အခန်း (၃၈)
Vol. 3 Ch. 38
ကျီလင်း ကျီကျိုး ဆိုလိုသည်ကို တစ်ခါမှ နားမလည်ပါ။ ကျီကျိုးက လွယ်လွယ် လက်လျှော့သည့် လူစားမျိုးမဟုတ်သဖြင့် သူမဆံပင်ကို ဖွလိုက်ပြီး ထပ်ပြောလိုက်သည်။
"မိသားစုက ပိုက်ဆံမရှိတော့ဘူးဆိုတော့ တတိယ အစ်ကိုကို စာဆက်မသင်ခိုင်းတော့ဘူး။ တတိယ အစ်ကို စာမသင်နိုင်တော့ရင် အလုပ်မရတော့ဘူး။ ဒါ့ကြောင့် ညီမလေးကို သကြားလုံး ဝယ်ပေးဖို့ ပိုက်ဆံမရှိတော့ဘူး"
"တတိယ အစ်ကို၊ ညီမလေး......"ကျီကျိုးစာမသင်ရတော့သဖြင့် သူမကို သကြားလုံး ဝယ်မပေးနိုင်တော့ကြောင်း ကျီလင်း သဘောပေါက်သွားကာ သူမချက်ချင်း ပြောလိုက်သည်။
"ဒါဆို ညီမလေး စာမသင်တော့ဘူး။ တတိယ အစ်ကိုသာ စာသင်လိုက်။ ပိုက်ဆံရရင် ညီမလေးကို သကြားလုံးတွေ ဝယ်ပေး"
"ဒါပေမယ့်.........ညီမလေးက အစ်ကို့ကို နောက်ကျအပြစ်တင်လိမ့်မှာ။ အစ်ကို စာသင်ရရ မရရအရေးမကြီးပါဘူး။ ညီမလေးပဲ ကျောင်းသွားသင့်တယ်" ကျီကျိုး အသက်တော်တော်ငယ်သေးပေမယ့် ကိုယ့်ညီမအရင်းကိုပင် တွက်ချက်ကာလှည့်ဖြားနိုင်သည်အထိ ကောက်ကျစ်စဥ်းလဲနေပြီဖြစ်သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ? တတိယ အစ်ကိုက ညီမအတွက်စာသင်ရတာလေ။ ညီမ တတိယ အစ်ကိုကို ဘယ်လိုအပြစ်တင်နိုင်မှာလဲ?" ကျီလင်း စာသင်သည်မှာ ၂နှစ်သာရှိသေးသည်။ သူမ စာသင်ရခြင်းကို သိပ်သဘောမကျသော်လည်း ကျောင်းသွားရသည်ကိုတော့ မမုန်းပါ။
သို့သော် ကျောင်းမသွားဘူးဆိုလျှင် သကြားလုံးစားရမည်ဟုကြားသဖြင့် သူမ သကြားလုံးကိုသာ တုံ့ဆိုင်းခြင်းမရှိဘဲ ရွေးလိုက်သည်။ "တတိယ အစ်ကို စိတ်မပူပါနဲ့။ ညီမ အဖေနဲ့ အမေကို အစ်ကို့ကို စာသင်ခိုင်းပါ့မယ်"
ကျီလင်း ကတိပေးပေမယ့် ကျီကျိုး ငြင်းနေတုန်းဖြစ်သည်။ သို့သော် ကျီကျိုးစိတ်ထဲတွင်တော့ စိတ်အေးသွားပြီး ကျီအမေကိုသွား၍ ပြောရန်တွေးလိုက်သည်။ ကျီအမေ သူမကလေးအားလုံးကို ချစ်သော်လည်း ကျီလင်းသာ သမီးမိန်းကလေးတစ်ယောက်တည်းဖြစ်သဖြင့် ကျီလင်းကိုတော့ အချစ်ဆုံးဖြစ်သည်။
"အမေ၊ အိမ်မှာ ပိုက်ဆံမရှိဘူးလို့ သားကြားတယ်။ ညီမလေးကိုပဲ ကျောင်းတက်ခိုင်းပြီး သားက အိမ်ပြန်အလုပ်လုပ်မယ်လေ" ကျီကျိုး ထိုသို့ပြောပြီး ခေါင်းငုံ့ကာ အလွန်စိတ်ပျက်နေသည့်ပုံ ဖမ်းလိုက်သော်လည်း သူ မျက်လုံးထောင့်ကနေ ကျီအမေ၏ အမူအရာကို စောင့်ကြည့်နေလေသည်။
သူ ဘယ်က သတင်းကြားလာသည်ကို ကျီအမေ မသိသော်လည်း မိသားစုက တကယ်ပင် အလွန်ဆင်းရဲသည်ဖြစ်၍ ဒေါသတကြီး ပြောလိုက်သည်။
"အဲ့ဒါ ရှေ့က ဟ်ိုကောင်မ ကလေးနှစ်ယောက် ထားခဲ့လို့လေ။ မဟုတ်ရင် အမေတို့ ကောင်းကောင်းနေနိုင်တယ်" သူတို့မိသားစုဆင်းရဲသည်ကို ကျီရိုနှင့် သူမမောင်ကိုသာလွှဲချသည်။ အမှန်တကယ်ကျတော့ ကလေးနှစ်ယောက်မှာ ငယ်ငယ်ကတည်းက ဘာမှသိပ်မစားရသည့်အပြင် အိမ်အလုပ် ကူလုပ်ရရုံသာမက လယ်ထဲတွင်လည်း အလုပ်လုပ်ရသည်။
"အမေ......"ကျီကျိုး ဆက်ပြောရန် ပြင်လိုက်ပေမယ့် ကျီအမေ ဖြတ်ပြောလိုက်သည်။ "တကယ် မတတ်နိုင်ဘူး။ သားတို့မောင်နှမ၂ယောက်လုံးအိမ်မှာပဲ နေပါလား? စာဖတ်တာက ဘာအသုံးဝင်လို့လဲ?"
ဒါကိုကြားလိုက်ရ၍ ကျီကျိုး မျက်နှာပြောင်းသွားသည်။ သူ့အဆင့်များက မကောင်း၊ စာဖတ်ခြင်းကလည်းသူ့အတွက် အသုံးမဝင်သော်ငြားလည်း ကျောင်းသွားလျှင် သူ အိမ်အလုပ်လုပ်စရာ မလိုတော့ချေ။
"အမေ၊ စက်ရုံတွေက စာသင်ထားတဲ့လူတွေကို ခေါ်တယ်လို့ သားကြားတယ်။ စက်ရုံမှာလုပ်တဲ့ လူတွေက နေ့တိုင်း ငါးတွေ အသားတွေစားရတယ်တဲ့။ ညီမလေးကိုပဲ စာသင်ခိုင်းလိုက်လေ။ ညီမလေး ကျောင်းပြီးရင် သူမ စက်ရုံမှာ အလုပ်လုပ်ပြီး အမေတို့ကို နေ့တိုင်း အသားငါး စားခိုင်းမှာ" ကျီကျိုး သူ ပါးစပ်ဖွင့်တိုင်း ကျီလင်းကိုသာ စာသင်ခွင့်ပြုရန် ပြောသည်။
နောက် နေ့တိုင်း အသားငါး စားရတော့မည်ကို တွေးမိပြီး ကျီအမေ တံတွေးမျိုမချဘဲ မနေနိုင်ခဲ့ပေ။ "စက်ရုံအလုပ်သမားတွေက တကယ်အဲ့လိုစားရတာ သေချာလား?"
"ဟုတ်တယ်။ အမေ သားကို မယုံရင် အမေသွားမေးကြည့်လို့ရတယ်" ကျီကျိုးပြောသည်ကို မယုံနိုင်သဖြင့် သူမကိုယ်တိုင် သွားမေးလိုက်သည်။
ကျီအမေ မေးပြီး ပြန်ရောက်သောအခါ ထိုအတိုင်းဖြစ်ကြောင်း သိလာသည်။ လစဥ် အသားမကြာခဏစားလည်းပြေသည်ဟု ပြောကြပြီး နေ့တိုင်းစားလို့လည်း အဆင်ပြေသည်ဟု ကြားသည်။
သူမ အိမ်အမြန်ပြန်ပြီး ကျီလင်းကို ပြောရာ ကျီလင်း ထိုသကြားလုံးများအကြောင်း သတိရသွား၍ ခေါင်းခါကာ ပြောလိုက်သည်။ "တတိယ အစ်ကိုကိုပဲ ကျောင်းသွားခိုင်းလိုက်ပါ။ သမီးက သေချာလည်း မဖတ်နိုင်ဘူး။ တတိယ အစ်ကိုက သမီးထက် ပိုတော်ပြီး ပိုဉာဏ်ကောင်းပါတယ်။ သူ့ကိုပဲ သွားခိုင်းလိုက်ပါ"
ကျီအမေအတွက်ကတော့ ဘယ်ကလေးသွားသွားအရေးမကြီးပါ။ သူမ နောက် အသားများငါးများ စားရလျှင် သူမ ကျေနပ်သည်။
ကျီအမေ ထိုအကြောင်းကို ကျီအဖေကို ပြောပြလိုက်သည်။ ကျီအဖေ ဘာပြောရမည်မသိသော်လည်း နောက်ဆုံး ကျီကျိိုးကိုသာ စာသင်ခိုင်းလိုက်ပြီး ကျီလင်းကို အိမ်ပြန်ခေါ်လိုက်သည်။
ထို့ကြောင့် ပထမဆုံးအကြိမ် ကျီကျိိုး သူသာ လှည့်စားပြီး နည်းလမ်းများထုတ်သုံးလျှင် သူ လွယ်လွယ်နှင့် အများကြီး ရရှိနိုင်သည်ဟု ခံစားလိုက်ရသည်။
အခုလက်ရှိအချိန်တွင် ကျီကျိုး ခေါင်းသာငုံ့ထားပြီး ကျီအဖေပြောသည်ကို သဘောမတူပါ။ ကျီအဖေ ဒေါသအလွန်ထွက်နေပြီး အိပ်ရာထဲတွင်သာ ခဏအနားယူချင်တော့သဖြင့် သူ ကျီကျိုးကို သတိမထားမိချေ။
ကျီကျိုး ဖြေရှင်းရန် နည်းလမ်း စဥ်းစားလိုက်သည်။ ချူယောင်းကို သင်ခန််းစာပေးမှသာ နောက် သူ့ပစ္စည်းများကို သူမ တွေးရဲတော့မည်မဟုတ််ပေ။ ဘယ်သူမှ ကျီကျိုးတွေးနေသည်ကို မသိကြပေ။ ကျီကျိုး နောက်တစ်နေ့ ပုံမှန်အတိုင်း ကျောင်းသွားသဖြင့် သူ နောက် ဒီလိုကိစ္စလုပ်သည်ကို ဘယ်သူမှ ခန့်မှန်းမိကြမည်မဟုတ်။
ချုယောင်း ကျီအိမ်မှ ပြန်ရောက်လာသောအခါ သူမ နေရာလွတ်ထဲသွားပြီး အစေ့များကို ဖော်ထားသောမြေကွက်တွင် ကြဲလိုက်သည်။ ဝမ်အဒေါ်ပေးထားသော အစေ့များမှာ စက္ကူနှင့် ထုပ်ထားသည်။ သူမ အခင်းတွင် စပါးစေ့များစိုက်ရန် တွေးလိုက်ပြီး ကြဲလိုက်သည်။
အညောင့်ပေါက်လာမှ သူမ ပြန်စိုက်ရမည်။ နောက် သူမ အသီးအရွက်စိုက်ရန် မြေကွက်ရှာလိုက်သည်။ သူမ အပြင်နှင့် နေရာလွတ် အသီးအရွက်စိုက်ရာတွင် ကွာခြားပုံကို မသိသေးသဖြင့် အခု အနည််းငယ်စိုက်ထားပြီး နောက်မှ အခြေအနေကြည့်မည်ဟု တွေးလိုက်သည်။
သူမ နေရာလွတ်တွင် အလုပ်များ ပြီးသည့်နောက် စမ်းချောင်းတွင် ရေချိုးပြီး သူမအခန်းထဲပြန်လာခဲ့သည်။ နောက်ကျမှအိပ်ထားရသဖြင့် သူမကိုယ်သူမ ဆုချရန်တွေးလိုက်သည်။ ပူသောနေ့ဖြစ်သောကြောင့် ခေါက်ဆွဲအေး လုပ်စားရန် တွေးလိုက်သည်။ အိမ်တွင် လဲထားသော ဂျုံနှင့် သခွားသီးအချို့ ရှိသည်။
နေရာလွတ်က အသီးအနှံများ ကြီးထွားလာလျှင် နောက် တခြားအရာများနှင့် လဲဲ၍ ရလားမသိပါ။ ပစ္စည်းများလဲရာတွင်အများစုက ပိုက်ဆံရသည်နှင့်တူသည်။
ချူယောင်း ဂျုံကို မြန်မြန်ဆုပ်နယ်လိုက်သည်။ ရာသီဥတုက ပူသဖြင့် မုန့်နှစ်က ခဏနှင့် တက်လာနိုင်သည်။ ပြီးနောက် သူမ အိုးထဲ ရေနှင့်ဆားထည့်ကာ အကြိမ်များစွာ သေချာဆုပ်နယ်လိုက်သည်။
မုန့်နှစ်ရလာပြီဖြစ်၍ အပေါ်မှ ရေသန့်သန့်လောင်းချလိုက်သည်။ ပန်းကန်အသေးကို ဆီသုတ်ပြီး ပန်းကန်ထဲရေလောင်းထည့်လိုက်သည်။ အိုးထဲကရေထည့်တည်လိုက်ပြီး ပန်းကန်အသေးကိုပါ တစ်ခါတည်းထည့်လိုက်သည်။ နှစ်မိနစ် သုံးမိနစ်ကြာပြီးနောက် မုန့်နှစ်အပိုင်းအစလေးတွေကို ပန်းကန်အသေးလေးထဲ ထည့်လိုက်လျှင် ရပြီဖြစ်သည်။
ခေါက်ဆွဲအားလုံးကို ထိုသို့လုပ်ပြီးနောက် ချူယောင်း ခေါက်ဆွဲတွေကို ကြီးကြီးလှီးလိုက်ပြီး ငရုတ်ဆီ၊ သေးသေးနုတ်နုတ် စင်းထားသည့် သခွားသီးများ ဟင်းခတ်မှုန့်များထည့်လိုက်သည်။ အိမ်တွင် ငရုတ်ဆီမရှိသဖြင့် ချူယောင်း ဆီပူပူကို ငရုတ်မှုန့်ဖြူးထားသော ခေါက်ဆွဲပြားပေါ် လောင်းထည့်လိုက်ပြီး အကြိမ်အနည်းငယ်ရောမွှေလိုက်သည်။
ရုပ်ထွက်မလှသော်လည်း အရသာကတော့ ကောင်းသည်။ ချူယောင်း ရှာလကာရည်ထည့်လျှင် ပိုကောင်းမည်ဟု တွေးမိသော်လည်း အိမ်တွင် ရှာလကာရည်မရှိသဖြင့် နောက်မှ ဝယ်ရမည်။
ချူယောင်း စားပြီးသည့်နောက် သူမ နေသာထိုင်သာရှိသွားသည်။ သူမ အနည်းငယ်ကို ဝမ်အဒေါ်အိမ်ပို့ပြီး တစ်ချို့ကို လီထောင်းဟွာတို့ဆီပို့မည်။
ဝမ်အဒေါ်နှင့် လီထောင်းဟွာက ရွာတွင် သူမနှင့် အဆင်ပြေသောသူများဖြစ်သည်။ ရုံးဖွင့်ရက်များတွင် သူတို့က သူမကို စားစရာများပို့ပေးသည်။
ဝမ်အဒေါ်နှင့် လီထောင်းဟွာက အားနာတတ်သူများဖြစ်သည်။ ဝမ်အဒေါ်က ချူယောင်းကို အသီးအရွက်ပြန်ပေးလိုက်ချင်ပေမယ့် ချူယောင်း ငြင်းလိုက်သည်။ "အဒေါ် အစေ့တွေအများကြီး သမီးကို ပေးထားတာ။ အဒေါ် သမီးဆီကလည်း ဘာမှယူမထားပါဘူး။ ပြီးတော့ အခုက ခေါက်ဆွဲအေးလေးပါပဲ"
ကြည်လင်နေသော ခေါက်ဆွဲသားများကိုကြည့်ပြီး တစ်ခြားပစ္စည်းများနှင့် လုပ်ထားသည်ဟု ဝမ်အဒေါ် တွေးလိုက်သည်။ ဂျုံနှင့်သာ လုပ်ထားမှန်းသိလျှင် ချူယောင်း အစားအစာတွင် အသုံးကြီးသည်ဟု သူမတွေးမှာသေချာသည်။
လီထောင်းဟွာ ကြက်ဥပေးပေမယ့် ချူယောင်း မယူသဖြင့် လီထောင်းဟွာ စိတ်တိုသွားသည်။ "အစ်မ မယူဘူးဆိုရင် ညီမပေးတာ နည်းလို့မယူတာလို့ တွေးလိုက်မယ်"
ချူယောင်း မတတ်နိုင်ဘဲ ကြက်ဥများကို ယူလိုက်ရသည်။
သူတို့နှစ်ယောက် မနက်ဖြန်မနက်စောစော စျေးသို့ သွားရန် ချိန်းထားလိုက်သည်။