အခန်း (၂၅၇)
Vol. 26 Ch. 257
ထိုမိစ္ဆာကြီး၏ သေစေနိုင်သော တိုက်ကွက်မှာ ယွဲ့နယ်ပယ် ကျင့်ကြံသူတစ်ဦးပင် တည့်တည့်တိုးပါက နေရာမှာတင် အပြင်းအထန် ဒဏ်ရာရသွားနိုင်သည့် အစွမ်းမျိုး ရှိသည်။
သို့သော်လည်း ကံဆိုးသည်မှာ ၎င်း၏ ချွန်ထက်လှသော လက်သည်းများက မြင့်မြတ်သောဝိညာဉ်၏ ခန္ဓာကိုယ်ကို ဘာမှမရှိသကဲ့သို့ ဖောက်ထွင်းသွားခဲ့ခြင်းပင်။
“ဒါ... ဒါ ဘာဖြစ်တာလဲ”
သစ်သားရုပ်တု မိစ္ဆာကြီး၏ မျက်နှာတွင် ကြောင်အမ်းအမ်းဖြစ်သွားသည့် အမူအရာ ပေါ်လာသည်။ ၎င်းသည် မြင့်မြတ်သောဝိညာဉ်ကို မြင်နိုင်ကာ ထိုဝိညာဉ်ထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကိုလည်း ခံစားနိုင်သည်။ သို့သော် ၎င်းကို ဘယ်လိုမှ တိုက်ခိုက်၍မရဘဲ သူ၏ စွမ်းအင်များ အားနည်းလာနေသည်ကိုသာ ကြည့်နေရတော့သည်။
တစ်ခုခုတော့ မှားနေပြီ။
၎င်းသည် နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် မြင့်မြတ်သောဝိညာဉ်မှာမူ ၎င်း၏အရိပ်အလား ခေါင်းပေါ်တွင် ထပ်ချပ်မကွာ ကပ်ပါနေတော့သည်။ ၎င်းသည် ပျက်စီးသွားသော လျှို့ဝှက်ဟင်းလင်းပြင်ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ပုန်းစရာနေရာ မရှိတော့ချေ။
၎င်းသည် ဒေါသတကြီး ဟိန်းဟောက်နေသော်လည်း ဘာမှမတတ်နိုင် ဖြစ်နေရသည်။ အမှောင်ထဲတွင် နောက်ထပ်ရန်သူတစ်ဦး ပုန်းအောင်းနေကြောင်း ၎င်းစတင်ရိပ်မိလာသည်။ သို့သော် ထိုသူက အခုထိ လှုပ်ရှားမှုမရှိသေး။
ဒီလူ ဘာလုပ်ချင်နေတာလဲ။ ဘာလို့ အခုထိ ကိုယ်ထင်မပြသေးတာလဲ။
သစ်သားမိစ္ဆာကြီးမှာ ပို၍စိုးရိမ်လာပြီး ရူးသွပ်လာတော့သည်။ ၎င်းသည် စက္ကူရုပ်တပ်မတော် ဆီသို့ ခုန်ဝင်ကာ အငြိုးတကြီး သုတ်သင်တော့သည်။ စက္ကူရုပ်များမှာ အပိုင်းပိုင်းပြတ်သွားသော်လည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် အလျင်မလိုကြသေးပေ။
မိစ္ဆာကြီး၏ ဟိန်းဟောက်သံများကြောင့် ရေလှိုင်းများမှာ အပြင်ဘက်သို့ ရိုက်ခတ်နေသော်လည်း ရွှီရန်မှာမူ အရိပ်ထဲတွင် အေးဆေးစွာ ပုန်းအောင်းနေဆဲပင်။
ထိုနေရာတွင် ကောက်ကျစ်လွန်းသောစောင့်ကြည့်သူ တစ်ဦးသာ ရှိနေတော့သည်။
“အဲဒါ ငါပဲ... ငါ ရွှီရန်ပဲဟေ့”
ထိုလူငယ်လေးသည် မောက်မာဝင့်ကြွားသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ ယနေ့အချိန်အထိ ကောက်ကျစ်စဉ်းလဲမှုနှင့် နည်းပရိယာယ်ကြွယ်ဝမှုတို့တွင် သူ့ကို ယှဉ်နိုင်မည့်သူ တစ်ယောက်မှ မရှိသေးချေ။
ရွှီရန်သည် ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူ၏ အရာခပ်သိမ်းကို ဖျက်ဆီးခြင်းစွမ်းအားကို အာရုံခံကြည့်လိုက်သည်။
“ဖျက်ဆီးခြင်းနယ်ပယ် နဲ့ မြင့်မြတ်သောဝိညာဉ်ကို နှိမ်နင်းခြင်း နှစ်ခုပေါင်းလိုက်ရင် ဒီကောင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ၂၀ ရာခိုင်နှုန်းလောက်ကို ဖိနှိပ်ထားနိုင်ပြီ။ အခုဆိုရင် သူ့မှာ သွေးစွမ်းအင် ၉ သိန်း ၆ သောင်းလောက်ပဲ ကျန်တော့တယ်။ ဒါမှမဟုတ် အဲဒီထက် နည်းနည်းပိုချင်ပိုမယ်။ ကဲ... မင်းရဲ့ စွမ်းအားကို ၁ သန်းလို့ပဲ သတ်မှတ်ပေးလိုက်မယ်”
ဤနှိမ်နင်းမှု အာနိသင်မှာ တကယ့်ကို ထိရောက်သည်။ တိုက်ရိုက် အတင်းအကျပ်ကြီးကို တိုက်ခိုက်ရေးစွမ်းအား ငါးပုံတစ်ပုံလောက်ကို ဆွဲထုတ်ပစ်လိုက်ခြင်းပင်။ တကယ့်လက်တွေ့ တိုက်ပွဲတစ်ခုတွင် မိမိ၏ စွမ်းအား ၂၀ ရာခိုင်နှုန်း ဆုံးရှုံးသွားရခြင်းမှာ မည်မျှအထိ ကြောက်စရာကောင်းကြောင်း စဉ်းစားကြည့်နိုင်သည်။
“ဖျက်ဆီးခြင်းတံဆိပ်ကလည်း တဖြည်းဖြည်း အလွှာလိုက် ထပ်နေပြီ။ ငါနဲ့ ဒီကောင်ကြားက စွမ်းအားကွာခြားချက်အရဆိုရင် ၂ မိနစ်မှာ တံဆိပ်တစ်ခုနှုန်းနဲ့ ထပ်သွားလိမ့်မယ်။ တံဆိပ် ၁၀ ခုသာ ပြည့်သွားရင်တော့ ဒီကောင် စိတ်ပျက်အားငယ်မှုနဲ့အတူ သေခြင်းတရားကိုပဲ ရင်ဆိုင်ရတော့မယ်”
“တကယ့်ကို ထိတ်လန့်စရာပဲ”
ရွှီရန်၏ မျက်ဝန်းများမှာ တုန်ယင်သွားရသည်။
“တော်သေးတာပေါ့ ဒါက ငါ့ရဲ့ ပါရမီအရိုးအဆစ် ဖြစ်နေလို့။ အကယ်၍သာ ဒါက ရန်သူရဲ့ စွမ်းအားဖြစ်နေမယ်ဆိုရင် ငါ ဘယ်လိုရင်ဆိုင်ရမလဲတောင် မသိဘူး”
မူလက သွေးစွမ်းအင် ၈၀,၀၀၀ နှင့် ၁.၂ သန်းကြားရှိသော ကွာဟချက်မှာ ကျော်ဖြတ်၍မရနိုင်သော အနက်ရှိုင်းဆုံး ချောက်ကမ္ဘာကြီးတစ်ခုအလား ဖြစ်နေခဲ့သည်။ ၁.၂ သန်းရှိသော ယွဲ့နယ်ပယ် ပညာရှင်တစ်ဦးသည် သွေးစွမ်းအင် ၈၀,၀၀၀ သာရှိသော အမှိုက်ကောင်ပေါင်း တစ်ထောင်ကျော်ကို တိုက်ကွက်တစ်ခုတည်းဖြင့်ပင် အမှုန့်ခြေပစ်နိုင်သည်။
သို့သော်လည်း ထိုအနှိုင်းမဲ့ ပါရမီအရိုးအဆစ်၏ ကြောက်မက်ဖွယ်ကောင်းသော အာနိသင်အောက်တွင် ထိုအနက်ရှိုင်းဆုံး ချောက်ကမ္ဘာကြီးမှာ တော်တော်လေး နီးကပ်သွားခဲ့သည်။
မိနစ် ၂၀ ဆိုတဲ့ အချိန်အတိုင်းအတာက ကြည့်မယ်ဆိုရင် ဘာမှမဟုတ်သလိုပါပဲ။
ဒါပေမဲ့ တစ်ဖက်လူက နှစ်ပေါင်း ၃၀ ကြာအောင် အပင်ပန်းခံ ကျင့်ကြံအားထုတ်ပြီးမှ ရရှိလာတဲ့ စွမ်းအားကွာဟချက်ကြီးကို မိနစ် ၂၀ အတွင်းမှာတင် တံတားထိုး ကျော်ဖြတ်ပစ်လိုက်တယ်ဆိုတာကတော့... တကယ့်ကို ကြောက်စရာကောင်းတာပဲ။
“ဒါက တကယ့်ကို အနှိုင်းမဲ့စွမ်းအားပဲ”
ရွှီရန်က သက်ပြင်းတစ်ချက်ကို အသာအယာချလိုက်ရင်း လေးလေးနက်နက် ခေါင်းညိတ်
လိုက်မိသည်။ သူ၏ မှော်စွမ်းရည်များအားလုံးသည် ဤ အနှိုင်းမဲ့ ပါရမီအရိုးအဆစ်နှင့် အံကိုက်ဖြစ်အောင် ပေါင်းစပ်သွားသည်ကို သူ ရှာဖွေတွေ့ရှိလိုက်ရခြင်းပင်။
နည်းနည်းလောက် ချဲ့ပြောရရင်တော့... ကိုယ်ပျောက်အတတ်၊ လှည့်ဖြားခြင်းအတတ်နဲ့ ဖျက်ဆီးခြင်းနယ်ပယ် ဒါတွေအားလုံး ပေါင်းစပ်လိုက်တာက အဆုံးစွန်သော လုပ်ကြံသူစတိုင်
ပဲ။ အမှောင်ထဲမှာ တိတ်တဆိတ် ပုန်းအောင်းပြီး ဖျက်ဆီးခြင်းတံဆိပ်တွေကို တစ်ခုပြီးတစ်ခု ထပ်တင်လိုက်တဲ့အခါ ရန်သူ့ရဲ့ သွေးစွမ်းအင် ဘယ်လောက်ကြီးကြီး ဂရုစိုက်နေစရာ မလိုတော့ဘူး။
စွမ်းအားတူတဲ့ ပြိုင်ဘက်နဲ့ တွေ့ရင်တောင်မှ ဒီတိုက်ခိုက်ရေးစွမ်းအားက ပိုပြီး ကြောက်စရာကောင်းနေဦးမှာပဲ။ တိုက်ကွက်အနည်းငယ်အတွင်းမှာတင် တံဆိပ်တွေကို အပြည့်အဝ ထပ်
ပစ်လိုက်ပြီး ရန်သူ့ကို ပေါက်ကွဲခြင်းရဲ့ အရသာနဲ့အတူ အပိုင်းပိုင်းအစစ ဖြစ်သွားစေမှာ။
ဤအချက်များကို တွေးတောရင်း ရွှီရန်က အေးစက်စွာ ပြုံးလိုက်သည်။ သူသည် အချိန်ကုန်ဆုံးသွားမည့် အခိုက်အတန့်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ရေအောက်ကြမ်းပြင်က မြင်ကွင်းသည် သူ အသက် ၅ နှစ်အရွယ်တုန်းက စက္ကူအရုပ်ကလေးတွေကို သုံးပြီး အိပ်မက်ဆိုး ကလဲ့စားချေမယ်တော်ကြီးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့စဉ်ကအတိုင်းပင်။
ထိုအချိန်တုန်းကအတိုင်း ယခုလည်း သူသည် ခန့်ညားလွန်းကာ အနှိုင်းမဲ့နေဆဲပင်။
၄ နှစ်တာ အချိန်ကုန်ဆုံးခဲ့ပြီးနောက် သူသည် ပို၍ ခန့်ညားလာခဲ့သလို ပို၍လည်း တည်ငြိမ်
ရင့်ကျက်ကာ သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိလာခဲ့သည်။
...
စက္ကန့်အလိုက် အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးနေသည်။ ပျက်စီးသွားသော လျှို့ဝှက်ဟင်းလင်းပြင်ထဲမှ သစ်သားမိစ္ဆာများမှာ ဆက်လက် ထွက်ပေါ်နေဆဲပင်။ သစ်သားမိစ္ဆာ အကောင် ၄၀ ခန့်မှာ ရေအောက်မှ ဖြတ်သန်းကာ ရေမျက်နှာပြင်ပေါ်သို့ တက်လှမ်းသွားကြသော်လည်း ရွှီရန်က ၎င်းတို့ကို လုံးဝဂရုမစိုက်ပေ။ အပိုင်းပိုင်းပြတ်နေသော စက္ကူရုပ်
အကြွင်းအကျန်များမှာမူ ထိုယွဲ့နယ်ပယ်မိစ္ဆာကြီးကို စောင့်ကြည့်နေသကဲ့သို့ ရေထဲမှာ ဝဲပျံနေသည်။
ယွဲ့နယ်ပယ်မိစ္ဆာကြီးမှာ ပို၍ ထိတ်လန့်ကာ ခြောက်ခြားလာသည်။ သို့သော် ရွှီရန်၏ အရိပ်အယောင်ကို လုံးဝရှာမတွေ့နိုင်ဘဲ ရှိသမျှနေရာတိုင်းကိုသာ ရမ်းသန်းတိုက်ခိုက်ရင်း ထို ကောက်ကျစ်စဉ်းလဲသော စောင့်ကြည့်သူကို ကံစမ်းမဲနှိုက်သလို လိုက်လံရှာဖွေနေတော့သည်။
မိနစ် ၂၀ မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ရွှီရန်၏ မျက်ဝန်းများမှာ တောက်ပလာပြီး ကြင်နာတတ်သော အပြုံးတစ်ခုနှင့်အတူ “သွားပေဦးတော့” ဟု ရေရွတ်လိုက်သည်။
“ဘုန်း”
စိတ်အာရုံကို လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ဖျက်ဆီးခြင်းတံဆိပ်များ အားလုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်သွားတော့သည်။ ထိုသစ်သားမိစ္ဆာကြီးမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ၎င်း၏ ရင်ဘတ်နှင့် ဦးခေါင်းမှာ အပိုင်းပိုင်းအစစ ပေါက်ကွဲပျက်စီးသွားရသည်။
ဖျက်ဆီးခြင်းစွမ်းအင်များမှာ ၎င်း၏ ဦးခေါင်းနှင့် ရင်ဘတ်အတွင်း၌ ရူးသွပ်စွာ သောင်းကျန်းနေတော့သည်။ ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့မှာ ရုတ်တရက် လေဟာနယ်အဖြစ် ပြောင်းလဲသွားပြီး ဖန်သားပြင်တစ်ခုအလား ကြေမွပျက်စီးသွားခဲ့သည်။
၎င်းသည် အထက်သို့ မော့ကြည့်လိုက်သော်လည်း ၎င်းတွင် ဦးခေါင်းပင် မရှိတော့ချေ။ ၎င်း၏ကိုယ်မှာ နောက်သို့ ပက်လက်လန်လဲကျသွားပြီး ရေထဲ၌ မျောပါနေတော့သည်။ သွေးများမှာ ရေထဲ၌ မင်ရည်များ ပျံ့နှံ့သွားသကဲ့သို့ နီရဲသွားလေတော့သည်။
“တကယ့်ကို အနှိုင်းမဲ့ပဲ”
ရွှီရန်၏ နှုတ်ခမ်းများမှာ အားရကျေနပ်စွာ ကော့ညွှတ်သွားသည်။
“သွေးစွမ်းအင် ၈ သောင်းနဲ့ဆိုရင် ဖျက်ဆီးခြင်းနယ်ပယ်ကို နာရီဝက်လောက် ထိန်းထားနိုင်တယ်။ ဒါဆိုရင် ဖျက်ဆီးခြင်းတံဆိပ်ရဲ့ အစွမ်းနဲ့ သွေးစွမ်းအင် ၁.၅ သန်းရှိတဲ့ ရန်သူကိုတောင် လုပ်ကြံနိုင်တယ်ဆိုတဲ့ သဘောပေါ့”
“တကယ့်ကို ကြောက်စရာကောင်းလိုက်တာ”
“ဒါက ခန့်မှန်းခြေပဲ ဖြစ်နိုင်ပေမဲ့ ၁.၂ သန်းရှိတဲ့ကောင်ကိုတော့ အသေအချာ သတ်နိုင်တာပဲ။ ဒါတင်ပဲ တကယ့်ကို အနှိုင်းမဲ့နေပါပြီ”
ရွှီရန်မှာ ပို၍မတောင်းဆိုတော့ပေ။
“ဒီလျှို့ဝှက်ဟင်းလင်းပြင်ထဲမှာ တစ်ခုခုတော့ ပုန်းကွယ်နေမှာပဲ။ တစ်ခုမှ လက်လွတ်မခံနိုင်ဘူး”
သူသည် ကောင်းကင်ဘုံမျက်လုံးရတနာကို အာရုံစိုက်ကာ အသေအချာ စူးစမ်းလိုက်သည်။ ထိုလျှို့ဝှက်ဟင်းလင်းပြင်မှာ သူ့အတွက် ခြိမ်းခြောက်မှု မရှိတော့သဖြင့် ရဲရဲဝံ့ဝံ့ပင် အတွင်းသို့ ဝင်ရောက်လိုက်တော့သည်။
သူသည် ကိုယ်ပျောက်အခြေအနေနှင့်ပင် အတွင်းဘက်သို့ လှစ်ခနဲ ဝင်သွားလိုက်ရာ
“အွတ်”
ရွှီရန်၏ မျက်နှာမှာ ရွံရှာစက်ဆုပ်မှုများဖြင့် ပြည့်နှက်သွားသည်။ ဟင်းလင်းပြင်အတွင်း၌ ပြင်းထန်လှသော ညစ်ညမ်းမှုအငွေ့အသက်များ ပြည့်နှက်နေပြီး ၎င်းမှာ အဆောင် ကလဲ့စားချေနတ်ဘုရားထံမှ အနံ့မျိုးနှင့် မတူဘဲ ပုပ်စပ်နေသော ဖားပြုပ်အလောင်းမှ ထွက်ပေါ်လာသည့် အနံ့ဆိုးနှင့် ပိုတူနေသည်။
၎င်းသည် ထူးဆန်းပြီး ပျို့အန်ချင်စရာကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။ ရွှီရန်မှာ အသက်ကို အောင့်ထားလိုက်ပြီး သန့်စင်ခြင်း အဆောင်ငယ် ၅ ခုကို ထိုဟင်းလင်းပြင်၏ အတွင်းနံရံများတွင် ကပ်လိုက်သည်။