← Chapters

အခန်း (၄၂)

Vol. 4 Ch. 42

အခန်း (၄၂)

Vol. 4 Ch. 42

သူတို့လူတစ်စု ဆေးရုံသို့ တစ်ဖန်ရောက်သွားကြပြန်သည်။ လီထောင်းဟွာ အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်၍ ချူယောင်း သူမလက်ကို ဖွဖွပုတ်လိုက်ကာ နှစ်သိမ့်ပေးလိုက်သည်။ "စိတ်မလှုပ်ရှားပါနဲ့"

လီထောင်းဟွာ ခေါင်းသာခါလိုက်သည်။ "ရှိလားတောင် သေချာမသိဘူး"

ချူယောင်း ဆေးရုံတွင် ကလေးများနှင့် ထိုင်စောင့်နေသည်။ သူမလက်ထဲတွင် စျေးမှဝယ်လာသော ပစ္စည်းများသာမက လီအိမ်မှ ယူလာသော ကလေးနှစ်ယောက်၏ နေ့စဥ်သုံးပစ္စည်းများနှင့် အဝတ်များပါ သယ်ထားသည်။

"သမီးတို့ ဗိုက်ဆာနေပြီလား? ခဏနေ စားသောက်ဆိုင်သွားပြီး တစ်ခုခု သွားစားကြမယ်" ကလေးနှစ်ယောက် အနေကြုံ့နေသည်ကို မြင်၍ ချူယောင်း သူတို့နှင့် စကားပြောပေးလိုက်သည်။

"ရပါတယ်။ အဒေါ် ပြီးတော့ သမီးတို့ မဆာပါဘူး" လီရွှယ်ရှင်းက အနည်းငယ် ပိုသွက်သည်။ သူမဘေးက လီရွှယ်ရူကတော့ ပိုတိတ်ဆိတ်ပြီး ရှက်တတ်သည်။

"အဒေါ်တောင် ဆာနေပြီကို။ သမီးတို့က ဘာလို့မဆာရမှာလဲ။ ပြီးတော့ မွန်းတည့်မှာ ဘယ်သူက ‌ဗိုက်မဆာဘဲနေလို့လဲ!" ကလေး‌နှစ်ယောက်က အရမ်းသိတတ်လွန်းနေသည်။

ဒါကို ကြား၍ လီရွှယ်ရှင်းနှင့် လီရွှယ်ရူ အနည်းငယ်ရှက်သွားသည်။ အဒေါ်က သူတို့ကို ညစာ‌အကြောင်းမေးသည်ထင်သွား၍ ဖြစ်သည်။ "အဒေါ် သမီးတို့ အဲ့လို ပြောချင်တာ မဟုတ်ပါဘူး"

ကလေးနှစ်ယောက် သူမနှင့် နေလျှင် အစပိုင်းတော့ သေချာပေါက် မရင်းနှီးမည်ဖြစ်၍ သူတို့ကို နေသာသလိုသာနေစေပြီး သူမ သူတို့ကို လိုက်မငြင်းတော့ပေ။ တစ်ခြားအကြောင်းအရာများသာ ပြောလိုက်သည်။

မကြာမီ လီထောင်းဟွာနှင့် ကျီယွမ် ပြန်ထွက်လာသောအခါ သူတို့မျက်နှာက အလွန်ပျော်ရွှင်နေ၍ ချူယောင်း သဘောပေါက်လိုက်ကာ သူမ ရှေ့သို့သွား၍ ပြောလိုက်သည်။ "ဂုဏ်ယူပါတယ်"

"ယောင်းမက အကုန်သိတာပဲ!" လီထောင်းဟွာ ရှက်၍ ပြုံးသာပြုံးလိုက်သည်။

"သတင်းကောင်းပဲ။ အစ်မတို့ ဒီနေ့ ဟိုတယ်သွားပြီး စားကြသောက်ကြတာပေါ့။ အစ်မ ညီမလေးတို့ကို ဒီနေ့ ဝယ်ကျွေးမယ်" ချူယောင်း သူမတွင် ပိုက်ဆံအလုံအလောက်ပါလား စစ်ကြည့်ပြီးမှ ပြောလိုက်သည်။

"မရီး ‌ဝယ်ကျွေးစရာမလိုပါဘူး။ ကျွန်တော်က မကြာခင် အဖေတစ်ယောက်ဖြစ်တော့မှာ။ ကျွန်တော်က ဝယ်ကျွေးသင့်တာပါ" ကျီယွမ် လီထောင်းဟွာကို ပြုံး၍ ကြည့်ကာပြောလိုက်သည်။

"ဟုတ်တယ်။ ယောင်းမ၊ ညီမ‌တို့က မိဘတွေဖြစ်တော့မှာဆိုတော့ ညီမတို့ ဧည့်ခံရမှာပေါ့" ‌လီထောင်းဟွာ ဒီနေ့ အစိုးရပိုင်စားသောက်ဆိုင်သို့ သွား၍ အောင်ပွဲခံသင့်သည်ဟု တွေးလိုက်မိသည်။

ဘယ်သူကျွေးရမည်‌ဆိုပြီး ငြင်းနေပြီးနောက် နောက်ဆုံး သူတို့ အဖြေတော့ ထွက်မလာပေ။ ထို့ကြောင့် သူတို့ အစိုးရပိုင်ဟိုတယ်သို့ အရင်သွားရန်သာ ဆုံးဖြတ်လိုက်သည်။

သူတို့ စားသောက်ဆိုင် ရောက်‌သောအခါ ငါးပေါင်း၊ ဝက်သားနှပ်၊ ကြက်အစပ်ချက်၊ အသီးအရွက်ကြော်နှင့် ကျောက်ဖရုံသီး အသားစွပ်ပြုတ် တစ်ပွဲမှာလိုက်ကာ အားရပါးရ ပျော်ရွှင်စွာ စားကြသည်။ သူတို့ စားပွဲဝိုင်းတွင် အကြိမ်များစွာ ဂုဏ်ပြုစကားပြောကြသည်။ စားပြီး၍ ချူယောင်း ရှင်းမည်ကြံလိုက်စဥ် ကျီယွမ် သူမကို တားလိုက်သည်။

"မရီး ဒီနေ့က ကျွန်တော်တို့မိသားစုအတွက် ပျော်ရွှင်စရာနေ့ဆိုတော့ ကျွန်တော်တို့က မရီးကို ဝယ်ကျွေးရမှာပါ။ အစ်မက နောက်လည်း သုံးစရာအများကြီးရှိသေးတယ်" ချူယောင်းမှာ ကလေးနှစ်ယောက်ကို အိမ်ခေါ်ထားရမည်ဖြစ်၍ နောက် ပိုက်ဆံကုန်စရာအများကြီးရှိသည်။

နောက်ဆုံး ချူယောင်း ဝယ်မကျွေးလိုက်ရပေ။ သူတို့ငွေရှင်းပြီးနောက် အိမ်ပြန်လိုက်ကြသည်။

သူတို့ရွာထဲရောက်သောအခါ ကလေးနှစ်ယောက်ဘာလို့ လာတာလဲဟု တစ်ချို့လူများမေးကြ၍ ချူယောင်း ပြုံးကာပြောလိုက်သည်။ "ကျွန်မ ကလေးနှစ်ယောက်ကို အိမ်မှာဆော့ဖို့ ခေါ်လာတာ"

ချူယောင်း ကလေးနှစ်ယောက်ရှေ့တွင် သူတို့အိမ်အကြောင်းမပြောချင်ပါ။ လူတွေက ဒီလိုဆို အလွန်စပ်စုကြ၍ ချူယောင်း ဆင်ခြေတစ်ခု လျှောက်ပြောလိုက်သည်။

ချူယောင်း ကလေးနှစ်ယောက်ကို အိမ်ထဲခေါ်လာ၍ ပြောလိုက်သည်။ "ဒါ သမီးတို့ ခုကစပြီး နေရမယ့်နေရာ။ မြန်မြန်ဝင်လာကြ"

ကလေးနှစ်ယောက် ခြံထဲလိုက်လာကြသည်။ ခြံထဲက ပေါင်းပင်များမှာ ချူယောင်းနှုတ်ထားပြီး တစ်မျိုးမျိုးစိုက်ရန် ကြံရွယ်ထားသော်လည်း အချိန်မရသေး၍ မစိုက်ရသေးသဖြင့် ခြံထဲ ပြောင်ရှင်းနေသည်။

ချူယောင်း ခြံထဲလျှောက်သွားလိုက်ပြီး ပင်မအခန်းသို့သွားလိုက်သည်။ ဤအိမ်က အလွန်ပျက်စီးယိုယွင်းနေသဖြင့် ပင်မအခန်းတွင်လည်း ‌အပေါက်များစွာ ရှိသည်။ ချူယောင်း ပြင်ဖို့ လူရှာမတွေ့သေး‌ပေ။ " သမီးတို့ ညဘက်အပြင်ထွက်ရင် ဂရုစိုက်ကြနော်"

ချူယောင်း ပင်မအခန်း အနောက်အခန်းတွင်နေသည်။ ကလေးနှစ်ယောက် ခွဲနေလျှင် နေသားမကျမည်စိုး၍ ချူယောင်း သူတို့ကို တစ်ခန်းထဲထားလိုက်သည်။ ချူယောင်း အရှေ့ခန်းကို ဖွင့်၍ ပြောလိုက်သည်။ "သမီးတို့ အခုကစပြီး ဒီအခန်းမှာနေရမယ်"

ကလေးနှစ်ယောက် သူတို့ကျောတွင် သူတို့၏ပစ္စည်းအချို့ကို သယ်ထားပြီး ချူယောင်းပြောသည်ကို ကြား၍ အမြန်ကျေးဇူးတင်လိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ အဒေါ်"

"သမီးတို့ အားနာစရာမလိုပါဘူး။ အဒေါ် အိပ်ရာကို သန့်ရှင်းလိုက်ဦးမယ်" ဘယ်သူမှ ဒီအခန်းတွင်မနေသဖြင့် ချူယောင်း သန့်ရှင်းလိုက်သည်။ သူမ ဂွမ်းကပ်ကို အိပ်ရာအဖြစ် လုပ်ရန်တွေးပြီး ရွှေ့လိုက်သည်။ ကလေးနှစ်ယောက် ဒါကိုမြင်၍ ချက်ချင်းလာကူညီလိုက်သည်။ ချူယောင်းလည်း သူတို့ကို လုပ်ခိုင်းလိုက်သည်။

အိပ်ရာလည်း ပြင်ပြီးကာ သူတို့ပစ္စည်းတွေလည်း နေရာချထားပြီးသဖြင့် ချူယောင်းက ပင်မအခန်းတွင်ထိုင်ပြီး ကလေးနှစ်ယောက်က သူမမျက်နှာချင်းဆိုင်တွင်ထိုင်သည်။

"သမီးတို့ ဒီမှာ ခုကစပြီးနေလို့ရတယ်။ တကယ်လို့ သမီးတိို့ အိမ်ပြန်ချင်တယ်ဆိုရင်လည်း နောက်ကျသေချာစဥ်းစားပြီး ပြန်လို့ရတယ်" ချူယောင်း ကလေးတွေကို ထိုအိမ်တွင် ဒုက္ခခံရမည်စိုး၍သာ ဒီခေါ်လာခြင်းဖြစ်သည်။

သို့သော် မိသားစုချင်း သွေးနီးမှုဟူသော ရှင်းပြရခက်သည့် အရာများအကြောင်းလည်း သူမသိသည်။ သူမ အရင်ဘဝက သူမအတန်းဖော်၏ အိမ်နီးချင်းအကြောင်းကြားဖူးသည်။

ထိုအိမ်နီးချင်း မွေးရပ်ကမောင်ငယ်၌ ‌သားသမီးများစွာရှိ၍ အငယ်ဆုံးသမီးလေးကို ထိုအိမ်နီးချင်း ခေါ်သွားကာ သူမသမီးကဲ့သို့ ပြုစုပျိုးထောင်ပေးသည်။ သို့သော် အဲ့‌သမီးက ၁၇နှစ် ၁၈နှစ် တက္ကသိုလ်တက်ချိန်တွင် သူမအိမ်သို့ ပြန်သွားပြီး တစ်နှစ်အတောအတွင်း ထိုအိမ်နီးချင်းအိမ်သို့ အလည်ပင်မလာ။

သို့‌သော် ကလေးနှစ်ယောက် ချက်ချင်းပြန်ဖြေလိုက်သည်။ "သမီးတို့ ပြန်မသွားတော့ဘူး။ ပြီးတော့ နောက်ဆိုလည်း သမီးတို့ အဒေါ့်အပေါ် ပြန်တာဝန်ကျေမှာပါ " လီရွှယ်ရှင်း အကြောင်းများစွာကို နားလည်ပြီး သွေးသားအရင်းနှင့် ဆွေမျိုးအကြား ကွာခြားသည်ကိုလည်း သဘောပေါက်သည်။

"အဒေါ်တို့ ‌အဲ့‌အကြောင်းနောက်မှ ပြောကြမယ်။ အဒေါ်က သမီးတို့ကို ခေါ်လာတာဆိုတော့ သမီးတို့ အဒေါ်နဲ့ နောက်တူတူနေရမယ်။ ဒါပေမယ့် အိမ်အလုပ်တော့ လုပ်ရမယ်" ချူယောင်း သူတို့ကို အလုပ်ကြိုးစားပြီး ပျိုးထောင်ဖို့တော့ တွေးမထားပါ။ သူမအရမ်းအနစ်နာခံပေးဖို့ အစီအစဥ်မရှိ။

"သမီးတို့ ဘာဖြစ်ဖြစ် လုပ်နိုင်ပါတယ် "လီရွှယ်ရှင်း ပြောပြီးနောက် လီရွှယ်ရူကို ပုတ်လိုက်၍ လီရွှယ်ရူလည်းပြောလိုက်သည်။ "အဒေါ်၊ သမီးတို့ အလုပ်ကြိုးစားမှာပါ"

ချူယောင်း တစ်ခုထပ်ပြောချင်ပေမယ့် သူတို့ပုံစံကိုမြင်၍ သူတို့နေသားကျပြီးမှ ကျန်တာပြောမည်ဟုတွေးလိုက်သည်။

"ညစာစားဖို့က စောသေးတယ်။ အရင် ခဏနားကြတာပေါ့" ကလေးနှစ်ယောက် တစ်နေကုန် ပင်ပန်းနေမည်ကိုစိုးရိမ်၍ ချူယောင်း သူတို့ကို နားခိုင်းလိုက်ရသည်။ သူတို့အခန်းထဲ ဝင်သွားတာမြင်မှ သူမလည်း သူမအခန်းထဲ ပြန်လာ၍ အိပ်ရာပေါ်လှဲကာ နေရာလွတ်ထဲဝင်လိုက်သည်။

မနေ့က ပျိုးကြဲထားသော အစေ့များက ဒီနေ့ အညှောင့်ထွက်နေပြီဖြစ်၍ နေရာလွတ်တွင် အပြင်ထက် ကြီးထွားသည်က ပိုမြန်ပုံပေါ်သည်။

စပါးစေ့‌ အညှောင့်ပေါက်နေသည်များကို နောက်နှစ်ရက်နေမှ ပြန်စိုက်မည်ဟု တွေးလိုက်သည်။ သူမ စပါးခင်းကို ကြီးကြီး လုပ်ရန်စဥ်းစားလိုက်သည်။ ထိုမှသာ သူမ တစ်ခြားသူတွေနှင့် လဲစားစရာမလိုတော့ချေ။

ထို့ကြောင့် သူမ နေရာလွတ်က မြေကြီးကို တူးဆွလိုက်သည်။ သူမ လုပ်ရင်းတစ်ဝက် ရောက်သောအခါ အပြင်တွင် ကလေးနှစ်ယောက်ပြောနေသံကို ကြားလိုက်သည်။

"အစ်မတို့ နောက်ဆို အဒေါ်အတွက် ပြသာနာရှာလို့မရဘူးနော်။ အစ်မတို့ ပိုကြိုးကြိုးစားစားလုပ်ရမယ်" သူမညီမ သေချာမသိသဖြင့် သူမဂရုစိုက်၍ ရှင်းပြရမည်ဟု လီရွှယ်ရှင်း တွေးလိုက်သည်။

"ညီမ သဘောပေါက်ပါတယ်။ အစ်မ မစိုးရိမ်ပါနဲ့" လီရွှယ်ရူလည်း အခုအနေအထားကို သဘောပေါက်သည်။

"ဟုတ်ပြီ။ ကြမ်းကို အရင်လှည်းကြရအောင်။ အဒေါ်က မနိုးလောက်သေးဘူး။ ညစာက ဘာစားရမယ်မသိတော့ အစ်မအရင်ချက်ကြည့်လိုက်ရမလား" လီရွှယ်ရှင်း မိသားစုကို ဟင်းကူမချက်ပေးဖူးသော်လည်း မီးကူမွှေးပေးဖူးသည်။

"ဟုတ်ကဲ့၊ အစ်မ" လီရွှယ်ရူ ခြံကို လှည်းရန် တံမြက်စည်းတစ်ချောင်းနှင့် အမြန်ပြေးသွားသည်။ လီရွှယ်ရှင်းက အိမ်က စားပွဲများကို အကုန်လိုက်သုတ်လိုက်သည်။

ချူယောင်း သက်ပြင်းချလိုက်သည်။ ကလေးနှစ်ယောက်က အနေရကြပ်နေသေးသည့်ပုံပေါ်သည်။ သူမ ပေါက်ပြားကို ချထားလိုက်ကာ နေရာလွတ်တွင် အနည်းငယ် ဆေးကြောပြီးသည့်နောက် သူမတစ်ကိုယ်လုံး ပေါ့ပါးသွားသည်။

ချူယောင်း သူမလက်မောင်းကို ကြည့်လိုက်ရာ သိပ်မသိသာသော်လည်း အရင်ကလောက် အသားသိပ်မညစ်တော့ကြောင််းတွေ့လိုက်သည်။ ဒီစမ်းချောင်းရေက ခန္ဓာကိုယ်က အဆိပ်အတောက်များကို ထုတ်ပေးနိုင်သည်လား?

သူမ သိပ်မထူးခြားသွားသော်လည်း သူမအသားအရေက အနည်းငယ် ပိုကြည်လာသည်။ နေ့တိုင်း တောင်‌ကျရေသွားခပ်ရသည်က အလုပ်ရှုပ်သဖြင့် အခုတလော သူမ နေရာလွတ်က ရေကိုသာ သောက်သည်။

ချူယောင်း နေရာလွတ်မှထွက်၍ အခန်းအပြင်ထွက်လိုက်သောအခါ ကလေးနှစ်ယောက်ကို မေးလိုက်သည်။ "သမီးတို့ ဘာလို့ အစောကြီးထနေတာလဲ?"

"ကောင်းသောနေ့လည်ခင်းပါ၊ အဒေါ်၊ သမီးတို့ ခုပဲနိုးတာ!" လီရွှယ်ရှင်း ဆက်ပြောလိုက်သည်။ "အဒေါ် ရေဆာလား? ရေသောက်ချင်လား? သမီး အဒေါ့်ကို ရေခပ်ပေးမယ်လေ"

ချူယောင်း လက်‌ရမ်းရင်းပြောလိုက်သည်။ "အဒေါ်သောက်ချင်ရင် ကိုယ့်ဘာသာထည့်သောက်ပါ့မယ်။ သမီးတို့ ရေဆာရင် ရေများများသောက်နော်။ နွေရာသီ ရေများများသောက်တာ ကျန်းမာရေးအတွက်ကောင်းတယ်"

နောက် နေရာလွတ်စမ်းချောင်းရေကို ကျိုလိုက်ပြီး ချူယောင်း သူမဖို့ တစ်ခွက်ထည့်သောက်လိုက်သည်။ ရေတစ်ခွက်သောက်ပြီးနောက် ကလေးတွေကို မေးလိုက်သည်။ "အဒေါ် ညစာချက်မယ်။ သမီးတို့ ဘာစားချင်လဲ?" အိမ်မှာ များများစားစားမရှိသော်လည်း သူတို့ စားချင်လျှင် သူမ လဲပေးရန် တွေးလိုက်သည်။

"သမီးတို့ အကုန်စားတယ်။ အဒေါ် ၊ သမီး အဒေါ့်ကို ကူပေးမယ် " အိမ်တွင် ဘီဒို စားပွဲသိပ်မများသဖြင့် လီရွှယ်ရှင်း အကုန်သုတ်ပြီးသွားပြီဖြစ်သည်။

ချူယောင်း လာကူသည်ကို မငြင်းလိုက်ပါ။ ဆေးရန် အသီးအရွက်တစ်မျိုးသာ ပေးလိုက်သည်။ ဒီနေ့ စျေးတွင် အသားမဝယ်ခဲ့ရသလို အိမ်တွင်လည်း ဂျုံမရှိပေ။ အရင်ရက်ပိုင်း သူမ ဆောင်းဦးလယ်ရိတ်သိမ်းစဥ်က ‌ရခဲ့သည်ထဲက တော်တော်များများကို သုံးခဲ့သည်။

သူမ တစ်ခြားအိမ်များကို ဂျုံသွားလဲစဥ်က သူတို့က သူမကို အမြဲထူးဆန်းစွာ ကြည့်ကြသည်။ ကျီမိသားစုက ပိုက်ဆံကြောင့်သာ သူမဒီလိုတတ်နိုင်သည်ဟု တွေးကြသည်ဖြစ်ရမည်။ ရှင်းပြရသည်က အလုပ်ရှုပ်သည်ဟု ချူယောင်း တွေးသဖြင့် ဘာမှရှင်းမပြလိုက်ပေ။

ထို့ကြောင့် ဒီနေ့ ဆန်ဖြူနှင့် ဆန်ညိုရောထားသည်ကို စားရန် တွေးလိုက်သည်။ တကယ်က သူမတွင် ဆန်ဖြူများများစားစားမရှိပါ။ ညစာအတွက် သခွားသီးခူးထားပြီး၊ အရွက်တစ်မျိုးကြော်လိုက်ကာ ကြက်ဥစွပ်ပြုတ်ချက်လိုက်သည်။ ကလေးနှစ်ယောက်ဒီနေ့ ထိတ်ထိတ်လန့်လန့် ဖြတ်သန်းခဲ့ရသဖြင့် ချူယောင်း ထမင်းများများချက်လိုက်သည်။

လီရွှယ်ရူလည်း ဟင်းများကူချပေးပြီးနောက် သူတို့အားလုံး စားပွဲတွင် ဝိုင်းဖွဲ့၍ စားလိုက်ကြသည်။ ကလေးနှစ်ယောက်က ကြက်ဥနှိုက်မစားရဲသောကြောင့် အသီးအရွက်ပန်းကန်ကိုသာ နှိုက်ကြသည်။

ချူယောင်းပဲ ကလေးတွေကို ကြက်ဥထည့်ပေးလိုက်ရသည်။ "အိမ်မှာ အသားမရှိလို့။ မနက်ဖြန် သမီးတို့နဲ့ တောင်ပေါ်တက်ပြီး စားဖို့အသားရမလား သွားကြည့်ကြရအောင်"

တောင်ပေါ်တွင်် အမဲလိုက်ရသည်က ဖြစ်နိုင်လို့လား? ကလေးနှစ်ယောက် တွေးမိသည်များရှိတောင် သူတို့ထုတ်မပြောပါ။

"သမီးတို့နှစ်ယောက် အသက်ဘယ်လောက်ရှိပြီလဲ? ဘယ်အတန်းတက်နေတာလဲ?" ချူယောင်း သူတို့ကို ခဏစောင့်ပြီးနောက် ကျောင်းပြန်လွှတ်ရန်တွေးထားသည်။

"သမီးက ဒီနှစ် ကိုးနှစ်၊ သမီးညီမလေးက ဒီနှစ် ခုနစ်နှစ်။ အဒေါ် သမီးတို့ကို အလုပ်သွားလုပ်ခိုင်းလို့ရပါတယ်။ သမီးအမေတုန်းက ငယ်ငယ်လေးတည်းက အလုပ်လုပ်ရတယ်လို့ သမီးကြားတယ်။ သမီးလည်း အလုပ်လုပ်နိုင်ပါတယ်" သူမ အမေပြောပြ၍ လီရွှယ်ရှင်းကြားဖူးသည်။

"သမီးတို့က အရမ်းငယ်‌သေးတယ်။ နောက်ရက်နည်းနည်းကြာရင် အဒေါ် သမီးတို့ကို ‌ကျောင်းပြောင်းပေးမယ်။ သမီးတို့ ရွာကကျောင်းတက်လို့ရတယ်" သူတို့ရွာတွင် ရွာသားများဖွင့်ပေးထားသော မူလတန်းကျောင်းရှိသည်။

"အဒေါ် သမီးတို့ကျောင်းသွားဖို့မလိုပါဘူး။ သမီးတို့က မိသားစုကို ကူလုပ်ပေးသင့်တာ။ မဟုတ်ရင် အဒေါ်တစ်ယောက်တည်း သမီးတို့ကို အိမ်ပေါ်တင်ကျွေးထားရတာ အရမ်းပင်ပန်းမှာ" အလုပ်လုပ်ရသည်က မည်မျှပင်ပန်းကြောင်း ပြီးတော့ ကလေးနှစ်ယောက်ကို ပျိုးထောင်ရသည်က မည်မျှခက်ခဲကြောင်း လီရွှယ်ရှင်းသိသည်။

"အဒေါ်က ကျောင်းသွားဆို သွားပေါ့။ သမီးတို့ အိမ်အလုပ်ကိုတော့ သေချာပေါက်ကူရမှာ။ ဒါပေမယ့် သမီးတို့ အခုအသက်အရွယ်နဲ့ ကျောင်းမသွားဘဲ ဘာလုပ်မလို့လဲ? သမီးတို့ အလုပ်လုပ်ရင်တောင် ရတဲ့အလုပ်အမှတ်နဲ့ ဘာမှလုပ်လို့မရဘူး။ ပြီးတော့ အဒေါ် တစ်ယောက်တည်း သမီးတို့ကို ထောက်ပံ့ထားတာမဟုတ်ဘူး။ သမီးတို့ မိသားစုဆီကလည်း ပါတယ်" ချူယောင်း သူတို့မိသားစုထောက်ပံ့ငွေပေးသည့်အကြောင်းကို ‌ဖုံးကွယ်မထားပါ။

All Chapters