အခန်း (၅၀၅-၅၀၇)
Vol. 34 Ch. 505-507
အခန်း (၅၀၅) အနှစ်တစ်သောင်းချန်ဟွမ်း
မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်သည်။ “သူမရဲ့ထိခိုက်လွယ်တဲ့ချီသွေးကြောတွေကို ဖြေရှင်းနိုင်အောင် ဘာကကူညီပေးနိုင်လဲဆိုတာ ကျွန်တော်သိတယ်”
လုကျိုး၏စိတ်ဝင်စားမှုတို့က ပေါ်လာ၏။ အင်း ... ဒါကိုဘယ်လိုလုပ်သိတာလဲ။ လောင်စစ်က အခုပိုပိုပြီး သဘောကျစရာကောင်းလာတယ်။ သူက တစ်ခါတလေမှာ နမော်နမဲ့နိုင်ပေမဲ့ အရေးကြီးလာတဲ့အချိန် တစ်ခါမှစိတ်မပျက်ရဖူးဘူး။
လုကျိုး၌ နှစ်ထောင်ချီမှတ်ဉာဏ်နှင့်ဗဟုသုတရှိသော်ငြား သူက ပြိုင်ဖက်ကင်းမဟုတ်ပေ။
“ဘယ်ပစ္စည်းက ဒီလောက်အံ့ဩဖို့ကောင်းတာလဲ” မင်ရှစ်ရင်က ပြောလိုက်၏။ “လန်ထျန်းကျောက်စိမ်း”
လုကျိုးက မုတ်ဆိတ်သပ်လျက် ပြောလိုက်သည်။
“ကုန်သည်တချို့နဲ့ မင်းဆွေမင်းမျိုးတွေ လိုချင်ကြတဲ့ တန်ဖိုးကြီးပစ္စည်းပဲ။ အဲ့ဒါကို ဘာအတွက်အသုံးပြုလို့ရတာလဲ”
“ဒီလန်ထျန်းကျောက်စိမ်းက အဲ့ဒီလန်ထျန်းကျောက်စိမ်းမဟုတ်ဘူး။ ကောလာဟလတွေအရ ငါးဝမ်းဗိုက်ထဲမှာ တည်ရှိပြီး အရှေ့ဖက်ပင်လယ်မှာ တည်ရှိတဲ့ ကျောက်စိမ်းတစ်မျိုးလို့ပြောတယ်။ သူက ပင်လယ်ရဲ့အဆီအနှစ်ကို နှစ်ပေါင်းများစွာ စုပ်ယူထားပြီး ဝိညာဉ်ချီတွေနဲ့ ပြည့်နေတာ။ အဲ့ဒီပစ္စည်းကို ကိုင်ဆောင်ထားတဲ့လူက သူတို့အသားအရေက ကျောက်စိမ်းလို ချောမွေ့နေပြီး သူတို့ရဲ့ ထူးကဲချီသွေးကြောရှစ်ကြောက ကျုံးလိုမျိုး နက်ရှိုင်းလာလိမ့်မယ်။ လူတစ်ယောက်ရဲ့ ဝိညာဉ်သွေးကြောကို အားဖြည့်ပေးတာမျိုး၊ သူတို့ကို ပုံသွင်းနိုင်ပြီး အချိန်ပေးတယ်” မင်ရှစ်ရင်က ပြန်ပြောလိုက်၏။
မင်ရှင်ရင်၏စကားများကို ကြားသောအခါ တစ်စုံတစ်ခုက လုကျိုး၏မှတ်ဉာဏ်ထဲဝင်ရောက်လာသည်။ သူက လက်ခံကြောင်း ခေါင်းညိတ်လိုက်၏။ အမှန်တကယ်တွင် ထိုကဲ့သို့ကျောက်စိမ်းမျိုးတည်ရှိသည်။ သို့သော် ပစ္စည်းက အင်မတန်ရှားပါးပြီး ရှာဖွေရန်ခက်ခဲ၏။
ယခုကျင့်ကြံခြင်းလောကက ရွှေကြာဖြတ်တောက်နေကြလေရာ လူတိုင်းက ပွင့်ချပ်ဖူးပွင့်အောင် ပြုလုပ်ပြီးအလုပ်များနေကြသည်။ အထူးသဖြင့် ပွင့်ချပ်များစွာပိုင်ဆိုင်ထားသော အတွေ့အကြုံရှိသည့် ကျင့်ကြံသူများအတွက် မှန်ကန်လှပေသည်။ သူတို့က ထပ်မံကျင့်ကြံရန် ယုံကြည်ချက်ရှိသည်။ စက္ကန့်တိုင်းက သူတို့အတွက် တန်ဖိုးရှိသည်။ ယခုအချိန်က တန်ဖိုးမဖြတ်နိုင်လေရာ လန်ထျန်းကျောက်စိမ်းကို မည်သူကများ သွားရှာပေးနိုင်မည်နည်း။
လုကျိုးက နောက်ထပ်နည်းလမ်းတစ်ခုရှာရန်စဉ်းစားနေစဉ် ဖန်းလိုင်ကျွန်းအကြောင်းသတိရသွားသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာ၌ လန်ထန်ကျောက်စိမ်းအကြောင်း ကောလာဟလကို သူကြားဖူးးသည်။ ထို့ကြောင့် သူကပြောလိုက်၏။
“စီးဝူယာ့ဆီ စာတစ်စောင်ပို့လိုက်။ အဲ့ဒီမှာဟွမ်းရှစ်ကျဲရှိနေရင် သူ့ကိုလန်ထျန်းကျောက်စိမ်းပို့ခိုင်းလိုက်”
“ဟုတ်ကဲ့ရှစ်စွင်း” မင်ရှစ်ရင်က လှည့်ထွက်သွားတော့သည်။
လုကျိုးက ခရုလေးကိုလေ့လာပြီး နေ့စဉ်မှတ်တမ်းကို မှတ်မိသွား၏။ ထိုမိန်းကလေးက ခေါင်းတလားထဲတွင် ရှိသည့်လူနှင့် ဇာစ်မြစ် တူညီနေသလားဟု တွေးမိသွားသည်။ မည်သည့်နည်းနှင့်မဆို ထိုကိစ္စများကို တွေးဆခြင်းက အသုံးမဝင်ပေ။ အရာအားလုံးက သူမ အသိဝင်လာသည်နှင့် ရှင်းလင်းသွားလိမ့်မည်။ ကိစ္စများကိုပြန်ပြောနေ၍အကျိုးမထူးပေ။
“ယွမ်အာ”
“ဟုတ်ကဲ့ ရှစ်စွင်း”
“ခရုလေးကို ကောင်းကောင်းကာကွယ်” လုကျိုးကပြောလိုက်၏။
“တပည့် ညီမခရုလေးကို သေချာကာကွယ်ပါ့မယ်” လုကျိုးက လက်သီးလက်မောင်းတန်းလျက် သွားအဖြီးသားဖြင့်ပြောလိုက်သည်။ "ဟုတ်ပြီ မင်းက ဒီလိုပြောတယ်ဆိုတော့ မင်းကိုယုံလိုက်တော့မယ်”
အစက ရှောင်ယွမ်အာသည် ဤမိန်းမငယ်လေးရောက်လာမှုကြောင့် မနာလိုမှုတိုးလာလိမ့်မည်ဟု လုကျိုးထင်ခဲ့၏။ သို့သော်ငြား သူ အကြောင်းမဲ့စိုးရိမ်ပူပန်နေခဲ့ပုံရသည်။ ဤမိန်းကလေး အမှန်တကယ် အရွယ်ရောက်လာပြီဟု သူခံစားမိသည်။
လုကျိုးက အရှေ့ဖက်မျှော်နန်းသို့ ပြန်ချိန်၌ သူနှင့်အတူ လျှို့ဝှက်ကျမ်းစာများသယ်လာတော့သည်။
တွမ့်မူရှန်းက သူ့နောက်က လိုက်လာ၏။ သူက အရိုအသေပေးကာမေးလိုက်သည်။
“ရှစ်စွင်း ခေါင်းတလားကို ကျွန်တော်တို့ ဘာလုပ်သင့်သလဲ”
ပုံမှန်ဆို ဤကဲ့သို့ မင်္ဂလာမရှိသည့်ပစ္စည်းကိုဖယ်ရှားရမည်။ သို့သော် ၎င်း၏မျက်နှာပြင်ပေါ်ရှိ ထူးကဲသော အစီအရင်သွေးကြောများကို သူ တွေးမိသောအခါ လုကျိုးက ပြောလိုက်သည်။
"မြောက်ဘက်မျှော်နန်းမှာ သိမ်းထားလိုက်”
လုကျိုးက ထွက်သွားတော့မည့်အချိန်၌ သူ ထပ်ပြောလိုက်သည်။ “သူ့ပေါ်က အစီအရင်သွေးကြောကို တစ်ယောက်ယောက်ကို ကူးခိုင်းထားလိုက်”
“ဟုတ်ကဲ့ရှစ်စွင်း”
သူက အရှေ့ဖက်မျှော်နန်းသို့ ပြန်ရောက်လာချိန်၌ ကောင်းကင်ကျမ်းစာ စာလိပ်ကို ချက်ချင်းဆင်ခြင်သုံးသပ်ခြင်း မပြုခဲ့ပေ။ ပုံမှန်အတိုင်း သူသည် မြေပုံပေါ်၌ ပြောင်းလဲမှုရှိမရှိကြည့်ရန် ပုရပိုက်ပုံကြမ်းဟောင်းကို စစ်ဆေးလိုက်သည်။ ယခင်နည်းတူ တာ့ယန်၏စီရင်စုကိုးခုနှင့် ပင်လယ်ဒေသနား၌ ဖန်းလိုင်ကျွန်းကို မြင်နိုင်ပေ၏။
စနစ်၏တာဝန်နှင့် ဟွမ်းရှစ်ကျဲ၏ ဖော်ပြချက်အရ လော့အမျိုးသမီးသည် ယခင်က ဖန်းလိုင်ကျွန်းကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်နိုင်ခြေများသည်။
ထိုအကြောင်းတွေးမိသောအခါ လော့အမျိုးသမီးသည် ခေါင်းတလားကိုပိုင်ဆိုင်သည့်နေရာမှ လာသလားဟု တွေးမိသွားသည်။ သူမသည် ယွင်ထျန်းလော့ကို ပွင့်ချပ်ရှစ်လွှာအဆင့်ရောက်အောင် ကူညီပေးနိုင်သောကြောင့်ဖြစ်သည်။
လုကျိုးသည် လျှို့ဝှက်စာအုပ်ကို ဖွင့်လိုက်သည်။ သူက၎င်းကို ထပ်ကြည့်လိုက်၏။ စာအုပ်၏အစပိုင်း၌ မှတ်တမ်းတင်ထားသည့် ကျင့်စဉ်များက တာ့ယန်နှင့် အခြေခံအားဖြင့်တူညီသည်။ သုံးကြိမ်မြောက် စစ်ဆေးပြီးနောက် ဘာမှထူးဆန်းတာ မတွေ့ပေ။
ပွင့်ချပ်ကိုးလွှာကျင့်စဉ်အပိုင်းကို ရောက်သောအခါ ရှုပ်ပွနေသော စာကြောင်းအချို့မှအပ သူသည် တူညီသည့်စကားလုံးအချို့ကို မြင်လိုက်ရသည်။ ဒီနေရာမှာရှိတဲ့လူတွေက အားနည်းတယ်။ ဒါပေမဲ့ ဒီနေရာက လုံခြုံတယ်။
အားနည်းတာက လုံခြုံတာနဲ့ ဘယ်လိုများတူသွားတာလဲ။
ပြီးတော့ ခေါင်းတလားပိုင်ရှင်က ဒီနေရာမှာ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူကို ဘာကြောင့်မရှိစေချင်တာလဲ။
လုကျိုးသည် ဤနေရာတွင် ပွင့်ချပ်ရှစ်လွှာအဆင့်မှာ ပွင့်ချပ်ကိုးလွှာအဆင့်သို့ရောက်ရန် သော့ချက်ကို အရိပ်အမြွက်တွေ့သွားလေ၏။ သူက စာရွက်များကိုဆက်လက်လိုက်သည်။
စာအုပ်၏နောက်ဖုံးအလယ်၌ အနီရောင်ကြာပွင့်ကို ရိုက်နှိပ်ထားသည်။ ပွင့်ချပ်ကိုးလွှာက အသက်ဝင်နေသည့်အတိုင်းပင်။ ခေါင်းတလားဘုရင်၏တွေဝေမှုကြောင့်ဖြစ်ဟန်တူသည်။ သူက ကြာပွင့်အပြင်ဖက်၌ မျဉ်းအချို့ရေးဆွဲထားသည်။
ဖတ်၍ရသည့် စာတစ်ကြောင်းလည်းရှိ၏။ ဘယ်သူမှ ထာဝရအသက်မရှင်နိုင်ဘူး။
ကျန်တာမရှိတော့ပေ။ သူသည် ထိုနောက်ဆုံးစာကြောင်းကိုဖတ်မိချိန်၌ လေးလံသည့် စုတ်ချက်များဖြင့် ရေးထားကြောင်းသတိပြုမိလိုက်သည်။ စာရွက်နောက်၌ အနီရောင် စိမ့်ထွက်နေပုံပေါ်၏။
“ဒါက သူယုံကြည်ထားတဲ့အမှန်တရားတစ်မျိုးလား” လုကျိုးက ဇဝေဇဝါဖြစ်သွားသည်။
သူသည် စာအုပ်ကို စားပွဲပေါ်တင်လိုက်ပြီးနောက် ဆက်မဖတ်တော့ပေ။
သူ ကျန်ရှိသည့်အချိန်ကကောင်းကင်ကျမ်းစာ စာလိပ်ကိုဆင်ခြင်ရန်သုံးသင့်၏။
လော့အမျိုးသမီးကသာ ဖန်းလိုင်ကျွန်းနှင့် အမှန်ကတယ်ဆက်နွယ်မှုတစ်ခုရှိနေခဲ့လျှင် လုကျိုးက ထိုနေရာသို့သွားရမည်။
သူ့ကိုယ်သူ ကာကွယ်နိုင်သည့် ထူးကဲစွမ်းအားမရှိဘဲ သူသည် သူဘေးကင်းအောင် အသုံးပစ္စည်းကတ်များကို သုံးခဲ့မယ်ဆိုလျှင် သူက အရူးဖြစ်နေလိမ့်မည်။
ရှုံးနိမ့်မဲ့အပေးအယူကို လက်ခံမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ...
တာ့ယန်၏အနောက်တောင်ဖက်နှင့်ဝေးကွာသည့် လရောင်သစ်သားကျွန်းပေါ်တွင်ဖြစ်သည်။
နေရောင်မြင်တွေ့ရတာရှားပါးသည့် ဧရိယာ၌ မြူလွှာတစ်ခုရှိနေသည်။
လရောင်ကိုသာ ရံဖန်ရံခါ မြင်တွေ့ရတာဖြစ်သည်။ မြူလွှာပါးကိုဖြတ်ကျော်လျက် လရောင်သည် ဤနေရာကို သုခဘုံနှင့်ဆင်တူသွားစေသည်။
ဝတ်ရုံဖြူဝတ်ထားသော ယဲ့ထျန်းရှင်းသည် သစ်ပင်တစ်ပင်အောက်၌ ရပ်တန့်လိုက်၏။ သူမသည် သားရေအိတ်မှ ရေတစ်ငုံသောက်ပြီးနောက် အိတ်ကိုခါးတွင်ချိတ်ထားလိုက်သည်။
“တကယ်ဒီမှာလား” ယဲ့ထျန်းရှင်းသည် မြေပြင်ပေါ်ကနေခုန်တက်လျက်တောအုပ်အနက်ပိုင်းသို့ ပျံသန်းသွားသည်။
မီတာတစ်ရာကျော်မြင့်မားသောသစ်ပင်များနှင့် အဆုံးမရှိတောအုပ်က သူမ မှားလာသည်ဟု သူမကို ခံစားရစေ၏။
မြူတောအုပ်၊ လရောင်သစ်သားမြေ
တခြားမျိုးနွယ်နှင့် ဝေးကွာသောနေရာတစ်နေရာဖြစ်သည်။ မြူတောအုပ်ကို သိသည့်သူတိုင်းက တောအုပ်ထဲ၌ သူတို့တဖြည်းဖြည်းချင်း မသေဆုံးသွားခင်အထိ လမ်းပျောက်သွားမည်ဟုဆိုကြသည်။
တခြားမျိုးနွယ်ကျင့်ကြံသူများစွာသည် တောအုပ်အစပ်တွင်သာ အဆင့်နိမ့်သားရဲများကို ဖမ်းရန် ကြိုးပမ်းလေ့ရှိ၏။
ယဲ့ထျန်းရှင်း၌ ရည်ရွယ်ချက်တစ်ခုသာရှိသည်။ ယင်းက ချန်ဟွမ်းကိုရှာရန်ဖြစ်သည်။
သူမက ဆက်လျှောက်သွားလျက် တောအုပ်ထဲတွင်ရပ်တန့်လိုက်သည်။ ဧရာမသားရဲများစွာကိုတွေ့စဉ် သူမသည် သူတို့ကို ရှောင်ရန် ပုန်းဖို့ရွေးချယ်ခဲ့သည်။ ပျံသန်းနိုင်သည့်သားရဲများနှင့်တွေ့ပါက သူမက ဝပ်တွားနိုင်လျှင် သူမက နိမ့်နိမ့်နေလျက် သူမ တည်ရှိမှုကို ဖုံးကွယ်ခဲ့သည်။ တစ်ခါတစ်ရံတွင် အမှားလုပ်မိပါက ရွေးချယ်စရာမရှိဘဲ ထိုသားရဲများနှင့် တိုက်ခိုက်ခဲ့သည်။ တစ်ခါတစ်ရံတွင် သူမ ထိခိုက်ဒဏ်ရာရနိုင်သည်ဟု ဆိုလိုတာပဲ ဖြစ်သည်။
လရောင်သစ်သားကျွန်းသို့ လာရောက်ခဲ့တာ ဆယ်ရက်ကျော်ကြာခဲ့ပြီဖြစ်ပြီး မြူနှင်းတောအုပ်ထဲသို့ နက်ရှိုင်းစွာ ဝင်သွားခဲ့သည်။
တစ်ရက်ကြာတိုင်း သူမ ရေဆာလာသည်။ ထို့ကြောင့် ရေတွေသောက်နေတာဖြစ်သည်။ ကောလာဟလများအတိုင်း သူမ လမ်းပျောက်နေတာ ဖြစ်နေဟန်တူ၏။ အနားယူပြီးနောက် သူမက သစ်ပင်များကြား ခရီးဆက်ခဲ့တော့သည်။
ရီး
ထိုစဉ် တမူထူးကဲသောအသံတစ်သံက သူမအာရုံကို ဖမ်းစားသွား၏။ အသံသည် သူမဘေးပတ်ဝန်းကျင်ကနေ ပေါ်ထွက်လာပုံရသည်။
သူမ မျက်မှောင်ကျုံ့မိသွားသည်။ မြူတောအုပ်ထဲ၌ သူမ၏အတွေ့အကြုံအရ ၎င်းသည် ထူးကဲသောသားရဲဆိုတာ ပြောပြနေသည်။ သူမအရှိန်လျော့ပြီး မြေပြင်နှင့် ခပ်နိမ့်နိမ့်ပျံ သန်းလျက် သူမရောင်ဝါကို ဖုံးကွယ်လိုက်သည်။ လေထဲတွင် မြူများပြည့်နေလေ၏။
သူမရှေ့တွင် ဘာကိုမှမမြင်နိုင်။ သူမအသက်ရှုအောင့်ထားရုံသာတတ်နိုင်၏။
ချပ် ချပ် ချပ်
အသံက ပိုနီးကပ်လာသည်။
ယဲ့ထျန်းရှင်းက သူမဆီသို့ သိပ်သည်းပြီး ရောင်ဝါတစ်ခု ချဉ်းကပ်လာတာကိုခံစားမိသည်။ သူမ ရင်ဆိုင်ခဲ့သမျှ သားရဲအားလုံး ပေါင်းစည်းထားသော ရောင်ဝါထက်တောင် ပိုပြီးလွန်ကဲပုံပေါ်သည်။
ထိုစဉ် မြူတောအုပ်ထဲရှိမြူများက ပျောက်ကွယ်သွား၏။
ယဲ့ထျန်းရှင်းက အံ့ကြိတ်လိုက်သည်။ သူမ လက်ဖဝါးထဲ၌ ချွေးစေးများပြန်နေ၏။ မြက်ပင်များကြားထဲရှိ နတ်ပန်းပွင့်ပမာ နှင်းကဲ့သို့ဖြူဖွေးလှပေသည်။ သူမ လှုပ်ရှားမှု ကင်းမဲ့နေသော်ငြား သူမက စို့ရိုက်ခံထားရသည့်ပမာ တောင့်တင်းစွာရပ်နေတာဖြစ်သည်။
အမ်း ...
ဒီသားရဲက သူမရဲ့အရှေ့ဘယ်ညာကနေလာတာမဟုတ်ဘူး။ အပေါ်ကနေပဲ ... ယဲ့ထျန်းရှင်းသည် သိချင်စိတ်ဖြင့် ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။
သူမမော့ကြည့်လိုက်သည်နှင့် သူမ မေ့သွားမှာ မဟုတ်သည့်တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသည်။
မြူလွှာပါးပါးကနေ ရွှေရောင်ဖျော့ဖျော့မျက်ဝန်းတစ်စုံကိုမြင်တွေ့ရသည်။ သူတို့က လှုပ်ရှားနေစဉ် ဘောလုံးအရွယ်အစားခန့် ကြီးမား၏။
ယဲ့ထျန်းရှင်း၏နှလုံးတို့သည် သူမရင်ညွန့်ရိုးကိုဆောင့်လာသည်။ သူမ မျက်လုံးများက သူမအံ့ဩမှုများ ပြည့်သွား၏။
ကျွီ ကျွီ
ရက်စက်သောသားရဲက သူမနားကပ်လာပုံရသည်။ ၎င်း၏ဧရာမအတောင်က မြူတွင်ဖြတ်ကျော်လျက် ယဲ့ထျန်းရှင်းရှေ့တွင် ပေါ်လာသည်။
သူမကို နှလုံးခုန်နှုန်းပိုမြန်သွားစေသည်က သားရဲ၏နှာခေါင်းက သူမရပ်နေသည့် နေရာသို့ ရောက်နေတာပဲဖြစ်သည်။ ၎င်းက အစာကို တရှုံ့ရှုံ့အနံ့ခံနေပုံပေါ်သည်။
ယဲ့ထျန်းရှင်းက သူ၏နှာခေါင်းဝလောက်သာ ကြီးသည်။ သူမသည် ထိုကဲ့သို့ကြီးမားလှသည့်သားရဲကို တစ်ခါမှမတွေ့ဖူးပေ။
“သေစမ်း ...”
...
အခန်း(၅၀၆) ဖန်းလိုင်
တွေ့ဆုံမှုတိုင်းက ကောင်းကင်ဘုံ အလိုအတိုင်း ဟူသော ဗုဒ္ဓဆိုရိုးတစ်ခု ရှိသည် မဟုတ်ပါလော။ တွေ့ဆုံမှုတိုင်းက ရေစက်ပါ၍ တွေ့ကြခြင်း ဖြစ်ပေသည်။ စောသည်၊ နောက်ကျသည်ဟူ၍ မရှိပေ။ တွေ့ဆုံရမည့်လူက အချိန်မှန်မှာ တွေ့ရမည်သာ ဖြစ်၏။
သားရဲ၏ အမွေးများက ဖြူဆွတ်နေလေသည်။ နှာခေါင်းက ချွန်နေ၏။ ဦးခေါင်းအထက် ဦးချိုနှစ်ခုလည်း ရှိနေသည်။ မျက်ဝန်းများက လခြမ်းကွေးလိုမျိုး ကျဉ်းရှည်ရှည် ဖြစ်၏။ ထိုအရာက ယဲ့ထျန်းရှင်းအား အစားအစာလား ဒါမှမဟုတ် တခြားအရာလားဟု အကဲဖြတ်နေဟန်ပေါ်သည်။
ယဲ့ထျန်းရှင်းက မလှုပ်ရဲပေ။ သူမက ပွင့်ချပ်ခြောက်လွှာအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ဤသားရဲလက်ထဲမှ လွတ်မြောက်ဖို့ ယုံကြည်ချက် မရှိပေ။ လူများက ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူများသာ တောအုပ်လေးခုအတွင်း စွန့်စားသွားလာရဲသည်ဟု ဆိုကြသည်မှာ မဆန်းတော့ပေ။
ယဲ့ထျန်းရှင်းက ထိုသားရဲ၏ ခန္ဓာကိုယ်ကို မမြင်ရပေ။ သူမ မြင်ရသည်ကား ဦးခေါင်းသာ ဖြစ်၏။ အကယ်၍ သူမအနေနှင့် သွင်ပြင်အကြောင်း ပြောပြရမည်ဆိုလျှင် အဖြူရောင် မြေခွေးတစ်ကောင်၏ ပိန်ပါးသည့် ပုံစံမျိုး ဖြစ်လေသည်။
အူး …
သားရဲက မြည်တမ်းလိုက်သည်။
ပြေးတော့ …
ယဲ့ထျန်းရှင်းက အတွေးများကို ဖယ်ကာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။
ဝှစ်
သူမ၏ ပွင့်ချပ်ခြောက်လွာ စိတ်ဝိညာဉ်သဏ္ဌာန်က ပေ ၇၀ အထိ မြင့်တက်သွားသည်။
မဟာနည်းစနစ် …
ယဲ့ထျန်းရှင်းက လှည့်ပြေးလိုက်သည်။
ထူးဆန်းသည်က သူမက လေပြေတစ်ချက် ခံစားမိလိုက်ပြီးနောက် သူမခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သဏ္ဌာန်တို့ကို တစ်ခုခု ရစ်ပတ်သွားလေသည်။ လေထဲ ပတ်လည် လည်ပြီးသည့်နောက် ပြန်လည် ပြုတ်ကျလာ၏။ သူမက ကနဦးချီကိုပင် မထိန်းချုပ်နိုင်တော့ပေ။
အူး
လေထုထဲ နောက်ထပ် အော်သံတစ်ခု ထွက်ပေါ်လာသည်။
ယဲ့ထျန်းရှင်းက နောက်ဆုံးတွင် ဆင်းသက်လိုက်သည်။ အတိအကျဆိုရလျှင် သူမက အမွေးဖြူဖြူများကြား ကျရောက်သွားခြင်း ဖြစ်၏။ လေပြင်းပြင်း တိုက်ခတ်လာသည့်အခါ သူမက ပတ်ဝန်းကျင်ကို စစ်ဆေးနေဖို့ အချိန်မရှိပေ။
“သွားပြီ” ယဲ့ထျန်းရှင်းက ကနဦးချီကို ထုတ်သုံးကာ လေကို ကာဆီးမည့် ဒိုင်းကာတစ်ခု ဖန်တီးလိုက်သည်။
ဝှစ် ဝှစ် ဝှစ်
ယဲ့ထျန်းရှင်းက သားရဲကျောပေါ်တွင် ရောက်နေရင်း အသိတစ်ခု ဝင်လာသည်။ ထိုသားရဲကြီးက သူမအား သယ်ဆောင်ကာ တောအုပ်အတွင်း မမြင်နိုင်လောက်သည့် အမြန်နှုန်းဖြင့် ဆက်တိုက် ပြေးလွှားနေလေသည်။
နာရီကြာပြေးပြီးသည်ဟု ထင်ရသည့်နောက်တွင် မြူအလွှာတစ်ခု ပျောက်ကွယ်သွားလေ၏။ လေထုအတွင်း ကာဆီးထားသည့် အလွှာက ကွဲသွားလေသည်။
သားရဲက ယဲ့ထျန်းရှင်းကို သယ်ဆောင်ရင်း လျှပ်စီးလို အရှိန်ဖြင့် ရွေ့လျားနေသည်။ ခြေလှမ်းတိုင်းက မီတာရာချီ ကျယ်ဝန်းလေသည်။ သူမက ယခုအခါ ပို၍ ထင်ထင်ရှားရှား မြင်လာ၏။
လရောင်အောက်တွင် ထိုအရာက ပေ ၁၅၀ ရှည်လျားဟန်ပေါ်သည်။ ဦးခေါင်းအထက် အဖြူရောင်မှလွဲ၍ သားရဲက အဝါရောင် ဖြစ်နေသည်။ လကို မျက်နှာမူလျက် ချောက်နက်တစ်ခုပေါ် ခုန်ချလိုက်လေသည်။
ယဲ့ထျန်းရှင်း စိတ်အတွင်း နာမည်တစ်ခု ပေါ်လာသည်။
ချန်ဟွမ်း …
ဒဏ္ဍာရီလာများက ချန်ဟွမ်းကို ကျောပေါ်တွင် ဆူးချွန်များရှိသည့် မြေခွေးတစ်ကောင်လိုမျိုး ရှိသည်ဟု ဖော်ဆိုကြသည်။ ထိုအရာကို စီးနင်းသူက သက်တမ်းနှစ်ထောင် ရရှိမည် ဖြစ်၏။
နောက်ဆုံးတော့ သူမ ရှာတွေ့ခဲ့လေပြီ။
ဒါပေမဲ့ ချန်ဟွမ်းက ငါနဲ့ ချောက်ထဲ ဘာလို့ခုန်ချနေတာလဲ …
အူး
ပြုတ်ကျသည့် အချိန်ကား ရှည်ကြာလွန်းသည့်အတွက် အဆုံးမဲ့ချောက်နက်ထဲ ကျရောက်သွားသလိုမျိုး ဖြစ်နေသည်။
သူတို့ ကျရောက်သွားသည့်အခါ သူမက နွယ်ပင်များနှင့် သားရဲပျံများစွာကို မြင်လိုက်ရသည်။ တချို့သားရဲများက ချန်ဟွမ်းထက်ပင် ပိုကြီးမားနေသေး၏။ သူတို့က ချောက်မျက်နှာပြင်အား လှည့်ပတ်ကာ ချောက်နက်မှတဆင့် နားကွဲလုမတတ် အသံကျယ်များ ထုတ်လွှင့်နေကြသည်။
ထိုစဉ် ယဲ့ထျန်းရှင်းက သူမသည် ဤချောက်နက်ထဲ ထာဝရပိတ်မိနေတော့မည့် ဖြစ်နိုင်ခြေကို သဘောပေါက်သွားခဲ့သည်။
………………
ခုနှစ်ရက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဘက် မျှော်နန်းဆောင်အတွင်း …
လုကျိုးက မျက်လုံးဖွင့်လာသည်။ သူ့ထူးခြားအံ့ဖွယ် စွမ်းအားများ ပြန်လည်ပြည့်သွားပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ပြီးနောက် လက်ကျန် ကုသိုလ်ရမှတ်ကို စစ်ဆေးကြည့်လိုက်သည်။
ကုသိုလ်ရမှတ် - ၅၉ ၈၈၀ မှတ်
သူက သူတို့ကို အသုံးပြုပစ္စည်းကတ်များ ဝယ်ဖို့ မသုံးပေ။ ထို့အပြင် လက်ရှိကျင့်ကြံဆင့်ဖြင့် အသုံးပြုပစ္စည်းကတ်များကို အသုံးပြုခြင်းက တွက်ခြေမကိုက်တော့ပေ။ သူက မလိုလားအပ်သည့် ပြဿနာများကို ဖယ်ရှားဖို့ နောက်ဆုံးမိနစ်လေးမှ ဝယ်ယူတော့သည်။
လုကျိုးက မတ်တတ်ရပ်ကာ အရှေ့ဘက်မျှော်နန်းဆောင်မှ ထွက်လာလိုက်သည်။
မင်ရှစ်ရင်က သူ့ရှစ်စွင်း ထွက်လာသည်ကို မြင်သည့်အခါ ရောက်လာပြီး နှုတ်ဆက်လိုက်သည်။
“ရှစ်စွင်း … ချီရှစ်တိက ပြန်အကြောင်းကြားထားပါတယ်။ သူ ပြောတာက ငရဲဂိုဏ်းက ယွီစီရင်စုကို တိုက်ခိုက်နေတဲ့အတွက် ကျွန်းသခင် ဟွမ်းက အာရုံတခြားရောက်နေပါတယ်တဲ့”
“ လန်ထျန်းကျောက်စိမ်းအကြောင်းရော ပြောသေးလား” လုကျိုးက မေးလိုက်သည်။
“ကျွန်းသခင်ဟွမ်းက လန်ထျန်းကျောက်စိမ်းက ဖန်းလိုင်ကျွန်းမှာပဲ ရှိပါသေးတယ်တဲ့။ သူက ရှစ်စွင်းကို ကျွန်းဆီ ဖိတ်ကြားပြီးတော့ ကိုယ်တိုင်ကိုယ်ကျ ပြသပါ့မယ်တဲ့”
လုကျိုးက ခေါင်းညိတ်ကာ “အရမ်းကောင်းတယ်”
“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ဆယ်မှတ် ရရှိပါတယ် ”
“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ဆယ်မှတ် ရရှိပါတယ် ”
စနစ်မှ အသိပေးချက်က သူ့နားထဲ ဆက်တိုက် ထွက်ပေါ်လာသည်။
ကုသိုလ်ရမှတ် အရင်းအမြစ်အများစုက ယွီရှန်းရုန်နှင့် စီးဝူယာ့ဆီမှ ဖြစ်၏။
လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ယွီစီရင်စုဘက် လှမ်းကြည့်လိုက်သည်။
အံ့ဖွယ်မြို့တော်ကို ခြောက်လအတွင်း အုပ်စိုးနိုင်ပါ့မလား …
“ငါ ဖန်းလိုင်ကျွန်းကို သွားမယ်။ ငါ သွားတုန်း မင်းနဲ့ တွမ့်မူရှန်းက ရွှေနန်းဥယျာဉ်တောင်ကို စောင့်ရှောက်ထားနိုင်လား ”လုကျိုးက မင်ရှစ်ရင်အား ကြည့်ရင်း မေးလိုက်သည်။
“ ကိစ္စမရှိပါဘူး ” မင်ရှစ်ရင်က တွေးလိုက်မိသည်။
အခု အားလုံးက မိစ္ဆာဝေဟင်မျှော်နန်းမှာ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ရှိနေတာကို သိသိရက်နဲ့ အရူးပဲ ပြဿနာလာရှာရဲလိမ့်မယ်
“ကောင်းပြီ။ မင်းလည်း ကြိုးကြိုးစားစား ကျင့်ကြံဦး။ မင်း ရွှေကြာကို ဖြတ်တောက်တဲ့နေရာမှာ တုံ့ဆိုင်းမနေနဲ့” လုကျိုးက ပြောလိုက်သည်။
“ဟုတ် ရှစ်စွင်း … ရွှေကြာဖြတ်တောက်လိုက်တာက ကျွန်တော် အခုချက်ချင်း လုပ်နိုင်ပါတယ် ”
မင်ရှစ်ရင်က ထိုစကားများ ပြောသည့်အချိန် တိုက်တိုက်ဆိုင်ဆိုင် တွမ့်မူရှန်းက နယ်ရှင်လှံနှင့် အရှေ့ဘက် မျှော်နန်းဆောင်ဘက် ရောက်လာသည်။
“လောင်စစ် ဘယ်သွားနေပါ့လိမ့် ”
မင်ရှစ်ရင်က တုန်သွားလေသည်။ သူက လုကျိုးအား အလျှင်အမြန် ဦးညွှတ်ကာ ပြောလိုက်သည် “ ရှစ်စွင်း ကျွန်တော် လုပ်စရာလေး ရှိနေသေးလို့ သွားလိုက်ပါဦးမယ်”
သူက မြင်ကွင်းမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။
တွမ့်မူရှန်းက အရှေ့ဘက်မျှော်နန်းဆောင်ရှေ့တွင် ရပ်ရင်း ဦးညွှတ်လိုက်သည် “ ရှစ်စွင်းကို ဂါရဝပြုပါတယ်”
“ဘာလဲ ”
“ ရှစ်စွင်း စစ်ရှစ်တိကို တွေ့မိသေးလား။ ကျွန်တော် လှံနည်းစနစ်အသစ်တစ်ခု ဖန်တီးထားလို့”
လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး “မင်းတို့နှစ်ယောက် အချင်းချင်း ကူညီနေတာကို မြင်ရတာ ကောင်းတယ်”
“ ရှစ်စွင်း ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် စစ်ရှစ်တိကို ကူညီဖို့ သေချာလုပ်ပေးမှာပါ ”
“တင်း … တွမ့်မူရှန်းကို သင်ကြားဆုံးမနိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀ ရရှိပါတယ် ”
“တင်း … မင်ရှစ်ရင်ကို သင်ကြားဆုံးမနိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၂၀၀ ရရှိပါတယ် ”
ငါ စကားတစ်ခွန်းတည်းနဲ့ တပည့်နှစ်ယောက်ကို သင်ကြားဆုံးမနိုင်ခဲ့တာလား …
လုကျိုးက မင်ရှစ်ရင် ထွက်သွားသည့် နေရာသို့ လှမ်းကြည့်ရင်း ခေါင်းခါလိုက်သည်။
သူက အရှေ့ဘက်မျှော်နန်းဆောင်မှ ထွက်ကာ တောင်ဘက် မျှော်နန်းဆောင်ဆီ ဦးတည်လိုက်သည်။
သူက ခရုလေးသည် တစ်ယောက်တည်း ခန်းမအပြင်ဘက် ကျောက်ထိုင်ခုံပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရ၍ လှမ်းခေါ်လိုက်သည် “ခရုလေး”
ခရုလေးက ညင်သာနေပုံပေါ်သည့် လုကျိုးအား လှည့်ကြည့်လာသည်။ သူမက ပြုံးလိုက်ပြီးနောက် သူ့ဆီ လျှောက်လာကာ “ ချန်းပေ့ ရောက်လာပြီကိုး ”
လုကျိုးက သူမ အခြေအနေကို လေ့လာလိုက်သည်။ ခရုလေးက အခြေအနေကောင်းနေဟန်ပေါ်၏။ အရာအားလုံးက ပုံမှန် ဖြစ်နေသည်။ သူမက ထျန်းကုံ၏ အော်သံကြောင့် သက်ရောက်မှုရှိဟန် မပေါ်ပေ။
ထျန်းကုံ၏ အော်သံနှင့် အသံနည်းစနစ်က သေမျိုးများ အလွယ်တကူ တောင့်ခံနိုင်သည့်အရာ မဟုတ်ပေ။ သို့သော် သူမက လုံးဝ သက်ရောက်ခံရဟန် မပေါ်ပေ။ အကယ်၍ သူမသာ စတင်ကျင့်ကြံလိုက်လျှင် သူမအား တပည့်အဖြစ် လက်ခံဖို့က အကြံဆိုးတော့ မဟုတ်ပေ။
‘တောက်ပတဲ့လရောင်က ပင်လယ်ကို ထွန်းထင်းစေတယ်၊ အဝေးကနေ ဒီအခိုက်အတန့်ကို အတူမျှဝေနေပေမဲ့ ဒါက ငါဂရုစိုက်သမျှ အရာရာအတွက် နိမ့်ဆင်းသွားစေနိုင်တယ်’
“ငါနဲ့အတူတူ ဖန်းလိုင်ကျွန်းကို လိုက်ခဲ့မလား” လုကျိုးက မေးလိုက်သည်။
“အင်း” ခရုလေးက ခေါင်းညိတ်လိုက်၏။
နှစ်ယောက်သား ထွက်သွားတော့မည့်ဆဲဆဲတွင် ရှောင်ယွမ်အာက လက်ထဲတွင် အပြာရောင် အဝတ်ကို ကိုင်ရင်း ပြေးထွက်လာသည်။
“ရှစ်စွင်းကို ဂါရဝပြုပါတယ်”
လုကျိုးက ရှောင်ယွမ်အာကို သိချင်စွာ ကြည့်လိုက်သည်။
ဒီကောင်မလေးက စည်ကားတာကို သဘောကျတဲ့လူ … ငါ့နောက်ကို လိုက်ချင်နေတာပဲ ဖြစ်ရမယ်
“အဲဒါဘာလဲ”
ရှောင်ယွမ်အာက ခရုလေးဆီ ရောက်လာကာ ပြောလိုက်သည်။
“ဒါက အာ့ရှစ်ရှိုး ငါ့ကို ပေးထားတဲ့ တိမ်တိုက်ငှက်မွေး အဝတ် .. နင့်ကို ပေး … ငှားလိုက်မယ်။ ငါ့လောက် အားကောင်းတဲ့အချိန်ကျ ပြန်ပေးရမယ် ဟုတ်ပြီလား ”
ခရုလေးက တိမ်တိုက်ငှက်မွေး အဝတ်အား ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ “ အင်း … ရှစ်ကျဲယွမ်အာ ကျေးဇူးပါ”
“ ကိစ္စမရှိပါဘူး ”
နှစ်ယောက်သား အခန်းအတွင်း သွားကာ ခရုလေးအား အဝတ်အသစ် လဲပေးလိုက်သည်။
သူတို့က အရပ်တူ၊ ခန္ဓာကိုယ် ပုံစံ အတူတူ ဖြစ်ကြလေသည်။ ခရုလေးက တိမ်တိုက်ငှက်မွေး အဝတ်ကို ဝတ်ဆင်ပြီးသည့်နောက်တွင် နတ်မိမယ်လေးနှင့် တူသွားသည်။
သူတို့ ဆက်ဆံရေးက လုကျိုး ထင်ထားသည်ထက် ကျော်လွန်နေ၏။
ရှောင်ယွမ်အာက လုကျိုးရှေ့ ရပ်လိုက်ကာ ပြောလိုက်သည် “ရှစ်စွင်း ဘေးကင်းကင်းသွားပါ ”
“မင်းရော မလိုက်ဘူးလား” လုကျိုးက မုတ်ဆိတ်သပ်ကာ မေးလိုက်သည်။ သူက ထိုမိန်းကလေး ရင့်ကျက်သွားသည်ကို အသားမကျသေးပေ။
“ဟင် ”
“ ဘာရပ်လုပ်နေတာလဲ။ သွားမယ်လေ” လုကျိုးက လှည့်သွားလေသည်။
ရှောင်ယွမ်အာ “ …”
သူမက တွေးလိုက်မိသည်။
ငါ့တိမ်တိုက်ငှက်မွေး အဝတ်ကို ပြန်ယူလို့ ရသေးလား ….
လုကျိုက ရှောင်ယွမ်အာကို တစ်ပါတည်း ခေါ်သွားဖို့ စီစဉ်ထားပြီးသား ဖြစ်၏။ ခရုလေးက ကျင့်ကြံသူ မဟုတ်သေးပေ။ သူ့အနေနှင့် ရှောင်ယွမ်အာ သူမကို စောင့်ရှောက်ပေးမှသာ ပို၍ လုံခြုံသည်ဟု ခံစားမိလေသည်။
သုံးယောက်သား နတ်ခြင်္သေ့ကို စီးနင်းကာ မိစ္ဆာဝေဟင်မျှော်နန်းမှ အရှေ့တောင်ဘက်သို့ ထွက်သွားလိုက်ကြသည်။
…………………
တစ်ရက်တာ ပျံသန်းလာပြီးသည့်နောက်တွင် သုံးယောက်သား အရှေ့ဘက်မှ ပင်လယ်အထက် ရောက်လာကြသည်။ သူတို့က ခဏကြာ နားလိုက်ပြီးနောက် ဆင်းသက်လိုက်သည်။
“ရှစ်စွင်း လေထဲမှာ ကျွန်းတစ်ကျွန်း ရှိနေတယ် ”
ရှောင်ယွမ်အာက ကမ္ဘာအသစ်ကို မြင်တွေ့ရသည့်အလား လက်ညှိုးထိုးကာ ပြောနေသည်။
မျောလွင့်နေသည့် ကျွန်းကို တိမ်ကင်းမဲ့သည့် ဝေဟင်ကြား ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ ထိုအရာက နီးသလိုလို ဝေးသလိုလို ဖြစ်နေသည်။
လုကျိုးက ခေါင်းညိတ်လိုက်သည့်အခါ သူ့နားထဲ အသံတစ်သံ ထွက်ပေါ်လာသည်။ “ကျိချန်းပေ့ကို ဂါရဝပြုပါတယ် ”
လုကျိုးက အနည်းငယ် အံ့အားသင့်သွားလေသည်။
တစ်ယောက်ယောက်က သူ့ကို မှတ်မိနေတာလား …
သူက စဉ်းစားနေရင်း လှည့်ကြည့်လိုက်သည့်အခါ ဓားသမား ကျင့်ကြံသူများစွာကို ဦးဆောင်လာသည့် လူလတ်အရွယ် အမျိုးသားကို မြင်လိုက်ရသည်။
လုကျိုးက သူ့အား အကဲခတ်လိုက်၏။ သူက ထိုအမျိုးသားကို မသိသည်မှာ သေချာလေသည်။
ထို့နောက် သူက မေးလိုက်သည်။ “ငါတို့ တွေ့ဖူးလား”
ထိုအမျိုးသားက ရယ်မောလိုက်သည်။ သူကလည်း လုကျိုးအား အကဲခတ်ကာ “ လူအိုကြီး … ခင်ဗျားရဲ့ သွင်ပြင်နဲ့ သဘောရိုးလို့တောင် ထင်တော့မလို့”
လုကျိုးက နားရှုပ်သွားလေသည်။ “ဘာပြောချင်တာလဲ”
“ကျုပ်က ထိုက်ရွှီကျောင်းတော်ရဲ့ မဟာအကြီးအကဲ ကျန့်လီကျစ်ပဲ။ ဒီနေ့ ဖန်းလိုင်ဂိုဏ်းက သူတို့ကို ကူပေးဖို့ ဖိတ်ကြားထားဖို့ ရောက်လာတာ။ လူအိုကြီး ကျုပ် လာနေတဲ့ ခရီးတစ်လျှောက် ခင်ဗျားက တတိယအယောင်ဆောင်ပဲ။ ခင်ဗျားက သူနဲ့ အတူဆုံးပဲ” ကျန့်လီကျစ်က အပြုံးလေးဖြင့် ပြောလာသည်။
လုကျိုး၏ အမူအရာက မှုန်မှိုင်းသွားပြီး ခက်ထန်စွာ မေးလိုက်သည် “ ဘယ်သူက ငါ့အယောင်ဆောင်ရဲတာလဲ”
...
အခန်း (၅၀၇) ရွှေရောင်ထိုက်ရွှီကြေးမုံ
တင်းဖန်ချိုးနှင့်အရေးကိစ္စကို ဖြေရှင်းပြီးချိန်မှစပြီး လုကျိုးသည် သူ့ကဲ့သို့အယောင်ဆောင်ရဲသည့်သူ မရှိဟု တွေးထင်နေတာဖြစ်သည်။ တစ်ယောက်ယောက်က ထိုမျှအတင့်ရဲလိမ့်မည်ဟု သူ မထင်ထားပေ။
ကျန့်လိကျစ်က ပြုံးပြီးပြောလိုက်သည်။ “အဘိုးကြီး ခင်ဗျားရဲ့သရုပ်ဆောင်မှုက ဟာကွက်မရှိသလောက်ပဲ။ သွားကြမယ်”
“ဟမ်” လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့လိုက်သည်။ ပြီးနောက် သူက လေးနက်တည်ကြည်သောလေသံဖြင့်ပြောလိုက်၏။
"ငါက မိစ္ဆာဝေဟင်မျှော်နန်းသခင်ပဲ”
သူ့စကားနှင့် ဆန့်ကျင်ဖက်ဖြစ်လျက် သူ့အမူအရာက အရိုအသေပေးဟန်ပြုပြီး ကျန်သည့်သူကို သူ့မျက်လုံးများနှင့်လေသံများကမူ လုကျိုးကိုပြက်ရယ်ပြုနေတာသိသာ၏။
ထိုက်ရွှီကျောင်းတော်၏ တပည့်များကလည်း ခေါင်းညိတ်ပြီးပြောလိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် လောင်ချန်းပေ့ကျိ”
လုကျိုးက မေးလိုက်သည်။ "ထိုက်ရွှီကျောင်းတော်လား”
“အမိန့်အတိုင်းပါ” ကျန့်လီကျစ်က ရယ်ကျဲကျဲပြောလိုက်သည်။
ထိုစဉ် လုကျိုးက ထိုက်ရွှီကျောင်းတော်နှင့် ဟုန်ချူးအခွဲမှလူများသည် ခရုလေးအတွက် တိုက်ခိုက်ခဲ့ကြောင်း အမှတ်ရသွား၏။ သို့မှသာ သူမကို အသုံးချပြီး သားရဲများကို ယဉ်ပါးနိုင်အောင် ပြုလုပ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သော အဖွဲ့အစည်းသည် သူတို့ရင်ထဲက အကြင်နာတရားကြောင့် ဖန်းလိုင်ဂိုဏ်းကို ကူညီမည်လော။
ကျန့်လီကျစ်၊ ကျန်းယွမ်ရီ ... လုကျိုးက ထိုအမည်များက အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်မိသည်။ “မင်းက ဒီကို ဖန်းလိုင်ကျွန်းရဲ့ဖိတ်ကြားချက်ကြောင့်ရောက်လာတာလား” လုကျိုးက မေးလိုက်သည်။
ထိုစကားကိုကြားသောအခါ ကျန့်လီကျစ်က ခါးမတ်လျက် လုကျိုးဖက်လှည့်ကာ လက်သီးဆုပ်မိုးပြီး ပြောလိုက်သည်။
“အဘိုးကြီး တော်လောက်ပြီ။ အသေးစိတ်ကို မသိပေမဲ့ အရာအားလုံးက ဖန်းလိုင်ကျွန်းကိုရောက်တာနဲ့ ရှင်းရှင်းလင်းလင်းဖြစ်သွားမှာပဲ” ထိုသို့ပြောပြီးနောက် သူက လက်ကိုဝေ့ယမ်းလိုက်သည်။
ထိုက်ရွှီကျောင်းတော်၏ တပည့်များက လေထဲလျှောက်လှမ်းကာ ပင်လယ်ရေမျက်နှာပြင်နား ကပ်သွားသည်။
လုကျိုးသည် ပင်လယ်အထက် ပျံဝဲနေသောကျွန်းကိုမော့ကြည့်လိုက်၏။ ၎င်းက ဆီဆေးပန်းချီကားတစ်ချပ်နှင့် ဆင်တူသည်။ ကျွန်း၏အစွန်းနားကနေ ရေစက်ရေမွှားများ ကျဆင်းနေ၏။ ဤအခိုက်အတန့်တွင် ကျွန်းနားရှိအရံအတားက အားနည်းနေပြီး အလင်းကတောင် မှိန်နေပုံရသည်။
“ယွမ်အာ ... သွားကြမယ်”
“ဟုတ်”
ရှောင်ယွမ်အာသည် ခရုလေးကိုခေါ်လျက် ကျွန်းဆီသို့ပျံသန်းသွားလိုက်သည်။ သူတို့ကျွန်းကနေ ထွက်လာတာ အချိန်အတော်ကြာပြီးနောက် သူတို့မရောက်သေးပေ။ လုကျိုးပြောသည့်အတိုင်း ကျွန်းက နီးသည်ဟု ထင်ရသော်ငြား အတော်ဝေးသည်။ သူတို့လေထဲတွင် ခရီးဆက်နေ၏။ သူတို့သည် ကမ်းရိုးတန်းကို မှုန်ဝါးဝါးမြင်ရသော်ငြား ဖန်းလိုင်ကျွန်းသို့မရောက်သေးပေ။
အချိန်တချို့ကြာပြီးနောက် လုကျိုး၏မျက်စိထဲရှိကျွန်းက ပိုရှင်းလာတော့သည်။ ကျွန်းငါးကျွန်း အတူတကွ စုဝေးနေ၏။ ကျွန်းလေးကျွန်းက အလယ်တွင် ကျွန်းတစ်ကျွန်းကိုဝိုင်းထားသည်။ ကျွန်းအားလုံးသည် အပြာရောင်အလင်းဖျော့ဖျော့လင်းနေလျက် ပင်လယ်မှ အလင်းဟပ်တာဖြစ်သည်။ ဧရာမအစီအရင်ကြီးလေးခုက အလင်းရောင်တောက်ပနေလျက် မိုင်ချီဆန့်တန်းနေပုံပေါ်သည်။ ကျွန်းများက စီတန်းနေ၏။ စိမ်းစိုမှုကို နေရာအနှံ့တွေ့ရသည်။
“လှလိုက်တာ” ခရုလေးက ကျွန်း၏မြင်ကွင်းကို သဘောကျစွာပြောလိုက်တော့၏။
“အဲ့မှာ လူတွေအများကြီးပဲ။" ရှောင်ယွမ်အာသည် ကျွန်းဝင်ပေါက်ကိုလက်ညှိုးထိုးပြလိုက်သည်။
ဝင်ပေါက်သည် ကျောက်ဆောင်များဖြင့်ပြုလုပ်ထားသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ ချဲ့ကားလိုက်တာ ယင်းက ဖန်းလိုင်ကျွန်းဖြစ်ပြီး လူတိုင်းလာရောက်လည်ပတ်ချင်သော နေရာတစ်ခုဖြစ်သည်။
လုကျိုး၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့က ကျွန်းဆီလျှောက်လာ၏။ ထိုစဉ် တစ်စုံတစ်ယောက်က လူအုပ်ကြီးထဲကနေ ပြေးထွက်လာ၏။
“လောင်ချန်းပေ့ကျိ ... ကျွန်တော်တို့ထပ်တွေ့ကြပြန်ပြီ” ထိုလူက ချင်းယွင်ဓားဂိုဏ်း၏ မဟာအကြီးအကဲမာချင်း ... သူ လွန်ခဲ့သည့်ရက်အနည်းငယ်က လို့လန်သားလန်နီကိုဖြေရှင်းစဉ်က တွေ့ခဲ့ဖူးသည့်သူပဲ ဖြစ်သည်။ သူနှင့်အတူ တပည့်များကိုလည်းခေါ်လာ၏။ သူတို့လတ်တလောတွင် တွေ့ထားသောကြောင့် သူနှင့်ရင်းနှီးပေသည်။
ချင်းယွင်ဓားဂိုဏ်းသားများသည် တညီတညွတ်တည်း အရိုအသေပေးလိုက်ရာ ဖြတ်သန်းသွားလာသူများ၏ အာရုံစိုက်မှုကို ရသွားတော့သည်။ ထိုနေရာတွင်ရှိသည့်လူအများစုက ဂိုဏ်းအသီးသီးမှ မိတ်ဆွေများဖြစ်သည်။
လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်သည်။
“ဒါမျိုးအာလာပသလာပတွေမလိုဘူး” ပြီးနောက် သူသည် ကျန်သည့်ကျွန်းများဝန်းရံနေသော ကျွန်းကို ကြည့်လိုက်သည်။ ထိုစဉ် ထိုက်ရွှီကျောင်းတော်မှ မဟာအကြီးအကဲ ကျန့်လီကျစ်က လျှောက်လာပြီး မာချင်း၏ပခုံးကို ပုတ်ကာပြောလိုက်တော့၏။
“အစ်ကိုမာချင်း တကယ်တူပါပေရဲ့”
“ဘယ်သူနဲ့တူတယ်ထင်တာလဲ” မာချင်းသည် ကျန့်လီကျစ်ဆီကနေခွာလိုက်၏။
ကျန့်လီကျစ်ကဆက်ပြောနေ၏။
“ဒီလူကြီးမင်းက ကျုပ်အရင်က တွေ့ဖူးသမျှတွေထဲမှာ လောင်ချန်းပေ့ကျိနဲ့အဆင်ဆုံးပဲ။ ဘယ်လိုထင်လဲ အစ်ကိုမာ”
မာချင်းက မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။ သူက ကျန့်လီကျစ်ကို စေ့စေ့စပ်စပ်ကြည့်ရှုကာ ကျန့်လီကျစ်ရူးသွားပြီဟု တွေးလိုက်သည်။
သူက ပြောလိုက်၏။ “မင်း ဘာပြောနေလဲဆိုတာ ငါမသိဘူး။ ဒါက တကယ်မိစ္ဆာဝေဟင်မျှော်နန်းရဲ့ဂိုဏ်းချုပ်ပဲ ... မရိုင်းနဲ့”
ကျန့်လီကျစ်က ကြက်သေသေသွားလေ၏။ သို့သော်ငြား ခဏသာကြာသွားကာ သူကပြုံးပြီး ပြောလိုက်၏။
“ကျုပ်သိပြီ ... ကျုပ်သိပြီ ခင်ဗျားက အမြဲတမ်း သံခင်းတမန်လုပ်တတ်တာကိုး။ ခင်ဗျားကို ကျုပ် တကယ်သဘောကျမိပါရဲ့” ပြီးနောက် သူက လုကျိုးဖက်လှည့်ကာ လေးစားသောလေသံဖြင့် ပြောလိုက်သည်။ "နှုတ်ခွန်းဆက်ပါတယ် လောင်ချန်းပေ့ကျိ”
လုကျိုးက ကျန့်လီကျစ်ကို လျစ်လျူရှုထား၏။ သူ၏အတွေးများက ကျွန်းအလယ်တွင်သာရှိနေသည်။
ကျန့်လီကျစ်က လုကျိုး၏သဘောထားကို စိတ်ထဲမထားပေ။ အရိုအသေပေးပြီးနောက် သူက မာချင်းကို ခေါ်ပြောလိုက်သည်။
“ဘယ်လိုလိမ်လိမ် ကျုပ်က ခင်ဗျားထက်ပိုပြီး လေးစားမှုပြထားပါရဲ့”
“ကျန့်လီကျစ် မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ” မာချင်းသည် ကျန့်လီကျစ်ကို နားမလည်ပေ။ “မင်း တစ်ယောက်ယောက်ကို ဆွဲချဖို့ကြိုးစားနေတာဆိုရင် ကျေးဇူးပြုပြီး တခြားတစ်ယောက်ကို သွားရှာလိုက်”
ဆိုရိုးစကားရှိသည့်အတိုင်း ညံ့ဖျင်းသောအသင်းသားတစ်ယောက်ရှိခြင်းသည် နတ်ဘုရားကဲ့သို့ ပြိုင်ဘက်တစ်ယောက်ကို ရင်ဆိုင်ရတာထက်ပိုဆိုး၏။
“ကျုပ်က ခင်ဗျားလုပ်တဲ့အတိုင်းလုပ်ရုံပဲလေ” ကျန့်လီကျစ်က သိသည်ဟူသောအပြုံးဖြင့် ပြောလိုက်သည်။
မာချင်း၏မျက်နှာက သေလုနီးပါး ဖြူဖျော့သွားသည်။ သူ၏အမူအရာက သုန်မှုန်သွားကာ မှန်ကန်ဖြောင့်မတ်သော အမူအရာဖြင့် ပြောလိုက်တော့သည်။ “ကျန့်လီကျစ် ငါ တကယ်ပြောနေတာ ... မင်းရှေ့က ဒီပုဂ္ဂိုလ်က လောင်ချန်းပေ့ကျိ ပွင့်ချပ်ကိုးလွှာကျွမ်းကျင်သူ”
“ဟုတ်ပါပြီ... ဟုတ်ပါပြီ... ဟုတ်ပါပြီ... ကျုပ် ခင်ဗျားကိုယုံတယ်။ ဒါဆို အခု ခင်ဗျားပျော်ပြီလား”
ကျန့်လီကျစ်က ခေါင်းညိတ်လိုက်၏။
“ဒါကမှ ဟုတ်သေးတယ်” မာချင်းကပြောလိုက်သည်။ "ငါတို့တွေနောက်ပြန်မလှည့်ရင် မင်းပြောတဲ့ကိစ္စတွေကြောင့် ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ပစ်မှာ” “ဟေ့အခုတော့ ဒါကကော” ကျန့်လီကျစ်ပြောပြီးသည်နှင့် ...
ဝှစ်
အလယ်ရှိကျွန်းက ဆယ်မီတာခန့် နစ်သွားသည်။
လူတိုင်းက အလယ်တွင်မျောလွင့်နေသော ကျွန်းကိုကြည့်နေသောကြောင့် သူတို့ ထိတ်လန့်ကုန်၏။ မကြာမီ၌ ကျင့်ကြံသူများသည် သူတို့ဖာသာစတင်ဆွေးနွေးတော့သည်။
“မျောလွင့်ကျွန်းက သူတို့ဖာသာ ထပ်နှစ်ပြန်ပြီ။ ဒီနှုန်းနဲ့ဆိုရင် ကျွန်းက သမုဒ္ဒရာအောက်ခြေကို နစ်မြှပ်သွားဖို့သိပ်မလိုတော့ဘူး။ အချိန်ကျလာရင် အစီအရင်ပျက်စီးပြီး ကျန်တဲ့ကျွန်းတွေလည်းမြှုပ်သွားမှာ”
“မင်းဒီလိုပြောတော့မှ ဖန်းလိုင်ကျွန်းက တကယ်ဒုက္ခရောက်နေပြီပဲ”
ကျင့်ကြံသူများစွာကလည်း တူညီသည့်အမြင်များမျှဝေကြသည်။
သူတို့တွေမှ တစ်ယောက်က လေထဲပျံတက်ကာ ကျွန်းဆီသို့အသံလွှတ်ပြီးပြောလိုက်သည်။
“ကျွန်းသခင်ဟွမ်းက အနားမှာမရှိဘူးဆိုတော့ ကျွန်းသခင်မဟွမ်းက တာဝန်ယူမလားဆိုတာ နှိမ့်ချပြီးမေးပါရစေ”
“ဟုတ်တယ် ကျေးဇူးပြုပြီး တာဝန်ယူပေးပါ ကျွန်းသခင်မ”
“ဧည့်သည့်တွေကို ဘယ်လိုလုပ် အပြင်မှာ စောင့်ခိုင်းတာရတာလဲ။ ရက်တွေကြာနေပြီ”
တစ်စုံတစ်ယောက်က စောဒက စတက်တော့သည်။
ထိုစဉ် ဧရာမနန်းဆောင်တံခါးက ဖြည်းဖြည်းချင်းပွင့်လာ၏။ ဝတ်ရုံဝါဖြင့် အမျိုးသမီးဆယ်ယောက်ကျော်က လက်ထဲတွင် စက္ကူထီးများ သယ်ထားလျက် သူတို့ဆီသို့ ပျံသန်းလာသည်။ စက္ကူထီးများက စတုရန်းသဏ္ဌာန်စီထားသည်။ ကြော့ရှင်းပြီး ခမ်းနားသော အမျိုးသမီးတစ်ဦးက ထီးများပေါ်တွင်ရပ်နေ၏။
“နှုတ်ခွန်းဆက်ပါတယ် ဟွမ်းသခင်မ” အမျိုးသမီးက ကျွန်းသခင်ဟွမ်းရှစ်ကျဲ၏ဇနီးပဲဖြစ်သည်။
ဟွမ်းသခင်မ၏အမူအရာကတည်ငြိမ်နေကာ သူမရှေ့ရှိမြင်ကွင်းကိုကြည့်လိုက်သည်။ သူမသည် အင်ပါယာ၏နေရာအနှံ့ကနေလာသော ကျင့်ကြံသူများကို ကြည်လင်သောအသံဖြင့်ပြောလိုက်သည်။
“အားလုံးကို ကြိုဆိုပါတယ်။ စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်”
ကျန့်လီကျစ်က ပထမဆုံးရှေ့တက်လာသူဖြစ်သည်။ သူကမော့ကြည့်ပြီးပြောလိုက်သည်။
"ကျွန်းသခင်ဟွမ်း ဘယ်မှာလဲ”
“ကျွန်းသခင်က လက်ရှိမှာ အရေးကြီးကိစ္စရှိနေလို့ပါ။ အခုပြန်မလာသေးဘူး။ ဖန်းလိုင်ကျွန်းနဲ့ သက်ဆိုင်တဲ့အရေးကြီးကိစ္စအဝဝကို ကျွန်မတာဝန်ယူမှာပါ” ဟွမ်းသခင်မ၏အကြည့်က အနည်းငယ် မှုန်မှိုင်းနေသည်။ ဤနေရာတွင် စုဝေးလာကြသော ကျင့်ကြံသူများအပေါ် သူမ၏ကျေးဇူးတရားများ တစွန်းတစမှ ရှိပုံမရပေ။
တစ်စုံတစ်ယောက်က ပြောလိုက်သည်။
"ဟွမ်းသခင်က ကျွန်းမြှုပ်တာထက် ပိုအရေးကြီးတဲ့ကိစ္စဘယ်လိုလုပ်ရှိမှာလဲ။ သူ မစိုးရိမ်ဘူးလား”
“အင်း” ဟွမ်းသခင်မက ထိုစကားကိုကြားသောအခါ ခေါင်းအနည်းငယ်ညိတ်လိုက်သည်။ မျောလွင့်ကျွန်း မြှုပ်သွားသည်နှင့် ဖန်းလိုင်ကျွန်းက ထာဝရပျောက်သွားလိမ့်မည်။ သူမဖာသာ ခဏတာ ရေရွတ်နေပြီးနောက် ဟွမ်းသခင်မက ကျယ်လောင်စွာပြောလိုက်၏။
“ကျွန်မတို့ အရင်သဘောတူညီချက်အတိုင်းပဲ။ မျောလွင့်ကျွန်းရဲ့ အစီအရင်ကို ပြန်လည်တည်ဆောက်ပေးနိုင်တဲ့သူတိုင်းကို ဖန်းလိုင်ကျွန်းက ကျေးဇူးတင်မယ်။ ဖန်းလိုင်ကျွန်းရဲ့ ကျေးဇူးတင်ရှိမှုရမယ်”
ထိုက်ရွှီကျောင်းတော်မှ ကျန့်လီကျစ်ကပြောလိုက်သည်။
“ကျုပ် ဘာကိုမှမလိုချင်ဘူး။ ဒါပေမဲ့ လန်ထျန်းကျောက်စိမ်း”
“မရဘူး” တစ်စုံတစ်ယောက်ကပြန်ပြောလိုက်သည်။
“သူက မင်းကို အဲ့ဒါဘာကြောင့်ပေးရမှာလဲ။ ငါတို့လဲ တစိတ်တပိုင်းပါတာပဲ” ထိုစကားများကို ကြားပြီးနောက် လုကျိုးသည် အခြေအနေကို ဝေဝါးဝါးနားလည်သွားသည်။ တစ်မိုးအောက်ရှိဖြစ်ရပ်များက အကျိုးအမြတ်တို့နှင့် အများစု သက်ဆိုင်နေသည်။ စိတ်ကောင်းစေတနာဖြင့် ပရဟိတဆောင်ရွက်သည်ဟူသော ကိစ္စရပ်မျိုးမရှိပေ။
ဟွမ်းသခင်မသည် သူတို့တည်ရှိမှုကိုမလိုလားတာ အံ့ဩစရာမရှိပေ။ သူမအမြင်အရ အဝေးကနေ လာကြသော ကျင့်ကြံသူတစ်စုသည် စားစရာအတွက် အူနေကြသော ရိုင်းစိုင်းကြမ်းကြုတ်သည့် ဝံပုလွေတစ်သိုက်သာ ဖြစ်သည်။ သူတို့က ကျွန်းကို ကာကွယ်ပေးသည်ဟူသောအမည်ဖြင့် ရတနာများ၊ ကြွယ်ဝချမ်းသာမှုများကိုတောင် ယူလာနိုင်ချေများသေးသည်။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် ဤနေရာရှိလူအများစုက ကုန်းဆင်းရန်စောင့်နေကြသူများဖြစ်သည်။
ထိုစဉ် ချင်းယွင်ဓားဂိုဏ်း၏မဟာအကြီးအကဲမာချင်းက လက်သီးဆုပ်မိုးလျက်ပြောလိုက်သည်။
“အားလုံးပဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ”
ကျန်သည့်သူများက မာချင်းကိုလှည့်ကြည့်လိုက်သည်။ မာချင်းက တလေးတစားပြောလိုက်သည်။
"ကျွန်းသခင် ဒီမှာ မရှိဘူးဆိုတော့ ကျုပ်တို့တွေ မိစ္ဆာဝေဟင်မျှော်နန်းရဲ့လောင်ချန်းပေ့ကျိကို တာဝန်ယူခိုင်းသင့်လား” မာချင်း၏စကားသည် လှိုင်းထောင်ချီတက်သွားစေသည့် ကျောက်စရစ်ခဲတစ်ခဲပမာ ဖြစ်နေသည်။
မိစ္ဆာဝေဟင်မျှော်နန်းရဲ့လောင်ချန်းပေ့ကျိလား ...
လူတိုင်းက လူအုပ်ကြီးထဲတွင် ရှာဖွေလိုက်သည်။ မကန်းသည့်သူများကမူ ကျွန်း၏အဆုံးတွင် ထုံထိုင်းထိုင်းပုံစံ ဖြစ်နေသည့် မိန်းကလေးနှစ်ယောက်နှင့် ရပ်နေသောအဘိုးအိုကို တွေ့လိုက်ရ၏။
“လောင်ချန်းပေ့ကျိလား ... သူ ဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ”
“သူ ဒီအတိုင်း သိုသိုသိပ်သိပ်နေနေကျလား”
အချို့က ထိတ်လန့်နေလျက် ကျန်သည့်သူများက ဇဝေဇဝါဖြစ်သွားသည်။
ထီးပေါ်၌ ရပ်နေသောဟွမ်းသခင်မကလည်းလှမ်းကြည့်လာ၏။
ကျန့်လီကျစ်က ပြောလိုက်၏။ “အစ်ကိုမာ ခင်ဗျားဟန်ဆောင်တာ လွန်လွန်းသွားပြီမထင်ဘူးလား”
မာချင်းက နှာခေါင်းရှုံ့ကာပြောလိုက်၏။
"ချင်းယွင်ဓားဂိုဏ်းသားတွေ ငါ့စကားကိုနားထောင်ကြ။ ဒီနေ့ကစပြီး ချင်းယွင်ဓားဂိုဏ်းသားတွေ ထိုက်ရွှီကျောင်းတော်နဲ့ ရေစက်အားလုံးဖြတ်တောက်ပြီ”
“…”
ကျန့်လီကျစ်ကပြောလိုက်သည်။ “သူသာ လောင်ချန်းပေ့ကျိဆိုရင် ခင်ဗျားဒါကို ဘယ်လိုရှင်းပြမှလဲ။" သူက လက်မြှောက်လိုက်၏။
ကျန်သည့်သူများက ကျန့်လီကျစ်ကိုကြည့်လိုက်ကြသည်။
ကျန့်လီကျစ်သည် ကြက်ဥအရွယ်အစားခန့်ရှိသော ကြေးမုံတစ်ချပ်ကိုကိုင်ဆောင်ထားသည်။ ကြေးမုံက ရွှေရောင်အဆင်တန်ဆာများဖြင့် သစ်ထွင်းစာများ အစီအရင်သွေးကြောများဖြင့် အလှဆင်ထားသည်။
ထိုက်ရွှီကြေးမုံလား
ရုတ်ရုတ်သဲသဲ ဖြစ်လာတော့သည်။
ထိုက်ရွှီကြေးမုံသို့မဟုတ် ရွှေရောင်ထိုက်ရွှီကြေးမုံ ... ယင်းက ကျင့်ကြံခြင်းလောကထဲ၌ နာမည်ကြီးသည်။ သို့သော် ၎င်းက တစ်စုံတစ်ယောက်၏ကျင့်ကြံဆင့်ကို မြင့်အောင် သို့မဟုတ် ခွန်အားမြင့်အောင် ကူညီပေးနိုင်ခြင်းမရှိသောကြောင့် မည်သူကမှ အာရုံသိပ်မစိုက်ပေ။
“ရွှေရောင်ထိုက်ရွှီကြေးမုံက ထိုက်ရွှီကျောင်းတော်ထဲမှာ အသန့်စင်ဆုံးမှန်လို့ပြောလို့ရတယ်။ အရာဝတ္ထုတစ်ခုရဲ့စစ်မှန်မှုကို သက်သေပြနိုင်ပြီး လူတစ်ယောက်ရဲ့ကျင့်ကြံဆင့်ကိုစစ်ဆေးပေးပြီး နက်ရှိုင်းလှတဲ့အသူရာရဲ့အနက်ကို ကြည့်ပေးနိုင်တယ်။ ထိုက်ရွှီကျောင်းတော်က ဒီကိစ္စကိုအလေးထားတာကြောင့် ရတနာကိုသယ်လာတာပဲ”
ကျန့်လီကျစ်က လက်သီးဆုပ်မိုးလျက် ကျယ်လောင်စွာပြောလိုက်သည်။ "ဂိုဏ်းချုပ်ရဲ့အမိန့်အရ ရွှေရောင်ထိုက်ရွှီကြေးမုံနဲ့အတူ ကျုပ်က ဖန်းလိုင်ဂိုဏ်းကို ကူညီပေးဖို့ ဒီကိုရောက်လာတာပဲ”