Chapters

အခန်း (၂၃)

Vol. 2 Ch. 23

အခန်း (၂၃)

Vol. 2 Ch. 23

ချူယောင်း မနက်ဘက် စောစောပြေးပြီး ညကလုပ်ထားသော အရိုးစွပ်ပြုတ်ထဲ ခေါက်ဆွဲထည့်ပြုတ်စားလိုက်သည်။ သူမ ကိုယ်အလေးချိန်ချရန် လိုသေးသဖြင့် အများကြီးမစားနိုင်သော်လည်း သူမ ဒီမနက် အလုပ်လုပ်ရဦးမည်ဖြစ်၍ သူမခန္ဓာကိုယ်က ရေနှင့် အဆီဓါတ်လိုသေးသည်။

ချူယောင်း လယ်ထဲသို့ ပေါက်ပြားတစ်ချောင်းနှင့် သွားလိုက်ရာ သူမကို ရက်အနည်းငယ်ကြာ မမြင်ရသေးသော အဒေါ်များက ဝိုင်းအုံလာကြသည်။

သူမ ကျီအိမ်က အိမ်ခွဲနေသည့်အကြောင်း မေးခွန်းများကိုတော့ ချူယောင်း အကုန်ဖြေလိုက်သည်။

"ကျီမိသားစုက တော်တော်လွန်တာ။ သူတို့က ယုတ်မာတယ်လို့ ပြောလို့ရတယ်။ သူတို့မိသားစုက အခုတလော အိပ်ရာကမထ။ အလုပ်လည်း မလုပ်ချင်ကြဘူးလို့ ကြားတယ်" အဒေါ်တစ်ယောက် ပြောနေလေသည်။

"အဲ့အိမ်မှာ အလုပ်ကြိုးစားတဲ့လူမများပါဘူး။ သားအကြီးဆုံး လင်မယားကတော့ နည်းနည်းကြိုးစားပေမယ့် မရိုးသားဘူး "

ချူယောင်း ဒီအဒေါ်တွေ ပြောချင်သည်ကို နားလည်သည်။ သူမကို ခုတုံးလုပ်၍ ကျီမိသားစုကို အတင်းတုတ်နေကြခြင်းဖြစ်သည်။

ချူယောင်း ဒီ‌အဒေါ်တွေ ပြောသည်ကို နားမထောင်ချင်တော့သဖြင့် သူမအလုပ်ကိုသာ သွားလုပ်လိုက်သည်။ ထိုအဒေါ်များလည်း သူမက ပြန်မပြောသည်ကို မြင်၍ ခဏကြာတော့ ထွက်သွားကြသည်။

"ယောင်းမ အဆင်ပြေရဲ့လား?" ထိုအဒေါ်များပြန်သွားသည့်နောက် ချူယောင်းမသိသောငယ်ငယ်ရွယ်ရွယ်အမျိုးသမီးတစ်ယောက်ရောက်လာသည်။

"ညီမက?" ချူယောင်း မသေချာစွာမေးလိုက်သည်။

"ကျွန်မက ကျီယွမ်ရဲ့ဇနီး လီထောင်းဟွာပါ" လီထောင်းဟွာ ခြင်းအသေးလေး တစ်လုံးနှင့် ရောက်လာသည်။ ချူယောင်းကို နှုတ်ဆက်ဖို့ ရောက်လာခြင်းဖြစ်မည်။

ကျီယွမ်မှာ ကျီနန်ဖုန်း၏ ဝမ်းကွဲဖြစ်သည်။ သူတို့နှစ်ဦးဆက်ဆံရေးမှာ မဆိုးလှပေ။ ကျီနန်ဖုန်း မူလပိုင်ရှင်နှင့် လက်ထပ်ပြီး စစ်တပ်ထဲမပြန်ခင် ကျီယွမ်နှင့် မူလပိုင်ရှင်ကို မိတ်ဆက်ပေးထားသည်။ "မင်းမှာ ကိစ္စတစ်ခုခုရှိရင် ကျီယွမ်ဆီသွား။ ငါတို့ဆက်ဆံရေးက အဆင်ပြေတယ်။ သူ မင်းကို ကူညီပေးလိမ့်မယ်"

သူမ အိမ်အသစ်ပြောင်းစဥ်က ကျီယွမ်လည်း လာရောက်ကူညီပေးသည်။

"အစ်မ အဆင်ပြေပါတယ်"

"တော်သေးတာပေါ့။ ညီမ မနေ့က အစ်မအိမ်သွားကြည့်သေးတယ် ဘယ်သူမှ မတွေ့လို့" လီထောင်းဟွာ ချူယောင်းဆီကို မနေ့က မနက်စောစော သွားခဲ့သည်။ ကျီယွမ်က တနေ့ညက ချူယောင်း အိမ်မှာ မိန်းမသားတစ်ယောက်တည်းဖြစ်၍ သူမကို အားရင် သွားကြည့်ပေးရန် မှာထားသည်။

"အစ်မ မနေ့က အစ်မအကြီးဆုံးဆီ သွားတာနဲ့ တိုးသွားတာ။ ညီမ အစ်မကို ဘာပြောစရာရှိလို့လဲ?" ချူယောင်း သိချင်၍ မေးလိုက်သည်။

"ညီမ ညဘက် တောင်ထဲ အသီးအနှံ သွားရှာမလို့ အစ်မကို တူတူသွားချင်လားမေးမလို့ပါ" လီထောင်းဟွာ ရှက်ရှက်နှင့် ပြန်ပြောလိုက်သည်။

လီထောင်းဟွာ ချူယောင်းက အရင်တစ်ခေါက်တွေ့စဥ်ကနှင့် မတူဘူးဟု ခံစားမိသည်။ သူမက ချူယောင်းထက် ၂လစော၍ အိမ်ထောင်ကျခဲ့ပြီး အပြင်သိပ်မထွက်ဖြစ်ပေ။ နောက်ဆုံး သူမ ချူယောင်းကို တွေ့ခဲ့စဥ်က ချူယောင်း မင်္ဂလာဆောင်သည့်နေ့ဖြစ်သည်။

"ဒါဆို ညီမ ဒီနေ့ သွားမလား?" ချူယောင်းလည်း အမြဲ တောင်ကို တက်ကြည့်ချင်နေသည်ဖြစ်သည်။

"ညီမတို့ သွားမှာ။ အစ်မ သွားမယ်ဆို ဒီညလာခေါ်မယ်လေ?" လီထောင်းဟွာ စိတ်လှုပ်ရှားစွာပြောလိုက်သည်။ သူတို့ကလွဲလျှင် ကလေးရှိသောအမျိုးသမီးများ၊ ကလေးအကြီးများသာ တောင်မှာ သစ်ရွက်သစ်ဖု ရှာကြသည်။

"ကောင်းပြီ" ချူယောင်း သဘောတူလိုက်သည်။

ထို့နောက် ချူယောင်း အလုပ်ဆက်လုပ်နေရာ တဖြည်းဖြည်း လုပ်သည်မှာ ပိုကျွမ်းကျင်လာသည်။ သူမမှာ ခွန်အားနှင့် သေချာလုပ်ချင်စိတ်ရှိသည်။ သူမအားမစိုက်လျှင်တောင် ပိုပိုမြန်လာသည်။

ရွာအဖွဲ့ခေါင်းဆောင်က လယ်ကွင်းများကို ကြည့်ရှုစစ်ဆေးလေ့ရှိသည်။ အလုပ်လုပ်တာ တစ်ယောက်ယောက်များ အပါးခိုနေမလားဆိုပြီး အမြဲ စောင့်ကြည့်သည်။

"ချူယောင်း သမီးအလုပ်လုပ်တာ မဆိုးဘူး" အဖွဲ့ခေါင်းဆောင် ပြောရင်း ခေါင်းညိတ်လိုက်သည်။ ဒီကလေးက အရင်က ကျီမိသားစုကြောင့် အလုပ်‌ကောင်းကောင်း မလုပ်နိုင်တာနေမည်။

အခု သူမ အိမ်ခွဲနေပြီး အလုပ်စလုပ်‌သောအခါ တော်တော်အဆင်ပြေသည်။ ဒီနေ့ ဒီကလေး အလုပ်အမှတ်ဆယ်မှတ်ရနိုင်သည်။ အဖွဲ့ခေါင်းဆောင်တွေးရင်း သူ့ဆုံးဖြတ်ချက်က မှန်သည်ဟု ခံစားရသည်။