← Chapters

အခန်း (၂၅၉)

Vol. 26 Ch. 259

အခန်း (၂၅၉)

Vol. 26 Ch. 259

ကိုယ်စားထိုးရုပ်သေးရုပ်က တည်ငြိမ်စွာပင် စကားဆိုလာသည် “ဦးလေးဟဲ၊ ဦးလေးယွမ်... မလိုတော့ပါဘူး။ ကျွန်တော် အောင်အောင်မြင်မြင်နဲ့ ပြန်ရောက်လာပါပြီ”

ထိုစကားပင် မဆုံးသေးမှီ….

“ဝေါခနဲ”

မြစ်ရေအောက်တွင် ဗုံးပေါက်ကွဲလိုက်သည့်အလား ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ရေစက်များ လွင့်စင်သွားတော့သည်။ အားလုံးက လှမ်းကြည့်လိုက်ကြရာ မြစ်ရေပြင်ထက်မှ မီတာအတော်များများ မြင့်သော ရေတိုင်ကြီးတစ်ခု ဝုန်းခနဲ ထိုးတက်လာသည်ကို တွေ့လိုက်ရသည်။

ထိုရေတိုင်ကြီး၏ အထိပ်တွင်မူ လူငယ်လေးတစ်ဦးသည် မားမားမတ်မတ် ရပ်နေသည်။ ကမ္ဘာ့ဆွဲအားကြောင့် ရေတိုင်ကြီး ပြန်လည်ပြိုကျသွားချိန်တွင် ထိုလူငယ်မှာမူ ဟင်းလင်းပြင်ထဲ၌ ရပ်တန့်နေဆဲပင်။ သူသည် လေထဲတွင် လှေကားထစ်များ ရှိနေသည့်အလား တစ်လှမ်းချင်း လှမ်းလျှောက်ရင်း မြစ်ကမ်းပါးဆီသို့ ဦးတည်လာခဲ့သည်။

သူ၏ ကိုယ်ပေါ်တွင် ရေစက်တစ်စက်မျှ မရှိဘဲ လုံးဝခြောက်သွေ့နေသည်။ သူ၏ ဘေးပတ်လည် တစ်ဝက်ခန့်အကွာသို့ ရောက်လာသော ရေစက်မှန်သမျှမှာလည်း တခဏချင်းအတွင်း ကြေမွပျက်စီးကာ အပြင်ဘက်သို့ လွင့်စင်သွားကြတော့သည်။

ရေစက်များကြားမှ ထင်ရှားလာသည်မှာ ထိုလူငယ်၏ ညာဘက်လက်တွင် သတ္တဝါတစ်ကောင်၏ အလောင်းအစိတ်အပိုင်းတစ်ခုကို ပေါ့ပေါ့ပါးပါး ဆွဲကိုင်လာခြင်းပင်။

ထိုအလောင်းပေါ်တွင် ရွှေနက်ရောင် အစက်အပြောက်များကို ဝေဝါးစွာ မြင်နေရသော်လည်း ၎င်း၏ ရင်ဘတ်နှင့် ဦးခေါင်းပိုင်းမှာမူ တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားသည့်အလား ထူးဆန်းစွာ အပိုင်းပိုင်းပြတ်နေ၏။

တပ်မှူးဟဲနှင့် တပ်မှူးယွမ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင်း မျက်ဝန်းအစုံမှာ အလိုအလျောက်ပင် တုန်ယင်သွားကြသည်။

တပ်မှူးဟဲက တုန်ရီနေသော အသံဖြင့် “အဲဒါ... ယွဲ့နယ်ပယ် မိစ္ဆာရဲ့ အလောင်းလား ငါ မျက်စိမှားနေတာများလား”

တပ်မှူးယွမ်ကလည်း မယုံကြည်နိုင်သော်လည်း မြင်ကွင်းက အလွန်စစ်မှန်လွန်းနေသဖြင့် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်ရသည်။

“ဒါ အသေအချာကို ယွဲ့နယ်ပယ် မိစ္ဆာပဲ။ ဒီကောင်တွေရဲ့ ထူးခြားချက်တွေက ထင်ရှားလွန်းတာပဲ ငါတို့ မှားစရာ အကြောင်းမရှိဘူး”

တပ်မှူးဟဲ တစ်ယောက် ဦးရေပြားများပင် တစိမ့်စိမ့် ရှိန်းလာတော့သည်။

“ဒါပေမဲ့... ဒါပေမဲ့...”

“ငါတို့နှစ်ယောက်စလုံးက ယွဲ့နယ်ပယ် ကျင့်ကြံသူတွေလေ။ ငါတို့ရဲ့ သွေးစွမ်းအင်က ၁.၀၆ သန်းပဲ ရှိသေးတယ်ဆိုပေမဲ့ တကယ့်အစစ်အမှန် အစွမ်းထက်သူတွေပဲ မဟုတ်လား...”

“ဒါတောင်မှ ငါတို့နှစ်ယောက်ပေါင်းတာတောင် မြစ်အောက်မှာ အသက်ပျောက်မတတ် ဖြစ်ခဲ့ရတာလေ”

“ဒါက သာမန်ခြိမ်းခြောက်မှုမျိုး မဟုတ်ဘူးနော်”

“ရှောင်ရန်က အဲဒီကောင်ကို ဘယ်လိုများ သတ်လိုက်တာပါလိမ့်”

တပ်မှူးဟဲ တစ်ယောက် လုံးဝကို စဉ်းစားလို့ မရနိုင်တော့ပေ။ သူသည် သူ၏ ဉာဏ်စွမ်းရှိသမျှ ထုတ်သုံးပြီး ရွှီရန် မည်သည့်နည်းလမ်းဖြင့် အောင်နိုင်ခဲ့သည်ကို အဖြေရှာရန် ကြိုးစားနေသော်လည်း အချည်းနှီးပင် ဖြစ်နေတော့သည်။

တပ်မှူးယွမ်မှာမူ... တိတ်ဆိတ်နေဆဲပင်။ သူသည် သူ့မျက်စိရှေ့က အငြင်းပွားဖွယ်မရှိသော အချက်အလက်နှင့် သူသိထားသော ယုတ္တိဗေဒကြားမှာ အကြီးအကျယ် ဗျာများနေရသည်။ သူလည်းပဲ အဖြေကို ရှာမတွေ့နိုင်သည်မှာ အတူတူပင်။

အဖြေရှာရန် ကြိုးစားလေလေ ထိုကိစ္စကြီးက ပိုပြီးတော့ ကြောက်စရာကောင်းလေလေ ဖြစ်လာတော့သည်။

သွေးစွမ်းအင် အများဆုံး ၅ သောင်းခန့်သာ ရှိနိုင်သော အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက်က ယွဲ့နယ်ပယ် မိစ္ဆာအလောင်းကြီးကို ဆွဲပြီး ပြန်တက်လာခြင်းပင်။

ဒါက တကယ်ပဲ ဖြစ်နိုင်လို့လား။ ဘယ်လိုပဲ စဉ်းစားစဉ်းစား လက်ခံနိုင်စရာ အကြောင်းပြချက်ကို ရှာမတွေ့ဘူး။

သူတို့သည် ရွှီရန်ကို ငယ်စဉ်ကတည်းက ကြည့်လာခဲ့ကြသူများပင်။ သူတို့နောက်ဆုံးတွေ့ခဲ့တုန်းက ရွှီရန်မှာ ၄ နှစ်၊ ၅ နှစ်အရွယ် ကလေးငယ်လေးသာ ရှိသေးသည်။

မျက်စိတစ်မှိတ်အတွင်းမှာတင် သူက ယွဲ့နယ်ပယ် မိစ္ဆာကို သတ်ပစ်လိုက်ပြီလား။ အဲဒီကောင်က သာမန်မိစ္ဆာတောင် မဟုတ်ဘူး။ သွေးစွမ်းအင် ၁.၂ သန်းတောင် ရှိတာလေ။ ဒါတင်မကသေးဘူး... ရေအောက်တိုက်ပွဲဆိုတာ တိုက်ခိုက်ရတာ အခက်ဆုံးပဲ မဟုတ်လား။ ကိုယ်ပျောက်အတတ်တွေနဲ့ ပုန်းနေတဲ့ရန်သူကို မိနစ် ၃၀ တောင် မပြည့်ခင်မှာ အလောင်းဖြစ်အောင် လုပ်နိုင်ခဲ့တယ်ဆိုတာ... ငါ့မျက်စိတောင် ငါမယုံနိုင်တော့ဘူး။

သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက် ပြောစရာစကားများ လည်ချောင်းဝမှာတင် တစ်နေလိုက်နှင့် ဘာပြောရမှန်းမသိအောင် ဖြစ်နေကြရသည်။ အချုပ်အားဖြင့်ဆိုရသော် သူတို့၏ မျက်နှာထက်မှ အမူအရာများမှာ အလွန်ပင် ရှုပ်ထွေးနေတော့သည်။

ဤအခိုက်အတန့်တွင် သူတို့၏ ကမ္ဘာအမြင်များမှာ တစ်စစီ ကြေမွပျက်စီးသွားခဲ့ရပြီးမှ ရွှီရန်၏ လက်ချက်ဖြင့် ပြန်လည် စုစည်းခံလိုက်ရခြင်းပင်။

ရွှီရန်သည် ခန့်ညားထည်ဝါသော အမူအရာဖြင့် မြစ်ကမ်းပါးပေါ်သို့ လှမ်းတက်လာခဲ့သည်။ သူသည် သူသယ်ဆောင်လာသော ယွဲ့နယ်ပယ်မိစ္ဆာအလောင်းကြီးကို ခွေးသေတစ်ကောင်အလား မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

“ဘုန်း”

မြေပြင်နှင့် ရိုက်မိသံကြောင့် တပ်မှူးဟဲနှင့် တပ်မှူးယွမ်တို့ သတိပြန်ဝင်လာကြသည်။ သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ယုတ္တိဗေဒတွေ၊ ကျိုးကြောင်းဆင်ခြင်မှုတွေကို အသာဖယ်ထားလိုက်ကြတော့သည်။

သူက ပါရမီရှင်တစ်ယောက်တင် မကဘူး... တကယ့်ကို စူပါပါရမီရှင်ကြီးပဲ။ စဉ်းစားကြည့်လေ... ငါတို့ လူသားမျိုးနွယ် ခေတ်သစ်ထဲကို ခြေလှမ်းလှမ်းခဲ့တာ နှစ်ပေါင်း ၂၀၀ ပဲ ရှိသေးတယ်။ ဂြိုလ်သားစစ်တလင်းထဲကတောင် မရုန်းထွက်နိုင်သေးသလို စကြဝဠာထဲက တခြားဂြိုလ်တွေကိုလည်း မစူးစမ်းနိုင်သေးဘူး။ အဲဒီတော့ အခုလို စဉ်းစားလို့မရနိုင်

လောက်အောင် အစွမ်းထက်တဲ့သူတစ်ယောက် ပေါ်လာတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာပဲ မဟုတ်ဘူးလား။

အခုချိန်မှာ ငါတို့ထဲက အသန်မာဆုံးဆိုသူတွေတောင် တကယ့်ယဉ်ကျေးမှုမြင့်တဲ့ ကမ္ဘာတွေရှေ့မှာ ပုရွက်ဆိတ်တွေလို ဖြစ်နေနိုင်တာ။ အဲဒီတော့ ရွှီရန်က အယူအဆဟောင်းတွေကို ရိုက်ချိုးပစ်တာက အံ့ဩစရာ မဟုတ်တော့ပါဘူး။

တပ်မှူးနှစ်ဦးစလုံး အားရပါးရ ရယ်မောလိုက်ကြပြီး “ကောင်းတယ် တကယ့်ကို ကောင်းတယ် ငါ့တူ ရွှီရန်ကတော့ ကောင်းကင်က ပေးတဲ့ ပါရမီရှင်ပဲဟေ့”

“တကယ့်ကို အနှိုင်းမဲ့ပဲကွာ”

သူတို့က ရွှီရန်၏ ပုခုံးကို ပုတ်ကာ ချီးကျူးလိုက်ကြသည်။

“ဒါနဲ့... မင်း ဒီမိစ္ဆာကို ဘယ်လိုများ သတ်လိုက်တာလဲ”

“ဒီကောင်က ဘယ်မှာပုန်းနေမှန်းတောင် ငါတို့ မသိရဘူး။ ငါတို့နှစ်ယောက်ကို ရုတ်တရက် လုပ်ကြံတာ။ ငါတို့သာ တုံ့ပြန်တာ တစ်စက္ကန့်လောက် နောက်ကျသွားရင်…”

“မနက်ဖြန် ငါတို့အတွက် နာရေးထမင်းကျွေးပွဲ ဖြစ်နေလောက်ပြီ။ တကယ့်ကို ကြောက်စရာကောင်းတာကွ”

သူတို့နှစ်ဦးမှာ အသက်ဘေးမှ လွတ်မြောက်လာသဖြင့် စိတ်သက်သာရာရသွားကြသော်လည်း ရွှီရန်၏ သုတ်သင်ပုံ နည်းလမ်းကိုမူ အလွန်ပင် စိတ်ဝင်စားနေကြသည်။

ရွှီရန်က ပုခုံးတစ်ချက် တွန့်လိုက်ရင်း “ရိုးရိုးလေးပါပဲ လက်ရှိရုံပါပဲ။ အရင်ဆုံး ကိုယ်ဖျောက်

တယ် ပြီးမှ အလစ်ဝင်တိုက်လိုက်တာပေါ့”

တပ်မှူးဟဲ : "..."

တပ်မှူးယွမ် : "..."

အင်း...

သူတို့နှစ်ဦး၏ မျက်နှာများမှာ ကျောက်ရုပ်များအလား အေးခဲသွားပြီး နဖူးပေါ်မှ ဆောင်းဦးရွက်ကြွေများ လွင့်ပျံသွားသကဲ့သို့ ဆွံ့အသွားကြရသည်။

ထားလိုက်ပါတော့။

ငါတို့ လုံးဝမမေးခဲ့သလိုပဲ သဘောထားလိုက်ကြရအောင်။ ဒီလိုမေးခွန်းမျိုး မေးမိတဲ့ ငါတို့ကိုယ်တိုင်ကပဲ အရှက်ခွဲခံရဖို့ ထိုက်တန်တာပါ။

ရွှီရန်က နွေးထွေးစွာ ပြုံးပြလိုက်ပြီးနောက် လှည့်ထွက်သွားသည်။ သူ၏ ကောင်းကင်ဘုံမျက်လုံးရတနာကို အသက်သွင်းကာ အဝေးသို့ လှမ်းကြည့်လိုက်၏။

"ဦးလေးဟဲ၊ ဦးလေးယွမ်... ဒီစစ်တလင်းကိုပဲ ရှင်းလင်းထားလိုက်ကြပါ"

"မြစ်အောက်ခြေမှာ ပုန်းကွယ်နေတဲ့ ထူးဆန်းတဲ့ အလင်းပွင့် သုံးပွင့်ကို ကျွန်တော် တွေ့ထားတယ်။ ဒီသစ်သားမိစ္ဆာတွေ ထွက်ပေါ်နေတဲ့ အရင်းအမြစ်ကို သွားဖျက်ဆီးပစ်မှ ဖြစ်မယ်။ မဟုတ်ရင် သူတို့က အဆက်မပြတ် ပြန်ပွားနေကြဦးမှာ"

တပ်မှူးဟဲနှင့် တပ်မှူးယွမ်တို့က ခေါင်းညိတ်ပြရင်း "ကောင်းပြီ... သတိထားသွားဦးနော်"

သူတို့နှစ်ဦးစလုံး အတော်လေး စိုးရိမ်နေကြဆဲပင်။

"ရပါတယ် ကျွန်တော့်မှာ ကိုယ်ဖျောက်အတတ် ရှိသားပဲ"

ထိုစကားအဆုံးတွင် ရွှီရန်သည် မြစ်ရေပြင်ထက်၌ အရှိန်အဟုန်ပြင်းစွာဖြင့် ပျံသန်းသွားတော့သည်။ ရေစီးကြောင်းအောက်တွင် နဂါးတစ်ကောင် ကူးခတ်သွားသည့်အလား ရေမှုန်ရေမွှားဖြူဖြူများမှာ တန်းစီ၍ ထွက်ပေါ်ကျန်ရစ်ခဲ့သည်။

ရွှီရန်၏ စိတ်လှုပ်ရှားနေသော မျက်နှာသွင်ပြင်နှင့် အလျင်စလို ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း

တပ်မှူးဟဲ : "ငါတစ်ယောက်တည်းပဲ ခံစားရတာလား သူ့မျက်နှာမှာ အမဲလိုက်ပွဲ စတင်ပြီ ဆိုတဲ့ အရသာကို အပြည့်အဝ ခံစားနေရသလိုပဲ မဟုတ်လား"

တပ်မှူးယွမ် : "ငါလည်း အဲဒီအတိုင်း မြင်တာပဲ... ရေအောက်တိုက်ပွဲက သူ့အတွက် ဘာခြိမ်းခြောက်မှုမှ မရှိသလို အရာအားလုံးက သူ့လက်ခုပ်ထဲက ရေလို ဖြစ်နေပုံပဲ"

တပ်မှူးဟဲက ဇဝေဇဝါဖြင့် "တကယ်ပဲ အဲဒီလောက် လွယ်လို့လား ဒါဆို ငါတို့နှစ်ယောက်က တကယ့်ကို သနားစရာကောင်းတဲ့ အဘိုးကြီးတွေ ဖြစ်မနေဘူးလား"

တပ်မှူးယွမ်က သက်ပြင်းချရင်း လက်ကို ဘေးသို့ ဆန့်ထုတ်လိုက်သည်။

"ဒီဘက်ခေတ် လူငယ်ပါရမီရှင်တွေကတော့ တကယ့်ကို ကြောက်ဖို့ကောင်းလာပြီ"

"ဟူး... ငါတို့လည်း အိုပါပြီကွာ"

"သွားကြစို့... စစ်တလင်းကိုပဲ ရှင်းလိုက်ကြရအောင်"

သူတို့နှစ်ဦးမှာ ကိုယ်ကိုကိုယ် ခနဲ့တဲ့တဲ့ ရယ်မောရင်း အလုပ်စတင်ကြတော့သည်။ မြစ်ကမ်းပါးရှိ စစ်တလင်းမှာ ခုခံကာကွယ်နိုင်ခဲ့ပြီ ဆိုသော်လည်း ကျန်ရှိနေသော သောင်းနှင့်ချီသည့် မိစ္ဆာများကို ရှင်းလင်းရန်မှာ သေးငယ်သော တာဝန်တစ်ခုတော့ မဟုတ်ပေ။

...

အခြားတစ်ဖက်တွင်မူ ရွှီရန်သည် မြစ်ရေပြင်အထက် မီတာ ၃၀ ခန့်အကွာတွင် ဝဲပျံနေရင်း အထက်စီးမှ ငုံ့ကြည့်နေသည်။

All Chapters