← Chapters

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

အခန်း (၄၇၈-၄၈၀)

Vol. 32 Ch. 478-480

အခန်း(၄၇၈) ပွင့်ချပ်ကိုးလွှာ လု

တာ့ယန်၏ ကျင့်ကြံရေးလောကအတွင်း သီးသန့်လေ့ကျင့်ကာ နေထိုင်ကြသည့် ဒဏ္ဍာရီလာ အကျော်အမော်များမှလွဲ၍ ကျင့်ကြံသူများ အလေးစားကြဆုံးမှာ ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူများ ဖြစ်လေသည်။ ပွင့်ချပ်ငါးလွှာအဆင့်တွင် ရှိနေသည့် ကျင့်ကြံသူကို ကြီးမြတ်သည့် ကျင့်ကြံသူဟု ယူဆနိုင်လေ၏။

ရွှေကြာဖြတ်တောက်ခြင်း ခေတ်ကာလစတင်ကတည်းက ကျင့်ကြံရေးလောကက အလျင်လိုနေကြသည်။ အားလုံးနီးပါးက ရွှေကြာကို ဖြတ်တောက်လိုက်ပြီဖြစ်၍ နောက်ကျကျန်နေခဲ့မည်ကို စိုးထိတ်နေကြသည်။

ဂိုဏ်းကြီးခုနှစ်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းကို သွားရောက်တိုက်ခိုက်သည့် ဖြစ်စဉ်က ကျင့်ကြံရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ သူတို့သည် ပွင့်ချပ်ကိုးလွှာအဆင့် ပေါ်ထွက်လာမှုကြောင့် တုန်လှုပ်သွားကြခြင်း ဖြစ်၏။

မည်သူကများ ပွင့်ချပ်ကိုးလွှာနှင့် ရင်ဆိုင်နိုင်မည်နည်း။

မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင် ကျိထျန်းတောက်က ဘယ်လိုလုပ်ခဲ့မှန်း မည်သူမှ မသိကြပေ။ ဤသည်က ကျင့်ကြံရေးလောကအတွက် မဖြေရှင်းနိုင်သည့် လျှို့ဝှက်ဆန်းကြယ်မှုအဖြစ် ကျန်ရှိနေ၏။ သို့သော်လည်း ပွင့်ချပ်ကိုးလွှာက အလိမ်အညာ မဟုတ်ပေ။

ရထားလုံးထဲရှိ ဖန်းလိုင်ဂိုဏ်း၏ အကျော်အမော်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ပြ၍ လုကျိုးအား ခြိမ်းခြောက်ချင်ခဲ့သည်။ သို့သော် သူ ခြိမ်းခြောက်လိုသည့် လူက ပွင့်ချပ်ကိုးလွှာအဆင့် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပွင့်ချပ်ရှစ်လွှာအဆင့်က အားကောင်းသည်မှာ အမှန်ဖြစ်သော်လည်း ပွင့်ချပ်ကိုးလွှာနှင့် ယှဉ်လိုက်လျှင် မြက်ပင်လို တန်ဖိုးမရှိတော့ပေ။

ဟွားချုံးယန်က ရင်ဘတ်ပေါ် လက်ဖိထားလိုက်သည်။ သူက အသက်ရှုဖို့ပင် ခက်လာမိ၏။ သူက လုချန်းပေ့နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်ကို အမှတ်ရလာသည့်အခါ ချွေးအေးများစီးကျလာသည်။ အကယ်၍ လောင်ချန်းပေ့သာ သနားညှာတာမပေးခဲ့လျှင် သူ ဘာဖြစ်သွားမည်နည်း။

ဆယ်စက္ကန့်က သိပ်မကြာမြင့်လိုက်သော်လည်း ရထားလုံးထဲမှ လူအပါအဝင် အားလုံးကို ခြိမ်းခြောက်ဖို့ လုံလောက်ပေည်။

ဆယ်စက္ကန့်အပြီးတွင် လုကျိုး၏ ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်က အားလုံးရှေ့မှောက် ပျောက်ကွယ်သွား၏။

ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်တစ်ခုလုံးက အပ်ကျသံ ကြားရလောက်အောင်အထိ တိတ်ဆိတ်သွားသည်။

ရထားလုံးပျံထဲမှ လူက သူသည် မည်မျှတုံးအကာ ဉာဏ်နည်းကြောင်း သဘောပေါက်သွားသည်။ လောင်ချန်းပေ့က စိတ်ဝိညာဉ်သဏ္ဍာကို ပြန်သိမ်းလိုက်သော်လည်း သူက အရှက်မဲ့လှစွာ ရယ်စရာကောင်းလှသည့် ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆက်ထိန်းထားနေသေးသည်။ သူလည်း မြန်မြန် ပြန်ရုပ်သိမ်းလိုက်သည်။

ဒီလူအိုကြီးက ဘယ်သူလဲ …

အားလုံးက ထိုအတွေးမျိုး တွေးမိလိုက်ကြသည်။ သူတို့က ထိုလူသည် မိစ္ဆာဝေဟင်မျှော်နန်း၏ ကျိထျန်းတောက် ဖြစ်နိုင်ကြောင်း မတွေးဘဲ မနေနိုင်ကြတော့ပေ။ တချို့က ထိုလူအိုကြီးသည် မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင် ဖြစ်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားကြ၏။

“ ရထားလုံးပျံကို ဆင်းသက်လိုက် ” ရထားလုံးပျံမှ အသံတစ်သံ ထွက်ပေါ်လာသည်။

တပည့်များက အသိဝင်လာပြီး ရထားလုံးပျံကို နိမ့်နိမ့်လေး ဆင်းသက်လိုက်ကြသည်။

ရထားလုံးပျံ ဆင်းသက်လာသည့်အခါ အသံတစ်သံထွက်ပေါ်လာသည်။ “ ရှန်လွမ့်ရှိုး … ”

“ဟမ်”

“ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ခေါင်းဆောင်လား ”

ရှန်လွမ့်ရှိုးက အံ့အားသင့်သွားလေသည်။ သူက လူအိုကြီးကို မြင်လိုက်သည့်အခါ မျက်လုံးအပြူးသား ဖြစ်သွားလေသည်။ ကျိထျန်းတောက်နှင့် ယှဉ်လိုက်ပါက ထိုလူအိုကြီးသည် ပိုပိန်ကာ ပိုအသက်ဝင်နေသည်။ သူ့ဆံပင်များကလည်း ပိုမိုနက်မှောင်နေ၏။ သူတို့နှစ်ယောက်လုံးက အသက်ကြီးနေသော်လည်း ထိုလူအိုကြီးသည် မိစ္ဆာဝေဟင်မျှော်နန်းမှ ခေါင်းဆောင်နှင့် တူညီမှုမျိုး မရှိချေ။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

“သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ခေါင်းဆောင် မဟုတ်ဘူး ”

“သေချာရဲ့လား”

“အာမခံနိုင်တယ်။ ငါက လျန့်စီရင်စုတုန်းက ကျိချန်းပေ့နဲ့ တွေ့ဖူးတယ်။ သူ့စကားတွေ၊ အသုံးအနှုန်းတွေ၊ အပြုအမူတွေနဲ့ အသံကအစ မှတ်မိတယ်။ သူတို့အားလုံးကို ငါ့စိတ်ထဲမှာ ပုံနှိပ်နှိပ်ထားပြီးသား … သူ့ကို လူမှားဖို့ မဖြစ်နိုင်ဘူး” ရှန်လွမ့်ရှိုးက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

ဝုန်း

ရထားလုံးပျံက မြေပေါ် ဆင်းသက်လာသည်။

တပည့်များက ရထားလုံးပျံထဲမှ ထွက်လာကာ ဦးညွှတ်လိုက်ကြသည် “ ဂိုဏ်းချုပ်ကို ကြိုဆိုပါတယ် ”

အချိန်ဒဏ်တိုက်စားမှုကို ခံထားရသည့် လူအိုကြီးတစ်ယောက်က ရထားလုံးပျံထဲမှ ထွက်လာသည်။ သူ့အကြောင်း သတိအထားမိစေဆုံးအချက်မှာ သူ ဝတ်ဆင်ထားသည့် အဝတ်အစားများ ဖြစ်၏။ သူ့ပိုးသားဝတ်ရုံက အစိမ်းရောင်ငှက်များနှင့် ထီးများကို ပန်းထိုးထားသည်။ သူ ရထားလုံးပျံမှ ဆင်းလာလိုက်သည်နှင့် တပည့်နှစ်ယောက်က ဘေးနားမှ လာကူပေးကြသည်။ သူတို့က လုကျိုးမတိုင်ခင် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်တန့်လိုက်ကြသည်။

သူက အနည်းငယ် ဦးညွှတ်ကာ “လောင်ချန်းပေ့ကို ဂါရဝပြုပါတယ်။ ကျုပ်က ဖန်းလိုင်ဂိုဏ်းရဲ့ ဟွမ်ရှစ်ကျဲပါ ”

“ဟွမ်ရှစ်ကျဲလား” လုကျိုးက ခေါင်းညိတ်ကာ “ဖန်းလိုင်ဂိုဏ်းက ကျင့်ကြံရေးလောကရဲ့ အသေးအဖွဲ့ကိစ္စတွေမှာ ဝင်မပါဘူး မလား။ ဘာလို့ ဒီနေ့ ဝင်ပါရတာလဲ”

ဖန်းလိုင်ကျွန်း၏ အရှင်က ဖန်းလိုင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ပေသည်။

ဟွမ်ရှစ်ကျဲက ပြောလိုက်သည်။ “ ကျုပ်တို့ ဖြတ်သွားတုန်း ကနဦးချီ လှုပ်ခတ်မှုကို ခံစားမိလို့ပါ။ အဲဒါကြောင့် တစ်ချက်လာကြည့်ရုံပါပဲ။ ဒီနေရာမှာ အကျော်အမော်တစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး ”

လုကျိုးက မလှုပ်မယှက် ဆက်ရှိနေသည်။ သူက ချီးကျူးစကား ကြားဖူးနေကြ ဖြစ်၏။

ထိုစဉ် ရှန်လွမ့်ရှိုးလည်း အပြေးရောက်လာသည်။ သူက သူ့ကိုယ်သူ သူတို့နှင့် တတ်နိုင်သမျှ နီးနီးရပ်လိုက်သည်။ ထိုအခါ သူက ပြုံးလိုက်ပြီး “ လောင်ချန်းပေ့ကို ဘယ်လိုများခေါ်ရမလဲ ”

“ဟင်း” လုကျိုးက ရှန်လွမ့်ရှိုးအား ကြည့်လိုက်သည်။

ရှန်လွမ့်ရှိုးက ထိတ်လန့်သွားကာ နောက်တစ်လှမ်းဆုတ်မိသွားသည်။ သူက လုကျိုးဆီမှ ဖိအားကို ခံစားမိလိုက်၏။

“ လောင်ချန်းပေ့ ကျုပ် တောင်းပန်ပါတယ်”

ဒီလိုနတ်ဝိညာဉ်ဝဋ်ကြွေးချေ ကျင့်ကြံသူလေးက ပွင့်ချပ်ကိုးလွှာအဆင့်ရဲ နာမည်ကို ဘယ်လိုများ ထုတ်မေးရဲတာလဲ …

လုကျိုး၏ အကြည့်တစ်ချက်က သူ့သတ္တိအားလုံး ပျောက်ဆုံးသွားစေသည်။ သူက ဆက်လက်မပြောရဲတော့ပေ။

ဟွမ်ရှစ်ကျဲက ပြောလိုက်သည် “ချန်းပေ့ … ဖန်းလိုင်ဂိုဏ်းက ရန်သူဖြစ်လာဖို့ စိတ်ကူးမရှိပါဘူး။ အဲဒီမတိုင်ခင်က …

“ မင်းက ငါ့ဆီကနေ ဖြေရှင်းချက် လိုချင်နေတာလား”” လုကျိုးက မေးလိုက်သည်။

“ ကျုပ်တို့ မလုပ်ရဲပါဘူး” ဟွမ်ရှစ်ကျဲက တစ်ဖက်ကို ကြည့်လိုက်သည်။ သူက ထိုက်ရွှီကျောင်းတော်နှင့် ဟုန်ချူးအဖွဲ့မှ လူများကို အဝေးတွင် မြင်လိုက်ရသည်။ သူက လက်ဝေ့လိုက်ပြီး “သူတို့ကို သတ်ပစ်လိုက်”

ထိုအမိန့်က အားလုံးကို ထိတ်လန့်သွားစေသည်။

ထိုက်ရွှီကျောင်းတော်နှင့် ဟုန်ချူးအဖွဲ့မှ လူများလည်း ကြောက်လန့်တကြား နောက်ဆုတ်လိုက်ကြသည်။

ဟွမ်ရှစ်ကျဲက သက်ညှာနေရမည့် အချိန်မဟုတ်ကြောင်း သိလေသည်။ သူက အသံနိမ့်ပြောလိုက်သည် “ ဒါက ဘာလဲ။ ငါ့အမိန့်က အရေးမပါတော့ဘူးလား ”

“ ဟုတ်ကဲ့ ဂိုဏ်းချုပ်” ဖန်းလိုင်ဂိုဏ်း၏ ပထမတပည့်က အနက်ရောင်ထီးကို ကိုင်လိုက်သည်။ သူ့မျက်ဝန်းတွင် သတ်ဖြတ်ငွေ့ ဖြတ်ပြေးသွားသည်။

တခြားတပည့်များလည်း လှည့်သွားကြသည်။

ငါးယောက်သား လေထဲ ခုန်ဝင်ကာ အဖွဲ့ဆီ ရောက်ရှိသွားကြသည်။

အချိန်တစ်ခုကြာပြီးနောက် သွေးမိုးများ ရွာသွန်းသွားလေသည်။

လုကျိုးက သူတို့အား မကြည့်ပေ။ သူတို့က ဒီရလဒ်နှင့် ထိုက်တန်လေသည်။ ထို့အပြင် သူတို့သေခြင်းရှင်ခြင်းက သူနှင့် မဆိုင်ပေ။

ဟွမ်ရှစ်ကျဲက လက်နှစ်ဖက်ယှက်ကာ “ လောင်ချန်းပေ့ ကျေနပ်ပါရဲ့လား”

“မင်းက ကောင်းကောင်းလုပ်ခဲ့တာပဲ” လုကျိုးက ပြောလိုက်သည်။

“ဟွမ်ရှစ်ကျဲက လောင်ချန်းပေ့ လမ်းညွှန်မှုအတိုင်း လိုက်နာလိုက်တာပါ” ဟွမ်ရှစ်ကျဲက ဦးညွှတ်လိုက်သည်။

တခြားတပည့်များလည်း ဦးညွှတ်လိုက်သည်။

လုကျိုးက ဟွမ်ရှစ်ကျဲဆီမှ အာရုံလွဲလိုက်သည်။ သူက မိန်းကလေးခရုဆီ လျောက်သွားလိုက်သည်။ သူမက လုံးလုံးမကြောက်နေကြောင်း သတိထားမိလိုက်သည်။ တကယ်တော့ သူမက သိချင်စိတ်ပိုများနေလေ၏။

လုကျိုးက မပြောနိုင်ခင် သူမက ပြောလိုက်သည် “ အဲဒါကို အရင်က မြင်ဖူးတယ် ”

“ဘယ်မှာမြင်ဖူးတာလဲ”

“ပွင့်ချပ်ကိုးလွှာ ..” မိန်းကလေးခရုက သူမလက်ဖြင့် ရွှေကြာပုံ လုပ်ပြလေသည်။

လုကျိုးက ထိုစကားကို ကြားသည့်အခါ အံ့ဩသွားလေ၏။ သူ့အလိုလိုသိစိတ်အရ မိန်းကလေးသည် လိမ်ညာနေခြင်း မဟုတ်ကြောင်း ပြောနေသည်။ သူမ မျက်ဝန်းက ရိုးသားမှုအပြည့် ဖြစ်နေ၏။ သူက ထပ်မမေးတော့ပေ။ သူမ စကားများက နည်းနည်း ကြောက်ဖို့ကောင်းလေသည်။

သူက တစ်ဦးတည်း‌သော ပွင့်ချပ်ကိုးလွှာအဆင့် မဟုတ်ရင် ဘယ်လိုလုပ်မလဲ …

အဆုံးသတ်၌ သူက လက်ဆန့်ကာ ပြောလိုက်သည် “သွားကြစို့”

မိန်းကလေးခရုက သူ့အား ကြည့်ကာ လက်ဆွဲလိုက်သည်။

စင်မြင့်ပေါ်က နေရောင်က တောက်ပနေသည်။

တောအုပ်မှ သားရဲများလည်း ထွက်သွားကြပြီ ဖြစ်၏။ ငှက်များကလည်း နေဝင်ရာ အရပ်ဆီ ပျံသန်းနေကြသည်။ သူတို့က နေရောင်နောက် လိုက်နေကြ၏။

မျှော်လင့်ချက် ရှိနေသေးသည် မဟုတ်ပါလော။

လုကျိုးက မိန်းကလေးခရု၏ လက်ကို ဆွဲထားရင်း ကျင်းစီရင်စုဆီ ဦးတည်လိုက်သည်။ သူက လှည့်ကြည့်လာကာ “ဟွားချုံးယန် ”

ဟွားချုံးယန်က တုန်လှုပ်သွားလေသည်။ ပွင့်ချပ်ခုနှစ်လွှာအဆင့်က ယနေ့တွင် ယင်ကောင်လို ခံစားလိုက်ရသည်။ သူက ဖန်းလိုင်ဂိုဏ်းသားများကြားမှ ဖြတ်ကာ သွားလိုက်သည်။

သူက ဟွမ်ရှစ်ကျဲကို ဖြတ်ကျော်လာစဉ်အခါက ဦးညွှတ်နေဖို့ အချိန်ပင် မရလိုက်ပေ။

“လုချန်းပေ့ ”

ဖန်းလိုင်ဂိုဏ်း၏ လူများက ဟွားချူံးယန် စကားကို ကြားလိုက်သည့်အခါ ပွင့်ချပ်ကိုးလွှာပိုင်ရှင် မျိုးရိုးက လု ဖြစ်ကြောင်း သိသွားကြသည်။

အနည်းဆုံးတော့ ကျင့်ကြံရေးလောကအတွင်း နောက်ထပ် လျှို့ဝှက်ဆန်းကြယ်တစ်ခု ဖြစ်လာလေပြီ။ ပွင့်ချပ်ကိုးလွှာ လု၏ နာမည်က ကျင့်ကြံရေးလောကကို လှုပ်ကိုင်သွားလိမ့်မည်။

“ ကျွန်တော် … ကျွန်တော့်ဇာစ်မြစ်ကို ဝှက်ထားဖို့ ရည်ရွယ်ချက် မရှိပါဘူး ” ဟွားချုံးယန်က ထစ်ထစ် အအဖြင့် ပြောလိုက်သည်။

လုကျိုးက ကျင်းစီရင်စုမြို့ထဲသို့ ဦးတည်လိုက်သည်။

သူ ထွက်သွားသည့်အခါ ဟွမ်ရှစ်ကျဲနှင့် တခြားလူများက သက်ပြင်းချလိုက်ကြသည်။

တော်သေးတယ် ….

သို့သော်လည်း ဖန်းလိုင်ဂိုဏ်း၏ ဂိုဏ်းချုပ်အနေနှင့် တခြားလူများကို သူ ကြောက်ရွံ့နေကြောင်း မပြသသည်မှာ ပုံမှန်သာ ဖြစ်၏။ ထို့အစား သူက လုကျိုး၏ ကျောပြင်ကို ကြည့်နေရင်း တည်ငြိမ်နေအောင် ကြိုးစားလိုက်သည်။ ထို့နောက် သူက ဟုန်ချူးအဖွဲ့နှင့် ထိုက်ရွှီကျောင်းတော်မှ လူများကို တစ်ချက်ကြည့်ကာ ပြောလိုက်သည် “ ကျူပင်ခုတ် ကျူငုတ် မကျန်စေနဲ့တဲ့ … အသက်ရှင်ရက် မထားနဲ့ ”

“နားလည်ပါပြီ ”

…

အခန်း (၄၇၉) ဆန်းကြယ်သော မိန်းကလေးခရု

သူသည် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ကိုရန်စရမှာ သိပ်ကိုကြောက်ရွံ့နေခဲ့သည်။ သို့သော်ငြား ထိုက်ရွှီကျောင်းတော်နှင့် ဟုန်ချူးအခွဲကိုလည်းရန်မစနိုင်ပေ။ ဤသို့ဆိုလျှင် ပေါင်းပင်ကို အမြစ်ဖြတ်ပြီးပြတ်သုတ်သင်ရန်အကောင်းဆုံးပဲဖြစ်၏။ ဤကိစ္စပြီးနောက်အဖြစ်အပျက်အတွက်မူ သူတို့သည် စုံစမ်းစစ်ဆေးမှုကိစ္စများထဲတွင် ချန်ထားခဲ့မည်။

ရှန်လွမ့်ရှိုးက အသက်ကျယ်ကျယ်တောင်မရှူရဲချေ။ သူ၏မျက်နှာပေါ်ရှိချွေးများကိုသုတ်လိုက်၏။

“အဲ့ဒီအဘိုးကြီးလုက သူ့ရဲ့အရှိန်အဝါက လောင်ချန်းပေ့ကျိထက်တောင်ပိုပြီးအစွမ်းထက်တဲ့ပုံပဲ”

“ရှန်လွမ့်ရှိုး”

“…”

“ဒီမှာ” ရှန်လွမ့်ရှိုးက လက်မြှောက်လိုက်၏။ သူသည် ပေဖြူလွှာ၏ထိပ်တွင်ရှိသူဖြစ်၏။ ထိုသို့တိုင်သူက အစေခံတစ်ယောက်ပမာနေထိုင်နေသည်။

“သူ့နောက်ကလူကို ဟွားချုံးယန်လို့ခေါ်လိုက်တယ်။ သူက ငရဲဂိုဏ်းရဲ့ မဟာအကြီးအကဲ လေးယောက်ရဲ့ခေါင်းဆောင်မဟုတ်ဘူးလား” ဟွမ်ရှစ်ကျဲက ဇဝေဇဝါဖြင့်မေးလိုက်သည်။

“အဟုတ်ပဲ ... သူ့မှာနက်နဲတဲ့ကျင့်ကြံဆင့်ရှိတယ်။ ဒါပေမဲ့ သူဒီမှာဘာကြောင့်ရောက်နေမှန်း မသိဘူး”

ဟွမ်ရှစ်ကျဲခေါင်းညိတ်လိုက်သည်။

“သူက ပွင့်ချပ်ကိုးလွှာလုနဲ့ရင်းနှီးတယ်ဆိုမှတော့ ဖန်းလိုင်က ဒီအခွင့်အရေးကို လက်လွှတ်ခွင့် မပေးနိုင်ဘူး။ ငါတို့ဒီကိုရောက်လာတဲ့အကြောင်းအရင်းကို မမေ့လိုက်နဲ့”

“နားလည်ပါပြီ။"

လုကျိုးက လေထဲမပျံသန်းသွားပေ။ သူသည် တမင်တကာပင် မိန်းကလေးခရု မည်သို့တုံ့ပြန်မည်ဆိုတာကိုမြင်ရန်အတွက် ခရီးစဉ်ကို ပထမဆုံးခြေလျင်သွားခဲ့သည်။

ဟွားချုံးယန်သည် သူ့နောက်ကနေတိတ်တဆိတ်လိုက်ပါလာ၏။

လုကျိုးက တောအုပ်ထဲရောက်သည့်အချိန်၌ ရပ်တန့်လိုက်သည်။ သူက မိန်းကလေးခရု၏ ခြေထောက်ကို ကြည့်ပြီးပြောလိုက်သည်။ “မင်းရဲ့အိမ်က ဘယ်မှာလဲ။ မင်းကို ပြန်ပို့ပေးမယ်”

“အိမ်လား” သူမက ခေါင်းခါလိုက်တော့သည်။

သူ့မှာအိမ်မရှိဘူးလား ... လုကျိုးက သူ့ကိုထပ်လေ့လာလိုက်၏။ သူမသည် အမှန်တကယ် ဆန်းကြယ်လှပေသည်။ ဘာသာစကားနှင့် သံစဉ်တွင် ပါရမီထူးသူဖြစ်သော်ငြား ထိုကဲ့သို့ ခက်ခဲ ကြမ်းတမ်းသည့်အခြေအနေအောက်တွင် ရှင်သန်နေရ၏။ သာမန်မိသားစုများ၊ ကလေးများသည် အိမ်ရာမဲ့ဆိုလျှင် ရှင်သန်နေထိုင်ရန်ခက်ခဲကြသည်။ သူ့ဖာသာသူရေရွတ်ပြောပြီးနောက် ပြောလိုက်သည်။

“ဒါဆို မင်းကိုငါနဲ့ခေါ်သွားမယ်”

ဟွားချုံးယန် လှမ်းခေါ်လိုက်သည်။ “လုချန်းပေ့”

“ဟမ်”

“ကျုပ် ပြောစရာတစ်ခုရှိပါတယ်။ ဒါပေမဲ့ သင့်တော်မလားမသိဘူး” ဟွားချုံးယန်က ပြောလိုက်သည်။

“မင်းက မင်းရဲ့အထောက်အထားကို ဖုံးကွယ်ထားတာ။ မင်းနဲ့ အဲ့ဒါကိုတောင် စာရင်းမရှင်းရသေးဘူး”

လုကျိုးက နက်ရှိုင်းသောအသံဖြင့်ပြောလိုက်သည်။

“…” ဟွားချုံးယန်က ရင်ထိတ်သွားတော့၏။

လုကျိုးက သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ အင်း ... ငါ ရုပ်ဖျက်တာကောင်းလွန်းနေတာ မဟုတ်ဘူးလား။ အနေခက်လိုက်တဲ့ နှစ်ဆအခြေအနေပဲ။ သူက ခေါင်းခါလိုက်သည်။ ယင်းက ကိစ္စမရှိပေ။

“ကျုပ်က ငရဲဂိုဏ်းရဲ့ မဟာကာကွယ်စောင့်ရှောက်သူလေးဦးထဲက တစ်ယောက်ဖြစ်ပြီး မိုးပြာနဂါးခန်းမရဲ့ ခန်းမသခင် ဟွားချုံးယန်ပါ” ဟွားချုံးယန်က ပြောလိုက်၏။

“လက်ရှိမှာ ငရဲဂိုဏ်းက တစ်မိုးအောက်မှာ အကြီးမြတ်ဆုံးမိစ္ဆာဂိုဏ်းပဲ။ ကြားဖူးမှာသေချာပါတယ် လုချန်းပေ့”

လုကျိုးက ဟွားချုံးယန်ကို ကြည့်ပြီးမေးလိုက်သည်။ “မင်း ပြောချင်တာ ဘာလဲ"

“မိန်းကလေးခရုက သန့်စင်ပြီးနုံအပါတယ်။ အန္တရာယ်များတဲ့ကျင့်ကြံခြင်းလောကထဲမှာ ရှင်သန်ဖို့က သူ့အတွက်ခက်ခဲမှာပဲ။ ကျွန်တော် ... ကျွန်တော်က သူ့ကို စောင့်ရှောက်ပေးနိုင်ပါတယ်။ ကျွန်တော့်ရဲ့နှမအရင်းလေးလို သ‌ဘောထားပါ့မယ်” ဟွားချုံးယန်က ပြန်ပြောလိုက်သည်။

“မင်းလား”

“လုချန်းပေ့နဲ့ ကျွန်တော့်ကိုယ်ကျွန်တော် မယှဉ်ရဲပါဘူး။ ချန်းပေ့က ပွင့်ချပ်ကိုးလွှာအကျော်အမော် တစ်ယောက်ပဲ” ဟွားချုံးယန်က ခေါင်းငုံ့လိုက်၏။

ကျင့်ကြံဆင့်သည် လူတစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် ဘာမှမသက်ဆိုင်ပေ။ မိသားစုရှိသည့် ပွင့်ချပ်ကိုးလွှာအကျော်အမော်တစ်ဦးသည် သူနှင့်အတူ ကလေးတစ်ယောက် ပြန်ခေါ်လာပါက ထိုအကျော်အမော်က သူ့ကိုမည်ကဲ့သို့ရှင်းပြမည်နည်း။ သူက တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့လျှင် ကလေးကို ပျိုးထောင်ရန် အချိန်ရှိမှာမဟုတ်။ ယင်းက ကိစ္စတစ်ရပ်ဖြစ်သည်။

ထိုစဉ်် လုကျိုးဘာမှမပြောရသေးခင် ခရုမိန်းကလေးကပြော၏။

“ကျွန်မ ရှင်နဲ့သွားမှာမဟုတ်ဘူး”

ဟွားချုံးယန်

“ဟွားချုံးယန် မင်းဘာကြောင့် သူ့ဆီရောက်လာတာလဲ” လုကျိုး၏အကြည့်တို့ကခက်ထန်နေ၏။ ဒီကိစ္စကိုမင်းလိမ်ပြောခွင့်မပြုဘူး။

ဟွားချုံးယန်သည် လုကျိုး၏ဖိအားကြောင့် ရင်ဘတ်ထဲတင်းကြပ်လာသည်။ ရွေးချယ်စရာမရှိဘဲ ရိုးရိုးသားသားဖြေရတော့၏။

“အရည်အချင်းမရှိတဲ့ ဧကရာဇ်တစ်ပါးက တိုင်းပြည်တစ်ပြည်ကို အုပ်စိုးတဲ့အချိန် သူ့ကို ဆွဲချဖို့က ကျုပ်တို့ရဲ့တာဝန်ပဲလေ။ ငရဲဂိုဏ်းက တိုင်းသူပြည်သားတွေနဲ့ ကျင့်ကြံသူတွေရဲ့ ပံ့ပိုးမှုရှိပြီး လှုပ်ရှားခဲ့ရုံပဲ။ ဒါပေမဲ့ ကျင်းစီရင်စုကိုအုပ်စိုးတဲ့အချိန်မှာ ဒုက္ခများနေတယ်”

“ဒီတော့ မင်းတို့က ဒီမိန်းကလေးကို အသုံးချဖို့စီစဉ်ထားတယ်ပေါ့” လုကျိုးက မေးလိုက်၏။

“ဒါက ...”

လုကျိုးသည် အသုံးချဟူသော စကားလုံးကို သုံးသည့်အချိန်၌ မှားယွင်းသည်ဟုမထင်။ မမှားယွင်းပေ။ အမှန်တရားပဲဖြစ်၏။

ဟွားချုံးယန်က အနေခက်သွားသည်။ သူက ထိုမိန်းကလေးကို မျက်နှာပူစွာကြည့်လိုက်သည်။ ထိုစဉ် လုကျိုးက ဖန်းလိုင်ဂိုဏ်း၏အဖွဲ့ဝင်တစ်ယောက်မဟုတ်ကြောင်း သူ အမှတ်ရသွားသည်။ လုကျိုးသည် သူ့ကို အယုံသွင်းကာ ပြောခဲ့ခြင်းသာဖြစ်၏။ သူက သတ္တိမွေး၍ပြောလိုက်တော့သည်။

“ကျုပ်အတင့်ရဲတဲ့ တောင်းဆိုချက်တစ်ခုရှိပါတယ်။ ငရဲဂိုဏ်းက လောင်ချန်းပေ့ရဲ့ ပံ့ပိုးမှု ရှိခဲ့မယ် ဆိုရင် ကျင်းစီရင်စုကို ကျုပ်တို့တွေ အလွယ်တကူဖြေရှင်းနိုင်မှာသေချာတယ်”

သူတို့သာ ပွင့်ချပ် ကိုးလွှာအကျော်အမော်ရခဲ့မည်ဆိုလျှင် မိန်းကလေးခရုလည်းမလိုအပ်သလို ရက်စက် ကြမ်းကြုတ်သည့်သားရဲများကိုလည်း မလိုအပ်တော့ချေ။ ထိုသို့ပြောပြီးနောက် သူသည် လုကျိုးကို ကြည့်ရန် သတ္တိမရှိတော့ချေ။

အတန်ကြာတိတ်ဆိတ်သွားပြီးနောက် လုကျိုးက ပြောလိုက်သည်။

"ဒီအသေးအမွှားကိစ္စထဲ ဝင်ပါဖို့ ရည်ရွယ်ချက် မရှိဘူး။ ဒါပေမဲ့ ငရဲဂိုဏ်းရဲ့ဂိုဏ်းချုပ်ကို အတော်လေး စိတ်ဝင်စားမိတယ်”

ဟွားချုံးယန်က အထိတ်တလန့်မေးလိုက်၏။

“လုချန်းပေ့ ကျုပ်ရဲ့ဂိုဏ်းချုပ်အကြောင်း ကြားဖူးတာလား”

“နဲနဲပေါ့”

“အမှန်အတိုင်းပြောရရင် ကျုပ်ဂိုဏ်းချုပ်ရဲ့ရှစ်စွင်းက ခင်ဗျားလိုပဲ အကျော်အမော်ပဲလေ။ ခင်ဗျား ကြားဖူးမလား မသိဘူး။ ကျင့်ကြံခြင်းလောကကို မုန်တိုင်းထန်စေခဲ့တဲ့ မိစ္ဆာဝေဟင်မျှော်နန်းလေ လုချန်းပေ့” ဟွားချုံးယန်က ဖျတ်လတ်တက်ကြွလာ၏။ သူသည် မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ချက်ချင်းပြောတော့သည်။ လုကျိုးက တစ်ကိုယ်တော် အကျော်အမော်ဆိုတာ သူ ယခု ယုံကြည်သွားပြီဖြစ်၏။

“ပွင့်ချပ်ကိုးလွှာလား ... မိစ္ဆာဝေဟင်မျှော်နန်းလား” လုကျိုးက မေးလိုက်သည်။ ဆိုရလျှင် သူ့ရဲ့လိုရင်းက ယွီကျန့်ဟိုင်ကို တွေ့ရန်ဖြစ်ပြီး ထိုငမိုက်သား စီးဝူယာ့ဘာလုပ်နေလဲဆိုတာ မြင်တွေ့ရန်ဖြစ်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းသခင်က သိပ်မကြာခင်တုန်းက ဂိုဏ်းကြီးခုနစ်ဂိုဏ်းကို တစ်ကိုယ်တော် အနိုင်ယူခဲ့တာ။ သူ့ရဲ့ဖူးပွင့်နေတဲ့ပွင့်ချပ်ကိုးလွှာကြာပွင့်ကလည်း ပြိုင်ဖက်ကင်းပဲ” ဟွားချုံးယန်၏ လေသံထဲတွင် လေးစားမှုများပြည့်နေ၏။ သို့သော် ပြိုင်ဖက်ကင်းဟူသောစကားကိုပြောမိသောအခါ သဘောပေါက်သွား၏။ သူက ချောင်းအနည်းငယ်ဟန့်လိုက်တော့သည်။

“လုချန်းပေ့နဲ့ယှဉ်ရင် သူက နည်းနည်းချို့တဲ့နေတယ်။ ပြောရရင် သူက အသက်ကြီးပြီလေ။ သူပွင့်ချပ်ကိုးလွှာအဆင့်မှာ ရောက်ရင်တောင် သူ့အသက်အတွက် အကန့်အသတ်အဆင့်မှာ ရောက်နေဦးမှာပဲ”

လုကျိုး “...” မင်းက ငါ့အကြောင်း ပေါက်တက်ကရပြောရဲတဲ့သတ္တိရှိတယ်ပေါ့။

“ပွင့်ချပ်ကိုးလွှာအဆင့်ရပြီးတဲ့နောက် သူ့သက်တမ်းတိုနေဦးမယ်ဆိုတာ မင်း ဘယ်လိုလုပ်သိလဲ”

လုကျိုးက မေးလိုက်သည်။ သူတောင် ထိုသို့မပြောရဲပေ။ သူ၏အစစ်အမှန်ကျင့်ကြံဆင့်သည် ပွင့်ချပ်တစ်လွှာတွင်သာရှိသေးသည်။ သို့သော် ပွင့်ချပ်ရှစ်လွှာအဆင့်ကနေ ပွင့်ချပ်ကိုးလွှာအဆင့်သို့ အဆင့်တက်သွားသည်နှင့် အနှစ်ငါးဆယ်ထက်ပိုပြီးရလိမ့်မည်ဟု သူ ခံစားမိသည်။

“လုချန်းပေ့ ပြောတာ အဓိပ္ပာယ်ရှိတယ်။ ကျွန်တော် မသိတတ်တာပါ” ဟွားချုံးယန်က ပြောလိုက်၏။

“ယွီကျန့်ဟိုင်မှာ ဒီလိုဆရာမျိုးရှိတယ်ဆိုရင် မင်းက ကျင်းစီရင်စုကို ပြားပြားဝပ်စေဖို့ သူ့အကူအညီ ဘာကြောင့်မတောင်းလဲ” လုကျိုးက မေးလိုက်၏။

“ဒါက ...” ဟွားချုံးယန်သည် ထိုကိစ္စကိုပေါ့ပေါ့လေးမပြောရဲချေ။ ယင်းက သူ၏ဂိုဏ်းချုပ် ယွီကျန့်ဟိုင်၏ပုဂ္ဂိုလ်ရေးကိစ္စဖြစ်၏။ ငရဲဂိုဏ်းနဲ့လည်း ထည့်ပြောတာရှားသည်။ ပြီးနောက် သူက ပြောလိုက်သည်။

"ဒီအကြောင်းကို ဂိုဏ်းချုပ်နဲ့ကိုယ်တိုင်တွေ့ရင်မေးလို့ရတာပဲ”

“ဟုတ်ပြီ” လုကျိုးက ပြောလိုက်သည်။ သူတို့က အလွယ်တကူပါလာ၏။ ပြီးနောက် သူက မိန်းကလေးခရုကိုကြည့်လိုက်ပြီးပြောလိုက်သည်။ "မင်းကိုငါနဲ့ခေါ်သွားမယ်”

“အင်း” စွမ်းအင်လေပွေက သူတို့နှစ်ယောက်ကိုသယ်ဆောင်သွား၏။ သူတို့ကလေထဲ ပျံတက်သွားပြီးနောက် ကျင်းစီရင်စုမြို့သို့သွားလိုက်သည်။

ဟွားချုံးယန်ကခေါင်းညိတ်လိုက်၏။ ပွင့်ချပ်ကိုးလွှာအကျော်အမော်သည် သူ၏အမည်အတိုင်း နေထိုင်သည်ဟု ခံစားမိသည်။ သူ၏တည်ငြိမ်ခြင်းက ရှေ့ဆက်ရန်အကောင်းဆုံးဖြစ်၏။ သူက သူတို့နောက်က တည်တည်ငြိမ်ငြိမ်လိုက်သွားသည်။

သုံးယောက်သားသည် တောအုပ်ကို ဖြတ်ကျော်ပျံသန်းလာ၏။

ခရုမိန်းကလေးသည် ယင်းကိုမြင်သောအခါ စိတ်လှုပ်ရှားသွားသည်။ သူမသည် ယခင်က မပျံဖူးတာ သို့မဟုတ် အချိန်တော်တော်ကြာ မပျံသန်းခဲ့တာဖြစ်‌လောက်သည်။ သူမက အောက်ကို လက်ညှိုးထိုးလျက်ပြောလိုက်၏။

"လှလိုက်တာ" ပြီးနောက် သူမ၏ခရုကို နှုတ်ခမ်းနားအထိ မြှောက်ကိုင်လျက် ညင်သာစွာမှုတ်လိုက်သည်။

လေသံသဲ့သဲ့က ကောင်းကင်ယံထဲပျံ့လွင့်သွား၏။ သာမန်အသံဆိုတာ သိသာနေသော်ငြား အောက်ရှိ မြေပြင်သို့ ရောက်သည့်အချိန်တွင် အောင်မြင်ခန့်ညားပြီး ဖိအားပါသည့်အသံဖြစ်သွားသည်။ တောအုပ်ထဲ၌ သားရဲတိရစ္ဆာန်များ အရိုင်းဆန်စွာပြေးလွှားနေ၏။ တောအုပ်က သစ်ပင်များကြား၌ ဖုန်မှုန့်လုံးမျး တလိမ့်လိမ့်တက်လာသည်။

တေးသံများကြားသည့် ငှက်တို့ကတောင်ပံတဖျပ်ဖျပ်ခတ်ကုန်၏။ ရက်စက်ကြမ်းကြုတ်သော သားရဲအချို့တို့ကလည်း လျှပ်ပြက်သောအရှိန်ဖြင့် စတင်ကျင့်ကြံကြတော့သည်။ သုံးယောက်သား ပျံသန်းနေစဉ် ငှက်များနှင့် သားရဲများက သူတို့နောက်တွင်လိုက်လာ၏။ လုကျိုးက ယင်းကို တွေ့သောအခါ မအံ့ဩပေ။ သူကပြောလိုက်၏။

“ခရု”

“ဪ” သူမက လုကျိုးအားခရုပေးလိုက်သည်။

လုကျိုးက ၎င်းကို စစ်ဆေးလိုက်သည်။ ယင်းက လက်နက်မဟုတ် သာမန်ခရုသာဖြစ်သည်။ အသံ ကျင့်စဉ်လည်း မဟုတ်ပေ။ တေးသွားကကော သားရဲဘာသာစကားရဲ့တစိတ်တပိုင်း ဖြစ်နေမလား။

လုကျိုးက သူမအားခရုပြန်ပေးလိုက်၏။

“ကျေးဇူးတင်ပါတယ်”

အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ခရုမိန်းကလေးက သူ့ကိုကျေးဇူးတင်စကားဆိုလာသည်။

…

အခန်း(၄၈၀) ဟိုးအဝေးမှ တစ်နေရာ

ခရုသံ လွင့်ပြယ်သွားသည့်အခါ သားရဲများနှင့် ငှက်များလည်း ဆက်မလိုက်လာကြတော့ပေ။

လုကျိုးက မိန်းကလေးခရုအား ကြည့်လိုက်၏။ ထိုသို့သော စွမ်းရည်နှင့် လူ ရှိသည်ဟု တွေးကြည့်ဖို့က အရမ်းဆန်းကြယ်လွန်းလှသည်။

ဟွားချုံးယန်က သူမအား ချီးကျူးလိုက်၏။

“ ဒီလိုစွမ်းရည်ကို ကောင်းကောင်းအသုံးချရင် ခေါင်းဆောင်နဲ့တောင် ယှဉ်နိုင်လိမ့်မယ် ”

လုကျိုးက သူ့အား ကြည့်လိုက်ကာ “ သားရဲတွေနဲ့တင်လား”

လူသားနေထိုင်ရာအနားရှိ သားရဲများက သိပ်မများလှပေ။ သူတို့က အားကောင်းသော လူသားကျင့်ကြံသူများနှင့် ယှဉ်နိုင်ဖို့ လိုအပ်နေဆဲ ဖြစ်၏။

ဟွားချုံးယန်က စိတ်ထဲတွင် စဉ်းစာလိုက်သည်။

လောင်ချန်းပေ့က အသိဉာဏ်ကြွယ်ဝပြီးတော့ အတွေ့အကြုံလည်း များတယ် … သူ့အနေနဲ့ အများကြီးသိတာ ပုံမှန်ပါပဲ …

သို့သော် သူ့အနေနှင့် လုကျိုးသည် သူ့ဂိုဏ်းချုပ်၏ အင်အားအကြောင်း စုံစမ်းနေသည်ဟု ခံစားမိနေသည်။ သူက ခဏတာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည် “ ပုံမှန်ဆိုရင် ဒီသားရဲတွေက ထည့်ပြောဖို့တောင် သေးနုတ်လွန်းတယ်။ သားရဲအများစုက သေမျိုးထက် နည်းနည်းပဲ အားကောင်းကြတာလေ။ အားကောင်းတဲ့ သားရဲတွေကြတော့လည်း စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့် ဒါမှမဟုတ် အသိအာရုံစုစည်းခြင်း နယ်ပယ်အဆင့်ပဲ ရှိကြသေးတော့ လူသားကျင့်ကြံသူတွေနဲ့ မယှဉ်နိင်ဘူး။ ဒါပေမဲ့ တောအုပ်ကြီးလေးခုက သားရဲတွေကတော့ ကြောက်ဖို့ကောင်းတယ်”

သူက လုကျိုး တိတ်ဆိတ်နေသည်ကို မြင်သည့်အခါ ထပ်ပြောလိုက်သည်။

“ ဟုန်ချူးအဖွဲ့နဲ့ ထိုက်ရွှီကျောင်းတော်က ဒီမိန်းကလေးရဲ့ စွမ်းရည်ကို တပ်မက်နေကြတာက သူတို့ရရှိနိင်တဲ့ အကျိုးမြတ်ကို မြင်နေလို့ပဲ။ တကယ်လို့ သူတို့သာ ဒီမိန်းကလေးကို သေချာပြုစုပျိုးထောင်ပေးမယ်ဆိုရင် စီးတော်သားရဲတချို့ ဖမ်းဆီးလာနိုင်မှာပဲ။ နောက်နှစ်တစ်ရာအတွင်း သူတို့က တာ့ယန်မှာ အားအကောင်းဆုံးဂိုဏ်း ဖြစ်လာနိုင်တယ် ”

လုကျိုးက ထိုရှုထောင့်မှ မတွေးခဲ့ဖူးပေ။ ထိုမိန်းကလေးက ရက်စက်သည့် သားရဲများကို လွှမ်းမိုးနိုင်လေသည်။ သူမအတွက် သားရဲများကို လေ့ကျင့်ပေးခြင်းက သင့်တော်လှ၏။

တောအုပ်ကြီးလေးခုထဲ အားကောင်းတဲ့ သားရဲတွေ ဘယ်လောက်ရှိနေမလဲဆိုတာ ဘယ်သူသိမှာလဲ …

ပွင့်ချပ်ရှစ်လွှာအဆင့် ဖန်လီထန်းပင် တောအုပ်အတွင်း လမ်းပျောက်ကာ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလော။ သူက နတ်ခြင်္သေ့နှင့် ပိအန်းတို့ကို ပြန်တွေးမိလိုက်သေးသည်။ သူတို့က ထိုတောအုပ်ထဲမှ မဟုတ်သောကြောင့် နှိုင်းယှဉ်ကြည့်၍ မရပေ။

အချိန်တချို့ ပျံသန်းလာပြီးနောက် လုကျိုး၊ မိန်းကလေးခရုနှင့် ဟွားချုံးယန်တို့က ကျင်းစီရင်စုမြို့သို့ ရောက်လာကြသည်။

လုကျိုးက မိန်းကလေးခရု၏ အဝတ်များအား ကြည့်လိုက်ပြီးနောက် သူမအား အဝတ်အစားအသစ်အတွက် အပ်ချုပ်သမားဆီ ခေါ်သွားလိုက်သည်။ ထို့နောက် သူက တစ်ယောက်ယောက်ကို ငှားရမ်းကာ သူမအား ဆေးကြောပေးခိုင်းခဲ့သည်။ အကယ်၍ သူမအဝတ်အစားဟောင်းနှင့် ဖုန်သဲများကြောင့် သူမ၏ ကြော့ရှင်းမှုကို မထုတ်ဖော်နိုင်ခဲ့တာဆိုလျှင် အဝတ်အစား လဲဝတ်ပြီးသည့်နောက်တွင် မိန်းကလေးခရုက နတ်မိမယ်တစ်ပါးနှင့်တူသွား၏။ သူမဆံနွယ်များကို ဆံထုံးအဖြစ် ရစ်ပတ်ထားသော်လည်း သူမက တက်ကြွကာ ချစ်စရာကောင်းနေသည်။ သူမ၏ ဝတ်စုံရှည်က ခါးတွင် စည်းထားသောကြောင့် ပို၍ ထည်ဝါစေသည်။

ဟွားချုံးယန်က ပြောလိုက်သည် “ သူမကို အိမ်ယာမဲ့ ကလေးလို့တောင် တွေးကြည့်ဖို့တောင် ခက်တယ်”

ဘယ်လိုမိဘတွေက ဒီလိုမျိုး နူးညံ့အပြစ်ကင်းစင်တဲ့ သမီးလေးကို သွေးအေးအေးနဲ့ စွန့်ပစ်နိုင်ကြတာလဲ

မိန်းကလေးခရုက အဝတ်အစားအသစ်များကို သဘောကျနေဟန်ပေါ်သည်။ သူမက အဝတ်အစားလဲခန်းမှ ထွက်လာပြီးနောက် ကြော့ရှင်းသည့် အကမယ်တစ်ယောက်လိုမျိုး ချာကနဲ လှည့်ပြလိုက်သေးသည်။

“ကြိုက်လား” လုကျိုးက မေးလိုက်သည်။

“ဟုတ်” ခရုလေးက‌ မော့ကြည့်ကာ ပြုံးလိုက်သည် “ ကြိုက်တယ် ”

“ကောင်းပြီ”

ဒါပဲလား … ဒီမိန်းကလေးက တုံးအရုံတင် မကဘူး။ ကမ္ဘာကြီးအကြောင်း မသိသေးဘူးပဲ

ထိုနေရာ၌ သူမက ရှောင်ယွမ်အာနှင့် ဆင်လေသည်။

သို့သော်လည်း တစ်ဖက်လူက ရှောင်ယွမ်အာနှင့် ရင်ဆိုင်သည့်အခါ ရှုံးနိမ့်သွားတတ်ကြသည်။ တစ်ဖက်တွင်မူ မိန်းကလေးခရုက အရေးနိမ့်မည့်ဘက်မှ ဖြစ်လေသည်။ သူမ ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်အထက် စတေးခံအဖြစ် ရောက်နေသည်က အကောင်းဆုံး သက်သေဖြစ်၏။

ထိုစဉ် ဟွားချုံးယန်က ဦးညွှတ်ကာ “ လုချန်ပေ့ နောက်ကျနေပြီ။ ကျင်းစီရင်စုထဲ ညမထွက်ရအမိန့် ရှိတယ် ”

ညမထွက်ရ အမိန့်သည် မြို့အဝင်နှင့် အထွက်ကို တင်းကျပ်လိုက်ခြင်း ဖြစ်၏။ မြို့သူမြို့သားများက ညဘက် အိမ်အပြင် ထွက်ခွင့်ပြုမည် မဟုတ်သောကြောင့် မြို့အပြင်အား ထည့်ပြောဖို့ မလိုတော့ပေ။

လုကျိုးက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည် “အလျင်လိုဖို့ မလိုပါဘူး”

သူက မိန်းကလေးခရုအား ကြည့်လိုက်ကာ “ ဗိုက်ဆာနေပြီလား”

မိန်းကလေးခရုက ဗိုက်ကို ပွတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

ဟွားချုံးယန်က ရွေးချယ်စရာမရှိဘဲ သူတို့နှစ်ဦးနောက်မှ တည်းခိုဆောင်ထဲ လိုက်သွားလိုက်ရသည်။

ဟင်းပွဲများစွာကို မှာယူလိုက်ကာ သုံးယောက်သား စားပွဲတွင် ဝင်ထိုင်လိုက်ကြသည်။ လုကျိုးနှင့် ဟွားချုံးယန်က စားချင်စိတ်မရှိပေ။ သူတို့က မိန်းကလေးခရု စားနေသည်ကိုသာ ကြည့်နေကြ၏။ သူမက အစားသွက်သူ မဟုတ်ပေ။ သူမက မျိုမချခင် ပါးစပ်အပြည့် ဝါးစားလိုက်သည်။ သူမက ကြက်ကလေး ဆန်ကောက်စားသည့်ပမာ အမြန်နှုန်းလည်း မရှိပေ။ သူမက ယုန်လေးနှင့် ပိုတူ၏။ ထိုအရာပေါ် မူတည်၍ သူမက သာမန်မိသားစုမှ ကလေး မဟုတ်ပုံပေါ်နေသည်။

“မင်းရဲ့ အိမ်က ဘယ်မှာလဲ” လုကျိုးက ထပ်မေးလိုက်သည်။

သူမက အရှေ့ဘက်ကို လက်ညှိုးထိုးကာ “ ဟိုးအဝေးကြီးမှာ ”

“ ဘယ်မှာလဲဆိုတာ မှတ်မိလား” ဟွားချုံးယန်၏ စိတ်ဝင်စားမှုက မြင့်တက်လာသည်။

မိန်းကလေးခရုက ခေါင်းခါလိုက်သည်။

“မင်းရဲ့ အိမ်က ဘယ်လိုမျိုးလဲ” ဟွားချုံးယန်က နေရာအနေအထားပေါ် မူတည်၍ ခန့်မှန်းကြည့်ဖို့ လုပ်လိုက်သည်။

ခရုလေးက ခေါင်းခါကာ “ မမှတ်မိဘူး ”

လုကျိုးက သံသယဝင်လာမိသည်။

သူမက မှတ်ဉာဏ်ပျောက်သွားတာလား …

သူ့သိချင်စိတ်က တိုးလာကာ ပြောလိုက်သည်။ “လက်ပေး ”

“အိုး” မိန်းကလေးခရုက လုကျိုးဆီ နာနာခံခံ လက်လေး ထုတ်ပေးလာသည်။

လုကျိုးက သူမ လက်ကောက်ဝတ်ပေါ် လက်နှစ်ချောင်းတင်ကာ ကနဦးချီကို သူမ၏ ချီသွေးကြောရှစ်ခုဆီ ပို့ဆောင်လိုက်သည်။ ထိုစဉ် သူက ပိုစိတ်ရှုပ်သွား၏။ သူမက ဒဏ်ရာရခြင်း မရှိသလို ခေါင်းထိထားခြင်းမျိုးလည်း မရှိပေ။ သူမ၏ စိတ်အခြေအနေက ကောင်းနေသည်။ သူမ၏ စွမ်းအင်ဗဟိုချက်မှ ချီပင်လယ်ကလည်း ကမ္ဘာဦးအခြေအနေတွင် ရှိသောကြောင့် တစ်ခါမှ မကျင့်ကြံဖူးသေးကြောင်း ပြသနေသည်။

တခြားနည်းဖြင့်ဆိုရလျှင် သူမက သာမန်ကျန်းမာနေသည့် သေမျိုးတစ်ယောက် ဖြစ်၏။

အဲဆို သူမက မှတ်ဉာဏ်ပျောက်သွားတဲ့ပုံ ပေါ်နေပါ့လိမ့် …

သူ့အား နားလည်ရခက်စေသည့်အရာမှာ သားရဲရိုင်းများကို ထိန်းချုပ်နိုင်စွမ်းနှင့် အမှန်တရားမျက်လုံးအောက်မှ ရှောင်ရှားနိုင်စွမ်းကို ဖြစ်၏။

သေမျိုးတစ်ယောက်က ဒီလိုဖြစ်လို့လား …

သူမအကြောင်း သံသယဝင်စရာတွေ အများကြီးရှိလေသည်။ သူမက ယဉ်ကျေးသော်လည်း ကလေးတစ်ယောက်၏ လေထုမျိုး မရှိနေပေ။ သို့သော် သူမက လူကြီးတစ်ယောက်၏ ရင့်ကျက်မှုမျိုးလည်း မပြသပေ။ သူမကို ဖော်ညွှန်းဖို့ရာ သင့်တော်သည့် စကားလုံးရှာဖို့ ခက်ခဲလှသည်။

“ချန်းပေ့ နေဝင်လာပြီ။ ကျွန်တော်တို့ သွားသင့်ပြီ” ဟွားချုံးယန်က အလျင်စလို ပြောလိုက်သည်။

“ မင်း ဗိုက်ပြည့်သွားပြီလား” လုကျိုးက မိန်းကလေးခရုအား ကြည့်လိုက်သည်။

“ အမ် … ကျေးဇူးတင်ပါတယ် ” မိန်းကလေးခရုက ခေါင်းညိတ်လိုက်သည်။

“အဲဆို သွားကြစို့ ”

ထို့နောက် သုံးယောက်သား တည်းခိုဆောင်မှ ထွက်သွားကြသည်။

…………………….

ထိုစဉ်

ငရဲဂိုဏ်းအဖွဲ့ခွဲတစ်ခုအတွင်း ယွီကျန့်ဟိုင်က ရှေ့ပြန်နောက်ပြန် လျှောက်နေသည်။

စီးဝူယာ့က သူ့အား ကြည့်လိုက်ကာ “ တာ့ရှစ်ရှိုး စိတ်ပူနေဖို့ မလိုပါဘူး။ ဟွားချုံးယန်ရဲ့ လုပ်ဆောင်ပုံက အမြဲတမ်း တိကျခဲ့တာပဲလေ”

ယွီကျန့်ဟိုင်က ရပ်လိုက်ပြီး “ ငါတို့တွေ မသေချာဘူးလေ။ သူ ကျရှုံးသွားရင် ဘယ်လိုလုပ်မလဲလို့ စိတ်ပူနေမိတာ”

“အဲဒါဆို ကျွန်တော်တို့ တခြားဟာ စဉ်းစားထားတာပေါ့ ”

“ ဉာဏ်ကောင်းတဲ့ ရှစ်တိလေးဆီမှာ တခြားခပ်မိုက်မိုက် အစီအစဉ် ရှိထားသေးလား” ယွီကျန့်ဟိုင်က မေးလိုက်သည်။

“ခပ်မိုက်မိုက်လို့တော့ မပြောနိုင်ဘူး။ ငရဲဂိုဏ်းရဲ့ လတ်တလော မှတ်တမ်းတွေအရ တာ့ရှစ်ရှိုးက ဖန်းလိုင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ ဘယ်တုန်းက ရင်းနှီးသွားခဲ့တာလဲ”

ယွီကျန့်ဟိုင်က ရယ်မောကာ “ အဲဒါကဇာတ်ကြောင်းအရှည်ကြီးပဲ။ ငါ မဟာအမှောင်ကောင်းကင်အောက်မေ့ရာကို ကျွမ်းကျင်သွားတော့ လက်ရည်စမ်းမဲ့ လူ လိုနေခဲ့တာ။ အစပိုင်းတုန်းက အာ့ရှစ်တိဆီ သွားဖို့ ကြံသေးတယ်။ သူ့ကို ရှာမတွေ့ခဲ့ဘူး။ အဲဒါနဲ့ ဖန်းလိုင်ကျွန်းဆီ ရောက်သွားခဲ့တာ။ သူ့ကို ငါ့ဓားသုံးချက်နဲ့ အနိုင်ပိုင်းပစ်နိုင်ခဲ့တယ်။ တိုက်ပွဲကနေ မိတ်ဆွေတွေ ဖြစ်သွားကြတာပဲ”

ထို့နောက် သူက မေးလိုက်သည် “ ဉာဏ်ကောင်းတဲ့ ရှစ်တိလေးက ဘာလို့မေးတာလဲ ”

“တကယ်လို့ ကျွန်တော်တို့ ဖန်းလိုင်ကျွန်း အရှင်ရဲ့ အကူအညီသာ ရရင် ကျင်းစီရင်စုကို သိမ်းဖို့ ပိုလွယ်ကူသွားလိမ့်မယ်” စီးဝူယာ့က ပြောလိုက်သည်။

ယွီကျန့်ဟိုင်၏ အကြည့်များက တောက်ပသွားကာ “ မင်း ပြောတာ ဟုတ်တယ်”

ထိုစဉ် လက်အောက်ငယ်သားတစ်ယောက်က ဝင်လာသည်။ သူက ဦးညွှတ်ကာ “ဂိုဏ်းချုပ် ဖန်းလိုင်ဂိုဏ်းချုပ် ရောက်လာပါတယ် ”

စီးဝူယာ့က ထရပ်လိုက်သည်။ သူ့အကြည့်များ တောက်ပသွားကာ “ တာ့ရှစ်ရှိုးက ကံကောင်းတာပဲ ”

ယွီကျန့်ဟိုင်က ပြောလိုက်သည် “သူ့ကို အထဲခေါ်ခဲ့လိုက် ”

ရထားလုံးပျံက ဌာနခွဲ အပြင်ဘက်သို့ ကျရောက်လာသည်။

ယွီကျန့်ဟိုင်က သွားလိုက်၏။ စီးဝူယာ့လည်း နောက်မှ အနီးကပ် လိုက်ပါလာသည်။

ထိုစဉ် ရထားလုံးပျံမှ အသံတစ်သံ ထွက်ပေါ်လာသည်။ “မတွေ့ရတာ ကြာပြီ”

“ ညီအစ်ကို ရှစ်ကျဲ တွေ့ရတာ ဝမ်းသာလိုက်တာ ”

ထိုစဉ် ရထားလုံးပျံထဲမှ ပိုးဝတ်ရုံနှင့် ပုံရိပ်က အလင်းတန်းနှင့်အတူ လျှပ်စီးအရှိန်ဖြင့် ထွက်လာသည်။

တိုက်ကွက်၏ ပစ်မှတ်က ယွီကျန့်ဟိုင် ဖြစ်၏။

ထိုပုံရိပ်၏ လက်ဝါးချက်က အမှောင်အတွင်း လင်းလက်နေသည်။

All Chapters