အခန်း (၁၅)
Vol. 2 Ch. 15
" အားလုံးပေါင်းရင် ယွမ်၈၀ရှိတယ်ဆိုတော့ ကျွန်မကို ယွမ်၂၀ပဲ ထပ်ပေးဖို့လိုတော့တယ်"
ဒီစကားများကိုကြား၍ ကျီမိသားစုနောင်တရသွားသည်။
ကျီအဖေ စိတ်မရှည်တော့၍ လက်ရမ်းပြီး ပြောလိုက်သည်။ "ထားလိုက်ပါတော့။ တစ်မိသားစုတည်းပဲ။ ပြောမနေပါနဲ့တော့။ လူကြီးတွေ အိမ်ခွဲပေးတာကိုပဲ ကူညီလိုက်ပါ"
ချူယောင်း လျော်ကြေးကိစ္စကို စိတ်မဝင်စားပါ။ သူမသေချာကြည့်ကြည့်သောအခါ သူမ ဝင်ရန်အချိန်မရလိုက်သော အခန်း၂ခန်းမှလွဲ၍ ကျန်အခန်းများက အရာအားလုံး သူမကြောင့် တစ်စစီ ဖြစ်သွားပြီဖြစ်သည်။
ထို့ကြောင့် ကျီမိသားစု ထိုပစ္စည်းများကို လို၍ ပြန်ဝယ်သောအခါ ငွေအများကြီးကုန်ကျမည်။ နှမျောတသဖြစ်နေတော့မည့် သူတို့ရုပ်ကို မြင်ယောင်ကြည့်မိပြီး သူမ အလွန်ပျော်သွားသည်။
"ချူယောင်းရော ဘာပြောချင်လဲ? သမီး လျော်ကြေးကိစ္စကို သဘောတူရဲ့လား?" အဖွဲ့ခေါင်းဆောင် မကျေနပ်မည့်လူရှိမည်စိုး၍ သူဘာလုပ်လုပ် လူတိုင်းနှင့် တိိုင်ပင်သည်။
"မိဘလိုသဘောထားပြီး သမီး သူတို့ကို မပေးခိုင်းတော့ပါဘူး" ချူယောင်း သိတတ်သည့်ပုံစံမျိုး ပြောလိုက်သည်။ ကျီမိသားစု သူမကို အော်ပြီးပြောချင်သည်။ သိတတ်ရင် အစတည်းက ဒီကိုဘာလို့လာလဲ? ပစ္စည်းတွေ ဘာလို့ရိုက်ခွဲလဲ?
ကျီမိသားစုတွင် ငွေနှင့် မြေကလွဲပြီး တခြားအရာအားလုံး အသုံးမဝင်တော့သဖြင့် ဆက်အမွေခွဲစရာမရှိ၍ မြန်မြန်ဆန်ဆန် ပြီးသွားသည်။
"ချူယောင်းကို ခုသူမနေတဲ့အခန်းနဲ့ မြေကို ပေးမယ်" ကျီအဖေ ချူယောင်းအခုနေသော အခန်းလေးကို ညွှန်ပြရင်း ပြောလိုက်သည်။
"ကျွန်မ အဲ့အခန်းကို မလိုချင်ဘူး။ ငွေသားပဲပေးပါ" ချူယောင်း လယ်ဝယ်ချင်သည်။ သူမ ဘယ်လို စိုက်ပျိုးရမည်ကို မသိပေမယ့် သူမလုပ်နိုင်စွမ်းရှိသည်။ တစ်ခြားသူများနှင့်လည်း လယ်ဘယ်လိုစိုက်ရမည်ကို လေ့လာသင်ယူနိုင်သည်။
"အခန်းမလိုချင်ရင် မင်း ငါတို့ကို ပေးလို့ရတယ်" ကျီအဖေ စိတ်ကောင်းရှိ၍ မဟုတ်ပါ။ အခန်းသာ တစ်စစီဖြစ်မနေဘူးဆိုလျှင် သူ ချူယောင်းကို ပေးမည်မဟုတ်။
"ကောင်းပြီ။ ဒါဆို ရှင်တို့ ဒီအခန်းကို ဝယ်မလား?" ကျီအကြီးဆုံးသားနှင့် ချွေးမ သေချာပေါက်ဝယ်လိမ့်မည်ကို ချူယောင်းသိသည်။
ကျီအိမ်တွင် အခန်းအများကြီးမရှိပါ။ အရှေ့ခြံ အနောက်ခြံဟူ၍လည်း ခွဲခြားမထား။ အကုန်လုံး အခန်းကြီးထဲတွင် စုနေကြခြင်းဖြစ်သည်။ ကျီမိသားစုအကြီးဆုံးသားနှင့်သူ့ဇနီးက သူတို့ကလေးနှင့် တူတူအိပ်သည်။ ကျီသာ့ပေါင်မှာ ၈နှစ်ရှိပြီပင်။
မူလပိုင်ရှင် သူတို့ ဒုတိယမြောက်ကလေးလိုချင်သည့်အကြောင်း အမှတ်မထင် ကြားဖူးသည်။ သူတို့တစ်ခန်းထဲတွင် မဆံ့တော့သဖြင့် ဒုတိယမြောက်ကလေးကို အချိန်အကြာကြီး မယူဖြစ်ကြသေးခြင်းဖြစ်သည်။
ကျီမိသားစုအကြီးဆုံးသားနှင့် သူ့ဇနီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ၂ယောက်လုံး တုံ့ဆိုင်းနေမှန်းမြင်သည်။ ကျီမိသားစုအကြီးဆုံးသား ခဏမျှစဥ်းစားပြီး ကျီအဖေနှင့် ကျီအမေကိုပြောလိုက်သည်။ "အဖေနဲ့အမေ၊ သာ့ပေါင်လည်း အခု ကြီးလာပြီဆိုတော့ ကျွန်တော်တို့ အဲ့အခန်းကို ဝယ်လိုက်ရင်ရော?"
ကျီအဖေ မဝယ်ချင်သော်လည်း သူ ကျီမိသားစုအကြီးဆုံးသားထံ အရင်ရက်က သူ မကောင်းသည်ကို ပေါ်သွား၍ ပထွေးတစ်ယောက်အနေနှင့် သိက္ခာပြန်ဆယ်ရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ။ သားတို့ဝယ်ချင်ရင် အဖေ သားတို့ကို ဝယ်ပေးမယ်" ကျီအဖေ ထိုသို့ပြောလိုက်သည်နှင့် ကျီမိသားစုအကြီးဆုံးသားနှင့် သူ့ဇနီး ချက်ချင်းပင် အလွန်ပျော်သွားသည်။
"ကျေးဇူးတင်ပါတယ်။ အဖေနဲ့အမေ" ကျီမိသားစုအကြီးဆုံးသား ကျေးဇူးတင်စွာ ပြောလိုက်သည်။
"မိသားစုတွေပဲ။ ကျေးဇူးတင်စရာမလိုဘူး။ အခုကစပြီး မင်းနဲ့ ကျီကျိုးညီအကိုနှစ်ယောက်ပဲ ကျီမိသားစုမှာရှိတော့တယ်။ သားတို့အချင်းချင်း နောက်ဆို တစ်ယောက်နဲ့ တစ်ယောက် ဖေးမကြ" ကျီအဖေ ကျီမိသားစုအကြီးဆုံးသားပုခုံးကို ပုတ်ပြီးပြောလိုက်သည်။
ကျီမိသားစုအကြီးဆုံးသား ခေါင်းညိတ်ပြီး ရိုးသားစွာပြောလိုက်သည်။ "ကျွန်တော့်ညီလေးက စာသင်နေတုန်းဆိုတော့ ကျွန်တော်တို့ သူ့ကို အကောင်းဆုံး ထောက်ပံ့ပေးပါ့မယ်"
ချူယောင်း ကျီအဖေကို လေးစားမိသည်။ ငွေလေးနည်းနည်းသုံးပြီး လုပ်အားအလကားရလိုက်သည်။ တကယ့်ကို ဉာဏ်နီဉာဏ်နက်များသည့်အဖိုးကြီးဖြစ်သည်။
ချူယောင်း ငွေယူပြီး ထွက်သွားမည်ဖြစ်၍ ကျီမိသားစုအရှုပ်ကို ဂရုစိုက်ဖို့မအားပါ။
နောက်ဆုံး အခန်းကို ယွမ်၇၀နှင့် စျေးတည့်သွားသည်။ အခန်းမှာ စုတ်ပြတ်သတ်နေပြီဖြစ်၍ ယွမ်၇၀တောင်မှ ချူယောင်း အတင််းပြောမှရသည်ဖြစ်သည်။