← Chapters

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အခန်း (၄၇၅) ခရုမိန်းကလေး၏ရွေးချယ်မှု

သူမအမည်ကို ဟွားချုံးယန်မေးနေသောကြောင့် ဖြစ်ဟန်တူသည်။ ထိုမိန်းကလေးက နေရောင်ကို မျက်နှာမူလျက် နွေးထွေးစွာပြုံးလိုက်လေ၏။ သို့သော် သူမက သူ့ကို တုံ့ပြန်ခဲ့တာမဟုတ်ပေ။ ထိုအစား သူမလက်ထဲရှိ ခရုကို မြှောက်လျက် သူမ၏နှုတ်ခမ်းနား ထားလိုက်လေ၏။ သူမ၏ပါးလျသော နှုတ်ခမ်းကို အနည်းငယ်စေ့လိုက်ပြီးနောက် လေထဲတွင် ဆူညံသံသဲ့သဲ့ပေါ်ထွက်လာ၏။

ခရုကနေ ပေါ်ထွက်လာသည့်အသံသည် ငြိမ့်ညောင်းပြီးသာယာက ကောင်းကင်ဘုံကိုးကွယ်ရေး ရင်ပြင်ဆီ ပျံ့သွားတော့၏။ တမူထူးကဲသောအသံနှင့် ပင်လယ်အောက်မှလာသည့် တစ်စုံတစ်ရာနှင့် အသံခြင်းတူနေသည်။ အတိတ်တုန်းက နတ်သမီးတို့ တေးဆိုသည့်ပမာ အသံတိုးသော်ငြား လှပပြီးတောက်ပသည့် အသံမျိုးဖြစ်သည်။

တေးသံက တောအုပ်ထဲပျံ့သွားတော့သည်။

ဝှစ် ဝှစ် ဝှစ်

ငှက်များက ကောင်းကင်ထဲကနေ ပေါ်လာသည်။ ဧရာမလင်းယုန်ကြီးများနှင့် စာကလေးများက လေထဲပျံသန်းနေ၏။ ထိုစဉ် မြေပေါ်ရှိသားရဲများကလည်း တောအုပ်ကနေ စင်မြင့်ဆီသို့ ဖြည်းဖြည်းချင်း တွားသွားလာတော့သည်။ သူတို့၏မျက်လုံးများသည် အစိမ်းရင့်ရင့်အလင်းဖြင့် တောက်ပနေလေ၏။ ယင်းက အခြေခံကျင့်ကြံဆင့်ကိုရရှိရန် ကြိုးပမ်းသည့်လက္ခဏာပဲဖြစ်သည်။ တောရိုင်းတိရစ္ဆာန်များသည် ကောင်းကင်နှင့်မြေကြီး၏ကနဦးချီကို စုပ်ယူပြီး မာကျောကာ ပိုကြောက်မက်ဖွယ်ကောင်းလာပြီး ပိုအရိုင်းစိတ်ဝင်လာကြသည်။ အစွမ်းထက်သည့် ရက်စက်ကြမ်းကြုတ်သည့် သားရဲများကလည်း လူသားမျိုးနွယ်၏ရန်သူများပဲဖြစ်သည်။

ခရုသံက လူအများကို မှင်တက်သွားစေသည်။ သူတို့သတိပြန်ဝင်လာချိန်၌ ထပ်အော်ပြန်၏။

“မကောင်းဆိုးဝါးမ”

“မကောင်းဆိုးဝါးမ”

ထိုစဉ် ထိုက်ရွှီကျောင်းတော်၏တပည့်ကြီး ကျန်းရန်ယီက ကျောက်စင်မြင့်ကနေအဝေးသို့ ထွက်သွားပြီးနောက် ခရုမိန်းကလေးဆီသို့ လျှပ်ပြက်သောအရှိန်ဖြင့် ပျံသန်းသွားသည်။

ဘန်း

ဟုန်ချူးအခွဲ၏ ကျန့်ချန်ကလည်း နောက်ကလိုက်ပါလာသည်။ သူသည် အရှိန်အရာတွင် ကျန်းရန်ယွီထက် မလျော့ပေ။ စွမ်းအင်များက ဝေ့တက်လာပြီး ကျန်းရန်ယွီဆီကျရောက်လာကာ သူကပြောလိုက်၏။ "ငါတို့လက်သီးနဲ့ ဘယ်သူထိုက်တန်မလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့”

“မင်းက ငါ ပြောမဲ့စကားကိုပြောနေတာပဲ”

နှစ်ယောက်လုံးက စွမ်းအင်စက်လုံးများဖြင့်လွှမ်းနေသည်။ အစောပိုင်းတိုက်ခိုက်ပြီးနောက် သူတို့သည် လေထဲတွင် တစ်ယောက်နှင့်တစ်ယောက်ရင်ဆိုင်လိုက်၏။

ထိုက်ရွှီကျောင်းတော်၏တပည့်များကလည်း ရှေ့တိုးသွားကာ ဟုန်ချူးအခွဲမှတပည့်များက ဓားဆွဲထုတ်လျက် ရှေ့တက်လာကြသည်။

နေရာ၌ ရုတ်ရုတ်သဲသဲဖြစ်ကုန်၏။

ယင်းကိုမြင်ပြီး ဟွားချုံးယန်က လုကျိုးကို တစ်ချက်ကြည့်လိုက်သည်။ သူသည် လှုပ်ရှားရန် တွေဝေမနေခဲ့ပေ။ ကျားနှစ်ကောင်တိုက်ခိုက်ချိန်၌ သူသည် တတိယသူအနေဖြင့် အကျိုးအမြတ်ကို အလွယ်လေးရနိုင်သည်။ သူ၏လှုပ်ရှားမှုများက စာဝါငှက်ပမာလျင်မြန်ပြီး စွမ်းအင်တို့ကို ထိန်းထားလိုက်၏။

“ငါ့နောက်လိုက်ခဲ့"

ခရုမိန်းကလေး၏မျက်နှာထက်၌ အံ့ဩသည့်အမူအရာပေါ်လာပြီး သူမက နောက်တစ်လှမ်း ဆုတ်လိုက်သည်။ သူမနောက်တစ်လှမ်း ဆုတ်လိုက်သည့်အချိန်တွင် များစွာသည့် စွမ်းအင်ဓားများက သူမဆီ ရောက်ရှိလာ၏။ ဟွားချုံးယန်က လက်တစ်ဖက်ဖြင့် ဖြေရှင်းလိုက်သည်။ ကြီးမားသည့် စွမ်းအင်စည်းတံဆိပ်က စွမ်းအင်ဓားများကို ပြိုကွဲသွားစေသည်။ စွမ်းအင်စည်းတံဆိပ်ကို ပြန်ရုပ်သိမ်းပြီးနောက် ခရုမိန်းကလေးသည် စွမ်းအင်လက်ဝါးဖြင့် ဆွဲယူခံလိုက်ရသည်။

“သူ့ကို ထွက်သွားခွင့်မပေးနဲ့”

“သေစမ်း”

ကျန့်ချန်နှင့် ကျန်းရန်ယီက ဟွားချုံးယန်ကို ရှာတွေ့သွားသည်။ သူတို့နှစ်ယောက်လုံးက တိုက်ခိုက်တာကို ချက်ချင်း ရပ်တန့်ပြီးနောက် နှစ်ဦးသဘောတူညီချက်ရယူကာ ဟွားချုံးယန်ဆီသို့ပျံသန်းသွားကြသည်။

လက်ဝါးတစ်ဖက်နှင့် ဓားတစ်လက် ဘယ်မှညာ ... ဟွားချုံးယန်က အော်လိုက်၏။

“ထွက်သွား”

ဝှစ်

ပေကိုးဆယ်နီးပါး မြင့်မားသော စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုသည် ပေါက်ကွဲမှုတစ်ခုဖြင့်ပေါ်လာ၏။ တောက်ပနေသောရွှေရောင်စွမ်းအင်သည် ကျန့်ချိုက်နှင့် ကျန်းရန်ယွီကို နောက်သို့တွန်းလိုက်သည်။ သူတို့နှစ်ယောက်လုံးက နောက်ကျွမ်းပစ်သွားကာ လေထဲ၌ သွေးအန်ကုန်၏။

ဟုန်ချူးအခွဲနှင့် ထိုက်ရွှီကျောင်းတော်၏တပည့်များက ပေကိုးဆယ်ခန့်နီးပါးမြင့်သည့် စိတ်ဝိညာဉ်သဏ္ဌာန်ကို မော့ကြည့်လိုက်ကြသည်။

“ပွင့်ချပ်ခုနစ်လွှာအကျော်အမော်”

“သူက ပွင့်ချပ်ခုနစ်လွှာလက်ရွေးစင်လား”

လုကျိုးသည် ပွင့်ချပ်ခုနစ်လွှာအကျော်အမော်ဖြစ်သည့် ဟွားချုံးယန်ကို ကြည့်လိုက်၏။ သူ၏အမူအရာက တည်ငြိမ်နေသည်။

ဟွားချုံးယန်သည် သူ၏ပွင့်ချပ်ခုနစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်ချိန်၌ သူသည် ကျန့်ချန်၊ သို့မဟုတ် ကျန်းရန်ယွီကို တစ်ချက်တောင်မကြည့်ခဲ့ပေ။ သူ၏ အာရုံစိုက်မှုက တစ်ချိန်လုံး လုကျိုးဆီတွင်သာ ရှိသည်။ ဤနေရာတွင် လူအားလုံး စုဝေးနေလေရာ လုကျိုးကသာလျှင် သူ့ကို ဤနေရာ၌ ခြိမ်းခြောက်နိုင်စွမ်းရှိသည်ဟု သူ ယူဆမိသည်။

ကျန့်ချန်နှင့် ကျန်းရန်ရန်ယွီတို့က သူတို့ခန္ဓာထဲရှိ နာကျင်မှုကို တောင့်ခံလျက် လေထဲ ပျံဝဲလိုက်တော့သည်။

“တပည့်တို့ ငါ့အမိန့်နာခံကြ”

ထိုက်ရွှီကျောင်းတော်နှင့် ဟုန်ချူးအခွဲမှ တပည့်များအားလုံးသည် ကောင်းစွာလေ့ကျင့်သင်ကြားပေး ခံထားရတာဖြစ်သည်။ သူတို့က တပြိုင်နက်တည်းနောက်ဆုတ်ပြီး စတုရန်းအစီအရင်ကို ဖွဲ့တည်လိုက်၏။

“အစီအရင်ဖန်တီးကြ”

ထိုက်ရွှီကျောင်းတော်က တပည့်များသည် သူတို့အိတ်ထဲကနေအဆောင်များထုတ်လိုက်သည်။

ဟုန်ချူးအခွဲ၏တပည့်များက သူတို့၏လက်ချောင်းထိပ်ကိုကိုက်ပြီးနောက် ဓားကိုသုတ်လိုက်သည်။

အဆောင်များက လောင်မျိုက်ကာ ဓားကတောက်ပလာ၏။

စည်းတံဆိပ်က ပေါ်လာပြီးနောက် ခမ်းနားသောအစီအရင်ကို စည်းပိတ်ရန် သင်္ကေတကြီးတစ်ခု ဖွဲ့တည်လိုက်သည်။

ဟွားချုံးယန်က ထိုမျှ သဟဇာတကျကျ ပူးပေါင်းနိုင်လိမ့်မည်ဟု မထင်ထားပေ။ ခရုမိန်းကလေးကို သူနှင့်အတူ ခေါ်လာပြီးနောက် သူ့လက်ဝါးကိုရုပ်လိုက်သည်။ သူထင်ထားသည့်အတိုင်းပင် သူမက ကျင့်ကြံသူတစ်ယောက်မဟုတ်။ သူ၏စွမ်းအင်ဖြင့် သူမကိုချည်နှောင်ခံထားရချိန်၌ သူမ ကူကယ်ရာမဲ့နေ၏။

“မင်း ထွက်သွားလို့မရဘူး” ကျန့်ချန်က အော်လိုက်သည်။

ဟုန်ချူးအခွဲ၏တပည့်များကလည်း ဓားများကို ပစ်လွှတ်လိုက်၏။ သိပ်သည်းနေသော စွမ်းအင်ဓားများသည် လျင်မြန်စွာဆက်တိုက်ရောက်ရှိလာ၏။

ဟွားချူံးယန်က သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကိုပြန်ခေါ်ကာဆင်းသက်လိုက်သည်။

“သွားကြမယ်” ယေဘုယျအားဖြင့် ယင်းက သူထွက်ပြေးရန်အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ သူ၏တာဝန်က ခရုမိန်းကလေးကို ခေါ်သွားရန်ဖြစ်သည်။ ဆိုရလျှင် သူက ပွင့်ချပ်ခုနစ်လွှာ အကျော်အမော်တစ်ယောက်ဖြစ်၏။ မဖြစ်မနေ တိုက်ခိုက်ရန် မလိုချေ။ ဟွားချုံးယန်သည် ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်ကနေ ပြန်ထွက်လာချိန် အနက်ရောင်အရိပ်တစ်ခုက သူ့နောက်ကနေ ပစ်ခွင်းလိုက်၏။

ယင်းက စိတ်ဝိညာဉ်သဏ္ဌာန်မဟုတ် စွမ်းအင်လည်းမဟုတ် ခန္ဓာကိုယ်ကိုလက်နက်အနေဖြင့် အသုံးပြုတာဖြစ်သည်။ ထိုပုံရိပ်က ဟွားချုံးယန်ကို သူ၏လက်သီးတစ်ဝိုက် ရွှေရောင်စွမ်းအင် စည်းတံဆိပ်တို့ ရစ်ဝဲလျက် ထိုးချလိုက်သည်။

ဟွားချုံးယန်၏အမူအရာက သုန်မှုန်သွားကာ သူ့လက်နှစ်ဖက်ကိုသုံးပြီး ပိတ်ဆို့လိုက်၏။ တစ်ချိန်တည်းတွင် သူ့နားတစ်ဝိုက်စွမ်းအင်စည်းတံဆိပ်အရံအတားတစ်ခုပေါ်လာပြီး ထိုက်ရွှီကျောင်းတော်၏ သင်္ကေတစည်းတံဆိပ်များနှင့် ဟုန်ချူးအခွဲ၏ဓားအစီအရင်ကို ခုခံလိုက်သည်။

ဘန်း ဘန်း ဘန်း

ဂိုဏ်းနှစ်ဂိုဏ်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာ၌ သူ့ကိုယ်သူ ခုခံကာကွယ်ခဲ့သည်။ သို့သော် ရုတ်တရက် ပေါ်ပေါက်လာသော ရွှေရောင်စွမ်းအင်လက်သီးသည် သူ မှန်းဆထားသည်ထက် သာလွန်နေ၏။

“မြန်လိုက်တာ”

လက်သီးသည် ဟွားချုံးယန်၏လက်နှင့်မြဲမြံစွာဆက်သွား၏။ သန်မာသည့်သက်ရောက်အားက သူ့ကို ထိသွားစေသည်။ သူ လဲပြိုကျသွား၏။ သူ၏သွေးအဆီအနှစ်များက ဆန်တက်လာကာ လက်ဝါးဖြင့် တွန်းထုတ်လိုက်ရသည်။ ယခုအချိန်တွင် သူ အားထားနိုင်သည့်လူတစ်ယောက်သာ ရှိသည်။

“လုချန်းပေ့ ကျုပ်ကိုကူညီပါ”

အနက်ရောင်အရိပ်ပေါ်လာချိန်၌ ဟွားချုံးယန်သည် ယနေ့သူ၏ တာဝန် ထိုမျှ မလွယ်ကူမှန်း သိလိုက်ရ၏။ သူသည် နောက်သို့ လွင့်ထွက်သွားသည်။ ထုံးကျောက်မြေပြင်ကလည်း ဖယ်ရှားခံလိုက်ရပုံ ပေါ်သည်။ ခဏအကြာတွင် သူက လေထဲတစ်ပတ်လည်သွားပြီးနောက် မြေပြင်ပေါ်၌ မြဲမြံစွာရပ်လိုက်နိုင်သည်။ ပြီးနောက် ခရုမိန်းကလေးကို လုကျိုးဆီ လက်ဝါးရိုက်ချက်ဖြင့် ပို့လိုက်သည်။

ခရုမိန်းကလေးက သူ၏မျက်လုံးဝိုင်းကြီးများဖြင့် မော့ကြည့်လာသည်။ ပထမဆုံးအနေဖြင့် သူမက ပြုံးပြီး တစ်စုံတစ်ယောက်ကို နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ” လုကျိုးက သူမ၏မျက်လုံးကို ငုံ့ကြည့်လိုက်သည်။ သူမခေါင်းက သူ့ပခုံးထိသာ ရောက်၏။ မျက်လုံးများသည် လူတစ်ယောက်၏ စိတ်ပြတင်းပေါက်ဟု ဆိုကြသည်။ သူမမျက်လုံးထဲ၌ အပြစ်ကင်းမှုနှင့် သန့်စင်မှုကိုသာ မြင်ရသည်။ သူက သန့်စင်လွန်းသောကြောင့် ဖုန်တစ်မျှင်တောင် မစွန်းထင်းပုံ ပေါ်သည်။ ခရုမိန်းကလေး၏ နှုတ်ဆက်မှုက အနက်ရောင်အရိပ်ကို ရပ်တန့်သွားစေသည်။

အနက်ရောင်အရိပ်သည် သံချပ်ကာအပြည့် ဝတ်ထားသော လူရွယ်တစ်ယောက်ဖြစ်၏။ သူ၏မျက်နှာပေါ်တွင် ဓားဒဏ်ရာရှိနေသည်။ သူ၏သံချပ်ကာကို ကြည့်လျှင် ကျန်းစီရင်စုမြို့၏ မြို့စောင့်တပ်မှ စစ်သားတစ်ယောက်နှင့် တူသည်။

“မင်္ဂလာပါ” လုကျိုးက ခရုမိန်းကလေးကိုမေးလိုက်၏။

“ရှင့်ရဲ့နာမည်က ဘာလဲ”

“ငါက လုကျိုး ... မင်း ကကော” လုကျိုးက ပြုံးပြီးမေးလိုက်သည်။

“ကျွန်မ ... ကျွန်မ ... ကျွန်မ ” ခရုမိန်းကလေးသည် သူမနာမည် သူမ မှတ်မိပုံမရ။ မျက်မှောင်ကျုံ့ကာ သူ၏နာမည်ကို မှတ်မိရန် ရုန်းကန်နေပုံပေါ်၏။ “လော့”

“လော့လား” လုကျိုးသည် သူမလက်ထဲရှိ ခရုကိုကြည့်လိုက်၏။

“ဒီကိုလာ”

“ဪ” ခရုမိန်းကလေးသည် လုကျိုးဖက်သို့ရွေ့လာသည်။ သူမသည် မြေးမလေးတစ်ယောက်ပမာ လိမ္မာနေ၏။

ကျန်သည့်သူများက ယင်းကိုတွေ့ပြီးအံ့ဩသွားကြတော့သည်။

ကျင်းမြို့စောင့်တပ်စစ်သည်က နက်ရှိုင်းသောအသံဖြင့်ပြောလိုက်သည်။

“အရှင့်အမိန့်အောက်မှာ ကောင်းကင်ဘုံကိုးကွယ်ရေးစင်မြင့်ပေါ်မှာ ယဇ်ပူဇော်ခံအနေနဲ့ သက်ရှိ လူသားတစ်ယောက်ကို ခွင့်မပြုဘူး။ ဒီမိန်းကလေးကို ငါနဲ့ခေါ်သွားမယ်။ စစ်တပ်အမိန့်ကို မနာခံတဲ့သူတွေအားလုံး ကွပ်မျက်ခံရမယ်”

ဟွားချုံးယန်သည် ကောင်းကင်ဘုံကိုးကွယ်ရေးစင်မြင့်ကို ကျော်ကြည့်လိုက်၏။ သူနှင့် မြို့သူမြို့သားများကြား မီတာတစ်ရာကို စစ်သည်တစ်ထောင်က နေရာယူထားပြီးဖြစ်၏။ သူတို့က ခမ်းနားထည်ဝါသည့် အရှိန်အဝါများထုတ်ဖော်နေလျက် ကောင်းကင်ဘုံကိုးကွယ်ရေးစင်မြင့်ကို ကြည့်လိုက်သည်။

လုကျိုးက မြို့စောင့်တပ်သားကို ကြည့်လိုက်၏။

“ဒီမိန်းကလေးက တစ်နည်းနည်းနဲ့ ငါနဲ့ရေစက်ပါတယ်။ ငါ မင်းကို သူ့ခေါ်သွားခွင့် ပြုနိုင်မယ်လို့မထင်ဘူး”

“ဟမ်...” မြို့စောင့်တပ်ဖွဲ့စစ်သူကြီး၏ အကြည့်တို့က သုန်မှုန်သွားသည်။

ထိုစဉ် ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်ထက်သို့ ထိုက်ရွှီကျောင်းတော်၏တပည့်ကြီး ကျန်းရန်ယီက ဆင်းသက်လာသည်။ ပြီးနောက် သူကလက်သီးဆုပ်မိုးလျက်ပြောလိုက်၏။

“စစ်သူကြီးဝမ်ရှုအောက်က အသန်မာဆုံး အကျော်အမော် စစ်သူကြီးနဉ်ကို သတိမပြုမိခဲ့မိဘူး”

“နှုတ်ခွန်းဆက်ပါတယ် စစ်သူကြီးနဉ် ... ကျုပ်က ဟုန်ချူးအခွဲရဲ့ကျန့်ချန်ပါ”

ဟွားချုံးယန်၏ရင်ထဲ အနည်းငယ် အေးစက်သွား၏။

နဉ်ဟန်က ဒီကိုဘာကြောင့်ရောက်နေတာလဲ။

သူတို့သည် တစ်ယောက်ချင်း အမှန်တကယ်တိုက်ခိုက်ကြမည်ဆိုလျှင် ဟွားချုံးယန်က နဉ်ဟန်နှင့် လက်ရည်ညီသည်။ အစောတုန်းက ချုံခိုတိုက်ခိုက်ခံရခြင်းက သူ အငိုက်မိသွားပြီး ဒဏ်ရာရသွားသည်။ နဉ်ဟန်သည် အနီးကပ်တိုက်ခိုက်ရာ၌ ကျွမ်းကျင်သည်။ သူသည် စစ်မြေပြင်၌ လူသတ်စက်ဖြစ်၏။ သူတို့ကျင်းစီရင်စုကို မတိုက်ခိုက်ခင်က ငရဲဂိုဏ်းသည် ဝမ်ရှုနှင့် သူ၏ လက်အောက်ငယ်သားများအကြောင်း စုံစမ်းစစ်ဆေးခဲ့၏။ နဉ်ဟန်သည် စုံစမ်းစစ်ဆေးမှုထဲတွင်ပါသည့် မှတ်သားရန် ထိုက်တန်သည့်လူများထဲမှ တစ်ယောက်ဖြစ်သည်။ နဉ်ဟန်ကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မထင်ထားပေ။ ရင်ထဲ၌ မကောင်းသည့် ခံစားချက်များ ရလာတော့သည်။ သူသတိကိုမလျှော့ချရဲချေ။ သူ့အထောက်အထားအမှန်သာ ပေါ်သွားလျှင်ဟု တွေးမိချိန်၌ သူတုန်ယင်သွားမိသည်။

…

အခန်း (၄၇၆) လူအိုကြီးလု၏ အင်အား

အကယ်၍ ဒုစစ်သူကြီးသာ ဤမျှအားကောင်းလျှင် စစ်သူကြီးရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် စစ်သူကြီးဝမ်ရှုသည် အားနည်းမည့်လူ မဟုတ်နိုင်ပေ။

ယခင်က တပ်မဟာသုံးခု၏ ခေါင်းဆောင် ဝေ့ကျိုးယန်က လီကျင်းယီ၏ ထောက်ပံ့ပေးမှုဖြင့် အဆင့်တက်သွားခဲ့သည်။ သူက ကြီးမားသော အင်အားစုကို ထိန်းချုပ်ရပြီး အာဏာ ပိုင်ဆိုင်ထားလေသည်။ ထိုအခါကပင် သူက စစ်သူကြီးရှစ်ယောက်နှင့် မယှဉ်နိုင်သေးပေ။

အံ့ဖွယ်မြို့တော်က နဂါးများ၊ ကျားများဖြင့် ပြည့်နှက်နေသည့် နေရာ ဖြစ်ပေသည်။ ထိုအရာက အလိမ် မဟုတ်ပေ။

စစ်သူကြီးနဉ် ပေါ်ထွက်လာမှုက ဟုန်ချူးအဖွဲ့နှင့် ထိုက်ရွှီကျောင်းတော်မှ အဖွဲ့သားများကို ပြိုင်ဆိုင်ဖို့အတွက် လက်လျှော့သွားစေသည်။ အကယ်၍ အံ့ဖွယ်မြို့တော်က ထိုလူကို အလိုရှိလျှင် သူတို့က ဘေးဖယ်ပေးရမည်သာ ဖြစ်၏။

မိန်းကလေးခရုက ဘေးဘက်ရပ်လိုက်ကာ ပတ်ဝန်းကျင်မှ အဖြစ်အပျက်ကို ကြည့်နေလိုက်သည်။ ထိုသို့သော အချိန်မျိုးတွင်ပင် သူမ၏ အကြည့်များတွင် ကြောက်ရွံ့မှုများ မရှိနေဘဲ သိချင်စိတ်သာ ကြီးစိုးနေ၏။

စစ်သူကြီးနဉ်က လုကျိုးအား ကြည့်လိုက်ကာ မေးလိုက်သည်။

“ခင်ဗျား ဘာပြောလိုက်တာလဲ ”

“ငါက နှစ်ခါ မပြောဘူး” လုကျိုးက စစ်သူကြီးနဉ်ကို အာရုံမစိုက်တော့ပေ။ ထို့အစား သူက ဒဏ်ရာရနေသည့် ဟွားချုံးယန်အား ကြည့်ကာ “ သွားကြစို့”

သူက မိန်းကလေးခရု၏ လက်ကိုပါ ဆွဲလိုက်ပြီး ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်မှ ထွက်လာလိုက်သည်။

မိန်းကလေးခရုက နားမလည်စွာဖြင့် “ ဘယ်ကိုလဲ ”

“ မင်း သွားချင်တဲ့ နေရာ ဘယ်နေရာဖြစ်ဖြစ် ” လုကျိုးက အသံတိုးတိုးဖြင့် ဖြေလိုက်သည်။

ဂိုဏ်းနှစ်ဂိုဏ်းနှင့် စစ်သူကြီးနဉ်တို့က လူအိုကြီးနှင့် မိန်းကလေးတို့ စကားတပြောပြောဖြင့် ထွက်သွားသည်ကိုသာ ကြည့်နေကြသည်။

လုကျိုးက လက်ဝေ့လိုက်သည့်အခါ ကနဦးချီ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအခါ စစ်သူကြီးနဉ်က သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။ “သူတို့ကို ဖမ်းကြ ”

ထိုအမိန့်ကြောင့် စစ်သားများစွာက ရှေ့တိုးလာကြသည်။

စစ်မြင်းများ၏ မျက်ဝန်းများက အစိမ်းရင့်ရင့် အရောင် တောက်ပလာသည်။ ဤသည်က သာမန်စစ်မြင်း မဟုတ်ကြောင်း သိသာလှသည်။ စစ်မြင်းဆယ်ကောင်ကျော်က မြေပေါ် ပြေးလာကာ ဖုန်လုံးများသာ ချန်ထားခဲ့သည်။ စီးနင်းလာသည့် စစ်သားများကလည်း အနည်းဆုံး ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့လက်ထဲမှ လှံက ဝေ့ယမ်းလိုက်သည့်အခါ အသံထွက်ပေါ်လာသည်။

လုကျိုးက ခေါင်းအသာခါလိုက်သည်။ သူက ရပ်တန့်ကာ စစ်မြင်းများ ပြေးလာသည်ကို ကြည့်ပြီး ညာဘက်လက်ကို အသာမြှောက်လိုက်သည်။

မိန်းကလေးခရုကလည်း ရပ်တန့်လိုက်သည်။ သူမက ခရုခွံကို မကာ မှုတ်လိုက်သည်။ လေထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက သာမန်ဖြစ်ဟန်ပေါ်လေသည်။ ကနဦးချီ မပါဝင်သလို အသံလှိုင်းလည်း မပါဝင်ပေ။ သို့သော်လည်း စစ်မြင်းများက သူမကို နားလည်ကြဟန်ပေါ်သည်။ သူတို့က ရုတ်ခြည်း ရပ်တန့်ကာ ရှေ့ခြေကို မြောက်လိုက်ရင်း ဟီးလိုက်ကြ၏။

ကျင့်ကြံသူများ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့က ထိုမြင်းများကို နာခံအောင် လုပ်ပြီးသား ဖြစ်၏။

ဒီလိုမျိုး အကြောင်းအရင်းမရှိ ဘာလို့ထိန်းချုပ်မှုလွတ်သွားရတာလဲ …

ထိုစဉ် စစ်မြင်းများက သူတို့ကျောပေါ်မှ ကျင့်ကြံသူများအား ခါချကြနေသည်။

လုကျိုးက စစ်မြင်းများကို သိချင်စွာ ကြည့်လိုက်ပြီးနောက် သူ့ဘေးတွင် ရပ်နေသည့် မိန်းကလေးခရုကို ကြည့်လိုက်မိသည်။

“ မင်း သူတို့ကို ဘာပြောလိုက်တာလဲ ”

“လွတ်လပ်ခွင့် ” မိန်းကလေးခရုက အနည်းငယ် မော့ကြည့်လာသည်။

ထိုစဉ် ဟွားချုံးယန်နှင့် စစ်သူကြီးနဉ်ဟန်တို့က တအံ့တဩ ဖြစ်နေကြသည်။

ဘယ်လိုတောင် ကြောက်ဖို့ ကောင်းတဲ့ စွမ်းရည်လဲ … သူမက အသံတစ်ခုတည်းနဲ့ စစ်မြင်းတွေရဲ့ သစ္စာရှိမှုကို လွှမ်းမိုးနိုင်တယ်လား

တစ်ဖက်တွင် စစ်သူကြီးနဉ်ဟု သိကြသည့် နဉ်ဟန်က ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်ပေါ် ခြေဆောင့်လိုက်ပြီး လွှမ်းမိုးမှုအပြည့်ဖြင့် ပြောလိုက်သည်။ “ဒီမကောင်းဆိုးဝါးမကို ခေါ်ရဲတဲ့သူတိုင်း နေရာမှာတင် သုတ်သင်ခံရမယ်”

ဝုန်း

ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်တစ်ခုလုံး အသံကျယ်ကြီးနှင့်အတူ ပြိုကျသွားလေသည်။

နဉ်ဟန်က လေထဲ ပျံသန်းလာရင်း အမိန့်ပေးလိုက်သည်။ “သူတို့ကို သတ်ကြ ”

ကျင့်ကြံသူများက သူတို့၏ စစ်မြင်းများကို စွန့်ပစ်ကာ လေထဲ ခုန်ဝင်လာကြသည်။

လုကျိုးက ဘေးဘက် အသာ ကြည့်လိုက်ပြီး “ မင်း ကြောက်လား ”

“ဘာကိုကြောက်ရမှာလဲ” သူမက ပြန်မေးလေသည်။ သူမက ထိုမေးခွန်းကို မေးသည့်အတွက် မကြောက်သည်မှာ သိသာလှသည်။

လုကျိုးက ပွင့်ချပ်တစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူ ဖြစ်နေလေပြီ။ ထိုယင်ကောင်များက သူ့ဝှက်ဖဲများ အသုံးပြုဖို့ မထိုက်တန်ပေ။

“မလှုပ်နဲ့ ”

“ အိုး ”

လုကျိုးက လက်ဝေ့လိုက်သည့်အခါ သူ့အနား ကနဦးချီများ ထွက်ပေါ်လာသည်။ သူ့ပတ်လည်တွင် စွမ်းအားဓားများ ဒါဇင်ချီ ဖြစ်ပေါ်လာ၏။

ဝှစ် ဝှစ် ဝှစ်

သူတို့ကို ပစ်ခတ်လိုက်သည်။

ဝုန်း ဝုန်း ဝုန်း

မြင်းစီး စစ်သားများက တစ်ချက်ပင် မခံနိုင်ဘဲ ပြုတ်ကျသွားကြသည်။ မြင်းစီး စစ်သားနှစ်ယောက်သာ ကျန်ရှိတော့၏။ သူတို့က ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် သူတို့ရဲဘော်များ၏ အလောင်းများကို သယ်ကာ လုကျိုးဆီ ချီတက်လာသည်။

လုကျိုးက လက်မြောက်လိုက်ပြီး အသာတွန်းထုတ်လိုက်သည်။

စစ်သားများက ရပ်တန့်သွားဟန်ပေါ်သည်။

လုကျိုးက လက်ဝါးကို ဆန့်ထုတ်လိုက်သည့်အခါ ရွှေရောင်လက်ဝါးစည်းတံဆိပ်က ထွက်လာသည်။

ဝုန်း

“ ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်ငယ် ”

နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် စစ်သားနှစ်ယောက်က နောက်လွင့်စဉ်ပြီး သေဆုံးသွားကြသည်။

ဟွားချုံးယန်၏ အကြည့်များက စိတ်ရှုပ်ထွေးလာဟန်ဖြင့် “ လုချန်းပေ့က ဖန်းလိုင်ဂိုဏ်းက မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ် ဗုဒ္ဓတိုက်ကွက်ကို ထုတ်သုံးနိုင်တာလဲ ”

စစ်သူကြီးနဉ်လည်း ခေါင်းရှုပ်သွားဟန်ပေါ်သည်။

ကျင့်ကြံသူ ပထမအသုတ် ကျရှုံးသွားသည့်အခါ ဒုတိယအသုတ်က နေရာယူလိုက်ကြသည်။

“ မင်းတို့က ကိုယ့်ဘာသာ အထင်ကြီးနေကြတာပဲ” လုကျိုးက လက်ဝေ့လိုက်သည့်အခါ ကနဦးချီက စွမ်းအားအဖြစ် ဖွဲ့စည်းသွားသည်။ မဟာလေကြောင်း ရတနာစည်းတံဆိပ်နှင့် အပြင်စက်ဝန်းဆန်းကြယ် စည်းတံဆိပ်တို့ ထွက်လာ၏။ စွမ်းအားလက်ဝါးက ထူးခြားလှသည်။ ဧရာမရွှေရောင် သင်္ကေတများကို လက်ဝါးစည်းတံဆိပ်၏ လက်ငါးချာင်းအထက် မြင်တွေ့နိုင်သည်။

ထိုလှုပ်ရှားကွက်များက သိသာလွန်းလှသည်။

“ဒါတွေက တောက်ကိုးပါး ဖြတ်တောက်ခြင်းလက်ဟန်ထဲက လက်ဝါးစည်းတံဆိပ်နှစ်မျိုးပဲ ”

“ ဒီလူအိုကြီးက ဘယ်သူလဲ”

“ သူက ဗုဒ္ဓဂိုဏ်းနဲ့ တာအိုဂိုဏ်းတွေရဲ့ ကျင့်စဉ်တွေကို တစ်ပြိုင်နက် ဘယ်လိုလုပ် ကျွမ်းကျင်နေရတာလဲ”

ဝုန်း ဝုန်း ဝုန်း

နောက်ထပ် ကျင့်ကြံသူများက အသက်ပျောက်သွားကြပြန်သည်။

လုကျိုးက သူ့ကတ်များ အသုံးမပြုရသည့်အတွက် ကျေနပ်နေမိသည်။ သူက ယခင်လောက် အံ့ဩဖို့မကောင်းတော့သော်လည်း ပို၍ လက်တွေ့ကျလာသည်။

နဉ်ဟန်က ကျယ်လောင်စွာ ပြောလိုက်သည် “ မင်းတို့နှစ်ဂိုဏ်းက ဘာရပ်လုပ်နေကြတာလဲ။ မင်းတို့တွေ တော်ဝင်ခုံရုံးကို ခစားဖို့ အချိန်ပဲ”

သူ့လူများစွာ ဆုံးရှုံးသွားပြီးနောက် သူက ထိုက်ရွှီကျောင်းတော်နှင့် ဟုန်ချူးအဖွဲ့မှ လူများကို အသုံးပြုဖို့ ကြံလိုက်သည်။

“ ဝမ်းမြောက်လျက်ပါ” ကျန်းရန်ယီက ဦးညွှတ်ကာ ပြောလိုက်သည်။

“ ဟုန်ချူးအဖွဲ့ဆီ အပ်ထားလိုက်ပါ” ကျန့်ခန်ကလည်း ထိုက်ရွှီကျောင်းတော်ကို အသာစီးပေးလိုစိတ် မရှိဘဲ ပြောလိုက်သည်။ သူက လက်ဝေ့ပြလိုက်သည့်အချိန် ဟုန်ချူးအဖွဲ့မှ လူများက ဓားများ ဆွဲထုတ်လာကြသည်။

ဓားများစွာက လေထဲ ထိုးဖောက်ဖြတ်သန်းသွားသည်။

လူတစ်ယောက်က စွမ်းအားဓားများ လေးခုမှ ငါးခုအထိ ဖွဲ့စည်းလိုက်ကြသည်။

“လုချန်းပေ့ သတိထား” ဟွားချုံးယန်က သတိပေးလိုက်သည်။

ဟွားချုံးယန် စကားအဆုံးတွင် မြောက်များစွာသော စွမ်းအားဓားများက လုကျိုးဆီ ဦးတည်လာကြ၏။ ကြည့်ရသည်မှာ နဂါးတစ်ကောင်နှင့်ပင် တူနေသေးသည်။

“ဓားအစီအရင်လား” လုကျိုးက လှမ်းကြည့်လိုက်သည်။ သူ့နှစ်တစ်ထောင် သက်တမ်း တိုက်ပွဲအတွေ့အကြုံများနှင့် ဗဟုသုတများက ယခုလိုအချိန်မျိုး၌ အသုံးဝင်လာသည်။

လုကျိုးက အင်္ကျီလက်ဖျားကို အသာခါလိုက်သည့်အချိန် အမည်မဲ့ ထွက်လာသည်။ သူက လက်ညှိုးနှင့် လက်ခလယ် ပူးကပ်ကာ ဓားကို ချီဖြင့် ထိန်းချုပ်လိုက်သည်။ အမည်မဲ့က နှစ်ပိုင်းကွဲသွားပြီး ဆက်လက်၍ ပွားသွားသည်။

ဝုန်း ဝုန်း ဝုန်း

နဂါးကြီးက အမည်မဲ့၏ သုတ်သင်မှုအောက် ရောက်ရှိသွားသည်။

ဟုန်ချူးအဖွဲ့မှ တပည့်များက ထိုအရာကို မြင်သည့်အခါ ချဉ်စူးစူး အမူအရာမျိုး ရှိနေကြ၏။

“အဲဒီလက်နက်က … ကောင်းကင်အဆင့်လက်နက်လား” စစ်သူကြီးနဉ်က အပေါ်စီးမှ ကြည့်နေသည်။ ပွင့်ချပ်တစ်လွှာအဆင့် ကျင့်ကြံသူက အချိန်အကြာကြီး တိုက်နိုင်မည် မဟုတ်ပေ။

လုကျိုးက ရုပ်ဖျက်ကတ်သည် တခြားလူများကိုပါ အတုခိုးနိုင်ကြောင်း တွေးမိသွားသည်။ သို့သော်လည်း ကတ်တစ်ကတ်က ကုသိုလ်ရမှတ် တစ်သိန်း ကျသင့်နေ၏။ ယခုအသုံးပြုဖို့ရာ နှမြောဖို့ ကောင်းလှသည်။

တကယ်လို့ ဈေးနှုန်းကြောင့်သာ မဟုတ်ရင် မင်းတို့တွေကို ချေမွှပြီးတာ ကြာလောက်ပြီ … ငါ့ရှေ့မှာ လာဟန်ရေးပြရဲတယ်လား

ထိုစဉ် ကျန်းရန်ယီနှင့် ကျန့်ခန်တို့က သူ့ဆီ ပျံသန်းလာကြသည်။

ဓားတစ်ချက်နှင့် လက်ဝါးတစ်ခု ဖြစ်၏။

သူတို့က လျှပ်စီးလို အလျင်ဖြင့် လှုပ်ရှားလာကြသည်။

“ ပွင့်ချပ်တစ်လွှာအဆင့်လေးနဲ့ ဒီလိုမျိုး လာလုပ်ရဲတယ်ပေါ့ ”

တကယ်လို့ သူတို့သာ ဤမျှတိုက်ခိုက်ပြီးသည့်အထိ ထိုလူအိုကြီး၏ ကျင့်ကြံဆင့်ကို မပြောနိုင်လျှင် ကျင့်ကြံရေးလောက၏ ပြက်လုံး ဖြစ်လာလိမ့်မည်။

“ထားလိုက်ပါတော့” လုကျိုးက မြေပေါ်ကနေ လေထဲ ခုန်ဝင်လိုက်သည်။ ဓားချက်နှင့် လက်ဝါးချက်က သူ့ဆီ ကျရောက်လာသည့်အခါ သူက လက်ဝါးကို အသာတွန်းလိုက်၏။ ထိုစဉ် မှိန်ဖျဖျ အပြာရောင်အလင်းတစ်ခု ပေါ်ထွက်လာသည်။

လုကျိုးကို ဗဟိုပြုကာ မီတာတစ်ရာ ဝန်းရံထားသည့် စွမ်းအားဓားအစီအရင် တစ်ခု ဖြစ်သည်။

မြစ်ဝါဓားက ကောင်းကင်ဘုံမှ လက်ဆောင် ဖြစ်၏။

“မဖြစ်နိုင်ဘူး”

“သူက ပွင့်ချပ်တစ်လွှာအဆင့် မဟုတ်ဘူး ”

ကျန့်ခန်နှင့် ကျန်းရန်ယီတို့က ထိုစွမ်းအားဓားလှိုင်း၏ ဆီးကြိုးမှုကို ခံလိုက်ရစဉ် လုကျိုးဆီ ရောက်လုနီးပါး ဖြစ်နေလေပြီ။

ဘန်း ဘန်း ဘန်း

စွမ်းအားဓားများက သူတို့နှစ်ဦးထံ ဒီရေလှိုင်းအလား ဖြတ်သွားလေသည်။ သူတို့က ထိုစွမ်းအားဓားကြောင့် ချက်ချင်းဆိုသလို ညက်ညက်ကြေသွား၏။ သူတို့တွင် အော်ဖို့ အချိန်ပင် မရလိုက်ပေ။

စွမ်းအားဓားက မျက်လုံးပါနေသည့်အလား သူတို့က မိန်းကလေးခရုကို ရှောင်ကွင်းသွားကြသည်။

“ တာ့ရှစ်ရှိုး”

“အကြီးအကဲ”

ထိုက်ရွှီကျောင်းတော်နှင့် ဟုန်ချူးအဖွဲ့မှ လူများက ကြောင်အမ်းကုန်ကြသည်။

စစ်သူကြီးနဉ်လည်း ကြောင်အမ်းသွားသည်။ သူက သူ့ခြေထောက်အောက် လှိုင်းထနေသည့် လေထုထဲ ခုန်ဆင်းလိုက်သည်။ သူက တောင်တစ်လုံးလောက် လေးလံသည့် ခွန်အားမျိုး ပါဝင်နေသော လက်သီးချက်ဖြင့် လုကျိုးအား တိုက်ခိုက်လိုက်သည်။

လုကျိုးကို စွမ်းအားဓားများ ကာရံထားဆဲ ဖြစ်၏။

ကြောက်စရာကောင်းသည်က နဉ်ဟန်သည် သူ့ရွှေရောင်လက်သီးဖြင့်ပင် ထိုစွမ်းအားဓားများအား ထိုးခွင်းသွားဟန်ပေါ်သည်။

ဟမ် ငါ့ထူးခြားအံ့ဖွယ် စွမ်းအားက မလုံလောက်ဘူလား …

လုကျိုးက လက်ပြန်ရုတ်ကာ သူ့စွမ်းအားဗဟိုချက်ရှေ့ ထားလိုက်သည်။ ထိုစဉ် စွမ်းအားအစီအရင်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

“သေစမ်း ” တစ်လျှောက်လုံး နားနေခဲ့သည့် နဉ်ဟန်က လုကျိုးဆီ လျှပ်စီးလို အရှိန်ဖြင့် ပြေးဝင်လာသည်။ သူက ညာဘက်လက်ဖြင့် ထိုးလိုက်သောကြောင့် ခန္ဓာကိုယ်က ရေပြင်ညီအတိုင်း ရှိနေလေသည်။

ဘန်း

ထိုလက်သီးချက်က လုကျိုး၏ ရင်ဘတ်ပေါ် ကျရောက်သွားသည်။

ထိသွားပြီ ….

နဉ်ဟန်က သူ့ကိုယ်သူ ကျေနပ်မိသွားသည်။ သူ့လက်သီးချက် ထိမှန်သူတိုင်းက အရိုးကွဲကြေသွားကြလိမ့်မည်။ သူ့လက်သီးချက်က အစစ်အမှန် ထိမှန်လိုက်သည်ကို မြင်လိုက်မိကာ ခံစားမိလိုက်သော်လည်း နောက်တစ်ချက်အကြည့်တွင် လုကျိုး၏ ခန္ဓာကိုယ်ဝန်းကျင်တွင် ကာရံထားသည့် အပြာရောင်အလင်းအလွှာကို မြင်လိုက်ရသည်။

…

အခန်း (၄၇၇) ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ထပ်မံပေါ်လာပြန်

သမာဓိကို ထိန်းသိမ်းပြီး အသုံးပြုရန် အလင်းနှင့် အရိပ်ပမာ နေရာအနှံ့ စိမ့်ဝင်ပျံ့နှံ့နေစဉ် သမာဓိရှိရှိနေရမည်။ ယင်းက အရာအားလုံးကို တိတ်ဆိတ်စေသောစွမ်းအားပဲဖြစ်၏။

လုကျိုးသည် သူ့ရှေ့၌ ကောင်းကင်ကျမ်းစာ၏စွမ်းအားကို အာရုံစိုက်လိုက်၏။ အပြာရောင်ကြာပွင့် ပေါက်ကွဲမှုမရှိသလို အပြာရောင်ကြာပွင့်၏ စွမ်းအင်ပြန်ကန်မှုလည်း မရှိပေ။

နဉ်ဟန် စိတ်လေးသွားတော့သည်။ သူ့စိတ်ထဲ ကျိန်ဆဲလိုက်၏။ သူ ထပ်မံမော့ကြည့်မိချိန်၌ လုကျိုး၏ မျက်နှာထက်၌ လျစ်လျူရှုသော အမူအရာကိုသာတွေ့လိုက်သည်။

“ငါ လက်သီးရဲ့အရသာကို မသိတာအတော်ကြာခဲ့ပြီ” ထိုသို့ပြောပြီးနောက် လုကျိုးသည် သူ၏အိုမင်းသောလက်ဖြင့် နဉ်ဟန်ကိုထိုးလိုက်၏။

ဖုန်း

နဉ်ဟန် သို့မဟုတ် စစ်သူကြီးနဉ်သည် ပေါင်တစ်သောင်းခန့်ဖိအားဖြင့်အထိုးခံလိုက်ရပြီးနောက် လွင့်သွား၏။ စွမ်းအင်စည်းတံဆိပ် မဟုတ်ဘူးလား။ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။

ကျင့်ကြံသူတစ်ယောက်အဖို့ ချီကိုသိပ်သည်းမှုမရှိဘဲ ရုပ်ခွန်အားသက်သက်ဖြင့် ထိုကဲ့သို့ ကြီးမားလှသော စွမ်းအားကိုထုတ်ဖော်ဖို့ကမဖြစ်နိုင်ပေ။ ထို့အပြင် လုကျိုးသည် ရုပ်ရည်သွင်ပြင်အရ အဘိုးအိုတစ်ယောက်သာဖြစ်သည်။

ကျန်သည့်သူများက တွေးနေစဉ် လုကျိုးက ရုတ်တရက်ထပျံသွား၏။ သူက နဉ်ဟန်ရှေ့၌ မြန်ဆန်သောအရှိန်ဖြင့်ပေါ်လာသည်။ သူ့လက်ချောင်းကြား၌ အပြာရောင်အလင်း တောက်ပနေသည်ကို မည်သူမှသတိမပြုမိပေ။

ဖုန်း

လုကျိုးက ထပ်ထိုးလိုက်သည်။ ယခုအခေါက်တွင် ၎င်းက နဉ်ဟန်၏ရင်ဘတ်ပေါ်ကျရောက်သွား၏။

“စစ်သူကြီး”

ဟွားချုံးယန်အပါအဝင် ကျန်သည့်သူများက မှင်တက်သွားကြသည်။

နဉ်ဟန်က ခန္ဓာကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ့ကဲ့သို့ ကျင့်ကြံသူတစ်ဦးသည် ချီကို စွမ်းအင်အဖြစ် သိပ်သည်းရာ၌မတော်ပေ။ ထို့ကြောင့် သူသည် ခန္ဓာကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့တာ ဖြစ်သည်။ သူ၏ အရေပြားကို စွမ်းအင်တို့ဖြင့်လွှမ်းခြုံထားလျက် တချိန်တည်းတွင် သူ၏ခန္ဓာကိုယ်ကို ခွန်အားမြှင့်တင်လိုက်၏။ သူက အနီးကပ်တိုက်ခိုက်ရာ၌ ဖြုံလောက်သည့်ရန်သူတစ်ယောက်ဖြစ်သည်။ သူကဲ့သို့သော လူမျိုးက လက်ဝှေ့ထိုးရာ၌ တော်၏။ သူက မာကျောသည့်ကျောက်ဆောင်ကြီးကဲ့သို့ ဖြစ်နေသည်။

နဉ်ဟန်သည် နောက်လွင့်ထွက်သွားချိန်၌ ထိန်းချုပ်မှုကင်းမဲ့သွားသည်။

လုကျိုးက ထပ်မံဆင်းသက်လာသည်။ သူက နဉ်ဟန်လွင့်ထွက်နေသည့်အရှိန်ထက်တောင် ပိုမြန်ဆန်စွာလှုပ်ရှားလိုက်၏။ သူ ထပ်ထိုးလိုက်ပြန်သည်။

ဖုန်း

လက်သီးက နဉ်ဟန်၏ရင်ဘတ်ပေါ် ထပ်မံကျရောက်လာသည်။ လက်သီးသုံးခုက အသက်တစ်ရှိုက်စာအတွင်း ပြီးသွား၏။ ကောင်းကင်ဘုံကိုးကွယ်ရေးစင်မြင့်ကနေ ပျံသန်းထွက်လာစဉ် ထုံးကျောက်မြေပြင်ကို ပြင်းထန်စွာအက်ကွဲသွားစေတော့သည်။

လုကျိုးက တွင်းကို ငုံ့ကြည့်လိုက်သည်။ ဤတိုက်ပွဲကိုအခြေခံကြည့်လျှင် သူက ထူးကဲစွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ပိုတိုးတက်လာတာကိုတွေ့ရသည်။ သူ၏ပစ်မှတ်ကို တချက်ထိရုံဖြင့် ဖြေရှင်းရန် မလိုအပ်တော့ချေ။ ထူးကဲစွမ်းအင်ကို အနည်းငယ်အသုံးပြုပြီး သူ့ပစ်မှတ်ကို အောင်နိုင်ရန် အရည်အချင်းက ပိုရှိလာ၏။ ထို့အပြင် သူ၏ကျင့်ကြံဆင့်က နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်ရောက်နေပြီးဖြစ်သည်။ လက်သီးသုံးချက်က သူ့ထူးကဲစွမ်းအား၏ လေးပုံတစ်ပုံကိုသာ ကုန်ဆုံးစေခဲ့သည်။ စုစုပေါင်းသူသည် ထူးကဲစွမ်းအား၏ သုံးပုံတစ်ပုံကို အသုံးပြုခဲ့၏။ ယခင်တွက်ချက်မှုအရသူသည် ကျန့်ချန်နှင့် ကျန်းရန်ယီတို့ကို စွမ်းအင်ဓားသွားဖြင့် သတ်ဖြတ်ရန်အတွက် သူ၏ထူးကဲစွမ်းအား၏ သုံးပုံတစ်ပုံလိုအပ်သည်။

ယခုအချိန်တွင် စင်မြင့်က သုသာန်တစပြင်ပမာ တိတ်ဆိတ်သွား၏။

ဟုန်ချူးအခွဲနှင့် ထိုက်ရွီကျောင်းတော်မှ အဖွဲ့ဝင်များကလည်း မြေပြင်ပေါ်ကြက်သေ သေစွာရပ်နေကြသည်။ သူတို့အားလုံးက တံတွေးမျိုချလျက်ကြည့်နေ၏။ ကျန်းရန်ယီနှင့်ကျန့်ချန်၏ သေခြင်းတရားကို မည်သူမှ ဂရုမစိုက်သည့်ပမာဖြစ်နေသည်။ စွမ်းအင်ဓားသွားဒီရေလှိုင်းတို့သည် သူတို့နှစ်ယောက်ကို နုတ်နုတ်စင်းပြီးနောက် ပျောက်ကွယ်သွားတာကြာပြီဖြစ်သည်။

ဟွားချုံးယန်က နှလုံးခုန်နှုန်းမြန်လာလေ၏။ နောက်ကျော၌ ချွေးစေးများရွှဲလာသည်။ ကြမ်းတမ်းလိုက်တဲ့အဘိုးကြီးပဲ။

လက်ဝေ့ထိုးရာ၌ ကျွမ်းကျင်သည့်ခန္ဓာကျင့်ကြံသူတစ်ယောက်သည် လက်ဝေ့ထိုးပွဲ၌ အသက်ကြီးသူကို ရှုံးနိမ့်ခဲ့သည့်အချက်ကိုတွေးမိသည့်အချိန်၌ သူ၏ဂုဏ်သိက္ခာကိုမည်သူက ခုခံပေးနိုင်မည်နည်း။ သူ မလှုပ်ရဲတော့ပေ။ အကြီးအကဲလုသည် ရင်ထဲ၌ နားလည်မှုလွဲမှုကို မှတ်ယူထားသည့် သေးသိမ်သည့်သူ တစ်ယောက် ဖြစ်နေမှာကို စိုးရိမ်မိသည်။ သူ့၌ရွေးချယ်စရာ မရှိပေ။ ထိုကဲ့သောအခြေအနေမျိုးက ကျင့်ကြံခြင်းလောကထဲတွင် ကြုံတွေ့ရခဲတာမဟုတ်ပေ။ သူသည် အမှန်တကယ်ပင် ထိုအဘိုးအိုနှင့် တိုက်ခိုက်ခဲ့သည့်အချက်ကိုမဆိုထားနှင့် တာ့ယန်ထဲတွင် မင်း ဘာကြည့်တာလဲ ဟူသော မှတ်ချက်ဖြင့်တောင် ဖယ်ရှားခံရသည့်သူများစွာရှိသည်။

တွင်းနက်ထဲတွင်ဖြစ်သည်။

ဂျွတ်

နဉ်ဟန်က သူ့ကိုယ်ပေါ်ရှိအမှုန်အမွှားများကိုခါချလိုက်၏။ သူသည် လေထဲပျံဝဲနေသောလုကျိုးကို စိုက်ကြည့်လိုက်သည်။ ဖုန်များလွှမ်းနေသောမျက်နှာနှင့် ချိုင့်ဝင်နေသောရင်ဘတ်တို့သည် သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရနေကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ပြနေ၏။

သုံးချက်အထိုးခံရပြီးတဲ့နောက် သူ အသက်ရှင်သေးတာလား။

လူတိုင်းကို နဉ်ဟန်က အံ့ဩသွားစေ၏။ သူက သိပ်ကိုအစွမ်းထက်လွန်းသည်။

နဉ်ဟန်က အသားမာများတက်နေသော လက်တစ်ဖက်ကို မြှောက်လျက် သူ့ကို လေထဲကနေ ငုံ့ကြည့်နေသောလုကျိုးကို လက်ညှိုးထိုးလိုက်၏။

“အား ... မာလိုက်တဲ့လက်သီး” သူက နာကျင်မှုကို အံကြိတ်ကာပြောလိုက်တော့သည်။

“ခင်ဗျား ဘယ်လို ... ဘယ်လိုလုပ်လိုက်တာလဲ”

လုကျိုးသည် နဉ်ဟန်ကို သုံးစက္ကန့်ခန့်စိုက်ကြည့်နေပြီးနောက် အားကောင်းသောအသံဖြင့် ပြောလိုက်သည်။

“မင်းရဲ့ လက်သီးကို လက်သီးအဖြစ် ကျစ်ကျစ်ဆုပ်ပြီးသွားရင် မင်းရဲ့လက်ထဲမှာ အဲ့ဒီကံကြမ္မာကို သတိပြုမိလိမ့်မယ်”

နဉ်ဟန်က သွေးတစ်ပွက်အန်လိုက်၏။ သူ၏ခေါင်းက ဘေးကိုနိမ့်ကျသွားသည်။ သူ အသက်မရှူနိုင်တော့ပေ။ မျက်လုံးက ပွင့်လျက်သားဖြစ်၏။ သူသည် သိုင်းပညာရှင် တစ်ယောက်သာဖြစ်သည်။ ထိုစကားများကို ကြားပြီးနောက် သူ မည်ကဲ့သို့ ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်မည်နည်း။ ဒါတွေက အဓိပ္ပာယ်မရှိတာမလား။ ဒါမှမဟုတ်အမှန်အတိုင်း ပြောနေတာလား။ ဆိုရိုးစကားရှိသည့်အတိုင်း ပြောသူသည် ပြောဆိုချိန်၌ ရည်ရွယ်ချက်အတိအကျ မရှိသော်ငြား နားထောင်သူကမူ သူ့ကိုယ်ပိုင်အဓိပ္ပာယ်ကို ဖွင့်ဆိုမိလိမ့်မည်။

“တင်း ... ပစ်မှတ်တစ်ယောက် သတ်ပြီးပါပြီ ... ဆုလာဘ်ကုသိုလ်မှတ်ထောင့်ငါးရာ"

ဟွားချုံးယန်သည် ရင်ဘတ်ရှေ့လက်ထားလျက် လုကျိုးကိုအရိုအသေပေးလိုက်သည်။

“လက်သီးသုံးချက်တည်းနဲ့ တိုက်ပွဲကို အနိုင်ရသွားတာမြင်တွေ့မိတော့ ဉာဏ်အလင်းပွင့်မိပါတယ် လုချန်းပေ့”

ထိုသို့ပြောနေသော်ငြား စိတ်ထဲတွင် တုန်ယင်နေသည်။ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့ အဘိုးအိုကြီး .. သူက ခေါင်းငုံ့ထား၏။ သို့မှသာ သူက စိတ်ရင်းစစ်မှန်ပြီးနှိမ့်ချယဉ်ကျေးပုံပေါ်နေမှာြဖစ်သည်။

ဒီအဘိုးကြီးက ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်ဖြစ်ရမယ်။

လုကျိုးသည် ဟွားချုံးယန်ကိုလျစ်လျူရှုလိုက်သည်။ ထိုအစား ဟုန်ချူးအခွဲနှင့် ထိုက်ရွှီကျောင်းတော်ရှိ အဖွဲဝင်များနှင့် ကျန်ရှိသည့်စစ်သည်များကိုကြည့်လိုက်ပြီး ...

သုံးဖွဲ့လုံးနောက်ဆုတ်သွားသည်။

လုကျိုးသည် ထိုလူများကို သတ်ဖြတ်ဖို့ ရည်ရွယ်ချက်မရှိပေ။ သို့သော် သူတို့သည် အစောတုန်းက သူ့ကို သတ်ရန်ပြင်ဆင်ခဲ့ကြ၏။ သူတို့၏ကျင့်ကြံဆင့်ကမနက်နဲပေ။ သူတို့ကိုသတ်ခြင်းအားဖြင့် ကုသိုလ်မှတ်က များစွာရမှာမဟုတ်။ သူတို့ကို သတ်ခြင်းဖြင့် ဘာမှသိပ်ရမှာမဟုတ်ပေ။

တပ်ဖွဲ့သုံးဖွဲ့ နောက်ဆုတ်သွားပြီးနောက် မိုးကုပ်စက်ဝိုင်းထဲတွင် ရထားလုံးပျံကြီးတစ်စီးပေါ်လာ၏။ ကျင့်ကြံသူရာချီက ရထားလုံးပျံကိုကြည့်ပြီးပြောလိုက်သည်။

“ကျင့်ကြံသူတွေရောက်လာနေပြီ”

“ဘယ်ဂိုဏ်းလဲ”

ဟွားချုံးယန်က မော့ကြည့်ပြီးမျက်မှောင်ကျုံ့သွားတော့သည်။ “ဖန်းလိုင်ဂိုဏ်းလား”

ရထားပျံ၏ကိုယ်ထည်ပေါ်၌ ထီးသဏ္ဌာန်များရှိနေ၏။ အရွယ်အစားအမျိုးမျိုးနှင့်တောက်ပသည့် အရောင်များရှိသည်။

အမျိုးသားနှင့်အမျိုးသမီးများက ပဲ့ပိုင်း၌ စုဝေးနေ၏။ ထိုကဲ့သို့ ဝိသေသလက္ခဏာဖြင့် ရထားလုံးပျံကြီးသည် ဖန်းလိုင်ကျွန်း၏ဖန်းလိုင်ဂိုဏ်းမှ ထီးကျင့်ကြံသူများပိုင်ဆိုင်တာဖြစ်သည်။

ဟွားချုံးယန်က စိတ်ထဲကျိန်ဆဲလိုက်သည်။

လုချန်းပေ့သည် ဖန်းလိုင်ဂိုဏ်းသားတစ်ယောက်ဖြစ်သည်။ ယင်းက သူ့လူများဖြစ်၏။ မိန်းကလေးခရုကို ယခုအချိန်တွင် ခေါ်သွားဖို့က မဖြစ်နိုင်တော့ပေ။

ရထားလုံးပျံက မကြာမီ၌ ဆင်းသက်လာ၏။ ပဲ့ပိုင်းကနေ အသံတစ်သံပေါ်ထွက်လာသည်။

“အစ်ကိုချုံးယန် ... ဒီကိုဘာကြောင့်ရောက်နေတာလဲ”

ဟွားချုံးယန်က ထိတ်လန့်သွား၏။ ငါ ပေါ်သွားပြီလား ဒုက္ခပါပဲ။

ဟွားချုံးယန်က အသံလာရာဖက်ကိုမော့ကြည့်လိုက်၏။

“ရှန်လွမ့်ရှိုးလား”

“မင်္ဂလာပါ”

“ငါ ... ငါ ... ငါ ... “ဟွားချုံးယန်က ငိုချင်သွားသည်။ နတ်ဘုရားကဲ့သို့ပြိုင်ဘက်ကို ကြောက်ရန်မလိုအပ်ပေ။ သို့သော် ဝက်ကဲ့သို့အသင်းသားကိုကြောက်သင့်သည်။ ရှစ်ဘဝစာ ကံဆိုးမှုများကိုပေါင်းစည်းထားသည်ဟု သူခံစားလိုက်ရ၏။ သူသည် ကြီးမြတ်သောပွင့်ချပ်ခုနစ်လွှာ အကျော်အမော်တစ်ယောက်ဖြစ်သည်။ သူ ဆန္ဒရှိသည့်နေရာတိုင်းကို သွားနိုင်သည်။ သို့သော် ယခုအချိန်တွင်မူ သူက လမ်းဘေးခွေးတစ်ကောင်နှင့်တူနေတော့သည်။

“လုချန်းပေ့ ကျွန်တော်”

“ဒီအဘိုးကြီးက ဘယ်သူလဲ” ရှန်လွမ့်ရှိုးက လုကျိုးကို လက်ညှိုးထိုးပြလိုက်သည်။

ဟွားချုံးယန်က ရှန်လွမ့်ရှိုးကို စိတ်ထဲကျိန်ဆဲလိုက်၏။ မင်းက အမြုတေယန်ဂိုဏ်းရဲ့ သောက်အကြီးအကဲပဲ။ ဖန်းလိုင်ဂိုဏ်းနဲ့ မင်း ဆက်ဆံရေးကောင်းတယ်ဆိုပေမဲ့ မင်း စိတ်ထဲပေါ်လာသမျှ အဓိပ္ပာယ်မရှိတာတွေကို မပြောသင့်ဘူးလေ။

လုကျိုးက မော့ကြည့်လိုက်၏။

“ဖန်းလိုင်ဂိုဏ်းလား”

ထိုစဉ် ရထားလုံးပျံထဲကနေ ရှေးဆန်သည့်အသံတစ်သံပေါ်ထွက်လာ၏။

“ဖန်းလိုင်ဂိုဏ်းက ဖြတ်သွားရုံပဲ။ ဝင်ပါဖို့ရည်ရွယ်ချက်မရှိပါဘူး”

“အကောင်းဆုံးပဲ” လုကျိုးသည် ယခုကထွက်သွားရမည့်အချိန်ဟု ခံစားမိသည်။ သူက လှည့်ထွက်သွားလျက် မိန်းကလေးခရုဆီပျံသန်းသွားသည်။ သူက သူမဘေးနားဆင်းသက်သွားသည်မှာ ငှက်မွေးလေးပမာပေါ့ပါး၏။

“မင်း ကြောက်လား"

“ကျွန်မ မကြောက်ဘူး”

ထိုစဉ် ရှန်လွမ့်ရှိုးက ပြောလိုက်သည်။

"ဟုန်ချူးနဲ့ထိုက်ရွှီအခွဲကလူတွေလား ... မင်း ဒီနားလာ”

“ကျေးဇူးပြုပြီး ဒီကိစ္စဖြေရှင်းဖို့ကူညီပေးပါ ချန်းပေ့။ အဲဒီမကောင်းဆိုးရွားမက လောကကြီးကို ပရမ်းပတာဖြစ်စေခဲ့တယ်။ သူ့အသက်ရှင်ခွင့်မရှိဘူး” ဟုန်ချူးအခွဲမှ လူများသည် တညီတညွတ်တည်း ဒူးထောက်လိုက်ကြ၏။ သူတို့က သူမကိုဘာမှမလုပ်နိုင်လျှင် သူမကို သတ်တာကပိုကောင်းမည်။

“အဲ့ဒီမကောင်းဆိုရွားမက သားရဲဘာသာစကားနဲ့ သံစဉ်ကိုသိတယ်။ ဒီနေရာမှာရှိတဲ့အရပ်သားတွေက ဒါကို ထွက်ဆိုပြီးသား။ ကောင်းကင်ဘုံကိုးကွယ်ရေးစင်မြင့်က ဒါကို သက်သေပြုပြီးသား အမှန်အတိုင်းပြောနေတာပါ ချန်းပေ့။ ကျေးဇူးပြုပြီး ဒါကို ဖြေရှင်းဖို့ကူညီပေးပါ”

သူတို့အသံက ရထားလုံးပျံဆီရောက်လာသည်။

ရထားလုံးပျံထဲကနေ အသံတစ်သံပေါ်ထွက်လာ၏။ “တိရိစ္ဆာန်ဘာသာစကားနဲ့သံစဉ်လား"

လုကျိုးက သူတို့ကိုလျစ်လျူရှုထားလျက် ထွက်သွားရန်ပြင်ဆင်လိုက်သည်။

ရထားလုံးပျံထဲက အသံကထပ်မံပေါ်ထွက်လာ၏။

“ဘာတွေများလောနေတာလဲ ... ကျုပ်ရဲ့မိတ်ဆွေ”

လုကျိုးက လှုပ်ရှားမှုကိုရပ်တန့်လျက်ပြန်ပြောလိုက်သည်။

“ဘာလဲ”

“ကိစ္စကမဖြေရှင်းရသေးတဲ့အချိန်ဘယ်လိုလုပ်ထွက်သွားနိုင်တာလဲ”

“မင်း ငါ့ကို တားဖို့ကြိုးစားနေတာလား”

“တားရင်ရော”

ဝှစ်

အလယ်တွင် ရထားလုံးပျံရှိနေပြီးတောက်ပသည့်ရွှေရောင်အလင်းက ပြန့်ကားလာ၏။

လူတိုင်းက မော့ကြည့်လိုက်သည်။ ရထားလုံးပျံသည် ယခုစိတ်ဝိညာဉ်သဏ္ဌာန်ကြီးဖြင့် လွှမ်းခြုံခံလိုက်ရ၏။ ယင်းက ပေတရာခန့်မြင့်မားသည်။

ရထားလုံးပျံအောက်၌ ရွှေရောင်ပွင့်ချပ်တစ်ခုရှိနေ၏။ တလက်လက်တောက်ပနေသော ပွင့်ချပ်ရှစ်လွှာက အနားတွင်လှည့်ပတ်နေသည်။

“ပွင့်ချပ်ရှစ်လွှာ လက်ရွေးစင်”

“ဘုရားရေ”

ဟွားချုံးယန်က စိတ်ထဲကျိန်ဆဲနေမိ၏။ ဖာ့ခ် ... ငါတို့တော့ အခုသွားပြီပဲ။

လူတိုင်းက ရထားလုံးပျံကို အာရုံစိုက်နေစဉ် ...

ဝှစ်

ပိုမိုပြင်းထန်သည့် အသံတစ်သံက လေထဲတွင် ပေါ်ထွက်လာ၏။ လုကျိုးထံမှ စိတ်ဝိညာဉ်သဏ္ဌာ န်ထွက်ပြူလာသည်။

ဆယ်ပေ။ ပေနှစ်ဆယ် ပေသုံးဆယ် ပေရှစ်ဆယ် ပေကိုးဆယ် ပေတစ်ရာ

လူတိုင်း၏အာရုံစိုက်မှုသည် ထိုမြင်ကွင်းကြောင့်ဖမ်းစားခံလိုက်ရသည်။

“နောက်ထပ် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူ ... မဟုတ်ဘူး ... မဟုတ်ဘူး။ ဒါက ပွင့်ချပ်ရှစ်လွှာမဟုတ်ဘူး”

စိတ်ဝိညာဉ်သဏ္ဌာန်က ဆက်လက်ကြီးထွားနေ၏။

“ပေတစ်ရာနှစ်ဆယ် ပေတစ်ရာနှစ်ဆယ် ... ပေတစ်ရာ့လေးဆယ် ပေတစ်ရာ့ငါးဆယ်

စိတ်ဝိညာဉ်သဏ္ဌာန်၏ခြေထောက်အောက်၌ ရွှေရောင်ကြာပွင့်နားတွင် ပွင့်ချပ်ကိုးလွှာ လည်ပတ်နေ၏။

“…”

ပေတစ်ရာ့ငါးဆယ်ခန့်မြင့်သော စိတ်ဝိညာဉ်သဏ္ဌာန်သည် ပေတစ်ရာခန့်မြင့်သည့် စိတ်ဝိညာဉ် သဏ္ဌာန်ကို ရင်ဆိုင်နေလေ၏။ မည်သူ သာလွန်မှန်းပြောရန်လွယ်ကူသည်။

ကောင်းကင်ဘုံကိုးကွယ်ရေးစင်မြင့်ထက်၌ လေတိုက်ခတ်ခြင်း မရှိပေ။ အင်မတန် တိတ်ဆိတ်နေ၏။

ဟုန်ချူးအခွဲနှင့် ထိုက်ရွှီကျောင်းတော်မှ ကျင့်ကြံသူများသည် ပေတရာ့ငါးဆယ်ခန့်မြင့်မားသော စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်နေစဉ် သူတို့မျက်လုံးများ ပြုတ်ကျလုနီးပါးဖြစ်လာ၏။

၎င်း၏ခေါင်းကိုတောင် မြင်နိုင်တော့ပေ။ တလက်လက်တောက်ပနေသော ပွင့်ချပ်ကိုးလွှာဟုသာ‌ မြင်နိုင်သည်။ သူသည် ဓားသွားများပမာ သူတို့၏နှလုံးသားကို အပိုင်းပိုင်းပိုင်းဖြတ်နေသလို ထင်မှတ်ရသည်။

All Chapters