← Chapters

တိုက်ပွဲပြန်စကြမယ်

Vol. 9 Ch. 870

တိုက်ပွဲပြန်စကြမယ်

Vol. 9 Ch. 870

ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက မိမိကိုယ်ကို ဖောက်ခွဲပြီးသည်နှင့် ပြင်းအား၏ ထွက်ပေါ်လာသော လှိုင်းဂယက်များအား အေးစိမ့်ကိုယ်ပွားကိုးကောင်ကို ဖျက်စီးရန် စေလွှတ်လိုက်သည်။ မီးတစ်ခတ်ကြာ အချိန်တိုလေးအတွင်း ထိုကဲ့သို့ ဆုံးဖြတ်ချက်တစ်ခုချနိုင်မည့်သူ မရှိသလောက်ပင်။ သို့သော် နတ်အဆင့်ကျင့်ကြံသူများသည် မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာ ဆင်နွဲ့ခဲ့ဖူးသည့် လူများဖြစ်သည့်အတွက် အခြေအနေကိုလိုက်၍ အလိုအလျောက်တုံ့ပြန်နိုင်ကြသည်။

ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး ပေါက်ကွဲသွားသဖြင့် ထွက်ပေါ်လာသော တုန်ခါလှိုင်းများက ကီလိုမီတာ ၅၀၀ အေးစိမ့်နယ်မြေကြီးကို အစိတ်စိတ်အမြွှာမြွှာကွဲကြေပျက်စီးသွားစေပြီး အေးစိမ်းကိုယ်ပွားကိုးကောင်ကို ထိခိုက်သွားစေ၏။ တချိန်တည်းမှာပင် ခေါင်းဆောင်ကြီး၏ ယင်ယန်နတ်ဝိညာဥ် ထွက်လာပြီး တတ်နိုင်သမျှ အမြင့်ဆုံးအရှိန်ဖြင့် တဟုန်ထိုးထွက်ပြေးတော့သည်။

သူကြောက်သည်။ သူ့ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသည်ထက် ပို၍ ကြောက်နေသည်။ ထိုမျှသာမက သူ၏ ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးအပေါ် အမုန်းတရားများမှာ ပို၍သာ ပြင်းထန်လာတော့သည်။ ထိုအသုံးမကျသော ခေါင်းဆောင်ကြီးကြောင့်သာမဟုတ်လျှင် သူ အောင်မြင်မှုရနိုင်လောက်မည် ဖြစ်သည်။ သို့သော် ယခုတော့ ရှင်းမြစ်ဂိုဏ်းခွဲ ခေါင်းဆောင်ကြီးမှာ ဘေးမသီရန်မခ။ သူသည်ကား အပြင်ခန္ဓာကိုယ်ပျက်စီးသွားခဲ့ပြီး ယင်ယန်နတ်ဝိညာဥ်သာ ကျန်ခဲ့သည်။

သူ၏နှလုံးသားမှာ မုန်းတီးခြင်းများ၊ ကြောက်လန့်ခြင်းများ ရောပြွမ်းလျက် တဒိန်းဒိန်းခုန်နေပြီး ပိုင်ရှောင်ချန်း၏ မှော်မျက်လုံးက ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးကို တင်းကြပ်စွာ ချုပ်နှောင်နေပါစေဟူ၍သာ ဆန္ဒရှိနေတော့သည်။

ထိုအရာအားလုံး ဖြစ်ပျက်သွားစဥ် ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်း၏ကောင်းကင်တံတားမျက်လုံးစွမ်းအားထံမှ လွတ်မြောက်ရန် သူ၏ ကျင့်ကြံခြင်းအခြေခံကို ဆင့်ခေါ်လိုက်သည်။ သူက ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးထံမှ လာနေသော ဒေါသတကြီးဟိန်းဟောက်သံများအား ကြားနေရပြီး အမှန်တကယ်ဆိုရလျှင် သူသည်လည်း ထပ်တူ ဒေါသူပုန်ထနေ၏။ သို့သော် တချိန်တည်းမှာပင် သူ အံ့ဩတုန်လှုပ်နေပြီး တောင်တန်းတို့ပြိုလဲ၍ ပင်လယ်များခမ်းခြောက်သွားစေနိုင်သည့် တိုက်ကွက်ကြီးဖြင့် နတ်တစ်ပါးကို ခန္ဓာကိုယ်အား ဖျက်ဆီးကာ ယင်ယန်နတ်ဝိညာဥ်ဘဝရောက်သွားအောင် သွေးရူးသွေးတမ်းတိုက်ခိုက်ခဲ့သည့် ပိုင်ရှောင်ချန်းဆိုသူကို ရင်တဒိန်းဒိန်းခုန်လျက် ကြည့်နေမိသည်။

တစ်ကြိမ်တည်းသာဆိုလျှင် သူ လက်ခံကောင်း လက်ခံနိုင်လိမ့်မည်ဖြစ်ပါသော်လည်း မျှော်မှန်းထားသည်နှင့် ဆန့်ကျင်စွာ ၄င်းအား ဒုတိယအကြိမ် မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသည်။ သူက တဆတ်ဆတ်တုန်ရီနေလျက် ကျစ်မြစ်ဂိုဏ်းခွဲ ခေါင်းဆောင်ကြီးကိုပင် မကူညီတော့ဘဲ လှည့်၍ ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးလေသည်။

စောစောကဖြစ်ပွားခဲ့သော မြင်ကွင်းသည် သူ့ကို တုန်လှုပ်သွားစေသည့်အပြင် သူ၏ဂုဏ်သိက္ခာကိုဖြစ်စေ၊ ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူထောင်ပေါင်းများစွာ စောင့်ကြည့်နေသည်ကိုဖြစ်စေ လုံးဝဂရုမစိုက်နိုင်တော့သည်အထိ သူ့ရင်ထဲ ကြောက်လန့်မှုများဖြင့် ပြည့်နှက်သွားစေသည်။

သူက ထွက်ပြေးနေရင်း ပိုင်ရှောင်ချန်းသည် လုံးဝကြောက်စရာကောင်းသဖြင့် သူသာ ထွက်မပြေးလျှင် သေစေနိုင်သော အန္တရာယ်တွင်းထဲသို့ ကျရောက်သွားလိမ့်မည်ဟု သူ့ကိုယ်သူ သတိပေးနေတော့သည်။

ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက ယင်ယန်နတ်ဝိညာဥ်ဖြစ်သွားခြင်းနှင့် ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးသွားသည့် မြင်ကွင်းက အောက်ဖက်မြေပြင်ပေါ်ရှိ ကျင့်ကြံသူများကို အထိတ်တလန့်အော်ဟစ်သံများ၊ ဒေါသတကြီးကြိမ်းမောင်းသံများဖြင့် ဆူပွက်သွားစေသည်။

အထိတ်တလန့်အော်ဟစ်သံများကား တာအိုမြစ်ဂိုဏ်းခွဲနှင့် ရှင်းမြစ်ဂိုဏ်းခွဲထံမှ လာခြင်းဖြစ်ပြီး ဒေါသတကြီးကြိမ်းမောင်းသံများကား ကျစ်မြစ်ဂိုဏ်းခွဲထံမှ လာခြင်းဖြစ်ပေသည်။

" ခေါင်းဆောင်ကြီး "

" ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၊ ခင်ဗျား "

ပိုင်ရှောင်ချန်းမှာ အတော်လေး အံ့အားသင့်သွား၏။ ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက လွတ်မြောက်လာပြီးနောက် အနည်းဆုံးတော့ အခြားခေါင်းဆောင်ကြီးနောက်သို့ သူ မလိုက်နိုင်စေရန် သူ့ကို ချက်ချင်းတိုက်ခိုက်လိမ့်မည်ဟု သူယူဆခဲ့သည်။ ထိုလူက ယခုကဲ့သို့ ထွက်ပြေးသွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။

" ဘယ်လောက်တောင် မျက်နှာပြောင်လိုက်တဲ့ ခွေးကောင်ကြီးတုံးကွာ "

ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက ဟိန်းဟောက်လိုက်သည်။ ဤအချိန်တွင် သူ၏ယင်ယန်နတ်ဝိညာဥ်မှာ မတည်မငြိမ်ဖြစ်လာပြီး သူ၏စွမ်းအင်မှာ ပျက်စီးတော့မတတ် အားနည်းလာလေသည်။

သူတို့ထဲမှ တစ်ယောက်က အရှေ့ဘက်သို့ ထွက်ပြေးနေပြီး နောက်တစ်ယောက်က အနောက်ဘက်သို့ပြေးနေသည်။ ပိုင်ရှောင်ချန်း၏မျက်လုံးများမှာမူ သတ်ဖြတ်လိုစိတ်များဖြင့် တောက်လောင်နေ၏။ ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးသာ သူ့နောက်လိုက်ခဲ့လျှင် ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးအား သူ အဆုံးသတ်နိုင်မည် မဟုတ်ပေ။ သို့သော် ယခုတွင် သူတို့နှစ်ယောက်လုံးထွက်သွားသည့်အတွက် သူ့တွင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ရန် အခွင့်အရေးရှိနေသည်။

သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးအား လျစ်လျူရှူကာ သူ့အကြည့်ကို ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၏ ယင်ယန်နတ်ဝိညာဥ်ပေါ်တွင် အာရုံစူးစိုက်လိုက်သည်။ သူက သတ်ဖြတ်လိုစိတ်များတဟုန်းဟုန်းတောက်လျက် လက်နှစ်ဖက်ကို လေပေါ်မြှောက်လိုက်သည်။

" ရွှယ်ကျဲ "

အရပ်မျက်နှာတစ်ခွင်တွင် ရေခိုးရေငွေ့များ ထွက်ပေါ်လာကာ ထွက်ပြေးနေသော ခေါင်းဆောင်ကြီးနှစ်ယောက်လုံးအား ရုတ်ခြည်း လွှမ်းခြုံသွား၏။

အတန်ငယ်ဝေးသောနေရာမှကြည့်လျှင် မိုးကောင်းကင်နှင့် မဟာပထဝီမြေပြင်က ရေအိုင်ကြီးတစ်အိုင်အဖြစ် ပြောင်းလဲသွားသည့်အလား။

မြူခိုးမြူငွေ့များ တလိပ်လိပ်ထလာပြီး ကောင်းကင်တုန်လှုပ်၍ မြေပြင်တို့အက်ကွဲသွားစေသော ဖိအားကြီးသည် နေရာအနှံ့သက်ရောက်လာပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထံမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။ လေထဲရှိကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ သူ့ဘဝတစ်လျှောက်လုံးတွင် တစ်ခါမှမခံစားခဲ့ရဖူးသည့် ကြောက်မက်ဖွယ်အကောင်းဆုံး အန္တရာယ်အငွေ့အသက်ကြီးကို အာရုံရလိုက်သည်။

" မဖြစ်ဘူး "

သူ တဆတ်ဆတ်တုန်ရီသွားပြီး သူ့အသံထဲရှိ အသနားခံနေသော လေသံမှာ လူအားလုံးကြားနိုင်လောက်သည်အထိ ပြတ်သားထင်ရှားနေသည်။

ထွက်ပြေးနေသော ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးမှာ တုန်လှုပ်သွားသော်လည်း သူက လျှာကိုသာ ကိုက်လိုက်ပြီး အရှိန်တင်ရန်တွင် အားစိုက်လိုက်သည်။

ရှိသမျှ လူတိုင်း၏ အံသြတုန်လှုပ်သွားသော ပင့်သက်ရှိုက်မှုများ အောက်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဝင်းလက်သွားပြီး သူက လက်ကို အောက်စိုက်လိုက်သည်။

" ကော်တု "

ဂျိန်းးးးး

ထွက်ပေါ်လာသည့် အသံသည် ကောင်းကင်ဘုံမှလာသောမိုးခြိမ်းသံထက်ပင် ကျော်လွန်၏။ ပိုင်ရှောင်ချန်း၏ ရွှယ်ကျဲကော်တု ထွက်ပေါ်လာသည်နှင့် ကောက်ကွေးေနသော တောင်စဥ်တန်းများ ကောင်းကင်ယံသို့ လွင့်ပျံသွားသည်။ ရုတ်တရက် ကမ္ဘာကြီးက တောင်တန်းများပြိုလဲ၍ ပင်လယ်တို့ ခမ်းခြောက်သွားစေသော စွမ်းအားများ ကိုင်စွဲထားသည့် ကြောက်မက်ဖွယ်ကောင်းအောင် ကြီးမားသော သားရဲကြီး၏ သိမ်းပိုက်ခြင်းခံလိုက်ရသည့်အလား။

ကောင်းကင်ကြီး အရောင်ဖျော့လာကာ မည်းမှောင်လာသည်။ သို့သော် ရေအိုင်ကြီးအတွင်းမှ ဆန့်ထွက်လာသည့် သားရဲကြီးတစ်ကောင်၏ လက်သည်းများနှင့်လက်ကြီးကို လူတိုင်း ရှင်းလင်းပြတ်သားစွာ တွေ့မြင်နိုင်သေးသည်။

" အဲ...အဲဒါ ရွှယ်ကျဲကော်တုပဲ " စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ကျင့်ကြံသူများ၏ မျက်လုံးများ ပြူးကျယ်သွား၏။ အထူးသဖြင့် မြောက်ခြမ်းမှလူများဖြစ်သည်။ သူတို့ မြင်နေရသည့်အရာမှာ မျှော်မှန်းထားသည်များနှင့် လုံးဝသွေဖယ်နေသည်။

ေရအိုင်ထဲမှ ဧရာမလက်သည်းလက်ကြီး ဝုန်းခနဲထွက်လာစဥ် ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးနှင့် ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးနှစ်ယောက်လုံးမှာ လက်သည်းများနှင့် ရိုက်ချခံလိုက်သဖြင့် နားဝေတိမ်တောင်ဖြစ်သွားလေသည်။

ဝုနြးးးးးးးးး

နားကွဲလုမတတ် ပြိုလဲသံကြီးနှင့်အတူ ကျစ်မြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၏ မချိတင်ကဲအော်ဟစ်သံ ရောယှက်ပါဝင်လာသည်။ သူက ထိုလက်သည်းလက်ကြီးထံမှ လွတ်မြောက်ရန် တည်နေရာရွှေ့ပြောင်းခြင်းများနှင့် အခြားနည်းလမ်းများ အသုံးပြုခဲ့ပါသော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ရိုက်ချခံခဲ့ရသည်။

သူအသံ အပြည့်အဝထွက်ပေါ်မလာသေးခင်မှာပင် သူ၏ယင်ယန်နတ်ဝိညာဥ် မျက်လုံးများက နောက်ဆုံးအကြိမ်အဖြစ် ကမ္ဘာကြီး၏မြင်ကွင်းကို ကြည့်ရှုရန် ပြူးထွက်လာ၏။ ထို့နောက် သူ၏ယင်ယန်နတ်ဝိညာဥ်သည် ဖျက်စီးခံလိုက်ရပြီး ခေါင်းဆောင်ကြီးမှာ ချေမှုန်းခံလိုက်ရတော့သည်။ သူသည် ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ ဇီဝိန်ချုပ်ခံလိုက်ရလေပြီ။

ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက အပြင်ခန္ဓာကိုယ်ရှိသေးသည်သာမက ရေအိုင်၏အစွန်အဖျားတွင် ရှိနေသည်။ ထို့ကြောင့် သူက ဆိုးဆိုးရွားရွား မထိခိုက်သွားပေ။ သူက ဟိန်းဟောက်ကြုံးဝါးရင်း သူ့ကိုယ်သူကာကွယ်ရန် မရေမတွက်နိုင်သောကြယ်များနှင့် ကောင်းကင်ယံမှ အရာဝတ္ထုများအား ဆင့်ခေါ်ခဲ့သည်ဖြစ်ရာ သွေးများအန်ပြီး ခြောက်ခြားနေခဲ့ရသော်လည်း အသက်ရှင်သွားခဲ့သည်။

အခြားခေါင်းဆောင်ကြီး၏ ယင်ယန်နတ်ဝိညာဥ် ဖျက်စီးခံလိုက်ရသည်ကို မြင်သည်နှင့် သူ ကြောက်လန့်သွားသော်လည်း တချိန်တည်းမှာပင် သူ၏ထွက်ပြေးမှုမှာ သူအသက်ရှင်လျက် လွတ်မြောက်ရသည့် အဓိကအကြောင်းအရင်းပင်ဖြစ်ကြောင်း ယုံကြည်သွားတော့သည်။

ပိုင်ရှောင်ချန်းက သူ့ကို ချုပ်နှောင်ရန် ရွေးချယ်ခဲ့သည့်အတွက် ကံကောင်းသည်ဟုလည်း သူ မှတ်ယူလိုက်သည်။ ထိုသို့မဟုတ်လျှင် ယခုအချိန်တွင် သူသေနေပေလိမ့်မည်။

" တာအိုရောင်ရင်းကြီးရေ၊ ခင်ဗျားသေပြီး ကျုပ်အသက်ရှင်တယ်။ တစ်ယောက်ယောက်ကို ခင်ဗျား အပြစ်တင်ချင်ရင်တော့ ခင်ဗျားကို မကယ်လို့ ကျုပ်ကို အပြစ်မဆိုနဲ့။ အားနည်းလွန်းတဲ့ ခင်ဗျားကိုယ်သာ ခင်ဗျား အပြစ်တင်လိုက် "

ခေါင်းဆောင်ကြီးမှာ ကံကောင်းလှသည်ဟု နက်နက်နဲနဲ ခံစားနေရပြီး အဝေးသို့ ထွက်ပြေးသွားတော့သည်။

ပိုင်ရှောင်ချန်းက အဝေးသို့ ထွက်ပြေးသွားသော ခေါင်းဆောင်ကြီးကို ကြည့်ကာ စစ်မြေပြင်ထက်တွင် ရပ်တန့်နေ၏။ ထိုလူကား အလွန်လျင်မြန်လွန်းလှပေသည်။ ထို့ပြင် သူသည် နတ်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို ဆက်တိုက် ချေမှုန်းပြီး သူတို့ထဲက တစ်ယောက်ကို သတ်ခဲ့ပြီးနောက် ပင်ပန်းနေသည့်အသွင် မရှိသည့်တိုင် ယင်းသို့ဆောင်ရွက်ရန် သူ၏ ကျင့်ကြံခြင်းနှင့် အပြင်အားများအားလုံး သုံးစွဲခဲ့ရသည်။ သူ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ အစောပိုင်း နတ်အဆင့်ရှိ လူတစ်ယောက်အား အနိုင်ယူရသည်မှာ သိပ်မခက်စေကာမူ ထိုအဆင့်ရှိလူတစ်ယောက်ကို သတ်ရသည်မှာတော့ ခက်ခဲသည်။

ထိုမျှသာမက သူသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်အား ချုပ်ထားရန် သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးကို သုံးခါဆက်တိုက် အသုံးပြုခဲ့သည်။ ထိုတစ်ခုတည်းပင် သူ၏ချီနှင့် သွေးများကို ပရမ်းပတာဖြစ်သွားစေခဲ့ပြီး အပြင်အားနှင့်သာ ထိန်းသိမ်းခဲ့ရသည်။

အမှန်မှာ သူသည် ၄င်းအား လေးကြိမ်မြောက် မလုပ်နိုင်ပေ။ ထိုမျှသာမက ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးသာ သူ့ကို တိုက်ခိုက်ခဲ့လျှင် ရင်ဆိုင်ရန် သူ၏ဝှက်ဖဲဖြစ်သော ထာဝရဧကရာဇ်လက်သီးသာ ကျန်တော့သည်။

ထိုသို့ဖြစ်လာခဲ့လျှင် သူက တိုက်ခိုက်ရန် အားအင်တစ်စက်မှ မရှိတော့ဘဲ လုံးဝအစွမ်းမဲ့သွားလိမ့်မည်။ ထိုအချိန်တွင် တာအိုမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးသာ ပြန်ရောက်လာခဲ့ပါက ပြင်းထန်သောအန္တရာယ်ထဲသို့ ကျရောက်သွားလိမ့်မည်။

သူသည် ရပ်တန့်နေစဥ် ကြီးကျယ်ခမ်းနားသည့်ပုံပေါ်နေသည့်တိုင် အမှန်တွင် အခြေအနေဆိုးရွားနေပြီး အတိုင်းထက်အလွန် ပင်ပန်းနွမ်းနယ်နေ၏။ သို့သော် ဂိုဏ်းသုံးဂိုဏ်း ကျင့်ကြံသူများ၏သေလောက်အောင် ဖြူဖျော့နေသော မျက်နှာများအား ငုံ့ကြည့်လိုက်သောအခါ ယခုက သူတို့ကို ထပ်မံတုန်လှုပ်သွားစေရန် အခွင့်ကောင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူက ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးဘက် စိန်းစိန်းဝါးဝါးကြည့်ရင်း အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။

" ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီး၊ အသက်ရှူချိန်သုံးကြိမ်အတွင်း ကျုပ်မျက်စိေအာက်ကနေ ခင်ဗျား ပျောက်ကွယ်သွားရမယ်။ အဲဒီလိုမှမဟုတ်ရင်တော့ နောက်တစ်ခါ ကျုပ် အင်္ကျီလက်စ ခါယမ်းလိုက်တာနဲ့ ခင်ဗျားပြာကျသွားစေရမယ် "

ရှင်းမြစ်ဂိုဏ်းခွဲခေါင်းဆောင်ကြီးက ထိုစကားကိုကြားသောအခါ ကြောက်ရွံ့စိုးထိတ်မှုများက သူ့နှလုံးသားကို ဖြစ်ညှစ်လာပြီး သူ့စိတ်အစဥ် ကစဥ့်ကလျား ဖြစ်လာတော့သည်။ သူက မည်သည်ကိုမှ ချန်လှပ်မထားတော့ဘဲ လှစ်ခနဲပြေးသွားကာ မိုးကုတ်စက်ဝန်းဆီသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

All Chapters