← Chapters

အခန်း (၁၂၇၉-၁၂၈၀)

Vol. 128 Ch. 1279-1280

အခန်း (၁၂၇၉-၁၂၈၀)

Vol. 128 Ch. 1279-1280

အခန်း (၁၂၇၉) - ဒါယူးမသေမျိုး

ဖန့်ချန်သည် ရှီခုံးဈေးကွက် တွင် နေထိုင်ရသည့် ရည်ရွယ်ချက်မှာ တစ်ခုတည်းသာ ရှိသည်။

ဝမ်ချုံးစန်း နှင့် သူ့၏ ညီ လင်ပေါင် တို့ကို စောင့်ကြည့်ရန် အဆင်ပြေစေရန် ဖြစ်သည်။

မသေမျိုးဆွေးနွေးပွဲ မစတင်မီတွင် ဝမ်ချုံးစန်း၏ ထိုကိုယ်ပွား ပုံစံနောက်ကွယ်မှ အထောက်အထားနှင့် မူလဂိုဏ်းဇာစ်မြစ်ကို သိရှိအောင် လုပ်နိုင်မလားဟု ကြည့်ရမည်။

ရှဲ့ကျစ် မသေမျိုးတို့၏ တာဝန်နှင့် ပတ်သက်၍လည်း သူ ဂရုပြုမိသော်လည်း၊ လုပ်ဆောင်၍ မရနိုင်သည့် အခြေအနေမျိုးဆိုလျှင် သူကိုယ်တိုင် အန္တရာယ်ခံ၍ ရှေ့ထွက်လာမည် မဟုတ်ပေ။

ဟွမ်ချင်းကျွဲ ပေးထားသည့် ကျောက်ပြားထဲတွင် သတင်းအချက်အလက်မှာ အလွန်ရိုးရှင်းပြီး စာကြောင်းအနည်းငယ်သာ ပါဝင်သည်။

ဗုဒ္ဓနယ်မြေ ၊ ဒါယိ ကြယ်တာရာနယ်မြေ၊ ဝိညာဉ်သုတ်သင်ခြင်းဌာနမှ ဌာနမှူး ဒါယူးမသေမျိုး ၊ အဆင့် (၆).....

အချက်အလက် နည်းလေလေ၊ ထိုလူ၏ စွမ်းရည်မှာ ပိုမိုမြင့်မားလေလေဟု ဆိုလိုသည်။

ဟွမ်ချင်းကျွဲပင်လျှင် သူ၏ နာမည်ရင်းကို မရရှိခဲ့ဘဲ ဘွဲ့တစ်ခုကိုသာ ရရှိခဲ့သည်။

ကြယ်တာရာနယ်မြေ တစ်ခု၏ ဝိညာဉ်သုတ်သင်ခြင်းဌာနမှ ဌာနမှူးတစ်ယောက် ဖြစ်လာနိုင်သည့်အတွက် သူ၏ အဆင့် (၆) ကျင့်စဉ်မှာလည်း သာမန် အဆင့် (၆) မဟုတ်ဘဲ၊ နင်ပေယိုတို့ ယခင်က ပြောဆိုခဲ့သည့် ထိုက်ရွှီမသေမျိုး နှင့် အဆင့်တူ ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်သည်။

ရှေးဟောင်းမသေမျိုး (အဆင့် ၇) ၏ တစ်ဝက်မျှ ရှိသူ။

နောက်လာမည့် နှစ်အနည်းငယ်အတွင်း ဖန့်ချန်၏ ဝိညာဉ်သည် ချင်းယွမ်ဈေးကွက် နှင့် ရှီခုံးဈေးကွက် ကြားတွင် အသွားအပြန် လှည့်လည်နေပြီး ဝမ်ချုံးစန်း နှင့် လင်ပေါင် ကို တစ်ဖက်က စောင့်ကြည့်ရင်း၊ နောက်တစ်ဖက်ကလည်း ရွှမ်ယန် ကိုယ်ခန္ဓာလေးဆင့် အတွက် လိုအပ်သော ဆေးဖက်ဝင် ပစ္စည်းများ စုဆောင်းနေသည့် ကွမ်ယွမ်ထန် ၏ တိုးတက်မှုကို အာရုံစိုက်နေသည်။

ရွှီကွမ်းယွမ် သည် ဤကိစ္စတွင် တကယ်ကို အာရုံစိုက် လုပ်ဆောင်ပေးသည်ဟု ပြောရမည်။

ကျန်ရှိနေသည့် ဆေးဖက်ဝင် ပစ္စည်း (၁၈) မျိုးထဲမှ တစ်မျိုးမျှ မရှာတွေ့သေးသော်လည်း၊ နှစ်မျိုး၏ သတင်းကို စုံစမ်းသိရှိခဲ့ပြီး သူကိုယ်တိုင် သွားရောက်ညှိနှိုင်းကာ ဝယ်ယူနိုင်ခဲ့သည်။

ထိုဆေးဖက်ဝင် ပစ္စည်းနှစ်မျိုး ရရှိပြီးနောက် ဆေးမျိုး (၁၆) မျိုးသာ လိုအပ်တော့မည်ဖြစ်ပြီး၊ ထိုအခါ ဖန့်ရွှမ်ယန် ကို တတိယဆင့် ကိုယ်ခန္ဓာအားပေါင်းစပ်ရန် ကြိုးစားစေနိုင်တော့မည် ဖြစ်သည်။

ဖန့်ချန်၏ ခန့်မှန်းချက်အရ ရွှမ်ယန် ကိုယ်ခန္ဓာလေးဆင့် ၏ ကျင့်စဉ်အဆင့် နိမ့်လေလေ၊ နောက်ပိုင်း တိုးတက်မှုက ပိုကြီးမားလေလေ ဖြစ်သည်။

တတိယဆင့် ကိုယ်ခန္ဓာကို ပေါင်းစပ်ခြင်းသည် ဖန့်ရွှမ်ယန် ကို တက်လှမ်းခြင်းအဆင့် သို့ တိုက်ရိုက် တိုးတက်သွားစေနိုင်လိမ့်မည်။

ယခုအခါ မသေမျိုးဆွေးနွေးပွဲ စတင်ရန် သုံးနှစ်ထက်ပင် နည်းတော့သည်။

ချင်းယွမ်ဈေးကွက် အတွင်းရှိ အင်အားစုအသီးသီးသည် နောက်ဆုံးတွင် သတင်းကို ရရှိသွားကြသည်။

ထိုမသေမျိုးဆွေးနွေးပွဲကို ရှီခုံးဈေးကွက်မှူး အပါအဝင် အဆင့် (၆) မသေမျိုး အချို့က အတူတကွ ဦးစီးကျင်းပခြင်းဖြစ်ပြီး၊ အရှိန်အဝါကြီးမားလှသဖြင့် နန်ချင်း ကြယ်တာရာနယ်မြေ တစ်ခွင်ရှိ ထိပ်တန်းပုဂ္ဂိုလ်အားလုံးသည် လာရောက်ရန် စိတ်ဝင်စားနေကြသည်။

ထို့ကြောင့် မသေမျိုးဆွေးနွေးပွဲအတွက် သတ်မှတ်ချက်တစ်ခု ချမှတ်လိုက်သည်။

ဤပွဲကို တက်ရောက်လိုသူများသည် မသေမျိုးကျောက်တုံး အချို့ကို ပေးသွင်းရုံသာမက ဝင်ခွင့်လက်မှတ် တစ်စောင်လည်း လိုအပ်သည်။

ဝင်ခွင့်လက်မှတ် အရေအတွက်မှာ ကန့်သတ်ထားသဖြင့် ချင်းယွမ်ဈေးကွက်ရှိ မသေမျိုးများသည် ဝင်ခွင့်လက်မှတ် တစ်စောင်ဝယ်ယူရန် အသိအကျွမ်းများဆီတွင် အကူအညီတောင်းနေကြသည်။

ရုတ်တရက်ဆိုသလို ဝင်ခွင့်လက်မှတ် တစ်စောင်၏ ဈေးနှုန်းသည် မသေမျိုးကျောက်တုံး (၂၀) နီးပါးအထိ မြင့်တက်သွားသည်။

ဒါက ဘယ်လောက်တောင် ဈေးကြီးသလဲ

ရွှီကွမ်ယွမ် ကဲ့သို့ အဆင့် (၁) မသေမျိုးတစ်ယောက်သည် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးမှ စည်းစိမ်ဥစ္စာ အတော်များများ ရရှိခဲ့ခြင်းဖြစ်ပြီး၊ ချင်းယွမ်ဈေးကွက်တွင်ပင် ကွမ်းယွမ်ထန် ဆိုင်ခွဲပေါင်း ရာနှင့်ချီ ရှိသည်။

ထိုသို့ဖြစ်သော်လည်း နှစ်နှစ် သို့မဟုတ် သုံးနှစ်တာ အမြတ်ငွေမှာ မသေမျိုးကျောက်တုံး (၁) တုံးပင် မရှိပေ။

ရွှီကွမ်းယွမ် ကိုယ်တိုင်ကလည်း မသေမျိုးတစ်ယောက် ဖြစ်သဖြင့် ကျင့်ကြံရန် ကျောက်တုံးများ သုံးစွဲနေရသည်။

ထိုသို့ ရှည်လျားသော ကာလအတွင်း သူကဲ့သို့သော မသေမျိုးများသည် သာမန်လူတို့ ထင်မှတ်ထားသလို ချမ်းသာကြွယ်ဝခြင်း မဟုတ်ဘဲ တစ်ခါတစ်ရံ အတော်လေးကို ကျပ်တည်းနေလေ့ ရှိသည်။

သို့သော်လည်း အပြင်မထွက်ဘဲ ပိတ်လှောင်ကျင့်ကြံနေသည့်၊ စီးပွားရေးမလုပ်သော အခြားမသေမျိုးများနှင့် ယှဉ်လျှင် ရွှီကွမ်းယွမ် သည် ချမ်းသာသူတစ်ဦးဟု ဆိုနိုင်သေးသည်။

ဝင်ခွင့်လက်မှတ် ဈေးနှုန်းမှာ ဤမျှမြင့်တက်သွားခြင်းသည် သာမန် အဆင့် (၁) မသေမျိုးများအတွက် လမ်းကြောင်းကို ပိတ်ပင်လိုက်သလို ဖြစ်နေပြီး၊ သူတို့မှာ မသေမျိုးဆွေးနွေးပွဲကို တက်ရောက်ရန် အရည်အချင်းပင် မရှိတော့ပေ။

မသေမျိုးမဟုတ်သော သူများအတွက်မူ ဤမသေမျိုးဆွေးနွေးပွဲတွင် အလုပ်သမား အခန်းကဏ္ဍမှသာ ပါဝင်နိုင်တော့မည်။

ဟွမ်ချင်းကျွဲ ၏ နည်းလမ်းမှာ ထူးခြားသည်။

သူက ဝင်ခွင့်လက်မှတ် အမြောက်အမြားကို တိုက်ရိုက်ယူဆောင်လာပြီး ရှဲ့ကျစ် မသေမျိုးတိုင်းကို တစ်စောင်စီ ပေးအပ်လိုက်သည်။

အကယ်၍သာ ရှဲ့ကျစ် မသေမျိုးတစ်ဦးဦးသည် ဝင်ခွင့်လက်မှတ်ကို ရောင်းချပြီး နန်ချင်း ကြယ်တာရာနယ်မြေမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ပါက ငွေအမြောက်အမြား ရှာဖွေနိုင်မည် ဖြစ်သည်။

ဆန်းယွင်ဂိုဏ်း

ယနေ့တွင် တုန်းရှင်းဈေးကွက် မှ ကျူးတုန်းရှူး သည် နောက်တစ်ကြိမ် လာရောက်လည်ပတ်ပြီး နဂါးအိုကြီး နှင့်အတူ ထိုင်ကာ တရားဆွေးနွေးနေကြသည်။

ပြန်ခါနီးတွင် ကျူးတုန်းရှူး သည် မသေမျိုးဆွေးနွေးပွဲ ဝင်ခွင့်လက်မှတ် တစ်စောင်ကို ထုတ်ယူကာ မူလဈေးနှုန်းအတိုင်း မသေမျိုးကျောက်တုံး (၂၀) ဖြင့် နဂါးအိုကြီး ကို ရောင်းချပေးလိုက်သည်။

ဤအချိန်တွင် ဝင်ခွင့်လက်မှတ် ဈေးနှုန်းမှာ မသေမျိုးကျောက်တုံး (၃၀) အထိ မြင့်တက်နေပြီဖြစ်ရာ ကျူးတုန်းရှူး ၏ ထိုလုပ်ရပ်မှာ မသေမျိုးကျောက်တုံး (၁၀) တုံးတန်ဖိုးရှိသော လူမှုဆက်ဆံရေးကို အလကား ပေးအပ်လိုက်သကဲ့သို့ ဖြစ်သည်။

"ဒီ ကျူးမိတ်ဆွေက လူမှုဆက်ဆံရေးမှာ အတော်ကို ကျွမ်းကျင်တာပဲ သာမန် အဆင့် (၃) မသေမျိုးတွေက သူ့လိုမျိုး စွန့်စားနိုင်မလား မသေမျိုးကျောက်တုံး (၁၀) တုံးကို အလကား ပေးလိုက်တာလား "

နဂါးအိုကြီး က ဖန့်ချန်ကို ကြည့်ကာ လက်ထဲရှိ ဝင်ခွင့်လက်မှတ်ကို ဂုဏ်ယူစွာ ဝှေ့ယမ်းပြသည်။

"အချိန်နီးကပ်လာရင် ဒီဝင်ခွင့်လက်မှတ် ဈေးက ထပ်တက်ဦးမှာပါ ကျူးမိတ်ဆွေမှာ တစ်ခုခု အကူအညီတောင်းဖို့ ရှိနေတာ ဖြစ်မယ်လို့ ထင်တယ်"

ဖန့်ချန်က ရယ်မောလျက် ပြောသည်။

နဂါးအိုကြီး က ခေါင်းညိတ်သည်။

"မြင်လိုက်ပါတယ် နောက်ကျရင် သူက အသေးအဖွဲ ကိစ္စလေးတစ်ခုခု အကူအညီတောင်းလာရင် ကူညီနိုင်ရင် ကူညီပေးလိုက်ပေါ့ အကယ်၍ ဒုက္ခပေးမယ့် ကိစ္စဆိုရင်တော့ ငြင်းပယ်လိုက်ရုံပါပဲ လူတိုင်းရဲ့ အကူအညီကို အသုံးချနိုင်တာမှ မဟုတ်တာ သူကိုယ်တိုင်လည်း ဒီသဘောတရားကို နားလည်မှာပါ "

ခဏရပ်ပြီးနောက် နဂါးအိုကြီး က ဖန့်ချန်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်သည်။

"ငါတို့ ဒီတစ်ခါ မသေမျိုးဆွေးနွေးပွဲမှာ ဘာတွေ လုပ်ဖို့ လိုအပ်မလဲ "

"အထက်ပိုင်း (၃) နယ်မြေက ဖိတ်စာ နဲ့ အဆင့် (၄) မသေမျိုး နတ်ဆေးပင် "

ဖန့်ချန်က ပြောသည်။

"ဖိတ်စာကို ဦးစားပေးပါ အဆင့် (၄) မသေမျိုး နတ်ဆေးပင် အတွက် ပြိုင်ဆိုင်မှုက အတော်လေး ပြင်းထန်လိမ့်မယ် ဝယ်လို့ရရင် ဝယ်ပါ၊ မရရင်လည်း ထားလိုက်ပါ ဒီပစ္စည်းအတွက်နဲ့ ဒီနေရာက ဒေသခံ အင်အားကြီးသူတွေကို အပြစ်မလုပ်မိပါစေနဲ့ "

နဂါးအိုကြီး က ခေါင်းညိတ်လိုက်သည်။

စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

အကယ်၍သာ ထိုနတ်ဆေးပင် အတွက် ပြိုင်ဆိုင်ရမည်ဆိုလျှင် ဤနေရာရှိ မသေမျိုးအချို့ကို အပြစ်ပြုမိရန် ရာနှုန်းပြည့် သေချာနေပြီ ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် အထက်ပိုင်း (၃) နယ်မြေ၏ ဖိတ်စာမှာ တန်ဖိုးရှိသော်လည်း လူတိုင်း လိုက်လံရှာဖွေနေသည့်အရာ မဟုတ်ပေ။

"ဝင်ခွင့်လက်မှတ် တစ်စောင်နဲ့ လူ (၃) ယောက် ခေါ်ဆောင်သွားလို့ ရတယ် မင်းက တစ်ယောက်၊ ကျန်တဲ့ နှစ်ယောက်က ဘယ်သူတွေကို ခေါ်မလဲ ကျင်းရွှယ် ကလေးမလေးကို ခေါ်ပြီး လောကအတွေ့အကြုံ ရအောင် လုပ်ပေးမလား "

နဂါးအိုကြီး က မေးသည်။

"ရွှီကွမ်းယွမ် ကို ခေါ်သွားပါ ရေခဲနတ်ဘုရားဂိုဏ်း က အဲဒီလူလည်း ဒီနှစ်ပိုင်းတွေမှာ အကြီးကဲကို လာရောက်ဂါရဝပြုနေတာ မဟုတ်လား သူ့ကိုလည်း ခေါ်သွားလိုက်ပါ ပြီးရင် လီတောက်ယဲ့ ကိုလည်း ခေါ်သွားပြီး အလုပ်ခိုင်းရအောင်"

ဖန့်ချန်က ပြောသည်။

နဂါးအိုကြီး တခဏမျှ ငေးသွားသည်။

"မင်း မသွားဘူးလား "

ဖန့်ချန်က ရယ်မောလျက်

"ကျုပ်ဆီမှာ ဝင်ခွင့်လက်မှတ် နောက်တစ်စောင် ကျန်သေးတယ် အဲဒီအချိန်ကျရင် အကြီးကဲ နဲ့ ခွဲပြီး သွားလိုက်မယ် လူတွေရဲ့ အာရုံစိုက်မှု မခံရအောင်လို့ပါ ဒီတစ်ခါမှာ ကြယ်မိုးမသေမျိုး နဲ့ မဟာမြေမသေမျိုး တို့နဲ့ တွေ့ဆုံနိုင်တယ် ဖိတ်စာအတွက် ပြိုင်ဆိုင်တဲ့အခါ လူတွေရဲ့ အာရုံစိုက်မှုကို ခံရမှာ စိုးလို့ ကျုပ် လိုက်သွားရင် အဆင်မပြေဘူး"

"ဖြစ်တာပေါ့ ဒီနေရာမှာ ယင်လောက ထဲကို ဝင်လို့မရဘူး၊ လုံခြုံရေးအတွက် မင်းကိုယ်မင်း ဂရုစိုက်ပါ "

နဂါးအိုကြီး က ခေါင်းညိတ်သည်။

နောက်တစ်ရက်တွင် ကွမ်ယွမ်ထန် နှင့် ရေခဲနတ်ဘုရားဂိုဏ်း တို့သည် ဆန်းယွင်ဂိုဏ်း တပည့်များ၏ သတင်းစကားကို ရရှိပြီးနောက် မသေမျိုးနှစ်ဦးသည် ဆန်းယွင်ဂိုဏ်းသို့ အတူတကွ လာရောက် ဂါရဝပြုကြသည်။

ရွှီကွမ်းယွမ် ၏ ဘေးတွင် လှပသော အမျိုးသမီး တစ်ဦး ရပ်နေသည်။

သူမ၏ စရိုက်မှာ ရေခဲကဲ့သို့ အေးစက်ပြီး ခန္ဓာကိုယ်မှ မသေမျိုးစွမ်းအားများ ပေါ်ထွက်လာသည့်အခါတိုင်းတွင် အေးစက်သော ခံစားချက်ကိုပါ ဆောင်ယူလာသည်။

ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကတည်းက ထို ရေခဲနတ်ဘုရားဂိုဏ်းမှ အဆင့် (၁) မသေမျိုးသည် လူသားမျိုးနွယ်မဟုတ်ဘဲ သူ့လိုပင် နဂါးမျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်ကြောင်း နဂါးအိုကြီး သိရှိပြီးဖြစ်သည်။

နဂါးအိုကြီး က ချောင်းဟန့်လိုက်ပြီး

"မင်းတို့ ဒီနေ့ တန်တိုင်တောင် မှာ မသေမျိုးဆွေးနွေးပွဲ ရှိတယ်ဆိုတာ ကြားမိမှာပေါ့ "

ရွှီကွမ်းယွမ် ၏ အမူအရာ ပြောင်းလဲသွားပြီး ခါးသီးစွာ ပြုံးလိုက်သည်

"တပည့်တော် ကြားမိပါတယ် အကြီးကဲ ၊ ဝင်ခွင့်လက်မှတ် တစ်စောင်တည်းကိုတောင် အလွန်ဈေးကြီးပေးပြီး ဝယ်နေကြရတာပါ"

ဟောက်ချောင်ပင်း က နူးညံ့စွာ

"ကျမတို့မှာ ဝင်ခွင့်လက်မှတ် တစ်စောင် ရှိပါတယ် လူ (၃) ယောက် ခေါ်ဆောင်သွားလို့ ရပါတယ် အကြီးကဲလည်း မသေမျိုးဆွေးနွေးပွဲကို တက်ရောက်လိုပါက ကျမ နေရာ (၂) ခု ပေးနိုင်ပါတယ်"

ရွှီကွမ်းယွမ် စိတ်ထဲတွင် အံ့အားသင့်သွားပြီး ဟောက်ချောင်ပင်း ကို ကြည့်လိုက်မိသည်။

ဤ ရေခဲနတ်ဘုရားဂိုဏ်း၏ ဘိုးဘေးသည် တကယ်ပဲ ဒီလောက်ဈေးကြီးသော မသေမျိုးဆွေးနွေးပွဲ ဝင်ခွင့်လက်မှတ်ကို ဝယ်လိုက်တာလား

"မင်းရဲ့ စေတနာကို မှတ်ထားပါတယ် "

နဂါးအိုကြီး က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"တကယ်တော့ ငါလည်း ရထားပါတယ် တုန်းရှင်းဈေးကွက် က ကျူးမိတ်ဆွေက ရောင်းပေးလိုက်တာပါ ငါလည်း မင်းတို့ကို အတူတူ သွားမလားလို့ မေးမလို့ အခုတော့..."

သူက ရွှီကွမ်းယွမ် ကို ကြည့်လိုက်သည်

"မင်းကော အတူသွားမလား "

ရွှီကွမ်းယွမ် စိတ်ထဲတွင် အလွန်ပျော်ရွှင်သွားပြီး ခေါင်းညိတ်လိုက်သည်။

အခန်း (၁၂၈၀) - ထူးချွန်ထက်မြက်သူတို့ စုဝေးရာ

လူအများ နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ကြသည့် မသေမျိုးဆွေးနွေးပွဲမှာ ယနေ့တွင် တရားဝင် စတင်လိုက်ပြီဖြစ်ပြီး တန်တိုင်တောင် တစ်ခုလုံးကို တားဆီးမှုနည်းလမ်းတစ်ခုဖြင့် အုပ်မိုးထားကာ ဝင်ပေါက်တစ်ခုကိုသာ ဖွင့်လှစ်ထားသည်။

ယခုအခါ ဝင်ပေါက်နေရာတွင် ရှီခုံးဈေးကွက်မှူး ၏ လက်အောက်ခံ မသေမျိုးအချို့က ဝင်ခွင့်လက်မှတ်များကို စစ်ဆေးခြင်းနှင့် စာရင်းသွင်းခြင်းများ လုပ်ဆောင်နေကြသည်။

မဟာမြေမသေမျိုး ယခင်က ဦးစီးကျင်းပခဲ့သည့် မသေမျိုးဆွေးနွေးပွဲနှင့် ယှဉ်လျှင် ယနေ့ပွဲမှာမူ အလွန်ပင် သေးငယ်လှသည်။

ဖန့်ချန်သည် အထဲသို့ ဝင်ရောက်ရန် အလျင်မလိုဘဲ၊ ဒီနေရာကို အထူးတလည် လာရောက်ကြည့်ရှုသူ မသေမျိုးများနည်းတူ အနီးအနားတွင် ရပ်နေကာ သူတို့၏ စကားပြောဆိုသံများမှတစ်ဆင့် ယနေ့ ဆွေးနွေးပွဲသို့ တက်ရောက်မည့် အင်အားစုအသီးသီးကို လေ့လာနေသည်။

လက်ဖက်ရည်တစ်ခွက် သောက်ချိန်လောက်အတွင်းမှာပင် သူတို့သည် အထင်ကရ ပုဂ္ဂိုလ်ကြီး ရာပေါင်းများစွာ အသီးသီး ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။

၎င်းတို့ထဲတွင် အဆင့် (၁) မသေမျိုးများရှိသလို၊ အဆင့် (၂) မသေမျိုးများလည်း ပါဝင်သည်။

ဤကဲ့သို့သော မသေမျိုးများသည် သာမန်အချိန်တွင် ပေါ်လာပါက လူတိုင်း၏ အာရုံစိုက်မှုကို အပြည့်အဝ ရရှိလေ့ရှိသူများ ဖြစ်သည်။

သို့သော် ယနေ့တွင်မူ သူတို့မှာ ထင်ရှားခြင်း မရှိတော့ဘဲ၊ တုန်းရှင်းဈေးကွက်မှူး ကျူးတုန်းရှူး ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ပေါ်လာမှသာ ဆွေးနွေးမှုများ ပိုမိုထွက်ပေါ်လာသည်။

အကယ်၍ အဆင့် (၄) မသေမျိုး တစ်ဦးဦး ပေါ်လာပါက ထိုစိတ်လှုပ်ရှားမှုမှာ အဆပေါင်းများစွာ ပိုမိုမြင့်တက်သွားမည် ဖြစ်သည်။

"အို... ဟိုတစ်ယောက်က ချင်းယွမ်ဈေးကွက် ကွမ်းယွမ်ထန်ရဲ့ ဘိုးဘေး ရွှီကွမ်းယွမ် မဟုတ်လား သူတောင် ဒီတစ်ခါ ဝင်ခွင့်လက်မှတ် ရသွားတာလား ကွမ်းယွမ်ထန်က ဒီလောက်တောင် ငွေရှာနိုင်တာလား "

မလှမ်းမကမ်းတွင် မသေမျိုးတစ်ဦးက အံ့အားသင့်စွာ အော်ပြောလိုက်သည်။

သာမန်အားဖြင့် အဆင့် (၁) မသေမျိုးတစ်ဦးကို ဤသို့ အံ့အားသင့်စရာ မရှိပေ။

သို့သော် ယနေ့တွင် တက်ရောက်သူ အဆင့် (၁) မသေမျိုးများမှာ နောက်ခံကြီးမားသူများ ဖြစ်ကြပြီး၊ အများစုမှာ သူတို့၏ အဆင့် (၂) သို့မဟုတ် အဆင့် (၃) မသေမျိုး ဆရာများနောက်တွင် လိုက်ပါလာသူများ ဖြစ်သည်။

ချင်းယွမ်ဈေးကွက်မှာ တန်တိုင်တောင် နယ်မြေတွင် အတော်လေး ဝေးလံသော နေရာဖြစ်ပြီး၊ ဝိညာဉ်တောင်တန်း ထောင်ပေါင်းများစွာ ရှိသည့်အထဲမှ အဆင့် (၂) မသေမျိုး တစ်ဦးမျှ မထွက်ပေါ်ခဲ့ဘဲ အဆင့် (၁) မသေမျိုး ဆယ်ဂဏန်းခန့်သာ ရှိသဖြင့် ယခုထိ လုပ်ပိုင်ခွင့်ရှိသည့် ဈေးကွက်မှူးတစ်ဦးကိုပင် မတင်မြှောက်နိုင်သေးပေ။

ထိုကဲ့သို့သော နေရာမျိုးမှ မသေမျိုးများ တက်ရောက်နိုင်ခြင်းသည် လူအများ၏ အာရုံစိုက်မှုကို ရရှိစေသည်။

ယခုနခုတင်က စကားပြောလိုက်သူမှာ မသေမျိုးတစ်ဦးဖြစ်ပြီး ရွှီကွမ်းယွမ် နှင့် အဆက်အသွယ် ရှိခဲ့ဖူးသဖြင့် သူ့ကို တစ်ချက်တည်းနှင့် မှတ်မိခြင်း ဖြစ်သည်။

"ရွှီကွမ်းယွမ် က တစ်ယောက်တည်း လာတာ မဟုတ်ဘူး၊ သူက မိသားစုထဲက နောက်မျိုးဆက် တစ်ယောက်ကို ခေါ်လာတာ အင်း... မင်းတို့ မြင်လိုက်လား၊ သူ လမ်းလျှောက်တဲ့အခါ အဘိုးအို တစ်ယောက်ရဲ့ နောက်တစ်ဝက်လောက်မှာပဲ ရှိတယ်၊ အဲဒီအဘိုးအိုကပဲ ဝင်ခွင့်လက်မှတ် ရထားတာ ဖြစ်မယ် "

လူအများက နဂါးအိုကြီး ကို ကြည့်လိုက်ကြသည်။

သို့သော် နှစ်များစွာအတွင်း နဂါးအိုကြီးမှာ တရားဝင် ပေါ်ထွက်လာခြင်း မရှိသဖြင့် မည်သူမျှ သူ့အထောက်အထားကို မသိရှိကြဘဲ စိတ်ထဲမှသာ ခန့်မှန်းနေကြသည်။

နဂါးအိုကြီး ဘေးတွင် လီတောက်ယဲ့ လိုက်ပါလာပြီး ရွှီကွမ်းယွမ် ဘေးတွင် ရွှီတုန်းကျန်း လိုက်ပါလာသည်။

သူတို့နှစ်ဦးမှာ မသေမျိုးများ မဟုတ်ကြသဖြင့် ယနေ့ကဲ့သို့ ကြီးကျယ်လှသော ပွဲအခမ်းအနားကို မြင်တွေ့ရသည်မှာ စိတ်လှုပ်ရှားဖွယ် ဖြစ်နေသည်။

"ဘိုးဘေးက ဆန်းယွင်ဂိုဏ်း နဲ့ ရင်းနှီးမှုတည်ဆောက်ဖို့ ရွေးချယ်တာဟာ တကယ်ကို အမြင် ရှိတာပဲ ဒီလို နောက်ခံအားကောင်းတဲ့ အင်အားစုတွေက လူမှုဆက်ဆံရေးမှာ ကွမ်းယွမ်ထန် ထက် ပိုသာလွန်တယ်... ဟုတ်ပါတယ်၊ ကွမ်းယွမ်ထန် ကို မျက်စိတစ်ချက်မမှိတ်ဘဲ ဝင်ခွင့်နေရာ (၂) ခု ပေးနိုင်ဖို့ကလည်း ငွေကြေး အင်အားတောင့်မှ ရမှာပါ "

ရွှီတုန်းကျန်း စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချမိသည်။

ဤနေရာနှစ်ခုအတွက် ငွေကြေး အတော်လေး ကုန်ကျမည် ဖြစ်သော်လည်း၊ ဆန်းယွင်ဂိုဏ်းက ကွမ်းယွမ်ထန် ထံမှ မည်သည့် အကျိုးအမြတ်မျှ မတောင်းဆိုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ ဝန်ဆောင်မှု ကို အလွန်ကျေနပ်ကြောင်း သိသာသည်။

စိတ်ထဲရှိ အတွေးများကို ဖိနှိပ်ထားရင်း ရွှီတုန်းကျန်း သည် လီတောက်ယဲ့ ကို အကြည့်စွေဖြင့် ကြည့်လိုက်သည်။

ယခုတစ်ခါ ဖန့် အကြီးအကဲ လိုက်မပါလာဘဲ ဆန်းယွင်ဂိုဏ်းကို စီမံခန့်ခွဲသူ လီတောက်ယဲ့ သာ လိုက်ပါလာသည့်အတွက် သူ အံ့အားသင့်မိပြီး ဖန့် အကြီးအကဲ တစ်ခုခု မှားယွင်းမိ၍လားဟု စိုးရိမ်မိသည်။

နဂါးအိုကြီး တို့ တန်တိုင်တောင် အတွင်းသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရသောအခါ ဖန့်ချန်၏ အာရုံစိုက်မှုမှာ တခြားတစ်ဖက်သို့ ရောက်သွားသည်။

ဟုတ်ပါတယ်၊ သူက မျက်စိဖြင့် ကြည့်ခြင်း မဟုတ်ဘဲ ဝိညာဉ်ကို ထုတ်လွှတ်ကာ တိတ်တဆိတ် စောင့်ကြည့်နေခြင်း ဖြစ်သည်။

ထိုဘက်တွင် ဝမ်ချုံးစန်း နှင့် လင်ပေါင် ရှိနေသည်။

ကွမ်းချင်းဂိုဏ်း မှာ ရှီခုံးဈေးကွက်တွင် အတော်လေး နာမည်ကြီးပြီး၊ ယခု ဝမ်ချုံးစန်း ဘေးတွင် အဆင့်တူ အဆင့် (၄) မသေမျိုး အတော်များများ ရပ်နေကာ ရယ်မောစကားပြောဆိုရင်း ဝင်ရောက်ရန် ပြင်ဆင်နေကြသည်။

အကယ်၍သာ ထိုအချိန်က ဟင်လင်ပြင်ထာဝရဓားဂိုဏ်း မှ ကျင့်ကြံသူသာ ရှိနေမည်ဆိုပါက ထို ကွမ်းချင်းဂိုဏ်း ဘိုးဘေးသည် ယခင် ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ခဲ့သူမှန်း မည်သူက သိရှိနိုင်ပါ့မလား အစဉ်အမြဲ ဓားနတ်ဘုရားအိုကြီး ရဲ့ ပုံစံကို အတုခိုးပြီး မျက်နှာကို ဘယ်တော့မှ မပြတတ်သော ဝမ်ချုံးစန်း မှန်း မည်သူက သိနိုင်ပါ့မလည်း။

ဒီတစ်ခါ သူ ကိုယ်တိုင် မရောက်ရှိလာပါက၊ ထို လင်ပေါင် နှင့် အနည်းငယ် ဆက်စပ်မှု မရှိပါက၊ ဝမ်ချုံးစန်း၏ ဤကိုယ်ပွား ပုံစံကို ရှာတွေ့ရန်မှာ အလွန်ပင် ခက်ခဲလှသည်။

လျှို့ဝှက်စောင့်ရှောက်ရေးဌာန ၏ လက်တံမှာ နန်ချင်း ကြယ်တာရာနယ်မြေအထိ မရောက်နိုင်သေးပေ။

စုန့်ကျီလီ ပြောခဲ့ဖူးသည်မှာ ဝမ်ချုံးစန်း သည် အထက်ပိုင်း (၃) နယ်မြေက ကျွယ်မင် နတ်ဘုရားနန်းတော် သို့ ရောက်ရှိပြီးမှ အောင်မြင်လာခြင်း ဖြစ်သည်။

အကယ်၍ ထိုနေရာတွင် ပြောင်းပြန်သေမျိုး မိစ္ဆာသန္ဓေသား အကြောင်းကို ရှင်းရှင်းလင်းလင်း သိနိုင်ပါက၊ သူသည် အဝေးကြီး ဖြစ်သော ကျွယ်မင် နတ်ဘုရားနန်းတော် သို့ ထပ်မံ သွားစရာ မလိုတော့ပေ။

"ကွမ်းချင်းဂိုဏ်းမှ ဝမ် ဘိုးဘေး လည်း ထွက်လာပြီ၊ သူက အမြဲတမ်း ပုန်းကွယ်နေတတ်တဲ့ သူပဲ၊ လက်ဖက်ရည်သောက်တာကိုပဲ ဝါသနာပါပြီး ဂိုဏ်းထဲမှာ ပုန်းနေတတ်တယ်၊ ဒါကြောင့် ရှီခုံးဈေးကွက် မှာ မိတ်ဆွေအပေါင်းအသင်း ပေါများပြီး ရန်သူ မရှိဘူးတဲ့ "

"ဝမ် ဘိုးဘေး ဘေးကလူတွေက ရှီခုံးဈေးကွက် မှာ အင်အားကြီးသူတွေပဲ၊ အဆင့် (၄) မသေမျိုး... ရိုသေလေးစားရုံပဲ ရှိတော့တယ်..."

လူတိုင်းမှာ အဆင့် (၃) အထက် မသေမျိုးများ ဖြစ်ကြပြီး၊ အဆင့် (၄) မသေမျိုး ဖြစ်လာနိုင်မလား ဆိုသည်မှာ မသေချာသည့်အတွက် အဆင့် (၄) မသေမျိုးများကို ငေးကြည့်ရုံသာ တတ်နိုင်ကြသည်။

အဆင့် (၃) မှ အဆင့် (၄) သို့ ကူးပြောင်းရန် ခက်ခဲပုံကို သူတို့ကိုယ်တိုင်ပင် ကောင်းကောင်း သိကြသည်။

ထိုအချိန်တွင် အနီးအနားမှ မသေမျိုးများမှာ ရုတ်တရက် ဆူညံသွားပြီးနောက် ချက်ချင်း တိတ်ဆိတ်သွားကာ၊ အကြည့်များစွာမှာ ဗဟိုချက်တစ်ခုဆီသို့ စုပြုံရောက်ရှိသွားသည်။

အနက်ရောင်နှင့် အနီရောင် ရောစပ်ထားသည့် ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးသည် လေထဲတွင် လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။

တန်းစီဝင်ရောက်နေကြသည့် မသေမျိုးများမှာ အသိစိတ်ရှိရှိဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။

ထိုအဘိုးအို ဘေးတွင် အရိပ် နှစ်ခု ထပ်မံ ပါလာသည်။

တစ်ယောက်မှာ အသက် (၄၀) ကျော်အရွယ် အားအင်ပြည့်ဝနေသည့် မသေမျိုး ဖြစ်ပြီး သူ့ကိုယ်ပေါ်ရှိ စွမ်းအားမှာ ခန့်မှန်းရခက်လှသည်။

တန်းစီနေသည့် အဆင့် (၄) မသေမျိုးများပင်လျှင် သူ့ကို ကြာကြာ မကြည့်ရဲဘဲ အကြည့်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ကြသည်။

နောက်တစ်ယောက်မှာ ဖန့်ချန် မြင်ဖူးပြီးသား ဖြစ်ပြီး၊ သူကား နတ်မင်းနန်းတော်မှ ကြယ်မိုး မသေမျိုး ၊ အဆင့် (၅) တာ့လော် မသေမျိုး ဖြစ်သည်။

မထူးဆန်းသည်မှာ သက်လတ်ပိုင်း အရွယ် အမျိုးသားမှာ သူမ၏ ဂိုဏ်းတူ (၃) ဦးထဲမှ တစ်ဦး ဖြစ်မည်ဖြစ်ပြီး၊ ထိုအဘိုးအိုမှာ နန်ချင်း ကြယ်တာရာနယ်မြေ အတွင်းရှိ ရှေးဟောင်းမသေမျိုးတစ်ပိုင်း ၊ အဆင့် (၆) ထိုက်ရွှီမသေမျိုး ဖြစ်ရမည်။

"ထိုက်ရွှီမသေမျိုး ပဲ "

"ဒီတစ်ခါ ဆွေးနွေးပွဲမှာ ထိုက်ရွှီမသေမျိုး ကိုယ်တိုင် လာရောက်တာလား တန်ဖိုးကြီးတဲ့ ရတနာတစ်ခုခု ပေါ်ထွက်တော့မှာလား "

"နှမြောစရာကောင်းလိုက်တာ၊ ငါ့မှာ ဝင်ခွင့်လက်မှတ်သာ ရှိရင် ထိုက်ရွှီ မသေမျိုး ကို အနီးကပ် မြင်တွေ့ခွင့် ရနိုင်မှာ..."

လူတိုင်း စိတ်လှုပ်ရှားနေကြသည်။

ထိုစဉ် တန်တိုင်တောင် အတွင်းမှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လေထဲသို့ ထွက်လာပြီး ထိုက်ရွှီမသေမျိုး ကို ကြိုဆိုလိုက်သည်။

ရှီခုံးဈေးကွက်မှ မသေမျိုးများ အားလုံး သူ့ကို သိကြသည်။

သူကား ရှီခုံးဈေးကွက်မှူး၊ အဆင့် (၆) မသေမျိုး ကျီတူခုံးယွမ် ဖြစ်သည်။

ကျီတူခုံးယွမ် က ထိုက်ရွှီ မသေမျိုး ကို လေးစားစွာ စကားပြောဆိုပြီး မသေမျိုးဆွေးနွေးပွဲသို့ ကိုယ်တိုင် လိုက်ပို့ပေးသည်။

အဆင့် (၆) မသေမျိုး နှစ်ဦး ရှေ့မှောက်တွင် အဆင့် (၅) မသေမျိုးပင်လျှင် ဂါရဝပြုရုံသာ တတ်နိုင်ပြီး စကားဝင်ပြောခွင့် မရှိပေ။

ကြယ်မိုးမသေမျိုး ၏ မျက်လုံးများမှာ အေးစက်နေပြီး အနီးအနားရှိ လူများကို တစ်ချက်ချင်း စစ်ဆေးနေသည်။

ရုတ်တရက် သူမသည် ရယ်မောလိုက်ပြီး တန်းစီနေသူတစ်ဦးကို လက်ညှိုးထိုးကာ

"တခမ်းတနားရှိတဲ့ မဟာမြေမသေမျိုး က ဒီလောက်တောင် လျှို့ဝှက်နေတာလား၊ ကျင့်ကြံမှုအဆင့်ကိုလည်း အဆင့် (၂) ထိ လျှော့ချထားသေးတယ် နောက်မျိုးဆက်တွေ မြင်ရင် ရယ်စရာ မဖြစ်သွားဘူးလား "

တန်းစီနေသည့်အထဲမှ မိမိကိုယ်ကို ဖုံးကွယ်ထားသော မဟာမြေမသေမျိုး သည် ကြယ်မိုး မသေမျိုး က သူ့ကို ဖော်ထုတ်လိုက်သည်ကို မြင်သောအခါ အော်ဟစ် ရယ်မောလိုက်ပြီး လက်ဆုပ်ကိုင်ကာ

"ကြယ်မိုး မသေမျိုးကို နုတ်ဆက်ပါတယ်၊ အကြီးအကဲနှစ်ပါး လည်း ခွင့်လွှတ်ပေးကြပါ "

ခဏအတွင်းမှာပင် မဟာမြေမသေမျိုး အပေါ်သို့ အကြည့်ပေါင်းများစွာ ကျရောက်လာသည်။

ထိုအကြည့်ပိုင်ရှင်များမှာ မတူညီသော အထောက်အထားများ ရှိကြသည်။

"မမရေ၊ ကြည့်ရတာ မဟာမြေမသေမျိုး ကျုပ်တို့ကို လိမ်မပြောခဲ့ဘူး သူ... တကယ်ပဲ ကြယ်မိုးမသေမျိုး နဲ့ အဖွဲ့ခွဲလိုက်တာပဲ "

လူအုပ်စု၏ ထောင့်တစ်နေရာတွင် ကျိထျန်းတု က ဘေးရှိ ဆူယာ အမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။

All Chapters