← Chapters

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉) ခေါင်းတလားထဲက ပွင့်ချပ်ကိုးလွှာအဆင့်ပေါ်က စာအုပ်တွေလား

ကျီ

ဧရာမသားရဲပျံကြီးသည် ၎င်း၏ခေါင်းကိုမော့လိုက်ပြီးနောက် ထူထဲစူးရှသောနှုတ်သီးကိုဟကာ နားစည်ထိခိုက်ဖွယ်အသံဖြင့်အော်လိုက်သည်။ ယင်းက ဧရာမသိန်းငှက်ကြီးနှင့်ဆင်တူသည်။ သိပ်တော့လည်းမတူလှ။

သားရဲပျံတစ်ကောင်ဆွဲသည့် ရထားလုံးပျံကိုမြင်တွေ့ရတာ ပုံမှန်ပဲဖြစ်သည်။ သို့သော် လူဦးရေများပြားသည့် မြို့ကြီးများတွင်သာအသုံးပြုရန်သင့်တော်သည်။

ဤကဲ့သို့သားရဲပျံများသည် ထိန်းကျောင်းရန်ခက်ခဲပေ၏။ သူတို့က အလွယ်တကူစိတ်ရိုင်းဝင်နိုင်သည်။ ထိန်းချုပ်မှုကင်းမဲ့သွားသည်နှင့် လူသားများကိုထိခိုက်စေနိုင်သည်။ ထို့အပြင် ယင်းက သာမန်သားရဲဖြစ်ပုံမပေါ်။

မင်ရှစ်ရင်သည် သူ့ကိုနှုတ်ဆက်သည့်သူကိုမကြည့်ခင် ရထားလုံးပျံပေါ်ရှိလူငါးယောက်ကို ကြည့်လိုက်၏။

“ရို့လီက တမန်တော်လား”

“တွေ့ရတာဝမ်းသာပါတယ် လူကြီးမင်း” လို့လန်၏တမန်တော် လန်လီက စကားပြောစဉ် မုတ်ဆိတ်များ လှုပ်သွားတော့သည်။ သူကပြုံးနေပုံပေါ်သော်ငြား တစ်ချိန်တည်းတွင် ပြုံးနေပုံလည်းမပေါ်။

“ကျုပ်ရဲ့မိတ်ဆွေ ခင်ဗျား ရွှေနန်းဥယျာဉ်တောင်နားကဆိုတော့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့မိတ်ဆွေပဲ ဖြစ်ရမယ်။ ကျုပ်တို့ကို မိတ်ဆက်ပေးနိုင်မယ်ဆိုရင် တစ်သက်လုံး ကျေးဇူးတင်နေမှာပါ”

မင်ရှစ်ရင်က ဖာသိဖာသာပြောလိုက်၏။

“ခင်ဗျားက ကျုပ်တို့ဘာသာစကားကို ကောင်းကောင်းပြောနိုင်တာပဲ”

“ရို့လီထဲမှာ တာ့ယန်ဘာသာစကားကို သင်ယူနိုင်ဖို့ ကျောင်းတော်တစ်ခုရှိတယ်။ အဲ့ဒီနေရာကနေ ကျုပ်သင်ယူလာတာ” လန်နီက ပြန်ပြောလိုက်သည်။

မင်ရှစ်ရင်သည် ဝေခွဲမရဖြစ်နေ၏။ ရို့လီသည် လျန့်စီရင်စုနှင့် တိုက်ပွဲဖြစ်နေသည်။ သူတို့တိုင်းပြည်နှစ်ခုက စစ်ဖြစ်နေကြ၏။ ရို့လီသည် သူ၏တာ့ရှစ်ရှိုးဆီ၊ သို့မဟုတ် တော်ဝင်မိသားစုဆီ လူလွှတ်မည့်အစား မိစ္ဆာဝေဟင်မျှော်နန်းဆီ အဘယ်ကြောင့် လူလွှတ်ရသနည်း။

ဆိုရိုးစကားရှိသည့်အတိုင်း သံသယရှိသည့်အယောင်ဆောင်များ သယ်လာသည့်လက်ဆောင်ကို သတိပြု။ သူတို့က မကောင်းသည့်ရည်ရွယ်ချက်များရှိနေနိုင်သည်။

မင်ရှစ်ရင်က ခေါင်းကုတ်ပြီး အဝေးကိုကြည့်ကာပြောလိုက်၏။

"အမ်း ... ဘာလဲ။ ခင်ဗျား ဘာပြောလိုက်တာ။ ခင်ဗျားပြောတာနားမလည်ဘူး” ထိုသို့ပြောပြီးနောက် သူသည် အခြားတစ်ဖက်သို့ ပြန်ထွက်သွား၏။

“ဒါ အရေးကြီးတယ်။ ကျေးဇူးပြုပြီးတွေးပေးပါ” လန်နီကချက်ချင်းပြောလိုက်၏။

မင်ရှစ်ရင်သည် မီတာများစွာအထိပျံသန်းသွားပြီးနောက် လေထဲတွင်ပျံဝဲနေ၏။ သူက နောက်လှည့်ကြည့်ကာ ပြောလိုက်တော့သည်။

“ဘယ်လောက်အရေးကြီးလဲ မိုးပြိုနေပြီလား”

“…” လန်နီက ဆွံ့အသွား၏။ သို့သော် သူက ပြောလိုက်၏။

“အဲ့လိုတော့မဟုတ်ဘူး”

“ဒါဆိုဘာမှစိုးရိမ်စရာမရှိဘူး” ပြီးနောက် မင်ရှစ်ရင်က လှည့်ထွက်သွားကာ ခမ်းနားသောကျင့်စဉ်ကို ထုတ်ဖော်လျက် သူတို့အမြင်အာရုံရှေ့ကနေ ပျောက်ကွယ်သွား၏။

လန်နီသည် မှင်တက်နေသောအမူအရာဖြင့် ရွှေနန်းဥယျာဉ်တောင်၏အရံအတားကို ငေးစိုက်ကြည့်ပြီး ကျန်နေခဲ့သည်။ သူ ဒေါသထွက်ပုံ မရပေ။ ဆန့်ကျင်ဖက်အနေဖြင့် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ကို တွေ့လိုက်ရသည်။

“တာ့ယန်ရဲ့လူတွေအများကြီးနဲ့စကားပြောခဲ့ဖူးတယ်။ ဒါပေမဲ့ သူ့လို သမားရိုးကျမဟုတ်တဲ့သူနဲ့ တစ်ခါမှ မတွေ့ဖူးဘူး။ စိတ်ဝင်စားစရာကောင်းတဲ့ကောင်ပဲ”

“ခေါင်းဆောင် အားသုံးပြီး ဖောက်ဝင်သင့်လား” လန်နီ၏လက်အောက်ငယ်သားများထဲမှ တစ်ယောက်က ပြောလိုက်သည်။

“မင်း စိတ်လွတ်သွားပြီလား။ ဒါက မိစ္ဆာဝေဟင်မျှော်နန်း ... ငါတို့တိုက်ခိုက်ဖို့ ဒီကိုရောက်လာတာ မဟုတ်ဘူး။ ဒါ့အပြင် ဒီအရံအတားက သာမန်မဟုတ်ဘူး။ ငါတို့တွေ အလွယ်တကူ ဖြိုခွဲနိုင်မှာ မဟုတ်ဘူး”

“ဒါဆိုကျွန်တော်တို့ ဘာလုပ်သင့်လဲ”

“စောင့်” မွန်းတည့်ချိန်၌ မင်ရှစ်ရင်က ပြန်လာပြန်၏။ သူ လေထဲ ပျံသန်းနေချိန်တွင် လန်နီနှင့် ကျန်သည့်သူများ တောင်ခြေတွင် စောင့်နေသေးဆဲဖြစ်တာကိုတွေ့လိုက်ရသည်။

လန်နီသည် မင်ရှစ်ရင်ကိုမြင်သောအခါ တစ်ခါတည်း ထရပ်လိုက်၏။

“ကျုပ်တို့ထပ်တွေ့ကြပြန်ပြီ မိတ်ဆွေ”

“ခင်ဗျားတို့တွေက စိတ်ဆုံးဖြတ်ထားကြတာပဲ။"

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်ကို မတွေ့ရမချင်း ပြန်သွားမှာမဟုတ်ဘူး” လန်နီသည် မင်ရှစ်ရင် ထပ်ပျောက်သွားမှာကို စိုးရိမ်ပူပန်နေ၏။ ထို့ကြောင့် သူက ကမန်းကတန်း ထပ်ပြောလိုက်သည်။

"ပွင့်ချပ်ကိုးလွှာအဆင့်နဲ့သက်ဆိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုခုရှိတယ်။ ကျေးဇူးပြုပြီး သတင်းပါးပေးပါ။ ကျုပ်ရဲ့မိတ်ဆွေ”

ကျီ

တောင်ပံဖြင့်သားရဲက နားစည်ထိခိုက်လောက်အောင် ထပ်အော်ပြန်၏။

ပွင့်ချပ်ကိုးလွှာအဆင့်လား ... မင်ရှစ်ရင်က ချက်ချင်းပင် သတိအနေအထားဖြစ်သွား၏။ သူသည် သူတို့ကိုကူညီရန်ချက်ချင်းလက်မခံခဲ့ပေ။ ထိုအစား သူကပြောလိုက်သည်။ “ဒီမှာ ခဏစောင့်” သူက လှည့်ထွက်သွားပြီးနောက် အရံအတားကို ဖောက်ဝင်သွား၏။

လန်နီသည် အပြာရောင်အရံအတားကို မြင်ချိန် ယုံကြည်ချက်ရှိရှိပြောလိုက်သည်။ သူ့ဖက်ခြမ်းတွင်မူ သူ၏လက်အောက်ငယ်သားက ပြောလိုက်၏။

“ခေါင်းဆောင် သူ ကျွန်တော်တို့ကို တွေ့မှာမဟုတ်”

“သူ တွေ့လိမ့်မယ်။ ဤကမ္ဘာကြီးထဲက ဘယ်သိုင်းပညာရှင်မဆို ပွင့်ချပ်ကိုးလွှာအကြောင်း သိချင်နေတာ။ မိစ္ဆာဝေဟင်မျှော်နန်းသခင်ကလည်း ခြွင်းချက်မဟုတ်ဘူး” လန်နီက ယုံကြည်ချက်ရှိရှိပြောလိုက်၏။

“သူ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်နေပြီလို့ကြားတယ်။ သူ ဘာကြောင့်စိတ်ဝင်စားမှာလဲ”

လက်အောက်ငယ်သားကမေးလိုက်၏။

လန်နီက လက်နောက်ပစ်ထားကာပြောလိုက်သည်။

“ပထမအချက် သူသာ ပွင့်ချပ်ကိုးလွှာအဆင့်မှာသာ တကယ်ရှိနေတာဆိုရင် ဒါက ကျင့်ကြံခြင်းလောကထဲမှာ ပွင့်ချပ်ကိုးလွှာပညာရှင် ဖြစ်စေမှာပဲ။ ဒီလိုလူက သူ့အဆင့်အတန်းကို ထိန်းသိမ်းထားရတာ အနှစ်သက်ဆုံးပဲ။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတွေ ထပ်ပေါ်လာမယ်ဆို သူ ဘာလုပ်မယ်လို့ထင်လဲ”

လက်အောက်ငယ်သားက ထိုစကားကိုကြားသောအခါ သူ၏မျက်လုံးများလက်သွားပြီး ချက်ချင်းပင် သူ့လည်ပင်းပေါ်လက်မကိုပိုင်းဖြတ်ပြလိုက်၏။

“ဒုတိယအချက်က သူက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် မဟုတ်ခဲ့ရင် ဒါက တာ့ယန်နဲ့ မိစ္ဆာဝေဟင်မျှော်နန်းက လုပ်ကြံပြောဆိုထားတဲ့ ကောလာဟလတွေ ဖြစ်သွားမယ်။ ဒီလိုဆိုရင် ငါတို့ လျန့်စီရင်စုကို လို့လန်နဲ့အတူယူဖို့က ငါတို့အတွက် အခွင့်အရေးပဲ”

ထိုလက်အောက်ငယ်သားက ကြောက်ရွံ့လေးစားနေပုံ ပေါ်၏။ သူက အရိုအသေပေးကာ ပြောလိုက်သည်။

"ပြောင်မြောက်ပါပေတယ် အရှင်လန်နီ”

သို့သော် နောက်တစ်ယောက်က ပြောလိုက်သည်။

“သူသာ တကယ်ပွင့်ချပ်ကိုးလွှာအဆင့်မှာဆိုရင် ဘယ်လိုလုပ်မလဲ” လန်နီက နှာခေါင်းရှုံကာ ပြောလိုက်သည်။ “လူသားတွေရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်က သူတို့ပုံပေါ် အခြေခံပြီးပြုလုပ်ထားတာ။ ရွှေကြာဖြတ်တောက်ပြီး သူတို့ကို ပွင့်ချပ်ကိုးလွှာအဆင့် ရစေမယ်ဆိုရင် ဒါဆို ငါတို့ယုံကြည်ချက်အရ ရို့လီမှာရှိတဲ့ ဝံပုလွေဘုရင်က တပန်းသာမှာပေါ့” သူက တဖြည်းဖြည်းချင်းရပ်တန့်လိုက်၏။

“အဲဒါက တာ့ယန်အဆုံးသတ်ရဲ့အစပဲဖြစ်လိမ့်မယ်"

ထိုစဉ် အထက်နေ အရိပ်တစ်ရိပ်ကပျံဝဲလာ၏။ မင်ရှစ်ရင်က လေထဲပျံဝဲနေရင်းပြောလိုက်သည်။

“ကျုပ် ဆရာက ခင်ဗျားတို့ကိုတောင်ပေါ်ဖိတ်လိုက်တယ်”

လန်နီက သူ၏ရထားလုံးပျံပေါ်ရှိသေတ္တာကိုတစ်ချက်ကြည့်ပြီးနောက်ပြောလိုက်သည်။ “ယူလာခဲ့”

“နားလည်ပါပြီ” သူတို့လေးယောက်က လန်နီကိုယခုဆိုပိုတောင်အထင်ကြီးသွားသည်။

လို့လန်နှင့်ရို့လီက လက်ရှိတွင်မဟာမိတ်များဖြစ်သည်။ သူတို့သည်နယ်စပ်၌ တာ့ယန်၏စစ်တပ်များကို ကြိမ်ဖန်များစွာတိုက်ခိုက်ခဲ့ဖူးသည်။ ပြီးနောက် သူတို့က လျန့်စီရင်စုတိုက်ပွဲ၌ ပူးပေါင်းခဲ့ကြ၏။ ငရဲဂိုဏ်းက လျန့်စီရင်စုကို သိမ်းပိုက်ပြီးနောက် ရို့လီသည် လျန့်စီရင်စုကို လုယူရန် အခွင့်အရေး ရှာနေကာ အခြေအနေက မတည်ငြိမ်ပေ။ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ပေါ်လာပြီး ရွှေကြာဖြတ်တောက်သည့် သီအိုရီက နာမည်ကြီးလာမှုနှင့်အတူ ရို့လီက အစီအစဉ်များ ပြင်ဆင်ထားရသည်။

“ထျန်းကုံ ... ဒီမှာနေ” လန်နီက လက်ဖျောက်တီးလိုက်၏။ သူ၏လက်ချောင်းများကြား ရောင်ခြည်တန်းတစ်ခုက ပေါ်ထွက်လာပြီး သာမန်ဖြင့် သားရဲ၏နဖူးထဲဝင်ရောက်သွားသည်။

ထျန်းကုံက လိမ်လိမ်မာမာလှည့်လိုက်သည်။ မင်ရှစ်ရင်က ခေါင်းခါလိုက်၏။ ယင်းက ငှက်တစ်ကောင်မှန်း သိသာနေလျက် အဘယ်ကြောင့် ထျန်းကုံ၊ ကောင်းကင်ဘုံခွေးဟု အမည်ပေးထားရသနည်း။

ငါးယောက်သားက မိစ္ဆာဝေဟင်မျှော်နန်းဆီသို့လမ်းလျှောက်သွားလျက် မင်ရှစ်ရင်က လမ်းပြပေးသည်။

ခဏအကြာတွင် မိစ္ဆာဝေဟင်မျှော်နန်း၏ခန်းမထဲသို့ရောက်သွား၏။ လုကျိုးသည် တည်ငြိမ်သော အမူအရာဖြင့် သူ့ခုံတွင် ထိုင်နေသည်။

ရို့လီ၏တမန်တော်လန်နီက သူ၏လက်အောက်ငယ်သားများနှင့်အတူ ခန်းမထဲသို့ဝင်လာသည်။

“နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်။ ကျုပ်က ရို့လီက တမန်တော် လန်နီပါ”

သူ၏လူလေးယောက်က အရိုအသေပေးလိုက်၏။

လုကျိုးက လန်နီကို တစ်ချက်ကြည့်လိုက်သည်။

အမည် = လန်နီဘွန်အာ

မျိုးနွယ်စု = လို့လန်သား

နယ်ပယ် = နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်

လုကျိုးက ပွင့်ပွင့်လင်းလင်းပြောလိုက်၏။ “ဒီကို ဘာကိစ္စနဲ့လာတာလဲ”

လန်နီက အရိုအသေထပ်ပေးကာ ပြောလိုက်၏။

“ကြီးမြတ်လှတဲ့ အရှင်မျှော်နန်းသခင် ... အရှင်က ကျင့်ကြံခြင်းလောကထဲမှာ ပထမဆုံးပေါ်လာတဲ့ ပွင့်ချပ်ကိုးလွှာရွှေကြာအကျော်အမော်တစ်ယောက်လို့ ကြားထားတယ်။ ဒါကြောင့် လာရောက် လည်ပတ်တာပါ။ ဖြစ်နိုင်မယ်ဆို ရို့လီက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ငြိမ်းချမ်းမှုရယူချင်ပါတယ်”

မင်ရှစ်ရင်က ဇဝေဇဝါဖြင့်ပြောလိုက်သည်။ "သူ ဘာတွေပြောနေတာလဲ”

တွမ့်မူရှန်းက မျက်မှောင်ရှုံ့ကာပြောလိုက်၏။ “ကြားမဖြတ်နဲ့ သူ့ကိုပြောခွင့်ပေးလိုက်”

မင်ရှစ်ရင်က “...”

လန်နီက လုကျိုးကိုကြည့်ပြီးပြောလိုက်သည်။

“ကျုပ်တို့တွေ မိစ္ဆာဝေဟင်မျှော်နန်းကို လာရောက်လည်ပတ်ရတာ အကြောင်းရင်းနှစ်ရပ်ရှိပါတယ်။ တစ်ခုက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့နဲ့ ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း မျှော်နန်းသခင်နဲ့ ဆွေးနွေးဖို့ပါ"

လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်၏။ “ရို့လီမှာ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်တဲ့သူတစ်ယောက် ရှိနေလို့လား”

“မရှိသေးပါဘူး”

“မင်းတို့မှာ ပွင့်ချပ်ကိုးလွှာကျင့်ကြသူမရှိရင် ဘယ်လိုဆွေးနွေးမှာလဲ”

“အမ်း” ထိုမေးခွန်းက လန်နီကို ဆွံ့အသွားစေ၏။ အမှန်တကယ်ပင် သူတို့၌ ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း မည်သည့်အကြံဉာဏ်မှမရှိလျှင် မည့်သည့်သတင်းဖလှယ်ရမည်နည်း။ မည်သည်ကို ဆွေးနွေးရမည်နည်း။

‘တခြားမျိုးနွယ်တွေက အမှန်တရားကို အတည်ပြုဖို့အတွက် ဒီကိုရောက်လာတာသေချာတယ်’

လန်နီက အရိုအသေပေးပြီးပြောလိုက်၏။ “ကျေးဇူးပြုပြီးနားထောင်ပေးပါ မျှော်နန်းသခင်”

“ပြော”

“ကျုပ်က ရို့လီက ဘွန်အာမိသားစုက လာတာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းထောင့်ကိုးရာက ကျုပ်မိသားစုက ပစ္စည်းတစ်ခုရခဲ့တယ်” လန်နီကလက်ဝေ့ယမ်းလိုက်၏။

သူ့နောက်ရှိလူလေးယောက်က ရှည်လျားသည့်သေတ္တာတစ်ခုကိုသယ်လာသည်။

လန်နီက သေတ္တာကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။ “ဒါက ခေါင်းတလားတစ်ခုပဲ”

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းက မျက်မှောင်ကျုံ့သွားသည်။

တွမ့်မူရှန်းသည် လျှပ်ပြက်သည့်အရှိန်ဖြင့် ရုတ်တရက်ပေါ်ထွက်လာ၏။

ဝှစ် ဝှစ် ဝှစ်

လှံအရိပ်များစွာက ကြမ်းတမ်းစွာရွာသွန်းကျလာသည်။

လန်နီသည် မိစ္ဆာဝေဟင်မျှော်နန်း၏လူများက သတိမပေးဘဲတိုက်ခိုက်လိမ့်မည်ဟု မထင်ထားပေ။ သူက အမြန်နောက်ဆုတ်ကာ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်၏။

ဘန်း ဘန်း ဘန်း

လှံအရိပ်များက လန်နီပေါ်သို့ မုန်တိုင်းပမာရွာသွန်းလာ၏။

ကျန်သည့်လူများကကြောက်ရွံ့ပုံပေါ်နေသည်။

တွမ့်မူရှန်း၏လှံစွမ်းရည်က ယခင်ကထက် ပိုအစွမ်းထက်လာတာသိသာနေသည်။

“ကျေးဇူးပြုပြီးနားထောင်ပေးပါ မျှော်နန်းသခင်"

လန်နီသည် နောက်ဆုတ်နေစဉ်အမြန်အော်လိုက်၏။ သူသည် နောက်ဆုတ်နေစဉ် လှံအရိပ်များ ထိတော့မှာကို မြင်ချိန်၌ အမြန်ထပ်ပြောလိုက်သည်။

“ခေါင်းတလားထဲမှာ ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း စာအုပ်တွေပါတယ်”

ဘန်း

အဆုံးကျ လန်နီသည် လှံအရိပ်များဖြင့် ထိသွားသည်။ သူက နောက်ကျွမ်းပစ်ပြီးလဲကျသွား၏။ နောက်သို့ အနည်းငယ်ဆုတ်သွားပြီးနောက်သူ့ နောက်ကျောသည် တိုင်နှင့် ရိုက်မိသွားသည်။ သူ့ရင်ဘတ်က စူးရှစွာနာကျင်လာတော့သည်။ မျက်လုံးအပြူးသားဖြစ်နေလျက် တွမ့်မူရှန်းကို စိုက်ကြည့်နေသည်။ “သိပ်အစွမ်းထက်တာပဲ”

တွမ့်မူရှန်းကလည်း ထိုလူ၏ခုခံခြင်းစွမ်းရည်ကြောင့် ထိတ်လန့်သွားသည်။ ဟွားဝူတောက်၏ လိပ်ခွံကျင့်စဉ် ၎င်းကို အလွယ်တကူမပိတ်ဆို့နိုင်။ ထိုသို့တိုင် ဤလူက ခြေလှမ်းအနည်းငယ်သာ နောက်ဆုတ်သွားသည်။

“ရပ်တော့” လုကျိုးက လက်ဝေ့ယမ်းလိုက်သည်။

တွမ့်မူရှန်းက လက်သီးဆုပ်လျက် လုကျိုးဖက်ဘေးသို့သွားလိုက်သည်။

လုကျိုးက လန်နီကိုကြည့်ကာ တည်ငြိမ်စွာပြောလိုက်၏။ "သူတို့ကို ငါ့ဆီယူလာခဲ့"

...

အခန်း(၅၀၀) ထျန်းကုံ

လန်နီက ရင်ဘတ်မှ နာကျင်မှုကို တောင့်ခံရင်း လက်ကို ဝေ့လိုက်သည်။ သူက အလျင်စလို ပြုမူပြီး ဘာမှမရှင်းပြဘဲ ခေါင်းတလားကို ထုတ်လာသည့် သူ့ကိုယ်သူသာ အပြစ်တင်ရမည်။ တာ့ယန်တွင် ထိုအပြုအမူမျိုးက အင်မတန် မယဉ််ကျေးရာ ရောက်ပေသည်။

လန်နီ၏ လက်အောက်ငယ်သား တစ်ယောက်က အဖုံးကို ဖွင့်ကာ စာအုပ်ထူထူ တစ်အုပ်ကို ထုတ်လာပြီး လုကျိုးထံ ရိုရိုကျိုးကျိုး ပေးလိုက်သည်။

လုကျိုးက စာအုပ်အား ကြည့်လိုက်ပြီးနောက် “ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်စဉ်လား ”

တာ့ယန်၏ လမ်းမများအထက် ရောင်းချသည့် စာအုပ်များနှင့် ဆင်တူလေသည်။ သူတို့က ပုံမှန်အားဖြင့် အလိမ်အညာများသာ ဖြစ်ကြ၏။

လန်နီက အလျင်စလို ပြောလိုက်သည်။

“ လွန်ခဲ့တဲ့ နှစ် ၁၉၀၀ တုန်းက ကျုပ်ဘိုးဘေးတွေက ဒီခေါင်းတလားကို မြောက်ပိုင်းနယ်စပ်က ကမ်းစပ်မှာ ရှာတွေ့ခဲ့တာပါ။ ကျုပ်ဘိုးဘေးရဲ့ ကိုယ်ရေးမှတ်တမ်းထဲမှာ ဒီခေါင်းတလားထဲ နေဖူးတဲ့ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ရှိခဲ့ဖူးတယ်လို့ ပြောထားတယ်”

မင်ရှစ်ရင်က ထေ့ငေါ့ကာ ပြောလိုက်သည်။ “ ကောင်းပြီလေ။ ခင်ဗျားကို ယုံလိုက်မယ်”

လန်နီက ရှင်းရှင်းလင်းလင်း ထပ်ပြောလိုက်သည်။ “ဘွန်အာ မိသားစုနာမည်နဲ့ ကျိန်ဆိုရဲတယ်။ တကယ်လို့ ကျုပ်စကားမှာ အလိမ်အညာနည်းနည်း ပါသရွေ့ ကျုပ်မိသားစုက မျိုးဆက်တိုင်း ကျွန်အဖြစ် အသက်ရှင်ရပါစေသား ”

“ ဝိုး … လောကြီးလိုက်တာ ” မင်ရှစ်ရင်က သူ့အား လက်မထောင်ပြလိုက်သည်။

လန်နီက အသံတိုးသွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အဲဒီကျင့်ကြံသူက ရို့လီထဲ တစ်လတာ နေသွားတယ်။ သူက စာအုပ်တချို့ယူဆောင်လာပြီးတော့ ရို့လီမှာ ချန်ထားခဲ့တာ။ ကျုပ် ကြားတာတော့ သူက တာ့ယန်ဆီ ရောက်လာတယ်တဲ့။ အဲဒီနောက် သူ့အကြောင်းကို ထပ်မကြားရတော့ဘူး ”

လန်နီ၏ ဇာတ်ကြောင်းတွင် ဟာကွက်များစွာ ရှိနေလေသည်။ အကယ်၍ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူသာ ရှိနေခဲ့လျှင် လွန်ခဲ့သည့် နှစ် ၁၉၀၀ ခန့်က သူ့အား ကျော်ကြားသည့် ပါရမီရှင်အဖြစ် မည်သူကမှ အဘယ်ကြောင့် မချီးမြောက်ကြသနည်း။ သူ့ကို သမိုင်းကြောင်းတွင် အဘယ်ကြောင့် ထည့်မပြောခဲ့ကြသနည်း။ သူတို့က ကျင့်ကြံရေးလောကအတွင်း သူ့အကြောင်း ကောလဟာလပင် မကြားဖူးပေ။

သို့သော်လည်း လုကျိုးက လန်နီ၏ ပြောဆိုမှုအား ချေပဖို့ အလျင်မလိုပေ။ ထို့အစား သူက စာအုပ်ကို ဖွင့်ကြည့်လိုက်သည်။ ရှေ့စာရွက်ရှိ ကျင့်စဉ်က တာ့ယန်နှင့် ဆင်လေသည်။ ကျင့်ကြံရေး သဘောတရားများအရ ကွန်ဖြူးရှပ်၊ ဗုဒ္ဓနှင့် တာအိုအဖွဲ့အစည်းများနှင့် အခြေခံအားဖြင့် တူညီသည်။ သူက ပွင့်ချပ်ကိုးလွှာအကြောင်း ပြောထားသည့်အထိ အပိုင်းများကို ကျော်ဖတ်လိုက်သည်။ သို့သော် စာရွက်များက မင်ရည်ဖြင့် စွန်းနေပြီး အရေးအသားက ဖတ်မရလောက်အောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူက စာတစ်ကြောင်းကိုသာ ဖတ်နိုင်လိုက်၏။

ဒီနေရာက လူတွေက အားနည်းတယ်။ ဒါပေမဲ့ ဒီမှာ ပိုလုံခြုံတယ်။ ဒီလိုထာဝရတည်ရှိနေပါစေလို့ ဆုတောင်းပါတယ် …

ထိုစာလုံးများကို တာ့ယန် သဘာစကားဖြင့် ရေးထားလေသည်။

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူက နောက်တစ်ရွက်ကို လှန်ကြည့်လိုက်သည့်အခါ ဖတ်မရကြောင်း သတိပြုမိသွားသည်။ သူက စာကြောင်းတူကိုပဲ မြင်လိုက်ရသည်။

ဒီအတိုင်း ကျန်ရှိနေဖို့ မျှော်လင့်မိတယ် …

ဒီကမ္ဘာမှာ ပွင့်ချပ်ကိုးလွှာအဆင့်ဆိုတာ မရှိဖို့ မျှော်လင့်မိတယ်။ ဒီကမ္ဘာမှာ ပွင့်ချပ်ဆယ်လွှာဆိုတာ မရှိဖို့ မျှော်လင့်မိတယ်

ငါက ရွှေရောင်ကို ကြိုက်တယ်။ အနီရောင်ကို မဟုတ်ဘူး …

ထိုအထဲတွင် ကျင့်စဉ် မရှိပေ။ ဟိုရောက်ဒီရောက်အတွေးများကို ရေးခြစ်ထားခြင်းသာ ဖြစ်၏။ ကြည့်ရသည်မှာ ဆုတောင်းထားသည်နှင့် ကိုယ်ရေးမှတ်တမ်းမျိုးနှင့် တူသည်။

လုကျိုးက ခန်းမကျယ်ထဲ ရပ်နေသည့် လန်နီအား ကြည့်လိုက်သည်။

လန်နီက ဦးညွှတ်လိုက်သည်။ “ စာအုပ်တွေရဲ့ အဖုံးကို သီးသန့်အစီအရင်သွေးကြောနဲ့ ကာကွယ်ပေးထားတာပါ။ သွေးကြောတွေကို စပ်ကြောင်းတွေထဲ ထိုးထွင်းထားတယ်။ သူတို့က စာအုပ်ရဲ့ သက်တမ်းကို သက်သေပြနိုင်ပါတယ် ”

လုကျိုးက စာအုပ်ကို ပိတ်လိုက်သည်။ သူက အဖုံးပေါ်တွင် သိပ်သည်းနေသည့် သွေးကြောများကို မြင်လိုက်ရသည်။ သို့သော် သူတို့က ပျောက်ကွယ်နေပြီ ဖြစ်ပြီး လက်တစ်ဆုပ်စာသာ အနီရောင် တောက်ပနေသည်။ ထိုစဉ် သူက နောက်ဆုံးစာရွက်ပေါ်တွင် ရေးထားသည့် စာသားကို အမှတ်ရသွားသည်။

ငါက အနီရောင်ကို မဟုတ်ဘဲ ရွှေရောင်ကို ကြိုက်တယ် …

ဤသည်က လုကျိုးအတွက် အနီရောင် အစီအရင်သွေးကြောကို ပထမဆုံးမြင်ဖူးခြင်း ဖြစ်၏။ သူက လက်ကိုမြောက်ကာ ရိုက်ချလိုက်သည်။

ဝုန်း

အစီအရင်သွေးကြောက လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ကောင်းကင်ဆီ အနီရောင် စည်းတံဆိပ်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ထိုအရာက လိပ်ပြာများကဲ့သို့ ပတ်ဝန်းကျင်ထံ ပျံ့လွှင့်သွားလေ၏။ သူတို့၏ သက်တမ်းကြောင့် တံဆိပ်က အားနည်းနေခြင်း ဖြစ်သည်။ သူတို့တွင် သိမ်းဆည်းထားသည့် စွမ်းအားက ကုန်လုနီးပါး ဖြစ်နေလေပြီ။

လုကျိုးက စာအုပ်ကို ထပ်မံ ရိုက်ချလိုက်ပြန်သည်။ သူက ကနဦးချီအား အဖုံး၏ သွေးကြောများထံ ပို့လွှတ်လိုက်သည်။ ထို့နောက် ရွှေရောင်လင်းလက်လာသည်။ သွေးကြောများက အသစ်ပြန်လည် ဖြစ်တည်သွား၏။ အနီရောင်သွေးကြောက ပျောက်ကွယ်သွားကာ ရွှေရောင်သွေးကြောများဖြင့် အစားထိုးသွားသည်။

လန်နီက ခေါင်းညိတ်လိုက်ကာ “သွေးကြောက စုစုပေါင်း အခုတစ်ရာ ရှိပါတယ်။ သွေးကြောတစ်ခုစီတိုင်းက နှစ်နှစ်ဆယ် ကာကွယ်ပေးထားနိုင်တယ်။ နှစ်နှစ်ဆယ်တိုင်းမှာ သွေးကြောတစ်ခုခုက ပျောက်ကွယ်သွားလိမ့်မယ်“

လုကျိုးက လက်မြောက်လိုက်သည်။ သူ့အမူအရာက ပြောင်းလဲမှု မရှိသော်လည်း စိတ်ထဲတွင် အံ့ဩနေမိသည်။ ထိုစာအုပ်က အမှန်တကယ် သက်တမ်း နှစ်ထောင်နီးပါး ဖြစ်နေ၏။

“ ဒီခေါင်းတလားထဲက လူ အခု ဘယ်ရောက်သွားလဲ သိလား” လုကျိုးက မေးလိုက်သည်။

လန်နီက ခေါင်းခါကာ “ ကျုပ်မိသားစုက ဒီပစ္စည်းကို မျိုးဆက်အများကြီး ကာကွယ်ထိန်းသိမ်းလာခဲ့တာပါ။ အဲဒီချန်းပေ့ကို နေရာတိုင်းမှာ လိုက်ရှာနေပေမဲ့ ဘာသတင်းမှ မသိရသေးဘူး”

လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး စဉ်းစားလိုက်သည်။ ဤလောက၏ လျှို့ဝှက်ချက်များအကြောင်း တူးဆွဖို့ စိတ်ဝင်စားသည့်လူ မနည်းပါးခဲ့ဖူးပေ။ အထူးသဖြင့် ပွင့်ချပ်ကိုးလွှာ၊ ဆယ်လွှာနှင့် ပတ်သက်လာသည့်အခါတွင် ဖြစ်၏။

ထိုစဉ် လန်နီက ပြောလိုက်သည် “ဒါက ဘွန်အာမိသားစုရဲ့ စိတ်ရင်းပါ။ ဒါကို မိစ္ဆာဝေဟင်မျှော်နန်းဆီ ပေးချင်ပါတယ်”

သူတို့က စာအုပ်များကို လက်ဆောင်အဖြစ် လာပေးသည်မှာ မျှော်လင့်ထားဖွယ် ဖြစ်သော်လည်း ခေါင်းတလားကတော့ မသင့်တော်ပေ။ အကယ်၍ ရှေးဟောင်းပစ္စည်း မဟုတ်ပါက တွမ့်မူရှန်းက ပြတင်းပေါက်မှ လွှင့်ပစ်ပြီးလောက်လေပြီ။

ထိုစဉ် လုကျိုးက ပြောလာသည် “ကောင်းပြီ လက်ခံထားလိုက်မယ်”

သူ့အကြည့်များက မှုန်မှိုင်းလာပြီး လန်နီအား ကြည့်လိုက်ကာ မေးလိုက်သည်။

“မင်းက ဘာလိုချင်တာလဲ ”

ကမ္ဘာကြီးထဲ အလကားရသည့်အရာ မရှိပေ။ အပြန်အလှန် လိုချင်တာ မရှိဘဲ မည်သူကမှ လက်ဆောင်ပေးနေမည် မဟုတ်ချေ။

လန်နီက ညာဘက်လက်ကို ဘယ်ဘက်ပခုံးပေါ်တင်ကာ လူကြီးလူကောင်းပီသဟန် အပြည့်ဖြင့် ပြောလိုက်သည်။

“ အပြန်အလှန်အနေနဲ့ ဘာမှမတောင်းဆိုဝံ့ပါဘူး။ ဒါပေမဲ့ ကျုပ်အနေနဲ့ ဆန္ဒလေးတစ်ခုတော့ ရှိပါတယ် ”

“ပြော”

“ ကျုပ်တို့တွေ ပွင့်ချပ်ကိုးလွှာအဆင့်အကြောင်း အနည်းငယ် သိလိုပါတယ် ”

“ဒါပဲလား”

လန်နီက အားတက်သရော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

လုကျိုးက လက်နောက်ပစ်လျက် လှေကားမှ ဆင်းလာသည်။

“ရို့လီက ဝံပုလွေရိုင်းတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒမျိုး ရှိကြတာပဲ။ မင်းတို့က ငါတို့နယ်မြေကို အကြိမ်ရေအများကြီး ကျူးကျော်လာတယ်။ ငြိမ်းချမ်းရေး အဆိုပြုချက်က မင်းအတွက် တစ်ခုခုကို အတည်ပြုဖို့အတွက် ယိုးမယ်ဖွဲ့ ပြောနေသလိုပဲ”

လန်နီက အမူအရာ ပျက်ယွင်းသွားကာ အလျင်အမြန် ပြောလိုက်သည်။ “ အာ … ကျုပ်ကို အထင်လွဲနေပါပြီ”

ရုပ်ဖျက်ကတ်က ကုသိုလ်ရမှတ် တစ်သောင်းတောင် … မင်းတို့လို တခြားမျိုးနွယ်စုအပေါ် ဘာလို့ဖြုန်းတီးနေရမှာလဲ

ဟာသပဲ …

လုကျိုးက ရှေ့တိုးလာလိုက်သည်။

လန်နီက နောက်ဆုတ်လိုက်၏။

ထိုစဉ် အပြင်ဘက်မှ စူးစူးဝါးဝါး အော်သံကို ကြားလိုက်ရသည်။

မင်ရှစ်ရင်က ပြောလိုက်၏။ “အဲသတ္တဝါကောင်ကတော့ ”

သူက ခန်းမကျယ်ထဲမှ ပြေးထွက်သွားသည်။

ဝေဟင်ထဲ ဧရာမ သားရဲပျံကြီးက ပေငါးဆယ်တောင်ပံကြီးကို ဖြန့်ကျက်ကာ အကာအရံအပြင်ဘက်တွင် စူးစူးရှရှ အော်မြည်နေသည်။

“ ကျုပ်သတ္တဝါလေးတော့ စိတ်ရူးဝင်သွားပြီ ထင်တယ်။ ကျုပ် မြန်မြန် သွားထိန်းလိုက်မယ်” လန်နီက အလျင်စလို ပြောလာသည်။

သူ့လက်အောက်ငယ်သား လေးယောက်လုံးကလည်း ခန်းမကျယ်ထဲမှ ထွက်လာကြသည်။

လုကျိုးက လက်ဝေ့လိုက်ပြီး “တွမ့်မူရှန်း ”

“ဟုတ် ရှစ်စွင်း”

“ သူတို့ကို ချလိုက်”

“ဟုတ် ”

လုကျိုးက တခြားမျိုးနွယ်စုများသည် သူတို့ယုံကြည်ချက် ဘယ်နေရာမှ ရောက်လာမှန်း မသိထားသော်လည်း သူတို့က မိစ္ဆာဝေဟင်မျှော်နန်းကို လှည့်စားလောက်အောင် သတ္တိကောင်းနေသည့်အတွက် သူတို့ကို ထွက်သွားခွင့် မပြုသင့်ပေ။

တွမ့်မူရှန်းကို အမိန့်ကို ရရှိပြီးနောက် သူ့နယ်ရှင်လှံကို ကိုင်ဆောင်ကာ နောက်မှ လိုက်တော့သည်။

ဝှစ် ဝှစ် ဝှစ်

“ အညံ့ခံကြစမ်း” တွမ့်မူရှန်းက စကားပြောခွင့် မပေးထားသည့်အတွက် အကြောင်းအရင်းများအား နားထောင်နေမည် မဟုတ်ပေ။ သူ တိုက်ခိုက်လိုက်စဉ် လှံအရိပ်တစ်ရာကျော်က ကြမ်းကြုတ်သည့် လှံတစ်ချောင်းအဖြစ် ဖွဲ့စည်းသွားသည်။

ဘန်း ဘန်း ဘန်း

လန်နီက လက်နှစ်ဖက်လုံးဖြင့် ရိုက်ထုတ်လိုက်သည်။ သူ့စွမ်းအင်က လှံအရိပ်များကို ပိတ်ဆို့လိုက်ပြီး နောက်ကျွမ်းထိုးကာ ရှောင်လိုက်သည်။

“ကျုပ်တို့က စိတ်ရင်းနဲ့ လာတာကို မျှော်နန်းသခင်က ဘာလို့ ဒီလိုလုပ်ရတာပါလဲ” လန်နီ၏ အကြည့်များက ဒေါသဖြင့် တောက်လောင်နေသည်။

လုကျိုးက ခေါင်းတလားအနားမှ ဖြတ်၍ ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူက လန်နီဘွန်အာသည် အဘယ်ကြောင့် ယုံကြည်ချက် ရှိနေကြောင်း သိချင်နေမိသေး၏။ သူက ဘေးမှ ခေါင်းတလားကို ကြည့်လိုက်သည့်အချိန် အနီရင့်ရင့် သွေးကြောများဖြင့် ဖုံးလွှမ်းထားသည်ကို မြင်လိုက်ရသည်။

ကာကွယ်ရေး အစီအရင်သွေးကြောလား … သူတို့က စာအုပ်ပေါ်ကထက် ပိုရှုပ်ထွေးပြီးတော့ အားကောင်းတယ်

လုကျိုးက ခန်းမကျယ်ထဲမှ ထွက်လာကာ မော့ကြည့်လိုက်သည်။

ငှက်ကြီးက အကာအရံကို စတင် တိုက်ခိုက်လာသည်။

ဘန်း

အကာအရံတစ်လျှောက် လှိုင်းလုံးများ စတင်ပေါ်ထွက်လာသည်။

မင်ရှစ်ရင်က ဆွံ့အမိစွာ ပြောလိုက်သည် “ဟန်ဆောင်မနေစမ်းနဲ့။ မင်း ငှက်တောင် မခံနိုင်တော့ဘူး”

လန်နီက မျက်မှောင်ကြုတ်လိုက်သည်။ သူက ထျန်းကုံအား ကြည့်လိုက်ပြီး စဉ်းစားလိုက်သည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ …

ဘန်း

ထျန်းကုံက ရွှေနန်းဥယျာဉ်တောင် အကာအရံဆီ ထပ်မံ ပြေးဝင်လာပြန်သည်။

တွမ့်မူရှန်းက ဆက်ရပ်မကြည့်နိုင်တော့ပေ။ သူက နယ်ရှင်လှံဖြင့် ရှေ့ဆက်တိုးသွားလိုက်သည်။

ခန်းမကျယ်ရှေ့တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားလာသည်။

တွမ့်မူရှန်းက သူ တစ်ယောက်တည်းဖြင့် ပြိုင်ဘက်ငါးယောက်နှင့် ရင်ဆိုင်နေသည်။

မင်ရှစ်ရင်က အလျင်စလို မဝင်သွားသေးပေ။ ထို့အစား သူက ဝေဟင်မှ ထျန်းကုံအား သေချာလေ့လာနေသည်။

သူက တောင်ပံများကို ရိုက်ခတ်ကာ အကာအရံဆီ စွမ်းအားလေလှိုင်းများ ထုတ်လွှင့်နေသည်။

ထိုစဉ် တောင်ဘက်မျှော်နန်းဆောင် အထက်မှ စွမ်းအားမြားများစွာ ထွက်ပေါ်လာပြီး ထျန်းကုံ၏ ဧရာမကိုယ်ထည်ထဲ စိုက်ဝင်သွားသည်။

ဘန်း ဘန်း ဘန်း

ထိုတိုက်ကွက်များက ဟွားယွဲ့ရှင်းဆီမှ ဖြစ်လေသည်။ သူမက ထိုသားရဲ၏ ငှက်မွေးများကိုသာ ကျွတ်သွားစေလေသည်။ တခြားမြားများက တောင်ပံရိုက်ခတ်မှုဖြင့် တားဆီးခံလိုက်ရသည်။

ဂီး

ထိုအကောင်က အင်မတန် ဒေါသထွက်သွားဟန်ပေါ်သည်။

“အဲဒါဘာကြီးလဲ” မင်ရှစ်ရင်က မျက်လုံးအပြူးသား ဖြစ်သွားသည်။

ဟွားယွဲ့ရှင်းက ပွင့်ချပ်သုံးလွှာ နတ်လေးသည်တော်တစ်ယောက် ဖြစ်သော်လည်း ထိုသားရဲတစ်ကောင်ကို မကိုင်တွယ်နိုင်ပေ။

လန်နီက တိုက်ခိုက်နေရင်းနှင့် လုကျိုးအား လှည့်ကြည့်လာပြီး တောင်းဆိုလိုက်သည် “ မျှော်နန်းသခင် ဒါက နားလည်မှုလွဲတာပါ ”

လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီးနောက် ဝေဟင်မှ ငှက်ကြီးအား ကြည့်လိုက်သည်။ သူက အမည်မဲ့ကို အသုံးပြုပြီး သားရဲကို နှိမ်နင်းတော့မည့်ဆဲဆဲတွင် ပုလွေသံ ထွက်ပေါ်လာသည်။

ထိုအရာက နှေးကွေးကာ ချောမွေ့နေ၏။ ကြည့်ရသည်မှာ တောအုပ်၏ သစ်ပင်များကြား စမ်းချောင်း စီးဆင်းသံလို ဖြစ်၏။

သံစဉ်က မိစ္ဆာဝေဟင်မျှော်နန်းအထက် ရောက်လာသည့်ခါ ငှက်ကြီးက တည်ငြိမ်သွားပြီး အသိပြန်ကပ်လာဟန်ပေါ်သည်။

လန်နီက မျက်လုံးအပြူးသားဖြင့် ပြောလိုက်သည် “မဖြစ်နိုင်တာ ”

သံစဉ်က ဆက်လက် ထွက်ပေါ်နေသည်။

...

အခန်း (၅၀၁) ကမ္ဘာဖျက်ဆီးခြင်းလက်ဝါး

ထိုကဲ့သို့ အရည်အချင်းဖြင့် မည်သူက ပုလွေမှုတ်နေသနည်း။ သံစဉ်သည် နွေဦးလေပြေပမာ မျောလွင့်နေလျက် လော့ယန်၏မြို့ကို ဖြတ်သန်းလာသည်လော။ သံစဉ်က သန့်စင်လွန်းပြီး ကနဦးချီတို့ မပါရှိပေ။ လေတို့သယ်ဆောင်ထားလျက် နားဆင်သူကို အောက်မေ့တမ်းတစေ၏။

ခရုလေး၏ပုလွေတေးသံက တောရိုင်းတိရစ္ဆာန်များကို ထိန်းချုပ်နိုင်သည့်အချက်ကို ယခု သိထားကြပြီးဖြစ်သည်။ သို့သော် ထျန်းကုံကဲ့သို့ သဘာ၀အရ ရက်စက်ကြမ်းကြုတ်သောတိရစ္ဆာန်ကိုမူ တေးသွား၏အမိန့်ကို နာခံအောင်ထိန်းကျောင်းဖို့က ခက်ခဲလှပြီဖြစ်ရာ ယင်းက ထိတ်လန့်ဖွယ်ကောင်းနေလေသည်။

ရှောင်ယွမ်အာက လက်ခုပ်တီးလျက်ပြောလိုက်သည်။

“ကောင်းတယ် ကောင်းတယ် ကောင်းတယ် ခရုလေး ဆက်မှုတ်ထား၊ မတိုက်ခိုက်နိုင်တော့ဘူး”

ဟွားယွဲ့ရှင်းသည် ဘာဖြစ်နေမှန်းနားမလည်နိုင်ပေ။ သူမ၏စွမ်းအင်မြှားများက သေမျိုးတစ်ယောက်၏ သံစဉ်ကို မယှဉ်နိုင်သည်လော။ သူမသည် အသက်ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးခရုကို ကြည့်လိုက်မိသည်။ ခရုလေးက ပြစ်မျိုးမဲ့မထင်ဖြူဖွေးနေ၏။ သူမ၏လှုပ်ရှားမှုများက ကြော့ရှင်းပြီး ငြိမ့်ညောင်းသည်။ သူမမျက်ဝန်းထဲ၌ အကြည့်တို့သည် သူမပုလွေမှုတ်နေစဉ် လေးနက်၏။ ယင်းက မွေးရာပါ ပါရမီပဲဖြစ်လောက်သည်။

လုကျိုးက အံ့ဩသွား၏။ ထျန်းကုံသည် သာမန်တောရိုင်းတိရစ္ဆာန်မဟုတ်ပေ။ ထူးခြားသည့်လို့လန်သားများက ထိုမျှအစွမ်းထက်အောင် ကျင့်ကြံပေးထားပုံပေါ်၏။ ၎င်းသည် အရံအတားကိုမဖောက်နိုင်သော်ငြား အရံအတားကို တိုက်ခိုက်ပုံအား အခြေခံကြည့်လျှင် သန်မာတာသိသာ၏။

ထိုစဉ် တွမ့်မူရှန်းက ခန်းမကျယ်ရှေ့၌ သူ၏နယ်ရှင်လှံကိုဝေ့ယမ်းလိုက်သည်။

လန်နီနှင့်လက်အောက်ငယ်သားများက တွမ့်မူရှန်းကို ဝိုင်းလိုက်လေ၏။

နယ်ရှင်လှံသည် ဘယ်နှင့်ညာကို ထိုးစိုက်လိုက်၏။

“မျှော်နန်းသခင် ဒါက နားလည်မှုလွဲတာပါ။ ကျွန်တော် ရှင်းပြနိုင်ပါတယ်”

လန်နီသည် မိစ္ဆာဝေဟင်မျှော်နန်းတပည့်တစ်ယောက်က ထိုမျှအစွမ်းထက်လိမ့်မည်ဟုမထင်ထားပေ။ မိစ္ဆာဝေဟင်မျှော်နန်း၏ ဤတပည့်သည် ငါးယောက်တစ်ယောက်ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း၌ မည်သည့်ဖိအားမှ ခံစားရပုံ မပေါ်ပေ။ ထိုအစား ဆက်လက်တိုက်ခိုက်နေစဉ် သူက ပိုမိုဖျတ်လတ်တက်ကြွလာပြီး ပိုပြီးရဲစွမ်းသတ္တိရှိရှိတောင် တိုက်ခိုက်နေပုံရသည်။ တိုက်ပွဲကို ‌ရှေ့ဆက်သွားခွင့်ပြု၍ မရမှန်း သူ နားလည်နေသည်။ တိုက်ပွဲကို ကြည့်နေသည့်သူများစွာလည်း ရှိ၏။ မိစ္ဆာဝေဟင်မျှော်နန်းမှ ကျန်သည့်သူများ လှုပ်ရှားလာလျှင် နောက်ကျလွန်းသွားလိမ့်မည်။

တွမ့်မူရှန်းက ကျိန်ဆဲလိုက်သည်။ “ဘာတွေ ရှင်းပြနေတာလဲ ... သေပေတော့”

တွမ့်မူရှန်းသည် သူ့လက်ကို ရုတ်တရက်ဝေ့ယမ်းလိုက်သည်။ ရေတံခွန်အောက်၌ သူ၏ ဆက်တိုက်လေ့ကျင့်နေသော အသီးအပွင့်သည် ယခုအခိုက်အတန့်၌ ရှင်းရှင်းလင်းလင်း ပေါ်လာပြီ ဖြစ်သည်။ သူ နယ်ရှင်လှံကိုကိုင်ဆောင်သည့်အရှိန်က ပြစ်ချက်ကင်းလုနီးပါးပဲဖြစ်သည်။

လို့လန်သားများသည် သူတို့၏ လျင်မြန်ဖျတ်လတ်မှု၊ အရှိန်နှင့် ရုပ်ခန္ဓာအတွက် နာမည်ကျော်ကြားကြသည်။ သို့သော် ယခုအခိုက်အတန့်တွင် သူတို့အားလုံးသည် တွမ့်မူရှန်းကြောင့် နောက်သို့ အတွန်းခံလိုက်ရ၏။

“တစ်ယောက်ယောက်က ထျန်းကုံကို စိတ်ညှို့လိုက်တာ။ သူတို့တွေက မျှော်နန်းသခင်ကို တိုက်ခိုက်အောင်လုပ်ချင်တာ” လန်နီက ကျယ်လောင်စွာရှင်းပြလျက်ရှောင်တိမ်းလိုက်သည်။

လုကျိုးက မော့ကြည့်လိုက်ပြီး အရံအတားထက်၌ ယခုဆို လိမ္မာစွာပျံသန်းနေသော ထျန်းကုံကို တစ်ချက်ကြည့်လိုက်သည်။

မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်သည်။ "မင်းသာ စိတ်မှန်တယ်ဆိုရင် ထျန်းကုံကို ဘာကြောင့် စိတ်ညှို့ထားတာလဲ”

“ဟမ်” လန်နီက မျက်မှောင်ကျုံ့မိသွား၏။

“မင်း နောက်ဆုတ်ပြီး ရှေ့တိုးတဲ့အကွက်ကို သဘောကျတယ်။ မင်းက ငါ့စွမ်းရည်အများစုကို အမွေဆက်ခံထားတာလို့ပြောလို့ရတာပဲ။ ဒါပေမဲ့ မလုံလောက်ဘူး” မင်ရှစ်ရင်သည် နောက်ဆုံးတော့ တိုက်ပွဲထဲဝင်ပါလာသည်။

ဘန်း ဘန်း

လို့လန်သားနှစ်ယောက်သည် မင်ရှစ်ရင်ကြောင့်နောက်သို့လွင့်ထွက်သွား၏။

မင်ရှစ်ရင်က ကျေနပ်အားရစွာရယ်မောလိုက်သည်။ “ဒီမှာ မင်းရဲ့အဖိုး ငါ လာနေပြီ” သူသည် တိုက်ပွဲ၏ဒီရေကိုချက်ချင်းပြောင်းလဲနိုင်မည့်တိုက်ပွဲထဲဝင်ပါလိုက်သည်။

ထိုစဉ် လန်နီက လက်သင်္ကေတများစတင်ဖွဲ့တည်လိုက်သည်။ သူသည် လက်နှစ်ဖက်ဖြင့် ထူးဆန်းသည့် လက်သင်္ကေတတစ်ခုဖွဲ့တည်ကာ သုံးလိုက်သည်။

ဝှစ် ဝှစ် ဝှစ်

မဟာခန်းမထဲရှိခေါင်းတလားက စတင်လှုပ်ရှားတော့သည်။

လန်နီက နောက်ဆုတ်လျက် ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုက ပေါ်လာသည်။

ပွင့်ချပ်ငါးလွှာလား...

စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်လာသည်နှင့် ခေါင်းတလားသည် ရောင်ခြည်တို့ဖြင့်တောက်ပလာပြီး ရှေ့ဆက်တိုးလားသည်။

မင်ရှစ်ရင်က ခေါင်းတလားကို ရှောင်တိမ်းလိုက်သည်။

တွမ့်မူရှန်းသည် ခေါင်းတလားအစွန်းကို လျင်မြန်စွာ ထိုးစိုက်လိုက်၏။ ခေါင်းတလားပေါ် ၌ ခြစ်ရာမထင်တာကို သူ မြင်တွေ့လိုက်ရချိန်၌ အံ့ဩသွား၏။

“ဘာနဲ့လုပ်ထားတာလဲ။ မာလိုက်တာ”

ခေါင်းတလားက စတင်လည်ပတ်သွား၏။ လည်ပတ်နေစဉ် လှည်းကျင်းသည့်သွင်ပြင်ဖြင့် ပျံသန်းနေသည်။

ဘန်း

တွမ့်မူရှန်းသည် သူ၏နယ်ရှင်လှံကို ဆုပ်ကိုင်ပြီးနောက် ၎င်းကို ပိတ်ဆို့လိုက်သည်။ ပြင်းထန်သည့် သက်ရောက်အားကြောင့် သူ လည်ထွက်သွား၏။

ခေါင်းတလား၏ မူမမှန်မှုက နောက်ဆုံးတွင်ပေါ်လာပြီ။

တွမ့်မူရှန်းသည် ၎င်းကို ရွေ့အောင်မလုပ်နိုင်ပေ။ သူ၏ကောင်းကင်အဆင့် နယ်ရှင်လှံဖြင့်တောင် မရနိုင်ပေ။

ခေါင်းတလား၏ မျက်နှာပြင်သည် အနီရောင်အလင်းဖျော့ဖျော့ဖြင့် ဆက်လက်တောက်ပနေဆဲ ဖြစ်သည်။ ယင်းက အစီအရင်သွေးကြောများအနက် ရှားပါးလှပေ၏။

ကနဦးချီကို စွမ်းအင်အဖြစ် သိပ်သည်းလိုက်ချိန်တွင် ၎င်းသည် ရွှေရောင်သွေးကြောဖြစ်လာ၏။ ခေါင်းတလားသည် အနီရောင်အလင်းဖြင့် အဘယ်ကြောင့် တောက်ပနေရသနည်း။

မင်ရှစ်ရင်က ခေါင်းတလားကို လက်လျှော့လိုက်၏။ သူက ပွင့်ချပ်ငါးလွှာလန်နီဆီ ခုန်ဝင်သွားသည်။ သူခိုးကို ဖမ်းရန် ဘုရင်ကိုဖမ်းရမည်။ သူက ခွဲခွာချိတ်ကောက်ကိုဆွဲကိုင်လျက် လျှပ်ပြက်သည့်အရှိန်ဖြင့် လှုပ်ရှားလိုက်သည်။

လန်နီက လက်နှစ်ဖက်ကို တွန်းထုတ်လိုက်၏။ သူ၏ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်က ခုန်အုပ်တော့သည်။ ထိတ်လန့်စရာကောင်းလောက်အောင် ဝံပုလွေဘုရင်အောက်ရှိ စိတ်ဝိညာဉ်သဏ္ဌာန်သည် အနီရောင်အလင်းဖြင့် တောက်ပလာသည်။

“အနီရောင်လား” လုကျိုး၏အမူအရာကသုန်မှုန်သွားသည်။ သူသည် စာအုပ်ထဲရှိစာကြောင်းကို ရုတ်တရက် ပြန်တွေးမိသွား၏။ ငါ ရွှေရောင်ကိုကြိုက်တယ်။ အနီရောင်မဟုတ်ဘူး။ ဒီအနီရောင်အလင်းကို ရည်ညွှန်းတာများလား။

ဘန်း

မင်ရှစ်ရင်သည် လန်နီ၏စွမ်းအင်အရံအတားကို ဓားဖြင့်တိုက်ခိုက်လိုက်၏။ သူက နောက်ပြန်ဆုတ်လျက် လေထဲတွင်ပျံဝဲနေသည်။ သူ အာရုံစူးစိုက်ထားစဉ် လန်နီ၏စွမ်းအင်ထဲရှိ လှိုင်းတို့ လျင်မြန်စွာ ပြန်ဖွဲ့တည်လာကြောင်း သတိထားမိသွား၏။

“ထူးဆန်းလိုက်တဲ့အရာဝတ္ထုပဲ” မင်ရှစ်ရင်က ခေါင်းတလားကို ပြန်ကြည့်လိုက်သည်။

တွမ့်မူရှန်းသည်လည်း ၎င်းကြောင့် မှင်တက်သွားသည်။

ပွင့်ချပ်ငါးလွှာ ကျင့်ကြံသူတစ်ယောက်မျှက တွမ့်မူရှန်းနှင့် မင်ရှစ်ရင်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်စွမ်း ရှိမည်ဆိုတာ မည်သူက ယုံကြည်နိုင်မည်နည်း။ သို့သော် တွမ့်မူရှန်းနှင့် မင်ရှစ်ရင်သည် ပွင့်ချပ်သုံးလွှာနှင့် ပွင့်ချပ်လေးလွှာအဆင့်တွင်သာ ရှိသည်။ သူတို့က ကျယ်ပြောလှသည့်လောကထဲ၌ အစွမ်းထက်သည့်သူများဟု တွေးနေခြင်းက သူတို့ မောက်မာထောင်လွှားနေတာပဲဖြစ်သည်။

ခေါင်းတလားပေါ်ရှိ အနီရောင်အစီအရင်သွေးကြောများသည် တကယ့်ကိုပဲ စိတ်ဝင်စားစရာ ကောင်းလှသည်။ သိပ်မကြာခင်၌ ခေါင်းတလားပေါ်ရှိအနီရောင်အလင်းတို့က ပိုသိပ်သည်းစွာ တောက်ပလာ၏။

ဘန်း

တွမ့်မူရှန်း၏လက်တို့သည် သက်ရောက်မှုကြောင့် ထုံကျဉ်ကုန်သည်။ ရွေးချယ်စရာမရှိဘဲ သူ နောက်ဆုတ်လိုက်ရ၏။

ခေါင်းတလားသည် လန်နီရှေ့၌ ပျံဝဲနေသည်။ သူ၏လက်အောက်ငယ်သားများက ဘယ်ညာ ဝိုင်းထားလိုက်၏။ သူ၏လက်အောက်ငယ်သားများကြောင့် ဘယ်ညာအဝိုင်းခံလိုက်ရသည်။ သူက ပြောလိုက်သည်။

“မျှော်နန်းသခင်က ခင်ဗျားဆီ ကျုပ်လာလည်တာပါ။ ခင်ဗျားနဲ့ ရန်သူဖွဲ့ဖို့ဆန္ဒမရှိဘူး။ မိတ်ဆွေဖွဲ့ဖို့ ရည်ရွယ်ချက်နဲ့ ဒီကိုရောက်လာတာပါ။ ဘာကြောင့်များ ဒီလောက်ရန်လိုရတာလဲ”

မင်ရှစ်ရင်က အေးတိအေးစက်ပြောလိုက်၏။

"မင်း ပါးစပ်ပိတ်ထားလိုက်။ ဒီလိုရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်ပြီး ဒီနေရာကနေ ထွက်သွားနိုင်မယ်လို့ မထင်နဲ့။ မိစ္ဆာဝေဟင်မျှော်နန်းက မင်းစိတ်တိုင်းကျ ဝင်ထွက်သွားလာနိုင်တဲ့နေရာ မဟုတ်ဘူး”

နောက်ဆုံးခြင်းဖြင့် ရှေ့တိုးသည့် ဗျူဟာသည် သိပ်ကို အခြေခံကျလွန်း၏။ တာ့ယန်သည် ရို့လီနှင့် ယှဉ်လျှင် ထိုဗျူဟာကို ပိုရင်းနှီးသည်။

လန်နီသည် ထျန်းကုံကို မော့ကြည့်ပြီးနောက် လက်ဝါးကိုဖြန့်လိုက်၏။

ခေါင်းတလား လည်နေသည်။

လုကျိုးက လက်ဝါးတစ်ဖက်ကိုမြှောက်လိုက်သည်။ လက်ဝါးစည်းတံဆိပ်က ခေါင်းတလားဆီ ပျံဝဲသွား၏။

ဘန်း .... ခေါင်းတာလားက ဆက်လက်လည်ပတ်နေသေးဆဲဖြစ်သည်။ သို့သော် ထိုလက်ဝါးရိုက်ချက်က လန်နီကို ပျော်ရွှင်သွားပြီး စိတ်လှုပ်ရှားစေပုံရသည်။ “အဟား ... ငါ သိပြီ။ မင်းက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးပဲ”

“ဟမ်” လုကျိုးက ဇဝေဇဝါဖြစ်သွား၏။ ငါ လက်ဝါးရိုက်ချက်တစ်ချက်ပဲသုံးခဲ့တာ။ ငါက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလို့ သူ ဘယ်လိုလုပ်ပြောနိုင်တာလဲ။

လန်နီသည် ရူးသွပ်စွာရယ်မောတော့၏။

“ကျုပ်ပြောတာအမှန်ပဲ။ ဒီခေါင်းတလားက အစစ်၊ စာအုပ်တွေကလည်းအစစ်တွေ ဒီခေါင်းတလားရဲ့ ပိုင်ရှင် တစ်ခါတုန်းက ပြောဖူးတာက ဒီခေါင်းတလားရဲ့အစီအရင်သွေးကြောကို ဖြိုခွဲဖို့ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ပဲ တတ်စွမ်းတာ။ တာ့ယန်ရဲ့ လူတွေက အရှက်မဲ့တယ်။ ပွင့်ချပ်ကိုးလွှာအကြောင်း သတင်းအတုအယောင်တွေ ဖြန့်ရဲလောက်တဲ့အထိ ယုတ်မာသေးသိမ်လွန်းတယ်”

သူသည် ရုတ်တရက် လက်ဖျောက်တီးလိုက်၏။ လေထဲရှိထျန်းကုံဆီသို့ အလင်းတန်းတစ်ခုက တိုးဝင်သွားသည်။

ဝှစ်

အလင်းတန်းက ထျန်းကုံ၏မျက်လုံးနှစ်ဖက်ကြား ထိသွားသည်။

ကျီ

သားရဲထံကနေ နားစူးလောက်သည့်အသံက ပေါ်ထွက်လာပြီး နားမခံသာစရာဖြစ်လာသည်။

ထိုစဉ် ပုလွေတေးသံကရောက်ချလာ၏။

လုကျိုးက တောင်ဖက်မျှော်နန်းအထက်တွင် ရပ်နေသော ခရုလေးနှင့် ရှောင်ယွမ်အာကို ကြည့်လိုက်သည်။

ရှောင်ယွမ်အာနှင့် ဟွားယွဲ့ရှင်းက ခရုလေးကို သူတို့နောက်တွင် ကာပေးထားသည်။

စွမ်းအင်မြှားများဖွဲ့တည်လျက် မီးညှိလိုက်သည်။

ဘန်း ဘန်း ဘန်း

ထိုစဉ် လုကျိုးက လန်နီသည် ခေါင်းတလားပေါ်ခုန်တက်ပြီး ကောင်းကင်ထဲ ပျံသန်းသွားတာကို တွေ့လိုက်ရ၏။

လုကျိုးက အသေရိုက်ချက်ကတ်ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်၏။ သူ၏ ထူးကဲစွမ်းအားအကြောင်း တွေးလိုက်မိသည်။ ပြီးနောက် သူသည် လန်နီ၏ လက်အောက်ငယ်သားနှစ်ယောက်ကို လက်ညှိုးထိုးပြီးပြောလိုက်သည်။ "သူတို့နှစ်ယောက်ကို ဖြေရှင်းလိုက်”

တွမ့်မူရှန်းနှင့် မင်ရှစ်ရင်က တညီတညွတ်တည်း ခေါင်းညိတ်လိုက်သည်။ လှံတစ်လှံနှင့် ချိတ်ကောက်တစ်ခုတို့က လို့လန်သားနှစ်ယောက်ဆီ တိုးဝင်သွားသည်။

လုကျိုးက တွေဝေမနေပေ။ လေထဲခုန်တက်လိုက်၏။ သူ လက်နှစ်ဖက်ကိုဖြန့်ကာ ရှေ့သို့ တွန်းထုတ်လိုက်၏။ သူ့လက်ကိုတွန်းထုတ်လိုက်ရာ သူ့လက်ဖဝါးပေါ်ကနေ အပြာရောင် လက်ဝါးစည်းတံဆိပ်က ပေါ်ထွက်လာသည်။ စွန့်ပစ်ခံဉာဏ်ပညာ၏သင်္ကေတများက သူ၏လက်ချောင်းများကြားမှ ပေါ်လာသည်။ ထိုလက်ဝါးစည်းတံဆိပ်သည် ကမ္ဘာလောကကြီးကို ဖျက်ဆီးရန်စွမ်းအားလုံလောက်စွာပါပုံရသည်။

ခေါင်းတလားပေါ်ရပ်နေစဉ် လန်နီက ဧရာမလက်ဝါးစည်းတံဆိပ်ကို အာရုံခံမိသွားသည်။

ကြီးမားလှသည့်လက်ဝါးစည်းတံဆိပ်သည် ကြယ်လေးစင်းကို သယ်ဆောင်လာပုံရပြီး အထက်ကို ပျံသန်းလာ၏။

ဖုန်း။

All Chapters