အခန်း (၂၅)
Vol. 2 Ch. 25
ချူယောင်း ငှက်စွပ်ပြုတ်ကို နှစ်ခြိုက်စွာ စားသုံးပြီးနောက် အနည်းငယ် သန့်ရှင်းရေး လုပ်လိုက်သည်။ သူမဗိုက်အရမ်းမတင်းတော့မှ သူမညဘက်လေ့ကျင့်ခန်း စတင်လုပ်ကာ သူမခြံလေးထဲတွင် ပြေးလိုက်သည်။
ချူယောင်း အခုလက်ရှိဘဝက လွတ်လပ်တက်ကြွနေသည်။ မနက်တိုင်း သူမ ပြေးရန်အိပ်ရာထလိုက်ပြီး နည်းနည်းဆေးကြောကာ မနက်စာစားလိုက်ပြီးနောက် အလုပ်လုပ်ရန် သွားလိုက်သည်။ အလုပ်ပြီးနောက် သူမ တစ်ခါတစ်ရံ တောင်သို့သွား၍ သစ်ဥသစ်ဖု သွားတူးလေ့ရှိသည်။ သူမကံကောင်းလျှင် သူမ ရစ်ငှက် ဖမ်းမိတတ်သည်။ ညစာစားပြီး သူမ ခဏနား၍ လေ့ကျင့်ခန်းနည်းနည်းလုပ်ကာ အိပ်ရာဝင်ပြီး တစ်နေ့တာကုန်ဆုံးသွားသည်။
ဒီလိုနှင့် လဝက်က မြန်မြန်ကုန်ဆုံးသွားသည်။ ချူယောင်း အချိန်ကိုကြည့်ကာ ကျီရို မီးဖွားမည့်အချိန်ရောက်တော့မည်ဖြစ်၍ အဖွဲ့ခေါင်းဆောင်ဆီက ခွင့်ရက်ယူပြီး သွားကြည့်လိုက်သည်။
ချူယောင်း မြို့သို့သွား၍ တစ်ခါတည်း စျေးသို့သွားလိုက်ကာ သကြားလုံး နို့မှုန့် ဝယ်ပြီး ကျီရိုအိမ်သို့ လမ်းလျှောက်သွားလိုက်သည်။
အမျိုးသားတစ်ယောက်က သူမကို မှတ်မိသည်။ "အရင်တစ်ခါ လာတဲ့တစ်ယောက်မလား?"
သူ ချူယောင်းက လီအဒေါ်နှင့် ရန်ဖြစ်သဖြင့် သူမကို အကောင်းတော့မမြင်ပေမယ့် မှတ်တော့မှတ်မိသည်။
" ကျီီရိုကို လာရှာတာလား?" ဟု အမျိုးသားက မေးလေသည်။
"ဟုတ်ပါတယ်။ သူမ အိမ်မှာ ရှိလား?" ချူယောင်း ကျီရို ကလေးမွေးဖွားတော့မည်ထင်၍ လာကြည့်ခြင်းဖြစ်သည်။
အမျိုးသား ခေါင်းခါလိုက်သည်။ "သူမ မွေးတော့မှာမလို့ အိမ်မှာ မရှိဘူး။ သူတို့တစ်မိသားစုလုံးအိမ်မှာ မရှိဘူး"
"ကျေးဇူးတင်ပါတယ်" ချူယောင်းခေါင်းညိတ်လိုက်ပြီး ဆေးရုံသို့ သွားကြည့်ရန် ပြင်လိုက်သည်။
မြို့ထဲတွင် ဆေးရုံ တစ်ရုံသာ ရှိ၍ သူမ ထပ်ရှာရန်မလိုချေ။ ထိုဆေးရုံသို့သာ တစ်ခါတည်း သွားလိုက်သည်။
ချူယောင်း ဆေးရုံသို့ရောက်သောအခါ ရှေ့တွင် မတ်တပ်ရပ်နေသော သူနာပြုဆရာမကို မေးလိုက်သည်။ သူနာပြုက သူမကို ထူးဆန်းသည့်မျက်လုံးနှင့် ကြည့်ကာ ပြန်ဖြေလိုက်သည်။ "ကျီရိုမိသားစု ဟိုဘက်မှာ ရှိတယ်။ ညီမ သွားလို့ရတယ်"
လီအဒေါ်က တစ်ခြားသူများကို ကလေးကို ပြ၍ ပျော်ရွှင်စွာကြွားနေလေသည်။ "ဒါ ကျွန်မရဲ့ မြေးလေး"
သို့သော် သူမ တစ်ခြားသူများကို မမြင်၍ ချူယောင်း လီအဒေါ်နှင့် သူမ မတည့်သည်ကို ဂရုမစိုက်နိုင်အား။ သူမ လီအဒေါ်ကို မေးလိုက်သည်။ "ကျွန်မအစ်မအကြီးဆုံး ဘယ်မှာလဲ?"
လီအဒေါ် ချူယောင်းကိုမြင်၍ ကြောက်လန့်တကြားနှင့် ဆေးရုံအခန်းတစ်ခန်းကို ညွှန်ပြလိုက်သည်။
ချူယောင်း ဝင်သွားလိုက်သောအခါ ကျီရိုမျက်နှာဖျော့တော့နေပြီး မျက်လုံးမှိတ်ထားသည်ကို မြင်လိုက်သည်။ ကျီရိုဘေးတွင်တော့ လီဝေက ကျီရိုလက်ကို ကိုင်ရင်း ငိုနေသည်။ ချူယောင်း ဘာဖြစ်နေမှန်း နားမလည်ပါ။ လီဝေ ကျီရို့ကို စိတ်ပူ၍ ငိုနေသည်သာထင်သည်။
"ခဲအို၊ ကျွန်မ အစ်မအကြီးဆုံးကို လာကြည့်တာ" ချူယောင်း နှုတ်ဆက်လိုက်သော်လည်း လီဝေက သူမကို လျစ်လျူရှုထားသည်။
ချူယောင်း သူမကို လျစ်လျူရှုသည်ကို ဂရုမစိုက်ပါ။ သူမ မပြန်ခင် ကျီရိုကို တစ်ချက်ကြည့်ပြီး နောက်မှ ထပ်လာမည်ဟု တွေးလိုက်သည်။
သူမ ပြန်ဖို့ ပြင်လိုက်စဥ် လူတွေ တစ်ယောက်ပြီး တစ်ယောက် အပြင်မှ ဝင်လာကာ ချူယောင်းကိုလည်း "ဝမ်းနည်းပါတယ်"ဟု ပြောကြသည်။
ချူယောင်း သဘောမပေါက်ဘူးဆိုလျှင် သူမ ရူးနေလို့သာဖြစ်မည်။ သူမ မျက်လုံးများ ချက်ချင်းနီရဲသွားပြီး ဝေဝါးသွားကာ သေချာမမြင်နိုင်တော့ပေ။
သူမ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး လီဝေလက်ကို ဖမ်းကိုင်လိုက်သည်။ "ဒါ ဘာဆိုလိုချင်တာလဲ?"
ချူယောင်း အားအများကြီးသုံးထားသဖြင့် လီဝေလက်နာသွား၍ နာကျင်စွာ အော်လိုက်သည်။ "ငါ့ကိုလွှတ်။ ငါလည်း ဘာဖြစ်မှန်းမသိဘူး"
"ရှင်က ဘာဖြစ်မှန်းမသိဘူး? ရှင်က ဘယ်လိုလုပ်ပြီး ခင်ပွန်းတစ်ယောက် ဖြစ်နိုင်မှာလဲ? ငိုသာနေလိုက်??" ချူယောင်း လီဝေ့အင်္ကျီကော်လံကို မလိုက်ပြီး ကိုင်ဆွဲကာ သူ့ကို အပြင်သို့ပစ်ထုတ်လိုက်သည်။
ကော်ရစ်တာတွင် ကလေးကို ချီထားသောလီအဒေါ် ဘာဖြစ်မှန်းမသိ၍ အလွန်ကြောက်လန့်သွားကာ ကလေးကိုဖက်လိုက်ပြီး အော်လိုက်သည်။ "ညည်း ဘာလုပ်တာလဲ? နင် လူကိုရိုက်နေတာလား?"
ချူယောင်း လီအဒေါ်ကို လုံးဝလျစ်လျူရှုလိုက်သည်။ သူမအခုခန္ဓာကိုယ်က သာမန်လူတွေ မဆွဲနိုင်ပါ။ သူမ လီအဒေါ်ကို ဖယ်လိုက်ပြီး လီဝေကို လက်သီးနှင့် ထိုးလိုက်သည်။
လက်သီးအချက် အနည်းငယ်က သူ့ကို ပါးစပ်ကနေ သွေးအပြည့် ထွေးထုတ်စေလိုက်နိုင်သည်။ ချူယောင်း လီဝေကို ခြိမ်းခြောက်လိုက်သည်။ "သူမက ရှင့်အတွက် ကလေးမွေးပေးပြီး သေရတာဆိုတော့ ရှင်လည်း သူမအတွက် သေမပေးသင့်ဘူးလား?"ထိုသို့ပြောပြီးနောက် ထပ်ထိုးလိုက်သည်။