အခန်း (၁၄)
Vol. 2 Ch. 14
"ဒီမှာ စုစုပေါင်း ယွမ်၅၀၀။ အကြီးဆုံး၊ ဒုတိယမြောက်နဲ့ တတိယမြောက် ကလေးတွေအတွက် တစ်ယောက် ယွမ်၁၀၀၊ ကျန်တဲ့ ယွမ်၂၀၀က လူအိုတွေဖြစ်တဲ့ ငါတို့၂ယောက်အတွက် ယွမ်၁၀၀၊ ယွမ်၁၀၀က ကျီလင်းခန်းဝင်ငွေအတွက် ချန်ထားမယ်" ကျီအဖေပြောပြီးနောက်သဘောမတူသည့်သူ မရှိ။
ချူယောင်း ကျီအဖေ သူ့သမီးအတွက် ချန်ထားချင်သည်ကို ဂရုမစိုက်သော်လည်း သူပြောသည့်နောက်စကားကို သဘောမတူပါ။ "ကျီလင်းအတွက် ခန်းဝင်ငွေချန်ချင်ရင်ရတယ်။ ဒါပေမယ့် ကျွန်မက အိမ်ခွဲတော့မှာဆိုတော့ ကျီလင်းအတွက် ခန်းဝင်ငွေ ထပ်မပေးနိုင်ဘူး"
" ညည်း ဒုတိယမြောက်ချွေးမအနေနဲ့ ကိုယ့်ယောင်းမအတွက် ခန်းဝင်ငွေ နည်းနည်း ပေးလိုက်ရတော့ ဘာဖြစ်သွားမှာမလို့လဲ?!" ကျီအမေခါးထောက်၍ ချူယောင်းကို အော်ပြောလိုက်သည်။ ဒီချွေးမကမသိတတ်၍ သူမရိုက်ရသည်ကို ရွာက လူတွေမယုံကြသည်ကို အံ့သြလှသည်။
"ဒါဆိုလည်း ကျီလင်းခန်းဝင်ငွေကို ကျွန်မတို့အားလုံးအတွက် ပြန်ခွဲပေးရမယ် "ချူယောင်း သန်းရင်း ပြောလိုက်သည်။ သူတို့နှင့် တစ်ညလုံးရန်ဖြစ်နေရသည့်အတွက် အနည်းငယ် အိပ်ချင်လာသလို ခံစားရသည်။
"မဖြစ်နိုင်ဘူး " ကျီအဖေ မစဥ်းစားဘဲ ငြင်းလိုက်သည်။
"ဒါဆိုလည်း အိမ်မခွဲဘဲ နေတာပေါ့" ချူယောင်း ဂရုမစိုက်ပါ။
ကျီအမေ ဝေခွဲမရဖြစ်နေသည်။ ချုယောင်းက ပြသာနာရှာနေ၍ ကျီအမေ အိမ်ခွဲချင်သည်ဖြစ်သည်။ တစ်မိသားစုလုံး ဒဏ်ရာအများကြီးရပြီး အလုပ်လုပ်ရန် နှောင့်နှေးသွားသည်။ သို့သော် အိမ်ခွဲမည်ဆိုလျှင် ငွေခွဲခြမ်းရမည်ဖြစ်၍ ကျီအမေ တွေဝေနေလေသည်။
သူဆက်မငြင်းသင့်တော့ဟု ကျီအဖေ တွေးလိုက်သည်။ ချူယောင်းက အရင်လိုမဟုတ်တော့သည်ကို ကျီအဖေတွေ့ပြီး ဖြစ်သည်။
" ခန်းဝင်ငွေကို ဒုတိယမြောက်ချွေးမ ပေးစရာမလိုတော့ဘူး။ အခု ငွေတွေလည်း ခွဲပြီးပြီ။ အိမ်ကပစ္စည်းတော်တော်များများလည်း ပျက်စီးသွားပြီ " ကျီအဖေ အဖွဲ့ခေါင်းဆောင်ကို ကြည့်ရင်း ဆက်ပြောလိုက်သည်။
"အများစုက ဒုတိယမြောက်ချွေးမ ဖျက်ဆီးထားတာဖြစ်လို့ ပြန်လျော်သင့်တယ်လို့ မထင်ဘူးလား?" ကျီအဖေ အဖွဲ့ခေါင်းဆောင် ဘာမှမပြောသည်ကို တွေ့၍ သူပြောတာ လက်ခံသည်ဟု တွေးလိုက်သည်။
သူတို့ သူမကို လွယ်လွယ် လွှတ်မပေးမှန်းသိသော်လည်း ဒီလိုအခွင့်အရေးစောင့်နေမှန်း မမျှော်လင့်ခဲ့။
" ချူယောင်း သမီးဘယ်လိုထင်လဲ?" အဖွဲ့ခေါင်းဆောင် ချူယောင်းသဘောကို မေးလိုက်သည်။
ချူယောင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ "လျော်ကြေးက ပေးသင့်ပါတယ်"
ကျီမိသားစု သူမသဘောတူသည်ကို ပျော်သွားသည်။ သူမဒီလို လွယ်လွယ်နှင့် သဘောတူမည်ဟု သူတို့မထင်ခဲ့။
"ဒါပေမယ့် ကျွန်မကို လျော်ကြေးပေးစေချင်တယ်ဆိုရင် ရှင်တို့လည်း ကျွန်မကို လျော်ကြေး အရင်ပြန်ပေး။ ကျွန်မ တွက်ကြည့်လိုက်မယ်။ ကျွန်မအခန်းထဲက ပရိဘောဂအားလုံးက အသစ်တွေ။ ကျွန်မအိမ်ထောင်ကျပြီမှ ဝယ်ထားတာ။ဒါကြောင့် ယွမ်၃၀၀လို့ ထားလိုက်မယ်။"
ချူယောင်း စကားထွက်လာပြီးနောက် ရှိနေကြသောလူအားလုံး အံ့အားသင့်သွားသည်။ ကျီအဖေ မြန်မြန် ပြောလိုက်သည်။ "မင်း လိမ်နေတာပဲ။ ဘယ်လိုလုပ် ယွမ်၃၀၀တန်မှာလဲ?"
ရပ်မိရပ်ဖများကလည်း ကူပြောပေးကြသည်။ "ဟုတ်တယ်။ အဲ့ပစ္စည်းတွေက ယွမ် ၃၀၀မရှိဘူး။ အရမ်းများလွန်းတယ်"
ချူယောင်း ပြောသည်များကိုကြားသော်လည်း ဒေါသမထွက်ပါ။ ပြုံး၍ပြောလိုက်သည်။ "ကျွန်မ စျေးကွက်စျေးနှုန်းတွေကို သိပ်မသိဘူး။ ဒါဆိုလည်း ယွမ်၁၀၀ ထားလိုက်မယ်"
ဒီစျေးနှုန်းကို ဘယ်သူမှ ဘာမှမပြောကြပါ။ ပထမစျေးနှုန်းက အရမ်းမြင့်၍ ဖြစ်မည်။ သူမအခန်းတွင်လည်း အသစ်လုပ်ထားသော ဘီဒို၊ ကုတင်၊ ထိုင်ခုံများ၊ မှန်တင်ခုံရှိသည်။
"ကျွန်မ ဘီဒို၊ ကုတင်၊ မှန်တင်ခုံတွေက အသစ်လုပ်ထားတာ။ ဒီမီးဖိုချောင်က ပစ္စည်းတွေကတော့ အလွန်စျေးပေါလို့ ယွမ်၂၀ အများဆုံးပေးနိုင်မယ်။ ကျီအကြီးဆုံးသားအခန်းအတွက်က အများဆုံး ယွမ်၅၀၊ ကျီအဖေအမေအတွက်ကတော့ ၁၀ယွမ် လျော်ကြေးအနေနဲ့ ကျွန်မပေးမယ်" ချူယောင်း ထိုအခန်းများတွင် မည်မျှရှိသည်ကိုမသိ။ သူမဘာသာ ခန့်မှန်းပြောလိုက်သည်။