အခန်း (၃၁)
Vol. 3 Ch. 31
ချူယောင်း မနက်စောစောထ အလုပ်သွား၊ အလုပ်ပြီး အိမ်ပြန် လယ်အလုပ်သမားဘဝသို့ ပြန်ရောက်သွားသည်။ သူမမှာ စားစရာဝယ်ရန် ပိုက်ဆံ အလုံအလောက်ရှိပြီး အိမ်နီးချင်းများထံမှ အသီးအရွက်ဝယ်ရန်လည်း ပိုက်ဆံအလုံအလောက်ရှိသည်။
သူမ အိမ်ခွဲသောအခါ သူမကို စားစရာခွဲပေးမည်က မဖြစ်နိုင်ပေ။ သူမ ကိုယ်ပိုင်အခန်းနှင့် ခြံကို ပြန်ခွဲပေးသော်လည်း ကျီမိသားစုက ထိုညပင် အသီးအရွက် စားစရာများ အကုန် သိမ်းသွားပြီး သူမဖို့ ဘာမှချန်မထားပါ။
ကျီရို ကိစ္စနှင့် ပတ်သက်၍လည်း သူမ မဖြေရှင်းရသေးပါ။ သူတို့ ပြသာနာ လာမရှာသေးသ၍ သူမငြိမ်နေမည်ဖြစ်ပြီး သူတို့ ပြသာနာလာရှာလျှင်တော့ အဟောင်းကိစ္စတွေ အတွက်ရော အသစ်ပြသာနာတွေအတွက်ပါ သူမ ပြန်ရန်ရှာ၍ ရင်ဆိုင်ဖြေရှင်းမည်။
ချူယောင်း ဝမ်အဒေါ်ဆီ သွား၍ အသီးအရွက်စိမ်း အခြောက်များ ဝယ်လေ့ရှိသည်။ အစက ဝမ်အဒေါ် သူမငွေကို လက်မခံပေမယ့် နောက်တော့ ချူယောင်းကို မဖြောင့်ဖျတော့ဘဲ ငွေလက်ခံလိုက်သည်။
ဝမ်အဒေါ်၏ မိသားစုက ဒီနေ့ အရွက်စိမ်းနှင့် ခရမ်းချဥ်သီးအပြင် ဆီးသီးခြောက် လက်တစ်ဆုပ်စာပါ ပေးသည်။
ချူယောင်း ဆီးသီးခြောက်တွေကို အရင်ချက်ရန် ဆုံးဖြတ်လိုက်သည်။ ခဏအကြာ သူမမြို့ထဲသွား၍ အသား သွားဝယ်လိုက်သည်။ ပြန်ရောက်သောအခါ ဆီးသီးခြောက်နှင့် ဝက်သားနှပ်ချက်လိုက်သည်။ သူမ ခရမ်းချဥ်သီးကို ငရုတ်သီးနှင့် ကြော်ပြီး အရွက်စိမ်းအနည်းငယ် ထပ်ကြော်လိုက်သည်။
သူမစားနေစဥ် တစ်ယောက် သူမကို လာတွေ့သည်။ ထိုသူမှာ လီယွမ်၏ဇနီး လီထောင်းဟွာဖြစ်သည်။
သူမစားနေသည်ကိုမြင်၍ လီထောင်းဟွာ အားနာစွာ ပြောလိုက်သည်။ "ညီမလာတာနဲ့ တိုက်ဆိုင်သွားတာလား?"
"ရပါတယ်။ ညီမစားပြီးပြီလား မစားရသေးရင် အစ်မနဲ့ တစ်ခါတည်းစားသွားပါလား?" ချူယောင်း ပြောရင်း တူတစ်စုံနှင့် ပန်းကန်လုံးတစ်လုံးထုတ်ပေးလိုက်သည်။
လီထောင်းဟွာ စားပွဲပေါ်က အသီးအရွက် ဟင်းပွဲ၂မျိုးကိုကြည့်လိုက်သည်။ အသီးအရွက် ဟင်းပွဲများဖြစ်သော်လည်း ချူယောင်းဆီကို မနှမြောဘဲ လိုသလောက်ထည့်ထားသဖြင့် အရသာရှိပုံပေါ်သည်။
သို့သော် လီထောင်းဟွာ လက်ရမ်းရင်းသာ ငြင်းလိုက်သည်။ "ညီမ အိမ်မှာ စားခဲ့ပြီ။ ယောင်းမကို ညီမ မေးချင်လို့ မနက်ဖြန် ယောင်းမ သစ်ဥသစ်ဖုတူးဖို့ တောင်ကိုသွားချင်လား?"
မနက်ဖြန်က သူတို့အလုပ်အဖွဲ့ နားရက်ဖြစ်၍ လီထောင်းဟွာ နားချိန်တွင် တောင်ပေါ်တက်၍ သစ်ဥသစ်ဖုများတူးလေ့ရှိသည်။ အများကြီး တူးပြီးသဖြင့် အလုပ်ပြန်လုပ်ချိန်တွင် တောင်ပေါ်ထပ်တက်စရာမလိုတော့၍ ၂ရက်ကျော်လောက် နားနိုင်သည်။
"အစ်မ ညီမတို့ကိုယ်ပိုင်ခြံထဲ အသီးအရွက်တွေ စိုက်ထားတာမြင်ပါတယ်။ ဘာလို့ နေ့တိုင်း သစ်ဥသစ်ဖု တူးဖို့လိုတာလဲ?" သူတို့ခြံတွင် စိုက်ထားသည်မှာ မများလှသော်လည်း လူ၂ယောက်စားရန်အတွက်တော့ လောက်ငှပါသည်။
လီထောင်းဟွာ အနည်းငယ် ရှက်သွားသည်။ သူမဘယ််လိုပြန်ဖြေရမည်ကို မသိပေ။ ချူယောင်းက လူကောင်းဖြစ်သည်ဟု သူမထင်၍ ပြောပြလိုက်သည်။ "ညီမတို့ ခြံထဲကထွက်တဲ့ အသီးအနှံတွေကို ပြန်ရောင်းတာမလို့"
"မပူပါနဲ့။ အစ်မ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး"
ချူယောင်း အာမခံသည်ကိုမြင်မှ လီထောင်းဟွာ ချူယောင်းကို ပိုယုံသွားကာ ဆက်ပြောလိုက်သည်။ "အစ်မအိမ်ဘေးက မိသားစုဆို သူတို့အိမ်က ကလေးတွေက စက်ရုံမှာ အလုပ်လုပ်ကြတာဆိုတော့ သူတို့ ပိုလျှံတယ်။ ခြံထွက်ပစ္စည်း သိပ်မရောင်းကြဘူး"
လီထောင်းဟွာ သူမအိမ်အကြောင်းကို ထပ်ပြောပြလိုက်သည်။ သူမအိမ်အကြောင်းကို သက်ပြင်းချပြီးမှ ပြောနိုင်သည်။ "ညီမတို့က ညားခါစတည်းက အိမ်ခွဲနေတာမလို့ ညီမတို့မှာ ပိုင်ဆိုင်တာ သိပ်မရှိဘူး။ ပြီးတော့ ညီမတို့ အိမ်လည်းဝယ်ချင်တော့ အိမ်မြန်မြန်ဝယ်နိုင်အောင် ပိုက်ဆံကိုစုချင်လို့"
လီထောင်းဟွာ မိသားစုက သူမအိမ်ထောင်ကျပြီးပြီးချင်း သူမတို့ကို အိမ်ခွဲလိုက်သည်။ သူတို့ဘာသာလည်း ထပ်အိမ်ခွဲနေကြသည်။ သူတို့ကို အိမ်မှာ အရင်နေပြီး သူတို့ နေစရာ ရှာရမှာ ပြောင်းလို့ရတယ်ဟု ပြောသည်။
ကျီယွမ် အစက ချူယောင်း အခုနေသည့်အိမ်ကို ကြံရွယ်ထားသော်လည်း ပြင်ရန် ငွေတော်တော်ကုန်ကျမည်ဖြစ်သည့်အပြင် အိမ်အငှားဖြစ်သဖြင့် သူတို့မငှားချင်ကြခြင်းဖြစ်သည်။
ကိုယ်တိုင် အိမ်ပိုင်မှ စိတ်အေးမည်ဖြစ်၍ ပြင်ရန် ပိုက်ဆံသုံးမည့်အစား နောက် ကိုယ်ပိုင်ပိုကောင်းသည့်အိမ်ဆောက်ရန်သာ ပိုက်ဆံစုမည်ဟု တွေးလိုက်သည်။
"ညီမတို့ သေချာပေါက် လုပ်နိိုင်ပါတယ်" ချူယောင်း အားပေးလိုက်သည်။
လီထောင်းဟွာ ချူယောင်းအဖြေကို စောင့်နေသေးသဖြင့် ချူယောင်း ခဏမျှစဥ်းစားလိုက်ပြီး သဘောတူလိုက်သည်။ "ကောင်းပြီ။ အစ်မ မနက်ဖြန် ညီမကို အိမ်မှာ စောင့်နေမယ်"
သူတို့တက်မည့်တောင်က ချူယောင်းအိမ်ကို ကျော်၍ သွားရသည်ဖြစ်သည်။
ချူယောင်းလည်း တွေးကြည့်တော့ သူမအလုပ်မလုပ်လျှင် ဘာလုပ်ရမည်ကို မသိသည့်အတူတူ တောင်ပေါ်တက်သည်ကလည်း အဆင်ပြေသည်။
လီထောင်းဟွာ ပျော်ရွှင်စွာ ပြန်သွားသည်။ ချူယောင်း သူမနောက်ကျောကို ကြည့်ရင်း ကျီရိုသာ ရှိသေးလျှင် သူမနားရက်တွင် ကျီရိုကိုသေချာပေါက်သွားကြည့်ဖြစ်မှာဟု တွေးမိသွားသည်။
လီထောင်းဟွာ ပြန်သွားပြီးနောက် ချူယောင်းလည်း ညစာဆက်စားလိုက်သည်။ နောက် နည်းနည်းသန့်ရှင်းရေးလုပ်ပြီး အိပ်မောကျသွားသည်။
နောက်နေ့ သူတို့ တောင်ပေါ်တူတူတက်သောအခါ လမ်းတွင် လူအများကြီးကို တွေ့သည်။ တွေ့သည့်သူအားလုံး သူတို့ကို နှုတ်ဆက်ကြသည်။ "သစ်ဥသစ်ဖု သွားတူးကြမလို့လား?"
လီထောင်းဟွာလည်း သူတို့ကို ပြန်ပြောလိုက်သည်။ "အိမ်မှာ မလောက်တော့လို့် တောင်ပေါ်တက်ပြီး လာတူးတာ"
"တောင်ပေါ်မှာ အခုရက်ပိုင်း တောရိုင်းအသီးတွေအများကြီးရှိတယ်လို့ အဒေါ်ကြားတယ်။ သမီးတို့ လူငယ်တွေ ခူးပြီး အိမ်ဖို့ ယူသွားကြလေ" ပြောသောသူမှာ အသက်၅၀ဝန်းကျင် အမျိုးသမီးကြီးတစ်ဦးဖြစ်သည်။
အမျိုးသမီးကြီး ပြောပြီးသည်နှင့် တစ်ယောက်ကတားလိုက်သည်။ "သူတို့ခူးလိုက်ရင် ရွာကကလေးတွေ ဘာသွားစားမလဲ?" သူမအသံတိုးတိုးနှင့် ပြောသည်။ ချူယောင်းနှင့် တစ်ခြားလူများမကြားစေရန်ဖြစ်သည်။
ချူယောင်းတို့ ထွက်သွားသည်ကိုမြင်မှ ထိုအမျိုးသမီးကြီး ပြန်ပြောလိုက်သည်။ "ဒီလောက် ကြီးတဲ့တောင်ကို ကလေးတွေ စားဖို့ဘာလို့မကျန်ရမှာလဲ?"
တားသည့်အမျိုးသမီး ထိုအမျိုးသမီးကြီးကို တစ်ခြားပြောင်းပြောပြန်လေသည်။ "ပြီးတော့ နန်ဖုန်းကလည်း ပြန်မရောက်သေးဘူး။ သူ့အကြီးဆုံးအစ်မဆုံးတာလည်း တစ်လပြည့်တော့မယ်"
"သူက စစ်တပ်ထဲမှာလေ။ ပြန်လာရတာဘယ်လွယ်မလဲ?" "နင် ကိုယ့်အိမ်ကိစ္စသာ ပူစမ်းပါ။ သူများကို လိုက်ပြောမနေနဲ့"တစ်ခြားသူများ ဝိုင်းပြောကြသည်။
"သူတို့က သစ်ဥသစ်ဖုတွေတူးတော့ ငါတို့တူးဖို့လျော့မှာပေါ့" ဟု ထိုတစ်ယောက် ပြန်ပြောသည်။
ချူယောင်းနှင့် လီထောင်းဟွာ မြန်မြန်လျှောက်ကြသည်။ သူတို့ အရုဏ်တက်မတိုင်ခင် ထွက်လာ၍ သူတို့တောင်ခြေရောက်သောအခါ မှောင်နေတုန်းဖြစ်သည်။
သူတို့ တောင်ပေါ်တက်သောအခါ တဖြည်းဖြည်း လင်းလာသည်။ ချူယောင်းသစ်ဥသစ်မြစ်ကို ရှာရန် တွေးမထားပါ။ တစ်နေ့ ၂ခါလောက်စားရပြီး သူမစားရသည်ကိုလည်း ကျင့်သားမရသေးပါ။
လီထောင်းဟွာ ရပ်လိုက်သည်ဆိုလျှင် သူမသစ်ဥသစ်မြစ်ရှာတွေ့၍ဖြစ်သည်။ "ယောင်းမ၊ဒီမှာ အများကြီးရှိတယ်။ တူးကြရအောင်"
ချူယောင်း ခေါင်းညိတ်လိုက်ပြီး အနည်းငယ်တူးပြီးနောက် သူမဆက်မတူးချင်တော့သဖြင့် လီထောင်းဟွာကိုပြောလိုက်သည်။"ညီမ ဒီမှာ ဆက်တူးနှင့်။ အစ်မ ဘာတွေ တွေ့ဦးမလဲလို့ ကြည့်လိုက်ဦးမယ်"
လီထောင်းဟွာ ချူယောင်းကို စိတ်ပူသဖြင့် မှာလိုက်သည်။ "ဒါဆိုလည်း ယောင်းမ ဝေးဝေးမသွားနဲ့နော်။ တစ်ခုခုဆိုလည်း ညီမကို ခေါ်လိုက်နော်"
ချူယောင်း တည့်တည့်လျှောက်လိုက်သောအခါ တောရိုင်းစပျစ်သီးခိုင်တွဲများကို တွေ့လိုက်သည်။ သူမတစ်လုံးကို ခူးပြီး သူမပါးစပ်ထဲ ထည့်လိုက်သည်။
စိမ်းပြာရောင် တောရိုင်းစပျစ်သီးဖြစ်ပြီး ပါးစပ်ထဲထည့်လိုက်သောအခါ အလွန်ချဥ်၍ ချူယောင်း ပြန်ထွေးထုတ်မိသွားသည်။ သို့သော် သူမ ဒီစပျစ်သီးများကို မြင်၍သရေယိုနေတုန်းဖြစ်သည်
သူမ လီထောင်းဟွာကိုခေါ်၍ အနည်းငယ်ခူးရန် တွေးလိုက်သည်။ သူမ ခူးသွားပြီး အိမ်တွင် မုန့်လုပ်ကြည့်မည်ဟု တွေးထားသည်။ ချူယောင်း ဒီရောက်ပြီးတည်းက မုန့်များ မစားဖြစ်သေးပါ။
ချူယောင်းမပြန်ခင် သူမ ယုန်တစ်ကောင်ကို တွေ့လိုက်သည်။ ယုန်ခြေတွင် ထောင်ချောက်မိထားပုံပေါ်၍ ဒဏ်ရာရကာ ကြာကြာအသက်ရှင်မည့်ပုံမပေါ်ချေ။
အစကတော့ သူမ ဒီယုန်ကို ဒဏ်ရာသေးလျှင် ကုသပေးပြီး နောက် ပြန်ကောင်းသွားလျှင် သူမနေရာလွတ်ထဲ မွေး၍ မျိုးပွားရန် တွေးထားသည်။ ယုန်တွေက မြန်မြန်သားပေါက်သဖြင့် သူမ လိင်မတူသည့်ယုန်ရှာပြီး ၂ကောင်ကို မျိုးပွားရန် နေရာလွတ်ထဲတွင် မွေးကာ သူမအတွက် စားရန်အသားလုပ်မည်ဟု စဥ်းစားထားခြင်းဖြစ်သည်။
တွေးရင်း ချူယောင်း သူမနေရာလွတ်ကို မရှင်းရသေးကြောင်း သတိရသွားသည်။ သူမ ဒီရောက်လာပြီးတည်းက ပစ္စည်းများ စုပုံနေပြီး သူမ ရှင်းရန် အချိန်ရော အခွင့်အရေးရော မရသေး၍ ဖြစ်သည်။
နေရာလွတ်တွင်တော့ ဒီယုန်ကို မွေး၍ရမည့်ဟုမထင်တော့ပေ။ ရှင်မည့်ပုံမရှိသဖြင့် ဒီနေ့စားရမည့်ပုံပေါ်သည်။
ချူယောင်း ယုန်ကိုကိုင်ပြီး လီထောင်းဟွာကို ရှာရန်သွားလိုက်သည်။ ယုန်နှင့်ချူယောင်းကို မြင်၍ လီထောင်းဟွာ အားကျစွာ ပြောလိုက်သည်။ "ညီမတို့မိသားစု တောင်ပေါ်တက်လေ့ရှိပေမယ့် ရစ်ငှက်ရော ယုန်ရော မတွေ့ပါဘူး။ ယောင်းမက ကံအကောင်းဆုံးပဲ!"
"ကံကောင်းတာဆိုရင်လည်း အစ်မလုပ်ပြီးရင် ယုန်တစ်ခြမ်း ညီမကို ပေးမယ်" ချူယောင်း ယုန်ကိုသတ်ပြီး သူတို့ကိုတစ်ဝက်ပေးရန် တွေးထားသည်။ သူတို့ မယူမည်ကိုသာ စိုးရိမ်သည်။
"ယောင်းမ ညီမတို့ကို ပေးစရာမလိုပါဘူး။ အရင်တစ်ခါလည်း ညီမတို့ ငှက်စွပ်ပြုတ်စားလိုက်ရပါတယ်။ အခု အစ်မစားဖို့ပဲ သိမ်းထားပါ" လီထောင်း အမြန်ငြင််းလိုက်သည်။ သူမလည်း ကူမထားဘဲနှင့် စားရမည်ကို အားနာသည်။
ချူယောင်း သစ်ဥသစ်မြစ်အောက်တွင်သာ ယုန်ကိုအုပ်ထားရန် တွေးလိုက်သည်။ ယုန်က သေနေပြီဖြစ်၍ အုပ်ထားသည့်ကြားမှ ထွက်မပြေးနိုင်ပါ။ တစ်ခြားသူများမြင်မည်ကိုလည်း စိုးရိမ်စရာမလို။
"ဒါနဲ့ အစ်မ စပျစ်သီး အရိုင်းတွေကိုလည်း တွေ့ထားတယ်။ အစ်မတို့ သွားကြည့်ကြမလား?" ချူယောင်းမေးလိုက်သည်။
စပျစ်သီးအရိုင်းများအကြောင်းကြား၍ လီထောင်းဟွာ စားချင်သွားသည်။ သူမ သူမအမေအိမ်တွင် နေစဥ် တောင်ပေါ် မကြာခဏတက်စဥ်က အရသာရှိသည့် တောရိုင်းစပျစ်သီးများကို တစ်ခါတစ်ရံတွေ့ဖူးသည်။
သူတို့ တူတူသွားကြည့်ပြီး စပျစ်သီးခိုင်များ တွဲကျနေသည်ကို တွေ့လိုက်သည်။ လီထောင်းဟွာ အလွန်စိတ်လှုပ်ရှားသွားကာ တစ်လုံးခူး၍ ပါးစပ်ထဲထည့်လိုက်သည်။အရသာမှာ ချဥ်၍ ခါးသည်။
"အစ်မ နည်းနည်းခူးသွားပြီး မုန့်တစ်ခုခုလုပ်စားကြည့်မလို့။ ညီမရော?" ချူယောင်း လီထောင်းဟွာကို ခူးချင်လားဟု မေးပြီးခေါ်လာခြင်းဖြစ်သည်။
လီထောင်းဟွာ ခေါင်းခါလိုက်သည်။ "ညီမ အရမ်းချဥ်တာတွေ မကြိုက်ဘူး။ အစ်မ ခူးချင်ရင်တော့ ညီမ ကူခူးပေးမယ်လေ " လီထောင်းဟွာက လက်မြန်သဖြင့် ဒီလို အသီးအနှံခူးသည့် အချိန်တွင် ချူယောင်းထက်မြန်သည်။
မကြာမီ ချူယောင်း စပျစ်သီးတစ်ခြင်းရပြီး လီထောင်းဟွာလည်း သစ်ဥသစ်မြစ်အများကြီးရပြီဖြစ်၍ သူတို့ ပြန်ရန် ပြင်လိုက်သည်။
သူတို့ အပြန်တွင် ရွာမှ သစ်ဥ သစ်ဖု လာတူးသော ရွာသားများကို တွေ့သည်။ ချူယောင်းခြင်းထဲက စပျစ်သီးရိုင်းများကိုမြင်၍တစ်ယောက်က မေးလိုက်သည်။
"ညီမ စပျစ်သီးတွေကို ဘယ်က ခူးလာတာလဲ? အစ်မကလေး ခုရက် အစားသိပ်မစားလို့ အစ်မ စပျစ်သီးခူးသွားပြီး ကလေးကို မြည်းခိုင်းကြည့်မလားလို့?"
"ဒီအတိုင်းတည့်တည့်သွားရင် တွေ့လိမ့်မယ်" ချူယောင်း တစ်ယောက်ယောက် သူမကို မေးသည့်နှင့် သူမဖုန်းကွယ်မထားဘဲ အကုန်လုံးကို ပြောပြလိုက်သည်။
သူမစကားများကိုကြား၍ မေးသည့်သူက သူမကို မြန်မြန်ကျေးဇူးတင်ပြီး စပျစ်သီးခူးရန် ခြင်းနှင့် သွားကြသည်။ စပျစ်သီးရိုင်းများ ချိုလျှင် စျေးကောင်းရမည်ဖြစ်သည်။
လူအများစုက ထိုသို့အတွေးနှင့် စပျစ်သီးရိုင်းများ ခူးရန် သွားကြသည်။ သူတို့ ရောက်၍ စပျစ်သီးများအခိုင်လိုက် တွဲကျနေသည်ကို မြင်၍ သူတို့ ပိုက်ဆံရတော့မည်ထင်၍ ပျော်သွားကြသည်။
သို့သော် သူတို့ တစ်လုံးခူးပြီး စားကြည့်ပြီးသောအခါ စပျစ်သီးများကို သူတို့ ခြေအောက်ချ၍ လွှတ်ပစ်ချင်သွားသည်။
၂ ယောက်အတူတူလာသော သက်လတ်ပိုင်းအမျိုးသမီး၂ယောက်မှာ ရွာတွင် အခွင့်ကောင်းယူတတ်လေ့ရှိကြသော သူများဖြစ်သည်။ "ယောင်းမယိုရှူ၊ စပျစ်သီးတွေအများကြီးပဲ။ အစ်မ ခူးပြီး တစ်ချို့တစ်ဝက်ကို အစ်မ အမေအိမ်ပို့ရင်ရော..."
" ကျွီရှန်း၊ အစ်မအတွက် စိတ်ပူမနေနဲ့ဦး။ အရသာရှိလား မြည်းကြည့်လိုက်ဦး" ယိုရှူ မြည်းကြည့်ပြီး မျက်နှာရှုံမဲ့သွားကာ ပါးစပ်ထဲမှ စပျစ်သီးများကို ထွေးထုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ? အစ်မ။ အရသာမရှိလို့လား?" လီကျွီရှန်း မေးလိုက်သည်။ သူမလည်း တစ်လုံးခူး၍ မြည်းကြည့်ရာ ယိုရှူကဲ့သို့ မျက်နှာဖြစ်သွားသည်။
"ချူယောင်းက ငါတို့ကို လိမ်တာနေမယ်"ယိုရှူ ပြောလိုက်သည်။
"ဒါဆို သူမက ဘာလို့ အများကြီး သယ်သွားတာလဲ?" ချူယောင်း အများကြီး သယ်ထား၍ လူတွေကို လှည့်စားသည်က မဖြစ်နိုင်ဟု လီကျွီရှန်း တွေးလိုက်သည်။
ယိုရှူ ဘာမှ ထပ်မပြောပေမယ့် သူမ အလှည့်စားခံလိုက်ရသည်ကိုတော့ မခံနိုင်ပါ။