အခန်း (၄၉၆-၄၉၈)
Vol. 34 Ch. 496-498
အခန်း(၄၉၆) ငါက ပြိုင်ဘက်ကင်း ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ။ အမြဲတမ်းလည်း အဲလို ဆက်ဖြစ်နေဦးမှာပဲ
ဝမ်ရှုနှင့် သူ့အဖွဲ့တို့က အစကတည်းက လေးမြားအသံကြောင့် လန့်ဖြတ်သွားသည့် ငှက်လေးများလို ဖြစ်နေသည်။ သူတို့က ကျင်းစီရင်စု တိုက်ပွဲတွင် အသက်ရှင်ကျန်လောက်အောင် ကံကောင်းခဲ့သည်ဟု ခံစားမိနေကြသည်။ သူတို့က ဒဏ်ရာအမျိုးမျိုး ရရှိထားကြသည်။ ထို့ကြောင့် ရုတ်တရက် အသံထွက်ပေါ်လာခြင်းက သူတို့အား လန့်ဖြတ်သွားစေခြင်း ဖြစ်၏။
“ဘယ်သူလဲ”
“စစ်သူကြီးဝမ်ရှု ကြည့်လိုက်ပါဦး ”
အစိမ်းဝတ် ဓားသမားတစ်ဦးက သစ်ပင်ပေါ်တွင် ရပ်နေရင်း ဓားရှည်ကို လက်ထဲတွင် ကိုင်ထားလေသည်။ သူက ဟိတ်ဟန်အပြည့်ဖြင့် အားလုံးအား ငုံ့ကြည့်လာသည်။ သူက အပြုံးလေးဖြင့် ပြောလိုက်၏။ “ အားနာပါရဲ့ … ခင်ဗျားတို့တွေ ဒီမှာပဲ ဆက်နေနေရမယ်”
“ခင်ဗျားက …” သူတို့ထဲက တစ်ယောက်က ထိုဓားသမား၏ သွင်ပြင်ကို အလွန်ရင်းနှီးနေကြောင်း ခံစားမိနေသည်။
“သူက … ယွီရှန်းရုန်ပဲ။ ဓားနတ်ဆိုး ယွီရှန်းရုန်ပဲ ” တစ်ယောက်က အော်ပြောလိုက်သည်။
ဝမ်ရှုက စိတ်ထဲ လေးလံသွားလေသည်။ သူ့အထွတ်အထိပ်အခြေအနေ၌ပင် ဟွမ်းရှစ်ကျဲထက် အနည်းငယ်မျှ အားကောင်းရုံသာ ဖြစ်သည်။ ယွီရှန်းရုန်၊ သို့မဟုတ် ယွီကျန့်ဟိုင်အတွက် ပြိုင်ဘက် ဖြစ်မည် မဟုတ်ပေ။ သူက အလင်းတိမ်တိုက်တောအုပ်အတွင်း ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူနှစ်ဦး၏ နာမည်ကျော် တိုက်ပွဲအကြောင်း ကြားထားဖူးလေသည်။ ထိုနာမည်ကျော် တိုက်ပွဲက ကျင့်ကြံရေးလောကအတွင်း ကျော်ကြားခဲ့သည်။
နာမည်ကြားရုံဖြင့် ကြောက်ရွံ့ကြရသည့် ဓားနတ်ဆိုး ယွီရှန်းရုန်က ယွီကျန့်ဟိုင်လောက် အားကောင်းကြောင်း သေချာသွားသည်။ သူက သစ်ပင်ပေါ်မှ ယွီရှန်းရုန်အား သတိထားပြီး စောင့်ကြည့်လိုက်သည်။
ငါ တုန်လှုပ်နေလို့ မဖြစ်ဘူး …။
အဆုံးသတ်၌ သူက လက်နှစ်ဖက်ယှက်ကာ ကနဦးချီကို စုဆောင်းရင်း ပြောလိုက်သည်။
“ ဓားနတ်ဆိုးရဲ့ ဂုဏ်သတင်းကတော့ တကယ်ကို ကိုက်ညီပါပေတယ်။ ကျုပ်တို့ဘက်က ဧည့်ဝတ်မကျေတာ ခွင့်လွတ်ပေးပါ ”
ယွီရှန်းရုန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ ငါ့ဓားက နာမည်မရှိတဲ့ လူကို မသတ်ဘူး။ ဝမ်ရှုကလွဲပြီး ကျန်တဲ့လူ ထွက်သွားသင့်တယ်။ မင်းတို့အတွက် အသက် သုံးရှိုက်စာအချိန်ပေးမယ် ”
ကျန်ရှိနေသည့် စစ်သားလေးယောက်က အချင်းချင်း ကြည့်လိုက်ကြသည်။
ဝမ်ရှုက မျက်မှောင်ကြုတ်လိုက်၏။ သူက အလျင်စလို ပြောလိုက်သည်။ “ ရန်သူရှေ့မှာ ထွက်ပြေးတာက သေတွင်းကို ခုန်ချလိုက်တာနဲ့ အတူတူပဲ”
လေးယောက်က အရူး မဟုတ်ပေ။ သူတို့က ယွီရှန်းရုန်နှင့် မည်သို့ရင်ဆိုင်နိုင်မည်နည်း။
ရန်သူရှေ့ ထွက်ပြေးတာလား … ခင်ဗျားလည်း အတူတူ လုပ်ခဲ့တာ မဟုတ်ဘူးလား။
“ စစ်သူကြီးဝမ် ကျုပ်တို့ အားနာပါတယ်”
သူတို့က အသက်သုံးရှိုက်စာအတွင်း ဘာလုပ်နိုင်မည်နည်း။ အဖြေက ရိုးရှင်းပေသည်။ သူတို့အသက်အတွက် ထွက်ပြေးနိုင်လေ၏။ လေးယောက်သား တုံ့ဆိုင်းမနေဘဲ အမြီးကုပ်ကာ တန်းထွက်ပြေးကြသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့က သစ်ပင်များကြား ပျောက်ကွယ်သွားလေသည်။ သူတို့ကို အပြစ်တင်၍ မရပေ။ ပြောရလျှင် သူတို့က ယွီရှန်းရုန်သည် ရွှေကြာဖြတ်တောက်ထားကြောင်း မသိကြပေ။ ပွင့်ချပ်ရှစ်လွှာအဆင့် ယွီရှန်းရုန်ရှေ့ မည်သူက မကြောက်ဘဲ နေမည်နည်း။
ဝမ်ရှုက မျက်မှောင်ကြုတ်လိုက်ပြီး အမူအရာက မှုန်မှိုင်းလာသည်။ သူက မသာမယာ ခံစားချက်အား စိတ်ထဲ ဖိနှိပ်ကာ လက်နှစ်ဖက်ယှက်လိုက်ပြီး ပြောလိုက်သည်။
“ ခင်ဗျားက ငရဲဂိုဏ်းရဲ့ ယွီကျန့်ဟိုင်နဲ့ မတည့်ဘူးလို့ ကြားထားတယ်။ အရှင်းဆုံးပြောရရင် ကျုပ်လည်း သူ့နဲ့ ပွဲရေအများကြီး တိုက်လာတာ။ တကယ်လို့ ခင်ဗျား သူ့ကို အခုသွားရှာရင် ခင်ဗျား အလွယ်လေး အနိုင်ရလိမ့်မယ် ”
ယွီရှန်းရုန်က သစ်ပင်ကိုင်းဖျားတွင် ရပ်နေရင်း ခပ်ယဲ့ယဲ့ ပြုံးကာ “ကြည့်ရတာ မင်းက ငါ့ကို လုံးဝနားမလည်တဲ့ပုံပဲ ”
“ဟမ်”
“အခု ငါ သူ့ကို အနိုင်ရတော့ ဘာဖြစ်လဲ။ ဂုဏ်ယူလောက်မဲ့ အနိုင်ရမှုမှ မဟုတ်တာ” ယွီရှန်းရုန်က လေသံအတက်အကျ မရှိ ပြောလိုက်သည်။
ဝမ်ရှုက စိတ်အေးသွားဟန်ဖြင့် ပြောလိုက်သည်။
“ ကျုပ်လည်း ဒဏ်ရာရထားပါတယ် … ”
ယွီရှန်းရုန်က လက်မြှောက်ကာ စကားပြောတာ ရပ်တန့်ခိုင်းလိုက်သည်။ သူ့ညာဘက်လက်ရှိ ဓားအိမ်ကို အသာ မြှောက်လိုက်ပြီး သူ့အသက်ရှည်ဓားကို ဖမ်းဆုပ်လိုက်သည်။ သူ့ဘယ်ဘက်က အာသာတွန်းလိုက်သည့်အခါ စွမ်းအားက ဓားအိမ်ကို လွင့်ပျံသွားစေသည်။
ဘန်း
ဓားအိမ်က သစ်ပင်ကြား စိုက်ဝင်သွားလေ၏။
အနီရောင် အသက်ရှည်ဓားက ယွီရှန်းရုန်ရှေ့ ပေါ်ထွက်လာကာ “ဒါပေမဲ့ မင်းက သေရမယ်”
ထိုသို့ပြောပြီးသည့်နောက်တွင် ယွီရှန်းရုန်က ဓားကို အသာပုတ်လိုက်သည်။ သူက အလင်းလို ပေါ့ပါးသွက်လက်စွာ လှုပ်ရှားမှုနှင့် ဝမ်ရှုဆီ ပျံသန်းသွားလိုက်သည်။
ဘန်း ဘန်း ဘန်း
နှစ်ယောက်လုံးက စတင်တိုက်ခိုက်ကြသည်။
ယွီရှန်းရုန်က တည်ငြိမ်နေဟန်ပေါ်သည်။ သူက အသက်ရှည်ဓားကို နောက်တွင် ကိုင်ထားရင်း ပစ်မှတ်ဆီ လျှောက်လှမ်းလာသည်။
ဝမ်ရှုက ရန်သူတော်ကြီးနှင့် ရင်ဆိုင်နေရသည့်အလား အဆောင်များနှင့် သင်္ကေတများကို ဆက်တိုက် ပစ်လွှတ်နေသည်။ ဤသည်က ဓားနတ်ဆိုး မဟုတ်ပါလော။ မိစ္ဆာဝေဟင်မျှော်နန်း၏ ဒုတိယတပည့် ယွီရှန်းရုန်က သတ်ဖြတ်ဖို့သာ လှုပ်ရှားလေ့ရှိသည်။ သူ့ကို ဓားနတ်ဆိုးဟု အမည်ပေးထားခြင်းမှာ အကြောင်းအရင်းရှိလေသည်။ ထို့ကြောင့် သူက ဒဏ်ရာအပြင်းအထန်ရထားလျက်ဖြင့် ထိုသို့သော ရန်သူမျိုးကို မည်သို့ခံနိုင်မည်နည်း။ သူက အသက်ရှင်ဖို့အတွက် ကျန်ရှိသမျှ အင်အားအကုန် အတင်းကျပ် ထုတ်သုံးနေရသည်။
ဝမ်ရှုက မျက်လုံးအပြူးသား ဖြစ်သွားလေသည်။ သူက အဆောင်များ၊ သင်္ကေတများ ဆက်တိုက်ပစ်လွှတ်နေသော်လည်း ယွီရှန်းရုန်က အားလုံးကို ရှောင်ရှားနိုင်ပြီး သူ့တိုက်ကွက်များအကြား အကောင်းတိုင်း ကျန်ရှိနေဆဲ ဖြစ်၏။ ထိုစဉ် ဓားနတ်ဆိုးက သူ့ဆီ အလျှင်အမြန် ချဉ်းကပ်လာသည်။
ယွီရှန်းရုန်က အသက်ရှည်ဓားကို ဝေ့ယမ်းလိုက်၏။
ဘန်း ဘန်း ဘန်း
အဆောင်များစွာက အသက်ရှည်ဓား လက်ချက်ဖြင့် ဖယ်ရှားခံလိုက်ရသည်။ ဓားအရိပ်များက သိပ်သည်းနေသည့်အတွက် မှုန်ဝါးဝါးဖြစ်နေသည်။
ဝမ်ရှုက ဓားနတ်ဆိုး ရောက်လာသည်ကို မြင်လိုက်သည့်အခါ အော်ပြောလိုက်သည် “ပွင့်စမ်း”
သူ့ပတ်ဝန်းကျင်ထံ စွမ်းအားလှိုင်းများ ထွက်လာသည်။ ထို့နောက် သူ့ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်ထွက်လာကာ အရွယ်အစား ကြီးမားလာသည်။
ဝုန်း
အနီးအနားရှိ သစ်ပင်များက လဲကျကုန်ကြသည်။ သို့သော်လည်း အသက်ရှိုက်စာအနည်းငယ် ကြာမြင့်သည့်နောက်တွင် ဝမ်ရှု၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားသည်။ သူက ဖိအားလျော့ကျသွားသည်ကို ခံစားမိလိုက်ကာ “ဓားနတ်ဆိုးက ဘယ်မှာလဲ ”
ဝမ်ရှုက သတိထားလိုက်သည်။ သူက ယွီရှန်းရုန်သည် ဖုန်လုံးများအထက် လေထုထဲ ကြော့ရှင်းစွာ ခုန်လိုက်သည်ကို မြင်လိုက်ရသည်။ သူက ယွီရှန်းရုန်ကို တစ်နည်းနည်းနှင့် ရင်ဆိုင်နိုင်ခဲ့တာလား။ သူက ယုံဖို့ အခက်တွေ့နေမိသည်။ သူက အားကုန်သုံး တိုက်ခိုက်ထားသော်လည်း ဓားနတ်ဆိုးအနေဖြင့် သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖျက်ဆီးကာ သူ့အား သတ်ပစ်ဖို့အတွက် လွယ်ကူသင့်ပေသည်။ ယွီရှန်းရုန်က နောက်ဆုတ်လိုက်သည့်အတွက် အနည်းငယ် မယုံကြည်စရာ ဖြစ်ဖို့ကောင်းလှသည်။
ထိုစဉ် ယွီရှန်းရုန်က ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ထွက်လာမှုကြောင့် တုန်ခါလှိုင်းများမှ ရှောင်ရှားလိုက်သည်။ သူ မြေပေါ် ပြန်ရောက်လာသည့်အခါ ပိုမို မြန်ဆန်သည့် အလျင်ဖြင့် ထပ်မံ ပြေးလာလိုက်သည်။
“ငါ့ကို ကစားနေတာလား” ဝမ်ရှုက ရန်စခံလိုက်ရသလို မေးလိုက်သည်။ သူက လက်ချောင်းကြားမှ အဆောင်မျိုးစုံ ဆက်တိုက် ပစ်ခတ်နေဆဲ ဖြစ်၏။ သူ့လက်ဝါးထဲ ရွှေရောင်အလင်း မှိန်ဖျဖျကိုပင် မြင်နေရသည်။ သူက ရှေ့ကို တွန်းပို့လိုက်၏။
ယွီရှန်းရုန်က မြေပေါ်မှ လေထုထဲ ခြေဖျားထောက်ကာ အသာခုန်ပျံလိုက်သည်။ သူ့ဓားက ဘေးနားတွင် ရစ်ဝဲနေ၏။ လေထုထဲ သိပ်သည်းလွန်းသည့် စွမ်းအင်ဓားများ ပေါ်ထွက်လာသည်။
“ဓားနတ်ဆိုးရဲ့ ကံကြမ္မာ”
စွမ်းအင်ဓားအမြောက်အများက ဝမ်ရှုဆီ ဝင်ရောက်လာသည်။
ဝမ်ရှုက သရော်ကာ “ ဓားနတ်ဆိုးက ဒါပဲတတ်နိုင်တာလား။ တစ်ဖက်လူကို လျှော့တွက်လွန်းနေတာပဲ”
သူက လက်နှစ်ဖက်ကို ပူးကပ်လိုက်သည်။ သူ့ဘယ်ဘက်လက်ညှိုးက ညာဘက်လက်ညှိုးနှင့် ပူးသွားလေသည်။ ထို့နောက် သူက မြေပေါ် ခြေဆောင့်လိုက်သည့်အခါ လက်ညှိုးကြားမှ ရွှေရောင်က ယခင်ထက် ပိုတောက်ပလာသည်။
ဤသည်က စွန့်ပစ်ခံဉာဏ်ပညာကို ထုတ်သုံးဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်လေသည်။ ဓာတ်သဘာဝအားလုံးက နေရာတကျ ဖြစ်နေသည်။ ဓားနတ်ဆိုးက အပေါ်တွင် ရှိနေစဉ် ဝမ်ရှုက အောက်ဘက်မှာ ဖြစ်၏။ ထိုထောင့်အနေအထားက ပြီးပြည့်စုံကာ အချိန်ကလည်း စင်းလုံးချော ဖြစ်၏။
ဝမ်ရှုက ထိုသို့သော အခွင့်အရေးမျိုးကို လက်လွှတ်ခံမည် မဟုတ်ပေ။ သူ့လက်ပေါ်တွင် စွန့်ပစ်ခံ ဉာဏ်ပညာဟူသော စာလုံးပေါ်ထွက်လာသည်။ ဤသည်က ကွန်ဖြူးရှပ် အဖွဲ့အစည်းများ၏ အားအကောင်းဆုံး နည်းစနစ်တစ်ခု ဖြစ်ပေသည်။ စွမ်းအင်စည်းတံဆိပ်က သူ့လက်ချောင်းများအထက် ကျည်ဆန်သဏ္ဌာန် ဖြစ်ပေါ်လာသည်။ ထို့နောက် သူက ယွီရှန်းရုန်ဆီ အမြောက်လိုမျိုး ဆက်တိုက် ပစ်ခတ်လိုက်သည်။
ဓားနတ်ဆိုး ကံကြမ္မာမှ စွမ်းအင်ဓားများက စွန့်ပစ်ခံ ဉာဏ်ပညာမှ စွမ်းအင်စည်းတံဆိပ်နှင့် ထိပ်တိုက်တွေ့ကုန်ကြသည်။
ဝုန်း ဝုန်း ဝုန်း
ဓားနတ်ဆိုး၏ ကံကြမ္မက စွန့်ပစ်ခံ ဉာဏ်ပညာကို မတားဆီးနိုင်ခဲ့ပေ။
ယွီရှန်းရုန်၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်၏။ သူက ၁၈၀ ဒီဂရီ ကျွမ်းထိုးလိုက်ကာ လေထဲတွင် စိတ်ဝိညာဉ်သဏ္ဌာန် ထုတ်ဖော်လိုက်သည်။
ဝှစ်
သူ့စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ထွက်လာသည့်အခါ အံ့ဩဖွယ် မြင်ကွင်းတစ်ခု ဖြစ်လာစေသည်။
ယွီရှန်းရုန်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ပေါင်းစပ်သွားလေသည်။ သူ့လက်ဝါးများက ထိုအရာ၏ လက်ဝါးနှင့် ပေါင်းစပ်သွား၏။ လက်ဝါးလေးခုက စွန့်ပစ်ခံ ဉာဏ်ပညာနှင့် ရင်ဆိုင်လိုက်သည်။
ထိုအခိုက်အတန့် အချိန်က နှေးကွေးနေဟန်ပေါ်သည်။
ဤသည်က တိုက်ပွဲရလဒ်ကို ဆုံးဖြတ်ပေးနိုင်သည့် လှုပ်ရှားမှု ဖြစ်သော်လည်း အချိန်ကြာလွန်းနေသည်။
တစ်ယောက်နှင့် တစ်ယောက် ထိပ်တိုက်ရင်ဆိုင်ကြသည့်အခါ သစ်ပင်များက လဲကျသွားလေသည်။ သူတို့က အထက်ကို ပျံသန်းလိုက်ကြပြီး နောက်တစ်ယောက်က နောက်ဆုတ်စဉ် ကျန်တစ်ယောက်က လိုက်လံဖိနှိပ်နေသည်။
ဝမ်ရှုက ယွီရှန်းရုန်၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်တွေ့ပြိးသည့်နောက်တွင် အားပါးတရ ရယ်မောလိုက်သည် “ကြည့်ရတာ ကောင်းကင်ဘုံက ဒီနေ့ ငါ့ကို မျက်နှာသာပေးပုံပဲ။ ဓားနတ်ဆိုးက ရွှေကြာဖြတ်တောက်ထားလိမ့်မယ်လို့ဘယ်သူက ထင်ထားမှာလဲ။ မင်းက သေချင်နေတာပဲ”
သူက ယွီရှန်းရုန်၏ ရွှေကြာဖြတ်တောက်ထားမှုကို မြင်ကာ စိတ်အားတက်ကြွလာသည်။ သူ့ဒေါသမီးတောက်က နောက်ဆုံးတွင် ထွက်ပေါ်လာပြီဖြစ်၏။ စွန့်ပစ်ခံ ဉာဏ်ပညာက သူ့လက်ချောင်းကြား တောက်ပလာကာ လက်ဝါးလေးခုဆီ ပြေးဝင်သွားသည်။
သူတို့စွမ်းအားက ထိပ်တိုက်တွေ့ကုန်ကြသည်။
ဝုန်း
ရေပြင်ညီအလင်းတန်းက ပတ်ဝန်းကျင်တစ်လျှောက် ပျံ့နှံ့သွားလေသည်။
ဘန်း ဘန်း ဘန်း
သူတို့အနားရှိ ဧရာမသစ်ပင်ကြီးများက စွမ်းအားများကြောင့် ပြိုလဲကုန်ကြသည်။ သူတို့မြင်ကွင်းက ယခုအခါ ထင်းထွက်မနေတော့ပေ။
ဝမ်ရှုက စွန့်ပစ်ခံ ဉာဏ်ပညာကို ဆက်ထိန်းထားလိုက်သည်။
ယွီရှန်းရုန်၏ လက်ဝါးလေးခုက ထိုတိုက်ကွက်ကို ဖယ်ရှားလိုက်သောကြောင့် ကြက်ခြေကတ်ဟန် ပြောင်းလဲလိုက်သည်။
ဝမ်ရှုက ယွီရှန်းရုန်သည် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည်ဟု တွေးခဲ့သော်လည်း ထိုသို့ဖြစ်ဟန်မပေါ်ပေ။ ယွီရှန်းရုန်က မထိမခိုက်ကျန်ရှိနေဆဲ ဖြစ်ကာ စိတ်ဝိညာဉ်သဏ္ဌာန်ကိုလည်း ထိန်းထားနိုင်သေးသည်။ သူ့မျက်နှာအထက် တုန်လှုပ်သည့် အမူအရာတစ်ခု ပေါ်ထွက်လာကာ “သုံးလွှာ … ပွင့်ချပ်သုံးလွှာအဆင့်နဲ့ ဘယ်လိုလုပ် တားနိုင်ရတာလဲ။ စိတ်ဝိညာဉ်သဏ္ဌာန်ကရော ဘာလို့ရှိနေသေးတာလဲ”
သူ့အသံက ပြောရင်း ပြောရင်း တုန်ယင်လာသည်။
ထိုစဉ် နှစ်ယောက်သား မြေပေါ် ပြန်ရောက်လာကြသည်။
“ စိတ်ဝိညာဉ်သဏ္ဌာန်အကြောင်း သိတာနည်းလွန်းတယ်” ယွီရှန်းရုန်က စိတ်မပါလက်မပါ ပြောလိုက်သည်။ ထို့နောက် သူက ဝမ်ရှုအား လမ်းလျှောက်နေသည့် သေလူကဲ့သို့ သဘောထားကာ ကြည့်လိုက်သည်။
ဝမ်ရှုက ပြန်လည်ချေပလိုက်သည်။ “အဲဆိုတော့ ဘာဖြစ်လဲ။ ငါ ဒဏ်ရာအပြင်းအထန် ရနေရင်တောင် ပွင့်ချပ်သုံးလွှာအဆင့်ကိုတော့ မရှုံးပါဘူး … ”
ဝှစ်
ပွင့်ချပ်သုံးလွှာက ဝမ်ရှုထံ လျှပ်စီးလိုအရှိန်ဖြင့် ဝင်ရောက်လာပြီး သူ့လည်ပင်းကို ဖြတ်သွားက သေသပ်သည့် ဖြတ်ရာတစ်ခု ချန်ထားခဲ့သည်။ သူ့စကားပင် မဆုံးလိုက်ပေ။
ဝမ်ရှုက မျက်လုံးအပြူးသားဖြင့် ပွင့်ချပ်သုံးလွှာအား လိုက်ကြည့်နေမိသည်။ ထို့နောက် သူ့ဒဏ်ရာမှ သွေးများ ပန်းထွက်လာလေ၏။
ထိုစဉ် တောက်ပနေသည့် ရွှေရောင်ပွင့်ချပ်သုံးလွှာက အသက်ရှည်ဓားဘေးသို့ ပြန်ရောက်သွားကြသည်။
ဗြိ …
ပွင့်ချပ်နှစ်လွှာက ရုတ်ခြည်းဆိုသလို နှစ်ပိုင်း ပိုင်းပြတ်သွားသည်။ သူတို့က ရွှေရောင်အလင်းများဖြင့် တောက်ပနေလေ၏။ လေထုထဲ ပွင့်ချပ်ငါးလွှာက ဝေ့ပတ်ကာ စိတ်ဝိညာဉ်သဏ္ဌာန်ဆီ ပျံသန်းသွားကြသည်။ ထို့နောက် နေရောင်အောက်တွင် ပျောက်ကွယ်သွားလေ၏။
ယွီရှန်းရုန်က နေကို ကျောပေးလျက် ရပ်နေသည်။ သူ့ပိန်ပါးပါး ခန္ဓာကိုယ်က မြင့်မြတ်ကာ မထိတွေ့နိုင်သလိုမျိုး ဖြစ်၏။
ဝမ်ရှုက နေရောင်ကြောင့် သူ့အမူအရာကို မမြင်လိုက်ရပေ။ သူက ယွီရှန်းရုန်၏ စကားကိုသာ ကြားလိုက်ရ၏ “ ငါက ပြိုင်ဘက်ကင်း ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူပဲ။ အဲဒီအချက်က အမြဲတမ်း ဆက်ဖြစ်နေဦးမှာ ”
…
အခန်း (၄၉၇) ပွင့်ချပ်ငါးလွှာ ယွီရှန်းရုန် ရှေ့တိုးလာခြင်း
ဝမ်ရှု၏လည်ပင်းဒဏ်ရာမှ ပန်းထွက်လာသောသွေးများသည် သူ၏ရင်ဘတ်ကို စွန်းထင်းသွား၏။ သူ့အသက်မရှုနိုင်တော့ဟု ခံစားမိသည့်ချိန်တွင် သူ၏ဝိညာဉ်ကို သူ့စွမ်းအင်ဗဟိုချက်၏ချီပင်လယ်မှ ကိုယ်ပျောက်လက်ဖြင့် ဆုပ်ကိုင်ထားသည့်ပမာ ခံစားလိုက်ရသည်။ သူ၏နှလုံးသားကနေ ဆွဲထုတ်ခံလိုက်ရသည့်ပမာ သူ၏လည်ပင်းကနေ ထွက်သွားပြီး နောက်ဆုံး သူ၏ခန္ဓာကိုယ်ကနေ လွတ်မြောက်သွား၏။ သူ နောက်ပြန်လန်ကျသွားသည်။
နေရောင်သည် ယွီရှန်းရုန်၏မျက်နှာပေါ် ကျရောက်လာပြီးနောက် သူ၏တည်ငြိမ်ပြီး လျစ်လျူရှုထားသော အမူအရာကို ထွန်းလင်းသွားစေ၏။ သူသည် ထိုကဲ့သို့ အခြေအနေမျိုးကို တွေ့မြင်နေကျ ဖြစ်နိုင်သည်။ သူက စိတ်မဝင်စားသလိုသာခံစားလိုက်ရသည်။
ယွီရှန်းရုန်က လက်မြှောက်လိုက်၏။ အဝေးရှိပင်စည်ကနေ ဓားအိမ်က သူ့ဆီသို့ပျံသန်းလာပြီး သူ့ဓားကို သိမ်းလိုက်၏။ အစောတုန်းက သူသည် ရဲတင်းလွန်းနေသလားဟု သူ့ဖာသာသူ တွေးမိသွား၏။ ဆိုရလျှင် ယင်းက သူ၏ကိုယ်ပျောက်ဆရာတစ်ယောက် ဖြစ်နေသေးသည်။
သူ၏ မမြင်ရသည့်ဆရာတစ်ယောက် ရှိနေသေးသည်။
လုကျိုးက သူ၏ထူးကဲစွမ်းအား အားလုံးကို အသုံးပြုပြီးဖြစ်သောကြောင့် သူအခုအချိန်တွင် ယခုအချိန်တွင် ကောင်းကင်ကျမ်းစာ စာလိပ်ကိုဆင်ခြင်သုံးသပ်နေ၏။
ထပ်တိုးကုသိုလ်မှတ်ထောင့်ငါးရာရလာခြင်းက သူ့ကို ဇဝေဇဝါဖြစ်သွားစေတော့သည်။
သူ၏တပည့်ကိုးယောက်အနက် ယွီရှန်းရုန်ကသာလျှင် ကြီးမြတ်သည့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်တာ အများဆုံးဖြစ်နိုင်သည်။ ယွီကျန့်ဟိုင်က ပြန်မရောက်သေး။ ယဲ့ထျန်းရှင်းက နှင်ထုတ်ခံထားရသေးသည်။ နေဦး ... မင်ရှစ်ရင်လည်း ဖြစ်နိုင်သေး၏။ နွေဦးစံအိမ်၌ မင်ရှစ်ရင်သည် ပွင့်ချပ်သုံးလွှာကျင့်ကြံသူဖြစ်စဉ်က ပွင့်ချပ်ငါးလွှာကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သို့သော် မင်ရှစ်ရင်သည် မိစ္ဆာဝေဟင်မျှော်နန်းက မထွက်သွားခဲ့ပေ။ ယွီရှန်းရုန်မှလွဲလျှင် မည်သူဖြစ်နိုင်ဦးမည်နည်း။
ပွင့်ချပ်သုံးလွှာယွီရှန်းရုန်သည် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်၏အတွေ့အကြုံနှင့် သိုင်းပညာရပ်တို့ ရှိနေလေရာ ပွင့်ချပ်ငါးလွှာကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်။
လုကျိုးက များများစားစား တွေးမနေတော့ပေ။ မျက်လုံးမှိတ်လျက် ကောင်းကင်ကျမ်းစာ စာလိပ်ကို ဆင်ခြင်သုံးသပ်နေသည်။
တိုက်ပွဲပြီးနောက် ကျင်းစီရင်စုမြို့သည် ယခင်ကကဲ့သို့ စည်ကားသိုက်မျိုက်သည့်မြို့ မဟုတ်တော့ပေ။
လမ်းများကို ငရဲဂိုဏ်းသားများက သိမ်းပိုက်လိုက်ပြီးဖြစ်သည်။
အိမ်အချို့သာလျှင် ထိခိုက်၏။ ပျမ်းမျှအားဖြင့် တိုက်ပွဲသည် မြို့ကိုထိခိုက်မှုမဖြစ်စေခဲ့ပေ။
ပွင့်ချပ်ရှစ်လွှာကျင့်ကြံဆင့်ဖြင့် ကျင့်ကြံသူများအဖို့ အဆုံးသတ်ရန် ရက်ပိုင်းအထိတိုက်ခိုက်ရတာ ပုံမှန်ပဲဖြစ်သည်။ အစီအစဉ်အခင်းအကျင်း မရှိခဲ့လျှင် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူနှစ်ယောက်က ကျင်းစီရင်စုမြို့ကို ပျက်စီးစေပါက အံ့ဩစရာကောင်းနေမှာမဟုတ်ပေ။ သူတို့တိုက်ခိုက်စဉ်က သူတို့ကိုယ်သူတို့ ထိန်းထားခဲ့တာသိသာ၏။ ထို့အပြင် ကျင်းစီရင်စုမြို့ကလည်း ၎င်း၏အစီအရင်ကို အသက်သွင်းထားလေရာ ထိခိုက်မှုမရှိအောင် ကာပေးထား၏။
ယခုအချိန်တွင် ငရဲဂိုဏ်းသားများက နေရာအနှံ့ရှိနေပြီး မြို့ရိုးကနေမြို့ဂိတ်ဝအထိရှိနေသည်။ မြေပြင်ပေါ်၌ ပြန့်ကျဲနေသောအလောင်းများပေါ်၌ ယင်ကောင်များတဝီဝီ ရှိနေသည်။
အစီအရင်နေရာကလည်း ငရဲဂိုဏ်း၏ကျင့်ကြံသူများ သိမ်းပိုက်ထားတာဖြစ်သည်။ သွေးညှီနံ့များက လမ်းပေါ်ကနေ မြို့ရိုးထိပ်ထိတိုင်အောင် ပြန့်နေတော့သည်။
စစ်သူကြီး၏စံအိမ်ထဲတွင် ဖြစ်သည်။
ယွီကျန့်ဟိုင်၊ စီးဝူယာ့နှင့် ဟွမ်းရှစ်ကျဲတို့သည် သူတို့နောက်ထပ်လှုပ်ရှားရမည့်အကွက်ကို ဆွေးနွေးနေကြသည်။
“ရှစ်တိ ... လျန့်စီရင်စု၊ ယီစီရင်စုနဲ့ ကျင်းစီရင်စုက အခုငရဲဂိုဏ်းရဲ့ထိန်းချုပ်မှုအောက်မှာရှိနေသည်။ မြောက်ပိုင်းကိုတက်သင့်လား” ယွီကျန့်ဟိုင်က မေးလိုက်၏။
စီးဝူယာ့က အကြောင်းပြန်တော့မည့်အချိန်တွင် ဟွားချုံးယန်က အခန်းထဲသို့လျှောက်လာ၏။ သူက အမြန်ပြောလိုက်သည်။
“ဂိုဏ်းချုပ် ... ကျုပ်တို့တွေ ဝမ်ရှုရဲ့ခေါင်းကို အနောက်မြောက်ဂိတ်မှာ ရှာတွေ့ခဲ့ပါတယ်။"
ယွီကျန့်ဟိုင်၊ စီးဝူယာ့နဲ့ ဟွမ်းရှစ်ကျဲတို့က ထိတ်လန့်မှုကြောင့် အလိုလိုခြေကြွသွား၏။ ပွင့်ချပ်ရှစ်လွှာသိုင်းပညာရှင် ဟွမ်းရှစ်ကျဲက မျက်မှောင်အနည်းငယ်ကျုံ့လျက်မေးလိုက်၏။ “ဒါ ဘယ်သူလုပ်သွားတာလဲ”
ဟွားချုံးယန်က ခေါင်းခါပြီးအကြောင်းပြန်လိုက်သည်။ “ကျုပ်တို့ သေချာမသိပါဘူး”
လက်နောက်ပစ်ထားလျက် ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“သူက ဝမ်ရှုကို သတ်နိုင်တယ်ဆိုမှတော့ အကျော်အမော်တစ်ယောက်ပဲဖြစ်ရမယ်။ တခြားဘာရှိသေးလဲ”
“ဝမ်ရှုရဲ့ခေါင်းပဲရှိတယ်။ ဒါပေမဲ့ ပြတ်ရာအရ ဓားတစ်လက်ကြောင့်ဖြစ်ပုံပဲ” ဟွားချုံးယန်က သတင်းပို့လိုက်သည်။
“ဓားလမ်းစဉ်အကျော်အမော်လား” ယွီကျန့်ဟိုင်၏မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဖူးပွင့်သွားသည်။
“အင်း အံ့ဩစရာမရှိဘူးပဲ။ ပြောရရင်ဆိုရိုးစကားရှိတဲ့အတိုင်း အကြောင်းရင်းတစ်ခုက ပံ့ပိုးမှုတွေ အများကြီးကို သွေးဆောင်နိုင်တယ်။ အကြောင်းအရင်းမယ်မယ်ရရ မရှိရင် အနည်းအကျဉ်းပဲ ခေါ်နိုင်တာ။ ဒီအကျော်အမော်ကို တွေ့နိုင်မယ်ဆိုရင် ငါကိုယ်တိုင် သူ့ကိုကျေးဇူးတင်ရမယ်”
ပြောပြီးသည်နှင့် သူ၏အမူအရာက နောင်တရသည့်အရိပ်အယောင်ပြောင်းသွား၏။ ဝမ်ရှုကို သတ်ခဲ့သည့် ဆန်းကြယ်သည့်သိုင်းပညာရှင်ကို သူ မတွေ့ရတာ နှမြောနေတော့သည်။ သူ့အမြင်တွင် တစ်ဖက်သူက ဝမ်ရှု၏ခေါင်းကို မြို့ဂိတ်နား၌ ပြသထားခြင်းက ငရဲဂိုဏ်းကို ကူညီရန်အတွက်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။
ဟွမ်းရှစ်ကျဲက လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။
"ဂိုဏ်းချုပ်ယွီမှာ လူတွေရဲ့ပံ့ပိုးပေးမှု ရှိနေပါပြီ။ ကမ္ဘာကြီးကတစ်နေ့ကျ ငရဲဂိုဏ်းအပိုင်ဖြစ်လာမှာပါ”
ဟွားချုံးယန်က ထပ်ပြောလိုက်၏။
“စုံစမ်းစစ်ဆေးဖို့ မြောက်ဖက်ကိုလူတချို့လွှတ်ထားပြီးပြီ။ သူတို့ စုံစမ်းမှုအရ တိုက်ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်။ ဝမ်ရှုက စွမ်းအားအတော် ထုတ်သုံးခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ သူ့ရန်သူရဲ့စွမ်းရည်က အတော်ကောင်းတဲ့ပုံပဲ။ ဘယ်စွမ်းအင်ဓားသွားမှ အချည်းနှီးမဖြစ်ခဲ့ဘူး။ သူ့ဓားကိုပဲ သုံးခဲ့ပြီးနောက်မှာ ဓားရာ သိပ်မကျန်ခဲ့ဘူး”
စီးဝူယာ့က ဇဝေဇဝါပြောလိုက်၏။
“အာ့ရှစ်ရှိုးကလွဲရင် ဒါမျိုးဘယ်သူလုပ်နိုင်မှာလဲ”
ယွီကျန့်ဟိုင်က ခေါင်းခါပြီးပြောလိုက်သည်။ "ရှစ်တိ ဝမ်ရှုက ငါ့ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာ။ အာ့ရှစ်တိသာဆိုရင် ဝမ်ရှုက တုံ့ပြန်ဖို့အခွင့်အရေးရလိမ့်မှာမဟုတ်ဘူး။ သူမဖြစ်နိုင်ဘူး။ ဒါ့အပြင် သူ့ကို သိထားပုံအရ သူ ဝမ်ရှုကိုအသက်ရှင်ဖို့မျှော်လင့်နေလောက်တယ်”
ကျန်သည့်သူများသည် ထိုစကားကိုကြားသောအခါ သူတို့ထောက်ခံကြောင်းခေါင်းညိတ်လိုက်၏။ ယွီရှန်းရုန် ရွှေကြာဖြတ်တောက်ထားသည့်အကြောင်း သူ ပြောသင့်သလားဟု စီးဝူယာ့ တွေးလိုက်မိသည်။ သို့သော် အဆုံးကျ သူ့စကားများကို ပြန်မျိုချလိုက်သည်။ ဤအနေအထားအရ သူ၏အာ့ရှစ်ရှိုးသည် ရွှေကြာဖြတ်တောက်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဘာမှမကြားချင်တာ ဖြစ်ပုံရသည်။ အခြေအနေအလုံးစုံက ပိုအရေးပါ၏။ သူ၏တာ့ရှစ်ရှိုးသည် ယခုအချိန်၌ လောကကြီးကို စိုးမိုးရန်မှတစ်ပါး ကျန်သည့်စိတ်ကူးများ သူ့စိတ်ထဲ၌မရှိပေ။
မိစ္ဆာဝေဟင်မျှော်နန်း၏အရှေ့ဖက်မျှော်နန်းထဲတွင်ဖြစ်သည်။
ကောင်းကင်ကျမ်းစာစာလိပ်ကို ငါးရက်တာ ဆင်ခြင်ပြီးနောက် လုကျိုးသည် သူ၏ထူးကဲစွမ်းအားများ အပြည့်အဝနီးပါး ပြန်ပြည့်ပြီဟု ခံစားလိုက်ရသည်။ သို့သော် ကောင်းကင်ကျမ်းစာ စာလိပ်ကို ဆင်ခြင်သုံးသပ်ရန်က ဝေးကွာလွန်းနေသည်။
ယခုအရံအတားကို ပြန်တည်ဆောက်နိုင်ပြီ ဖြစ်သည်။ ကမ္ဘာလောကကြီးက ပွင့်ချပ်ကိုးလွှာ အကျော်အမော်၏တည်ရှိမှုကြောင့် ခြိမ်းခြောက်ခံနေရပြီး ယင်းက သူ့အဖို့ကျင့်ကြံရာ၌ အားစိုက်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ သူသည် ပွင့်ချပ်တစ်လွှာအဆင့်မှ ပွင့်ချပ်နှစ်လွှာအဆင့်ကို အဆင့်တက်နိုင်လျှင် ပွင့်ချပ်နှစ်လွှာဆင့်မှ ပွင့်ချပ်သုံးလွှာအဆင့်သို့ အဆင့်တက်နိုင်ရန် အခွင့်အလမ်းရှိလိမ့်မည်။
လုကျိုးသည် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်ပြီးနောက် တစ်ချက်ကြည့်လိုက်၏။
ကျန်ရှိသောသက်တမ်း= ၁၆၇၄၄ရက်
သူ့၌ အကြောင်းပြန်လှန်ကတ် ၄၈ကတ်ရှိသည်။
ထိုပမာဏသည် ၄၅နှစ်စာ ညီမျှ၏။ သူ၏ခန္ဓာကိုယ်လုပ်ဆောင်ချက်များက အကောင်းဆုံး အခြေအနေတွင်မရှိပေ။
ထိုအကြောင်းကို တွေးမိပြီး လုကျိုးကို အကြောင်းပြန်လှန်ကတ် ၁၀ကတ်သုံးလိုက်၏။ ရက်ပေါင်း ၄၀၀၀ တိုးသွားတော့သည်။ လုကျိုးသည် ကျန်ရှိသောအကြောင်းပြန်လှန်ကတ်များကို အသုံးမပြုခဲ့ပေ။ အလိုလိုသိစိတ်အရ မြေကမ္ဘာစာလိပ်အသက်ဝင်လာပြီးနောက် ထိုကတ်များ၏တန်ဖိုးတိုးလာကြောင်း ပြောနိုင်သည်။
“ရှစ်စွင်း” ထိုစဉ်ရှောင်ယွမ်အာ၏အသံသည် အပြင်ကနေ သူ့နားဆီ ရောက်လာ၏။
“ဝင်လာခဲ့”
ရှောင်ယွမ်အာက တံခါးတွန်းဖွင့်ပြီး ခရုလေးကို အခန်းထဲသို့ခေါ်လာ၏။
ခရုလေးက အနည်းငယ်ရှက်ရွံ့နေပုံပေါ်သည်။ သူမသည် ပွင့်ချပ်ဖူးပွင့်ဆေးလုံးကို သုံးစွဲမိခြင်းကြောင့် ထိတ်လန့်နေသေးပုံပေါ်၏။
“မင်းရဲ့လက်ပြ” လုကျိုးကပြောလိုက်သည်။
“ဟုတ်” ခရုလေးက လုကျိုးရှေ့သူ့လက်ကိုဆန့်ထုတ်လိုက်သည်။
လုကျိုးက ခရုလေး၏လက်ကောက်ဝတ်ပေါ် လက်နှစ်ချောင်းတင်လိုက်၏။
ဟမ်
လုကျိုးသည် သူမ၏စွမ်းအင်ဗဟိုချက်၏ချီပင်လယ်ကို တိုက်ရိုက်အသက်သွင်းလိုက်ရာ ကနဦးချီ အချို့သည် သူမ၏ချီသွေးကြောကနေ စီးဆင်းနေတာကို အာရုံခံမိလိုက်သည်။ ကိစ္စများက ယခု ပိုထူးဆန်းလာ၏။ သူမ အတိတ်တုန်းက မကျင့်ကြံခဲ့လျှင် ကျင့်ကြံသည့်အနေအထားထဲ သူမ မည်ကဲ့သို့ဝင်ရောက်နိုင်မည်နည်း။ သူမသည် ခန္ဓာတည်ဖွဲ့ခြင်းဖြစ်စဉ်ကို တစ်ခါမှ မဖြတ်ကျော် ဖူး ပေ။ ကနဦးချီ စီးဆင်းမှုက အသေးအမွှားမဟုတ်။ ၎င်းကစွမ်းအင်အဖြစ်သိပ်သည်းခဲ့လျှင် သူမ သေချာပေါက် နာကျင်လိမ့်မည်။
လုကျိုးက လက်မြှောက်ကာ ခရုလေးကိုစိုက်ကြည့်လျက်မေးလိုက်၏။
“ခရုလေး ငါပြောတာ ရိုးရိုးသားသားဖြေ။ ကျင့်ကြံခြင်းအကြောင်း မင်းတကယ်ဘာမှမသိဘူးလား”
“ကျင့်ကြံခြင်းလား” ခရုလေးက မျက်လုံးဝိုင်းကြီးများဖြင့် မျက်တောင်ခတ်လိုက်တော့၏။
လုကျိုးက လက်ဖဝါးဖြန့်လိုက်သည်။
စိတ်ဝိညာဉ်သဏ္ဌာန်လေးတစ်ခုက ပေါ်လာသည်။ ပွင့်ချပ်နှစ်လွှာက စိတ်ဝိညာဉ်သဏ္ဌာန်အောက်၌ လည်ပတ်နေသည်။
ရှောင်ယွမ်အာသည် ထိုဖြစ်ရပ်ကို ထူးဆန်းသည်ဟုမထင်ပေ။ သူတို့ရှစ်စွင်းက စိတ်ဝိညာဉ်သဏ္ဌာန်များကို မတူညီသည့်နယ်ပယ်တွ င်ထိန်းချုပ်ရာ၌အရည်အချင်းရှိရာ သူတို့အတွက် အသစ်အဆန်း မဟုတ်တော့ပေ။
“ဒါက” လုကျိုးက ပြောလိုက်သည်။ “ကျင့်ကြံခြင်းရဲ့အဓိပ္ပာယ်ပဲ”
“ကျွန်မ ဒါကို အရင်ကမြင်ဖူးတယ်” ခရုလေးက သိချင်စိတ်ဖြင့် မေးလိုက်၏။
“ပွင့်ချပ်ရှစ်လွှာ၊ ပွင့်ချပ်ကိုးလွှာ၊ ပွင့်ချပ်ဆယ်လွှာ” ခရုလေးက လက်ချောင်းများကို ဆန့်ထုတ်ကာ လုကျိုး၏စိတ်ဝိညာဉ်သဏ္ဌာန်အောက်ရှိ ပွင့်ချပ်များကို ကြည့်နေစဉ် ပျော်ရွှင်စွာရေတွက်နေတော့၏။
ယင်းကို မြင်သောအခါ လုကျိုးက အနည်းငယ် ထိတ်လန့်သွား၏။
“မင်း ဒါကိုဘယ်မှာမြင်ခဲ့တာလဲ”
ခရုလေးက ခေါင်းခါလျက် ရေရွတ်ပြောလိုက်သည်။
“ကျွန်မ မမှတ်မိဘူး။ အိပ်မက်မက်တာ ဖြစ်နိုင်တယ်”
“…”
လုကျိုးက ဆွံ့အသွား၏။ သူမ အိပ်မက်ထဲမှာမြင်ခဲ့တဲ့အရာကို ထုတ်ပြောနေရုံပဲလား။
ခရုလေးပုံမှန်ပြန်ဖြစ်သွားပြီး သူမ၏ ထူးကဲချီသွေးကြောရှစ်ကြော ဖွဲ့တည်နေသည်မှအပ မည်သည့်ပြဿနာ မရှိကြောင်း မြင်သည့်အချိန်၌ သူက ပြောလိုက်သည်။ "ယွမ်အာ”
“ဟုတ်ကဲ့ ရှစ်စွင်း”
“နောက်ခြောက်လအထိ လူတိုင်းကျင့်ကြံခြင်းမှာ အားလုံးအာရုံစိုက်ထားဖို့ပြောလိုက် ... သူတို့တွေ ရွှေကြာဖြတ်တောက်ဖို့ မဖြတ်ဖို့ လွတ်လွတ်လပ်လပ်ရွေးလို့ရတယ်။ တစ်ယောက်ကိုတစ်ယောက် ကူညီရမယ်။ ဒါပေမဲ့ မြန်မြန်တော့ လုပ်ရမယ်။ ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ခရုလေးကို ကျင့်ကြံခြင်းအကြောင်း ဘယ်သူမှ မသင်ပေးရဘူး”
ရှောင်ယွမ်အာသည် အမိန့်ပေးခြင်း၏ပထမအပိုင်းကို နားလည်သည်။ ဒုတိယအပိုင်းက သူမကို ဇဝေဇဝါဖြစ်စေသည်။
ရှောင်ယွမ်အာက မေးတော့မည့်အချိန်တွင် လုကျိုးက ဖြတ်ပြောလိုက်၏။ "ဘာကိစ္စမှ မရှိတော့ရင် သွားလို့ရပြီ”
“ဟုတ်ကဲ့ ရှစ်စွင်း” ရှောင်ယွမ်အာသည် ခရုလေးကို အရှေ့ဖက်မျှော်နန်းကနေ ခေါ်သွားတော့သည်။
အရှေ့ဖက်မျှော်နန်းက တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။
လုကျိုးက ယခုအချိန်တွင်အတွေးနစ်သွားတော့သည်။ ခရုလေးက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူဆိုလျှင် သို့မဟုတ် ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူဆိုလျှင် ဤကမ္ဘာကြီးထဲ၌ သူတို့ယခုအချိန်တွင် မည်သည့်နေရာတွင်ရှိနေမည်နည်း။
ပွင့်ချပ်ဆယ်လွှာအဆင့်သည် ရှေ့ဆောင်များထံတွင်သာရှိပြီး ပုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ရှိ၏။
လုကျိုးသည် စနစ်မျက်နှာပြင်ကိုကြည့်လိုက်သည်။ ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်က ကုသိုလ်မှတ်ငါးသိန်းတန်၏။
…
အခန်း(၄၉၈) နောက်တစ်ယောက်အား ပွင့်ချပ်ဖြတ်ဖို့ ကူညီပေးခြင်း
အကယ်၍ သူသာ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဝယ်ယူလိုလျှင် သူ့အနေနှင့် အရင်ဆုံး ပွင့်ချပ်ကိုးလွှာအဆင့် ရောက်သည်အထိ စောင့်ဆိုင်းရပေမည်။ သူ ထိုအဆင့်သို့ မရောက်ခင် ခရီးရှည်ကြီး ရှိနေသေး၏။
ငါ ကုသိုလ်ရမှတ်တွေကို စုထားသင့်တယ်။ အခု ဖြုန်းတီးနေလို့ မဖြစ်တော့ဘူး …
လုကျိုးက မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေလျက် ဆက်လက် ကျင့်ကြံလိုက်သည်။
………………
မနက်စောစော၌ အရှေ့ဘက်မျှော်နန်းဆောင် အပြင်ဘက်တွင်
ကျူးဟုန်ကုန်းက အလုပ်လက်မဲ့လိုမျိုး ယောင်ပေပေ လုပ်နေသည်။
“ဝူရှစ်ကျဲ မင်္ဂလာမနက်ခင်းလေးပါ။ မနေ့ကထက် ပိုလှနေတယ်နော်” ကျူးဟုန်ကုန်းက အားပါးတရ ပြုံးကာ ပြောလိုက်သည်။
ကျောင်းယွဲ့က မျက်မှောင်ကြုတ်လိုက်ပြီး “လောင်ပါ့ ဘာဖြစ်နေတာလဲ”
ကျူးဟုန်ကုန်းက ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် အလျင်စလို ပြောလိုက်သည်။
“ ဝူရှစ်ကျဲ ရွှေကြာကို ဖြတ်ပြီးသွားပြီလား”
“မဖြတ်ရသေးဘူးလေ။ ဘာလို့လဲ” ကျောင်းယွဲ့က မေးလိုက်သည်။
“မေးကြည့်တာပါ”
ကျောင်းယွဲ့က သူ့အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီးနောက် ထွက်သွားလေသည်။
ကျူးဟုန်ကုန်းက ဆက်လက်၍ ယောင်ပေယောင်ပေ လုပ်နေသေး၏။ သူက ရှောင်ယွမ်အာကို မြင်လိုက်သည့်အခါ လှမ်းခေါ်လိုက်သည်။ “ ရှောင်ရှစ်မေ့ …”
“ပါ့ရှစ်ရှိုးလား”
“ ရှောင်ရှစ်မေ့ မနေ့ကထက် ပိုလှလာတာပဲ” ကျူးဟုန်ကုန်းက ပြောလိုက်သည်။
ရှောင်ယွမ်အာက ရယ်မောလိုက်ကာ “တကယ်လား”
ကျူးဟုန်ကုန်းက သူမဆီ လျှောက်လာကာ အလျင်စလို လေသံဖြင့် ထပ်မေးလိုက်သည် “ ရှောင်ရှစ်မေ့ ရွှေကြာကို ဖြတ်တောက်ပြီးပြီလား ”
“မဖြတ်ရသေးဘူးလေ။ ဘာလို့လဲ”
“ဒီအတိုင်း မေးကြည့်တာပါ” ကျူးဟုန်ကုန်းက ပြောလိုက်သည်။
ရှောင်ယွမ်အာက မျက်လုံးဝေ့ကြည့်ကာ “ ပါ့ရှစ်ရှိုးက အချိန်တွေအရမ်းပေါနေတာပဲ”
ထို့နောက် သူမက ခရုလေးအား တောင်အနောက်ဆီ ခေါ်သွားလေသည်။
ငါ သိနေတယ် … ဘယ်သူမှ ရွှေကြာမဖြတ်တောက်ရသေးဘူး။ သူတို့က ငါ့ကို အရင်ဖြတ်တောက်ခိုင်းလောက်အောင် အရူးလုပ်နိုင်မယ် ထင်နေကြတာလား။
တခြားလူတွေ ရွှေကြာကို မဖြတ်တောက်မချင်း ငါလည်း မဖြတ်ဘူးကွ …
ခဏ ငါ အရင်ဆုံး ဖြတ်လိုက်ရင် တခြားသူတွေထက် စောစောစီးစီး ကျင့်ကြံနိုင်မှာပေါ့ ….
ကျူးဟုန်ကုန်းက ရှောင်ယွမ်အာ၏ ကျောပြင်ကို လှမ်းကြည့်လိုက်ရင်း မေးစေ့ကို ပွတ်လိုက်သည်။ နောက်ဆုံးတော့ သူက စိတ်ဆုံးဖြတ်ချက် ချလိုက်လေပြီ။
ငါ စန်းရှစ်ရှိုးကို သွားရှာပြီး စကားပြောကြည့်သင့်တယ်။
သူက လေ့ကျင့်ရေးကွင်းဆီ သွားတော့မည့်ဆဲဆဲတွင် သူ့နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည် “ ပါ့ရှစ်တိ ဒီကိုလာဦး”
“စစ်ရှစ်ရှိုး ”
ကျူးဟုန်ကုန်းက မင်ရှစ်ရင်သည် လက်ဝေ့ပြနေကြောင်း မြင်လိုက်ရသည်။ သူက အကြည့်များတောက်ပသွားလေသည်။ သူက မင်ရှစ်ရင်ရှေ့ ရပ်ကာ ဦးညွှတ်လိုက်သည် “ စစ်ရှစ်ရှိုး ရွှေကြာကို ဖြတ်ပြီးသွားပြီလား ”
“ဘာလို့လဲ” မင်ရှစ်ရင်က တခြားလူများနှင့် မတူပေ။ သူက မေးခွန်းကို ပြန်မေးလိုက်ပြီး ချက်ချင်းဆိုသလို သတိထားလိုက်သည်။
“ဒီအတိုင်း မေးကြည့်လိုက်ရုံပါ”
“အဲဒါ ထားလိုက်တော့။ ငါ မင်းကို ဒီနေ့ ကူညီပေးမယ်။ မင်းက ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့စည်းပြီးခါစဆိုတော့ ပွင့်ချပ် မရှိသေးဘူး။ အဲဒါကြောင့် မြန်မြန်ဆန်ဆန် ဖြတ်လေလေ ပိုကောင်းလေလေပဲ ”
“ဟမ်”
“တုံ့ဆိုင်းမနေနဲ့တော့။ သွားကြစို့ … မင်းဘာသာ ရွှေကြာကို ဖြတ်တောက်ဖို့ ခက်ခဲနေလိမ့်မယ်။ ဘေးနားက အကူအညီရှိရင် ပိုလွယ်သွားလိမ့်မယ်။ ငါ မင်းကို ကူပေးမယ်။ မင်းလည်း ငါ့ကို ကူပေး … အကြီးအကဲလေးယောက် လုပ်ခဲ့သလိုပဲ။ ဟေး ငါ မင်းကို ပြောနေတယ်လေ။ မင်းရော အဲဒါအဓိပ္ပာယ်ရှိတယ် ထင်လား” မင်ရှစ်ရင်က မေးလိုက်သည်။
“ဟုတ် ဟုတ် ဟုတ် ” ကျူးဟုန်ကုန်းက ခေါင်းညိတ်လိုက်သည်။ သူက သူ့ဘာသာ ရွှေကြာကို မဖြတ်ဝံ့ပေ။
ထို့နောက် မင်ရှစ်ရင်က ကျူးဟုန်ကုန်း၏ ကော်လံအား မကာ တောင်ဘက်မျှော်နန်းဆောင်ဆီ ဆွဲခေါ်သွားလေသည်။ သူတို့ အခန်းထဲ ရောက်သည့်အခါ ပြောလိုက်၏။
“မင်းရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြ ”
“…”
“စိုးရိမ်မနေနဲ့။ ငါ့ခွဲခွာချိတ်ကောက်က မြန်ဆန်ပြီးတော့ တိကျတယ်။ မင်း မသိလိုက်ခင် ပြီးသွားလိမ့်မယ်”
မင်ရှစ်ရင်က လက်ဝေ့လိုက်သည်။ သူ့ခွဲခွာချိတ်ကောက်က ပေါ်ထွက်လာလေ၏။
“ ကောင်းကင်အဆင့် လက်နက်မရှိတဲ့ လူက သူတို့ရွှေကြာကို ဖြတ်တောက်ဖို့ ပိုအခက်တွေ့ကြတယ်။ မြေကမ္ဘာအဆင့်နဲ့ ဆန်းကြယ်အဆင့် လက်နက်လိုမျိုးဆိုရင် အကြိမ်ရေတချို့ ဖြတ်တောက်နေရလိမ့်မယ်။ တချို့ဆို ပိုတောင်ဆိုးနိုင်တယ်။ သူတို့က နေ့တစ်ဝက်လောက်တောင် ဖြတ်နေတာတောင် မပြတ်သွားကြဘူးတဲ့။ အာ ဘာလို့ ချွေးတွေအများကြီး ထွက်နေတာလဲ။ မင်းရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြန်မြန် ထုတ်လိုက်စမ်းပါ။ နှေးကွေးမနေစမ်းပါနဲ့ ”
ဝှစ်
ကျူးဟုန်ကုန်းက လှည့်ကာ ထွက်ပြေးတော့သည်။ သူက အခန်းကို ဖြတ်ဝင်တိုက်ကာ မျှော်နန်းဆောင်မှ ထွက်ပြေးသွားသည်။
“ ထွက်ပြေးချင်တာလား” မင်ရှစ်ရင်က ပေါ့ပါးသွက်လက်စွာ လှုပ်ရှားရင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို အသက်သွင်းလိုက်သည်။
ဝှစ်
မင်ရှစ်ရင်နှင့် သူ့စိတ်ဝိညာဉ်သဏ္ဌာန်က ကျူးဟုန်ကုန်းရှေ့ တန်းရောက်လာသည်။ သူက ဆွဲထားလိုက်ပြီး “ငါက မင်းကို ကူညီပေးဖို့ ကြိုးစားနေတာကို မင်းက ထွက်ပြေးရဲတယ်လား။ မင်းက ဘာကို ကြောက်နေတာတုံး။ မင်းက ယောက်ျား မဟုတ်ဘူးလား။ ဒီလောက် သတ္တိကြောင်မနေနဲ့။ အာ့ရှစ်ရှိုးကို ကြည့်လိုက်စမ်းပါ … သူ ရွှေကြာကို ဖြတ်တောက်တုန်းက အသက်ရှင်ဆေးလုံးလို့ ခေါ်တဲ့အရာတောင် မရှိသေးဘူးကွ။ အာ့ရှစ်ရှိုးက တကယ်ကို ရှေ့ဆောင်ပဲ။ လောင်ပါ့ မင်းဘာသာ ယုံကြည်ချက်လေး ထားစမ်းပါ။ လာစမ်း .. သတ္တိကို ထုတ်ပြလိုက် ”
ကျူးဟုန်ကုန်းက ခါးသီးစွာ ရယ်မောလိုက်သည်။ သူက မျက်ရည်များ စီးကျလာလျက် ပြောလိုက်သည်။
“ကျွန်တော်… ကျွန်တော်က သွေးပူအောင် လုပ်နေတာပါ”
ထို့နောက် သူက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ခေါ်ထုတ်လိုက်သည်။ သူ့စိတ်ဝိညာဉ်သဏ္ဍာန် ပေါ်လာသည်နှင့် အလျင်စလို ပြောလိုက်လေသည်။ “ရှစ်ရှိုး ခဏ … ခဏလေးနေပါဦး ”
မင်ရှစ်ရင်၏ ခွဲခွာချိတ်ကောက်က ကျူးဟုန်ကုန်း၏ ရွှေကြာဆီ ဝေ့ယမ်းလိုက်သောကြောင့် ရွှေရောင်အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
“အား” တောင်ဘက်မျှော်နန်းဆောင်မှ ဝက်အော်သံလိုမျိုး ထွက်ပေါ်လာသည်။
ရွှေကြာက မြေပေါ် ပြုတ်ကျသွားသည်နှင့် စိတ်ဝိညာဉ်သဏ္ဌာန် အပေါ်ပိုင်းက ကျူးဟုန်ကုန်း ခန္ဓာကိုယ်ထဲ ပျော်ဝင်သွားသည်။
ထိုစဉ် မင်ရှစ်ရင်က ခေါင်းကုတ်ကာ မေးလိုက်၏။ “လောင်ပါ့ မင်း အသက်ရှင်ဆေးလုံးကို သောက်ထားလား ”
ကျူးဟုန်ကုန်း “…”
သူက မျက်လုံး ဝှေ့ကြည့်လိုက်ပြီးနောက် မေ့လဲသွားတော့သည်။
မင်ရှစ်ရင်က ဆွံ့အသွားလေသည်။ သူက အသက်ရှင်ဆေးလုံးကို မြန်မြန်ထုတ်ကာ ကျူးဟုန်ကုန်း ပါးစပ်ထဲ တိုက်လိုက်၏။ ထို့နောက် သူက ပွင့်ချပ်ဖူးပွင့်ဆေးလုံးကို ထုတ်ကာ ထပ်မံ တိုက်လိုက်ပြန်သည်။ ထို့နောက်တွင် သူက ကျူးဟုန်ကုန်းအား အခန်းထဲ ပြန်သယ်သွားလိုက်ပြီး ခုတင်ပေါ် ပစ်ချလိုက်သည်။
မင်ရှစ်ရင်က သူ့ဘာသာ ရေရွတ်လိုက်သည်။
“ငါ့ကို ကျေးဇူးတင်သင့်တယ်။ ခုနှစ်စင်ကြယ်ကျောင်းတော်ရဲ့ နောက်ဆုံး လေ့လာမှုရလဒ်က အခု မင်းအပေါ်မှာ မူတည်နေတယ်။ ဒီပွင့်ချပ်ဆေးလုံးက ခရုလေး စားလိုက်တဲ့ဟာလောက် မကောင်းပေမဲ့ အရည်အသွေး ကောင်းပါသေးတယ်။ မင်းက အသက်ရှင်ဆေးလုံးနဲ့ သောက်လိုက်တာဆိုတော့ ပွင့်ချပ်တစ်ခုတော့ ထွက်လာမှာပါ”
မင်ရှစ်ရင်က အခန်းထဲ ခဏကြာ စောင့်ဆိုင်းပေးနေသည်။ သူက ကျူးဟုန်ကုန်း၏ အခြေအနေ တည်ငြိမ်လာကြောင်း မြင်သည့်အခါ လှည့်ထွက်လာလိုက်၏။ သူက အခန်းမှ ထွက်ထွက်ချင်း ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ကို မြင်လိုက်ရသည်။ သူတို့က သူတို့တည်ရှိမှုကို လျှော့ချဖို့ ကြိုးစားနေကြ၏။
“ဟေး မင်းတို့လည်း ရွှေကြာ ဖြတ်ချင်လား။ ငါ အလကား ကူညီပေးမယ်” မင်ရှစ်ရင်က သူတို့အား လှမ်းပြောလိုက်သည်။
“အာ .. ရပါတယ်။ ကျွန်တော်တို့ မလိုသေးပါဘူး။ စတုတ္ထသခင်လေး ကောင်းသောနေ့လေးပါ”
ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က ချက်ချင်းဆိုသလို လှည့်ပြေးကြတော့သည်။
သနားစရာ အဋ္ဌမသခင်လေး … ရွှေကြာဖြတ်တောက်တာ ဘယ်လောက်နာကျင်လိုက်မလဲ။ သေတာထက်တောင် ပိုနာမဲ့ပုံပဲ …
နှစ်ယောက်လုံးက တခြားနည်းဖြင့် ကျင့်ကြံခဲ့ဖို့ ရွေးချယ်မိသည့်အတွက် ဝမ်းသာနေကြသည်။
မင်ရှစ်ရင်က နှစ်ယောက်သား ထွက်ပြေးသွားသည်ကို မြင်လိုက်ရသည့်အခါ ကူကယ်ရာမဲ့စွာ ပခုံးတွန့်လိုက်သည်။
“လောင်စစ် ”
“စန်းရှစ်ရှိုးလား” မင်ရှစ်ရင်က လှည့်ကြည့်လိုက်သည့်အခါ တွမ့်မူရှန်းသည် နယ်ရှင်လှံကို လက်မှာ ကိုင်ရင်း လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။ သူ့မျက်နှာထက် ဆုံးဖြတ်ချက် ချထားသည့် အမူအရာကိုပင် မြင်နေရသည်။
“လောင်စစ် … ငါ တစ်ညလုံး တွေးပြီးသွားပြီ။ နောက်ဆုံးတော့ ငါ ဉာဏ်အလင်းပွင့်သွားခဲ့ပြီ” တွမ့်မူရှန်းက ပြောလိုက်သည်။
“စန်းရှစ်ရှိုးက ဘာများဉာဏ်အလင်းပွင့်သွားတာလဲ” မင်ရှစ်ရင်က ပြန်မေးလိုက်၏။
“ တပည့်အချင်းချင် ကူညီသင့်တာပေါ့ … မင်း ငါ့ရွှေကြာကို ဖြတ်တောက်ဖို့ ကူညီပေး။ ငါလည်း မင်းကို ပြန်ကူပေးမယ်။ ဘယ်လိုလဲ” တွမ့်မူရှန်းက နာကျင်မှုကို ကြောက်မည့်လူ မဟုတ်ပေ။ သို့သော်လည်း တစ်ယောက်ယောက်က သူ့ရွှေကြာကို ကူဖြတ်တောက်ပေးသည်က ပိုကောင်းလေသည်။
“ အခု ကျင့်ကြံရေးလောကက ဂိုဏ်းအများစုက ရွှေကြာကို ဖြတ်တောက်ပြီး ပြန်ကျင့်ကြံနေကြပြီ။ ငါတို့ နောက်ကျကျန်နေလို့ မဖြစ်ဘူး။ မဟုတ်ရင် မိစ္ဆာဝေဟင်မျှော်နန်းက နောက်ကောက်ကျသွားလိမ့်မယ် ”
“ အာ စန်းရှစ်ရှိုး … ရွှေကြာကို ဖြတ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါနဲ့ ကျွန်တော့်ရွှေကြာကို ဘယ်လိုဖြတ်ပေးမှာလဲ” မင်ရှစ်ရင်က စိုးရိမ်စွာ မေးလိုက်သည်။
“ငါ့နယ်ရှင်လှံနဲ့ပေါ့” တွမ့်မူရှန်းက ဆက်ပြောလိုက်သည်။
“ငါက လှံကျင့်စဉ်မှာ မြင့်မားတဲ့ အနေအထားကို ရောက်နေပြီ။ ငါက အချိန်တိုအတွင်း စွမ်းအင်လှံ တစ်ရာကို ထုတ်လွှင့်နိုင်တယ်။ အဲဒါနဲ့ မင်းရဲ့ ရွှေကြာကို ဖြတ်တောက်နိုင်မှာပါ ”
မင်ရှစ်ရင် “ … ”
“ အာ … စန်းရှစ်တိ ဘာလို့ချွေးတွေထွက်နေတာလဲ။ စိတ်မပူနဲ့။ ငါ လှံနည်းစနစ်အမျိုးမျိုးကို စိတ်ထဲ တွေးထားတာ ကြာလှပြီ။ အကောင်းဆုံးနည်းလမ်းက … ”
တွမ့်မူရှန်းက စကားမဆုံးခင် လေပြေတစ်ချက်ကိုသာ ခံစားမိလိုက်သည်။
“လောင်ပါ့ လောင်ပါ့ … မင်းရဲ့ ရှစ်ရှိုးအနေနဲ့ ဒီကိုပြန်လာဖို့ အမိန့်ပေးနေတယ်။ ဒီကိုလာခဲ့ ”
မင်ရှစ်ရင်က တောင်အောက်သို့ လျှပ်စီးလို အရှိန်ဖြင့် ဆင်းလာလေသည်။
ဘယ်သူက တောင့်ခံနိုင်မှာလဲ …
သူက ရွေကြာမဖြတ်ဖို့ ဆုံးဖြတ်ထားလိုက်လေပြီ။ တစ်ဘဝလုံး ပွင့်ချပ်ရှစ်လွှာ ဖြစ်ရခြင်းက မဆိုးလှပေ။ အဘယ်ကြောင့်များ ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်လှမ်းနေရမည်နည်း။ အဓိပ္ပာယ်မရှိချေ။
ကျင့်ကြံသူတွေက ကျင့်ကြံရေးလောကထဲ ဒီလိုစိတ်မျိုး ဘာလို့ရှိနေကြပါ့လိမ့် … အများစုက သူတို့သေတဲ့အထိ ပွင့်ချပ်ရှစ်လွှာအဆင့်တောင် ရောက်ကြတာ မဟုတ်ဘူးလေ …။
ပွင့်ချပ်ရှစ်လွှာ ဖြစ်လာရင် လုံလောက်ပြီ မဟုတ်ဘူးလား။
မင်ရှစ်ရင်က တောင်ခြေဆီ လျှပ်စီးကဲ့သို့ အရှိန်ဖြင့် ဆက်လက်ပျံသန်းလိုက်သည်။ သူက သစ်ကိုင်းပေါ် နားကာ အိပ်ပျော်အောင် သက်သောင့်သက်သာ အနေထားကို ရွေးလိုက်သည်။ သူက လေပြေကို ခံစားရင်း သာယာကြည်နူးနေတုန်း လေထုထဲ နားကွဲမတတ် အသံကြီး ထွက်ပေါ်လာသည်။
အသံက အဝေးမှ ပျံ့လွင့်လာကာ ထူးဆန်းလွန်းလှသည်။
မင်ရှစ်ရင်က သစ်ကိုင်းပေါ်တွင်ထိုင်ကာ ဟိုဟိုဒီဒီ လှမ်းကြည့်လိုက်သည်။ သူက ရထားလုံးပျံ အတွဲလိုက်ကြီးဖြင့် တောင်ဆီ ဦးတည်လာနေသည့် သားရဲပျံကို မြင်လိုက်ရသည်။
“ ကြီးလိုက်တဲ့ အကောင်ကြီး”
ငှက်ကြီးတွင် ပေငါးဆယ်စာရှိသည့် တောင်ပံများ ရှိလေသည်။ ငှက်မွေးများက အနီရင့်ရင့် ဖြစ်ပြီး မျက်လုံးများက လက်သီးဆုပ်လောက် ကြီးမားကာ ခြိမ်းခြောက်သည့် အလင်းများဖြင့် တောက်ပနေသည်။
မင်ရှစ်ရင်က ထိုသားရဲကို မမှတ်မိသော်လည်း လူသားတွေထဲ မတည်ရှိကြောင်း သေချာလေသည်။ သူက အမှန်တကယ် အံ့ဩနေမိ၏။
ဒါက တောအုပ်လေးခုထဲက ထွက်လာတာလား …။
မင်ရှစ်ရင်က လေထဲ ခုန်ပျံကာ ရထားလုံးပျံဆီ ပျံသန်းလိုက်သည်။ သူ ထင်ထားသည့်အတိုင်း ထိုသားရဲပျံကြီးက ရွှေနန်းဥယျာဉ်တောင်ဆီ ဦးတည်နေခြင်း ဖြစ်၏။
လောကဝတ်ကြောင့်လား မသိသော်လည်း ရထားလုံးပျံက မြင့်မြင့် မပျံဘဲ ခပ်နိမ့်နိမ့်သာ ပျံသန်းလာသည်။ ထိုအရာက တောင်ခြေဆ ရောက်ရှိလာပြီးနောက် ရပ်တန့်သွားသည်။
မင်ရှစ်ရင်က ရထားလုံးပျံမှ လူငါးယောက်ကို ကြည့်လိုက်သည်။ သူတို့က နှုတ်ခမ်းမွေးများ ရှိပြီး ပန်းထိုးဦးထုပ်များနှင့် နယ်ခြားဝတ်စုံများကို ဝတ်ဆင်ထားကြလေသည်။ ဦးဆောင်လာသူက သိမ်းငှက်တစ်ကောင်လိုမျိုး စူးရှသည့် အကြည့်မျိုး ပိုင်ဆိုင်ထားပြီး ဗလတောင့်လေသည်။
ခေါင်းဆောင်က မင်ရှစ်ရင်အား ကြည့်လိုက်သည်။ သူက ညာဘက်လက်ကို ဘယ်ဘက်ပခုံးပေါ် တင်လိုက်ပြီး အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။
“ ရောင်းရင်း … ကျုပ်က ရို့လီက သံတမန်ပါ။ ကျုပ်နာမည်က လန်နီ … မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်နဲ့ တွေ့ချင်လို့ပါ ”