အခန်း (၄၈၁-၄၈၃)
Vol. 33 Ch. 481-483
အခန်း (၄၈၁) ငါတို့ထပ်တွေ့ပြန်ပြီ
ဟွမ်းရှစ်ကျဲ၏ ရုတ်ခြည်းတိုက်ခိုက်မှုက စီးဝူယာ့ကို အငိုက်မိသွားစေသည်။ သူက ဘေးသို့ဆုတ်လျက် နေရာတချို့ပေးလိုက်သည်။
ယွီကျန့်ဟိုင်က အလျင်မလိုပေ။ သူက ခပ်မတ်မတ်ရပ်နေပြီး တည်ငြိမ်နေလေ၏။ ဘယ်လက်ကို နောက်ကျောတွင် ထားလျက် ညာလက်ဖြင့် တိုက်ကွက်ကို တန်ပြန်တိုက်ခိုက်လိုက်တော့သည်။
ဘန်း ဘန်း ဘန်း
ဟွမ်းရှစ်ကျဲသည် သူ၏လက်ဝါးဖြင့် ဆက်လက်တိုက်ခိုက်နေသည်။ ပုံရိပ်ယောင်များနှင့် သူတို့၏ရောင်ခြည်က တလက်လက်တောက်ပနေ၏။
အရှိန်ပြင်းပြင်းဖြင့် တိုက်ခိုက်နေသော်ငြား ယွီကျန့်ဟိုင်သည် ၎င်းတို့ကို လွယ်လင့်တကူ တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်သည်။
ဟွမ်းရှစ်ကျဲက ယခုဆိုပျံသန်းသွားတော့သည်။ သူ၏တိုက်ခိုက်မှုများက ပိုမိုမြန်ဆန်လာကာ လေပြင်းများနှင့် သစ်ရွက်များဝေ့တက်လာစေ၏။
ဖန်းလိုင်ကျွန်းမှ တပည့်များသည် ရထားလုံးပျံနားတွင် ရပ်နေကြပြီး ဝင်မစွက်ဖက်ပေ။ သူတို့က တိတ်တဆိတ်သာ လေ့လာနေ၏။
ထိုနည်းတူ ငရဲဂိုဏ်းသားများကလည်း တိတ်တဆိတ်လေ့လာနေကြသည်။
အကျော်အမော်များကြားရှိ တိုက်ပွဲကိုကြည့်ရသည်က နှစ်ခြိုက်စရာကောင်းလှပေ၏။
ရထားလုံးပျံ၏ ဆင်းသက်သည့်နေရာကနေ ဟွမ်းရှစ်ကျဲက ဆက်လက်တိုက်ခိုက်နေ၏။
ယွီကျန့်ဟိုင်က နောက်ဆုတ်လျက်တိုက်ကွက်များကို ဖယ်ရှားနေသည်။ သူက ခြေလှမ်းများ၏ အစွန်းသို့ ရောက်သည့်အချိန်၌ လက်ဝါးများကို မြှောက်လိုက်သည်။ သူ၏လက်က ရုတ်တရက် ကြီးမားလာ၏။ “မြေကမ္ဘာလှုပ်ကိုင်သူ”
စွမ်းအင်ဓားမော့သည် ယွီကျန့်ဟိုင်၏လက်ဝါးထဲကနေ ပေါ်ထွက်လာပုံရကာ ကျေးသွေးရောင် လအသွင် ပြောင်းလဲသွား၏။ သူက ဓားသွားကိုဆွဲချလိုက်တော့သည်။
ဖုန်း
ဟွမ်းရှစ်ကျဲက သူ၏တိုက်ခိုက်မှုကို ရပ်တန့်လိုက်ရသည်။ သူက နောက်လန်သွားကာ မြေပြင်ပေါ် ကျသွား၏။
တိုက်ပွဲအဆုံးသတ်သွားချေပြီ။
ပြိုင်ဘက်နှစ်ယောက်လုံးသည် သူတို့ခွန်အား၏နှစ်ဆယ်ရာခိုင်နှုန်းမျှသာ အသုံးပြုခဲ့သည်။ ယင်းက သွေးပူသည်တောင် မဟုတ်။ ထိုသို့တိုင် ရလဒ်က သိသာနေသည်။
ဟွမ်းရှစ်ကျဲက ပြုံးပြီးပြောလိုက်၏။
"မင်းရဲ့ကျင့်ကြံဆင့် တိုးတက်လာတာ မြင်လိုက်ရတော့ အံ့ဩမိသွားပြီ”
“မင်းလည်း တူတူပဲလို့ ပြောနိုင်တယ်”
“ဘာကိစ္စလဲ ... ငါ့ကို ဒီမှာ မကြိုဆိုဘူးလား” ဟွမ်းရှစ်ကျဲက မေးလိုက်၏။
ယွီကျန့်ဟိုင်က ရယ်မောလိုက်သည်။
“မင်းတွေ့တာကို ငါက မပျော်ဘဲနေမလား အထဲဝင်လာခဲ့”
ခန်းမကျယ်ထဲသို့သူတို့ဝင်လိုက်၏။
ခန်းမထဲတွင် ယွီကျန့်ဟိုင်က ဟွမ်းရှစ်ကျဲကို မိတ်ဆက်ပေးလိုက်သည်။
“ဒါက ငါ့ရဲ့ဉာဏ်ပညာကြီးတဲ့ရှစ်တိ စီးဝူယာ့”
စီးဝူယာ့သည် လက်သီးဆုပ်မိုးလျက်ပြောလိုက်၏။
“နှုတ်ခွန်းဆက်ပါတယ် ချန်းပေ့” ဟွမ်းရှစ်ကျဲက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမမြောက် သခင်လေးစီးဝူယာ့အကြောင်းတော့ ကြားဖူးတယ်။ မင်းက မဟူရာကွန်ရက်ကို တာဝန်ယူထားပြီး မိုးအောက်မြေပြင်ကိုဖြန့်ကျက်ထားတဲ့ သတင်းအချက်အလက် ကွန်ရက်တစ်ခု ရှိနေတာပဲ။ မင်းရဲ့ အရင်းအမြစ်တွေက နေရာအနှံ့ပဲ။ ဧကရာဇ်နားမှာ ရှိသလို သာမန်အရပ်သားတွေကြားမှာ လည်းရှိတယ်။ အခုမင်းကို တွေ့ခွင့်ရပြီ။ မင်းရဲ့ဂုဏ်သတင်းအတိုင်းပဲ"
“ချီးကျူးနေပါပြီ ရွှယ်ကျန်း” စီးဝူယာ့က ပြန်ပြောလိုက်သည်။
ထိုအခိုက်အတန့် ရှန်လွမ့်ရှိုးက ပန်းထိုးသေတ္တာကို သယ်လာလျက် သူ့ဆီလျှောက်လာ၏။
“ဒါက ရွှယ်ကျန်းယွမ်က အမြုတေယန်ဂိုဏ်းကို သန့်စင်ဖို့ တောင်းဆိုထားတဲ့ ရွှေကြာဖြတ်တောက်ရှင်သန်ဆေးပဲ” သူသည် လက်နှစ်ဖက်ဖြင့် ပန်းထိုးသေတ္တာကို လက်ဆောင်ပေးလိုက်၏။
ယွီကျန့်ဟိုင်က သေတ္တာကို ယူပြီးနောက် စားပွဲပေါ်တွင်ထားလိုက်သည်။
ရှန်လွမ့်ရှိုးသည် မိစ္ဆာဝေဟင်မျှော်နန်း၏ သစ္စာရှိပရိသတ်တစ်ယောက်ဖြစ်သည်။ လျန့်စီရင်စုတိုက်ပွဲ ပြီးချိန်မှစပြီး သူအတွေ့ချင်ဆုံးလူက မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်ကြီးပဲဖြစ်သည်။ ယခုသူက ထိုကဲ့သို့ အံ့ဩဖွယ်ကောင်းသည့် အခွင့်အရေး ကြုံတွေ့ရပြီဖြစ်ရာ လွှဲချော်ခံမှာမဟုတ်ပေ။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားကာ ယွီကျန့်ဟိုင်ကို မျက်နှာချိုသွေးလာတော့သည်။ သူက ယွီကျန့်ဟိုင်ကို ကြည့်လိုက်၏။
“ထင် ... ထင်တဲ့အတိုင်းပဲ”
“ဘာကိုထင်တာလဲ” ယွီကျန့်ဟိုင်က ရှန်လွမ့်ရှိုး၏စကားများကို စိတ်ထဲရောက်ပုံမပေါ်ပေ။
“သခင်လေးက ခမ်းနားကြီးကျယ်ပြီး ကျုပ် မှန်းဆထားသလို လူကောင်ကြီးတယ်။ အရပ်မြင့်တယ်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ပထမသခင်လေးက မှန်းဆထားတဲ့အတိုင်းပါပဲ” ရှန်လွမ့်ရှိုးက အံ့ဩမှု တစွန်းတစဖြင့် ပြောလိုက်သည်။
“သူ့ကို ဆုချီးမြှင့်လိုက်" ယွီကျန့်ဟိုင်က လက်ဝေ့ယမ်းလိုက်သည်။
ငရဲဂိုဏ်း၏တပည့်တစ်ယောက် ရှန်လွမ့်ရှိုးအား ဆုလက်ခံရန် ခေါ်သွားသည်။ ရှန်လွမ့်ရှိုးက နောက်သို့ အနည်းငယ် ဆုတ်ပြီးနောက် ပြုံးကာပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်”
သူနောက်ဆုတ်ချိန်၌ ဟွမ်းရှစ်ကျဲက ပြောလိုက်သည်။ “မိစ္ဆာဝေဟင်မျှော်နန်းသခင်က အစောတည်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရယူပြီးပြီလို့ကြားထားတယ်”
“ဟုတ်တယ်” ယွီကျန့်ဟိုင်သည် သူ့ထံမှ သတင်းအချက်အလက်ကို မထိန်ချန်ထားပေ။ ဆိုရလျှင် မိစ္ဆာဝေဟင်မျှော်နန်းက ပိုအစွမ်းထက်လေလေ လူတို့ကပိုပိုကြောက်ရွံ့လေဖြစ်သည်။
“ဒါနဲ့ မင်း ငါ့ကို မယုံကြည်တာဖြစ်နိုင်တယ် ဂိုဏ်းချုပ်ယွီ” ဟွမ်းရှစ်ကျဲက တည်ငြိမ်စွာပြောသည်။
“ဒါပေမဲ့ ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်ကနေ ဖြတ်သွားတဲ့အချိန် လျန့်စီရင်စုရဲ့မြောက်ပိုင်းမှာ ပွင့်ချပ်ကိုးလွှာအကျော်အမော်တစ်ယောက်နဲ့ တွေ့ခဲ့တယ်”
ထိုစကားကို ကြားသောအခါ စီးဝူယာ့က ထိတ်လန့်ပြီး မျက်လုံးများ ပြူးကျယ်သွားတော့၏။ သူက ပထမဆုံးတုံ့ပြန်တာဖြစ်သည်။ "ပွင့်ချပ်ကိုးလွှာအကျော်အမော်လား။ ကျုပ်ရဲ့ရှစ်စွင်းက ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်ကို သွားခဲ့တာလား”
ဟွမ်းရှစ်ကျဲက ခေါင်းခါပြီးပြောလိုက်သည်။ "ဒါက မင်းရဲ့ရှစ်စွင်းမဟုတ်ဘူး”
ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့သွားသည်။ နောက်ထပ် ပွင့်ချပ်ကိုးလွှာအကျော်အမော်လား ... သူသည် အင်ပါယာကို သိမ်းပိုက်ချိန်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်လာ၏။ အကြောင်းမှာ သူက ပွင့်ချပ်ရှစ်လွှာ အထွတ်အထိပ် အကျော်အမော်တစ်ယောက်ဖြစ်နေခြင်းကြောင့် ဖြစ်၏။ သူနှင့် သက်တူရွယ်တူများက သူ့ကိုတောင် အနိုင်မယူနိုင်ပေ။ သူ၏ရှစ်စွင်း ကျိထျန်းတောက်သာလျှင် သူ့ကို အနိုင်ယူနိုင်သည်။ ယခုနောက်ထပ်ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ရှိလာလေရာ နောက်ဆုံးနှင့် အရေးအကြီးဆုံးအခိုက်အတန့်တွင် သူ၏အစီအစဉ် ကျဆုံးနိုင်သည်ဟု ဆိုလိုသည် မဟုတ်ပါလော။
“အဲဒါဘယ်သူလဲ” သူကမေးလိုက်၏။
ဆုကြေးကို လက်ခံရယူပြီးနောက် ခန်းမကျယ်ထဲသို့ ပြန်လာသည့် ရှန်လွမ့်ရှိုးက ဝင်ပြောလိုက်သည်။
"ပထမသခင်လေး အဲဒါကို အခိုင်အမာ ပြောနိုင်ပါတယ်။ အဲ့ဒီလူရဲ့မျိုးရိုးနာမည်က လုပါ။ သူ့ဇာစ်မြစ်အကြောင်း အားလုံးသိမယ်မထင်ဘူး။ သူက တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်နဲ့ တူတယ်။ သူက ငရဲဂိုဏ်းရဲ့မဟာကာကွယ်စောင့်ရှောက်သူ လေးယောက်ထဲက ခေါင်းဆောင် ဟွားချုံးယန်က ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်မှာရှိနေတာ။ သူပြန်ရောက်လာတဲ့အချိန် ဒါကို သူ့ဆီမေးလို့ရပါတယ်”
“သူ့ရဲ့မျိုးရိုးက လုလား” ယွီကျန့်ဟိုင်က သုန်မှုန်သွားသည်။ ကိစ္စများက ရှုပ်ထွေးလာလေ၏။ ထိုပွင့်ချပ်ကိုးလွှာအကျော်အမော်သည် မိတ်ဆွေလား ရန်သူလားတောင် သူတို့ မဆုံးဖြတ်နိုင်ပေ။ ယခုအချိန်တွင် အနည်းဆုံးတော့ သူက မိတ်ဆွေတစ်ယောက်ဖြစ်ပုံမရပေ။
ဟွမ်းရှစ်ကျဲက သက်ပြင်းချပြီးပြောလိုက်၏။
“ရွှေကြာဖြတ်တောက်တဲ့ခေတ်ကို ရောက်လာပြီးတဲ့နောက် နောက်ထပ် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် ဒီလောက်မြန်မြန် ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး”
“အဲ့ဒီလူရဲ့ လက်ရှိတည်နေရာ ဘယ်မှာလဲဆိုတာ သိလား အစ်ကိုရှစ်ကျဲ” ယွီကျန့်ဟိုင်က မေးလိုက်၏။
ဟွမ်းရှစ်ကျဲက ခေါင်းခါလိုက်သည်။
“ဒီလိုအကျော်အမော်ကို ငါ မမေးရဲဘူး”
ယွီကျန့်ဟိုင်က စိတ်ပျက်သွားတော့သည်။
ရှန်လွမ့်ရှိုးက ပြောလိုက်သည်။
“မိုးပြာနဂါးခန်းမရဲ့ ခန်းမသခင်က ပွင့်ချပ်ကိုးလွှာလုနဲ့ သိကျွမ်းပုံပဲ။ အဲ့ဒီမှာ မိန်းမငယ်လေးတစ်ယောက်လည်း ရှိတယ်”
“အဲ့ဒီမိန်းကလေးက သားရဲတေးသံကိုသိတယ်” စီးဝူယာ့ကပြောလိုက်၏။
“ဒါကြောင့် မင်းရဲ့လက်အောက်ငယ်သားကို ကောင်းကင်ဘုံကိုးကွယ်ရေးရင်ပြင်ဆီ ပို့ခဲ့တာလား။ အဲ့ဒီမိန်းကလေးကိုခေါ်ဖို့လေ ... ဂိုဏ်းချုပ်ယွီ” ဟွမ်းရှစ်ကျဲက ဇဝေဇဝါဖြင့် မေးလိုက်တော့သည်။
“ဟုတ်တယ် ... အဲ့ဒီမိန်းကလေးက တေးသွားမှာ ကောင်းချီးပေးခံထားရပြီး သားရဲတွေကို အမိန့်ပေးနိုင်တယ်။ ကျုပ်တို့မှာ အဲ့ဒီမိန်းကလေးရပြီဆိုရင် ကျင်းစီရင်စုက အိတ်ထဲရောက်ပြီပဲ။ နှမြောစရာပဲ” ယွီကျန့်ဟိုင်က တသသဖြစ်နေ၏။
“ကျုပ်သိပြီ” ဟွမ်းရှစ်ကျဲကပြော၏။
“အစ်ကိုရှစ်ကျဲ ခင်ဗျားက ဖန်းလိုင်ကျွန်းပေါ်မှာ သီးခြားနေခဲ့တာအတော်ကြာပြီ အခုစီရင်စုကိုးခုက ပရမ်းပတာ ဖြစ်နေတာ ဒီအခွင့်အရေးကို ယူပြီး ကျုပ်ကို လက်တစ်ဖက်ကမ်းပါလား”
“အမ်း...” ဟွမ်းရှစ်ကျဲသည် ယွီကျန့်ဟိုင်၏တောင်းဆိုချက်ကို ချက်ချင်းသဘောမတူပေ။ သူက ဖန်းလိုင်ကျွန်းကို ပိုပြီး သီးခြားဖြစ်အောင်လုပ်ချင်နေ၏။ မဟုတ်လျှင် အမြုတေယန်ဂိုဏ်းကဲ့သို့ ဂိုဏ်းအသေးလေးကို သူ ကာကွယ်မည်မဟုတ်။ ဖန်းလိုင်ကလည်း ထွက်လာပြီး ငရဲဂိုဏ်း၏ နယ်မြေသို့ လာမှာမဟုတ်ပေ။ ဖန်းလိုင်ဂိုဏ်းက အခွင့်အရေးတစ်ခုသာဖြစ်သည်။ သူသာ တောင်းဆိုချက်ကို သဘောတူလိုက်ပါက သူ့ဘာသာသူ အချိန်တိုအတွင်း ရောင်းချရာ ရောက်ပေလိမ့်မည်။
ယွီကျန့်ဟိုင်က အင်အားကြီးပြီးခန့်ညားသောအသံဖြင့်ပြောလိုက်၏။
"အစ်ကိုရှစ်ကျဲ ကျုပ်ကို ကူညီမယ်ဆိုရင် ဖန်းလိုင်က နောင်ကျ အကြီးမြတ်ဆုံးဂိုဏ်း ဖြစ်လာတော့မှာ ... အံ့ဖွယ်မြို့ထဲမှာ ဖန်းလိုင်အတွက် နေရာတစ်နေရာရှိလာလိမ့်မယ်”
“အပေးအယူဖြစ်ပြီ” ဟွမ်းရှစ်ကျဲကပြန်ပြောလိုက်၏။
ယွီကျန့်ဟိုင်က စားပွဲကိုရိုက်ချကာကြည်လင်သောအသံဖြင့်ပြောလိုက်သည်။
“တစ်ယောက်ယောက်”
“ဟုတ်ကဲ့ ဂိုဏ်းချုပ်”
“အစ်ကိုရှစ်ကျဲကို ကြိုဆိုဖို့ စားသောက်ပွဲ ကျင်းပချင်တယ်”
“ဂုဏ်ပြုပါတယ်” ရှန်လွမ့်ရှိုးက လက်သီးဆုပ်မိုးလျက်ကျယ်လောင်စွာပြောလိုက်သည်။
စီးဝူယာ့သည် ကိစ္စများထိုမှ ချောချောမွေ့မွေ့ဖြစ်မည်ဟု မထင်ထားပေ။ သူက မတ်တပ်ထရပ်ကာ ယွီကျန့်ဟိုင်ဘေးသို့ လျှောက်သွား၏။ သူ စကားပြောတော့မည့်အချိန်တွင် ယွီကျန့်ဟိုင်က သူ့ပခုံးကို ပုတ်ကာပြောလိုက်တော့သည်။
“ဉာဏ်ရှိတဲ့ ရှစ်တိလေး ... မင်းပင်ပန်းနေမှာပဲ။ သွား ... အနားယူသင့်ပြီ။ ကျန်တာကို ငါ ဖြေရှင်းလိုက်မယ်”
“တာ့ရှစ်ရှိး”
“စိတ်မပူနဲ့ ငါ လုပ်နေတာ ငါသိတယ်” ယွီကျန့်ဟိုင်၏မျက်နှာတို့က ရဲလျက် စိတ်ဓာတ် တက်ကြွနေတာ သိသာသည်။ ခန်းမထဲရှိ အခြေအနေက ရွှင်ပျနေစဉ် တပည့်တစ်ယောက်က အမြန်ဝင်လာ၏။
“ဂိုဏ်းချုပ် ... မိုးပြာနဂါးခန်းမသခင် ပြန်ရောက်လာပါပြီ”
“သူ့ကို ခေါ်လာခဲ့” ယွီကျန့်ဟိုင်က ပြော၏။
ဖန်းလိုင်ဂိုဏ်း၏လူများက ခန်းမအပြင်ဖက်ကို ကြည့်လိုက်သည်။
ယခုအချိန်တွင် နေဝင်နေပြီပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် သူတို့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာနေသော လူရိပ်သုံးရိပ်ကိုသာ မှုန်ဝါးဝါးမြင်လိုက်ရ၏။
ခန်းမကျယ်ထဲမှ အလင်းရောင်သည် ထိုလူသုံးယောက်ပေါ် ကျရောက်သွားစဉ် ခန်းမတစ်ခုလုံးသည် သုသာန်တစပြင်ပမာ ချက်ချင်း တိတ်ဆိတ်သွား၏။
နတ်ကညာတစ်ပါးနှင့်တူသည့် မိန်းမပျိုလေး၏လက်ကို ကိုင်ထားသည့် အဖိုးအိုတစ်ယောက်ကို မြင်တွေ့ရသည်။ တစ်ဖက်တွင်မူ ဟွားချုံးယန်က လက်ထောက်ငယ်သားတစ်ယောက်ပမာ နောက်ကနေ လျှောက်လာသည်။
ဖန်းလိုင်ဂိုဏ်းမှလူများသည် ထိုအဖိုးအိုကိုမြင်တွေ့ပြီးဖြစ်သောကြောင့် သူ မည်သူမှန်းသိပြီးဖြစ်၏။ သူတို့က ထိုအဘိုးကြီးကို ကြည့်လျက် မှင်တက်စွာရပ်နေကြသည်။
“ငါတို့ထပ်တွေ့ပြီ” လုကျိုးက တိတ်ဆိတ်မှုကို ပထမဆုံးဖြိုခွင်းလိုက်သူဖြစ်သည်။
…
အခန်း(၄၈၂) ငါ့မျိုးရိုးနာမည်က လု
လုကျိုး၏ စကားက အားလုံးအား လက်ရှိသို့ ပြန်ဆွဲခေါ်သွားသည်။
ရှန်လွမ့်ရှိုးက အရိပ်အကဲဖမ်း မြန်လှသည်။ သူက လုကျိုးအနား ချက်ချင်း ပြေးသွားကာ ပြောလိုက်၏။
“ လုချန်းပေ့ကို ဂါရဝပြုပါတယ်။ ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး ”
လုကျိုးက ရှန်လွမ့်ရှိုးအား လျစ်လျူရှုထားလိုက်သည်။ သူက ခန်းမကျယ်ထဲတွင် ထိုင်နေသည့် ယွီကျန့်ဟိုင်အား ကြည့်လိုက်သည်။ ဤသည်က မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမတပည့် ဖြစ်၏။ ထို့နောက် သူက ခုနှစ်ယောက်မြောက် တပည့် စီးဝူယာ့ကိုလည်း ယွီကျန့်ဟိုင်၏ ဘယ်ဘက်တွင် မြင်လိုက်ရသည်။
ဟွမ်းရှစ်ကျဲက ချက်ချင်း ထလာကာ ဖန်းလိုင်ဂိုဏ်းသားများနှင့်အတူ ဦးညွှတ်လိုက်သည်။
“လုချန်းပေ့ကို ဂါရဝပြုပါတယ်”
“ထကြပါ” လုကျိုးက လက်ဝေ့လိုက်သည်။
ထိုစဉ် ယွီကျန့်ဟိုင်နှင့် စီးဝူယာ့လည်း ထလိုက်ကြသည်။ သူတို့အကြည့်အတွင်း သတိထားမှုကို မြင်တွေ့နိုင်လေသည်။ နှစ်ယောက်လုံးက လုကျိုးအား လေ့လာနေကာ မည်သူလဲဟု စဉ်းစားနေကြသည်။
ဟွမ်းရှစ်ကျဲက သူ့ကို ရိုကျိုးပြနေသည့်အတွက် သူတို့လည်း အပြုအမူများကို လျစ်လျူမရှုရဲကြပေ။ နှစ်ယောက်လုံးက လက်နှစ်ဖက်ယှက်လိုက်ကြသည်။ သူတို့က ကွေ့ပတ်ပြောမနေဘဲ တည့်တိုးသံပြိုင်မေးလိုက်ကြသည်။
“လောင်ချန်းပေ့က ဘယ်ကများလဲ”
လုကျိုးက ဖန်းလိုင်ကဟု ဆက်မပြောနိုင်တော့ပေ။ သူက ဒီအကြောင်းပြချက်ကို မည်ကဲ့သို့ ထပ်သုံးနိုင်တော့မည်နည်း။
သို့သော်လည်း လုကျိုးက ပြန်မဖြေခင် ဟွားချုံးယန်က ရှေ့တိုးလာကာ ယွီကျန့်ဟိုင်အား ဦးညွှတ်လိုက်ပြီး “ ဂိုဏ်းချုပ် … လုချန်းပေ့က လောကီရေးရာတွေနဲ့ ဝေးဝေးနေပြီး တောင်ပေါ်မှာ သီးသန့်နေလာတာ ကြာလှပါပြီ။ သူ့ဘေးကလူက ကောင်းကင်ဘုံကိုးကွယ်ရေး စင်မြင့်က မိန်းကလေးခရုပါ ”
လုကျိုးက ဟွားချုံးယန်သည် သူ့ဇာစ်မြစ်အကြောင်း ကူဖြေရှင်းပေးသည်ကို ဂရုမစိုက်ပေ။ နောက်ဆုံးတွင် သူက ယွီကျန့်ဟိုင်နှင့် တွေ့ခဲ့ရလေပြီ။
မိန်းကလေးခရု၏ ပေါ်ထွက်လာမှုက ယွီကျန့်ဟိုင်နှင့် စီးဝူယာ့အား အနည်းငယ် အံ့အားသင့်သွားစေသည်။ သူတို့က သူမအား ကြည့်လိုက်ကြသည်။ အချိန်အတော်ကြာသည့်အထိ သူတို့အနေဖြင့် သူတို့ကြားမှ ဆက်ဆံရေးကို နားမလည်ပေ။
ဟွားချုံးယန်က ဦးညွှတ်လိုက်ပြီးနောက် ယွီကျန့်ဟိုင်၏ ဘေးသို့ သွားလိုက်သည်။ သူက အနားကပ်ကာ တစ်ရက်တာအကြောင်း အဖြစ်အပျက်များအား ပြန်လည်ပြောပြလိုက်၏။
ယွီကျန့်ဟိုင်က ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူသည် ပူးပေါင်းနိုင်ခြေ ရှိသည်ကို ကြားသည့်အခါ သူ့အကြည့်များက အံ့ဩသွားလေသည်။ သူက ချက်ချင်းဆိုသလို ပြုံးကာ “ ဒါက လုချန်းပေ့ကိုး … ငရဲဂိုဏ်းကို လာရောက်တဲ့အတွက် ကျုပ်တို့ဂုဏ်ယူရမှာပါ။ ကျေးဇူးပြုပြီး ထိုင်ပါဦး ”
လုကျိုးက မိန်းကလေးခရုအား ဦးဆောင်ကာ ထိုင်လိုက်ကြသည်။
“ မင်းက ငရဲဂိုဏ်းရဲ့ ယွီကျန့်ဟိုင်လား” လုကျိုးက မေးလိုက်သည်။
ယွီကျန့်ဟိုင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ “ဟုတ်ပါတယ်။ ကျုပ်က မိစ္ဆာဝေဟင်မျှော်နန်းမှာ လေ့လာဖူးပါတယ်။ ကျုပ်ဆရာက ကျိထျန်းတောက်ပါ။ သူကလည်း လုချန်းပေ့လိုမျိုး ပွင့်ချပ်ကိုးလွှာအဆင့်ပါပဲ ”
ထိုအရာကို ကြားပြီး ရှန်လွမ့်ရှိုးက ဖားယားလိုသည့် အမူအရာဖြင့် “ဟုတ်ပါတယ်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်က တကယ်ကို တစ်ခေတ်တစ်ချိန်ရဲ့ သူရဲကောင်းပါ။ နေလတွေကတောင် သူ့ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်နဲ့ ယှဉ်လိုက်ရင် မှေးမှိန်သွားကြတယ်။ ဂိုဏ်းချုပ်ယွီက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပထမတပည့် ဖြစ်ပြီးတော့ တစ်မိုးအောက်မှာ အကြီးဆုံး မိစ္ဆာဂိုဏ်းကို ထိန်းချုပ်ထားသူပါ။ အခု စီရင်စုကိုးခုလုံးက ဖရိုဖရဲ ဖြစ်နေကြတာက ငရဲဲဂိုဏ်းက အခြေအနေကို ဖန်တီးထားရုံပါ။ ကျုပ်တို့တွေ မြစ်နဲ့တောင်တန်းတွေကို ပြန်လည် ဖွဲ့စည်းနိုင်ပါလိမ့်မယ် ”
လုကျိုးက ရှန်လွမ့်ရှိုးအား ကြည့်လိုက်ကာ “ကျိထျန်းတောက်က တကယ်ကို အားကောင်းတာလား”
ယွီကျန့်ဟိုင် စိတ်ထဲ တစ်ခုခု ဖြစ်ပေါ်လာသည်။ သူက လူအိုကြီး၏ သတိထားမှုကို ချက်ချင်း သတိပြုမိလိုက်သည်။ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူကသာ နောက်ထပ် အဆင့်တူ ကျင့်ကြံသူကို စစ်ဆေးကြည့်နိုင်လိမ့်မည်။
ရှန်လွမ့်ရှိုးက အားတက်သရော ပြန်ဖြေလိုက်သည်။
“ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်က ပွင့်ချပ်ကိုးလွှာအဆင့်တင် မကဘူး။ သူ့ဆီမှာ ထူးချွန်တဲ့ တပည့်ကိုးယောက်လည်း ရှိသေးတယ်။
အငယ်ဆုံးလေး စီယွမ်အာက ငါးနှစ်တည်းနဲ့ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကို ရောက်သွားတာ။ ဒီလိုမျိုး တစ်ခြားတစ်ယောက်က လုပ်နိုင်လိမ့်မယ်လို့ မထင်ဘူး။ ပထမသခင်လေးနဲ့ ဒုတိယသခင်လေးတို့က ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူတွေလေ … သူတို့က ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ဖို့ အနည်းငယ်ပဲ လိုတော့တာ ”
ယွီကျန့်ဟိုင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ခင်ဗျားကို ဆုပေးထားတာ အလကား မဟုတ်ဘူး … ခင်ဗျားက အာသွက်လျှာသွက်ရှိသား။
“ တကယ်လို့ တပည့်ကိုးယောက်လုံးက ဒီလောက်ထူးချွန်နေမှတော့ မျှော်နန်းသခင်က ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်မလဲ”
သူက သူ့စံပြအား ချီးမွမ်းပြီးသည့်နောက်တွင် ဆက်လက် မချီးမွမ်းသင့်တော့ကြောင်း တွေးလိုက်မိသည်။ သူက ချီးကျူးမှုကို မျှခြေညီအောင် ပြောဖို့လိုအပ်သည်။
စကားပြောခြင်းက အနုပညာတစ်ခု ဖြစ်၏။
အကယ်၍ စကားကောင်းကောင်းပြောနိုင်လျှင် မြင့်မားသည့် အနေအထားသို့ ရောက်ရှိနိုင်သည်။ သူက ဆက်ပြောလိုက်၏။
“လုချန်းပေ့ကလည်း ထူးချွန်တဲ့သူပါပဲ။ အခု ရွှေကြာဖြတ်တောက်ခြင်း ခေတ်ကာလ စတင်လာပြီဆိုတော့ ကျင့်ကြံသူအများစုက ပွင့်ချပ်ကိုးလွှာအဆင့်နောက် လိုက်နေကြတာ။ ဂိုဏ်းကြီးတွေကလည်း အားသွန်ခွန်စိုက် ကြိုးစားနေကြတာ။ ဒီခေတ်ရဲ့ ရှေ့ဆုံးမှာရှိတဲ့သူက အံ့ဖွယ်ပဲ၊ ပြီးတော့ လုချန်းပေ့က သိုသိုသိပ်သိပ် နေလာတာ ကြာလှပြီဆိုတော့ ကြွားဝါးမှု မရှိဘူးပဲ။ ဒီလိုနေရာမှာ ကျိချန်းပေ့က လုချန်းပေ့ဆီကနေ သင်ယူသင့်တယ်”
ယွီကျန့်ဟိုင်ကလည်း ဝင်ပြောလိုက်သည်။
“ ကျုပ်ရှစ်စွင်းက အာရုံစိုက်ခံရတာ ကြိုက်တာတော့ အမှန်ပဲ။ အားလုံး စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”
လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ ယခု ပြင်ပလောကကြီးက ထိုငမိုက်သားများ ကျူးလွန်သည့် အပြစ်ကြွေးအားလုံးကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ပုံချနေရသည့် အကြောင်းအရင်းအား နားလည်သွားလေပြီ။ သူ့တပည့်များကြောင့် သူ့နာမည်က ပေနက်လွှာထိပ်ဆုံးသို့ တွန်းပို့ခံလိုက်ရခြင်း ဖြစ်၏။
ဖန်းလိုင်ဂိုဏ်း၏ ဟွမ်းရှစ်ကျဲက လုကျိုးအား သူတို့ဘက်ပါဖို့ ဆွဲဆောင်ရန် အခွင့်အရေးကောင်းမှန်း သိပြီး ပြောလိုက်သည်။ “ ကျုပ်တို့ တစ်ယောက်နဲ့ တစ်ယာက် သိလာတာ ကြာလှပါပြီ။ ဂိုဏ်းချုပ်ယွီ အစတုန်းက ခင်ဗျားကို ကျင်းစီရင်စု သိမ်းဖို့ ကူပေးချင်ပေမဲ့ အခု လုချန်းပေ့ကသာ လက်ကမ်းလာမယ်ဆိုရင် ဖန်းလိုင်ဂိုဏ်းက လုချန်းပေ့ရဲ့ အမိန့်အောက် နာခံပါ့မယ် ”
လုကျိုးက သူတို့ကို ချက်ချင်းမတုံ့ပြန်လိုက်ပေ။ သူက စီးဝူယာ့အား ကြည့်လိုက်ကာ မေးလိုက်သည်။
“မင်းကရော ”
စီးဝူယာ့က တစ်ချိန်လုံး စဉ်းစားနေလေ၏။ မည်သူကမှ သူ့အတွေးကို မသိကြပေ။
လုကျိုးက စီးဝူယာ့အား မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်ခွင့်ပြုလိုက်ခြင်းမှာ စီးဝူယာ့ ဘယ်လိုရွေးချယ်မလဲ သိချင်၍ ဖြစ်သည်။ သူ့အကြည့်များမှ စီးဝူယာ့သည် ဆုံးဖြတ်ချက်ချပြီးဟန် ပေါ်သည်။
စီးဝူယာ့က ပြုံးလိုက်ကာ “လုချန်းပေ့ ဒီမှာရောက်နေပြီဆိုတော့ လိုချင်တာတော့ ရှိမှာပဲမလား။ အဲဒီတောင်းဆိုချက်ကို အရင်ကြားချင်ပါတယ် ”
အားလုံးက လုကျိုးဆီ အာရုံပြန်ရောက်သွားကြသည်။ စီးဝူယာ့ ပြောသည်က မှန်ပေသည်။
သူတို့က ဘယ်လိုလုပ် မေ့သွားတာလဲ … ကျင်းစီရင်စုကို ထည့်မပြောနဲ့ ပွင့်ချပ်ကိုးလွှာအဆင့် အကူအညီသာ ရှိရင် အံ့ဖွယ်မြို့တော်ကို သိမ်းပိုက်နိုင်ခြေတောင် ရှိတယ် …
ဘယ်လိုတောင်းဆိုချက်မျိုးက သူ့ကို ကျေနပ်စေမှာလဲ
ယွီကျန့်ဟိုင်၏ စိတ်ထဲ တစ်ခုခု စနိုးစနောင့် ဖြစ်နေမိသည်။ သူက ထိုလူအိုကြီးအား ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားမိ၏။
“ငါက တစ်ကမ္ဘာလုံးကို လိုချင်တယ်” လုကျိုးက ပြောလိုက်သည်။
“…”
တခြားလူများက အံ့ဩကုန်ကြသည်။
ခန်းမကျယ်အတွင်း တိတ်ဆိတ်မှုသာ ကြီးစိုးသွားလေ၏။
အချိန်ကြာတိတ်ဆိတ်သွားပြီးနောက် ယွီကျန့်ဟိုင်က ပြောလိုက်သည် “လုချန်းပေ့ နောက်နေတာမလား”
သူက တစ်ကမ္ဘာလုံးကို အုပ်စိုးရန် အချိန်အကြာကြီး ကြိုးစားခဲ့ရသည်။ သူ့အတွက် ထိုပွင့်ချပ်ကိုးလွှာအဆင့်၏ စကားများက နားကလောစရာ ဖြစ်နေသည်။
“ ငါ့ရည်မှန်းချက်က အမြဲတမ်း ကြီးတယ်” လုကျိုးက အေးဆေးစွာ ပြောလိုက်သည်။
“လုချန်းပေ့ရဲ့ ကျင့်ကြံဆင့်က မြင့်မားပြီးသားပါ။ ကျုပ်ရှစ်စွင်း … ”
သူ့ပါးစပ်မှ ရှစ်စွင်းဟု ထွက်လာသည့်အခါ လုကျိုးက သူ့အနားမှ စားပွဲပေါ် အသာလက်တင်လိုက်သည်။
ဝုန်း
စားပွဲက ချက်ချင်းဆိုသလို ကြေမွသွားလေသည်။
တခြားလူများက အလန့်တကြား ထခုန်လိုက်ကြ၏။
လုကျိုးက ဖြည်းဖြည်းချင်း ထရပ်ကာ ယွီကျန့်ဟိုင်အား ကြည့်လိုက်ပြီး မေးလိုက်သည်။
“မင်းက မင်းရှစ်စွင်းကို ထည့်ပြောဖို့ တန်လို့လား ”
ယွီကျန့်ဟိုင်က မေးလိုက်သည်။ “ လုချန်းပေ့က ဘာလို့ ဒီလိုပြောရတာလဲ ”
တခြားလူများက နောက်ဆုတ်လိုက်ကြသည်။ ဤနေရာတွင် ထူးခြားသည့် လေထုကို ခံစားမိကြ၏။
ခန်းမကျယ်ထဲရှိ နဂါးသွဲ့ကျောက်ဓားက တဝီဝီ အသံထွက်ပေါ်လာသည်။
ဟွားချုံးယန်၏ အမူအရာက ပြောင်းလဲသွားလေ၏။ သူက ထိုလူအိုကြီးအား ခေါ်ဆောင်လာသူ ဖြစ်၏။ ပွင့်ချပ်ရှစ်လွှာအဆင့် သူ့ဂိုဏ်းချုပ်က ပွင့်ချပ်ကိုးလွှာအား မည်သို့အနိုင်ယူနိုင်မည်နည်း။
သူက ဒူးတစ်ဖက်ထောက်ကာ အလျင်စလို ပြောလိုက်သည်။ “လုချန်းပေ့ စိတ်အေးအေးထားပါ ”
လုကျိုးက သူ့အား လျစ်လျူရှုထားလေသည်။ သူက ယွီကျန့်ဟိုင်ကိုသာ ကြည့်နေသည်။ သူ့အသံက တိုးလျလှသည်။
“ မင်းက တစ်ကမ္ဘာလုံးကို လိုချင်တယ်။ ဒါပေမဲ့ ငါလည်း တစ်ကမ္ဘာလုံးကို လိုချင်တယ်။ မင်းရဲ့ ရည်မှန်းချက်ကို လက်လျှော့ဖို့ တွန့်ဆုတ်နေတာလား ”
ယွီကျန့်ဟိုင်က သူ့ကြိုးစားမှု အသီးအပွင့်များကို တခြားသူလက်ထဲ ငွေလင်ပန်းထဲ မပို့ဆောင်ပေးနိုင်ပေ။
စီးဝူယာ့က ဝင်ပြောလိုက်သည်။ “လုချန်းပေ့က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရန်သူ ဖြစ်ချင်တာလား ”
ခန်းမကျယ်ထဲရှိ ငရဲဂိုဏ်းမှ တပည့်များက ဓားဆွဲထုတ်လိုက်ကြသည်။
ရှန်လွမ့်ရှိုး၏ နှုတ်ခမ်းများက အနည်းငယ် တုန်ယင်လာကာ “လုချန်းပေ့ သေချာပြန်စဉ်းစားပါဦး ”
မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ဘယ်သူက ရန်သူ လုပ်ရဲမှာလဲ …
လုကျိုးက မေးလိုက်သည်။ “ငါက ဖြစ်ချင်တယ်ဆိုရင်ရော …”
ထိုစကားများ ပြောလိုက်သည်နှင့် နဂါးသွဲ့ကျောက် ဓားက ယွီကျန့်ဟိုင်၏ လက်ထဲသို့ လျှပ်စီးလိုအလျင်ဖြင့် ရောက်ရှိလာသည်။
…
အခန်း (၄၈၃) သေချင်ရင် ဒီမှာနေလိုက်
ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားမော့ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။ သူ၏လက်ဖဝါးက ချွေးများရွှဲနေလေ၏။
ဟွမ်းရှစ်ကျဲကမှင်တက်သွားသည်။ ဤအလှည့်အပြောင်းကို မထင်မှတ်ထားပေ။ သူက ငရဲဂိုဏ်းနှင့်သာ မဟာမိတ်ပြုသင့်၏။ ပွင့်ချပ်ကိုးလွှာလုသည် မိစ္ဆာဝေဟင်မျှော်နန်းကို ရန်သူ ဖွဲ့ရလောက်သည်အထိ ရဲတင်းလိမ့်မည်ဟု သူ အမှန်တကယ်မထင်ထားပေ။
ဒါဆို ငါ ဘာလုပ်ရတော့မလဲ။
ယွီကျန့်ဟိုင်သည် ဆုံးဖြတ်ချက် မပြတ်သားသည်ကို ဘယ်တုန်းကမှသဘောမကျခဲ့ပေ။
“အစ်ကိုရှစ်ကျဲ ဒါက ခင်ဗျားနဲ့ဘာမှမဆိုင်ဘူး။ ခင်ဗျားကြောက်တယ်ဆိုရင် အခုထွက်သွားသင့်ပြီ”
ဟွမ်းရှစ်ကျဲက သက်ပြင်းချလိုက်၏။
“အင်း ... ငါ ရွေးချယ်မှုတစ်ခုလုပ်ပြီးပြီဆိုတော့ လမ်းတစ်ဝက်မှာ လက်မလျှော့နိုင်ဘူး။ ဖန်းလိုင်ကျွန်းက ငရဲဂိုဏ်းနဲ့ရပ်တည်မယ်”
“ကောင်းတယ် ... ခင်ဗျားပြောတာတွေကို ကြားရတာ အဓိပ္ပာယ်တွေအများကြီးရှိနေတာပဲ အစ်ကိုရှစ်ကျဲ” ယွီကျန့်ဟိုင်၏လက်ထဲရှိ နဂါးသွဲ့ကျောက်ဓားမော့က ရွှေရောင်ရောင်ခြည်ဖြင့် တောက်ပသွားတော့သည်။
စီးဝူယာ့က မျက်မှောင်ကျုံ့လိုက်လေ၏။ ထိုတိုက်ပွဲက အချိန်မရွေး စတင်လာနိုင်၏။ သူက ထပ်ပြောလိုက်သည်။
"ကျုပ်ရဲ့ရှစ်စွင်း ကျိထျန်းတောက်က ဒီကိုလာနေပြီ” ယင်းက အခုအချိန်တွင် ပွင့်ချပ်ကိုးလွှာလုကို တန်ပြန်တိုက်ခိုက်နိုင်သည့် အကြီးမားဆုံးအရာဖြစ်သည်။
ကံဆိုးသည်မှာ လုကျိုးက ဂရုစိုက်ပုံမပေါ်။
“လူငယ်လေး မင်းက ငယ်လွန်းသေးတယ်”
လုကျိုးပြောပြီးသည်နှင့် သူက လက်ဝါးကိုလှုပ်ရှားလိုက်တော့သည်။ သူကတိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်၏။ နဂါးသွဲ့ကျောက်ဓားမော့က တောက်ပစွာဖျတ်ခနဲလင်းလာပြီးနောက် လုကျိုးဆီ တိုးဝင်လာသည်။
နဂါးသွဲ့ကျောက်ဓားမော့ကလုကျိုးနားချဉ်းကပ်သွားစဉ် သူ၏လက်ညှိုးနှင့် လက်ခလယ်ကြား ရောင်ခြည်တစ်ခု ပေါ်လာ၏။ သူက လက်နှစ်ချောင်းကိုပူးကပ်လိုက်သည်။
ဘန်း
စွမ်းအင်ဓားမော့က ပြိုကွဲသွားပြီး နဂါးသွဲ့ကျောက်ဓားမော့က လုကျိုး၏လက်ထဲ ကျရောက်သွားတော့သည်။
ယခုအချိန်တွင် သေလုနီးပါးတိတ်ဆိတ်သွား၏။
ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်သည် အင်မတန်အစွမ်းထက်လှပေသည်။ ကျန်သည့်သူများက သူ၏ခွန်အားကို မျက်မြင်တွေ့လိုက်သည့်အချိန်၌ ဦးရေပြားများ တင်းကြပ်လာတာကို ခံစားမိလိုက်သည်။ သူသည် လက်ဗလာဖြင့် ကောင်းကင်အဆင့်လက်နက်ကို သာမန်ကာလျှံကာ ဟန့်တားခဲ့၏။ ယင်းကို မျက်မြင်တွေ့ပြီးနောက် သူတို့သည် အဆင်အခြင်မဲ့စွာ လှုပ်ရှားရန် မည်သည့်နေရာကသတ္တိရှာရတော့မည်နည်း။ ပွင့်ချပ်ကိုးလွှာအကျော်အမော် တစ်ယောက်က အားကုန်ထုတ်သုံးခဲ့လျှင် ဤနေရာရှိလူတစ်ယောက်မှ အသက်ရှင်တော့မှာမဟုတ်။ မည်သူကများ လှုပ်ရှားရန်ရဲတင်းတော့မည်နည်း။
ယွီကျန့်ဟိုင်သည် သူ၏အမည်အတိုင်း နေထိုင်သည့် ပွင့်ချပ်ရှစ်လွှာ ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ထိုအကွက်သည် သူ၏အစွမ်းထက်ဆုံးတိုက်ကွက် မဟုတ်သော်ငြား သာမန်လူက လက်ဗလာဖြင့် ဖမ်းနိုင်မှာတော့မဟုတ်။ သူ တံတွေးမျိုချမိသွားသည်။
“လှုပ်ရှားတဲ့လူတိုင်းကို သတ်ပစ်မယ်။ သူတို့တစ်မိသားစုလုံးကိုလဲ သတ်ပစ်မယ်”
အသံသည် ခန်းမကျယ်ထဲ၌ ကျယ်လောင်စွာပေါ်ထွက်လာ၏။ လုကျိုး၏စကားများက ဟွမ်းရှစ်ကျဲနှင့် ငရဲဂိုဏ်း၏တပည့်များကို ရည်ညွှန်းတာ သိသာနေသည်။
ထိုရဲတင်းသော ပြောကြားချက်က အခြေအနေကို ပိုတောင်တင်းမာသွားစေ၏။ လူတိုင်း၏ရင်ထဲ အကြောက်တရားကြီးစိုးလာသည်။ သူတို့ထဲတွင် သတ္တိအရှိဆုံးလူကတောင် ထိုစကားများကြောင့် သတ္တိမဲ့ကုန်သည်။
လုကျိုးက နက်ရှိုင်းသောအသံဖြင့်ပြောလိုက်သည်။ "ယွီကျန့်ဟိုင်က လွဲရင် အားလုံးထွက်သွား"
“…”
လေထုကလေးလံလာ၏။
ဟွမ်းရှစ်ကျဲသည် ထိုကဲ့သို့ ဖိအားကို တခါမှမခံစားဖူးပေ။ သူသည် အဆင့်အတန်းမြင့်မားသည့် ပွင့်ချပ်ရှစ်လွာကျင့်ကြံသူတစ်ယောက် ဖြစ်သော်ငြား ယခုအချိန်တွင် ခေါင်းငုံ့ခံရုံမှတပါး ရွေးချယ်စရာမရှိပေ။
ခန်းမဆောင်ထဲရှိလူတိုင်း မှင်တက်သွားတော့သည်။
လုကျိုးက လူတိုင်း မလှုပ်မရှားဖြစ်နေတာကို မြင်သောအခါ သူက ပြောလိုက်သည်။
"မင်းတို့သေချင်ရင် ဒီမှာနေလိုက်”
ယွီကျန့်ဟိုင်၏မျက်လုံးများ ပြူးကျယ်သွား၏။ သွေးနီရောင်သန်းလာတော့သည်။ သူသည် လုကျိုး၏လက်ချောင်းကြားက နဂါးသွဲ့ဓားမော့ကို ကြည့်ပြီး လှုပ်ရှားရန် စိုးရိမ်နေ၏။ ယခုအချိန်တွင် သူ လှုပ်ရှားခဲ့ပါက ငရဲဂိုဏ်း ပြိုလဲမည်မှန်းသိနေသည်။
“ထွက်သွား” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ကျန်သည့်သူများက မျက်နှာများတည်တင်းကုန်၏။
“ဂိုဏ်းချုပ် ...”
“တာ့ရှစ်ရှိုး ...”
ယွီကျန့်ဟိုင်က သူတို့ကို တစ်ချက်ကြည့်ပြီးပြောလိုက်၏။ “ငါက ဒီဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ။ မိုးပြိုသွားရင်တောင် ပခုံးပေါ်မှာ ထမ်းထားနိုင်တယ်။ အခုထွက်သွားကြ”
သူ၏မိုးခြိမ်းသံပမာအသံသည် လူတိုင်း၏နားထဲရောက်လာသည်။ ယခုအချိန်တွင် သူ နားလည်သွား၏။ ပွင့်ချပ်ကိုးလွှာလုသည် စစ်ချီရန်ရောက်လာတာပဲဖြစ်သည်။
“တာ့ရှစ်ရှိုး” စီးဝူယာ့သည် တစ်စုံတစ်ခုပြောချင်သေး၏။
ထိုစဉ် ယွီကျန့်ဟိုင်သည် လက်ကိုဝေ့ယမ်းလိုက်၏။ အစွမ်းထက်သည့် စွမ်းအင်လေပွေက စီးဝူယာ့ကို ခန်းမအပြင်သို့တွန်းထုတ်လိုက်တော့သည်။
ကူကယ်ရာမဲ့မှုကို ခံစားရကာ ဟွမ်းရှစ်ကျဲသည် ယွီကျန့်ဟိုင်ဖက်သို့လှည့်ကာ လက်သီးဆုပ်မိုးပြီးနောက် ခန်းမထဲကနေထွက်သွားတော့သည်။
ကျန်သည့်သူများကလည်းရွေးချယ်စရာမရှိဘဲ ခန်းမထဲကနေထွက်သွားရ၏။
မလိုလားအပ်သည့် စတေးမှုများ ပြုလုပ်ခြင်းက အဓိပ္ပာယ်မရှိပေ။ ယင်းကို ယွီကျန့်ဟိုင် သဘောပေါက်သည်။
လုကျိုးသည် ခရုကိုလှည့်ကြည့်လိုက်သည်။ အသံလှိုင်းကြောင့် သူမ မထိခိုက်ကြောင်း သူ သတိပြုမိသည်။
ထိုစဉ် ဝေဝါးဝါး လှုပ်ရှားမှုတစ်ရပ် ရှိနေ၏။ ယွီကျန့်ဟိုင်က ရှေ့တိုးလာသည်။ မရေမတွက်နိုင်သည့် လက်ဝါးစည်းတံဆိပ်များက လုကျိုးဆီသို့ရောက်လာ၏။
“ခင်ဗျားက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ဆိုရင်တောင် ကျုပ် တိုက်ခိုက်ဦးမှာပဲ”
ဘန်း ဘန်း ဘန်း
ယွီကျန့်ဟိုင်တိုက်ခိုက်သည်နှင့် ခြေမှုန်းနိုင်သောရောင်ဝါက လုကျိုးကိုလွှမ်းလာတော့သည်။ သူက လက်မြှောက်ပြီးလက်ဝါးဖြင့်ရိုက်ချလိုက်၏။ တော်ဝင်အမိန့်တော်သင်္ကေတသည် အပြာရောင် လက်ဝါးစည်းတံဆိပ်နှင့် ပေါင်းစည်းပြီးပေါ်ထွက်လာ၏။
ဘန်း
ယွီကျန့်ဟိုင်၏ မရေမတွက်နိုင်သော လက်ဝါးစည်းတံဆိပ်များက ချက်ချင်းပင် ပြိုကွဲသွားပြီးနောက် သူ နောက်ကျွမ်းပစ်သွား၏။ သူ၏စိတ်တို့သည် ယခုချိန်၌ ဗလာကျင်းသွားသည်။
သူ တစ်ကွက်ပဲ လှုပ်ရှားလိုက်ရတယ် ... ဒါက ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားလား။ သူသည်လည်း ပွင့်ချပ်ကိုးလွှာအဆင့်၏ ကမ္ဘာထဲ ဝင်ရောက်နိုင်မည်ဟု တွေးမိသည့်အချိန် ရှိသည်။ ပွင့်ချပ်ကိုးလွှာအဆင့်သည် ပွင့်ချပ်ရှစ်လွှာအဆင့်ထက် အဆများစွာ ပိုသန်မာလိမ့်မည်ဟု မထင်ခဲ့မိပေ။ ဆိုရလျှင် သူ ငယ်ရွယ်စဉ်က သူသည် ပွင့်ချပ်သုံးလွှာ ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့စဉ်က ပွင့်ချပ်ငါးလွှာကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့ဖူးသည်။
ပွင့်ချပ်ခုနစ်လွှာအဆင့်ထက် မြင့်တက်ပြီးနောက် တစ်ဆင့်ပိုမြင့်သည့် ကျင့်ကြံသူတစ်ယောက်ကို ချက်ချင်းအနိုင်ယူနိုင်သည်က ရှားပါးလွန်း၏။ ပွင့်ချပ်တစ်လွှာကွာဟချက်က တိမ်တိုက်များကနေ မြေပြင်ဆီ ထိအကွာအဝေးတမျှကြီးမားလှသည်။ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်အဖို့ ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူတစ်ယောက်ကို ခံတိုက်ခိုက်ဖို့က မဖြစ်နိုင်မှန်း ယွီကျန့်ဟိုင် သိနေသော်ငြား တစ်ကွက်တည်းဖြင့် ယွီကျန့်ဟိုင်ရှုံးနိမ့်သွားခြင်းသည် သူ၏ယုံကြည်ချက်နှင့် သူ့ကိုယ်သူ ယုံကြည်မှုအား ပြင်းထန်စွာထိုးနှက်ရာရောက်ခဲ့၏။
ဖုန်း
ယွီကျန့်ဟိုင်သည် ခန်းမနံရံနှင့် ဝင်တိုးမိသွား၏။ ထိုနေရာ၌ အပေါက်ကြီးတစ်ပေါက် ရှိနေမည်ဖြစ်သည်။
တစ်ချိန်တည်းတွင် သူက အချိန်အတော်ကြာ လွင့်သွားပြီးမှ ရပ်တန့်သွား၏။
ခန်းမအပြင်ဖက်ရှိငရဲဂိုဏ်း၏တပည့်များ၊ ဟွမ်းရှစ်ကျဲနှင့် စီးဝူယာ့တို့က မှင်တက်တိတ်ဆိတ်စွာ ရပ်နေကြသည်။
ပွင့်ချပ်ရှစ်လွှာထိပ်သီးကျင့်ကြံသူတစ်ယောက်သည် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူထံမှ ရိုက်ချက် တစ်ချက်ကိုခံနိုင်ရည်မရှိပေ။
လုကျိုးက ရှေ့တိုးလျက်နံရံထဲရှိအပေါက်ကို ကျော်ဖြတ်ပြီးလျှောက်လာသည်။ သူက ယခုခန်းမ၏ နံရံနောက်ရောက်နေပြီဖြစ်သည်။
ညတာသည် ကျေနပ်ဖွယ်ကောင်း၏။ ကြယ်တို့ကအမှောင်ယံက ဝေဟင်၌တလက်လက် တောက်ပနေသည်။
“ထလိုက်” လုကျိုးကပြောလိုက်သည်။
ယွီကျန့်ဟိုင်က နာကျင်မှုကိုတင်းခံလျက် သူ ပြန်ရပ်နိုင်ရန် မြေပြင်ပေါ် သူ့လက်ဝါးကို ရိုက်ချလိုက်၏။
ထောက်
ယွီကျန့်ဟိုင်သည် ခြေတစ်ဝက်မျှသာ ရပ်နိုင်ကာစ၌ ထပ်မံပြိုလဲသွား၏။ သူ ထိတ်လန့်သွားတော့သည်။
ငါ့ရဲ့ကျင့်ကြံဆင့်ဘယ်မှာလဲ ...
သူ၏စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်အတွင်းရှိ ကနဦးချီကို လှည့်ပတ်ရန်ကြိုးစားခဲ့သည်။ လှောင်ချိုင့်ထဲတွင် ချုပ်နှောင်ခံထားရသည့်ပမာ ရှင်းလင်းနေတာကို သတိပြုမိလိုက်သည်။
လုကျိုးက အနားပိုကပ်လိုက်၏။ သူ၏အရှိန်အဝါသည် မြင့်မားပြီး မယိမ်းယိုင်နိုင်သော တောင်တစ်တောင်ပမာ ဖြစ်နေသည်။
ယွီကျန့်ဟိုင်သည် ဖိအားကနေ အသက်မျှင်မျှင်ရှူနိုင်ရုံမျှသာ ရှိသည်။
ဖုန်း
ယွီကျန့်ဟိုင်က ရုတ်တရက်ခြေဆောင့်နင်းလျက် တောရိုင်းတိရစ္ဆာန်ပမာ လုကျိုးဆီတဟုန်ထိုး ဝင်သွားသည်။ သူက အရိုင်းဆန်သောသွင်ပြင်ဖြင့် လက်သီးကိုထိုးလိုက်၏။
ဘန်း ဘန်း ဘန်း
လုကျိုးသည် ထိုးနှက်ချက်များကို သူ၏လက်ဝါးဖြင့်တန်ပြန်ကာလိုက်သည်။ ကျင့်ကြံဆင့်မရှိသည့် လက်သီးသည် ကျောက်တုံးကျောက်ခဲမျှသာ ဖြစ်နေ၏။ ယခုအချိန်တွင် လုကျိုးနှင့် မည်ကဲ့သို့ ယှဉ်နိုင်မည်နည်း။
ဘန်း ဘန်း ဘန်း
ယွီကျန့်ဟိုင်က စိတ်ရူးပေါက်စွာတိုက်ခိုက်တော့သည်။
လုကျိုးသည် ပြန်ကာရတာပျင်းနေချိန်၌ ရှေ့သို့တွန်းထုတ်လိုက်၏။
ဖုန်း
ယွီကျန့်ဟိုင်က နောက်ကျွမ်းပစ်သွားပြန်သည်။ သူက မြေပြင်ပေါ်လူးလှိမ့်သွား၏။ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ဒဏ်ရာမရခဲ့ပေ။
လုကျိုးက ထိတ်လန့်သွားသည်။ ဒါက ဝူချီအန်းရဲ့ ဝိသေသလက္ခဏာလား ... သူက ယွီကျန့်ဟိုင်ကို ငုံ့ကြည့်ပြီးပြောလိုက်သည်။ “မင်းတတ်နိုင်တာ ဒါ အကုန်ပဲလား”
“ခင်ဗျား ...” ယွီကျန့်ဟိုင်က အံ့ကြိတ်လိုက်၏။ သူက ရုန်းကန်ကာ လက်တစ်ဖက်တည်းဖြင့် မြေပြင်ပေါ်ထောက်လျက် ထရပ်လိုက်သည်။
“မင်း ဆရာကိုယ်စား မင်းကို သင်ခန်းစာပေးမယ်”
ကြီးမားသည့်လက်ဝါးစည်းတံဆိပ်ကကျရောက်လာသည်။
တစ်ချိန်တည်းတွင် တောက်ပသည့်ရွှေရောင် တောင်ပံတစ်စုံသည် နောက်ကွယ်ကနေလုကျိုးဆီသို့ ပစ်ခွင်းလာသည်။ တောင်ပံတစ်စုံက ဆယ့်နှစ်ပေခန့်ပြန့်ကားသွား၏။ စွမ်းအင်အပ်ပေါင်း ထောင်ချီက သူ့ဆီတိုးဝင်လာသည်။
လုကျိုးက လက်ဝါးဖြန့်လိုက်သည်။ အမည်မဲ့က ဒိုင်းအသွင်ပြောင်းလဲသွားတော့သည်။ သူ၏စွမ်းအင်တို့က ဒိုင်းနားတစ်ဝိုက်စုဝေးလာပြီး အလင်းဒိုင်းတစ်ခုဖွဲ့တည်လိုက်၏။
ဖုန်း
စွမ်းအင်အပ်အားလုံးကို ကာလိုက်သည်။ စီးဝူယာ့သည် တိုက်ခိုက်တာကို ချက်ချင်းလက်လျှော့ပြီး ရှေ့သို့ ဆက်လက်ပျံသန်းသွားသည်။
“သူ့ကိုယ်ခေါ်ထုတ်သွားဖို့ ကြိုးစားတာလား” လုကျိုးက သူ၏လက်ဝါးကို ထပ်ရိုက်လိုက်၏။
နောက်ထပ် အဆင့်မြင့်ချုပ်နှောင်ခြင်းလှောင်ချိုင့်ကတ် ပေါ်လာလေ၏။ ချုပ်နှောင်ခြင်းမန္တန်နှင့် မတူဘဲ ယင်း၌ ချုပ်နှောင်ခြင်းတော်ဝင်အမိန့်တော်ပါရှိသည်။
၎င်းက စီးဝူယာ့ကိုလျှပ်ပြက်သည့်အရှိန်ဖြင့်ထိမိသွားတော့သည်။ သူက မြေပြင်ပေါ်ချက်ချင်း ပြုတ်ကျသွား၏။ သူ၏ကျင့်ကြံဆင့်က စည်းပိတ်ခံလိုက်ရသည်။ သူက ယွီကျန့်ဟိုင်နားရောက်သည် အထိ နောက်ဆုတ်သွား၏။ “တာ့ရှစ်ရှိုး ... ကျွန်တော် သူ့ကိုထိန်းထားလိုက်မယ်။ ရှစ်ရှိုးသွားသင့်ပြီ”
ယွီကျန့်ဟိုင်က သက်ပြင်းချလျက်ပြီး “ငါ့ရဲ့ရှစ်တိ ... မင်းက အရူးပဲ အသက်ရှိရင် မျှော်လင့်ချက်ရှိသေးတယ်”
“ဒါ အလုပ်မဖြစ်ဘူး။ ငရဲဂိုဏ်းက ရှစ်ရှိုးမရှိရင် မလုပ်နိုင်ဘူး”
လုကျိုးက သူတို့နှစ်ယောက်ကိုကြည့်လိုက်၏။ ခေါင်းခါပြီးပြောလိုက်သည်။ “ငါ့လက်ဝါး စည်းတံဆိပ်နဲ့ ရိုက်တာခံရပြီးတော့ ထွက်ပြေးနိုင်မယ်ထင်နေသေးတာလား” သူ အနားကပ်သွား၏။
ထိုစဉ် စီးဝူယာ့က သူတို့၏ကနဦးချီများ ဆုံးရှုံးသွားတာကို သဘောပေါက်သွား၏။ သူ့စိတ်ထဲတုန်ယင်သွားသည်။
“တင်း ... ငမိုက်သားယွီကျန့်ဟိုင်ကိုဖမ်းပြီးပါပြီ ... ဆုလာဘ် ကုသိုလ်မှတ်တစ်ထောင်”