← Chapters

အခန်း (၂၅၂)

Vol. 26 Ch. 252

အခန်း (၂၅၂)

Vol. 26 Ch. 252

“ဦးလေးယဲ့ဖျင်၊ ဦးလေးဖုန်း၊ ဦးလေးယန်၊ ဦးလေးဟောင်...”

ရွှီရန်က တစ်ဦးချင်းစီကို လိုက်လံနှုတ်ဆက်လိုက်ရာ အားလုံးကလည်း ရွှီရန်၏ ပုခုံးကို တစ်လှည့်စီ ပုတ်ကာ ခရီးဦးကြိုပြုကြသည်။

“မဆိုးဘူးဟေ့... မီးတောက်လေးရာ။ မင်း တော်တော်ကို သန်မာလာတာပဲ ခုနတင် မင်းရဲ့ တိုက်ပွဲဗီဒီယိုကို ကြည့်ပြီးတာ နတ်ဘုရားလောင်းလျာတစ်ယောက်ကို မြင်နေရသလိုပဲ။ မင်းက လူသားသမိုင်းမှာ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်တဲ့ ပထမဆုံး ထိပ်တန်းပါရမီရှင် ဖြစ်လာလိမ့်မယ်လို့ ငါတို့ ယုံကြည်တယ်”

ရွှီရန်က နှိမ့်ချစွာဖြင့် ပြုံးလိုက်ပြီး “စောပါသေးတယ် အသေအချာတော့ မပြောနိုင်သေးပါဘူး” ဟု ပြောလိုက်သည်။

သို့သော် အားလုံးက တညီတညွတ်တည်း “ဖြစ်နိုင်တယ် အသေအချာကို ဖြစ်နိုင်တယ် အပိုင်ကို ဖြစ်နိုင်တယ်” ဟု အားပေးကြတော့သည်။

ရွှီရန်မှာ တောက်ပစွာ ပြုံးနေမိသော်လည်း ပြန်လည်ငြင်းဆန်ခြင်း မပြုတော့ပေ။

နတ်ဘုရားတစ်ပါး ဖြစ်လာဖို့လား။

၎င်းမှာ သူ၏ ရေတိုပန်းတိုင်မျှသာ ဖြစ်ကာ ထွေထွေထူးထူး ပြောနေရန်ပင် မလိုတော့ချေ။

ညွှန်ကြားရေးမှူးသည် ရွှီရန်အား အထက်အောက် စူးစမ်းကြည့်ရှုရင်း အလွန်ပင် သိချင်စိတ်ပြင်းပြနေမိသည်။ ရွှီရန်မှာ တစ်စုံတစ်ရာသော ကြီးမားသည့် ပြောင်းလဲမှုမျိုး ဖြစ်ပေါ်နေသည်ဟု ခံစားရသော်လည်း အတိအကျတော့ မပြောနိုင်ပေ။

“မင်း ကျင့်ကြံဖို့ သွားတာ မဟုတ်လား မိနစ်အနည်းငယ်လောက်ပဲ ရှိသေးတယ်။ ဘယ်လိုဖြစ်လို့ ငါ့ဆီ ပြန်ရောက်လာရတာလဲ”

ညွှန်ကြားရေးမှူးက ထရပ်လိုက်ပြီး ရွှီရန်၏ လက်မောင်းကို ဆုပ်ကိုင်ကြည့်ကာ စစ်ဆေးလိုက်သည်။ သို့သော် ခန္ဓာကိုယ်ကြံ့ခိုင်မှု နည်းစနစ်များဖြင့် ဖုံးကွယ်ထားသဖြင့် ရွှီရန်၏ ပြောင်းလဲမှုများကို သူ မသိရှိနိုင်ပေ။ ထို့ကြောင့် သူ့ဘာသာ စိတ်ထင်နေခြင်းသာ ဖြစ်မည်ဟု တွေးတောကာ ဇဝေဇဝါ ဖြစ်နေရသည်။

“ဘာကိစ္စရှိလို့ ငါ့ဆီ လာရှာတာလဲ”

ရွှီရန်၏ မျက်ဝန်းများမှာ ကြည်လင်တောက်ပနေပြီး “ဪ... ခုနတင် ကျွန်တော့်ရဲ့ ကျင့်ကြံမှုမှာ အနည်းငယ် တိုးတက်မှုရှိသွားလို့။ ဘယ်လောက်အထိ အစွမ်းတက်လာလဲဆိုတာ သိချင်လို့ပါ”

“ဟေ... မင်း ထပ်ပြီးတော့ တိုးတက်သွားပြန်ပြီလား”

ရွှီရန်က ခပ်ဖွဖွရယ်မောရင်း “နည်းနည်းလေးပါပဲ” ဟု နှိမ့်ချစွာ ပြောလိုက်သည်။

ညွှန်ကြားရေးမှူးမှာ ဇဝေဇဝါဖြစ်သွားပြီး “ဒါဆို မင်းက ဘယ်လိုစမ်းသပ်ချင်လို့လဲ ငါက အရိုးရင့်နေတဲ့ အဘိုးကြီးတစ်ယောက်ပါ။ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို မယှဉ်နိုင်ပါဘူး...”

ရွှီရန်က သူ၏ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်သည်။

“ကျွန်တော် လေ့ကျင့်ရေးတောအုပ်ထဲကိုသွားပြီး သလင်းကျောက်သားရဲအချို့ကို သတ်ကြည့်ချင်လို့ပါ”

ညွှန်ကြားရေးမှူးအနေဖြင့် ငြင်းပယ်ရန် အကြောင်းမရှိပေ။ ချန်ပီယံတစ်ယောက်အတွက် သလင်းကျောက်သားရဲ အနည်းငယ်ကို နှိမ်နင်းခြင်းမှာ ကလေးကစားစရာမျှသာ ဖြစ်ပေလိမ့်မည်။

“ဘယ်လိုအဆင့်မျိုးကို လိုချင်တာလဲ”

ရွှီရန်က အကဲခတ်သည့် လေသံဖြင့် မေးလိုက်သည်။

“သွေးစွမ်းအင် ၁ သန်းရှိတဲ့ ကောင်မျိုး ရှိမလားခင်ဗျာ”

ညွှန်ကြားရေးမှူးမှာ တစ်စုံတစ်ဦး၏ အထိုးခံလိုက်ရသကဲ့သို့ ချက်ချင်းပင် ထခုန်မိတော့သည်။ သူ၏ အံ့အားသင့်သံမှာ စူးရှသွားပြီး “ဘာ... သွေးစွမ်းအင် ၁ သန်း ဟုတ်လား မင်း ကောင်းကင်ဘုံကို ပျံတက်ဖို့ ကြိုးစားနေတာလား။ သွေးစွမ်းအင် ၁ သန်းရှိတဲ့ သလင်းကျောက်သားရဲကို သတ်နိုင်ဖို့ တကယ်ပဲ ယုံကြည်ချက် ရှိလို့လား”

ရွှီရန်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ဆရာကြီးအဆင့်ရှိသည်ကို သူသိသည်။ လင်းဖုန်းကလည်း ရွှီရန်၏ စက္ကူရုပ်တပ်မတော်သည် သွေးစွမ်းအင် ၆ သိန်းရှိသော မိစ္ဆာများကို နှိမ်နင်းနိုင်ကြောင်း ပြောပြထားသဖြင့် အတိုင်းအတာတစ်ခုအထိတော့ သူ ယုံကြည်မှုရှိသည်။

သို့သော် ထိုစဉ်ကတည်းကဆိုလျှင် ၁၀ ရက်မျှသာ ရှိသေးသည်။ မနေ့ကတိုက်ပွဲကြောင့် ရွှီရန်မှာ ဤမျှလောက်အထိ အရည်အသွေးပိုင်းအရ ခုန်ပျံကျော်လွှား တိုးတက်သွားခဲ့တာလား။ ညွှန်ကြားရေးမှူးမှာ အံ့အားသင့်လွန်း၍ ဆွံ့အသွားရသည်။

ညွှန်ကြားရေးမှူး ပြာပြာသလဲ ဖြစ်နေသည်ကို မြင်သောအခါ ရွှီရန်က သတိကြီးစွာဖြင့် “ကျွန်တော် စမ်းကြည့်ချင်ရုံသက်သက်ပါပဲ။ ကိုယ့်ရဲ့ ကန့်သတ်ချက်ကို စိန်ခေါ်ကြည့်ချင်လို့။ သွေးစွမ်းအင် ၁ သန်းရှိတဲ့ သလင်းကျောက်သားရဲကို အသေအချာ သတ်နိုင်လိမ့်မယ်လို့တော့ မပြောလိုပါဘူး” ဟု ပြောလိုက်သည်။

အမှန်အတိုင်းဆိုရလျှင် စူပါပေါက်ကွဲအားပြင်း ဓားချက်သည် သွေးစွမ်းအင် ၈ သိန်းရှိသော မိစ္ဆာကို သတ်နိုင်သည်မှာ သေချာသော်လည်း ဖျက်ဆီးခြင်း ကပ်ဘေးအလင်းက ၁ သန်းရှိသော ကောင်ကို သတ်နိုင်မနိုင်ဆိုသည်မှာ လက်တွေ့စမ်းသပ်ရန် လိုအပ်နေသေးသည်။ ၎င်း၏ အမြင့်ဆုံးစွမ်းရည်မှာ ထိုထက်ပင် သာလွန်နိုင်သည်။

ညွှန်ကြားရေးမှူးက သံသယမျက်လုံးများဖြင့် ရွှီရန်ကို ကြည့်ကာ “မသေချာဘူး ဟုတ်လား ဒါဆို မင်း သတ်နိုင်မှာလား မသတ်နိုင်ဘူးလား”

ရွှီရန်: “ကျွန်တော်လည်း မသိသေးဘူးခင်ဗျာ စမ်းကြည့်မှပဲ သိရမှာပါ”

ညွှန်ကြားရေးမှူးက သက်ပြင်းတစ်ချက်ချကာ လေသံကို လျှော့လိုက်ပြီး “လေ့ကျင့်ရေးတောအုပ်ထဲမှာတော့ သွေးစွမ်းအင် ၅ သိန်းထက်ကျော်တဲ့ မိစ္ဆာတွေ မရှိဘူးကွဲ့။ တကယ်လို့ အဲဒီလောက်အဆင့်မျိုးကို စမ်းချင်ရင်တော့ ဂြိုလ်ပြင်ပစစ်တလင်းကိုပဲ သွားရလိမ့်မယ်။ ဒါက လေ့ကျင့်ရေးတောအုပ် သက်သက်ပဲလေ... သွေးစွမ်းအင် ၁ သန်းအဆင့်ရှိတဲ့ မိစ္ဆာမျိုးကို ဒီထဲမှာ ထားထားတာဟာ အချိန်ကိုက်ဗုံးတစ်လုံးကို သိမ်းထားသလိုမျိုး အန္တရာယ်များလွန်းတယ်” ဟု ရှင်းပြလိုက်သည်။

ရွှီရန်က “ဪ... ဟုတ်ကဲ့ နားလည်ပါပြီ” ဟု ပြောကာ အနည်းငယ် စိတ်ပျက်သွားသော အမူအရာကို ပြလိုက်မိသည်။

ရွှီရန်၏ စိတ်ပျက်နေသော မျက်နှာကို မြင်လိုက်ရသည့်အခါ လင်းဖုန်းက အားလုံးကိုယ်စား သိချင်နေကြသော မေးခွန်းကို ထုတ်မေးလိုက်တော့သည်။

“မဟုတ်သေးဘူးလေ ရွှီရန်လေးရာ... လွန်ခဲ့တဲ့ ရက်ပေါင်း ၂၀၀ တုန်းက မင်းက သွေးစွမ်းအင် ၁ သိန်းခွဲရှိတဲ့ မိစ္ဆာကိုပဲ အနိုင်တိုက်နိုင်ခဲ့တာ။ အခု ရက်ပေါင်း ၂၀၀ အကြာမှာ သွေးစွမ်းအင် ၆ သိန်းအထိ သတ်နိုင်လာတာကတော့ ထားပါတော့... ဒါက နားလည်ပေးလို့ရသေးတယ်... အဆောင်တွေရယ်၊ သွေးလေကျင့်စဉ်တွေရယ်၊ မင်းရဲ့ ကြိုးစားမှုတွေရယ်ကြောင့်ပေါ့...”

“ဒါပေမဲ့ ငါတို့နဲ့ ခွဲသွားတဲ့ ဒီရက်ပိုင်း ၁၀ ရက်အတွင်းမှာတင် မင်းရဲ့အစွမ်းက နှစ်ဆလောက် ထပ်တိုးသွားတယ်ဆိုတာကတော့... မင်းက တကယ့်ကို ဘယ်လိုမိစ္ဆာမျိုးလဲကွာ”

ရွှီရန် အနည်းငယ် စဉ်းစားလိုက်မိသည်။ သူ၏ လက်ရှိတိုးတက်မှုနှုန်းမှာ သိပ္ပံနည်းကျ ရှင်းပြရန် ခက်ခဲနေသည်မှာ အမှန်ပင်။ မည်သို့ပင် ဆင်ခြေပေးပါစေ ဟာကွက်များ ရှိနေပေလိမ့်မည်။

ထို့ကြောင့်ပင် သူသည် အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်တော့သည်။ မည်သို့ပင်ဆိုစေ သူ၏ရှေ့မှောက်တွင်ရှိသော လူများသည် သူ့ကိုကာကွယ်ရန် အသက်ပေးဝံ့သူများဖြစ်ရာ နာကျည်းမှုနတ်ဘုရား ကိုယ်တိုင် ရောက်လာလျှင်ပင် သူ ဘေးကင်းမည်မှာ သေချာသည်။

ရွှီရန်က အလေးအနက်ထားသော အမူအရာဖြင့် “ကျွန်တော် ပါရမီအရိုးအဆစ်ကို ပျိုးထောင်တာ အောင်မြင်သွားလို့ပါ။ ခုနတင် ဖျက်ဆီးခြင်းမီးလျှံ အစက် ၅၀ စလုံးကို အသုံးပြုပြီး အရိုးအဆစ်ကို အပြီးသတ် ပျိုးထောင်လိုက်တာပါ” ဟု ဖွင့်ဟလိုက်သည်။

တစ်ရုံးခန်းလုံး တိတ်ဆိတ်သွားလိုက်သည်မှာ အပ်ကျသံပင် ကြားရလောက်သည်။ အတော်ကြာမှသာ တစ်စုံတစ်ဦးထံမှ အသံထွက်ပေါ်လာတော့သည်။

“ဘာ... ဘာပြောလိုက်တာလဲ...”

“မင်းက စစ်မှန်တဲ့ ပါရမီအရိုးအဆစ်ကို ပျိုးထောင်နိုင်ခဲ့တာလား”

ညွှန်ကြားရေးမှူးက ပထမဆုံး ထခုန်မိသူဖြစ်ပြီး ရွှီရန်၏ လက်မောင်းကို ဆုပ်ကိုင်ကာ “ခုနက ငါစမ်းကြည့်တုန်းက ဘာလို့ ဘာမှမခံစားရတာလဲ” ဟု မေးလိုက်သည်။

ရွှီရန်က “မြင့်မြတ်တဲ့အရာတွေက သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားတတ်လို့ပါခင်ဗျာ။ စမ်းသပ်စက်တွေ သုံးကြည့်မှပဲ သိရပါလိမ့်မယ်” ဟု ပြန်ဖြေလိုက်သည်။

ညွှန်ကြားရေးမှူးမှာ အလွန်အရေးကြီးသော အခမ်းအနားတစ်ခုကို ပြင်ဆင်နေသကဲ့သို့ တည်ကြည်သွားပြီး “ငါ အခုချက်ချင်းပဲ ငါ့လက်ထောက်ကို အဲဒီစက်ယူလာဖို့ ခိုင်းလိုက်မယ်” ဟု ပြောကာ အလျင်အမြန် လှုပ်ရှားတော့သည်။

ဤကိစ္စမှာ သာမန်ကိစ္စမဟုတ်ဘဲ တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားစေနိုင်သည့် ဖြစ်ရပ်ကြီးပင်။

သူ့ရဲ့ နားလည်သဘောပေါက်မှု ပါရမီတစ်ခုတည်းနဲ့တင် ဘယ်သူနဲ့မှ မနှိုင်းယှဉ်နိုင်အောင် ဖြစ်နေတာ။ အခု အဲဒီအပေါ်မှာ စစ်မှန်တဲ့ အရိုးအဆစ်ကိုပါ ထပ်ပြီး ပျိုးထောင်နိုင်ခဲ့တယ်ဆိုရင်... သူ ဘယ်လောက်အထိတောင် အစွမ်းထက်သွားမလဲ။ သူက တကယ်ပဲ လူသားနတ်ဘုရား တစ်ပါး ဖြစ်လာတော့မှာလား။

လင်းဖုန်း၊ ဦးလေး ယဲ့ဖျင်နှင့် လျူရန်တို့အားလုံးမှာ ရွှီရန်ကို အရောင်တောက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်။ သူတို့အတွက် အကြီးမားဆုံး နောင်တမှာ ရွှီရန်၌ ကိုယ်ပိုင်ပါရမီအရိုးအဆစ်နှင့် ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်များမရှိခြင်းပင်။

သို့သော် ယခုမူ သူ ပိုင်ဆိုင်သွားခဲ့သည်။

၎င်းမှာ အတောင်ပံရရှိသွားသော ကျားတစ်ကောင်ကဲ့သို့ပင် ရွှီရန်ကို အနှိုင်းမဲ့လမ်းစဉ်ပေါ်တွင် အဝေးဆုံးသို့ တွန်းပို့ပေးလိုက်ခြင်းပင်။

အားဟောင်က စိတ်လှုပ်ရှားစွာဖြင့် “ကဲ... ပြောပါဦး မင်းရဲ့ အရိုးအဆစ်က ဘယ်အဆင့်လဲ ရွှေရောင်လား၊ ဒါမှမဟုတ် ရွှေနီရောင်လား ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်နဲ့ တိုက်ခိုက်ရေးစွမ်းရည်ကရော ဘာတွေလဲ” ဟု မေးမြန်းလိုက်သည်။

အားဟောင်၏ စကားအဆုံးတွင် အားလုံးမှာ တိတ်ဆိတ်သွားပြီး ရွှီရန်၏ အဖြေကိုသာ အသက်ရှူအောင့်၍ စောင့်မျှော်နေကြတော့သည်။

“နတ်ဘုရားအဆင့် အရိုးအဆစ်ပါ။ အရာအားလုံးကို ချေမှုန်းဖျက်ဆီးနိုင်တဲ့ ကပ်ဘေးအလင်းကို ထုတ်လွှတ်နိုင်တယ်။ တိုက်ခိုက်ရေးစွမ်းရည်ကတော့ ကျွန်တော်လည်း အခုထိ အသေအချာ မသိရသေးပါဘူး”

ရွှီရန်သည် သူ၏လျှို့ဝှက်ချက်အချို့ကိုသာ ထုတ်ဖော်ပြောပြလိုက်ခြင်းပင်။

“အရာအားလုံးကို ဖျက်ဆီးနိုင်တယ် ဟုတ်လား အဲဒါက ဘယ်လိုမျိုး... ထိခိုက်မှုကို ပေးတာလဲ”

ရွှီရန်: “အဲဒါကြောင့်လည်း ကျွန်တော် လက်တွေ့တိုက်ပွဲဝင်ချင်တာပါ။ သူ့ရဲ့ ထိခိုက်မှုအဆင့်အတန်းကို ကျွန်တော်ကိုယ်တိုင်တောင် အသေအချာ နားမလည်သေးလို့ပါ”

မကြာမီမှာပင် ညွှန်ကြားရေးမှူး၏ လက်ထောက်က စမ်းသပ်စက်ကို ယူဆောင်လာခဲ့သည်။ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အမှန်တကယ်ပင် ရွှီရန်၏ ကိုယ်တွင်း၌ စွမ်းအင်မြင့်စုစည်းမှုများကြောင့် ဖြစ်ပေါ်လာသော သံလိုက်စက်ကွင်း လှုပ်ခတ်မှုများကို တွေ့ရှိလိုက်ရသည်။

ညွှန်ကြားရေးမှူး၏ မျက်ဝန်းများမှာ အရောင်တောက်လာပြီး အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားကာ “မင်းဆီမှာ ကမ္ဘာပျက်မတတ် ပြောင်းလဲမှုတွေ ဖြစ်နေတယ်လို့ ငါခံစားရတာ မမှားဘူးပဲ။ ဒါက ပါရမီအရိုးအဆစ်ကြောင့်ကိုး... ကောင်းတယ် အရမ်းကောင်းတယ်။ အခုဆိုရင် မင်းက အရင်ထက်တောင် ပိုပြီး အနှိုင်းမဲ့သွားပြီ”

“လက်တွေ့တိုက်ပွဲကိစ္စအတွက်ကတော့... မင်းရဲ့ ဦးလေး ယဲ့ဖျင်ကို ဂြိုလ်ပြင်ပစစ်တလင်း ဆီ ခေါ်သွားပြီး လေ့ကျင့်ပေးဖို့ ငါခိုင်းလိုက်မယ်”

ရွှီရန်က ခေါင်းညိတ်ပြလျက် “ဟုတ်ကဲ့ပါ ကျွန်တော့်ဆီမှာလည်း ဖျက်ဆီးခြင်းမီးလျှံ တွေ ကုန်သွားတာနဲ့ အတော်ပဲပေါ့...”

All Chapters