အခန်း (၄၇၂-၄၇၄)
Vol. 32 Ch. 472-474
အခန်း(၄၇၂) သူမက ထူးခြားတယ်
ဟွားချုံးယန်က ခရီးထွက်စဉ်တစ်လျှောက်လုံး တွေးတောနေခဲ့သည်။ သူ့တွင် ဒီလိုမျိုး အသက်အရွယ် ကွာဟသည့် မိတ်ဆွေမျိုး မရှိဖူးပေ။ ထို့အပြင် သူက တာဝန်အတွက် ရုပ်ဖျက်ထားရသေး၏။ သူက အချိန်အများစုကို ငရဲဂိုဏ်း၌သာ ကုန်ဆုံးခဲ့သူ ဖြစ်၏။ သူတို့ တာဝန်ကျရောက်သည့်အခါ၌ပင် သူ့အနေအထားအရ ကိုယ်တိုင် ပါဝင်လှုပ်ရှားသည့် အခွင့်အရေး နည်းပါးသည်။ ထို့ကြောင့် သူက ထိုလူအိုကြီးကို တစ်ခါမှ မတွေ့ဖူးကြောင်း သေချာနေသည်။
သူက ငရဲဂိုဏ်းတွင် ရှိစဉ်တစ်လျှောက်လုံး ပွင့်ချပ်ခြောက်လွှာနှင့်အထက် လက်ရွေးစင်များကို နှိမ်နင်းခဲ့ဖူးသည်။ ထို့ကြောင့် ထိုလူအိုကြီးက သူ့အား မှတ်မိကာ လက်စားချေဖို့ ရောက်လာတာလားဟု အနည်းငယ် ပူပင်နေမိသည်။
လုကျိုးက ပြန်မဖြေပေ။ ထို့အစား သူက ထူးခြားအံ့ဖွယ် စွမ်းအားကို ထုတ်ဖော်လိုက်သည်။ ထိုလက်ဝါးချက်က အရမ်းအားမကောင်းပေ။ အကြောင်းမှာ သူက ထူးခြားအံ့ဖွယ်စွမ်းအား၏ ဆယ်ပုံတစ်ပုံမျှသာ ထုတ်သုံးထားလေ၏။ နောက်ဆုံးတွင် သူက ဇာတ်ကြောင်းတစ်ခု စီကာ အလေးအနက် ပြောလိုက်သည်။
“ငါ့မျိုးရိုးက လု … ဖန်းလိုင်က။ မင်း ငါ့မိတ်ဆွေတစ်ယောက်ကို အမှတ်ရစေလို့ … ကြည့်ရတာ ငါ မှားသွားတာပဲ နေမယ် ”
သူ မှားသွားတော့ရော ဘာဖြစ်လဲ .. သူ ရှာချင်တဲ့လူက ယွီကျန့်ဟိုင်လေ
လုကျိုး၏ အဖြေက ဟွားချုံးယန်၏ မျက်နှာအထက် စိတ်သက်သာရာ ရသွားစေသည်။
“ ဖန်းလိုင်က ချန်းပေ့ကိုး … ကျုပ် ရိုင်းပျမှုအတွက် အားနာပါတယ်ဗျာ ”
“မင်းက ဖန်းလိုင်ကို သိတယ်လား”
“ ကျုပ်က သိရုံတင် ဘယ်ကမလဲ” ဟွားချုံးယန်က စကားပြောရပ်လိုက်ပြီး ကျန်စကားများအား ပြန်မျိုသိပ်လိုက်ရသည်။ သူက တာဝန်ကို ဖျက်ဆီးလုနီးပါး ဖြစ်သွားလေသည်။
တစ်ဖက်တွင် လုကျိုးက စိတ်ဝင်စားသွားသည်။
တကယ်လို့ သူသာ သိထားရင် သူက ဖန်းလိုင်ဂိုဏ်းကလို့ မပြောလိုက်ပါဘူး ဒါမှမဟုတ် စောစောလေးက တိုက်ကွက်က ဖန်းလိုင်ဂိုဏ်းကို အတုမခိုးလိုက်သင့်ဘူး ….
ဟွားချုံးယန်က စကားလမ်းကြောင်း လွှဲလိုက်သည်။
“ ဒါနဲ့ ဆရာကြီးက ဒီကျင်းစီရင်စုဆီ ဘာလို့ရောက်လာတာလဲ”
“ငါက လူလာရှာတာ ” လုကျိုးက အရိုးသားဆုံး ဖြေလိုက်သည် “ မိတ်ဆွေလေး မင်းကရော ဘယ်လိုရောက်လာတာလဲ”
မေးခွန်းတစ်ခုအတွက် မေးခွန်းတစ်ခု … အရှုံးမရှိဘူး
“ ကျုပ်လည်း တစ်ယောက်ယောက်ကို လာရှာတာပါ” ဟွားချုံးယန်က ဖြေလိုက်သည်။
“…”
သူတို့စကားဝိုင်းက တင်းကျပ်ကာ မယုံကြည်မှုများ ကိန်းအောင်းနေသည်။ ဤသည်က ကျင့်ကြံရေးလောကတွင် ပုံမှန်သာ ဖြစ်၏။
လုကျိုးက ဟွားချုံးယန်၏ တုံ့ပြန်မှုကြောင့် မအံ့ဩမိပေ။
ထိုစဉ် ကျင့်ကြံသူများစွာက ဓားကို စီးနင်းလျက် လေထဲပျံသန်းလာကြသည်။ သူတို့က မြောက်ဘက်သို့ ဦးတည်နေကြ၏။ အားလုံးက ဝတ်ရုံဖြူများ ဝတ်ဆင်ထားပြီး သွက်လက်စွာ ရွေ့လျာနေကြသည်။
ဟွားချုံးယန်က သူတို့အား မော့ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ “ ဟုန်ချူးအဖွဲ့လား”
သူက လုကျိုးအား လက်နှစ်ဖက်ယှက်လိုက်ပြီးနောက် “ဆရာကြီး ကျုပ်သွားတာ အကောင်းဆုံးပဲ။ နောက်မှ ပြန်တွေ့ကြတာပေါ့”
သူက လေထဲ ခုန်ဝင်ကာ ဟုန်ချူးအဖွဲ့သားများနောက်မှ လိုက်ပါသွားသည်။
လုကျိုးက နားရှုပ်သွားသည်။ ဟုန်ချူးအဖွဲ့သည် ကွန်ဖြူးရှပ်အဖွဲ့အစည်းထဲမှ အဓိက အင်အားစုတစ်ခု ဖြစ်၏။ သူတို့က ဤနှစ်များတစ်လျှောက်လုံး အမြဲလိုလို သိုသိုသိပ်သိပ်နေလာကြသူများလည်း ဖြစ်ပေသည်။
အခုမှ သူတို့က ဘာလို့ထွက်လာတာလဲ … အဲဒီအဖွဲ့တွေက ဂိုဏ်းကြီးဆယ်ဂိုဏ်း ကျရှုံးသွားပြီးတော့ စတင်လှုပ်ရှားလာကြတာလား …
ကြည့်ရတာ သူတို့က ရွှေကြာဖြတ်တောက်ရေးခေတ်ကာလပြီးတဲ့နောက် ဂိုဏ်းအင်အား တိုးတက်မဲ့ နည်းလမ်းကို စဉ်းစားနေကြတာများလား …
လုကျိုးက ဆက်မနေတော့ပေ။ သူက လေထဲခုန်ဝင်ကာ သူတို့နောက်မှ အရှိန်အပြည့်ဖြင့် လိုက်ပါသွားလိုက်သည်။
ဟွားချုံးယန်က ပျံသန်းလာရင်း နောက်ကို လှည့်ကြည့်မိသွားသည်။ သူ ထင်ထားသည့်အတိုင်း လုကျိုး နောက်မှ ပါလာသည်ကို မြင်လိုက်ရသည်။ သူက ဟုန်ချူးအဖွဲ့မှ လူများကို ကြည့်လိုက်ပြီး သူ့စိတ်ထဲ တစ်ခုခု ဖြစ်ပေါ်လာသည်။
အသက်ကြီးလေ ဉာဏ်ပိုရှိလေ ဆိုသည့်အတိုင်း မဟုတ်ပါလော။
သူက ပစ်မှတ်နှင့် အရမ်းနီးကပ်လွန်းနေလျှင် မမျှော်လင့်ထားသည့်အရာ ဖြစ်လာဖို့ အလွန် လွယ်ကူလွန်းလှသည်။ ထို့ကြောင့် သူက အရှိန်လျှော့ကာ “လုချန်းပေ့ … ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်ဆီ သွားမလို့လား ”
ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်တဲ့လား …
လုကျိုးက တိမ်တိုက်တည်းခိုဆောင်မှ စားပွဲထိုး ပြောဖူးသည့်အရာကို အမှတ်ရကာ “ဟုတ်တယ် ”
ဟွားချုံးယန်က ထိုအကြောင်းကို ကြားသည့်အခါ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားလေသည်။ ကိစ္စများက သူ ထင်ထားသည့်ထက် ပို၍ ရှုပ်ထွေးလာလေပြီ။ သူက သာမန် ယစ်ပူဇော်ပွဲဟု ယူဆထားသောကြောင့် ပွင့်ချပ်ခုနှစ်လွှာအဆင့် ကျင့်ကြံသူအနေနှင့် သူ့တာဝန်ကို အလွယ်လေး ပြီးမြောက်နိုင်လိမ့်မည်ဟု ယုံကြည်ထားလေသည်။ ယခု ဟုန်ချူးအဖွဲ့မှ လက်ရွေးစင်နှင့် ဖန်းလိုင်ဂိုဏ်းမှ ချန်းပေ့တစ်ဦးတို့ တွေ့ရှိလိုက်ရပြီ ဖြစ်ရာ ရိုးရှင်းသည့် ကိစ္စ မဟုတ်တော့ကြောင်း သဘောပေါက်သွားသည်။
ဟွားချုံးယန်က ဖန်းလိုင်ဂိုဏ်းအပေါ် အမြင်ကောင်းပိုရှိလေသည်။ ကွန်ဖြူးရှပ် အဖွဲ့အစည်းများက ကမ္ဘာကို အုပ်စိုးလာသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ငရဲဂိုဏ်းက ကမ္ဘာအုပ်စိုးရေး လမ်းစဉ်ပေါ် စတင်လျှောက်လှမ်းလာပြီဖြစ်ရာ သူတို့အတွက် အံ့ဖွယ်မြို့တော်တွင် အရာရှိများဖြစ်ကြသည့် ကွန်ဖြူးရှပ်ကျင့်ကြံသူများကို ရန်ပြုမိသည်မှာ ပုံမှန်သာ ဖြစ်လေသည်။
အဆုံးသတ်၌ ဟွားချုံးယန်က ပို၍ပင် အရှိန်လျှော့လိုက်သည်။ သူက စွမ်းအားဖြင့် လေကို ကာကွယ်ရင်း မေးလိုက်သည်။
“ လုချန်းပေ့ … ဒီတစ်ကြိမ် စတေးခံရမဲ့လူကို သိထားလား”
“အဲလောက်တော့ မသိပါဘူး” လုကျိုးက ဟွားချုံးယန်သည် အရှိန်လျှော့ချလိုက်သည့်အတွက် စိတ်အေးသွားသည်။ မဟုတ်ပါက သူ့အနေနှင့် ဟွားချုံးယန်နောက် မည်သို့ဆက်လိုက်နိုင်မည်နည်း။ သူ့ပစ်မှတ်က ပွင့်ချပ်ခုနှစ်လွှာအဆင့်ဖြစ်စဉ် သူက ပွင့်ချပ်တစ်လွှာသာ ဖြစ်၏။ သူက နတ်ခြင်္သေ့ဖြင့် အမီလိုက်နိုင်သော်လည်း သူ့ဇစ်မြစ်ကို ပေါ်ပေါက်သွားစေလိမ့်မည်။
ဟွားချုံးယန်က မပြောခင် ခဏတာ စဉ်းစားလိုက်သည် “ အဲဒီအမျိုးသမီးက အမည်မသိဇစ်မြစ်ကတဲ့ … သူမက မိစ္ဆာဆန်ပြီးတော့ တချို့က သူမကို လိုလန်ကလို့လည်း ပြောကြတယ်။ တချို့ကတော့ သူမကို အဆုံးမဲ့ပင်လယ်ထဲကတဲ့။ အဓိကအချက်က သူမ ပုံမှန်မဟုတ်ဘူး။ သူမ ပေါ်လာကတည်းက သားရဲတွေက လူသားတွေကို တိုက်ခိုက်နေတာ။ ငှက်တွေလည်း သောင်းကျန်းနေကြတာ … ကျင့်ကြံရေးလောကထဲ ကံဆိုးမဲ့ လက္ခဏာတွေအများကြီးပဲ။ သူမကို စတေးခံအဖြစ် အသုံးပြုတော့မှာ”
ထိုစကားအဆုံးတွင် သူက လုကျိုးမျက်နှာထားအား လေ့လာလိုက်သည်။ သူက လုကျိုးသည် သူနှင့် တူညီသည့်လူနောက် လိုက်နေခြင်း မဟုတ်ကြောင်း သေချာအောင် လုပ်ချင်မိသည်။
လုကျိုးက ထိုကိစ္စများကို စိတ်မဝင်စားသည်မှာ ပုံမှန်သာ ဖြစ်၏။ သူ့ပစ်မှတ်က ယွီကျန့်ဟိုင်တစ်ယောက်တည်း ဖြစ်၏။
“မင်းရော အဲလိုယုံလား”
“ဘယ်ဟုတ်ပါ့မလဲ” ဟွားချုံးယန်က ခေါင်းခါလိုက်သည်။
“ မင်းက သူမကို ကယ်မှာလား” လုကျိုးက မေးလိုက်သည်။
“ …” ဟွားချုံးယန်က ကြောင်သွားသည်။ လူအိုကြီးက ထူးဆန်းလှသည်။ သူက လူအိုကြီးဆီမှ သတင်းအချက်အလက် မရသေးခင် သူက ရှာတွေ့သွားလေပြီ။
“ ခင်ဗျားလိုပါပဲ။ ကျုပ်က ဘာဖြစ်မလဲ သွားကြည့်ရုံပါ။ ဒါပေမဲ့ ဒီအမျိုးသမီးက ထူးခြားတယ်။ ဒီလိုမျိုး သက်ရှိလူတစ်ယောက်ကို စတေးပစ်ဖို့က နှမြောစရာပါပဲ ”
“ လူသားတွေရဲ့ စိတ်သဘောထားက နားလည်ဖို့ ခက်တယ်။ ငါတို့တွေ ဒီကမ္ဘာကြီးထဲ ချောချောမွေ့မွေ့ ရောက်လာတာကိုက ကံကောင်းတယ်။ တခြားလူအတွက် စိတ်မကောင်း ဖြစ်ပေးဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ” လုကျိုးက ပြောလိုက်သည်။
“လုချန်းပေ့ ပြောတာလည်း ဟုတ်တာပဲ။ ကျုပ် ပိုအမြင်ကျယ်မိသွားပါပြီ” ဟွားချုံးယန်က ရှေ့ကို လှမ်းကြည့်လိုက်သည်။ ဟုန်ချူးအဖွဲ့သားများက မြင်ကွင်းတွင် မရှိကြတော့ပေ။
“ လုချန်းပေ့ ကျုပ်တို့ အရှိန်မြင့်လိုက်ကြမလား ”
“အဲလိုမလိုပါဘူး” လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
ဟွားချုံးယန်က တစ်ခုခုကို တွေးမိသွားကာ အကျိုးအကြောင်းသင့်သည်ဟု ထင်မိသည်။ သူက ခေါင်းညိတ်လိုက်ပြီး “လုချန်းပေ့က ဉာဏ်ကြီးမားပါပေတယ်။ ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်က ဘယ်မှာမှ မသွားတာ ကျုပ်တို့ အလျင်လိုနေဖို့ မလိုဘူးပဲ။ ဟုန်ချူးအဖွဲ့သားတွေနောက် လိုက်သွားစရာ မလိုဘူး ”
နှစ်ယောက်သား ဆက်လက် ပျံသန်းလိုက်ကြသည်။ သူတို့က နှေးလည်း မနှေးသလို မြန်လည်း မမြန်ပေ။ သူတို့က မြို့အပြင်ဘက်ရှိ မြစ်နှင့် တောအုပ်အနည်းငယ် ဖြတ်ကျော်လာလိုက်ကြသည်။ ထိုအခါ သူတို့က ရိုးရှင်းသည့် အရောင်များဖြင့် ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်ကို မြင်လိုက်ရသည်။ မှုန်မှိုင်းနေသည့် မင်ပန်းချီကားလိုမျိုး ဖြစ်၏။
ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်က မကြီးမားပေ။ မြေမီတာတစ်ရာပတ်လည်လောက်သာ နေရာယူထား၏။ ထိုအရာကို ထုံးကျောက်များဖြင့် ခင်းထားသည်။ ထောင့်လေးဘက်တွင် လှေကားထစ်များ ရှိနေ၏။ စင်မြင့်အလယ်တွင် ယာယီစိုက်ထူထားသော စင်တစ်ခုကို မြင်ရသည်။ ထိုနေရာတွင် သစ်သားများ ခတ်ထားပြီး အောက်ခြေ၌ ထင်းမီးပုံထားလေသည်။
သူတို့က သက်ရှိလူကို တကယ်ကြီး စတေးကြမှာလား …
“လုချန်းပေ့ ဒီမှာ လူတွေများလွန်းတယ်” ဟွားချုံးယန်က ပြောလိုက်သည်။
နှစ်ယောက်သား ဖြည်းဖြည်းချင်း ဆင်းလိုက်ကြသည်။ သူတို့က စင်မြင့်ဘေးပတ်လည်နား ဆင်းလိုက်ကြသည်။ အဆင့်နိမ့် ကျင့်ကြံသူများစွာကလည်း စင်မြင့်အနားတွင် ရှိနေကြသည်။
“ မကောင်းဆိုးဝါးမကို သတ်ပစ်”
“ မကောင်းဆိုးဝါးမကို သတ်ပစ်”
“ မကောင်းဆိုးဝါးမကို သတ်ပစ်”
လုကျိုးနှင့် ဟွားချုံးယန်တို့က လူအုပ်ကြီးဆီမှ ဟစ်ကြွေးသံကို ကြားလိုက်ရ၍ လှည့်ကြည့်လိုက်ကြသည်။
ဝတ်ရုံဖြူ ဝတ်ဆင်ထားသည့် ဟုန်ချူးအဖွဲ့သားများကလည်း စုဝေးနေကြသည်။ သူတို့က အော်တဲ့အထဲ မပါကြပေ။
သူတို့ဘေးဘက်တွင် တာအိုဝတ်ရုံများ ဝတ်ဆင်ထားသည့် ကျင့်ကြံသူအဖွဲ့ ရှိနေသည်။ နှစ်ဖွဲ့လုံးက တစ်ယောက်နှင့် တစ်ယောက် ကြည့်နေကြ၏။
ဟွားချုံးယန်က မျက်မှောင်ကြုတ်လိုက်သည်။ သူ ထင်ထားသည့်အတိုင်း ကိစ္စများက ပိုရှုပ်ထွေးလာလေပြီ။
“မိတ်ဆွေလေး ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ” လုကျိုးက မေးလိုက်သည်။
“ ဒီနေရာမှာ လူတွေအရမ်းများပြီးတော့ နားညည်းလို့ပါ”
“ ငါတို့တွေ အခုထွက်သွားကြတော့မလား။ မင်းက မတွေ့ရတာကြာတဲ့ ငါ့မိတ်ဆွေနဲ့ တူတယ်။ ငါနဲ့အတူတူ အဖန်ရည်လိုက်သောက်ပါ့လား” လုကျိုးက သူ့ကိုယ်သူ ချဉ်းကပ်ရလွယ်ကူစေသည့် ပုံစံမျိုး ပေါက်စေဖို့ အကောင်းဆုံး ကြိုးစားလိုက်သည်။
ငါ အခု အင်အားပြနေလို့ မဖြစ်သေးဘူး …
သို့သော်လည်း ဟွားချုံးယန်က ခေါင်းခါကာ “ ကျုပ်တို့ ဒီရောက်နေမှတော့ တစ်ချက်လောက် ကြည့်သွားကြတာပေါ့”
သူက ဂိုဏ်းချုပ်နှင့် သတ္တမသခင်လေးအား သူ တာဝန်ပြီးမြောက်စေရမည်ဟု ကတိပေးထားခဲ့သည်။
သူက ဘယ်လိုလုပ် တဝက်တပျက်နှင့် ရပ်တန့်နိုင်မည်နည်း။ အခြေအနေက ရှုပ်ထွေးလာသော်လည်း ထိန်းချုပ်နိုင်သေး၏။
ဟွားချုံးက သစ်သားစင်မြင့်ကို ကြည့်ကာ မေးလိုက်သည်။ “ လုချန်းပေ့က ဒီအမျိုးသမီးအတွက် ရောက်လာတာတော့ မဟုတ်ဘူးမလား”
ထိုမေးခွန်းကို မေးစဉ် သူ့အကြည့်များက သံသယအပြည့် ဖြစ်နေလေသည်။
လုကျိုးက ဟွားချုံးယန်သည် သူ့အဖြေက ဘယ်လိုဖြစ်ဖြစ် ယုံမည်မဟုတ်ကြောင်း သိလေသည်။ ထို့ကြောင့် သူက ပြောလိုက်၏။ “ မင်းက ငါ့အကြောင်း စိတ်ဆုံးဖြတ်ထားပြီးရင် ဘာကြောင့် မေးနေသေးလဲ”
…
အခန်း (၄၇၃) အဝေးမှဧည့်သည်တစ်ယောက် လော့ရှစ်ရင်
ဟွားချုံးယန်သည် သူ့အဖြေက မည်သို့ပင်ဖြစ်စေကာမူ သူ့ကို ဘယ်တော့မှ ယုံကြည်မှာမဟုတ်ပေ။ သူက ဖန်းလိုင်ဂိုဏ်းမှမဟုတ်ဟု ဆိုပင်လျှင် ငရဲဂိုဏ်းက ဖန်းလိုင်ဂိုဏ်းနှင့် အချင်းများမှု မရှိသော်ငြား သူတို့သည် စတွေ့ခါစသူစိမ်းများသာဖြစ်သောကြောင့် ဟွားချုံးယန်သည် သူ၏စကားကို ယုံကြည်လိမ့်မည်ဟု လုကျိုးမထင်ပေ။ သူတို့တစ်ယောက်နှင့်တစ်ယောက် သတိထားနေတာ သဘာဝကျ၏။ ထိုအကြောင်းအရင်းကြောင့် သူသည် ဝေဝါးဝါးအဖြေတစ်ခုပေးလျှင် လုံလောက်ပြီဟု ခံစားရသည်။
ဟွားချုံးယန်သည် အဖြူရောင်ဓားသမားများနှင့် မျက်နှာချင်းဆိုင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
“ဒီမှာ ထိုက်ရွှီကျောင်းတော်က လူတွေရှိတယ် ... လူတော့များတာပဲ”
“မင်း ကြောက်နေတာလား”
“ကျုပ်က ဘာကြောင့်ကြောက်ရမှာလဲ။ ကျုပ်တို့တိုက်ခိုက်ကြရင် ဘယ်သူအနိုင်ရမလဲဆိုတာ မပြောနိုင်ဘူး” ဟွားချုံးယန်က ပြန်ပြောလိုက်၏။
“ယုံကြည်ချက်ရှိတာ ကောင်းတယ်။ ဒါပေမဲ့ ယုံကြည်ချက်လွန်ကဲမှုကတော့ မင်းကို ရှုံးနိမ့်စေလိမ့်မယ်”
လုကျိုးက ထိုကဲ့သို့မိမိကိုယ်ကို ယုံကြည်ချက်လွန်ကဲခြင်းမျိုးကို ယွီရှန်းရုန်နှင့် စီးဝူယာ့ထံတွင် တွေ့ခဲ့ဖူး၏။ တစ်ခါတစ်ရံတွင် သူတို့၏ယုံကြည်ချက်က သူတို့ကိုကူညီပေးနိုင်သော်ငြား သူတို့ကိုလည်း ဆွဲချနိုင်သည်။ သူ၏တပည့်များအနက် တာဝန်များဆောင်ရွက်ရာ၌ အတော်ဆုံးကို ရွေးချယ်ရမည်ဆိုလျှင် သူ၏စတုတ္ထမြောက်တပည့် မင်ရှစ်ရင်ကိုသာ သေချာပေါက် ရွေးမိလိမ့်မည်။ ယခုအချိန်ထိ မင်ရှစ်ရင်သည် သူ့ကို တစ်ခါမှ စိတ်မပျက်စေဖူးပေ။
ဟွားချုံးယန်က ပြုံးလျက်ပြောလိုက်၏။
“ဒါက ယုံကြည်ချက်လွန်ကဲတာ မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်တာ။ ကိုယ့်ကိုကိုယ်ယုံကြည်ခြင်းက ခွန်အားကနေရောက်လာတယ်။ လုချန်းပေ့ကကော ယုံကြည်ချက် မရှိဘူးလား”
လုကျိုးသည် သူ ယုံကြည်ချက်ရှိကြောင်း ပြောချင်သည့်တိုင် ပြန်မပြောခဲ့ပေ။ သူက ရှင်းလင်းနေသေးသော သစ်သားစင်မြင့်ကိုကြည့်လိုက်ပြီး အဓိကဇာတ်ဆောင်များ ရောက်မလာသေးကြောင်း သိလိုက်သည်။ သူက ပျင်းရိသလိုခံစားရကာပြောလိုက်၏။
“စတေးခံရမဲ့သူအကြောင်း ပြောကြရအောင်”
“သူ့အကြောင်း ကျုပ် များများစားစားမသိဘူး။ သူက သားရဲတွေနဲ့ ပြောနိုင်ပြီး ဂီတမှာပါရမီထူးတဲ့ အရည်အချင်းအပြင် ကျန်တာ မသိဘူး။ သူမက ကမ်းစပ်မှာ ထိုင်ပြီးခရု မှုတ်နေတာလို့ ပြောဖူးတယ်။ အဲ့ဒီအသံက တံငါသည်တွေကိုတိုက်ခိုက်နေတဲ့ ပင်လယ်ထဲက ရက်စက်တဲ့ သားရဲတွေ အများကြီးကို ဆွဲဆောင်ခဲ့တယ်။ ပြောရရင် ဒါတွေအားလုံးက တဆင့်စကားတွေပါပဲလေ။ ကျုပ် သက်သေမရှာနိုင်ဘူး” ဟွားချုံးယန်က ပြန်ပြောလိုက်၏။
အစက လုကျိုးသည် ထိုအမျိုးသမီးကို အာရုံသိပ်မစိုက်ခဲ့ပေ။ သို့သော်ငြား ထိုကဲ့သို့ ထူးခြားသည့်စွမ်းရည်ရှိသည့် တစ်စုံတစ်ယောက်ကို သတိမပြုမိဖို့က မခဲယဉ်းလှပေ။ သူမ၏စွမ်းအင်က ထူးကဲလွန်းသောကြောင့် ယဇ်ပူဇော်ခံအနေဖြင့်အသုံးပြုခဲ့၏။
“သူ ဘယ်ကလာလဲဆိုတာ ဘယ်သူမှမသိဘူးလား” လုကျိုးက မေးလိုက်သည်။
“သူမက တခြားမျိုးနွယ်ကလား တာ့ယန်ကလားဆိုတာ ဘယ်သူမှမသိပါဘူး”
“တခြားမျိုးနွယ်တွေထဲမှာ သားရဲဘာသာစကားကို ပြောနိုင်တဲ့သူတွေရှိတယ်။ ဒါက ဘာမှ မထူးခြားဘူး။ တကယ်တော့ သူမက ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေကို တိုက်ခိုက်လာအောင် အမိန့်ပေးနိုင်စွမ်းရှိနေတာက ရှားတယ်လေ” လုကျိုးကပြောလိုက်သည်။
လုကျိုးနှင့် ဟွားချုံးယန်တို့အပြန်အလှန်ပြောနေစဉ် လူအုပ်ကြီးက စိတ်မရှည်မှုတို့တိုးလာ၏။ သူတို့ထဲက အချို့ကဆို စိတ်မရှည်သောကြောင့် အော်ဟစ်နေပြီဖြစ်သည်။
“ဘာတွေ ဒီလောက်ကြာနေတာလဲ မကောင်းဆိုးဝါးမကို ဒီခေါ်လာခဲ့”
“ဟေ့ ... စောင့်ရတာ အသက်ကြီးတော့မယ်။ ကျင်းစီရင်စုကမြို့က မြို့သားတွေ စောင့်ကြည့်နေတယ်လေ”
“မကောင်းဆိုးဝါးမ အသက်ရှင်လျက် ရှိနေသရွေ့ လူတွေ အေးအေးချမ်းချမ်း အိပ်နိုင်စားနိုင်မှာမဟုတ်ဘူး။ မြန်မြန်”
လူအုပ်ကြီး၏ အော်ဟစ်မှုအောက်တွင် ထူးထူးဆန်းဆန်းဝတ်စုံများ ဝတ်ထားသည့် လူရွယ်တစ်ယောက်က ရှေ့သို့တိုးလာ၏။ သူက ဘရိုကိတ်ခေါင်းဆောင်းကို ဝတ်ဆင်ထားလျက် သူ၏မျက်နှာ၌ အရောင်တောက်တောက်များ ခြယ်မှုန်းထားသည်။ သူ၏အသံလှိုင်းက လူအုပ်ကြီးဆီ ဖြန့်ကျက်သွား၏။ ကနဦးချီ ပါဝင်နေသောကြောင့် ခပ်ဝေးဝေးထိရောက်သည်။
“ငြိမ်ကြ ငြိမ်ကြ” ပြီးနောက် သူက သူ့ရှေ့ရှိနေမင်းကို တခဏမျှမော့ကြည့်ပြီးနောက် ပြောလိုက်သည်။
“အချိန်ကျလာပြီ မကောင်းဆိုးဝါးမကိုခေါ်လာခဲ့”
သူပြောပြီးသည်နှင့် ကောင်းကင်ဘုံကိုးကွယ်ရေးစင်မြင့်က တိတ်ဆိတ်သွားတော့သည်။
လူတိုင်းက ဘယ်ဖက်ရှိလမ်းကြားကိုကြည့်လိုက်ကြသည်။ သေးသွယ်သောပုံရိပ်က လူနှစ်ယောက် ခြံရံလျက် ထိုလမ်းကိုလျှောက်လှမ်းလာတာကိုမြင်ရသည်။ အလင်းတန်းက ထိုသွယ်လျသည့် ခန္ဓာကိုယ်ကိုရောက်သွားချိန်တွင် လူအုပ်ကြီးက ပင့်သက်ရှိုက်မိသွား၏။ သူတို့သာ သတိမပြုမိလျှင် သူတို့မြင်နေရသည့်မိန်းကလေးကို မကောင်းဆိုးဝါးမနှင့် တွဲမိမှာမဟုတ်ပေ။ သူမ၏အဝတ်အစားများက နွမ်းပါးပြီး အနက်ရောင်ဆံပင်များက ရှုပ်ပွနေပြီး သူမ၏မျက်နှာထက်တွင် ဖုန်များတင်လျက် ခြေဗလာဖြစ်နေကာ သူမလက်တို့ ကြိုးတုပ်ခံထားရသည့်တိုင် ယင်းတို့က သူမ၏ထူးကဲလှသော အလှတရားကို မဖုံးကွယ်နိုင်ပေ။ မျက်စိဖမ်းစားနိုင်ဆုံးအရာက တောက်ပသော မင်နက်ရောင် မျက်ဝန်းတစ်စုံပဲဖြစ်သည်။ မျက်တောင်ရှည်ကြီးများအောက်၌ ဆုံးရှုံးရမည့်ပုံပေါ်၏။ သူတို့စိတ်ထဲရှိ ခရုမိန်းကလေးဟူသည့် စကားလုံးကစိတ်ထဲ၌ပေါ်လာသည်။ လူများစွာကလည်း ထိုစကားလုံးကိုသာ တွေးမိ၏။
အမျိုးသမီးသည် လူတိုင်း၏အာရုံစိုက်မှုကို အောင်မြင်စွာရယူလိုက်နိုင်၏။ ယခုအချိန်တွင် လူတိုင်းက သူမကို ကြည့်မိကြတော့သည်။
ထောက် ထောက် ထောက်
သူမသည် စင်မြင့်အလယ်သို့ သူမတက်လာသည့်ခြေလှမ်းက ပေါ်ထွက်လာ၏။ အချိန်အတိုင်းအတာ တစ်ခုအထိ ကောင်းကင်ဘုံကိုးကွယ်ရေးစင်မြင့်ထက်၌ ထိုအသံတစ်သံသာကြားရသည်။
သူမသည် စင်မြင့်အလယ်သို့နောက်ဆုံးလျှောက်ပြီးချိန်၌ လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ဟွားချုံးယန်နှင့် လုကျိုးက လှည့်ကြည့်လာသည်။ လုကျိုးသည်အစောတည်းက သိချင်နေခဲ့တာဖြစ်၏။
သူသည် အမှန်တရားမျက်လုံးက သူ့ကိုမည်သည့်အချက်အလက်မှ မထောက်ပံ့ပေးထားချိန် အံ့ဩသွားသည်။ “ဒါ ဘာအဓိပ္ပာယ်လဲ”
စနစ်သည် သူ့အတွက်ပိုခက်ခဲအောင် သူ့စစ်ဆေးသည့်တာဝန်ကို တမင်တကာများ ပြုလုပ်ထားသလားဟု လုကျိုးတွေးမိသွားသည်။ ယခုအချိန်တွင် သူ ပြောနိုင်တာက ထိုအမျိုးသမီးက ကနဦးချီ အတက်အကျ မရှိသလို ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါ မပိုင်ဆိုင်ထားပေ။ ထိုသို့သာဆိုလျှင် သူမသည် လူအများကိုတိုက်ခိုက်ရန်သားရဲများကို မည်သို့တိုက်တွန်းမည်နည်း။
တစ်ချိန်တည်းတွင် လူအုပ်ကြီးက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီးနောက် မိန်းကလေးကို ကြည့်လိုက်ကြ၏။ ပြီးနောက် စအော်တော့သည်။ “မကောင်းဆိုးဝါးမ”
မိန်းကလေးက ပိုတောင်စိတ်ရှုပ်ထွေးသွားပုံရသည်။ သူမသည် ဖြစ်ပျက်နေတာကိုနားမလည်နိုင်။ ထူးထူးဆန်းဆန်းပင် သူမက စိတ်ရှုပ်ထွေးနေသလောက် အံ့ဩတာ၊ ကြောက်လန့်တာ၊ စိုးရိမ်ပူပန်တာဖြစ်ပုံမရ သူမက စိတ်ရှုပ်ထွေးနေရုံဆိုတာ သိသာသည်။
ထိုစဉ် ကောင်းကင်ဘုံကိုးကွယ်ရေးစင်မြင့်ပေါ်ရှိ ယဇ်နတ်ဆရာတစ်ယောက်က ငုံ့ကြည့်ပြီးနောက် အော်ပြောလိုက်သည်။
“သူ့ကို ဒီခေါ်လာခဲ့”
“နားလည်ပါပြီ" လူနှစ်ယောက်သည် မိန်းကလေးကို သစ်သားစင်မြင့်ဆီသို့ သူတို့စွမ်းအင်ဖြင့် ပို့လိုက်သည်။ ပြီးနောက် ယဇ်နတ်ဆရာက သူ၏မြင်းမြီးတုတ်ကို ဝေ့ယမ်းလိုက်သည်။ မိန်းကလေးနားရှိကြိုးက သုံးပတ်ပတ်သွားပြီးနောက် သူမကို သစ်သားတိုင်ဖြင့်ချည်လိုက်သည်။
ခြစ်ခြစ်တောက်ပူနေသော နေရောင်သည် ထိုမိန်းကလေးပေါ်သို့ကျလာ၏။ သူမ၏ ပွယောင်းနေသောဆံပင်၊ မျက်နှာပေါ်ရှိဖုန်များနှင့် ဟောင်းနွမ်းနွမ်းရိနေသော အဝတ်အစားများ၊ ဖြူသွယ်သော ခြေဗလာတို့က သူမ၏အလှတရားကို မဟန့်တားနိုင်ပေ။ အမှန်တကယ်တွင် ၎င်း၏အလှတရားက သူမ၏မြင့်မားလွန်းသည့် ဆွဲဆောင်မှုကို ပံ့ပိုးပေးနေ၏။
“သူ ဘာကြောင့်ကြိုးချည်ခံထားရတာလည်း သိလား” လုကျိုးကမေးလိုက်၏။
“ကျုပ် မသိဘူး” ဟွားချုံးယန်က ခေါင်းခါလိုက်သည်။
“သူ့ကို မကောင်းဆိုးဝါးမလို့ထင်လား” လုကျိုးကထပ်မေးလိုက်သည်။
“မကောင်းဆိုးဝါးမနဲ့မတူပါဘူး”
“ဘာကြောင့်မတူတာလဲ”
“အလိုလိုခံစားမိတာ” ဟွားချုံးယန်သည် သူ၏တာဝန်ကိုမှတ်မိသွား၏။ သူ ဤနေရာသို့ ရောက်လာသည့်အကြောင်းရင်းကို မမေ့ပေ။ “လုချန်းပေ့က ဘယ်လိုထင်လဲ”
“ငါတော့ သူ့ကိုမကောင်းဆိုးဝါးမလို့ထင်တယ်” လုကျိုးက ပြောလိုက်သည်။
“ဘာကြောင့်လဲ”
လုကျိုးက လက်နောက်ပစ်ထားလျက် ဖြည်းဖြည်းချင်းချင်းပြောလိုက်သည်။ “သူ မအံ့ဩဘူး၊ ပျာယာမခတ်သွားဘူး၊ မကြောက်လန့်ဘူး မထိတ်လန့်ဘူး။ မရှက်ရွံ့ဘူး။ သာမန်မိန်းကလေးတွေက သူ့လို အသိတရား ထိန်းနိုင်မယ်လို့ထင်လား”
“သူ့မှာ ကနဦးချီအတက်အကျမရှိဘူး။ ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေကို ဘယ်လိုလုပ်ပြီး အမိန့်ပေးနိုင်မှာလဲ”
“သူက အသက်ဆယ့်ခြောက်နှစ်လောက်ပဲ ရှိသေးတယ်။ သူမ ဘယ်နေရာကလာလည်းဆိုတာ ဘယ်သူမှ မသိဘူး။ နာမည်တောင်မသိသေးတဲ့အချက်ကိုဘယ်လိုရှင်းပြမလဲ”
လုကျိုး၏စကားများက ဟွားချုံးယန်ကို ဆွံ့အသွားစေ၏။
ယင်းကိုမြင်သည့် လုကျိုးက ပြုံးသာပြုံးကာ ဘာမှထပ်မပြောတော့ပေ။ ဟွားချုံးယန်က ထိုမိန်းကလေးအတွက် ရောက်လာတာ သိသာ၏။ ရှေ့ဆက်မေးရန်မလိုအပ်တော့ချေ။
ကောင်းကင်ဘုံကိုးကွယ်ရေးစင်မြင့်ပေါ်ရှိယဇ်နတ်ဆရာက နေကိုထပ်ကြည့်ပြီးနောက် ကြည်လင်သော အသံဖြင့်ပြောလိုက်၏။ “အချိန်ကျလာပြီ အခု ကောင်းကင်ဘုံကို ပူဇော်ကြရအောင်”
ဒုန်း
ခေါင်းလောင်းသံမြည်ဟည်းလာပြီးနောက် ပွဲစတင်တော့သည်။ လူအများစုက ယဇ်နတ်ဆရာကို ကြည့်လိုက်တော့၏။ ဟုန်ချူအခွဲမှလူများနှင့် ထိုက်ချူအခွဲမှလူများသည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်၏။ သို့သော် မည်သူကမှ မလှုပ်ရှားပေ။ သူတို့က ရိုးရာဓလေ့ထုံးစံများကို ကြည့်ရန်ရောက်လာတာဖြစ်သည်။
ယဇ်နတ်ဆရာကကျယ်လောင်စွာအော်ပြောလိုက်၏။
“လေပြေတောင်တန်းရဲ့ ငါ ယန်ဖျင် ကောင်းကင်ရဲ့နာမတော်နဲ့ မင်းရဲ့အပြစ်ကြွေးကို သန့်စင်ပေးဖို့ ဒီရောက်လာတာ။ မင်းတစ်ဘဝလုံးပြာအဖြစ်ကြွေလွင့်ရမယ်။ မီးလျှံတွေ အလွှမ်းခံရမယ်။ သမုဒ္ဒရာရဲ့ အောက်ခြေအထိတိုင် နှစ်မြှုပ်ခံရမယ်။ မင်းရဲ့ပင်ပန်းနွမ်းနယ်လှပြီး မင်းရဲ့စိတ်စွမ်းအားက စစ်ဆေးခံရမယ်။ အပြစ်ကျူးလွန်သူက ဝိညာဉ်ညှင်းပန်းမှုကို မခံနိုင်ဘူး။ မိစ္ဆာက အရုပ်ဆိုးတဲ့ညှဉ်းပန်းမှုကို မခံနိုင်ဘူး၊ တရားဟောပြောမှုက အသုံးမဝင်ဘူး။ အရိုးတွေကျိုးပြီး လောင်ကျွမ်းနေတဲ့ ခန္ဓာကသာ အကောင်းဆုံးအပြစ်ပေးမှုပဲ။ မီးရှို့လိုက်တော့”
မိန့်ခွန်းအရှည်ကြီး ပြောပြီးနောက် သူက လက်ဝေ့ယမ်းလိုက်သည်။
သစ်သားမီးညှိနေချိန် လူတိုင်းက သစ်သားကိုမီးစွဲနေတာကို ကြည့်ပြီး မျက်လုံးပြူးကျယ်လာ၏။
ဝှစ်
သစ်သားများက စတင်တောက်လောင်လာပြီး မီးများထတောက်လာတော့သည်။
ထိုစဉ် မိန်းကလေးက မျက်လွှာချထားလျက် ဇဝေဇဝါဖြစ်တာ သိသာ၏။
ဖုန်း
ထိုစဉ် ထိုက်ရွှီကျောင်းတော်၏ အဖွဲ့ဝင်တစ်ယောက်က စွမ်းအင်လက်ဝါးကိုထုတ်ဖော်လျက် မီးစွဲနေသောသစ်သားကို တစ်ကွဲတစ်ပြားဆီဖြစ်သွားစေသည်။
…
အခန်း(၄၇၄) လူတစ်ယောက်အတွက် တိုက်ခိုက်ခြင်း
ထိုက်ရွှီကျောင်းတော်ဘက်မှ ရုတ်ခြည်း လှုပ်ရှားမှက ယန်ဖျင်အား ဆွံ့အသွားစေသည်။ သူက ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်အထက်မှ ပျံ့ကျဲနေသော ထင်းများကို ဒေါသတကြီးဖြင့် ကြည့်လိုက်ရင်း ထိုက်ရွှီကျောင်းတော်မှ လူများအား လက်ညှိုးထိုးကာ “ မင်းတို့တွေ … ကောင်းကင်အလိုဆန္ဒကို ဘယ်သူက ဆန့်ကျင်ရဲတာလဲ ”
လှုပ်ရှားလိုက်သည့်သူက ပြတ်ပြတ်သားသား ပြောလိုက်သည် “ကျုပ်က ထိုက်ရွှီကျောင်းတော်ရဲ့ ပထမတပည့် ကျန်းရန်ယီပဲ။ ခင်ဗျားစကားတွေထဲ အလိမ်အညာတွေ ပါနေမှတော့ ကျုပ် ဝင်ပါရတာ ပုံမှန်ပါပဲ ”
ယန်ဖျင်က နှာခေါင်းရှုံ့လိုက်ကာ မင်းတို့က ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ တခြားလူတွေလည်း မင်းနဲ့ သဘောတူလား မေးကြည့်လိုက်ဦး”
သူက ဤနေရာတွင် တစ်ယောက်ယောက်သည် ပြဿနာလာရှာလိမ့်မည်ဟု မထင်ထားပေ။ ဤနှစ်များစွာတစ်လျှောက် သူက ကျင်းစီရင်စုမြို့၏ ရိုးရာဓလေ့ထုံးတမ်းများ စီမံရာ၌ ပြဿနာ မရှိခဲ့ဖူးပေ။ ဤတစ်ကြိမ် တစ်ခုတည်းသော ကွဲပြားမှုမှာ သက်ရှိလူကို စတေးခံအဖြစ် အသုံးပြုသောကြောင့် ကျင့်ကြံသူများအပါအဝင် လူအုပ်ကြီးက ပိုကြီးမားနေသည်။ သို့သော်လည်း သူက မစိုးရိမ်မိပေ။ သူ့ယုံကြည်ချက်က သာမန်လူများဆီမှ ထောက်ခံအားပေးမှု ရှိနေသည့် အသိကြောင့် ဖြစ်လာခြင်း ဖြစ်၏။
သာမန်လူများသည် ပုရွက်ဆိတ်လောက် အားနည်းသော်လည်း စိတ်လွတ်နေသည့် ကျင့်ကြံသူများကသာ သူတို့၏ အလိုကို ပွင့်လင်းမြင်သာ ဆန့်ကျင်ကြလိမ့်မည်။ သေမျိုးများသည် ကျင့်ကြံသူများအတွက် အုတ်မြစ် မဟုတ်ပါလော။ သူတို့က ကျင့်ကြံရေးလောကအတွက် သွေးသစ် မွေးထုတ်ပေးနိုင်သည်။ ဧကရာဇ်များပင် လူအများ၏ အလိုဆန္ဒအတိုင်း လိုက်လံဆောင်ရွက်ပေးရလေရာ ကျင့်ကြံသူများသည်လည်း မကွဲပြားပေ။
မြို့သူမြို့သားများကို ပွင့်လင်းမြင်သာစွာ တိုက်ခိုက်လိုက်ခြင်းက တခြားကျင့်ကြံသူများဆီမှ အထင်သေးမှုများသာ ရလာလိမ့်မည်။ ဤသည်က ကျင့်ကြံရေးလောကအတွင်း ပြောစရာမလိုသည့် စည်းမျဉ်း ဖြစ်၏။
ယဇ်နတ်ဆရာ ထင်ထားသည့်အတိုင်း သာမန်ပြည်သူများက ထိုက်ရွှီကျောင်းတော်မှ အဖွဲ့ကို စတင်အပြစ်ပြောလာကြသည်။
“မကောင်းဆိုးဝါးမကို သတ်ပစ်သင့်တယ်”
“ မကောင်းဆိုးဝါးမကို သတ်ပစ် ”
“ မကောင်းဆိုးဝါမဘက်ကနေ ကာကွယ်မပေးသင့်ဘူး”
ထိုက်ရွှီကျောင်းတော်၏ ပထမတပည့် ကျန်းရန်ယီက ကျယ်ကျယ်လောင်လောင် ပြောလိုက်သည် “ ခင်ဗျားက တာအိုဂိုဏ်းသား တစ်ဦးဖြစ်ပြီး တခြားမျိုးနွယ်ရဲ့ ရိုးရာဓလေ့တွေကို ပြောနေတယ်။ ကိုယ်ပိုင်အကျိုးမြတ်အတွက် သက်ရှိလူသားတစ်ယောက်ကို ယစ်ပူဇော်ရဲတယ်ပေါ့။ ခင်ဗျားကို ဒီလိုလုပ်ဖို့ ဘယ်သူကများ သတ္တိပေးထားလဲ ”
ယန်ဖျင်၏ မျက်နှာကား မှောင်မှိုင်းသွားကာ “ မင်းကများ ”
“တာအိုက နတ်ဘုရားဧကရာဇ်အရင်ပဲ။ ကနဦးချီက အရာအားလုံးကို မွေးထုတ်ပေးထားပေမဲ့ မတည်မြဲဘူး”ကျန်းရန်ယီက ခပ်ကျယ်ကျယ် ပြောလိုက်သည် “ ကျုပ်က ထိုက်ရွှီကျောင်းတော်ကလို့ ပြောထားပြီးသား။ ခင်ဗျားက တာအိုဂိုဏ်းသား တစ်ဦးဖြစ်ပြီးတော့ မဟုတ်မမှန်တာတွေ ဆက်ပြောနေတုန်း။ ဝိညာဉ်ကတောင် အပြစ်ကြွေးကို ခံနိုင်ရည်ရှိမှာ မဟုတ်တော့ဘူး။ မကောင်းမှုက အကျဉ်းတန်တယ်လို့ မထင်ဘူးလား။ ခင်ဗျားကို ဘယ်သူကများ သင်ပေးထားတာလဲ ”
နေရာရှိ ကျင့်ကြံသူများကလည်း ကျန်းရန်ယီ၏ စကားသည် အဓိပ္ပာယ်ရှိကြောင်း ခံစားမိလာကြသည်။
လူအများက မည်မျှအော်နေစေကာမူ ဆူညံသံသာ ဖြစ်လာစေ၏။ သူတို့က ကျင့်ကြံသူများ၏ စိတ်ဆန္ဒကို မပြောင်းလဲနိုင်ပေ။
တာ့ယန်ရှိ ကျင့်ကြံရေးသဘောတရားများသည် အတွေးဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ထိုသဘောတရားအပေါ် အခြေခံ၍ လမ်းညွှန်မှုများကို ကျင့်ကြံရေးအတွက် အသုံးပြုကြသည်။ ကွန်ဖြူးရှပ်၊ ဗုဒ္ဓနှင့် တာအိုအဖွဲ့အစည်းများတွင် ထိုသို့သော ရိုးရာဓလေ့မျိုး မရှိပေ။ ထို့အစား ထိုအရာက တခြားမျိုးနွယ်၏ စုန်းအတတ်နှင့် တူညီနေပုံပေါ်သည်။ ကျောင်းတော်ကို တက်ရောက်ကြသည့် ကျင့်ကြံသူများက ထိုအရာကို ပိုသိကြ၏။
ကျန်းရန်ယီ၏ စကားက အားလုံးကို ဆိတ်ငြိမ်သွားစေဟန်ပေါ်သည်။
ထိုစဉ် ယန်ဖျင်က နောက်တစ်လှမ်းဆုတ်လိုက်၏။
ဖြောင်း ဖြောင်း ဖြောင်း
တစ်ချိန်တည်းဆိုသလို ဟုန်ချူးအဖွဲ့မှ ဝတ်ရုံဖြူ ကျင့်ကြံသူများဆီမှ လက်ခုပ်တီးသံ ထွက်ပေါ်လာသည်။ လက်ခုပ်တီးသံက ကျယ်လောင်လွန်း၍ အားလုံး၏ အာရုံကို ဖမ်းစားသွားလေသည်။
“ထိုက်ရွှီကျောင်းတော်ရဲ့ ပထမတပည့်ဆိုတဲ့အတိုင်းပဲ … သူ့စကားကို ထောက်ခံတယ်။ ဒီယဇ်နတ်ဆရာအိုကြီးက တာ့ယန်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမဲ့ တခြားမျိုးနွယ်ရဲ့ ယုတ်ညံ့တဲ့ ဝိညာဉ်မျိုးကို ပိုင်ဆိုင်နေတယ်။ သူ့ကို အရင်သတ်ပစ်လိုက်တာ ပိုကောင်းမယ် ”
“သူ့ကို သတ်ကြ” ဟုန်ချူးအဖွဲ့မှ လူများက သံပြိုင်အော်လိုက်ကြသောကြောင့် ကောင်းကင်ကိုပင် လှုပ်ခတ်သွားစေသည်။
သူတို့အသံအတွင်း ကနဦးချီများကြောင့် အသံလှိုင်းက နေရာတစ်ခုလုံး ပဲ့တင်ထွက်သွားသည်။
ထိုက်ရွှီကျောင်းတော်၏ ပထမတပည့် ကျန်းရန်ယီက လက်နှစ်ဖက်ယှက်ကာ “ အားလုံး ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် …”
သူက ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် ထိုလူများနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
“ ဒီလူရဲ့ အရူးလုပ်တာကို မခံကြပါနဲ့။ မျက်လုံးကို သေချာဖွင့်ပြီး ကြည့်ကြပါ။ ဒီမိန်းကလေးက မကောင်းဆိုးဝါးမ ဟုတ်ရဲ့လား ”
သစ်သားစင်မြင့်အထက် မိန်းကလေးက သူမ၏ မျက်ဝန်းများဖြင့် သိချင်စွာ လိုက်ကြည့်နေသည်။
ကျန်းရန်ယီက ဆက်ပြောလိုက်သည်။
“ ခင်ဗျားက တခြားလူသားတစ်ယောက်ရဲ့ အသက်ကို ကောက်ရိုးမျှင်လို ဆက်ဆံနေတာပဲ။ ခင်ဗျား အပြစ်ကြွေးကို အခုဝန်ခံသင့်ပြီ ”
ယန်ဖျင်က နောက်တစ်လှမ်း ဆုတ်လိုက်သည်။ သူက အခြေအနေသည် မဟန်တော့ကြောင်း မြင်လိုက်သည့်အခါ မြေပေါ်မှ လေထဲ ခုန်ပျံလိုက်သည်။ အကယ်၍ သူသာ ဆက်နေနေပြီး စကားဖြင့် ဆက်လက်ကာကွယ်နေပါက သူ့ကိုယ်သူ အပြစ်မှ ကယ်တယ်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မည်။ ထိုအပြစ်များက သက်သေမရှိဘဲ စွပ်စွဲထားခြင်း မဟုတ်ပါလော။ သို့သော်လည်း ယခု သူ ထွက်ပြေးဖို့ ရွေးချယ်လိုက်ပြီဖြစ်၍ အပြစ်ကြွေးက ထင်ရှားလာသည်။
လူများကလည်း ယဇ်နတ်ဆရာကြီး ထွက်ပြေးသည်ကို မြင်သည့်အခါ အံ့ဩကုန်ကြသည်။
“ထွက်ပြေးချင်တာလား” ဟုန်ချူးအဖွဲ့မှ အကြီးအကဲတစ်ဦးက ဓားဆွဲကာ လေထဲ ခုန်ဝင်လိုက်သည်။ သူ့ကနဦးချီစွမ်းအား ထွက်ပေါ်လာကာ သူ့ဓားပတ်လည်တွင် စွမ်းအားဓားငါးချောင်းက လှည့်ပတ်နေ၏။ သူက လက်ဆန့်ထုတ်လိုက်သည့်အခါ စွမ်းအားဓားများက ထွက်သွားသည်။
ဘန်း ဘန်း ဘန်း
ယန်ဖျင်က ဗြဟ္မာပင်လယ်အဆင့်ပင် မရောက်သေးသည့် အဆင့်နိမ့် ကျင့်ကြံသူ ဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း ထိုစွမ်းအားဓားငါးချောင်းက သူ့နောက်ကျောထဲ ထိုးစိုက်သွားတော့သည်။ သူက ဆိုးဆိုးရွားရွား အော်ငြီးလိုက်ပြီးနောက် လေထဲမှ ပြုတ်ကျလာသည်။
ကျန့်ခန်က အော်ပြောလိုက်သည်။
“ သူ့လိုမျိုး ရည်ရွယ်ချက်ကြီးတဲ့သူကို စည်းမျဉ်းနဲ့အညီ အပြစ်ကြွေးကို ဝန်ခံခိုင်းသင့်တယ် ”
“ကောင်းတယ် ”
ထိုက်ရွှီကျောင်းတော်၏ ပထမတပည့် ဖြစ်သည့် ကျန်းရန်ယီက သစ်သားကားစင်ပေါ်မှ မိန်းကလေးအား ကြည့်လိုက်ကာ ပြောလိုက်သည်။ “ ရှစ်စွင်းရဲ့ အမိန့်အရ သူမကို ကျောင်းတော်ဆီ ပြန်ခေါ်သွားမယ် ”
“ခဏ ” ကျန့်ခန်က လက်မြောက်လိုက်သည်။
“ပြဿနာရှိလို့လား ”
“သူမကို ခေါ်သွားဖို့ ထိုက်ရွှီကျောင်းတော်ကို ဘယ်သူက ခွင့်ပြုထားလို့လဲ။ မင်းတို့က ဟုန်ချူးအဖွဲ့ကို ဘယ်လိုဆက်ဆံနေတာလဲ” ကျန့်ခန်က အေးစက်စက် ပြောလိုက်သည်။
ဒီနေရာသို့ အားလုံး ရောက်နေကြသည့် အကြောင်းအရင်းကား သိသာလှသည်။
ကျန်းရန်ယီ စိတ်ထဲ တစ်ခုခု ဖြစ်ပေါ်လာသည်။ သူ့အကြည့်များက ခက်ထန်လာကာ
“ဟုန်ချူးအဖွဲ့လည်း ဒီကိစ္စမှာ ဝင်ပါဖို့ ကြိုးစားနေတာလား”
ထိုက်ရွှီကျောင်းတော်ဘက်မှ တပည့်များက နေရာအသင့်ပြင်ထားကြသည်။
ဟုန်ချူးအဖွဲ့မှ ကျင့်ကြံသူများကလည်း ဓားများ ဆွဲထုတ်လိုက်ကြ၏။
“ ဒီအရေးမှာ မပါတဲ့သူတွေ နောက်ဆုတ်ကြ ”
သာမန်ပြည်သူများက တစ်ခုခုလွဲမှားနေကြောင်း ပြောနိုင်၍ ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင် ဝန်းကျင်မှ လွတ်ရာကျွတ်ရာအထိ နောက်ဆုတ်လိုက်ကြသည်။
ထိုစဉ် လုကျိုးနှင့် ဟွားချုံးယန်တို့သာ မလှုပ်မယှက် ရပ်နေကြခြင်း ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် သူတို့က ထင်းထွက်နေသည်။
သူတို့ကို အာရုံမစိုက်မိဘဲ မည်သို့နေမည်နည်း။
ဟုန်ချူးအဖွဲ့နှင့် ထိုက်ရွှီကျောင်းတော်တို့မှ အဖွဲ့သားများက ထိုနှစ်ယောက်ကို ကြည့်လိုက်ကြသည်။
“မသက်ဆိုင်တဲ့လူတွေ ဘေးဖယ်ကြ ”ကျန့်ခန်က အော်ပြောလိုက်သည်။
ဟွားချုံးယန်က အကြံပြုလိုက်သည် “ကျုပ်ဆီမှာ အကြံပြုစရာ ရှိတယ်”
“ဟမ်” ကျန့်ခန်နှင့် ကျန်းရန်ယီတို့က အချင်းချင်း ကြည့်လိုက်ကြသည်။
“ သူမရဲ့ အမြင်ကို မေးကြည့်ရင်ရော …” ဟွားချုံးယန်က မိန်းကလေးအား လက်ညှိုးထိုးကာ ပြောလိုက်သည်။
အားလုံးက သူမအတွက် တိုက်ခိုက်နေကြသော်လည်း သူမ၏ အမြင်ကိုတော့ မည်သူမှ ဂရုမစိုက်ကြပေ။
ဟွားချုံးယန်၏ စကားကို ကြားကာ ဟုန်ချူးအဖွဲ့နှင့် ထိုက်ရွှီကျောင်းတော်မှ အဖွဲ့သားများက ကြည့်လိုက်ကြသည်။
“ ငါ သဘောတူတယ် ”
“ငါရောပဲ”
နှစ်ဖက်လုံး၏ ကိုယ်စားပြုများက သဘောတူကာ မိန်းကလးအား မျှော်လင့်တကြီး အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
ကျန်းရန်ယီက မိန်းကလေးအား ကြည့်ကာ “ မကြောက်ပါနဲ့ … ငါတို့နဲ့အတူ ထိုက်ရွှီကျောင်းတော်ကို လိုက်ခဲ့ပါ့လား။ တကယ်လို့ ငါ့နောက်သာ လိုက်ရင် မင်း လိုချင်တာမှန်သမျှ ပေးမယ်”
သူက အမူအရာကို ထိန်းချုပ်ဖို့ ကြိုးစားနေရသည်။ သူက ထိုမိန်းကလေးကို ကြောက်လန့်သွားစေမည်ကို စိုးနေမိ၏။
မိန်းကလေးက သူ့အား ပြန်ကြည့်လာသည်။ သူမက ကျန်းရန်ယီအား ခတ္တမျှကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်သည်။
ထိုအရာကို မြင်ပြီး ကျန့်ခန်က အားပါးတရ အော်ရယ်လိုက်သည်။ “ ကျန်းရန်ယီ .. မင်းတတ်နိုင်တုန်း လက်လျှော့လိုက်သင့်တယ်။ မိန်းကလေး ငါတို့နဲ့အတူ ဟုန်ချူးအဖွဲ့ဆီ ပြန်လိုက်ခဲ့ပါ့လား။ ဂိုဏ်းချုပ်က မင်းကို ဘယ်လိုကျင့်ကြံရမယ်ဆိုတာကို ကိုယ်တိုင်သင်ပေးလိမ့်မယ်။ ဟုန်ချူးအဖွဲ့က အကြီးတန်းတွေကလည်း မင်းရဲ့ အကူအညီ ဖြစ်လာလိမ့်မယ် ”
ထိုမိန်းကလေးက ကျန့်ခန်အား ကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်ပြန်သည်။
ကျန့်ခန် “ … ”
ထိုက်ရွှီကျောင်းတော်၏ အဖွဲ့သားများက လက်စားချေသည့်အလား အားပါးတရ ရယ်မောလိုက်ကြသည်။
ထိုစဉ် ဟွားချုံးယန်က ကြည်လင်သော အသံဖြင့် မေးလိုက်သည်။
“ မိန်းကလေး နာမည်က ဘာလဲ ”
လုကျိုးက နေရာမှာတင် ရပ်ကာ တိတ်ဆိတ်နေသည်။ သို့သော် သူက ထိုမိန်းကလေးအပေါ် စိတ်ဝင်စားမှု ကြီးမားလာသည်။
တခြားဂိုဏ်းတွေက သူမအပေါ် ဘာလို့လုနေကြတာလဲ … သူတို့က သူမကို သီးသန့် ဆက်ဆံပေးပြီးတော့ အကျိုးမြတ်တွေကိုတောင် ထုတ်ပေးလာသေးတယ်
ဟွားချုံးယန်၏ မေးခွန်းက အားလုံး၏ အာရုံကို ဖမ်းစားသွားသည်။ ထို့နောက် အားလုံးက စကားပြောဆိုပြီးသည့်နောက်တွင် ထိုမိန်းကလေး၏ နာမည်ကို မသိသေးကြောင်း သတိရသွားကြသည်။ အားလုံးက ထိုမိန်းကလေးအား ကြည့်လိုက်ကြသည်။
မိန်းကလေးက တစ်ဖန်ခေါင်းခါလိုက်ပြန်သည်။ သူမက လက်ကို ရုန်းလိုက်သည်။ ကြိုးက စွမ်းအားဓားချက်ကြောင့် ပြေလျော့သွားပြီဖြစ်၍ ရုန်းလိုက်သည့်အခါ ချက်ချင်းဆိုသလို မြေပေါ် ပြုတ်ကျသွားသည်။ ထို့နောက် သူမက လက်ထဲမှ ပစ္စည်းအား မြောက်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ ခရု ”
“ခရုတဲ့လား” ဟွားချုံးယန်က ပြုံးကာ ပြောလိုက်သည်။
“ကောင်းပြီ … အဲဆို မင်းကို ခရုလို့ ခေါ်မယ်။ ငါနဲ့အတူတူ လိုက်လာချင်လား ”