နှင့် “ ချီရှစ်တိသာ ဒီမှာရှိနေရင် ပိုကြိုက်မှာ” ဟူ၍ ဖြစ်သည်။
ကာကွယ်သူလေးယောက်လုံးက ထိုစကားများကြောင့် ခေါင်းပင်ကိုက်ခဲ့ရသည်။ ဟွားချုံးယန်က စီးဝူယာ့ ပြန်ရောက်လာမှုကို မည်သို့စိတ်မအေးဘဲ နေမည်နည်း။
စီးဝူယာ့က ပခုံးပေါ်မှ နာကျင်မှုကို လျစ်လျူရှုကာ ပြောလိုက်သည်။ “တာ့ရှစ်ရှိုး … အခု ပျော်နေလို့ မရသေးဘူး ”
“ဟမ်”
“ရှစ်စွင်းက ကျွန်တော်ကို လွှတ်လိုက်တာ”
ထိုအရာကို ကြားပြီး ယွီကျန့်ဟိုင်က နောက်တစ်လှမ်းဆုတ်လိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်ကာ “ရှစ်စွင်းကလား ”
စီးဝူယာ့က ပြောလိုက်သည်။ “ ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နေပြီ”
“ …” ယွီကျန့်ဟိုင်က လက်ဝေ့ကာ “တကယ်လို့ မင်း ငါ့ကို ဖျောင်းဖျချင်ရင် ထပ်မပြောနဲ့တော့ ”
“အဲလိုမဟုတ်ပါဘူး ”
“အဲဆို ဘာကိုပြောချင်တာလဲ” ယွီကျန့်ဟိုင်၏ လေသံက ပို၍ ခက်ထန်လာသည်။ “ ရှစ်စွင်းက သူငယ်ပြန်နေတော့ မင်းလည်း သူငယ်ပြန်သွားပြီလား။ ငါ အမြဲတမ်း ဆန့်ကျင်နေတာက မိစ္ဆာဝေဟင်မျှော်နန်း မဟုတ်ဘဲ တာ့ယန်ရဲ့တော်ဝင်မိသားစုပဲ ”
“ကျွန်တော် သိပါတယ်” စီးဝူယာ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲဆို ရှစ်စွင်းကို ဘာလို့ ကူညီနေရတာလဲ” ယွီကျန့်ဟိုင်က မေးခွန်းထုတ်လိုက်သည်။
အခန်းတစ်ခုလုံးက သုသာန်လိုမျိုး တိတ်ဆိတ်သွားလေသည်။
စီးဝူယာ့က ယွီကျန့်ဟိုင်ကို တိတ်တဆိတ်သာ ကြည့်လိုက်ပြီး ယွီကျန့်ဟိုင် ဒေါသပြေသွားသည်ကို စောင့်နေလိုက်သည်။
စီးဝူယာ့ မျှော်လင့်ထားသလိုမျိုး ခဏအကြာတွင် ယွီကျန့်ဟိုင်က ဖြည်းဖြည်းချင်း ငြိမ်ကျသွားသည်။
နောက်ဆုံးတွင် စီးဝူယာ့က ပြောလိုက်သည်။ “ ရှစ်စွင်းက သူငယ်မပြန်ဘူး”
ယွီကျန့်ဟိုင် မျက်နှာအထက် စိတ်ရှုပ်ထွေးသည့် အမူအရာတစ်ခု ပေါ်ထွက်လာသည်။
စီးဝူယာ့က ပြောလိုက်၏။ “ ကျွန်တော်တို့ နှစ်ယောက်လုံး မှားနေတာ ဖြစ်နိုင်တယ် …”
သူက ခဏရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
“ ရှစ်စွင်းက ကျွန်တော်ကို ဒီလာပြီး တာ့ရှစ်ရှိုးကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်လာဖို့ ခေါ်ခိုင်းလိုက်တာ။ ဒါပေမဲ့ ရှစ်စွင်းက ကျွန်တော်ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် တာ့ရှစ်ရှိုး ငြင်းရင် ဘာမှမတတ်နိုင်မှန်းလည်း သိထားတယ်။ အဲလိုသိထားရက်နဲ့ သူက ဘာလို့ ကျွန်တော်ကို လွှတ်လိုက်တယ် ထင်လဲ ”
“ ရှစ်စွင်းကလည်း တာ့ယန်ကို ရင်ဆိုင်ချင်တာလား” ယွီကျန့်ဟိုင်က မေးလိုက်သည်။
စီးဝူယာ့က တည့်တိုးမဖြေပေ။ ထို့အစား သူက ပြောလိုက်၏။
“ ရှစ်စွင်းက ကျွန်တော်ကို ရွေးချယ်ခိုင်းထားတယ်။ ဟိုးအချိန်ကတည်းက ကျွန်တော် စိတ်ပိုင်းဖြတ်ပြီးပြီ ထင်တာပဲ ”
ယွီကျန့်ဟိုင်က ကြောင်အမ်းသွားကာ စီးဝူယာ့၏ စကားများကို နားမလည်နိုင်ပေ။
စီးဝူယာ့က ခေါင်းအသာခါကာ စကားလမ်းကြောင်းလွဲလိုက်သည်။
“ တာ့ရှစ်ရှိုးရော ရွှေကြာဖြတ်တောက်ပြီးတော့ ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်လှမ်းဖို့ မကြိုးစားဘူးလား ”
ယွီကျန့်ဟိုင်က သဘောမတူစွာ ပြောလိုက်သည်။
“ ငါ့ရွှေကြာကို ဖြတ်တောက်လိုက်တာက အစကနေ ပြန်ကျင့်ကြံရမှာနဲ့ အတူတူပဲလေ။ အားလုံးက ရွှေကြာဖြတ်တောက်နေစဉ်အတွင်း ငါက ကမ္ဘာကြီးကို အုပ်စိုးဖို့ ရည်ရွယ်ထားတယ်”
စီးဝူယာ့က ခေါင်းညိတ်ကာ “အဲလိုဆိုရင်တော့ မြန်လေလေ ပိုကောင်းလေလေပဲ ”
ထိုအရာကို ကြားကာ ယွီကျန့်ဟိုင် စိတ်ထဲ တစ်ခုခု ထွက်ပေါ်လာသည်။ သူက ပျော်ရွှင်ဟန်ဖြင့် လက်ဝေ့ကာ ပြောလိုက်သည်။ “ ဟွားချုံးယန် မြေပုံကို မြန်မြန်ယူခဲ့ ”
“ဟုတ်ကဲ့ ဂိုဏ်းချုပ်”
ခဏအကြာတွင် ဟွားချုံးယန်က ကျင်းစီရင်စုမြို့၏ မြေပုံကို စားပွဲပေါ် တင်လိုက်သည်။ သူက စီးဝူယာ့အား လက်ရှိအခြေအနေအကြောင်း တင်ပြလိုက်သည်။
ယွီကျန့်ဟိုင်က ကျင်းစီရင်စုတစ်ဝိုက်ကို လက်ထောက်ပြကာ “ ကျင်းစီရင်စုမြို့ကို စောင့်ကြပ်နေတာက ဝမ်ရှု … အံ့ဖွယ်မြို့တော်ရဲ့ စစ်သူကြီးရှစ်ယောက်ထဲက တစ်ယောက်ပဲ။ ဒိလူက ကွန်ဖြူးရှပ်ဂိုဏ်းက … သူက အစီအရင်တွေမှာ ကျွမ်းကျင်တော့ ငါ့ကို ခေါင်းကိုက်စေတယ် ”
ဘေးမှ ဟွားချုံးယန်က လက်နှစ်ဖက်ယှက်ကာ “ တကယ်လို့ ဒီအစီအရင်ကြောင့်သာ မဟုတ်ရင် ဂိုဏ်းချုပ်က သိမ်းပိုက်ပြီးလောက်ပြီ။ ဝမ်ရှုရော ကျင်းစီရင်စုပါ ကျရှုံးသွားတာ ကြာလောက်ပြီ ”
“ ငါ့ဉာဏ်ကောင်းတဲ့ ရှစ်တိလေးမှာ အကြံအဉာဏ်ကောင်းများ ရှိလား။ ဝမ်ရှုအနားမှာ သူလျှိုပို့ထားတာတွေ ဘာတွေ မရှိဘူးလား” ယွီကျန့်ဟိုင်က စီးဝူယာ့အား မိန်းမလှလေးတစ်ယောက်ကို ကြည့်သလိုမျိုး မျှော်လင့်တကြီးကြည့်ကာ မေးလိုက်သည်။
စီးဝူယာ့က ထိုအကြည့်ကြောင့် ကြက်သီးများထလာလေသည်။ သူက တာ့ရှစ်ရှိုးသည် သူ့အခေါ်အဝေါ်အား ရုတ်ခြည်း ပြောင်းလဲလိုက်မှုကြောင့် ကူကယ်ရာမဲ့နေမိသည်။ သူက ခေါင်းအသာခါကာ “ စစ်သူကြီးရှစ်ယောက်က တာ့ရှစ်ရှိုးရဲ့ လူတွေ မဟုတ်ဘူးလေ။ သူတို့အနားက လူတွေကို ဒီလောက်အလွယ်လေး အစားထိုးလို့ မရဘူး။ ပြီးတော့ ကျွန်တော်တို့က အဲဒီနည်းလမ်းကို လျန့်စီရင်စုမှာတုန်းက ထုတ်သုံးပြီးသားဆိုတော့ ထပ်မသုံးနိုင်တော့ဘူး ”
ယွီကျန့်ဟိုင်က စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။
စီးဝူယာ့က ပြောလိုက်၏ “ ဒါပေမဲ့ ကျွန်တော်မှာ နောက်ထပ် အစီအစဉ်တစ်ခု ရှိတယ် ”
“ငါ့ဉာဏ်ကောင်းတဲ့ ရှစ်တိလေး မြန်မြန် ပြောပါဦး” ယွီကျန့်ဟိုင်က သူ့အား ဉာဏ်ကောင်းသည့် ရှစ်တိလေးဟုသာ ဆက်လက်ခေါ်ဆိုနေကာ သူ့ကိုယ်သူ ဟိတ်ဟန်ထုတ်ဖို အာရုံစိုက်ဟန်မပေါ်တော့ပေ။
“ကျင်းစီရင်စုရဲ့ မြေအနေအထားက စိတ်မချရဘူး။ ပြီးတော့ သားရဲရိုင်းတွေ စုစည်းနေတဲ့ နေရာတစ်ခုပဲ။ တောအုပ်တွေနဲ့ တောင်တန်းတွေလည်း များတယ်။ ကျွန်တော်တို့က အစီအရင်ကို လျော့ကျသွားစေဖို့ သားရဲတွေကို အသုံးပြုမယ်” စီးဝူယာ့က ပြောလိုက်သည်။
ယွီကျန့်ဟိုင်က ပြောလိုက်သည် “ငါက သားရဲဘုရင် မဟုတ်ဘူးဆိုတော့ သူတို့ကို ဘယ်လိုလုပ် အမိန့်ပေးရမှာလဲ ”
စီးဝူယာ့က ပြောလိုက်သည် “ တိုက်ဆိုင်တာက နောက်သုံးရက်နေရင် ကျင်းစီရင်စုရဲ့ မြောက်ပိုင်းမှာ ကောင်းကင်ဘုံ ကိုးကွယ်ရေးရင်ပြင်မှာ သက်ရှိ ယစ်ပူဇော်ပွဲတစ်ခု လုပ်ကြလိမ့်မယ် ”
“ယစ်ပူဇော်ပွဲလား ”
“ လူတစ်ယောက်ကို ကောင်းကင်ဆီ စတေးတဲ့ ဦးနှောက်မရှိတဲ့ အပြုအမူတစ်ခုပါပဲ။ အရေးမကြီးပါဘူး။ တကယ်အရေးကြီးတာက စတေးခံရမဲ့လူက သားရဲဘာသာစကားကို နားလည်တဲ့ သဘာဝ စွမ်းရည်နဲ့ မွေးဖွားလာသူပဲ။ သူက ကောင်းချီးပေးခံထားရတဲ့သူ ”
…
အခန်း (၄၇၁) ငါ့နောက်ကိုဘာကြောင့်လိုက်နေတာလဲ
ဟွားချုံးယန်၏မျက်လုံးက လက်သွားတော့သည်။ သူက အရိုအသေပေးကာပြောလိုက်၏။
"အခု သတ္တမသခင်လေးပြောမှပြ ကျွန်တော် သတိရသွားပြီ၊ အရင်က ကျင်းစီရင်စုမြို့နားမှာ စုံစမ်းမှုတချို့ လုပ်ခဲ့သေးတယ်၊ တကယ်ပဲ အဲလိုကိစ္စရှိခဲ့တယ်၊ ဒါပေမဲ့ အဲ့ကိစ္စကို အရင်က များများစားစား မတွေးမိဘူး၊အသေးစိတ်လည်းဘယ်သူ့ကိုမှမမေးခဲ့မိဘူးလေ”
ယွီကျန့်ဟိုင်က ခေါင်းညိတ်ပြီးပြောလိုက်သည်။
“ငါ့ရဲ့ဉာဏ်ရှိတဲ့ညီလေး ... အဲ့ဒီလူကိုလုယူပြီး သူ့ကို အသုံးချသင့်ကြောင်းပြောနေတာလား”
“အမှန်ပါပဲ”
ယွီကျန့်ဟိုင်၏မျက်လုံးက တောက်ပသွားလေ၏။ သူက မတ်တတ်ထရပ်ကာ စီးဝူယာ့၏ပခုံးကို ပုတ်လိုက်တော့သည်။ ကျေနပ်အားရသောအပြုံးဖြင့် သူကပြောလိုက်သည်။
“အရင်တုန်းက ဒီနည်းလမ်းကို ဘာကြောင့်မစဉ်းစားမိခဲ့တာလဲ ငါ့ရဲ့ဉာဏ်ရှိတဲ့ ရှစ်တိလေး”
ဟွားချုံးယန်၏မျက်နှာထက်တွင် လေးစားသည့်အမူအရာပေါ်လာ၏။ တူညီသည့် သတင်းအချက်အလက် အပိုင်းအစ ဖြစ်သော်ငြား သူ ဘာမှမတွေးခဲ့မိပေ။ ဆန့်ကျင်ဖက်အနေဖြင့် သူ အလွယ်တကူ လျစ်လျူရှုထားခဲ့သည့်အချက်အလက်သည် စီးဝူယာ့၏လက်ထဲ၌ အင်မတန် အသုံးတည့်လာသည်။
စီးဝူယာ့သည် သူ၏ပခုံးပေါ်ပြင်းထန်စွာအပုတ်ခံရမှုကြောင့် သွေးအန်တော့မလိုဖြစ်သွားသည်။ သူပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်ရဲ့ကျင့်ကြံဆင့်ကမမြင့်ဘူး။ ဒီလူကိုလုဖို့က ကျွန်တော့်အတွက်က အဆင်မပြေဘူး”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။ “ဒါဆို ဒီလိုစီစဉ်လို့ရတာပဲ။ ငါ့ရဲ့မဟာကာကွယ်စောင့်ရှောက်သူ လေးယောက်ကို အဆင်ပြေသလို သုံးလို့ရတယ်။ ကျန်တဲ့သူတွေက လျန့်စီရင်စုမှာ။ ဒါပေမဲ့ ပြောသာပြောလိုက် ငါ့ရဲ့ရှစ်တိလေး သူတို့ကိုအမြန်ပြန်လာခိုင်းလိုက်မယ်”
ပြောပြီးနောက် သူ၏စကားလုံးများသည် လုံလောက်အောင် မစစ်မှန်ဟုခံစားလိုက်ရကာ သူ့ရင်ဘတ်သူ ပုတ်လျက် ထပ်ပြောလိုက်၏။ “မင်းလှုပ်ရှားတာကို ငါ လိုက်လုပ်ပေးမယ်”
ထိုစကားကို ကြားသောအခါ ဟွားချုံးယန်က ကမန်းကတန်းပြောလိုက်၏။
"သတ္တမသခင်လေး ဒီကိစ္စကို ကျုပ်ဆီသာ အပ်ထားလိုက်ပါ။ ကျုပ်က လျန့်စီရင်စုမြေအနေအထားနဲ့ရင်းနှီးတယ်။ ပြီးတော့ ယဇ်ပူဇော်တဲ့စင်မြင့်ဘယ်မှာလဲဆိုတာသိတယ်” သူသည် တစ်စုံတစ်ယောက်ကို သွားခေါ်ဖို့ ငရဲဂိုဏ်း၏ကြီးမြတ်လှသောဂိုဏ်းချုပ်ကို သူမည်သို့ခွင့်ပြုမည်နည်း။ ထိုသို့သောအပြုအမူသည် သူ့ဂိုဏ်းချုပ်မလုပ်သင့်ပေ။
ယွီကျန့်ဟိုင်က ဟွားချုံးယန်ကို မထောက်ခံသလိုကြည့်လိုက်၏။ စီးဝူယာ့က ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။ “ဒီလိုဆိုမှတော့ ခင်ဗျားကို ဒုက္ခပေးရတော့မှာပဲ အစ်ကိုချုံးယန်”
“ဒါ ကျုပ်ရဲ့တာဝန်ပါပဲ” ဟွားချုံးယန်က ပြန်ပြောလိုက်သည်။
စီးဝူယာ့က အဓိပ္ပာယ်ပါပါပြောလိုက်၏။
“အစွမ်းထက်တဲ့အင်အားစုက လူတွေက ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်က မဟုတ်ပေမဲ့ ဘေးကင်းဖို့အတွက် သိုသိုသိပ်သိပ်နေသင့်တယ်။ မင်းရဲ့အထောက်အထားကို မထုတ်ဖော်သင့်ဘူး။ မဟုတ်ရင် တာ့ရှစ်ရှိုးတောင် ခင်ဗျားကို ကယ်နိုင်မှာမဟုတ်ဘူး။ ဒီတော့ ဉာဏ်ရှိသလိုသွား အင်အားမသုံးနဲ့။ ပြောရရင် ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်က လုပ်ဆောင်ချက်တွေကို လူတွေနဲ့ဖြေရှင်းမှာပဲ"
“နားလည်ပါပြီ” ဟွားချုံးယန်က ပြောလိုက်သည်။
“ဒါဆိုသွားတော့”
ဟွားချုံးယန်သည် ခန်းမကျယ်ကနေ တလေးတစား ဆုတ်ခွာသွားလေ၏။
ဟွားချုံးယန် ထွက်သွားပြီးနောက် ယွီကျန့်ဟိုင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
“မင်း အနားမှာရှိနေတဲ့အချိန် ပိုပြီးစိတ်အေးသလိုခံစားရတယ် ရှစ်တိ။ ဒီရက်တွေထဲ ဒုက္ခရောက်နေခဲ့တာ ငါ ဦးနှောက်ခြောက်နေပေမဲ့ ကျင်းစီရင်စုကိုဖြေရှင်းဖို့နည်းလမ်းတစ်ခု မစဉ်းစားနိုင်ခဲ့ဘူး။"
စီးဝူယာ့က ပြုံးပြီးပြောလိုက်၏။
"မဟာကာကွယ်စောင့်ရှောက်သူလေးယောက်က နက်နဲတဲ့ ကျင့်ကြံဆင့်တွေရှိတယ်။ ငရဲဂိုဏ်းမှာလည်း အရည်အချင်းရှိတဲ့လူ မပြတ်လပ်ပါဘူး။ ဒါကို ဘယ်လိုလုပ် ဘာမှမစဉ်းစားနိုင်ရမှာလဲ"
ယွီကျန့်ဟိုင်က ခေါင်းခါပြီးပြောလိုက်သည်။
“အခု စီရင်စုကိုးခုက ပရမ်းပတာဖြစ်နေပြီ။ တစ်ကြိမ်ကို မြို့တစ်မြို့ပဲဂရုစိုက်ရရင် ပြဿနာမရှိဘူး။ ဒါပေမဲ့ အလုံးစုံအခြေအနေကို ဖြေရှင်းနေရတာက ပိုခက်ခဲတယ်။ ပိုင်ယွီချင်း၊ ယန်ယန်းနဲ့ တိချင်းက လျန့်စီရင်စုကို စောင့်ကြပ်နေပြီး သူတို့တွေက လို့လန်က ရုတ်တရက် ချီတက်လာမဲ့ အင်အားစုတွေကိုလည်း စောင့်ကြပ်နေရသေးတယ်။ ငါ စိတ်ပူလေလေ ငါ ဦးနှောက် ပိုခြောက်လာလေပဲ။ ငါ ဦးနှောက် ပိုခြောက်လေလေ တည်ငြိမ်ဖို့ခက်ခဲပြီး တန်ပြန်တိုက်ခိုက်ဖို့ အစီအစဉ်ကို စဉ်းစားရတာ ပိုခက်ခဲလာလေပဲ”
ယခု ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက် ပေါ်လာပြီဖြစ်ရာ သူတို့က ရွှေကြာဖြတ်တောက်သည့်ခေတ်သို့ ရောက်လာလေ၏။ သူက တကယ်ကိုပျာယာခတ်လာ တော့သည်။
အပေါ်ယံတွင် သူက စီရင်စုကိုးခုကို ပရမ်းပတာဖြစ်အောင်လုပ်ခဲ့ပြီး နေရာများစွာက ငရဲဂိုဏ်း၏ ထိန်းချုပ်မှုအောက် ရောက်နေပြီဖြစ်သော်ငြား အံ့ဖွယ်မြို့တော်၏ အသက်သွေးကြောက အကောင်းပကတိ ကျန်နေသေးသရွေ့ သူ့ကိုယ်သူအောင်မြင်သည်ဟူ၍ မသတ်မှတ်နိုင်သေးပေ။ အံ့ဖွယ်မြို့တော်ထဲရှိ တော်ဝင်မြို့ကို ဖြေရှင်းရခြင်းက ဝေးကွာလွန်းနေသေးသည်။
“စိတ်ပူဖို့မလိုပါဘူး ... တာ့ရှစ်ရှိုး” စီးဝူယာ့က ညင်သာသောလေသံဖြင့်ပြောလိုက်သည်။
“ကျွန်တော် တတ်နိုင်တာ အားလုံး လုပ်ပေးမှာပါ”
အချို့သောအကြောင်းအရင်းကြောင့် ယွီကျန့်ဟိုင်က လက်ရှိစီးဝူယာ့က တစ်ခုခုကွဲပြားသွားသည်ဟု ခံစားမိသည်။ စီးဝူယာ့ထိုမျှဆုံးဖြတ်ချက်ပြတ်သားလာသည့်အထိ မည်သည်ကိုကြုံတွေ့ခဲ့ရမှန်း သူ မသိပေ။ စီးဝူယာ့က ပိုပြီးတွေးတတ်လာ၏။ သို့သော် ပြောင်းလဲမှုကို သူ မှတ်ချက်မချခဲ့ပေ။ သူကလက်နောက်ပစ်လျက်ကျောပေးထားကာ စားပွဲပေါ်ရှိတာ့ယန်၏မြေပုံကို ကြည့်နေလိုက်သည်။
တိမ်တိုက်တည်းခိုဆောင်ထဲတွင် စီးပွားရေးကပုံမှန်အတိုင်းရှေ့ဆက်နေလေ၏။
လုကျိုးက ကားလိပ်ကို ဖယ်လျက်လမ်းများကိုငုံ့ကြည့်လိုက်သည်။ မည်သည့်အနှောင့်အယှက်မှ ရှိနေပုံမရပေ။ ငါ့ရဲ့အသွင်ပြောင်းကတ်ကို ဖြုန်းတီးမိပြီလား။
ထိုစဉ် တံခါးခေါက်သံက ပေါ်ထွက်လာလေ၏။
“ဧည့်သည်တော်အတွက် ထမင်းလာပို့တာပါ” စားပွဲထိုးက ဝင်လာပြီးနောက် စားပွဲပေါ်၌ ဟင်းလျာများကိုတည်ခင်းပေးလိုက်သည်။
လုကျိုးက ဟင်းလျာများကို တချက်ကြည့်လိုက်သည်။ အမှန်တကယ်တွင် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူများသည် ဆယ်ရက်ကနေနှစ်ပတ်လောက်အထိ အစာ မစားလည်း နေနိုင်သည်။ သို့သော်ငြား သူက ကျင်းစီရင်စုမြို့တွင်ရောက်နေသောကြောင့် သူ့ကို အာရုံမစိုက်မိစေဖို့နေရမည်။ သူကမေးလိုက်၏။
“စားပွဲထိုး လတ်တလောကျင်းစီရင်စုမှာ တစ်ခုခုဖြစ်သေးလား”
“ဧည့်သည်တော် ဒီမေးခွန်းကို မေးတာကြိမ်ဖန်များစွာရှိနေပါပြီ။ ကျင်းစီရင်စုက ငြိမ်းချမ်း နေပါတယ်။ ဒီနေရာထက် ပိုဘေးကင်းတဲ့နေရာမရှိဘူး။ ဒီမှာ စိတ်အေးလက်အေး နေနိုင်ပါတယ်” စားပွဲထိုးက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
လုကျိုးသည် ထိုတုံ့ပြန်မှုကို တွေးထင်ထားပြီးသားဖြစ်၏။
ထိုစဉ် လမ်းပေါ်၌ ရုတ်ရုတ်သဲသဲဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာ၏။ အဆင့်နိမ့်ကျင့်ကြံသူတချို့က လမ်းပေါ်၌ စုဝေးလာပြီး မြောက်အရပ်သို့ ချီတက်သွားကြသည်။ ထူးထူးဆန်းဆန်း တောက်တောက်ပြောင်ပြောင် အဝတ်အစားများ ဝတ်ထားသည့်သူများစွာလည်းရှိသည်။
လုကျိုးက သူတို့ကို လက်ညှိုးထိုးပြလိုက်သည်။ “စားပွဲထိုး အဲ့ဒါဘာလဲ”
စားပွဲထိုးက ပြတင်းပေါက်နား ခြေဖျားထောက်ရပ်လျက် အပြင်ကိုကြည့်ကာခေါင်းခါလိုက်သည်။
“ယဇ်ပူဇော်တာလေ ဒါပါပဲ ... ပျင်းစရာကြီး”
“ယဇ်ပူဇော်တာလား”
“အရင်တုန်းက သူတို့တွေက ဝက်တွေ၊ သိုးတွေ၊ နွားထီးတွေနဲ့ တခြား မွေးမြူရေးတိရစ္ဆာန်တွေကို စတေးကြတယ်လေ။ ဒီတစ်ခေါက် သက်ရှိတစ်ယောက်ကိုစတေးမယ်လို့ကြားတယ်။ အမှန်ဆိုတာ ဘယ်သူကသိမှာလဲ” စားပွဲထိုးကပြောနေစဉ် စားပွဲပြင်လိုက်၏။
“နှစ်ခြိုက်စွာသုံးဆောင်ပါ”
မည်သည့်ခေတ်တွင်မဆို ထိုကဲ့သို့အရာမျိုးက အမြဲတမ်းရှိသည်။
လုကျိုးကခေါင်းခါလိုက်၏။ သူ့နေရာမဟုတ်သည့်နေရာတွင် သူဝင်မပါချင်ပေ။
လမ်းက ပိုမိုစည်ကားလာတော့သည်။ သူပြတင်းပေါက်ကိုပိတ်တော့မည့်အချိန်၌ လူအုပ်ကြီးထဲကနေ ဖြတ်သွားသည့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက ဝတ်ရုံပြောင် ဝတ်ထားသော်ငြား သူ့သွင်ပြင်ကို လုကျိုး ရင်းနှီးနေသည်။
“ဒီလူက ...” လုကျိုးသည် သူ့နာမည်ကို မမှတ်မိနိုင်ဖြစ်နေ၏။ သူ့နာမည်က ဘာလဲ။ သူရင်းနှီးနေတဲ့ပုံပဲ။ ငါ့မှတ်ဉာဏ်ကတော့ ...
ထိုလူကို ကြည့်မိလေလေ သူပိုသိချင်လေလေဖြစ်၏။ သူက မြေပြင်ကို ခြေဖျား အသာထောက်နင်းလျက် တည်းခိုဆောင်ဘေးရှိ လမ်းကြားထဲသို့ ခုန်ဆင်းလိုက်သည်။ လမ်းပေါ်တွင် လျှောက်ကာ ထိုလူနောက် လိုက်လိုက်၏။
လမ်းဆုံးတွင်မူ ထိုလူက ရုတ်တရပ် ရပ်တန့်သွားကာ လှည့်လာတော့သည်။
“ကျုပ်နောက် ဘာကြောင့်လိုက်နေတာလဲ လူကြီးမင်း” ထိုလူသည် နောက်ယောင်ခံလိုက်ခံနေရမှန်း သတိပြုမိသည့်အချိန်၌ ဤလမ်းကို တမင်တကာ လျှောက်လာ၏။
“မိတ်ဆွေလေး ... ငါတို့တွေ့ဖူးလား" လုကျိုးက တည်ငြိမ်စွာမေးလိုက်၏။ ယင်းက စစ်မှန်သည့် မေးခွန်းတစ်ရပ်ဖြစ်သည်။ ထိုလူကိုမည်သည့်နေရာတွင် တွေ့ခဲ့မှန်းမမှတ်မိနိုင်ဖြစ်နေသည်။
“ကျုပ်ရဲ့နာမည်က ဟွားယန် ... တစ်ယောက်ယောက်နဲ့မှားတာထင်တယ် ဆရာကြီး။ ကျေးဇူးပြုပြီး နောက်ယောင်ခံလိုက်တာ ရပ်လိုက်တော့”
ထိုလူသာ သူ၏အမည်ကို ထုတ်မပြောခဲ့လျှင် လုကျိုးက သူမည်သူမှန်း ချက်ချင်းတွေးနိုင်မှာမဟုတ်ပေ။ ထိုလူက ငရဲဂိုဏ်း၏မဟာကာကွယ်စောင့်ရှောက်သူ လေးဦး၏ခေါင်းဆောင် မိုးပြာနဂါးခန်းမသခင် ဟွားချုံးယန်ပဲ ဖြစ်သည်။
မဟာကာကွယ်စောင့်ရှောက်သူလေးဦး၏ ကြီးမြတ်တဲ့ခေါင်းဆောင် ပွင့်ချပ်ခုနစ်လွှာရွှေကြာ အကျော်အမော်က ကျင်းစီရင်စုမြို့ထဲကို သူ့ဖာသာသူ ဘာကြောင့်ဝင်လာရတာလဲ။
ဟွားချုံးယန်က လှည့်ထွက်သွားချိန် သူက မျက်မှောင်ကျုံ့လိုက်မိ၏။ သူ၏မှတ်ဉာဏ်များကို အမြန်ရှာလိုက်ရာ ထိုအဘိုးအိုကို ယခင်က မတွေ့ဖူးကြောင်း သတိပြုမိလိုက်၏။ သူ့အထောက်အထား ပေါ်သွားပြီး သတ္တမသခင်လေး၏အစီအစဉ် ပျက်စီးသွားလျှင် ဆိုးရပေလိမ့်မည်။ လုကျိုးသည် အသွင်ပြောင်းကတ်၏ ကျန်ရှိသည့်အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့၌ နှစ်ရက်ကျန်သေး၏။ သူက ဟွားချုံးယန်နောက် ဆက်လိုက်လိုက်သည်။ ဟွားချုံးယန်နောက် ဆက်လိုက်သရွေ့ထိုလူမိုက် ယွီကျန့်ဟိုင်နှင့် တွေ့နိုင်မှာသေချာသည်။
လုကျိုးက သူ၏အရှိန်အဝါကို ဖုံးကွယ်ထားလေရာ ယခု သာမန်လမ်းသွားလမ်းလာတစ်ယောက်နှင့် မခြားပေ။ သူက အသွင်ပြောင်းကတ်ကို အတော်လေး စိတ်ကျေနပ်နေ၏။ ဟွားချုံးယန်သာ သူမည်သူမှန်း သိသွားလျှင် တတ်စွမ်းသမျှ ထွက်ပြေးလောက်သည်။
ဟွားချုံးယန်က လေးလမ်းကို ဖြတ်ကျော်ပြီးနောက် ပင်မမြို့ကနေ့ ထွက်လာ၏။ သူသည် ကျင်းစီရင်စုမြို့မှ မြောက်အရပ်ဆီသို့ သွားလိုက်သည်။ သွားနေစဉ် လမ်းတစ်ဝက်၌ သူက ဘေးဘယ်ညာ ကြည့်လိုက်ပြီး သူ့နောက်ကို လျှပ်ပြက်သောအရှိန်ဖြင့် တိုက်ခိုက်လိုက်၏။
“ကျုပ်ကို ခွင့်လွှတ်ပေးပါ အဘိုးကြီး”
သူသည် လုကျိုးနှင့်ဆယ်မီတာ အကွာသို့ရောက်ချိန်၌ ဟွားချုံးယန်က လုကျိုး ပျာယာမခတ်မှန်း သတိပြုမိလိုက်၏။ သူက သူ့ရင်ဘတ်ပေါ်ရှင်းပြ၍မရသည့်ဖိအား ရောက်လာသည်ဟု ခံစားမိလိုက်သည်။
ဟွားချုံးယန်၏စွမ်းအင်လက်သီးက လုကျိုး၏မျက်နှာနား ရောက်တော့မည့်အချိန်တွင် လုကျိုးက လက်တစ်ဖက် မြှောက်လိုက်၏။ သူ၏လက်ချောင်းများက လျှပ်စစ်စီးနေပုံ ရသည်။ လျှပ်စီးလုံးများကို ဝေဝါးဝါး မြင်ရ၏။ သူ၏လက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။
ဘန်း
လက်ဝါးနှစ်ဖက်ဆုံတွေ့သောအခါ၌ စွမ်းအင်က ပြန့်ကားလာသည်။
ဟွားချုံးယန်သည် ဖြုံလောက်သည့် စွမ်းအားကြောင့် ချက်ချင်းပင် နောက်ကျွမ်းပစ်သွားတော့၏။ သူက နောက်သို့ လွင့်ထွက်သွားသည်။ သုံးပတ်ခန့်လည်သွားပြီးနောက် မြေပြင်ပေါ်ကျကာ သုံးလှမ်းခန့် နောက်ဆုတ်လိုက်ရသည်။ သူ၏မျက်လုံး၌ ထိတ်လန့်မှုများပြည့်နေ၏။ ဖန်းလိုင်လက်ဝါး ပွင့်ချပ်ခြောက်လွှာလား ... ပွင့်ချပ်ခုနစ်လွှာလား ... ပွင့်ချပ်ရှစ်လွှာလား သူမသေချာပေ။ အကြောင်းမှာ သူ့စွမ်းအား၏ သုံးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုထားသောကြောင့်ဖြစ်သည်။ သို့သော် အဘိုးအိုက သူ့ကို ထိုကဲ့သို့တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်နေလေရာ အနည်းဆုံးတော့ ပွင့်ချပ်ခြောက်လွှာတွင်ရှိမှန်း သူ သေချာနေသည်။
ဟွားချုံးယန်သည် သူ့ရန်သူကို လျှော့ မတွက်တော့ပေ။ လက်သီးဆုပ်မိုးလျက်ပြောလိုက်၏။
“ဆရာကြီး ကျုပ် ခင်ဗျားနဲ့ အချင်းများစရာမရှိပါဘူး။ ဘာကြောင့်များ ကျုပ်နောက်ကိုလိုက်နေရတာလဲ”