အခန်း (၄၈၄-၄၈၆)
Vol. 33 Ch. 484-486
အခန်း(၄၈၄) မျက်နှာချင်းဆိုင် သင်ခန်းစာ
လုကျိုးက အကြိမ်များစွာ တွေ့ကြုံပြီးနောက်တွင် မအံ့ဩမိတော့ပေ။ အဆင့်မြင့် ချုပ်နှောင်ရေးလှောင်ချိုင့်ကတ်များ၏ အာနိသင်ဖြင့် ယွီကျန့်ဟိုင်နှင့် စီးဝူယာ့တို့က လွတ်မြောက်ဖို့ မချိုးဖောက်နိုင်သည်မှာ ပုံမှန်သာ ဖြစ်၏။
ဤသည်က စီးဝူယာ့၏ ဒုတိယအကြိမ် ထိုကတ်ကို ကြုံရခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သက်ရောက်မှုက ထိရောက်နေသေးသည်။
လုကျိုးက ပထမ အဆင့်မြင့် ချုပ်နှောင်ရေးလှောင်ချိုင့်ကတ်ကို အသုံးပြုခဲ့စဉ်က ယွီကျန့်ဟိုင်၏ စွမ်းအားကြောင့် မထိခိုက်စေရန် ကောင်းကင်ကျမ်း၏ ထူးခြားအံ့ဖွယ် စွမ်းအားတချို့ပါ ထည့်ပေါင်းလိုက်ရသည်။ ကိစ္စများက သူ့ထိန်းချုပ်မှုအောက် ရှိနေသေးသည်က ကံကောင်းလှသည်။ သူက ထိုကတ်နှစ်ကတ်ကို သူ့အတွက် သီးသန့်သိမ်းထားခြင်း ဖြစ်၏။
စီးဝူယာ့က သူ့ဝတ်ရုံကို ဖြဲကာ ခေါင်းငုံ့ကြည့်လိုက်သည်။ မှိန်ဖျဖျ လရောင်အောက်တွင် တော်ဝင်အမိန့်မှာတမ်း ဟူသော စာလုံးများက အာရုံဖမ်းစားဖွယ် ဖြစ်နေသည်။ ထိုအရာက သူ ထင်ထားသလို ချုပ်နှောင်ခြင်း ဟူ၍ မဟုတ်ပေ။
သူက တအံ့တဩဖြင့် ပြောလိုက်သည်။ “ အဇဋာအကျော်အမော်များ ဂိုဏ်းရဲ့ ကျင့်စဉ်လား”
သို့သော်လည်း ထိုလူအိုကြီးသည် ထိုအကြောင်းအရာ တစ်ခုတည်းကြောင့် အဇဋာအကျော်အမော်များ ဂိုဏ်းမှ ဖြစ်လိမ့်မည်ဟု မထင်မိပေ။ ထိုကျင့်စဉ်က သူ့ရှစ်စွင်း၏ ချုပ်နှောင်ရေး မန္တန်ကို အမှတ်ရလာစေသည်။ ကျင့်စဉ်နှစ်ခုလုံးက တူညီမှုများ များပြားလေသည်။ သူက ထိုလူအိုကြီးအား ခေါင်းစခြေဆုံး လေ့လာကြည့်လိုက်သည်။
လုကျိုးက ရှေ့တိုးလာသည်။ သူက သူတို့နှင့် သုံးမီတာအကွာသို့ ရောက်သည့်အခါ စီးဝူယာ့ကို ကြည့်လိုက်ပြီး မေးလိုက်သည်။ “ မင်းက သေချင်နေတာလား”
အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ရှေ့တွင် လုပ်ကြံမှုများ၊ အကွက်ချမှုများက အသုံးမဝင်ပေ။
စီးဝူယာ့က ပြောလိုက်သည်။ “ တကယ်လို့ ကျွန်တော်သာ မဆိုင်သလို ရပ်နေရင် တာ့ရှစ်ရှိုး၊ ငရဲဂိုဏ်းနဲ့ ရှစ်စွင်းရဲ့ သင်ပြထားတာတွေအတွက် အကျိုးမဲ့စေတဲ့ လုပ်ရပ်ကို လုပ်သလို ဖြစ်သွားမှာပေါ့။ ”
စီးဝူယာ့၏ လုပ်ရပ်က လုကျိုးအား အံ့အားသင့်သွားစေသည်။ သူက ကျူးဟုန်ကုန်း ပြောဖူးသည်များကို အမှတ်ရလိုက်သည်။ စီဝူယာ့သည် ကျူးဟုန်ကုန်း၊ ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့ကို ကယ်တင်ခဲ့ဖူးသည်။ ယခုအခါလည်း သူက ယွီကျန့်ဟိုင်ကို ကယ်တင်ဖို့ ကြိုးစားနေဆဲ ဖြစ်၏။
ထိုစဉ် ယွီကျန့်ဟိုင်က ထရပ်လိုက်သည်။ သူက စီးဝူယာ့၏ ပခုံးပေါ် လက်တင်လိုက်ကာ နောက်ကို ဆွဲပြီး ပြောလိုက်သည်။ “ငါ မင်းကို ပြောပါတယ်။ ဒါက မင်းနဲ့ မဆိုင်ဘူးလို့ ”
“တာ့ရှစ်ရှိုးက ဘာလို့ခေါင်းမာချင်နေရတာလဲ” စီးဝူယာ့က မျက်မှောင်ကြုတ်က ပြန်မေးလိုက်သည်။
“ငါ့စကားနားထောင် ” ယွီကျန့်ဟိုင်၏ အမူအရာက မှုန်မှိုင်းလာပြီး ခက်ထန်စွာ ပြောလိုက်သည်။
“ နောက်ဆုတ် ”
ယွီကျန့်ဟိုင်က စီးဝူယာ့အား ဘေးသို့ တွန်းလိုက်သည်။ သူ့တွင် တခြားရွေးချယ်စရာ မရှိပေ။ ပြောရလျှင် ငရဲဂိုဏ်းအတွက် ယနေ့လို အနေအထားမျိုး ရောက်လာဖို့ မလွယ်ခဲ့ပေ။ သူက တန်ပြန်ရေး အစီအစဉ်များ ထားရှိရသည်။ ဤသည်က အဖွဲ့ခွဲမှအပ ဘာမှမဟုတ်ပေ။ အဆိုးဆိုးအခြေအနေအရ သူက လက်လျှော့လိုက်ရုံသာ ရှိ၏။ အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိလေသည်။
ယွီကျန့်ဟိုင်က သေခြင်းတရားနှင့် မစိမ်းသက်ပေ။ အတိတ်တုန်းက အကြိမ်များစွာ အနိုင်ကျင့်ခံခဲ့ရသည်။ သူက လုကျိုးအား စိုက်ကြည့်ကာ “အပြုအမူအတွက် ဖြေပေးသင့်တယ်မလား ”
“ကောင်းပြီ” လုကျိုးက လက်တစ်ဖက် နောက်ပစ်လိုက်ပြီး တစ်ဖက်ကို ရှေ့ဆန့်ထုတ်ကာ “မင်းကို အနိုင်မကျင့်ဘူး။ ငါက ကနဦးချီကို မသုံးဘူး။ တကယ်လို့ မင်း ငါ့ကို နိုင်ရင် သက်ညှာပေးမယ် ”
ယွီကျန့်ဟိုင်က အနည်းငယ် ကြောင်သွားသည်။ ဤလူအိုကြီးသည် သူ့အား အဘယ်ကြောင့် ပစ်မှတ်ထားနေလဲ မသိပေ။ သူနှင့် ရန်ငြိုးလည်း မရှိဖူးပေ။
ဝှစ်
ယွီကျန့်ဟိုင်က လက်သီးချက်နှင့်အတူ ရှေ့တိုးလာလိုက်သည်။
လုကျိုးက ဘေးဘက်စောင်းကာ ပခုံးနှင့် ဝင်တိုက်လိုက်သည်။
ဘန်း
ယွီကျန့်ဟိုင်က ဘေးဘက်သို့ လွင့်စဉ်သွားလေ၏။
“တင်း … ယွီကျန့်ဟိုင်ကို အပြစ်ပေးနိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ် ”
“ဒါပဲလား”
လုကျိုး၏ ခန္ဓာတည်ဖွဲ့ခြင်း အဆင့်တွင် အောင်မြင်မှုက ယွီကျန့်ဟိုင်ထက် မနိမ့်ကျပေ။
ယွီကျန့်ဟိုင်က သူ့ရှစ်စွင်းလက်အောက်တွင် အကြိမ်များစွာ ရှုံးနိမ့်ခြင်းကို ကြုံတွေ့ဖူးလေသည်။ သူက အတိတ်မှ အတွေ့အကြုံများနှင့် ကံဆိုးမှုများမှ အလုပ်ကြိုးစားဖို့ ခွန်အားရယူခဲ့၏။ သူက ကနဦးချီ မရှိသည့် လူအိုကြီးကို အဘယ်ကြောင့် မနိုင်ရမည်နည်း။
ယွီကျန့်ဟိုင်က ခြေကြွကာ ထပ်မံ ရှေ့တိုးလာသည်။ သူ့လက်သီးချက်က လေဟုန်ခွင်းလာပြီး လုကျိုးပေါ် ကျရောက်လာသည်။
လုကျိုးက တိုက်ကွက်အား အသာလေး ဖြေရှင်းလိုက်၏။ သူက လက်ဝါးချက်ဖြင့် လက်သီးချက်များကို လမ်းလွှဲလိုက်သည်။
စကားပုံရှိသည် မဟုတ်ပါလော။
လေးအောင်စက ကတ္တီတစ်ထောင်ကို ရွှေ့နိုင်သည်။
ဘန်း
ယွီကျန့်ဟိုင်က နောက်ဆုတ်လိုက်ရသည်။
“တင်း … ယွီကျန့်ဟိုင်ကို အပြစ်ပေးနိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀ ရရှိပါတယ် ”
“နောက်တစ်ကြိမ် ” ယွီကျန့်ဟိုင်က နာကျင်မှုကို တောင့်ခံထားရင်း အော်ပြောလိုက်သည်။
သံသရာက ထပ်ကာ လည်နေတော့သည်။
ဟွမ်းရှစ်ကျဲနှင့် ဟွားချုံးယန်တို့က ထွက်မသွားကြပေ။ ထိုစဉ် သူတို့က နံရံမှ အပေါက်ဆီ ရောက်လာကြ၏။ သူတို့က ရှေ့မှ မြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။
“ဒါ … ဒါက ပွင့်ချပ်ကိုးလွှာက ရှစ်လွှာကို ရိုက်နေတာလား” ဟွမ်းရှစ်ကျဲက ရေရွတ်လိုက်သည်။ သူသည် အကြီးတစ်ယောက်က အငယ်တစ်ယောက်ကို ရိုက်နှက်နေသည်အား ကြည့်နေရသလိုမျိုး ခံစားမိသည်။ ကြည့်ရသည်မှာ လူအိုကြီးက မိမိုက်နေဖို့ ကြိုးစားဟန်မပေါ်ပေ။
“ ကိုယ်တိုင်သာ မမြင်ရရင် မယုံမိလေက်ဘူး ”
“ဒါပေမဲ့ … လုချန်းပေ့က ဂိုဏ်းချုပ်ယွီကို ဘာလို့လုပ်နေတာပါ့လိမ့် ”
နှစ်ယောက်သား အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။
မိန်းကလေးခရုက သူတို့နှစ်ယောက်ကြား ခေါင်းလေးထွက်လာကာ တိုက်ပွဲကို ကြည့်လိုက်သည်။
ဟွမ်းရှစ်ကျဲက သူမအား ကြည့်လိုက်ပြီးနောက် ဟွားချုံးယန်အား ပြန်ကြည့်လိုက်သည်။
ဟွားချုံးယန်က သူ့ဆိုလိုရင်းကို နားလည်သွားကာ “မရဘူး”
အကယ်၍ သူတို့က ခရုလေးကို ဓားစာခံအဖြစ် ခေါ်လိုက်လျှင် ကံတရားကို ပိတ်ဆို့လိုက်သလိုသာ ဖြစ်ပေမည်။ ထို့အပြင် ဖန်းလိုင်ဂိုဏ်းနှင့် ငရဲဂိုဏ်းပါ ပါသွားလိမ့်မည်။ သူ့ကိုယ်သူ ထိုသို့လုပ်ခွင့် မပြုနိုင်ပေ။
ဘန်း
ယွီကျန့်ဟိုင်က ဆက်တိုက် နောက်ဆုတ်နေရသည်။ သူက ရှံးနိမ့်နေသော်လည်း ဆက်တိုက်နေသေး၏။ သူက ရုန်းကန်ထကာ အံ့ကြိတ်လျက် ပြောလိုက်သည်။ “နောက်တစ်ကြိမ် ”
ထိုမြင်ကွင်းက ယွီကျန့်ဟိုင်အား မိစ္ဆာဝေဟင်မျှော်နန်းသို့ ပထမဆုံး ရောက်စဉ် ခန္ဓာတည်ဖွဲ့ခြင်း အဆင့်၏ ကြောက်မက်ဖွယ် လေ့ကျင့်ရေးများကို အမှတ်ရသွားစေသည်။ ဤသည်က သူ့တစ်ဘဝလုံး ဖျောက်ဖျက်မပစ်နိုင်သည့် မှတ်ဉာဏ်တစ်ခု ဖြစ်၏။ သူ့ရှစ်စွင်းက သူ့အား တခြားသူများထက် အဆတစ်ရာ ပိုတင်းကျပ်ကာ လေ့ကျင့်ပေးခဲ့သည်။ သူ့လေ့ကျင့်မှုက ရာသီဥတုသည် အေးခဲနေပါစေ သို့မဟုတ် ကျစ်ကျစ်တောက် ပူကျစ်နေပါစေ မည်သို့ပင်ဖြစ်နေစေကာမူ ဆက်လက် လုပ်ဆောင်နေရသည်။
ကျိထျန်းတောက်က သူ့ခန္ဓာကိုယ်အား တစ်ရက်ပြီး တစ်ရက်၊ တစ်နှစ်ပြီး တစ်နှစ် လေ့ကျင့်ပေးခဲ့သည်။ သူ့အတွက် ရိုက်နှက်ခံရသည်မှာ ပုံမှန်ကိစ္စ ဖြစ်၏။ အေးခဲနေသည့် ဂူထဲတွင် ကိုယ်လုံးတီးနေခြင်းနှင့် နေရောင်ထဲ ထွက်ခြင်းတို့က သူ့ဘဝ၏ အစိတ်အပိုင်းများ ဖြစ်ခဲ့သည်။ သူ့ခန္ဓာကိုယ်ကြောင့် ခန္ဓာကိုယ်ကို အောင်အောင်မြင်မြင် လေ့ကျင့်ကာ ဆယ်နှစ်ဖြင့် စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သည်။ တခြားသော တပည့်ရှစ်ယောက် ဖြတ်ကျော်ခဲ့ရသည့် ကြိုးပမ်းမှုများ ပေါင်းကြည့်လိုက်မှ သူတစ်ယောက်တည်း ဖြတ်ကျော်ခဲ့ရသည်နှင့် ယှဉ်နိုင်လိမ့်မည်။
နှစ်ယောက်သား နာရီကြာမြင့်သည့်အထိ တိုက်ခိုက်နေကြသည်။
ယွီကျန့်ဟိုင်က လွင့်စဉ်သွားရင်း ဆက်လက် ရှုံးနိမ့်နေသည်။
ဘန်း
ယွီကျန့်ဟိုင်က ထပ်မံ လွင့်စဉ်သွားပြန်သည်။
“လုချန်းပေ့ ကျွန်တော် တောင်းဆိုပါတယ် ”
ဝုန်း
စီးဝူယာ့က ဒူးထောက်လိုက်၏။ ဟွားချုံးယန်လည်း စီးဝူယာ့ဘေး ရောက်လာကာ ချက်ချင်း ဒူးထောက်လိုက်သည်။
ယွီကျန့်ဟိုင်က ဟောဟဲဆိုက်လျက် မြေပေါ် လဲနေကာ ညကောင်းကင်ကို ကြည့်နေသည်။ သူက မောပန်းနေပြီဖြစ်ကာ ဆက်လက် မလှုပ်နိုင်တော့ပေ။ သူ့အတွင်းအင်္ဂါများပင် ဒဏ်ရာရသွားသလို ခံစားနေရသည်။
လုကျိုးက သက်ပြင်းချလိုက်သည်။
တောင့်ခံထားစမ်း … ငါ ဒီငမိုက်သားကို လွယ်လွယ်လေး လွှတ်မပေးနိုင်ဘူး …
ကနဦးချီ ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ သူ့အရိုးအိုများက ကြာရှည်သည့် တိုက်ပွဲကို ခံနိုင်ရည်မရှိတော့ပေ။ သူက ငမိုက်သား၏ ဇွဲကို လျော့တွက်မိ၏။ သူက စီးဝူယာ့ကို ကြည့်ကာ မေးလိုက်သည်။ “ မင်းက သူ့အတွက် ဒူးထောက်နေတာလား ”
“ ဂိုဏ်းချုပ်ယွီကို သက်ညှာပေးပါ” ဟွားချုံးယန်က ဝင်ပြောလိုက်သည်။
ယွီကျန့်ဟိုင်က ထိုအရာကို ကြားသည့်အခါ ရုတ်တရက် အော်ပြောလိုက်သည်။
“အားကုန်ထုတ်သုံးမလား၊ သေမလား…”
သူက လုကျိုးဆီ အင်အားအပြည့်ရှိနေသည့် ကျွဲရိုင်းတစ်ကောင်လိုမျိုး ပြေးဝင်လာသည်။
လုကျိုးက မျက်မှောင်အသာကြုတ်လိုက်၏။
ဒီငမိုက်သားဆီ အင်အားဘယ်လောက်ကျန်နေသေးတာလဲ … ဝူချီမျိုးနွယ်လား … ငါ အရှက်မဲ့မဲ့နဲ့ ပြုမူလိုက်ရမလား
ယွီကျန့်ဟိုင်က စိတ်ထဲ ရှုပ်ထွေးသည့် အတွေးမျိုး မရှိနေပေ။ သူ့တွင် ရည်မှန်းချက်ရှိသည်နှင့် မရမချင်း လက်လျှော့မည် မဟုတ်ပေ။ သူက တောင်တစ်လုံး ကျဆင်းလာသည့် အရှိန်အဝါဖြင့် ဘေးဘက် ခုန်ဝင်လိုက်သည်။
ဝှစ်
လုကျိုးက နောက်ဆုတ်ရမည့်အစား ရှေ့တိုးလိုက်သည်။ သူက မော့ကြည့်ပြီး လက်ကို လျှပ်စီးလိုအရှိန်ဖြင့် မြောက်လိုက်သည်။
ယွီကျန့်ဟိုင်က ရုတ်ခြည်းဆိုသလို ရယ်မောလိုက်ကာ “ ခင်ဗျား အလိမ်ခံရပြီ”
သူက လက်ဝါးနှစ်ဖက်လုံးဖြင့် တွန်းလိုက်သည်။
“ဟမ်” လုကျိုးက ယွီကျန့်ဟိုင်တွင် အလေးချိန် အောင်စ တစ်သောင်းကျော် ရှိနေကြောင်း ခံစားလိုက်ရသည်။
ဒါကဝူချီမျိုးနွယ်ရဲ့ သဘာဝတစ်ခုလား …
သူ့လက်ချောင်းမှ အပြာရောင်အလင်း တောက်ပလာကာ “ မြင့်တက်စမ်း”
သူက ယွီကျန့်ဟိုင်ကို သူ့လက်ဖြင့် ပြန်တွန်းလိုက်သည်။
တခြားလူများက အံ့အားသင့်သွားကြသည်။
စီးဝူယာ့နှင့် ဟွားချုံးယန်လည်း မြင်ကွင်းကို တအံ့တဩ ကြည့်နေကြသည်။
ယွီကျန့်ဟိုင်က ထိုနည်းစနစ်သည် မည်မျှလေးလံကြောင်း သိလေသည်။ သူက ထိုတိုက်ကွက်ကို ကနဦးချီ မသုံးဘဲ ခံနိုင်ရည်ရှိမည့်လူ မရှိကြောင်း သေချာလုနီးပါး ဖြစ်၏။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …
လုကျိုးက မျက်စိတစ်မှိတ်အတွင်း ယွီကျန့်ဟိုင်အား တွန်းလိုက်သည်။ ယွီကျန့်ဟိုင်က လေထဲ လွင့်စဉ်သွားပြန်သည်။
ယွီကျန့်ဟိုင်က ဘုန်းခနဲအသံနှင့်အတူ ပြုတ်ကျလာသည်။ သူက ကမ္ဘာကြီး ချာချာလည်သွားသလိုမျိုး ခံစားလိုက်ရ၏။
လုကျိုးက ပြောလိုက်သည် “ငါ့ကို လှည့်စားဖို့ ကြိုးစားတယ်ပေါ့ ”
ယွီကျန့်ဟိုင်က ရပ်တန့်လိုက်သည့်အခါ နာကျင်မှုကို တောင့်ခံရင်း လုကျိုးအား ကြည့်လိုက်သည်။
တကယ်ကို အလုပ်မဖြစ်ခဲ့ပေ ….
သူ ထပ်ရှုံးသွားပြန်လေပြီ။ ယွီကျန့်ဟိုင်၏ စိတ်ထဲ အကြောက်တရားတစ်ခု ပေါ်ထွက်လာသည်။ သူက ခန္ဓာကိုယ် လေ့ကျင့်မှုထဲ ပြိုင်ဘက်ကင်းကြောင်း တွေးထားခဲ့သည်။
ဒီလူအိုကြီးက အဘယ်ကြောင့် အားကောင်းနေရသနည်း။
သူက စိတ်ပျက်လက်ပျက် ဖြစ်မိသွားသည်။ ကြည့်ရသည်မှာ ပွင့်ချပ်ကိုးလွှာရှေ့တွင် အားလုံးက ပုရွက်ဆိတ်များလို သေးနုတ်သွားဟန်ပေါ်သည်။
“ အဲလိုဆိုမှတော့ ခင်ဗျားလုပ်ချင်တာ လုပ်တော့ … သတ်ရင်သတ် ဒါမှမဟုတ် အသက်ရှင်လျက် အရေခွံခွာလိုက်”
သူက ဒီလိုစိတ်ပျက်မှုမျိုး တစ်ခါမှ မခံစားဖူးပေ။
“ငါက မင်းကို မသတ်ရဲဘူးများ ထင်နေလား” လုကျိုးက မြေပေါ်မှ ခြေဖျားထောက်လိုက်သည့်အခါ ကနဦးချီ ထွက်လာသည်။
ကနဦးချီ ထွက်ပေါ်လာသည့်အခါ အားလုံးက စိတ်ထဲ လေးလံသွားကြ၏။
ဤသည်က အဆုံးသတ် ဖြစ်ပေသည်။
ထိုစဉ် လေထုကို ဖြတ်ခွင်း၍ လက်ဝါးချက် ကျရောက်လာသည်။
…
အခန်း (၄၈၅) ကတိ
လက်ဝါးက ယွီကျန့်ဟိုင်ဆီသို့အရှိန်ပြင်းစွာတိုးဝင်သွားသည်။
ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ထံမှ ထိုတိုက်ခိုက်ကို မည်သူမှ ပိတ်ဆို့ရန်မကြိုးစားခဲ့ပေ။ ယခုအချိန်၌ အားလုံးက ယွီကျန့်ဟိုင် ကိစ္စချောသွားပြီဟု တွေးထင်နေကြသည်။
ယွီကျန့်ဟိုင်ကလေထဲကနေ သူ့ဆီတိုးဝင်လာသော လုကျိုးကို ကြည့်လိုက်၏။ သူ၏အသိစိတ်တို့က ယိမ်းယိုင်လာသည်။ ထိုရိုက်ချက်က သူ၏ဆရာကိုအမှတ်ရသွားစေ၏။ အဆုံးတွင် သူ မျက်လုံးမှိတ်လိုက်တော့သည်။
မေ့လိုက်တော့ ... သေခြင်းတရားက ဒုက္ခအားလုံးကိုချုပ်ငြိမ်းစေတယ်”
ထိုစဉ် သူက မယုံနိုင်စရာကောင်းလောက်အောင် သက်သောင့်သက်သာဖြစ်မှုကိုခံစားလိုက်ရသည်။ အရာရာက တဖြည်းဖြည်းချင်း အတိတ်ဖြစ်သွား၏။ သူက ဘာမှမပါဘဲ မွေးဖွားလာခဲ့ပြီး သူ သေလွန်ချိန်တွင်လည်း ဘာကိုမှ မယူဆောင်သွားခဲ့ပေ။ သူ၏ဘဝကို အဘယ်ကြောင့် ခေါင်းမာစွာ ဖက်တွယ်နေရမည်နည်း။
ဝှစ်
လေပြေလေညင်းက ယွီကျန့်ဟိုင်၏မျက်နှာကိုပွတ်သပ်သွားသည်။ သူ ထင်ထားသည်က လက်ဝါးရိုက်ချက်က သူ၏ခေါင်းကိုခွဲသွားပြီးနောက် ဒုက္ခနှင့်နာကျင်မှုတို့က ချက်ချင်း ပျောက်ကွယ်သွားလိမ့်မည်။ သို့သော် ဘာမှဖြစ်မလာခဲ့ပေ။
ငါ ... အသက်ရှင်လျက်ရှိနေသေးတာလား။ သူ၏အတွေးများက သူနှင့်ရှိနေသေးဆဲဖြစ်ပြီး သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သေးဆဲဖြစ်သည်။ သူ၏လက်ချောင်းများကို လှုပ်ရှားနိုင်သေး၏။
နေရာတစ်ခုလုံးတိတ်ဆိတ်သွားသည်။ မည်သူမှမလှုပ်ရှားရဲချေ။
ယွီကျန့်ဟိုင်က မျက်လုံးဖွင့်လိုက်၏။ သူ့ရှေ့တွင် လက်တစ်ဖက်ကိုသာမြင်လိုက်ရပြီး သူနှင့် လက်သီးတစ်ဆုပ်စာကွာဝေးသည်။ ယင်းက မဖြတ်သွားပေ။ သူစိတ်ရှုပ်ထွေးစွာ မေးလိုက်တော့သည်။ “ဘာလို့လဲ”
လုကျိုးက သူ့လက်ဝါးကိုပြန်ရုပ်လိုက်သည်။
“ငါ မင်းဆရာနဲ့သိတယ်။ တခြားသူတစ်ယောက်ရဲ့ တောင်းဆိုချက်ကြောင့် ဒီရောက်လာရုံပဲ”
ယွီကျန့်ဟိုင်၊ စီးဝူယာ့၊ ဟွားချုံးယန်နှင့်ကျန်သည့်သူများက ထိတ်လန့်သွားကြသည်။
ခန်းမကျယ်ထဲတွင် ဖြည်းဖြည်းချင်း လျှောက်လာသည့် ရှန်လွမ့်ရှိုးနှင့်ကျန်သည့်သူများကလည်း ထိုစကားကိုကြားလိုက်ရ၏။ သူတို့က ဝမ်းနည်းသည့်အမူအရာဖြစ်နေလေတော့သည်။ ဒုက္ခများ အားလုံးပြီးသွားပြီးနောက် ပွင့်ချပ်ကိုးလွှာလုသည် မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းချုပ်ဖက်တွင် ရှိနေသည်လော။ သူတို့တစ်ယောက်နှင့်တစ်ယောက်သိနေသည်လော။ အတော်လေး ကြောက်စရာ ကောင်းသည်။
ယွီကျန့်ဟိုင်က မေးလိုက်တော့သည်။ “သူက ခင်ဗျားကိုလာခိုင်းတာလား”
“ဟုတ်တယ်” လုကျိုးက ခေါင်းညိတ်လိုက်၏။
ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့ကာပြောလိုက်တော့သည်။
“ကျုပ်ကို သင်ခန်းစာပေးဖို့ ခင်ဗျားကို ဒီနေရာကို လွှတ်လိုက်တာဆိုရင် ခင်ဗျားကို စိတ်ပျက်စေမိမှာစိုးတယ်”
သူက ခက်ခက်ခဲခဲဖြင့်ရုန်းကန်ပြီးထရပ်ကာပြောလိုက်တော့သည်။ “ကျုပ် သေရမယ်ဆိုရင်တောင် အညံ့ခံမှာမဟုတ်ဘူး”
လုကျိုးက ဇဝေဇဝါဖြစ်ပုံပေါ်လာကာ မေးလိုက်တော့သည်။ “မင်း သူ့ကိုဒီလောက်မုန်းတယ်လား”
“မုန်းတာလား” ယွီကျန့်ဟိုင်က ခေါင်းခါလိုက်သည်။ “တစ်ရက်ဆရာက တစ်သက်ဖခင်ပဲ။ တပည့်တစ်ယောက်အနေနဲ့ ကျုပ်ရဲ့ဆရာကိုမုန်းပိုင်ခွင့်မရှိဘူး”
“သူ့လုပ်ရပ်အတွက် သူ့မှာအကြောင်းပြချက်ရှိနေခဲ့မယ်ဆိုရင်ကော” လုကျိုးကမေးလိုက်၏။
“ဒါဆို ကျုပ်အကြောင်းပြချက်ကို ဘယ်သူကဂရုစိုက်ပေးမှာလဲ” ယွီကျန့်ဟိုင်က ကျယ်လောင်စွာ မေးလျက်မခံမရပ်နိုင်ဖြစ်နေတာ သိသာသည်။
“အဓိပ္ပာယ်မဲ့လိုက်တာ” လုကျိုးက သူ့ကို ကျိန်ဆဲချင်သွားသည်။ သို့သော် မှတ်ဉာဏ်သလင်းမရှိဘဲ သူသည် အမှန်တရားအကြောင်း မသိနိုင်ပေ။ ကိစ္စရပ်များက စီးဝူယာ့နှင့် ယွီကျန့်ဟိုင် ပြောခဲ့သည့်အတိုင်းသာဆိုလျှင် သူ မှားသည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ သို့သော် ထိုကိစ္စ၌ တစ်ခုခုထပ်ရှိဦးမည်ဟု သူ ခံစားမိနေသည်။ ထိုအပြုအမူများ ကျူးလွန်ဖို့ ကျိထျန်းတောက်အတွက် အကြောင်းအရင်းကို သူ မတွေးမိပေ။ သူသည် မထိလေးစားနိုင်ပြီး စိတ်တိုလွယ်သူ ဖြစ်သော်ငြား သူတို့ကို သတ်ရန် ထူးချွန်ထက်မြတ်သည့် တပည့်ကိုးယောက်ကို ပျိုးထောင်တာက အဓိပ္ပာယ်မရှိပေ။
ယွီကျန့်ဟိုင်က သက်ပြင်းချပြီး ပြောလိုက်၏။
"ကျုပ်ဝန်ခံတယ်။ သူ့ရဲ့ကြင်နာတဲ့ တရားမျှတမှုအတွက် လုပ်နေတာမဟုတ်ဘူး”
လုကျိုးက ယွီကျန့်ဟိုင်ကို လှည့်ကြည့်လိုက်သည်။ အဆုံးကျ ယွီကျန့်ဟိုင်၏ လက်ရှိကျင့်ကြံဆင့်ကို ကျိထျန်းတောက်ပေးထားတာ ဖြစ်သည်။
“လုချန်းပေ့ ... ကျွန်မ တစ်ခွန်းပြောလို့ရမလား”
လုကျိုးက ခရုမိန်းကလေးကို တစ်ချက်လှည့်ကြည့်လိုက်၏။
ခရုမိန်းကလေးက ယွီကျန့်ဟိုင်ကို ကြည့်ပြီးနောက်ပြုံးလိုက်သည်။
“လက်မလျှော့နဲ့ ... ဟုတ်ပြီလား”
လရောင်အောက်တွင် သူမ၏အကြံပြုချက်တို့က ယွီကျန့်ဟိုင်ကို တုန်လှုပ်သွားစေသည်။ လက်မလျော့နဲ့ ... သူ မပြီးမြောက်သေးသည့် ကိစ္စရပ်များစွာရှိသည်။ သူ မည်ကဲ့သို့အလွယ်တကူ လက်လျှော့နိုင်မည်နည်း။
ယွီကျန့်ဟိုင်ကပြောလိုက်၏။ "သူ့ကိုဂရုစိုုက် ... သူ့ကိုထိရဲတဲ့သူတိုင်းကိုသတ်ပစ်မယ်”
ယင်းက လုကျိုးကို အံ့ဩသွားစေ၏။ သူ၏ငမိုက်သားတပည့်က သူထင်ထားသကဲ့သို့ အရှက်မဲ့ပြီး ယုတ်မာကောက်ကျစ်နေတာမျိုး မဟုတ်ပေ။
သူတို့နှစ်ယောက်သား တောအုပ်ထဲသို့လျှောက်သွားလိုက်သည်။
လရောင်က မှိန်ဖျော့လာ၏။
ထောက်
သူတို့တောအုပ်ထဲ ဝင်သွားသည်နှင့် ယွီကျန့်ဟိုင်က စကားမဆိုဘဲ ဒူးထောက်ချတော့သည်။ လုကျိုးက ထိတ်လန့်အံ့ဩသင့်သွား၏။ သူ ငါ့ကို မှတ်မိသွားတာမဟုတ်ဘူးမလား။ သူ ဒီလိုလုပ်ဖို့မဖြစ်နိုင်ဘူး။
ကူးပြောင်းလာသူတစ်ယောက်အနေဖြင့် သူ၏ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်နေစိတ်ထားက ကျိထျန်းတောက်နှင့် အလွန်ကွဲပြားသည်။ အသွင်ပြောင်းကတ်နှင့် သူတို့နှစ်ယောက် နောက်ပိုင်း၌ အဆက်အဆံမရှိသည့် အချက်ပါ ပြောင်းလိုက်လျှင် ယွီကျန့်ဟိုင်အဖို့သူ့အားမှတ်မိစရာ အကြောင်း မရှိပေ။ စီးဝူယာ့ကဲ့သို့ဉာဏ်ထက်မြတ်သူတစ်ယောက်တောင် သူ့ကို မမှတ်မိ။ ယွီကျန့်ဟိုင်က သူ့ကို မည်ကဲ့သို့မှတ်မိနိုင်မည်နည်း။
“လုချန်းပေ့ ... ကျေးဇူးပြုပြီး ကျုပ်ကို အချိန်ခြောက်လပေးပါ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
လုကျိုးက စဉ်းစားလျက်မေးလိုက်၏။
“ခြောက်လလား ... မင်း ဘာကိုဆိုလိုတာလဲ”
“ခင်ဗျားက ကျုပ်ဆရာတောင်းဆိုချက်အရ ဒီရောက်လာတာဆိုတော့ ကျုပ်ဆရာက ခင်ဗျားပြောတာ နားထောင်မှာ သေချာတယ်” ယွီကျန့်ဟိုင်က ပြောလိုက်၏။
“ဒါပေါ့” လုကျိုးက ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်သည်။
"ငါ အစ်ကိုကျိနဲ့ တွေ့တုန်းက မင်းက ဖုန်တွေနဲ့ ဆော့ကစားနေတုန်းပဲ”
“ဒါကြောင့် ကျုပ်ကို အချိန်ခြောက်လပေးဖို့ နှိမ့်ချပြီး တောင်းဆိုတာပါ ... လုချန်းပေ့။ ခြောက်လကြာပြီးရင် ကျုပ်အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ တောင်ပေါ်လာပြီး ကျုပ်အပြစ်ကို ဝန်ခံပါ့မယ်” ယွီကျန့်ဟိုင်က စိတ်အားထက်သန်စွာပြောလိုက်သည်။
ခြောက်လ...
လုကျိုးက သူ့မေးခွန်းကို ဖြေရန်အလျင်မလိုပေ။ သူ ယခုအချိန်၌ သူသာ ဆန္ဒရှိလျှင် ယွီကျန့်ဟိုင်ကို အလွယ်တကူ ခေါ်သွားနိုင်မှန်းသိနေသည်။ သို့သော်ငြား သူ ထိုသို့ပြုလုပ်ခဲ့လျှင် တော်ဝင်မိသားစုကို မည်သူက ဖြေရှင်းမည်နည်း။
ယခင်က သူသည် တော်ဝင်မိသားစုကိုပြဿနာရှာရန်မရည်ရွယ်ခဲ့ပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တော်ဝင်မိသားစုက မိစ္ဆာဝေဟင်မျှော်နန်းကိုရန်စခဲ့၏။
“ကမ္ဘာကြီးကို အုပ်စိုးဖို့က မင်းအတွက် ဒီလောက်တောင်အရေးကြီးလား” လုကျိုးက မေးလိုက်သည်။
ကျင့်ကြံသူများအဖို့ အာဏာနှင့်ရာထူးကို လွန်ကျူးစွာတပ်မက်ခြင်းက ကောင်းမွန်သည့်အရာ မဟုတ်ပေ။ ယွီကျန့်ဟိုင်၏စိတ်ထဲအတိတ်တုန်းက ဖြစ်ရပ်များစွာက ထင်ဟပ်လာကာ သူ ပြောလိုက်တော့သည်။ “အရေးကြီးပါတယ်”
လုကျိုးက ယွီကျန့်ဟိုင်ကိုကြည့်ပြီးပြောလိုက်သည်။ “မင်းကို ချမ်းသာပေးနိုင်တယ်။ ဒါပေမဲ့ ငါ့ရဲ့မေးခွန်းတွေကိုဖြေရမယ်”
“ကြားပါရစေ ... လုချန်းပေ့”
“အရင်ဆုံး မင်းဆရာရဲ့မှတ်ဉာဏ်သလင်းက ဘယ်မှာလဲ”
“ရုန်ရှီ၊ လို့လန်" ယွီကျန့်ဟိုင်က တိုတိုတောင်းဖြေလိုက်၏။
“နေရာအတိအကျ ဘယ်မှာလဲ”
“ကျုပ် မသိဘူး”
“ဒုတိယက မှတ်ဉာဏ်သလင်းထဲမှာ ဘာကိုပိတ်ထားတာလဲ” ယင်းက လုကျိုးအသိချင်ဆုံး အဖြေများထဲမှတစ်ခုဖြစ်သည်။ အခုချိန်၌ သူမရှာနိုင်သောကြောင့် မေးဖို့ရွေးလိုက်သည်။
ယွီကျန့်ဟိုင်က မသေချာမရေရာသည့်လေသံဖြင့်ပြောလိုက်သည်။
“အဲ့ဒါက ယွင်ထျန်းလော့နဲ့တူလိမ့်မယ်။ တခြားမှတ်ဉာဏ်တွေကိုတော့ ဘယ်သူမှမသိဘူး”
လုကျိုးက ခေါင်းညိတ်ပြီးထပ်မေးလိုက်သည်။
“နောက်ဆုံးမေးခွန်း ... မင်းရဲ့ဆရာပေါ် ဘာကြောင့်ဒီလောက်အေးစက်နေရတာလဲ” တနည်းအားဖြင့် သူတို့နှစ်ယောက်ကြား မည်သည့်အရာကများ အငြိုးအတေးဖြစ်စေခဲ့သနည်း။
ယွီကျန့်ဟိုင်က ဖြေလိုက်သည်။ “ကျုပ် မအေးစက်ပါဘူး။ ရွေးချယ်စရာမရှိခဲ့ရုံပဲ”
“ဟုတ်လား ... မင်းက ဝူချီမျိုးနွယ်က ဖြစ်တာကြောင့်လား ... ဒါမှမဟုတ် ငယ်ငယ်တည်းက မင်းမှာ ခက်ခဲတဲ့ဘဝ ရှိခဲ့တာကြောင့်လား” လုကျိုးက မေးလိုက်၏။
ယွီကျန့်ဟိုင်က ထိတ်လန့်သွားသည်။ သူ့ရှေ့ရှိအဘိုးအိုကို အံ့ဩဆွံ့အနေတော့သည်။
“ယွီရှန်းရုန်ဆီကနေ ငါ တစ်ခုခုကြားထားတယ်။ အစ်ကိုကျိက မင်းတို့နှစ်ယောက်ဆီကနေ ပွင့်ချပ်ကိုးလွှာအဆင့်ကို လေ့လာဖို့ကြိုးစားနေတာလား”
ထိုအဘိုးကြီးက မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ဤမျှသိလိမ့်မည်ဟု ယွီကျန့်ဟိုင် မထင်ထားပေ။ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သူ ခေါင်းညိတ်ကာပြန်ပြောလိုက်သည်။ "အမှန်ပဲ”
“ဟုတ်ပြီ” လုကျိုးသည် တပည့်ကိုးယောက်နှင့် ကျိထျန်းတောက်အကြား အရေးကိစ္စများက ပိုမိုရှုပ်ထွေးလာသည်ဟု ခံစားမိလိုက်သည်။
ထိုစဉ် ငရဲဂိုဏ်းအခွဲ၏ခန်းမကျယ်ထဲကနေ ငြိမ့်ညောင်းသော တေးသွားပေါ်ထွက်လာ၏။ တေးသွားက ငြိမ့်ညောင်းပြီးသာယာ၏။ မျက်ဝန်းပြာများစွာက သစ်ပင်များကြားကနေ ပေါ်လာသည်။
ပုလွေသံက ပိုမိုကျယ်လောင်လာလေသည်။ ယင်းက ဖျတ်လတ်မှုအပြည့်ရှိနေလေသည်။
တောအုပ်ထဲရှိသားရဲတောရိုင်းသတ္တဝါများသည် တဖြည်းဖြည်းချင်း ချဉ်းကပ်လာတော့သည်။
“သားရဲရဲ့ဘာသာစကားကို သိတဲ့ အမျိုးသမီးရဲ့တေးသွားလား” ယွီကျန့်ဟိုင်က အထိတ်တလန့် ပြောလိုက်တော့သည်။
…
အခန်း (၄၈၆) ကျိချန်းပေ့
စည်းချက်ကျကျ သံစဉ်လေးက တိတ်ဆိတ်နေသည့် ညနှင့် လိုက်ဖက်ညီနေသည်။ သံစဉ်လေးက နားထောင်လို့ ကောင်းလှ၏။ သို့သော်လည်း သားရဲများကို သူ့အလိုဆန္ဒအတိုင်း ပုံသွင်းနိုင်ကြောင်း တွေးမိလိုက်လျှင် လှပမှု မရှိတော့ပေ။
သားရဲများက ဖြည်းဖြည်းချင်း လာနေကြ၏။
လုကျိုးက ခြေအသာကြွကာ ဆောင့်ချလိုက်သည်။
မြေကြီးက တုန်ခါသွားလေ၏။
ပတ်ဝန်းကျင်ထံ အလင်းလှိုင်း ပျံ့နှံ့သွားသည်။
သားရဲများက ချက်ချင်းဆိုသလို ပြန့်ကျဲသွားကာ ညအမှောင်ထဲ ပျောက်ကွယ်သွားကြသည်။
“ မင်းက ဟွားချုံးယန်ကို ကောင်းကင်ကိုးကွယ်ရေး စင်မြင့်ဆီ လွှတ်လိုက်တာက ဒီကောင်မလေးကို ကျင်းစီရင်စု သိမ်းပိုက်တဲ့နေရာမှာ အသုံးချမလို့မလား” လုကျိုးက မေးလိုက်သည်။
“ အာ …” ယွီကျန့်ဟိုင်က ဂုဏ်ယူစရာမဟုတ်မှန်း သိလေသည်။ သူ့လိုမျိုး ဂိုဏ်းချုပ်တစ်ယောက်က အပြစ်မဲ့ မိန်းကလေးကို သူ့ကိုယ်ပိုင်အကျိုးအတွက် မည်သို့အသုံးချနိုင်မည်နည်း။ သို့သော်လည်း ကိစ္စကြီးများကို လုပ်ဆောင်သူများက အသေးအဖွဲ့များအတွက် သောကမရောက်နေကြပေ။ သူတို့က ဟိုဟိုဒီဒီ ငဲ့ညာနေရသည်။
“ဟုတ်တယ်” သူက ပြန်ဖြေလိုက်၏။
“ ငါလည်း သူ့ဇာစ်မြစ်ကို သိချင်နေတာ” လုကျိုးက ပြောလိုက်သည်။
ယွီကျန့်ဟိုင်က မိန်းကလေးခရုသည် သူ့အား လက်မလျှော့ဖို့ ပြောခဲ့သည်ကို အမှတ်ရသွားသည့်အခါ အနည်းငယ် အပြစ်ရှိစိတ် ခံစားလိုက်ရသည်။ ယခုအချိန်အထိ ထိုအရာက သူ့ဘဝ၏ ဆောင်ပုဒ် ဖြစ်ခဲ့သည်။ သူက အခက်အခဲမျိုးစုံ ကြုံတွေ့ခံစားခဲ့ရ၏။ ဝူချီအန်းက တိုက်ပွဲကြောင့် ပြောင်းရွေ့နေထိုင်ခဲ့ကြသော်လည်း ထိုအရာကြောင့် အသတ်ခံရလိုက်ကြရသည်။ သူက သူ့ညီအစ်ကိုများ သေဆုံးမှုကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီး ဘာမှမလုပ်နိုင်လောက်အောင် အင်အားမဲ့နေခဲ့သည်။
လူကုန်ကူးသူများက သူ့ကို အလုပ်ကြမ်းသမားတစ်ယောက်အဖြစ် လိုလန်ဆီ ရောင်းချလိုက်ကြသည်။ သူ သေလောက်သည့်အထိ သွေးများထွက်အောင် အသားများ လှီးဖဲ့ခံရပြီး ဆွေကြီးမျိုးကြီးများ၏ ကစားစရာသဖွယ် သဘောထားခံခဲ့ရသည်။ လက်မလျော့ခြင်းကသာ သူ့ကို ယနေ့အထိ ဖြစ်လာစေခြင်း ဖြစ်၏။ သို့သော် သူက မိန်းကလေးခရုကို အသုံးချဖို့ ရည်ရွယ်နေမိသည်။ သူက မည်သို့နောင်တမရဘဲ နေမည်နည်း။
အဆုံးသတ်၌ သူက ပြောလိုက်သည်။ “ ခြောက်လတည်းပါ … ကျွန်တော် လိုအပ်တာ ခြောက်လတည်းပါ ”
“ မင်းရဲ့ ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့် ရောက်ဖို့ မင်းကို အသုံးချဖို့ ကြိုးစားခဲ့တာကို မုန်းတီးလား”
လုကျိုးက ထပ်မေးလိုက်သည်။
ထိုမေးခွန်းက ယွီကျန့်ဟိုင်အား တိတ်ဆိတ်သွားစေသည်။ သူက အဖြေကို စဉ်းစားနေလေ၏။ ထိုကိစ္စက ရှုပ်ထွေးလွန်းလှသည်။ အချိန်ကြာလာသည်နှင့်အမျှ အသေးစိတ်အချက်အလက်များက လွှင့်ပျယ်သွားပြီ ဖြစ်၏။ သူက အချိန်အတော်ကြာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ဝူချီအန်း ကျင့်ကြံသူတွေက သုံးကြိမ်ပဲ သေနိုင်တာ … အမှန်အတိုင်းပြောရရင် ကျွန်တော်က နှစ်ခါ သေပြီးသွားပြီ”
သူက ဘာမှအရေးမကြီးသည့်အလား ပြောနေသလိုမျိုး တည်ငြိမ်နေသည်။
လုကျိုက ယွီကျန့်ဟိုင်အား ကြည့်လိုက်သည်။ သူက သူ ရွေးချယ်ထားသည့် ပထမတပည့် ဖြစ်ကြောင်း ယုံကြည်ဖို့ အခက်တွေ့နေသည်။ သူက ယွီကျန့်ဟိုင် ခံစားခဲ့ရသည့် အခက်အခဲများ၊ အားကောင်းလာဖို့အတွက် ရည်မှန်းချက်ထားသည့်အကြောင်းများကို သိပ်မမှတ်မိပေ။ သူက နားမလည်စွာ မေးလိုက်၏။ “ ပထမတစ်ခေါက်က လို့လန်မှာလား”
ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်သည်။
“ ဒုတိယတစ်ခေါက်က ကျိထျန်းတောက် လက်ထဲမှာလား” လုကျိုးက သူ့ခန္ဓာကိုယ်ပိုင်ရှင် နာမည်အကြောင်း ပြောစဉ် အစ်ကိုကျိ သို့မဟုတ် မင်းရဲ့ ရှစ်စွင်းဟု သုံးစွဲမနေပေ။ ယွီကျန့်ဟိုင်၏ ဒုတိယသေဆုံးမှုကို အသိချင်ဆုံး ဖြစ်၏။ ယွီကျန့်ဟိုင် သေဆုံးပြီးသည့်နောက် စီးဝူယာ့က ယူဆောင်သွားခဲ့သည်။ ထိုကိုယ်ပိုင်မှတ်တမ်း ဖြစ်ပေါ်လာပုံလည်း ဖြစ်၏။
“ တာ့ယန်ရဲ့ ဧကရာဇ်ယုံချင် မင်းသက် ၁၅၄ နှစ်မြောက် တတိယလမှာ ရှစ်စွင်းက ရွှေကြာပေါ် တရားထိုင်နေတုန်း အချိန်တစ်ခုလောက် ထိန်းချုပ်မှု လွတ်သွားခဲ့တယ်။ သူက ဘာမှန်းမသိတဲ့ စကားတွေ ရေရွတ်ပြီး ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း ပြောနေခဲ့တာ။ လအလယ်လောက်ကျ ကောင်းကင်တောင်ရဲ့ ဇာမဏီရေကန်အနား အာ့ရှစ်တိနဲ့ လက်ရည်စမ်းနေတုန်း ရှစ်စွင်းက ဒေါသပေါက်ကွဲသွားတယ်။ အဲဒါနဲ့ ကျွန်တော်တို့ သုံးယောက်လုံး တိုက်ခိုက်ကြတယ်။
တိုက်ပွဲက ခုနှစ်ရက်၊ ခုနှစ်ည ကြာမြင့်ခဲ့တယ်။ ကျွန်တော်တို့ ဇာမဏီရေကန်ကနေ တိမ်ခွင်းမြစ်နဲ့ သစ်ခွနီတောင်အထိ ရောက်သွားကြတယ်။ အဆုံးသတ်မှာ ရှစ်စွင်းက ကျွန်တော်တို့ နှစ်ယောက်လုံးကို အနိုင်ရသွားတယ်”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။ သူက ခဏတာရပ်တန့်လိုက်ပြီးနောက် သက်ပြင်းချကာ ဆက်ပြောလိုက်သည်။
“ ရှစ်စွင်းက တိုက်ပွဲပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်သွားတယ်။ ကျွန်တော်နဲ့ အာ့ရှစ်တိတို့က အဲဒီနေရာမှာပဲ ပြန်အားမွေးနေကြတာ။ ကျွန်တော်တို့ နားနေတုန်း သုံးရက်ကြာ စကားများခဲ့တယ်။ အဲဒီနောက် အာ့ရှစ်တိက ဒေါသတကြီးနဲ့ ထွက်သွားခဲ့တယ်”
လုကျိုးက ထိုအရာကို ကြားပြီး စိတ်ထဲ တစ်ခုခု ဖြစ်လာလေသည်။ ယွီကျန့်ဟိုင် ပြောသည့်အရာများက သူ့မှတ်ဉာဏ်ထဲ မရှိနေပေ။ ယွီရှန်းရုန် ပြောစကားအပြင် သတင်းအချက်အလက်များအရ ကျိထျန်းတောက်သည် ပွင့်ချပ်ကိုးလွှာနှင့် ပတ်သက်သည့် မှတ်ဉာဏ်အားလုံးကို စည်းပိတ်ပစ်ခဲ့သည်။
ကျိထျန်းတောက်က သူ့မှတ်ဉာဏ်တွေကို စည်းပိတ်ပစ်ရအောင် ဘာကိုမြင်ခဲ့တာလဲ …
လုကျိုးက ယွီကျန့်ဟိုင်အား ကြည့်လိုက်ကာ “ တိုက်ပွဲက အကြောင်းအရင်းမရှိဘဲ တိုက်ကြတာလား”
သုံးယောက်သား အကြောင်းအရင်းမရှိဘဲ တိုက်ခိုက်ဖို့က အဓိပ္ပာယ်မရှိချေ။
ယွီကျန့်ဟိုင်က ခေါင်းခါကာ အဖြေကို မသိကြောင်း ပြသနေ၏။
ယွီကျန့်ဟိုင်၏ တည်ငြိမ်နေသည့် မျက်နှာထားကို မြင်လိုက်ရသည့်အခါ လုကျိုးက ပြောလိုက်သည်။
“ အဲဆို မင်းက သူ့ကြောင့် သေသွားခဲ့တာပဲ”
“ သက်ဆိုင်သလိုလို မသက်ဆိုင်သလိုလိုပါပဲ” ယွီကျန့်ဟိုင်က ခနှဲ့ပြုံးဖြင့် ပြုံးလိုက်ရင်း ခေါင်းခါလိုက်သည်။
“ဘာကိုပြောချင်တာလဲ”
“ ကျွန်တော် ဒဏ်ရာအပြင်းအထန် ရထားတုန်း တစ်ယောက်ယောက်က ခိုးကြောင်ခိုးဝှက် လုပ်ကြံခဲ့တာ။ ထည့်ပြောလောက်တောင် မတန်ဘူး” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ မင်းကို ဘယ်သူတိုက်တာလဲ”
ယွီကျန့်ဟိုင်က ခေါင်းခါကာ “စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်။ လုချန်းပေ့ … ကျွန်တော်ကိစ္စ ကိုယ့်ဘာသာ ဖြေရှင်းပါ့မယ် ”
“ကောင်းပြီလေ” ယွီကျန့်ဟိုင်အား ထပ်မေးနေလို့ အကျိုးမရှိပေ။ လုကျိုးက သူ လုပ်ချင်သည့်အရာ လုပ်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်သည်။ သူက အတိတ်မှ အဖြစ်အပျက်များမှ အကြမ်းဖျင်နားလည်လာခဲ့၏။
ယွီကျန့်ဟိုင်သည် လွယ်လွယ်ကူကူ ထုတ်ပြောခဲ့သော်လည်း သူ့အနေနှင့် မည်မျှ ကြိုးစားတောင့်ခံခဲ့ရမှန်း မည်သူမှ မသိနိုင်ပေ။ ယွီကျန့်ဟိုင်၏ သဘာဝနှင့် စရိုက်တို့က တခြားလူထံ ဦးညွှတ်ရသည်ကို မကြိုက်ကြောင်း ပြသနေသည်။ ငယ်စဉ်ကတည်းက ထိုသို့သော လူစားမျိုး ဖြစ်ခဲ့၏။
လုကျိုးက ယနေ့ ယွီကျန့်ဟိုင်၏ အပြုအမူကြောင့် အံ့အားသင့်သွားမိသည်။ ယွီကျန့်ဟိုင်သည် ကမ္ဘာကြီးကို အမှန်တကယ် အုပ်စိုးလိုနေသည်။ ထိုအရာကို တွေးလိုက်ပြီးနောက် သူက လက်နောက်ပစ်ကာ တောအုပ်အစွန်းဘက် လှည့်ထွက်လာလိုက်သည်။ သူက တည့်တိုးပြန်မဖြေခဲ့ပေ။
“လုချန်းပေ့” ယွီကျန့်ဟိုင်က ခေါင်းရှုပ်နေလေ၏။
“ ငါက မင်းရှစ်စွင်းရဲ့ မိတ်ဆွေဟောင်း ဆိုပေမဲ့ သူ့ကိုယ်စား ဆုံးဖြတ်ချက် မချနိုင်ဘူး ”
ယွီကျန့်ဟိုင်က ထရပ်ကာ ပြောလိုက်သည်။ “ အဲဆိုရင် ရှစ်စွင်းဆီ ကျွန်တော့်စကားလေး ပါးပေးပါ ”
လုကျိုးက ရပ်တန့်လိုက်သည်။ သူက နောက်လှည့်မကြည့်ဘဲ အသံနက်နက်ဖြင့် ပြောလာသည်။
“မင်းနေရာ မင်းသိစမ်း ”
ယွီကျန့်ဟိုင်က ကြောင်အမ်းသွားလေသည်။
ယွီကျန့်ဟိုင်က တပည့်မျှသာ ဖြစ်၏။
ဒါက ရှစ်စွင်းကို စကားပြောနေစဉ် သူ ထားရှိရမဲ့ သဘောထားလား … သူက ဝါစဉ်ကြီးတစ်ယောက်ကို သတင်းပါးခိုင်းရဲတယ်ပေါ့
လုကျိုးက စောစောလေးက တိုက်ပွဲဖြစ်ခဲ့ရာ နေရာဆီ ပြန်ရောက်လာသည့်အခါ လကို မော့ကြည့်လိုက်သည်။
ပုလွေသံလည်း ရပ်တန့်သွားပြီ ဖြစ်၏။
ရှန်လွမ့်ရှိုးက အပေါက်ထဲမှ ထွက်လာသည်။ လရောင်အောက်တွင် သူက ဦးညွှတ်ရင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“လုချန်းပေ့ဆီမှာ အံ့ဖွယ်နည်းစနစ်တွေ ရှိထားတာပဲ။ တကယ်ကို မြင်ကွင်းကောင်းပါပဲ ”
လုကျိုးက ကပ်ဖားအား ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ရှန်လွမ့်ရှိုး ”
ရှန်လွမ့်ရှိုးက ပျော်သွားကာ “လုချန်းပေ့ ကျွန်တော်ကို သိနေလိမ့်မယ်လို့ မထင်ထားမိဘူး”
တစ်ချိန်တည်းဆိုသလို သူကိုယ့်သူ ကျေနပ်သွားသလို ခံစားလိုက်ရသည်။ ပေဖြူလွှတွင် ထိပ်ဆုံးတွင် ရှိနေခြင်းက ခံစားခွင့်မရှိသည့်အရာ မဟုတ်ပေ။ ဟွမ်းရှစ်ကျဲက ပွင့်ချပ်ရှစ်လွာအဆင့် ဖြစ်သော်လည်း လုချန်းပေ့က သူ့ကို မမှတ်မိပေ။ သူက ထိုအရာကို တွေးမိကာ ဂုဏ်ယူလာမိသည်။
“ မင်းက ဖန်းလိုင်ဂိုဏ်းကို ဝင်လိုက်တာလား” လုကျိုးက မေးလိုက်သည်။
“မဟုတ်ရပါဘူး ” ရှန်လွမ့်ရှိုးက ဦးညွှတ်ကာ “ကျွန်တော်က အမြုတေယန်ဂိုဏ်းကို ဝင်လိုက်တာပါ။ အခုက ဟွမ်းချန်းပေ့ကို အသက်ရှင်ဆေးလုံး ပို့ပေးဖို့ ခေါ်လာပေးရုံပါ ”
“ မင်း လုပ်သင့်တာနဲ့ မလုပ်သင့်တာကို သေချာတွေးသင့်တယ်” လုကျိုးက ပြောလိုက်သည်။
ရှန်လွမ့်ရှိုးက ထိုစကားများသည် ရင်းနှီးနေသလို ခံစားမိနေသည်။ သူက ရုတ်ခြည်းဆိုသလို အော်ပြောလိုက်၏။ “ကျိချန်းပေ့လည်း အဲလိုမျိုး ပြောဖူးတယ်”
“အိုး … ”
“တကယ်လို့ ကျိချန်းပေ့သာ လုချန်းပေ့လိုမျိုး ချဉ်းကပ်ရလွယ်မယ်ဆိုရင် …”
ထိုစဉ် လရောင်အောက်တွင် ဟွမ်းရှစ်ကျဲ၊ မိန်းကလေးခရု၊ စီးဝူယာ့နှင့် ဟွားချုံးယန်တို့က အပေါက်အနား ရောက်လာကြသည်။
လုကျိုးက မိန်းကလးခရုသည် ပုလွေတိုတစ်ချောင်း ကိုင်ထားသည်ကို သတိထားမိလိုက်သည်။ သူမက ထိုအရာကို အရမ်းသဘောကျနေဟန်ပေါ်သည်။
ယွီကျန့်ဟိုင်လည်း တောအုပ်ထဲမှ ထွက်လာလေ၏။ သူက လရောင်ကို နောက်ကျောပေးကာ လျှောက်လာသည်။
အားလုံး၏ အကြည့်များက ပွင့်ချပ်ကိုးလွာနှင့်ရှစ်လွှာကြား ဗျာများနေကြသည်။
လုကျိုးက သူ့အား မကြည့်ဘဲ “ ချဉ်းကပ်ရလွယ်တယ်တဲ့လား”
“ဟုတ်ပါတယ် … လု … လုချန်းပေ့ရဲ့ မျက်နှာက .. ” ရှန်လွမ့်ရှိုးက တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည့်အလား ဆွံအသွားသည်။
လရောင်အောက်တွင် လုကျိုး၏ မျက်နှာထက် ရှုံ့တွမှုတချို့ ရှိလာဟန်တူသည်။
လုကျိုးက အသွင်ပြောင်းကတ်၏ အာနိသင်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်၏။
အားလုံးရှေ့မှောက်တွင် ခက်ထန်သည့် အရှိန်အဝါနှင့်အတူ အနက်နှင့် အဖြူရောင် ဆံပင်များဖြင့် ပိန်ပါးပါး ဆရာတစ်ယောက်၏ သွင်ပြင် ထွက်ပေါ်လာသည်။
“အာ … ”
ရှန်လွမ့်ရှိုးက နောက်ဆုတ်မိသွားသည်။ သူ့မျက်နှာအထက် အကြောက်တရားအပြည့် ဖြစ်နေလေ၏။ “ကျိ .. ကျိချန်းပေ့လား ”