အခန်း (၃၇)
Vol. 3 Ch. 37
လီထောင်းဟွာ တစ်ခုခုကို သတိပေးချင်၍ ပြောသည်ဖြစ်ရမည်ဟု ချူယောင်း ခံစားလိုက်ရ၍ မေးလိုက်သည်။ "သူက ခုနက အစ်မဆီ ဘာလို့လာတာလဲ?"
"သူ ဒီကိုစရောက်စဥ်က သူက အသက်နှစ်ဆယ်ထဲရောက်နေပြီဆိုတော့ သူ မငယ်တော့ဘူး" ဒီကိစ္စတွေက သူမကို တစ်ခြားသူများပြော၍သာ သိသည်ဖြစ်သည်။ မဟုတ်လျှင် လီထောင်းဟွာ သိမည်မဟုတ်ပါ။
"ပြီးတော့ရော?" ချူယောင်း မေးလိုက်သည်။
"ဘယ်လိုဖြစ်လို့လဲတော့ မသိဘူး။ ဒါပေမယ့် အမျိုးသမီး တစ်ယောက်နဲ့ တွေ့ပေမယ့် အမျိုးသမီးအိမ်က သဘောမတူလို့။ သူမြို့ပြန်သွားရင် ဇနီးနဲ့ ကလေးတွေကို စွန့်ပစ်မှာ စိုးရိမ်တယ်လို့ ပြောတယ်" လီထောင်းဟွာ ချူယောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
"နောက်ကျတော့ သူ ရွာက ကလေးတစ်ယောက်နဲ့ မုဆိုးမဘက် ရောက်သွားတယ်။ နှစ်ယောက်သားအဆင်ပြေကြပေမယ့် အဲ့ဒီမုဆိုးမရဲ့ ကလေးနဲ့ ဆွေမျိုးတွေက တားတယ်"
"ဒါကြောင့် ညီမလေး ဆိုလိုချင်တာက သူကအစ်မကို ကြိုက်တာလား?" ချူယောင်း ပြောပြီးသည့်နောက် တွေးမိသွား၍ ချက်ချင်းပြန်ပြောလိုက်သည်။
" မဟုတ်ဘူး။ သူက အစ်မကို ကြိုက်တာ မဟုတ်ဘဲနဲ့ အစ်မနဲ့ နေချင်တာမလို့" ရွာတွင်လည်း ထိုသို့တူတူနေသော လူများရှိသည်။ အများစုက ဇနီးသည်သေဆုံးသွားသော ယောကျ်ားသားများဖြစ်သည်။ ဘာပြသာနာမှမရှိလျှင် ထိုအမျိုးသားနှင့် အမျိုးသမီးယူဖြစ်သွားကြသည်။
"ဒါဆို သူက ဘာလုပ်ချင်တာလဲ? ပြီးတော့ အစ်မမှာ လင်ယောကျ်ားရှိတာဆိုတော့ သူက အငယ်အနှောင်းဖြစ်သွားမှာပေါ့" ချူယောင်း ထိုအမျိုးသားကို စိတ်မဝင်စားပေမယ့် သူမကို သူဘာလို့ အာရုံရောက်ရသည့် အကြောင်းကို သိချင်၍သာဖြစ်သည်။
"သူ့ဘဝ ခက်ခဲလို့နေမယ်။ လွန်ခဲ့တဲ့သုံးနှစ်က ဒီကိုရောက်လာတဲ့ ပညာတတ်လူငယ်တွေ တစ်ယောက်ပြီး တစ်ယောက်ပြန်တာ ၅ယောက်ပဲ ကျန်တော့တယ်လို့ညီမကြားတယ်"
လီထောင်းဟွာ စဥ်းစားကြည့်လိုက်ပြီးနောက် သူမထင်သည်ကို ဆက်ပြောလိုက်သည်။ "အစ်မအမျိုးသားက အိမ်မှာ မရှိဘူးဆိုတော့ ညီမထင်တာ......" လီထောင်းဟွာ ဆက်ပြောစရာမလိုပါ။ ချူယောင်း သဘောပေါက်သွားပြီဖြစ်သည်။
ချူယောင်း ဤအကြောင်းကို ဆက်တွေးပြီး ဂရုစိုက်မနေတော့ပါ။ ထိုအမျိုးသားကလည်း ခုနက သူမကို နှောင့်ယှက်သည်မရှိသဖြင့် နောက်တစ်ခါမှသာ သူမ သူ့ကို သေချာရှင်းလင်းအောင် ပြောမည်။
ချူယောင်း အနည်းငယ် အိပ်ချင်နေသော်လည်း သူမ အိပ်မောကျသွား၍တော့ မဖြစ်ပေ။ အပင်အောက်တွင်ဖြစ်သော်လည်း နေအလွန်ထိုးသဖြင့် အလွန်နေရှိန်သည်။
ချူယောင်း သူမအကျောဆန့်လိုက်ကာ ခဏထိုင်ပြီးနောက် အလုပ်ပြန်လုပ်လိုက်သည်။
တစ်ခြားရွာသားများကတော့ အလုပ်စလုပ်နေပြီဖြစ်သည်။ ချူယောင်း အလုပ် အသည်းအသန်မကြိုးစားသော်လည်း အလုပ်ကို အလေးအနက်ထားသည်။ သူမ အလုပ်ဆင်းသောအခါ မှောင်နေပြီဖြစ်သည်။ ဆောင်းဦးလယ်ရိတ်သိမ်းချိန်တွင် လူတိုင်း အလုပ်နောက်ကျဆင်းကြသည်။
ချူယောင်း အိမ်ပြန်ပြီးနောက် တံခါးကိုပိတ်ကာ သူမအဝတ်အစားများ ချွတ်လိုက်ပြီးနောက် နေရာလွတ်က စမ်းချောင်းတွင် ရေချိုးလိုက်သည်။ ဒီနေ့က ရာသီဥတုပူသဖြင့် ရေနွေးနှင့်စပ်ချိုးစရာမလိုပါ။
ချူယောင်း ရေချိုးပြီး နောက် သူမ မသက်မသာခံစားရသည်။ နေရာလွတ်တွင် မြေကွက်ကို တူးဆွပေါက်ထားသော်လည်း သူမ စိုက်ရန် အချိန်မရှိသေးပေ။ သူမ ရာသီလာရုံသာမက ဆောင်းဦးလယ်ရိတ်သိမ်းချိန်ကလည်းဖြစ်နေသေးသည်။ သူမ စိုက်ပျိုးရန် အချိန်လုံးဝမရှိပေ။ ထို့ကြောင့် သူမ ဆောင်းဦးလယ်ရိတ်သိမ်းချိန်ပြီးသည်ကို စောင့်ရန်တွေးလိုက်သည်။
သူမ ပေါ့ပေါ့ပါးပါးချက်ရ အဆင်ပြေသည့် ဟင်းလုပ်စားပြီးနောက် အိပ်ရာပေါ်တွင် အနားယူလိုက်သည်။ ဒီလိုနေ့ပြီးနောက် သူမတစ်ကိုယ်လုံး နာကျင်နေပြီဖြစ်၍ ပြန်အနားယူရမည်။
လဝက်ခန့်ကုန်လွန်ပြီးနောက် ဆောင်းဦးလယ်ရိတ်သိမ်းချိန် ပြီးတော့မည်ဖြစ်သည်။ အဖွဲ့က သုံးရက်နားရက်ပေးသောအခါ လူတိုင်း ပင်ပန်းနေကြပြီဖြစ်သည်။
ချူယောင်း ပထမနားရက်တွင် သူမ မွန်းတည့်အထိ အိပ်လိုက်ပြီး သူမအလွန်ဆာလောင်နေမှ ဟင်းထချက်လိုက်သည်။ သူမစားပြီးနောက် ခဏအနားယူ၍ ဝမ်အဒေါ်အိမ်သွားလိုက်သည်။
ဝမ်အဒေါ် ဆွေမျိုးများနှင့် သူငယ်ချင်းများ အိမ်တွင်ရောက်နေ၍ လူဆုံကာဆူညံနေကြသည်။ သူမရောက်လာသည်ကို မြင်သောအခါ ဝမ်အဒေါ် သူမကို ဝင်လာပြီး စကားတူတူပြောရန် ဖိတ်လိုက်သည်။
ချူယောင်း လက်ဝေ့ရမ်းရင်း ငြင်းလိုက်သည်။ "သမီး အဒေါ့်ဆီက တစ်ခု ချေးချင်လို့ ရောက်လာတာ"
"သမီး အဒေါ့်ဆီက အစေ့နည်းနည်းချေးချင်လို့ သမီးအပိုင်ရထားတဲ့ မြေကွက်လေးမှာ စိုက်ပြီး ရရင် စားမလားလို့" ချူယောင်း အပြင်တွင် အနည်းငယ်စိုက်ပြီး ကျန်သည်ကို နေရာလွတ်တွင် သိမ်းထားရန်စဥ်းစားထားသည်။
"အဒေါ့်ဆီက ချေးစရာမလိုပါဘူး။ သမီး ဒီမှာခဏစောင့်နေ။ အဒေါ်သွားယူလိုက်ဦးမယ်" ဝမ်အဒေါ် ခဏကြာပြီးနောက် အစေ့အများကြီးယူကာ ပြန်ထွက်လာသည်။
"အဒေါ် သမီးဖို့ အများကြီးယူလာပေးလိုက်တယ်။ အဒေါ်အိမ်မှာ အများကြီးရှိတယ်။ သမီး စိုက်ရင် ဒီနှစ်စိုက်လို့မရလည်း နောက်နှစ်ရှိသေးတယ်" ဝမ်အဒေါ်က ချူယောင်း သူမ မိသားစုအပေါ် ကြင်နာသည်ကို မြင်သည်။ ပြီးတော့ ချူယောင်းက အလွန်ရိုးသားသည်ဟု သူမတွေးသည်။
"ဒါဆိုလည်း ကျေးဇူးတင်ပါတယ် အဒေါ်" ချူယောင်း ဝမ်အဒေါ့်စေတနာကို မငြင်းလိုက်ပါ။ စျေးသို့သွားပြီး တစ်ခုခုဝယ်ကာ မနက်ဖြန်လာပေးလိုက်မည်ဟု တွေးလိုက်သည်။
အိမ်သို့ အစေ့များနှင့် ပြန်လာပြီးနောက် သူမ အစေ့များကို နေရာလွတ်ထဲ ပစ်ထည့်လိုက်ပြီး ပြန်ထွက်လာခဲ့သည်။ ဒီတစ်ကြိမ်တော့ သူမ လီထောင်းဟွာအိမ်သွားလိုက်သည်။
လီထောင်းဟွာ အဝတ်လျှော်နေသည်ဖြစ်ပြီး သူမကို မြင်သောအခါ အလျင်အမြန် ပြောလိုက်သည်။ " အစ်မ ဘာလို့ ဒီရောက်လာတာလဲ? မြန်မြန်ထိုင်လိုက်ဦး"
ရွာသားအများစုက မြစ်တွင် အဝတ်စုလျှော်လေ့ရှိကြသည်။ ချူယောင်း သူမတွင် ကိုယ်ပိုင်နေရာလွတ်ရှိပြီး ထိုလူများနှင့်လည်း စကားပြောရသည်ကို မကြိုက်၍ သူမ မြစ်သို့သွား၍ လျှော်လေ့မရှိပေ။
လီထောင်းဟွာ ချူယောင်း သံသယများကို မြင်ပေါ်ပုံသည်။ လီထောင်းဟွာ သူမလက်များကို သုတ်ကာ ထိုင်ခုံနှစ်ခုံယူ၍ ထွက်လာပြီးနောက် ပြောလိုက်သည်။ "ညီမ မြစ်မှာ အဝတ်သွားလျှော်မလို့ပေမယ့် ဒီ၂ရက်အရမ်းပင်ပန်းနေလို့ ကျီယွမ် ညီမကို ရေခပ်ပေးတာ။ အဲ့လိုနဲ့ ညီမ ဒီမှာ လျှော်ဖြစ်သွားတာ"
ချူယောင်း ခေါင်းငြိမ့်လိုက်သည်။ "အစ်မ ညီမကို လာတွေ့တာက အစ်မ မနက်ဖြန်စျေးသွားမလို့။ ညီမ အစ်မနဲ့လိုက်မလား?"
လီထောင်းဟွာနှင့် ကျီယွမ် ဘယ်သွားသွားတစ်ယောက်ကိုတစ်ယောက် ပြောပြီးမှ သွားကြသဖြင့် သူမ ချူယောင်းကိုသွားမည်ဟု သေချာပေါက် မပြောနိုင်သေးပေ။ "ညီမ သွားချင်ပါတယ်။ ကျီယွမ်ကို မေးပြီးရင် ညီမ အစ်မကို လာပြောပါ့မယ်" သူမလည်း အပြင်မထွက်တာကြာပြီဖြစ်သဖြင့် သွားချင်သည်။
"ကောင်းပြီ။ ဒါဆို အစ်မ အရင်ပြန်နှင့်မယ်။ အိမ်မှာလည်း လုပ်စရာရှိသေးလို့" ချူယောင်း လုပ်စရာရှိသေးသည်ကို ကြား၍ လီထောင်းဟွာ သူမကို ဆွဲမထားတော့ပါ။
ချူယောင်းသွားမည့် နောက်တစ်နေရာမှာ ကျီအိမ်ဖြစ်သည်။ သူမ မနက်ဖြန် စျေးသွားမည်ဖြစ်၍ သူမ ပိုက်ဆံရှာရမည်။
ချူယောင်း ကျီအိမ်တံခါးရှေ့ရောက်သောအခါ တစ်မိသားစုလုံးခြံထဲတွင် စုနေကာ တစ်စုံတစ်ရာဆွေးနွေးနေသည့်ပုံပေါ်သည်။
ကျီမိသားစု ချူယောင်း ရောက်လာသည်ကို မြင်သော်လည်း မမြင်ချင်ယောင်သာ ဆောင်ကြသည်။ ချူယောင်းလည်း အထဲဝင်ဖို့ စိတ်ကူးမရှိသဖြင့် အပြင်တွင်ရပ်ကာ အော်ပြောလိုက်သည်။ "ရှင်တို့ ကျွန်မကို ပိုက်ဆံပေးကြ။ ကျွန်မ အပြင်မှာရပ်နေမယ်။ လူတိုင်းလည်း သိကြမှာဆိုတော့ ရှင်တို့ ကျွန်မကို အနိုင်ကျင့်လို့မရဘူး"
ကျီမိသားစု သူမကို အိမ်ထဲခေါ်ပြီး စကားပြောပြီးဖြောင့်ဖြရန်တွေးထားပြီး ချော့ပြော၍မရလျှင် သူမကို ခြိမ်းခြောက်မည်ဟု တွေးထားသည်။ သို့သော် သူမ အထဲဝင်မလာသဖြင့် ကျီအဖေ ဒေါသကြောင့် မျက်နှာရှုံ့မဲ့နေသည်။
ကျီအမေလည်း ရွေးချယ်စရာမရှိတော့သဖြင့် ကျီမိသားစုအကြီးဆုံး ချွေးမကို ခေါ်ပြီး အိမ်အပြင်ထွက်လာလိုက်သည်။ "အမေတို့က တစ်မိသားစုထဲပဲ။ ပိုက်ဆံကိုနောက်မှ အေးဆေးပေးလို့မရဘူးလား?"
ကျီမိသားစု လဝက်ခန့်ဆွေးနွေးပြီးနောက် ချူယောင်း ငွေလာတောင်းမည်ကို သိ၍ သူမကို စောင့်ခိုင်းရန် ပြောမည် ပြီးလျှင် အချိန်ဆွဲထားမည်ဟု စဥ်းစားထားသည်။
"ထပ်အချိန်ဆွဲနေလို့ မရတော့ဘူး။ သမီး မနက်ဖြန် ဆေးရုံသွားပြီး ဆရာဝန်ကိုပြရမှာ။ ပြီးတော့ ဒဏ်ရာက အတွင်းဒဏ်ရာလည်း ရသွားနိုင်တယ်တဲ့။ အတွင်းကလီစာတွေဖြစ်တဲ့ နှလုံး အသည်း ကျောက်ကပ် အဆုတ်တွေကိုလည်း စစ်ဆေးကြည့်ရမယ်လို့ကြားတယ်။ ပြီးတော့ ရောဂါတစ်ခုခုသာတွေ့ရင် ငွေရာချီထောင်ချီကုန်မှာ။ နည်းနည်းလေးနဲ့ ကုမရဘူး။ အချိန်ရောက်လာရင်....." ချူယောင်း စကားမဆုံးခင် ကျီအဖေဝင်ပြောလိုက်သည်။
"ပိုက်ဆံလာယူ။ ပြီးရင် နောက်လာမတောင်းနဲ့" ကျီအဖေ ဒေါသထွက်ကာ ပြောလိုက်သည်။
ချူယောင်း သူတို့ကို ပြန်သဘောမတူလိုက်ပါ။ ငွေယူ၍သာ ထွက်သွားသည်။ ချူယောင်း သဘောထားကို မြင်၍ ကျီမိသားစု အလွန်ဒေါသထွက်သော်လည်း သူတို့ သူမကို ဘာမှလုပ်၍မရပေ။ သူမကို ရိုက်၍လည်းမရသလို မာန်၍လည်းမရ ဒေါသသာထွက်နိုင်သည်။
ကျီအဖေ ငွေထုတ်ပေးလိုက်ရပြီးနောက် သူ ကျီတစ်မိသားစုကို မာန်လိုက်သည်။ "နောက် သူမကို သွားရန်ရှာရဲတဲ့လူရှိရင် ဒီအိမ်ကနေ ထွက်သွားလိုက်တော့"
ကျီမိသားစုအကြီးဆုံးသားနှင့် သူ့ဇနီးကတော့ ကျီအဖေပြောသည်ကို သဘောတူသည်။ သူတို့ ချူယောင်း အိမ်က ပိုက်ဆံအများကြီးခိုးယူသွားသဖြင့် သူမကိုတော့အလွန်မုန်းသည်။
ကျီမိသားစုအကြီးဆုံးသား သူက ကျီအဖေ၏ သားအရင်းမဟုတ်သော်လည်း သူ့မျိုးရိုးနာမည်ပြောင်းပြီးကတည်းက သူလည်း ကျီမိသားစုတွင် ပါသွားပြီဖြစ်သည်။ သူ အကြီးဆုံးသား ဖြစ်သွားပြီးနောက် သူ့အောက်က အငယ်များ ကြီးပြင်းလာလျှင် မိဘများက သူ့နောက်လိုက်ရမည်ဖြစ်သည်။ ထိုကြောင့် ကျီအဖေနှင့် ကျီအမေကို သူတို့လင်မယားနှစ်ယောက် ထောက်ပံ့ရမည်ဖြစ်သဖြင့် သူတို့လည်းအိမ်က ပိုက်ဆံကို ရသင့်သည်။
နောက် အိမ်ကအငယ်များ ငွေအနည်းငယ်ခွဲယူပြီး ကျန်သည်ကို သူယူကာ မိဘများနှင့် ကလေးများကို ထောက်ပံ့မည်ဟု တွေးထားသည်။ သို့သော် အခုအိမ်တွင်ငွေမည်မျှသာ ကျန်တော့သည် မသိပေ။ သူ့အကြီးဆုံးသားလည်း ဒီနှစ်ကျောင်းသွားရမည်ဖြစ်သဖြင့် အိမ်က သူတို့ကိုပိုက်ဆံပေးရန် ကျန်သေးသည်လားကိုလည်းမသိပါ။
ကျီအမေကတော့ အမြဲ ကျီအဖေစကားနားထောင်သည်ဖြစ်သည်။ သူမ ဘယ်ဆုံးဖြတ်ချက်ကိုမှ မလွန်ဆန်ရဲချေ။ အိမ်တွင် ဒုတိယမြောက်သားမှ လွဲ၍ ကျန်သည်မှာ သူမမွေးထားသည်များသာဖြစ်၍ သူမ သိပ်ဂရုမစိုက်ပါ။ သို့သော် ခုတလော ငွေအလွန်ကုန်သွားသဖြင့် သူမ ရင်နာပြီး ကိုယ်အလေးချိန်ပင် ကျသွားသည်ဟုထင်မိသည်။
အားလုံးထဲ ကျီကျိုးကတော့ လက်မလျှော့ချင်ဆုံးဖြစ်သည်။ သူ့ဘဝက အမြဲသာယာဖြောင့်ဖြူးခဲ့သည်။ သူ့အဆင့်များက မကောင်းသော်လည်း သူစာမေးပွဲမတိုင်မီ ပြင်ဖို့နည်းလမ်းတစ်ခုအမြဲရှိသည်။ အိမ်တွင် သူနှင့် သူ့ညီမသာ စာသင်ကြရသည်။
လွန်ခဲ့သော နှစ်အချို့က ကျီနန်ဖုန်းလည်း စစ်တပ်ထဲမဝင်ရသေးသလို ကျီရိုလည်း အိမ်ထောင်မကျသေးသဖြင့် မိသားစုက ဆင်းရဲသည်။ ထိုအချိန်တွင် သူနှင့် သူ့ညီမသာစာသင်နိုင်သည်။ သူ သူ့အိမ်ဆင်းရဲသည်ကို သိပြီးဖြစ်၍ သူချက်ချင်း ဖြေရှင်းရန် နည်းလမ်းတစ်ခုစဥ်းစားလိုက်သည်။ သူအချိန်အကြာကြီး စုထားသော ပိုက်ဆံကိုယူ၍ စျေးသို့သွားကာ သကြားလုံးပေါင်ဝက် သွားဝယ်လိုက်သည်။ သူ သကြားလုံးအကုန်လုံးကို ကျီလင်းအားပေးလိုက်သည်။
ကျီလင်းနှင့် ကျီကျိုးဆက်ဆံရေးက သိပ်မကောင်းပါ။ သူတို့က မိသားစုထဲတွင် သွေးအနှီးဆုံးဖြစ်ပေမယ့် ကျီကျိုးက တစ်ခါတစ်ရံ ကျီလင်းထက် ပိုအနစ်နာခံရသည်။ ကျီလင်းလည်း ကျီကျိုးကို အရမ်းမရောပါ။ သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်တွေ့လျှင် နှုတ်ဆက်ကြရုံသာရှိပြီး တစ်ယောက်အကြောင်း တစ်ယောက် ပြောလေ့မရှိ။
သို့သော် ဒီနေ့ ကျီလင်း ကျီကျိုးဆီက သကြားလုံးရသဖြင့် အလွန်ပျော်သွားသည်။ တတိယမြောက်အစ်ကိုက သူမနှင့် ဆက်ဆံရေးပြေလည်ချင်၍ ဖြစ်မည်ဟုထင်လိုက်သည်။
ကျီကျိုး ကျီလင်းကို သကြားလုံးပေးလိုက်ပြီးနောက် ကျီလင်းဆံပင်ကို ပွတ်သပ်လိုက်သည်။ နောက် သကြားလုံးတစ်လုံးကို အခွံခွာပြီး သူမပါးစပ်ထဲ ထည့်ပေးလိုက်သည်။ "သကြားလုံးက အရသာရှိလား?"ဟု ကျီလင်းကို မေးလိုက်သည်။
ကျီလင်း ခေါင်းငြိမ့်လိုက်ပြီး "အလွန်အရသာရှိသည်"ဟုပြန်ဖြေလိုက်သည်။ ကျီကျိုး ဖြောင့်ဖြသည့်အသံနှင့် "ညီမလေး သကြားလုံး အမြဲတမ်းစားချင်လား?"ဟု ထပ်မေးလိုက်သည်။
ကျီလင်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ "ညီမလေး အချိန်တိုင်းသကြားလုံးစားချင်တယ်" ရုတ်တရက် ကျီကျိုး သူ့အသံကို စိတ်ဓါတ်ကျသွားသည့်အသံမျိုးပြောင်းလိုက်ကာ ပြောလိုက်သည်။ "တတိယ အစ်ကိုက ညီမလေးကို အချိန်တိုင်း သကြားလုံးဝယ်မပေးနိုင်ဘူး"
ကျီလင်းလည်း အလွန်စိတ်ပျက်သွားသည်။ မိသားစုတွင် ပိုက်ဆံအများကြီးမရှိ၍ သကြားလုံးဝယ်မပေးနိုင်သဖြင့် သူမ အခု သကြားလုံးကို သိမ်းထားပြီး ဖြည်းဖြည်းချင်း စားမည်ဟု တွေးလိုက်သည်။
ကျီကျိုး သူမစိတ်ပျက်ရုံသာရှိပြီး သူတွေးထားသလို နောက်တစ်ဆင့်ကို မလိုက်သဖြင့် သူ့ဘာသာ မြူဆွယ်ပြောလိုက်သည်။ "တကယ်တော့ အစ်ကိုမှာ ညီမလေး နောက် သကြားလုံးအမြဲစားလို့ရမယ့် နည်းလမ်းတစ်ခုရှိတယ်"
"ဘယ်နည်းလမ်းလဲ?" ကျီလင်း မျက်လုံးများတောက်ပသွားပြီး သူ့ကိုကြည့်၍ မေးလိုက်သည်။
"တတိယအစ်ကို နောက်ကြီးပွားရင် ညီမလေးဖို့ သကြားလုံး အများကြီးဝယ်ပေးနိုင်မှာ" ကျီကျိုး သေချာရှင်းပြ၍ မပြောသည့်အပြင် ကျီလင်းကလည်း ငယ်သေးသဖြင့် သူပြောသည်ကို နားမလည်ပဲ ကြောင်တောင်တောင် ပြန်ကြည့်လိုက်သည်။
ကျီကျိုး သက်ပြင်းချပြီး အ သည့်လူက လှည့်စားရလွယ်သော်လည်း အလွန်ပင် ပြသာနာရှုပ်သည်ဟု တွေးမိသည်။