အခန်း (၃၆)
Vol. 3 Ch. 36
"သေချာပေါက် ဘာလဲ? သေချာပေါက် မောင်လေး မသိချင်ယောင်ဆောင်မှာကို ပြောချင်တာလား?" ချူယောင်း ပြောပြီးသည့်နောက် နားလည်ဟန်ဆောင်ကာ ကျီကျိုးပြောသည်ကို မစောင့်ဘဲ ချက်ချင်းပြောလိုက်သည်။ "ဒါပေါ့ မောင်လေးက ဒီလိုမဟုတ်ဘူးဆိုတာအစ်မသိပါတယ်"
"ကျွန်တော်လည်း ဒီအကြောင်းတွေသိပြီး အပြစ်မကင်းခံစားနေရပါတယ်" ကျီကျိုး သူ့ရင်ဘက်ကိုပုတ်လိုက်ပြီး မျက်နှာကလည်း စိတ်မကောင်းသည့်ပုံစံနှင့်ဖြစ်သည်။
ချူယောင်း ကျီကျိုးပုံစံကိုကြည့်ပြီး ပျို့အန်ချင်သလို ခံစားလိုက်ရသည်။ သို့သော် သူမ အခုသူနှင့် ပြသာနာဖြစ်လျှင် ဒီမှာရှိသည့် လူများက သူမ လွန်သည်ဟုတွေးမည်က သေချာသည်။ သူမ ဒီမှာ ဆက်နေချင်လျှင် သူမဟန်ဆောင်မှသာဖြစ်မည်။
"မောင်လေး အပြစ်မကင်းခံစားရတာ အစ်မသိပါတယ်။ မောင်လေး အပြစ်မကင်းတာ မခံစားရအောင် ကျီမိသားစုကို အစ်မဖို့ ဆေးဖိုးနည််းနည်းပေးခိုင်းလိုက်ပါ" ချူယောင်း သူမ ဒီလိုသာပြောလိုက်သည်။ ကျီမိသားစုက ငွေမက်၍ ဒီနည်းလမ်းကသာ သူတို့နှင့် အကိုက်ညီဆုံးဖြစ်သည်။
"ညည်း အရူးမ ညည်းက ငါတို့ပိုက်ဆံတွေကို အချိန်တိုင်း လိမ်ယူချင်နေတာလား?" ကျီအမေ ဒေါသနှင့် အော်ဆဲနေလေသည်။
ကျီမိသားစု အကြီးဆုံးချွေးမ အလွန်စိုးရိမ်နေသည်။ သူမ ကျီအိမ်က ပိုက်ဆံမချေးနိုင်သေးပေ။ မိသားစုကသာ ချူယောင်းကို ပိုက်ဆံပေးလိုက်လျှင် သူမ အိမ်က ငွေချေးဖို့ပို၍ခက်မည်။
ကျီအိမ်က အမျိုးသားများက ပို၍ စိုးရိမ်သည်။ သို့သော် သူတို့ မျက်နှာပျက်မည်စိုး၍ သူတို့အရင်စပြော၍ မရသဖြင့် ကျီအမေနှင့် ကျီမိသားစုအကြီးဆုံး ချွေးမ ပြောသည်ကို စောင့်နေကြသည်။
ကျီမိသားစုအကြီးဆုံးချွေးမ ထွက်အော်ပြောလိုက်သည်။ "အရင်တစ်ခါက ငါတို့ နင့်ကို ပိုက်ဆံအများကြီးပေးလိုက်ရတာပဲ။ အခု လူတွေအကုန်ကြည့်နေတာဆိုတော့ နင်လှည့်စားတာ လူတိုင်းမြင်တယ်"
"အစ်မထက်တော့ သာပါတယ်။ အစ်မက ပိုက်ဆံချေးမရတော့ သူများအကြောင်း မဟုတ်မမှန်ဘဲ သပုတ်လေလွင့် လျှောက်ပြောတာမလား" ချူယောင်း အရင်တစ်ခါ ကျီမိသားစုအကြီးဆုံးချွေးမ သူမကို အပုတ်ချသည်ကို မှတ်မိပါသေးသည်။ သို့သော် ချူယောင်း သူမကို ထိုသို့နည်းလမ်းဖြင့် တုံ့ပြန်မည်မဟုတ်ပါ။
ကျီမိသားစု အကြီးဆုံးချွေးမနှင့် ပြသာနာကို နောက်မှဖြည်းဖြည်းချင်း ဖြေရှင်းလျှင်ရသည်။ အခုလုပ်ရမည်က သူတို့မိသားစုကို ငွေထုတ်ခိုင်းရမည်ဖြစ်သည်။ ချူယောင်း ကျီအမေကိုတော့ တစ်စက်လေးမှ ဂရုမစိုက်ပါ။ ဒီကျီအမေက ရိုင်းပြီး ကျိုးကြောင်းပြ၍လည်းမရပါ။ ပြီးတော့ သူမ လူအားလုံးရှေ့တွင် ကျီမိသားစုကို ရိုက်၍လည်းမဖြစ်ပါ။
"မောင်လေး ပြောတာက လိမ်တာ။ မဟုတ်ဘူးမလား? အစ်မကို အရင်တစ်ခါ ပေးလိုက်တဲ့ဆေးဖိုးက ကုန်သွားပြီ။ ဆရာဝန်က အစ်မဒဏ်ရာတွေအတွက် ဆေးကောင်းလိုတယ်လို့ပြောတယ်" ချူယောင်း ကျီကျိုးကို မေးခွန်းထုတ်လိုက်သည်။
ကျီကျိုးက ဒီလိုမေးခွန်းထုတ်သည်ကို မခံနိုင်ပါ။ အထူးသဖြင့် အခု ဘယ်သူမှ ဘာမှဝင်မပြောကြသဖြင့် သူ ငြင်း၍မဖြစ်။ သူ့မိသားစုကို မကောင်းမြင်၍လည်းမဖြစ်ပါ။ ကျီကျိုး အခုပြန်ငြင်း၍ အဆင်မပြေသည်ကိုမြင်၍ သူ့မျက်နှာကိုပြင်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော်ပြောတာကို သံသယဝင်စရာမလိုပါဘူး။ နောက် အစ်မကို ၅ယွမ်ပေးဖို့ အဖေ့ကို ကျွန်တော်ပြောပေးပါ့မယ်"
ကျီအဖေမျက်နှာ အလွန်ရုပ်ဆိုးသွားသည်။ သို့သော် ကျီကျိုးက သူ့သားအရင်းဖြစ်သဖြင့် ရိုက်လည်းမရိုက်နိုင်ပေ။ ပြီးတော့ ကျီိကျိုးက အနာဂတ်တွင် ကောလိပ် ကျောင်းသားဖြစ်မှာဖြစ်၍ ကျီအဖေ သူ့မျက်နှာကို တတ်နိုင်သလောက်ပြင်ပြီး ကျီကျိုးကို မျက်နှာသာပေးရန်ကြံလိုက်သည်။
သို့သော် ချူယောင်း ထပ်ဖြတ်ပြောလိုက်သည်။ "အစ်မတစ်ကိုယ်လုံးက အမာရွတ်တွေက ပြင်းထန်လို့ သုံးဖို့လိုတဲ့ဆေးက တန်ဖိုးကြီးပြီး အများကြီးလိုတယ်လို့ ဆေးရုံက ဆရာဝန်က ပြောတယ်။ ပြီးတော့ ယွမ်၂၀၀ ၃၀၀ကျော် သုံးမယ်ဆိုရင်တောင် ပျောက်ဖို့မသေချာဘူးတဲ့။ အချိန်လည်းယူရမှာ။ တကယ်လို့် မောင်လေးအစ်ကိုက အစ်မကို မကြိုက်တော့ရင် အဲ့ဒါမောင်လေးတို့ကြောင့်ပဲ"
ကျီမိသားစုပြစ်ချက်များက ပိုပိုဆိုးလာသည်။ ကြည့်သူများကလည်း ဘာမှမဟုတ် အရူးများသာဖြစ်ကြသည်။ တစ်ဖက်က ပြောပြီးလျှင် တစ်ဖက်ဘက်ပါသည်။ နောက်တစ်ဖက်က အကျိုးအကြောင်းဆီလျော်လျှင် နောက်တစ်ဖက်သို့ ချက်ချင်းပြောင်းသွားသည်။
"နင်က တော်တော်အရှက်မရှိတာဘဲ၊ နင်.." ကျီမိသားစုအကြီးဆုံးချွေးမ ထပ်ပြောချင်ပေမယ့် ဘယ်ကမှန််းမသိသော ကျောက်တုံးတစ်တုံးနှင့် အပေါက်ခံလိုက်ရ၍ သူမတစ်ကိုယ်လုံး နာကျင်သွားသည်။
ချူယောင်း သူမလက်က ဖုန်များကိုခါလိုက်ကာ ကျီမိသားစုအကြီးဆုံး ချွေးမကိုတည့်တိုး ကြည့်လိုက်သည်။ သို့သော် ကျီမိသားစုအကြီးဆုံး ချွေးမနာကျင်နေ၍ ဘာမှကိုမမြင်ပေ။
ကျီကျိုး မျက်နှာဖြူဖျော့သွားသည်။ လူအများကြီးသာ ရှိမနေလျှင် အခုသူ့ရှေ့ရှိနေသော ချူယောင်းကို သူအစိမ်းလိုက်ပင် ဝါးစားနိုင်သည်ဟု ခံစားရသည်။
"မရီးပြောတာမှန်ပါတယ်။ အဖေ မရီးကို ပိုက်ဆံပေးလိုက်ပါဦး" ကျီကျိုး ပြောပြီးသည်နှင့် သူ ချူယောင်းကို ကြည့်ပင်မကြည့်ချင်တော့ပါ။
ကျီအဖေ၏ မျက်နှာပေါ်က ဒေါသကလည်း ဖုံးကွယ်၍ မရတော့ပေ။ သူတို့သားအဖနှစ်ယောက် နောက်လှည့်ကာ ကိုယ်လုပ်ရမည့်နေရာသာသွားလိုက်သည်။
ကျီမိသားစုအကြီးဆုံးသား သူ့ဇနီးကိုသာ အတွေးရှိ၍သူ့ဇနီးကိုသာ ဆက်တိုက်မေးနေလေသည်။ "ဘယ်နေရာက ဘာဖြစ်တာလဲ? ကိုယ် မင်းကို ဆရာဝန်ဆီခေါ်သွားပေးရမလား?"
ကျီမိသားစု အကြီးဆုံးချွေးမ ခေါင်းခါလိုက်သည်။ "အဲ့ပိုက်ဆံနဲ့ ရှင်က ဘာလုပ်မလို့လဲ? ရှင့်မိသားစုက နည်းနည်းလေးတောင် မပေးချင်တာ" ဒါကို ပြောရင်း ကျီမိသားစုအကြီးဆုံး ချွေးမ ဒေါသအနည်းငယ်ထွက်သွားသည်။ ကျီတစ်မိသားစုလုံးက ပိုက်ဆံတစ်ပြားမှတောင် ချေးမပေးချင်တာ။ အခု ယွမ်၂၀၀ ပေးရဦးမည်။ သူမကိုယ်ပေါ်က နာကျင်မှုက သူမရင်ဘက်က နာကျင်မှုနှင့်စာလျှင် မပြောပလောက်ပေ။
ကြည့်သောသူများလည်း ဆက်မကြည့်ကြတော့ချေ။ ကျီမိသားစုအကြီးဆုံး ချွေးမ လဲနေပေမယ့် ဘယ်သူမှ သူမကို ဂရုမစိုက်ချေ။
ချူယောင်း ကျီမိသားစုအကြီးဆုံး ချွေးမဆီလျှောက်သွားလိုက်ပြီး သူတို့ကို ငုံ့ကြည့်လိုက်သည်။ "အစ်မတို့အိမ်က တစ်မိသားစုလုံးကို ပြောထားလိုက်။ အစ်မတို့ ကျွန်မကို ထပ်လာနှောင့်ယှက်ရင် ကျွန်မ အစ်မတို့ကို ပိုက်ဆံတောင်းရလိမ့်မယ်"
ဒီတစ်ခါဖြစ်ပြီးသည့်နောက် သူတို့ ပိုက်ဆံပေးမည့်အစား မျက်နှာသာ အပျက်ခံမည်ဖြစ်သည်။ သို့သော် ပိုက်ဆံတောင်းသည့် နည်းလမ်းများစွာရှိသည်။ အခုက နည်းလမ်းတစ်ခုမျှသာ ရှိသေးသည်။
"နင် ငါတို့ကိုသာ အသေရိုက်သွားလိုက်" ကျီမိသားစုအကြီးဆုံးချွေးမ ဒေါသကြောင့် နှုတ်ခမ်းများပင်တဆက်ဆက်တုန်နေသည်။ ပိုက်ဆံပေးမည့်အစား သူမအရိုက်သာခံလိုက်မည်။
"စိတ်မပူပါနဲ့။ အစ်မ ကျွန်မကို အပုတ်ချတဲ့အတွက် ကျွန်မ ကလဲ့စားမချေရသေးပါဘူး။ ကျွန်မဘယ်လိုတုံ့ပြန်ရမလဲမသိသေးလို့။ ဒါ့ကြောင့် အစ်မ စောင့်နေပါ" ချူယောင်း သူမကို ခြိမ်းခြောက်လိုက်သည်။
ကျီမိသားစုအကြီးဆုံး ချွေးမ အနည်းငယ် ကြောက်သွားသည်။ သူမ လျှောက်ပြောလိုက်သည်ကို နောင်တရနေသည်။
သူ့ဇနီး ခြိမ််းခြောက်ခံနေရသည်ကို မြင်၍ ကျီမိသားစုအကြီးဆုံးသား သည်းမခံနိုင်တော့ပေ။ "မင်း တစ်ခုခုလုပ်ချင်ရင် ငါ့ဆီပဲလာလို့ရတယ်"
"ကောင်းပြီ" ချူယောင်း သဘောတူလိုက်သည်။
ကျီမိသားစုအကြီးဆုံးသားနှင့် သူ့ဇနီးကြောင်သွားသည်။ သူတို့ သူမကို အလွန်ပျော်မည်ဟု မထင်မှတ်ထား။ သူတို့ ချူယောင်းနှင့် ပြိုင်မပြောသင့်ဟု ခံစားမိလိုက်သည်။
ချူယောင်း သူတို့နှင့် ကြာကြာမပြောတော့ဘဲ အလုပ်ပြန်လုပ်လိုက်သည်။ ရွာသားများလည်း စပ်စုပြီးနောက် ပြန်အလုပ် လုပ်နေကြပြီ ဖြစ်သည်။ လူတိုင်း အလုပ်သေချာလုပ်နေကြသည်။
အဖွဲ့ခေါင်းဆောင် ရွာသားများ အလုပ်ကြိုးစားနေကြသည်ကိုကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ သူခဏ ကြည့်ရှုရန်ရောက်လာခြင်းဖြစ်သည်။
သူ မထင်မှတ်ထားလောက်သည်က ဤရွာသားများ အခု အလုပ်ကြိုးစားနေကြသည်မှာ ခုနက သူတို့ အတင်းတုတ်နေ၍ ဖြစ်သည်။ သူတို့် ဆက်လက်ပြောချင်ကြပေမယ့် ဆန်က မြန်မြန်ရိတ်သိမ်းရမည်ဖြစ်၍သာ။ ထပ်၍ ပြောချင်နေကြသေးသဖြင့် သူတို့ အလုပ်ပြီးအောင် မြန်မြန်လုပ်မှသာ ဆွေးနွေးဖို့ အချိန်ရမည်ဖြစ်သည်။
အဖွဲ့ခေါင်းဆောင် တစ်ပတ်လှည့်လည် ကြည့်ရှုလိုက်ပြီးနောက် အိမ်ပြန်အဝတ်လဲပြီး စပါးရိတ်သိမ်းရန်ပြင်လိုက်သည်။
ချူယောင်း ခဏမျှလုပ်ပြီးနောက် သူမ ခါးနှင့်ကျော ကိုက်ခဲလာသည်။ သူမခြေဖဝါးက စပါးခင်းထဲက ရွှံ့ထဲတွင်ပဲ ရှိသေးသည်။ သူမ ခါးဆန့်လိုက်ပြီး ခဏမျှ မတ်တပ်ရပ်လိုက်သည်။ ခါး သိပ်မညောင်းတော့မှ စပါး ဆက်ရိတ်လိုက်သည်။
သူမနှင့် လီထောင်းဟွာ လယ်တစ်ကွက်ကို တူတူလုပ်ကြသည်။ မိသားစုတိုင်း ဆောင်းဦးလယ်ရိတ်သိမ်းချိန်တွင် အလုပ်ကြိုးစားကြရပြီး အိမ်က အငယ်တွေပင် လာကူပေးကြရသည်။
လီထောင်းဟွာ အိမ်ထောင်မကျသေးခင်က သူမ ဆောင်းဦးလယ် ရိတ်သိမ်းချိန်တွင်သာ လာကူလုပ်ရသဖြင့် စပါးရိတ်သိမ်းသည့် ကိုယ်နေဟန်ထားက ပုံစံကျသော်လည်း လုပ်သည့်နှုန်းကတော့ အလွန်နှေးကွေးသည်။
ကံကောင်းစွာ ချူယောင်း လုပ်သည့်နှုန်းကလည်း မမြန်ပါ။ သူတို့နှစ်ဦးလုံး နှေး၍တစ်ယောက်ကို တစ်ယောက် သဘောမကျသည်လည်း မရှိချေ။ နှစ်ယောက်သား မွန်းတည့်ထိ စပါးရိတ်ကြသည်။
ချူယောင်း သူမခြေထောက်များ ထုံကျင်နေပြီဟု ခံစားရသည်။ သူမခါးလည်း ညောင်းနေပေမယ့် ခြေထောက်များက ထုံနေပြီး ရွှံ့များလည်း ခြေတွင်ကပ်နေသည်။ သူမ မြစ်သို့သွား၍ဆေးကြောလိုက်ပြီးနောက် အပင်ကြီးတစ်ပင်အောက် ထိုင်ချလိုက်သည်။
သူမ အိမ်မှယူလာသော ပြောင်းဖူးပေါက်စီများကို ထုတ်လိုက်သည်။ ဆောင်းဦးလယ်ရိတ်သိမ်းချိန်တွင် အိမ်တိုင်း အကောင်းစားကြသည်များပြီး အများစု လယ်ထဲထုပ်လာကြသည်။ အခြောက်စားကြသော်လည်း တချို့က အဆင်ပြေကြသဖြင့် ဆန်စားကြပြီး အရွက်နှင့် အသားတောင်ပါသည်။
ထို့ကြောင့် ချူယောင်း၏ ပြောင်းဖူးပေါက်စီကတော်သေးသည်။ သူမနေ့လည်စာခြင်းထဲတွင် ပြောင်းဖူးပေါက်စီသုံးလုံးသာမက သခွားသီးကြက်ဥမွှေကြော် ခရမ်းသီးကြော်ပါ ပါသည်။
သူမ ပြောင်းဖူးမှုန့်ကို သေချာညက်အောင် ကြိတ်ထားသည်။ သူမပြောင်းဖူးမှုန့်ကို ဆိုင်က ဝယ်ခဲ့သည်ဖြစ်ပြီး ဝယ်စဥ်က ပြောင်းဖူးစေ့များမှာ ကြီးနေသဖြင့် သူမ ထပ်ကြိတ်လိုက်သည်။
သူမ ရွာက ကျောက်ကြိတ်ဆုံတွင် ပြောင်းဖူးသွားကြိတ်စဥ်က သူမအဖွဲ့ခေါင်းဆောင်၏ ချွေးမနှင့် ဆုံခဲ့သေးသည်။ သူမ သေချာညက်အောင် ကြိတ်နေသည်ကိုမြင်၍ အဖွဲ့ခေါင်းဆောင်၏ ချွေးမ ချီးကျူးလိုက်သည်။
"ဒီလိုညက်နေတဲ့ ပြောင်းဖူးမှုန့်နဲ့ဆို ပေါက်စီလုပ်စားရင် အရမ်းအရသာရှိတယ်" ပြောင်းဖူးမှုန့်က ညက်ပြီးချောနေသဖြင့် စားစရာလုပ်သည့်အခါ ပို၍ စားကောင်းသည်။ သို့သော် ဤကဲ့သို့အပင်ပန်းခံ၍ လုပ်ကြသည်က ရှားသည်။
ချူယောင်း ပေါက်စီကို အလုတ်ကြီးကြီးတစ်ကိုက်ကိုက်လိုက်ပြီး ခရမ်းသီးနှင့် အသားနည်းနည်းထည့်ကြော်ထားသည်ကို စားလိုက်သည်။ သူမ ပျော်ရွှင်စွာ စားသောက်နေစဥ် အမျိုးသားတစ်ယောက်က သူမဘေးထိုင်လိုက်သည်။ သူတို့က မရင်းနှီးကြပါ။
ထိုအမျိုးသားက သူမကို တစ်ချိန်လုံးကြည့်နေသည်ဟု ချူယောင်းခံစားရသည်။ သူမ သူမကိုယ်ပေါ်က အဆီများကို ထိကြည့်ရင်း ဒီကလူတွေ အကြိုက်ပြောင်းသွားသည်လားဟု စဥ်းစားလိုက်သည်။
သူမ မှန်ကိုမကြည့်ဖြစ်သော်လည်း သူမမျက်နှာကို စမ်းချောင်းတွင် မြင်ဖူးသည်။ မျက်နှာက ဖောင်းကားနေပြီး ပုံမှန်ဆိုလျှင် မျက်လုံးကိုပင် သေချာမမြင်ရ။ တစ်ခြားမျက်နှာသွင်ပြင်များက ကြည့်ကောင်းသော်လည်း အလွန်ဝနေသဖြင့် သေချာမကြည့်လျှင် သတိမထားမိချေ။
ထိုအမျိုးသား သူမကိုကြည့်သည်ဖြစ်စေ မကြည့်သည်ဖြစ်စေ ချူယောင်း ဂရုမစိုက်ပါ။ သူမ၏စားစရာကိုသာ အားရပါးရစားလိုက်သည်။ ထိုအမျိုးသား တံတွေးမျိုချပြီးသူမကို မေးမှ သူမ လှည့်ကြည့်မိသည်။ "မရီး အရသာက ဘယ်လိုနေလဲ?"
ချူယောင်း သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ သူမစားစရာ အရသာက သူနှင့် ဘာဆိုင်လို့လဲ? ချူယောင်း ဤအမျိုးသားကို မသိသဖြင့် သူမစကားပြောချင်စိတ်မရှိ "ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။
"အစ်မ ကျွန်တော့်ကို ပေါက်စီတစ်လုံးပေးနိုင်မလား ကျွန်တော် ကျွန်တော်လုပ်နိုင်..." ထိုအမျိုးသား ပြောပြီးနောက် အနည်းငယ် ရှက်သွားသည့်ပုံပေါ်၍ ဆုံးအောင် ဆက်မပြောနိုင်တော့။
"ရှင်ဘာလုပ်နိုင်တာလဲ? ရှင်ပြောတာ သေချာမကြားရဘူး။ မပြောဘူးဆိုရင်လည်း မြန်မြန်ပြန်တော့။ ကျွန်မ နားရဦးမယ်" ချူယောင်း သူ့ကို လူထူးလူဆန်းကဲ့သို့ ကြည့်လိုက်သည်။ ထိုအမျိုးသား ချူယောင်းအကြည့်ကို မခံနိုင်၍ခေါင်းလှည့်ကာ ဒေါသတကြီးနှင့် ပြေးထွက်သွားသည်။
လီထောင်းဟွာ ထိုအမျိုးသား မရှိတော့မှ ချူယောင်းကို လာမေးလိုက်သည်။ "အစ်မ အဲ့လူဘယ်သူလဲဆိုတာသိလား?"
ချူယောင်း ခေါင််းခါလိုက်သည်။ သူမ ရွာက လူများကိုပင် အကုန်မသိ၍ ထိုအမျိုးသားမည်သူဆိုသည်ကို သူမဘယ်လိုလုပ်သိနိုင်မည်နည်း။
"သူက ရွာကို ပထမဆုံးလာတဲ့ ပညာတတ်လူငယ်အဖွဲ့က။ ဒီနှစ် အသက်၂၇နှစ်ရှိပြီ။ ရွာကို အသက် ၂၄နှစ်မှာ ရောက်လာပြီးတော့ အခုက ၃နှစ်မြောက်" လီထောင်းဟွာ အနည်းငယ်ရှက်သည့်ပုံနှင့် ပြောလိုက်သည်။