← Chapters

အခန်း (၄၁)

Vol. 4 Ch. 41

အခန်း (၄၁)

Vol. 4 Ch. 41

"သူတို့ကိုမှ မရိုက်တာ။ ကျွေးတာ နည်းတာပဲရှိတယ်။ အခု မင်းတို့ထဲက ဘယ်သူကရော တစ်နေ့ သုံးနပ်စားလို့လဲ?" လီဝေ သူ့ဇနီးလုပ်ရပ်က အနည်းငယ်မသင့်တော်ဘူးဟု ခံစားရသော်လည်း သူမကို သူကာကွယ်ပေးချင်သေးသည်။

"ပြီးတော့ ငါတို့ ကလေးနှစ်ယောက်ကို အနိုင်မကျင့်ပါဘူး။ သူတို့ကို နှစ်အများကြီး စာသင်ခိုင်းပြီးပြီပဲ။ ရွာကမိန်းကလေးတွေဆို ဖတ်‌ဖို့တောင် မတတ်နိုင်ဘူး။ ငါအကောင်းဆုံး လုပ်ပေးထားတာပဲ" လီဝေ သူမှန်သည်ဟု ခံစားရသည်။

"ခင်ဗျားလုပ်တာ မှန်တယ်လို့ တွေးနေတာလား?" ကျီယွမ် သူ ဒီမိသားစုကြောင့် စိတ်တိုလွန်ပြီး သေနိုင်လောက်သည်ဟု ခံစားရသည်။ သူတို့မိသားစုက လုံးဝကို အရှက်မရှိ။

"မိန်းကလေးနှစ်ယောက်ပဲ။ နှစ်အနည်းငယ် စာသင်ရတာတောင် လုံလောက်နေပါပြီ"

ဝမ်ကွေ့ဟွား ဒီပြသာနာ ရှာနေသောသူများကို ကြည့်မရပေ။ သူမမိသားစုတွင် ဖြစ်ပျက်သည်က သူတို့နှင့် ဘာမှမဆိုင်ပါ။ သို့‌သော် သူမ ထုတ်တော့မပြောရဲ။

"ကလေးတွေက အနှောင့်အယှက်ဖြစ်နေတယ်လို့ ရှင်ခံစားရရင် ကျွန်မ ဒီကလေးနှစ်ယောက်ကို ပြန်ခေါ်သွားမယ်။ ဒါပေမယ့် ကျွန်မကို ကလေးတွေအတွက် ထောက်ပံ့ငွေတော့ လတိုင်းပို့ပေးရမယ်" သူတို့ ကလေးတွေကို ဆက်ဆံပုံ ပြင်မည်မဟုတ်မှန်း ချူယောင်းမြင်ပြီးပြီ။

ကလေးတွေနေခဲ့ရမယ်ဆိုရင်တောင် သူမ ပြန်သွားသည်နှင့် သူတို့ ကလေးတွေကို အရင်လိုဆက်ဆံမည်ဖြစ်ပြီး ပိုတောင်ဆိုးဆိုးရွားရွား ဆက်ဆံမည်ကလည်းဖြစ်နိုင်သည်။

လီဝေ ဝမ်ကွေ့ဟွားကို ကြည့်လိုက်သည်။ အခု‌တလော ဝမ်ကွေ့ဟွားက မိသားစုအရေးကိစ္စများကို တာဝန်ယူထားသည်ဖြစ်ရာ သူမ ထိုအကြောင်းကို စဥ်းစားကြည့်လိုက်သည်။

‌

ချူယောင်း ကလေးနှစ်ယောက်ကို ကြည့်လိုက်သောအခါ ကလေးနှစ်ယောက်လုံး လိုလားသည့်ပုံပေါက်နေသည်။ သူမ ကလေးနှစ်ယောက်ကို အရင်မေးရန် ကြံရွယ်ထား‌သော်လည်း သူမအခု အလွန်ဒေါသထွက်နေ၍ အလျင်လိုသွားခြင်းဖြစ်သည်။

"ရှင်တို့ ဆွေးနွေးလို့ရတယ်။ နောက်မှ ကျွန်မကို ကလေးစရိတ် ပေးလို့ရတယ် "ချူယောင်း ကလေးတွေကို လမ်းလျှောက်ရန် ခဏခေါ်သွားပြီး ကလေးတွေသဘောထားကို မေးရန်တွေးထားသည်။

သူမ ‌ကလေးနှစ်ယောက်ကို ပန်းခြံသို့ခေါ်သွားလိုက်သည်။ ကျီယွမ်နှင့် လီထောင်းဟွာက နောက်မှလျှောက်၍ သူတို့သုံးယောက်က ရှေ့မှလျှောက်သည်။ "သမီးတို့ အဒေါ့်အိမ် လိုက်မလား?"

လီရွှယ်ရှင်း သူမညီမ လီရွှယ်ရူကို တစ်ချက်ကြည့်လိုက်ပြီးနောက် အသေအချာ ခေါင်းညိတ်လိုက်သည်။ "အဒေါ်၊ သမီးတို့ လိုက်ချင်တယ်။ သမီးတို့က ကြီးပြီဆိုတော့ အလုပ်အများကြီးလုပ်နိုင်တယ်"

ချူယောင်း သူတို့ကို ခေါ်၍ တစ်နေရာတွင်ထိုင်လိုက်သည်။ "အဒေါ် သမီးတို့ကို ခေါ်သွားတာ အလုပ်လုပ်ခိုင်းဖို့မဟုတ်ဘူး"

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်် မယုံနိုင်စွာကြည့်လိုက်သော်လည်း ဘာမှတော့ မမေးပေ။ သူတို့အမေ ဆုံးပါးသွားကတည်းက သူတို့က အလိုမရှိသော ကလေးများ ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ သူတို့အဒေါ် သူတို့ကို ခေါ်သွားလျှင်သူတို့ ဘာပဲဖြစ်ဖြစ် အလုပ်သေချာကြိုးစားပြီး အဒေါ့်မိသားစုကို ကူညီမည်။ အဒေါ့်ကို သေချာပေါက် ပျော်အောင်လုပ်‌ပေးမည်။

"သမီးတို့ ဒီမှာ အဒေါ်ထောင်းဟွာနဲ့ အဒေါ်တို့ပြန်လာတာစောင့်နေနော်" ချူယောင်း သူတို့ခေါင်းကို ဖွဖွပုတ်လိုက်သည်။

ခဏထိုင်ပြီးနောက် ချူယောင်း ကျီယွမ်ကိုခေါ်ပြီး လီမိသားစုကို သွားရှာလိုက်သည်။ သူမအင်္ကျီလက်များကိုတင်လိုက်ပြီး ရန်ဖြစ်ရန်ပြင်လိုက်သည်။ ခုနက ကလေးနှစ်ယောက်ကြောင့် သူမ လီဝေကို မရိုက်ခြင်းဖြစ်သည်။

လီဝေကဲ့သို့ သရဲဘောကြောင်သည့်သူ့ကို ချူယောင်း မှတ်လောက်အောင် တစ်ခါလောက် ရိုက်ချင်သည်။ လီအိမ်ရောက်သောအခါ သူမ တံခါးကို ကန်ဖွင့်လိုက်ပြီးနောက် လီဝေကို ရိုက်သည်။ မြန်ဆန်လွန်း၍ မည်သူမှ ဘာမှမတုံ့ပြန်နိုင်ခဲ့ပေ။

ကျီယွမ် အသိဝင်လာသောအခါ သူလည်း အိုးခွက်ပန်းကန်များကို စတင်‌ပစ်ပေါက်လိုက်သည်။ လီအဒေါ်နှင့် ဝမ်ကွေ့ဟွား ပထမက ချူယောင်းကို တားသော်လည်း အိမ်က ပစ္စည်းများ ရိုက်ခွဲခံနေရသည်ကိုမြင်၍ သူတို့ ကျီယွမ်ကို တားကြရပြန်သည်။

လီဝေ သူ မလှုပ်နိုင်တော့သည်အထိ အရိုက်ခံလိုက်ရသည်။ ချူယောင်း သူ့ကို လွှတ်ပေးလိုက်ပြီး ကျန်‌သောလူနှစ်ယောက်ကို မျက်နှာချင်းဆိုင်လိုက်သည်။ "အဒေါ်တို့ ရဲကိုခေါ်ရဲရင် ကျွန်မ သူ့ကို နေ့တိုင်းရိုက်မယ်။ သူတကယ်လို့ အရိုက်ခံလိုက်ရလို့ သေသွားရင် အဒေါ်တို့နှစ်ယောက်ကိုလည်း ကျွန်မ အလွတ်မပေးဘူး"

ဝမ်ကွေ့ဟွား ဆဲချင်ပေမယ့် သူမ လီအဒေါ်နှင့် ဘေးနားတွင်သာရပ်နေပြီး စကားတစ်ခွန်းမှမပြောရဲပေ။ လီအဒေါ်လည်း ချူယောင်းကို ကြောက်သည်။ "ကလေးကို နင်နဲ့ယူသွားပါ"

"ဒါဆို ကလေး ထောက်ပံ့ငွေအတွက်ကရော?" ချူယောင်း သူမလက်ကို ‌ဖြန့်လိုက်သည်။

"ငါတို့မိသားစုရဲ့ လီဝေက တစ်လမှ ၂၈ယွမ်ရတာ။ အိမ်မှာ ငွေကုန်စရာ အရမ်းများတာ။ လတ်တလောတော့ ငါတို့ ငွေမရှိ‌သေးဘူး....." ဒါ သူတို့ တိုင်ပင်ဆွေးနွေးထားတာဖြစ်သည်။ ဝမ်ကွေ့ဟွားပြောပြီးနောက် သူမ အလွန်ထိတ်လန့်သွားသည်။

သူမပါး နာနေသေး၍ လီဝေ ဆိုးဆိုးရွားရွားအရိုက်ခံလိုက်ရသည်က မည်မျှထိနာမည်မှန်း သူမ သဘောပေါက်လိုက်သည်။ လီဝေ ကြမ်းပြင်တွင် ကွေး‌၍ နေရပြီး စကားလည်း ဆက်မပြောရဲပေ။

"ဘယ်သူက အဲ့လိုဆုံးဖြတ်လိုက်တာလဲ? မပေးဘူးဆိုတိုင်း မပေးရတော့ဘူးလား? ရှင်တို့ မထုတ်နိုင်ဘူးပြောတိုင်း တကယ်မထုတ်နိုင်တာရော ဟုတ်လို့လား?" ချူယောင်း ပြုံး၍ ဆက်ပြောလိုက်သည်။ "ရှင်တို့တကယ် ပိုက်ဆံမထုတ်နိုင်ဘူးဆိုရင် ကျွန်မ ဒီနေ့မပြန်တော့ဘူး။ ရှင်တို့ အပြင်ထွက်သွားနိုင်မလား ကြည့်ကြည့်ရအောင်"

ဝမ်ကွေ့ဟွားက သူမကလေးကို လီ‌အဒေါ်နှင့် ပြန်လာပြီးနောက် အိမ်နီးချင်းကို အပ်ထားခြင်းဖြစ်သည်။ ချူယောင်း မပြန်ဘူးဆိုလျှင် သူမကလေးကို တွေ့သွားနိုင်သည်။

"ငွေစုလိုက်ဦးမယ်...."ဝမ်‌ကွေ့ဟွား အခုလောလောဆယ် အချိန်ထပ်ဆွဲ၍ မရတော့မှန်းသိသည်။ ဒီလအတွက်ပေးလိုက်ပြီး နောက်ကိစ္စကို သူတို့ပြန်မှ ပြောမည်။

"ကောင်းပြီ၊ ကျွန်မ ရှင်တို့ကို နာရီဝက်အချိန်ပေးမယ်။ နာရီဝက်အတွင်း ပိုက်ဆံထုတ်မပေးလို့ကတော့ အကုန်လုံးသေကြတာပဲ ကောင်းတယ်။ ကျွန်မလည်း အသက်ဆက်ရှင်ချင်စိတ် မရှိတာနဲ့ အတော်ပဲ" ချူယောင်း ပြောပြီးနောက် ဝမ်ကွေ့ဟွားကိုကြည့်လိုက်ရာ ကြောက်လန့်နေသည်ကို တွေ့ရသည်။

ဝမ်ကွေ့ဟွား လီအဒေါ်ကို အပြင်သို့ခေါ်သွားလိုက်ပြီး ပြောလိုက်သည်။ "အခု ပိုက်ဆံမြန်မြန်ထုတ်။ ရှင့်သား အရိုက်ထပ်ခံရရင် သေသွားလိမ့်မယ်"ဝမ်ကွေ့ဟွား လီအဒေါ်ချမ်းသာသည်ကို သိသည်။

လီအဒေါ်က သူမရှိငွေကို သူမ၏ တစ်ခြားသားများအတွက်ချန်ထား၍ တွေးထားသည်။ အခု ဝမ်ကွေ့ဟွားက သူမကို ငွေတောင်းနေသဖြင့် သူမ သဘောမတူနိုင်ပါ။ "ငါ့မှာ ငွေမရှိဘူး။ ပြီးတော့ အိမ်က အရာအားလုံးကို ညည်းစီမံနေတာလေ"

"ဒီမိန်းမကြီးတော့ ဖုန်းကွယ်ထားချင်တာလား? ဘာတွေပြောနေတာလဲ? လီဝေက သူ့လခအကုန်လုံးကို အိမ်အတွက် အကုန်သုံးလိုက်ရပြီလေ။ မြန်မြန် ကျွန်မကို ငွေထုတ်ပေး" တကယ်တော့ ဝမ်ကွေ့ဟွားလက်ထဲတွင် ပိုက်ဆံရှိသည်။ လီဝေ သူမကို ဒီလအတွက် လစာပေးထားသည့်အပြင် လီဝေ သူမအတွက်ဆိုပြီး လက်ဆောင်‌ငွေလည်း သပ်သပ်ပေးထားသည်။ သိပ်မများလှသော်လည်း ယွမ်၂၀၀ရှိသည်။

"ငါ့မှာ ပိုက်ဆံတကယ်မရှိဘူး။ အိမ်က ငွေအကုန်လုံးကိုလည်း ညည်းကို ခန်းဝင်‌ငွေအဖြစ် ပေးလိုက်ရတာလေ " လီအဒေါ် ဝန်မခံချင်ပါ။ ဝမ်ကွေ့ဟွားက ဒေါသကြီးသဖြင့် သူမ လီအဒေါ်ကို ရိုက်လိုက်သည်။

လီ‌အဒေါ်လည်း ဒေါသထွက်သွားသည်။ သူမလည်း အရင်က ရန်စွာသည့်လူဖြစ်သဖြင့် အရင်ရက်များက ထိန်းချုပ်ထားရသော ဒေါသများလည်း ပေါ်လာကာ ဝမ်ကွေ့ဟွားပါးကို ရိုက်လိုက်သည်။ သူတို့နှစ်ဦး ဆံပင်တွေဆွဲ ပါးတွေရိုက် လုပ်လာကြသည်။

အိမ်နီးချင်းများက မြင်၍ ဖြန်ဖြေပေးချင်‌ပေးမယ့် သူတို့ရိုက်နေသည့်ပုံစံကို ‌ကြည့်ပြီး ဘယ်သူမှ ရှေ့ထွက်မတားရဲကြတော့ပေ။

လီအဒေါ် ဝမ်‌ကွေ့ဟွားကို မနိုင်ပါ။ ဝမ်ကွေ့ဟွားက သူမထက် ငယ်ရုံသာမက အိမ်တွင်လည်း လယ်အလုပ်လုပ်သဖြင့် သူမအားက သေချာပေါက် မသေးပါ။

သူတို့ ရန်ဖြစ်နေသည်ကို အခန်းထဲကကြည့်နေသော ချူယောင်းနှင့် ကျီယွမ် လက်ခုပ်မတီးဘဲမနေနိုင်ချေ။ "သူတို့ရန်ဖြစ်တာ စိတ်လှုပ်ရှားဖို့ကောင်းတာပဲ"

ချူယောင်း ပြုံးလိုက်ပြီးနောက် ကြမ်းပြင်တွင် လဲနေ‌သော တစ်ယောက်ကို ကန်ရင်းပြောလိုက်သည်။ "အခုကစပြီး ကျွန်မကို လတိုင်း ပိုက်ဆံပို့ပေး။ မပို့ပေးလို့ ကျွန်မ လာတောင်းရရင် ရှင်ဒီလို ထပ်ဖြစ်မယ်။ ရှင် ရဲခေါ်လို့လည်း ရပါတယ်။ ကျွန်မ အဖမ်းခံရတယ်ဆိုရင်တောင် ရှင်ကို နေ့တိုင်းရိုက်ဖို့ လူငှားမှာ"

လီဝေက အစတည်းက သရဲဘောကြောင်သည့်သူဖြစ်ပြီး အခု သူ့ဇနီးနှင့် အမေက အပြင်တွင် ရန်ဖြစ်နေသည်ကို မြင်သော်လည်း သူတို့ကို မတားရဲပေ။ ချူယောင်းတို့ပြန်ပြီးမှ သူရဲစခန်းသွားတိုင်ရန် တွေးထားသော်လည်း အခု ထပ်ပြီးအခြိမ်းခြောက်ခံလိုက်ရသည်။

"ရှင် ကျွန်မပြောတာ နားထောင်နေရဲ့လား?" ချူယောင်း သူမလက်သီိးကို ကျစ်ကျစ်ဆုပ်လိုက်သည်။

လီဝေ ခေါင်းညိတ်လိုက်သည်။ "နားလည်တယ်" သူ့အသံက ‌မသဲကွဲချေ။

လီအဒေါ် နှင့် ဝမ်ကွေ့ဟွား အတန်ကြာရန်ဖြစ်ပြီးနောက် အဆုံး၌ ဝမ်ကွေ့ဟွား အနည်းငယ်သာ၍ နိုင်သွားသည်။ ဝမ်ကွေ့ဟွား လီအဒေါ်အိတ်ထဲက ၂ယွမ်ထုတ်လိုက်ပြီး ချူယောင်းကို ၂ယွမ်ပေးလိုက်ကာ ပြောလိုက်သည်။ "ဒီပိုက်ဆံအရင်ယူလိုက်"

ချူယောင်း ၂ယွမ်ကို မယူပါ။ "ကျွန်မ ဘာပြောလိုက်လို့လဲ? တစ်လ ၁၅ယွမ်လို့ပြောလိုက်တာလေ။ ကျွန်မကို ၂ယွမ်ပဲပေးပြီး ဘာပြောချင်တာလဲ? ကျွန်မ ထပ်မလှုပ်ရှားနိုင်တော့ဘူးလို့ ထင်နေတာလား?"

အိမ်နီးချင်းများ အိမ်အပြင်တွင် ရပ်နေကြသည်။ တံခါးက ပိတ်ထားသဖြင့် သူတို့ ဘာမှမကြားရပေ။ သူတို့အားလုံး ဘာဖြစ်နေလဲသိချင်သည်။

အိမ်၏ အခု‌အခြေအနေကြောင့် ဝမ်ကွေ့ဟွား အံကြိတ်ပြီး နောက်ထပ်၁၃ယွမ် ထုတ်ပေးလိုက်ရသည်။ "ဒီမှာ"

ချူယောင်း ငွေကို ယူလိုက်ပြီးနောက် သူမ သူတို့ကို လွယ်လွယ်လွှတ်ပေးရန် စိတ်ကူးမရှိပါ။ ထိုင်‌နေရင်းပြောလိုက်သည်။ "အခုကစပြီး လအစ ပထမရက်တိုင်း ငွေပို့ပေးရမယ်။ မပို့ပေးရင်ကတော့ ....."

ဝမ်ကွေ့ဟွားနှင့် လီအဒေါ် ‌ပြောသည်ကိုကြား၍ မပို့လျှင်နောက်ဆက်တွဲဖြစ်မည်ကို ‌သဘောပေါက်လိုက်သည်။

"ပြီးတော့ ကျွန်မ အကြီးဆုံးအစ်မရဲ့ဓါတ်ပုံကို အိမ်မှာ ပြန်ထားဖို့ မျှော်လင့်ပါတယ်။ အခုကစပြီး ရှင်တို့ တစ်နေ့သုံးကြိမ် အစ်မကို နေ့တိုင်းကန်တော့ပြီး အမွှေးနံ့သာလည်း ပူဇော်ပေးရမယ်။ ကျွန်မ အိမ်နီးချင်းတွေကို စောင့်ကြည့်ခိုင်းမယ်။ မလုပ်ဘူးဆိုရင် ကျွန်မ ချက်ချင်းလာမယ်" ချူယောင်းပြောပြီးနောက် ပြုံးကာ တံခါးကိုဖွင့်လိုက်သည်။

သူမ အပြင်က အိမ်နီးချင်းများကို ပြုံးကာ ပြောလိုက်သည်။ " ကျွန်မ ကလေးနှစ်ယောက်ကို အခုကစပြီးပြန်ခေါ်သွားမယ်။ သူတို့မိသားစုက ကျွန်မအကြီးဆုံးအစ်မကို တစ်နေ့သုံးကြိမ် ကန်တော့ပြီး အမွှေးနံ့သာပူဇော်မယ်လို့ကြားတယ်။ ကျွန်မ သူတို့ကို ထားလိုက်ပါပြောပေမယ့်လည်း သူတို့ လုပ်မယ်ပဲပြောနေလို့။ အဲ့ဒါ သတိထားပြီး ကျွန်မတို့ကို နေ့တိုင်းစောင့်ကြည့်ပေးမယ့်လူ ရှိလားသိချင်လို့။ ကျွန်မ တစ်လ၁ယွမ် ပေးပါ့မယ်"

ချူယောင်း ပြောလိုက်ပြီးနောက် မလုပ်ချင်သည့်လူမရှိပေ။ လူတိုင်း လုပ်ချင်ကြသည်။ ၁လ၁ယွမ်ဆိုလျှင် တစ်နှစ်၁၂ယွမ်ဖြစ်သည်။ ၁၂ယွမ်နှင့်ဆို အဝတ်စဝယ်ပြီး အဝတ်အစားများစွာချုပ်၍ရသည်။

အဆုံး၌ ချူယောင်း ကောက်ကျစ်သည့်ပုံပေါ်သော သူကို ရွေးလိုက်သည်။ ထိုသူက ပိုကောက်ကျစ်လေ ပိုအားလပ်မည်ဖြစ်ကာ လီမိသားစု အမှားတစ်ခုခုလုပ်မည်ကို ပိုမျှော်လင့်မည်ဖြစ်သည်။

"သမီး နောက် အကူအညီတောင်းပါတယ်။ အခုပိုက်ဆံအရင်ပေးထားလိုက်မယ်။ ဒါပေါ့ တစ်ယောက်ယောက်က တွေ့ရင်လည်း ကျွန်မကို လာပြောလို့ရပါတယ်။ ကျွန်မ နောက်လ ၁ယွမ်ပေးပါ့မယ်" ချူယောင်းစကားများက ပိုက်ဆံမရလိုက်သော သူများကိုလည်း အားတက်သွားစေသည်။

ဝမ်ကွေ့ဟွား အလွန်ဒေါသထွက်သွားသည်။ ဒီလူတွေ ဘယ်သူတွေမလို့ သူမကို ကန်တော့ခိုင်းနေရတာလဲ? ဝမ်ကွေ့ဟွား အံကြိတ်လွန်း၍ သူမသွားများပင် ကျိုးတော့မည့်ပုံပေါ်နေသည်။

ချူယောင်း လီအိမ်မှ ပိုက်ဆံယူကာ ကျီယွမ်နှင့် ထွက်လာခဲ့သည်။ လမ်းတလျှောက် ကျီယွမ် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။ "မရီးက အရမ်းတော်တာပဲ"

ချူယောင်း ရယ်သာရယ်လိုက်သည်။ နောက် သူတို့ ပန်းခြံသို့ လီထောင်းဟွာနှင့် ကလေးနှစ်ယောက်ကို ခေါ်ရန်သွားလိုက်သည်။

"ဖြေရှင်းပြီးသွားပြီ။ စျေးသွားပြီးတော့ ပစ္စည်းတွေ ဝယ်ပြီးရင် ပြန်ကြမယ်"ချူယောင်း အခု အလွန်နောက်ကျနေသဖြင့် စျေးတွင် အသားကျန်မည်လားတောင် မသိ။

သူတို့ စျေးသို့ရောက်သောအခါ အသားတကယ်ပင်ကုန်သွား၍ ချူ‌ယောင်း တစ်ခြားနေ့စဥ်သုံးပစ္စည်းများသာဝယ်လိုက်သည်။

"ဒါဆို ပြန်ကြမလား?" ကျီယွမ်နှင့် လီထောင်းဟွာလည်း သူတို့လိုချင်သည်များ ဝယ်ပြီးဖြစ်ပုံပေါ်၍ ကလေးနှစ်ယောက်လည်း မျက်နှာမကောင်းသဖြင့် ကလေးတွေ အနားယူနိုင်ရန် အိမ်ပြန်မည်ဟု တွေးလိုက်သည်။

ကျီယွမ် ခေါင်းကုတ်လိုက်ပြီး အနည်းငယ် ရှက်နေသည့်ပုံပေါ်သည်။ "မရီး၊ ကျွန်တော်တို့ကို ခဏစောင့်ပေးလို့ရလား?"

"မောင်လေးတို့ ဘာဖြစ်လို့လဲ?" ချူယောင်း သူတို့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

လီထောင်းဟွာ သူမဗိုက်ပေါ်လက်တင်ပြီး ရှက်နေသည့်ပုံပေါ်၍ ချူယောင်း သဘောပေါက်သွားသည်။ "မောင်လေးတို့ ဆေးရုံသွားမလို့လား?"

သူတို့နှစ်ယောက် ရှက်ရှက်နှင့် ဝန်ခံလိုက်ကြသည်။

All Chapters