အခန်း (၂၅၁)
Vol. 26 Ch. 251
လင်းဖုန်းနှင့် လျူရန် အမည်ရှိ အဖွဲ့ခေါင်းဆောင်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး မှင်သက်စွာ ကြည့်လိုက်မိကြသည်။
မဖြစ်နိုင်တာ... ဒီမျိုးဆက်ရဲ့ ထိပ်တန်းပါရမီရှင် နှစ်ယောက်လုံးက ဒီလောက်အထိ အရှက်တကွဲ ရှုံးသွားတာတဲ့လား။
လက်သီးတစ်ချက်တည်းနဲ့….
အင်း...
တိုက်ပွဲကို တိုက်ရိုက်ကြည့်ရှုခွင့် မရလိုက်သဖြင့် စိတ်ကူးကြည့်ရန်ပင် ခက်ခဲနေတော့သည်။
ဒါက အစစ်အမှန်လား ဒါမှမဟုတ် လုပ်ကြံထားတာလား။ ဘာကြောင့် သာမန်နိယာမတွေကို ဒီလောက်တောင် ဆန့်ကျင်နေရတာလဲ။
အဘွားအို ကျောင်းအုပ်ကြီးက သက်ပြင်းတစ်ချက်ချကာ “ဒါက အကြောက်စရာအကောင်းဆုံး အစိတ်အပိုင်းတောင် မဟုတ်သေးဘူးကွဲ့။ မှန်ရိပ်အရှင်သခင်နဲ့ တခြားကလေး ၆ ယောက်ဟာ သူတို့ရဲ့ မျက်စိ၊ နား၊ နှာ၊ ပါးစပ်တွေကနေ သွေးထွက်သံယိုဖြစ်ပြီး ရက်ဝက်လောက် အိပ်ရာထဲလဲမယ့် အဖိုးအခကို ပေးဆပ်ပြီးတော့ ရွှီရန်ရဲ့ မှန်ရိပ် တစ်ခုကို ဖန်တီးခဲ့ကြသေးတယ်။ ဒါတောင်မှ သူတို့ ရှုံးသွားခဲ့တာပဲ” ဟု ပြောလိုက်သည်။
“အဘွားတို့လို လူကြီးတွေကတော့ အဲဒီတိုက်ပွဲအကြောင်းကို စကားလုံးနဲ့ ဖော်ပြဖို့တောင် ခက်ပါတယ်။ မင်းတို့ပဲ အဲဒီတိုက်ပွဲ ဗီဒီယိုမှတ်တမ်းကို ရှာပြီး ကိုယ်တိုင်ပဲ ကြည့်ကြပါတော့”
ကျောင်းအုပ်ကြီး၏ ဖော်ပြရခက်သော အမူအရာကြောင့် နတ်ဘုရားသတ်အဖွဲ့ ဝင် ၁၄ ဦးစလုံးမှာ မျက်လုံးများပင် ပြာဝေသွားကြသည်။
သူတို့ သဘောပေါက်လိုက်သည်မှာ သူတို့ သိထားသည့် ရွှီရန်နှင့် မနေ့က တိုက်ပွဲထဲမှ ရွှီရန်မှာ တစ်ခြားစီ ဖြစ်နေသကဲ့သို့ပင်။
အားဟောင်က မျက်ခုံးပင့်လျက် “အဲဒီကောင်လေး... ငါတို့နဲ့ လေ့ကျင့်တုန်းက သူ့ရဲ့ ဝှက်ဖဲတွေကို ဖုံးကွယ်ထားခဲ့တာများလား” ဟု မေးလိုက်သည်။
လင်းဖုန်းက လေသံပြင်းပြင်းဖြင့် “မဖြစ်နိုင်တာလည်း မဟုတ်ဘူး။ သူက စက္ကူရုပ်တပ်မတော်ကိုပဲ အမြဲအားကိုးပြီး ကိုယ်တိုင်တောင် လက်ဖျားနဲ့ မတို့ချင်တဲ့ပုံစံမျိုး။ ရံဖန်ရံခါမှသာ စူပါပေါက်ကွဲအားပြင်း ဓားချက်ကို တစ်ချက်၊ နှစ်ချက်လောက် သုံးပြတာလေ” ဟု ပြောလိုက်သည်။
ရှောင်ရွှေးကလည်း “ဒါက ဝှက်ဖဲ မဟုတ်ဘူးလား ငါကတော့ စက္ကူရုပ်တပ်မတော်ကပဲ သူ့ရဲ့ အစွမ်းထက်ဆုံး ဝှက်ဖဲလို့ အမြဲ ထင်ခဲ့တာ” ဟု မှတ်ချက်ပေးလိုက်သည်။
လျူရန်က ပုခုံးတွန့်ပြလျက် “အဲဒီကောင်လေးရဲ့ လှည့်စားတာကို ငါတို့ ခံလိုက်ရတာပဲ” ဟု ပြောလိုက်သည်။
“ကဲ... အဲဒီဗီဒီယိုမှတ်တမ်းကို အမြန်သွားကြည့်ကြစို့။ ဒီကလေးမှာ တကယ့်ဝှက်ဖဲတွေ ဘယ်လောက်တောင် ရှိနေသေးလဲဆိုတာ သိရတာပေါ့”
ကျောင်းအုပ်ကြီးက “ညွှန်ကြားရေးမှူး ချန်းချီဆီမှာ သွားရှာကြလေ။ သူ့ကွန်ပျူတာထဲမှာ ရှိမှာ သေချာတယ်” ဟု လမ်းညွှန်လိုက်သည်။
သူတို့တစ်စုမှာ ညွှန်ကြားရေးမှူး ချန်းချီထံ အပြေးအလွှား သွားရောက်ကာ ဗီဒီယိုမှတ်တမ်းကို ရယူခဲ့ကြသည်။
မျက်နှာပြင်ပေါ်တွင် မီးလျှံနီ ရွှီရန်နှင့် မီးခိုးဖြူ ရွှီရန်တို့သည် သူတို့၏ စက္ကူရုပ်တပ်မတော်များဖြင့် အပြင်းအထန် ရင်ဆိုင်နေကြသည်။ တိုက်ပွဲမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
ပထမအချီပြီးနောက် ၎င်းမှာ ထိပ်တိုက်ရင်ဆိုင်ရသော လက်ရုံးတိုက်ပွဲဖြစ်သွားသည်။
နှစ်ဖက်စလုံး၏ ဆရာကြီးအဆင့် နည်းဗျူဟာများဖြင့် တိုက်ခိုက်နေမှုကို မြင်လိုက်ရသည့်အခါ
မျက်လုံး ၁၄ စုံလုံးမှာ အံ့အားသင့်လွန်း၍ ပြူးထွက်မတတ် ဖြစ်သွားကြသည်။
အားဟောင်: “ဘုရားရေ ဒါ... ဒါက တကယ်ပဲ ၈ နှစ်သားလား”
လင်းဖုန်းက လေသံပြင်းပြင်းဖြင့် “တစ်နိုင်ငံလုံးမှာရှိတဲ့ နတ်ဘုရားသတ်အဖွဲ့တွေထဲမှာတောင် တိုက်ခိုက်ရေးစွမ်းရည်ပိုင်းမှာ သူ့ကို ယှဉ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိလိမ့်မယ်” ဟု ပြောလိုက်သည်။
မိနစ်အနည်းငယ်ကြာအောင် ကြည့်ပြီးနောက် မျက်နှာ ၁၄ ခုစလုံးမှာ ရုတ်တရက် ဇဝေဇဝါ ဖြစ်သွားကြပြန်သည်။
“သူ့ရဲ့ စွမ်းရည်တွေက ရုတ်တရက်ကြီး ဒီလောက်အထိ ခုန်တက်သွားတာလား”
“ဖြစ်နိုင်တာက... သူနဲ့ အဆင့်တူတဲ့ ပြိုင်ဘက်မျိုး တစ်ခါမှ မရှိခဲ့လို့ သူ့ရဲ့စွမ်းရည်တွေက တစ်နေရာမှာတင် ရပ်တန့်နေခဲ့တာနေမှာ။ ဒါပေမဲ့ မှန်ရိပ်ရွှီရန်နဲ့ တိုက်ခိုက်လိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ ကန့်သတ်ချက်ကို ကျော်ဖြတ်သွားနိုင်ပြီး အရာအားလုံးကို ချက်ချင်း သဘောပေါက် နားလည်သွားတာမျိုးလား”
အားလုံးမှာ အသက်ရှူပင် မှားသွားကြသည်။
မီးလျှံနီ ရွှီရန်နှင့် မီးခိုးဖြူ ရွှီရန်တို့၏ လက်ရုံးတိုက်ပွဲမှာ တကယ့်ကို ကျွမ်းကျင်မှုအထွတ်အထိပ်သို့ ရောက်ရှိနေခြင်းပင်။ သူတို့၏ ကျင့်ကြံမှုအဆင့်မှာ ရွှီရန်ထက် အဆပေါင်းတစ်ရာ ပိုမြင့်နေသော်လည်း ရွှီရန်က ထိုအသက်အန္တရာယ်ရှိသော တိုက်ပွဲအတွင်း ပြသသွားသည့် အဆင့်မြင့်စွမ်းရည်များကြောင့် သူတို့အားလုံးမှာ ဆွံ့အမှင်သက်နေကြရတော့သည်။တိုက်ပွဲမှတ်တမ်း ဆယ်မိနစ်ကျော်ကြာအောင် ကြည့်ရှုပြီးနောက် ယွဲ့နယ်ပယ်အဆင့်ရှိ သန်မာလှသော ပညာရှင်များပင် ဖြစ်သော်လည်း သူတို့၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများ ပြင်းထန်လာပြီး သွေးများ ဆူပွက်လာရတော့သည်။
“ကောင်းလိုက်တဲ့ တိုက်ကွက်”
“တကယ့်ကို အံ့မခန်းပဲ”
“ဝိုး”
“မှန်ရိပ်ရွှီရန်ရဲ့ အဲဒီဓားချက်က တကယ့်ကို အေးစိမ့်စိမ့်နဲ့ ကြောက်စရာကောင်းတဲ့ ဖိအားတွေ ပါနေတာပဲ”
“ဓားဆွဲထုတ်တဲ့အရှိန်က အရမ်းမြန်လွန်းတော့ တုံ့ပြန်ဖို့တောင် အချိန်မရဘူး။ စစ်မှန်တဲ့ ရွှီရန်ကိုယ်တိုင်တောင် မခုခံနိုင်ဘူးလား။ ဒါက စူပါပေါက်ကွဲအားပြင်း ဓားချက်လား အရင်ကလည်း ရွှီရန် သုံးတာကို မြင်ဖူးပေမဲ့ အခုမြင်ရတဲ့ အနေအထားကတော့ အရင်ကထက် အဆပေါင်းများစွာ ပိုပြီးတော့ ကြောက်စရာကောင်းနေပြီ”
“တကယ့်ခန္ဓာကိုယ်ကတောင် မခုခံနိုင်ဘူးပဲ”
“ရွှီရန်မှာ ကိုယ်စားထိုး အသက်ဝင်ခြင်းစွမ်းရည်ရှိလို့ တော်သေးတာပေါ့။ မဟုတ်ရင် အဲဒီဓားချက်က သူ့ကို ချက်ချင်း သေစေနိုင်လောက်တယ်”
နတ်ဘုရားသတ်အဖွဲ့ဝင် ၁၄ ဦးစလုံး၏ ရင်ခုန်သံများ မြန်ဆန်နေကြသည်။
သူတို့ ပြန်လည်ဆင်ခြင်မိသည်မှာ အကယ်၍သာ သူတို့သည် ရွှီရန်နှင့် အသက်တူရွယ်တူသာ ဖြစ်ခဲ့ပါက ယခုကဲ့သို့သော ပါရမီရှင်မျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏ ကိုယ်ပိုင်ယုံကြည်ချက်များမှာ အစအနမကျန် ကြေမွသွားပေလိမ့်မည်။
ရှောင်ရွှေးက ရယ်မောရင်း “အခုမှပဲ ငါ သဘောပေါက်တော့တယ်။ ဘာလို့ ချန်ပီယံဆုကို ဒီလောက်စောစော ကြေညာလိုက်သလဲဆိုတာ ဟားဟား ရွှီရန်လို ထိပ်တန်းပါရမီရှင်မျိုးကို လေ့ကျင့်ရေးတောအုပ်ထဲ ထည့်ထားလိုက်ရင် ဘယ်လိုတစ္ဆေမိစ္ဆာ၊ နာကျည်းမှုသားရဲ ဒါမှမဟုတ် သလင်းကျောက်သားရဲပဲဖြစ်ဖြစ် သူ့တစ်ယောက်တည်းနဲ့တင် အကုန်ရှင်းပစ်မှာ။ တခြားပါရမီရှင်လေးတွေ လေ့ကျင့်ဖို့ အခွင့်အရေးတောင် ရမှာမဟုတ်ဘူး” ဟု ပြောလိုက်သည်။
အားဟောင်ကလည်း ထောက်ခံလျက် “ဟုတ်တယ်။ ငါတို့တုန်းက လေ့ကျင့်ခဲ့ရတာတွေဟာ ရွှီရန်အတွက်တော့ ဘာမှမဟုတ်တဲ့ ကလေးကစားစရာလို ဖြစ်နေမှာ” ဟု ပြောလိုက်သည်။
ဝိညာဉ်သန့်စင်ခြင်း အဖွဲ့နှင့် မီးငရဲ အဖွဲ့တို့သည် ရွှီရန်၏ ထူးကဲသော စွမ်းဆောင်ရည်များကို ကောင်းစွာ ရိပ်မိသွားကြသည်။ သူသာ တောအုပ်ထဲ ရောက်သွားပါက အားစိုက်စရာပင် မလိုဘဲ အားလုံးကို အလွယ်တကူ ရှင်းလင်းနိုင်ပေလိမ့်မည်။
အကယ်၍သာ လေ့ကျင့်မှု စတင်ခဲ့မည်ဆိုပါက အခြားပါရမီရှင်လေးများ လှုပ်ရှားခြင်းမပြုမီ ရွှီရန်က သူ၏ စက္ကူရုပ်တပ်မတော်ကို အမိန့်ပေးကာ အရာအားလုံးကို ကြိုတင်ရှင်းလင်းထားပေလိမ့်မည်။ ညဘက်တွင် တစ္ဆေမိစ္ဆာများ ကျူးကျော်လာလျှင်ပင် သူက ပထမဆုံး ရှာဖွေတွေ့ရှိကာ ပိုင်းဖြတ်၍ ချေမှုန်းပစ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထိုသို့ဆိုလျှင် အခြားသော ပါရမီရှင်လေးများမှာ လေ့ကျင့်ခန်း လုပ်နိုင်တော့မည်မဟုတ်ဘဲ ရွှီရန်၏ နောက်ကနေ လိုက်ကစားနေရုံသာ ရှိပေတော့မည်။
ညဘက်တွင် တစ္ဆေမိစ္ဆာများ၏ ခြောက်လှန့်မှုကို ခံရခြင်းမှတစ်ဆင့် ပါရမီရှင်လူငယ်များ၏ တုံ့ပြန်နိုင်စွမ်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို လေ့ကျင့်ပေးရန်ဟူသော ရည်ရွယ်ချက်မှာလည်း ရွှီရန်ကြောင့် အထမြောက်မည်မဟုတ်ပေ။
သူတို့မှာ ထိုအတွေ့အကြုံကို ကောင်းစွာမှတ်မိနေကြဆဲပင်။
ထိုစဉ်က ညအချိန်၌ တစ္ဆေမိစ္ဆာများ၏ လိုက်လံတိုက်ခိုက်မှုကို ခံရသဖြင့် အိပ်ပင်မအိပ်ရဲဘဲ ဟိုပြေးဒီပြေး ဖြစ်ခဲ့ရသည်။ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ပြီး သုံးရက်နှင့် သုံးညအကြာမှသာ တစ္ဆေမိစ္ဆာ၏ အားနည်းချက်ကို ရှာဖွေတွေ့ရှိကာ အတူတကွ ပူးပေါင်းနှိမ်နင်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။
အကယ်၍သာ ထိုနေရာတွင် ရွှီရန်ရှိနေခဲ့လျှင် သွေးစွမ်းအင် ၁၅,၀၀၀ ရှိသော တစ္ဆေမိစ္ဆာ ဟုတ်လား။
နေပါဦး...
သူ့ရဲ့ ဓားတစ်ချက်တည်းနဲ့တင် အကုန်ပြတ်သွားမှာပေါ့။
“ဟားဟား ဒါပေမဲ့ ဒီနှစ် လေ့ကျင့်ရေးတောအုပ်ထဲက တစ္ဆေမိစ္ဆာတွေကတော့ သွေးစွမ်းအင် ၂၀,၀၀၀ လောက် ရှိမယ် ထင်တယ်နော် ရွှီရန်ရဲ့ အဆောင်တွေကြောင့် လူတိုင်းရဲ့ ကျင့်ကြံမှုအရှိန်က အများကြီး တိုးတက်လာတာဆိုတော့လေ”
“ငါကတော့ အစွန်းကုန် ကြောက်စရာကောင်းတဲ့ မိစ္ဆာအသံတစ္ဆေကိုပဲ လွှတ်လိုက်စေချင်တယ်။ အဲဒီကလေးတွေ ငိုအောင်ထိ ခြောက်လှန့်ပေးလိုက်စမ်းပါ”
“ကဲ... မြန်မြန် နောက်တစ်ခေါက် ပြန်ဖွင့်ပြပါဦး။ အစ်မက ရွှီရန်လေးရဲ့ တိုက်ပွဲကို နောက်
တစ်ခေါက် ထပ်ကြည့်ချင်သေးလို့”
လူတစ်စုမှာ အားရပါးရ ပြန်လည်ကြည့်ရှုနေကြပြန်သည်။
ဆယ်ခွန်နှစ်မိနစ် ကြာပြီးနောက် အစ်မကြီး ရှောင်ရွှေးမှာ ပျင်းရိစွာ အကြောဆန့်လိုက်ရင်း “အဲဒီ ရွှီရန်လေးက ဘယ်မှာလဲ မတွေ့ရတာလည်း တစ်နှစ်ခွဲလောက် ရှိပြီ။ သူ့ကိုသွားရှာပြီး အတူတူ လျှောက်သွားကြစို့”
“သူက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲနော်”
သူမ၏ ဘေးတွင်မူ ရှန်ပိန်လက်ဆောင်များ အပြည့်အစုံဖြင့် သူတော်စင်ကြီးအဖြစ် ဟန်ရေးပြရန် အသင့်ဖြစ်နေသော ညွှန်ကြားရေးမှူး ချန်းချီက ရဲရင့်သော အပြုံးဖြင့် မော့ကြည့်ကာ “သူ ကျင့်ကြံရေးအခန်းဆီကို အပြေးအလွှား သွားတာ တွေ့လိုက်တယ်။ ကျင့်ကြံမှုအဆင့် တက်ဖို့ အခန်းပိတ်ပြီး ကျင့်နေတာ ဖြစ်မယ်” ဟု ပြောလိုက်သည်။
ရှောင်ရွှေးက အံ့အားသင့်သွားပြီး “သူက အခုထိ ဒီလောက် ကြိုးစားနေတုန်းပဲလား”
“သူက အမြဲတမ်း အဲဒီလိုပါပဲ...”
သူတို့ ရွှီရန်အကြောင်း ပြောနေစဉ်မှာပင်
“ဒေါက်... ဒေါက်... ဒေါက်...”
တံခါးခေါက်သံ ထွက်ပေါ်လာသည်။
ရင်းနှီးသော အသံတစ်ခုကလည်း နောက်မှ ပါလာခဲ့သည်။
“ညွှန်ကြားရေးမှူးကြီးခင်ဗျာ... အားရဲ့လား ကျွန်တော့်ကို တစ်ခုလောက် ကူညီပေးစေချင်လို့ပါ။”
ရွှီရန်၏ အသံကို ကြားလိုက်ရသဖြင့် ညွှန်ကြားရေးမှူးက သဘောကျစွာ ပြုံးလိုက်ပြီး “ပြောရင်းဆိုရင်းနဲ့တင် ရောက်လာပြီပဲ။ မင်းတို့ တွေ့ချင်နေတဲ့ ဇာတ်လိုက်ကျော်ကြီး ရောက်လာပြီ”
ရွှီရန်က ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် မျက်လုံးပေါင်းများစွာနှင့်အတူ ရင်းနှီးနေသော မျက်နှာ ၁၄ ခုကို မြင်တွေ့လိုက်ရသည်။